Sunday, September 11, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၆)

မိုက်ကယ် သည် သူ့လေယာဉ်ကို ပေ ၈၀၀၀ အမြင့်မှနေ၍ ပျံသန်းလာသည်။ ကန်တင်ရွာနှင့် အော်ဘစ်နီ အော်ဘက်ရွာ များကို ဖြတ်ကျော်လာသည်။ မိုက်ကယ်သည် လက်ပတ်နာရီကို လှမ်းကြည့်လိုက်သည်။ ညနေ ၄နာရီ ထိုးရန် လေးမိနစ် လိုသေးသည်။  မိုက်ကယ်သည် ကောင်းကင်ပြင်ကြီးထဲတွင် ရန်သူကို လိုက် ရှာသည်။
တစ်ခဏအကြာတွင် သူ့ရှေ့အတ်ာဝေးဝေး ကောင်းကင်ပြင်၌ အမည်းစက်ကလေးတစ်စက် ကို တွေ့လိုက် ရသည်။ အသေအချာ ကြည့်လိုက်သည်။ လေယာဉ်တစ်စင်း။ သူ့လိုပင် ပေ ၈၀၀၀ အမြင့်ခန့်မှ ပျံသန်း လာသည်။ မြောက်ဘက်မှနေ၍  သူ့ဆီသို့ တစ်ဟုန်ထိုး ပျံသန်း လာနေသည်။ မိုက်ကယ်ကလည်း ရန်သူ့ လေယာဉ် နှင့် ရင်ဆိုင်ရန် ဦးတည်လိုက်သည်။

လေယာဉ်နှစ်စင်း ရင်ဆိုင်မောင်းလာသော အရှိန်မှာ မြန်ဆန်သဖြင့် ခဏချင်းပင် လေယာဉ် နှစ်စင်း နီး လာသည်။ ရန်သူလေယာဉ်နှင့် လေယာဉ်ပေါ်မှ လေသူရဲကို လှမ်းမြင်လိုက်သည်။ မိုက်ကယ် ဒေါသ ထွက်လာသည်။ လေယာဉ်နှစ်စင်းထိပ်ကို ခေါင်းချင်းဆိုင် တိုက်မိလုနီး ဖြစ်လာသည်။ မိုက်ကယ်မရှောင်။ ဂျာမန် အယ်ဘာတော့စ် လေယာဉ် ကို အနီးကပ်ပြီး ညာဘက် ကွေ့ရှောင် ထွက်သွားသည်။ ရန်သူ့ လေယာဉ် တောင်ပံနှင့် မိုက်ကယ့်လေယာဉ် တောင်ပံတို့ တိုက်မိသွားရာ မိုက်ကယ် လေယာဉ်တောင်ပံ အနည်းငယ် စုတ်သွားသည်။

ရန်သူ့လေယာဉ် နောက်သို့ မိုက်ကယ် လိုက်သည်။ ရန်သူက အပေါ်သို့ ထောင်တက်ပြေးရာ မိုက်ကယ် ကလည်း အပေါ်သို့ ထောက်တက်ပြီး လိုက်သည်။ ဂျာမန်လေယာဉ်မှာ ယခင်နေ့ များက ထက်ပိုပြီး မြန်နေသဖြင့် မိုက်ကယ် သံသယ၀င်လာသည်။ အသေအချာ ကြည့်လိုက် ရာ မိမိလေယာဉ်ထက် ပိုမြန်ပြီး ပို အားကောင်းသော ဂျာမန်လေယာဉ်အမျိုးအစားသစ် ဖြစ်နေသည်။
ရန်သူ ဂျာမန်လေယာဉ်က သူ့ရှေ့မှ ပြန်လှည့်ပြီး သူနှင့်ထိပ်တိုက် မျက်နှာချင်းဆိုင် ပြန်လာ သည်။ သည်တစ်ကြိမ် တွင် သူက အပေါ်စီး ရနေသဖြင့် မိုက်ကယ် ကွေ့ရှောင်ပေးလိုက် သည်။ ထိုအချိန်တွင်ပင် အပေါ်ဘက် ရှိ တိမ်ထု၏ အောက်နား၌ အမည်းစက်များ အတော် များများ ရှိနေသည်ကို မိုက်ကယ်၏ မုဆိုးမျက်လုံး က တစ်မုဟုတ်ချင်း လှမ်းမြင်လိုက်သည်။
ချက်ချင်းပင် မိုက်ကယ် နှလုံးသွေး ရပ်သွားတော့မလို ဖြစ်သွားသည်။ အံ့အားသင့်တုန်လှုပ် သွားသည်။ ထိတ်လန့် သွားသည်။

ဂျာမန်လေသူရဲ ရေးပေးပို့လိုက်သော စာတစ်ပိုဒ်ကို ပြန်လည် သတိရလာသည်။
ကျွန်တော် ခင်ဗျား ကို အသိပေးစရာ ရှိသလို သတိပေးစရာလည်း ရှိပါသည်။ စစ်မက်ဖက်ပြိုင် တိုက်ခိုက်ခြင်း ၏ အဓိက ဦးတည်ချက်မှာ မည်သည့်နည်းဖြင့်မဆို ရန်သူအား ဖျက်ဆီးချေမှုန်းရန်သာ ဖြစ် ပါသည်။
ထိုစာသား၏ အဓိပ္ပာယ်ကို ယခု မိုက်ကယ် သဘောပေါက် နားလည်လာချေပြီ။ မိမိက လေယာဉ်ချင်း စီးချင်း ထိုးရန် ချိန်းဆိုခဲ့သည်။ ယခု ဂျာမန်များက မိမိအား ထောင်ချောက်ဖြင့် ပိတ်ဖမ်းပေတော့မည်။ သူတို့က အဘက်ဘက်မှ အပေါ်စီးရနေသည်။ ဂျာမန်တို့က မိုးပြာ ရောင်လေယာဉ်ကို ငါးစာလုပ်ပြီး မိမိ အား မျှားခေါ်လိုက်မှန်း သိမြင်လာသည်။ မိမိ ၏ ရိုးအမှု ကို နားလည်လာသည်။ ရန်သူ လေယာဉ်များ ကောင်းကင် မှ တစ်ပြုံကြီး ဆင်းလာသည်ကို မြင်ရသည်။

"သူတို့ ဘယ်နှစ်စင်းများလဲ"
မိုက်ကယ်အဖို့ ရေတွက်ရန် အချိန်မရတော့။ အယ်ဘာတော့စ် ပုံစံသစ်လေယာဉ်များ အစင်း၂၀ ထက် မနည်း ရှိလိမ့်မည်။
"စင်တိန် ကို ငါကတိပေးထားတဲ့အတိုင်း ကတိတည်နိုင်တော့မယ် မထင်ဘူး"
မိုက်ကယ် စိတ်ထဲက ပြောလိုက်ပြီး အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ အောက်ဘက် ပေ ၂၀၀၀ခန့်တွင် ခိုလှုံစရာ တိမ်တိုက်တစ်ခုကို တွေ့ရသည်။ သွားရမည်မှာ ဝေးသော်လည်း ထိုနေရာ မှတ်ပြီး တခြားနေရာ မရှိတော့။ ထိပ်တန်း ဂျာမန်လေသူရဲ ၂၀ကျော်ကို တစ်ဦးတည်း ရင်ဆိုင် တိုက်ခိုက်ရန်မှာ မည်သို့မှ မဖြစ်နိုင် ပါချေ။ သူတို့ ရောက်လာပြီး စက္ကန့်ပိုင်းအတွင်း မိမိဒုက္ခ ရောက်သွားမည်မှာ သေချာသည်။ သူတို့ အရှိန် အဟုန်ဖြင့်လာနေကြပြီ။

မိုက်ကယ်သည် လေယာဉ်ကို အောက်ဘက်သို့ ဦးစိုက်လိုက်ပြီး တိမ်တိုက်ဆီသို့ အရှိန်အဟုန်ဖြင့် ထိုးဆင်း လိုက်သည်။ ရန်သူလေယာဉ်များကလည်း နောက်မှ အလားတူ လိုက်ဆင်းလာသည်။ ဂျာမန် လေယာဉ်သစ် များ သိပ်မြန် သည်ဟု မြင်ရသည်။ နောက်မှ လိုက်လာသော လေယာဉ်များကို ပစ်ခတ် နေသည့် မီးပွင့်မီးပွားများကို မြင်နေရသည်။ ရှေ့ဆုံးမှ ခိုပြာရောင် လေယာဉ်က သူနှင့် သိပ်နီးလာသည်။ ရန်သူ ပစ်ခတ်လိုက်သော ကျည်ဆန်တစ်တောင့်က မိုက်ကယ့် လေယာဉ်အောက်ပိုင်းကို လာထိသည်။

နော်ကဘက်မှ လေယာဉ်များက ပစ်ခတ်နေသော ကျည်ဆန်များက မိုးသီး မိုးပေါက်များသဖွယ် သွန်းချ နေသည်။ သူ့လေယာဉ်နျင့် ခန္ဓာကိုယ်ကို ကျည်ဆန်တချို့ လာထိမှန်သည်။ မိုက်ကယ့်ကျောဘက် ကောင်းကင် တစ်ပြင်လုံးတွင် ရန်သူ လေယာဉ်များဖြင့် ပြည့်နှက်နေသည်။ မိုက်ကယ့်လေယာဉ်ကို ကျည်ဆန်များက အဆက်မပြတ် ထိမှန်နေရာ လေယာဉ်ကို မထိန်းနိုင်တော့။ လေယာဉ်အတောင်တစ်ဖက် စုတ်ပြတ် ထွက်သွားပြီး အောက်ဘက်သို့ ခေါင်းစိုက်ကာ ချာလည်လည်ပြီး ကျသွာေးနသည်။
မိုက်ကယ့် ခြေထောက်သို့ နောက်ထပ် ကျည်ဆန်တစ်ထောင့်လာထိ ပြန်သည်။ လေယာဉ် ၀မ်းဗိုက်အောက် မှ ပေါက်ပြီး လာထိခြင်းဖြစ်ကြောင်း တွေ့ရသည်။ တင်ပါးတွင် ထိသွားသော ဒဏ်ရာမှ သွေးများ စီးထွက်လာသည်။ မိုက်ကယ် ခေါင်းထဲတွင် မူးနောက်လာပြီး အမြင်တွင်လည်းေ၀၀ါးလာသည်။ အားအင် ကုန်ခန်း သလို ဖြစ်လာသည်။

မိုက်ကယ် သည် တိမ်တိုက်ထဲတွင် လေယာဉ်ကို ပြန်ထိန်းကာ တစ်ပြေးညီ မောင်းရင်း မိမိစခန်းဘက်သို့ ဦးတည် လိုက် သည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်ရာ မှောင်စပျိုးလာချေပြီ။ သွေးများက အလွန်အမင်း ထွက်နေသည်။ လေယာဉ် မောင်းနေသော  လက်တွင်လည်း သွေးများ ပေကျံ စီးကပ်နေသည်။ အင်္ကျီလက် များတွင်လည်း သွေးများ နစ်နေ သည်။ ပေါင်နှင့်ခြေထောက်တွင် ထိသော ဒဏ်ရာမှ သွေးများ က ဖိနပ်ထဲအထိ စီးကျနေသည်။ ၀မ်းဗိုက်တွင်လည်း သွေးများ ရွှဲ့နေသည်။

မော့ဟုမ်းစခန်းသို့ ပြန်ရောက်ရန် ဘယ်လောက် ကြာကြာ မောင်းရဦးမည်နည်း။ ရီဝေ မူးနောက် နေသည့်ကြားမှ ပြန်တွေးကြည့်ရာ ကန်ဘင်ရွာမှ မော့ဟုမ်းအထိ ကိုးမိနစ်ကြာမည်။ ယခု မိမိမည်မျှ ကြာကြာ ပျံသန်းခဲ့ပြီးပြီနည်း။ သူ မမှတ်မိတော့။
"တိမ်တိုက် ထဲက ဖြုန်းခနဲထွက်လို့ မဖြစ်သေးဘူး၊ သူတို့ စောင့်နေကြလိ့မ်မယ်"
မိုက်ကယ်ခေါင်း ထဲသို့ အသိဝင်လာသည်။ လက်ပတ်နာရီကို ကြည့်လိုက်ရာ မျက်စိအမြင်ကေ၀၀ါးပြီး နာရီ ဒိုင်ခွက် နှစ်ခု သုံးခု ဖြစ်နေသည်။
"ငါ မျက်စိ တွေ ၀ါးနေပြီ"
လေယာဉ် ကို အတတ်နိုင်ဆုံး ထိန်းမောင်းနေရသည်။

"စင်တိန် ... ဘယ်အချိန်ရှိပြီလဲ ... မောင်တော့ လက်ထပ်ပွဲကို အချိန်နောက်ကျမှ ရောက်တော့မယ် ထင်တယ် ..."
အမှောင်ထု က ပိုဖုံးလာသည်။ အားအင်ကုန်ခန်းပြီး ပင်ပန်း နွမ်းနယ်မှုကြောင့် ကြောက်စိတ်ပင် ပေါ် လာသည်။
"ငါ သူ့ ကို ကတိပေးခဲ့တယ်။ ကျိန်တွယ် ပြောခဲ့တယ်"
လက်ပတ်နာရီ ကို ကြည့်လိုက်ပြန်သည်။

"ညနေ ၆နာရီ နဲ့ လေးမိနစ်၊ ဟာ မဖြစ်နိုင်ဘူး အသုံးမကျတဲ့နာရီ"
မိုက်ကယ့်လေယာဉ်သည် တိမ်ထုထဲမှ အပြင်သို့ ထွက်သွားသည်။ မျက်စိကို နေရောင်ထိုးသဖြင့် ကျိန်း သွားရာ လက်ဖြင့် ကာလိုက်မိသည်။ ထို့နောက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ မိမိလေယာဉ် သည် မိမိစခန်းရှိရာ လေယာဉ်ကွင်းဆီသို့ မှန်ကန်စွာ ဦးတည်နေကြောင်း တွေ့ရသည်။ ကားလမ်း ရထားလမ်း နှင့် ထိုနှစ်ခုကြားရှိ လယ်ကွင်းပြင်တို့ကို မှတ်မိလာသည်။ နောက်ထပ် ခြောက်မိနစ် သာပျံရတော့မည်ဟု တွက်ချက်သိလိုက်သည်။ အနီး ဆုံး တိမ်ထုထဲ ပြန်ဝင်လိုက်သည်။

တိမ်ထု အပေါ်ဘက်တွင် ရန်သူလေယာဉ်များ ရှိနေပြီး မိုက်ကယ်အား အကွက်ကောင်းချောင်းနေကြသည်။
"ငါ စင်တိန် ကို ပေးထားတဲ့ကတိ တည်ရမယ်"
မိုက်ကယ့် လေယာဉ်သည် တိမ်လွှာထဲမှ ထွက်လာပြီး အလင်းရောင်ထဲသို့ ရောက်လာပြန်သည်။ အောက်ဘက် တွင် မြင်နေကျ မြင်ကွင်းများ ဖြစ်သော သစ်တောနှင့် ခင်တန်းအပြင် ဘုရားရှိခိုးကျောင်း အမိုးချွန်ချွန် ကိုပါ လှမ်းမြင်ရသည်။

"စင်တိန် ရေ ... မောင် ပြန်လာပြီ ... စောင့်ကြိုတော့"
မိုက်ကယ် တစ်ကိုယ်လုံးတွင် အားအင်များ ကုန်ခန်းသွားသလို ဖြစ်ရသည်။ အောက်ဘက်တွင် စင်တိန် တို့၏ ကျေးလက် စံအိမ်ကို လှမ်းမြင်ရသည်။ လေယာဉ်ကို စံအိမ်ဘက်သို့ ဦးလှည့်လိုက်သည်။
"စင်တိန် ... မောင်လာပြီ၊ စောင့်ကြိုနော် မောင်လာပြီ ..."
တိုးတိုး ရေရွတ်လိုက်ရင်းမှ သူ့အသိထဲတွင် အမှောင်ဖုံးသွားပြန်သည်။
"စင်တိန် ... မင်း ဘယ်မှာလဲ၊ အလို ဘုရားရေ ... အချစ် ... မင်း ဘယ်မှာလဲကွယ် ..."
 
(၁၃)

စင်တိန် သည် ကိုယ်လုံးပေါ်မှန်ကြီးရှေ့တွင် ရပ်ကာ မိမိကိုယ်မိမိ ပြန်ကြည့်နေသည်။
"မနက်ဖြန်ဆိုယင် ကျွန်မ ဟာ မိုက်ကယ်ရဲ့ဇနီး မဒမ်မိုက်ကယ်ကုတ်နေ ဖြစ်တော့မယ်နော်၊ အိမ်ထောင် သည် အဖြစ် နဲ့ ဘ၀သစ်ကို ရောက်တော့မယ်"
စင်တိန် က ပြောလိုက်သည်။

"စိတ်ကူး သိပ်ယဉ်မနေနဲ့ကလေး၊ လုပ်စရာတွေ အများကြီး ကျန်သေးတယ်" အဘွားကြီးအန်က ပြောပြော ဆိုဆိုနှင့် ပင် သတို့သမီးဝတ်စုံကို စင်တိန်အား ၀တ်ပေးကာ ပြင်ဆင်ပေးနေသည်။
"မေမေ က ကျွန်မကို စောင့်ကြည့်နေသလား မသိဘူး၊ ကျွန်မ သူ့ရဲ့သတို့သမီးဝတ်စုံကို ၀တ်တာ မေမေ သိပါ့ မလား၊ သိယင် သူပျော်မှာပဲနော်"
စင်တိန်က သွားလေသူမိခင်ကို တမ်းတပြီး ပြောလိုက်သည်။

အောက်ထပ်ဧည့်ခန်းမကြီးထဲမှ ယောက်ျားများ၏ ရယ်သံများ အပေါ်ထပ် သူတို့အခန်းဆီသို့ လွင့်ပျံ သွားသည်။
"ဗိုလ်ချုပ်ကြီး လက်ထပ်ပွဲကို လာတဲ့အတွက် ကျွန်မ သိပ်ဝမ်းသာတာပဲ၊ သူလဲ မိုက်ကယ်လိုပဲ ချော တယ်နော်၊ သူတို့ မျက်လုံးတွေကို သတိထားမိသလားဟင်"
အိမ်အောက်ထပ်အရှေ့ဘက်တွင် ရိုးလ်ရွိုက်စ်စကားကြီးပေါ်မှ ဆင်းကာ အိမ်ထဲသို့ ခန့်ခန့်ညားညား ၀င်လာသော ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေကို သူတို့ အပေါ်မှ လှမ်းမြင်ရသည်။
"စင်ဝတ်စုံ ၀တ်ပြီး တံဆိပ်တွေ တပ်ထားတော့ သိပ်ခန့်ညားတာပဲနော်၊ မိုက်ကယ် အသက်ကြီးလာယင်လဲ သူ့လိုပဲ ခန့်ညားမှာ သေချာတယ်နော်"
အောက်ထပ် ရယ်သံများ လျှံတက်လာပြန်သည်။

"ဖေဖေနဲ့ ဗိုလ်ချုပ်ကြီးတို့ တစ်ယောက်ကို တစ်ယောက် သဘောကျကြမှာပါနော်၊ ဟုတ်တယ် မဟုတ်လား အန်၊ အသံတွေ ထပ်ကြားရတယ်၊ နားထောင်စမ်းပါဦး" စင်တိန်က ပြောလိုက်သ်ည။
အဘွားကြီးအန် က ပြတင်းပေါက်သို့ သွားပြိး အောက်သို့ လှမ်းကြည့်ကာ ပြန်ပြောသည်။
"ညည်းရဲ့ စစ်သားတွေ လာပြီလေ၊ စောလိုက်တတော်"
အညိုရောင် စစ်ထရပ်ကားကြီး လမ်းအတိုင်း မောင်းဝင်လာနေသည်။ တပ်ထောက်ဗိုလ်ကြီးက ဆေးတံ ကို ခဲရင်း ကားကို မောင်းနှင်းလာသည်။ တာဝန်ချိန်မဟုတ်သော အရာရှိများက ကားနောက်ပိုင်းမှ ပါလာပြီး တစ်ယောက် တစ်ပေါက် ပြောဆို ဆူညံလာကြသည်။

စင်တိန့်အဖေက သူတို့ကို အိမ်အ၀င် လှေကားထိပ်မှနေ၍ ပျူငှာဖော်ရွေစွာ ဆီးကြိုသည်။
"ပျော်ပျော်နေတတ်တဲ့ မြို့စားကြီးဆိုတာ ထင်ပါရဲ့၊ ကျွန်တော်တို့ ရှေ့ပြေးအဖွဲ့ပါ ခင်ဗျာ၊ ကျန်တဲ့ လူတွေလာကြပါ လိမ့်ဦးမယ်"
တပ်ထောက်ကြီးက စင်တိန့်အဖေအား လက်ဆွဲ နှုတ်ဆက်ရင်း ပြောလိုက်သည်။
"ကြိုပြီး ရောက်လာတာ ပိုကောင်းတာပေါ့ဗျာ၊ သူရသတ္တိ ပြောင်မြောက်တဲ့ ကျွန်တော်တို့ရဲ့ မဟာမိတ် မိတ်ဆွေ တွေ ကို ကြိုဆိုပါတယ်။ ယမကာနဲ့ ပဏာမ ဧည့်ဝတ်ပြုပါရစေဗျာ"
စင်တိန့် အဖေက ၀မ်းသာအားရ ပြောလိုက်သည်။

"ကဲ အန်၊ ကြားတယ် မဟုတ်လား၊ ဘယ်လောက် အဆင်ချောသလဲ"
စင်တိန်သည် ပြတင်းပေါက်မှနေ၍ အခန်းထဲဘက်သို့ ပြန်လှည့်လာပြီး ပြောလိုက်သည်။
ထို့နောက် ခုတင်ပေါ်မှ သတို့သမီးခေါင်းဆောင်းကို ယူဆောင်းပြီး မှန်တွင် ကြည့်ကာ ပြင်ဆင် မွမ်းမံ နေသည်။
"ဒီနေ့ဟာ ကျွန်မဘ၀ မှာ အပျော်ဆုံးနေ့ပဲ၊ ဒါကိုတော့ ဘယ်အရာကမှ ဖျက်ဆီးလို့ မရဘူး အန်"
"ဟုတ်ပါတယ် ကလေးရယ်၊ ဘယ်အရာကမှ မဖျက်နိုင်ပါဘူး"
"အန်"
စင်တိန်ကခေါင်းကို ဆတ်ခနဲ မသိမသာ မော့လိုက်ပြီး အန်အား ခေါ်လိုက်သည်။ သူမအမူအရာက ပိုမို အသက်ဝင် လှုပ်ရှားလာသည်။
"ဘာလဲ ကလေး"
"ကြားလားဟင် ... သူပဲ၊ မိုက်ကယ်လေ သူ ကျွန်မဆီ လာနေပြီ" စင်တိန်သည် မှန်ရှေ့မှနေ၍ ပြတင်းပေါက်ဆီ သို့ အပြေးကလေးသွားသည်။ ပျော်လွန်းသဖြင့် ကလေးငယ် တစ်ယောက်လိုပင် ခုန်ဆွ ခုန်ဆွ ဖြစ်နေသည်။

"နားထောင်စမ်း အန်၊ သူ ဒီလမ်းအတိုင်း ကျွန်မတို့ဆီကို ဦးတည်လာနေပြီ"
ခပ်လှမ်းလှမ်းမှ လေယာဉ်အင်ဂျင်စက်သံမှာ စင်တိန် ကြားနေကျအသံ ဖြစ်၍ မှတ်မိနေသည်။
"ငါတော့ မမြင်ဘး" အန်က စင်တိန့် နောက်မှ ရပ်ပြီး ကောင်းကင်သို့ မော့ကြည့်ကာ ပြောလိုက်သည်။
"သူ နိမ့်နိမ့်ကလေး ပျံလာတာ ဖြစ်လိမ့်မယ်၊ ဟုတ်တယ် ဟုတ်တယ် ... ဟိုမှာ သစ်တောအုပ် အပေါ်ကလေး က ကပ်ပြီး ပျံလာတာ တွေ့လား"
"အေး တွေ့ပြီ၊ သူ လေယာဉ်ကွင်းဆီသို့ သွားလိမ့်မယ် ထင်တယ်"

"မဟုတ်ဘူး၊ သူ ဒီကို တန်းပြီးလာနေတာလို့ ထင်တယ်"
"သူဆိုတာ သေချာရဲ့လား စင်တိန်"
"သေချာပါတယ်၊ လေယာဉ်ပျံအရောင်ကို မမြင်ဘူးလား၊ အ၀ါရောင်လေ"
အောက်ထပ် မှ လူများလည်း လေယာဉ်ပျံအသံကို ကြားကြရသည်။ သူတို့ ပြောသံဆိုသံများက အပေါ်ထပ် သို့ လွင့်ပျံ လာသည် မင်္ဂလာဧည့်ပရိသတ်များ အိမ်ရှေ့လှေကားဝသို့ စုပြုံ ထွက်သွားကြသည်။ ရှေ့ဆုံးမှ ဗိုလ်ချုပ်င်္ကြီးရှောင် နှင့် စင်တိန့် ဖခင်တို့က ဦးဆောင်သွားသည်။ ဖန်ခွက်ကိုယ်စီ ကိုင်ထားပြီး စိတ်အား ထက်သန်စွာ ပြောဆိုနေကြသည်။
"ဟိုဟာ မိုက်ကယ့် လေယာဉ်ပဲ၊ သူ နိမ့်နိမ့်လေးပျံပြီး အိမ်ခေါင်းမိုးနားက ကပ်ကျော်သွားလိမ့်မယ်၊ လောင်းမလား" အောက်ထပ်လူစုထဲမှ တစ်ယောက်က ပြောလိုက်သည်။
"သူ အောင်ပွဲခံလာပြီ ထင်တယ်၊ ဘာ အောင်ပွဲလဲဆိုတာ စဉ်းစားကြည့်ကြစမ်း" နောက်တစ်ယောက်က ပြောပြန် သည်။

အောက်က လူများရယ်သလို စင်တိန်လည်း ရောပြီး ရယ်နေသည်။ သူတို့ဆီသို့ ဦးတည် ပျံသန်း လာနေသော အ၀ါ ရောင်လေယာဉ်ကို ကြည့်နေရင်းက လက်ခုပ်ကလေးတီးနေမိသည်။ သို့သော် တစ်ခဏချင်း မှာပင် စင်တိန့်လက်ခုပ် သံက ရပ်သွားသည်။
"အန် ... တစ်ခုခုတော့ ဖြစ်လာပြီ ထင်တယ်"
လေယာဉ်က သူတို့နှင့် နီးလာရာ ပျံသန်းလာပုံမှာ ပုံမှန်အနေအထား မဟုတ်ကြောင်း မြင်လာရသည်။ အတောင်ပံ တစ်ဖက်က စုတ်ပြတ်ပြုတ်ထွက်နေသည်။ လေယာဉ်မှာ သစ်ပင် ထိပ်ဖျားလောက်အထိ ထိုးကျ သွားပြီးမှ အပေါ် ထောင်တက်သွားပြန်သည်။ ထို့နောက် ပြန်ပြီး စိုက်ကျလာပြန်သည်။
"လေယာဉ် ဘယ်လိုဖြစ်လာတာလဲ" အောက်ဘက်က အသံများက စိုးရိမ်သော အသံသို့ ပြောင်းသွားသည်။

"ဘုရား ရေ ... သူ ဒုက္ခ ဖြစ်လာပြီ ထင်တယ်"
မိုက်ကယ့် လေယာဉ်သည်  ကွေ့ကောက် ယိမ်းထိုးကာ ဦးတည်ချက်မဲ့ ပျံသန်းလာနေသည်။ လေယာဉ် လက်ယာ ဘက်သို့ ကွေ့လိုက်သောအခါ စုတ်ပြတ်ပြုတ်ထွက်နေသော အတောင်ပံတစ်ဖက်နှင့် ပေါက်ပြဲ ပျက်စီး နေသော ၀မ်းဗိုက်ကို သူတို့ တွေ့ကြရသည်။ ငါးမန်းများ ၀ိုင်းကိုက်ခံခဲ့ရသည့် ငါးအသေကောင်နှင့် တူ နေသည်။
"မိုက်ကယ့် လေယာဉ်တော့ ၀ိုင်း အပစ်ခံလာရပြီ" လေသူရဲတစ်ဦးက ပြောလိုက်သည်။
"ဟုတ်တယ်၊ သူအထိနာလာပြီ"
မိုက်ကယ့် လေယာဉ် သည် ဦးစိုက် ဆင်းလာရာ သစ်ပင်ထိပ်ဖျားများနှင့် ထိလုနီးပါး ဖြစ်နေသည်။

"သူ့ဝမ်းဗိုက်နဲ့ ရှပ်ပြီး ဆင်းဖို့ ကြိုးစားနေတာ ဖြစ်ရမယ်"
လေသူရဲအချို့က အိမ်ရှေ့ ကွက်လပ်ပြင်ကျယ်ထဲသို့ ပြေးထွက်လာကြပြီး ပုံပျက်လာသော လေယာဉ်ကို အချက်ပြ လမ်းညွှန်ကြသည်။
"ဒီလမ်းအတိုင်းလာ မိုက်ကယ်"
"ဦးပြန်မော့တင်လိုက်စမ်း ကိုယ့်လူ"
"သိပ်နှေးတယ်၊ ပြုတ်ကျလိမ့်မယ် ... အရှိန်မြှင့်လိုက်"
လေသူရဲများက တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုနေကြသည်။ လေယာဉ်သည် ကွက်လပ် ပြင်ကျယ် ဆီသို့ ဦးတည်လာနေသည်။

"မိုက်ကယ် ... ကျွန်မဆီ ရောင်အောင် လာ မိုက်ကယ်"
ပြတင်းပေါက်မှ ကြည့်နေသော စင်တိန်က ပြောလိုက်သည်။ ကွက်လပ်အစပ်တွင် စီတန်း ပေါက်နေသော သစ်ပင် များ နောက်ဆုံးဖြတ် ကျော်ရန်သာ ကျန်တော့သည်။ အ၀ါရောင် လေယာဉ်သည် သစ်ပင်များဆီ မရောက်မီလေးပင် အောက်သို့ စိုက်ဆင်းသွားပြီး စက်သံလည်း ဖွတ်ချက်ဖွတ်ချတ် ဖြစ်သွားသည်။
"အပေါ် ပြန်ထောင်တက် မိုက်ကယ်"
"စက်ကို ထပ်နှိုးလိုက်လေ"
လေသူရဲများက ၀ိုင်းအော်ပြောနေသည်။ စင်တိန်ကလည်း အပေါ်ထပ်မှ ရောပြီးအော်ပြောလိုက်ပြန်သည်။

"မိုက်ကယ် သစ်ပင်တွေပေါ်က ကျော်ပြီး ပျံလိုက်လေ၊ ကျွန်မဆီကို ရောက်အောင် လာပါ အချစ်ရယ်"
မိုက်ကယ့် လေယာဉ်မှ အင်ဂျင်စက်သံသည် အင်အား အပြည့်အ၀ဖြင့် ပြန်လည် အော်မြည်လာသည်။ ထို့နောက် အ၀ါရောင်လေယာဉ်က အပေါ်သို့ ထောက်တက်လာပြန်သည်ကို သူတို့ မြင်ကြရသည်။ ထို့နောက် ပြန်စိုက်ကျသွား ပြန်သည်။
"သစ်ပင်တွေကို သူ ကျော်နိုင်ပြီ"
လေသူရဲ တစ်ဦးက ပြောလိုက်သည်။ သူ့စကား ဆုံးလုဆုံးခင်မှာပင် မိုက်ကယ့်လေယာဉ်၏ ဘီးတစ်ဖက် သည် သစ်ကိုင်းကြီး တစ်ကိုင်းနှင့် သွားငြိပြီး လေယာဉ်မှာ လေထဲသို့ နောက်ကျွမ်းလန်ပြီး မြောက်တက် သွားသည်။ ထို့နောက် ကောင်းကင်မှ အောက်သို့ ပစ်ကျလာသည်။

ကွက်လပ်အစပ်ရှိ မြေပျော့ပေါ်သို့ ယောဉ်က ဦးစိုက်ပြီး ပစ်ကျလာသည်။ လည်နေသော ပန်ကာက အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်ကာ လွင့်စဉ်ထွက်ကုန်သည်။ လေယာဉ်ကိုယ်ထည် သစ်သားများလည်း ကျိုးပဲ့ ထွက်ကုန်သည်။ လေယာဉ်စက်က မြေပေါ်သို့ ပုံကျသွားသည်။ အ၀ါရောင် အတောင်ပံလည်း ကျိုးကျ သွားသည်။
ထိုအချိန်တွင် စင်တိန် က မိုက်ကယ့်ကို မြင်လိုက်ရသည်။

မိုက်ကယ့် တစ်ကိုယ်လုံးသည် သွေးများ ပေကျံနေသည်။ သူ့ခန္ဓာကိုယ်တစ်ဝက်ခန့်မှာ လေယာဉ်  မောင်းခန်း ထဲမှ နောက်ပြန်လန်ပြီး တွဲလောင်းကျနေသည်။
မိုက်ကယ့်ရဲဘက်လေသူရဲများက လေယာဉ်ဆီသို့ သူ့ထက်ငါ ပြေးသွားကြသည်။ ဗိုလ်ချုပ်ကြီးရှောင်က အိပ်ပေါက်ဝမှ နေပြီး နောက်မှ ပြေးလိုက်သွားသည်ကို စင်တိန် မြင်လိုက်ရသည်။ ရှောင်သည် ထော့နင်း ထော့နင်းဖြင့်ပင် အားသွန် ပြေးရာ လူငယ်အရာရှိများနောက်သို့ နီးကပ်သွားသည်။

ရှေ့ဆုံးမှ ပြေးသွားသော လူတစ်ချို့ ယောဉ်ပျက်နားသို့ ရောက်လုနီးအချိန်တွင် လေယာဉ်တစ်စင်းလုံး ရုတ်တရက် မီးလုံးများ လွင့်တက်သွားသည်။ မီးအရှိန်ကြောင့် ပြေးသွားသူများ တုံ့ခနဲ ရပ်သွားကြသည်။ အပူရှိန် ကြောင့် နောက်တစ်လှမ်း နှစ်လှမ်း ပြန်ဆုတ်လိုက်ကြသည်။
ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေ သည် ထိုသူများကို တွန်းဖယ်ပြီး မီးဟုန်းဟုန်းတောက်နေသော လေယာဉ် ဆီသို့ တစ်ဇွတ် ထိုးသွားသည်။ သို့သော် လူငယ်အရာရှိလေးယောက်က ခုန်ထွက်လိုက်ပြီး ဗိုလ်ချုပ်ကြီး ဘေးနှစ်ဘက် မှ ညှပ်ကာ ချုပ်ကိုင်ဆွဲထားကြသည်။ ထို့နောက် ဗိုလ်ချုပ်ကြီးအား နောက်ဘက်သို့ ပြန် ဆွဲခေါ်လာသည်။

ဗိုလ်ချုပ်ကြီးက အတင်းအဓမ္မ ရုန်းကန်နေရာ၊ နောက်ထပ် အရာရှိ သုံးဦးကပါ ၀င်ပြီး ၀ိုင်းဝန်း ချုပ်ကိုင် ထားရှိသည်။ ဗိုလ်ချုပ်ကြီးသည် တအားကုန် ဟိန်းဟောက်အော်ဟစ်ပြီး မီးတောက်ထဲမှ မိုက်ကယ်ဆီသို့ ပြေးသွားရန် ရုန်းကန်နေ သည်။ ထို့နောက် ရုတ်တရက် အသံတိတ်သွားပြီး ပျော့ခွေသွားသည်။ အရာရှိများ ချုပ်ကိုင် ထား၍သာ ပုံလဲကျမသွား ခြင်း ဖြစ်သည်။ သို့သော် မျက်လုံးအစုံကမူ မီးတောက်များကိုသာ စိုက်ကြည့် နေသည်။

စင်တိန်သည် ထိုမြင်ကွင်းကို ပြတင်းပေါက်က လှမ်းကြည့်ရင်း အိပ်မက်ဆိုး မက်သလို ဖြစ်နေသည်။ စင်တိန် အဖို့ တအားကြုံးအော်လိုက်မိသော်လည်း မိမိကိုယ်မိမိ အော်လိုက်မိမှန်းပင် မသိပေ။ ပြင်းစွာသော ပရိဒေ၀ ဒုက္ခမီးဝေ သူမ ရင်ထဲတွင် တစ်မုဟုတ်ချင်း လောက်မြိုက်လာသည်။ မိုက်ကယ်အား ဟုန်းဟုန်း တောက် လောင်မြိုက် နေသောမီးသည် သူမရင်ထဲ၌ လောင်နေသလို ခံစားရသည်။
အဘွားကြီးအန် ၏ သန်မာသော လက်များက စင်တိန်အား ပွေ့ဖက်လိုက်ပြီး ပြတင်းပေါက်မှဆွဲလှည့်ကာ မထူလိုက် သည်။ စင်တိန် အားကုန်ရုန်းသော်လည်း အားချင်းမမျှ။ အန်က စင်တိန်အား ခုတင်ပေါ် တင်လိုက်ပြီး သူမရင်ခွင်ထဲ တွင် ပွေ့ဖက်ထားလိုက်သည်။ စင်တိန်၏ မျက်နှာကို အန်က သူမရင်ခွင်ထဲတွင် နှစ်မြှုပ်ပြီး ပွေ့ဖက်ထားသည်။ ဆံစလေးများကို ပွတ်ပေးသည်။ စင်တိန့်ကိုယ်လေးကို ငြင်ငြင်သာသာ ပုတ်ကာ ငယ်ငယ်ကလို ချော့မော့နှစ်သိမ့် ပေးနေရှာသည်။
 
(၁၄)

"လေသူရဲဗိုလ်ကြီးမိုက်ကယ်ကုတ်နေ ကို ထိုညတွင်ပင် သူတို့မြှုပ်နှံသဂြိုလ်လိုက်ကြသည်။ မော့ဟုမ်း ခရစ်ယန် ဘုရားရှိခိုးကျောင်း အနီးရှိ သူသာန်မြေမှ စင်တိန်တို့မိသားစုအတွက် သီးသန့် ထားရှိသော မြေနေရာ တွင် လက်ဆွဲမီးအိမ်များဖြင်ပင် မြှုပ်နှံသဂြိုလ်လိုက်ကြခြင်း ဖြစ်သည်။
မိုက်ကယ် ၏ တိုက်ဖော်တိုက်ဖက် လေသူရဲများက မိုက်ကယ့်အတွက် မြေကျင်းတူးကြသည်။ မိုက်ကယ် နှင့် စင်တိန်အား လက်ထပ်ပေးရမည့် ခရစ်းယန် ဘုန်းတော်ကြီးက မိုက်ကယ့် ဈာပနာ မြေချပွဲတွင် သရဏဂုံ တင်ပေးရသည်။

ဘုန်းတော်ကြီးက ရွတ်ဖတ်သရဇ္ဈာယ်နေသည်။ စင်တိန့်မျက်နှာပေါ်တွင် အမည်းရောင်ဇာစ ကလေး ဖုံးအုပ်ထားသည်။ စင်တိန့်ဘေးနှစ်ဘက်တွင် ဖခင်နှင့် အန်တို့ရပ်နေပြီး သူမလက်ကို တစ်ဖက်စီ ကိုင် ထားကြသည်။

စင်တိန်က လုံးဝမငို။ စင်တိန်သည် မီးဟုန်းဟုန်းတောက်နေသော လေယာဉ်ကိုကြည့်ကာ တအား ကြုံး အော်ခဲ့ပြီး နောက်တွင် မျက်ရည် လုံးဝမကျတော့ပေ။
စင်တိန်တို့နှင့် မျက်နှာချင်းဆိုင် ကျင်းတစ်ဘက်တွင် ဗိုလ်ချုပ်ကြီးရှောင်နှင့် သူ့နောက်၌ ဇူးလူး ယာဉ်မောင်း ဆန်ဂိန်း ရပ်နေသည်။ ဆန်ဂိန်း၏ပါးပြင်ပေါ်တွင်း မျက်ရည်ကြောင်းများ စီးကျ နေသည်။ သရဏဂုံ တင်ပြီးသော အခါ မြေကျင်းထဲရှိ ခေါင်းပေါ်သို့ မြေများဖို့ကြသည်။ စင်တိန် သည် ထိုမြင်ကွင်းကို မမြင်ရက် သဖြင့် ခေါင်းကို မော့်ထားလိုက်သည်။

"မောင်ရယ်..... မြေအောက်ထဲဟာ မောင့်နေရာ မဟုတ်ပါဘူး၊ ကျွန်မအတွက်တော့ မောင်ဟာ ကောင်းကင် မှာ အမြဲရှိနေမယ့်သူပါ၊ ကောင်းကင်ပြာပြာကြီးထဲမှာ ပြန်လည်ဆုံစည်းကြသည်အထိ ခွဲကြ ရပြီပေါ့၊ ကျွန်မ ကောင်းကင်ကို ကြည့်မိတိုင်း မောင့်ကို အမြဲသတိရနေမှာပါ၊  မောင့်အကြောင်း တွေးနေမိ မှာပါမောင်ရယ်"
တဆတ်ဆတ် တုန်နေသော နှုတ်ခမ်းလေးဖြင့် စင်တိန်က တိုးတိုးလေး တတွတ်တွတ် ပြောနေရှာ သည်။

စင်တိန်သည် ပြတင်းပေါက် ဘေး၌ ထိုင်နေသည်။ မင်္ဂလာ ၀တ်စုံ၏ ခေါင်းစွပ် ဇာပ၀ါလေးအား ပခုံးပေါ် ယူတင်လိုက်သောအခါ အန်က ပထမ ဟန့်တားမည် လုပ်ပြီးမှ ဘာမှ မပြောတော့ဘဲ နေလိုက်သည်။ အန် က သူ့ဘေးနားရှိ ခုတင်ပေါ်တွင် ထိုင်လိုက်သည်။ သို့သော် စကားမပြောကြ ဘဲ တိတ်ဆိတ်နေသည်။
အောက်ထပ် ခန်းမထဲမှ အမျိုးသားများ၏ အသံများကို သူတို့ကြားနေသည်။ တစ်စုံတစ်ယောက် က စန္ဒရားတီး သည်။ လက်သံက ကြမ်းသော်လည်း ဂီတပညာရှင်ကြီး ချိုပင် ၏ ဈာပန စစ်ချီတေး သံမှန်း စင်တိန် သိလိုက်သည်။ မိုက်ကယ့် မိတ်ဆွေ လေသူရဲများက မိုက်ကယ်အတွက် ထုံးတမ်း စဉ်လာ အတိုင်း နှုတ်ဆက် ပွဲလုပ် နေခြင်း ဖြစ်မည်ဟု သိလိုက်သည်။ သူတို့ သိပ်မူးနေပုံရသည်။ ဤသည်မှာလည်း အစဉ်အလာ ပင်ဖြစ်မည်။ မူးမူးနှင့် ပြောနေသော သူတို့အသံများတွင် ၀မ်းနည်းသံများက လွှမ်းမိုးနေသည်။

စင်တိန်သည် ဖယောင်းတိုင်မီးရောင်းအောက်တွင် ထိုင်ကာပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက် သည်။ ဟိုအဝေး မိုးကုပ်စက်ဝိုင်း  ၌ စစ်ပွဲ၏ လက္ခဏာဖြစ်သော ကျည်ဆန်မီးပွင့်များကို မြင်ရပြီး စစ်ပွဲ၏ မရဏ တေးသံ များကို ကြားရသည်။
"အိပ်ပါတော့လား ကလေးရယ်"
အန်က မိခင်တစ်ယောက်၏ ယုယ ကြင်နာသော လေသံအပြည့်ဖြင့် ပြောသည်။ စင်တိန်က ခေါင်းယမ်း လိုက်သော အခါ ဆက်မပြောတော့ပေ။ အောက်ထပ်ဆင်းသွားပြီး အစားအစာများကို ယူလာပြန်သည်။

"ဒါလေးစားလိုက်ပါလား ကလေးရယ်"
"ဟင့်အင်း အန်၊ ကျွန်မ ကလေးမဟုတ်တော့ဘူး၊ ကျွန်မရဲ့ ကလေးဘ၀ဟာ ကနေ့ မိုက်ကယ်နဲ့ အတူ သေဆုံး သွားပြီ၊ ကျွန်မကို ကလေး လို့ မခေါ်ပါနဲ့တော့နော်"
"မခေါ်တော့ပါဘူးကွယ်"
စင်တိန်က ပြတင်းပေါက်ဘက်သို့ ပြန်လှည့်လိုက်သည်။ ရွာဘုရားရှိခိုးကျောင်းမှ နာရီထိုးသံနှစ် ချက် ကြား ရသည်။ ထိုနောက် ခဏအကြာတွင် မိုက်ကယ့်မိတ်ဆွေများ ပြန်သွားသံများကြားရ သည်။
တစ်အောင့်အကြာတွင် သူတို့ အခန်းတံခါးကို ခေါက်သံငြင်ငြင်သာသာ ပေါ်လာသည်။ အန်က ခုတင်ပေါ်မှ ထသွားပြီးဖွင့်လိုက်သည်။
"စင်တိန် မအိပ်သေးဘူးလား"
"ဟုတ်ကဲ့" အန်က ခပ်တိုးတိုးပြန်ဖြေသည်။

"ကျွန်တော် သူနဲ့ စကားပြောလို့ ရမလား"
"ရပါတယ်၊ ၀င်ခဲ့ပါ"
ဗိုလ်ချုပ်ကြီး ရှောင်ကုတ်နေ ၀င်လာပြီး စင်တိန်ထိုင်နေသော ကုလားထိုင်ဘေးတွင် ရပ်လိုက် သည်။ သူ့ ထံမှ ၀ီစကီအနံ့ ကို စင်တိန်ရလိုက်သည်။ သို့သော် သူသည် ခိုင်ခိုင်မတ်မတ် ရပ်နေပြီး လေသံတိုးတိုးဖြင့် စကား ကို ချုပ်တည်းပြောလာသည်။ ၀မ်းနည်းကြေကွဲမှုကို မျိုသိပ်ထားရမှန်း စင်တိန်သိသည်။
"ငါအခုပြန်တော့မယ် စင်တိန်"
စင်တိန် က မတ်တတ်ရပ်ပြီး ရှောင်ကို မော့ကြည့်လိုက်သည်။
"ရှင်က မိုက်ကယ့်အဖေပါ" စင်တိန်က ပြောလိုက်သည်။

ရှောင်၏ ချုပ်တီးထိန်းချုပ်ထားရမှု ပြိုကွဲသွားသည်။ ရပ်နေရာက မိုက်ခနဲ ဖြစ်သွားရာ စားပွဲစွန်းကို လှမ်းကိုင် ထားရသည်။ ထို့နောက် စင်တိန်ကို လှမ်းကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည်။
"မင်း ဘယ်လိုလုပ်သိသလဲ"
ရှောင်၏ ၀မ်းနည်းကြေကွဲမှုမှာ ဖုံးဖိမရတော့ဘဲ ပေါ်လာသည်။ စင်တိန်ရင်ထဲ၌ မျိုသိပ်ထားရသော ပရိဒေ၀ မီးမှာလည်း တောက်လောင်လာသည်။ စင်တိန် မျက်ရည်များ ကျလာပြီး တသိမ့်သိမ့် ရှိုက်ငို မိသည်။ ရှောင် ရင်ခွင်ထဲသို့ စင်တိန်က ၀င်လိုက်ရာ ယုယစွာ ထွေးပိုက်ထားသည်။ အတော်ကြာအောင် စကား မပြောဖြစ်ကြ။ စင်တိန်၏ ရှိုက်သံစဲပြီး အငိုရပ်သွားတော့မှ ရှောင်က ငြင်သားစွာပြောလိုက်သည်။

"မင်းကိုလေ.... မိုက်ကယ်ရဲ့ဇနီး၊ ငါ့ရဲ့သမီးလေးလို့ ငါအမြဲတမ်း မှတ်ထားလိုက်ပြီ၊ မင်း ငါ့ဆီက အကူအညီ လိုယင် ဘယ်အချိန် ဘယ်အခါ ဘယ်နေရာမဆို ငါ့ဆီလာခဲ့ပါ၊ ဒါမှမဟုတ် ငါ့ဆီအကြောင်းကြားပါ၊ ငါကူညီ ဖို့ အသင့်ပါပဲ"
စင်တိန်က ခေါင်းတဆိတ်ဆိတ် ညိတ်လိုက်သည်။
 "မင်းဟာ ရဲဝံ့ပြီး စိတ်ဓာတ်ခိုင်မာတဲ့ သူဆိုတာ ငါ စမြင်ကတည်းက သိတယ်၊ ဒီတော့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ဘ၀ ကို အရှုံးမပေးစတမ်း ရင်ဆိုင်စမ်းပါ၊ ကဲ ငါ သွားတော့မယ်"
ရှောင်ကုတ်နေ အခန်းထဲမှ ပြန်ထွက်သွားသည်။ တစ်အောင့်အကြာတွင် သူ၏ ရိုးရွိုက်က်စ်ကားကြီး မောင်းထွက် သွားသံကို စင်တိန်ကြားလိုက်ရသည်။

ဆက်ရန်
.

2 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့အဆက်မှတင်ပါ့မလားလို့ မျှော်နေတာ
ဒါပေမဲ့ မိုက်ကယ်သေသွားတဲ့အခန်းဖြစ်နေတယ်
စိတ်မကောင်းလိုက်တာ ။ မင်္ဂလာဆောင်မဲ့နေ့မှ သေရတယ်လို့။
သေသွားပေမဲ့ ဇာတ်က မသိမ်းသေးဘူးဆိုတော့ စင်တိန်မှာ မိုက်ကယ်ရဲ့ ကိုယ်ပွားများ ကျန်ခဲ့လေသလား မသိ...
ဆက်ရန်ကို ဆက်မျှော်နေတယ်နော်

ချယ်ရီမြေ said...

အပိုင်း (၆)တော့ ဖတ်ပြီးသွားပြီ...ရွှေစင်ဦးရေ...။ မျှော်....

ချမ်းမြေ့ပါစေ
ချယ်ရီမြေ