ဗိုလ်ကျော်ခေါင်
ကျွန်ုပ်၏ဖြစ်စဉ် ဤကဏ္ဍကို ရေးသားရန် ကျွန်ုပ်ဟန်ပြင်နေသော ယမန်နေ့က ကျွန်ုပ်၏ အယူခံကို နက်ဖြန်ခါ တွင် အမိန့်ချမှတ်တော့မည်ဟု ပြောလာ၏။ ကျွန်ုပ်၏ စိတ်များကား အယူခံစီရင်ချက်ကို စောင့်မျှော် လိုသောဇော ဖုံးလွှ့မ်းနေသဖြင့် ကျွနင်္ုပ်၏ဖြစ်စဉ် ဤကဏ္ဍကို ရေးသားရန်ပင် စိတ်မ၀င်စား တော့ပေ။ ကျွန်ုပ် ကား အမှုသွားအမှုလာကို ထောက်၍ အယူခံပယ်ချခြင်း ခံရမည်ကို ကြိုတင်၍ သိပါ၏။ သို့သော် ပုထုဇဉ် တို့ဘာဝ သေရမည်ကို မကြောက်ပါဘူးဆိုသော်လည်း ရွံ့မိပေသေးသည်။
သေရမည်ကို ကျွန်ုပ် ရွံသည်ဟု ဆိုသဖြင့် ကျွန်ုပ်အား သတ္တိကြောင်မည်ဟု ဆိုချင်က ဆိုပါတော့၊ သေစား သေစေ စီရင်ချက်အကျတွင် တဟားဟားရယ်မိသော ကျွန်ုပ်သည် အယူခံပယ်၍ အချခံရမည်ကိုစိုးကာ စိတ်အားငယ် မိသည်ကို သူရဲ ဘောနည်းသည်ဆိုလိုက ဆိုကြပေတော့...။ သို့သော် လောဟကုမ္ဘီငရဲအိုး၌ မီးလျှံ တပြောင်ပြောင် တောက် လောင်ခြင်းကို ခံ၍နေရသော ငရဲသားသည်ပင် အသက်သေရမည်ကို ကြောက်ရွံ့ သေး၏။
အိုင်း အမာ အနာကြီး ပြည်ထည့်၍ နေရာတွင် ဆေးသမား၏ အနာဖောက်ဓားငယ်ဖြင့် ခွဲစိတ်လိုက်ပါက ပြည်များ ထွက် ၍ အနာသက်သာမည်ကို သိသော်လည်း အနာရှိသူမှာ အနာကို ခွဲစိတ်မည်ဟုဆိုလျှင် ဓားဦး ကလေးကို ကြည့်ကာကြောက်တတ်ပေသေးသည်။ ဤသဘောကို မိလိန္ဒပဥှာ၌ ဤသို့ပင် ဆိုထား ပေသည်။
ထို့ကြောင့် ယမန်နေ့က ကျွန်ုပ်သည် ဤအဖြစ်စဉ်မှတ်တမ်း၏ ဗိုလ်ကျော်ခေါင်ဘ၀ကဏ္ဍကို ရေးသားရန် အသင့်ပြင်ပြီး ကာမှ အယူခံ စီရင်ချက်ချကာနီးပြီဟု သိရသောကြောင့် အရင့်အမာ မဟုတ်သေးသော သာ မန် ပုထုဇဉ်ဖြစ်သည့် အားလျော်စွာ သေရမည့်ဘေးမှ ဝေးပါစေဟု အတွင်းကြိတ် ဆုတောင်းမိရင်း ဤကဏ္ဍ ကို မရေးဖြစ်ခဲ့ပေ။
ယနေ့ကား ကျွန်ုပ်၏ အယူခံလွှာကို တရားလွှတ်တော်ချုပ်မှ ပယ်၍ ချလိုက်သောနေ့ဖြစ်၏။ ဤသို့ အယူခံ ၍ အဖတ်ဆယ်သော်လည်း မရနိုင်တော့မှန်း သိသောအခါတွင်မှ ကျွန်ုပ်၏ အသက်ဘေးလွတ်နိုးလွတ်နိုး စိတ်ဂယက် တို့သည် တစ်ခါတည်း အနယ်ထိုင်၍ ငြိမ်သက်သွားကြပေတော့သည်။ စိတ်ဂနာ ငြိမ်သော ကြောင့် လည်း ဤကဏ္ဍကို ယနေ့ဆက်၍ ရေးနိုင်ပေသည်။
ကျွန်ုပ်၏ ၀တ်လုံတို့ကားအားမလျှော့သေး သမ္မတကြီးထံ အသနားခံစာတင်ရန် ကြိုးစားစိုင်းပြင်းလျက်ရှိ နေ၏။
ကျွန်ုပ်၏ အသနားခံစာကို ပြည်ထဲရေးဝန်ကြီးက တစ်ဆင့် သမ္မတကြီး ကြည့်ရှုကာ သေဒဏ်မှ လွှဲ ပေးသင့် မပေးသင့် ကို စဉ်းစားရဖို့ရှိ၏။ သို့သော် ဤကဲ့သို့ အသနားခံစာ တင်ရခြင်းမှာ ဆေးဝါး ဆရာဝန် နှင့် ကုမရ နိုင်သော လူနာကို ဓဇဂ်သုတ်၊ မေတ္တာသုတ်၊ အဘိဏှသုတ် များနှင့်တကွ ဗောဇ္ဈင်သုတ်တွေ ရွတ် ၍ ဘုရားက ကုစားသည်နှင့် တူပေရာ ကျွန်ုပ်မှာ သေစားသေစေ စီရင်ချက်ချပြီးကတည်းက စိတ်အား လျှော့ချထားပြီးဖြစ်ရာ အယူခံ အပယ်ခံရသောအခါ၌မူ စိတ်နှလုံးကို တုံးတုံးချလျက် သိကြား ဆင်းကယ် မ မျသာ လွတ် လမ်းရှိတော့သည့်အခြေကို နားလည်ထားပြီး ဖြစ်သည့်အလျောက် စိတ်ဂယောက်ဂယက် ဖောက်ပြန် ပျက်ကွက်ခြင်း လုံးဝကင်းလျက် ကျွန်ုပ်၏ အဖြစ်စဉ်ကိုသာ ပြီးစီးအောင် အားတိုက်ရေးရပေ တော့မည်။ ကျွန်ုပ်၏ အကြောင်းစုံကို နှောင်းလူတို့ အကုန်အစင်မသိဘဲ ရှိကျန်ပေလိမ့်မည်ဖြစ်၏။ ထို့ကြောင့် ခပ်ချုံးချုံးပင် ဆက်လက် ရေးသားရပေတော့မည်။
အသန့်ကလေးနှင့် လက်တစ်လုံးခြား ကံခြားသဖြင့် ကွဲကွားခဲ့ရပြီးသည့်နောက်တွင် ကံတရားသည် ကျွန်ုပ် အား နေရင်းမြို့ကလေ၌ မထားပြန်ဘဲ မော်လမြိုင်သို့ ပို့လိုက်ပြန်၏။ ပို့ပုံမှာကား မော်လမြိုင်တွင် ကြေးတိုင် မင်းကြီးနှင့် လာရောက်တွေ့ဆုံရစဉ်က မော်လမြိုင် အရေးပိုင်မင်းက ကျွန်ုပ်အား များစွာ သဘောတွေ့ ၍ သွားပေရာ အလုပ်အကိုင်ကောင်းမွန် ထက်မြက်သည်ဟူသော ဂုဏ်ပုဒ်ကိုပေး၍ မော်လမြိုင်ရှိ မြေတိုင်း ဘက်ဌာနချုပ်တွင်လာ၍ အင်စပက်တော်အဆင့်အတန်းဖြင့် အမှုထမ်းစေရန် စီစဉ်လိုက်၏။
အကယ်၍သာ ခပ်စောစောကသာ နေရင်းဇာတိသို့ပြန်၍ အမှုမထမ်းရဘဲ မော်လမြိုင်၌သာ တိုက်ရိုက်အမှု ထမ်း ရပါက အသန့်၏ အပေါ်တွင်လည်း စိတ်ဆင်းရဲဒုက္ခကြီးနှင့် ကြုံမည်မဟုတ်ပါပေ။ ယခုမူကား ကံတရား သည် မျက်နှာချိုသွေးကာ ကျွန်ုပ် မြတ်နိုးလှစွာသော အသန့်ကလေးနှင့် နီးစပ်အောင် တမင်တကာ နေရင်း မြို့ရွာသို့ ပို့လိုက်ပြီးမှ နောက်ကျောဘက်ကနေ၍ ဓားနှင့်ထိုးသည့်ပမာ အသန့်နှင့် နီးလု တဲကာ ကျန်တော့ မှ အဖိုး ဦးနကီကို ဆုံးစေခြင်းဖြင့် အသန့်နှင့် ခွဲခဲ့၏။ ခွဲ၍မှ အားမရသေးသလို ကျွန်ုပ် အပေါ်၌ အသန့်က လည်း ခင်မင်တွယ်တာနေသည့် အကြောင်းအရင်းကို အသန့် မင်္ဂလာဆောင် ကာနီး တားတားအချိန် ကလေးသို့ရောက်မှ ကံတရားက အသိပေးပြီးလျှင် နောက်တစ်ကြိမ် ထပ်၍ နှိပ်စက် ပြန်လေတော့သည်။ သြော် ...ကံ ... ကံ။
သို့ဖြင့် အသန့်နှင့် ကွဲရသော မြို့ကလေး၌ မပျော်မပိုက်ရှိနေခိုက် ကံတရားသည် မျက်နှာချို သွေးလာပြန် ၏။ ယင်းသည်ကား နေရင်းဇာတိမြို့ကလေး၌ မပျော်သောကျွန်ုပ်အား မော်လမြိုင်သို့ ပြောင်းရွှေ့ရအောင် ဖန်တီး လိုက်ခြင်းဖြစ်၏။ ကျွန်ုပ်လည်း မော်လမြိုင်သို့ စိတ်သက်သာလို သက်သာငြား ပြောင်းရွှေ့ လာခဲ့ရ ပေသည်။
မော်လမြိုင်တွင် အမှုထမ်းနေရင်းက အသန့်၏ သတင်းကိုလည်း နာ၏။ ကျွန်ုပ်၏ ဦးလေးဖြစ်သူ ဦးဒေါနတို့ အိမ်သားတစ်စုအကြောင်းကိုလည်း အမြဲစုံစမ်းနေခဲ့၏။ ဤအချိန်တွင် ကျွန်ုပ်မှာ အချစ်ဦးလေးနှင့် လွဲခဲ့ရ သည်ကို စိတ်မချမ်းသာတိုင်း အချစ်စိတ်ကို အတင်းအကျပ် မျိုသိပ်ဖိနှိပ်ထားပြီးလျှင် အိမ်ထောင်ရေးကို လုံးဝစိတ်မကူးဘဲ ကျွန်ုပ်၏ ဘ၀အဓိဋ္ဌာန်ဖြစ်သော လက်စားချေရေးကိုသာ နိစ္စပတ်ကြိုးပမ်း၍ လက်စား ချေရမည့် နည်းလမ်း များကို ရှာဖွေခဲ့ပေသည်။ သို့သော် မိမိအပေါ်၌သင်္ကာမကင်းခြင်းကိုမျှ မခံရအောင် လက်စားချေ ရမည့်အရေးမှာ ရှေး၌ ပထမ ဦးဒေါနတို့ မိသားစုအနီးသို့ ချဉ်းကပ်နိုင်ဖို့ အရေးကြီး၏။ လူယုံ သတ် မှ သေတတ်သော ဓမ္မတာအတိုင်း ကျွန်ုပ်သည် ဦးဒေါနတို့၏ လူယုံအဖြစ်သို့ ရောက်နိုင်မည့် နည်း လမ်း များကို ရှာဖွေ၏။
သို့သော် ဦးဒေါနတို့အနီးတွင် ကျွန်ုပ် လူယုံဖြစ်စေဖို့ကား ဝေးစွ၊ သူတို့၏ အိမ်ရိပ်ကို နင်းနိုင်ရန်ပင် အတော်ကြီး ခဲယဉ်းနေသေးသောအဖြစ်ကို တွေ့ရပေရာ မျိုသိပ်၍သည်းခံကာ စောင့်တတ် သော ကျွန်ုပ် သည် နေသေးသပါ့ ဟူသော ကြုံးဝါးချက်နှင့်အညီ အခွင့်အလမ်းကိုသာ စောင့်မျှော်၍ နေခဲ့ရ ပေသည်။ သို့စောင့်မျှော်၍ နေခိုက်တွင် ကျွန်ုပ်သည် ကြိုတင်ပြင်ဆင်သောအားဖြင့် ဦးဒေါနတို့ ဆွေမျိုး တစ်စုအား မုန်းတီးကြောင်း လက်စားချေလိုကြောင်းကို လေသံမျှ မရှိမ်းခဲ့။ ရှေ့အကြောင်း နောက်အကြောင်း မျိုးစုံ တို့ကို သိကြသော သူတို့က တစ်ခါတစ်ရံ စကားစပိမိ၍ " ဘယ့်နှယ် ကိုကံကောင်း၊ တနင်္သာရီဘက်က ဆွေမျိုး တွေနဲ့ကော သင့်မြတ်ကြပြီလား" ဟု မေးတတ်သောအခါတွင် " ဟုတ်ကဲ့ အရင် တုန်းက လောက်တော့ မဆိုးတော့ပါဘူးလေ တစ်လောကပဲ ဒူးရင်းခြင်းနှစ်ခြင်း ပို့လိုက်သေးတယ်" ဟု မုသား သုံးခဲ့ ၏။ ဘုန်းကြီးကျောင်းသားဘ၀ကရခဲ့သော မာယာဆောင်တတ်ခြင်းသည် ကျွန်ုပ်အဖို့၌ များစွာ အသုံးဝင်၍ လာပေတော့သည်။
ယင်းသို့ အခွင့်အလမ်းကို စောင့်မျှော်သည်မှာ ခုနစ်နှစ် ရှစ်နှစ်ခန့်ကြာ၏။ ဤမျှ နှစ်ရှည်လများ စောင့်စားခဲ့ ရသည်မှာ သာမန်အားဖြင့် ကြည့်လျှင် စိတ်ပျက်ဖွယ်ကောင်းအောင် ကာလရှည်လျားလှ၏။ သို့သော် ရင်ထဲ ၌ မကျေနိုင်သော လက်စားချေရန် အဓိဋ္ဌာန် အမြုတေခဲကြီးရှိနေသူ ကျွန်ုပ်အဖို့၌ကား လက်စားချေရန် အခွင့်အလမ်းသည် ယနေ့ မပေါ်သေးလျှင် နက်ဖြန်တွင် ပေါ်လာရမည်ဟူသော ဇွဲကို ထားသူဖြစ်ပေရာ တစ်နေ့နေ့တွင် အခွင့်အလမ်းမပေါ်ဘဲမနေရ ပေါ်လာရမည်သာဖြစ်သည် ဟူ၍ တစ်ထစ်ချ ဗျာဒိတ်ရသ လောက် တွက်ထားသူ ဖြစ်လေရကား တစ်နေ့ကုန်လျှင်ပင် လက်စားချေရမည့် အချိန်ဘက် သို့ တစ်ရက် ရလေပြီဟု ယူဆကာ ကျေနပ်မိပေသည်။
ထို့အပြင် ကျွန်ုပ်မှာ အဆုံးအဖြတ် မှန်ခဲ့သဖြင့် လက်စားချေ၍ ငွေပုံကြီးကို ကျုံးရန် ရက်ကိုစောင့်ရာ၌ ရာထူး ရာခံ အသင့်အတင့်နှင့် အစစအရာရာ နှုတ်လုံကာ နေရပေရာ အဘယ်ကြောင့် ကျွန်ုပ်သည် လက်စားချေ ဖို့ အခွင့်အလမ်းကို စိတ်ရှည်လက်ရှည် မပူမပင် အေးဆေးစွာ မစောင့်ဘဲ မနေနိုင်စရာလမ်း ရှိပါအံ့နည်း။
လက်စားချေရန် အခွင့်အလမ်းပေါ်မည့် ပေါ်သည်ကား ၁၉၄၁ ခုနှစ်၌ ဖြစ်၏။ ခုနစ်နှစ်ကျော်၍ ရှစ်နှစ် အတွင်း သို့ ၀င်လာကာမှ ထိုအခွင့်အလမ်းသည် ကတ်သီးကတ်သတ် မမျှော်လင့်သော ထောင့် တစ်ခု မှ ပေါ်ထွက် လာပေသည်။ အတိုချုံး၍ ရေးရမည်ဆိုသော် ကျွန်ုပ်အသက် ၃၁ နှစ်ထဲသို့ ရောက်ခဲ့သော ဤ ၁၉၄၁ ခုနှစ်၌ ဂျပန်သည် အင်္ဂလိပ်၊ အမေရိကန်တို့ကို စစ်အကြီးအကျယ် ခင်းတော့၏။ ထိုသို့ စစ် မခင်းမီ ယခင် တစ်နှစ်လောက်ကစ၍ မော်လမြိုင်ရှိ ဂျပန်ဓာတ်ပုံဆရာ ကီမူရာသည် ကျွန်ုပ်အား ရွှေဒင်္ဂါးများ ပင် လာဘ် ထိုးလျက် အကျွမ်းဝင်အောင် မိတ်ဖွဲ့ပြီးနောက် မော်လမြိုင်နယ်၏ အသေးစိတ်မြေပုံများကို ဓာတ်ပုံ ကူးယူခွင့် တောင်းပေသည်။ ကျွန်ုပ်ကား တစ်ကိုယ်ကောင်းစိတ်သာရှိ၍ လက်မနှေးသူဖြစ်သော ကြောင့် မြေပုံ ကို ကူးရုံသာကူးသော ကီမူရာ၏ ရွှေဒင်္ဂါးတို့ကို လက်ခံ၍ မြေပုံများကို ဓာတ်ပုံရိုက်စေလေ သည်။
ဂျပန်တို့ အင်္ဂလိပ်ပိုင်နယ်များကို အရှေ့ဘက် --ကျွန်းဆွယ်မှစ၍ သိမ်းလာကြသောအခါ၌ အင်္ဂလိပ် အစိုးရ တို့က တနင်္သာရီနယ်ဒေသမြေပုံအားလုံးရှိရာဖြစ်သော ကျွန်ုပ်တို့၏ရုံးကြီးမှ မြေပုံများကို မီးရှို့စေ၏။ မြေပုံ များကို မီးရှို့သောမီးပုံကြီးကို ကြည့်ကာ ကျွန်ုပ်ပြုံးမိ၏။ မီးရှို့လျှင် ရှို့ရှို့သာ ရှိပေတော့မည်။ အရေးကြီး မြေပုံအားလုံးကား ဂျပန်ဓာတ်ပုံဆရာ ကီမူရာ မှ တစ်ဆင့် ယိုးဒယားသို့ ခိုးသွင်း ကာ ဂျပန်ပြည်သို့ ရောက်ကြပြီး ဖြစ်လေသည်။
ဂျပန်တို့ တနင်္သာရီကို မြစ်တားလမ်းမှဝင်၍ အုပ်ကြ၏။ အချို့ကလည်း ကော့သောင်မှဝင်ကြ၏။ အင်္ဂလိပ် တို့ ကား အဆုတ်ကြီး ဆုတ်ရလေသည်။
မော်လမြိုင်ဂျပန်၏ လက်သို့ကျ၏။ ကျွန်ုပ်ကား မော်လမြိုင်တောဘက်၌ခို၍နေ၏။ မကြာမီဂျပန်များ မော် လမြိုင်၌ကြီးစိုးကြလေရာ စစ်သားစုနေကြရာတွင် ကျွန်ုပ်သည် ကီမူရာနှင့် သွား၍တွေ့၏။ ကီမူရာကား ဓာတ်ပုံ ဆရာ မဟုတ်တော့၊ ကာနယ်အဆင့်အတန်းနှင့် တနင်္သာရီတစ်ခွင်ကို အုပ်စီးရသော ဂျပန် ဗိုလ်မှုး ကြီးဖြစ်နေပေပြီ။ ဗမာ့လွတ်လပ်ရေးတပ်မတော်ထဲ၌လည်း ကျွန်ုပ် မြေတိုင်းကျောင်း တက်ဖက်ဖြစ်သော မိတ်ဆွေ တစ်ဦးမှာ ဗိုလ်မှူးရာထူးနှင့် ပါ၍လာ၏။
ကီမူရာ နှင့် အင်စပက်တော်အဖြစ်ဖြင့် အင်္ဂလိပ်ထံမှ တစ်နှစ်တွက်လခထုတ်လိုက်ရသော ကျွန်ုပ်သည် မြန်မာနိုင်ငံ တော်ကြီးလွတ်လပ်ရေးအတွက်ဟုဆိုကာ စစ်ထဲသို့ဝင်ခဲ့၏။ ကီမူရာ၏ ကျေးဇူး ကျောင်းနေဖက် မိတ်ဆွေတို့၏ ကျေးဇူးကြောင့် စစ်တောင်းတိုက်ပွဲ အပြီးတွင် ကျွန်ုပ်မျာ လက်မတင်နင် အဆင့် အတန်း ဗိုလ်ရာထူးကို ရခဲ့၏။ ထိုစဉ်အခါက ငယ်မည် သာကဒိုး တို့သည် အရာခံ ဗိုလ်ကလေး ဖြစ်သည်နှင့် တစ်ပြိုင်နက်ပင် သာကဒိုး ဘ၀မှ ဗိုလ်ရဲဝင်း ဖြစ်သွားကြပေရာ ခေတ်၏ အသုံးအနှုန်းကို လိုက်နိုင်မှ အခွင့်အလမ်းသာကြောင်းကို နားလည်ထားသူ ကျွန်ုပ်သည် မောင်ကံကောင်း ဘ၀မှနေ၍ ဆာကေလှိုင် သော ညစာတစ်ပွဲပေးခြင်းအားဖြင့် (ဗိုလ်ကျော်ခေါင်)ဟူ၍ တနင်းလာ သားပြီပြီ ကိုယ့်ကိုယ် ကို ကင်းပွန်တပ်ခဲ့ပေသည်။
ကီမူရာသည် ကျွန်ုပ်အား များစွာ ယုံကြည်၏။ မော်လမြိုင်တွင် စစ်မဖြစ်မီလေးငါးနှစ်ကစ၍ သူနှင့် ကျွမ်းဝင် ခဲ့ရာ၌ ကျွန်ုပ်၏ အပေါ်တွင် ခင်မင်ရင်းနှီးစွဲရှိခဲ့သည်ကလည်း ရှိနေသောကြောင့် ကီမူရာသည် ကျွန်ုပ်အား ပဲခူးတိုက်ပွဲအပြီး၌ မော်လမြိုင် ဂျပန်စစ်ရုံးတွင် မြန်မာတွဲဖက်အဖြစ်ဖြင့် ပေးပါရန် မြန်မာဗိုလ်မှူး ဗိုလ်ချုပ်များထံမှ တောင်းယူ၏။ ထိုအခါ၌ မြန်မာတို့မှာ ဂျပန်တို့၏ အလိုကို လိုက်စပြုသော ပါးရိုက်ခေတ်၊ အုတ်ကျွတ်တန်းနှင့် ဆော်လဗန်တေသောခေတ်၊ ဆွမ်းခံကြွသောဘုန်းကြီးက ဂျပန်စန္ဒလီကို ခေါင်းညွှတ် ရသောခေတ် စသည်တို့၏ အစအဦးအချိန်ဖြစ်ပေရာ၊ ကီမူရာ၏ အလိုပြည့်လျက် ကျွန်ုပ်မှာလည်း လက်ဖတင်နင် ဗိုလ်ဘ၀မှ ကက်ပတိန်ဗိုလ်ကြီးအဖြစ်သို့ ရာထူးတက်ခဲ့သေး၏။
ဂျပန်စစ်ရုံး၌ တွဲဖက်၍ လုပ်ရသောအလုပ်မှာကား မြန်မာစစ်တပ်များ၊ မြန်မာအရပ်သူ အရပ်သားများနှင့် ဂျပန်တို့အဆက်အဆံ ချောမွေ့စေအောင် ကြားက၀င်၍ အောင်သွယ်ပေးရသော လိုင်ယာဆန်ခေါ် ဆက် ဆံရေးအလုပ်ဖြစ်၏။ သို့သော် ဤအလုပ်မှာ နာမည်မျှသာရှိ၍ တကယ့်အလုပ်မှာကား ဂျပန်တို့ စိတ်မထင် တိုင်းသူလျှိုဟုဆိုကာ ဖမ်းဆီးလာသော သူများကို စစ်မေးရခြင်း၊ ဂျပန်ကင်ပေတိုင်က ရိုက်နှက် စစ်ဆေး၍ မရသောသူများကို မြန်မာအချင်းချင်း လှည့်၍ ချော့မော့အစ်ထုတ်ရခြင်း၊ ဂျပန်စစ်ရဲများနှင့် တွဲဖက် ပေးထားသော စကားပြန် သူငယ်ကလေးများကို အုပ်ချုပ်ရခြင်းစသော အလုပ်တို့သာလျှင် ဖြစ်ပေ တော့သည်။ သို့ ဖြစ်ရာ ကျွန်ုပ်ကိုယ်တိုင်မှာလည်း ဂျပန်စကားကို လယ်လယ်ဝယ်ဝယ် ပြောတတ်သည် အထိ ကြိုးစားပမ်းစား သင်ရပေသည်။
သို့နေရင်းက တစ်နေ့တွင် ဂျပန်ကင်ပေများသည် သူတို့ရိုက်နှက်ညှင်းဆဲ၍ မေးမရသောကိစ္စတစ်ခုရှိ၍ လာခဲ့ပါ ဟု ခေါ်သောကြောင့် ကျွန်ုပ်လည်း လိုက်သွားရ၏။ မြန်မာများကို ဂျပန်တို့ ညှင်းဆဲချင်တိုင်း ညှင်းဆဲ ကြပုံများကား အထူးရေးဖွယ်မလိုပေ။ အားလုံးသိကြပြီးပင် ဖြစ်ကြပေသည်။ ထိုညှင်းပန်း နှိပ်စက်မှု များ ကို မျက်ဝါးထင်ထင် အမြဲမြင်နေရသော ကျွန်ုပ်၌ အမြတ်တစ်ခု ထွက်လာ၏။ ယင်း အမြတ် မှာကား ဘုန်းကြီးကျောင်းသားဘ၀ကတည်းက သံယောဇဉ် ကင်းပြတ်တတ်လာခဲ့သော ကျွန်ုပ်သည် ဂျပန်များ နှင့် ပေါင်းရသောအခါ၌ လူတစ်ယောက်အား ရက်စက်စွာ လက်သည်းခွာသည်ကို မြင်ရစေကာမူ စိတ်တွင် မထိ ခိုက်ဘဲ အသဲနှလုံးတွင် သနားကြင်နာစိတ် ခန်းခြောက် ပျောက်ကွယ် သွားရခြင်း ပင် ဖြစ်ပေသည်။
ကင်ပေတိုင်ရုံးသို့ ရောက်သောအခါတွင် ထုံးစံအတိုင်း စစ်မေးရမည့် တရားခံကို မတွေ့သေးမီ ဂျပန်ကင်ပေ တို့ ရိုက်နှက်၍ စစ်ရာ၌ စကားပြန်လုပ်ရသော မြန်မာ လူတေလူပေ စကားပြန်ကလေးများကို အရင်ဆုံး ခေါ်၍ မေးစမ်းကြည့်ရ၏။ ဤသို့ မေးစမ်းကြည့်၍ ကျွန်ုပ် ချော့မော့စစ်ဆေးရမည့် တရားခံ၏ အကြောင်း ဇစ်မြစ် ကို တင်ကူးကာ သိထားရသောအခါမှာမှ အိုရာ ကို ရအောင် ချော့၍ မေးရန် လွယ်ကူလေ့ ရှိပေသည်။ ထို့ ကြောင့် ကျွန်ုပ်အတွက် သီးသန့်ပေးထားသော အခန်းတွင် ထိုင်ရာက သက်ဆိုင် ရာ စကားပြန်ကလေးအား ခေါ်လိုက်ရ၏။ စကားပြန်ကလေး ရောက်လာသောအခါ၌ ...
" ဟေ့ ... ဘယ်သူလဲကွ ... ဒီအမှုက ... " ဟု မေးလိုက်သည်တွင် စကားပြန်ကလေးက " ဟာ ... ဗိုလ် ကြီး မသိဘူးလား၊ ဒီအမှုက စစ်တပ်ပစ္စည်းခိုးမှု မဟုတ်ဘူးဗျ၊ တော်တော်ကြီးတဲ့အမှုကြီး" ဟု ဆိုသဖြင့် ကျွန်ုပ်တွင် နားထွေးသွားရကာ " ဘယ်လိုအမှုများလဲကွာ ... ပြောစမ်းပါအုံး ... " ဟု ထပ်၍ မေးရသော အခါ ၌ စကားပြန် သူငယ်က " ဒီလို ဗိုလ်ကြီးရဲ့။
အခု ဖမ်းထားတဲ့လူ သားအဖေက တော်တော်ပိုက်ဆံရှိ သတဲ့ဗျ ...၊ စစ်ပြေးပြီး ရန်ကုန်ဘက်က ပြန်လာတာ မှာ ဘယ်သူက ဘယ်လို တို့လိုက်သလဲ မပြောပါဘူးဗျာ ...။ မြို့ထဲမှာ ခဏတည်းခိုနေရာက ကင်ပေ တွေ့သွားပြီး သူ့ပစ္စည်းတွေကို ရှာကြတော့ ရေ ဒီယိုဘတ်သီးတစ်လုံး တွေ့တာနဲ့ပဲ ဖမ်းပြီး ပိတ်ထား တာပါပဲ။ မိန်းမသား တွေကိုတော့ သူတို့တဲခိုတဲ့ အိမ်ထဲ မှာပဲ ဂျပန်ကင်ပေက အစောင့်တွေနဲ့ ခြံပြင် ဘက် မထွက်ရဆိုပြီး ပိတ်ထားသဗျ ... " ဟု ဆို၏။ ကျွန်ုပ်လည်း ခါတိုင်း တွေ့နေကျ အမှုမျိုးနှင့် မတူဘဲ အနည်းငယ် ဆန်းနေသောကြောင့် "ဘယ်နှယ်လဲ ... မင်းလူတွေ စကားပြောနိုင်သေးရဲ့လား"ဟု ထပ်၍ မေးမိ၏။
အကြောင်းမှာ ဤသို့ဖြစ်သည်။ ဂျပန်တို့မှာ မန္တလေးကိုပင် သိမ်းပိုက်မိပြီးကြပြီဖြစ်ရာ မြန်မာတို့အပေါ်၌ အ နိုင်ကျင့်ခြင်း မက ကျင့်လာကြသည်။ ပိုက်ဆံရှိသူဆိုလျှင် အပြစ်မတွေ့တွေ့အောင်ရှာ၍ လူပြန်ပေး သဘော နှင့် ကင်ပေရုံးသို့ ခေါ်လာ၊ တမင်ရှာထားသော ပြစ်မှုတစ်ခုခုနှင့် စွပ်စွဲ၊ မသေမရှင် ရိုက်နှက် ညှဉ်းပန်း၊ ကင် ပေဗိုလ်ကို လာဘ်ထိုးမှ မြော့မြော့ကလေး အသက်မသေ ပြန်ရတတ်သည်။ တစ်ခါက သူလို ငါလို လူတစ် ယောက်ကို ပိုက်ဆံချမ်းသာပါသည်ဟူ၍ တစ်ယောက် က တို့လိုက်သဖြင့် ဂျပန်ကင်ပေတို့က ဖမ်းကာ ငွေထွက်အောင် ညှင်းဆဲကြသည်။ ထိုသူခမျာမှာ တကယ်ပင် ဆင်းရဲသူဖြစ်ရာ ငွေမထွက်ဘဲ အသက် သာ ထွက်သွားရရှာပေသည်။
ထို့ကြောင့် (ဖမ်းထားသူတွေ စကားပြောနိုင်သေးရဲ့လား)ဟု မေးရ၏။ အချို့ကား ဂျပန် ဘွတ်ဖိနပ်ဒဏ်၊ စီး ကရက်မီးဒဏ် တို့ကြောင့် စကားမပြောနိုင်အောင် မေ့မြောနေရာက သတိလစ်ကာ ရူးသွပ်သွားသည်အထိ ပင် ဖြစ်ကြရ၏။ ရေး၍ မဆုံးနိုင်ပြီ ...။
ဂျပန်လက်ချက်ဖြင့် စစ်မေး၍ မရသူတို့မှာ များသောအားဖြင့် ဖွဲအိတ်ပမာ ဖြစ်နေတတ်ကြပေရာ အချို့မှာ မြန်မာအချင်းချင်း ကျွန်ုပ်စစ်မေးမှ အကြောင်းမှန်ကို သိရ၏။ နိရောတောနိုင် နောသီချင်းကလေးကို ဆိုတတ်ကာမျှနှင့် စကားပြန်လုပ်ကြသေး မြန်မာကြမ်းပိုးကလေးများက မတတ်တတတ်နှင့် ဘာသာပြန် သည်ကို ဂျပန်က တစ်မျိုးယူဆကာ အထင်လွဲ၍ ရိုက်သည်လည်းရှိ၏။ ရိုက်သဖြင့် နာနာကျင်ကျင်နှင့် စကား အယောင်ယောင်အမှားမှား ပြောမိရှာကြသည်လည်းရှိ၏။ အမျိုးမျိုး အထွေထွေပါပေ။
ဤသို့ ကျွန်ုပ်မေးလိုက်သောအခါ စကားပြန်သူငယ်ကလေးက "စောစောကတော့ နှစ်ယောက်စလုံး ထိပ်ပြဲ ပြီးမေ့နေတာပဲခင်ဗျ။ အခုတော့ သတိရလောက်ကြရော့မယ် ... ကျွန်တော် ရေတစ်ပုံးပက်ခဲ့တယ်" ဟု ဖြေ၏။ ကျွန်ုပ်လည်း " ကိုင်းကွာ သွားပြီး ခေါ်ခဲ့စမ်းပါ ... မြန်မြန်စစ်ပြီးရင် ... မြန်မြန်အေးတာပဲ "ဟု ဆို လိုက်သည် ၌ စကားပြန်ကလေး ထွက်သွား၏။
သူထွက်သွားကာမှ တရားခံတို့၏အမည်ကို မမေးလိုက်မိမှန်း သတိရမိပေသည်။ သို့သော် အရေးမကြီး၊ ပိုက်ဆံ ရှိသည်ဟု ထင်ရသူတို့ကို ဂျပန်က သူလျှိုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် အခြောက်တိုက် ဖမ်းကာ ညှင်းဆဲ၍ ငွေညှစ်ကြသည်မှာ ဒုနှင့်ဒေးဖြစ်ရာ ယခုကဲ့သို့ ရေဒီယိုဘတ်သီး တစ်လုံး တွေ့၍ အဖမ်းခံ ရသည် ဆိုသောအမှုမှာ အနည်းငယ်ဆန်းသဖြင့် တရားခံတို့ကို အမြန်အခေါ်ခိုင်းခြင်းဖြစ်ပေ၏။
မကြာမီပင် ဂျပန် လက်မရွံ့ နှစ်ယောက်တို့က အင်္ကျီလည်ကုပ်ကို ကိုင်ကာ တွန်းဆောင့်၍ ခေါ်လာသော တရားခံနှစ်ယောက်သည် ကျွန်ုပ်၏ အခန်းထဲသို့ ဒယီးဒယိုင် ၀င်လာကြ၏။ သူတို့၏ မျက်နှာများမှာကား ဂျပန် လက်ဝါးစာ မိထားသဖြင့် ဖူးဖူးယောင်ကာ ညိုမဲနေရသည့်အထဲတွင် ခေါင်းကို အုတ်ကျွတ်တန်းနှင့် ရိုက်သောကြောင့် နဖူးပါးသွယ်သို့သွေးများ စီးကျကာ ခြောက်ကပ်နေသဖြင့် လူရုပ်မျှ မပေါ်အောင် ရှိနေကြ ၏။
" ကဲ ... ထိုင်ကြ" ဟု ကျွန်ုပ်က အမိန့်ပေးလိုက်သောအခါတွင် တရားခံနှစ်ယောက်တို့သည် မျက်နှာသေ ကလေး များဖြင့် ကြမ်းပြင်ပေါ်၌ ဆောင့်ဆောင့် ထိုင်လိုက်ကြရှာ၏။ ဂျပန် က ငဖယ်တေ အဘယ်မျှ တေထားပြီး သည်ကား မသိရ။ နှစ်ယောက်စလုံးမှာကား အကြောက်ကြီး ကြောက်ရွံ့နေကြဟန်ဖြင့် တုန်တုန် ရီရီ ပင် ရှိနေကြပေသည်။
" ကိုင်း ... ဆိုကြစမ်းပါအုံး ဘယ်လို ဖြစ်ကြတာလဲ "ဟု ကျွန်ုပ်ကမေး၏။ ထိုအခါ အဖဖြစ်သူ လူကြီးက "ဒီလိုပါ ဗိုလ်မင်းရယ် ... ကျွန်တော်တို့က တနင်္သာရီဘက်ကပါ စစ်ဖြစ်စက ရန်ကုန်ကို ပြေးကြပါတယ်။ လက်ဦး ကတော့ အထက်ရောက်အောင် ပြေးကြဖို့ပါပဲ။ နောက်တော့ ဧရာဘက်မှာ ခိုပြီး နေကြပါတယ်။ ရန်ကုန်ကို စစ်ဦးလွန်သွားတော့ ကိုယ့်ရပ်ကိုယ့်ရွာကို အခုပြန်လာခဲ့ကြရာမှာ အဖမ်းခံရတာပါပဲ ဗိုလ်မင်း ရယ်၊ အဖမ်းခံရတာက ကျွန်တော်တို့ သေတ္တာတစ်လုံးထဲက ရေဒီယို ဘတ်သီးတစ်လုံးတွေ့လိုပါပဲ။ အဲဒီရေဒီယို ဘတ်သီးကလဲ မီးမလိုက် တစ်ချက် လိုက်တစ်ချက်နေလို့ ဟောဒီ ကျွန်တော့်သားက ရေဒီယို ၀ါသနာ ပါလေတော့ ဒီဘတ်သီးကို တော်ရာသေတ္တာထဲမှာ သိမ်းထားရင်းက ပြေးရင်း လွှားရင်းနဲ့ အ၀တ် တွေနဲ့ ရောပြီး ဟိုပါသည်ပါ သွားလေရာကို ပါနေရင်းက ဂျပန်တွေ ရှာကြတော့မှပဲ ကျွန်တော်တို့လဲ သတိရ တော့တာပါပဲ ခင်ဗျာ "ဟု ဂျပန်လက်သီးချက်ဖြင့် စုတ်ပြတ်နေသော နှုတ်ခမ်းကြား၌ အားယူ၍ ပြောရှာ၏။
ကျွန်ုပ်လည်း ထိုတရားခံနှစ်ယောက်ကို ကြည့်ရင်းက "နေစမ်း ... နေစမ်း ခင်ဗျာ့နာမည် ပြောစမ်း"ဟု ကမန်း ကတန်း ပါးစပ်က မေးခွန်းထွက်သွား၏။ ထိုအခါ တရားခံလူကြီးက "ကျွန်တော့်နာမည်ကတော့ မောင်ဒေါန ပါခင်ဗျာ ... ကျွန်တော့်သားရဲ့နာမည်ကတော့ မောင်ညိမ်းအောင်"
သူစကားမဆုံးမီ ကျွန်ုပ်မှာ တစ်ကိုယ်လုံးရှိ သွေးသားတွေချက်ခြင်း ရပ်တန့်သွားဘိသကဲ့သို့ရှိရ၏။ မျက်လုံး အပြူးသား နှင့် ကြမ်းပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ လက်ချင်းပင်ယှက်တော့ မယောင်ဖြစ်နေသော သားအဖ နှစ်ယောက်ကို ဖွတ်မေ့ပုတတ်မေ့ မေ့ကာ ငေးနေမိ၏။
မျက်တောင်ကိုမျှ မခတ်မိနိုင်အောင် ကျွန်ုပ်တွင် ငေးစိုက်၍ ကျောက်ရုပ်ကြီးလို မလှုပ်မချောက်ဖြစ်နေရ သောဤအခိုက်အတန့်၌ ကျွန်ုပ်၏ ဦးနှောက်အတွင်း၌မူကား အတွေးနှစ်ခုတို့သည် မော်တော်ကားနှစ်စင်း အပြိုင်မောင်းနေဘိသကဲ့သို့ တစ်ခုနှင့်တစ်ခု သူနိုင်ငါနိုင် သဲသဲမဲမဲကြီးပြိုင်၍ နေကြပေတော့သည်။ ထိုသို့ အကြိတ်အနယ် ယှဉ်ပြိုင်၍နေကြသော အတွေးတို့အနက် ပထမ တွေးလုံးမှာကား ကျွန်ုပ်လက်စားချေရန် ဆယ့်ငါးနှစ်ကာလပတ်လုံး အတွင်းကြိတ် ကြုံးဝါးလျက် အခွင့်အလမ်းကို စောင့်မျှော်လျက်နေခဲ့ရသော ဦးလေး ဦးဒေါန နှင့် လက်သီးကို အားကိုးလှသော မောင်ညိမ်းအောင် တို့သည် ယခုအခါ၌ ကျွန်ုပ်၏ လက်တွင်း သို့ မလှုပ်သာမလှည့်သာအောင် ကျရောက်ကာ လက်ခုပ်တွင်းကရေပမာ ဖြစ်၍နေရော့ ကျွန်ုပ် ကသာ "ဒီလူတွေဟာ အင်္ဂလိပ်ကို အင်မတန်ကြည်ညိုတဲ့ လူတွေ ... သူလျှိုတွေ"ဟု လက်ညိုးတစ်ချက် ထိုးလိုက် ရုံမျှဖြင့် သင်းတို့သားအဖနှစ်ယောက်စလုံး ခေါင်းပြုတ်ကြရမည်သာမက တစ်ဆွေလုံး တစ်မျိုးလုံး ကို လည်း ဂျပန်က မိးခိုးကြွက်လျှောက်လိုက်ကာ ဖမ်းဆီးညှင်းဆဲနိုင်လေရကား "အဟမ်း ... မင်းတို့ခံရတဲ့ အလှည့် တော့ ရောက်ပီဟေ့ ... ကြည့်ပြီးတော့သာ ခံကြပေတော့"ဟုဆိုကာ ဂျပန်ကို တွန်းလိုက်ချင်သော တွေးလုံးဖြစ်၏။
ဒုတိယတွေးလုံးမှာကား ဂျပန်ကို ကျွန်ုပ် တွန်းလိုက်ပါက သူတို့တစ်ပြုံလုံး ဒုက္ခရောက်မည် မှန်သော်လည်း ကျွန်ုပ် ၏ ဒုတိယရည်ရွယ်ချက်ဖြစ်သော အဘိုးဦးနကီ ထားရစ်ခဲ့သည့် ငွေဆယ်သိန်းခန့် တန်ဖိုးရှိသော ပစ္စည်း ထုထယ်ကြီးကို ကျွန်ုပ် ရနိုင်မည်မဟုတ်။ သူတို့နှင့် ဆွေတစ်စွန်း မျိုးတစ်စ တော်သူ တို့သာ ခံစား ကြရပေမည်။ ကျွန်ုပ်က အမွေခံပါဟု ရုံးတက် တရားဆိုင်ရဖို့မှာလည်း ပစ္စည်းများကို လက်ကိုင် ရကြမည သူတို့ကို ချောင်ကြားက ဘွားခနဲ ... ပေါ်ရသော ကျွန်ုပ်က ယှဉ်ပြိုင်ရမည်မှာ သွေးသားအစစ် ကျွန်ုပ်ဖြစ်သည့် တိုင် လက်ရှိနှင့် လက်မဲ့ဖြစ်နေ၍ ကျွန်ုပ်နိုင်ဖို့ ခက်၏။ ခေတ်ကား ငွေများရော တရား အောင် သောခေတ်မျှသာမကသေး တရားဟူ၍ပင်မရှိသော ခေတ်ကျပ်ဖြစ်လေရာ တရားဆိုင်နေရမည့် လမ်းရှည် ကြီး ကို ကျွန်ုပ် မလိုက်လိုပေ။
ထို့ပြင် သင်းတို့ တစ်မြုံလုံးအား ဂျပန်က သတ်ဖြတ်နှိပ်စက်သည်ထားဦး။ ကျန်ရစ်သူတို့ ကျန်ပေဦးမည်။ တစ်ယောက် မျှ မကျန်ရစ်ဘဲ နေစေကာမူ ကျွန်ုပ်အား သင်းတို့ ကိုယ်တိုင်က ကိုယ်ထိလက်ရောက် စော်ကားထားသည်ကို ကျွန်ုပ်သည် ကျွန်ုပ်၏ လက်ဖြင့် ကိုယ်တိုင် လက်ထိ လက် ရောက် လက်စားချေ လို၏။ ထို့ကြောင့် ၀င်၍ ပူးနိုင်အောင် တစ်မျိုးလှည့်လိုက်ရလျှင် ကောင်းလေမည်လား ဟု ဒုတိယ တစ်ဖက်က လှည့်၍ တွေးမိပေသည်။ သို့သော် သင်းတို့သားအဖကို ကျွန်ုပ် အသက်ကယ်ဆယ် ပါလျက် နှင့်ပင် သင်းတို့တတွေက ကျွန်ုပ်အား နောင်အခါ၌ ဆေးဖော်ကြောဖက် လုပ်ချင်မှ လုပ်ကြပေမည်။ ကျွန်ုပ် အား သင်းတို့နှင့် အရောတ၀င် အရင်းအနှီးမခံကြပါသော် ကျွန်ုပ်မှာ ကယ်ဆယ်ရကျိုးမနပ်ဘဲရှိမည်။
ကိုယ်ထိလက်ရောက် လက်စားချေဖို့ စခန်းလည်း ပေါ်ဖို့ခက်မည်။ ပစ္စည်း ထုထယ်အနီးသို့ ကပ်နိုင်ဖို့လည်း ခက်မည်။ နောင်အခါ၌ ကျွန်ုပ်၏ လက်တွင်းတွင် ကယ်ဆယ်နိုင်လျက်နှင့် မကယ်ဆယ်ဘဲ နေခဲ့သည်ကို သိ သူတို့ သိပါက အခြောက်တိုက် ဥဒါန်းမကျေဘဲ ရာဇ၀င် အရိုင်းခံရလေဦးမည်။ သို့ဖြစ်ရာ သင်းတို့တတွေ အား ကယ်ဆယ်လိုက်ရလျှင် တော်လေမည်လားဟု စိတ်ကူးမိ၏။ သို့ရာတွင် အခွင့်အလမ်းကို ဆယ့်ငါးနှစ် တိုင်တိုင် ကြာအောင် စောင့်မျှော်ခဲ့သော ကျွန်ုပ်မှာ အခွင့်ကောင်းကြီးပေါ်ခိုက်မှာမှ မလိုက်ပါလျှင် "ခွင့်သာ ခိုက်မှ မလိုက်ပါလျှင် အမိုက်နင့်ပြင် ရှိသေးလေလိမ့်လား ... " ဟု ဘုန်းကြီးကျောင်းတုန်းက သင်ခဲ့ရသော ကဗျာအတိုင်း ဖြစ်မည်ကို စိုးမိပြန်၏။
ထို့ကြောင့် လောလောဆယ် လက်စားချေလိုစိတ်နှင့် သင်းတို့အား ကယ်ဆယ်ပြီးမှ အမှောင့်ပယောဂ ပူးဝင်သလို သင်းတို့၏ မြုံးထဲသို့ ပူးဝင်ကာ တဖြည်းဖြည်း ပစ္စည်းထုထည် ကြီးကို ကျွန်ုပ် တစ်ယောက် တည်း ရဖို့ ကြံစည်လိုသောစိတ် နှစ်မျိုးလုံးတို့သည် ကျွန်ုပ်၏ ဦးခေါင်းထဲ၌ နပန်းလုံး၍ နေကြပေသည်။
ထိုသို့ မဆုံးဖြတ်နိုင် ဖြစ်နေခိုက်တွင် ကံကြမ္မာသည် ကျွန်ုပ်၏ ကိုယ်စား ၀င်၍ ဆုံးဖြတ်ပေးလိုက်ပြန်၏။ ဆုံး ဖြတ်လိုက်ပုံ မှာကား မော်လမြိုင်အုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်သော မြို့မျက်နှာဖုံးကြီးတစ်ယောက်သည် အတော်ပင် ချောမွေ့လှပသော မိန်းမပျိုကလေးတစ်ဦးနှင့်အတူ ဂျပန်စစ်သားတစ်ယောက်က ကြပ်မတ် လျက် ကျွန်ုပ်၏ ရုံးခန်းထဲသို့ ၀င်ရောက်လာကြခြင်းပင်ဖြစ်၏။ မိန်းမပျို၏ လက်တွင် ကျောက်ကာထမင်း ချိုင့်အနက် တစ်လုံးကို ဆွဲ၍လာပေသည်။
ဖူးစာပင် ဖြစ်လေရော့သလားမသိ၊ ကျွန်ုပ်သည် ထိုမိန်းမပျိုအား မြင်လျှင်မြင်ခြင်းပင် အသန့်နှင့်လွဲခဲ့ရ၍ ခုနစ်နှစ် တိုင် ဖိနှိပ်မျိုသိပ်ထားခဲ့သရမျှသော မေတ္တာစိတ်တို့သည် တဖိတ်ဖိတ် ယိုလျှံ၍ ကျလာကြပေတော့ သည်။ မိန်းမပျို မှာ တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှ တစ်ယောက်ဟု ဆိုစလောက်အောင် ချော မော တင့်တယ်သူဖြစ်ပေရာ ကျွန်ုပ်လည်း မိန်းမပျိုဝင်လာသည်၌ ငေးစိုက်၍ ကြည့်နေမိပေ၏။
ထိုခဏ၌ မိန်းမပျိုသည် ကြမ်းပေါ်တွင် ငုတ်တုတ်ကလေးတွေ ဖြစ်နေကြသော ဦးဒေါနတို့သားအဖနှစ် ယောက် မရှုမလှ ဖြစ်နေကြပုံကို မြင်သည်နှင့်တစ်ပြိုင်နက် "အမယ်လေး ... ဖေဖေရယ် ... ဖြစ်မှဖြစ်ရလေ ခြင်း ... ကိုကို ရဲ့"ဟု ပြောပြောဆိုဆို ချုံးပွဲချ၍ ဦးဒေါနုတိ့အား ပြေး၍ဖက်ကာ ငိုရှာပေတော့သည်။ မောင် ညိမ်းအောင် တို့ သားအဖလည်း မျက်ရည်ဝိုင်းကာ "အမှီ အမှီ ဘယ်လိုလိုက်လာတာလဲဟင် "ဟု မေးကြ၏။
ထိုအခါတွင်မှ ကျွန်ုပ်လည်း ထမင်းချိုင့်နှင့် ၀င်လာသူမိန်းမပျိုမှာ ယခင်ဆယ့်ငါးနှစ်ကာလ ကျွန်ုပ် အဘိုးရှိ ရာသို့ သွားစဉ်က ကျွန်ုပ်အား ဖော်ဖော်ရွေရွေ ဧည့်ခံရှာသော ဦးဒေါန၏ သမီးကလေးမကလေး ကိုယ်တိုင် ဖြစ်နေသည် ကို အံ့သြစွာ သိရပေတော့သည်။ ထိုစဉ်က အမှီဆိုသည့် ထိုကလေးမမှာ ဆယ်နှစ်ရွယ် သာသာ မျှသာ ရှိပေသေးရာ ယခုမူကား အသက်အစိတ်အရွယ်ခန့်ရှိလျက် ငယ်ရုပ်ကို ကျွန်ုပ် မဖမ်းမိ လောက်အောင် ဖြစ်နေ၏။ ငယ်ရုပ်ကို ကျွန်ုပ် ဖမ်းမိစရာလည်း မရှိ။ ကျွန်ုပ်သည် ယခင် ၁၅ နှစ်အခါက တစ်မိနစ် နှစ်မိနှစ် မျှသာ အမှီကို တွေ့ခဲ့ရဖူးသည်ဖြစ်၏။ ထိုစဉ်အခါက အမှီကို ကလေးတစ်ယောက် ဟုသာ အမှတ်ထားခဲ့ ပေရာ ကြီးပြင်းလာသောအခါတွင် ပတ္တမြားမျက်ရှင် အသက်ဝင်သလို တိမ်စင်သော လမင်းကြီး ကဲ့သို့ ဤမျှ ၀င်းဝင်းပအောင် လှလိမ့်မည်ဟု တွေးရုံမျှပင် မတွေးမိခဲ့ပေ။
ထိုအခိုက်တွင် ဆယ့်တစ်ဦးကော်မတီ၌သော မြို့မျက်နှာဖုံးပုဂ္ဂိုလ်ကြီး ကျွန်ုပ်၏ အနီးသို့လာ၍ ရပ်ပြီးလျှင် "ကျုပ်ပဲ ကီမူရာ ကို သွားတွေ့ပြီး ထမင်းကလေးတစ်ချိုင့်လောက် ပို့ပါရစေလို့ ခွင့်တောင်းခဲ့ရတယ်...။ ဒါ တောင်ကီမူရာ က ဒီတစ်ခါတည်းခွင့်ပြုမယ်။ ထမင်းပို့တဲ့လူဟာလဲ မိန်းမသားဖြစ်ပေစေဆိုတာနဲ့ သမီး ကလေး ကိုယ်တိုင်ပဲ လာပြီးပို့ရှာတယ်... ဗိုလ်ကျော်ခေါင်၊ သနားစရာတော့ ဖြစ်နေပြီဗျာ။ ကြည့်ရှုပြီး လုပ်စမ်းပါအုံးဗျာ" ဟု တီးတိုးပြော၏။
ထိုအခါက မြို့ရှာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေမှာ မြို့မျက်နှာဖုံး ပုဂ္ဂိုလ်ကြီးများဖြစ်လျက် အင်္ဂလိပ် လက်ထက် ကတာ စားခဲ့သောအရှိန်နှင့် ဂျပန်က မြို့ရွာငြိမ်ဝပ်ရေးအတွက် ၁၁-ဦးကော်မတီတွင် ထည့်သွင်း ထားသော်လည်း စင်စစ်၌ ထိုခေတ်ဟောင်းက လူတွင်ကျယ်ကြီးများမှာ ဂျပန်ဓားလွယ်ခါး၌ ချိတ်နိုင်သော ကျွန်ုပ် တို့လို ဗိုလ်အမည်ခံတွေလောက် ပါဝါ အာဏာ မရှိကြပေ။ အထူးသဖြင့် ကျွန်ုပ်မှာ ကီမူရာဘူတိုင်း ခေါ်တနင်္သာရီစောင့်တပ်ကြီး၏ အချုပ်ဖြစ်သော ကီမူရာ၏အတွင်းလူယုံလက်ရုံးလည်း ဖြစ်နေပြန် သောကြောင့် နယ်တစ်လွှား၌ တကယ့်တကယ်ဆိုလျှင် မြန်မာထဲ၌ ကျွန်ုပ်လောက် အတွင်းကျကျ ပေါက်ရောက်သူ မရှိသလောက်ပင် ရှား၏။ ထိုအကြောင်းကို နား လည်သော မြို့မျက်နှာဖုံးကြီးသည် ကျွန်ုပ် အား ထို့ကြောင့်ပင် ကပ်၍ ချော့စကားပြောခြင်းဖြစ်၏။
သူ့စကားမဆုံးမီပင် ကျွန်ုပ်သည် ထိုင်ရာမှ ကပျာကသီထ၍ "ဖြစ်မှဖြစ်ရပလေ ... ဦးလေးရယ် ... ကျွန်တော် ဖြင့် လုံးလုံးပဲ မသိရပါဘူးခင်ဗျာ ... အခု ဦးလေးတို့ နာမည်တွေကို ပြောတော့မှပဲ ကျွန်တော် လည်း မှတ်မိ တော့တယ်။ မှတ်လဲမှတ်မိရော ကျွန်တော်ဖြင့် အံ့အားကြီးသင့်နေလိုက်တာ ... ကြာလဲကြာပြီ ကောလေ။ ၁၅ နှစ်တောင် ရှိသွားပြီ။ ကိုညိမ်း ကျွန်တော့်ကို မမှတ်မိဘူးလား ကံကောင်းလေ ... " ဟု သုတ် သီးသုတ်ပြာကြီး ပြောလျက် အလွန်တရားစိုးရိမ်လှသော အမူအရာတို့ဖြင့် သားအဖ သုံးယောက်သား ခေါင်းချင်း ဆိုင်၍ ငိုနေကြသည့် အနီး၌ ဒူးတစ်ဖက်ထောက်၍ ထိုင်လိုက်၏။ ကျွန်ုပ်၏ အမူအရာမှာ တကယ် ပင် စိတ်မချမ်း မသာကြီးဖြစ်နေသော အမူအရာဖြစ်၏။ ရင်ထဲ၌ကား " လှရက်ပလေ အမှီရယ် ... မှတ် တောင်မမှတ်မိဘူးကွယ် ... " ဟု အသဲနှလုံး တို့က မြည်တမ်းနေကြ၏။ ကျွန်ုပ်မှာ သူတစ်ပါး၏ အနှိပ်စက် ကို ခံရဖူးပေါင်း နောကျေ၍ နေပြီဖြစ်သည့် အလျောက် ပရိယာယ် မာယာ အတတ်တွင် တစ်ဖက် ကမ်း ခပ်လို့ နီးနေပေပြီ။
ကျွနင်္ုပ်၏ စကားနှင့် ကျွန်ုပ်၏ အမူအရာများကို ရုတ်တရက် တွေ့လိုက်သောအခါတွင် ဦးဒေါန၊ မောင်ညိမ်း အောင် နှင့် အမှီကလေးတို့မှာ နတ်သိကြား မားမားကြီး ကိုယ်ထင်ပြသည်ကိုတွေ့ရသည့်အလား ပါးစပ် ကိုယ်စီ ပွင့်လျက် "ဟင်း ... " ဟု မျက်လုံးဝိုင်းကာ ဆိုလိုက်ကြသည်။ ကျွန်ုပ်လည်း ဦးဒေါန၏ လက်မောင်း ကို ကိုင်လိုက်ရင်းက " ဦးလေး ... ကျွန်တော့်ကို မမှတ်မိတော့ဘူးလား ... ဟင် ... ကျွန်တော် ကံကောင်း လေ၊ ဦးလေး ရဲ့ နှမဒေါ်စောလှရဲ့သားလေ ...၊ စစ်ထဲက နာမည် ပြောင်းထားလို့ ဗိုလ်ကြီးကျော်ခေါင် ဖြစ် နေရတာ။
ကိုင်း ... ဦးလေးတို့ ဘာမှ မပူနဲ့တော့ ကျွန်တော် ရှိပြီ ...။ အခုညနေ ကို အိမ်ပြန်ရအောင် ကျွန်တော် ကြိုးစားမယ် ... ကိုညိမ်းလဲ မပူပါနဲ့တော့ ဟုတ်လား " ဟု ရှင်းလင်းပြောပြလိုက်သည်၌ ဦးဒေါန ၏ မျက်နှာမှာ ချက်ခြင်းပင် အံ့အားကြီးသင့်၍ အတော်ကြီး အားတက်ပုံပေါ်လာကာ " ဟယ် ... တွေ့ရမှ တွေ့ရတတ်ပလေ ငါ့တူရယ် ... ဦးလေးတို့ကို ပစ်မထားပါနဲ့ကွာ ... " ဟု တောင်းပန်စကား ထွက်လာ၏။ မောင်ညိမ်းအောင် ကား အံ့အားသင့်ခြင်းမက သင့်ရာက မပြေနိုင်သေးပဲ ကျွန်ုပ်၏ စစ်ဝတ်စုံ၊ ရာထူးအဆင့် အတန်း ကြယ်ပွင့် များနှင့် ဓားလွယ်တို့ကိုသာ ငေးကြည့်နေ၏။ သူ့မျက်နှာ၌ ကျွန်ုပ်အား ယခင် ၁၅ နှစ်ခန့် က ကြည့်ခဲ့သော ရွံ့ရှာ မုန်းတီးသည့်အမူအရာမျိုး ရွေးမျှ ပေါ်မလာပေ။ ထိုအခါ၌ ကျွန်ုပ်၏ အသဲနှလုံးတို့ က မောင်ညိမ်းအောင် အား ရင်တွင်းမှနေ၍ "ဘယ်နှယ်ကိုယ့်လူ လက်သီးနဲ့ ထိုးပါအုံးလားကွ" ဟု အသံ မထွက်ဘဲ မေးမြန်းနေကြပေသည်။
" ကြည့်စမ်း ... ကံကောင်းလို့ ဦးလေးရယ် ... ကျွန်တော် ဒီကနေ့မနက်တောင်မှ ရန်ကုန်ကိုသွားဖို့ ကိစ္စ တစ်ခု အပေါ်သား နက်ဖြန်မှပဲ သွားတော့မလေလို့ဆိုပြီးတော့ ဆိုင်းလိုက်လို့ ဦးလေးတို့နဲ့ ခုလိုဆုံရတာ။ နို့ မဟုတ်ရင်ဖြင့် ဘုရား ... ဘုရား ... အမယ်လေး ကြည့်စမ်း ... လွဲကြရတော့မလို့။ မနက်ကတည်းက လက် ရုံးတွေ လှုပ်တာနဲ့ ဒီကနေ့တော့ တစ်ခုခု ထူးတော့မယ်လို့ ထင်နေတာ တွေ့မည့်တွေ့တော့ ဦးလေးတို့နဲ့မှ တွေ့ရတယ်။ ခုနက ကျွန်တော် စကားထန်ထန် ပြောမိတာတွေကို သည်းခံပါနော် ... ဟုတ်လား ကိုညိမ်း။ စစ်ဖက် မှာ လုပ်နေရတော့ ဒီလိုပဲ ပြောရဆိုရတဲ့ဟာတွေရှိလေတော့ ၀သီကြီးဖြစ်နေရတော့တယ်။
ကိုင်း ... ဒီမျာ ငါ့ညီမကြီးက ထမင်းပြင်ပါကွယ် ... ဦးလေးတို့ ထမင်းစားကြအုံး ထ ... ထ ... နေအုံး၊ ကျွန်တော် ကုလားထိုင် သွားဆွဲအုံးမယ် စသည်အားဖြင့် ကျွန်ုပ်သည် မဟုတ်တာရော ဟုတ်တာရော တွေ့ကရာ ရှစ်သောင်းတွေပါ ထည့်လျက် သူတို့ကို မမျှော်လင့်ပဲ တွေ့ရသဖြင့် အလွန်အားရ ၀မ်းသာဟန်ဖြင့် ပြောလိုက် ပြီးနောက် သူတို့သားအဖအား ကျွန်ုပ်၏ စားပွဲတွင်ပင် ထမင်း ကျကျနန စားစေ ရပေသည်။ အဖမ်းခံနေရ သည့်အတွင်း၌ ဆားလူးထားသော ထမင်းဆုပ်တစ်ဆုပ်နှင့်သာ နေခဲ့ရဟန် တူသော ဦးဒေါနတို့သားအဖ ကား ခေါင်းမျှ မဖော်နိုင်အောင် စားကြ၏။ သာမန်လူအဖို့၌ မြင်ရသည် မှာ သနားစရာ ဖြစ်ပေမည်။ ကျွန်ုပ် အဖို့၌ကား "ဘယ်နှယ် ... ဆရာကြီးတို့ ... ငတ်ဖူးကြပြီပေါ့ ... ဟုတ်လား။ ငတ်တဲ့ အရသာကလေးက ဘယ်လိုများနေပါလိမ့်၊ ငံညိညိကလေးထင်ပါ့။ ဟဲဟဲ ... ခင်ဗျားတို့ တွယ်တုန်းက ကျုပ်လဲ ... မုံ့ပျားသလက် ဆားဖြူးကလေးနဲ့ နေခဲ့ရဘူးသဗျို့ ... "ဟု ရင်ထဲက သရော် ၍ နေမိပေသည်။ သို့သော် သူတို့အား ကြင်နာ သနားသည့် လက္ခဏာတွေကို ကျွန်ုပ်၏ မျက်နှာပေါ်၌ သနပ်ခါး ပိန်းပိန်းလူးထားသလို ဗန်းပြ၍ထား၏။
ဦးဒေါနတို့မှာ လက်ဦး၌ ကျွန်ုပ်အား ငယ်စဉ်က ညစ်ပတ်ခဲ့ကြသည်တို့ကို သတိရကာ ရှက်ကြောက်အားနာ ဖြစ်၍ နေကြဟန်ဖြင့် စကားဟ၍ မပြောဝံ့ကြသေး။ ထမင်းစားပြီးကြ၍ ကျွန်ုပ်ကလည်း ဖော်ဖော်ရွေရွေ စေ တနာ တွေ တစ်ခွဲသားနှင့် အိမ်မြှောင်တံဆိပ် စီးကရက်တစ်လိပ်စီပင် တည်လိုက်သေးသောအခါမှ ဦးဒေါန က " ကံကောင်း ... ဘုန်းကောင်းထောက်လို့ ငါ့တူကြီးနဲ့ တွေ့ရပေလေတယ်ကွယ် ...။ ဦးလေးတို့အတွက် ငါ့တူကြီး ကြံပါနော် ... ဦးလေး ငါတူရဲ့ကျေးဇူးကို မမေ့ပါဘူးကွယ် ... " ဟု အားကိုးသံနှင့်ပြော၏။ မောင် ညိမ်းအောင် ကလည်း ထိပ်ပြဲနေသော အနာကို လက်နှင့်စမ်းရင်းက "ပိုက်ဆံဘယ်လောက်ပဲ ကုန်ရကုန်ရ ဗျာ ကိုကံကောင်း ကြံပေးစမ်းပါဗျာ" ဟု ခယ သော လေသံဖြင့် ပြော၏။
ကျွန်ုပ်လည်း မောင်ညိမ်းအောင် အား " ဒါတွေ ခဏ ထားပါအုံးလေ ပိုက်ဆံလဲ ကုန်ချင်မှ ကန်ုမှာပါ ဖြစ်ပျက်ပုံ ကိုသာ ကျကျနန ပြောစမ်းပါ အုံး၊ ဒါမှ ကျွန်တော်လည်း ကြံဖန်ပေးနိုင်မှာ ကိုညိမ်းရဲ့" ဟု ပြောရ၏။ ရင်ထဲ၌ကား သေသော်မှ အဆိပ်ကို မစွန့်သော မြွေဆိုးပမာ ဂျပန်လက်ထဲ၌ ခေါင်းဖြတ်ခံရမည့် ရေဒီယိုဘတ်သီးတွေ့မှုကို ပိုက်ဆံအားကိုးနှင့် ပြောတုန်းပင်ရှိနေသေးသော မောင်ညိမ်းအောင်ကို ရယ်မိရင်း "ကိုယ်လူ ... ဒီအမှုမျိုးက ငွေပေးပေမဲ့ သက်သာတဲ့ဟာမျိုး မဟုတ်ဘူး ကိုရင်ရဲ့။ မင်း မာန ထောင်ခဲ့တဲ့ ပိုက်ဆံတွေက မင့်ကို ကယ်နိုင်သေးရဲ့လား ကွာ၊ ဟား ... ဟား ... "ဟု အသံမထွက်ဘဲ အသဲနှလုံး တို့က သရော်ကြ ပြန်ပေသည်။
ဦးဒေါနနှင့် မောင်ညိမ်းအောင်တို့က အဖြစ်မှန်ကို ယခင်နည်းတူပင် ပြောပြကြ၏။ ထို့ပြင် သူတို့၏ ရေဒီယို ကို လည်း ရန်ကုန်မှ တနင်္သာရီဘက်သို့ ထွက်မလာမီ ဂျပန်တပ်သို့ အပ်ခဲ့ကြောင်းကိုလည်း ပြောပြကြ၏။ သူတို့ စကားဆုံးသောအခါ အမှီက " ဖေဖေနဲ့ကိုကိုတို့ ပြောတဲ့အတိုင်း အမှန်ပါပဲရှင်၊ တစ်ခွန်းမှ လိမ်တာ မပါပါဘူး။ ဂျပန်တွေ လာပြီး ရှာတုန်း ဖွေတုန်းက ဒီအတိုင်းပြောတာပဲရှင် မယုံကြဘူး ဗိုလ် ... အဲ ... ကိုကံ ကောင်း တတ်နိုင်သမျှ ကြိုးစားပေးပါအုံးရှင်" ဟု ၀င်၍ ထောက်ထောက်ခံခံ သနားစဖွယ်ပြော၏။ အမှီ၏ ပျော့ပျောင်း လှသော လေသံကလေးသည် ကျွန်ုပ်၏ စိတ်နှလုံးကို ယူကြုံးမရ ဖြစ်စေလေတော့သည်။
ဤတွင် ကျွန်ုပ်က " နို့ ရေဒီယိုကို ဂျပန်တပ်မှာ အပ်ပစ်ခဲ့ရတော့ အပ်တဲ့အကြောင်း လက်မှတ် ထုတ်ပေး ထားတာများ မရှိဘူးလား၊ ရေဒီယိုကို အပ်ရင် ဂျပန်တပ်က လက်မှတ်ပြန်ပေးရတယ်" ဟု မေးလိုက်ရာ အမှီက "ကျွန်မတို့တော့ မရခဲ့ပါဘူးရှင် " ဟု အဆိုတွင် မောင်ညိမ်းအောင်က " ကျွန်တော်ကိုယ်တိုင်သွား ပြီး အပ်တာပဲဗျ ကိုကံကောင်းရဲ့၊ ဒါပေမဲ့ ... ဘာလက်မှတ် မှ ထုတ်မပေးလိုက်ဘူး "ဟု ၀င်ထောက်လိုက် သဖြင့် သူတို့၏ ရေဒီယိုကို အဘယ် ဂျပန် ငတိ အချောင်ဝင်၍ အုပ်သွားပြီဟူသော အချက်ကို သိရ၏။
စင်စစ်၌ ဂျပန်များ ရေဒီယိုသိမ်းသည်ဆိုခြင်းမှာ လှိုင်းတို့ဖြင့် လွှင့်သော အိန္ဒိယသီဟိုဠ်မှ အင်္ဂလိပ်ဝါဒဖြန့် အသံများကို ဖမ်းမရအောင် ရေဒီယိုကို ပြုပြင်၍ ပြန်ပေးရ၏။ လုံးဝ မသိမ်းရပေ။ အခု ဦးဒေါနတို့၏ ရေဒီယို မျာမူ ပိုက်ဆံဝါလားပြီပြီ ရေဒီယိုမျိုးကောင်းကို ကိုင်ရာ၌ ဂျပန်တစ်ယောက်ယောက်က မျက်စိကျ၍ အလစ် တွင် အပြီးအပိုင် ဘုံးလိုက်ခြင်း ဖြစ်ဟန်တူ၏။ ထို့ကြောင့် ရေဒီယိုကို ပြန်၍ရွေးရန် ပေးရစမြဲဖြစ်သော လက် မှတ် ကို မပေးလိုက်ခြင်းပင် ဖြစ်ရပေမည်။
မည်သို့ပင်ဖြစ်စေ ကျွန်ုပ်ကား အမှီကလေးကို မြင်ရသည့် အချိန်ကစ၍ အဘိုး၏ ပစ္စည်းထုထယ်ကိုရဖို့ ရည် ရွယ်ချက် အပြင် အမှီကိုပါ အရချိုင်ချင်သော စိတ်ကလည်း ပွားများလာ၍ နေပေသည်။ ထို့ကြောင့် နောင် အခါမှ သင်းတို့က ဆေးဖော်ကြောဖက်မလုပ်လျှင် ရှိစေတော့ တစ်နည်းတစ်ဖုံ ကြံစည်မည်။ ယခုအတိုင်း အခြေအနေတွင် သင်းတို့သားအဖကို ကယ်ဆယ်လိုက်ပါက အကယ်၍ သူတို့နှင့် ပြန်လည်ရင်းနှီးကာ ချဉ်း ကပ်နိုင်ခဲ့ပါသော် ကျွန်ုပ်မှာ ပစ္စည်းထုပ်ကြီးကို ရဖို့သာမက ကျွန်ုပ် မေတ္တာသက်ဝင်နေမိပြီဖြစ်သော အမှီ နှင့်ပင် နီးစပ်ရဖို့လမ်းအခွင့်ပင်လျှင် ပေါ်ဦးမည်ဖြစ်သောကြောင့် ပွင့်တော်မူပြီးသော ဂေါတမ အရှင် ပင် ယသော်ဓယာ၏ ခန်းဆောင်သို့ ကြွကာ တရားဓမ္မဟောကြားတော်မူလေသေးရာ ကျွန်ုပ်ကဲ့သို့ သော အညာတရ မှ ဓားမကြီး ပဲ့ပဲ့ကွာ ... ဟူသော ပုထုဇဉ်ထဲက ဖြစ်သည့်အတိုင်း သင်းတို့အား လော လောဆယ် လက်စားချေဖို့ထက် တစ်ချက်ခုတ် သုံးချက်ပြတ် လက်စားချေရန်သာလျှင် စိတ်ကို ပိုင်နိုင်စွာ ဆုံးဖြတ် လိုက်၏။
ထို့နောက် ကျွန်ုပ်သည် ကီမူရာအား ၀င်၍ အကျိုးအကြောင်းပြောပြ၏။ ကီမူရာမှာ ကျွန်ုပ်အား ယုံကြည်ရင်း စွဲရှိပြီးဖြစ်ရာ အမှုအသွားကို သေသေချာချာပင် ရေးမှတ်၍ယူ၏။ သို့သော် သာမန် စစ်တပ် ဘက်မှ ကင်ပေ စစ်ရဲတို့လုပ်ငန်းကို ၀င်၍ စွက်နိုင်ခွင့် မရှိသောကြောင့် အကျပ် ကြုံနေပြန်၏။ ဤတွင် ကျွန်ုပ် လည်း အမှီတို့ ထံမှ သူတို့၏ ရေဒီယိုနံပါတ်ကို တောင်းကာ ကီမူရာ၏ စာနှင့်အတူ ရန်ကုန်သို့ တက်ခဲ့ရ၏။ ကီမူရာ၏ စာ ကြောင့် ကျွန်ုပ်မှာ ရန်ကုန်တစ်ဝိုက်ရှိ ဂျပန်တို့၏ ရေဒီယိုများကို လိုက်လံ၍ နံပါတ်ချင်း တိုက်ဆိုင် ကြည့်ခွင့် ရပေရာ။ နောက်ဆုံး၌ ကမာရွတ်လှည်းတန်း မိန်းမထိန်း အိမ်တစ်အိမ်တွင် စတဲချ နေသော ဂျပန်တပ်ကြပ် တစ်ယောက်သည် ထိုအိမ်၌ ဦးဒေါနတို့၏ ရေဒီယိုဖြင့် အခံ့သား ဖြစ်နေသည် ကို တွေ့ရ၏။ ကျွန်ုပ်လည်း ထို ရေဒီယိုကို ကုတ်ကိုင်းလမ်းမှ ကင်ပေတစ်ယောက်နှင့်သွား၍ နောက်တစ်ကြိမ် နံပါတ်တိုက်ပြီးနောက် ဦးဒေါနတို့၏ ရေဒီယိုကို ဂျပန်တို့အား တကယ်အပ်ပြီးကြောင်း အထောက် အထား သက်သေခံလက်မှတ် ကို ကင်ပေဗိုလ်ထံမှ တံဆိပ်ရိုက်၍ တောင်းယူခဲ့ရ၏။
ထိုလက်မှတ် ကို ရသောအခါမှာမှ ကီမူရာသည် မော်လမြိုင် ကင်ပေဗိုလ်ထံ အကျိုးအကြောင်းစာရေးလိုက် ရာ ဦးဒေါ နှင့် မောင်ညိမ်းအောင်တို့မှာ တစ်လခန့် အချုပ်ခံနေရပြီးမှ လွတ်မြောက်ခွင့်ရကြပေသည်။ သို့ တိုင်အောင် ကီမူရာ နှင့် ကင်ပေတိုင် တို့အား ရွှေဒင်္ဂါးဆယ်ပြားစီ ပူဇော်ရလေသေးသည်။ ရွှေဒင်္ဂါး အပြားနှစ် ဆယ်ကား သူတို့အဖို့၌ ထမင်းကြမ်းခဲကို ခွေးကျွေးသလောက်သာ ထိခိုက်ပေသည်။
ဆက်ရန်
.
1 comment:
မောင်ကောင်း တစ်ဖြစ်လဲ ဗိုကျော်ခေါင်ရဲ့ ဘဝမှာလည်း ကံကောင်းမယ်မထင်တော့ဘူး ညီမရေ။ စက်တိုင်တောင် ရောက်နေပြီဆိုတော့ ကြိုတွေးမိတာပါး) ဂျပန်ခေတ် ဗဟုသုတတွေလည်းရတယ် ကျေးဇူးနော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment