Sunday, October 2, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၈)

ဗိုလ်ချုပ်အောင်ဆန်း

(ဤဆောင်းပါးရှင်သခင်ဗအေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်အောင်ဆန်းကို ကျောင်းသားဘဝက စတင်သိ ခဲ့၍ သခင်ဘဝနှင့် အင်္ဂလိပ် တို့ တော်လှန်စဉ်ကလည်းကောင်း၊ ဂျပန်ကို တော်လှန်စဉ်ကလည်းကောင်း ဗိုလ်ချုပ်၏အပါးတော်မြဲအဖြစ် ၂ ကြိမ် တိုင်တိုင် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ကျွန်တော်သိသော ဗိုလ်ချုပ်

၁၉၃၄-ခုနှစ် တက္ကသိုလ်တွင် သမဂ္ဂအမှုဆောင်များ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျောင်းသားအများ အပြားပင် အတော်စိတ်ဝင်စားခဲ့လေသည်။ အကြောင်းကား ယခုအခါ ဗမာနိုင်ငံလုံးကို ခေါင်းဆောင်အ ဖြစ် ဆောင်ရွက်မည့်သူများ (ဝါ) သခင်ပေါက်စဟု နာမည်ပြေးသူ ဗိုလ်ချုပ်အောင်ဆန်း၊ ပြည်ထဲရေးဝန် ကြီး ကိုကျော်ငြိမ်း၊ ဗမာကွန်မြူနစ်ပါတီ ကိုသိန်းဖေအပါအဝင် လူတစ်ခုနှင့် အင်္ဂလိပ်ကျောင်းဆရာ ဗြူ ရိုကရက်တို့အလိုကျ အလိုတော်ရိများဟု သတင်းကြီးသူများ အကြိတ်အနယ် အရွေးခံကြသောကြောင့် ဖြစ်လေသည်။ ထိုရွေးကောက်ပွဲတွင် ကိုကျော်ငြိမ်းမှ တစ်ဆင့် "ကိုအောင်ဆန်းဆိုတာ သူပဲ၊ မဲရအောင် လုပ်ပေးပါ"ဟု ပြောဆိုခြင်းက စတင်သိခဲ့လေသည်။

အိုးဝေအယ်ဒီတာ

ကိုအောင်ဆန်းကား ၁၉၃၅ သမဂ္ဂမှ ထုတ်ဝေသည့် အိုးဝေမဂ္ဂဇင်းအယ်ဒီတာအဖြစ် ဆောင်ရွက်စေလေ သည်။ ၎င်းမဂ္ဂဇင်းတွင် ဆာဦးတင်နှင့်ပတ်သက်သော ဆောင်းပါးကို ယခု အိုးဝေသတင်းစာ ညိုမြက ရေးသားခဲ့သဖြင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့မှ ရေးသားသူကို ဖော်ထုတ်ရန် တောင်းဆိုရာ ၎င်းက ငြင်းပယ်ခဲ့လေသည်။
ထိုငြင်းပယ်ခြင်းနှင့်ပတ်သက်၍ ၎င်းအားကျောင်းမှ ထုတ်ပယ်ပစ်ခြင်း၊ သမဂ္ဂဥက္ကဋ္ဌ ယခု (နန်းရင်းဝန် သခင်နု)တို့အား အရေးယူခြင်းများခံရသည်ကို အကြောင်းပြု၍ လျှို့ဝှက်သောအစည်းအဝေးတစ်ရပ် ကျင်းပလေသည်။

ပြန်ကြားရေးဌာန

နောက်ဆုံး ၁၉၃၆-ခု၊ မတ်လတွင် သပိတ်မှောက်၍ ရွှေတိဂုံဘုရားပေါ်တွင် နေထိုင်ကြရာ ၃-လမျှ ကြာ ခဲ့လေသည်။
ဗိုလ်ချုပ်အောင်ဆန်း၊ ညိုမြနှင့် ကျွန်တော်တို့ကား ပြန်ကြားရေးဌာနတာဝန်ကို ထမ်းဆောင်ကြရလေ သည်။ သပိတ်မှောက်စဉ် ၃-လကျော်ကျော် ဘုရားပေါ်တွင် တကုတ်ကုတ်နှင့် အမြဲရေးသားလုပ်ကိုင် နေသူမှာ ဗိုလ်ချုပ်အောင်ဆန်းပင် ဖြစ်လေသည်။

သခင်ဘဝတွေ့ရပုံ

နောက် ၂-နှစ်လောက်ကြာသောအခါ သခင်အရေးတော်ပုံတစ်ခုဖြစ်လေ၏။ သခင်ကိုယ်တော်မှိုင်း တို့ဗမာအစည်းအရုံးနှင့် သခင်ထွန်းအုပ် တို့ဗမာအစည်းအရုံး ၂-ခုပေါ်လာရာ၊ သခင်နု၊ ဗိုလ်ချုပ်အောင် ဆန်း၊ သခင်လှဖေ ယခု(ဗိုလ်လက်ျာ)တို့ ပါဝင်လာတော့၏။

မန္တလေးရဟန်းပျိုများ အစည်းအဝေး

တစ်နေ့ ကျွန်တော်နယ်မှ ရန်ကုန်ဆင်းလာရာ ရေကျော်ရပ်ရှိ တို့ဗမာအစည်းအရုံးသို့ ရောက်သွား၏။ သခင်အော်ဆန်းက အစည်းအဝေးသွားရန်ခေါ်၍ ဘာအစည်းအဝေးလဲဟု မေးရာ မန္တလေးဆရာတော် ဦးကလျာဏခေါင်းဆောင်သော ရဟန်းပျိုများသည် ရန်ကုန်ဆင်းလာ၍ ရွှေတိဂုံဘုရားအရှေ့ဘက် ဦး အုံးခင်ဇရပ်တွင် ဗမာပြည်လွတ်လပ်ရေးအတွက် ဗမာပြည်ခေါင်းဆောင်များ ညီညွတ်စေရန် လာ ရောက်ဆွေးနွေးသော အစည်းအဝေးသို့ တက်ရောက်ရန်ဖြစ်ကြောင်း သိရ၏။

ထိုစဉ်အခါ ဂဠုန်နှင့် ဘာသဘောကွဲခဲ့သနည်း

၎င်းအစည်းအဝေးတွင် သခင်အောင်ဆန်းက ဗမာပြည်လုံးဝလွတ်လပ်ရေးကို တင်ပြ၏။ အခြားခေါင်း ဆောင်များဖြစ်သော ဦးပေါ်ထွန်း၊ ဦးဘဝင်း၊ ဦးသိန်းမောင်ကြီးတို့တတွေနှင့် ဂဠုန်စောတို့လူတစ်ခုက လုံးဝလွတ်လပ်ရေးစကားတွင် (လုံးဝ)ဆိုသော စကားကို မထည့်ရန် အငြင်းပွားတော့၏။ နောက်ဆုံး ဦးစောက မြန်မာပြည်ပြန်ရရေးဟု ပြင်ဆင်လေတော့၏။
ဤသို့အားဖြင့် ၎င်းအစည်းအဝေးကား၊ တောင်မရောက် မြောက်မရောက် အဆုံးသတ်တော့၏။

ဗိုလ်ချုပ်အပါးတော်မြဲဖြစ်လာပုံ

ဗိုလ်ချုပ်အောင်ဆနးသည် သခင်အဖြစ်နှင့် ဟင်္သာတတွင် တရားဟောစဉ် ရာဇဝတ်ဝန်က ဆုငွေ ၅ ကျပ် ထုတ်ရာမှစပြီး အင်္ဂလိပ်နယ်ချဲ့စံနစ်အား တော်လှန်ရန် ဗမာပြည်မှ ထွက်ပြေးခဲ့ပြီး ဂျပန်တို့နှင့် တွေ့ဆုံ၍ ဗမာ့လွတ်လပ်ရေးတပ်မတော်ဖွဲ့ကာ ယိုးဒယားပြည်မှဖြတ်၍ ဗမာပြည်သို့ဝင်လာခဲ့ရာ ရန် ကုန်မြို့သို့ရောက်လာ၏။
ကျွန်တော့်မှာကား ဗမာပြည်အတွင်းမှ တော်လှန်ရန် သခင်ချစ်၊ ဦးကျော်ငြိမ်း၊ ဗိုလ်နေဝင်း၊ သခင်တင်၊ သခင်တင်ဦး အစရှိသည်တို့နှင့် ပြည်တွင်းမှ ဆောင်ရွက်နေရ၏။ ရန်ကုန်မြို့တွင် ဖက်ဆစ်ဂျပန်တို့ဝင် လာရာ ၎င်းတို့၏ကောက်ကျစ် စဉ်းလဲခြင်းကို သိလျှင်သိခြင်း၊ ပြန်လည်တော်လှန်ရန် လက်ရွေးစင် စစ် ဗိုလ်သင်တန်းကို ဒီဗွန်းကုတ်တွင် လျှို့ဝှက်စွာသင်ကြားနေစဉ် ဗိုလ်ချုပ်အောင်ဆန်း၏အပါးတော်မြဲ ရွေးချယ်ကြတော့၏။ ထိုအခါ  ကျွန်တော်မှာ တာဝန်ကျတော့သဖြင့် ၎င်းတာဝန်ကို ယူရတော့၏။

အိပ်ရာအိပ်ခင်း ဘာမျှမရှိ

ယခု ဗမာနိုင်ငံတစ်ခုလုံးက လေးစားကြည်ညိုခြင်းခံရသော ဗိုလ်ချုပ်အောင်ဆန်းကား အိပ်ရာခုတင်ဝေး စွ၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ဘာမျှမရှိခဲ့သဖြင့် ကျနော်၊ ကိုအုန်းမြင့်၊ သခင်တင်ဦးတို့သည် အသိ မိတ်ဆွေများထံမှ၎င်း၊ နီးရာအိမ်များမှ၎င်း၊ ၎င်းအတွက် ကုတင်၊ ခြင်ထောင်၊ စောင်များရှာဖွေပေးရ၏။ ၎င်းနေထိုင်ရန် ရွှေတောင်ကြားရှိ အိမ်တစ်အိမ်ကို ရွေးချယ်ရ၏။ ထိုအိမ်တွင် သခင်သန်းထွန်း (ထောင် မှထွက်လာသူ) ကိုကျော်ငြိမ်း၊ ကျွန်တော်တို့တတွေ စောင်မရှိသဖြင့် ခင်းသောကော်ဇောကို အားလုံး ခြုံကာအိပ်ခဲ့ရ၏။

ဗိုလ်ချုပ်အောင်ဆန်း၏အကျင့်

ဗိုလ်ချုပ်အောင်ဆန်းကား စာအလွန်ဖတ်သူဖြစ်၏။ တစ်ခါတရံ နောက်ဖေးသွားစဉ်၊ နောက်ဖေးသွား ရင်း စာဖတ်နေရာ နာရီဝက်ကျော်ကြာသဖြင့် ခေါ်ယူရ၏။ ထမင်းကိုလည်း အမှတ်တရမရှိ၊ စားချိန်တွင် ခေါ်ယူကျွေးမွေးရ၏။ မုန့်ပဲသရေစာကိုစားရန် ကောင်းစွာဂရုမစိုက်၊ ရေကိုကား အတင်းချိုးစေရ၏။

ဂျပန်ကို တော်လှန်ရန် စည်းဝေးခြင်း

ရွှေတောင်ကြားလမ်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏နေအိမ်တွင် ဂျပန်ပြန်ရဲဘော်များနှင့် ဂျပန်ကို တော်လှန် ရန် အကြိမ်ကြိမ်ဆွေးနွေးခဲ့၏။ ကျနော်ကား တံခါးမှူးအဖြစ် အမြဲဆောင်ရွက်ခဲ့ရ၏။ ထိုဆွေးနွေးချက်တို့ ကား မပေါက်ကြားခဲ့ပေ။

ဗိုလ်ချုပ်စစ်တိုက်ထွက်ပုံ

ဤကဲ့သို့ ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းအား ဗမာ့လွတ်လပ်ရေးတပ်မတော် အထက်ဗမာ ပြည် စစ်ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်တိုက်ခိုက်ရန် ဂျပန်စစ်ဘက်ဆိုင်ရာမှ အမိန့်ပေးသဖြင့် ဗိုလ်ချုပ် သည် စစ်မြေပြင်ထွက်ခဲ့ရတော့၏။ ကျွန်တော့်မှာကား ၎င်း၏အပါးတော်မြဲအဖြစ် ဆက်လက်ဆောင် ရွက်ရတော့၏။

ဗိုလ်ချုပ်ကားမှောက်ခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော် အထက်ဗမာပြည် ဗိုလ်ချုပ်ဖြစ်လာသော် လည်း ၎င်းစီးစရာ ကားမရှိ၍ ကားဘက်ဆိုင်ရာတို့မှ လက်ပန်တန်းဒေါ်ခါတွန်၏ကားဆိုသည့် ကားကို ပေးတော့၏။ ထိုကားမှာ ကားပုံသဏ္ဌာန်လှသော်လည်း မီးမရှိ၊ ဘရိတ်မမိပေ။ ဗိုလ်ချုပ်အောင်ဆန်း သည် စစ်တိုက်ထွက်ရန် တာဝန်ကျသည့်အတိုင်းထွက်ရာ ၎င်းကားတွင် ကျွန်တော်နှင့် ကားမောင်း တာဝန်ကျသူ ဗိုလ်ရှိ(ဝါ)သခင်ထွန်း (မင်းလှ)တို့နှင့် ၎င်းသာပါ၏။  ရဲဘော်တစ်ယောက်ကား ကားပေါ်မှ လက်နှိပ်ဓာတ်မီးနှင့် မီးထိုးရင်းလိုက်ရ၏။ ဗိုလ်နေဝင်းစီးသောကားသည် ရှေ့မှလမ်းပြသောအနေဖြင့် မောင်းရ၏။

တိုက်ကြီးအလွန် ရွာကလေးတစ်ရွာအရောက်တွင် ဗိုလ်ချုပ်နှင့် ကျွန်တော်စီးသောကား သည် လမ်းဘေးအုတ်ခုံနှင့်တိုက်မိပြီး ကားလမ်းဘေးချောက်ထဲ ရွာစီးရိုးအတွင်းသို့ ထိုးဝင်လာတော့၏။ ဗိုလ်ချုပ်အား ကားဖင်ထိုင်ခုံနှင့် မတိုက်မိရန် ကျွန်တော် အမြန်ပွေ့ဖက်လိုက်ရတော့၏။ အကယ်၍ မ ပွေ့လိုက်က ကားဖင်ထိုင်ခုံနှင့်တိုက်မိပြီး ၎င်းအတွက် စိုးရိမ်ရ၏။ ခဏကြာမှ ဗိုလ်ချုပ်သတိမေ့သွား သေး၏။ ကျွန်တော်လည်း ရွာလူကြီးများကိုခေါ်၍ အကျိုးအကြောင်းပြောပြစဉ် ဗိုလ်နေဝင်း ကားသည် ပြန်လာပြီး မေးမြန်း၍ တိုက်ကြီးမြို့အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးလှဖေထံမှ ကားတစ်စင်းတောင်း၍ ည တွင်းချင်း ခရီးထွက်တော့၏။

ဗိုလ်ချုပ်ကိုယ်ရံတော်ကင်း

နောက်တစ်နေ့ ပြည်မြို့သို့ရောက်ရာ ဗိုလ်ချုပ်၏အသက်ကိုစောင့်ရှောက်ရန် ဗိုလ်ချုပ်ကိုယ်ရံတော် ကင်းအဖြစ် တပ်ကြပ် တစ်ယောက်နှင့် ရဲဘော် ၁၀ ယောက်တို့ကို ဗိုလ်ဖုန်းမြင့်တပ်မှ လက်ရွေးစင်ရွေး ချယ် ခေါ်ယူထားလိုက်၏။

ဗိုလ်ချုပ်အိပ်သော ကုတင်စက်သေနတ်ထိခြင်း


ဗိုလ်ချုပ်နှင့် ကျွန်တော်တို့သည် အောင်လံမြို့တွင် ၂-ရက်မျှနေပြီး ဗိုလ်ချုပ်သည် သင်္ဘောဖြင့် ချီတက် သွား၏။ ကျွန်တော်က ဗိုလ်လက်ျာကိုစောင့်ရ၏။ ဗိုလ်ချုပ်သင်္ဘောထွက်သွား၍ နောက်တစ်နေ့မနက်၊ ကျနော်လည်း အောင်လံမှ ကားနှင့်ထွက်၍ ၁၅ မိနစ်အကြာတွင် အောင်လံမြို့ အင်္ဂလိပ်လေယာဉ်ပျံတို့ သည် စက်သေနတ်ပစ်၊ ဗုံးနှင့်ကြဲတော့၏။ စက်သေနတ်ကျည်ဆံသည် ဗိုလ်ချုပ်အိပ်သော ခုတင်ကိုထိ မှန်ခြင်း၊ ဗိုလ်ချုပ်နေသော တိုက်လှေခါး ပြုတ်ကျသွားခြင်း၊ လူတစ်ယောက် စက်သေနတ်ထိသွားစေခဲ့ ၏။

ဗိုလ်မိုးကြိုးကို ပြန်ခေါ်စေ

မင်းဘူးသင်္ဘောဆိပ်ရောက်ရာ၊ ဗိုလ်မိုးကြိုးကို အမြန်ဆုံးခေါ်ယူရမည်ဟု အမိန့်ကျပြန်တော့၏။ ရန်ကုန် သို့ နေ့ချင်းကားနှင့်ပြန်၍ တစ်ညအိပ်ပြီး ပြန်လာရာ၊ ဆင်ဖြူကျွန်းအရောက်တွင် ဗိုလ်ချုပ်တို့ကို မှီတော့ ၏။

ဗိုလ်ချုပ်ခြောက်လုံးပြူးဆွဲခြင်း

ဆင်ဖြူကျွန်းတွင် နေထိုင်စဉ် တပ်မတော်ရဲဘော်အချို့တို့သည် ဝမ်းရောဂါဖြစ်တော့၏။ ဗိုလ်ချုပ်သိရှိ သောအခါ ကျွန်တော်နှင့် ၎င်းရဲဘော်များနေထိုင်မှုကို စစ်ဆေးရာ၊ ရဲဘော်များ မြို့ပြင်ဇရပ်တွင် အကာ မရှိ၊ အခင်းမရှိ၊ ခြုံစရာစောင်မရှိ၊ ရေဆာလို့မှ ရေပေးမည့်သူမရှိ၊ မရှုမလှဖြစ်နေသော ရဲဘော်များကို မြင်သောအခါ ဗိုလ်ချုပ် မျက်ရည်ဖြိုင်ဖြိုင်ကျတော့၏။ ဒေါသလည်း အထူးကြီးတော့၏။ ညတွင်းချင်းပင် ဆင်ဖြူကျွန်းအုပ်ချုပ်ရေးအဖွဲ့ဝင် လူကြီးများကိုခေါ်ပြီးလျှင် တန်းစီ၍ အမျိုးမျိုးပြောဆိုပြီး အားလုံးကို ရဲဘော်များအား ဤမျှရက်စက်စွားထာရမည်လားဟု ၎င်း၏ခြောက်လုံးပြူးကို ထုတ်၍ပစ်မည်လုပ်တော့ ၏။ ကျွန်တော်ကား အတင်းဆွဲထားရတော့၏။ ၎င်း၏ဒေါသကို အမျိုးမျိုး အေးငြိမ်းအောင် ပြောပြရ တော့၏။

ရန်သူကိုအလေးမပြု

ဆင်ဖြူကျွန်းမှထွက်ခဲ့ရာ အင်္ဂလိပ်စစ်တပ်တို့မှလည်း မနီးမဝေးတွင်ရှိ၏။ ဗိုလ်ချုပ်အောင်ဆန်းကား များ စွာအလေးမပြု၊ မကြာခဏတပ်ကြီးများကို ကျော်လွန်၍ ကျနော် ကားမောင်းသူ ကိုယ်ရံတော်တပ်သား အချို့နှင့် မကြာခဏနယ်ချဲ့ခဲ့၍ မကြာခဏသတိပေးရ၏။ ၎င်း၏သဘောထားကား အခြားသူများ တိုက် ခြင်းထက် ကိုယ်တိုင်ကိုယ်ကျရှေ့မှ ၎င်းကိုယ်တိုင်တိုက်ချင်စိတ်များစွာရှိတော့၏။

သံပုရာအိုင်
ပခုက္ကူခရိုင် သံပုရာအိုင်သို့မရောက်မီတွင် ရန်သူများရှိသည်ဟု ကြားရ၍ တပ်များသည် အပြေးတက်ခဲ့ ရ၏။ ဗိုလ်ချုပ်ကား ရှေ့ဆုံးမှမကြာခဏတက်ခဲ့၏။ တစ်ညလုံးရန်သူတစ်ယောက်မျှ မတွေ့ရသောအခါ ညအိပ်ကြတော့၏။ မိုးဝေလီဝေ လင်းအချိန်တွင် သေနတ်သံများအမြောက်အမြား ကြားရတော့၏။ သံပုရာအိုင်တွင် ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်နေဝင်း၊ ဗိုလ်ဇေယျနှင့် ဂျပန်အကြံပေးအရာရှိ အမြောက် အမြားရှိတော့၏။ ဗိုလ်ချုပ်ကား ကိုယ်တိုင်ထွက်မည်လုပ်၍ ဆွဲထားရ၏။ မကြာမီ ဗိုလ်ဖေသက်တပ်မှ ကုလားစစ်သား ၃၀ မျှ ဖမ်းမိလာရာ ၎င်းက ကောင်းစွာထားရန် အမိန့်ပေး၏။

အစ်ကိုကို အရှာခိုင်းခြင်း


ယင်းမာပင်မြို့သို့ရောက်သောအခါ ၎င်းမြို့နေ ဒိစတြိတ်ကောင် စီချယ်ယာမင်း ဦးကျွန်းကျော်ဆိုသူက ဗိုလ်ချုပ်အမှူးပြု၍ ဗိုလ်အားလုံး ထမင်းစားဖိတ်၏။ ထမင်းစားပွဲတွင် ကြက်သွန်နှင့် ထမင်းသာကျွေး၏။ တချို့ဗိုလ်တို့ကား ဒေါပွကြ၏။ ဗိုလ်ချုပ်ကား ရယ်ရယ်မောမောနှင့် ဂရုမစိုက်ဘဲစား၏။ ဗိုလ်ချုပ်ကို ကြည့်ပြီးလျှင် အခြားဗိုလ်တို့ မပြောဝံ့တော့ပေ။

ဗိုလ်ချုပ် ဒုတိယအကြိမ် ဓားဆွဲခြင်း

ယင်းမာပင်စခန်းမှ ဗိုလ်နေဝင်းတပ်သည် ကန်နီသို့ချီရ၏။ ဗိုလ်ချုပ်နှင့် အခြားတပ်တို့ကား ကန်နီနှင့် ညောင်ပင်ကြီးကြားရှိ အိုင်တောင်မောင်းတောင်လမ်းသို့ ချီတက်ရန်ဖြစ်၏။ ယင်းမာပင်မှ လမ်းပြရန် ထည့်ပေးသောသူသည် ၎င်းလမ်းကိုမပြဘဲ ညောင်ပင်ကြီးလမ်းဘက်သို့ ၃-မိုင်မျှခေါ်သွား၏။ ၃-မိုင်မျှ ခေါ်သွားပြီးမှ လမ်းမှားနေကြောင်းသိရသည့်အခါ ဗိုလ်ချုပ်သည် အထူးဒေါသထတော့၏။ စစ်တပ်တို့ မည်သည်အချိန်မီနှင့် လမ်းမှန်မှ တိုက်ခိုက်မှုအောင်မြင်၏။ ဗိုလ်ချုပ်ကား လမ်းပြကိုသတ်မည်ဟု ဓါးဆွဲ ရာ တောင်းပန်ထားရ၏။

မျက်ခွံမှ သွေးချင်းချင်းထွက်ခြင်း

၎င်းညအပြင်း ချီတက်ခဲ့ရာ လမ်းတွင်လှည်းများနှင့် ချီတက်ရ၏။ လမ်းကလည်းကျဉ်း၊ ဖုတ်ကလည်း ခိုး သဖြင့် အနည်းငယ် နောက်ကျနေရာ၊ ၎င်းက အော်ဟစ်ခေါ်ယူသဖြင့် အပြေးသွားရာ လမ်းဘေးဆူခြုံငြိ ၍ မျက်ခွံမှ သွေးပေါက်ပေါက်ကျတော့၏။ ကံကောင်း၍ မျက်လုံးတော့ မထိပေ။

ဗိုလ်ချုပ်အားခေါ်ယူခြင်း

ကောလင်းအရှေ့ဘက် မြေနီစခန်းသို့ရောက်သောအခါ ဗိုလ်ချုပ်အောင်ဆန်းကို ခေါ်ယူသဖြင့် မန္တလေး သို့ဆင်းသွားရ၏။ မန္တလေးရောက်သောအခါ ဒေါက်တာဘမော်အား ဥက္ကဌအဖြစ်နှင့် မြန်မာပြည်အုပ် ချုပ်ရေးကို ဂျပန်တို့က ကိုင်စေခဲ့၏။ ဤသို့အထက်ဗမာပြည် ဗန်းမော်မြို့ထိအောင် တိုက်ခိုက်သိမ်းယူ ပြီးနောက် မန္တလေး အမရပူရပြန်ရောက်သောအခါ ရန်ကုန်ပြန်ဆင်းခဲ့ကြ၏။
မူးအောင်လုပ်ရမည်
ရန်ကုန်ရောက်၍ မကြာမီ ဗိုလ်မိုးကြိုးသည် ဂျပန်သို့ပြန်တော့မည်ဟု သိရရာ၊ ၎င်းပြန်ခါနီးတွင် ဂျပန် ပြန်စစ်ဗိုလ်များ ညစာစားပွဲကျင်းပ၏။ ဗိုလ်ချုပ်က ၎င်းစစ်ဗိုလ်များ မူးအောင်တိုက်ရမည်ဟု မပြောစဖူး အမိန့်ပေးသဖြင့် ကျွန်တော်လည်း အရက်မျိုးစုံကို စုပေါင်းရောပြီးတိုက်ရာ ဗိုလ်ဇင်ယော်၊ ဗိုလ်ရန်နိုင်၊ သခင်ဘဟိန်း၊ ဗိုလ်လင်းယုန်တို့ကား အထူးမူးကြတော့၏။

ဗိုလ်ချုပ်နှင့် ၆ မိုင်အိမ်တွင် တွေ့ရစဉ်

ကျွန်တော်သည် ဗမာတပ်မတော်ပြန်လည်ဖွဲ့စည်းရာ မပါဝင်ခဲ့တော့ပေ။ ဒေါ်ခင်ကြည်နှင့်လက်ထပ်ပြီး၍ တစ်နှစ်ကျော်မျှရှိသောအခါ ရန်ကုန်မြို့ ၆-မိုင် ၎င်း၏နေအိမ်သို့ အလည်ရောက်သွား၏။ သူကား ဘာမ ပြော ညာမပြော အခန်းတွင်းထဲသို့ ဝင်သွားတော့၏။ ထို့နောက် အခန်းထဲမှ မခင်ကြည်ကို ဖက်၍ထွက် လာပြီး "မင်းမရှိလို့ ငါမိန်းမယူရတယ်ကွ"ဟု တုံးတိတိ ပြုံးစိစိနှင့် ပြောလေသည်။

ကန်တော်ကြီးစောင်းအိမ်

ကန်တော်ကြီးဘေးရှိ အိမ်တွင်နေစဉ်၊ ၎င်းက လာရောက်ရန်မှာယူသဖြင့် သွားရောက်ရာ ၎င်း၏အိမ်အ ပေါ်ထပ်သို့ ခေါ်သွားပြီး ကျွန်တော့အား တို့ဂျပန်ကိုချတော့မည်။ မင်းနယ်မှာ ကျကျနနစီစဉ်၊ ဗိုလ်ရန် အောင်နှင့်လည်း အထူးတိုင်ပင်ရန်ပြော၏။ ထိုစဉ်က ဗိုလ်ရန်အောင်မှာ အနောက်တိုင်းမှူးဖြစ်ပေသည်။

တော်လှန်ပြီးသည့်နောက်

ဂျပန်ကို တော်လှန်ပြီး၍ ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ပြန်လည်ဖွဲ့စည်းရာ တစ်နေ့တွင် ကျွန်တော့် ကိုခေါ်၍ "မင်းဘာလုပ်မလဲ"ဟု မေး၏။ ကျွန်တော်က တပ်မှထွက်ပြီး နိုင်ငံရေးဆောင်ရွက်မည်ပြောရာ ၎င်းက ငါလည်းတပ်မှထွက်ပြီး နိုင်ငံရေးဆောင်ရွက်မည်၊ ကောင်းသည်ဟုပြောတော့၏။
ကျွန်တော်လည်း တပ်များပြန်လည်ဖွဲ့စည်းရာ မပါဝင်တော့ဘဲ မိမိနေရပ်သို့ ပြန်ခဲ့ပေတော့သည်။

လွန်ခဲ့သည့် ရွေးကောက်ပွဲလုပ်ခါနီးတွင် ကျွန်တော်နေထိုင်သော အောင်လံမြို့သို့ ဗိုလ်ချုပ်အောင်ဆန်း သည် ရွေးကောက်ပွဲ တရားဟောရန်လာတော့၏။ ဗိုလ်ချုပ်ကား အောင်လံမြို့တရားပွဲတွင် အခြားမြို့ ရွာများတွင် ဟောပြောသကဲ့သို့မဟုတ်ဘဲ၊ ရုရှားပြည်တော်လှန်ရေးအကြောင်းနှင့် ၎င်း၏ဖဆပလမှ မည်သူ့အား အသိအမှတ်ပြု၍ ထိုသူအားမဲထည့်ရန်ကိုမဟောဘဲ ချန်လှပ်ထားခဲ့၍ တော်လှန်ရေးသမား စစ်စစ်ကိုသာ မဲပေးရန် နိဂုံးချုပ်သဖြင့် ကြားဖူးသူအပေါင်းတို့ အံ့အားသင့်ကြ၏။

ဗိုလ်ချုပ်ကား ကွယ်လွန်လေပြီ။
ယခုကား ဗိုလ်ချုပ်ကား ကွယ်လွန်လေပြီ။ ဤကဲ့သို့ တိုင်းပြည်အမျိုးသားခေါင်းဆောင်ကြီးနှင့် အပေါင်း ပါဝန်ကြီးများသေဆုံးခြင်းကား ရာဇဝင်တွင်စေတော့သည်။
အို... ဗိုလ်ချုပ်၊ ရဲဘော်ကား သေလွန်လေပြီ။ သို့သော် ရဲဘော်အလွန်လိုချင်တောင့်တလှသော လွတ် လပ်ရေးကား ရဲဘော်၏တမလွန်ဘဝက ခေါင်းဆောင်နေသည့်အတိုင်း၊ ငါနှင့်တိုင်းပြည်ချစ်သော ရဲ ဘော်အမြောက်အမြားတို့သည် မရမချင်း ဆောင်ရွက်ကုန်အံ့။

ရဲဘော်ကား ရန်သူနယ်ချဲ့သမားများနှင့် ၎င်းတို့အပေါင်းပါတို့၏ လက်ချက်ဦးသွားလေပြီ။ သို့သော် ငါတို့ သည် ပူဆွေးတောင့်တနေခြင်းထက် ရဲဘော်လိုလားသော လွတ်လပ်ရေးစခန်းသို့ အပြင်းချီတက် ကြ တော့ အံ့။

သခင်ဗအေး
.

No comments: