Friday, September 2, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၃ဝ)

အမ်စတာဒမ်မြို့၏ ရဲဌာနချုပ်မှာ ငါးထပ်တိုက်ကြီးဖြစ်သည်။ ထိုဌာနချုပ်၏ အပေါ်ထပ်မှ အစည်းအဝေး အခန်းတစ်ခုတွင် အစည်းအဝေးတစ်ရပ် ကျင်းပနေရာ ဒပ်ခ်ျစုံထောက် ခြောက်ယောက်ရှိနေသည်။
ထို့အပြင် တစ်ဦးတည်းသော နိုင်ငံခြားသားအဖြစ် ရှိနေသူမှာ ဒန်နရယ်ကူးပါးပင် ဖြစ်သည်။
ရဲမှူးကြီး ဂျော့ဗန်ဒူရင်းက နေပြည်တော် ရဲချုပ်ကွမ်ဝီလျံအား တင်ပြအစီရင်ခံနေသည်။

" ထရေစီဝှစ်တနေဟာ ကျွန်တော်တို့ အမ်စတာဒမ်မြို့ကို ဒီနေ့မနက်ဘဲ ရောက်လာပါတယ်၊ ရဲချုပ်ခင်ဗျား၊ ဒီဘီးယား စိန်ကုမ္ပဏီက စိန်သေတ္တာကို လေယာဉ်ပျံပေါ်က ဖြတ်ခိုးသွားတာ သူ့လက်ချက်ပဲလို့ နိုင်ငံတကာ ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။ ဒီအစည်းအဝေးမှာ ရောက်နေတဲ့ မစ္စတာ ကူးပါး ကလဲ ထရေစီ ဟာ ရာဇ၀တ် ပြစ်မှုကြီးတစ်ခုကို ကျူးလွန်ဖို့အတွက် ဟော်လန်ကို လာတာလို့ ယူဆ ထားပါတယ် "
ရဲချုပ် ၀ီလျံက ကူးပါးဘက်သို့ လှည့်ကြည့်ပြီး မေးလိုက်သည်။
" ခင်ဗျားမှာ အထောက်အထား တစ်စုံတစ်ရာ ရှိသလား မစ္စတာကူးပါး "
ကူးပါးအတွက် အထောက်အထား မလိုပါချေ။

သူသည် ထရေစီဝှစ်တနေအား စိတ်ထဲအသည်းထဲကရော အသွေးအသားထဲကပါ ကောင်းကောင်းကြီး သိနေသည်။ သို့သော် စိတ်ကို ထိန်းလိုက်ပြီး ဖြေသည်။
" ဘာ အထောက်အထားမှ မရှိပါဘူး၊ ဒါကြောင့် သူ့ကို လက်ဆုပ်လက်ကိုင် လက်ပူးလက်ကြပ် ဖမ်းမိဖို့ လိုချင်တာပါ "
" ဒါဖြင့် ကျွန်တော်တို့ ဘာလုပ်ပေးစေချင်တယ်ဆိုတာ ပြောပါဦး "
သူ့ကို မျက်ခြည်မပြယ် ကျွန်တော်တို့ စောင့်ကြည့်ထားဖို့ပါပဲ "
" ကောင်းပြီလေ၊ ဒီအမျိုးသမီးက ကျွန်တော်တို့ရဲတပ်ဖွဲ့ရဲ့ အစွမ်းကို စမ်းသပ်ဖို့ ဟော်လန်ကို လာတယ်ဆို ရင် ကျွန်တော်တို့ကလဲ အစွမ်းပြရတာပေါ့၊ ဒီမှာ ရဲမှူးကြီး ဒူရင်း လိုအပ်မယ့် အစီအစဉ်မှန်သမျှ အားလုံး လုပ်ပေတော့ "

အမ်စတာဒမ်မြို့ကြီးကို အပိုင်းခြောက်ပိုင်းခွဲ၍ ရဲစခန်းတစ်ခုစီထားရှိသည်။ စခန်းတစ်ခုတိုင်းသည် မိမိ၏ ဒေသနယ်မြေကို တာဝန်ယူရသည်။
ယခုကိစ္စတွင်မူ နယ်မြေပိုင်းခြား သတ်မှတ်မှု မထားတော့ဘဲ နယ်မြေအသီးသီးမှ စုံထောက်များအား ထရေစီဝှစ်တနေကို မျက်ခြည်မပြတ် စောင့်ကြည့်ရန် ရဲမှူးကြီး ဒူရင်းက တိုက်ရိုက်အမိန့်ပေးလိုက်သည်။
သူ ကိုယ်တိုင်က နေပြည်တော် ရဲချုပ်ရုံးမှနေ၍ ကြီးကြပ်ကွပ်ကဲသည်။
ဟော်လန်နိုင်ငံ အမ်စတာဒမ်မြို့သည် ကမ္ဘာလျည့်ခရီးသည်တို့ အလွန်သဘောကျ နှစ်ခြိုက်သောနေရာ ဖြစ် သည်။
လေရဟတ်စက်များ၊ ဆည်မြောင်းများ ပေါသောမြို့ဖြစ်သည်။

တူးမြောင်းများထဲတွင် လှေအိမ်လေးများ ပြည့်နှက်နေသည်။
အိမ်အပေါ်ထပ်များမှနေ၍ ၀ါးလုံးဖြင့်ထိုးပြီး နေလှန်းကြသော အ၀တ်အထည်များကလည်း တလူလူလွင့် နေသည်။
ထရေစီ တွေ့ဖူးသမျှထဲတွင် ဒပ်ခ်ျလူမျိုးတို့မှာ ခင်မင်စရာ အကောင်းဆုံးဖြစ်သည်။
ထရေစီနှင့် ဂျက်တို့သည် ကမ္ဘာလှည့်ခရီးသည်များ သွားလေ့သွားထရှိသည့် နေရာအားလုံးသို့ သွားလာ လျှောက်ကြည့်ကြသည်။
သူတို့သွားသည့် နေရာတိုင်းဒတ်ခ်ျ စုံထောက်များက မျက်ခြည်မ်ြပတ် ခြေရာခံလိုက်သည်။

ထို့နောက် နေ့စဉ် ရဲမှူးကြီး ဒူရင်းထံ အစီရင်ခံစာတင်သည်။ ထိုအစီရင်ခံစာကို ဒင်နရယ် ကူးပါးက ညနေ တိုင်းဖတ်ရသည်။
သူတို့၏ လှုပ်ရှားသွားလာမှုတွင် ထူးခြားချက်ဟူ၍ တစိုးတစိမျှ မရှိပေ။
စုံထောက်များ၏ အမြင်တွင် ဂျက်နှင့်ထရေစီတို့သည် ကမ္ဘာလှည့်ခရီးသည်သက်သက်မျှသာဖြစ်သည်။
သို့သော် ကူးပါးက သံသယရှိသည်။
ထရေစီ ကြီးကြီးမားမား တစ်ခုခု လုပ်လိမ့်မည်ဟု စိတ်ထဲက အလိုလိုသိနေသည်။

ထို့ကြောင့် ထရေစီအား နောက်ယောင်ခံလိုက်သော စုံထောက်အဖွဲ့နှင့်အတူ မိမိကွင်းဆင်းလိုက်ပါတော့ သည်။
ဂျက်နှင့် ထရေစီတို့သည် တစ်မြို့လုံး အနှံ့ကြုံသလို လျှောက်သွား လျှောက်စားနေကြသည်။
ဒင်နရယ်ကူးပါးနှင့် အဖွဲ့ကလည်း သည်းခံအောင့်အည်းပြီး လိုက်နေသည်။
ကူးပါး၏ မေတ္တာရပ်ခံချက်အရ ရဲမှူးကြီး ဒူရင်းက ရဲချုပ်ဝီလျှံထံ သွားပြောသည်။

" ဟိုနှစ်ယောက်အကြောင်းကို သိရအောင် သူတို့တည်းခိုတဲ့ အခန်းမှာ ချောင်းနားထောင်တဲ့ လျှပ်စစ် ကိရိယာ တပ်ခွင့်ပေးပါတဲ့ "
" မင်းတို့ သူတို့နှစ်ယောက်အပေါ်မှာ သံသယရှိတယ်ဆိုရင် ခိုင်မာခြေမြစ်တဲ့ အထောက်အထားရှာဦး၊ အဲ အထောက်အထားရရင် ငါ့ဆီပြန်လာခဲ့၊ အခု အထိဆိုရင် ဟော်လန်မှာ လျှောက်ပြီး လည်ပတ် ကြည့်ရှု တာသာ ကျူးလွန်ရုံနဲ့တော့ သူတို့ကို ချောင်းနားထောင်ဖို့ ငါ ခွင့်မပြုနိုင်သေးဘူး "
ရဲမင်းကြီးက ငြင်းလိုက်သည်။
ထိုနေ့က သောကြာနေ့။

တနင်္လာနေ့တွင်မူ ထရေစီနှင့် ဂျက်တို့သည် အမ်စတာဒမ်စိန်ဂေဟာသို့သွားပြီး နယ်သာလန် စိန်သွေးလုပ် ငန်းကို ကြည့်ရှုကြသည်။
သူတို့ကို နောက်ယောင်ခံသည့်အဖွဲ့တွင် ဒင်နယ်ကူးပါးလည်း ပါသွားသည်။
စိန်သွေးစက်ရုံတွင် ကမ္ဘာလှည့် ခရီးသည်များနှင့် ပြည့်နေသည်။
အင်္ဂလိပ်စကားပြော ကမ္ဘာလှည့် လမ်းပြတစ်ဦးက စက်ရုံအတွင်း လိုက်ပြပြီး စိန်ဖြတ် စိန်သွေးလုပ်ငန်း အဆင့်ဆင့်ကို ရှင်းပြသည်။
ထိုလုပ်ငန်းအဆင့်ဆင့်ကို ပြသပြီးသောအခါ ကမ္ဘာလှည့် ခရီးသည်အုပ်စုအား ကြီးမားသော ပြခန်းကြီး ထဲသို့ ခေါ်သွားသည်။
ပြခန်း နံရံကပ် မှန်ဗီရိုများထဲတွင် ရောင်းချရန် စိန်အမျိုးမျိုးကို ပြထားသည်။

အခန်း အလယ်ကောင်တွင် စင်မြင့်တစ်ခုနှင့် ထိုအပေါ်၌ ဖန်ပေါင်းချောင်တစ်ခု အုပ်ထားသည်။
ထိုအထဲ တွင် အရည်အသွေး အလွန်ကောင်းသော စိန်ကြီးတစ်လုံးရှိသည်။
ထရေစီ မြင်ဖူးသမျှတွင် အကောင်းဆုံး စိန်ကြီးဖြစ်သည်။
ကမ္ဘာလှည့်ခရီးသည် လမ်းညွှန်က ဂုဏ်ယူဝင့်ကြွားသည့် လေသံဖြင့် ပြောလိုက်သည်။
" ဂုဏ်သရေရှိ လူကြီးမင်းများရှင့်၊ ဟောဒီမျာ မြင်ရတဲ့ စိန်ကြီးကတော့ စာထဲမှာ ဖတ်ဖူးကြမျာဖြစ်တဲ့ နာမည်ကျော် လူကာလန် စိန်ကြီးပါပဲ၊ တစ်ချိန်တုန်းက ဒီစိန်ကြီးကို နာမည်ကျော် ပြဇာတ် ရုပ်ရှင်မင်းသား တစ်ယောက် က သူ့ဇနီး ရုပ်ရှင်မင်းသမီးကို ဒေါ်လာ ဆယ်သန်းနဲ့ဝယ်ပြီး ချစ်သက်လက်ဆောင်အဖြစ်ပေး ခဲ့ဖူးပါတယ်၊ ကမ္ဘာပေါ်မှာရှိတဲ့ အပြစ်အနာအဆာမဲ့ အကောင်းဆုံးစိန်တွေထဲမှ တစ်လုံးအပါအ၀င်ဖြစ်ပါ တယ်"

" အင်း ... ဒါဆိုရင်တော့ သူခိုးတွေရဲ့ ပြစ်မှတ်ဖြစ်နေတော့မှာပဲနော် "
ဂျက်က ခပ်ကျယ်ကျယ် အော်ပြောလိုက်သည်။
ဒင်နရယ်ကူးပါး က ရှေ့တိုးကပ်သွားရာ ဂျက်ပြောလိုက်သည်ကို ကောင်းကောင်းကြားလိုက်ရသည်။

ကမ္ဘာလှည့်လမ်းညွှန်အမျိုးသမီးက ဖန်ပေါင်းချောင်ဘေးနှစ်ဖက်၌ အသင့်ရပ်စောင့်နေသော လက်နက် ကိုင် အစောင့်နှစ်ဦးအား မေးငေါ့ပြလိုက်ပြီး ပြောသည်။
" ဒီစိန်ကြီးကို လန်ဒန်ပြတိုက်ထဲက ရတနာတွေထက်တောင် ပိုပြီး စေ့စေ့စပ်စပ် စောင့်ကြပ်ထားတာပါ၊ ဘာအန္တရာယ် မှ မရှိပါဘူး၊ ဖန်ပေါင်းချောင်ကို ထိလိုက်တာနဲ့ တစ်ပြိုင်နက် အချက်ပေး လျှပ်စစ် ခေါင်းလောင်း တွေ အားလုံး အလိုအလျောက် ပိတ်သွားရောပဲ၊ ညဘက်ဆိုရင် အီလက်ထရောနစ် ဓာတ်ရောင်ခြည် တွေ လွှတ်ထားတယ်၊ ဒီအခန်းထဲကို တစ်ယောက်ယောက်ဝင်လာတာနဲ့တစ်ပြိုင်နက် ရဲဌာနချုပ် မှာ အချက်ပေးခေါင်းလောင်းသံများ မြည်မှာပဲ "
" ဒီစိန်ကြီး ကိုခိုး ဖို့ ဘယ်သူမှ ကြိုးစားခဲ့မှာ မဟုတ်ဘူးထင်ပါရဲ့ "
ဂျက်က ထရေစီ ကို လှမ်းကြည့်ပြီး ပြောလိုက်သည်။

ကူးပါးနှင့် စုံထောက် တစ်ယောက်တို့လည်း တစ်ယောက်မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။
ထိုအကြောင်းကို ညနေပိုင်းတွင် ရဲမှူးကြီးဒူရင်းထံ အစီရင်ခံစာတင်လိုက်သည်။
နောက်တစ်နေ့တွင် ထရေစီနှင့် ဂျက်တို့သည် ရာဇ်ပြတိုက်မှ ပန်းချီကားများကို သွားကြည့်သည်။
နာမည်ကျော် ပန်းချီဆရာကြီးများ၏ ပြခန်းများကို တစ်ခန်းပြီးတစ်ခန်း အေးအေးလူလူ လိုက်ကြည့်သည်။
ပန်းချီဆရာကြီး ရမ်ဘရန်၏ နာမည်အကျော်ကြားဆုံးနှင့် တန်ဖိုးအကြီးဆုံး ပန်းချီကားရှေ့ သူတို့ရောက် သွား ကြသည်။
ဂျက်က ပန်းချီကားရှေ့မှ အစောင့်ကို ကြည့်ပြီး ပြောလိုက်သည်။

" ဒီပန်းချီကားကို အကာအကွယ် ကောင်းကောင်း လုပ်ထားမှာပဲနော် "
" သိပ်လုပ်ထားတာပေါ့ဗျာ၊ ဒီပြတိုက်က ပန်းချီကားကို ခိုးဖို့ကြိုးစားတဲ့သူသာ အီလက်ထရောနစ် ဓာတ်ရောင်ခြည်တွေ၊ လုံခြုံရေး လျှို့ဝှက်ကင်မရာတွေ၊ ညဘက်ဆို အစောင့်နှစ်ယောက်ရဲ့ ကင်းလှည့်ခွေ တွေကို ရင်ဆိုင်ရမှာ သေချာတယ်"
" အင်း ... ဒီပန်းချီကားကတော့ ဒီနေရာမျာပဲတစ်သက်လုံး ရှိနေမျာထင်ပါရဲ့ "
ဂျက်က ခပ်ပြုံးပြုံးပင် ပြောလိုက်သည်။
ထိုနေ့ ညနေတွင်လည်း ရဲမှူးကြီးဒူရင်းထံ နောက်ယောင်ခံအဖွဲ့က အစီရင်ခံစာ တင်လိုက်ပြန်သည်။

နောက်တစ်နေ့တွင် အမ်စတာဒမ်ခန်းမ၌ တံဆိပ်ခေါင်း စုသူများ၏ အစည်းအဝေး ရှိရာ အစောဆုံး ရောက် လာသူများထဲတွင် ထရေစီနျင့်ဂျက်တို့ပါဝင်သည်။
ခန်းမထဲတွင် အဖိုးမဖြတ်နိုင်သော တံဆိပ်ခေါင်းအဟောင်းများ ခင်းကျင်းပြသထားသဖြင့် အစောင့်များ ထူထပ်စွာ ချထားသည်။
ဗြိတိသျှ ဂီနီတံဆိပ်ခေါင်း အဟောင်းတစ်ခု ပြထားသည့် နေရာရှေ့တွင် သူတို့နှစ်ယောက် ရပ်ကြည့်ကြ သည်။
" တော်တော် အရုပ်ဆိုးတဲ့ တံဆိပ်ခေါင်းပဲနော် "
ထရေစီက ပြောလိုက်သည်။

" အမလေး သွားမလုပ်နဲ့၊ ကမ္ဘာမှာ ဒီတံဆိပ်ခေါင်းမျိုး ဒီတစ်ခုပဲ ကျန်တော့တာ "
" တန်ဖိုး ဘယ်လောက်လဲ "
" ဒေါ်လာတစ်သန်း "
ဂျက်က ထရေစီအား ဖြေလိုက်သည်မှာ မှန်ကန်ကြောင်းဖြင့် ထိုတံဆိပ်ခေါင်းကို စောင့်ကြပ် နေသူက ခေါင်းဆက်ပြရင်း ၀င်ပြောသည်။
" ခင်ဗျားပြောတာ မှန်ပါတယ်၊ လူများစုဟာ တံဆိပ်ခေါင်း အဟောင်းတွေကို ကြည့်သာကြည့်တတ်ပြီး တန် ဖိုးကို နားမလည်ကြဘူး၊ ခင်ဗျားလဲ ကျွန်တော့်လိုပဲ တံဆိပ်ခေါင်းဟောင်း စုတာ ၀ါသနာ ပါပုံရတယ်၊ ကမ္ဘာ့ သမိုင်း ဟာ ဒီတံဆိပ်ခေါင်း အဟောင်းတွေထဲမှာ ထင်ဟပ်နေတယ် "
ထရေစီ နှင့် ဂျက်တို့သည် ကျန်တံဆိပ်ခေါင်းများကို လှည့်လည် ကြည့်ရှုကြသည်။

ထိုနေ့ ညနေပိုင်းတွင် ဒင်နရယ်ကူးပါးနှင့် ရဲမှူးကြီး ဒူရင်းတို့သည် ရဲချုပ်ဝီလျံအား သွားတွေ့သည်။
ထောက်လှမ်းရေး အစီရင်ခံစာကို ရဲချုပ် စားပွဲပေါ်တွင် တင်လိုက်ပြီး ထိုင်စောင့်နေသည်။
ရဲချုပ်က အစီရင်ခံစာ ကို ဖတ်လိုက်ပြီးနောက် ပြောလာသည်။

" ခင်ဗျားတို့ အစီရင်ခံစာတွေထဲမှာ သူတို့ ဘာလုပ်မယ် ဆိုတာကို တိတိကျကျ မှန်းဆလို့ရနိုင်တဲ့ အချက် မပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ သံသယရှိနေတဲ့ သူတို့နှစ်ယောက်ဟာ အဖိုးတန်ပစ္စည်းတွေနားမှာ တ၀ဲလယ် လယ်နဲ့ လိုက်အနံ့ခံနေတာကိုတော့ ကျွန်တော်လဲ လက်ခံပါတယ်၊ ကောင်းပြီ ရဲမှူးကြီး၊ ဆက်လုပ်ပေတော့၊ သူတို့ရဲ့ ဟိုတယ်အခန်းတွေမှာ လျှို့ဝှက်အသံဖမ်း ကိရိယာတွေ တပ်ပြီး ချောင်း နားထောင်ပေတော့၊ ကျွန် တော်တရားဝင် ခွင့်ပြုလိုက်တယ် "
ဒင်နရယ်ကူးပါး စိတ်အားတက်ကြွသွားသည်။
ထရေစီ ၀ှစ်တနေ အဖို့ ဆိတ်ကွယ်ရာဟူ၍ မရှိနိုင်တော့ပြီ။
သူမ ပြောသမျှ ဆိုသမျှ လုပ်သမျှ ကိုင်သမျှ အားလုံးကို မိမိ သိရပေတော့မည်။

ထိုနေ့ညနေတွင် ထရေစီနှင့် ဂျက်တို့ အပြင်ထွက် ညစာစားချိန်တွင် ရဲဘက်မှ ကျွမ်းကျင်သူများက သူတို့ အခန်းသို့ ၀င်ပြီး အသံဖမ်း မိုက်ခွက် သေးသေးလေးများကို ဓာတ်ပုံများနောက် မီးတိုင်များ အောက်နှင့် ခုတင်ဘေးစားပွဲအောက်တို့တွင် တပ်ဆင်လိုက်ကြသည်။
ထရေစီနှင့် ဂျက်တို့၏ အခန်းတည့်တည့်မှ အပေါ်ထပ် အခန်းကို ရဲမှူးကြီး ဒူရင်းက သီးသန့် ယူထားလိုက် သည်။
ထိုအခန်းထဲတွင် ရေဒီယိုတစ်လုံးနှင့် အသံသွင်းတိပ်ခွေတစ်ခု တပ်ဆင်ထားသည်။

အောက်ထပ်က မိုက်များနှင့် ဆက်ထားသည်။
"အောက်ထပ် က စကားပြောတာကို ဒီက တိုက်ရိုက်လဲ နားထောင်လို့ရတယ်၊ နားမထောင်နိုင်ရင်လဲ ကိစ္စ မရှိဘူး၊ အောက်က စကားပြောတာနဲ့ တစ်ပြိုင်နက် သူတို့ပြောတာ အားလုံး ဒီကတိပ်ခွေထဲမှာ အသံဖမ်းပြီး ဖြစ်နေလိမ့်မယ် "
ရဲပညာရှင်က ရှင်းပြသည်။
သို့ရာတွင် ဒင်နရယ်ကူးပါးက ထိုအခန်း၌ပင် နေချင်သည်ဆိုကာ ပြောင်းနေလိုက်တော့သည်။
*
(၃၃)
နောက်တစ်နေ့ နံနက်စောစောတွင် ဒင်နရယ်ကူးပါး၊ ရဲမှူးကြီး ဒူရင်း၊ သူ၏လက်ထောက်စုံထောက် ၀ှစ်ကမ့်တို့သည် အပေါ်ထပ်မှနေ၍ အောက်ထပ်၌ ထရေစီနှင့် ဂျက်တို့ စကားပြောနေသည်ကို လျှို့ဝှက် အသံဖမ်းစက် မှ ချောင်းနားထောင်နေသည်။
" ကော်ဖီ ထပ်ယူဦးမလား "
ဂျက်အသံ
" ဟင့်အင်း ... တော်ပီမောင်၊ ဟောဒီဒိန်ခဲလေး စားကြည့်စမ်း၊ သိပ် အရသာရှိတာပဲ "
ထရေစီ၏အသံ
ထို့နောက် ဂျက်အသံ ပြန်ပေါ်လာသည်။

" အင်း ... သိပ်အရသာရှိတာပဲ၊ ဒီနေ့ ဘာလုပ်ချင်သလဲ အချစ်၊ ရော့တာဒမ်မြို့ကို ကားနဲ့သွားကြမလား "
" အခန်းအောင်းပြီး အပန်းဖြေအနားယူရရင်မကောင်းဘူးလားလို့ "
" အား ... သိပ်ကောင်းတာပေါ့ "
သူတို့ အခန်းအောင်းလျှင် ချစ်တင်းနှောကြမည်ကို ကူးပါး အတပ်သိနေသဖြင့် အပေါ်ထပ်မှနေပြီး အံကြိတ် လိုက်သည်။
" ဘုရင်မကြီးက မိဘမဲ့ ကလေးတွေအတွက် ဂေဟာသစ် တစ်လုံး လှူဦးမလို့တဲ့ "
" သိပ်ကောင်းတာပေါ့၊ ဒတ်ခ်ျလူမျိုးတွေဟာ ကမ္ဘာပေါ်မှာ အရက်ရောဆုံးနဲ့ စေတနာအသန်ဆုံးလူမျိုးပဲ၊ စည်းကမ်း စည်းမျဉ်းတွေကို သူတို့ မုန်းကြတယ် "
" ဟုတ်တယ်၊ ဒါကြောင့် ကျွန်မတို့နှစ်ယောက် သူတို့ကို သဘောကျနေကြတာ "
ရယ်သံများ ပေါ်လာသည်။

ချစ်သူနှစ်ဦး တို့ နံနက်စာစားရင်း သာမန်ပြောနေကျ စကားများပင်ဖြစ်သည်။
" ရက်ရောတယ်ဆိုလို့ ပြောရဦးမယ် ဒီ ဟိုတယ်မှာ ဘယ်သူရောက်နေတယ်လို့ ထင်သလဲ၊ အရှောင် အတိမ်းဂျက်စီဂျိမ်းလို့ဆိုရမယ့် မက်ဆီမီလန်ပိုင်ယာပွန့်လေ၊ ဟိုသင်္ဘောကြီးပေါ်မှာတုန်းက ငါ သူ့ကို လွတ် သွားတယ် "

" ကျွန်မလဲ အမြန်ရထားကြီးပေါ်မှာတုန်းက သူ့ကို လွတ်သွားခဲ့တာပဲ "
" သူ ဒီရောက်နေတာကတော့ သူနဲ့ လုပ်ငန်းပြိုင်ကုမ္ပဏီတွေကို အပြုတ်ဖြုတ်ဖို့ပဲ ဖြစ်နိုင်တယ်၊ ကဲ တို့သူ့ကို ထပ်တွေ့နေရပြီ ထရေစီ၊ တစ်ခုခု လုပ်သင့်ပြီထင်တယ်၊ တို့ အနီးအနား လက်လှမ်းမီရာကို သူ ရောက်လာ တုန်းပေါ့ "
" မောင့်သဘောလေ ... အလုပ်တွေ ထပ်နေဦးမယ် "
" တို့ မိတ်ဆွေကြီးဟာ သူနဲ့အတူ အဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေယူလာတယ်ဆိုတာ တို့ အသိပဲ၊ ငါ့မှာ အကြံတစ်ခု ရှိတယ် "
ဟိုတယ် မှ အလုပ်သမ တစ်ဦး၏အသံ ပေါ်လာသည်။

" ကျွန်မ အခန်းသန့်ရှင်းရေး လုပ်ရတော့မလားရှင် "
အပေါ်ထပ်တွင် ရဲမှူးကြီး ဒူရင်းက စုံထောက်ဝှစ်တမ့်အား လှည့်ပြောလိုက်သည်။
" မက်ဆီမီလန်ပိုင်ယာပွန့် နောက်ကိုလဲ အဖွဲ့တစ်ဖွဲ့ နောက်ယောင်ခံလိုက်ခိုင်းလိုက်၊ သူတို့နှစ်ယောက် အဲဒီ လူ နဲ့ အဆက်အသွယ်လုပ်တာ အားလုံး ငါသိချင်တယ် "
ထိုနေ့ ညနေခင်းပိုင်းတွင် ရဲမှူးကြီးဒူရင်းက ရဲချုပ်ဝီလျံထံ တင်ပြအစီရင်ခံသည်။

" သူတို့ ပစ်မှတ်လေးငါးခုနောက်ကို လိုက်နေပုံရတယ် ရဲချုပ်၊ မက်ဆီမီလန်ပိုင်ယာပွန်ဆိုတဲ့ အမေရိကန် သူဌေးကြီးကိုလဲ သူတို့ တော်တော် စိတ်ဝင်စားနေကြတယ်၊ ပြီးတော့ တံဆိပ်ခေါင်းပြပွဲလဲ သွားတယ်၊ နယ်သာလန် စိန်သွေးစက်ရုံ က လူကာလန်စိန်ကြီးကိုလဲ သွားကြည့်တယ်၊ ပန်းချီပြတိုက်လဲ ရောက်တယ်"
" ဒါပေမယ့် အခုလောလောဆယ်မှာတော့ သူတို့ရဲ့ အဓိကပစ်မှတ်ဟာ ဘာဆိုတာ ခင်ဗျားတို့ မမှန်းဆနိုင် သေးဘူးပေါ့ ဟုတ်လား "
" ဟုတ်ပါတယ်၊ သူတို့ကိုယ်တိုင်လဲ ဘာလုပ်မယ်ဆိုတာ ဆုံးဖြတ်ရပုံမပေါ်သေးပါဘူး၊ သူတို့ ဘာလုပ်မယ် ဆိုတာ ဆုံးဖြတ်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ သိမှာပါ။
သူတို့အခန်းမှာ မိုက်ခွက်တွေတပ်ထားတာ သူတို့ မသိပါဘူး "
*
နောက်တစ်နေ့ နံနက် ၉နာရီတွင် ဒတ်ခ်ျရဲများအတွက် အဖြေစတင်ပေါ်လာသည်။
ထရေစီနှင့် ဂျက်တို့သည် နံနက်စာ စားပြီးလုနီးပြီဖြစ်သည်။
အပေါ်ထပ်မှနေ၍ ဒင်နရယ်ကူးပါး၊ ရဲမှူးကြီးဒူရင်း၊ စုံထောက်ဝျစ်ကမ့်တို့ စောင့်နားထောင်နေကြသည်။
ပန်းကန်ထဲသို့ ကော်ဖီငှဲ့ချသံများကို ဦးစွာ ကြားရသည်။

" ဒီမျာ စိတ်ဝင်စားစရာပါလာပြီ ထရေစီ၊ တို့မိတ်ဆွေပြောတာမှန်တယ်၊ နားထောင်စမ်း၊ သတင်းစာက သတင်းကို ငါဖတ်ပြမယ်၊ အမ်မရိုဘဏ်မှ ဒေါ်လာ ငါးသန်းဖိုး ရှိ ရွှေတုံးများကို ဒတ်ခ်ျပိုင် အနောက်အင်ဒီးစ် သို့ပို့မည်တဲ့ "
အပေါ်ထပ်မှ စုံထောက်ဝှစ်ကမ့်က သူ့အဖွဲ့သားများအား ဖြတ်ပြောလိုက်သည်။
" နည်းလမ်းမရှိပါ ... "
" ရှူး ... "
တစ်ယောက်က စကားမပြောရန် အချက်ပေးလိုက်သည်။

သူတို့ ငြိမ်ပြီး ဆက်နားထောင်ကြသည်။
" ဒေါ်လာ ငါးသန်းဖိုးရွှေတွေဟာ အလေးချိန် ဘယ်လောက် ရှိမလဲလို့ ကျွန်မ တွက်ဆနေတာ "
" မင်းကို ငါ အတိအကျ ပြောနိုင်ပါတယ် အချစ်ရယ် ...၊ အလေးချိန် စုစုပေါင်း တစ်ထောင်ခြောက်ရာနဲ့ ခုနစ်ဆယ့် နှစ်ပေါင်ရှိတယ်၊ ရွှေအတုံး ခုနစ်ဆယ့်နှစ်တုံးရှိမယ်၊ ရွှေဆိုတာဟာ အရည်ကျိုလိုက်တာနဲ့ တစ် ပြိုင်နက် ခြေရာလက်ရာပျောက်သွားတာပဲ၊ ဒါပေမယ့် ဒီရွှေတွေကို ဟော်လန်ကနေ ထုတ်သွားဖို့တော့ ခက် ကောင်းခက်လိမ့်မယ် "
" ဒီရွှေတွေကို ရအောင်ယူဖို့ကရော လွယ်မှာလားရှင်၊ ဘဏ်ထဲကို ၀င်သွားပြီး သယ်ယူလာရုံပဲလား "
" အဲဒါမျိုး လုပ်ရုံလောက်ပါပဲ "

" ရှင် နောက်ပြောင်ပြောနေတာလားဟင် ... "
" ဒီလောက် ငွေများများကိစ္စကို ငါ ဘယ်တော့မှ မနောက်ဘူး၊ တို့ အမ်မရိုဘဏ်ကိုသွားပြီး နည်းနည်း ပါးပါး အကဲခတ်ကြည့်ရင် မကောင်းဘူးလား ထရေစီ "
" ရှင့်မှာ ဘာစိတ်ကူးရှိလို့လဲ "
" လမ်းကျမှ ပြောပြမယ် "
တံခါးပိတ်သံပေါ်လာပြီး အသံအားလုံး တိတ်သွားသည်။
ရဲမှူးကြီးဒူရင်းသည် သူ၏ မုတ်ဆိတ်မွေးကို ပွတ်လိုက်ပြီး ပြောလိုက်သည်။

" ဒီရွှေတွေကို သူတို့ လက်နဲ့ထိနိုင်ဖို့တောင် နည်းလမ်းလုံးဝ ရှိမှာမဟုတ်ဘူး၊ လုံခြုံရေးအစီအစဉ်အားလုံးကို ကျွန်တော် ကိုယ်တိုင် ဖတ်ရှုအတည်ပြုထားတာ "
" ခင်ဗျားတို့ဘဏ်ရဲ့ လုံခြုံရေးအစီအစဉ်တွေမှာ ယိုကွက်ဟာကွက်တစ်ခုတလေရှိမယ်ဆိုရင် ထရေစီ မြင်မှာ သေချာတယ် "
ကူးပါးက ၀င်ပြောသည်။
ရဲမှူးဒူရင်းသည် ဒေါသကို မနည်းထိန်းထားရသည်။
ဒူရင်းသည် သူ့လက်ထောက် စုံထောက်ဝှစ်ကမ့်ဘက်သို့ လှည့်ပြီး အမိန့်ပေးလိုက်သည်။

" ထောက်လှမ်းရေး အဖွဲ့တွေမှာ အင်အားတိုးပြီး ချထားလိုက်၊ ချက်ချင်း လုပ်ပေတော့၊ သူတို့ အဆက် အသွယ်လုပ်တဲ့ ဓာတ်ပုံတွေ၊ လှုပ်ရှားမှုဓာတ်ပုံတွေအားလုံး ငါ လိုချင်တယ် ရှင်းရဲ့လား "
" ဟုတ်ကဲ့ ရဲမှူးကြီး "
လ သိပ်သိပ်သည်းသည်း ကျစ်ကျစ်လျစ်လျစ် လုပ်နော်၊ မင်းတို့ နောက်ယောင်ခံလိုက်နေတာ သူတို့ လုံးဝ မသိစေနဲ့ "
" ဟုတ်ကဲ့ ရဲမှူးကြီး "
" ကဲ ဒါဆို ခင်ဗျား ဘ၀င်ကျပြီလား "
ရဲမှူးကြီး ဒူရင်းက ကူးပါးကို လှည့်ကြည့်ပြီး မေးလိုက်သည်။
ကူးပါးက ဘာမျှမဖြေ။
ထရေစီနှင့်ဂျက်တို့သည် ရဲမှူးကြီးဒူရင်း၏ လူများကို နောက်ငါးရက်စလုံးအလုပ်များသွားစေသည်။

ဒင်နရယ်ကူးပါးသည် နေ့စဉ် အစီရင်ခံစာများကို ဂရုတစိုက်ဖတ်သည်။
နေ့ဘက်တွင် ထရေစီနှင့်ဂျက်တို့သည် တစ်ယောက်တစ်လမ်းစီသွားကြသည်။
သူတို့ဘယ်လိုပင်သွားသွား၊ သွားနေသမျှနေရာအားလုံးကို စုံထောက်များက နောက်ယောင်ခံလိုက်တာ ချည်းဖြစ်သည်။
ဂျက်သည် ပုံနှိပ်တိုက်တစ်တိုက်သို့သွားပြီး ပိုင်ရှင်နှင့် စကားပြောနေသည်ကို လမ်းတစ်ဖက်မှနေ၍ စုံထောက် နှစ်ယောက် က စောင့်ကြည့်နေသည်။
ဂျက် ပြန်ထွက်သွားသောအခါ စုံထောက်တစ်ယောက်က သူ့နောက်မှ လိုက်သွားသည်။

ကျန် တစ်ယောက်က ပုံနှိပ်တိုက်ထဲ ၀င်သွားပြီး စုံထောက် အထောက်အထားကတ်ပြား ထုတ်ပြကာ သူ သိ ချင်တာကိုမေးသည်။
" ခုန ထွက်သွားတဲ့လူက ဘာလိုချင်လို့တဲ့လဲ "
" သူ့ရဲ့ အလုပ်လိပ်စာကတ်ပြား ကုန်သွားလို့တဲ့။ အဲဒါ ကတ်ပြားတွေ ထပ်ရိုက်ချင်လို့ လာအပ်တာ "
" ပြစမ်းပါဦး၊ သူ့ လိပ်စာကြည့်ရအောင် "
ပုံနှိပ်တိုက်ပိုင်ရှင်က လက်ရေးနှင့်ရေးထားသော စာရွက် တစ်ရွက်ကို ထုတ်ပြလိုက်သည်။

အမ်စတာဒမ် လုံခြုံရေးဌာန
ကော်နယ်လီးယပ်ဝီလဆင်၊ စုံစမ်းရေးမှူးချုပ်
နောက်တစ်နေ့တွင် အမျိုးသမီးစုံထောက် ဖိန်းဟော်အာသည် လိုက်ဆယ်ပလိန်လမ်းရှိ အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင်ထဲသို့ ထရေစီ ၀င်သွားသည်ကို ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေသည်။
၁၅ မိနစ်ခန့်အကြာတွင် ထရေစီ ဆိုင်ထဲမှ ထွက်သွားသည်။

အမျိုးသမီးစုံထောက်သည် ဆိုင်ထဲဝင်သွားကာ အလုပ်မှတ်ပုံတင်ကတ်ပြားကိုပြပြီး သူ သိချင်တာကို မေး သည်။
ခုနက ထွက်သွားတဲ့ အမျိုးသမီးက ဘာလိုချင်လို့တဲ့လဲ "
" ရွှေငါးတစ်အိုးရယ်၊ စာဝါငှက်ရယ်၊ ခိုရယ် ၀ယ်သွားတယ် "
" ခို ... ဟုတ်လား၊ ရိုးရိုးခိုလား "
" ဟုတ်ပါတယ်၊ ဒါပေမယ့် ကျွန်မတို့ဆီမှာ ခိုက လောလောဆယ်မရှိတော့ လိုက်ရှာဖမ်းပြီး ပို့ပေးရမှာပေါ့ "
" အဲဒီ တိရစ္ဆာန်တွေ ဘယ်ပို့ပေးရမှာလဲ "

သူ တည်းခိုတဲ့ အမ်ဆယ်ဟိုတယ်ကို ပို့ပေးရမယ် "
ထိုအချိန်တွင်ပင် မြို့၏ တခြားတစ်ဖက်၌ ဂျက်သည် အမ်မရိုဘဏ် ဒုတိယဥက္ကဋ္ဌနှင့် စကားပြောနေသည်။
သူတို့ နှစ်ဦးတည်း မိနစ် ၃၀ ခန့် အခန်းတံခါးပိတ် ပြောဆိုနေကြခြင်းဖြစ်သည်။
ဂျက် ထိုဘဏ်မှ ပြန်သွားသောအခါ စုံထောက်တစ်ယောက် ဒုတိယဥက္ကဋ္ဌရုံးခန်းသို့ ၀င်သွားသည်။
" ခုန ထွက်သွားတဲ့လူ ဘာလာလုပ်တယ်ဆိုတာ သိချင်လို့ပါ "

" မစ္စတာဝီလဆင်လား၊ သူက ကျွန်တော်တို့ဘဏ်က အသုံးပြုတဲ့ လုံခြုံရေးကုမ္ပဏီက စုံစမ်းရေးမှူးချုပ် လေ၊ လုံခြုံရေးစနစ်တွေကို ပြန်ပြင်ဖို့ သူတို့ စီစဉ်နေတယ်လေ "
" လက်ရှိ လုံခြုံရေး အစီအမံတွေကိုရော ခင်ဗျားနဲ့ ဆွေးနွေးသေးသလား"
" ဘာဖြစ်လို့လဲ၊ ဆွေးနွေးတာပေါ့ "
" ခင်ဗျားက သူ့ကို လုံခြုံရေးအစီအမံတွေ ပြောပြလိုက်သလား "
" ပြောပြလိုက်တာပေါ့။ ဒါပေမယ့် မှတ်ပုံတင်ကတ်ပြားဟာ အစစ်ဟုတ်မဟုတ်သိရအောင် တယ်လီဖုန်း ဆက်မေးပြီးမှ ပြောတာပါ "
" ဘယ်သူ့ဆီကို တယ်လီဖုန်းဆက်တာတုံး "

" လုံခြုံရေးကုမ္ပဏီလေ၊ သူ့မှတ်ပုံတင်ကတ်ပြားမှာပါတဲ့ တယ်လီဖုန်းနံပတ်အတိုင်း ဆက်တာပေါ့ "
ညနေသုံးနာရီတွင် အမ်မရိုဘဏ်အပြင်ဘက်၌ သံချပ်ကာ ထရပ်ကားတစ်စီး ရပ်လာသည်။
ထိုကားကို ဂျက်က လမ်းတစ်ဖက်မှနေ၍ ဓာတ်ပုံရိုက်ယူသည်။
သူနှင့် ခပ်လှမ်းလှမ်းမှနေသူ စုံထောက်တစ်ယောက်က ဂျက် သံချပ်ကာထရပ်ကားအား ဓာတ်ပုံ ရိုက်နေ သည်ကို ပြန်လည်ဓာတ်ပုံရိုက်ယူလိုက်သည်။

ဆက်ရန်
.

No comments: