ရဲဌာနချုပ်တွင် ရဲမှူးကြီးဒူရင်းက ရဲချုပ်ဝီလျံစားပွဲပေါ်သို့ အလျင်အမြန်စုဆောင်းရရှိထားသော အထောက် အထား များကို တင်ပြလိုက်သည်။
" ဒါတွေက ဘာကို ပြညွှန်းနေတာလဲ "
ရဲချုပ်က မေးသည်။
ဒင်နရယ်ကူးပါး က ပြောလာသည်။
" ထရေစီ ဘာတွေစီစဉ်နေတာ ကျွန်တော် ရှင်းပြပါမယ်၊ အမ်မရိုဘဏ်က ရွှေတွေပို့ရင် ဖြတ်လုဖို့ စီစဉ် နေတာ "
သူတို့ အားလုံး ကူးပါးကို စိုက်ကြည့်လိုက်ကြသည်။ ရဲချုပ်ဝီလျံက မေးသည်။
" ဒီလောက် အံ့သြဖို့ကောင်းတဲ့ကိစ္စကို အဲဒီအမျိုးသမီးဘယ်လိုလုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုတာ ခင်ဗျား သိမယ် ထင်တယ် "
" ဟုတ်ကဲ့ "
တကယ်တော့ ထရေစီနှင့်ပတ်သက်၍ သူတို့မသိတာကို ကူးပါး သိနေပါသည်။
" လုံခြုံရေးကုမ္ပဏီက သံချပ်ကာ ထရပ်ကား အတုလုပ်ပြီး သံချပ်ကာကား အစစ်မလာခင် ကြိုပြီး ဘဏ်ကို ၀င်လာမယ်၊ ပုံမှားရိုက်ပြီး ရွှေတွေ သယ်သွားမယ် "
ကူးပါး က သူ့အမြင်ကို ပြောပြသည်။
" ခင်ဗျားအထင် က စိတ်ကူးယဉ် နည်းနည်းဆန်မနေဘူးလား မစ္စတာကူးပါး "
ရဲချုပ်က ပြန်မေးသည်။
ရဲမှူးကြီး ဒူရင်းက ၀င်ပြောသည်။
" သူတို့ဘာလုပ်ဖို့စီစဉ်နေတယ်ဆိုတာတော့ ကျွန်တော် သေသေချာချာ မသိဘူး၊ ဒါပေမယ့် တစ်ခုခု စီစဉ် နေတာတော့ သေချာတယ်ရဲချုပ်၊ သူတို့ပြောတာတွေ အသံဖမ်းထားတဲ့ တိပ်ခွေတွေရှိတယ်၊ ဘဏ်က လုံခြုံရေး အစီအစဉ် တွေကို သူတို့လေ့လာတယ်၊ သံချပ်ကာ ထရပ်ကားဘဏ်ကို ဘယ်အချိန်လာပြီး ရွှေ တွေ သယ်မယ်ဆိုတာ သူတို့သိတယ်၊ ပြီးတော့ ... "
ရဲချုပ်သည် သူ့ရှေ့မှ အစီရင်ခံစာကို လေ့လာဖတ်ရှုပြီးနောက် ပြောလိုက်သည်။
" အလှမွေးတိရစ္ဆာန်တွေလဲ ပါနေပါလား၊ ခိုရယ်၊ ရွှေငါးရယ်၊ စာဝါငှက်ရယ်၊ ဒီ အဓိပ္ပာယ်မရှိတဲ့အကောင် ဗလောင် တွေဟာ ခိုးဖို့ကြံစည်မှုနဲ့ တစ်ခုခု ပတ်သက်မယ်လို့ ခင်ဗျားတို့ ထင်သလား "
" ဟင့်အင်း မထင်ဘူး "
ရဲမှူးကြီး ဒူရင်းက ဖြေသည်။
" ထင်တယ် ... "
ကူးပါးက ဖြေသည်။
ထရေစီသည် ပရင်စင်ဂရတ်လမ်းအတိုင်း လျှောက်သွားပြီး မာဂရီတံတားမှနေ၍ တူးမြောင်း တစ်ဖက်သို့ ကူးသွားသည်။
သူမနောက်မှ အမျိုးသမီးစုံထောက် ဖိန်းဟော်အာက လိုက်လံ ထောက်လှမ်းနေသည်။
ထရေစီက အများသုံး တယ်လီဖုန်း ရုံကလေးထဲသို့ ၀င်ကာ ငါးမိနစ်ကြာမျှ တယ်လီဖုန်းဆက်နေသောအခါ စုံထောက်မ၏ ကြိုးစားအားထုတ်မှုမှာ အချည်းနှီးဖြစ်ရသည်။
ထရေစီ တယ်လီဖုန်းနှင့် ပြောသော စကားကို ကြားရလျှင်လည်း စုံထောက်အဖို့ ဘာမျှ အဓိပ္ပာယ်သိမည် မဟုတ်ပေ။
ထရေစီက လန်ဒန်ရှိ ဂန်သာ ဟာတော့သို့ လှမ်းဆက်သည်။
ဂန်သာက ပြန်ပြောသည်။
" ငါတို့မာဂိုကို စိတ်ချအားကိုးနိုင်ပါတယ်၊ ဒါပေမယ့် အချိန်တော့လိုမယ်၊ အနည်းဆုံးနှစ်ပတ်ထပ်စောင့်ရ မယ်"
ဂန်သာက တစ်ဖက်မှ ထရေစီပြောသည့် စကားကို ခေတ္တနားထောင်ပြီးမှ ပြန်ပြောသည်။
" အင်း ... ငါနားလည်ပြီ၊ အားလုံးအဆင်သင့်ဖြစ်ရင် မင်းနဲ့ ပြန်ဆက်သွယ်မယ်၊ ဂရုစိုက်နော်၊ ဂျက်ကိုလဲ သတိရကြောင်း ပြောလိုက်ပါ "
ထရေစီ တယ်လီဖုန်းရုံထဲမှ ထွက်လာသည်။
အပြင်ဘက်တွင် တယ်လီဖုန်းဆက်ရန် စောင့်နေသော အမျိုးသမီးကို ပြုံးရွှင်စွာပင် ခေါင်းညိတ်ပြခဲ့သည်။
ထို အမျိုးသမီးမှာ စုံထောက် ဖိန်းဟော်အာပင် ဖြစ်သည်။
နောက်တစ်နေ့နံနက် ၁၁ နာရီတွင် စုံထောက်တစ်ယောက်က ရဲမှူးကြီး ဒူရင်းထံတယ်လီဖုန်းဆက်ပြီး အစီရင်ခံသည်။
" ကျွန်တော် အခု ဒေါ်လာတာ ထရပ်ကား အငှားကုမ္ပဏီက ဆက်နေတာပါ ရဲမှူးကြီး၊ ဂျက်စတီင်ေဟာ အခု ကလေးပဲ ဒီကုမ္ပဏီက ထရပ်ကားတစ်စီး လာငှားသွားပါတယ် "
ဘယ်လို ထရပ်ကား အမျိုးအစားလဲ " ဒူရင်းက ပြန်မေးသည်။
" ကုန်တင်ပစ္စည်းသယ် ကားမျိုးပါ "
" အတိုင်းအထွာတွေ မေးလိုက်စမ်း၊ ငါတယ်လီဖုန်း ကိုင်ထားမယ် "
မိနစ်အနည်းငယ်ကြာသောအခါ စုံထောက်က ပြန်ပြောသည်။
" ရပြီဆရာ၊ အဲဒီ ထရပ်ကားက ... "
သူ မပြောရသေးခင်ပင် ရဲမှူးကြီး ဒူရင်းက ဖြတ်ပြောလိုက်သည်။
" ပေနှစ်ဆယ်ရှည်တယ်၊ ခုနစ်ပေကျယ်တယ်၊ ခြောက်ပေမြင့်တယ်၊ ၀င်ရိုးနှစ်ခုပါတယ် "
စုံထောက် အံ့အားသင့်သွားပြီးမှ ပြန်ပြောသည်။
" ဟုတ်ပါတယ်၊ ရဲမှူးကြီး ဘယ်လိုလုပ်သိလဲ "
" ထားလိုက်ပါတော့လေ၊ အဲဒီကားက ဘာအရောင်လဲ ... "
" အပြာရောင် "
ဂျက်စတီဗင်နောက်ကို ဘယ်သူလိုက်နေသလဲ "
" ယာကော့ဗ် "
" ကောင်းတယ်၊ ငါ့ဆီ မပြတ်သတင်းပို့နေ "
ရဲမှူးကြီး တယ်လီဖုန်းကို ချထားလိုက်သည်။
ထို့နောက် ဒင်နရယ်ကူးပါးကို မော့်ကြည့်ပြီးေ ပြာလိုက်သည်။
" ခင်ဗှား မှန်တယ်၊ ကားအရောင်က အပြာရောင် ဖြစ်နေတာက လွဲရင်ပေါ့လေ "
" မော်တော်ကားဆေးသုတ်တဲ့ဆိုင်ကို အဲဒီကား ယူသွားလိမ့်မယ် "
ကူးပါးက ပြောလိုက်သည်။
မော်တော်ကား ဆေးသုတ်ဆိုင်ကို ဒမ်ရက်လမ်းပေါ်ရှိ ကားရုံကြီးတစ်ရုံတွင် ပြုလုပ်ထားသည်။
လူနှစ်ယောက်က လေမှုတ် ဆေးသုတ်ကိရိယာဖြင့် ထရပ်ကားတစ်စီးကို အညိုရောင် ဆေးသုတ်နေ သည်။ ဂျက် က ဘေးမှရပ်ကြည့်နေသည်။
ထိုကားရုံခေါင်မိုးပေါ်တွင် စုံထောက်တစ်ယောက် ရောက်နေသည်။
အလင်းရောင်ရရန် အမိုးတွင် တပ်ထားသော မှန်ပေါက်မှနေ၍ အောက်မှ ကားဆေးသုတ်နေသော မြင်ကွင်း ကို ဓာတ်ပုံများရိုက်ယူသည်။
နောက်တစ်နာရီအကြာတွင် ထိုဓာတ်ပုံများသည် ရဲမှူးကြီး ဒူရင်း၏ စားပွဲပေါ်သို့ ရောက်နေတော့သည်။
ဒူရင်း က ကူးပါးဘက်သို့ ထိုဓာတ်ပုံများကို တွန်းပို့လိုက်ပြိး ပြောလိုက်သည်။
" လုံခြုံရေး ထရပ်ကားအစစ်ရဲ့ အရောင်အတိုင်း ဆေးသုတ်နေတာလေ၊ ခုအချိန်မှာ သူတို့ကို ဖမ်းမယ်ဆိုရင် ဖမ်းလို့ရပြီဆိုတာ ခင်ဗျား သိပါတယ် "
" ဘယ်လို စွပ်စွဲချက်နဲ့ ဖမ်းမှာလဲ၊ အလုပ် လိပ်စာကတ်ပြား အတုတချို့ ပုံနှိပ်တိုက်မှာ ရိုက်တာရယ်၊ ထရပ်ကား ကို ဆေးသုတ်တာရယ်နဲ့ ဖမ်းမှာလား၊ သူတို့ကို တကယ် ထိထိရောက်ရောက် စွဲချက် တင်နိုင်မယ့် နည်းလမ်းက တစ်ခုပဲရှိတယ်၊ ရွှေချောင်းတွေကို ကားပေါ်သယ်တင်နေတုန်း ဖမ်းရမှာပဲ "
ကူးပါး က ပြောလိုက်သည်။
" ဒါဖြင့် ဘာဆက်လုပ်မယ် ထင်သလဲ "
ဒူရင်းက မေးသည်။
ကူးပါးက ဓာတ်ပုံများကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးမှ ပြန်ဖြေသည်။
လ ဒီထရပ်ကားဟာ ရွှေချောင်းတွေရဲ့ အလေးချိန်ကို ခံနိုင်မှာမဟုတ်ဘူး၊ ဒီတော့ အောက်ခံကြမ်းခင်း အောက်မှာ ဒေါက်တွေထည့်ရလိမ့်ဦးမယ် "
*
မူဒါလမ်းနှင့် ခပ်ဝေးဝေးဘက်ရှိ ကားပြင်ရုံတစ်ခုတွင်ဖြစ်သည်။
" ကျွန်တော် ဘာလုပ်ပေးရမလဲ ခင်ဗျာ "
" ဒီထရပ်ကားနဲ့ သံချောင်းတွေ သယ်စရာရှိလို့ပါ၊ သံချောင်းတွေရဲ့ အလေးချိန်ကို ဒီကားရဲ့ အောက်ခံကြမ်း ခင်းက ခံနိုင်မယ်မထင်ဘူး၊ ဒီတော့ အောက်က သံရက်မတွေနဲ့ အားဖြည့်ချင်လို့ပါ၊ ခင်ဗျားတို့ လုပ်ပေးနိုင် မလား"
ဂျက်က သူ့ကိစ္စကို ရှင်းပြသည်။
မော်တော်ကား ၀ပ်ရှော့ဆရာက ထရပ်ကားဆီသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးမှ ပြန်ဖြေသည်။
" ရပါတယ် "
" ဟာ ... အဆင်ပြေလိုက်တာဗျာ "
" သောကြာနေ့မှာ အသင့်ပြီးနေအောင် လုပ်ထားပေးပါ့မယ် "
" ကျွန်တော်က မနက်ဖြန်လိုချင်တာ "
" ဒါတော့ မလွယ်ဘူး "
" ကျသင့်ငွေကို နှစ်ဆပေးမယ် "
" ကြာသပတေးနေ့ရမယ် "
မနက်ဖြန်ရအောင်လုပ်ပေးပါဗျာ၊ သုံးဆပေးမယ်"
ဝပ်ရှော့ဆရာက မေးစေ့ကိုပွတ်ပြီး စဉ်းစားလိုက်သည်။ ထို့နောက်မှ ပြောသည်။
နက်ဖြန် ဘယ်အချိန် လိုချင်တာလဲ
မွန်းတည့်ချိန်လောက်ပေါ့
အိုကေ ... ရမယ်
ဂျက် ၀ပ်ရှော့မှ ထွက်သွားပြီး ချက်ချင်းဆိုသလိုပင် ထောက်တစ်ယောက်ရောက်လာပြီး ၀ပ်ရှော့ဆရာအား မေးမြန်းတော့သည်။
ထိုနေ့နံနက်ပိုင်းတွင်ပင် ထရေစီနောက်သို့လိုက်သော ထောက်လှမ်းရေး အဖွဲ့သားများသည် အော်ဒီရှန်းတူး မြောင်းတွင်သွားလာနေသည့် အပျော်စီးလှေအိမ်ပိုင်ရှင်တစ်ဦးထံ ထရေစီ နာရီဝက်ခန့် သွားစကားပြောနေ သည်ကို စောင့်ကြည့်နေသည်။
ထရေစီ ထွက်သွားသောအခါ စုံထောက်တစ်ယောက်က ထိုအိမ်ပေါ်တက်သွားပြီး ပိုင်ရှင်အား ကတ်ပြားထုတ်ပြကာ မေးတော့သည်။
" ခုန အမျိုးသမီးက ဘာလာလုပ်တာလဲ၊ ဘာလိုချင်လို့လဲ "
" သူနဲ့ သူ့ယောက်ျားက တူးမြောင်းတွေကို လျှောက်ကြည့်ပြီး အပျော်ခရီးထွက်ချင်လို့တဲ့၊ အဲဒါ ကျွန်တော် လှေအိမ်ကြီးကို တစ်ပတ်လာငှားတာ "
" ဘယ်နေ့က စ ငှားတာလဲ "
" သောကြာနေ့က ... ခင်ဗျားနဲ့ ခင်ဗျားမိန်းမကော အဲဒီလိုခရီးထွက်ဖို့ ငှားချင်လို့လား "
သူ့စကားမဆုံးမီမှာပင် စုံထောက်က လှမ်းထွက်သွားသည်။
*
ထရေစီ ခိုသွားမှာထားသောဆိုင်က ထရေစီ၏ ဟိုတယ်ခန်းသို့ ခိုတစ်ကောင်ကို ငှက်လှောင်အိမ်ကလေး ပို့ပေးသည်။
---ကူးပါးသည် ထိုဆိုင်သို့ပြန်သွားပြီး ဆိုင်ကိုမေးသည်။
ထရေစီဝှစ်တနေဆီ ခင်ဗျားပို့လိုက်တာ ဘာခိုမျိုးလဲ
ရိုးရိုးခိုမျိုးပါပဲ
ကိုယ့်အိမ်ကိုယ့်ဌာနကို ပြန်တတ်တဲ့ ခိုမျိုးမဟ်ုတ်တာသေချာရဲ့လား
သေချာပါတယ်၊ အိမ်ပြန်တတ်တဲ့ခိုမျိုး မဟုတ်ပါဘူး ထရေစီဝှစ်တနေဆီပို့ပေးတဲ့ခိုက ကနေ့ညကမျ မွန်ပန်းခြံက သွားဖမ်းလာခဲ့တဲ့ခိုပါ"
အလေးချိန် ပေါင်တစ်ထောင်ကျော်ရှိသော ရွှေများ ခိုကလေးတစ်ကောင်နှင့် ပသို့သယ်နိုင်မည်နည်း။
ဒင်နရယ်ကူးပါး အတွေးချာချာလည်နေသည်။
*
အမ်မရိုဘဏ်မှ ရွှေချောင်းများကို မရွှေ့ပြောင်းမီ ငါးရက်အလိုတွင် ရဲမှူးကြီးဒူရင်း၏ စားပွဲပေါ်၌ ဓာတ်ပုံ များ တောင်ပုံရာပုံရှိနေသည်။
ဓာတ်ပုံတိုင်းသည် ထရေစီအား ထောင်ချောက်ဆင်ဖမ်းနိုင်မည့် ဖြစ်စဉ်တွင် ကွင်းဆက်များ ဖြစ်နေသည်ဟု ကူးပါးထင်သည်။
အမ်စတာဒမ်ရဲများသည် စိတ်ကူးယဉ်သူများမဟုတ်ဘဲ လက်တွေ့လုပ်သူများအဖြစ် ကူးပါး ချီးကျူးမိသည်။
မကြာမီ ကျူးလွန်တော့မည့် ရာဇ၀တ်မှုအတွက် လှမ်းနေသော ခြေလှမ်းတိုင်းကို ဓာတ်ပုံများ စာရွက်စာ တမ်း များဖြင့် မှတ်တမ်းတင်ထားသည်။
တရားဥပဒေစက်ဝန်းမှ ထရေစီအဖို့ လွတ်လမ်းမရှိတော့ဟု ကူးပါး တွေးမိသည်။
*
ဂျက်သည် သူ၏ထရပ်ကားကို ဆေးသုတ်ပြီးသောနေ့တွင်ပင် အော်ဒိဇစ်ကော် ရပ်ကွက်အနီးရှိ သူ ငှား ထား သော ကားဂိုဒေါင်လေးဆီသို့ မောင်းနှင်ယူဆောင်သွားသည်။
ထိုရပ်ကွက်သည် အမ်စတာဒမ်မြို့၏ အရှေ့အကျဆုံးရပ်ကွက်တစ်ခုဖြစ်သည်။
သစ်သား သေတ္တာလွတ်ကြီး ခြောက်လုံးလည်း ဂိုဒေါင်သို့ရောက်နေသည်။
ထိုသေတ္တာများတွင် စက်ပစ္စည်းများဟု စာတန်းရေးထိုးထားသည်။
ရဲမှူးကြီး ဒူရင်း က တိပ်ခွေကို နားထောင်နေစဉ်မှာပင် ထိုသေတ္တာများ၏ ဓာတ်ပုံက သူ့စားပွဲပေါ်သို့ ရောက် လာသည်။
တိပ်ခွေမှ ဂျက်အသ့ပေါ်လာသည်။
" ထရပ်ကားကို ဘဏ်ကနေပြီး တူးမြောင်းက လှေအိမ်ဆီ မောင်းသွားတဲ့အခါကျရင် အမြန်နှုန်း သတ်မှတ် ချက် အတိုင်းပဲ မောင်းနော်၊ အဲဒီခရီးဟာ ဘယ်လောက် ကြာတယ်ဆိုတာ ငါ အတိအကျသိချင်တယ်၊ ရော့ ဒီမှာ အချိန်မှတ်နာရီ"
ထရေစီ ၏ အသံပေါ်လာသည်။
" မောင်ကရော ကျွန်မနဲ့အတူတူ အလိုက်ဘူးလားဟင်"
" မလိုက်တော့ဘူး၊ သွားစရာရှိသေးတယ် "
" မွန်တီကရော ဘယ်လိုလဲ မောင် "
" သူ ကြာသပတေးနေ့ည ရောက်လာလိမ့်မယ် "
တိပ်ခွေကို ရပ်လိုက်ပြီး ရဲမင်းကြီးဒူရင်းက ကူးပါးကို မေးလိုက်သည်။
အဲဒီ မွန်တီဆိုတာ ဘယ်သူလဲဗျ "
" လုံခြုံရေးအစောင့် နောက်တစ်ဦးအဖြစ် အယောင်ဆောင် ပါဝင်မယ့်လူ ဖြစ်မယ်ထင်တယ်၊ သူတို့အတွက် လုံခြုံရေးအစောင့် ယူနီဖောင်းတွေ လိုလိမ့်မယ်"
ကူးပါးက တွက်ဆပြီးဖြေသည်။
*
ဝတ်စုံများ ရောင်းသောဆိုင်သည် ပိုက်တာကိုနီလစ်ဟော့ဖ်လမ်းပေါ်တွင်ရှိသည်။
"ဝတ်စုံတွေဝတ်ပြီးတက်တဲ့ ပါတီပွဲအတွက် ကျွန်တော် ယူနီဖောင်းနှစ်စုံ လိုချင်လို့ပါ၊ ဟိုမှာ တွေ့ရတဲ့ ယူနီ ဖောင်းဝတ်စုံမျိုးပေါ့ "
ဂျက်က အရောင်းစာရေးအား ရှင်းပြသည်။
နောက် တစ်နာရီခန့်အကြာတွင် ရဲမှူးကြီး ဒူရင်းသည် အစောင့် ယူနီဖောင်းဝတ်စုံဓာတ်ပုံကို ကြည့်ရှုလေ့လာ နေပြီဖြစ်သည်။
" ဒါမျိုး ၀တ်စုံနှစ်စုံ သူ ဆိုင်မှာ အော်ဒါ မှာသွားတယ်၊ ကြာသပတေးနေ့မှာ လာယူမယ်လို့ အရောင်းစာရေး ကို ပြောသွားတယ် "
ယူနီဖောင်းဝတ်စုံအနက် အခြားတစ်စုံမျာ ဂျက်စတီဗင် ၀တ်မည့် ယူနီဖောင်းထက်အများကြီး ကြီးနေသည်။
ထိုယူနီဖောင်းအတိုင်းအထွာကို ကြည့်ပြီး ရဲမှူးကြီးက ပြောလိုက်သည်။
" ကျွန်တော်တို့ရဲ့ မိတ်ဆွေ မွန်တီကတော့ အရပ်ခြောက်ပေ သုံးလက်မလောက်ရှိပြီး အလေးချိန်ဆယ့်ငါး စတုံလောက်ရှိမယ်၊ အင်တာပိုကို အဲ့ဒီနာမည် အဲဒီ အချက်အလက်တွေနဲ့ သူတို့ ကွန်ပျူတာမှာ ရှာခိုင်းထား တယ်၊ သူတို့ဆီက အကြောင်းပြန်လိမ့်မယ် "
ဂျက် ငှားထားသော ကားဂိုဒေါင်လေးထဲတွင် ဂျက်သည် ထိုကားခေါင်မိုးပေါ်၌ ရောက်နေပြီး ထရေစီက ယာဉ်မောင်းသမား ထိုင်ခုံတွင် ထိုင်နေသည်။
" မင်း အဆင်သင့် ဖြစ်ပြီလား၊ ဖြစ်ရင် လုပ်ပေတော့ "
ဂျက်က ကားခေါင်မိုးပေါ်က ပြောလိုက်သည်။
ထရေစီသည် ကားဒက်ရှ်ဘုတ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
ကားဘေးနှစ်ဖက်အပေါ်ဘက်မှ တာလပတ်အလိပ်များ အောက်သို့ ပြေကျလာသည်။
ထိုတာလပတ်ကြီးများပေါ်တွင် "ဟိုင်နီကင် ဟော်လန်ဘီယာ "ဟူသော စာတန်းကြီးများ ရေးထိုးထားသည်။
" အိုကေ ... အလုပ်ဖြစ်တယ် "
ဂျက်က ပြောလိုက်သည်။
*
" ဟိုင်နိကင် ဟော်လန်ဘီယာဆိုပါလား "
ရဲမှူးကြီး ဒူရင်းက ဓာတ်ပုံကြည့်ပြီး ပြောလိုက်ကာ သူ့ရုံးခန်းထဲ၌ စုရုံးရောက်နေကြသော စုံထောက်များကို လှမ်းကြည့်လိုက်သည်။
ထရေစီနှင့် ဂျက်တို့၏ လှုပ်ရှားမှု ဓာတ်ပုံများနှင့် မှတ်တမ်းများကို အခန်းနံရံများတွင် ကပ်ထားသည်။
ဒင်နရယ်ကူးပါးက အခန်းနောက်ဘက်တွင် ငြိမ်ပြီး ထိုင်နေသည်။
ကူးပါးအဖို့မူ ဤ အစည်းအဝေးသည် အချိန်ဖြုန်းသော အစည်းအဝေးသာဖြစ်သည်။
ထရေစီနှင့် သူမ၏ချစ်သူ ဂျက်တို့ ပြုလုပ်ကြမည့် လှုပ်ရှားမှုတိုင်းကို သူ ကြိုတင်တွက်သိရှိပြီး ဖြစ်နေသည်။
ရဲမှူးကြီး ဒူရင်းက ပြောသည်။
သဲလွန်စတွေအားလုံးကို ဆက်စပ်လို့ ပုံပေါ်နေပြီ၊ ထရေစီနှင့် ဂျက်တို့ဟာ လုံခြုံရေးထရပ်ကားအစစ် ဘဏ်ကို ဘယ်အချိန်ရောက်မယ်ဆိုတာ သိတယ်၊ ဒီတော့ သူတို့က လုံခြုံရေးထရပ်ကား ပုံတူနဲ့ နာရီဝက် ကြိုရောက်လာပြီး ပုံမှားဝင်ရိုက်မယ်၊ ထရပ်ကားအစစ် ရောက်လာတဲ့အချိန်မှာ သူတို့က ရွှေတွေတင်ပြီး ထွက်ခွာသွားပြီးဖြစ်နေမယ်ပေါ့ "
ဒူရင်းသည် သံချပ်ကာထရပ်ကားအတု ဓာတ်ပုံကို လက်ညိုးထိုးပြပြီး ဆက်ပြောသည်။
" သူတို့ ဘဏ်ကနေပြီး ဒီပုံစံအတိုင်း မောင်းထွက်သွားလိမ့်မယ်၊ ဒါပေမယ့် နှစ်လမ်းသုံးလမ်းကျော်သွားရင် ဟိုမှာမြင်ရတဲ့ ဟိုင်နီကင် ဟော်လန်ဘီယာထရပ်ကားပုံစံကို ပြောင်းသွားလိမ့်မယ် "
အခန်းနောက်ဘက်တွင် ထိုင်နေသော စုံထောက်တစ်ယောက် မတ်တတ်ထပြီးမေးသည်။
" အဲဒီ ရွှေချောင်းတွေကို ကျွန်တော်တို့ နိုင်ငံထဲက ဘယ်လိုလုပ်ပြီး ထုတ်သွားဖို့ သူတို့ စီစဉ် ထားတယ် ဆိုတာ သိပါသလား "
" ပထမဆုံး လှေအိမ်ကြီးနဲ့ ထုတ်သွားမယ်၊ ဟော်လန်နိုင်ငံဟာ တူးမြောင်းတွေ ရှုပ်ယှက်ခတ်လောက်အောင် ပေါများတာ မဟုတ်လား၊ ဒီတော့ ကွေ့ပတ်ပြီး ခြေရာဖျောက်နေဦးမှာပေါ့ "
ဒူရင်းသည် တူးမြောင်းတစ်လျှောက် ထရပ်ကားမောင်းသွားနေသည်ကို ကောင်းကင်မှ ရိုက်ထားသော ဓာတ်ပုံအား လက်ညိုးထိုးပြပြီး ဆက်ပြောသည်။
" ဘဏ်ကနေ လှေအိမ်အထိ ထရပ်ကားမောင်းသွားရင် ဘယ်လောက် အချိန်ကြာမယ်ဆိုတာ သူတို့ စံချိန် ယူထားတယ်လေ၊ လှေပေါ်ကို ရွှေတွေသယ်ချဖို့လဲ အချိန် အလှံအလောက်ရတယ်၊ တစ်စုံတစ်ယောက်က မသင်္ကာမဖြစ်ခင် လှေကို ထွက်သွားနိုင်မယ် "
ဒူရင်းသည် နံရံပေါ်မှ နောက်ဆုံး ဓာတ်ပုံဆီသို့ လျှောက်သွားသည်။ ကုန်တင်သင်္ဘောကြီး တစ်စင်း၏ ဓာတ်ပုံဖြစ်သည်။
" ရှေ့အပတ်ထဲမှာ " အော်ရက်စတာ " ဆိုတဲ့ ပင်လယ်ကူးကုန်တင်သင်္ဘောတစ်စင်းရော့တာဒမ်မြို့ကနေ ထွက်လိမ့်မယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က ဂျက်စတီဗင်ဟာ အဲဒီ သင်္ဘောမျာ ပစ္စည်းတင်ဖို့ နေရာသွားယူပြီးပြီ၊ သူတင်မယ့် ကုန်ပစ္စည်းကို စက်ပစ္စည်းတွေလို့ စာရင်းပေးထားတယ်၊ ပို့မယ့်နေရာကတော့ ဟောင်ကောင်"
ဒူရင်းသည် အခန်းထဲမှ လူများဘက်သို့ လှည့်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။
" ကဲ ... လူကြီးမင်းတို့၊ အစီအစဉ်မှာ အပြောင်းအလဲကလေး နည်းနည်းလုပ်လိုက်တယ်၊ သူတို့ ရွှေတုံးတွေ ကို ဘဏ်ထဲကနေပြီး ကားပေါ်တင်တဲ့အထိ စောင့်နေမယ် "
ဒူရင်းသည် ကူးပါးဘက်လှည့်ကြည့်ပြီး ပြုံးလိုက်ကာ ပြောသည်။
" သိပ်ပြီး ပါးနပ်တယ်ဆိုတဲ့ အဲဒီနှစ်ယောက်ကို ကျွန်တော်တို့ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ် ဖမ်းမယ် လေ"
*
ထရေစီသည် "အမေရိကန်အိပ်စ်ပရက်စ်" ပစ္စည်းသယ်ပို့ပေးရေးရုံးသို့ သွားကာ အလယ်အလတ်အရွယ် အထုပ်တစ်ခုကိုယူပြီး သူမ၏ ဟိုတယ်ခန်းသို့ ချက်ချင်းပြန်လာသည်။
ဤသည်ကိုလည်း စုံထောက်တစ်ယောက်က နောက်မှလိုက်ပြီး ကြည့်ထားသည်။
" အဲဒီအထုပ်ထဲမှာ ဘာပါတယ်ဆိုတာကိုတော့ ကျွန်တော်တို့လဲ ဘယ်လိုမှ မသိနိုင်တော့ဘူး၊ သူတို့နှစ် ယောက်အပြင်ထွက်သွားတုန်း သူတို့ အခန်းတွေကိုဝင်ရှာသေးတယ်၊ ဘာပစ္စည်းမှ အသစ်အဆန်းထပ်ရှိ မနေဘူး၊ အလျင်ကပစ္စည်းတွေအတိုင်းပဲ "
ဒူရင်းက ကူးပါးအား ပြောလိုက်သည်။
ကိုယ်အလေးချိန် ၁၅၀ စတုံရှိ မွန်တီဆိုသူကို အင်တာပို ကွန်ပျူတာမှ လူဆိုးမှတ်တမ်းများတွင် မည်သို့မျှ ရှာမရဘဲရှိနေသည်။
*
ကြာသပတေးနေ့ ညနေပိုင်းတွင် အမ်ဆယ်ဟိုတယ်၌ ထရေစီတို့၏ အခန်းအပေါ်ထပ်တွင် ကူးပါး၊ ဒူရင်း၊ စုံထောက်ဝျစ်ကမ့်တို့ စောင့်ပြီး နားထောင်နေသည်။
အောက်ထပ်မှ ဂျက်၏အသံမှာ သူတို့ အပေါ်ထပ် အခန်းထဲရှိ စပီကာမှ ပေါ်လာသည်။
" အစောင့်တွေ ရောက်မလာခင် တို့ကားက ဘဏ်ကို နာရီဝက်တိတိ စောပြီး ရောက်သွားရင် ရွှေတုံးတွေ တင်ဖို့နဲ့ ပြန်ထွက်ဖို့ အချိန်ကောင်းကောင်းရမယ်၊ လုံခြုံရေးကားအစစ် ဘဏ်ကို ရောက်လာချိန်မှာ လှေအိမ် ကြီးပေါ်ကို တို့ရွှေတွေတင်တောင်နေပြီဖြစ်မယ် " ထရေစီ၏ အသံပေါ်လာသည်။
" ကျွန်မတို့ ထရပ်ကားစက်တွေကိုလဲ စစ်ဆေးပြီးပြီ၊ ဓာတ်ဆီလဲ အပြည့်ဖြည့်ထားပြီးပြီ၊ အသင့်ပဲ "
အပေါ်ထပ်တွင် စုံထောက်ဝှစ်ကမ့်က ပြောလိုက်သည်။
" အင်း ... သူတို့ လုပ်ပုံကိုင်ပုံတွေကတော့ ချီးကျူးစရာပဲ၊ လစ်ဟင်းကျန်နေခဲ့တာ တစ်ကွက်မှမရှိဘူး"
" ဒါပေမယ့် မကြာခင် သူတို့ တို့ပိုက်ကွန်ထဲ ၀င်တိုးမိတော့မှာပါကွာ"
ကူးပါးက ဘာမှမဖြေဘဲ ငြိမ်နေသည်။
အောက်ထပ်က အသံကိုသာ နားထောင်နေသည်။
ဂျက်အသံ ပေါ်လာပြန်သည်။
" ထရေစီ ... ဒီအလုပ်ပြီးရင် ငါ ပြောထားတဲ့ နေရာသွားအောင်းနေဖို့ မင်း ဘယ်လို သဘောရသလဲ "
" တူနီးရှားကိုလား၊ ကောင်းတာပေါ့မောင်ရယ် ... "
" ဒါဖြင့် ငါ စီစဉ်လိုက်တော့မယ်၊ ဒီအချိန်ကစပြီး တို့ ဘာမှလုပ်စရာမလိုတော့ဘူး၊ သက်တောင့်သက်သာနဲ့ ပျော်ပျော်ရွှင်ရွှင်နေရုံပဲ ရှိတော့တယ် "
သူတို့ စကားရပ်သွားသည်။
အပေါ်ထပ်မှ ရဲမှူးကြီးဒူရင်း ထိုင်ရာမှထလိုက်ပြီး သူ့လူများကို ပြောလိုက်သည်။
" ငါ ပြောရဲပါတယ်၊ သူတို့နှစ်ယောက်ဟာ နောက်အနှစ်နှစ်ဆယ်အဖို့တော့ လုံခြုံစိတ်ချရတဲ့ အုတ်တံတိုင်း လေးဘက်ထဲရောက်နေမှာ သေချာပါတယ်၊ ကဲ တို့လဲ အိပ်စို့၊ နက်ဖြန်အတွက် အားလုံး အကွက်ချ စီစဉ်ပြီး ပြီပဲ၊ အားလုံး ဒီညတော့ ပျော်အောင် အိပ်နိုင်ပါပြီ "
သို့သော် ထိုညက ဒင်နရယ်ကူးပါးအဖို့ အိပ်မပျော်နိုင်ဘဲ ဖြစ်နေသည်။
*
ဆက်ရန်
.

1 comment:
အမှောင်ထဲကလူနဲ့အလင်းထဲကလူတွေအားပြိုင်တာကို ဖတ်နေရတာကိုယ်တိုင်မစ္စတာကူးပါးနေရာကိုရောက်နေ
သလိုပဲ:Pအကွက်တွေကြိုတွေးနေမိလို့...။
Post a Comment