Thursday, September 29, 2011

ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် (၅) နဲ့ Save the Irrawady

 ရွှေစင်ဦး ရဲ့ တောင်ရောက်မြောက်ရောက် လည်း ....  ချစ်ချစ်ကြီး ရဲ့ ကား အရေး... ရွှေစင်ဦး ရဲ့ ဧရာဝတီ အရေး မှာ နစ်မြုတ်နေလို့ ပေါ်မလာရတာ အတော်ကြာခဲ့ပေါ့....

အင်း ဒီ နှစ်ပတ်လောက် အတွင်း မှာတော့ နားမဆန့် အောင် ကား သွားတဲ့ ကား သတင်း ...... ရေစုန်မြော မခံနိုင်တဲ့ ဧရာဝတီ သတင်း တွေ နဲ့ဘဲ ရွှေစင်ဦး လည်း အလုပ်ရှုတ်နေပါတယ်...

လာလည်သမျှ မိတ်ဆွေ တွေ ရဲ့ ကား နဲ့ ချစ်ချစ်ကြီး ရဲ့ ကား လှိုင်းလုံး မှာ ရွှေစင်ဦး လည်း စုံးစုံး မြုတ် ပါသွား တဲ့ အကြောင်း နဲနဲလောက် ပြောပရစေ...

မြန်မာပြည်မှာ.... ကားအဟောင်း တွေ ကို အပ်ပြီး ကားအသစ် တစီး ပါမစ် ပေးမဲ့ သတင်းဦး တွေ ကို တချို့ သော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် များ ဟာ ကျီးသားရိုက်ရင်း... အဲ ဂေါဖ့် ရိုက်ရင်း တပတ်လောက် စောပြီး ရကြပါသတဲ့... (ရွှေစင်ဦး ပြောတာမဟုတ် ဂျာနယ်တချို့ ပြောတာပါ)... ရတဲ့ သတင်း ပေါ်မှာ မူတည်ပြီး ကားဟောင်း တွေ ကိုကြိုဝယ်ထားတော့ သူတို့ က ဈေးသက်သက်သာသာ နဲ့ ကားဟောင်း လေး တွေ ကို ရလိုက် ကြ ပါတယ်...

မူလ ကားဟောင်း ပိုင်ရှင် တွေ မှာတော့  ရောင်းမထွက် တဲ့ ကားလေး လာဝယ်တဲ့ အခါ ရှစ်ခိုးဦးတင် ကျေးဇူးရှင် သဖွယ် သဘောထားပြီး ပေးသမျှလေး နဲ့ ရောင်းလိုက်ကြတာပေါ့လေ.... သတင်း လည်း ကြေညာ လိုက် ရော... သူတို့မှာ ဘာ ကား မှ မရှိတော့သလို သူတို့ ရောင်းလိုက်တဲ့ ကားတန်ဘိုးထက် ဆယ်ဆ လောက် ပေါက်ဈေး ရောက်သွားတော့ မစားနိုင် မအိပ်နိုင်ပေါ့ ..... ကဲ... အမိမြန်မာပြည် က ထူးချွန်ထက်မြက် တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး များ တော်ချက်ကတော့ တော်... တော့ ကတွတ်ပီ ..... လို့သာ ကုန်းကုန်း အော်ချင်စရာပါ....

နောက်တခါ... လေးဘီးကားလေး ကို လပေါင်း များစွာ ကထဲက ရောင်းဘို့ ဟိုစပ်... ဒီစပ် လုပ်ထား ပေမဲ့. ဝယ်သူ မရှိလို့ ကားလေး မြေမြုတ်.. ရေငုတ် နေတာကို ငုတ်တုတ် ထိုင်ကြည့် နေရတုန်း.... . ညကြီးမင်းကြီး (သတင်းကြေညာအပြီး) မှာ... လာနှိုး လို့ ကားလေး ကို ဝယ်သတဲ့... ပျော်ပျော်ရွှင်ရွှင် နဲ့ ရောင်းပေး လိုက်တယ်... မနက် လည်း လင်းရော သတင်းလည်း ကြားရော ပိုင်ရှင် ခမျာ မအိပ်နိုင် မစားနိုင် အောင် စိတ်ညစ် သွားသတဲ့... သြ မြန်မာပြည်သား များ ရဲ့ သစ္စာသမာဓိ ရှိလိုက်တဲ့... အရောင်း အဝယ် လုပ်ငန်း ပါလား...

အင်း ကျန်တာတွေ ကတော့ ကိုယ့်သဘော နဲ့ ကိုယ် ဒီလောက် ဆို ရောင်းသင့် တယ် ဆုံးဖြတ်ပြီး ရောင်းခဲ့ တာတွေ ဆိုတော့ ကိုယ့် ရဲ့ ကံတရား က ကိုယ်ဆုံးဖြတ် တဲ့ အတိုင်း ပါဘဲ....  ထား လိုက် ပါတော့ လေ... ပြောချင်လို့ ရွှေစင်ဦး .... နဲနဲ ပြောပြရရင် ဆယ်သိန်း တောင် မပေးတဲ့ ကား သိန်းနှစ်ဆယ် ပေး လို့ ရောင်း ... အဲဒီကားက တပတ်တောင် မပြည့်သေးဘူး သိန်းတရာဖြစ်သွားတော့ ရောင်းတဲ့ သူ တွေ မပြောနဲ့ ကိုယ်တောင် ကြားထဲက တောက် တခေါက်ခေါက် ... သြ ... ကံ.. ကံ... အစိုးရမင်း များ ဖန်တီးတဲ့ ကံ....

 ဒီကြား ထဲ ဒီလို သက်တန်းရင့် ကားအိုလေး တွေ ဒီလိုဖြစ်နေကြတာကို ကြည့်ကြည့် ပြီး  .. အိမ်က ချစ်ချစ်ကြီး က သခွပ်ပင် က မီးတကျီကျီ... မင်းကြောင့် မင်းကြောင့် တဲ့.. အင်း သူ့ ရဲ့ မင်းကြောင့် ကို ရှင်းရရင်... ကားဝါသနာရှင် ချစ်ချစ်ကြီး ဟာ တသက်လုံး... ကားအိုကားဟောင်း လေး တစီးစီး ကို ဝယ်ပြီး .. တသသ လုပ်တတ်တဲ့  ဝါသနာ ဓါတ်ခံရှိပါတယ်...

ကားအို လေး တွေ ကို တသသ နဲ့လုပ်ပြီး လူအိုလေး ရွှေစင်ဦး ကို တသသ မလုပ်တဲ့ အခါ ရွှေစင်ဦး ရဲ့ ဒေါသ မှန်သမျှ ဟာ ကားအိုလေး တွေ အပေါ်မှာ နေရာမှားပြီး ရောက်သွားပါတယ်....  ကားအို ကားဟောင်း မှန်သမျှ ရွှေစင်ဦး မမြင်ချင်ကြောင်း... ကားအို ဆိုတာကို... ဧရာဝတီ မြစ်ကြော (အဲ ယောင်လို့ ... ယန်စီ မြစ်ကြော) မှာသာ မြှောသင့်ကြောင်း ဗီတိုအာဏာ နဲ့ ပိတ်ပင် အပြီး မှာတော့ ချစ်ချစ်ကြီး ရဲ့ ဝါသနာ ဟာ တခန်းရပ် သွားတာ အတော်ကြာ ပါပြီ.....

အင်း လွန်ခဲ့တဲ့ တလ လောက်က တော့ အိုဖယ်မလီယာ သန့်သန့် လေးတစီး ဆယ်သိန်းအောက် နဲ့ ရမဲ့ အကြောင်း.. အဲဒီ အိုဖယ်မလီယာ လေးကို သူ့ ဝါသနာ ကို သိတဲ့ သူ့အဖွဲ့ ဝပ်ရှော့ ဆရာက သူပြင်ပေးမဲ့ အကြောင်း.. ဝယ်ထား ဘို့ အကြောင်း လာပြောပေမဲ့ အအို ဆို  ကိုယ်က လွဲရင် မမြင်ချင် တဲ့ ရွှေစင်ဦး က ခါးခါး သီးသီး... 

အဲဒီနောက်မှာတော့....  အိုဖယ်မလီယာ လေး သိန်းအစိတ် ဖြစ်လာတဲ့ အချိန် က စပြီး. သိန်းတရာ ဖြစ်လာတဲ့ အချိန် ထိ.... တဆိတ်ရှိ ..အင်း ကောင်းတယ် မင်း က နေရာတကာ မင်းသိ.. မင်းတတ် .. ခံပေါ့ တဲ့... အင်း .. ဒီတချီ တော့ ရွှေစင်ဦး လေး ခံနေရပါလား....... ရွှေစင်ဦး အပြစ်တွေ ဖြစ်ရ ပါပေါ့ သြ... အစိုးရမင်းများ ရေ လုပ်ရက် ပါပေ.... လင်မယား တွေ ရန်ဖြစ်အောင် သွေးထိုးပေး တတ် ပါပေ့... 

အင်း...  ကား နဲ့ ဘယ်လို မှ မသက်ဆိုင် တဲ့ တချို့ ကုမ္ပဏ္ဏီ တွေ ကတော့ ကားတွေ ဝယ်ထား လိုက်တာ... အားရစရာ... ရွှေစင်ဦး တောင် ခွေးတိုးပေါက် ကနေ တစီးလောက် ဝင်ဆွဲချင်အောင် စိတ်ကူး ယဉ်စရာ... ကားအို ကားဟောင်း များရဲ့ သင်းချိုင်း ကုန်း အလား... များပြားလိုက်တာ... ဧကန်န တော့ ကျီးသား ရိုက်ရင်း... အဟဲ...လျှောက်ပြော တာပါ... မနာလိုတတ် တဲ့ လူ့သဘာဝ အတိုင်းပေါ့....

ချစ်ချစ်ကြီး ခမျာလည်း အစိုးရမင်း များ က သူ့ကို အလုပ်ပေးလိုက် တဲ့ အတိုင်း  ပါဘဲ... ကား နဲ့ ပတ်သက် သမျှ ဂျာနယ်တွေဖတ်... အင်တာနက် သတင်းတွေ ရှာ လို့ ... တချိန်လုံး ကားပွဲစား တန်းမှာ အခမဲ့ အကြံပေး... အခမဲ့ သတင်းပေး အဖြစ်ဆောင်ရွက်ရင်း.....ကိုယ်တိုင်တော့ အပ်စရာ ကားအို လည်း မရှိ.... ဝယ်စရာ လည်း မရှိတဲ့ အတွက်  ... ရွှေစင်ဦး ကို Rooney (ရွန်းနီ) (မန်ချက်စတာယူနိုက်တက်) လု ...... ရွှေ .......  ကြမ်း ကြားညှပ် သလို ခံစားနေရပါတယ်...

နောက်ဆုံးတော့ သူချစ်တဲ့ လေးဆယ်ကျော် မှ ကံပေါ်ကြတဲ့....  ငြိမ်းခါနီး ဆီမီး ထတောက် ကြတဲ့... မြန်မာပြည် ဇာတ်စင်ပေါ်က မင်းသမီး အအို လေး တွေ ကို ဇာတ်သိမ်းခန်း ရောက်တဲ့ အထိ ကညန က တဆင့် ကားသင်္ချိုင်း အရောက်ပို့ မဲ့ ထုံးဘို ကားသိမ်းစခမ်း ထိ အလွမ်းပြေ ဂုဏ်ပြုပန်းခွေ လေး နဲ့ လိုက်ပါ နှုတ်ဆက်ပြီး မှ မိန်းမ ရန်လုပ်ဖို့ အိမ် အရောက်ပြန်လာပါကြောင်း...

ကားအိုကားဟောင်း များရဲ့ အကြောင်းပြီးတော့ ... သူများနိုင်ငံ က ကားဟောင်း ကိုယ့် အတွက် ကား ကောင်းလေး တွေ ကို စိတ်ကူးယဉ်ကြည့် ရမဲ့ အချိန်ရောက်လို့ လာပြန်ပါပြီ ... 

ကဲ.. လာလေရော အပ်ချလောင်း... 

ကားပွဲစားတန်း ဘက် လှမ်းကြည့် လိုက်တော့ သူဌေးမင်း များ စီးတဲ့ ကား တဝက်မက ဈေးကျတာ တောင် ဝယ်သူ မရှိပါတဲ့...  သြ သူဌေးများ လည်း ကား တာဘဲဟဲ့လို့.... 

ကားကောင်း ဝယ်ရောင်း လုပ်ကြတဲ့ သူဌေး ဝယ်ရောင်း များလည်း ထက်ဝက်ကျ သွားတဲ့ ကား ဈေးတွေ ကြားထဲမှာ ဒုက္ခ အတော်များနေကြတယ်... သြ သူလည်း ဘဲ ကား တာဘဲဟဲ့ လို့ စိတ် ဖြေရင်း.... 

အခု လောလောဆယ်ဆယ် မှာတော့ အပေါ်မရောက် အောက်မရောက် နဲ့ မကားတကား ဖြစ်နေတဲ့ ရွှေစင်ဦး လေးလည်း ကား...ကား..  နောက် သိပ်မကြာခင် မှာ ......ကားသစ် လေး စီးဖို့.. ကားသစ် လေး ကို စိတ်ကူးယဉ် နေပါကြောင်း ပြောရင်း ကား အကြောင်း ရပ်လိုက် ပါအုန်းမယ်......

ကားအကြောင်းပြီး တော့ စိတ်မအေး ရသေးတဲ့ ဧရာဝတီ အကြောင်းလေးများ ဆက်ပြောချင် ပါသေး တယ် .... တမျိုးသားလုံး အရေး... မြန်မာနိုင်ငံ ရဲ့ အသက်သွေးကြော ကဲ့ သို့ အရေးကြီး တဲ့ ဧရာဝတီ အရေး ဘယ်လိုမှ စိတ်မအေးရ တဲ့ အတွက် ... တွေ့သမျှလူ နဲ့ စကားပြောကြည့်ပါတယ်.. ဧရာဝတီ အကြောင်းပေါ့... ကဲ... နားသောတဆင်ကြည့်ကြရအောင်

ရွှေစင်ဦး .......  သူငယ်ချင်း ရေ ဧရာဝတီ အရေး ဘယ်လိုလည်းကွဲ့

သူငယ်ချင်း.... သြ.. ဧရာဝတီ ရေတိုး လို့ လား ဒို့ တွေ ဟိုတနေ့ က သွားတော့တောင် အခါတိုင်း တက်နေကြ... နေရာတောင် မရောက်သေးဘဲ ရေကျသွားတယ် ပြောနေကြတယ်..

ရွှေစင်ဦး........ အမယ်လေး ... တို့ မန္တလေးသူ မန္တလေးသားတွေ ဟာ အလုပ်မရှိ အားအားရှိ ဧရာဝတီ ရေကြီးတာကြည့် ....  ရေကျတာကြည့် တဲ့ အချိန် ကုန်တော့ မယ်ဟဲ့... မင်း မသိတာ တကယ် အံသြ မိတယ်.. ဧရာဝတီ ဟာ..................................................................

သူငယ်ချင်း..... သြ ဟုတ်လား တို့လည်း ကိုယ့်စားဝတ်နေရေး အတွက် ရုန်းကန် နေရလို့ အဲဒါတွေ မသိဘူး... ကလေးတွေ ဂျာနယ် ဝယ်ဖတ်တော့ ဧရာဝတီ ဘာ..ညာ ဆိုတာ ခေါင်းစဉ်လေး တွေ တော့ တွေ့မိပေမဲ့... မဖတ်မိဘူး သူငယ်ချင်းရယ်..

ရွှေစင်ဦး........ အင်း ကောင်းပါလေ ရဲ့ သူငယ်ချင်း ရယ် မင်း ဧရာဝတီ အကြောင်း ကို စဉ်းစားပါ.. ဧရာဝတီ ကို မမေ့ ပါနဲ့ ... တို့ မကယ်ရင် ဧရာဝတီ ဒုက္ခရောက်တော့မယ်..

သူငယ်ချင်း...... အင်းပါ သူငယ်ချင်း ရယ် အခုလောလောဆယ်ဆယ် တော့ ငါ ဟင်းမချက်ရင် ထမင်းငတ် တော့မဲ့  ယောက်ကျား နဲ့ ကလေး တွေ အတွက် အိမ်ပြန် ဟင်းချက်လိုက်အုန်းမယ်နော် တဲ့..
ရွှေစင်ဦး....... ပြန်ပေအုန်းတော့...  သူငယ်ချင်း ရေ... သြ ဒါနဲ့ ဘာဟင်း ချက်မှာလည်း ... ဟင်းကောင်း ရင် ငါ့လည်း ထမင်းစား ဖိတ်ပါအုန်း လို့ ပြောရင်း...... ဧရာဝတီ အရှင်နတ်မင်း ပစ်ထား တော် မမူပါနဲ့.. သူငယ်ချင်း ကို အသိတရား ရအောင် လုပ်ပေးပါအုန်းလို့...

ကဲ... လာလေရော နောက်တယောက်

 အင်း ဒီတယောက် ကတော့ အင်တာနက် လည်းသုံး ပညာ အခြေခံကလည်း ကောင်း ဆိုတော့ ဧရာဝတီ ကို ခံစား တတ်လောက်ပါရဲ့... ကဲ.. စပြီ...  ဗျူး..

ရွှေစင်ဦး....... ညီမ ရေ ဧရာဝတီ အကြောင်း ကတော့ အပြောများနေကြပြီနော်..

ညီမ............ ဟုတ်လား အမ ဘာတွေ ပြောနေကြတာလည်းဟင်

ရွှေစင်ဦး....... အင်း သိသမျှ နားလည်သမျှ အချိန်တို လေး အတွင်း မမောတမ်း ရှင်းပြလိုက်ရပါတယ်... မောထာ....

ညီမ............. ဟုတ်လား (ခပ်တိုးတိုး လေး) ညီမ အဲလောက်ထိ မသိဘူး ... ညီမ တို့ ဌာန မှာလည်း ဘယ်သူ မှ ပြောသံ မကြားဘူး... ကျေးဇူး အမရယ် အဲလိုသိထားရတာ ကောင်းတယ်... ဧရာဝတီ အတွက် စိတ်မကောင်းစရာဘဲ...

ရွှေစင်ဦး........ စိတ်ဓါတ်တွေ တော်တော်တက်သွား ပြီး မြောက်ကြွားမြောက်ကြွား နဲ့ ဒါဆို ညီမ သတင်း တွေ အဆက်မပြတ်ရအောင်  မေးလ် တွေ ကို အမ ဖောဝပ် လုပ်ပေးနေမယ်နော်.... 

ညီမ............. အမ ရယ် ကျေးဇူး တင်ပါတယ်... ဒါပေမဲ့... မေးလ် တွေ ကို သူတို့ ဖွင့်ဖတ်လို့ ရတယ် ဆို....

ရွှေစင်ဦး......... အို.. ညီမ ကလည်း ဘယ်သူ က ကိုယ့် မေးလ် ကို ဖွင့်ဖတ်လို့ ရမှာ လည်း... အမ ပို့တာ တွေ ကလည်း ဧရာဝတီ သတင်း သန့်သန့် လေးတွေ ပါ... ညီမ ဂျာနယ် မှာ ဖတ်လို့တောင် ရသေး... အမ က ကောင်းတာလေး တွေ စုပေးတာပါလို့ ပြောပြ နားချ ရပါတယ်
ညီမ........ ကျေးဇူး အမရေ ... အဆောင်ပိတ်ချိန်နီးလို့ ပြန်အုန်းမယ်နော်

ရွှေစင်ဦး..... အင်း ဒီတခါတော့ မဆိုးပါဘူး... မိုးနတ်မင်းကြီး... အဲ... ဧရာဝတီမင်းကြီး ရေ ကျေးဇူး

အင်း လာလေရော နောက်တယောက်

ရွှေစင်ဦး....... မောင်လေး ရေ လာဟေ့ ..... ကျောင်းပြီးသွားလို့ ထင်တယ် အမ တို့ မတွေ့တာတောင် ကြာသွားပြီ

မောင်လေး.... ဟုတ်တယ် အမ ရေ မိန်းမ ယူနိုင်ဖို့ ကျိုးစားနေရတယ်... အမ ညီမ က ဝင်ငွေ မကောင်းရင်  မယူနိုင်သေးဘူး ဆိုလို့ ကျိုးစား ရှာနေရတယ်...

ရွှေစင်ဦး.......  ငွေ ရှာတာတော့ ရှာတာပေါ့လေ... ဒါနဲ့ ဧရာဝတီ အကြောင်း တော်တော် လူပြောများ နေတယ်နော်... မောင်လေး ရော ဂျာနယ် တွေ ဘာတွေ ဖတ်တယ် မဟုတ်လား ... ဘာတွေ သတင်းထူး သေးလည်း...

မောင်လေး..... ကျနော်လည်း ငွေရှာနေရတာ နဲ့ ဘောလုံးပွဲသတင်း လောက် ဘဲ ဖတ်နိုင်တာပါ အမရယ် .. ဒါနဲ့ ဧရာဝတီ က ဘာဖြစ်လို့လည်း..

ရွှေစင်ဦး....... ပြောရပြန်ပြီ တခါ ဧရာဝတီ အကြောင်း... လျှာအလျှားလိုက်ထွက်အောင်....
မောင်လေး.... အမ ဒါ သက်သက်မဲ့ တရုတ် ပါး ဝတာ ... ကျနော် တို့ကတော့ မခံဘူး အမ .. ဒီ ကောင်တွေ ကို ဘယ်လို ချရ.. ချရ...

ရွှေစင်ဦး...... အမလေး လူမျိုးရေး နဲ့ မဆိုင်ပါဘူး.. ငါ့မောင်ရယ် ... မင်း ပိုင်တဲ့ ပစ္စည်း မင်း မရောင်းရင် ဘယ်သူ ဝယ်မှာလည်း..... ဒို့ ဧရာဝတီ ကို တရုတ် လည်း မရောင်းဘူး အိန္ဒိယ လည်း မရောင်းဘူး ... အင်္ဂလိပ် လည်း ဒို့ မရောင်းဘူး...... ဒို့ သွေး ကို ဖောက် ဒို့ သောက်ရအောင် ဒို့ မငတ် သေး ပါဘူး ကွာ.. မင်း လည်း ဧရာဝတီ  သတင်း ကို အမြဲ နားစွင့်ထား... ညီစေနော် ... မောင်လေး.

မောင်လေး..... စိတ်ချ အမ ရေ ..... စိတ်ချ... မြန်မာ့သွေး ဟာ ဘယ်လို နီတယ် ဆိုတာ ပြလိုက်ချင် တယ်..

ရွှေစင်ဦး....... သြ အမ က သွေး ဆိုရင် အသံကြားတာ နဲ့ ကြောက်တတ်တယ် ..... မကြည့်မရစေနဲ့ ... ယုံ ပါတယ် ယုံ ပါတယ် .. ဒို့ မြန်မာ့ သွေး အားလုံး ဟာ ရဲရဲတောက် နီ ကြောင်း လက်ခံပါတယ်.... သတင်း လေး တွေသာ နားထောင် ထား ဖို့ပြောတာပါ...

မသိတဲ့ သူတွေ သိအောင်ရှင်းပြကွာ.. ဒို့ အမိ ဧရာဝတီ ကို ဘယ်သူ အတွက် မှ ဘာကြောင့် မှ  မပေး နိုင်ဘူး ဆိုတာ နားလည်အောင် မင်း သိသလောက် ပြောပြရင်း ... အရေးကြုံရင် ရဲရဲတောက် ပြ ... အဲ... သက်လုံ ကောင်းပြခဲ့ရင်.... မင်း ဟာ ...... အမိဧရာဝတီ အတွက် တာဝန်ကျေသူ တယောက်ဖြစ်မှာပါ..

Save the Irrawady 

ဒီတပတ် တော့ ဒီမျှနဲ့ဘဲ ကျေနပ် ပါတော့ဗျာ... ဆက်ဖတ်ချင်ရင် တော့ နောက်တပတ် မျှော်.... မျှော်..
လေးစားစွာဖြင့်
စာရေးသူ - ရွှေစင်ဦး
.

22 comments:

IDIOT-Ki said...

ကားယားလေး အပြေးလာပြီး ကား သတင်းစုံလင်ကို ကသောကမြောဖတ်ကြည့်လိုက်မိပါတယ်..
ကတောက်..ကျီးသား မရိုက်မိတာ နာလေခြင်း..( ကျီး သမီးပဲ ရိုက်တော့မယ် ..) ။ ခုနေ အအိုလေးတွေကို ပြေး ဝယ်ရင်လည်း တောင်မရောက် မြောက်မရောက် နဲ့ မှောက်နေတော့ မှာ ပဲ နော်..
ဧရာဝတီ အရေး လည်း တွေးပြီး မော နေ ဆဲပါ မရွှေစင် ရေ ..ဒါပေမဲ့.. မောတော့ မောတာပေါ့ ဒါပေမဲ့ မမောဘူး....ပြောသာ ပြော နေရပါတယ် .. အားတော့ မရှိလှဘူး နော်..

ခင်တဲ့
မကိ ..

rose of sharon said...

ကားသတင်းကတော့ စိတ်ညစ်စရာ... အိမ်ကကားအစုတ်လေးက ရောင်းချင်တာတောင် ရောင်းမရတော့ နောက်နှစ်ပြန်တဲ့အချိန်မှ ဘာလုပ်ရကောင်းမလဲ ဆုံးဖြတ်ရမှာ :(

ကိကိပြောသလိုပါဘဲ...ဧရာဝတီအတွက် အားသိပ်မရှိပေမဲ့ မျှော်လင့်နေတုန်းဘဲ

Anonymous said...

ဟုတ်ပါ့အစ်မရေ..
ကားအကြောင်းတော့ ပြောချင်ပါဘူးး)
ဟိုတစ်ပတ်ကတောင် အပေါ်ထပ်ကအန်တီတစ်ယောက်
ငါးရာနဲ့ဝယ်ထားတဲ့ သူ့ကားက နှစ်ရာ့ငါးဆယ်ဖြစ်
သွားလို့တဲ့ သွေးတိုးတက်ပြီး ဆေးခန်းရောက်သွားလေရဲ့
းP
ဗမာ့သွေးကတော့ ပြောပါနဲ့အစ်မရယ် သိပ် နီ တာ
အင်္ဂါနေ့က မြို့တော်ခန်းမနဲ့ကမ္ဘာအေးနားမှာ
အုန်းအုန်းကြွက်ကြွက်ပဲဗျို့......
နောက်တော့လည်း လူတွေကျဲသွားတယ်ဆိုလား !!!
(တိုးတိုးနော် အစ်မး) )
ချစ်ခင်စွာဖြင့်
မိစံ

ညီလင်းသစ် said...

ကားအိုလေးတွေ အကြောင်း အမရွှေစင်ဦး ရေးထားတာ ဖတ်ပြီး ရယ်နေရတယ်..၊း) သတင်းကြား,ကြားခြင်း အလုအယက် ဝယ်တာတွေ ဖတ်ရတော့ ပိုက်ဆံတွေ သိမ်းတုန်းက လူလည်လုပ်ပြီး ဈေးမှာ ပြေးဝယ်ကြတဲ့ သတင်းတွေ ပြန်အမှတ်ရတယ်၊ လူတွေလည်း အမြီးရော၊ ခေါင်းရော ဘာပဲကျက်ကျက် စားဖို့ ချောင်းနေကြတယ် ထင်ပါရဲ့၊ ဧရာဝတီနဲ့ ပတ်သက်ပြီး အင်တာဗျူးလေးတွေ ဖတ်ရတာလည်း မျက်စိထဲ တန်းကနဲ မြင်မိတယ်၊ မရှိတာထက် မသိတာခက် လို့ပဲ ဆိုရတော့မယ် ထင်ပါရဲ့ဗျာ...။

ahphyulay said...

အင်း...
မမရွှေစင်..။
သူတို့ အုပ်စု လုပ်လိုက်ရင် အလန့် ထညက်နဲ့ 
သောက်တစ်လွဲကြီးပဲဗျာ..။
ကားကိစ္စကတော့  ကိုယ်တိုင်လည်း
ကားနေလို့  မပြောလိုတော့ ပေမယ့် 
ဧရာဝတီအရေးကတော့  MOU ထိုးခဲ့ မိတဲ့ 
သူတွေ ကိုယ်တိုင် မှားခဲ့  လွန်ခဲ့ မှန်းသိနေ
ပါတယ်။ ဒီချီးထုပ်ကြီးကို သူများဆီလွှဲခဲ့ပြီး
သူတို့  လက်ရှောင်နေတယ်လေ၊ ဇာတ်စင်
နောက်နေ ချောင်းကြည့် နေတယ်။
အံ့ ရောဗျာ...။

ညိမ်းနိုင် said...

ဟားဟား..အစ်မရွှေစင်တို့ကတော့ဖြစ်ရမယ်....၊သဟာ
ဖြင့် အစ်မရဲ့ချစ်ချစ်ကြီး ကားသစ်ရမယ့်ကိန်းနဲ့တေ့လွဲ
လေးလွဲသွားတာပေါ့လေ...၊ပြောမယ်ဆိုလည်းပြောစရာ........:P

Anonymous said...

Who said "Luo4 Shwezinu"?You yourself say that.Do"Ta tha tha"as much as you can for you and don't put the blame on chit2kyee.
Read and lol.I love to read your ownwriting.The flood goes to ygn after manlay:(
Gyidaw

လသာည said...

မမ
ကားအိုလေးနဲ့အတူ မပျိုတော့တဲ့ လူအိုလေးတွေ စိတ်ညစ်ရတာ အတူတူပဲ။

ကားသတင်းတွေ ဂျာနယ်ထဲပါသလောက်၊ ဧရာဝတီ သတင်းကတော့ ဂျာနယ်ထဲမှာ ပါဘူး၊ မမနဲ့စစပေးလို့တာ အကုန်ဖတ်သိရတယ်။

သဒ္ဓါလှိုင်း said...

မမရေ..
တာဝန်ကျေသူတယောက်တော့ ဖြစ်ချင်တယ်။ တာဝန်ကျေခွင့်လည်း ရချင်ပါတယ်။
ချစ်တဲ့
ညီမသဒ္ဓါ

ကိုကိုမောင်(ပန်းရနံ့) said...

အမရွှေစင် ကားဝယ်ပြီးရင် မန်းလေး ဘုရားစုံလိုက်ပြပေးရမယ်နော်။ အန်တီတင့်ကိုတော့ လိုက်ပို့ပြီး သူကြီးမင်းလာတဲ့အခါ လိုက်မပို့လို့ကတော့...း))

ဧရာဝတီအရေးက အားလုံးရဲ့ သဘောထားကို သူတို့ သိပြီးကြပြီ။ ဒီမိုကရေစီအစိုးရမှန်ရင်တော့ ပြည်သူ့သဘောထားကို လိုက်လျောမှာပါ။ မမှန်ရင်တော့ ပြည်သူတွေက ငြိမ်နေကြမှာ မဟုတ်ပါဘူး။ သူတို့စဉ်းစားဆင်ခြင်တတ်ပါစေလို့ဘဲ တောင်းဆုပြုပါတယ်။

ခင်မင်လျှက်

မအိမ်သူ said...

ကားကလေးတွေအိုပေမယ့် မြစ်ဧရာကတော့ မအိုသေးပါဘူး မရွှေစင်ရေ... သတို့သမီးလေး အမြဲနုပျိုနေအောင်တော့ အားလုံးက ၀ိုင်းလို့ဝန်းလို့ အလှဆင်ကြရမှာပါပဲ။

ကိုဇော် said...

ဟားဟား . . .အားကျသွားတယ် အစ်မရာ။
တစ်လမ်းဝင် တစ်လမ်းထွက် ၊ တစ်အိမ်ဝင် တစ်အိမ်ထွက် ဒီလိုတောင်မှ လိုက်ပြောချင်မိသေး။

ကားကတော့ ကားပဲဗျာ . .သိတဲ့ အတိုင်း။ ဒါပေမဲ့ သူငယ်ချင်း တစ်ယောက်ကို တားလိုက်နိုင်လို့ ဝမ်းသာမိပါသေးတယ်။

ညီရဲ said...

အစ်မရေ... ကြားရတဲ့ သတင်းတွေကတော့ စိတ်မချမ်းသာစရာတွေချည်းပဲ...
ဧရာဝတီအတွက်လဲ တတ်နိုင်သလောက်တော့ လုပ်နေကြတာပဲ...
ဒါပေမယ့် အစ်မပြောသလိုပေါ့...
သြ ... ကံ.. ကံ... အစိုးရမင်း များ ဖန်တီးတဲ့ ကံ....

မေဓာဝီ said...

အိမ်အိုတော့ ကျားကန်၊
လူအိုတော့ ပန်းပန်၊
ကားအိုကိုတော့ လက်လန်ပါတယ် အမရွှေစင်ရေ ...
အမရွှေစင် ရေးတဲ့ ကားအို အရောင်းအ၀ယ် ဇာတ်လမ်းတွေ ဖတ်ပြီး လက်လန်တာ။ :)
လူတွေများ တနပ်စားကြံကြတာ အံ့ရောနော်။

ဧရာဝတီ အင်တာဗျူးဖတ်ရတာ မရွှေစင်လဲ မြ၀တီရုပ်သံမှာ အင်တာဗျူးလုပ်ဖို့ လေ့ကျင့်နေပုံပဲ :))

An Asian Tour Operator said...

ကားပိုင်ရှင်တွေတော့ တနည်းမဟုတ်တနည်းကား ကုန်ကြတာပေါ့လေ။ ပုံမကျပန်းမကျ အိုင်ဒီယာတွေပေါ့လေ။ ကားဆိုလို့ အဟောင်းရော အသစ်ရော မရှိတာပဲ ၀မ်းသာရမလိုလို။

ဧရာဝတီအရေးကတော့ သူရို့အတွက် မီးခဲ ဖင်ခုထိုင်ထား သလိုဖြစ်နေမှာ သေချာသလောက်ပဲ။ လုပ်ရဲလုပ်ကြည့်လေ။ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကားအသစ်ရော အဟောင်းရော မရှိလို့တော်သေး
ဒါပေမဲ့ ကား နဲ့ နာမည်တူတဲ့ ဆိုက်ကားလေးတစ်စီးဝယ်မလားစဉ်းစားနေတာ ဟိဟိ..
ပြည်ပရောက်နေသူတွေကတော့ အင်တာနက်အကျိုးကျေးဇူးနဲ့ ဧရာဝတီအကြောင်း အများစု သိနေကြပေမဲ့ ပြည်တွင်းထဲမှာ ရှိတဲ့ အများစုက ဧရာဝတီရဲ့ ကံကြမ္မာကို မသိကြပါဘူး။
တောမှာနေတဲ့ လူတွေက ပိုတောင်ဆိုးပါတယ်။ သူတို့မှာ သဘာဝပတ်ဝန်းကျင်၊ ရေကာတာ ကောင်းကျိုးဆိုးကျိုး စတာတွေ ဘာဆို ဘာမှ မသိကြတာပါ။ သူတို့တွေပါ သိလာအောင် ကျယ်ကျယ်ပြန့်ပြန့် ပညာပေးနိုင်ရင်သိပ်ကောင်းမှာနော်.
ဒါပေမဲ့ အခုကြားရသလောက်ဆို ဧရာဝတီအကြောင်း ဖော်ပြတဲ့ စာစောင်တွေ သတင်းတွေကိုတောင် ဆင်ဆာဖြတ်တယ်ဆိုတော့ ဘယ်လိုများ လုပ်ကြရပါ့

seesein said...

ဧရာမြစ်ရိုးတလျှောက် ကနေ လော်စပီကာနဲ့ အော်ပြီး တော့ ပြောချင်ပါတယ် ချစ်သော အမရေ ......ကားတဲ့သူတွေကား နားတဲ့သူတွေနား... စားတဲ့သူတွေစား.....
ဘယ်ထဲမှ မပါတော့ အေးရော

ချစ်ညီမ

sosegado said...

တစ်ချို့ကား အဟောင်းတွေက ရှားပါး မော်ဒယ်တွေဖြစ်နေရင် ဖြစ်လိုက်ရင် နမြောစရာကြီး၊
ဧရာဝတီ ဆည်စီမံကိန်းများ ရပ်လိုက်ပြီလို့ကြားပါသည် ?

Myanmar Good Knowledg Co., Ltd said...

ဧရာဝတီအတွက် အစ်မကအွန်လိုင်းပေါ်မှာလည်း အရပ်ထဲမှာလည်း လှုပ်ရှားပေါ့နော်။
လေးစားပါတယ်။

ကားတွေကြောင့် သိတဲ့အတိုင်းပဲအစ်မရေ ဂျပန်မှာလည်း အမျိုးမျိုးပြောကြလှုပ်ရှားကြပေါ့။
တိုက်တိုက်ဆိုင်ဆိုင် မြန်မာငွေကမာပြီး ယန်းဈေးကလည်း ၂လ၃လလောက်ပျော့နေတာ။ (ယန်း၁သောင်း၁ထောင်=ကျပ်၁သိန်း)
ကနေ ကားသတင်းလည်းထွက်ပြီးရော လွန်ခဲ့တဲ့ (ယန်း၉ထောင်၎ရာကိုမြန်မာငွေ ကျပ်၁သိန်းဖြစ်)လာတယ်။

Anonymous said...

ဧရာဝတီသတင်းကောင်းကြောင့် မောင်ဘကြိုင်ပျော်၏
ကားခနဲ့မဖြစ်ရလေအောင် ကားမဝယ်ကြနှင့်အုံးး)


မောင်ဘကြိုင်

မြစ်ကျိုးအင်း said...

တနပ်စားသမားတွေပဲ သတင်းကြိုရပြီး ကြီးပွားနေကြတာ။ သာမန်ပြည်သူတွေကတော့ အမြဲ ခံဖက်ကပါပဲ။

သတင်းတွေ မသိတာတော့ အပြစ်တင်လို့ မရဘူးအစ်မရေ။ နိင်ငံရပ်ခြားမှာ ပြည်တွင်းသတင်းတွေကို အမြဲနားစွင့်နေသူတွေက ပို သိသိနေရတာ အမြဲပါပဲ။

မင်းဧရာ said...

အမကြီး...
အရောင်းအ၀ယ် သမားများ သမာဓိ ရှိပုံလေးကိုတော့
အံ့သြပါတယ်ဗျာ။
မြစ်ဆုံ စီမံကိန်း ကိုတော့ရပ်လိုက်ပြီလို့
ကြားနေတယ် ဟုတ်မဟုတ် တော့မသိသေးဘူးဗျ။