(၃၅)
"ခင်ဗျား အချိန်ဘယ်လောက်ယူမလဲ"
ဂါရီ က မေးလိုက်ရာ လိုသာက မျက်မှောင်ကြုတ်ပြီး ဘ၀င်မကျသည့်အသွင်ဖြင့် ကြည့်လိုက်သည်။
"ဘယ်လောက်ကြာမယ်လို့ ကျွန်တော်လဲ အတတ်မပြောနိုင်ပါဘူးဆိုတာ ခင်ဗျားကို ဘယ်နှစ်ကြိမ် ပြောရ မလဲ"
ကျောက်တောင်ကြီးအောက်ဘက်ရှိ ဂူအ၀င်ဝမှ မီးပုံပတ်ပတ်လည်တွင် ဂါရီ၊ အန်နှင့် လိုသာတို့ ထိုင်ရင်း စကားပြောနေကြသည်။ သူတို့စကားပြောနေသည်မှာ နာရီ အတော်ကြာလာပြီ ဖြစ်ရာ ကြယ်များပင် သူတို့ ခေါင်းပေါ်သို့ ရောက်နေပြီ ဖြစ်သည်။
"ကျွန်တော် ဘယ်နေရာမှာ ဘယ်လိုအခြေအနေမျိုးတွေနဲ့ ဒီကောင်မလေးကို တွေ့ခဲ့ရတယ်ဆိုတာ ခင်ဗျား တို့ကို ရှင်းပြခဲ့ပြီပဲ။ ခင်ဗျားကို သဘောမပေါက်သေးဘူးလား၊ ထပ်ရှင်းပြရဦးမှာလား"
"ကျွန်မ တို့ သိပ်ပြီး စိတ်စောနေတဲ့အတွက် မလိုအပ်တဲ့ မေးခွန်းတွေ မေးမိနေတာပါ၊ တောင်းပန် ပါတယ်ရှင်၊ ကျွန်မတို့ကို ခွင့်လွှတ်ပါ" အန်က လက်မြှောက်ပြပြီး ပြောလိုက်သည်။
"ကဲပါလေ ခွင့်လွှတ်ပါတယ်၊ အခြေအနေကို ကျွန်တော် ဆက်ပြောပါမယ်၊ အဲဒီမိန်းကလေးကို ဆန်လူရိုင်း တွေက ဖမ်းထားတာ၊ သူတို့ဟာ တိရစ္ဆာန်တွေလိုပဲ ရက်စက် ယုတ်မာတယ်၊ ကျွန်တော် သူတို့နောက်ကို လိုက်မှန်း သိသွားတော့ ခြေရာတွေ ဖျောက်သွားတယ်၊ နောက်တစ်ကြိမ် ကျွန်တော် ထပ်သွားလို့ တွေ့ယင် လဲ ခြေရာထပ်ဖျောက်ဦးမှာပဲ၊ ကျွန်တော် သူတို့ကို လိုက်ရှာရမယ့် ဧရိယာက သိပ်ကြီးမားတယ်၊ ဘယ်လ်ဂျီယံ နိုင်ငံလောက်နီးပါး ပမာဏ ရှိတယ်၊ ကျွန်တော် ဒီကောင်မလေးကို တွေ့ခဲ့တာ တစ်နှစ်ကျော် ခဲ့ပြီဗျ၊ ရောဂါကြောင့် ဖြစ်ဖြစ်၊ တောရိုင်းတိရစ္ဆာန်တွေကြောင့်ဖြစ်ဖြစ်၊ အဲဒီ ဆန်လူရိုင်း တွေကြောင့် ဖြစ်ဖြစ် သေချင် သေနေနိုင်တယ်" လိုသာက ရှင်းပြလိုက်သည်။
"ကဲပါရှင်၊ လိုက်ရှာမယ်ဆိုယင် ဘယ်လောက်ကြာမယ် ထင်သလဲ"
"အတိအကျတော့ မပြောနိုင်ဘူး၊ လ ကနေ နှစ်ချီပြီး ကြာယင်ကြာမယ်"
"ကျွန်တော် တို့ကော ခင်ဗျားနဲ့အတူတူ လိုက်ရှာလို့ မရဘူးလား၊ ကျွန်တော်တို့ပါ ရှာဖွေရေး အဖွဲ့ထဲမှာပါဖို့ ခွင့်ပြု သင့်တယ်၊ အနိမ့်ဆုံး ခင်ဗျား စင်တိန်ကို ဘယ်နေရာမှာ တွေ့ခဲ့တယ် ဆိုတာ ပြောသင့်တယ်" ဂါရီ က ၀င်ပြောလိုက်သည်။
"ဗိုလ်မှူးကြီး ခင်ဗျားကျွန်တော့်ကို မယုံဘူး မဟုတ်လား၊ ကျွန်တော်ကလဲ ခင်ဗျားကို မယုံပါဘူး၊ ကောင်မလေး က ခင်ဗျားတို့လက်ထဲရောက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်ဟာ ခင်ဗျားတို့အတွက် အသုံးဝင်တော့မှာ မဟုတ်ပါဘူး"
လိုသာက ဆေးပြင်းလိပ်တိုကို ပါးစပ်မှ ချွတ်ပြီး ကြည့်လိုက်ရာ နောက်ထပ် သောက်မရတော့အောင် တိုနေ သဖြင့် မီးပုံထဲ ပစ်ထည့်လိုက်သည်။
"ဒီမှာ ကောင်မလေးကို ကျွန်တော်တွေ့ယင် ခင်ဗျားနဲ့ကျွန်တော် တရားဝင် အလဲအလှယ်လုပ်မယ်၊ ခင်ဗျား သမီး ကို ကျွန်တော်က ခင်ဗျားကို ပေးမယ်၊ ကျွန်တော့်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ခင်ဗျား ကို ကျွန်တော့်ကို ပေးရမယ်"
"ကျွန်မတို့ လက်ခံပါတယ် မစ္စတာ၊ ပေါင်စတာလင် ငွေ ၁၀၀၀ ကိုလဲ ကျွန်မတို့ အမြန်ဆုံးပေးပါမယ်၊ စင်တိန် ဟာ ရှင့်လက်ထဲကို ချောချောမောမော ရောက်လာပြီဆိုယင် စင်တိန်ရဲ့ မြင်းဖြူကြီးနာမည်ကို ကျွန်မ တို့ဆီ အကြောင်းကြားလိုက်ပါ၊ အဲဒီမြင်းဖြူကြီးနာမည်ကို သူပဲသိတာပါ၊ အဲဒီနာမည်ကို ရှင် မှန်မှန် ကန်ကန် အကြောင်းကြားနိုင်ပြီဆိုယင် ရှင်လိမ်လို့ မရဘူးဆိုတာ ကျွန်မတို့ သိမှာပါ၊ ရှင့်အတွက် လွတ်ငြိမ်း ချမ်းသာခွင့်ပေးကြောင်း လက်မှတ်ထိုးထားတဲ့စာရွက် ကျွန်မတို့ဆီမှာ အသင့်ပါလာရစေပါမယ်" လိုသာ က မီးပုံကို ကျော်ပြီး လက်ကမ်းပေးလိုက်သည်။
"ဗိုလ်မှူးကြီး ခင်ဗျားသဘောတူတယ် မဟုတ်လား" လိုသာက မေးလိုက်သည်။
ဂါရီက ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။ အန်က ဂါရီ နံရိုးကြားကို တံတောင်နှင့် တွက်လိုက်သည်။ ဂါရီက လိုသာ ကမ်းလာသောလက်ကို လှမ်းကိုင်ပြီး ပြောလိုက်သည်။
"သဘောတူရမှာပေါ့ဗျာ"
"ဒီမှာ နောက်ဆုံး တစ်ခု ပြောပါရစေဦး မစ္စတာ၊ ကျွန်မ စင်တိန့်အတွက် အထုပ်တစ်ထုပ် ရှင်နဲ့ ပေးလိုက်ပါရ စေ၊ အ၀တ်အစား အကောင်းတွေရယ်၊ အမျိုးသမီး အသုံးအဆောင်တွေရယ် သူလိုမှာပဲ၊ အဲဒီ ပစ္စည်းအထုပ် ကို ပိုက်ဆံနဲ့အတူ ကျွန်မပို့ပေးပါမယ်၊ ရှင် သူ့ကို တွေ့တွေ့ချင်း အဲဒါပေးလိုက်ပါ" အန်က ပြောသည်။
"တွေ့ယင်တော့ ပေးလိုက်ပါမယ်"
"တွေ့ကို တွေ့ရမှာပေါ့ရှင်"
အန်က အခိုင်အမာ ပြောလိုက်သည်။
စင်တိန်အား ရှာပုံတော်ထွက်ရန် လိုသာ စီစဉ် စိုင်းပြင်းရသည်မှာ တနင်္ဂနွေငါးပတ်နီးပါးကြာသည်။ ထို့နောက် လိုသာသည် ယခင်က ခြေရာများ စတင်တွေ့ရှိသော ကူနီနီမြစ်မြောက်ဘက်ရှိ ဝေးလံသီခေါင် သော အရပ်သို့ ပြန်သွားသည်။ မြေအောက်ရေတွင်းများ ရှိသော ထိုနေရာတွင် သူ၏ ရှာပုံတော်ကို စတင် တော့သည်။
သူ့လူများက မြေအောက်ရေတွင်းများမှ ရေများ စုပ်ယူပြီး ရေစည်များတွင် ဖြည့်တင်းနေစဉ်၌ လိုသာသည် အနီး အနား ပတ်ဝန်းကျင်၌ အေးအေးလူလူ လမ်းလျှောက်ရင်း အကဲခတ်နေသည်။ တစ်နေရာတွင် မိန်းကလေး တစ်ယောက် ၏ ခြေရာပုံစံကို မပျက်မယွင်းသေးပဲ အထင်းသား တွေ့လိုက်ရသည်။ မြေပျော့ ပေါ်တွင် နင်းသွားသော ခြေရာမှာ ယခု မြေမာလာသဖြင့် အင်္ဂတေပုံစံသွင်းထားသကဲ့သို့ ဖြစ်နေသည်။
လိုသာသည် ထိုခြေရာဘေး၌ ဒူးထောက်ုထိုင်ချလိုက်ပြီး ခြေရာပုံစံကလေးကို လက်ဖြင့် စမ်းသပ်ကာ တစ်ယောက် တည်း ပြေလိာုက်သည်။
"ဒါ အတိတ်နိမိတ်ပဲ အလျင်က ငါ အတိတ်နိမိတ်တွေကို မယုံပါဘူး၊ အင်း ခုတော့ ယုံချင်လာသလို ဖြစ်လာ တယ်"
ဤရှာပုံတော်ခရီးတွင် လိုသ်ာသည် အထူးစိတ်အားတက်ကြွနေသည်။ မျှော်လင့်ချက်များလည်း ဝေဆာနေ သည်။ လိုသာအဖွဲ့တွင် လှည်းသမားများ၊ အခိုင်းအစေများ အပြင် သူ၏ လက်စွဲတော် လူယုံတော် သေနတ် သမား လေးဦးလည်း သူနှင့်အတူ ပါလာသည်။
လိုသာ၏ လက်စွဲတော် သေနတ်သမားလေးဦးမှာ ခေါင်းဆောင်အိုဗန်ဘိုအမျိုးသား "ဆ၀ပ်ဟင်းဒရစ်" "ကလိန်းဘွိုင်း" "ဗတ်ဂျန်" နှင့် "ဘူးလစ်ပီ" တို့ ဖြစ်သည်။ သူတို့လေးဦးစလုံးသည် အာဖရိက တိုင်းရင်းသား လူမည်းလူထွားကြီးများ ဖြစ်သည်။
ထိုနေ့ညနေပိုင်းတွင် စခန်းမီးပုံဘေး၌ လိုသာက လက်စွဲတော်လေးယောက်အား လမ်းညွှန် အမိန့် ပေးသည်။
"ကဲ ငါပြောပြမယ်၊ မင်းတို့အသေအချာ နားထောင်ကြ၊ တို့ဆန်လူရိုင်းတွေ နောက်လိုက်မယ်၊ အသားဝါ လူပု လူသတ်သမားတွေလေ၊ အဲဒီအရိုင်းအစိုင်းတွေ ဖမ်းထားတဲ့မျက်နှာဖြူ မိန်းကလေးတစ်ယောက်ကို တို့ လိုက် ရှာမှာ၊ မင်းတို့အထဲက ဒီကောင်မကလေးရဲ့ ခြေရာကို ရအောင်ရှာနိုင်တဲ့လူကို ရွှေဒင်္ဂါးပြား ၁၀၀ အပို ဆုချ မယ်၊ တို့အခု ဒီလိုလိုက်မယ်"
လိုသာ က သဲပြင်ပေါ်တွင် တုတ်နှင့်ခြစ်ပြီး အစီအစဉ်ကို ဆက်ပြောသည်။
"ရေကားတွေ မြေအောက်ရေတွင်းတွေရှိတဲ့ ဒီသဲချောင်းလမ်းအတိုင်း မောင်းသွား။ မင်းတို့ ငါတို့က ဟိုဘက် ဒီဘက် လူဖြန့်ပြီး လိုက်မယ်၊ မိုင် ၅၀လောက် အကျယ်ကို လူဖြန့်ပြီး တို့လိုက်မယ်"
သူတို့ အရှေ့ဘက်သို့ ဦးတည်ထွက်လာကြသည်။ ပထမဆယ်ရက်အတွင်းမှာ ပင်ဆန်လူရိုင်းအုပ်စုလေး တပ်စု ၏ ခြေရာများကို စတင်တွေ့ကြသည်။ လိုသာသည် ဖြန့်ထားသော လူများကို ပြန်စုပြီး ထိုခြေရာများ နောက်သို့သာ ဦးတည်လိုက်တော့သည်။ လူပုယောက်ျားနှစ်ယောက်၊ မိန်းမနှစ်ယောက်နှင့် ကလေး လေးယောက်တို့၏ ခြေရာများကို တွေ့ရသည်။
"အနည်းဆုံး သူတို့အထဲက လူကြီးတစ်ယောက်ကို ငါ အရှင်လိုချင်တယ်၊ ဒါမှ တို့လိုက်နေတဲ့ မျက်နှာဖြူ အမျိုးသမီး အကြောင်း သတင်းရမှာ၊ သူ့ကို ငါကိုယတိုင် မေးမြန်းစစ်ဆေးမယ်"
လိုသာ သည် ဆန်လူရိုင်းများ စကားတတ်ထားသူ ဖြစ်သည်။
လူရိုင်းများ နောက်လိုက်ရင်းမှ လစ်ပီ၏ပါးတွင် လူရိုင်းတို့၏ မြားထိသွားသည်။ အဆိပ်က ပြင်းလှသဖြင့် မကြာခင် ပင် လစ်ပီ သေသွားသည်။ လိုသာနှင့် အဖွဲ့သားများ ပို၍ ဒေါသ ဖြစ်လာကြသည်။ လူရိုင်းအုပ်စု နောက်သို့ မရရအောင် သတင်းတောနင်းလိုက်သည်။ တစ်ဦးကိုသာ အရှင်ဖမ်းပြီး ကျန်ကလေး လူကြီး မကျန် အားလုံးကို ပစ်သတ်လိုက်ကြသည်။
ထိုလူရိုင်း ကို လိုသာ စစ်ဆေးရာ ဘာမှ မေ့မရပေ။ ထို့ကြောင့် သူ့နောက်လိုက် လူမည်းများလက်သို့ လွှဲအပ် လိုက်ပြီး မေးခိုင်းသည်။ ထိုလူရိုင်းအား လိုသာ နောက်လိုက်များက နှိပ်စက် ညှဉ်းပမ်းပြီး စစ်ဆေး ရာ နောက်ဆုံး သေသွားတော့သည်။
"ကောင်မလေးကိစ္စ ဘာသိရသလဲ" လိုသာက သူ့ညာလက်ရုံး ဟင်းဒရစ်အား မေးလိုက်သည်။
"သူတို့အုပ်စုကတော့ လူဖြူကောင်မလေးကို မတွေ့ရဘူးတဲ့၊ ဒါပေမယ့် သူတို့နဲ့ တခြားအုပ်စုနဲ့ တွေ့တုန်း က အဲဒီအုပ်စု က ပြောသွားတဲ့ သတင်းထူး တစ်ခုကြားခဲ့ရတယ်တဲ့၊ နေမထွက်တဲ့ အရပ်က အမျိုးသမီး တစ်ဦး နဲ့ ကလေးငယ် တစ်ယောက်အကြောင်း ပြောနေကြတယ်တဲ့၊ ဆန် အဘိုးကြီး အဘွားကြီး လင်မယား နှစ်ယောက်နဲ့အတူတူ အဲဒီသားအမိနှစ်ယောက် ရှိနေတယ်တဲ့"
ဟင်းဒရစ် က ပြောပြသည်။
လိုသာသည် မှန်ပြောင်းဖြင့် လှမ်းကြည့်စဉ်က တွေ့ခဲ့ရသော လူရိုင်းလူပုနှစ်ဦးနှင့် အမျိုးသမီး တစ်ယောက် ကို ပြန်သတိရလာသည်။
"ဘယ်မှာတဲ့လဲ၊ ဘယ်နေရာမှာ တွေ့တယ်လို့ ပြောသလဲ" လိုသာက စိတ်အားထက်သန်စွာ မေးလိုက် သည်။
"ကာလာဟာရီ ဘောနက်ကြီးထဲက တစ်နေရာပဲ၊ ဆန်လူမျိုးတွေရဲ့ အထွတ်အမြတ်ထားတဲ့ နေရာပေါ့၊ ဘယ်လို သွားရတယ်ဆိုတာ ကျွန်တော့်ကို လမ်းညွှန်လိုက်ပါတယ်"
"ဘယ်မှာလဲ ဟင်းဒရစ်၊ ပြောစမ်း မြန်မြန်"
"ခရီးက ဝေးတယ်၊ သူတို့ အနေနဲ့ ကုန်းကြောင်းသွားယင် ၁၅ရက် ကြာမယ်တဲ့"
"အဲဒီနေရာက ဘာနေရာလဲ၊ ငါတို့ ဘယ်လိုလုပ်ပြီး သိမလဲ"
"အဲဒါတော့ မပြောဘူး၊ မပြောဝံ့ဘူးဆိုပြီး အသေခံသွားတယ်"
"ကဲ ... ဒါဖြင့် ငါတို့ နက်ဖြန်ကျယင် သူတို့လမ်းညွှန်တဲ့ အဲ့ဒီဘက်ကို သွားမယ်" လိုသာက အမိန့်ပေး လိုက်သည်။
လွင်ပြင်မှနေ၍ မြင်းကို ဖြတ်စီးလာသော လိုသာသည် ရုတ်တရက် တောင်ကြီးကို မြင်လိုက်ရသောအခါ တကယ့် တောင်ဟု မထင်။ သဲကန္တာရမှ အလင်းရောင်များ၏ လှည့်စားချက်အရ မျက်စိက အမြင်မှားကာ တံလျပ် ကို ရေထင်ရသကဲ့သို့ ဖြစ်မည်ဟု စွဲမှတ်လိုက်သည်။
ဤနေရာ ဤဒေသ၌ ဤသို့ တောင်တန်းကြီး ရှိမည်ဟု လိုသာ လုံးဝ မသိခဲ့။ ထင်လည်း မထင်မှတ်ခဲ့။ အာဖရိကအကြောင်း စာအုပ်များတွင်လည်း မဖတ်ခဲ့ရပေ။ ညနေခင်း ဆည်းဆာတွင် မြင်ရသော တောင်ရိပ် တောင်ခိုးများကို လိုသာ လုံးဝ မထင်မှတ်ခဲ့ပါချေ။
လိုသာ သည် ထိုညက ထိုနေရာအနီးတစ်ဝိုက်တွင်ပင် စခန်းချရပ်နား အိပ်စက်လိုက်သည်။
နောက်တစ်နေ့ အိပ်ရာမှ နိုးထလာသောအခါ လိုသာကြည့်လိုက်ရာတွင် မနေ့ညက တွေ့ခဲ့ရသော တောင်တန်းကြီး ကို ဟိုအဝေးတွင် ခပ်ရေးရေး မြင်နေဆဲ ရှိသည်။ ထို့ကြောင့် ယမန်နေ့ညနေက မိမိအမြင် မှားကြောင်း သိလာရသည်။ ထို့ကြောင့် မိမိအဖွဲ့သားများနှင့် အဆိုပါ တောင်တန်းကြီးဆီသို့ မြင်း ကိုယ်စီ ဒုန်းစိုင်းကာ ခရီးပြင်းနှင်သည်။
နောက်ဆုံး ထိုတောင်တန်းကြီး၏ ခြေရင်းသို့ ရောက်သွားသောအခါ သူသိလာခဲ့ရသော ဆန်လူမျိုးတို့၏ မြင့်မြတ်သော လျှို့ဝှက်နေရာဆိုသည်မှာ ဤတောင်တန်းကြီး၏ တစ်နေရာရာတွင် ရှိရမည်ဟု သူ ယတိပြတ် ယုံကြည်လာသည်။
"ဒီနေရာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် သိပ် ကျယ်ပြန့်တာပဲ၊ ဒီနေရာတစ်ဝိုက်မှာသာ ကောင်မကလေးရှိယင် ဒီတစ်သက် ရှာတွေ့ဖို့ မလွယ်ဘူး၊ ဒီနေရာမှာ ဂူတွေ၊ လိုဏ်ခေါင်းတွေ၊ လျှိုမြောင်ချိုင့်ဝှမ်းတွေ စတဲ့ ပုန်းခို စရာ နေရာတွေ အများကြီး ရှိတယ်၊ အင်း ... တစ်သက်လုံး ရှာရတော့မယ် ကိန်းပဲ"
လိုသာသည် သူ့လူများကို လူခွဲလိုက်ပြီး တောင်တန်းကြီး၏ အနီးဆုံး ၀င်ပေါက် ဆင်ခြေလျှောနေရာကို ရှာရန် ခြေကျင်လွှတ်လိုက်သည်။ ထို့နောက် ရေစည်ကားနှင့် ပစ္စည်းပစ္စယများကို သစ်ပင်ကြီးတစ်ပင်၏ အရိပ် အောက်တွင် ထားပြီး ဟင်းဒရစ်အား စောင့်ခိုင်းထားသည်။ လိုသာသည် မြင်းအပို တစ်ကောင်ကို ယူကာ သူကိုယ်တိုင် မြင်းတစ်ကောင်းစီးပြီး တောင်ကြီးကို တစ်ပတ်ပတ်ကြည့်ရန် ထွက်သွားသည်။
နှစ်ရက်ကြာခရီးသွားခဲ့စဉ်အတွင်း လိုသာသည် အိတ်ဆောင်ကွန်ပါအကူအညီဖြင့် မြေပုံအကြမ်းဆွဲကာ မှတ်စုများလည်း ရေးသားမှတ်တမ်းတင်ခဲ့သည်။ ထိုမြေပုံနှင့် မှတ်တမ်းတင်ချက်အရ ခန့်မှန်းကြည့်သော အခါ တောင်တန်းကြီးသည် မိုင် ၃၀ခန့် ရှည်ပြီး လေးငါးမိုင်ခန့် ကျယ်မည်ဟု ခန့်မှန်းမိသည်။
တတိယမြောက်ညတွင် လိုသာ့စခန်းပတ်ဝန်းကျင်၌ ခြင်္သေ့ဟောက်သံကို ကြားရသည်။ လိုသာသည် ထိုည တစ်ညလုံး သေနတ်ကို အသင့်ကိုင်ပြီး သူ့မြင်းများ အနားတွင် စောင့်နေခဲ့သည်။ မနက်မိုးလင်း၍ ခြင်္သေ့ ခြေရာများကို လိုက်ရှာသောအခါ တွေ့ရသည်။ စခန်းကို ၀ိုင်းပတ်ပြီး လျှောက်ခဲ့သော ခြေရာများကို ကြည့်ခြင်းဖြင့် ခြင်္သေ့ကြီးမှာ အရွယ်လွန် အိုမင်းပြီး ခြေတစ်ဘက် ထော့ကျိုးထော့ကျိုး ဖြစ်နေသည် ကို သိရ သည်။
နောက်တစ်ညတွင် လိုသာသည် မီးပုံ၌ ထင်းအပြည့်ထိုးပြီး မီးပုံဘေးတွင် အိပ်သည်။ ချမ်းအေးလှသဖြင့် အိပ် မပျော်မီ ကျူနှစ်အင်္ကျီကို ယူဝတ်သည်။ ကြယ်သီးများ တပ်သောအခါ ကြေးကြယ်သီးတစ်လုံး ပြိုတ် ထွက်ပြီး ပျောက်ဆုံးနေသည်ကို တွေ့ရသည်။ လိုသာသည် ဖိနပ်အရှည်ကိုပါ စီးထားကာ သေနတ်ကို ရင်ခွင် ၌ ပိုက်ပြီးအိပ်သည်။ မိနစ်ပိုင်းအတွင်းမှာပင် သူ အိပ်ပျော်သွားသည်။
လိုသာ အိပ်နေရာမှ ရုတ်တ်ရက် လန့်နိုးလာသည်။ သေနတ်ကို လက်တွင် ပိုက်လျက် ငေါက်ခနဲ ထထိုင် လိုက်မိသည်။ ခြင်္သေ့ဟိန်းဟောက်သံများက မိုးချုန်းသံများအလား သူ့နားထဲတွင် ပဲ့တင်ထပ်အောင် ကြား နေရသည်။
လိုသာ ရှေ့ရှိ မီးပုံကြီးတွင် မီးများက သေနေပြီ။ အရုဏ်ဦးအလင်းရောင် ဖျော့ဖျော့လေးကို သစ်ပင် ထိပ်ဖျား၌ မြင်နေရသည်။ လိုသာသည် စောင်ကို ဆွဲဖယ်လိုက်သည်။ သေနတ်ပိုက်ပြီး ထိုင်နေရာက ဖြုန်းခနဲ ထရပ်လိုက်သည်။ မြင်းများကလည်း ခြင်္သေ့အသံကြား၍ လန့်ဖျပ်လှုပ်ရှားနေကြသည်။
ခြင်္သေ့ ဟောက်သံ ပေါ်လာပြန်သည်။ မိုင်ဝက်ခန့် အကွာမှ လာသော အသံ ဖြစ်မည်ဟု လိုသာ ခန့်မှန်း ဆုံးဖြတ်လိုက်သည်။ မြင်းများကလည်း အသံလာရာဘက်သို့ စိုက်ကြည့်နေသည်။ တိတ်ဆိတ်သော ညအခါ ဖြစ်၍ အသံကို ကောင်းစွာ ကြားရသလို အသံလာရာဘက်ကိုလည်း ကောင်းစွာ မှန်းဆ၍ ရသည်။
ခြင်္သေ့ဟောက်သံကြီးက တစ်တောလုံး သိမ့်သိမ့်တုန်သွားလောက်အောင် ပေါ်လာပြန်သည်။ အလွန်ပင် ဒေါသ ကြီးနေရသော ဤဟောက်သံမျိုး လိုသာ တစ်ခါမှ မကြားခဲ့ဖူးချေ။
ခြင်္သေ့ဟောက်သံ နှစ်ကြိမ်အကြားမှာ ထူးခြားသော အသံတစ်သံကို လိုသာ ကြားလိုက်သည်။ ကြောက်အား လန့်အားဖြင့် အသံကုန်အော်ဟစ်လိုက်သော လူသံ ဖြစ်သည်။ မိမိနားအကြား မည်သို့မျှ မမှားနိုင် သေချာ သည်။ လူသံမှ လူသံအစစ်။
လိုသာ ဘာမျှ ထပ်မတွေးတော့ဘဲ စတင်လှုပ်ရှားလိုက်သည်။ သူအကြိုက်ဆုံး အနှစ်သက်ဆုံး အမဲလိုက် မြင်း ကို ဆွဲယူပြီး မြင်းကျောပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် မြင်းကို ခြင်္သေ့သံနှင့် လူသံလာရာ ကွင်းစပ် အ၀ဘက်ဆီသို့ ဦးတည်ပြီး ကဆုန်စိုင်းတော့သည်။
ကွင်းပြင်ထဲသို့ လိုသာရောက်လာသောအခါ နံနက်အာရုဏ်အလင်းရောင်က အရှေ့ဘက်ကောင်းကင်၌ လိမ္မော်ရောင် တောက်နေပြီ ဖြစ်သည်။ တစ်ဘက်တောစပ်တွင် အခြားသစ်ပင်များနှင့် ခပ်လှမ်းလှမ်း၌ မြင့်မား သော သစ်ပင်ကြီးတစ်ပင်ကို တွေ့ရသည်။ သစ်ပင်အောက်ဘပ်ပတ်ပတ်လည်၌ ခြောက်သွေ့နေ သော မြက်ပင် ချုံပုတ်များကို တွေ့ရသည်။
သစ်ပင်ကြီး၏ မြင့်မားသော သစ်ကိုင်းများပေါ်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုကို လှမ်းမြင် ရသည်။ ၀ိုးတ၀ါးမသဲမကွဲ မြင်ရသော်လည်း သစ်ကိုင်း သစ်ရွက်များ လှုပ်ရှားနေသည်မှာ သိသာ ထင်ရှား သည်။ အရုဏ်ဦး လင်းရောင်ခြည်၏ နောက်ခံကြောင့် လှုပ်ရှားနေသော အရိပ်သဏ္ဍာန်များက ပေါ်လွင် နေသည်။
ထိုသစ်ပင်ဆီသို့ လိုသာက မြင်းကို ဦးတည်ပြီး အသော့နှင်လိုက်သည်။ ခြင်္သေ့ဟိန်းသံကြီးက သစ်ပင်ပေါ် မှ ပေါ်ထွက်လာပြန်သည်။ သစ်ပင်ပေါ်မှ လှုပ်ရှားနေသော အရာများကို လိုသာ သဲသဲကွဲကွဲ မြင်လာ ရသော အခါ ကိုယ့်မျက်စိကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားရပြီး ဘုရားတလိုက်မိသည်။
"အလို ဘုရားရေ၊ ခြင်္သေ့ကြီးပါလား"
ခြင်္သေ့များ သစ်ပင်တက်သည် ဟု လိုသာတစ်ခါမှ မကြားဖူး၊ မမြင်ဖူးခဲ့ပေ။ ယခု မြင်နေရပြီ ဖြစ်သည်။ သစ်ပင် အပေါ်ဘက် အကိုင်းများဆီသို့ ခြင်္သေ့ကြီးက ကုတ်ကပ်တွယ်ကပ်နေပြီး သူ့ရှေ့လက်နှစ်ဖက်နှင့် အနည်းငယ် ကွာဝေးနေသော အပေါ်ဘက်တွင် လူတစ်ယောက်၏ အရိပ်သဏ္ဍာန်တစ်ခုကို လိုသာ လှမ်းမြင် လိုက်ရသည်။
လိုသာက သစ်ပင်ဆီသို့ မြင်းကို ကဆုန်စိုင်းလိုက်သည်။ သစ်ပင်အောက် ရောက်သည်နှင့် မြင်းပေါ်မှ လွှား ခနဲ ခုန်ဆင်းလိုက်သည်။ လက်ထဲမှ ရိုင်ဖယ်သေနတ်ကို ပခုံးတွင် ထောက်ကာ သစ်ပင်ပေါ်မှ အရိပ် သဏ္ဍာန်ကြီးဆီသို့ ထိုးချိန်လိုက်သည်။
ခြင်္သေ့သဏ္ဍာန်နှင့် လူသဏ္ဍာန်တို့မှာ အနည်းငယ်ရောထွေးနေသည်။ ထို့အပြင် ကျည်ဆန်က ကြားမှ သစ်ကိုင်း များကို ထိပြီး လွဲဖယ်လွင့်စဉ် ထွက်သွားနိုင်သေးသည်။ ထို့ကြောင့် လိုသာသည် နေရာပြောင်း ကာ သစ်ကိုင်းများ လွတ်သည့် ပစ်ကွင်းကို ရှာရသည်။ နေရာတွေ့သည်နှင့် ရိုင်ဖယ်ဒင်ကို ပခုံးတွင် ထောက် ကာ ချိန်လိုက်ပြန်သည်။ သို့ရာတွင် ပစ်ရန် အခွင့်မသာသေးသဖြင့် ခေတ္တစောင့်နေရသေးသည်။
သို့သော် ခြင်္သေ့ကြီးက အပေါ်ဘက်မှ လူပုံသဏ္ဍာန်၏ ခြေထောက်ကို လှမ်းကိုင်ပြီး ဆွဲချလိုက်သောအခါ အလွန် အမင်း ကြောက်ရွှံ့ပြီး ငယ်သံပါအောင် အော်လိုက်သော လူသံပေါ်သည်။ ထိုအခါ လိုသာအဖို့ အချိန် စောင့်နေ၍ မဖြစ်တော့။
ခြင်္သေ့ကြီး၏ ကျောရိုးအဆုံး အမြီးထိပ်ရှိ မြီးညောင့်ရိုးဆီသို့ သေနတ်ပြောင်းဝကို ချိန်လိုက်သည်။ ခြင်္သေ့ကြီး က ခြေထောက်မှ ဆွဲချနေသော အပေါ်ဘက်မှ လူသဏ္ဍာန်ကလည်း သစ်ကိုင်းတစ်ကိုင်းကို လက် နှစ်ဖက်ဖြင့် အားကုန်ဆုပ်ကိုင်ကာ အသက်လုပြီး တွယ်ကပ်နေရသည်။
လိုသာက သေနတ်မောင်းကို ဖြုတ်လိုက်သည်။ ပြောင်းထဲမှ တအားဆောင့်ကန်ပြီး ပြေးထွက်သွားသော မော်ဇာကျည်ဆန်သည် ခြင်္သေ့ကြီး၏ မြီးညောင့်ရိုးခွဆုံကို အရှိန်အဟုန်ပြင်းစွာဖြင့် သွားထိသည်။ ခြင်္သေ့ ကြီး အဖို့ ပြင်းစွာသော ဝေဒနာကို ခံစားရသဖြင့် အသံကုန်အော်လိုက်ပြီး ရှေ့မှသားကောင်ကို ဆုပ်ကိုင် လျက်နှင့် အောက်ဘက်သို့ တရွေ့ရွေ့ လျှောကျလာသည်။
သစ်ပင်အောက်သို့ ကျလာသော ခြင်္သေ့ကြီး၏ လက်နှစ်ဖက်မှလက်သည်းများက လူသတ္တ၀ါ၏ ခြေသလုံး များကို အတော်ကလေး စူးဝင်နစ်မြုပ်နေသည်အထိ ခြင်္သေ့ပါးစပ်ထဲသို့ သေနတ်ပြောင်းထိုးသွင်းပြီး နောက်တစ်ချက် ပစ်ထည့်လိုက်သည်။ ခြင်္သေ့ကြီးက သားကောင်လူသတ္တ၀ါကို လွှတ်လိုက်ပြီး နောက်ပြန် လန်ကျ သွားကာ ငြိမ်သွားတော့သည်။
ထိုအခါကျမှ မေ့မြောနေသော လူသတ္တ၀ါကို လိုသာ လှမ်းကြည့်လိုက်သည်။ အမျိုးသမီးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် လိုသာ အံ့အားအသင့်ကြီး သင့်သွားသည်။ သူမဘေးတွင် မုဆိုး ဒူးထောက် ထိုင်ချလိုက်ပြီး ပွေ့ယူလိုက်သည်။ မျက်နှာပေါ် ရှည်လျားထူထဲသော ဆံပင်များက ဖုံးအုပ်နေ သဖြင့် လက်တစ်ဖက်ဖြင့် သပ်ပြီး ဖယ်လိုက်သည်။
သူမ၏ မျက်နှာကို လိုသာ မြင်လိုက်ရသောအခါ မျက်နှာသည် ဓာတ်ပုံထဲတွင် သူမြင်ခဲ့ရသော မျက်နှာ။
လွန်ခဲ့သော တစ်နှစ်ကျော်က မှန်ပြောင်းထဲမှနေ၍ ရုတ်ခြည်းမြင်ခဲ့ရသော မျက်နှာ။
မိမိအား စိတ်လှုပ်ရှားစေပြီး ရင်ထဲ၌ ဗလောင်ဆူအောင် ဖြစ်စေခဲ့သော မျက်နှာ ဖြစ်နေသည်။
သို့ရာတွင် အသက်မှ ရှိပါသေးရဲ့လော။
လိုသာ သည် သူပွေ့ထားသော မိန်းကလေး၏ မျက်နှာကို စေ့စေ့ကြည့်လိုက်သည်။
ရှည်လျားကော့ပျံသော မျက်တောင်များ ၀ိုင်းရံထားသည့် မျက်လုံးအစုံက ပိတ်နေသည်။ အသားအရည်က ညက်ညော သော်လည်း နေလောင်ထားသဖြင့် ကြေးနီရောင်သန်းနေသည်။ လေးကိုင်းသဏ္ဍာန် နှုတ်ခမ်း အစုံ မှ ဖေါင်းအိနူးညံ့သော နှုတ်ခမ်းနှစ်မြွာက မဟတဟ ပွင့်နေရာအတွင်းမှ ညီညာဖြူဖွေးသော သွားတန်း လေးနှစ်သွား ကို တွေ့နေရသည်။
"အို ... မသေရဘူး၊ မင်း မသေရဘူး"
လိုသာက ခေါင်းကို တွင်တွင်ရမ်းပြီး ပြောလိုက်သည်။ လိုသာသည် သူမမျက်နှာပေါ်မှ ဆံပင်များကို နောက်သို့ လှန်းပြီး သပ်ချလိုက်သည်။ ဆံပင်များထဲမှနေ၍ မျက်လုံးအထိ စီးကျနေသော သွေးစီးကြောင်း လေးကို လိုသာ မြင်ရသည်။ လိုသာက လည်ပင်းတွင် စည်းထားသော ချည်ထည်အ၀တ်စကို ဖြုတ်ယူကာ သွေးစီးကြောင်းကို သုတ်ပေးလိုက်သည်။ သို့သော် သုတ်ပေးပြီးသည်နှင့် တစ်ပြိုင်နက် သွေးက ထပ်မံ စီးထွက်လာပြန်သည်။ လိုသာက ဆံပင်များကို ဖြဲပြီး ကြည့်လိုက်ရာ ဦးရေခွံတွင် ဒဏ်ရာကို တွေ့ရသည်။ ဒဏ်ရာက မကြီးသော်လည်း နက်သည်။ သစ်ကိုင်းဆူးချွန်တစ်ခုနှင့် ထိုးမိထားသည့်ဒဏ်ရာ ဖြစ်မည်။ ဒဏ်ရာ က နက်သဖြင့် ဦးခွံရိုးဖြူဖြူဖွေးဖွေးကိုပင် လှမ်းမြင်နေရသည်။ ထို့ကြောင့် ဒဏ်ရာနှုတ်ခမ်းနှစ်ခုကို စေ့ပြီး လက်ကိုင်ပ၀ါဖြင့် ဖိကာ အပေါ်မှနေ၍ အ၀တ်စဖြင့် ခေါင်းကို သိုင်းပြီး ပတ်တီးစည်းပေးလိုက်သည်။
ခေါင်းကို မယူပြီး သစ်ပင်ခြေရင်း၌မှီကာ ခြေဆင်းထိုင်မည့်ပုံစံကို သူမအား ပြောင်းပေးလိုက်သည်။ ထို့နောက် ဒဏ်ရာရထားသော သူမ၏ ခြေထောက်များကို ကြည့်လိုက်သည်။ ဒဏ်ရာများက ကြောက်စရာ ကောင်းလှသည်။ သူမ၏ ခြသလုံးသားနုနုတွင် ခြင်္သေ့လက်သည်းဖြင့် ကုတ်ခြစ် ဆွဲ ထားသော ဒဏ်ရာများ က အစင်းလိုက် အမြှောင်းလိုက် ရှုမကောင်း မြင်မရဲအောင် ရှိနေသည်။ သို့သော် သွေးများ မထွက်တော့ သဖြင့် အခြေအနေက မဆိုးသေးပေ။
"အင်း ... ကံကောင်းသေးတယ်၊ ဘုရားမ တာပဲ"
လိုသာသည် ပြောပြောဆိုဆိုဖြင့် သူမအား ပြန်ပြီး ပက်လက်လှဲလိုက်သည်။ ထို့နောက် သူ၏အပေါ်ဝတ် ကုတ် အင်္ကျီကြီးကို ချွတ်ကာ သူမ ခြေထောက်အောက်မှ ခုလိုက်သည်။ ဒဏ်ရာထဲသို့ မြေကြီးမှ အညစ် အကြေး နှင့် ပိုးမွှားများ မ၀င်နိုင်စေရန် ဖြစ်သည်။ ထို့နောက် သူ၏ရှပ်အင်္ကျီကို ခေါင်းပေါ်က လှန်ချွတ် လိုက် သည်။
"အင်္ကျီကတော့ မလျှော်ရတာ နှစ်ရက်ရှိပြီ၊ ချွေးလဲစိုတော့နေတယ်။ ဒါပေမယ့် ဒီထက်ကောင်းတာတော့ မရနိုင်တော့ဘူး" လိုသာက တစ်ယောက်တည်း ပြောလိုက်သည်။
ခြင်္သေ့လက်သဲဖြင့် အခြစ်ခံရခြင်းသည် လူရိုင်းတို့၏ အဆိပ်မြားလိုပင် အန္တရာယ်ကြီးမှန်း လိုသာ သိသည်။
"မင်းကို စခန်းခေါ်သွားရမှာပဲ စင်တိန်"
လိုသာ စင်တိန်နာမည်ကို ပထမဆုံးအကြိမ် သူ့နှုတ်မှ ဖွင့်ထုတ် ခေါ်လိုက်သည်။ ထိုသို့ ခေါ်လိုက်ရသဖြင့် သူ့ရင်ကို ကြည်နူးနှစ်သိမ့်မှု ငလျင်ကလေး လှုပ်သွားသည်။
သို့သော် သူမ၏ သွေးခုန်နှုန်းကို စမ်းကြည့်ရာ အလွန်အားနည်းနေသဖြင့် စိတ်ပူသွားရပြန်သည်။ ထို့ကြောင့် စင်တိန်တစ်ကိုယ်လံးကို သူ၏အပေါ် ၀တ်ကုတ်အင်္ကျီအထူကြီးဖြင့် ပတ်လိုက်သည်။ ထို့နောက် မတ်တတ် ရပ်လိုက်ပြီး သူ့မြင်းကို အနီးအနားတွင် လိုက်ကြည့်သည်။ ခပ်လှမ်းလှမ်းကွင်းစပ်၌ အေးအေး လူလူ မြက်စားနေသည်ကို တွေ့ရသည်။
ထို့ကြောင့် မြင်းဆီသို့ သွားရန် စင်တိန်အား ပွေ့ချီလိုက်မည်အလုပ်တွင် အသံတစ်သံကြောင့် အံ့အားသင့် ပြီး တစ်ကိုယ်လုံးတောင့်တင်းသွားသည်။
သူ့ခေါင်းပေါ်ဘက်မှနေ၍ ကလေးငိုသံ စူးစူးဝါးဝါး ပေါ်ထွက်လာခဲ့သည်။ မြင့်မားလှသော သစ်ပင်ကြီးပေါ် လိုသာ မော့ကြည့်လိုက်ရာ ထိပ်ဆုံး အကိုင်းတွင် တွဲချိတ်နေပြီ ဘယ်ညာလှုပ်ယမ်းနေသော အိတ်တစ်အိတ် ကို လှမ်းမြင်နေသည်။
"အမျိုးသမီး တစ်ယောက်နှင့် ကလေးတစ်ယောက်" ဟု ရိုင်းလူပုလေးများ ပြောသွားသည်ကို သတိရလာ သည်။
လိုသာသည် သစ်ပင်ပေါ်သို့ မျောက်တစ်ကောင်လို လျင်မြန်စွာ တွယ်တက်သွားသည်။ အပေါ်ဘက်သို့ ရောက်သော အခါ အိတ်ကို လှမ်းဖြုတ်ပြီး ကြည့်လိုက်သည်။ အိတ်ထဲက ကလေး မိမိအားမြင်သောအခါ လန့်ပြီး အော်ငိုပြန်သည်။
လိုသာသည် မိမိ၏သားလေးကို ချက်ချင်း ပြေးသတိရလိုက်သည်။ ထို့ကြောင့် ကလေးပါသော အိတ်ကို မိမိ ရင်ဘတ်တွင် ကပ်ပြီး တယုတယနှင့် မိမိရရ ပွေ့ချီလိုက်သည်။
"အား ... လူငယ်ငယ်လေးနဲ့အသံက ကျယ်လိုက်အောင်လိုက်တာ၊ ဧကန္တ မဟုတ်မှလွဲရော ယောက်ျား လေး ပဲ ဖြစ်ရမယ်"
ဆက်ရန်
.
1 comment:
လူရိုင်းတွေကို ကလေးလူကြီးမကျန် အကုန်သတ်ပစ်လိုက်တယ်ဆိုတာ ဖတ်ရတာ စိတ်မကောင်းစရာ။ နောက်ဆုံးအရှင်ချန်ထားတဲ့ တစ်ယောက်ကိုလဲ မသေမချင်းညှဉ်းဆဲ သတ်ပစ်တယ်ဆိုတော့... တော်တော်ရေးရက်တဲ့ စာရေးဆရာပဲ။
စင်တိန်က သူ့ဗိုက်ထဲကကလေး အသက်ရှင်ဖို့ဆိုပြီး (တကယ်က သူအသက်ရှင်အောင်) သင်္ဘောသားကြီးကို ခေါင်းရိုက်ချပြီး ငါးမန်းစာကျွေးလိုက်တဲ့အကြောင်း ဖတ်ရတုန်းကလဲ ဒီလိုပဲ။ ဖတ်ရင်း ဒီလိုအကျင့်မျိုးကို အော်ဂလီဆန်လာတယ်။ တစ်ကိုယ်ကောင်းဆန်တာတို့၊ ကျေးဇူးမသိတတ်တာတို့ ဇာတ်လမ်းမှာ လွှမ်းမိုးနေသလိုပဲ။ ဖတ်လို့တော့ ကောင်းတယ်။ ဒါပေမယ့်...
Post a Comment