မှတ်မိသေး၏။ မိုးတွေရွာသောနေ့တစ်နေ့၏ ညနေပိုင်းဖြစ်လေသည်။ ညစာထမင်းစားရန် အချိန်သို့ ရောက် လာသော အခါ ကျွန်ုပသည် မိုးရေထဲ၌လျှောက်၍ ပြေးလွှားကစာရာက ထမင်းဆာဆာနှင့် အိမ်ထဲ သို့ဝင်ခဲ့၏။ အ၀တ်လဲပြီးနောက် "ထမင်းဆာတယ်မေမေ" ဟု မိခင်အား ပြောလိုက်၏။
မြေမီးဖိုကလေးအနီး၌ မှိုင်တွေချကာ စိတ်ပျက်လက်ပျက်ကြီး ထိုင်၍နေရှာသော မိခင်သည် ကျွန်ုပ်အား မျက်ရည်များ ၀ဲလျက် ကြည့်ရှာပြီးနောက် သံပန်းကန်ပြား၌ နံနက် က ရောင်း၍မကုန်သော မုန့်ကလေး ကို ဆားလေး ဖြူး၍ "သားရယ် မေမေတို့မှာ ဒီညနေဆန်ကုန်တေယ်ကွယ် ဒီမုန့်ကလေးတွေကိုပဲ စားနော်၊ မနက်ဖြန် မနက်တော့ မေမေဆန်ဝယ်ပြီး ထမင်းချက်ကျွေးမယ် ကွယ် . . .ဟုတ်လား" ဟု ပြောရှာ၏။ ကျွန်ုပ်ကား ကလေးရွယ်သာဖြစ်သေးသောကြောင့် ထမင်း ကိုသာ ပူဆာလေသည်။ ဤတွင် မိခင် မှာ မျက်ရည်ဖြိုင်ဖြိုင် မိုးနှင့်အပြိုင်ကျလျက် "နက်ဖြန် ကျတော့မှစားပါကွယ် သားရယ်ခုညတော့ ဒီမုန့်ကလေး ကိုပဲ စားပါကွယ်နော်။ မနက်ဖြန်ကျရင် ငါ့သားဖို့ ထမင်းတွေအများကြီး မေမေချက်ကျွေးပါ့မယ်ကွယ်" ဟု မချိတင်ကဲ ဆိုရှာပေသည်။
ကျွန်ုပ်ကား မိုက်သေးသော ၅နှစ်သားအရွယ်မျှသာ ရှပေသေးသည်။ ထို့ကြောင့် "မုန့်မစားဘူးမေမေ၊ ထမင်း ပေးပါ၊ ထမင်းပေးပါ" ဟုပူဆာမိ၏။ ထိုအခတွင် မိခင်သည် သံပန်းကန်ပြားကို ကျွန်ုပ်၏ ရှေ့သို့ ထိုး ပေးရင်း "စားချင်စား မစားချင်နေ မင့်သဘောပဲ" ဟု ခပ်မာမာဆိုရှာ၏။ ဤမျှကိုယ်ဆင်းရဲ စိတ်ဆင်းရဲ နေရ ရှာသော မိခင်သည် ကျွန်ုပ်အား အသက်ဦး သည်းချာပမာ ချစ်ရှာသော်လည်း အသို့လျှင် စိတ်ရှည်နိုင် ရှာပါ မည်နည်း။
ထိုသို့မိခင်က ခပ်ဆောင့်ဆောင့် ပြောလိုက်သောအခါ မိုက်မဲဆဲအရွယ်ဖြစ်သော ကျွန်ုပ်သည် သံပန်းကန် ပြား ထဲမှ မုန့်တစ်ချပ်ကိုယူ၍ မိုးရေထဲသို့ လွှင့်ပစ်လိုက်ရင်း "မစားဘူး၊ မစားဘူး . . . ထမင်း စားမယ်" ဟု စိတ်ကောက်ခါ ခြေဆောင့်၍ ငိုလိုက်ရာ ကျွန်ုပ်၏မိခင်သည် ဘာမပြော ညာမပြောနှင့် ကျွန်ုပ် အား တုန့်၍ ဆွဲလိုက်ပြီးလျှင် မီးဖိုမှသါးခြမ်းစတံညှပ်ဖြင့် တင်ပါးကို သု့းလေးချက် ခတ်ဆတ်ဆတ်ရိုက်ရင်း ပါးစပ် မှလည်း "ဟင်းအမိုက်အိုး . . . အဖေသွေးပါလို့ မိုက်တာလား . . . ဟင် . . ဒီမုန့်တွေကို ငါတောင် မစားရက်ဖူး အငတ်ခံနေရတာ။ အခုမင်းက လွှင်ပစ်တယ် ဟင် . . .. မုန့်ညက်နဲ့ ထန်းလျက်ရည် ဖျော်ပြီးသား ရှိပေမဲ့ နက်ဖြန်ကျရင် မုန့်တစ်ယှက်ကို ပိုက်ဆံတစ်ပြား လျော့မှာစိုးလို့ မုန့်အသစ်တောင် လုပ်မစား ရက်ဖူး ဒါကိုမင်းက လွှင့်ပစ်တယ်ကဲ ပစ်အုံးပစ်အုံး"ဟု မခံမရပ်နိုင် ဆိုရှာပါသည်။
ကျွန်ုပ်လည်း ထွန့်ထွန့်လူးအောင် အော်ဟစ်၍ ငိုလေတော့သည်။ တင်ပါး၌ အရှိုးရာများလည်း မိုးရေစိမ် ထားသော အသားပုံဖြစ်သဖြင့် ချက်ခြင်းဖောင်းကြွလာသည်ကို မြင်သည့်အခါ၌ မိခင်သည် ကျွန်ုပ်အား ရင်ခွင်၌ တင်းကျပ်စွာပွေ့ဖက်ပြီးလျှင် အပြန်ပြန် အလှန်လှန်နမ်းရှုံ့ရင် မချိမဆန့် အသံကြီးဖြင့် "ကံဆိုးလှချည့် ကလားသားရယ် . . .၊ မေမေ မင့်ကိုမရိုက်စဖူး ရိုက်မိတာမှားပီကွယ်၊ ငါ့သားလေး အရှိုးတွေတောင် ထင်ကုန်ပါမီသားလေး ရယ်၊ မေမေရင်ကွဲရချည်ရဲ့ကွယ်၊ ငါ့သားကို မောင်ကံကောင်းလို့ နာမည် ပေးထားတာနဲ့မှ မလိုက်ပါကလားကွဲ့ . . . . သားရဲ့"ဟု လှိုက်လှိုက်လှဲလှဲ ချုံးပွဲချ၍ ငိုရှာ လေ တော့သည်။ မိခင်၏မျက်ရည်နှင့် ကျွန်ုပ်၏မျက်ရည်တို့သည် ပါးပြင်များအကြား၌ ရောစပ်နေကြ၏။ ထိုစဉ်တွင် အင်ဖက်သက်ကယ် ခေါင်မိုးပေါက်နေသည်က ကျဆင်းလာသော မိုးရေစက်တို့ သည်လည်း ကျွန်ုပ်၏ မျက်ရည်များတွင် ၀င်ရောက်ရောနှောကြလေသေးသည်။
မိုးယိုလွတ်ရာသို့ မိခင်သည် ကျွန်ုပ်ကို ရင်ခွင်၌ပိုက်ရင်းက ဖင်ရွှေ့ဖင်ရွှေ့ကာ ဖယ်နေသည့်ခဏ၌ ကျွန်ုပ် တို့ ၏ အိမ်ပေါက်သို့ လူတက်လာသောခြေသံကို ကြားရ၏။ တက်လာသူမှာ ကျွန်ုပ်တို့၏ အိမ်ခေါင်းရင်း ဘက် ရှိ အိမ်၌ နေထိုင်လျက်ရှိကြသော အထည်သည် လင်မယားအိမ်မှ ကူဖော်လောင်ဖက် အဒေါ်ကြီး တစ်ယောက် ဖြစ်ပေသည်။
စကားစပ်မိ၍ ကျွန်ုပ်၏မိခင် စိတ်ဓာတ်ကြီးရင့်ပုံကို ဖော်ပြရပေသီးမည်။ ကျွန်ုပ်၏ မိခင်သည် စိန်ပုံ ရွှေပုံပေါ် တွင် စံစား၍ ဂုဏ်အင်ကြီးမားစွာ နေထိုင်ရာက အချစ်အတွက် မျက်စေ့ကွယ်သကဲ့သို့ ဖြစ်ကာ ဖခင်၏ နောက်သို့ ကောက်ကောက်ပါအောင် ခိုးရာလိုက်ခဲ့ သည်တွင် ၀တ်နေကျ အိမ်တွင်းဝတ် လက်ဝတ် လက်စား ကလေးများကိုပင် ထားပစ်ခဲ့၏။ ပစ္စည်းများပါ၍လာပါက ကျွန်ုပါ၏ဖခင်အား တစ်နည်းတစ်ဖုံ ကျွန်ုပ်၏အဘိုးက ဥပဒေဘက်ကလိုက်၍ ရန်ရှာမည်စိုးသောကြောင့်ဖြစ်၏။ တစ်ဖန် ကျွန်ုပ်၏မိခင်သည် လက်ဝတ် လက်စားများမှာ မိဘပစ္စည်းများသာဖြစ်လျက် မိမိအပိုင်ပစ္စည်းများ မဟုတ်သော ကြောင့် ခိုးရာလိုက်ခဲ့ သည် ၌ ယူလာခဲ့ရန်မသင့်ဟုလည်းယူဆ၏။ ထို့ကြောင့် ခိုးရာလိုက် ခဲ့စဉ်က ကျွန်ုပ်၏ မိခင် တွင် မုန့်ဖိုးပေးသမျှကို စုဆောင်းထားသော ငွေကလေးအနည်းငယ် မျှနှင့်ကိုယ်ပေါ်တွင် ၀တ်ဆင် ထားသော အ၀တ်လောက်သာ ပါခဲ့သူဖြစ်ပေသည်။
သို့ဖြစ်လေရာ သဘင်သမားလူပေါ့နှင့်ပေါင်းမိ၍ ဆင်းရဲမွဲတေဖွတ်လိုးအေဟု ခေါ်ရလုခမန်း ဘ၀လမ်း ခရီးကြမ်းကြမ်း ကို လျှောက်ခဲ့ရသည်၌ ဆိုခဲ့သည့်အတိုင်း ငတ်တစ်လှည့်ပြတ်တစ်လှည့် အခြေသို့ပင် ရောက်ခဲ့၏။ သို့သော် ကျွန်ုပ်၏မိခင်မှာ အလွန်ကြွယ်ဝသောမျိုးရိုး၊ အလွန်စိတ်ထားခိုင်မာသောမျိုးရိုး၊ အလွန်ဇွဲကြီးသော မျိုးရိုးမှ ဆင်းသက်လာခဲ့သူပီပီ၊ မည်မျှပင်အထိ ဒုက္ခရောက်၍နေရစေကာမူ သူတစ်ပါး ထံမှ ပိုက်ဆံချေးငှားခြင်း၊ လက်ဝါးဖြန့်၍တောင်းခံခြင်းစသော အလုပ်မျိုးကိုမလုပ်ခဲ့ပေ။ စားစရာ မရှိလျှင် ဇွတ်ငုတ်တုတ် ထိုင်၍ အငတ်ခံရှာပေသည်။ သားဦးရင်နှစ်သည်းချာ ကျွန်ုပ်အား ကလေးရွယ် လူမမယ် ပင်ဖြစ်စေကာမူ ထမင်းချက်စရာ ဆန်မရှိသော ဤနေ့၌ မုန့်ပျား သလက် နှစ်ချပ်နှင့် ၀မ်းမီးကို ငြိမ်းစေသည် ကို ထောက်ပါက ကျွန်ုပ်၏မိခင် မည်မျှစိတ်ဓာတ် မြဲမြံလှသည်ကို သိနိုင်ပေလိမ့်မည်။
ထမင်းငတ်၍ သေသောမသာမရှိဟူ၍ စကားပုံထွန်းကာမော်ကွန်း ထိုးလောက်သော ဤနိုင်ငံ၌ ကျွန်ုပ်၏ မိခင်သည် ကျွန်ုပ်မသိဘဲ ကြိတ်၍အငတ်ခံခဲ့သည့် အကြိမ်ပေါင်း မည်မျှ ရှိမည်ကိုကား မပြော တတ်တော့ပေ။ သို့သော် မိခင်၏ စိတ်ဓာတ်မှာအံ့အာသရဲ ကြုံတောင့် ခဲလှသော စိတ်ဓာတ်ဖြစ်သည် ကို မူကား ၀န်ခံရချေမည်။ ဤသို့ဆင်းရဲခြင်းတည်းဟူသော ညွန်ထဲ၌တိုး၍တိုး၍သာ နစ်နေရှာသော မိခင်၏ အဖြစ်ဆိုးကို အိမ်နီးနားချင်းတို့သည် အလွန်တရာ ကြင်နာကြပေသည်။ အထူးသဖြင့် ခေါင်းရင်အိမ်၌ နေကြသော အထည်ကုန် သည် လင်မယားတို့သည် ကျွန်ုပ်တို့ သားအမိအား များစွာပင် စောင့်ရှောက်ကူညီခဲ့ကြ၏။ ထိုအထည်သည် လင်မယားတို့သည် အမြဲသဖြင့်ကျွန်ုပ်တို့၏ မိးဖိုကလေးမှ မီးခိုးလူ မလူ ကို အမြဲအကဲခတ်ကြသည်။
မီးခိုးလူချိန်တန်ပါလျက်နှင့် မီးခိုးတက်သည်ကို မမြင်ပါက ဆီဆန်ငပိစသည်တို့ကိုလာ၍ ပို့တတ်ကြ ပေသည်။ ဤအခါမျိုး၌ ကျွန်ုပ်၏မိခင်သည် သူတစ်ပါး၏ အစောင်အမုကိ ခံယူရသည်ကို ထမင်းအငတ်ခံ၍ နေရသည်ထက်ပင်ပို၍ စိတ်မချမ်းမသာ ရင်ထုမနာကြီးဖြစ်ရှာကာ ယူလာသမျှ အစောင်အမတို့ကို ဇွတ် အတင်း ငြင်းဆန်တတ်ရှာ၏။ အထည်သည်လင်မယားတို့ကား ပစ္စည်းများကို မီးဖိုတွင်၌ အတင်း ထားပစ်ခဲ့ကြ ရသည်ချည်းဖြစ်၏။ ထိုပစ္စည်းများကိုကား ကလေးမငတ်စေရန် ကိုင်တွယ် ချက်ပြုတ် ရသောအခါ၌ မျိုးကြီးရိုးကြီးမှ ဆင်းသက်လာသူပီပီ မိခင်သည် လက်များပင် တုန်တုန်ရီရီဖြစ်လျက် ဒူးနှစ်လုံး ကြား ၌ မျက်ရည်ကျကာဒူးပေါ်တွင် မျက်ရည်သုတ်ရသည်ချည်းဖြစ်ခဲ့၏။
ထို့ကြောင့် အထည်သည်လင်မယားတို့မှာ တစ်ခါတစ်ခါတွင် အလှူကလာပို့သည် ဟုဆို၍ ချက်ပြုတ်ပြီး ထမင်းဟင်း များကို အသင့်လာပို့ကြရ၏။ မိခင်မုန့်ပျားသလက် ရောင်း၍မကုန်သည်ကို ဈေးကွဲ၍ အထည်ဆိုင် မှအပြန်၌တွေ့တိုင်း အားလုံးသိမ်း၍၀ယ်ကာ နောက်တစ်နေ့နံနက်ကျမှ ကျီးစာငှက်စာ ကျွေးပစ်ကြ၏။ ထိုလင်မယား၌ သားသမီး မထွန်းကားသေးမီ အချိန်ဖြစ်သဖြင့် နံနက်တိုင်း အထည်ဆိုင် မထွက်မီ ကလေးတွင်ကျီးကန်း ဆက်ရက် စာကလေးများကိုပင် သားသမီးသဖွယ်ခင်တွယ် ကျွေးမွေးကြသူ တို့ ဖြစ်ပေသည်။
ဤအခါ၌ ကျွန်ုပ်၏ဖခင်မှာကား ဇာတ်ကရာတွင် ယိမ်းသမနှင့် စခန်းသွားလျက် မိုးတွင်းအချိန် ဇာတ် ခေါင်းကွဲ ချိန်၌သာ ရံဖန်ရံခါပေါ်လာတတ်၏။ အိမ်၌ခုနှစ်ရက်ပြည့်အောင် နေသည်မရှိ။ ထိုကြောင့် ကျွန်ုပ် မှာ ဖခင်ဖြစ်သူအား ဖခင်ဟုသဘောမထားမိ။ တစ်ခါတစ်ရံ ဆံမျှသာထင်မိပေသည်။ ကျွန်ုပ်၏ ဖခင် ကလည်း ကျွန်ုပ်အား ဂရုမစိုက်လှပေ။ မိခင်မှအပ ဂရုစိုက်ယုယချစ်ခင်သူတို့မှာ ခေါင်းရင်းအိမ်က အထည်သည် လင်မယားတို့သာ ဖြစ်လေသည်။
သို့ဖြစ်သောကြောင့် အထည်သည် လင်မယားအိမ်မှ ကူဖော်လောင်ဖက် အဒေါ်ကြီး အိမ်ပေါက် သို့ရောက်လာသောအခါတွင် ကျွန်ုပ်သည် မိခင်၏ရင်ခွင်ကြားမှ ခေါင်းထောင်၍ ကြည့်မိ၏။ သူတို့ အိမ်က တစ်ယောက်ယောက်ပေါက်၍လာတိုင်း ကျွန်ုပ်တို့ဆီမှာ ဆီကလေးရွှဲရွှဲစားရသော အဖြစ်ကို ကလေးတို့၏ အမှတ်သညာ ဖြင့် ကျွန်ုပ်မှတ်မိနေပေ သည်။
ကူဖော်လောင်ဖက် အဒေါ်ကြီးသည် မီးဖိုဆီသို့ တစ်ချက်အကဲခတ်လိုက်၏။ သံပန်းကန်ပြား ထဲ၌ မုန့်ပျား သလက် တစ်ချပ်ကိုဆားဖြူးထားသဖြင့် မိုးငွေ့နှင့် အရည်ပြန်ကာ စိုစိစိ ဖြစ် နေသည်ကိုမြင်သော အခါ ရုတ်တရက် ကွက်ခနဲမျက်နှာပျက်ရှာလေသည်။ သို့မျက်နှာပျက်သွာသည်ကို ကျွန်ုပ်၏ မိခင် ရိပ်ခနဲမြင်လိုက်သောအခါ မိခင်၏ဖြူလျော်လျော် မျက်နှာမှာ ဖြန်းကနဲသွေးတက်လာ၍ နီးမြန်းသွားရှာ၏။ ထိုအခိုက်တွင် ဒေါ်ကြီးက-
"ဘယ့်နှယ်လဲ မောင်ကံကောင်း ငိုလှချည့်ကလားလာပါဦး . . ဒေါ်ဒေါ်ကြီးဆီကို . . " ဟုဆိုကာ ကျွန်ုပ်အား လက်ကမ်း၏။ ကျွန်ုပ်၏မိခင်လည်း သူ့လက်ကိုဖြေ၍ ပေးရာက ဆိုးလွန်းလို့ရှင် . . . ဆိုးလွန်း လို့"ဟု စကားပြောပြောရှာ၏။
ထိုအခါ ဘာမျှနားမလည်သော အရွယ်ပီပီ ကျွန်ုပ်က "မေမေကထမင်းမပေးဘူးတဲ့"ဟု ခပ်မဲ့မဲ့ဖြင့် အဒေါ်ကြီး ကိုတိုင်တော သလိုပြောလိုက်ရာ အဒေါ်ကြီးလည် မိခင်အနေမခက်စေရန် တဟားဟား တမင်ရယ် ရာက "မေမေက မပေးရင် ဒေါ်ဒေါ်ကြီးကပေးမှာပေါ့ကွယ် တိပ်ပါ၊ အမယ်လေးငါ့တူကြီး အလှပျက် နေပါသီးမယ် ခေါင်းမှာလည်း မိုးရေတွေစိုလို့ပါလား" ဟု ကျွန်တော့်ကို ချော့ချော့ မော့မော့ ပြောပါသည်။ ထို့နောက် ကျွန်ုပ်၏မိခင်အား နားနားသို့ကပ်၍ တစ်စုံတစ်ခုကို ပြောလိုက်ရာ ကျွန်ုပ်၏ မိခင်လည်း အံ့အားသင့်ဟန်နှင့် "ဟင်ဟုတ်လား . .. ကျွန်မဖြင့် တစ်လလောက် လိုလိမ့်အုံးမယ်ထင်တာ၊ နေပါဦး၊ ကျွန်မ အ၀တ်လဲလိုက်အုံးမယ် . . ." ဟု ဆို၍ အတွင်းခန်းသို့ ကပျာကသီဝင်သွားလေသည်။ ဤကား မိခင်ဓလေ့ဖြစ်၏။
အိမ်ထဲ၌ အဖာတစ်ရာအ၀တ်များကို ၀တ်နေသော်လည်း ခြေရင်းခေါင်းရင်းအိမ်ကို ကူးမည်ဆိုလျှင် သန့်ပြန့်၍ အရောာင်လွင်သေးသော အ၀တ်ကလေးများကို လဲလှယ်တတ်သည်။ ယင်သည်လည်း ငယ်စဉ် ခေတ်ကောင်း ရွှေထီးဆောင်းစဉ်ကပါလာသော ဓလေ့ပင်ဖြစ်ပေသည်။
ထိုနောက် ကျွန်ုပ်တို့သားအမိသည် အဒေါ်ကြီးနှင့်အတူ ခေါင်းရင်အိမ်သို့ ကူးခဲ့ကြ ၏။ ရောက်သောအခါ မိခင်သည် အတွင်းခန်းတစ်ခုသို့ သုတ်သီးသုတ်ပြာ ၀င်သွား၏။ ကျွန်ုပ်ကားအဒေါ်ကြီးနှင့်အတူ မီးဖိုချောင်သို့ပါခဲ့လျက် မရိုက်စဖူး မိခင်၏အရိုက်ခံရသည် အထိ တောင့်တပူဆာမိသော ထမင်းပူပူကို အားရပါးရ စားရပေတော့သည်။ ထို့နောက် ဆယ်ရယ်ခန့်ကား ကျွနုပ်နှင့်မိခင်တို့သည် အိမ်သို့ပင် ပြန်မအိပ် ရတော့ဘဲ အထည်သည် လင်မယား၏အိမ်၌သာ စားကာသောက်ကာ နေကြရ၏။ အကြောင်းမှာမူ ကျွန်ုပ် လောက ၌ ပထမဦးဆုံးအကြိမ် မိခင်၏အရိုက်ကိုခံရသောနေ့က အထည်သည် ယောက်ျားကြီး၏ ဇနီးမှာ သားဦး သမီးဦး မိန်ကလေးတစ်ယောက်ကို ဖွားမြင်သောကြောင့် ကျွန်ုပ်၏မိခင်မှာ မုန့်ပျားသလက်ဆိုင် မထွက်ရဘဲ ဆယ်ရက်ခန့်စောင့်ရှောက်နေကြရသောကြောင့် ဖြစ်ပေသည်။
ကျွန်ုပ်၏မိခင် ကျွန်ုပ်အား မရိုက်စဖူး ရိုက်သောထိုနေ့ကို ကျွန်ုပ်မမေ့။ ကျွန်ုပ်ကြိုးစင် ၌ အသက်သေရသည့်အခါမှ မေ့လေတော့မည်။ အဘယ်ကြောင့်ဆိုသော် မိခင်ကျွန်ုပ်အား ရိုက်မိရှာသော အကြိမ်သည် ပထမအကြိမ်ဖြစ်သည်သာမက နောက်ဆုံးအကြိမ်လည်း ဖြစ်ပေ၏။ မိခင်သည် ကျွန်ုပ်အား ဒုတိယ အကြိမ် ရိုက်မိရန် အချိန်မရရှာတော့ပေ၊ အချိန်မရ ရှာသည့်အကြောင်းမှာကား ကျွန်ုပ်၏မိခင်သည် ကျွန်ုပ် အား ပထမအကြိမ်ရိုက်မိရှာသည့် နောက်တွင် ခြောက်လခန့်သာ သက်ဆိုးရှည် ရှာတော့ သော ကြောင့် ဖြစ်၏။ ယင်းသို့ သက်ဆိုးမရှည်ရှာသော မိခင်၏ယူကျံးမရကျေကွဲဖွယ် အဖြစ်ဆိုးသည် ကျွန်ုပ်၏ ၀ိညာဉ်ကို ပြတ်လုတဲကာဖြစ်အောင် ဓားနှင့်ထစ်လိုက်သော နောက်ဆုံးတတိယအထစ်ကြီးပင် ဖြစ်ပေ တော့သည်။
သေသေချာချာ မှတ်မိသေး၏။ ကျွန်ုပ်တို့နေထိုင်ရာမြို့ကလေးတွင် ဘုရားပွဲတော် လုပ်သောအခါ သမယ တွင်ဖြစ်၏။ ဘုရားပွဲတော်မှာ နှစ်စဉ်ကျင်းပမြဲဖြစ်သော ပွဲတော်ဖြစ်ရာ တောမှ လယ်သမား ချောင်းသမား များ အလွန်ကျသော ပွဲတော်ဖြစ်၍ ဤပွဲတော်၌ ကျွန်ုပ်၏ ဖခင်သဘင်သည်၏ ဇာတ်ကိုရုံသွင်း၏။ ကျွန်ုပ်၏ မိခင်မှာကား. . . ပွဲရုံ၏ဘေးနားက လူရှင်းရာ လက်ပံပင်ကြီး၏အောက်တွင် လေးတိုင်စင်ကလေးထိုးကာ ငါးပေါင်းကြော်၍ ရောင်းရပေသည်။ ငါးပေါင်းကြော် ကြော်နိုင်လောက်သော ငွေအရင်းအနှီးမှာ မျက်နှာမြင်စဉ် က စောင့်ရှောက်ခဲ့သော ကျေးဇူးကြောင့် အထည်သည်လင်မယားတို့က ကျေးဇူဆပ်သည့် သဘောဖြင့် ထုတ်၍ပေးကြသော ငွေရင်းကလေးဖြစ်လေသည်။
မိခင်လည်း မုန့်ပျားသလက်ရောင်းသည်ထက် အမြတ်အစွန်း ပို၍ထွက်သော ငါးပေါင်းကြော်လုပ်ငန်းကို လုပ်ချင်နေသည်မှာ ယခင်အတော်ကြာကပင်ဖြစ်ရာ ငွေရင်းကလေးထုတ်ပေးသော အခါ၌ သိန်းထီကြီး ပေါက်သလောက် ၀မ်းမြောက်ရှာသည်။ ငါးပေါင်းကြော်မှ နေ့စဉ်အမြတ်မှာ မုန့်ပျားသလက် ထက်များသဖြင့် ကျွန်ုပ်တို့သားအမိမှာ ယခင်ကကဲ့သို့ မငတ်ကြတော့ပေ။ အနည်းငယ် ချောင်လည် လာ၏။ မိခင်သည် အထည်သည်လင်မယားတို့ ထုတ်ပေးသော ငွေရင်းကလေးကိုပင် တစ်ဖဲ့ပြီးတစ်ဖဲ့ ဖဲ့ရွှဲ့ကာ ဆပ်နိုင်ခဲ့၏။
ဤသို့အခြေကလေးလူးသာလွန့်သာဖြစ်သော အချိန်၌ဆိုခဲ့သော ဘုရားပွဲတော်ချိန် ဆိုက်ရောက် လာပေရာ မိခင်သည် ဘုရားပွဲတော်ရက်အတွင်း၌ ငါးပေါင်းကြော်တွေ အများ ကြီးကြော်၍ ရောင်း လိုက်မည်။ အမြတ်တွေရလာသောအခါ အထည်သည် လင်မယားထံ ကျန်သမျှငွေရင်းကို ပြန် ဆပ်လိုက် မည်၊ သားအတွက် စွပ်ကျယ်ကလေး ရှပ်ကလေးဝယ်မည်၊ ဘုန်းကြီးတစ်ပါးလည်း ဆွမ်းလုပ်ကျွေးမည် စသည်ဖြင့် မျှော်လင့်ချက်တွေ အများကြီးထား ၍ ကြိုးစားပြင်ဆင်ထားရှာလေသည်။
သို့နှင့်ပွဲတော်ရက်သို့ရောက်လာ၏။ ရောက်လာသောအခါတွင် မိခင်၏ငါးပေါင်း ကြော်ဆိုင်မှာ ဇာတ်ရုံ၏နံဘေးမှောင်ရိပ် ခပ်ကျကျနေရာဖြစ်သောကြောင့် ချက်အရက် ပုလင်းခါးကြားထိုးကြသော သူများသည် မီးလင်းသောဆိုင်များထက် ပို၍သဘောကျကြ သဖြင့် ပွဲဦးမထွက်မီတွင် ဆိုင်မှာ လူကြိတ်ကြိတ်တိုး လျက်ရှိ၏။ အရက်သမားတို့ဘ၀ ပိုက်ဆံကို နှမြောဖို့စိတ်ကူးမျှပင်မထည့်အား၊ သူ တို့ကို ရောင်းချရသဖြင့်လည်း ပွဲတော်ရက် သုံးရက်ခန့်နှင့်ပင် မိခင်သည် အထည်သည် လင်မယား အားပေးဆပ်ရန် ကျန်သေးသော ငွေကလေးများကို အပြီးအပြေပေးဆပ်နိုင်ခဲ့၏။
ပွဲတော်ရက်မှာ လေးရက်ကျန်သေး လေရာငါးပေါင်းကြော်ဆိုင်ရှိ ဘူးသီး၊ ပဲသီး၊ ဒယ်အိုး၊ စားပွဲဝိုင်း၊ ကျူဖျာ၊ လက်ဖက်ရည် ကရား၊ ပန်းကန်၊ သံခုံလှောက်၊ သံယောက်မ။ ကြေးဆန်ခါ၊ ဂေါ်စသည့် ပစ္စည်းများ ကိုယ်ပိုင် ဖြစ်နေလျက် တကယ့်ရက်ကောင်းဖြစ်သော ကျန်ပွဲတော်ရက်လေးရက်တွင် ကိုယ်ပိုင် အမြတ် အစွန်း တွေ ထွက်တော့မည်ကို အတတ်သိနေရသော ကျွန်ုပ်၏မိခင်သည် တွေးလုံး မျှော်လုံးကြီးတွေ အဘယ်မျှ မီးခိုးမဆုံး မိုးမဆုံးဖြစ်နေသည်ကို ငါးပေါင်းကြော်ဒယ်အိုး အောက်မှ ပြန်ဟပ်သည့် ပူပြင်း လှသော မီးရောင်တလျှပ်လျှပ်၌ ခပ်ပြုံးပြုံးမြင်ရသော မိခင်၏ သနားဖွယ် ကြည်ညိုဖွယ် မျက်နှာထားက ဖော်ပြ နေပေတော့သည်။
သို့သော်...။ မိခင် ၍ကဲ့သို့ပြန်၍ ပြုံးတတ်လာသော အခြေမှာကား..... အတော်ပင်မချိစရာ့ အခြေ ပင်ဖြစ်ပေသေးသည်။ တကယ့်ထိပ်သီး မျက်နှာဖုံးသူဋ္ဌေးကြီ၏ သမီးစင်လျက် ချက် အရက်ပုလင်း ထောင်ကာ စကားတဖောင်ဖောင် အရက်နံ့တထောင်းထောင်းနေသည့် အကြားတွင် မီးပူခံညှော်ခံကာ ငါးပေါင်းကြော် ကြော်၍နေရပုံမှာ ယခုအခါ ကျွန်ုပ်ဤစာကို ရေးနေစဉ် ၌ ပင်လျှင် တွေးမိတိုင်း ရင်နာစရာကြီး ဖြစ်ခဲ့၏။
ထို့ထက် ယူကျုံးမရစရာ ကံကြမ္မာဖန်ပုံမှာကား ကျွန်ုပ်၏ဖခင်နှင့် ဖောက်ပြန်လျက်ရှိသော ယိမ်းသမသည် ဤ ပွဲတော်ရက် ၌ ဇာတ်ကိုရုံသွင်းသော အခါတွင် ခေါင်းဆောင်မင်းသမီး ဘ၀ကိုရောက်နေခြင်း ဖြစ်၏။
ကျွန်ုပ်၏မိခင်သည် ဇာတ်ရုံဘေး လက်ပံပင်အောက်ရှိ ငါးပေါင်းကြော်ဆိုင်၌ မင်းသမီး မင်းသား နှစ်ပါး သွားချိန် လူအစဲ၌ ညဦးကရောင်းရသော ပိုက်ဆံကလေးများကို ရေတွက်နေရှာပြီးလျှင် ကုလားစောင် အနွမ်းဖြင့် ခွေ၍ သိပ်ထား သောကျွန်ုပ်အား မီးရောင်ဖြင့်ကြည့်ရင်း "သားရယ် မင်းထမင်း၀၀ စားရပါ့တော့ မယ်ကွယ်... နောက်ဆို မေမေလေ မင့်ကိုမုန့်ပျားသလက် ဆားဖြူးပြီး မကျွေးရတော့ပါဘူးကွယ်"ဟု ပြုံးပြုံးကြီးပြောကာ နှင်းပေါက်များ လက်ပံပင်ထက်မှ တစ်ဖျောက်ဖျောက်လေးတိုင်စဉ် အမိုးပေါ်သို့ကျခိုက်တွင် သားငယ်ကျွန်ုပ်ကို အိပ်ရာမှမနိုးအောင် ခပ်ဖွဖွကလေး နမ်းရှုံ့နေ သည့်ခဏ၌ ဇာတ်ရုံ အတွင်း ဓာတ်မီးတွေ ထိန်ထိန်လင်းနေသော ဇာတ်စင်မှ ကျွန်ုပ်၏ ဖခင် အသံက "ချစ်လိုက်ကြအုံး စို့ နှစ်မရေ"ဟု ဟစ်သည့်အသံနှင့် မင်းသမီးဖြစ်လာသော ယိမ်း သမကလည်း "ချစ်လိုက်ကြအုံး စို့မောင်ရေ"ဟု ပြန်၍ဟစ်သည့် အသံတို့သည် ဇာတ်ရုံအကာ ကျူထရံကိုဖောက်၍ မိခင်၏အနားသို့ ရောက်လာမည့် ပုံမှာ ကံကြမ္မာ၏ ခွကျကျ ဖန်တီးတတ်သည့် သဘောကို ရယ်စရာဟု ဆိုရမလား။ ငိုစရာ ဟု ဆိုရပေမည် လား။
ထားဦးတော့။ ကံကြမ္မသည် ကျွန်ုပ်၏ မိခင်အား ဤမျှရယ်သွယ်သေး၍ သရော်ပြောင် လှောင်ရရုံနှင့် မကျေနပ်သေးပေ။ ကံဆိုးမိုးမှောင်ကျသော ကျွန်ုပ်၏မိခင်မှာ ယခုအခါတွင် ငွေရင်းကလေး ဘာကလေးနှင့် ကိုယ့် ခြေထောက်ဖြင့် ကိုယ်စုံရပ်နိုင်ကာစ ရိုးသေးသည့်မျှကို ပင်ကိုရွှေကံက မနာလိုဝန်တို ဖြစ်ပြန်ချေ တော့ သည်။
ကံတရာသည် လက်ပေး၍ သတ်တတ်သော လက်ဝှေ့သည်နှင့် အတော်ပင်တူ၏။ လက်ဦး ဆုံး၌ ကျွန်ုပ်၏မိခင်သည် ဘုရားပွဲတော်အပြီးတွင် မုန့်ပျားသလက် ရောင်းကျေ နေရာ ကလေး၌ ပြန်၍ ငါးပေါင်းကြော် ကြော်၍ရောင်းရန် စိတ်ကူးထား၏။ စိတ်ကူး၍မှ မဆုံးသေးမီ ဈေးထဲ၌ ရှိသမျှသော မုန့်ဟင်းခါး ဆိုင် အသုတ်ဆိုင်များသို့ ပါးပေါင်းကြော် ပေးသွင်းနေကျ ဖြစ်သော ငါးပေါင်းကြော်သည် လက်ကားကြီး မှာ ပွဲတော်ရက်အတွင်း၌ ရုတ်တရက် လေရောဂါဖြင့် သေဆုံးသွားလေရာ ဇနီးဖြစ်သူ ကလည်း တစ်ရွာသူဖြစ်သောကြောင့် ရပ်ရွာ ကိုပြန်မည်ဖြစ်သဖြင့် ငါးပေါင်းကြော်လက်ကားအလုပ်ကို ဖြုတ်ပစ် ရန် စီစဉ်နေ၏။ ဤတွင် ဘုရားပွဲတော်၌ ထွက်ကြသော ဆိုင်များမှာ လိုသလောက် ငါးပေါင်းကြော်မရသဖြင့် ကျွန်ုပ်၏ မိခင်ထံသို့ ပြုံ၍လာကြလေတော့သည်။ မိခင်က မိမိကံထူးပုံကို ၀မ်းသာ ၍ မဆုံးတော့ပြီ။ ဈေးအတွင်းက မုန့်ဟင်းခါးဆိုင်၊ လက်သုတ်ဆိုင် များကိုသာ လက်ကား အပိုင်စီး ရလျှင် (ငါ့ သားကိုအင်္ဂလိပ်စာ သင်မယ်၊ စစ်ကဲမြို့အုပ် အလုပ်ခိုင်းမယ်)စသည်ဖြင့် မိုးထိုးအောင် အားတက်မိရှာ၏။
ဤသို့ မျှော်လင့်ချက်တွေ ဝေလျှံ၍ နေသည်ကို ကံတရားသည် ဘယ်ချောင်ကြားမှ ချောင်းကြည့်ကာ ပြုံးနေမည်မသိပေ။ ပွဲတော်ရက် အဆူဆုံး အစည်ဆုံးဖြစ်သော လဆန်း- ၄ရက်နေ့၌ ကျွန်ပ်၏မိခင်မှာ လက် တွင် ဓာတ်ခုတ်မိလေတော့သည်။
မိခင်သည် ငါးပေါင်းကြော် ကြော်ရန် ထင်းစည်းများကို လည်း ၀ယ်ပါ၏။ သို့သော် တစ်ပြား သက်သာ သက်သာ၊ စေတော့ဟူသော သဘောဖြင့် လမ်းဘေး၌ ခြောက်သွေ့ကြွေကျနေ သောအုန်းလက်ကြီး တစ်လက် ကို ညနေပိုင်း ဆိုင်ခင်းရန် အလာတွင် ကောက်ခဲ့ပေသည်။ ထုအုန်းလက်ကို အခြားထင်းကောင်း များနှင့်ဖက်၍ မီးဆိုက်လျှင် ပိုက်ဆံပေး၍ ၀ယ်ရသော ထင်းကောင်းများ အကုန်သက်သာမည်ဟူသော သဘောဖြင့် အုန်းလက်ကို ထင်းဖြစ်အောင် ခုတ်ရင်း လက်ကိုခုတ်မိရှာခြင်း ဖြစ်၏။
ဓာတ်ဒဏ်ရာမှာ အတော်ပင် ပြင်းထန်၏။ အရိုးသို့ပင်ထိ၏။ သို့သော် ငါးပေါင်းကြော် အလွန်အမင်း တွင်ကျယ်နေသော အချိန်ကောင်းတွင် ဖြစ်နေသောကြောင့် မိခင်သည် ဒဏ်ရာကိုပင် နားရမှန်းမသိသလောက်ဖြစ်လျက် သွေးဆေးနှင့်သာ သိပ်ပြီးလျှင်း ငါးပေါင်း ကြော်ဒယ်အိုးထဲ၌ ထည့် ကာစ ငါးပေါင်းကြော်တို့မှ အမြှုပ်တဖွားဖွားထ၍ နေသည်ကို အမြှုပ်အဖြစ်ဖြင့် မမြင် ငွေဒင်္ဂါး တွေဟုသာ မြင်လျက် တစ်ဈေးလုံး၏ ငါးပေါင်းကြော် လက်ကားကြီးဖြစ်လျှင်....ဟူသော စိတ်ကူးကိုသာ အတွင်းသား ယဉ်လျက်ရှိပေတော့ သည်။
သဲပုံစေတီကို ဒီရေတိုက်သောအခါ၌ပြိုက်ခနဲ ပြိုရသလို ကျွန်ပ်၏မိခင် စိတ်ကူးယဉ်၍ ဆောက်နေရှာသော လေထဲက တိုက်အိမ်ကလေးမှာလည်း ပြားခနဲ ကျသွားရရှာ၏။ ပွဲတော်ရက်များအတွင်းတွင် ဓားဒဏ်ရာကို တော်ရုံသာဂရုစိုက်လျက် မီးပူခံကာ ညှော်၀၀ကြီး ရှူခဲ့ရသော မိခင်သည် ငတ်တစ်လှည့် ပြတ်တစ်လှည့် ဘ၀ကံကြမ္မာ ချွတ်ယွင်း ခဲ့သည်ကြောင့် တစ်ကြောင်း၊ စိတ်နှလုံး ချုံးချုံးကျ၍ မတ်တတ်နာ ဝေဒနာရှင် သဖွယ် စိတ် အားငယ်၍ သွေးအားပါ ငယ်သောကြောင့် တစ်ကြောင်း၊ ပွဲတော်ကြီးအပြီးသတ်၍ ရှေ့မျှော် လင့်ချက် နှင့် ဇော ကို အတန်ငယ်လျှော့လိုက်သည့်ခဏ၌ အနာဝင်ကာ ငန်းဖမ်းလျက် အိပ်ရာ တွင် လဲရှာသောအခြေသို့ ရောက်ရှာလေတော့သည်။
သူ၏မျှော်လင့်ချက် အုတ်မြစ်ဖြစ်သော ငါးပေါင်းကြော် လက်ကားဘ၀ကို ငန်းဖမ်းရာမှ ယောင်ယမ်း ပြောဆို ရှာသည်ကို ယခုအထိကျွန်ုပ်၏နား၌ ကြား၌နေပေသေးသည်။
"ငါ့သားလေး....မုန့်ပျားသလက်ကို ထမင်းလုပ်ပြီး မစားရတော့ပါဘူးကွယ်....၊ မေမေတို့ ချမ်းသာပါတော့မယ်..... သားကို အင်္ဂလိပ်စာ သင်ပေးမယ်ဟုတ်လား" စသည်ဖြင့် ကယောင် ကတမ်း ပြောသံ များကို ကျွန်ုပ်နားလည်တတ်သော အရွယ်ဖြစ်သည့်အတိုင်း မချိမဆန့် ကြားခဲ့ရပေသည်။ ကံတရား ၏ ပြောင်လှောင်ချက်ကား ပြင်းထန်လှတော့၏။
ဤကဲ့သို့ မိခင်အနားဝင်၍ ငန်းဖမ်းနေသောအခါ၌ အထည်သည် လင်မယားနှင့် ကူဖော် အဒေါ်ကြီးသည် နေ့ညမပြတ်လာ၍ စောင့်ရှောက်ရှာကြ၏။ ကျွန်ပ်၏အဘိုးရှိရာသို့လည်း စာပေး၍တစ်မျိုး လူကြုံနှင့်တစ်ဖုံ အကြောင်း ကြား ကြ၏။ သို့ စကားပြန်ဖော်မရပေ။
မြန်မာဆေးအမျိုးမျိုးတို့ဖြင့် ကုသကြ၏။ ဒဏ်ရာကားချဉ်ဆီသို့ပင် ပေါက်သဖြင့် ဆေးမတိုး နိုင်ပေ။ နောက်ဆုံး၌ မိခင်သတိလစ်နေသောအခါတွင် ကုလားဆရာဝန်ကို ခေါ်ကြရ၏။ ဆရာဝန်မှာ ထိုခေတ်က ငွေများများ ပေးနိုင်မှ စိတ်လိုက်လက်ရ ကုသကြပေရာ ကျွန်ပ်တို့ သားအမိကဲ့သို့သော် မျက်နှာမွဲအား အဘယ် သို့လျှင် ဂရုတစိုက် ကုသပါမည်နည်း။
ကျေး ဇူးရှင်အထည်သည် လင်မယားတို့လည်း တတ်နိုင်သမျှ ငွေကြေး စိုက်ထုတ်၍ အကုန်ခံ ကြပါပေသည်။ သို့သော် ကုလားဆရာဝန် လိုသလောက်ကား မတတ်နိုင်ကြရှာ။ ထို့ကြောင့် ကျွန်ုပ်၏ အဘိုး ဦးနကီ နှင့် ကျွန်ုပ်၏ဦးလေး ဦးဒေါနထံသို့ (လူမလာလိုက နေပါ၊ စာရလျှင် ငွေထောက်ပါမှ မစောလှ အသက်ချမ်းသာမည်)ဟု လူတစ်ယောက်ကို စရိတ်ကုန် ခံကာလွှတ်ပေးလိုက်ကြပါ၏။ သို့သော် ထိုစာကို အပို့သွားသူကိုပင် လိုလိုချင်ချင် လက်ခံ၍ မတွေ့ကြဘဲ နောက်ဆုံးတွင်မှ စေတနာကာ ရွေးမျှမပါ အရပ်က၀ိုင်း၍ တိုက်တွန်းကြသဖြင့် ငွေတစ်ရာထုတ်၍ ပေးလိုက်ပေသည်။
သို့သော် ထိုငွေတစ်ရာ ကျွန်ပ်တို့မြို့ကလေးသို့ ရောက်လ်ာသောအခါ၌ ကျွန်ပ်၏မိခင်မှာ သေငယ်ဇောဖြင့် မျော၍နေပါပြီ။ ငွေတစ်ရာကို ထားဘိဦး၊ အဘိုးဦးနကီ၏ စည်းစိမ်တစ်ခု လုံးကိုပုံ၌ ပေးလျှင်ပင် ကျွန်ပ်၏မိခင်အား သေမင်း၏လက်မှ ပြန်၍လုရန် ခဲယဉ်းပြီးဖြစ်ရ ကားအချိန်နှောင်းတော့ပြီ ဖြစ်၏။
ပွဲတော်ချိန်ပီပီ အခြားမြို့ကလေးသို့ ကူး၍ဇာတ်ကနေသော ကျွန်ပ်၏ဖခင်လည်း မိခင် အသည်း အသန်ဖြစ်သော သတင်းကို နှစ်ကြိမ်ပို့မှ သုတ်သီးသုတ်ပြာ ပြန်၍လာ၏။ သို့ သော်သူသည်လည်း ရောက်ချိန် နှောင်း ၍ နေလေပြီ....။
ကုလားဆရာဝန်သည် ငွေတစ်ရာကို လက်ခံ၍ အမျိုးမျိုးသော ကုနည်းများဖြင့် ကု၏။ ဤသို့ သောကုနည်းများဖြင့်သာ ခပ်စောစောက ကုသပါက ကျွနပ်၏မိခင်မှာ ရေတိမ်တွင် နှစ်ရှာ မည်မဟုတ်၊ ယခု မူကား ငွေတစ်ရာကို ရယူလိုသဖြင့် လွန်နေပြီသော ဝေဒနာရှင်ကို ဇွတ်ကု ကာငွေလိမ်ယူသည်ဟုသာ ကျွန်ုပ်ယူဆမိပေတော့သည်။
ကျွန်ပ်၏မိခင်သည် အနိစ္စမရောက်မီကလေး၌ သတိအနည်းငယ်လယ်၍ လာသေး၏။ သို့သတိလယ်၍ လာခြင်း မှာ နောက်ဆုံးမီးတောက်ပမာ မီးသေခါနီးတွင်ထ၍ တောက်သလို ၀ိဥာဉ်အား ဟုတ်ခနဲ ပွင့်ကန်ခြင်း ဖြစ်၏။ သတိလယ်လာသည်နှင့် တစ်ပြိုင်နက်ပင် ယဲ့ယဲ့က လေးဖြင့် "သား...သား လိမ်လိမ်မာမာ နေနော် မင်းကြီးရင် ရွှေမန်းကျည်းထောင့်တွေကို တောင်းနော် ဟုတ်လား...."ဟု အသံ သဲ့သဲ့ ကလေး ဖြင့် ပြောရှာ၏။ ကျွန်ုပ်ကား ကလေးငယ်ပီပီ ငိုယိုဖို့သာ တတ်နိုင်လေတော့သည်။
မိခင်၏နောက်ဆုံးကားများကား အသည်းနှလုံးတွင် ဆောက်နှင့်ထွင်းသကဲ့သို့ စွဲမြဲသွားခဲ့၏။
မိခင်သည် ထိုညသန်းခေါင်းကျော်၌ ကံတရားက ဇွတ်ဆွဲ၍ခေါ်ကာ သေမင်း၏လက်သို့ အပ်ခြင်းကို မလွန်ဆန်သာဘဲ လိုက်ပါသွားရရှာ၏။ မိခင်၏ နောက်ဆုံးကြိုးပမ်းမှု ဖြစ်သော ငါးပေါင်းကြော် ကိရိယာ အားလုံးကို ရောင်း၍ အသုဘကိစ္စကို စီစဉ်လိုက်ကြရပေသည်။ ကံဆိုးလှရှာသူ မိခင် ရေတိမ်တွင်နစ်ရသော ဤအဖြစ်အပျက်သည်ကား တတိယအကြိမ် ကံတရားက ကျွန်ုပ်၏ နုနယ်သေးကွေး အရည်မတည် သေးသော ကလေးစိတ်ကို ကောက်ကွေးအောင် အဓမ္မ ဖန်တီးခဲ့သော အဖြစ်အပျက်ပင် ဖြစ်ချေ တော့ သည်။
ဆက်ရန်
.

4 comments:
thanks
အစ်မရယ် ဖတ်ရင်း စိတ်မကောင်း ဖြစ်ရတယ်။ မိခင် မေတ္တာများ တကယ်ကြီးမားတယ်နော်။ ဒါပေမယ့် ကိုယ့်အခြေအနေကိုယ်တော့ ဂရုစိုက်သင့်ပါတယ်လေ...
ကိုလဲသွားရင် ကလေးကို ဘယ်လိုလုပ်မလဲ။ ကံဇာတ်ဆရာကလဲ လွန်ပါတယ် အဆင်ပြေလာခါမှ ခေါ်သွားရက်တယ်။ မောင်ကံကောင်းလေးက နာမည်နဲ့ မလိုက်ပါလားလေ... သြော်... ဒုက္ခ... ဒုက္ခ...
ကံကြမ္မာ ဇာတ်ဆရာ ကလည်း.. ခက်ပါဘိတော့တယ်..
နူရာဝဲစွဲ လဲရာသူခိုးထောင်း..
မောင်ကံကောင်း အဖိုးကလည်း ဒေါသတွေ မောဟတွေ ကြီး လိုက်တာ နော်..
ဆက်လက် ဖတ်ဖို့စောင့်မျှော်နေပါသည်..
မကိ..
Thanks Muck Ma Shwe Zin Oo,
A sentimental illustration of Saya Tint De, so it was his "remarkable artcraft".
Post a Comment