Saturday, September 3, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၅)

ကျော်ညွန့် (ဘူမိ)
သားကိုချစ်တဲ့အမေ

အမေ ... အမေ ... အမေ ... အိုအမေ
" အမေနေ့" နီးလာတိုင်း ဘဘဦးသုခ အမေနေ့ အမှာ စကားမပြောခင် အမေကို တမ်းတခဲ့သည့် ဘဘရဲ့ အသံကို ကြားယောင်နေမိပါသည်။ အဖေရော အမေပါ သားသမီးများအပေါ်မှာ မေတ္တာကြီးမားကြသော် လည်း ကာလလရေကြည် သန္ဓေတည်သည်အချိန်မှစပြီး အမေတိုင်းဟာ (၉)လကျော် ကိုယ်ဝန်လွယ်ထား ကြရပြီး သားသမီးမွေးဖွားသည့်အချိန်မှာလည်း မိမိအသက်နှင့်ရင်းပြီး သားသမီးကို မွေးဖွားခဲ့သူက အမေပါ။ အဖေရဲ့ ကျေးဇူးကလည်း ကြီးမားသည်ပင်။ အမေရဲ့ ၀မ်းကြာတိုက်မှာ သန္ဓေတည်သည့် အချိန်မှ စပြီး အမေ့ရဲ့ ကျန်းမာရေးအတွက် ၀မ်းကြာတိုက်မှ သားလား၊ သမီးလား မသိရသေးခင်ကပင် သန္ဓေသား ကျန်းမာရေးအတွက် ဂရုစိုက်ပြုစုပေးသည်က အဖေပါ။ မြင့်မိုရ်တောင်မက ကျေးဇူးကြီးလှသော အဖေနဲ့ အမေ မိဘနှစ်ပါးအနက် အသက်နဲ့ရင်းပြီး မွေးဖွားရသူက အမေပါ။ ကလလရေကြည် သန္ဓေတည်စမှ မီး ဖွားပြီးချိန် အထိ သုဿန်ကို ခြေတစ်ဘက်လှမ်းထားရသူက အမေပါ။

တစ်ဦးတည်းသောသားဖြစ်လို့လား မသိ။ ကျွန်တော် ပဉ္စမတန်းရောက်သည့် အချိန်အထိ အဖေ အမေတို့ ကုတင်ပေါ်မှာဘဲ အဖေနှင့် အမေကြားမှာ အိပ်ခဲ့ရပါသည်။ ညအိပ်ယာဝင်သည်နှင့် အမေကပေါင်ပုတ်ပေး ရင်း ပုံပြောပြီး သိပ်လေ့ရှိပါသည်။ ကျွန်တော် ပဉ္စမတန်းအောင်ပြီးတော့မှ သီးခြားခွဲအိပ်စေပါသည်။ သီးခြား ခွဲသိပ်သည် ဆိုသော်လည်း ကျွန်တော် ကုတင်ကို အမေတို့ ကုတင်ခြေရင်းမှာ ကန့်လန့်ကပ်ထားပေးပြီး ကျွန်တော့် ကုတင်ပေါ်က လိမ့်မကျအောင်ဆိုပြီး ကုတင်တစ်ဘက်မှာ ကုလားထိုင်များနှင့် ကာထားပေးပါ သည်။ ညအိပ်ယာဝင်သည်နှင့် အမေက ကျွန်တော့် ကုတင်ပေါ် လိုက်လာပြီး ပေါင်ပုတ်ပေးရင်းကနေ သား ချော့သီချင်းဆိုတဲ့အခါဆို၊ ပုံပြောတဲ့အခါပြောနှင့် သိပ်လေ့ ရှိပါသည်။

ကျွန်တော် အိပ်ပျော်တော့မှ အဖေတို့ ကုတင်ဘက်ကို ကူးသွားလေ့ရှိတယ်။
အဖေနဲ့ အမေတို့ရဲ့ စီးပွားရေးက အိမ်မှာစက်ချုပ်သမားများကို အဖေက ကြီးကြပ်ပြီး ဘော်လီအင်္ကျီများ ချုပ် ပြီး အမေက ယခင်ဈေးချိုဟောင်း အိုင်ရုံကေဆိုင်မှာ လက်လီရော လက်ကားပါ ရောင်းပါသည်။ အမေဆိုင် မသွားခင် ကျွန်တော့်ကိုပါ ခေါ်ပြီး အမေနဲ့အတူ ရေချိုးရပါသည်။ အမေကိုယ်တိုင် ဆပ်ပြာတိုက် ချေးတွန်း ပေးပါသည်။ ရေချိုးပြီးတော့ အိမ်က စက်ချုပ် အလုပ်သမားတစ်ဦးဦးကို ကျောင်းလိုက်ပို့ စေပါသည်။ ကျောင်းနှင့် အိမ်နှင့်သုံးပြသာ ဝေးသော်လည်း အမေက တစ်ယောက်တည်း ကျောင်းသွား မှာကို စိတ်မချပါ။ ဆိုင်သွားခါနီးမှာလည်း တစ်ယောက်ယောက် ကျောင်းပြန်ကြိုရန်အတွက် မှာလေ့ ရှိပါသည်။

ညနေ အမေ ဆိုင်က ပြန်လာတိုင်းကျွန်တော့်အတွက် မုန့်တစ်မျိုးမျိုး ပါလာတတ်ပါသည်။ အနည်းဆုံးတော့ အကြော် (၃-၄)ခုလောက် ပါလာတတ်ပါသည်။ အိမ်ပြန်ရောက်သည်နှင့် " သားကို ဘယ်သူ ကျောင်း လာကြိုသလဲ"ဟု မေးလေ့ရှိပါသည်။ " သားဘာသာ ပြန်လာတာပါ" လို့ ပြောမိရင် စက်ချုပ်သမား အားလုံးကို ဆူတော့တာပါ ဘဲပြီးတော့ အဖေ့ကိုပါ " တော်က ၀မ်းနဲ့လွယ် မမွေးရတော့ ကလေးကို ဂရု မစိုက်ဘူး။ ကျောင်းလွှတ်ကာနီး တာနဲ့ တစ်ယောက်ယောက်ကို ကျောင်းကြိုခိုင်းပါတော့လား "နှင့် ရန်တွေ့ ပါတော့သည်။ ဒါကြောင့် အမေ မေးတိုင်း လာကြိုလျှင် ကြိုတဲ့သူအမည်ကို ပြောပြီး လာမကြိုကြလျှင်လည်း စိတ်ထဲရှိတဲ့ အမည်ကိုဘဲ လာ ကြိုကြောင်း အမေ့ကို လိမ်ခဲ့ရပါသည်။ အမှန် ဆိုတော့ ကျွန်တော် ကိုယ်တိုင်ကလည်း ကျောင်းလိုက်ပို့တာ၊ လာကြိုတာကို မကြိုက်၊ ကိုးတန်းဆယ်တန်း ထိ သူငယ်ချင်းတွေကြားထဲမှာ ကျောင်းလိုက်ပို့၊ လာကြိုတယ် ဆိုတာကို ရှက်တာပေါ့။

စနေ၊ တနင်္ဂနွေတွေမှာ အမေဈေးမသွားခင် ကျွန်တော့် ခေါင်းကို ကိုင်ကြည့်တတ်ပြီး ကျွန်တော့် ဆံပင် ရှည်နေလျှင် ကျွန်တော့်ကို လမ်းထိပ်က ဆံပင်ညှပ်ဆိုင်မှာ အမေကိုယ်တိုင် လိုက်လာပြီး ဆံပင်ညှပ်ပေးပါ သည်။ ဆိုင်ရှင်ဦးညွန့်မောင် ကိုယ်တိုင် ညှပ်ပေးမှကြိုက်သည်။ ဦးညွန့်မောင်က တစ်ယောက်ယောက်ကို ညှပ်နေရလို့ အခြားတစ်ယောက်ကို ညှပ်ခိုင်းတယ်ဆိုရင် အမေက မကြိုက်၊ ဦးညွန့်မောင်က တစ်ခေါင်း ခေါင်းညှပ် နေတယ်ဆိုရင်လည်း ဆိုင်သွားရတာ နောက်ကျခံပြီး ဦးညွန့်မောင်ကိုဘဲ ညှပ်စေပါသည်။ တစ်ခါ တော့ဦးညွန့်မောင်က " အမကြီးက အခုအချိန်ထိ သားကို စိတ်မချသေးဘဲကိုး၊ သားကဖြင့် လူပျို တောင် ဖြစ်နေပြီ၊ သူဘာသာ လာပါစေလား " ဟုပြောရာ အမေက " ဘာလူပျိုလဲ၊ ကျုပ်သားက နို့နံ့တောင် ပျောက်သေးဘူး သူတစ်ယောက်ထဲလွှတ်ရမှာ စိတ်မချပါဘူး "ဟု ပြန်ပြောခဲ့ပါသည်။

ကျွန်တော် ဆယ်တန်းအောင်လို့ တက္ကသိုလ်တက်တော့မှ အလုပ်သမားတွေကို ကျောင်းပို့ခိုင်းလို့ မရတော့ သဖြင့် အမေက လက်လျော့သွားပါသည်။ ဒါတောင် ဆံပင်ညှပ်တာကို အမေကိုယ်တိုင် လိုက်ညှပ် ပေးနေလို့ ကျွန် တော်လည်း မင်္ဂလာဈေးနားက ဆိုင်မှာ ကျောင်းအပြန် ၀င်ညှပ်လိုက်ပါတော့သည်။ ပထမတစ်ကြိမ် နှစ်ကြိမ် လောက်တော့ အမေက တွေ့ကရာဆိုင် တွေမှာ ညှပ်လို့ ဓားတွေဘာတွေ ခိုက်မိ နေမယ်ဆိုပြီး ဆူပါသေး သည်။ နောက်တော့လည်း လက်လျော့သွားပါတော့သည်။

ကျွန်တော် မန္တလေး တက္ကသိုလ်မှာ ဘွဲ့ကြို တတိယနှစ်ရောက်တဲ့နှစ်မှာ အမေရဲ့ ကျန်းမာရေးက တစ်နေ့ တခြားဆိုးလာပါသည်။ ကျွန်တော် ဒုတိယနှစ်ဝက် ရောက်တဲ့အချိန်မှာ အမေ့ကို ဆေးရုံတင်လိုက်ရပြီး ဆေးရုံ မှ ပြန်ဆင်းရသော်လည်း ကျန်းမာရေးက အားရစရာမကောင်းသဖြင့် အမေ့ရဲ့ အစ်မကြီးကြီးနဲ့ ညီမလေး တို့ အပျိုကြီးနှစ်ဦးက သူ့ကိုပြုစုမည်ဟု ခေါ်သဖြင့် ကြီးကြီးတို့အိမ်ကို ပြောင်းခဲ့ကြရပါသည်။

အမေ့ကျန်းမာရေး တစ်နေ့ထက် တစ်နေ့ ပို၍သာဆိုးလာသဖြင့် ကျွန်တော်လည်း ကျောင်းမတက်နိုင်တော့ ပါ။ အမေ့ကိုသာ အနီးကပ်ပြုစုနေရပါသည်။ ကျွန်တော် ကျောင်းမတက်နိုင်သဖြင့် သူငယ်ချင်းတွေက သင် သမျှ မှတ်စုများကို ကူးပြီး ကြီးကြီးတို့ လမ်းထဲက ကျွန်တော့် သူငယ်ချင်း ဇော်ဝင်းလှ (ယခု၊ သတ္တုတွင်း ဘူ မိဗေဒအရာရှိ-ငြိမ်း) မှ တဆင့် ပို့ပေးကြသဖြင့် ကျွန်တော် ကျောင်းစာနှင့်မပြတ်ပါ။ အမေက အိပ်ယာထဲက မထနိုင်သော်လည်း ကျွန်တော့်အတွက် စိတ်ကမဖြောင့်၊ ကျောင်းမတက်ရလို့ စာမေးပွဲကျမှာကို စိုးရိမ်ပြီး " အမေ နေကောင်းပါတယ် " ဟု ပြုံးပြီး ဟန်ဆောင်ပြကာ ကျွန်တော့်ကို ကျောင်းတက်ခိုင်းခဲ့ပါတယ်။

ဒါကြောင့် နံနက်ပိုင်းတိုင်း ကျွန်တော် အ၀တ်အစားလဲပြီး " အမေသားကျောင်းသွားတော့မယ် "ဟု နှုတ် ဆက်ရပါတယ်။ အမေ့အခန်းထဲမှ ထွက်ခဲ့ပြီး ဧည့်ခန်းရောက်တော့မှ အ၀တ်အစား ပြန်လဲပြီး စာထိုင်ကျက် ခဲ့ပါသည်။ ကြီးကြီးတို့ လေးလေးတို့က အမေအိပ်သွားပြီဆိုတော့မှ ကျွန်တော့်အမေ့နားကို ကပ်ရပါတော့ သည်။ ကျွန်တော့် ခေါင်းထဲအတွေးတစ်ခု ၀င်လာသဖြင့် အမေအိပ်ပျော်နေတုန်း အမေ့ခြေရင်းက တိုင်ကပ် နာရီကို လေးနာရီသို့ ရွှေ့ထားလိုက်ပါသည်။ ကျွန်တော် ရွှေ့ထားတဲ့နာရီက လေးနာရီခွဲတော့ အမေ နိုးလာ ပါသည်။ အမေ့ကုတင်ဘေးမှာ ကျွန်တော့်ကိုမြင်သွားတော့ " သားကျောင်းမသွားဘူးလား"ဟု မေးပါတော့ သည်။ " သားကျောင်းသွားပါတယ်မေမေ၊ အခုကျောင်းဆင်းလို့ ပြန်လာတာပါ၊ အခုညနေ လေးနာရီ တောင် ခွဲ နေပြီအမေရဲ့"ဟု ပြန်ဖြေလိုက်သော်လည်း အမေက " ဟုတ်ရဲ့လား သားရယ် အလင်းရောင်က ကောင်းကောင်း ရှိသေးတာဘဲ " ဟုပြောသဖြင့် ကြီးကြီးက မီးခလုတ်တွေ ထဖွင့်လိုက်ပြီး မီးထွန်းထားလို့ လင်း နေတာပါ ညီမလေးရယ်၊ ညီမလေး ခြေရင်းက မီးချောင်းကို ကြည့်ပါလား" ဟု ၀င်ပြောပေးပါသည်။

ဒီနေ့တော့ အမေရဲ့ နောက်ဆုံးနေ့ပါ၊ အမေက လုံးဝ သတိမရှိ၊ ကျွန်တော့် ရွှေ့ထားတဲ့အမေ့ရဲ့ခြေရင်းက နာရီက (၁၂)နာရီတောင်ပြနေပါပေါ့လား၊ တကယ့်အချိန်က ညနေ(၅း၀၀)နာရီမှာ ကြီးကြိးရဲ့ "ညီမလေး ညွန့်ညွန့်ရေ" ဆိုတဲ့ အသံနှင့် အဖေ့ရဲ့ " ကိုကိုတို့ သားအဖေကို ထားခဲ့ပြီးလားညွန့်ရယ်" ဆိုတဲ့ အသံတွေ ကြားရ သလို ကျွန်တော်၏ နောက်ကရပ်နေတဲ့ အမေရဲ့ တူမနှစ်ယောက်ရဲ့ တဟီးဟီးရှိုက်သံပါ ထွက်လာ သော်လည်း ကျွန်တော်က အမေ့ကိုသာ စိုက်ကြည့်နေသဖြင့် လေးလေးက ကျွန်တော့်ကိုဖက်ပြီး " သား မေမေ သားတို့ကို ထားခဲ့ပြီးသားရဲ့ "ဟု ပြောပြီး ငိုချလိုက်ပြန်ပါသည်။ ကျွန်တော်လည်း ကြောင်ငေးနေရာ မှ " အမေဖြစ်စေချင် တဲ့ ဘွဲ့ရပညာတတ်ဖြစ်အောင် သားကြိုးစားပါမယ်အမေရယ်၊ သားကတိပေးပါတယ်" ဟု ပြောပြီး မျက်ရည်တွေစီးကျလာပါတော့သည်။

အမေ့ကို သင်္ဂြိုလ်ပြီးအိမ်ကို ရောက်သည်နှင့် အဖေက "သားအမေကို သားကတိပေးခဲ့တဲ့အတိုင်း သား ပညာတတ် ဖြစ်အောင် ကြိုးစားရမယ်။ ကျောင်းပြန်တက်တော့ " ဟုပြောလာပါသဖြင့် အဖေကို သား ကြိုးစား ပါမယ်အဖေ၊ ဒါပေမယ့် ရက်လည် အမေ့ကို ကန်တော့ပြီးမှ သားကျောင်းပြန်တက်ပါရစေဟု ပြောခဲ့သော် လည်း ရက်မလည်သေးခင်ကပင် အမေ့ရဲ့ မြေပုံကို နေ့တိုင်းသွားကန်တော့ ဖြစ်ပါသည်။

ရက်လည်ပြီးတော့ ကျွန်တော် ကျောင်း ပြန်တက်ရသော်လည်း ညနေကျောင်းက အပြန်မှာ အိမ်ကို မပြန်သေး ဘဲ အမေရဲ့ မြေပုံသို့သွား၍ ကန်တော့ပြီးမှ အိမ်ပြန်ပါသည်။ တစ်ညနေ ကျောင်းကအပြန် အမေ့မြေပုံမှာ ကန်တော့နေ စဉ်မှာ ခပ်လှမ်းလှမ်းတစ်နေရာမှ အမေ့အသံနှင့် " သား အမေ့ကို လာကန်တော့ တာလား "ဟု မေးသံသဲ့သဲ့ ကိုကြားရပါသည်။ ကျွန်တော်လည်း အမေ့အသံကြားရာကို သွား လိုက်တော့ မည်သူမျှ မတွေ့ရပါ။ တစ် နေရာက " အမေကဒီမှာ သားရဲ့" ဟု အသံကြားရပြန်သည်။ ကျွန်တော် အခြားနေရာသို့ လိုက်သွားပြန်ရာ အခြားတစ်နေရာကနေ " ပြန်ပါတော့သားရယ်၊ သားအိပ်ယာ ၀င်ချိန်မှာ အမေ့ကို ကန်တော့နော်၊ အမေ သားဆီလာပြီး အကန်တော့ခံပါ့မယ်၊ ဒီကိုတော့ မလာပါနဲ့ သားရယ်၊ သားကြားတယ်နော်"ဟု အမေ့အသံကို သဲသဲကွဲကွဲ ကြားရပြန်သည်။

ထိုနေရာမှာပင် ကျွန်တော် ထိုင်ချလိုက်ပြီး " အမေ စိတ်မချရင် သားပြန်ပါ တော့မယ်၊ အမေ့ကို သားကန်တော့ ပါရစေအမေ" ဟုပြောပြီး ကျွန်တော် အမေ့အသံကြားရာဘက်ကို ကန် တော့လိုက်ရာ သာဓု ပါတော် သာဓုပါ၊ အမေ့သားလေး ပညာတတ်ကြီးဖြစ်ပါစေ" ဆိုတဲ့ အမေ့ဆုပေးသံကို သဲသဲကွဲကွဲ ကြားရပြန်ပါသည်။

ဒီနေ့ အိမ်ပြန်နောက်ကျလို့ အိမ်က လူကြီးတွေစိတ်ပူပြီး စောင့်နေကြတာကို တွေ့ရသဖြင့် သုဿာန်မှာ ကျွန်တော် အမေနဲ့ စကားပြောခဲ့ရကြောင်း ပြန်ပြောပြရာ အဖေက " သားအပေါ်မှာ သံယောဇဉ်ကြီးလှပါ လား ညွန့်ရယ်" ဟု ပြောသလို ကြီးကြီးကလည်း " သြော် ... ဒုက္ခ၊ ဒုက္ခ၊ ငါ့ညီမလေး သံယောဇဉ်မပြတ်ရှာ သေးပါလားနော်" ဟု ပြောပါသည်။ လေးလေးကတော့ ကျွန်တော့်ကိုဖက်ပြီး " သားအမေကိုပေးခဲ့သည့် ကတိ အတိုင်း သားစာမေးပွဲအောင်အောင် ကြိုးစားနော်၊ သားဘွဲ့ရပညာတတ်ဖြစ်လာရင် အမေ့ကျေးဇူး ဆပ်တာပဲပေါ့ သားရယ်" ဟု ပြောပါသည်။ အဖေရော၊ ကြီးကြီးရော၊ လေးလေးရောက ကျွန်တော့်ကို နှစ်သိမ့် နေကြသော်လည်း သူတို့ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေနဲ့ပါလား"။
ကျွန်တော် လည်း လူကြီးများ၏ ဆိုဆုံးမမှုကို နာယူပြီး အမေ့ကို ပေးခဲ့တဲ့ ကတိနဲ့ စာကိုဘဲ ကြိုးစားခဲ့သဖြင့် စာမေးပွဲကို ကောင်းမွန်စွာ အောင်မြင်ခဲ့ပါသည်။ ဘွဲ့ရပြီးတော့လည်း တက္ကသိုလ်မှာပင် သရုပ်ပြဆရာပြန် ဖြစ်ရာ ကနေ အငြိမ်းစားယူသည့်အချိန်မှာ ပါမောက္ခရာထူးနှင့် အငြိမ်းစားယူခဲ့ရပါသည်။

စကားညှပ်

အမေနေ့မဂ္ဂဇင်းအတွက် "သားကို ချစ်တဲ့အမေ" ခေါင်းစဉ်နှင့် စာမူရေးနေစဉ်မှာ ကျွန်တော် ဘူမိဗေဒ ပါမောက္ခမှ အငြိမ်းစားယူပြီးနေပါပြီ။ ကျွန်တော့် သားသမီး(၃)ယောက်အနက် အကြီးဆုံးသားက သူ့အိမ် ထောင် နှင့် သား တစ်ယောက်နဲ့ပေါ့။ ကျွန်တော်တို့နှင့် အတူတူနေပါသည်။ အလတ်ကလည်း သားပါ။ သူက တော့ လူပျိုပါ။ အငယ်ဆုံးသမီးကလည်း သူ့အိမ်ထောင်နှင့်သူ၊ ယောင်နောက်ဆံထုံးပါဆိုသည့် အတိုင်း သူ့ ခင်ပွန်းနှင့် လိုက်သွားရပါသည်။ ကလေးမီးဖွားစဉ်ကတော့ နှစ်လလောက် အိမ်မှာ လာနေ ပါသည်။ နောက် တော့လည်း ပြန်သွားရတာပေါ့။

နောက်တစ်လနီးပါးလောက်နေတော့ ညစဉ် ညတိုင်း သမီးတို့ မိသားစုသုံး ယောက် ညစဉ်လာပါသည်။ ကျွန်တော် " သားကို ချစ်တဲ့အမေ " နိဂုံးချုပ်ခါနီးမှာ ကျွန်တော့် အိမ်ရှင်မက ထီးတစ်လက်နှင့် အိမ်ရှေ့တ့ခါးထွက်တာကို တွေ့လိုက်ရသဖြင့် " အမေကြီးဘယ်လဲ" ဟုမေးလိုက်ရာ " သမီးတို့မလာတာ နှစ်ရက်ရှိသွားပြီ၊  နေများမကောင်းသလားလို့ သွားကြည့်မလို့"ဟု ပြန်ဖြေပါသည်။ ကျွန် တော်က " စိတ်ပူ တတ်ရန်ကော အမေကြီးရယ်၊ သူတို့မအားလို့နေမှာပေါ့" ဟု ပြောလိုက်ရာ အိမ်ရှင်မက " တော်ကတော့ အေးအေးနေ၊ ကျုပ်ကတော့ ကိုးလလွယ်ပြီး မေးခဲ့ရတဲ့အမေပါတော့" ဟု ပြောပြောဆိုဆို သံတံခါးကို ပြန်ပိတ်ပြီး ထွက်သွားပါတော့သည်။
"အင်းလေ ... ဟုတ်ပေတာပေါ့။ သူလဲ အမေပေဘဲကိုး"

ကျော်ညွန့်
(ဘူမိဗေဒ)
.

No comments: