ကျောင်းသားဘဝ
လောကအလယ်တွင် မျက်နှာငယ် တစ်ကောင်ကြွက်အဖြစ်ဖြင့် ငေါက်တက်တက် ကျန်ရစ် ခဲ့ရသော ဤ အချိန် တွင် ကျွန်ုပ်သည် အသက် ၆နှစ်ရွယ်မျှသာ ရှိလေသေးသည်။ ကျွန်ုပ်၏ ဖခင်မှာလည်း ကျွန်ုပ်၏ မိခင် သေဆုံးခါစ၌ ကျွန်ုပ်အား ဂရုစိုက်သယောင် ရှိသေး၏။ သို့သော် မကြာမီပင် သူနှင့် ဖောက်လွဲ ဖောက်ပြန် ဖြစ်နေခဲ့သော ယိမ်းသမကို ထင်ထင် ပေါ်ပေါ် ယူလိုက်တော့ပေရာ ကျွန်ုပ်မှာ ဖခင်ကိုလည်း ခိုကိုးရာမမြင်၊ ဆွေမျိုးညာတိ ကျိကျိ တက်ချမ်းသာသူတို့ ရှိပါလျက်နှင့်လည်း အဆက်အသွယ်ပြတ်ကင်း သားချင်း ပေါက်ဖော် တစ်အူတုံဆင်းလည်း ကင်းမဲ့လေရကား ကျွန်ုပ်မှာ မြန်မာခိုးကိုးရာမဲ့ ကလေးများ၏ ခိုလှုံရာ အရိပ်ဆာယာဖြစ်သော သာသနာ၏ မြထီးရွက်အောက်သို့ ၀င်ရောက်ခိုလှုံရပေတော့သည်။
ကျွန်ုပ်တို့ မြို့ကလေးရှိ ဘုန်းကြီးကျောင်း၌ ကျေးဇူးရှင် အထည်သည်လင်မယားတို့က ထာဝစဉ် ကျောင်းသား အဖြစ်ဖြင့် အပ်နှင်းပေးကြလေသည်။ ကျွန်ုပ်အား လက်ဦး၌ သူတို့က ပင် အပ်နှင်း ပေးကြပေသည်။ ကျွန်ုပ်မှာလည်း ကလေးသူငယ်အရွယ်သာဖြစ်သောကြောင့် ကျေးဇူးရှင် များ ကိုပင် ဆက်လက်မှီခိုလိုသော စိတ်ရှိ၏။ ကျွန်ုပ်၏ ဖခင်ထံသို့ကား မိထွေးကို မသတီသဖြင့် လုံးဝမကပ်လိုခဲ့ပေ။
သို့ရာတွင် ကျေးဇူးရှင် အထည်သည် လင်မယားတို့သည် ကျွန်ုပ်၏ နောင်ရေးကို မြော်မြင်ကြသဖြင့် ဘုန်းကြီးကျောင်း ၌ပင် စာသင်၍ နေစေသည်။ ကျွန်ုပ်အတွက် လိုသမျှသော ကျောက်သင်ပုန်း၊ ကျောက်တံ၊ သင်ပုန်းကြီးစာအုပ်၊ အ၀တ်အစား၊ ဖိနပ်၊ ခမောက်များပါမကျန် အားလုံးပင် ကျေးဇူးရှင်တို့က တာဝန် ယူကြပေ သည်။ ကျေးဇူးရှင်များ၏ အိမ်၌ ကျွန်ုပ် မနေဖြစ်သည့်အကြောင်းတစ်ရပ်ကား သူတို့၌ မွေးဖွားစ သမီးငယ်ကလေး ရှိနေ၏။ ထိုကလေးငယ်အား ကူဖော် အဒေါ်ကြီးက ကျေးဇူးရှင် များ ဈေးထွက်ချိန် တွင် ထိန်းသိမ်းအဒေါ်ကြီးက ကျေးဇူးရှင်များ ဈေးထွက်ချိန်တွင် ထိန်းသိမ်းရပေရာ၊ ကျွန်ုပ် ရှိနေလျှင် ကျွန်ုပ်အား သီးသန့် ဂရုစိုက်နိုင်မည် မဟုတ်။ ကျွန်ုပ် သာလျှင် ဟိုယောင်ယောင် သည် ယောင်ယောင် နှင့် ပညာစာပေမသင်ဘဲ စည်းလွတ် ၀ါးလွတ် ဖြစ်နေမည်ကို စိုးကြသောကြောင့် အထိန်းအကွပ် အညှပ်ရှိရာ ဆရာတော်၏ ကျောင်းသို့ ပို့အပ်ကြခြင်း ဖြစ်၏။
အားလုံး သိကြသည့်အတိုင်း "ဘုန်းကြီးကျောင်းသား အကောင်းစား အင်္ဂလိပ်ကျောင်းသား သူတောင်းစား" စသည် အားဖြင့် မခံချင်စိတ်ကြောင့် ဂုဏ်တုဂုဏ်ပြိုင် သူနိုင်ငါနိုင် ကျောင်းသားဘ၀ အော်ကြ ဟစ်ကြ ရသည့်တိုင် ဘုန်းကြီးကျောင်းများ၌ ဘုန်းကြီး ကျောင်းသား စင်စစ်ဘ၀ဖြင့် နေဖူးသော သူတိုင်းပင်လျှင် ဘုန်းကြီး ကျောင်းသား ဆိုသည်မှာ တကယ်ပင် "ထမင်းသိုးစား ဟင်းသိုးစား" တို့ပင် ဖြစ်ကြပါပေသည်။ ထမင်းသိုး ဟင်းသိုးကို စားချက်ပင် ကျွန်ုပ်သည် ကြီးပြင်းလာခဲ့ရ၏။ အဘယ့်ကြောင့်ဆိုသော် နံနက် စောစော ဆိုလျှင် ၄နာရီခွဲကထ၍ ကပျာကသီ မျက်နှာသစ်ပြီးလျှင် အုန်းမောင်းခေါက်ရ၏။
အုန်းမောင်ခေါက်ပြီးလျှင် ဘုရားဆောင်၌ရှိသော ကြေးစည်းများကို ရိုက်ကာ တစ်ကျောင်း လုံး ၀တ် တက်ကြရပေသည်။ နာရီဝက်ခန့် ဘုရားဝတ်တက်အပြီး၌ ကိုယ်တော်များ သင်္ကန်း ရုံ၍ နေကြစဉ် သပိတ် များကို အသင့်ပြင်ထားရ၏။ ထို့နောက် ကိုယ်တော်များတန်းစီး၍ ပဏ္ဍိပါတ်ဆွမ်းခံထွက်ရာ၌ ကျွန်ုပ်သည် ကြေးစည်ကလေးကို လက်ကကိုင်ကာ တဒူဝေေ၀ ထုရင်း သင်္ကန်းတန်းကြီး ရှေ့မှ ခပ်သုတ်သုတ် ပြေးလျက် နိဗ္ဗာန်ဆော်ရပေသည်။ မပြေးလျှင် မဖြစ်ပေ။ ကိုယ်တော်များမှာ ဆွမ်းလောင်းအိမ်စေ့ရအောင် အချိန်မီ ခြေလှမ်း ကျဲကြီးများဖြင့် သုတ်ခြေတင်ကြရပေရာ ကိုယ်တော်များ၏ ရှေ့မှ ပြေးမှလွှားမှ ကိုယ်တော် တို့နှင့် ရင်ပေါင်တန်းမိရုံရှိ၏။ ကျောင်းသို့ ပြန်ရောက်လျှင် အရုဏ်ဆွမ်းပြင်ဆင်ရ၏။ ကိုယ်တော် များ ဆွမ်းဘုဉ်းပေးပြီးသောအခါ ကျွန်ုပ်တို့ ကျောင်းသားများ မျှတခွဲဝေ၍ စားကြ ရ၏။ ပြီးလျှင် ပန်းကန် ခွက်ယောက်အိုးအင် ဆေးကြောကြပြီးနောက် စာအံကြရပေသည်။
စာအံ၍ ၁၁နာရီထိုးပြီဆိုလျှင် နေ့ဆွမ်းခံသော ကိုယ်တော်များ၏နောက်သို့ တံငါပိုက်သဖွယ် ရက် လုပ်ထားသော ကြိုးအိတ်ကလေးများအထဲ၌ အဖုံးအံကျပါသော သတ္တုခွက်ကလေးများ ကို ထည့်ကာ သင့်ရာ သင့်ရာသို့ လိုက်ကြရ ပြန်ပေသည်။ ၁၁နာရီသာသာ၌ ကျောင်းသို့ ပြန် ရောက်၏။ ရောက်သော အခါ မိမိလိုက်ရသော ကိုယ်တော်၏ သပိတ်ကို ဆွမ်းစားကျောင်းသို့ ပြေး၍ ပို့ရ၏။ ထိုအချိန်တွင် ကိုယ်တော် သည် ကျောင်းရေတွင်း၌ ခြေဆေးမျက်နှာသစ်၍ နေလေသည်။ ဆွမ်းစားကျောင်းသို့ သပိတ်ပို့ ပြီးသောအခါ မိမိလိုက်ရသော ကိုယ်တော်၏ မျက်နှာသုတ်ပ၀ါနှင့် ဖိနပ်ကို ကိုယ်တော်၏ အခန်းမှ ပြေးယူ ၍ ပေးရ၏။ ဤတွင် ကိုယ်တော် သည် မျက်နှာသုတ်၍ ဖိနပ်စီးကာ ဆွမ်းစားကျောင်းသို့ ကြွလေသည်။
ဤအခါတွင် ကျွန်ုပ်တို့ ဘုန်းကြီးကျောင်းသားများမှာ ဆွမ်းစားကျောင်း၌ စု၍ စားပွဲခင်း၊ ဆွမ်းပြင်၊ ဖျာခင်း အလုပ်ရှုပ်ကြပြန်၏။ ကိုယ်တော်များ ဘုဉ်းပေးကြသောအခါ၌ အနီးမှ ရိုသေစွာ ဒူးတုတ်၍ နေကြရ၏။ ကိုယ်တော် များ လိုရာကို ဖြည့်ရ၏။ ကိုယ်တော်တို့ ဆွမ်းဘုဉ်းပေးအပြီး၌ ဆွမ်းပွဲများကို ကြမ်းပြင် အနိမ့်ပိုင်း သို့ ရွှေ့ကာ အချိုပွဲကပ်ရ၏။ ကိုယ်တော်များ အချိုပွဲထိုင်နေကြစဉ် ကျွန်ုပ်တို့မှာ ဆွမ်းကျန် များကို စားကြရ၏။ သို့သော် ... ဆွမ်းကျန်အနက်မှ ကျောင်းသားညစာအတွက် ကြွေဇလုံကြီးများဖြင့် ဖယ်ထား ရ၏။ ဟင်းကို လည်း ညစာအတွက် လုံလောက်အောင် ကြည့်ဖယ်ထားရသေး၏။ ဤသို့ မနက်စာ ညစာ ဝေဖန်ဆုံးဖြတ် ပေးရသည့်တာဝန်မှာ ဆွမ်းစားကျောင်း ကိုယ်တော်၏ လက်ထောက် တပည့် ရင်း ကိုရင်ကြီး ဖြစ်လေသည်။
နေ့စာ ကျွန်ုပ်တို့ စားသောက်ပြီးချိန်နှင့် ကိုယ်တော်များ အချိုပွဲကျချိန်တို့မှာ အလောတော် ဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်တို့၏ ထမင်းပွဲများကို အချိုပွဲများနှင့် ရော၍ သိမ်းဆည်း ဆေးကြောရပေသည်။ မွန်းတည့်ချိန် ၌ အုန်းမောင်းခေါက်ရပြန်၏။ မွန်းတည့်မှ နာရီပြန် တစ်ချက်အထိကား အားလပ်ချိန် ဖြစ်သည်။ ကျွန်ုပ်တို့ ကံချာတစ်တမ်း၊ တွင်းစိမ်းတမ်းကစား နည်းအမျိုးမျိုး ကစားရ၏။ သို့သော် ဆူဆူညံညံ မလုပ်ရ၊ ဤအချိန်ထိ ကိုယ်တော်ကြီးများ ကျိန်းကြသော အချိန် ဖြစ်၏။ တစ်ချက်တီးလျှင် ကြေးမောင်းကို ထန်းစေ့မှုတ် နှင့် ခေါက်၍ နာရီထိုးရ၏။ ထိုအချိန်မှစ၍ ညနေလေးနာရီအထိကား စာအံချိန် ဖြစ်လေသည်။
ကျွန်ုပ်နေရသောကျောင်း၌ ကျောင်းသား ၂၀ခန့် ရှိ၏။ ထို ၂၀ခန့်အနက် ဆယ်ယောက် လောက်မှာ သဒ္ဒါကြီး တက်နေကြ၏။ ကျန်ငါးယောက်မှာ သင်္ဂြိုဟ်တက်နေကြ၏။ ကျွန်ုပ်တို့ အငယ်ဆုံး တစ်သိုက်မှာကား ကိုရင်ကြီးတစ်ပါး၏ ရှေ့မှောက်၌ (ကကြီးရေက ကကြီးရေချ ကာ ကကြီးရေ လုံးကြီးတင်ကိ) စသော စာလုံးပေါင်းတို့ကို အ သံကုန်ဟစ်၍ နေရ၏။ (ကကြီးရေးချ ၀စ္စနှစ်လုံးပေါက် ကား ဟူသော စာကြောင်းအဆုံးကို ရောက်လျှင် ကိုရင်ကြီးက သူ့လက်၌ ကိုင်ထားသော ၀ါးခြမ်းပြားကြီးဖြင့် ကြမ်းပြင်ကို ဘုန်းခနဲ ရိုက်၏။
ထိုဝါးခြမ်းပြားအသံကို နာခံ၍ (ကကြီးရေက)မှ (ကား)အထိ မိုးဦးက ဖားတွေလို သံပြိုင် ညီညီ အောက်ကြရ ပြန်ပေသည်။ ကျောင်း၏ အခြားနေရာများမှာ (အတ္ထောအက္ခရာသညာ တော)နှင့် (သမမာသမ္ဗုဒ္ဓတုလံ သသဒ္ဓမ္မ ဂဏုတ္တမံ) ဟူသော အော်သံတို့သည်လည်း ဆူညံ နေပေသည်။ ကျောင်းအပေါ်ထပ်၌ ဆရာတော် ထံ အဋ္ဌကထာဝီဘင်းစာဝါ လိုက်နေကြ သော ကိုယ်တော်တို့၏ အသံများကား ၀ါးလုံးခေါင်းအ၀တွင် ပိတုန်း ၀ဲ သလို တဒီးဒီး သာကြားရ၏။ စကားလုံးမသဲကွဲ။
ညနေသုံးနာရီခွဲလျှင် ကျောင်းဆင်း၏။ သို့သော် ကျောင်းဆင်းသည်ဟုမခေါ် စာအံဖြုတ် သည်ဟု ခေါ်ပေ သည်။ သုံးနာရီခွဲမှ လေးနာရီခွဲအထိ ကစားချိန်ရ၏။ ၄နာရီခွဲသောအခါ ကိုယ်တော်ကြီးများ ရေချိုးသည်ကို လက်ဆွဲ ဘုံဘိုင်ဖြင့် တကြုတ်ကြုတ် ရေဆွဲပေးရခြင်း၊ ကျောင်းဝင်းကို တံမြက်သိမ်းခြင်း၊ ဘုရားပန်းအိုးများ ပန်းရေလဲလှယ်ခြင်း၊ သောက်ရေအိုး များကို ရေဖြည့်ခြင်း၊ တစ်ခါတစ်ရံ၌ ကိုယ်တော်များ၏ သင်းပိုင်တို့ကို ဒလိမ်းထိုး ပေးရခြင်း စသည်တို့ဖြင့် အလုပ်ရှုပ်ကြပြန်၏။
သင်းပိုင်ဒလိမ်းထိုးသည် ဆိုခြင်းမှာ သင်းပိုင်ကို ရှစ်ချိုးခေါက်၍ လိပ်ပြီးလျှင် ထိုအလိပ်ကို လက်ဆစ်မှ တထောင်ဆစ် အထိ လက်ဖြင့် ဖိကာ လှိမ့်၍ လျှော်ဖွပ်ရခြင်း ဖြစ်ပေသည်။ တစ်ခါတစ်ရံ၌ ကနုတံများကို ကုဋီသံပုံးမှ ယူလာ၍ ဆေးကြောရခြင်း။ ကုဋီရှိ သန့်သက်ရေအိုးကို ရေဖြည့်၍ ဆေးသင့်က ဆေးကြော ရခြင်း၊ ကျောင်းဝင်းရှိ ပန်းပင်များကို မြေဆွ ရေလောင်းပေါင်းသင်ရခြင်း၊ ကြေးဆင်းတုကျောက် ဆင်းတု များကို အခါကြီး ရက်ကြီးနီးပါက တိုက်ချွတ်၍ ရေသပ္ပာယ်ရခြင်း စသည်အားဖြင့် ဘုန်းကြီးကျောင်းသား တို့၏ ညနေပိုင်းအလုပ်များမှာ မနည်းပါပေ။
ငါးနာရီခွဲ ခြောက်နာရီသို့ ရောက်လျှင် ကျောင်းသားများ ညစာ စားကြရပေသည်။ ဤအခါတ တွင်မှ (ထမင်းသိုးစား ဟင်းသိုးစား) ဟူသော ဘုန်းကြီးကျောင်းသား၏ သဘာဝပေါ်ပေါက် လာပေတော့သည်။ နံနက် ညစာအတွက် ဖယ်ထားခဲ့သော ဆွမ်းကျန်များမှာ သပိတ်ထဲသို့ အချို့က ဆွမ်းဟင်းများကိုပါ လောင်းထည့် သဖြင့် ဟင်းစ၊ ဟင်းနများမှ မလွတ်ကင်းနိုင် အောင် ရှိရပေရာ ပူပြင်းသော နွေရာသီ လများ၌ ဟင်းစ၊ ပေကျံသော ဆွမ်းများမှာ ညနေပိုင်း သို့ ရောက်သောအခါ၌ သိုးနံ့ကလေးရှိသော အပိုင်းကို အသာ အယာ ကြက်ယက်သလို ယက်ဖယ်၍ ထမင်းကောင်းကို ရှာ၍ စားကြရ၏။ သို့သော် အသို့လျှင် ထမင်းသိုး နှင့် ကင်းပါ မည်နည်း။ ဟင်းများမှာလည်း ထို့အတူပင် ဖြစ်၏။ တစ်ခါတစ်ရံ၌ ဟင်းရှိသမျှကို စုပေါင်း၍ ဟင်းလေးကြိုရ၏။ ထိုအခါမျိုးတွင် ဟင်းသိုးတစ်ခွက်ပါရှိပါက တစ်အိုးလုံး သိုးစော် ချဉ်ဖန့်ဖန့်နံတတ်၏။ သို့သော် ချေးမများနိုင်။ မှိတ်၍သာ မျိုရပေသည်။
ထမင်းစားပြီး၍ ပြီးသောအခါ၌ တာဝန်တစ်ခု ကျလာပြန်၏။ ထိုတာဝန်မှာ နက်ဖြန် အရုဏ် တက်အတွက် ဆွမ်းဟင်း အိုးကြီး ကို လှူဒါန်းမည့်အိမ်သို့ လူတစ်ဖက်ခန့်ရှိသော သတ္တုအိုး ကြီးကို သွား၍ပို့ရသော တာဝန် ဖြစ်လေသည်။ ထိုဆွမ်းဟင်းမှာ နက်ဖြန် အရုဏ်တက် ပိဏ္ဍပါတ်ဆွမ်းနှင့်စာရန် ဆွမ်းဟင်းဖြစ်လျက် မြို့ထဲ၌ အိမ်ပေါင်း ၃၀ပြည့်အောင် ဆရာတော် ကိုယ်တိုင် လိုက်၍ ဆွမ်းဟင်းဖိတ် ထားသော ဒါယကာများက လှူကြခြင်း ဖြစ်၏။ ယင်းသည် ဆွမ်းဟင်းအိုးကြီး အလှူဒါယကာ စာရင်းကို ဘုန်းကြီးကျောင်း များတွင် လက်ရေးအလှဆုံး ကိုယ်တော်က မင်နီမင်ပြာနှင့် ကနုတ်ပန်းတွေဝိုင်းကာ လှလှပပ ရေးလျက် တိုင်တစ်တိုင် တွင် မှန်ဘောင်သွင်းထားတတ်သည်ကို တွေ့ဖူးကြပေမည်။
ဤဆွမ်းဟင်းအိုးကြီးကို ပို့ရသော တာဝန်ကို ကျောင်းသားတိုင်း လုပ်ချင်ကြ၏။ အဘယ် ကြောင့်ဆိုသော် ဆွမ်းဟင်းအိုးကြီးကို သက်ဆိုင်ရာ ဒါယကာ၏ အိမ်သို့ ပို့ပြီးလျှင် မြို့ထဲ ညဈေးပိုင်း၌လည်းကောင်း၊ ပွဲလမ်း သဘင်ရှိလျှင်လည်းကောင်း၊ အချောင်လည်ပတ်ခွင့်ရ သောကြောင့် ဖြစ်ပေသည်။ သို့သော် ကျောင်းသို့ ကား ၇နာရီခွဲအမီ ပြန်၍ ရောက်ရ၏။ ၇နာရီခွဲလျှင် ဘုရားဝတ်တက်ရပြန်ပေသည်။ ဤည ဘုရားဝတ်တက်ချိန်မှာ တစ်နာရီခွဲခန့် ကြာ၏။ ၉နာရီထိုးမှ ပြီး၏။ မေတ္တာပို့ အမျှဝေ၍ အဆုံးတွင်မှ လူစု ကွဲပေသည်။ ဤတွင် သက်ဆိုင်ကိုယ်တော်တို့အား အနင်းအနှိပ် တတောင့်ကြိတ်စသော အလုပ်ကလေး တွေ ပေါ်သေး၏။ အချို့ကိုယ်တော်များကား လရောင်ကလေးအလာတွင် လရောင် ည၀ါဟုခေါ် သော နေ့ခင်းက အလွတ်ကျက်ထားသမျှကို အာဂုံရွတ်ကြလေသေးသည်။ ၁၁နာရီခန့်ရှိမှ အသံအားလုံး၊ ငြိမ်၍ နောက် တစ်နေ့ ၄နာရီခွဲ၌ ထကာ အုန်းမောင်းခေါက်ကြရပြန်သည်။
ဘုန်းကြီးကျောင်းသားဘ၀ကို ဤကဲ့သို့ အသေးသစိတ်ရေးသားမိခြင်းမှာ ယခုခေတ်၌ ဘုန်းကြီး ကျောင်းသား ဘ၀ကို ကိုယ်ထိ လက်ရောက် သိသူနည်းပါးအံ့ ထင်သောကြောင့် ဖြစ်၏။ ကျွန်ုပ်၏ အဖြစ်စဉ် ကို အတိအကျ နားလည်နိုင်ရန်မှာ ဘုန်းကြီးကျောင်းသားဘ၀ကို အကြောင်းစုံသိထားပါမှ ပိုမို၍ သဘော ပေါက်နိုင်ပေလိမ့်မည်လည်း ဖြစ်၏။ ထို့ကြောင့်ပင် အသေးစိတ် ရေးသားရပေသည်။ ထို့အပြင် ကျွန်ုပ်မှာ လူမှန်းသိတတ်ခါစအရွယ်မှစ၍ ၁၆နှစ်သားအရွယ်အထိ ဘုန်းကြီးကျောင်း၌ ထမင်းသိုး ဟင်းသိုး ကို စားရင်း ကြီးပြင်းခဲ့ရပေ ရာ ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်သည်လည်း ကျွန်ုပ်၏ စိတ်ကို စိုးမိုးပြုပြင်ခဲ့လေသေး သည်။ သို့ပြုပြင်ခဲ့သဖြင့်လည်း ကျွန်ုပ်၏ အဖြစ်စဉ်မှာ သာမန်လူတစ်ဦး၏ အဖြစ်စဉ်နှင့် မတူဘဲ တစ်မျိုးတစ်ဖုံ ထူးခြားခဲ့ရ၏။ ထိုအကြောင်းကြောင့်လည်း ဘုန်းကြီးကျောင်းပတ်ဝန်း ကျင် သဘောအခြေအနေကို ရေးရ၏။
အထက်၌ ဖော်ပြခဲ့သော သာမန်ဘုန်းကြီးကျောင်းသားတစ်ယောက်၏ ဘ၀ကို သုံးသပ် ဆင်ခြင်လိုက်ပါက (၁)သူတ်စပါး ပေးလှူသမျှကိုမှီကာ အသက်ဓာတ်မီးကလေး မပျက် အောင် မွေးရခြင်း၊ (၂)ဆွေမတော် မျိုးမတော် သူစိမ်းတို့၏ အလယ်၌သာ မျက်နှာရိပ် မျက်နှာကဲကို ကြည့်ကာ အလိုက်တသိနေတတ်အောင် နေရခြင်း၊ (၃)သူစိတ်းအလယ်၌ နေရသဖြင့် သွေးသားမတော်စပ်သောကြောင့် သံယောဇဉ်ကင်းမဲ့ခြင်း၊ (၅) ဘာသာတရား ကို သက်ဝင်ယုံကြည်ကာ ကိုင်းရှိုင်း သူတို့၏အဖို့၌ နိဗ္ဗာန်တံခါးကြီး ဟင်းလင်းပွင့်သကဲ့သို့ ဖြစ်နိုင် သော်လည်း အချို့သူတို့၏ အဖို့၌မူကား ဘာသာတရားနှင့် အလွန်နီးကပ်စွာ နေရ သောကြောင့် ဘာသာ တရားကို ဟုန်၍ သွားခြင်း စသော အချက်များကို တွေးမိကြမည် ထင်၏။ အခြားသူများ၏ အဖို့ ကိုကား ကျွန်ုပ်မသိ။ ကျွန်ုပ်အဖို့ သက်သက်၌မူကား အထက်ပါ အချက်ကြီးငါးချက်တို့သည် ကျွန်ုပ်၏ စိတ် ကို စိုးမိုး ဖန်းတီးခဲ့ကြပေသည်ဟု ပွင့်လင်းစွာ ၀န်ခံရစ်ခဲ့ရပေမည်။
သာသနာ၏ ထီးရိပ်ကို ခိုသူတိုင်း စိတ်နှလုံးအေးငြိမ်းချမ်းသာမှု စိတ္တသုခကို ရကြစမြဲ ဖြစ်၏။ ကျွန်ုပ်မူကား ဘုန်းကြီး ကျောင်းသား ဘ၀ဖြင့် ဘာသာတရားနှင့် ပို၍သာ ဝေးကွာခဲ့ရသည်ဟု ဆိုရပေတော့မည်။ အပြစ် ကား ဘာသာတရား၏ အပြစ်မဟုတ်၊ အခြားသူများနှင့်မတူ တစ်မူထူးခြားသော ကျွန်ုပ်၏ ဇာတိပဋိသန္ဓေ ထူးဆန်းမှု ၏ အပြစ်သာလျှင် ဖြစ်ကြောင်းကို ရိုးသားစွာ ၀န်ခံပါသည်။
ဘုန်းကြီးကျောင်းသားဘ၀ဖြင့် သူစိမ်းတို့အလယ်၌ နေခဲ့ရသည်တွင် ကျွန်ုပ်မှာ ထမင်းသိုး ဟင်းသိုးကို မရှောင်သာ ၍ စားရတိုင်း ကျွန်ုပ်၏ အတိတ်ကာလကို ပြန်၍ မြင်မိ၏။ မုန့်ပျားသလက် ဆားဖြူးကို စားရသည့် အတိတ်ကို မြင်၏။ ထမင်း၀၀ စားရခါနီးမှ ရေတိမ် နစ်ရရှာသော မိခင်၏အဖြစ်ကိုလည်း ရင်ထုမနာ မြင်မိ၏။ ကျွန်ုပ်၏ မိခင်အပေါ်၌ စိမ်းကား ရက်စက်လှစွာသော အဘိုးဦးနကီနှင့် ဦးလေးဦးဒေါန တို့၏ အညှာတာကင်းမဲ့ပုံကိုလည်း ထင်းထင်းင်္ကြီး မြင်မိ၏။ သို့ဖြစ်လေရာ မိမိ၌ ဆင်းရဲမွဲတေ ဖြစ်သလိုနေရ စားရ လေလေ "ငါ့သားကြီးပြင်းရင် မင့်ဘိုးဘိုးဆီကို သွားပြီး ရွှေမန်းကျည်းတောင့်တွေကိုတောင်းနော် ..." ဟု လေသံ ယဲ့ယဲ့ကလေးဖြင့် နောက်ဆုံးစကား မှာကြားသွားသော မိခင်၏ အမှာကိုလည်း ကြားယောင် လေလေ ဖြစ်လာ၏။
လူစိမ်းတို့၏ အလယ်၌ နေထိုင်ရခြင်းအားဖြင့် ကျွန်ုပ်မှာ ကျောင်းသားတို့၏ ဘ၀ ကြီးနိုင် ငယ်ညှဉ်းဆဲလုပ်သမျှကို မနိုင်၍ ကြိတ်မှိတ်အောင့်အည်းကာ သည်းခံရခြင်းမျိုးဖြင့် သည်းခံ တတ်လာ၏။ စော်ကားမှု ကို အရေထူ၍ လာ၏။ ကျောင်းသားကြီးများက ကျွန်ုပ်အား အနိုင် ကျင့်ကာ ဖခင်၏ သွေးပါ သောကြောင့် "ဖက်ခွက်စား" စသည်အားဖြင့် မတရား ဆိုရက်ကြ သည်ကို လက်ဦး၌ကား မခံမရပ် နိုင်ဖြစ်လျက် ဆဲသည့်အခါ ကလော်၍ပင် ဆဲမိပေသည်။ ဆဲလျှင် ကျောင်းသားကြီးများက ထိပ်ကို ခေါက်၏။ ပါးကို လိမ်ဆွဲ၏။ ကိုရင်ကြီးကြားလျှင် လည်း ၀ါးခြမ်းပြားကြီးနှင့် ဆော်ပလော် တီးလေ သေးသည်။
ထို့ကြောင့် တဖြည်းဖြည်းနှင့် ကျွန်ုပ်သည် စော်ကားမှုကို ကြိတ်၍ အံခဲကာ ခံတတ်လာ၏။ မျိုသိပ် လျှို့ဝှက်သော အတတ်ကို တက်လာခဲ့၏။ ရင်ထဲ၌ "အေးပေါ့ကွာ ... မင်းတို့နိုင်တုန်းတော့ မိုးကောင်းလိုက် ကြအုံးပေါ့၊ ငါနိုင်တဲ့အကွက်ကို နင်းမိရင်တော့ဖြင့် ခါးစည်းပြီးတော့သာ ခံကြပေတော့ကွာ" ဟု ရွက်အုပ်သီး အုံပုန်းကြိတ်၍ အမုန်းကြီးမုန်းသည့်အတိုင်း မျက်နှာတွင်ကား စိတ်ဆိုးသော အူမရာစိုးစဉ်မျှ မပေါ်စေဘဲ ရယ်ကျဲကျဲနှင့် သွားကိုဖြီးရင်း "အစ်ကို ကလည်းဗျာ ... ညီလေးကို ချစ်ရင် ဒီလိုမခေါ်ပါနဲ့ဗျာ" ဟု လေချို သွေးကာ ပြောတတ်လာ၏။ လေချိုသွေးဖန် များသောအခါ သံတိုင် သံခဲမဟုတ်က ဘယ်သူမျှ မခံနိုင် ကြောင်း ကို လက်တွေ့ သိလာ၏။ သူတစ်ပါး၏ အလိုက်ကိုသိခြင်းအားဖြင့် ကိုယ်လိုရာသို့ ရောက်နိုင်ကြောင်း ကို နားလည်လာ ၏။ ထို့ကြောင့်ပင် နှစ်နှစ်ခန့်အတွင်း၌ ကျွန်ုပ်မှာ စော်ကား မော်ကား သူ ကျောင်းသားကြီးများ ကပင်လျှင် "ငကောင်း ... ငကောင်း" နှင့် ခင်မင်ရင်းနှီးစွာ ခေါ်လျက် ညအချိန်ပွဲ သို့ ကျောင်းမှ ခိုးထွက်ကြလျှင်ပင် ကျောင်းဝင်း အမြင့်ကြီးကို ကျွန်တော့်အား ကျောပိုး၍ ထမ်း ထွက်ကြသည် အထိ ဖြစ်ခဲ့ပေသည်။
သူတို့က ကျွန်ုပ်အပေါ်၌ သံယောဇဉ်ဖြစ်လာကြသော်လည်း ကျွန်ုပမှာကား အတွင်းကြိတ် မာနရှိသူ ဖြစ်ရာ သူတို့၏ အပေါ်၌ သံယောဇဉ်ဟူ၍ လုံးဝ မရှိပေ။ တစ်ခါတစ်ရံ တောကျောင်းများက ကထိန်ခင်း ဖိတ်၍ သွားရာ၌ အခြားကျောင်းသားများပါ၍ သွားလျှင် ကျွန်ုပ်အတွက် မုန့်ပွဲသွားရည်စာကလေးများကို မစားရက်မသောက်ရက် ယူလာတတ်ကြ၏။ ကျွန်ုပ်သွားရသော အခေါက်များတွင်ကား ကျွန်ုပ်မစားနိုင်၍ ကျန် သော မုန့်များကိုသာ သူတို့အား ပေး၏။ ကျွန်ုပ်နှစ်သက်သော လမုန့်၊ အံစာမုန့်တို့ကိုမူ သင်းတို့ အရိပ် မျှပင် မမြင်ရပေ။ ကျက်သရေခန်းရှိ သင်္ကြံအိုးများအောက်၌ ၀ှက်ထားသော ကိုယ့်တစ်ယောက် တည်းကြိတ် ၍ စားခဲ့၏။ ဤကား ကျွန်ုပ်တွင် တစ်ကိုယ်ကောင်းစိတ်ဝင်၍ လာခဲ့သော ဥပမာ ကို သိသာရုံ ဖော်ပြခြင်း ဖြစ်ပေသည်။
သူများထက်လက်မြန်မှ ကိုယ်ကျိုးပြည့်စုံသည်ဟူသော သဘောကိုလည်း ဘုန်းကြီးကျောင်း ၌ပင် ကျွန်ုပ်သဘောပေါက်ခဲ့လေသည်။ ထမင်းဝိုင်းတွင် လက်ဦးသူက ကြက်သားတုံး၊ အကြီးဆုံးကိုရသော သဘာဝကို လူတိုင်းသိပြီးဖြစ်၍ အထူးဖော်ပြဖွယ် မလိုတော့ပေ။ ဤအသိုင်းအ၀န်းမျိုး၌ ကြီးပြင်းလာခဲ့ရသူ ကျွန်ုပ်သည် အခွင့်အလမ်းကို ကြွက်ခုတ်မည့် ကြောင်ကဲ့သို့ ငြိမ်ငြိမ်ကလေး စောင့်တက်လာ၏။ အခွင့်အလမ်းပေါ်အောင် အမြဲသတိထား သော အကျင့် ဖြစ်လာ၏။ အခွင့်အလမ်းမပေါ်လျှင် ပေါ်အောင်လည်း ဥာဏ်နီဥာဏ်နက် ထုတ်တတ်လာခဲ့။
ဘာသာတရားနှင့် ကျွန်ုပ်၏ စိတ် ဝေးကွာသည်ထက် ဝေးကွာသွားခြင်းမှာကား ဘာသာတရား၏ အပြစ်၊ ဘုန်းကြီးကျောင်း၏အပြစ် လုံးဝမဟုတ်၊ ကျွန်ုပ်၏ အဇ္ဈတ္တဇာတိ ပင်ကိုယ်စိတ်၏ ချို့ယွင်းမှုကို ၀န်ခံပါသည်။ လက်ဖက်ကိုကြိုက်သူ အများကြီး ရှိ၏။ သို့သော် လက်ဖက်ကိုမြင်ရုံနှင့် အော့အန်သူ တစ်ဦး တစ်လေ လည်း ရှိ၏။ ထို့နည်းတူ ဘာသာတရားနှင့် နီးစပ်လျှင် စိတ်ထားပိုမို သိမ်မွေ့ နူးညံ့လာကြရသည်သာ များကြ သော်လည်း ကျွန်ုပ်အဖို့၌ကား ဘာသာတရား၏ အဆုံးအမတို့ကို အားလုံး နားလည်ပါလျက် သဘောပေါ က်ပါလျက်နှင့် တစ်ထစ်ချ ယုံကြည်ခြင်း မရှိပါပေ။ ကျွန်ုပ်၏စိတ်ကို နားလည်ရန် မှာ လက်ဖက်ကို မြင်ရုံနျင့် အော့အန်သူ၏ စိတ်ကို နားလည်ရန်ထက် ခဲယဉ်း ပေလိမ့်မယ် ထင်၏။ ကျေးကုလား ၁၆ပြည်ထောင်ကို သတ်ဖြတ်၍ သာသနာပြုသော ပုံဝတ္ထုကို ဖတ်မိသောအခါက ကျွန်ုပ် ၏ စိတ်မှာ ပို၍ဘာသာနှင့် ဝေးခဲ့လေသည်။ ဘာသာ၏ အရိပ်ကိုခို၍ အသက်သွေးခဲ တည်မြဲ နေပါလျက် နှင့်ပင် အာသာနှင့် ကျွန်ုပ်စိတ်မ၀င်ဆန့်ခြင်း မှာ ရှေးဝိပါကဟု ဆိုထိုက်ပါပေတော့သည်။
ရှိစေတော့ ...။
ထိုသို့အားဖြင့် သူတစ်ပါး၏ ဒါန၌ မီခိုကြီးပြင်းရသည်ကို စက်ဆုပ်ခြင်း၊ ပရိယာယ်ဆောင် တတ်ခြင်း၊ သံယောဇဉ်ကင်းမဲ့၍ တစ်ကိုယ်ကောင်းသာ ကြံစည်ခြင်း၊ အခွင့်အလမ်းပေါ်သမျှ ကို ဖမ်းယူတတ်ခြင်း၊ ဘာသာ တခြား စိတ်တခြား ဖြစ်နေခြင်း စသော အခြေခံငါးချက်ဖြင့် တည်ဆောက်၍လာခဲ့သော ကျွန်ုပ်၏ စိတ်ဗိမာန် အဆောက်အဦမှာ မည်သို့မည်ပုံ နေမည် ကို ပြောဖွယ်မလိုတော့။ အကယ်၍သာ ပရိယာယ် ဆောင်တတ်ခြင်းတည်း ဟူသော အရေကိုခြုံမထားပါက ကျွန်ုပ်မှာ ကျောင်းသားကြီးတို့ ၀ိုင်း၍ ခေါက် သဖြင့် ထိပ်ပေါက်ကာ စောစောစီးစီး ဘ၀အဆုံးသတ်ရဖို့သာ ရှိချိမ့်မည်။
ယခုသော်ကား ဟန်ဆောင်ခြင်း ပရိယာယ်အရေကို လုံခြုံအောင် ခြုံတတ်သောကြောင့် အသက်၃၈နှစ် အထိပင် ကြီးပြင်းကာ သူဌေးကြီး ဦးကံကောင်းဟူ၍ ထင်ရှားခြင်း အထွတ်အထိပ်၊ ကြွယ်ဝမှု ခေါင်ဖူး သို့ ရောက်ခဲ့ ရပေသည်။ သို့တိုင်အောင် ကျွန်ုပ်၏ မိခင်ကို လှည့်စားခဲ့သော ကံတရားသည် ကျွန်ုပ်အား တိမ်ညွန့်သို့ မြှောက်ပင့်ပြီးကာမှ မြေပြင်သို့ ချကာ ခြေနှင့်နင်းသလို ဆယ်သိန်းကြွယ်ဝ ဂုဏ်ဒြပ်ကြီး လှသော အခြေကို ပို့ဆောင်ပြီးကာမှ တစ်ဖန်မတန်သေးဘဲ ယခုမူ ကြိုးစင်သို့ တန်းတန်းမတ်မတ် ပို့လိုက်ပြန် ချေပြီ။
ဆက်ရန်
.
4 comments:
အင်း...
ဘာပဲပြောပြော အဲ့ ဒီဖုန်းကြီးကျောင်းသား
ဘဝက အောက်သက် ပိုကျေနေသလိုပါပဲ။
ကျွန်တော်တော့  အဲ့ ဒီယဉ်ကျေးမှုလေးကို
နှစ်သက်တယ်။ အမြဲပဲ ရှိနေစေချင်တယ်။
ခင်တဲ့ ..
အဖြေးလူ
အတိတ်ဝဋ်ကြွေးတွေကို ပေးဆပ်နေရတဲ့ သားအမိနှစ်ယောက်ဘဝက ရင်နာစရာပဲနော်။
ဘုရားရိပ်တရားရိပ် ခိုလှုံခွင့်ရလာတာတောင် မောင်ကံကောင်းက ကံမကောင်းနိုင်လား။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆရာတင့်တယ် ရေးသလို ဒီလူက ပင်ကိုယ်ဓာတ်ခံကိုက ဆိုးတဲ့သန္ဓေ ပါလာတာကိုး။ ဘုန်းကြီးကျောင်းတွေ ကျွန်တော်သွားလှူရင် ကိုယ့်မှာလဲ များများမနိုင်တော့ ဆရာတော်ကြီးပဲ လှူမိတယ်။ ဒန်ပေါက်လေး ၁ထုပ်ကိုတောင် ဆရာတော်ကြီးက အလှူခံ၊ အနုမောဒနာတရား ဟောပြီးရင် ကိုရင်ကျောင်းသားလေးတွေနဲ့ မျှတဘုဉ်းပေးတော့တာပဲ။ ဆရာတော်ကြီး ဘုဉ်းရရင်တောင် အလှူရှင်ဝမ်းမြောက်ရုံ စတိပဲ ဘုဉ်းရလောက်တယ်။ ကိုရင်လေးတွေဆို ကြွပ်ကြွပ်အိတ်တွေဆွဲပြီး ကျောင်းပေါ် လူတက်လာရင် ဒါ ဆရာတော်ကြီးကို ကပ်မယ့် ဘောဇဉ်တွေမှန်းသိတော့ ကလေးပီပီ ပြုံးနေတာပဲ။ ပြီးရင် သူတို့ပါဘုဉ်းရတော့မှာကိုး။
အမကြီးရေ.....
နောက်တစ်ပုဒ် ဆက်ကြဆို့ရဲ့။
Post a Comment