Saturday, October 1, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၂၄)

(၃၃)
ထိုနေ့ ညနေပိုင်းတွင် အိုဝါ၊ ဟာနီနှင့် စင်တိန်တို့သည် စခန်း၌ ထုံးစံအတိုင်း လုပ်ကိုင်စရာ ရှိသည်များကို လုပ်ကိုင်ကြသည်။ စင်တိန်အဖို့ မိမိအကြံအစည်ပေါ် မသွားအောင် မနည်းဖုံဖိထားရသည်။ ဟာနီက နေလယ်ပိုင်း ခရီးအကြောင်း မေးမြန်းသည်များကို စိတ်မပါတပါဖြင့်ပင် သတိထား ဖြေနေရသည်။
ညစာ စားပြီးနောက် မကြာခင်ပင် မိုးချုပ်သွားသည်။ စင်တိန်သည် သူမ တဲသို့သွားပြီး စောစောအိပ်ရာဝင် သည်။ သူမနှင့် ကလေးကိုယ်ပေါ်သို့ သားမွေးခြုံထည်ကို လွှမ်းပြီး ခြုံထားလိုက်သည်။ ငြိမ်သက်စွာ လဲလျောင်း နေသော်လည်း စိတ်က လှုပ်ရှားနေသည်။

မြင်းတပ်သားများ ဘယ်သူဘယ်ဝါ ဆိုသည်မှာ စင်တိန်အတွက် တွေးစရာ အကြောင်း မဟုတ်ပေ။ အိုဝါနှင့် ဟာနီတို့လည်း အသက်ဆုံးစေမည့် အန္တရာယ်တွင်းဆီသို့ ခေါ်မသွားလိုပေ။ မိမိတို့သားအမိအဖို့မူ လူ့ ယဉ်ကျေးမှု ကမ္ဘာအတွင်းသို့ ပြန်ဝင်ခွင့်ရနိုင်မည့် အခွင့်အရေးကို လက်လွတ်မခံနိုင်ပါချေ။ ဤနေရာ၌ ဆက်နေလျှင် မိမိတို့သားအမိသည် နောက်ဆုံး၌ အရိုင်းအစိုင်းများဘ၀များသို့ မလွဲမသွေ ရောက်သွား မည် ဖြစ်သည်။

"ကိုယ်တူကိုယ်ထ စတင်လှုပ်ရှားတော့မှာပဲ သားရယ်၊ ဒါမှတို့ ထွက်သွားပြီဆိုတာ အိုဝါနဲ့ ဟာနီ မသိသေး ခင်မှာ တို့က မြင်းစီးတပ်သားတွေကို မီမှာ၊ ဒါဆိုယင် သူတို့လိုက်မှာ မဟုတ်တော့ဘူး၊ မလိုက်ယင် သူတို့ အတွက် အန္တရာယ် မရှိနိုင်တော့ဘူး၊ လထွက်ထွက်ချင်း တို့သွားမယ်သားရေ"
စင်တိန်က ရင်ခွင်ထဲမှ ကလေးအား တတွတ်တွတ် ပြောနေသည်။ တောင်ကြားချိုင့်ဝှမ်းထဲသို့ လရောင် ပျို့လာသည်နှင့် တစ်ပြိုင်နက် စင်တိန် လှဲ့နေရာမှ ထလိုက်သည်။ ကလေးကို ချီပြီး ထိုင်ရာမှ ထလိုက်ရာ ကလေးက တစ်ချက်အီလိုက်သည်။ စင်တိန်သည် လွယ်အိတ်နှင့် အဖျားချွန်တောင်ဝှေးကို အသာအယာ ကောက်ယူလိုက်သည်။ ထို့နောက် တဲထဲမှ အသာအယာ ထွက်လိုက်သည်။
တောင်စောင်းကွေ့တစ်ခုသို့ ရောက်သောအခါ ရပ်လိုက်ပြီး နောက်ဘက်သို့ သမင်လည်ပြန် လှည့်ကြည့် လိုက်သည်။

မီးဖိုက မီးရောင်ကျသွားပြီ ဖြစ်သော်လည်း လရောင်က အဘိုးကြီးနှင့် အဘွားကြီး တဲပေါ်သို့ ဖြာကျနေ သည်။ အရိပ်ထဲတွင် အိပ်နေသော အိုဝါကို ခပ်ရေးရေးသာ မြင်ရသည်။ သို့သော် ဟာနီ ကိုယ်ပေါ် သို့ လရောင် ထိုးနေသဖြင့် ထင်ထင်ရှားရှား လှမ်းမြင်နေရသည်။

ဟာနီ၏ ပယင်းရောင်အသားမှာ လရောင့် ဖျော့ဖျော့တွင် အရောက်တောက်နေသလို ရှိသည်။ ဟာနီက စင်တိန်ဘက်သို့ မျက်နှာမူပြီး အိပ်နေသည်။ အိပ်ရာမှနိုး၍ မိမိတို့သားအမိမရှိတော့မှန်း သိလျှင် ဟာနီ ခံစား ရတော့မည်ကို တွေးပြီး စိတ်မကောင်း ဖြစ်မိသည်။ သူမရင်ဘတ်ပေါ်တွင် တွဲလောင်းကျနေသော ပုတီး က လရောင်တွင် တဖိတ်ဖိတ်တောက်နေသည်။
"သွားတော့မယ် ... နှုတ်ဆက်ခဲ့ပါတယ် အမေကြီး၊ ကျွန်မတို့ သားအမိအပေါ် ထားရှိတဲ့ ကြီးမားတဲ့ မေတ္တာ စေတနာနဲ့ လူသားချင်းစာနာတဲ့စိတ်တွေအတွက် အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်၊ ဟာနီကို ကျွန်မ အမြဲပဲ သတိရ လွမ်းဆွတ်နေမှာပါ၊ ကျွန်မ နှလုံးသားထဲက ထာဝရ ချစ်နေမှာပါ ဟာနီရယ်၊ ကျွန်မ တို့ကို ခွင့်လွှတ် ပါ၊ ကျွန်မတို့ မသွားမဖြစ်လို့ သွားရတာပါရှင်" စင်တိန်က ခပ်တိုတို ပြောလိုက်သည်။

စင်တိန်အံကြိတ်ပြီး ထိုနေရာမှ ချာခနဲ လှည့်ထွက်ခဲ့သည်။ များများရှိသော လိုဏ်ခေါင်းဆီသို့ လျှောက်လာ သောအခါ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာပြီး လရောင်ကိုပင် ၀ိုးတ၀ါး မြင်လာရသည်။ မျက်ရည် များက ပါးပေါ်မှာတလိမ့်လိမ့် စီးကျပြီး နှုတ်ခမ်းထောင့်သို့လာထိရာ ပင်လယ်ရေအရသာမျိုး ခံစားလိုက်ရသည်။
ပျားများရှိသော လိုဏ်ခေါင်းကို အမှောင်ထုထဲမှ ဖြတ်လာသည်။ လိုဏ်ခေါင်းဝသို့ ရောက်သောအခါ အပြင်ဘက် မှ လရောင်ကို မြင်လိုက်ရသည်။ အသာရပ်ပြီး နောက်မှလိုက်လာသော ခြေသံရှိမရှိ နားစွင့် သည်။ ဘာခြေသံမှ မကြားရ။ မိမိ အရှေ့ဘက် အတော်ဝေးဝေးမှ လာသော ခွေးအအူသံကိုသာ ကြားရ သည်။

စင်တိန်ဆက်လျှောက်လာရာ လွင်ပြင်ထဲသို့ ရောက်လာသည်။ ရှာဆာကို ခါးတစ်ခွင်အနေအထားဖြင့် အ၀တ်ဖြင့် သိုင်းထားရာ ကလေးအဖို့ သွားရင်းလာရင်းပင် အလွယ်တကူ နို့လှမ်းစို့နိုင်သည်။ စင်တိန်က တောထဲသို့ ဖြတ်ဝင်နေရင်းက ကလေးကို ပြောလိုက်သည်။
"မကြောက်ပါနဲ့ ကလေးရယ်၊ ညဘက်မှာ တို့နှစ်ယောက်တည်းထွက်တာ ဒါပထမဆုံးအကြိမ် ဖြစ်ပေမယ့် မကြောက်ပါနဲ့ ငါတို့ရှေ့ သိပ်မဝေးတဲ့ နေရာမှာ မြင်းတပ်သားတွေ စခန်းချနေမှာပါ၊ နေမထွက်ခင် အိုဝါနဲ့ ဟာနီ မနိုးခင် တို့သားအမိ မြင်းတပ်သားတွေဆီ ရောက်နေမှာပါ၊ အရိပ်တွေကို မကြည့်နဲ့ မကြောက်ပါနဲ့ သားရယ်"
စင်တိန်သည် မိမိကိုယ်မိမိ ရဲဆေးတင်ရင်း တတွတ်တွတ် ပြောလာသည်။ အာဖရိက၏ ညများသည် လျှို့ဝှက် နက်နဲမှုများနှင့် အန္တရာယ်များ ထူပြောလှသည်။

စင်တိန်သည် ရပ်လိုက်ပြီး ခြေရာများကို ရှာသည်။ လရောင်အောက်တွင် မြင်ကွင်းသည် နေ့ခင်းနှင့် လုံးဝ မတူဘဲ ခြားနားနေသည်။
"တို့ နေ့ခင်းကခြေရာတွေကို အခုလောက်ဆို တွေ့သင့်ပြီ၊ ပျောက်များသွားပြီးလား"
စင်တိန် နောက်သို့ လှည့်ပြီး သုံးလေးလှမ်းပြန်လျှောက်သည်။

"ဒီကွင်းစပ်ထိပ်မှာ ငါနေ့လယ်က ခြေရာတွေတွေ့ခဲ့တာ သေချာပါတယ်၊ သြ ... တွေ့ပြီ ... တွေ့ပြီ ... လရောင်က ဆန့်ကျင်ဘက် ဖြစ်နေတာကိုး"
လရောင်အောက်တွင် မြင်းခွာရာများကို အထင်းသား တွေ့ရသည်။ မြင်းသည်တော်များက သူတို့ ခွာရာများ ကို ဖျောက်သွားခြင်း မရှိပေ။ လေလည်းမထန်သဖြင့် ခြေရာများက ပျက်မသွားပေ။ ရှေ့ဆုံးမှ မြင်းတစ်ကောင်က ဦးဆောင်သွားသည့် ခြေရာကို တွေ့ရသည်။ တစ်နေရာတွင် ထို ရှေ့ဆုံးမြင်းပေါ်က ဆင်းသော လူတစ်ယောက် ဖိနပ်ခွာရာကို တွေ့ရှိသည်။ ဖိနပ်က မြင်းစီးဖိနပ်ရှည် ဖြစ်သည်။ ခြေလှမ်း အနေ အထား ကို ကြည့်ခြင်းဖြင့် ထိုသူသည် အရပ်ရှည်သူဖြစ်ကြောင်း သိရသည်။ စင်တိန်၏ မျှော်လင့်ချက် ရောင်ခြည်များ ပိုမိုတောက်ပလာသည်။

"ကျွန်မတို့ကို စောင့်ပါဦး ... ကျွန်မတို့ သားအမိ ရှင်တို့ကို မီလပ်တဲ့အထိ စောင့်ကြပါဦး မြင်းသည်တော်တို့ ရယ်" စင်တိန်ကခွာ တိုးတိုးရေရွတ်လိုက်သည်။
စင်တိန်က ခပ်မြန်မြန်ဆက်လျှောက်သည်။
"သူတို့ စခန်းချတဲ့နေရာက မီးပုံမီးရောင်ကို တွေ့အောင် ရှာရမှာပဲ ရှာဆာ၊ သူတို့ဒီက မဝေးတဲ့ နေရာမှာ စခန်းချ နေလိမ့်မယ်နဲ့ တူတယ်၊ ဟိုမှာလား ... အဲဒါဘာပါလိမ့် ... မင်းမြင်သလား ... ရှာဆာ"
စင်တိန် သည် တောထဲသို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။

"ငါတစ်ခုခု မြင်လိုက်တာတော့ ပျောက်သွားပြန်ပြီ၊ ငါမြင်လိုက်ရတာတော့ အရိပ်ခပ်ကြီးကြီးပဲ၊ ကိစ္စ မရှိ ပါဘူးလေ ပျောက်သွားလဲ ဒီနေရာကို ရောက်မှာပဲဟာ"
စင်တိန်က ရှေ့သို့ စိုက်ကြည့်ပြီး လျှောက်သွားပြန်သည်။ သစ်ပင်များ တောအုပ်များပါးသွားပြီး ကွင်းစပ် တစ်ခု ထိပ်သို့ ရောက်သွားပြန်သည်။ ခပ်တိုတို မြက်ခင်းပေါ်သို့ လရောင်က ပြာကျနေသည်။ တစ်ဘက် တောစပ်သို့ စင်တိန် လှမ်းကြည့်လိုက်သည်။ သူမျှော်လင့်ထားသော ခပ်မှိန်မှိန်ခပ်ငွေ့ငွေ့ လောင်နေသည့် မီးပုံ၊ ထိုအနားမှ မြင်းများ အရိပ်များ၊ အိပ်နေသော လူပုံသဏ္ဍာန်များအား လုံးဝမတွေ့ရပါချေ။ တောရိုင်း တိရစ္ဆာန်ငယ် တစ်အုပ် တောစပ်မှ ထပြေးသွားသည်ကိုတော့ မြင်လိုက်ရသည်။

"ဒီအကောင်တွေ ဘာများ ကြောက်ပြီး ပြေးကြပါလိမ့်၊ တို့အနံ့ကို သူတို့ရ ရအောင်ကလဲ လေက သူတို့ဘက် တိုက်နေတာမှ မဟုတ်ဘဲ၊ တစ်ခုခုကတော့ တို့နောက်ကို လိုက်နေပုံရတယ် ရှာဆာ"
စင်တိန်သည် ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်ပြီး ကြည့်လိုက်သည်။ ထို့နောက် ရှေ့ဘက်လျှောက်သည်။ ဆယ့်လေးငါးလှမ်းအရောက်တွင် ကြောက်စိတ်ဝင်လာပြီး ရပ်လိုက်ပြန်သည်။
"င့ါမျက်စိထဲမှာ အရိပ်မြင်လိုက်ရသလိုပဲ၊ မင်းရော ကြားသလား ရှာဆာ၊ ငါတို့နောက်ကို တစ်ခုခု လိုက်နေ တယ်၊ ငါခြေသံတွေ ကြားရတယ်၊ ဟော ... အခု ရပ်သွားပြန်ပြီ၊ တို့ကို စောင့်ကြည့်နေတယ်လို့ ငါ့စိတ်ထဲ မှာ ထင်နေတယ်"

ထိုအချိန်တွင် တိမ်တစ်အုပက် လကို ဖုံးသွားရာ အမှောင်ထုက ကြိုးစိုးလွှမ်းမိုးသွားသည်။ စင်တိန်သည် အမှောင်ထုထဲမှာပင် ရှေ့သို့ ဆက်လျှောက်သွားသည်။
မကြာခင်ပင် တိမ်စင်သွားပြီး လရောင်ရေးရေး ပြန်ပေါ်လာသည်။
"ရှာဆာ"
စင်တိန်က အလန့်တကြားခေါ်လိုက်မိသည်။ မြင်းလောက်ကြီးသော အရွယ်ရှိ အရိပ်သဏ္ဍာန် တစ်ခုကို မြင်လိုက်ရသည်။ စင်တိန်က "ရှာဆာ" ဟု အလန့်တကြားအော်လိုက်မိသော အသံကြောင့် ထိုအရာသည် မြက်တော ထဲသို့ ငုပ်လျှိုးပျောက်ကွယ်သွားပြန်သည်။

စင်တိန်က သစ်ပင်များဆီသို့ တအားပြေးသည်။ စင်တိန်သစ်ပင်များဆီသို့ မရောက်ခင်ပင် လရောက် ပျောက် သွားပြန်သည်။ အမှောင်ထဲတွင် စင်တိန်လဲကျသွားရာ ဆာရှာက အီခနဲ အော်လိုက်သည်။
"တိတ် ... တိတ် ... ကလေးရယ် ... တိတ်"
သို့သော် စင်တိန်၏ တုန်လှုပ်ကြောက်ရွံ့နေမှုကို ကလေးက သိ၍လားမဆိုနိုင်၊ တစ်ချက်အော်လိုက်ပြန် သည်။
"တိတ် ... သားရယ် ... တိတ်၊ အသံမပြုနဲ့၊ အသံကြားယင် တို့နောက်က သူလိုက်လာလိမ့်မယ်"
သူမြင်လိုက်ရသော အရိပ်မှာ မည်သည့်သတ္တ၀ါဖြစ်ကြောင်း စင်တိန် သိလိုက်ရပြီ ဖြစ်သည်။ ယခင်က ဤသတ္တ၀ါမျိုး သူတွေ့ဖူးခဲ့ပြီ။ စင်တိန်သည် ဆာရှာကို အကာအကွယ်ပေးပြီး ရင်ဘတ်အောက်တွင် ထားပြီး ပြားပြားဝပ်နေသည်။ ထို့နောက် ကျယ်လောင်စူးရှသော တောကောင်ဟောက်သံကြီး ပေါ်လာရာ စင်တိန် အဖို့ အသည်းရောအူပါ ကပြောင်းကပြန် ဖြစ်သွားသလို ခံစားလိုက်ရသည်။ ယခင်က ထိုအသံမျိုး ကြားဖူး သော်လည်း ယခုလောက် နီးနီးနှင့်ကျယ်ကျယ် မကြားဖူးပေ။

"အလိုလေးဘုရား ... ကယ်တော်မူပါ"
ခြင်္သေ့ဟောက်သံကြီးက နားကွဲလုမတတ်ကျယ်ပြီး အသည်းတုန် အူတုန် ဖြစ်သွားရသည်။ အာဖရိက တောရိုင်းတိရစ္ဆာန်များထဲတွင် ကြောက်စရာအကောင်းဆုံးအသံပင် ဖြစ်သည်။
ထိုအချိန်တွင် လရောင်ပြန်ထွက်လာရာ ခြင်္သေ့ကြီးကို စင်တိန် ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူ့ရှေ့ ခြေလှမ်း၅၀ခန့် အကွာတွင် သူနှင့် မျက်နှာချင်းဆိုင် ရပ်နေသည်။ ခေါင်းတစ်ဝိုက်တွင် လည်ဆံမွေးကြီးများ တဖွားဖွား ရှိနေသည်။ အမြီးက ဘယ်ညာ လှုပ်ယမ်းနေသည်။ ပါးစပ်ကြီးကို ဟလိုက်ပြီး နောက်တစ်ကြိမ် ဟိန်း လိုက်ပြန်ရာ ပါးစပ်ထဲမှ သွားကြီးများကို လရောင်တွင် အဖွေးသားမြင်လိုက်ရတော့သည်။

ခြင်္သေ့ကြီးမှာ အသက်အရွယ်အိုမင်းရင့်ရော်နေသော ခြင်္သေ့အိုကြီးဖြစ်သော မာန်မ၀ံ့နိုင်တော့သည့် အချိန် အရွယ် ဖြစ်နေသည်။ သွားများ လက်သည်းများလည်း ကျိုးပဲ့စုတ်ပြတ်နေသည်။ အသားအရည်များလည်း ပိန်ချုံး ကာ တွန့်ပြီးတွဲကျနေတည်။ မကြာခင်က လူငယ်တစ်ယောက်နှင့် တွေ့ဆုံ တိုက်ပွဲဖြစ်ခဲ့ရာတွင် မျက်စိ တစ်ဘက် ဆုံးခဲ့ရသည်။ ထို့ကြောင့် မျက်စိတစ်ဘက် ဟောက်ပက်နှင့် ငရမန်ကန်းခြင်္သေ့အိုကြီး ဖြစ်နေ ရသည်။

ခြင်္သေ့အိုကြီးမှာ ယခုအခါ မကျန်းမမာ ဖြစ်နေသည်။ အစာမစားရသည်မှာ သုံးလေးရက် ရှိပြီ ဖြစ်၍ ဆာလောင်မွတ်သိပ်နေသည်။ အသက်အရွယ်ကြီးပြီး အင်အားချိနဲ့ကာ တိုက်ပွဲများ မအောင်သဖြင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေချိန် ဖြစ်သည်။ လူသားပုံရိပ်ကို မြင်ရသောအခါ အတွေ့အကြုံအရ အရဲမစွန့်ရဲဘဲ ခပ်လှမ်းလှမ်းမှသာ အကဲခတ်စောင့်ကြည့်နေခြင်း ဖြစ်သည်။
စင်တိန်ကလည်း ပြန်အကဲခတ်လိုက်သည်။ မိမိ ထွက်ပြေးလျှင် နောက်မှ လိုက်အုပ်ပေလိမ့်မယ်။ ထို့ကြောင့် ညာဘက်ဖြင့် တောင်ဝှေးအချွန်ကို အရှေ့ဘက်မှ ထားကာ မြှောက်ကိုင်ပြီး ဘယ်ဘက်ဖြင့် ကလေးကို တင်းတင်းပွေ့ချီကာ တအားကုန်ဟစ်အော်ပြီး ခြင်္သေ့အိုကြီးဆီသို့ ပြေးဝင်သွားသည်။ ခြင်္သေ့ အိုကြီးကို နောက်ပြန်လှည့်ပြီး ခြေလှမ်း ၅၀ခန့် ဆုတ်ပြေးသွားသည်။ ထို့နောက် ရပ်လိုက်ပြီး စင်တိန်ကို နောက်ပြန်လှည့်ကြည့်ကာ အမြီးကို ဘယ်ညာယမ်းရင်း အော်လိုက်ပြန်သည်။

စင်တိန်သည် ကလေးတစ်ဘက် တောင်ဝှေးတစ်ဘက်နှင့် ခြင်္သေ့နှင့်မျက်နှာချင်းဆိုင်အနေအထားမှ နောက်သို့ မသိမသာ တစ်လှမ်းချင်းဆုတ်သည်။ ဘေးဘီတစ်ဝိုက်ကို မသိမသာခေါင်းစောင်းပြီး ကြည့် လိုက် သည်။ မလှမ်းမကမ်းတွင် မိုပါနီအပင်ကြီး တစ်ပင်ကို မြင်ရသည်။ ဖြောင့်စင်းခိုင်မာသော ပင်စည်ကြီး ကို တွေ့ရသည်။ မြေပြင်မှ မလှမ်းမကမ်းတွင် အကိုင်းတစ်ကိုင်း ရှိသည်။ သစ်ပင်ကြီးမှာ တကယ်တမ်း အားဖြင့် မိမိနှင့်သိပ်မဝေးလှသော်လည်း ယခုခြင်္သေ့ကြီးက မိမိအား စောင့်ကြည့်နေသော အနေ အထားတွင်မူ ကမ္ဘာ တစ်ဘက်စွန်းအထိ ဝေးနေသည်ဟု ထင်ရသည်။
"တို့ပြေး မှ ဖြစ်တော့မယ် ရှာဆာ၊ ဖြည်းဖြည်း ... ဖြည်းဖြည်း"

စင်တိန်က တိုးတိုးပြောလိုက်သည်။ အသံက တုန်နေသည်။ စင်တိန်သည ည၏ အအေးဓာတ်နှင့် ကြောက်စိတ် တို့ကြောင့် ခိုက်ခိုက်တုန်နေသော်လည်း နဖူးကချွေးများက မျက်လုံးထဲအထိ စီးကျ လာသည်။
ခြင်္သေ့အိုကြီးက စင်တိန်နှင့် မလှမ်းမကမ်းမှနေ၍ လှည့်ပတ်စောင့်ကြည့်နေသည်။ ခြင်္သေ့ကြီ၏ တစ်လုံး တည်းသော မျက်စိမှ တောက်ပသောအရောင်ကို တွေ့ရသည်။
"တို့ သစ်ပင်ဆီရောက်အောင် သွားမှ ဖြစ်မယ် ရှာဆာ"
ကလေး ခြေထောက် က စင်တိန့်တင်ပါးကို လာကန်သည်။ ခြင်္သေ့ကြီးက ရပ်လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံ နေသည်ကို စင်တိန် တွေ့ရသည်။

"အလိုဘုရားရေ၊ ဧရာမအကောင်ကြီးပါလား"
စင်တိန် ခလုတ်တိုက်မိပြီး လဲကျလုနီးပါး ဖြစ်သွားရာ မလဲအောင် မနည်းထိန်းလိုက်ရသည်။ ခြင်္သေ့ကြီးက တရှူးရှူး တရှဲရှဲ အသံမြည်လာပြီး ရှေ့သို့ တိုးလာသည်။ စင်တိန် ကြောက်အား လန့်အားဖြင့် အော် လိုက်ပြီး လက်ထဲမှ တောင်ဝှေးဖြင့် လှမ်းပြီး ယမ်းလိုက်သည်။

ခြင်္သေ့ကြီးကရပ်လိုက်ပြီး စင်တိန်အား စိုက်ကြည့်နေသည်။ စင်တိန်က နောက်ဘက်သို့ တစ်လှမ်းချင်း ဆုတ်သွား သောအခါ ခြင်္သေ့ကြီးက ရှေ့သို့ တစ်လှမ်းချင်းလိုက်တက်လာသည်။
"သစ်ပင်ရှာဆာ၊ တို့ သစ်ပင်အောက် ရောက်အောင်သွားရမယ်"
ခြင်္သေ့ကြီးက စင်တိန်ကို ဝိုင်းပတ်လျှောက်နေသည်။ စင်တိန်က ကောင်းကင်ကို မော့ပြီး လမင်းကြီးးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ တိမ်တစ်အုပ်က မြောက်ဘက်မှနေ၍ လမင်းကြီးဆီကို လာနေသည်။

"လမင်းကြီးကို တိမ်မဖုံးပါစေနဲ့"
စင်တိန် တိုးတိုးလေး ဆုတောင်းလိုက်သည်။ မိမိတို့ သားအမိအသက်သည် လရောင်မှုံပျပျပေါ်တွင် မူတည်နေသည်။ အမှောင်ဖုံးသွားလျှင် မိမိတို့ ခြင်္သေ့အစာဖြစ်သွားနိုင်သည်။ မိမိတို့အား ဝိုင်းပတ်လျှောက်နေသော ခြင်္သေ့ကြီး၏ စက်ဝိုင်းက ကျဉ်းလာနေသည်။ နောက်ဆုံး ခုန်အုပ်ကိုက်ဖြတ် တော့မည့် အချိန်မှာ စက္ကန့်ပိုင်းလောက်သာ လိုတော့မည် ထင်ရသည်။
နောက်သို့ မသိမသာ တစ်လှမ်းချင်းဆုတ်နေသော စင်တိန်သည် တစ်စုံတစ်ခုနှင့် မိမိကျော သွားတိုက်မိ ပြီး လဲတော့မလိုဖြစ်သွားသည်။ နောက်မှ မိုပါနီအပင်၏ပင်စည်ကြီးနှင့် တိုက်မိမှန်းသိလာရသည်။ ထို့ကြောင့် သစ်ပင်ပင်စည်ကို လှမ်းကိုင်မှီတွယ်ထားလိုက်ရသည်။ သူမခြေထောက်များကမူ မခိုင်ချင်သလို ဖြစ်လာသည်။

စင်တိမ်အဖို့ သစ်ပင်ခြေရင်း၌ ပုံကျသွားလောက်အောင်ပင် တုန်နေသည်။ သို့သော် စိတ်ကို အနိုင်နိုင်ထိန်း ပြီး အားတင်းလိုက်သည်။ ပခုံးတွင် လွ့ယ်ထားသော သားရေအိတ်ကို ဖြုတ်ယူလိုက်သည်။ လွယ်အိတ်ထဲမှ ငှက်ဥရေဘူးများကို ထုတ်ယူလိုက်သည်။ ထို့နောက်လွယ်အိတ်ထဲကို ရှာဆာကို ခြေထောက်ဘက်မှစပြီး ထိုးသွင်းသည်။ ကလေးခေါင်းလေးသာ လွယ်အိတ် နှုတ်ခမ်းဝတွင် ပေါ်တော့သည်။ ထိုလွယ်အိတ်ကို စင်တိန်သည် ကျောဘက်တွင်ထားပြီး လည်ပင်းမှ လွယ်လိုက်သည်။ ရှာဆာက တအားအော်ငိုသည်။
"တိတ်ပါကလေးရယ်... တိတ်....တိတ်. "

စင်တိန်သည် သူမ၏တောင်ဝှေးတုတ်ချွန်ကို ခါးမှ ကြိုးခါးပတ်တွင် ဓားသဖွယ် ချိတ်ပြီးချည်လိုက်သည်။ ထို့နောက် သစ်ပင်၏ အောက်ဆုံးကိုင်းမှ သစ်ကိုင်းကို ခုန်ပြီး လှမ်းဆွဲလိုက်ရာ လက်နှစ်ဖက်နှင့် ဆုပ်ကိုင် ဆွဲချိတ်မိသွားသည်။ ထိုအခါ ခြေထောက်နှစ်ဖ်က သစ်ပင်ပင်စည်ကို ကန်ပြီး အားပြုကာ အပေါ်သို့ ကုတ်ကပ်တွယ်တက်သည်။ ထိုသို့ တက်၍ရလိမ့်မည်ဟု စင်တိန်ဘယ်တုန်းကမှ မထင်ခဲ့။ သို့သော် ယခု သေရေးရှင်ရေး ဖြစ်လာသောအခါ သစ်ကိုင်းပေါ်သို့ တက်၍ရသွားတော့သည်။

မြေပြင်မှ ငါးပေခန့်အမြင့်ရှိသော အောက်ဆုံးသစ်ကိုင်းပေါ်သို့ စင်တိန် ရောက်သွားသောအခါ ခြင်္သေ့ကြီး က သစ်ပင်အောက်အထိ ရှေ့တိုးလာသည်။ စင်တိန်သည် အပေါ်ဘက်ရှိ သစ်ကိုင်းနှစ်ကိုင်းသို့ ထပ်မံ တွယ် တက်သွားပြန်သည်။ သို့သော် သစ်ပင်၏ပင်စည်နှင့် အကိုင်းများက ဆူးများရှိပြီး မိကျောင်း အရေခွံ လို ကြမ်းတမ်းရာ စင်တိန်၏ လက်ဖဝါးနှစ်ဖက်နှင့် ခြေသလုံးညှို့သကြီးနှစ်ဖက်တွင် စူးရှ စုတ်ပြဲ၍ သွေးများ စီးကျလာသည်။ စင်တိန်သည် ပေ ၃၀ ခန့် အမြင့်ရှိ သစ်ကိုင်းခွဆုံတစ်ခုသို့ရောက်သွားသည်။
စင်တိန်လက်ဖဝါးနှင့် ခြေသားလုံးတို့မှ ထွက်ပြီးစီးကျလာသော လူ့သွေးနံ့ကိုရသောအခါ ခြင်္သေံကြီးသည် သစ်ပင် အောက် တွင် လှည့်ပတ်ပြီး ဟိန်းဟောက်နေသည်။ စင်တိန်ချထားခဲ့သော သစ်ပင်ရင်းမှ ငှက်ဥ ရေဘူး ကို နှာခေါင်းနှင့် တရှုံ့`ရှုံ့လုပ်ကာ အနံ့ခံနေသည်။

" တို့လုံခြုံစိတ်ချရပြီ ရှာဆာ"
စင်တိန်သည် သစ်ပင်ခွဆုံတွင်ထိုင်ကာ ကလေးကို ပေါင်ပေါ်တင်ထားပြီး အောက်သို့ငုံ့ကြည့်လိုက်သည်။ သစ်ကိုင်း သစ်ရွက်များကြာမှနေ၍ ခြင်္သေ့ကြီး၏ကျောကုန်းကို တွေရသည်။ အရှ့ဘက်ကောင်းကင်တွင် အရုဏ်ဦး ရောင်နီ ပျို့စပြုလာပြီဖြစ်၍ ပို၍ထင်ရှားစွာမြင်လာရသည်။
"မကြာခင် နေထွက်လာယင် ဒီသတ္တဝါကောင်ကြီး ထွက်သွားတော့မှာပါ ရှာဆာ" စင်တိန်က သားငယ် ကို ပြောလိုက်သည်။
အောက်ဘက်တွင် ခြင်္သေ့အိုကြီးသည် ရှေ့ခြေထောက်နှစ်ချောင်းဖြင့် ပင်စည်ကို ပတပ်ရပ်ကာ အပေါ်သို့ မော့်ကြည့် နေသည်။

"သတ္တဝါကောင်ကြီးမှာမျက်စိတစ်လုံးပဲရှိတယ်၊ တစ်လုံးကန်းနေတယ် ရှာဆာ"
ခြင်္သေ့ကြီးက သစ်ပင်ပင်စည်ကို ရှေ့လက်နှစ်ဖက်မှ လက်သည်များဖြင့် ကုတ်ခြစ်နေရင်း ဟိန်းဟောက် ခြိမ်းခြောက် လိုက်ပြန်သည်။
"သွား....သွား"
စင်တိန်က တအားကုန်းအော်ပြီး မောင်းထုတ်နေသည်။ မိုက်ကယ်ကလည်း ပြောဖူးသည်။ စင်တိန်လည်း စာထဲ တွင် ဖတ်ဖူးသည်။ ခြင်္သေ့များ သစ်ပင်မတက်နိုင်ဟု ဆိုသည်။ ယခုဤခြင်္သေ့ကြီးကာ အောက်ဘက် ဆယ်ပေ ခန့်ရှိ သစ်ပင်ခွဆုံနေရာသို့ပင် ရောက်နေသည်ကို စင်တိန်တွေ့လိုက်ရသည်။ ခြင်္သေ့ကြီးသည် မိမိ တို့ သားအမိရှိရာအထိ တက်လာတော့မည်ကို စင်တိန်သိနာလည်လိုက်သည်။ အချိန်မှာ မိနစ်ပိုင်းသာ ကျန် တော့သည်။

"ရှာဆာ မင်းအသက်ကို ငါကယ်ရတော့မယ်"
စင်တိန်သစ်ပင်ခခွဆုံပေါ်တါင် ထရပ်လိုက်ပြီး ဘေးမှ သစ်ကိုင်းတစ်ကိုင်းကို လက်ဖြင့် လှမ်းကိုင် လိုက် သည်။
"ဟိုမှာ တွေ့ပြီ"
စင်တိန်က ပြောလိုက်သည်။ သူမ ခေါင်းပေါ်ဘက်တွင် ပင်စည်မှ ငေါထွက်နေသော သစ်ကိုင်းအကျိုး တစ်ချောင်း ကို ဦးထုပ်ချိတ်သဖွယ် လှမ်းမြင်ရသည်။ စင်တိန်သည် ရှိသမျှအားအကျန်ကို ဖျစ်ညှစ်ထုတ်ပြီး ရှာဆာ ကို ထည့်ထားသော သားရေလွယ်အိတ်ကို မကာ အဆိုပါချိတ်တွင် မိမိရရ ချိတ်လိုက်သည်။
"ခွဲကြ စို့ သားရေ ... မေမေ နှုတ်ဆက်ခဲ့တယ်၊ ဘွားဘွား ဟာနီ မင်းကို ရှာလို့ တွေ့မှာပါကွာ၊ ဘာမှ မပူနဲ့ နော် သား"

လွယ်အိတ်ထဲမှ ရှာဆာက ကန်ကြောက် အော်ဟစ်ငိုယိုနေသည်။ စင်တိန်သည် ခွဆုံတွင် ပြန်ထိုင်လိုက်ပြီး ခါးတွင် ချိတ်ထားသော တောင်ဝှေးအချွန်ကို ဖြုတ်ယူလိုက်သည်။
"တိတ်တိတ် နေ သားရေ ... တိတ်တိတ်နေ ... မင်းအသံကို သူ မကြားယင် မင်းကို သူတွေ့မှာ မဟုတ် ဘူး"
ခြင်္သေ့ကြီး သည် သူရောက်နေသော အောက်ဘက်ခွံဆုံ၌ နောက် ခြေနှစ်ချောင်းဖြင့် ရပ်ကာ ရှေ့ခြေ နှစ်ချောင်း က အပေါ်ဘက် ပင်စည်ကို ကန်ပြီး ပတပ်ရပ်ကာ ဟိန်းဟောက်လိုက်ပြန်သည်။ ထို့နောက် ပါးစပ် ကြီးဖြဲပြီး ရှေ့လက်နှစ်ချောင်းမှ လက်သည်းများက ပင်စည်ကို ကုတ်ခြစ်တတ်လာရာ စင်တိန်နှင့် လက် တစ်ကမ်း သာသာသို့ ရောက်လာလေသည်။

စင်တိန်သည် တအားကုန်းကြုံးအော်ပြီး လက်ထဲမှ တောင်ဝှေးတုတ်ချွန်ဖြင့် ခြင်္သေ့ကြီး၏ မျက်နှာဆီသို့ အားကုန် စိုက် ထိုးချလိုက်သည်။ တုတ်ချွန်က ခြင်္သေ့ပါးစပ်ထဲ တန်းဝင်သွားပြီး သွေးစက်များ ပန်း ထွက်လာ သည်။ သို့သော် ခြင်္သေ့က တုတ်ကို ကိုက်ပြီး ခါယမ်းပစ်လိုက်ရာ တုတ်ချောင်းလည်း သစ်ပင် အောက် သို့ လွင့်စင်ကျသွားသည်။

ပါးစပ်ထဲမှ သွေးများ စီးကျလျက်ကပင် ခြင်္သေ့ကြီး၏ ရှေ့ဘက် လက်သည်းများက အပေါ်သို့ ကုတ်ခြစ် တက်လာသည်။ ရှေ့လက်ဖြင့် စင်တိန် ခြေထောက်ကို လှမ်းဆွဲလိုက်ရာ စင်တိန်က ခြေထောက်ကို ခွဆုံ ပေါ်သို့ ဆွဲတင်လိုက်သဖြင့် လွတ်ရုံလေး ဖြစ်သွားသည်။ နောက် တစ်ချက် လှမ်းဆွဲလိုက်တွင် စင်တိန် ခြေသလုံး ကို ခြစ်မိသွားသည်။
နောက်တစ်ချက်တွင် ခြင်္သေ့ကြီးလက်က စင်တိန့်ခြေသလုံးကို ဆုပ်ကိုင်မိသွားပြီး အောက်သို့ ဆွဲချနေ သည်။ စင်တိန် လက်နှစ်ဖက်ဖြင့် သစ်ကိုင်းကို အတင်းဆုပ်ကိုင်ပြီး တွဲထားသော်လည်း အားချင်းမမျှသဖြင့် အရိုး အဆက် များမှ ပြုတ်ထွက်သွားမလားဟုပင် ထင်ရသည်။ စင်တိန် ဆုပ်ကိုင်ထားသော လက်များက တစ်လက်မ ချင်း လျှောကျလာနေသည်။
"သားလေး ကိုသာ စောင့်ရှောက်ကယ်တော်မူပါဘုရား"
(၃၄)

ဂါရီကုတ်နေသည် ၀င်းဟုပ်မြို့ရှိ ကိုင်ဇာဟော့ဖ် ဟိုတယ်၌ အန်စတော့နှင့်အတူ အခန်းငှားနေလာသည်မှာ ၁၈ လ ရှိလာပြီဖြစ်သည်။ အန်သည် အင်္ဂလိပ်စကားကို လေ့ကျင့်သင်ကြားလာရာ အတော်ပင် တတ်လာ သည်။ အစားကောင်း အသောက်ကောင်းများ စားနေရသော်လည်း ကိုယ်ရေစစ်သွားပြီး အလေးချိန်လျော့ သွားသည်။
ထို ၁၈လ အတွင်း သူတို့သည် ဟိုတယ်၌ အခြေစိုက်ပြီး စင်တိန် ရှာပုံတော် ဖွင့်နေသည်။ ယခင် သူတို့ သုံးခဲ့ သော ဖို့ဒ်ကားအစား ဖီးယက်ကားကို ပြောင်းသုံးနေသည်။ ကားနှင့် သွားမရသည့် တောင်စဉ်တောင်တန်း များသို့ မြင်းများ၊ လားများဖြင့် သွားကြသည်။ သို့သော် အစအနလည်း မတွေ့ရ သတင်းလည်း မကြားရဘဲ ဖြစ်နေသည်။

ဂါရီ သည် ကိပ်တောင်းမြို့၌ ပိုစတာအချပ်ပေါင်း (၅၀၀၀) ရိုက်နှိပ်ပြီး အနောက်တောင် အာဖရိက (ယခု နမီးဘီးယားဒေသ) ရှိ ရဲစခန်းများ၊ တရားရုံးများ၊ စာတိုက်များ၊ ဘူတာရုံများ အနှံ့ဖြန့်ဝေ ကြော်ငြာလိုက် သည်။ မိမိနှင့် အန်တို့သွားရာ နေရာတိုင်းသို့လည်း ပိုစတာများ ယူသွားပြီး ဈေးဆိုင်များ အရက်ဆိုင်များ၏ နံရံများတွင် ပိုစတာများ ကပ်ထားခဲ့ကြသည်။ လမ်းဘေးသစ်ပင်များနှင့် တောထဲ သစ်ပင် များ၌လည်း တတ်နိုင်သမျှ လိုက်ကပ်ကြသည်။ ပိုစတာမှာ အောက်ပါအတိုင်း ရေးသားထားသည်။

ပေါင်ငွေ ၅၀၀၀ ဆုချီးမြှင့်မည်

ဆွာတာမန်း မြောက်ဘက်ကမ်းရိုးတန်း အလွန်တွင် ၁၉၁၇ခုနှစ်၊ သြဂုတ် ၂၈ရက်နေ့၌ ဂျာမန် ရေငုပ် သင်္ဘောက တော်ပီဒိုဖြင့် ရက်စက်စွာ ပစ်ခတ်တိုက်ခိုက်ခံရ၍ နစ်မြှုပ်သွားသော ပရိုတီးပီးယား  ဆေးရုံ သင်္ဘော မှ အသက်မသေဘဲ ကျန်နေသေးဦးမည့် စင်တိန်ဒီသီရီကုတ်နေ အား ကယ်ဆယ်ရရှိအောင် သတင်းပေးနိုင်လျှင် ဆုငွေပေါင် ၅၀၀၀ ချီးမြှင့်မည်။
မစ္စက်ကုတ်နေသည် ကမ်းပေါ်သို့ ရောက်ရှိသွားသည်ဟု ယူဆရပြီး လူရိုင်းများ၏ လက်ထဲသို့ ရောက်နေ ကောင်း ရောက်နေမည်။ သို့မဟုတ် တောကြီးမြက်မည်းထဲ၌ တစ်ယောက်တည်း ရှိကောင်းရှိနေမည်။ သူမ မည်သည့်နေရာတွင် ရှိသည်ကို သိရှိပါက ၀င်းဟုပ်မြို့၊ ကိုင်ဇာဟော့ဖိ ဟိုတယ်` နေထိုင်သော အောက်ပါ လက်မှတ်ထိုးသူ ပုဂ္ဂိုလ်ထံ သတင်းပေးနိုင်လျှင် အထက်ပါ ဆုငွေ ပေါင် ၅၀၀၀ ချီးမြှင့်မည်။

ဒု-ဗိုလ်မှူးကြီး ဂျီပီကုတ်နေ

ပေါင် ၅၀၀၀ ဆိုသည်မှာ နည်းနည်းနောနော ငွေမဟုတ်ပေ။ သာမန်အလုပ်သမားတစ်ယောက်၏ အနှစ်နှစ် ဆယ်လစာနှင့် ညီမျှသည်။ ကျွဲနွားများ ၀ယ်ပြီး မွေးမြူရေးခြံတစ်ခြံ ကောင်းကောင်းဝယ် နိုင်သည်။ လူတစ်ယောက်အတွက် တစ်သက်စာ ဖူလုံအောင် ရင်းနှီးမြှုပ်နှံနိုင်သော ငွေကြေးပမာဏ ဖြစ် သည်။
ထို့ကြောင့် ဂါရီနှင့် အန်တို့ထံလာပြီး အမျိုးမျိုးလှည့်ပတ်ရန် ကြိုးစားသူများလည်း ရှိသည်။ သတင်း လာပေး သူများလည်း ရှိသည်။ ထိုသူများကို ဂါရီနှင့် အန်တို့က လက်ခံတွေ့ဆုံကာ စီစစ်လိုက်သောအခါ အခြေ အမြစ် မခိုင်သည်ကို တွေ့ရသည်။

တစ်နေ့တွင် သူတို့၏ ပိုစကာတစ်ရွက် ခေါက်လျက်နှင့် ချိတ်ပိတ်ကာ စာတိုက်မှတစ်ဆင့် သူတို့ဆီ ပြန် ရောက်လာသည်။ လွန်ခဲ့သော လေးရက်က ပို့လိုက်ခြင်း ဖြစ်သည်။ ပို့လိုက်သော စာတိုက်တံဆိပ်မှာ ၀င်ဟုပ်မြို့နှင့် ကမ်းရိုးတန်းသွားသော ရထားလမ်းကျဉ်းလေး၏ ခရီးတစ်ဝက်ရှိ ယူဆာကို စာတိုက် တံဆိပ် ဖြစ်သည်။ တံဆိပ်ခေါင်း မကပ်လိုက်သဖြင့် ဂါရီနှင့် အန်က ဒဏ်ကြေးပါပေးပြီး ရွေးယူရသည်။
လိပ်စာ ကို ဂျာမန်လိုရေးထားသည်။ လက်ရေးမှာ ပညာတတ်တစ်ယောက်၏  လက်ရေးမျိုး ဖြစ်သည်။ ဂါရီ က ချိတ်ခွာပြီး စာရွက်ကို ဖြေလိုက်သည်။ စာရွက်အောက်ခြေတွငသ် စာကို တိုတောင်းပြတ်သားစွာ ရေးပြီး သူတို့အား ဖိတ်ခေါ်ထားသည်။ လာရမည့်နေရာကို ဖော်ပြထားသော လက်ရေးဖြင့် ဆွဲထားသည့် မြေပုံ  အညွှန်း လည်း ပါသည်။ သို့သော် စာနှင့် မြေပုံအောက်တွင် လက်မှတ်ထိုးမထားပေ။

ယူဆာကို စာတိုက်ဗိုလ်ဆီသို့ ဂါရီချက်ချင်း သံကြိုးရိုက်ပြီး အကျိုးအကြောင်း မေးသည်။ စာတိုက် အသေးလေးဖြစ်၍ စာအပို့အယူနည်းမည်ဖြစ်ရာ မိမိထံ ပါဆယ်ထုပ်လာပို့သူ ဘယ်သူဘယ်ဝါ ဆိုသည်ကို သိပါသလား ဟု မေးသည်။ စာတိုက်ဗိုလ်က ထိုအထုပ်ကို ညဘက်တွင် စာတိုက်ဆင်ဝင်အောက်၌ လာချ သွားခြင်းဖြစ်၍ မည်သူမည်ဝါ မည်သို့ပုံသဏ္ဍာန်ရှိသည်ကို မမြင်လိုက်ရကြောင်း အကြောင်းပြန်သည်။

ဂါရီနှင့် အန်တို့သည် ချိန်းဆိုသည့်နေရာသို့ လူမသိအောင် လျှို့ဝှက်သွားကြသည်။ ၀င်းဟုပ်မြို့ မြောက်ဘက် မိုင် ၁၅၀ခန့် အကွာရှိ လူသူ အရောက်အေပါက်နည်းပြီး ချောင်ကျသော ကာမတ် တော့ခ်ျလန်း နေရာ ဖြစ်သည်။ ခရီးကြမ်းသုံးရက် အပြင်းနှင်ရသည်။ ဖီးယက်ကားကို ၁၂ကြိမ်ခန့် ရပ်ပြင်ခဲ့ရပြီး ဘီးများ အခါအခါ အသစ်သစ် လဲခဲ့ရသည်။
ချိန်းဆိုထားသည့်နေရာကို သူတို့ ရောက်လုနီးပါး ရှိပြီ ဖြစ်သည်။ လမ်းကြမ်းသော ကုန်းမြင့်ပေါ်မှာ သွားနေ ကြရာမှာ နက်ရှိုင်းသော တောင်ကြားလမ်းဝသို့ ရောက်သွားသည်။ လမ်းမှာ အောက်ဘက်သို့ နိမ့်လျှော့ ဆင်းသွားသည်။ အောက်ဘက်တောင်ကြားလျှိုမြောင်တွင် ကျဉ်းမြောင်းသော မြစ်တစ်သွယ်က စီးဆင်းနေ သည်။ မွန်းလွဲပိုင်းနေရောင်က ရေပြင်ပေါ်တွင် ဖြာကျနေသည်။ ရေပြင်မှ ပြန်ဟပ်လိုက်သော ရောင်ပြန် ဟပ်ချက်များက ဘေးဘက်ကျောက်ဆောင်ကျောက်ကမ်းပါးများတင် ထင်ဟပ်နေသည်။

"ဒီနေရာပဲ၊ ဒီနေရာကို ကြည့်ရတာ ငါတော့ သိပ်သဘောမကျဘူး၊ တို့အဲဒီနေရာ ဆင်းသွားယင်တော့ တို့အဖို့ သူခိုးဒမြတို့ လူသတ်သမားတို့လက်ထဲမှာ ကျားသနားမှ နွားချမ်းသာမယ့် အခြေအနေမျိုး ရောက် သွားလိမ့်မယ်" ဂါရီက အန်အား ပြောလိုက်သည်။
"ဒီမှာ ဂါရီ ... ကျွန်မတို့ ချိန်းထားတဲ့ အချိန်ထက် နောက်ကျနေပြီ"
"ကဲပါ နောက်မှတွေး၊ နောက်မှပြော အခု အောက်ဘက်ဆင်းပါ"
ဂါရီသည် မော်တော်ကားကို ဘရိတ် ဖမ်းရပ်ထားရာမှ ဘရိတ်လွှတ်လိုက်ပြီး အောက်ဘက် လျှိုထဲသို့ မောင်းဆင်းသွားသည်။ အဆင်းလမ်းမှာ မတ်စောက်လှသဖြင့် ဘရိတ်နင်းပြီး ဆင်းရရာ ဘရိတ်ရှူးများမှ မီးခိုးများ ထွက်လာပြီး ညှော်လာသည်အထိ ဖြစ်သည်။

"တို့မိတ်ဆွေတွေက ဘာကြောင့် ဒီနေရာ ရွေးတယ်ဆိုတာ အခု ငါသိပြီ၊ ဒီအောက်ရောက်တာနဲ့ တို့သူတို့ လက်ထဲရောက်ပြီး သူတို့ပြုသမျှ နုကြရတော့မှာကိုး"
မိနစ် ၄၀ခန့်အကြာတွင် တောင်ကြားအောက်ဘက် မြစ်ကျဉ်းလေးဘေးသို့ ရောက်သွားသည်။ ဘေးနှစ်ဘက် မှ တောင်နံရံကြီးများက အရိပ်ထိုးနေသော်လည်း အပူရှိန်က ရှိနေသည်။ မြစ်ဘေးနှစ်ဘက် တွင် အရိပ်ထိုးနေသော်လည်း အပူရှိန်က ရှိနေသည်။ မြစ်ဘေးနှစ်ဘက်တွင် သစ်ပင်ချုံပုတ်ကလေးများ ရှိသည်။ ဂါရီက ကားကို လမ်းဘေး၌ ကျောပေးရပ်လိုက်သည်။ ကားပေါ်မှ သူတို့နှစ်ယောက် ဆင်းလိုက ကြပြီး အင်္ကျီအ၀တ်အစားမှ ဖုံများကို ခါလိုက်ကြသည်။

"ဒီနေရာမှာတော့ တို့ချည်းပဲ နေမှာပါ၊ တို့မိတ်ဆွေတွေလဲ အရိပ်အယောင်တောင်မှ မမြင်ရပါလား" ဂါရီက မြစ်ကမ်းနှစ်ဘက်နှင့် တောင်နံရံများကို မော်ကြည့်ပြီး ပြောလိုက်သည်။
"ကျွန်မတို့ စောင့်နေရတော့မှာပေါ့"

"ဒါပေါ့ ... စောင့်နေရင်း ကော်ဖီတစ်ခွက်လောက် သောက်ကြယင် မကောင်းဘူးလား" ဂါရီက ဦးထုပ်ကို ချွတ်လိုက်ပြီး လည်စည်းပ၀ါဖြင့် မျက်နှာကို သုတ်လိုက်ရင်း ပြောသည်။
အန်က ကားပေါ်မှ ရေနွေးအိုးသွားယူပြီး ကမ်းပါးစပ်သို့ ဆင်းသွားသည်။ မြစ်ထဲကရေကို မြည်းကြည့်ပြီးမှ ရေနွေးထင်းခြောက်ကောက်ပြီး ကျောက်ခဲနှစ်လုံးကြားတွင်း မီးဖိုထားရသည်။ ရေနွေးအိုးတည်၍ ဆူလာသည့် အချိန်တွင် ဂါရီက နောက်ခန်းမှ စောင်တစ်ထည်နှင့် ရှနက်ဘူး တစ်ဘူး သွားယူလာသည်။
မတ်ခွက်နှစ်ခွက်ထဲသို့ ရှနက်အနည်းငယ်စီ လောင့်ထည့်လိုက်ပြီး သကြားတစ်ဇွန်း မောက်မောက်စီ ထည့် လိုက်သည်။ ရှနက်သည် ချောကလက်နှင့် တူပြီး အန်က ကြိုက်သဖြင့် ဂါရီ အမြဲဝယ်ထားသော ပစ္စည်း ဖြစ်လာသည်။

ဂါရီ သည် မတ်ခွက်ကို ကိုင်ပြီး အန် ထိုင်နေသော စေင်အခင်းအလယ်ဆီသို့ လျှောက်လာသည်။ ဂါရီသည် အန့် ဆီ မရောက်မီမှာပင် လန့်အော်လိုက်ပြီး လက်ထဲမှ မတ်ခွက် လွတ်ကျသွားသည်။ လက်ဖက်ရည်ပူ များ က သူ့ဖိနပ်ရှည်ပေါ်သို့ ဖိတ်စင်ကျကုန်သည်။ ဂါရီသည် ကြက်သေသေပြီး ရပ်နေကာ အန် နောက်ကျော ဘက်ရှိ ချုံပုတ်များထဲသို့ စိုက်ကြည့်နေရင်း လက်နှစ်ဖက်ကို ခေါင်းပေါ်သို့ မြှောက် လိုက်သည်။

အန်သည် ဂါရီ ကြည့်နေရာ မိမိအနောက်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရုတ်ခြည်းခုန်ထလိုက်သည်။ သူ့ရှေ့ မီးပုံထဲမှ ထင်းမီးချောင်းတစ်ချောင်းကိုလည်း လက်ဖြင့် ဇတ်ခနဲ ကောက်ယူပြီး အသင့်ကိုင်ထား လိုက်သည်။ ဂါရီ က အန်အနောက်ဘက်သို့ ပြေးဝင်ပြီး အကာအကွယ် ယူလိုက်သည်။

 "ဖယ်ကြနော် ... သွားကြ ... ငါ သတိပေးနေတယ်၊ မသွားယင်တော့ ရှေ့ဆုံးက လူကို ခေါင်း ရိုက်ခွဲပြမယ်" အန်က ထင်းမီးစတုတ်ကို မြှောက်ကိုင်ကာ အော်လိုက်သည်။
သူတို့နှစ်ယောက်ကို ၀ိုင်းထားကြသည်။ ထူထပ်သော တောချုံပုတ်များထဲမှ ရန်သူ အဖွဲ့သားများ ထွက် လာပြီး ၀ိုင်းထားကြခြင်း ဖြစ်သည်။
"အလိုဘုရားရေ ... ဒါ တို့ကို ထောင်ခြောက်ဆင် ဖမ်းတာပဲ" ဂါရီက ပြောလိုက်သည်။ သူတွေ့ဖူးသမျှတွင် ကြောက်စရာ အကောင်းဆုံး ဖြစ်နေသည်။
"တို့မှာ ပိုက်ဆံ မပါဘူး၊ အဖိုးတန်ပစ္စည်းလဲ ဘာမှ မပါဘူး"

ဂါရီက ပြောရင်းမှ ရန်သူ့အရေအတွက်ကို ရေတွက်လိုက်သည်။ သုံးယောက်မကသေး။ သစ်ပင် နောက်ကွယ် ၌ ရှိသေးသည်။ လေးယောက် ဖြစ်မည်။ လူသတ်သမား လူဆိုးလေးယောက်။ ခေါင်းဆောင် မှာ ကိုယ်ခန္ဓာကြီးထွားသော အသားမည်း ဖြစ်သည်။ မော်ဇာရိုင်ဖယ်ကို လက်တွင် အသင့်ကိုင်ထားပြီး ကျည်ဆန်များကို ရင်ဘတ်ပေါ်၌ ဘယ်ညာ စလွယ်သိုင်းထားသည်။ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေး ထူလပျစ် နှင့် အာဖရိက အသားမည်းမျက်နှာက လူသားစားခြင်္သေ့နှင့် တူလှသည်။

သူ့နောက်လိုက်များကလည်း လက်နက်ကိုယ်စီ ကိုင်ထားကြသည်။ အာဖရိကမှ အိုဗန်ဘိုနှင့် ခိုဆန်ဟို တင်တော့ လူမည်းလူမျိုးများ ဖြစ်သည်။ အရောင်အဆင်းပျက်၍ စုတ်ပြတ်နေသော အရပ်ဝတ်အရပ်စား များနှင့် စစ်ယူနီဖောင်းများကို ဖြစ်သလို ၀တ်ထားသည်။ တစ်ချို့က ဖိနပ်မပါ။ အချို့က စုတ်ပြတ် ဟောင်းနွမ်းနေသော ဖိနပ်များကို စီးထားသည်။ သို့သော် သူတို့လက်ထဲမှ လက်နက်များကမူ ဆီထိုး တိုက်ချွတ်ထားသဖြင့် ပြောင်လက်နေသည်။ လက်နက်များကိုမူ သူတို့၏ သားဦးပမာ ယုယပိုက်ထွေးထား ကြသည်။
ဂါရီသည် ဖီးယက်ကားထဲ၌ ပါလာသော သူ၏ စစ်သုံး ခြောက်လုံးပြူးကို သတိရလိုက်သည်။ သို့သော် ထိုလက်နက်ကို ပြေးယူလျှင် မိမိဦးစွာ ဇီဝိန်ချုပ်သွားမည်ကို တွေးမိပြီး ငြိမ်နေ နေလိုက်သည်။
"တို့ကို ဒုက္ခမပေးပါနဲ့ကွာ" ဂါရီက တောင်းပန်သော လေသံဖြင့် ပြောလိုက်သည်။

ထိုအချိန်တွင် ဂါရီ အံ့အားသင့်သွားလောက်အောင် ရယ်သံကြီးပေါ်လာပြီး အန်က မီးတောက်လောင်နေ သော ထင်းချောင်းကြီးကို ဝှေ့ယမ်းကာ ရှေ့သို့ တိုးသွားသည်။
"ဟေ့ ... လူရိုင်းလူယုတ်မာတွေ၊ နောက်ဆုတ်၊ ဒီနေရာက ထွက်သွားကြစမ်း၊ အသူကရယ်ဘုံက မျိုးဆက်တွေ ..."
အန်က ရဲဝံ့ပြတ်သားစွာဖြင့် အာဖရိကလူဖြူ စကားနှင့် ပြောလိုက်ပြီး ရှေ့တိုးသွားသည်။ ထိုမိန်းမကြီးတွင် ကြောက်စိတ်ရှိပုံ လုံးဝမပေါ်။ တကယ့် အာဂသတ္တိရှင် မိန်းမကြီး ဖြစ်ကြောင်း ဂါရီ မြင်လိုက်ရသည်။

ရန်သူလူမည်းများ အံ့အားသင့်ပြီး နောက်သို့ ဆုတ်သွားကြသည်။ အဘွားကြီး လက်ထဲမှ မီးစထင်းချောင်း အန္တရာယ်က လွတ်အောင် နောက်သို့ ရှဲပြီး ဆုတ်ပေးကာ ရှောင်တိမ်းလိုက်သည်။
ဂါရီသည် အန်အား အထင်ကြီး လေးစားသွားသည်။
အန်သည် လက်ထဲမှ မီးတုတ်ကြီးဖြင့် အနားရှိ လူမည်းတစ်ယောက်ကို ရဲဝံ့စွာ ပစ်ရိုက်လိုက်သည်။ ထိုသူ၏ ပခုံးပေါ်သို့ ထိသွားရာ ထင်းမီးမှ မီးတောက်က သူ့ဂျာကင်ကို မီးစွဲသွားသည်။ ထိုသူအော်ဟစ်ပြီး နောက်ဘက် ချုံပုတ်ထဲသို့ ဆုတ်ပြေးသွားသည်။

"လာစမ်း ... ထွက်လာစမ်း၊ မင်းအပြစ်ကို မင်းလာတောင်းပန်စမ်း"
အန်က ကလေးသူငယ်အား ဆုံးမသလို ဆက်လုပ်နေသည်။
ထိုခေါင်းဆောင်က တုတ်တုတ်ယင်ယင်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ပြောလိုက်သည်။
"ဟင့်အင်း ... ဟင့်အင်း ... ကျွန်တော်တို့ ခင်ဗျားတို့ကို တိုက်ခိုက်ဖို့လာတာ မဟုတ်ပါဘူး၊ ခင်ဗျားတို့ကို ခေါ်ဖို့လာတာပါ" ထိုရောမအသားမည်းလူသားက အာဖရိကဖွား လူမည်းများ စကားဖြင့် ပြောလိုက်သည်။

"ဒါဖြင့် စာကို မင်းရေးလိုက်တာလား"
အန်က မီးရဲရဲတောက်နေသော ထင်းစကြီးကို အောက်သို့ ချလိုက်ပြီး ပြောလိုက်သည်။
အိုဗန်ဘို အသားမည်း ခေါင်းဆောင်က ခေါင်းယမ်းပြပြီး ပြောလိုက်သည်။
"ကျွန်တော် မရေးပါဘူး၊ ရေးတဲ့လူဆီကို ကျွန်တော် ခေါ်သွားဖို့ လာတာပါ"

အိုဗန်ဘိုက သူ့လူနှစ်ယောက်အား ဖီးယက်ကားကို စောင့်ပြီး ထိုနေရာတွင် နေရစ်ခဲ့ရန် အမိန့်ပေးလိုက် သည်။ ထို့နောက် သူက ဂါရီနှင့် အန်အား တောင်ကြားအောက် လျှိုမြောင်ချိုင်ဝှမ်း လမ်းအတိုင်း ခေါ်သွား သည်။ လမ်းကောင်းသည့်အပိုင်း ရှိသလို ဆိုးသည့်အပိုင်းလည်း ရှိသည်။ တစ်ခါတစ်ရံ မတ်စောက်စွာ ဆင်းရပြီး လူတစ်ယောက်သာ သွား၍ရသော လမ်းနှင့်ကြုံရသည်။
လမ်းတစ်လျှောက် ၀ဲယာတွင် လက်နက်ကိုင် ပြောက်ကျားတပ်သားများ စောင့်နေသည်ကို တွေ့ရသည်။ တွေ့ရသည်မှာ သူတို့ခေါင်းများနှင့် သေနတ်ထိပ်ဝများသာ ဖြစ်ရာ တွေ့ဆုံရန် ချိန်းဆိုထားသော နေရာ သည် မည်မျှ ရက်စက်ယုတ်မာသော အပိုင်းနေရာဖြစ်မှန်း ဂါရီ သိလာရသည်။ ဂါရီ၏ မသန်သော ခြေထောက်က နာလာသဖြင့် ခေတ္တနားရန် သူက ပြောသည်။ မည်သူမှ လှည့်မကြည်။ ထို့ကြောင့် ဂါရီက အန်ကို အမီလိုက်ပြီး သူမ၏ လက်မောင်းကိုကိုင်ကာ ပြောလိုက်သည်။

"ဒီနေရာက တို့ပြန်ထွက်သွားနိုင်ယင်တော့ အတော့်ကို ကံကောင်းလို့ ဖြစ်မှာပါ၊ သူတို့က အဘက်ဘက်က တွက်ချက်ပြီး လုပ်ထားတာပဲ"
သူတို့လျှောက်လာသော လမ်း၏ တူရူရှိ ဥမင်လိုဏ်ခေါင်းဝ အရိပ်ထဲ၌ရပ်နေသော လူတစ်ယောက်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ သူ့နောက်ဘက်တွင် စခန်းမှတစ်ဆင့် ကျောက်တောင် နံရံပေါ်သို့ သွားသေသာ မလွယ်ပေါက် ထွက်ပြေးလမ်းကလေးကို တွေ့ရသည်။
ဂါရီနှင့် အန်တို့ တွေ့လိုက်ရသည့် စခန်းရှေ့၌ ရပ်နေသူမှာ လူငယ်တစ်ဦးသာ ဖြစ်သည်။ အသက်အားဖြင့် ဂါရီ့တစ်ဝက်ခန့်သာ ရှိမည်။ သို့သော် မြင်မြင်ချင်းပင် ဂါရီက သူ့အား မနှစ်မြို့သလို ဖြစ်သွားသည်။

ထိုသူက စကားတစ်လုံးမှ မပြော၊ ဂါရီကိုသာ ငြိမ်ပြီး စိုက်ကြည့်နေသည်။ ကြောင်လက်သည်း ၀ှက်ထား သည်နှင့် တူလှသည်။ ပခုံးပေါ်အထိ ၀ဲကျနေသော ထိုသူ၏ ဆံပင်များက နေရောင်တွင် ရွှေရောင်တောက် နေသည်။ သူသည် အရပ်ရှည်သော်လည်း ကိုယ်လုံးကိုယ်ပေါက်က သေးသွယ်ချပ်ရပ်သည်။ မြင်းစီး ၀တ်စုံ နှင့် ဖိနပ်ရှည်ကို စီးထားသည်။ သူ့ရင်ဘတ်ပေါ်မှ အမွေးအမျှင်များက ကြေးနီရောင်တောက်နေသည်။
သူ့လည်ပင်းမှ ဆွဲကြိုးတွင် ရွှေကြုတ်ကလေး တွဲလဲခိုနေသည်။ ထိုရွှေကြုတ်မျိုးမှာ အင်္ဂလိပ်တို့ဆွဲလေ့ရှိ သော ပစ္စည်းမျိုး မဟုတ်။

"ဗိုလ်မျူးကြီး ကုတ်နေ ခင်ဗျာ"
ထိုသူက စတင် ခေါ်လိုက်သည်။ ဂါရီကုတ်နေ အံ့အားသင့်သွားသည်။ သူ့အသံမှာ ပညာရှိပြီး လူကုံထံတို့၏ အသံမျိုး ဖြစ်သည်။
"မလန့်ပါနဲ့ဗျာ၊ ခင်ဗျား ဗိုလ်မှူးကြီးကုတ်နေ မဟုတ်လား"
ထိုသူက ထပ်ပြီး ပြောလာသည်။
"ဟုတ်ပါတယ် ကျွန်တော် ဗိုလ်မှူးကြီး ကုတ်နေပါ၊ ခင်ဗျား ဒီစာကို ရေးတာလား"

ဂါရီသည် အင်္ကျီရင်ဘတ်အိတ်ထဲမှ ပိုစတာစာရွက်ကို ထုတ်ယူကာ အနိုင်နိုင်အားပြုပြီး ပြောလိုက်ရသည်။ ခေါက်ထားသော စာရွက်ကို ဖြန့်နေသော သူ့လက်များက တဆတ်ဆတ် တုန်နေသည်။ စာရွက်ကို ဖြန့်နေ သော သူ့လက်များက တဆတ်ဆတ် တုန်နေသည်။ ထို့ကြောင့် သူက သရော်ပြုံးပြုံးလိုက်ပြီး ပြန်ဖြေသည်။
"ဟုတ်ပါတယ်၊ ကျွန်တော် ခင်ဗျားဆီပို့လိုက်တဲ့ စာရွက်ပါ"
"ဒါဖြင့် ပျောက်နေတဲ့ ကလေးမကလေးကို ဘယ်နေရာမှာ တွေ့နိုင်မယ်ဆိုတာ မင်းသိတယ်ပေါ့ ဟုတ်လား"
အန်က စိတ်ဝင်တစားဖြင့် ထိုသူထံ ရှေ့တိုးလာပြီး မေးလိုက်သည်။

"အင်း ... သိကောင်း သိနိုင်တယ် ဆိုပါတော့" ထိုသူက ပခုံး နှစ်ဖက်တွန့်ပြီး ပြောလိုက်သည်။
"မင်း သူ့ကို တွေ့ခဲ့ပြီးပြီလား"
အန်က ပိုသေချာအောင် ထပ်မေးလိုက်သည်။
"ပထမကိစ္စကို ပြောပါခင်ဗျာ"
"မင်း ငွေလိုချင်တာလား၊ အခုတော့ ငါတို့နဲ့ ပါမလာသေးဘူး၊ တစ်ပြားတစ်ချပ်မှ ပါမလာဘူး။ ဒါတော့ သေချာတယ်၊ မင်း ငါတို့ဆီက တိုက်ခိုက် လုယက်ချင်တာ ဆိုယင်တော့ တို့မှာ ဘာမှပါမလာတာ သေချာ တယ်" ဂါရီက မလိုအပ်ဘဲ ခပ်ကျယ်ကျယ် ပြောလိုက်သည်။

"ဒီမှာ ဗိုလ်မှူးကြီး၊ တန်ဖိုးရှိတဲ့ပစ္စည်း ဘာမှ မပါဘူးလို့ ခင်ဗျားပြောတာ မှားနေတယ်ဆိုတာ ကျွန်တော့် နှာခေါင်းက သိနေတယ်"
ထိုရွှေရောင်လူငယ်က ပြုံးပြီး နှာခေါင်းကို ပွစိပွစိ လုပ်ကာ အနံ့ခံရင်း ပြောလာသည်။ ပြုံးလိုက်သောအခါ သူ့မျက်နှာက အလွန် ချစ်စရာကောင်းသည်။ ထိုသူက ဆက်ပြောသည်။
"ခင်ဗျားဆီမှာ အင်မတန် အဖိုးကြီးမားတဲ့ ပစ္စည်းတစ်ခု ပါလာပါတယ် ဟာဗားနား"
ထိုသူက စကားကို ဖြတ်ပြီး အနံ့ခံလိုက်သည်။ ထို့နောက်မှ ဆက်ပြောသည်။

"ဟုတ်ပါတယ်၊ ဟာဗားနား စီးကရက် ပါလာတယ်ဆိုတာ သေချာပါတယ်၊ ဒီမှာ ကျွန်တော် ဟာဗားနား စီးကရက်တစ်လိပ်ရဖို့ အတွက်လဲ လူသတ်ဖို့ ၀န်မလေးဘူးဆိုတာ ကြိုပြောထားပါရစေ ဗိုလ်မှူးကြီး"
ဂါရီသည် နောက်သို့ အလိုအလျောက် တစ်လှမ်း ဆုတ်မိလျက်သား ဖြစ်သွားသည်။ ထို့နောက် ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး တင်ပါးပေါ်ရှိ ဘောင်းဘီအိတ်ထဲမှ ဆေးပြင်းလိပ် ဘူးကို ထုတ်ယူလိုက်သည်။
ရွှေရောင်လူငယ်က ဆေးပြင်းလိပ်မှ တံဆိပ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရိုမီယိုပိင်ဂျူးလီးယားဟားပါလား"
ထို့နောက် ဆေးပြင်းလိပ်ကို နမ်းလိုက်ပြီး ပြောလိုက်ပြန်သည်။
"အား ... မွှေးလိုက်တာ၊ ကောင်းကင်ရနံ့ လိုပါပဲလား"
ထို့နောက် ဆေးပြင်းလိပ်ဖင်ဖျားကို ကိုက်ဖြတ်လိုက်သည်။ ဆေးပြင်းလိပ်ကို ပါးစပ်တွင် ခဲလိုက်ပြီး မီးခြစ်ဆန်ကို ဖိနပ်ခွာနှင့် ရှဲခနဲ မီးခြစ်ကာ ဆေးလိပ်မီး ညှိလိုက်သည်။ မျက်စိကို မှိတ်ပြီး အားရပါးရ ရှိုက်ဖွာ လိုက်သည်။ ထို့နောက် မျက်စိကို ဖွင့်ကာ မီးခိုးများကို မှုတ်ထုတ်လိုက်ပြီး အန်အား မသိမသာ ဦးညွတ်ပြ လိုက်သည်။

"ကျွန်တော် ခင်ဗျားကို တောင်းပန်ပါတယ် မဒမ်၊ ကျွန်တော် အခုလို ဆေးပြင်းလိပ်ကောင်း မမြည်းစမ်းခဲ့ရ တာ ကြာပါပြီ၊ ကြာဆို နှစ်နှစ်တောင်ကျော်ရော့မယ် ထင်ပါတယ်"
ဂါရီအဖို့ အနည်းငယ် ရဲစိတ်ဝင်လာပြီး ၀င်ပြောလိုက်သည်။
"ကောင်းပြီလေ ထားလိုက်ပါတော့၊ ကဲ ... မင်းက ငါ့နာမည်လဲ သိနေတယ်၊ အခု ငါ့ဆေးပြင်းလိပ်လဲ သောက်နေပြီ၊ ဒီတော့ မင်းဘယ်သူဘယ်ဝါဆိုတာ ငါတို့ကို အနည်းဆုံး မိတ်မဆက်ပေးသင့်ဘူးလားကွာ"
"ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ"

ရွှေရောင်လူငယ်က ဖိနပ်ခွာနှစ်ဘက်ကို ဖြောင်းခနဲ ရိုက်လိုက်ကာ မတ်မတ်ရပ်၍ သတိဆွဲပြီး ပြော လိုက် သည်။
"ကျွန်တော် လိုသာဒီလာရေးပါ၊ အမိန့်နာခံဖို့ အသင့်ပါပဲ"
"အလိုဘုရားရေ ..."
ဂါရီ ဘုရား တလိုက်မိသည်။ စောစောက ပြန်ဝင်လာသော သတ္တိများ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားပြန်သည်။
"မင်းအကြောင်း ငါအကုန်သိတယ်၊ မင်းကို အလိုရှိကြောင်း အစိုးရက ဆုငွေထုတ်ထားတာ၊ မင်းကို သူတို့ ဖမ်းမိယင်တော့ ကြိုးစင်တင်သတ်မှာ သေချာတယ်၊ မင်းဟာ အစိုးရက အလိုရှိနေတဲ့ ရာဇ၀တ်ကောင် တစ်ယောက်၊ ဓားပြလုပ်နေတဲ့ ဥပဒေအပြင်ပက လူတစ်ယောက်"

"ဒီမှာ ဗိုလ်မှူးကြီး၊ ကျွန်တော့်ကိုယ် ကျွန်တော်တော့ စစ်သားတစ်ယောက် မျိုးချစ်တစ်ယောက်လို့ပဲ ခံယူထားပါတယ်"
"စစ်သားတွေဟာ တရားဝင် လက်နက်ချပြီးတဲ့နောက်မှာ စစ်မတိုက်ဘူး၊ သူတစ်ပါးပစ္စည်းရဲ့ စည်းစိမ် ဥစ္စာကို မဖျက်ဆီးဘူးကွ၊ လွန်ခဲ့တဲ့ လေးနှစ်လောက်ကပဲ ဗိုလ်မှူးကြီး ဖရန်ဆေးအကြွင်းမဲ့ လက်နက်ချခဲ့ တာ"
"ဗိုလ်မှူးကြီး ဖရန်ဆေးမှာ လက်နက်ချပိုင်ခွင့် ရှိတယ်လို့ ကျွန်တော် အသိအမှတ် မပြုဘူး၊ ကျွန်တော်ဟာ ကိုင်ဇာ နဲ့ ဧကရာဇ်ဂျာမန်နိုင်ငံတော်ရဲ့ တပ်သားပါ"
"ဂျာမန် က လက်နက်ချသွားတာ သုံးလတောင်ရှိပြီပဲကွ"

"ဟုတ်ပါတယ်၊ အဲ့ဒီနောက်ပိုင်းမှာ ကျွန်တော်ဟာ စစ်ရေး အပြုအမူတွေကို မလုပ်တော့ပါဘူး"
"ဒါပေမယ့် မင်း အခုထက်ထိ စစ်မြေပြင်မှာ ရှိတုန်းပဲ မဟုတ်လား၊ လက်နက်ကိုင်ထားတုန်းပဲ မဟုတ်လား၊ ပြီးတော့"
ဂါရီ လက်နက်ချဝင်လာယင်လဲ ခင်ဗျားတို့ လူတွေက ကျုပ်ကို ကြိုးပေးသတ်ကြမှာကိုဗျ"
လိုသာသည် သူ့ကိုယ်ပေါ်၌ အင်္ကျီ ၀တ်မထားသည်ကို သတိရလာသည်။ ထို့ကြောင့် ဂူအ၀င်ဝဘေး သစ်ကိုင်းတစ်ခုတွင် ချိတ်ထားသော ကျူးနစ်အင်္ကျီကို လှန်းယူပြီး ၀တ်လိုက်သည်။ သူအင်္ကျီဝတ်လိုက်စဉ် မှာပင် အင်္ကျီမှ ကြေးကြယ်သီးလုံးကလေးများကို ဂါရီ လှမ်းမြင်လိုက်သောအခါ မျက်တောင်မှေးစင်းပြီး လှမ်းကြည့်ကာ ပြစ်တင်ရှုံ့ချသည့် လေသံဖြင့် ပြောလိုက်သည်။
"ဒါ မင်း သက်သက်စော်ကားတာပဲ၊ ဒါ ဗြိတိသျှတပ်မတော်ရဲ့ ကျူးနစ်အင်္ကျီပဲ၊ ငါတို့ရဲ့ ယူနီဖောင်းတစ်စုံ ကို မင်း ၀တ်နေတာပေါ့လေ ဟုတ်လား၊ ဒီအချက်နဲ့ပဲ မင်းကို တွေ့ရာနေရာမှာ သတ်ပစ်ဖို့ လုံလောက်နေပြီကွ"

"ဒီမှာ ဗိုလ်မှူးကြီး ကျွန်တော် အင်္ကျီအ၀တ်အစား မ၀တ်ပဲ ကိုယ်တုံးလုံးချွတ်နေတာကို ခင်ဗျား မြင်ချင်လို့ လား၊ ကျွန်တော်က ခင်ဗျားတို့ ဗြိတိသျှစစ်ဝတ်စုံကို ၀တ်ချင်လွန်းလို့ ၀တ်တာ မဟုတ်ပါဘူး၊ ၀တ်စရာမရှိလို့ အရှက်လုံအောင် ၀တ်ထားရတာဗျ သိပြီလား"

"ငါ့သားဝတ်ပြီးသေသွားတဲ့ ယူနီဖောင်းမျိုးမင်းဝတ်ထားတာကတော့ စော်ကားတာပဲကွ"
"ဒီ ယူနီဖောင်းဝတ် ရတာ ကျွန်တော့်အတွက် စိတ်မချမ်းမြေ့ရသလို ခင်ဗျားသား သေရတဲ့အတွက်လဲ ကျွန်တော် စိတ်မချမ်းမြေ့ပါဘူး"
"မင်းက ငါ့ ကို မျက်နှာပြောင်တိုက်ပြီး စော်ကားနေ ..."
ဂါရီ စကားမဆုံး မီမှာပင် အန်က ကြားဝင်ဟန့်တားလိုက်ပြီး မေးလိုက်သည်။

"ဒီမှာ မစ္စတာဒီလာရေး၊ မင်း ငါ့သမီးလေးကို တွေ့ထားခဲ့ပြီလား"
"ကျွန်တော် မိန်းကလေးတစ်ယောက်ကို တောကြီး မျက်မည်းထဲမှာ တွေ့ခဲ့ဖူးတယ်၊ ဒါပေမယ့် အဲဒီ မိန်းကလေး ဟာ ခင်ဗျားတို့ရှာနေတဲ့ မိန်းကလေးဟုတ်မဟုတ်တော့ ကျွန်တော် မသိဘူး"
"ဒါဖြင့် မင်း တို့ကို အဲဒီမိန်းကလေးရှိတဲ့နေရာ လမ်းညွှန်နိုင်သလား"
ဂါရီက မေးလိုက်သည်။ လိုသာက ဂါရီအား တစ်ချက် လှမ်းကြည့်လိုက်သည်။ သူ့ အမူအရာက တင်းမာ သွား သည်။

"ခင်ဗျားတို့နဲ့ ကျွန်တော်နဲ့ အပေးအယူ လုပ်လို့ရယင်တော့ အဲဒီမိန်းကလေးကို ထပ်ပြီး လိုက်ရှာဖို့ ကြိုးစား မယ်"
"ပိုက်ဆံလား"
"ခင်ဗျားတို့ လူချမ်းသာတွေရဲ့ စိတ်ကို ငွေကပဲ အမြဲတမ်း ဖိစီးစိုးမိုးနေတာပဲနော်"
လိုသာသည် ဆေးပြင်းလိပ်ကို တစ်ဖွာရှိုက်ရှူထုတ်လိုက်ပြီးမှ ဆက်ပြောသည်။

"ဟုတ်တယ် ဗိုလ်မှူးကြီး၊ ကျွန်တော့်အတွက် ပိုက်ဆံတော့ လိုမယ်၊ ဒါပေမယ့် ပေါင် ၅၀၀၀ တော့ မဟုတ် ပါဘူး၊ အမျိုးသမီးကို ကျွန်တော်ပထမတွေ့ခဲ့ရတဲ့ သဲကန္တာရထဲကို မြန်မြန်ပြန်သွားလိုက်ရှာဖို့ အတွက် ပစ္စည်းပစ္စယ ဖို့ ကုန်ကျစရိတ် ပေါင်း ၁၀၀၀ တော့ လိုမယ်၊ ကျွန်တော့် မြင်းတွေက ခြေကုန် လက်ပန်း ကျနေပြီ၊ ဒီတော့ မြင်းကောင်းကောင်းတွေ ထပ်ဝယ်ဖို့ လိုမယ်၊ ရေသယ်ဖို့ ကားတွေ လိုမယ်၊ ကျွန်တော့် လူတွေ ကို ပေးဖို့လဲ လိုမယ်၊ အဲဒီစရိတ်တွေအတွက်ဆို ပေါင် ၁၀၀၀ တော့ လိုမယ်" "ဒါပဲလား၊ နောက် တစ်ခြား ဘာပေးရဦးမှာလဲ" ဂါရီက မေးလိုက်သည်။

"ဟုတ်တယ် နောက်ထပ် ပေးရဦးမှာ တစ်ခု ရှိသေးတယ်၊ ကျွန်တော် အခုလို တောပုန်းလုပ်နေရတာလဲ ငြီးငွေ့လာပြီ"
"မင်းကို အပြစ်တွေက ခွင့်လွှတ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ လိုချင်တာလား၊ ငါ့မှာ အဲဒီလိုလုပ်ပေးနိုင် တဲ့ အာဏာရှိတယ်လို့ မင်းက ထင်နေတယ်ပေါ့ ဟုတ်လား"
"ခင်ဗျားဟာ သြဇာအာဏာကြီးမားတဲ့ လူတစ်ယောက်ပါ ဗိုလ်မှူးကြီး၊ ဆမတ်နဲ့တိုသာ နှစ်ယောက်စလုံးနဲ့ လဲ့ သိပ်ပြီး ခင်မင်ရင်းနှီးတဲ့လူပါ၊ ပြီးတော့ ခင်ဗျားရဲ့ညီက ဗိုလ်ချုပ်ကြီး ဟာ အစိုးရမှာ ၀န်ကြီး ..."
"တရား ဥပဒေ လမ်းကြောင်းကို ကပြောင်းကပြန် ဖြစ်အောင် ငါ မလုပ်ချင်ဘူး"

"ကျွန်တော်လဲ ဂုဏ်သိက္ခာရှိတဲ့ စစ်ပွဲတစ်ပွဲမှာ ၀င်နွှဲခဲ့တဲ့သူပါ ဗိုလ်မှူးကြီး၊ ခင်ဗျားမိတ်ဆွေ စမတ်နဲ့ ဘိုသာတို့ တစ်ချိန်က သူတို့ မှန်တယ်ထင်တဲ့ဘက်က တိုက်ခဲ့သလို ကျွန်တော်လဲ တိုက်ခဲ့တာပါ၊ ကျွန်တော် ရာဇ၀တ်ကောင် မဟုတ်ဘူး၊ လူသတ်သမား မဟုတ်ဘူး၊ ကျွန်တော်လဲ အဖေ၊ အမေ၊ ဇနီးနဲ့ သားတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့လူပါ၊ စစ်ရှုံးတော့လဲ ရှိသမျှပစ္စည်းအကုန် အသိမ်းခံရသေးတယ်၊ အခုတော့ ကျွန်တော် သာမန်လူတစ်ယောက်လို နေနိုင်မယ့် ဘ၀မျိုးကို လိုချင်လာပြီ၊ ခင်ဗျားကလဲ အဲဒီ မိန်းကလေးကို လိုချင်တယ် မဟုတ်လား၊ ဒီတော့ အပေးအယူ လုပ်ရမှာပေါ့"
"ဒါတော့ ငါသဘောမတူနိုင်ဘူး၊ မင်းက တို့ရန်သူပဲ"

ဂါရီက ပြောလိုက်သည်။ သူတို့နှစ်ယောက်၏ တင်းမာနေသော ကြားတွင် အန်က ပျော့ပျောင်းချိုသာစွာ ၀င်ပြောလာသည်။
"ကောင်မလေးကိုသာ တွေ့အောင် မင်းရှာပါကွာ၊ မင်းအတွက် လွတ်ငြိမ်းချမ်းသာခွင့် ရပါစေ့မယ်၊ ဗိုလ်မှူး ကြီးကုတ်နေ က အစဉ်ပြေအောင် စီစဉ်ပေးပါလိ့မ်မယ်၊ ဒီအတွက် မင်းကို ငါကတိပေးပါတယ်"
လိုသာ က အန်ကို ကြည့်လိုက်ပြီး ဂါရီဘတ် လှည့်ကြည့်လိုက်ပြန်သည်။ သူတို့နှစ်ယောက်အနက် အာဏာ သည် မည်သူ့ထံ၌ တည်နေသည်ကို သိလိုက်ရသောအခါ လိုသာ ပြုံးလိုက်မိသည်။
"ကဲ ဘယ်လိုလဲ ဗိုလ်မှူးကြီး ကျွန်တော်တို့ သဘောတူချက်ရပြီပေါ့ ဟုတ်လား" လိုသာက မေးလိုက်သည်။

"မင်းတွေ့တဲ့ ကောင်မလေးဟာ ဘယ်သူဘယ်ဝါဆိုတာ ငါဘယ်လိုလုပ်သိမလဲ၊ သူဟုာ ငါ့ချွေးမ ဟုတ် မဟုတ် ငါဘယ်လိုလုပ်သိမလဲ၊ ငါတို့စစ်ဆေးကြည့်မယ်လေ ဘယ့်နဲ့လဲ သဘောတူသလား"
"ခင်ဗျား သဘောပါပဲဗျာ" လိုသာက ပခုံးနှစ်ဘက်တွန့်ပြပြီး ပြောလိုက်သည်။
ဂါရီ က အန်ဘက်သို့ လှည့်ပြီး ပြောလိုက်သည်။
"သူ့ကို ပြလိုက်လေ သူ ရွေးပါလိမ့်မယ်"
ဂါရီ နှင့် အန်တို့သည် ပိုစတာများ ဖြန့်ဝေပြီးသည်နှင့် တစ်ပြိုင်နက် မိမိတို့အား တစ်ပတ်ရိုက်ပြီး မလိမ်နိုင် အောင် ကြိုတင် စီစဉ်ထားပြီး ဖြစ်သည်။ ထိုအစီအစဉ်ဖြင့် စမ်းသပ်ခဲ့ရာ လူလိမ်းများ ခံသွားခဲ့ရပြီး ဖြစ်သည်။

အန်သည် ပခုံးတွင် လွယ်ထားသော အိတ်ကို ဖွင့်ကာ အထဲမှ ထူထဲသော စာအိတ်ကြီးတစ်လုံးကို ထုတ်ယူ လိုက်သည်။ ထိုအိတ်ထဲတွင် ပို့စကတ်အရွယ် ဓာတ်ပုံများ ပါသည်။ ထိုစာအတိတ်ကို အန်က လိုသာထံ  လှမ်းပေးလိုက်သည်။
လိုသာက အိတ်ထဲမှ ဓာတ်ပုံအထပ်ကို ထုတ်ပြီး အပေါ်ဆုံး ဓာတ်ပုံဆိုင်တွင် ရိုက်ထားသော ဓာတ်ပုံ ဖြစ် သည်။ ချောမောလှပသော အမျိုးသမီးကလေးသည် ကတ္တီပါ ဂါဝန်ရှည်ကို ၀တ်ကာ ငှက်တောင်တပ်ထား သော ဦးထုပ်ကို ဆောင်းထားသည်။ လိုသာက ဓာတ်ပုံကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ ထို့နောက် ထိုပုံ ကို ဓာတ်ပုံအထပ်၏ အောက်ဆုံးသို့ ထိုးသွင်းလိုက်ပြီး ကျန်ဓာတ်ပုံများကို အစီအစဉ်အတိုင်း တစ်ပုံချင်း လိုက်ကြည့်သည်။ အားလုံးမှာ ငယ်ရွယ်ချောမောသော မိန်းကလေးများချည်း ဖြစ်သည်။

လိုသာက ထပ်ပုံအထပ်ကို စာအိတ်ထဲ ပြန်ထည့်လိုက်ပြီး အန်အား လှမ်းကာပြောလိုက်သည်။
"တစ်ယောက်မှ မဟုတ်ဘူး၊ ကျွန်တော်တွေ့ခဲ့တဲ့ မိန်းကလေးက ဒီပုံတွေထဲက မိန်းကလေးတွေနဲ့ လုံးဝ မတူဘူး၊ ကျွန်တော် ခင်ဗျားတို့ကို ခေါ်လာခိုင်းတဲ့အတွက် မှားယွင်းသွားကြောင်း တောင်းပန်ပါတယ်ဗျာ"
လိုသာသည် အိုဗန်ဘိုခေါင်းဆောင်းအား လှည့်ကြည့်လိုက်ပြီး ဆက်ပြောသည်။

"ဟင်းဒရစ်ရေ သူတို့ကို မင်းတို့ သွားခေါ်လာတဲ့နေရာကို ပြန်ပို့ လိုက်တော့ကွာ"
"နေပါဦး မစ္စတာ လိုသာ ဒီလာရေး"
အန်သည် လက်ထဲမှ ဓာတ်ပုံအထပ်ကြီးကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး နောက်ထပ် ဓာတ်ပုံ အနည်းငယ် ပါသော အထပ်ကို ထုတ်ယူလိုက်သည်။
"ဒီမှာ နောက်ထပ်ပုံတစ်ချို့ ရှိပါသေးတယ် ကြည့်ပါဦး"
"သြော် ... ခင်ဗျားတို့က တယ်လဲ့စေ့စပ်ပြီး အကွက်ကျတာကိုး" လိုသာက အန်အား ပြောလိုက်သည်။

"ကျွန်မတို့ကလဲ ပေါင် ၅၀၀၀ အလိမ်မခံရအောင် လုပ်တာပေါ့၊ နည်းတဲ့ငွေမှ မဟုတ်ဘဲ၊ အယင်က လာပတ်ခဲ့တဲ့ လူတွေနဲ့လဲ တွေ့ခဲ့ပြီလေ"
လိုသာက ဓာတ်ပုံအထပ်ကို ကြည့်လိုက်သည်။ ပထမနှစ်ပုံကို ကြည့်ပြီး အောက်ထဲထိုးထည့်လိုက်သည်။
တတိယပုံကို ပိုမိုစူးစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဒီပုံပဲ"
အဖြူရောင်ဝတ်စုံကို ၀တ်ထားသော စင်တိန် က ဓာတ်ပုံထဲမှနေ၍ လိုသာအား ပြုံးကြည့်နေသည်။

"ဒါပေမယ့် ကျွန်တော် တွေ့လိုက်ရတုန်းက ဒီပုံထဲကထက် အသက်နည်းနည်းပိုကြီးနေပြီ၊ ဆံပင်တွေက ပိုထူပြီး ရှုပ်ပွနေတယ်၊ မျက်လုံးတွေကတော့ ဒီမျက်လုံးတွေပါပဲ မမှားပါဘူး၊ ဟုတ်ပါတယ် သူမှသူအစစ်ပါ" လိုသာက တစ်လုံးချင်း ပြောလိုက်သည်။
ဂါရီရော အန်ပါ စကားတစ်လုံးမှ မပြောနိုင်ဘဲ ဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် ယခုလို လမ်းစရှာတွေ့ရန် တစ်နှစ်ခွဲလုံးလုံး ကြိုးပမ်းခဲ့ရသည်။ အခုတော့ မယုံကြည်နိုင်လောက်အောင်ပင် သိလာရပြီး ဖြစ်သည်။

"ကျွန်မတော့ ထိုင်မှ ဖြစ်တော့မယ်"
အန်က ပြောလိုက်ရာ ဂါရီက သူမအား ဖေးကူပြီး ကျောက်ဂူအ၀င်ဝဘေးရှိ သစ်လုံးတွင် ထိုင်ပေးလိုက် သည်။ ဂါရီက အန်အား ပြုစုစောင့်ရှောက်နေစဉ်မှာပင် လိုသာက သူရှပ်အင်္ကျီ ရှေ့ဘက် ရင်ဘတ်ကြားမှာ ရွှေလော်ကတ်သီးကလေးကို ထုတ်ယူလိုက်သည်။ ထိုကြုတ်ကလေးထဲမှ ဆံချည်စများကို ထုတ်ယူပြီး အန်အား ပေးလိုက်သည်။
အန်က လှမ်းယူပြီး တယုတယ ကိုင်တွယ်ကာ ဆံချည်စများကို သူမ နှုတ်ခမ်းတွင်တေ့လိုက်သည်။ မျက်စိကို စုံမှတ်လိုက်ပြီး အားရပါးရ နမ်းရှုတ်လိုက်သည်။ မျက်လုံးအိမ်တွင်းမှ မျက်ရည်များက ပါးပြင်ပေါ် သို့ လိမ့်ဆင်းလာသည်။

"ဒါက ဆံပင်တထွေးပဲ မဟုတ်လား သူများဆံပင်ကော မဖြစ်နိုင်ဘူးလား စင်တိန်ဆံပင်အစစ်လို့ ဘယ်လို လုပ် သိနိုင်မှာလဲ" ဂါရီက အန်အား ပြောလိုက်သည်။
"ရှင်လူဆိုးပဲ ကျွန်မ ညပေါင်းထောင်ချီပြီး ဒီကလေးမရဲ့ ဆံပင်ကို ဖြီးသင်ပေးလာတာ ကျွန်မ ကောင်း ကောင်း သိတာပေါ့ရှင်ရယ်"

ဆက်ရန်
.

No comments: