သူရဲကောင်းတို့၏ နှလုံးသားနဲ့လူလိမ်တစ်ယောက်ရဲ့သတ္တိ
စာရေးသူ - ချိုတူးဇော်
"အရှုးတစ်ယောက်ရဲ့လက်ထဲ လူသတ်လက်နက်ကိုင်ထားရင် ဘယ့်နှယ့်လုပ်မလဲ" တဲ့။ ဆရာ လူထုစိန်ဝင်း က မေးခွန်းထုတ်ထားပါတယ်။
လာမယ့်ဘေး ပြေးတွေ့ဆိုတဲ့ ဆရာ့ရဲ့ဆောင်းပါးကို ဖတ်လိုက်ရတဲ့အခါကျမှပဲ ကျွန်တော့်ကို ကျွန်တော် သတိထားမိ တာက ကျွန်တော်ဟာ အတော်ကြောက်တတ်တဲ့ကောင် ဆိုတာပါပဲ။ ဘာ မှန်းညာမှန်းမသိ မနက်အိပ်ရာ က နိုးလာတာနဲ့ ဘာမှန်းမသိညာမှန်းမသိ စိုးရိမ်ကြောင့်ကျ ကြောက် စိတ်တွေနဲ့ နိုးလာ ပါတယ်။ ဘယ်အချိန်ရှိနေပြီလဲ၊ မီးဘယ်အချိန်လာလို့ ဘယ်အချိန်ပျက်မှာလဲ ထမင်းအိုးကျက် ပါတော့ မလား။
အဲဒါမျိုး က အစ ကြောင့်ကြနေတတ်တယ်။ မနက်အလုပ်သွားဖို့ ထွက်လာရင်လည်း ကားလာပါ့မလား ကားချောင် ပါ့မလား။ ကားပေါ်ရောက်ရင်တောင် စပယ် ယာကို ယာဉ်စီးခပေးဖို့ အကြွေပါရဲ့လား။ စပယ်ယာက ကားခကို ပြန်အမ်းပါ့မလားအထိ။ အလုပ် ထဲကျရင်လည်း လူကြီးနဲ့ အဆင်ပြေပါ့မလား။ အောက်က ကောင်တွေ ငါ့ကိုဘာပြောကြမလဲနဲ့၊ ကဲ စဉ်းစားသာကြည့်ပါတော့၊ ဒီလောက်စိုးရိမ် ကြောင့်ကြစိတ် များတဲ့အကောင်ဟာ ဆရာ့ဆောင်းပါး ထဲကလို ဘယ်လိုလို့ သတ္တိတွေရှိနိုင်ပါ့။ ဘယ်လိုလုပ် လာမယ့်ဘေးပြေးတွေ့နိုင်ပါ့မလဲ။ ဒါနဲ့ ကျွန်တော့်အနီးအပါး မိတ်ဆွေ အပေါင်းအသင်း များကို မေးကြည့်ပါတယ်။ သူတို့လည်း ကျွန်တော့် လို ကြောင့်ကြစိတ်တွေရှိတတ်သား။ မရှိတတ် ဘူးလားလို့။
"အဲဒါ ခင်ဗျား ဘယ်လိုသဘောရလဲ"
မိတ်ဆွေက ကျွန်တော့်မေးခွန်းကို သေချာနားမထောင်။ သေချာပြန်တုန့်ပြန် မဖြေနိုင်ပါဘူး။ မလာနိုင်သေးတဲ့ ဘတ်စ်ကားကို လှမ်းမျှော်ရင်းနှုတ်က
"ကလေးကျောင်းကြိုနောက်ကျတော့မှာပဲ" လို့သာ ညည်းညူနေပါတယ်။ မဖြစ်သေးပါဘူး။ သူနဲ့ တော့ သူရဲကောင်း စိတ် သတ္တိအကြောင်း ဆွေးနွေးလို့မရနိုင်ပါဘူးလို့ ကျွန်တော် ကောက်ချက်ချ မိတယ်။ ဒါနဲ့ ကျောင်းတုန်း ကတည်းက ထက်ထက်မြတ်မြတ်နဲ့ ယောကျာ်းလေးတွေနဲ့ ရင်ပေါင် တန်း လုပ်ရဲကိုင်ရဲ ဆုံးဖြတ်ရဲ တဲ့ သူငယ်ချင်းမတစ်ယောက်ကို မေးမြန်းဆွေးနွေးကြည့်တယ်။"
"နင် စဉ်းစားကြည့်ပါဟာ၊ နဂိုကမှ လစဉ် စားဖို့တောင် အနိုင်နိုင်ရယ်၊ ခုလို အမေရောဂါဖြစ်ပြီဆို တော့ ဘယ်လောက် ကသီ လိုက်မလဲ၊ ခွဲစိတ်တာ သိန်းသုံးဆယ်ကုန်မယ်တဲ့"
ကျွန်တော် ပြောနေတာ ဘယ်နားရောက်သွားပြီလဲ။ သူကလည်း သူ့အမေ ဆေးရုံတင်ဖို့အကြောင်း ချည်း ပြော နေတယ်။ လောလောဆယ်တော့ အလိုက်သင့်ကလေး သူနဲ့လိုက်ပြောရတာပေါ့လေ။
"နင် ဘယ်မှာပြနေတာလဲ၊ အက်စ်အက်စ်စီလား၊ အဲဒီဆေးခန်းတွေက ဈေးကြီးမှာပေါ့၊ နင် အစိုးရ ဆေးရုံ မှာ မပြဘူးလား"
"ကျွတ် နင် ငါပြောနေတာ သေချာနားမထောင်ဘူးလား၊ ခုဟာက အစိုးရဆေးရုံမှာ ပြနေတဲ့အ ကြောင်း ကို ပြောနေတာ"
တော်ပါပြီဗျာ၊ ဘယ်သူနဲ့မှ မဆွေးနွေးတော့ဘဲ ကျွန်တော့်ဘာသာပဲ တွေးတောယူတာ ကောင်းပါ လိမ့်မယ်။ အရင်ဆုံး ဆရာ့ဆောင်းပါးကိုပဲ သေချာသုံးသပ်ကြည့်ရမယ်။
ဆရာက သူ့ဆောင်းပါးထဲ ဒီလိုဆိုယ်။ အရူးတစ်ယောက်ဟာ ဓါးတစ်လက်နဲ့ ရပ်ထဲရွာထဲ ရမ်းကား နေတာ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ဖာသိဖာနေလိုက်ရင် ပိုဆိုးသွားမှာပေါ့တဲ့။ အဲဒီအရူးကို ဝင်လုံးတဲ့လူ ဟာ အရူးရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပေမယ့် သူရဲကောင်းလို့ဆိုရမယ်တဲ့။ အဲဒီလို ဝင်လုံးတဲ့လူကို သူရဲကောင်းလို့ မသတ်မှတ်ဘဲ မိုက်ရူးရဲတွေလို့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်က တစ်ခါတစ်လေ သတ်မှတ် တတ်ပါ သေးတယ်။ တကယ်လို့ အရူးက ဆိုးသည်ထက် ဆိုးလာပြီး ရပ်ရွာကို မီးတင်ရှို့ တဲ့အဆင့်ထိ တက်လာရင်ကော လက်ပိုင်ကြည့်နေနိုင်ကြပါဦးမလားတဲ့။ ဒီတော့မှ ကျွန်တော်ဟာ ကိုယ့်အခြေ အနေ ကိုယ် ပြန်သုံးသပ်မိတယ်။ ကျွန်တော်ဟာ အရူးကို အရင်ဆုံးဝင်လုံးရဲတဲ့သတ္တိ ရှိ မရှိ။ တစ်နည်းအားဖြင့် သူရဲကောင်း စိတ်ဓါတ် ရှိ မရှိ။
သူရဲကောင်းဆိုတာ ဘယ်လိုလူမျိုးတွေလဲလို့ ကျွန်တော့်အတွေးတွေက ဆက်နယ်ချဲ့ပြန်ပါတယ်။ ခေတ်အဆက်ဆက် သူရဲကောင်းဆိုတဲ့ ဝေါဟာရကို အမျိုးမျိုးအဖုံဖုံ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။ ယေဘုယျ အား ဖြင့်တော့ သူရဲကောင်းဆိုတာ သာမန်လူတွေထက် ခေါင်းတစ်လုံးပိုသာအောင် သတ္တိရှိ ကြတဲ့ သူတွေပါ။ ဒီတော့ သတ္တိဆိုတာ ဘာလဲ။ လုပ်ရဲတာ သတ္တိမဟုတ်ဘူး။ ခံရဲတာ သတ္တိလို့ ဗိုလ် ချုပ်အောင်ဆန်း က ပြောခဲ့တယ်။ အများအကျိုးအတွက် ကိုယ်ကျိုးစီးပွား အသက်အိုးအိမ် စည်းစိမ် ကို မငဲ့ကွက် ဘဲ ထမ်းရွက်ရဲတာ သတ္တိပါ။ အဲဒီလို သတ္တိရှိတဲ့သူတွေကို သူရဲကောင်းလို့ခေါ်ရမှာပါ။ သူရဲကောင်း တွေအကြောင်းကို စဉ်းစားလိုက်တဲ့အခါမှာ ကျွန်တော့်စိတ်ထဲစွဲလို့နေတဲ့ ရုပ်ရှင်ကား လေး တစ်ကား ကို သတိတရဖြစ်ရပါတယ်။ ဇာတ်ကားနာမည်က သူရဲကောင်းတို့နှလုံးသားလို့ ဘာ သာပြန်ရင် ကောင်းမလားမသိဘူး။ Brave Heart တဲ့။
မဲလ်ဂစ်ဘ်ဆင် ကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ။ စတော့တလန်သူရဲ ကောင်း ဝီလျံဝေါလေ့စ်အကြောင်းကို ရိုက်ထားတာပါ။ အဲဒီဇာတ်ကားထဲက ဝီလျံဝေါလေ့စ်ဟာ သာမန် လူတွေထက် သတ္တိပြောင်မြောက်တဲ့ သူရဲကောင်းကြီးပေါ့။ စစ်ပွဲတွေမှာ ရှေ့ဆုံးက ဓါးကိုဆွဲပြီး ကိုယ် တိုင်ဦးဆောင်ပြီး တိုက်ခဲ့၊ သူ့အမျိုးသားတွေ လွတ်မြောက်ရေးအတွက် ရဲရဲတောက် ထွန်းပြောင်ခဲ့ပေါ့။ ဝီလျံဝေါလေ့စ်ကိုကြည့်ရင်း ကျွန်တော်တို့တိုင်းပြည်ရဲ့သမိုင်းကြောင်းတစ်လျှောက် ထွန်းတောက်ခဲ့တဲ့ သူရဲကောင်းတွေနဲ့နှိုင်းယှဉ်ကြည့်မိပါတယ်။ ဒါ့ထက်မက ကမ္ဘာ့သမိုင်းစာမျက်နှာပေါ်မှာ ထွန်းခဲ့တောက် ခဲ့တဲ့ သူရဲကောင်းအသီးသီးနဲ့လည်း နှိုင်းယှဉ်ချိန်ထိုးကြည့်မိပါတယ်။
သူရဲကောင်းတွေဆိုတာ ကောင်း ကင်ပေါ်က ကြယ်တွေလိုပါလား။ အပြိုင်းအရိုင်း၊ အပြိုင်အဆိုင် ထွန်းနေ တောက်နေလိုက်တာ။ သူတို့ ရဲ့ ကိုယ့်ကျိုးစွန့်မှု၊ အနစ်နာခံမှု၊ ပေးဆပ်မှုတွေဟာ သာမန်လူတွေ မော့ကြည့် ရတဲ့ ကြယ်ပွင့်တွေပေါ့၊ သူတို့ရဲ့အတ္ထုပ္ပတ္တိတွေကိုဖတ်တဲ့အခါ ကျွန်တော်တို့ထက် ခေါင်း တစ်လုံး ပိုမြင့်တဲ့ ကြီးကျယ်ခမ်းနားတဲ့ ဧရာမလူကြီးတွေလို ခံစားရတယ်။ ဒါကြောင့်လည်း သူတို့ ဟာ သူရဲကောင်းတွေရယ်လို့ ဖြစ်ကြရတာ ပေါ့။ သာမန်လူတွေထက် ထူးတဲ့ ကဲတဲ့ သတ္တိတွေ ရှိတာကိုး။
ဝီလျံဝေါလေ့စ်အကြောင်း ပြောပါဦးမယ်။ ဝီလျံဝေါလေ့စ်ဟာ သူ့အသက်စွန့်ကာကွယ်ပေးနေတဲ့ စကော့ တလန်ဘုရင်ရဲ့သစ္စာဖောက်မှုကြောင့် နောက်ဆုံးအဖမ်းခံခဲ့ရတယ်။ သူ့ကို အင်္ဂလိပ်တွေက ခေါင်းဖြတ် သတ်မှာပါ။ ဒါပေမယ့် မသတ်ခင် နည်းအမျိုးမျိုးနဲ့ နှိပ်စက်တာခံမလား၊ အေးအေးချမ်းချမ်း အသတ်ခံမ လားဆိုပြီး လမ်းနှစ်သွယ်ကို ရွေးခိုင်းတယ်။ သေရမယ့်အတူတူ နှိပ်စက်မခံချင်တော့ဘူးဆိုရင် အင်္ဂလန် ပြည့်ရှင် ဘုရင်ကို တောင်းပန်ရမယ်ပေါ့။
ဝီလျံက ငြင်းဆန်တယ်။ ရန်သူကို ဘယ်တော့မှမတောင်းပန်ဘူး။ ပါးကွက်သားဟာ နည်းမျိုးစုံနဲ့ ဝီလျံ ကို နှိပ်စက်ပါတော့တယ်။ အော်ဟစ်ဆူညံပြီး ပြက်ရယ်ပြု လှောင်ပြောင်ကာ အရသာခံကြည့်နေတဲ့ အင်္ဂလိပ် တွေတောင် မကြည့်ရဲတော့လောက်အောင် နှိပ်စက်မှုတွေ ပြင်းထန်လာတဲ့အထိ ဝီလျံအလျှော့ မပေးဘူး။ နောက်ဆုံးမှာ ခိုးကြောင်ခိုးဝှက်နဲ့လာကြည့်တဲ့ သူ့ရဲဘော်ရဲဘက်တွေကတောင် ဝီလျံရယ် စိတ်လျှော့လိုက်ပါတော့ မင်းသေရမယ့်အတူတူ ဒီလောက်အဆင်းရဲမခံပါနဲ့တော့လို့ ညည်းညူမိတဲ့အ ထိ ဖြစ် လာတယ်။ ဒါပေမယ့် ဝီလျံက တစ်ခွန်းတစ်ပါဒမှ မတောင်းပန်ဘူး။ အင်္ဂလိပ်တွေက "တောင်း ပန်လိုက်၊ တောင်းပန်လိုက်"လို့ ဝိုင်းအော်ကြတယ်။
သူတို့တွေရဲ့ ညာသံပေးအသံတွေကြားမှာ လည်မျို ထဲက အားယူတဲ့အသံတစ်သံနဲ့ ဝီလျံက တစ်စုံတစ်ခု ကိုပြောဖို့ ကြိုးစားလိုက်တယ်။ ပါးကွက်သားဟာ ပရိသတ်ကို ဟန့်လိုက်တယ်။ "ခဏတိတ်ကြစမ်း၊ တရားခံ က တစ်ခုခုကိုပြောဖို့ လုပ်နေတယ်။ သူ တောင်းပန်တော့မယ်ထင်တယ်"တဲ့။ ဟုတ်ပါတယ်။ လည်မျို ထဲက ဟိုးအတွင်း ရင်ခေါင်းထဲက သူ့နှလုံး အိမ်ထဲက အားယူပြီးထွက်လာတဲ့အသံနဲ့ ဝီလျံဟာ အသံကုန်ဟစ်လိုက်ပါသည်။
"ပြည်သူ့လွတ်မြောက်ရေး" "Free... dom"တဲ့။
ပါးကွက်သား ဟာ စိတ်ပျက်လက်ပျက်နဲ့ ဝီလျံရဲ့ခေါင်းကို ဖြတ်ချလိုက်ပါတော့တယ်။ အမှန်တရားအ တွက် သူရဲကောင်းတစ်ယောက်ရဲ့နောက်ဆုံး အချိန်အထိ တိုက်ပွဲဝင်သွားခဲ့တာကို ကျွန်တော်တို့ဟာ ကြက်သီးမွေးညင်း များထစွာနဲ့ ကြည့်ခဲ့လိုက်ရပါတယ်။ အဲဒါ သူရဲကောင်းပါ။ အမှန်တရားအတွက် သူ့ ပြည်သူလူထု အတွက် သူ့အမျိုးသားတွေအတွက် သူ့တိုင်းပြည်အတွက် သူ့ရဲ့အသက်ကို အဲဒီလိုပေး ဆပ် သွားပါတယ်။ ပေးဆပ်သွားတာတောင် နောက်ဆုံးထိတိုင် နောင်လာနောင်သားတွေအတွက် သတ္တိအမွေ ချန်ထားရစ်ပြီး ရင်ဆိုင်သွားလိုက်တာ။
ဝီလျံဝေါလေ့စ်ရဲ့မတုန်မလှုပ်၊ နှိပ်စက်သမျှကို အံတုခံပြီး သူ့ဆန္ဒကို ဖော်ထုတ်ပြသသွားခဲ့တာကို ကြည့် ပြီးတော့ ကျွန်တော် သူရဲကောင်းဆိုတာတွေကို ကြည်ညိုစိတ်တွေ တဖွားဖွားပေါ်လို့နေခဲ့ပါတယ်။ ခက် တာက ကိုယ်တိုင်က အဲဒီလို အနှိပ်အစက်ခံဖို့မပြောနဲ့ ဟိုတစ်နေ့က အုန်းလွဲပြီး ဇက်ခိုင်နေတာတောင် မီဂသီလိမ်းလိုက်၊ ဦးစိုင်းလိမ်းလိုက်၊ ဆရာခိုပွတ်လိုက်နဲ့ ကုလို့ကိုမဆုံးနိုင်ဘူး။ ဒီတော့ ဝီလျံဝေါလေ့စ် ကို အားကျ ပေမယ့် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို ကြိုက်သလိုပဲ ကြိုက်မိပါတယ်။ သူရဲကောင်းဆိုတာ ကျွန် တော် တို့လို သာမန်လူတွေအတွက်တော့ အပုံကြီးဝေးပါတယ်။ သူတို့က ကောင်းကင်က ကြယ်တွေ လေ။ သူရဲကောင်း တွေနဲ့ဝေးပေမယ့် ဆရာ့ရဲ့လာမယ့်ဘေးကို ဘယ်လိုပြေးတွေ့ရမလဲဆိုတဲ့ အတွေး ကလည်း တအုံ့ နွေးနွေး အတောမသတ်တွေးနေမိပြန်။
တွေးရင်း ဟိုတစ်လောက ကြည့်မိတဲ့ ရော်ဘင်ဝီလျံရဲ့လူလိမ်ဂျေကော့ဗ် Jockob the liar ဆိုတဲ့ ဇာတ် ကားကို သွားသတိရမိပြန်တယ်။ ဇာတ်လမ်းက ပိုလန်နိုင်ငံကို နာဇီဂျာမနီတွေ သိမ်းပိုက်ထားပြီး ဂျူးလူ မျိုးတွေကို ဂတ်တိုလို့ခေါ်တဲ့ မြို့စွန်ရပ်ကွက်တစ်ခုထဲ ပိတ်လှောင်ထားတဲ့ကာလ၊ အဲဒီဂတ်ကို အခြေပြု ပြီး ဇာတ်တည်ထားတာပါ။ နာဇီတွေဟာ ပိုလန်နိုင်ငံအပါအဝင် သူတို့သိမ်းပိုက်နယ်မြေတွေက ဂျူးလူ မျိုးမှန်သမျှကို မြို့စွန်ရွာစွန်တွေမှာ သီးခြားရပ်ကွက်တစ်ခုဖွဲ့ပြီး နေစေခဲ့တယ်။ အဲဒီလို နေစေခဲ့တဲ့အ ပြင် အဲဒီ ဂျူးလူမျိုး တွေကို အဲဒီရပ်ကွက်တွေထဲကနေ အပြင်လုံးဝမထွက်နိုင်အောင် အုတ်တံတိုင်းကြီး ခတ်ပြီး ပိတ်လှောင် ထားခဲ့တယ်။
ဆင်းရဲ၊ ချမ်းသာ၊ ပညာတတ်၊ ပညာမတတ်၊ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ဂျူးဖြစ်တယ်ဆိုတာနဲ့ ဂျူးသွေး ပါတယ်ဆိုတာနဲ့ အဲဒီလိုနေရပါတယ်။ သူတို့ဂျာမန်တွေရဲ့စက်ရုံ တွေ၊ ဆောက်လုပ်ရေး စက်ရုံ တွေမှာ မနက်မနက်ဆို လုပ်ငန်းခွင်ဝင်ရတယ်။ အလုပ်စခန်းမှာပဲ မသေရုံ တမယ် ကျွေးမွေး ထားတာ ခံရတယ်။ စစ်မဖြစ်ခင်က ဘယ်လိုအသက်မွေးဝမ်းကျောင်းမှုမျိုးပဲ လုပ်ခဲ့လုပ် ခဲ့ အဲဒီကာလမှာ သူတို့ ခိုင်းတဲ့ အလုပ်ကြမ်းတွေ လုပ်ရတယ်၊ သတ်မှတ်ချိန်မပြီးရင် အရိုက်အနှက်ခံရ၊ အစားအသောက် အဖြတ် ခံရတာတွေ ရင်ဆိုင်ရတယ်။
အဲဒီလိုအခြေအနေမျိုးတွေအောက်မှာ နှစ်ရှည်လများနေလာခဲ့ရတော့ ဂျူးလူမျိုးတွေဟာ တစ်ယောက် ပြီးတစ်ယောက် စိတ်ဓါတ်ကျဆင်းမှုတွေ အာဟာရချို့တဲ့မှုတွေနဲ့ ရောဂါတွေအမျိုးမျိုးဝင်ပြီး သေခဲ့ရ တယ်။ ဂျာမန်စစ်ဗိုလ်စစ်သား တွေက စိတ်မထင်ရင် မထင်သလို ခွေးလိုကြောင်လို လူမြင်ကွင်းလမ်း ပေါ်မှာ ပစ်သတ်တာကိုလည် ခံရတယ်။ ဒီလိုနည်းနဲ့ ဇနီးဆုံးပါးသွားတဲ့ ခင်ပွန်းသည်တွေ ခင်ပွန်းဆုံးပါး သွားတဲ့ ဇနီးသည်တွေ၊ မိဘမဲ့ကလေးတွေ၊ သားထောက်သမီးခံ မရှိတော့တဲ့ အိုမင်းမစွမ်းတွေဟာ တစ်နေ့ထက် တစ်နေ့ အဲဒီဆိုးရွားလှတဲ့ဘဝကို စွန့်ခွာကျောခိုင်းတဲ့အနေနဲ့ ကိုယ့်ကိုယ်ကို သတ်သေ ကုန်ကြတယ်။
မနက် မနက် ဟိုအိမ်ကတစ်လောင်း သည်အိမ်ကတစ်လောင်း အလောင်းလိုက်ကောက်တဲ့လူတွေဟာ ပုံမှန်လေးငါးဆယ်လောင်းကောက်ကြရပါတယ်။ အဲဒီလိုအခြေအနေမျိုးကာလတစ်ခုမှာ ၁၉၄၅ ဒုတိယ ကမ္ဘာစစ်ကြီးပြီးလုပြီးခင်ကာလ၊ ပိုလန်နိုင်ငံရဲ့ဂတ်တိုအကျဉ်းစခန်းတစ်ခုရဲ့ ညနေခင်းတစ်ခုမှာ ဒီဇာတ် လမ်းဟာ စခဲ့ပါတယ်။ အချိန်ကတော့ ကာဖျူးဥသြဆွဲလုဆွဲခင်ပါပဲ။ ဂတ်တိုတစ်ခုလုံး ဂျူးတွေအားလုံး သုတ်သီးသုတ်ပြာနဲ့ ကိုယ့်အိမ်ကိုယ့်ရာကို ရောက်အောင် ပြန်နေကြချိန်မှာ ဂျေကော့ဗ်ဟာ အေးအေး ဆေးဆေးပဲ အကျဉ်းစခန်းအပြင်က သစ်ပင်ကိုငေးနေတယ်။
ဘဝမှာ ဘာတစ်ခုမှ မက်မောတွယ်တာမှု မရှိတော့တဲ့ မျက်နှာပေးမျိုးနဲ့ ဘာကိုမှ အလေးအနက် မထားတော့တဲ့ မျက်နှာပေးမျိုးနဲ့ပေါ့။ ဂျေကော့ဗ် ဟာ ကွယ်လွန်(အသတ်ခံရတဲ့)ခဲ့တဲ့ သူ့ဇနီး ကို လွမ်းဆွတ်နေတာလား၊ ပိတ်ထားရတာ ကြာပြီဖြစ်တဲ့ သူ့ရဲ့ကော်ဖီဆိုင်လေးကိုပဲ အောက်မေ့ တာလား၊ ဘာရယ်မှန်းမသိ တောင်စဉ်ရေမရ ငေးနေစဉ်မှာပဲ လေထဲ တဖျပ်ဖျပ်လွင့်လာတဲ့ သတင်းစာ တစ်ရွက် ဟာ ဂတ်တိုရဲ့နံရံတံတိုင်း ကို ကျော်လို့ဝင်ရောက်လာ ပါတယ်။
ခုနက မှုန်ရီမှောင်မှိုင်းလို့နေတဲ့ ဂျေကော့ဗ်ရဲ့မျက်နှာဟာ ချက်ချင်းပြောင်းလဲသွားတယ်။ သူ့မျက်လုံး တွေဟာ အရောင်တဖိတ်ဖိတ်တောက်သွားတယ်။ တစ်နေ့တစ်နေ့ တဖြုတ်ဖြုတ်သေနေတဲ့ ဂျူးလူမှုအဖွဲ့ အစည်း အပြင်က ရောက်လာတဲ့ အဲဒီသတင်းစာထဲက သတင်းတွေဟာသူ့ကို ဆွဲဆောင်လို့နေတယ်။ ဂျေကော့ဗ်ဟာ သတင်းစာရွက်နောက်ကို ကောက်ကောက်ပါအောင် လိုက်သွားတယ်။ သူ သတိမထား လိုက်တာကတော့ သူလိုက်နေတဲ့အချိန်မှာပဲ ခုနက မှောင်စပျိုးလု ညနေကနေ မိုးစုန်းစုန်းချုပ်သွား တယ် ဆိုတာပါပဲ။ လေကလည်း လေရူးဆိုတော့ သတင်းစာရွက်ဟာ ဟိုမှာကျတော့မလို၊ ဒီမှာ ငြိတော့ မလိုလိုနဲ့ နောက်ဆုံး ဂျာမန်ဂတ်စတာပိုဂိတ်ဝထိ ရောက်သွားပါတော့တယ်။
သတင်းစာ စာရွကို မီလုမီချင်ဖြစ်တဲ့အချိန်မှာပဲ သူ့ခေါင်းပေါ်က အလင်းရောင်တန်းကြီးတစ်ခု ကျ ရောက်လို့လာပါတယ်။ အဲဒီ အလင်းရောင်တန်းကြီးက ကောင်းကင်ဘုံက ဘုရားသခင်က ကောင်းချီး ပေးသနားတဲ့ ကယ်တင်ခြင်းအလင်းရောင်တော့ မဟုတ်ပါဘူး။ သေမင်းတမန် ဂတ်စတာပိုဂိတ်ထဲက မီးမောင်းကြီးနဲ့ထိုးထားတာပါ။ အချိန်က ကာဖျူးချိန်ရောက်နေပါပြီ။ ဂိတ်ကင်းထဲက ဂျာမန်စစ်သားဟာ ဒီနေ့ညမှ သဘောကောင်းပြီး ဂျေကော့ဗ်ကို တစ်ခါတည်း ပစ်မသတ်လိုက်ဘဲ ဘာကြောင့် အပြင် ရောက်နေတယ်ဆိုတာ အဲဒီနေ့ညတာဝန်ကျတဲ့ ဂတ်စတာပိုအရာရှိဆီမှာ ကိုယ်တိုင်သွားရှင်းချေလို့ လွှတ်လိုက် ပါတယ်။
ဂတ်စတာပိုရုံးလို့ခေါ်တဲ့ ဂျာမန်ထောက်လှမ်းရေးရုံးထဲကို ဂျေကော့ဗ် ဝင်လာတာနဲ့ သွေးရဲရဲ သံရဲရဲ နှိပ် စက်ခံထားရတဲ့သူတွေ၊ တံခါးပိတ်ထားတဲ့အခန်းတွေထဲက အော်သံဟစ်သံ ရိုက်သံနှက်သံ ညည်းတွား သံတွေ ကို ကြားရမြင်ရတော့တာပါပဲ။ အရာရှိရဲ့ရုံးခန်းထဲကို ဝင်သွားတဲ့အခါမှာ အရာရှိက အခန်းထဲရှိမ နေပါဘူး။ သီချင်းတညံညံထွက်နေတဲ့ ရေဒီယိုရယ်၊ စားပွဲပေါ်မှာ ပိုးလိုးပက်လက်တင်ထားတဲ့ ပစ္စတို သေနတ်ရယ်၊ စားလက်စ သားငါး ဝက်အူချောင်းတွေနဲ့ ထမင်းပွဲရယ် ရှိနေပါတယ်။ ဂျေကော့ဗ်ဟာ သူရဲ ကောင်း တစ်ယောက် လူစွန့်စားတစ်ယောက်မဟုတ်ပါဘူးဆိုတာ စားပွဲပေါ်က ပစ္စတိုသေနတ်ကို ကောက်မ ယူလိုက်တာက ပြလိုက်ပါတယ်။
တကယ်လို့ သူ့အသက်နဲ့ ဂျာမန်ဂတ်စတာပို စစ်ဗိုလ်တစ်ယောက်ရဲ့အသက်ကိုလဲပြီး ဂျူးလူမျိုးတွေရဲ့ ရာဇဝင်ကြွေးကိုဆပ်မယ့် ဂျူးလူမျိုးတွေရဲ့သတ္တိကိုပြမယ့် သူရဲကောင်းတစ်ယောက်ဆိုရင် ဂျေကော့ဗ် ဟာ ပစ္စတိုသေနတ်ကို ကောက်ယူလိုက်မှာပါ။ ဒါပေမယ့် အဲဒီစားပွဲပေါ်မှာ ဂျေကော့ဗ် တကယ်စိတ်ဝင် စားမိတာ ဝက်အူချောင်းအပါအဝင် သူ မစားရတာ အတော်ကြာပြီဖြစ်တဲ့ အမဲဟင်းလျာ သားငါးစုံလင် ထမင်းပွဲပါ။
အသားတုံးလေး တစ်တုံးကို နှိုက်စားမိဆဲဆဲ လက်တပြင်ပြင်ဖြစ်နေတဲ့အချိန်မှာ ရေဒီယိုက သီချင်းသံ ဟာရပ်သွားပါတယ်။ အရေးပေါ်သတင်းတစ်ရပ်ကို ကြေငြာလိုက်ပါတယ်။ ရုရှားတပ်နီတွေရဲ့ ထိုးစစ်ဟာ ပိုလန်နိုင်ငံ ထဲရောက်လို့နေပြီတဲ့။ သွားရည်တများများ ကျနေအောင် စားချင်သောက်ချင် စိတ်တွေ ရပ်သွားပြီး ဂျေကော့ဗ်တစ်ယောက် ရေဒီယိုနာကိုကပ်သွားလိုက်ပါတယ်။ ဒါရိုက်တာက လူ ဆိုတာ ရုပ်အာဟာရ ထက် စိတ်အာဟာရကို ပိုလိုလားတယ်လို့ ပြချင်တဲ့သဘောလို့ ယူဆမိပါတယ်။ ဂျေကော့ဗ် ခုနက ဝက်အူချောင်းတွဲကြီးကို ဖုတ်လေတဲ့ငပိ ရှိတယ်တောင် သဘောမထားတော့ပါဘူး။ သတင်းထဲ ကြေညာသွားတဲ့မြို့နာမည်ကို မြေပုံမှာထောက်ပြီးရှာတယ်။ သူတို့ အဖမ်းခံထားရတဲ့ ဂတ်တိုစခန်းနဲ့ သိပ်မဝေးဘူး ဆိုတာ သိလိုက်ရတဲ့အခါမှာ ဘုရားသခင်ကို ကျေးဇူးတင်ပြီး ဆုတောင်း နေမိတယ်။ လောလောဆယ် ဂတ်တိုထဲရောက်နေရတယ်ဆိုတာတောင် သူ မေ့လို့သွားပါတော့တယ်။
အဲဒီတစ်ချိန်တည်းမှာ ဂျေကော့ဗ်တို့ ဂတ်တိုစခန်းရှေ့မှာ ဖြတ်သွားရတဲ့ ရထားကြီးတစ်စင်းပေါ်က အသက် ၁၀ နှစ်ဝန်းကျင်လောက်ပဲရှိတဲ့ ဂျူးမလေးတစ်ယောက်ဟာ ထွက်ပြေးလွတ်မြောက်လို့လာပါ တယ်။ ရထားတွဲရဲ့ကြမ်းပေါက်ကျဉ်းကျဉ်းလေးကနေ သူ့ကိုယ်သေးသေးလေးကို လျှိုဆင်းခိုင်းပြီး သူ့ အဖေနဲ့ အမေတွေဟာ သူ့အတွက် ဆုမွန်ကောင်းတွေ တောင်းပေးလို့၊ မိသားစုဓါတ်ပုံလေးကို ကမ်း ပေးလိုက်ပြီး တို့တွေ မကြာခင်ပြန်ဆုံကြပါ့မယ်လို့ကွယ်လို့လည်း ကလေးကို ကတိတွေအထပ်ထပ်ပေး သွားကြတယ်။ ဒါပေမယ့် သူတို့ရထားကြီး ဦးတည်နေတာ အဆိပ်ငွေ့တွေ့နဲ့ ဂျူးတွေကိုအစုလိုက်အပြုံ လိုက်သတ်တဲ့ လူသတ်စက်ရုံကြီးဆီကိုပါ။
"မင်း ဒီကို ဘယ်လိုရောက်နေတာလဲ"
အရာရှိဟာ သူ့ရုံးခန်းထဲရောက်နေတဲ့ ဂျူးတစ်ယောက်ကိုတွေ့လို့ အံ့အားတကြီးမေးလိုက်တယ်။ သူ့ရဲ့ ကိုယ်ပိုင် အချိန်မှာ အဖော်လုပ်ပေးမယ့် သူ့ချစ်သူမိန်းမတစ်ယောက်ကလည်း သူနဲ့အတူ ရုံးခန်းထဲကို ဝင်လာတယ်။
ဂျေကော့ဗ်က အထစ်ထစ်အငေါ့ငေါ့ ရှင်းပြတယ်။ သူ ကာဖျူးချိန် နောက်ကျသွားတဲ့အကြောင်း၊ ဒါပေ မယ့် ၈ နာရီထိုးဖို့ မိနစ်အနည်းငယ်လိုပါသေးကြောင်း၊ အခု အရာရှိရုံးခန်းထဲက နာရီတွေဟာ ၈ နာရီ မထိုးသေး ပါဘူးတဲ့။
"ဒီတော့ ကျုပ်က ဘာလုပ်ပေးရမလဲ"
"ဆရာ့အနေနဲ့ ဆုံးဖြတ်ချက်ချပေးဖို့ပါ"
"ကျုပ်က ဘာဆုံးဖြတ်ပေးရမှာလဲ"
"ဟို ကျွန်တော်နဲ့ပတ်သက်လို့ အပြစ်တစ်ခုပေးသင့် မသင့်၊ ဒါမှမဟုတ်လည်း ဘာမှအရေးမယူဖို့ပါ"
ဂျာမန်အရာရှိဟာ နာရီကိုကြည့်လိုက်တယ်။ ၈ နာရီထိုးဖို့ ၃ မိနစ်။ သူကြည့်ရင်းနေရင်းပဲ ၂ မိနစ် ကျန် တော့တယ်။
"လောလောဆယ်တော့ ၈ နာရီမထိုးသေးဘူး၊ ၃ မိနစ်လိုသေးတယ်။ ဟော ၂ မိနစ်ပဲ ကျန်တော့တယ်"
"ဟဲ ဟဲ ဆရာက အရမ်းရယ်စရာပြောတတ်တာပဲ"
ဂျေကော့ဗ်ဟာ ရယ်လို့ပြောပေမယ့် ကြောက်လွန်းလို့ တုန်ရီနေတယ်။ ၈ နာရီထိုးရင် သူဟာ သေလူ ဖြစ်သွားပြီ။ အရာရှိရဲ့ချစ်သူဟာ အရာရှိကို ပွတ်သီးပွတ်သပ်နဲ့ ချော့မြူနေတယ်။ ဒီအရေးမပါတဲ့ ဂျူးနဲ့ အချိန်တွေ အများကြီးမဖြုန်းနဲ့ကွယ်ဆိုတဲ့ သဘောမျိုးဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမယ့် ဒီလုပ်ရပ်ဟာ အရာ ရှိကို အတော်အသင့် စိတ်နှလုံး နူးညံ့စေတဲ့အကြောင်းအရာတစ်ရပ်ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ အဲဒီအချိန် မှာပဲ ကာဖျူးအချက်ပေးတဲ့ဥသြသံမြည်လို့လာတယ်။
"မင်း အိမ်ကို ဒီကနေပြန်ရင် ဘယ်လောက်ကြာမလဲ"
"၁၀ မိနစ်လောက်ကြာပါတယ် ဆရာ"
"ကောင်းပြီလေ မင်းကံပဲပေါ့ ခုပြန်တော့"
"ဗျာ"
"ခု မင်းပြန်တော့"
ဥသြသံနဲ့အတူ ဂျေကော့ဗ်ဟာ ပြေးထွက်လာတယ်။ ဂတ်စတာပိုရုံးအပြင်ရောက်တာနဲ့ ဂတ်တိုကို သွားတဲ့ ဝင်းတံခါးတွေကို အသီးသီးပိတ်လိုက်ပြီး အယ်လ်ဇေးရှင်းခွေးတွေနဲ့ ကင်းလှည့်နေတဲ့ ဂျာမာန် စစ်သားတွေကို သူ တွေ့လိုက်တယ်။ ဂျေကော့ဗ်ဟာ ဂတ်စကာပိုရုံးဝက စစ်သားတွေကို လှည့်ပြော လိုက်တယ်။
"ဟို ဟို ကျေးဇူးပြုပြီး ကျွန်တော် ညထွက်ခွင့်အမိန့်စာရွက်လေး ရနိုင်မလား"
စစ်သားတွေဟာ ရုံးတံခါးကိုပိတ်လိုက်ကြတယ်။ ခုချိန်မှာ ဂျေကော့ဗ်တစ်ယောက် ရွေးချယ်စရာလမ်းမ ရှိတော့ပါဘူး။ ဂျာမန်ကင်းတပ်ဖွဲ့ကတော့ သူ့ကိုတွေ့တာနဲ့ ချက်ချင်းအမေးအမြန်းမရှိ ပစ်သတ်ကြမှာ ပါ။
"ဒီလိုအချိန်မျိုးကြီး ဂတ်တိုအပြင်ကို ရောက်နေတာလောက် မိုက်မဲတာမရှိဘူး။ ငါတော့ လမ်းပေါ်မှာ ခွေးသေဝက်သေ သေရတော့မယ်၊ ငါ ဘယ်လိုလုပ် ဂတ်တိုထဲပြန်ဝင်ရမလဲ၊ အိုး ဂျူးဘုရားတွေ ငါ့ကို ကြွတ်ဖြစ်အောင် လုပ်ပေးကြပါ။ ငါကြွတ်ဖြစ်မှ အသက်ရှင်ခွင့်ရတော့မယ်"
ဂျာမန်ကင်းတဲ တွေဆီက မီးမောင်းတွေဟာ ပတ်ချာလည်လှည့်ရမ်းပြီး ရှာနေတယ်။ မီးရောင်တစ်ဖက် ကို ရောက်သွား တဲ့ အချိန်မှာ ဂျေကော့ဗ်ဟာ ရထားတွဲတွေနောက် ပုန်းနေရာက ပြေးထွက်သွားဖို့ လုပ် လိုက်တယ်။
"ခဏနေဦးလေ"
ဘယ်အချိန်ကတည်းက သူ့နောက်မှာရောက်နေမှန်းမသိတဲ့ ဂျူးမလေးဟာ ဂျေကော့ဗ်ကို ဟန့်လိုက် တယ်။ ဂျေကော့ဗ်ဟာ လိပ်ပြာလွင့်သွားမတတ် လန့်ဖျပ်လို့သွားတယ်။
"မင်း မင်း ဘယ်သူလဲ"
နောက်တော့ ဂျူးမလေးက သူ ရထားပေါ်က ဆင်းပြေးလာတာပါ။ ဂတ်တိုထဲကို ဦးနဲ့အတူလိုက်ပါရစေ လို့ ခွင့် တောင်း တယ်။
"ငါနဲ့ ဟုတ်လား၊ ဘာဖြစ်လို့ ငါနဲ့လိုက်ချင်တာလဲ"
"အင်းလေ တခြားဘယ်သူရှိလို့လဲ"
ဒီတော့မှ ကာဖျူးချိန်မှောင်ထဲ သူနဲ့ဂျူးမလေးနှစ်ယောက်တည်းဆိုတာ သတိထားမိပြီး ဂျေကော့ဗ်တို့ ဟာ ဂတ်တိုထဲကို မီးရောင်တွေကို ရှေင်ကွင်းပြီး ပြန်ဝင်လာခဲ့ကြတယ်။ သွေးရူးသွေးတန်းနဲ့ ခြံစည်းရိုး သံဇကာကွက်ကို ကျော်တက်ဖို့လုပ်နေတဲ့ ဂျေကော့ဗ်ကို အဲဒီကလေးမလေးကပဲ ခွေးတိုးပေါက်ကို ပြခဲ့ တယ်။ ဒီလိုနဲ့ သူတို့တွေ ဂတ်တိုထဲရောက်လာတော့ အလောင်းကောက်တဲ့ ဂျူးရဲတွေနဲ့တွေ့လို့ ဓါတ်ရ ထားပျက်ကြီး တစ်ခုပေါ် တက်ပုန်းကြရပြန်တယ်။ ဂျူးရဲတွေ ကျော်သွားတဲ့အခါမှာ- "ကဲ မင်း ငါ့ကို ကယ်ခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ငါ့ကိုပြန်ခွင့်ပြုပါတော့။
ငါ အရမ်းကို ပင်ပန်းနေ လို့ပါ"လို့ နှုတ်ဆက်ပြီး ဂျေကော့ဗ်ထွက်လာခဲ့ပါတယ်။ ကလေးမလေးက ဓါတ်ရထား ကိုတော့ ကျွန်မကို အသုံးပြုခွင့်ပြုမယ် မဟုတ်လားလို့ ပြန်မေးခွန်းထုတ်ပြီး ဓါတ်ရထား မောင်းတမ်း ဆော့လို့ ကျန်ခဲ့ပါတယ်။ တကယ်လို့ နောက်တစ်ကြိမ် ထပ်ပတ်လာမယ့် ဂျူးရဲတွေ၊ ဒါမှ မဟုတ် နာဇီစစ်သားတွေနဲ့တွေ့ရင် တွေးရဲစရာမရှိအောင် အသေဆိုးနဲ့ သေရမှာပါ။
နောက်ဆုံးတော့ ဂျေကော့ဗ်ဟာကလေးမလေးကို သူ့အိမ်ဆီ ခေါ်လာခဲ့တယ်။ အထပ်ခိုးပေါ်မှာတင်ပြီး ပုံပြင်စာအုပ်ဟောင်းတစ်အုပ်ကို ပေးတယ်။ အဆာပြေဖတ်ဖို့တဲ့။ အောက်ထပ်ကို သူဆင်းလာပြီး သူ့ မိန်းမ ရဲ့ ဓါတ်ပုံရှေ့မှာ အင်္ကျီပြဲ၊ ဘောင်းဘီပြဲလေးတွေ ချုပ်ရင်းပြောပြတယ်။ မင်း စဉ်းစားကြည့်၊ ငါရော၊ မင်းရော ကလေးလိုချင်ခဲ့ပါတယ်။ ဒါပေမယ့် ခုလို ကိုယ်တိုင် ဘယ်နေ့ ဘယ်အချိန် ဘယ်လိုသေရမှန်း မသိတဲ့ အချိန်မျိုးမှာတော့ ငါ ကလေးတစ်ယောက်ကို ဘယ်လိုမွေးနိုင်မလဲတဲ့။
နောက်နေ့မနက်ရောက်တဲ့အချိန်မှာ ဂျေကော့ဗ်ဟာ သူ့သူငယ်ချင်း ဆံသဆရာ ကိုဝေါ့စကီးဆီသို့ သွား ပါတယ်။ ကိုဝေါ့စကီးနဲ့ ဂျေကော့ဗ်တိုပဟာ သူငယ်ချင်း အရင်းအချာတွေဖြစ်ကြတဲ့အလျောက် ဂျေကော့ဗ် ကို ကိုဝေါ့စကီးက နေ့တိုင်း မုတ်ဆိတ်ရိတ်၊ ဆံပင်ညှပ်ပေးတယ်။ အခြေအနေကောင်းလို့ ဂျေကော့ဗ်ကော်ဖီဆိုင်လေး ပြန်ဖွင့်ဖြစ်ရင် ကိုဝေါ့စကီးက စာရင်းမှတ်ထားတဲ့အတိုင်း အလကားလာ သောက်မယ် တဲ့။ ဒီနေ့မနက်ကျတော့ ကိုဝေါ့စကီးက ဆိုင်တံခါးကို ပိတ်ထားပါတယ်။ ဂျေကော့ဗ်က တ ဝုန်းဝုန်း ထုတဲ့အခါမှာ ပေးမဖွင့်လို့ ဇွတ်အတင်းဝင်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို ကြိုးဆွဲချပြီး သတ်သေဖို့ လုပ်နေ တဲ့ ကိုဝေါ့စကီးကို တွေ့လိုက်ပါတော့တယ်။ ဂျေကော့ဗ်ဟာ သူငယ်ချင်းဖြစ်သူကို အမျိုးမျိုး ဖျောင်းဖျပြီး ကိုယ့်ကိုယ်ကို သတ်မသေဖို့တာပါတယ်။ ဒါပေမယ့် ကိုဝေါ့စကီးက ခါးခါးသီးသီးပဲ။ သူ ဆုံးဖြတ်ပြီးပြီ တဲ့။ နာဇီတွေရဲ့နှိပ်စက်မှုတွေကို ဆက်ခံမယ့်အစား သေလိုက်မယ်လို့ ဆုံးဖြတ်ပြီးပြီ၊ နောက်ဆုံး ဂျေကော့ဗ်က စကားတစ်ခွန်းပြောလိုက်တယ်။
"အေးလေ မင်း ဆုံးဖြတ်ပြီးပြီ၊ တားမရဘူးဆိုရင်လည်း သေပေါ့၊ ဒါပေမယ့် မင်းသိထားဖို့က ရုရှားတွေ ဟာ တို့ရဲ့ဂတ်တိုနဲ့ ကီလိုမီတာ ၄၀၀ ပဲကွာတဲ့ စစ်မြေပြင်မှာ ရောက်နေပြီကွ၊ မကြာခင် တို့ လွတ်တော့ မှာ၊ အဲဒီအခါကျမှ လူတွေက ကိုဝေါ့စကီးကြီးဟယ်၊ ရက်ပိုင်းလေးပဲ အောင့်နိုင်စောင့်နိုင်ရင် လွတ်မှာလို့ ပြောကြမှာ ငါမြင်ယောင်သေးတယ်"လို့ပြောပြီး လှည့်ထွက်သွားမယ့် ဂျေကော့ဗ်ကို ကိုဝေါ့စကီးက အတင်း လိုက်ဆွဲပြီး မေးတယ်။
"မင်း သေချာလား ပြောစမ်း။ မင်း ဒီသတင်းကို ဘယ်က ကြားတာလဲ၊ ဘယ်သူပြောတာလဲ"
"ငါကိုယ်တိုင် ရေဒီယို နားထောင်ပြီး ကြားခဲ့တာကွ"
"ဘာ"
ကိုဝေါ့စကီးရဲ့စိတ်ထဲမှာ ဂျေကော့ဗ်မှာ ရေဒီယိုတစ်လုံးရှိတယ်လို့ ထင်သွားပါတော့တယ်။ လုပ်ငန်းခွင် ထဲမှာ နှစ်ယောက်တစ်တွဲ အလုပ်ဆင်းကြရပါတယ်။ ဘိလပ်မြေအိတ်တွေကို သယ်ပြီး ရထားတွဲပေါ် တင် ပေးကြရတယ်။ ဒီနေရာမှ ကိုယ်နဲ့တွဲတဲ့အဖော်က မလုပ်နိုင်တဲ့လူပဲဖြစ်ဖြစ်၊ မသန်မစွမ်း မကျန်း မမာတဲ့ သူပဲဖြစ်ဖြစ်၊ သတ်မှတ်ထားတဲ့ အလုပ်မပြီးရင် နှစ်ယောက်စလုံး ထမင်းမစားရပါဘူး။ ဒါကြောင့် သန်သန်မာမာ ထွားထွားကျိုင်းကျိုင်း လူမျိုးကို လူတိုင်းက တွဲချင်ကြတယ်။ ဂျေကော့ဗ်ဟာ လက်ဝှေ့ သမား မီရှဲလ် ကို အတွဲတွဲထားလိုက်နိုင်လို့ ဒီနေ့အဖို့ ကံကောင်းသူဖြစ်သွားပါပြီ။ ဒါပေမယ့် သူ့နောက် က လူမမာ အဘိုးကြီးမှာ တွဲမယ့်သူ မရှိပါဘူး၊ သူက ဂျေကော့ဗ်ကို တတွတ်တွတ်ခေါ်နေတယ်။
"ဂျေကော့ဗ် လာပါကွာ၊ ငါနဲ့တွဲပေးပါ၊ ငါ ထမင်းစားရမှဖြစ်မယ်"
ဂျေကော့ဗ်ဟာ ကြာကြာတောင့်မထားနိုင်ပါဘူး၊ အဘိုးကြီးကိုသွားတွဲပေးလိုက်ပါတယ်။ ဘိလပ်မြေ အိတ်တွေကိုသယ်ရင်း မီရှဲလ်ပျောက်နေလို့ ဂျေကော့ဗ်က လိုက်ရှာပါတယ်။ ဒီကောင် စီးကရက်ခိုး သောက်နေတာ ဖြစ်မယ်လို့ သူ ထင်နေတယ်။ ဒါပေမယ့် သူတွေ့လိုက်ရတဲ့မြင်ကွင်းက ထိတ်စရာ လန့်စရာ ပါ။
မီရှဲလ် တစ်ယောက် တူရွှင်းနဲ့ ရထားတွဲကြမ်းပြင်ကိုခွာပြီး ထွက်ပြေးဖို့ လုပ်နေလို့ပါပဲ။
"မီရှဲလ် မင်း အဲဒီလို မလုပ်ပါနဲ့ကွာ"
ဂျူးတစ်ယောက် လွတ်မြောက်သွားရင် ကျန်ခဲ့တဲ့ ဂျူးတစ်အုပ်စုလုံး အသတ်ခံရမှာပါ။ သူတို့နှစ်ယောက် ငြင်းရင်း ဆန်ရင်း ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို အပြင်က ဂျာမန်စစ်သားတစ်ယောက်က မြင်သွား တယ်။ "ဟေ့ ဟိုတွဲပေါ်က နှစ်ကောင် ဘာလုပ်နေတာလဲ"
ဂျာမန်စစ်သားဟာ သေနတ်ကိုပြင်ပြီး တွဲနားကို ချဉ်းကပ်လာပါတယ်။ မီရှဲလ်က တူရွင်းးကိုဆလိုက်ပြီး ကြိမ်းဝါး လိုက်တယ်။
"လာစမ်း၊ မင်းကို အပါခေါ်သွားပြီး ငါ သေပွဲဝင်ပစ်လိုက်မယ်"
သူသေရင် ဂျေကော့ဗ်လည်း မလွတ်နိုင်ပါ။
"မီရှဲလ် မီရှဲလ် မင်း ဒီလိုမိုက်ရူးရဲ မလုပ်ပါနဲ့ကွာ၊ ငါပြောတဲ့စကားကို သေချာနားထောင်ပါ၊ ဒီမှာ ဟေ့ ကောင် ငါတို့ဂတ်တိုနဲ့ ကီလိုမီတာ ၄၀၀ ပဲကွာတဲ့ စစ်မြေပြင်မှာ ရုရှားတပ်တွေရောက်နေပြီကွ၊ မင်း ဘာဖြစ် လို့ အကျိုးမရှိဘဲ ကိုယ့်အသက်ကိုယ် ပြုန်းတီးခံချင်ရတာလဲ၊ ငါတို့ မကြာခင်မှာ လွတ်တော့မှာ ပါကွာ"
"ခင်ဗျား ဒီသတင်း ကို ဘယ်ကရလဲ"
"ငါ ကိုယ်တိုင် နားနဲ့ ရေဒီယိုက နားထောင်ခဲ့တာပါကွာ"
မီရှဲလ် အူမြူးသွားတယ်။ ဂျာမန်စစ်သားကို ပြုံးဖြဲဖြဲနဲ့ လက်မြှောက်ပြီး ရထားတွဲပေါ်က ဆင်းတယ်၊ ဂျာ မန်စစ်သားက ဆဲရေးပြီး ရိုက်တာတောင် အပြုံးမပျက်ဘူး။ သူတို့ လွတ်တော့မယ်ဆိုတဲ့ ယုံကြည်မှု ကြောင့် သူ တော်တန်ရုံ ဆင်းရဲဒုက္ခတွေကို မမှုတော့ပါဘူး။ ဒါ့ထက် မီရှဲလ်ဟာ ဘဝအတွက် အရေးပါ တဲ့ ဆုံးဖြတ်ချက် တစ်ခု ကို ချလိုက်ပါသေးတယ်။ အဲဒါကတော့ မိန်းမသွားတောင်းတာပါပဲ။
မီရှဲလ် ဟာ သူ့ချစ်သူရဲ့အဖေ မစ္စတာဖရန့်ဆိုတာဆိုတဲ့ ဂျူးလူကြီးလူကောင်းကြီးဆီမှာ သူ့ချစ်သူနဲ့ လက်ဆက်ခွင့် ကို သွားတောင်းပါတယ်။
"မစ္စတာဖရန့်ဖို့တာ ကျွန်တော် ခင်ဗျားသမီးနဲ့ လက်ထပ်ပါရစေ"
အားလုံးက ဘာပြောရမှန်းမသိအောင် ဖြစ်နေချိန်မှာ မစ္စတာဖရန့်ဖို့တာက မီရှဲလ်ကို ပြတင်းပေါက်နား ကို ခေါ်သွားတယ်။
"ဟိုမှာတွေ့လား၊ လူတွေဟာ မီးလှုံဖို့ ထင်းမရှိ၊ အဝတ်အစားထူထူထဲထဲမရှိ၊ စားစရာ အာလူးမတောင် မရှိဘဲ ရှင်သန်နေကြရတယ်။ အဲဒါတွေမရှိတာထက် ငါတို့ဂျူးတွေမှာ အနာဂတ်မရှိဘူးဆိုတာ မင်း မသိ ဘူးလား၊ အနာဂတ်မရှိတဲ့ လူအဖွဲ့အစည်းမှာ လက်ထပ်ဖို့ ထိမ်းမြားဖို့ မင်းမို့ စဉ်းစားတယ်"
"ကျွန်တော် တို့ မှာ အနာဂတ်ရှိပါတယ် မစ္စတာဖရန့်ဖို့တာ၊ ဒီစစ်ကြီးဟာ အချိန်တန်ရင် ပြီးသွားမှာပါ"
"ဒါပေါ့ ဒါပေမယ့် ဘယ်လိုပြီးမလဲ၊ စစ်ကြီးပြီးတဲ့အထိ ငါတို့ရှိပါဦးမလားဆိုတာ မင်း အာမခံနိုင်လို့လား"
"မကြာခင် ပြီးတော့မှာပါ မစ္စတာဖရန့်ဖို့တာ၊ ခု ကျွန်တော်တို့မြို့နဲ့ ကီလိုမီတာ ၄၀၀ ကွာတဲ့ စစ်မြေပြင် ကို ရုရှားတပ်တွေ ရောက်နေပါပြီ"
"ဟား မင်းကို ဘယ်သူပြောလဲ"
"ဂျေကော့ဗ် ပြောပါတယ်"
"ဂျေကော့ဗ် ဟုတ်လား၊ ဒီလောက် ပါးစပ်က ပေါက်တတ်ကရပြောတတ်တဲ့ လူမျိုးရဲ့စကားကို မင်းက ဘာကြောင့် ယုံကြည်ရတာလဲ။ သူကကော ဘယ်လိုလုပ် သိတာလဲ"
"ဂျေကော့ဗ်မှာ ရေဒီယိုတစ်လုံးရှိပါတယ် မစ္စတာဖရန့်ဖို့တာ၊ သူ ကိုယ်တိုင် ဒီသတင်းကို နားထောင်ခဲ့ တာပါ"
အားလုံး မင်သက်သွားကြတယ်။ ရေဒီယိုတစ်လုံးရှိခြင်းဟာ အသတ်ခံရနိုင်တယ်ဆိုတာ သူတို့အားလုံး သဘောပေါက်ကြပါတယ်။ မီရှဲလ်ဟာ ပြောပြီးမှ အားလုံးကို တောင်းပန်လိုက်တယ်။
"ကျေးဇူးပြုပြီးတော့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောကြပါနဲ့၊ ဂျေကော့ဗ်မှာ အန္တရာယ်ဖြစ်မှာစိုးလို့ ပါ"
မစ္စတာဖရန့်ဖို့တာဟာ ဘာစကားမှ ဆက်မပြောတော့ဘဲ အခန်းထဲကို ဝင်သွားတယ်။ သူ့အဝတ် ဟောင်းဗီရိုထဲက အောက်ဆုံးမှာဖွက်ထားတဲ့ ရေဒီယိုကို ထုတ်လိုက်တယ်။ သူ့ဇနီးက အံ့သြတကြီးနဲ့ အော်တယ်။
"ဟင် အဖေကြီး ရှင် ရေဒီယိုကို သိမ်းထားတယ်၊ ကျွန်မကို လုံးဝ မပြောဘူး"
မစ္စတာဖရန့်ဖို့တာဟာ သူ့ရေဒီယိုကို တူနဲ့ တဒုန်းဒုန်းရိုက်ချိုးပစ်လိုက်တယ်။
"ရှင် ဘာလုပ်တာလဲ"
"ဟိုကောင် ဂျေကော့ဗ်ဆိုတဲ့ကောင်မှာ ရေဒီယိုတစ်လုံးရှိတယ်လို့ မင်းရဲ့သမက်လောင်းလေး မီရှဲလ် ပြောသွားတာ ကြားတယ်မဟုတ်လား၊ ဒါကို အနှေးနဲ့အမြန် နာဇီတွေကြားမှာပဲ၊ ကြားရင် ရှာမယ်၊ ရှာရင် ဂျေကော့ဗ်မှာ တကယ်ရှိမရှိ မပြောနိုင်ပေမယ့် ငါ့ရေဒီယိုကို တွေ့သွားမယ်။ တွေ့သွားရင် ကျွန်တော် တစ်ခါမှမဖွင့်ခဲ့ပါဘူး။ သတင်း နားမထောင်ခဲ့ပါဘူးလို့ ဘယ်လိုပြောပြော သူတို့ယုံကြမှာ မဟုတ်ဘူး။ ငါ့ကို ပစ်သတ်ကြလိမ့်မယ်။ ငါ့မိသားစုတစ်စုလုံးကို သတ်ကြလိမ့်မယ်။ အဲဒီတော့ အခု ချက်ချင်း ရေဒီယိုကို ဖျက်ဆီးပစ်တာ အကောင်းဆုံးပဲ"
"ရှင် ဖျက်ဆီးမယ်ဆိုလည်း ကျွန်မကို သီချင်းလေးတစ်ပုဒ်လောက်တော့ ပေးနားထောင်ပြီးမှ ဖျက်သင့် တာပေါ့ရှင်"
နောက်နေ့မှာတော့ ဂတ်တိုတစ်ခုလုံးမှာ ဂျေကော့ဗ်ဟာ စကားဖြစ်လို့နေပါတော့တယ်။ တွေ့သမျှလူ တွေက တပြုံးပြုံးနဲ့ပေါ့၊ ကိုဝေါ့စကီးဆီမှာ ထုံးစံအတိုင်း မုတ်ဆိတ်ရိတ်ဖို့လုပ်တဲ့ ဂျေကော့ဗ်ကို ကိုဝေါ့ စကီးက မေးတယ်။
"ကဲ ဒီနေ့ ဘာထူးလဲ"
"ဘာထူးရမှာလဲ"
"ဘာသတင်းထူးလဲလို့ မေးတာလေ"
"ဘာက ဘာသတင်းထူးရမှာလဲ"
"မင်း ငါ့ကို အကြောင်ရိုက်မနေပါနဲ့ ဂျေကော့ဗ်ရာ၊ မင်းဆီမှာ ရေဒီယိုရှိတယ်ဆိုတာ ဂတ်တိုတစ်ခုလုံး သိပါတယ်"
"ဘာ ဂတ်တို တစ်ခုလုံး သိပါတယ် ဟုတ်လား"
"ဟုတ်တယ်၊ ဟိုကောင် မီရှဲလ် မိန်းမသွားတောင်းတာကနေ အကုန်သိကုန်တာ"
ဂျေကော့ဗ် ကိုမြင်တာနဲ့ မီရှဲလ်က ထွက်ပြေးတယ်။
"ကျွန်တော် တောင်းပန်ပါတယ် ဂျေကော့ဗ်၊ ကျွန်တော် မရည်ရွယ်ဘဲဖြစ်သွားတာပါ"
"မင်းဟာ လူသတ်သမား၊ ငါ့ကို သေအောင်လုပ်တဲ့အကောင်"
အလုပ်စခန်းလည်း လူတိုင်းက မီရှဲလ်ကနေတစ်ဆင့် ဂျေကော့ဗ်ဆီက သတင်းနှိုက်ကြတယ်။ ဂျေကော့ဗ်က စိတ်ပေါက်ပေါက်နဲ့ ဒီနေ့ညက တန်ဂိုအကတီးလုံးတွေပဲ လွှင့်ပေးတယ်လို့ ပြောလိုက် တယ်။ အဲဒီအချိန်မှာ လေကြောင်းအချက်ပေး ဥသြဆွဲသံနဲ့အတူ လေယာဉ်ပျံတွေ ပျံလာတယ်။ စခန်း တစ်ခုလုံး လှုပ်လှုပ် ရွရွတွေ ဖြစ်ကုန်ကြတယ်။
ဆက်ရန်
.
6 comments:
အင်း......ဆရာချိုတူးဇော်ဘာပြောချင်တာပါလိမ့်နော်....
ဆက်ရန်မျှော့နေပြီအစ်မရေ.....:)
စိတ်ဝင်စားနေပြီမရွှေစင်ရေ.. ဆက်ရန်တဲ့လား..း)))
အမကြီး...
မြန်မြန်လေးနော်း)
မမရေ ကြာရင် လာအော်မှာနော် :):) မရောက်တာကြာလို့ တစ်ချို့နောက်ကြောင်းပြန်ဆင်းရတယ် :P
စိတ်ဝင်စားဖို့ကောင်းတယ် ဒါမျိုးဖတ်ချင်နေတာ ဆက်ရန် ကိုလည်း မြန်မြန်တင်ပေးအုးံနော်
ဂျေကော့ဗ်... သေ မှာ လား ။ ရှင်မှာ လား...။သူရဲကောင်းလို့  အထင်ခံ ရ မှာ လား... သိချင်နေပြီ..ဖွ ချင် နေ ပြီ..း)
ဖွကိ..
Post a Comment