Tuesday, September 6, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၈)

ဇောက်ထိုးမိုးမျှော်

ကျွန်ုပ်တွင် ရည်ရွယ်ချက်သုံးချက်ရှိကြောင်းကို ဆိုခဲ့ပြီ။ ထိုရည်ရွယ်ချက်တို့အနက် အင်္ဂလိပ် စာပညာကို သင်ရန် ရည်ရွယ်ချက်မှာ ကျွန်ုပ်အဖို့၌ အဓိက အရေးကြီးဆုံးသော ရည်ရွယ် ချက်ကြီး ဖြစ်၏။ အင်္ဂလိပ်စာတတ်တို့ ခေတ်ကောင်းနေကြသေးသော ကာဖြစ်သည် အားလျော်စွာ ကျွန်ုပ်သည် အင်္ဂလိပ်စာ ကိုသာ တတ်မြောက်ပါက ဒုတိယ ရည်ရွယ်ချက် ဖြစ်သော အဘိုးထံပါးသို့ ပြန်ဝင်ရသည့်အခြေသို့ပင် မရောက်စေကာမူ လူတစ်လုံး သူတစ်လုံး ဖြစ်နိုင်သ်ည့ လမ်းမပေါ်၌ ခြေချမိမည်ဟု ကျွန်ုပ် တွက်ဆ၏။ ထို့ကြောင့် အင်္ဂလိပ်စာကို သင်ရန် ရည်ရွယ်ချက်ကြီးမှာ ကျွန်ုပ်၏ အဓိကရည်ရွယ်ချက်ကြီးပင် ဖြစ်သည်။ တစ်ဘက်က ကြည့်ပါလျှင် အင်္ဂလိပ်စာတတ်မြောက်မှ အဘိုးထံသို့ အ၀င်တွင် ကိုယ်ရည်သွေးနိုင်ကာ ၀င်ခွင့် ပေါ်လေမည် ဖြစ်ပြန်လေရကား ဤရည်ရွယ်ချက်သာလျှင် ကျွန်ုပ်၏ သေရေး ရှင်ရေးတစ်မျှ အရေးကြီး နေသော ရည်ရွယ်ချက် ဖြစ်၏။ အဘိုးထံ ကပ်နိုင်လျှင် အင်္ဂလိပ်စာ အညွန့်အဖူးကို တတ်မြောက်အောင် ဆက်လက် သင်ကြားနိုင်ဖို့ လမ်းလည်း မြင်၏။

အဘိုး ထံ ပြန်၍ ကပ်လိုသော ဒုတိယရည်ရွယ်ချက်ကား အရေးကြီးသော ရည်ရွယ်ချက် တစ်ရပ် ဖြစ်သည်မှန်၏။ သို့ရာတွင် ကျွန်ုပ်က မည်မျှပင် ၀င်ချင်ပါသော်လည်း အဘိုးနှင့် ဦးလေးတို့က လက်ခံကြမှ ဖြစ်နိုင်မည့် ရည်ရွယ်ချက်ဖြစ်ရာ တစ်ပိုင်းသာလျှင် သေချာပေ သည်။ တစ်ဖန် သားအရင်း မြေးအဖျား ဟူသော ဆိုစကားရှိသည့်အတိုင်း သမီးရင်းအထွေး၊ ရွှေလိုဥထားသူ ကျွန်ုပ်၏ မိခင်ကိုမျှ ထိုမျှ ရက်စက်ခဲ့သော ဦးလေးနှင့် ဘိုးဘိုးတို့သည် အဖျားသာဖြစ်သော မြေး ကျွန်ုပ်အား ရက်စက်မည်ဆိုက ပို၍ပင် ရက်စက်နိုင်သော လမ်းကလည်း ရှိသေး၏။ ထို့ကြောင့် အဘိုးထံပြန်၍ ကပ်နိုင်ရာမှာ ကျွန်ုပ်ဘက် က တစ်ဝက် သာ သေချာလျက် အကယ်တန္တိ အဘိုးထံမ၀င်ရလျှင်လည်း ကျွန်ုပ်မှာ ကျွန်ုပ် တတ်မြောက် ပြီးဖြစ်သော (၇)တန်း ပညာကို အားကိုးနိုင်လောက်ပြီဖြစ်၍ များစွာ ပူပင်ဖွယ် မရှိ။ သို့ဖြစ် သဖြင့် အဘိုးထံ ပြန်၍ကပ်ရန် ဒုတိယရည်ရွယ်ချက်မှာ အင်္ဂလိပ်စာသင်ရန် ပထမရည်ရွယ် ချက်လောက် အပူတပြင်း အရေးတကြီး ခိုင်ဖြီးလှခြင်း မရှိပေ။

တတိယရည်ရွယ်ချက် ဖြစ်သော အဘိုးနှင့်ဦးလေးကို မိခင်အတွက် လက်စားချေလိုသည် ကား ပျောက်ကွယ် တိပ်မြုပ် ၍ စုပ်စမြုပ်စ မပေါ်သော ရည်ရွယ်ချက်မျှသာ ဖြစ်လေသည်။
ဤသို့အားဖြင့် (၁) အဓိက၊ (၂) သာမည၊ (၃) စိတ္တဇ ဟူ၍ ရည်ရွယ်ချက်သုံးမျိုးတို့ သူ့အဆင့်နှင့်သူ အဆင့်ဆင့် ရှိ နေကြရာတွင် ကျွန်ုပ် ၁၇နှစ်သား အရွယ် ရှင်လိင်ပြန်စ၌ ကံတရား၏ ဖလှယ် ညစ်ပတ် တတ်သော ဥာဉ်စိုး က အဖန်တီးကြီး ဖန်တီး၍ အကြီးအကျယ် မွှေနှောက်လိုက်ပြန်သောကြောင့် ကျွန်ုပ်၏ ရည်ရွယ်ချက် တို့မှာ ငါးမိနစ်ခန့်အတွင်းတွင်ပင် ဇောက်ထိုးမိုးမျှော်ဖြစ်၍ သွားကြရလေတော့သည်။ ယင်းသို့  ရည်ရွယ်ချက်များ ဇောက်ထိုး မိုးမျှော် မလျော်မကန် ဖြစ်ကုန်ကြသဖြင့်လည်း ကျွန်ုပ်၏ ဖြစ်စဉ်မှာ တစ်ခါတည်း တောင်ဆင်းလမ်းကွေ့ကြီးကို ချိုး၍ ဆင်းသွားရသကဲ့သို့ ဖြစ်သွားရ၏။ ထိုတောင်ဆင်းလမ်း ကွေ့ကြီး ၏ ခရီးအဆုံးသည်ကား စက်တိုင်ပင် ဖြစ်၍ နေပေတော့သည်။

သို့သော် ... ကျွန်ုပ်၏ ရည်ရွယ်ချက်တို့ကား ဖိဖိစီးစီး ပြီးမြောက်အောင်မြင်၍ မှန်ကင်း အထွတ်သို့ပင် တိုင်ခဲ့သည် ဟု ဆိုရပေမည်။ သို့သော် မှန်ကင်းအထွတ်မှ ကံတွန်း၍ ချသဖြင့် အားလွန်ကာ စက်တိုင်ပေါ် သို့ ရောက်ရသည်မှာကား တွေးလိုက်တိုင်း ရင်ဖွယ်ဖြစ်ပေတော့ သည်။ ထို့ကြောင့်လည်း သေစား သေစာ စီရင်ချက် အတွက် ကံတရား၏ ကုပ်ကိုခွ၍ အားရပါးရ ရယ်ခဲ့မိတော့သည်။
ထားဦးတော့ ... ကျွန်ုပ်၏ ရည်ရွယ်ချက်များ ဇောက်ထိုးမိုးမျှော်ဖြစ်လျက် မှန်ကင်းထက်မှ စက်တိုင်ကို တက်ရသည့် အဖြစ်ကို ဖတ်လိုကြလှပေရော့မည်။
ကျွန်ုပ်(၇)တန်း အောင်မြင်ပြီးသောအခါ၌ ဆရာတော်ကြီးနှင့်တကွ ကျွန်ုပ်ဆည်းကပ်ရာ ဦးပဉ္ဇင်းတို့အပြင် ကျေးဇူးရှင် အထည်သည် လင်မယားတို့ကလည်း အလွန်တရာ ၀မ်းမြောက် ၀မ်းသာ ရှိကြပေတော့သည်။ ထို့ကြောင့် အထည်သည်လင်မယားတို့သည် ကျွန်ုပ်အား ဆုချီးမြှင့်သောအနေဖြင့် ၀တ်ကောင်းစားလှ တစ်စုံ ၀ယ်ပေးကြ၏။ ဆရာတော်ကြီးနှင့် ဦးပဉ္ဇင်းတို့၏ ချီးမြှင့်ခြင်းမှာကား ရှင်မပြုရသေးသော ကျွန်ုပ်အား အပါယ်တံခါး ပိတ်စေရန် တန်ခူးလအခါကြီးရက်ကြီးတွင် ကျွန်ုပ်အား သင်္ကန်းဆီးပေးကြခြင်းပင် ဖြစ်၏။

သင်္ကန်းဆီးပေးသည့်အချိန် (သံသာရ ၀ဏ္ဍဒုက္ခတော မောစနတ္ထာယ) ဟူ၍ သင်္ကန်းကို ဆရာတော်ကြီး အား အပ်သည့်အချိန်မှစ၍ လည်ရွှဲလာခဲ့သော မျက်ရည်သည် (အာမဘန္တေ) ဟူ၍ သာမေဏ ရဟပဗ္ဗဇ္ဇသီလ အဆုံးသို့ထိရောက်သောအခါ၌ ကျွန်ုပ်၏ ပါးပြင်၌ ရွှဲရွှဲစိုခဲ့ လေတော့သည်။ အသို့လျှင် ကျွန်ုပ် ရင်မကွဲဘဲ ခံနိုင်ပါအံ့နည်း။ ကျွန်ုပ်၏ ကျေးဇူးရှင် အထည်သည်လင်မယားတို့သည် ကျွန်ုပ်အား ရှင်ပြုရာ တွင် ရှင်လောင်းမိဘ လုပ်၍ ကွမ်းတောင်ပိုက်ကာ ကျောင်းသို့ လာကြပေသည်။ ကျွန်ုပ်၏ ဖခင် ကား ယိမ်းသမနှင့် ပျော်လေပြီ။ ကျွန်ုပ်၏ မိခင်ကား အရိုးပင် ဆွေးရှာလေရော့မည်။ ဖခင်၏ ပေါ့တန်ပုံ ကိုကား တွေးမိသည်နှင့် တစ်ပြိုင်နက် စိတ်ထဲမှ အတွေးကို နှင်ထုတ်၍ အလွယ်နှင့်ရပါ၏။ ကိုယ့်သားကလေး ကိုမျှ သာသနာ့အမွေကိုခံကာ နိဗ္ဗာန်တံခါးပွင့်အောင် ရှင်ပြုမသွားရရှာ သော ကျွန်ုပ်၏ ကံဆိုးမ မိခင်ကြီးအား၊ တမ်းတမိသောစိတ်ဖြင့် ကျွန်ုပ်မှာ လူ့ဘ၀မှ ရှင်ဘ၀ သို့ ပြောင်းအံ့ဆဲဆဲတွင် မျက်ရည်ဝဲ ၍ အသည်းဆတ်ဆတ်တုန်ခဲ့ရပေသည်။

ကိုရင်ဘ၀ဖြင့် ကျွန်ုပ်သုံးလမျှသာ ကြာခဲ့။ သင်္ကန်းဝတ်ဖြင့် မပျော်ပိုက်ပေ။ ဆရာတော်နှင့် ဦးပဉ္ဇင်းတို့သည် ကျွန်ုပ် အား သာသနာ့ဝန်ထမ်း ရဟန်းအဖြစ်ကို မှန်းထားကြ၏။ သို့သော် ကျွန်ုပ်ကား ရည်ရွယ်ချက်များ ခိုင်ခန့် နေသူ ဖြစ်ပေရာ ဆရာတော်၏ အငြိုအငြင်ကို ခံရစေကာမူ ဇွတ်အတင်းပင် နယုန်လထဲ၌ လိင်ပြန်ခဲ့၏။ ၀ါဆိုလ အထိ နေလျှင်ကာ ၀ါတွင်းလေးလပတ်လုံး သာသနာ့နှောင်ကွင်းဝယ် အချုပ်မိ နေမည်ကို စိုးသောကြောင့် ဖြစ်ပေသည်။

ရှင် လူထွက်သောအခါ၌ ကျွန်ုပ်မှာ လူကောင်ကြီးထွား လူလားမြောက်ပြီဖြစ်၍ ခေါင်းတုံးကလေးပြောင် ပြောင် နှင့် မြို့ထဲ၌ ဆွမ်းဟင်းဗျပ်ကိုထမ်းကာ လည်ရသည်မှာ များစွာ ပနံမသင့်ဖြစ်လာ၏။ ဘုန်းကြီးကျောင်းသားတို့မည်သည်မှာ ငယ်စဉ်က ကျောင်းသားဘ၀နေ၍ သင်္ကန်းကို နိုင်နင်းလျက် သင်္ကန်း ၏ ဂုဏ်တော်မြတ်ကို ကြပ်ကြပ်မတ်မတ် ထိန်းသိမ်းစောင့်ရှောက် နိုင်သောအခါသို့ ရောက်လျှင် သင်္ကန်းဆီး ရကာ သာသနာ့ ၀န်ထမ်းရဟန်းဘ၀ကို မျှော်မှန်းလျက် ပရိယတ် ပဋိပတ်ကို ကြိုးစား လေ့လာ အားထုတ် ရစမြဲဖြစ်၏။ ကျွန်ုပ် ရည်ရွယ်မှန်းထားချက်တို့မှာကား သာသနာ့လက်ရုံးဘ၀မျိုးဖြင့် မည်သို့မျှ ဖြစ်မြောက်နိုင်မည် မဟုတ်ရာ လူ့ဘ၀ကျော့ကွင်းထဲသို့ ပြန်၍ ၀င်ခဲ့ခြင်းဖြစ်ပေ၏။

ဤအခါ၌ ကျောင်းသားအရွယ်ကို လွန်ပြီဖြစ်သော ကျွန်ုပ်သည် ဘုန်းကြီးကျောင်း၌နေရန် မသင့်တော့ အောင် ဖြစ်လာ၏။ လူဝတ်နှင့် သည်အရွယ်ကြီးကျကာမှ ဘုန်းကြီးကျောင်းရိပ်ကိုခို၍ နေပါလျှင်လည်း အလွန်ဆုံး ကပ္ပိယဘ၀ ၌သာ အဆုံးသတ်ရဖို့ ရှိပေရာ ကျွန်ုပ်မှာ ဘုန်းကြီးကျောင်းမှခွာဖို့ ပြင်ရပေသည်။ အဘယ်သို့ သွားမည်နည်း...။

ဥတစ်လုံး တစ်ကောင်ကြွက်မျက်နှာငယ် လောကအလယ်တွင် ကိုးကွယ်ရာ မိဘသားချင်းမရှိသော ကျွန်ုပ် မှာ အဘယ်သို့ သွားရပေလိမ့်မည်နည်း။ ၀ါဆို ဦးဖြစ်သောကြောင့် ဈေးဝယ်နာဝယ် များလည်း လှိုင် လေပြီ။ ဤအခွင့်အလမ်းကိုမြင်သော ကျွန်ုပ်သည် အလျှင်အမြန် စက်ချုပ်သင်၏။ ၁၄ ရက်ခန့်နှင့် လမ်းကြောင်း ဖြောင့်ဖြောင့် စက်ပေါက်တတ်လာခဲ့သောအခါ ကျွန်ုပ်သည် ကျေးဇူးရှင် အထည်သည် လင်မယား တို့၏ ဈေးချုပ်အထည်များကို ည၌ ညလုံးပေါက် သွား၍ ကူညီချုပ်လုပ်ပေးခြင်းအားဖြင့် စက်ချုပ် သမားဘ၀ သို့ ရောက်မှန်းမသိ ရောက်လာ၏။ စက်သမားဘ၀ကို ရမှန်းမသိရရင်းကပင် ကျွန်ုပ် သည်လည်း ဘုန်းကြီးကျောင်းမှ ခွာမှန်းမသိ ခွာလျက် ကျေးဇူးရှင် အထည်သည် လင်မယားတို့က " ကိုင်းပါ မောင်ကံကောင်း ရယ် တို့အိမ်ကိုသာ ပြောင်းခဲ့ပါတော့ကွယ် ... မင်းဖို့ စက်တစ်လုံး တို့ငှားပေးပါ့မယ် ဟုတ်လား ... ဈေးထည်တွေကို နိုင်နိုင် ချုပ်နိုင်မှပဲ အလုပ်ကတော့ ပြတ်ဖို့မရှိတော့ပါဘူး" ဟု ဆိုကြသော အခြေသို့ ရောက်လာခဲ့၏။

ကျွန်ုပ်ကား စက်သမားလုပ်လိုသူမဟုတ်ပေ။ သို့သော် (မင်းမဟော်ပုဂ္ဂိုလ်မှ အိုးဖိုကို ထွက်ပြေး၍ အရေးသစ် ကြံရသေးသည်) ဟူသော ထုံးအတိုင်း ဘုန်းကြီးကျောင်းသားဘ၀မှ လွတ်လပ်ရေး ရစေရန် ခြေတစ်လှမ်း လှမ်းရခြင်းဖြစ်၏။ ထိုမှ တစ်ဖန် ကျွန်ုပ်သည် ငွေရလမ်းကို ရှာရပြန်၏။ စက်ချုပ်၍ ရသမျှ ကလေးတို့မှာ အ၀တ်အစားကလေး များ ၀ယ်ရ၏။ အထည်သည် လင်မယားတို့အားလည်း ထမင်း လခ ပေးရ၏။ သို့သော် ကျွန်ုပ်ပေးသော လခမှာ မဖြစ်လောက်ပါပေ။ ကျေးဇူးရှင်များက ငဲ့ညှာသဖြင့်သာ နေသာ ပေသည်။ သူတို့၏ ကျေးဇူးကြီးလှပါပေတော့သည်။

ထိုအချိန်ကာလတစ်လျှောက်လုံး၌ ...
" ငါ့သား ကြီးပြင်းလာရင် သားရဲ့ ဘိုးဘိုးဆီ သွားပြီး ရွှေမန်ကျည်းတောင့်တွေကို တောင်းနော် ... " ဟူသော မိခင်၏ မှာစကားသည်လည်း ကျွန်ုပ်တွင် နိစ္စပတ် ကြားယောင်လျက် ရှိနေပေသည်။ ထို့ကြောင့် အဘိုးရှိရာ မြို့သို့ သွားစရိတ်ရရန် ကျွန်ုပ်သည် ကိုယ်ပိုင်ဝင်ငွေ ရှိသောလမ်းပေါက်ကို အုတ်ခုံကစ၍ စက် သမားဘ၀ဖြင့် ခြေတင်ကာ ငွေဝင်လမ်းများလှသည် မဟုတ်ပါပေ။ ထို့ကြောင့် ငွေဝင်လမ်း အခြားတစ်ခုကို ရှာရပြန်သည် ၌ အခန့်သင့်ပင် လမ်းအခွင့်ပေါ်လာ၏။ ထိုလမ်းအခွင့်မှာကား ကျွန်ုပ် နေထိုင်ရာ မြို့ရှိ မြေ တိုင်းဘက်ဌာန မှာ မိုးဦးကျက ကွင်းဆင်းထားသော လယ်ပျက်စာရင်း ကြေးတိုင်စာရင်းတို့ဖြင့် အလုပ် အလွန်များ၍ နေပေရာ ညအချိန်တွင် စက်ကို ဖိချုပ်၍ ညနေပိုင်း၌ကား မြေတိုင်းစာရေး တစ်ဦးကို သွား၍ မေတ္တာရိကူညီနေခဲ့၏။

ထိုခေတ်က ဓလေ့မှာ ရုံးစာရေးအလုပ်ကို အကူစာရေးဘ၀ဖြင့် မုန့်ဖိုးမျှယူ၍ ၆-လခန့် သင်နေရပြီးမှ လခရ သော အကူစာရေးဘ၀ကို ရောက်ကြရပေသည်။ ကျွန်ုပ်ကား စာရေးဘ၀ကို မျှော်၍ ကြည့်မိ၏။ စာရေးဘ၀ မှာ စက်ချုပ်သမားထက်တော့သာ ၍ ငွေဝင် ကောင်းပေသည်။ မြေတိုင်းစာရေးကြီးသည် ကျွန်ုပ်၏ အလိုက်သိ တတ်မှုကြောင့်လည်းကောင်း။ အလုပ်ကို ကြိုးစားသဖြင့်လည်းကောင်း မုန့်ဖိုးအဖြစ်နှင့် ငွေ ကလေးဖောဖော ပေးလေ့ရှိပြီးလျှင် မြေတိုင်းအင်စပက်တော်မင်းကိုလည်း အကူစာရေးနေရာ လစ်လပ် ပါက ကျွန်ုပ်အား ခန့်ထားပါရန် ထောက်ခံပြောဆိုပေး၏။

စက်ချုပ်ရာမှရသော ငွေကလေးဖြင့် ထမင်းဖိုး၊ အ၀တ်အစားဖိုးကလေး ရ၍နေသောကျွန်ုပ်မှာ မြေတိုင်း ဘက်အကူစာရေးပေါက်စအဖြစ်ဖြင့် ရသောငွေကလေးများကို ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းခြင်းဖြင့် သုံးလ ခန့်အကြာ တွင် အဘိုး၏ မြို့ရွာသို့ သွားရန် လမ်းစရိတ်ကလေးပင် ဖူလုံသလောက် ဖြစ်လာ၏။ ထိုလမ်း စရိတ် ကား မီးရထားဖြင့် အခန့်စားသွားနိုင်လောက်သော လမ်းစရိတ်မဟုတ်။ မျှင်ငါးပိတင်လာသော ကတ္တူ များ အပြန်တွင် လှေကြုံစီးကာ အပေါစားခရီးသွားရမည့် စရိတ်လောက်သာ ဖြစ်လေတော့သည်။

လှေကြုံစီးစရိတ်ကလေးကို ပိုက်မိသည့် အချိန်မှစ၍ ကျွန်ုပ်သည် အဘိုး၏ မြို့သို့သွားရန် အခွင့်အလမ်းကို စောင့်လင့် နေ၏။ အငြိမ်လည်းမနေ။ အဘိုးတို့မြို့မှ ရောက်လာသော ကုန်သည်ပွဲစားတို့ထံမှ အဘိုး၏ အကြောင်းများကို အမြဲတမ်း စနည်းနာရ၏။ အကြောင်းမူကား ကျွန်ုပ်၌ လှေကြုံစီးစရိတ်ကလေးရှိသည့် တိုင်အောင် အဘိုးတို့မြို့သို့ လိုက်သွားကာ သူ့အိမ်သို့ မျက်နှာပြောင်တိုက်ကာ တက်ပြီးနောက် "ကျွန်တော် ဟာ အဘိုး ရဲ့မြေး၊ မောင်ကံကောင်းပါခင်ဗျာ၊ အလုပ်တစ်ခုပေးပါ"ဟု ပြောလျှင် ရိုက်အချမခံရလျှင် တော် သည်ဟု ထင်ရပေလိမ့်မည်။

လောကသည် ဆန်း၏။ အရိုးခံအဖြောင့်သမားများနှင့် မကိုက်ပေ။ အရိုးခံသမားတို့ ဤညစ်ပတ်လှသော လောက၌ မထွန်းကားဘဲ လူရည်လည်သူတို့သာ ထွန်းကားသည်မှာ ကောသလ၏ ဘူးတောင်းနစ်၍ စောင်းကြမ်း ပေါ်သော အိပ်မက်အတိုင်းပင် အားလုံးအသိဖြစ်ကြ၏။ လူရည်လည်သောသူတို့ကား တစ်စုံ တစ်ခုကို လိုချင်သော်လည်း မလိုဟန်ဆောင်လျက် အခွင့်အလမ်းကို စောင့်ကာအခွင့်အလမ်းပေါ်၍ ပိုင် လောက်မှ အကွက်ဆင်ကာ နင်းခြင်းအားဖြင့် လိုရာကိုရအောင် ကြံဆောင်ကြစမြဲဖြစ်၏။ ဂျပန်ခေတ်က ပေါ်ခဲ့သော (ဖော်လံဖား)ဟူသော စကားမှာ စင်စစ်တွင် လူရည်လည်၍ ဂုဏ်နှင့်အာဏာရှိသူ၏ အနီးသို့ ကပ်နိုင်ရပ်နိုင်သောသူတို့ကို ရှုတ်ချသောစကားဖြစ်၏။ စင်စစ်ကား ဂုဏ်နှင့် အာဏာရှိသူတို့၏ အနီးသို့ လူ တိုင်း မကပ်နိုင်ပေ။

လူရည်လည်သောသူတို့သာ ကပ်နိုင်၏။ ထိုသို့ ကပ်နိုင် ရပ်နိုင်ရန်မှာလည်း လူ့အလိုက်နှင့် အကြိုက်ကို သိတတ်သောအစွမ်းရှိမှ ကပ်နိုင်ပေရာ၊ ကပ်ချင်ရပ်ချင်တိုင်းလည်း မဖြစ်။ ထို့ကြောင့် (ဖော်လံဖား)ခြင်း သည် လည်း မလွယ်။ အနုပညာတစ်ရပ်ပင်ဖြစ်၏။ ဂုဏ်နှင့် အာဏာရှိသူတို့ကို လူတိုင်း ပင် ကိုယ်ကျိုး အတွက် ဖော်လံဖားချင်ကြ၏။ သို့သော် လူရည်လည်သူတို့ကသာ အနီးသို့ကပ်၍ ဖော်လံဖား နိုင်ကြပေရာ ဖော်လံဖားချင်ပါလျက်နှင့် အခွင့်အလမ်းကို မယူတတ်သဖြင့် ဖော်လံမဖားရသော သူတို့က ဖော်လံဖား နိုင် သောသူတို့ကို ၀န်တိုစိတ်မကင်းဘဲ ရှုတ်ချသော လေသံဖြင့် (ဖော်လံဖား)သည်ဟု ဆိုကြ ကုန်၏။ ဖော်လံဖား သူတို့ အခွင့်အလမ်းက စောင့်မျှော်တတ်သော အနုပညာ၊ ပေါ်လာသော အခွင့်အလမ်းကို ဖမ်းယူတတ်သော အနုပညာတို့ကို အရိုးခံသမားတို့ နားမလည်နိုင်ကြပေ။

ရိုးသားပွင့်လင်းစွာ ရေးသားရမည်ဆိုပါလျှင် ကျွန်ုပ်သည်ကား အလွန်တရာစိတ်ခက်ထန် တိပြတ်လှ စွာသော အဘိုးဖြစ်သူ ဦးနကီထံသို့ ပြန်၍ချဉ်းကပ်နိုင်ရန် (၀ါ) ဖော်လံဖားရန် အခွင့်အလမ်းကို စောင့်မျှော်နေသူတစ်ဦးဟု ရေးရပေတော့မည်။ သူ့အိမ်သို့ ရုတ်ခနဲတက်သွားပါက ခြေဦးတည့်ရာ အိမ်ပေါက်ကို တက်သည့် အရူးကို နှင်ချသလိုသာ နှင်ချခြင်းခံရပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်သည် အဘိုး၏ အိမ်ပေါက်သို့ အကြောင်းပြ ကောင်းကောင်းနှင့် အမောင်းအနှင်း မခံရဘဲ တက်နိုင်အောင် အခွင့် အလမ်းကို စောင့်မျှော်နေရ၏။ အနှင်မခံရဘဲ လက်သင့်ခံမှ ချဉ်းကပ်နိုင်ပေမည်။ သို့အခွင့်အလမ်းကို စောင့်မျှော် နေသည့် အတွင်း၌လည်း အကယ်၍ အကြောင်းပြ ကောင်းကောင်းနှင့် အဘိုး၏ အိမ်ရိပ်ကို နင်း ကြည့်ရာ၌ အမောင်းအနှင်ခံရပါလျှင် အသာကိုယ်ရှိန်သတ်၍ တပ်ပြန်ဆုတ်သာအောင် ပြန်စရိတ် ကလေး ကိုလည်း မလိုလေး လိုလေးစုဆောင်းကာ အသင့်ပြင် ထားရပြန်၏။ အဘိုး၏ မြို့၌ သောင်တင်ခံ၍ မနေနိုင်ပေ။

ကံတရား သည် လူလယ်လုပ်လွန်းအားကြီးသည်ဟု ဆိုစရာ ဖြစ်နေပေတော့သည်။ ကံတရားသည် တစ်ခါ တစ်ရံ၌ ရှစ်ကွက်ကျားကစားသူ ချန်ပီယံနှင့် အလွန်တူလေ့ရှိပါသည်။ ရှစ်ကွက်ကျားချန်ပီယံသည် အကွက်ဆန်း မောင်းဆင်ထားကာ ကိုယ့်ကျားတစ်ကောင်ကို ထိုးကျွေး၍ ပြိုင်ဘက်၏ ကျားသုံးကောင်ကို စားကာ (ကင်း) ယူတတ်သည့်နည်းတူ ကံတရားကိုယ်တော်မြတ်သည်လည်း သတ္တ၀ါ တစ်ဦး၏ ကြမ္မာကို ဖန်တီး ရာ၌ လက်ဦးတွင် ၀မ်းသာအားတက်ဖွယ်တစ်ခုခုကို လာဘ်ထိုးပြီးမှ တင်းပုတ်ကြီးနှင့် ထုနှက်သလို နလံ မထူအောင် နှိပ်စက်တတ်သည်။

သို့ဆိုရခြင်း၏ အကြောင်းရင်းမှာမူကား အဘိုး၏ မြို့ရွာသို့ ကျွန်ုပ်ချဉ်းကပ်လိုသောကြောင့် သွားစရိတ်၊ ပြန်စရိတ် ကလေးများကို ခြစ်ခြစ်ခြုတ်ခြုတ် စုဆောင်းမိစပြုသောအခါ တွင်ပင် ကျွန်ုပ်အား အဘိုးရှိရာသို့ သွားနိုင်သော လမ်းအခွင့်များကို ကံတရားက ဖွင့်ပေးစပြု၍ လာခြင်းပင်ဖြစ်၏။ လက်ဦးဆုံး ကျွန်ုပ်၏ အဘိုး ဦးနကီ ကိုယ်လက်မအီမသာဖြစ်သည်ဟူသော သတင်းအစအနများကို ကြားရ၏။ ဤအချိန်မှာ ၁၉၂၇ ခုနှစ်ဆီသို့ ရောက်နေပြီဖြစ်ရာ ကျွန်ုပ်၏ အဘိုး ဦးနကီမှာ ၁၈၆၀ ပြည့်နှစ်၌ ဖွားသူဖြစ်သဖြင့် လုပ်ငန်းကြီး အားလုံး ကိုပင် သားဖြစ်သူ ဦးဒေါနအား ပုံ၍ လွှဲအပ်ထားကာ အနားယူ၍ နေရသည်ဟူသော သတင်း သန့် သန့် ကြားနေရပြန်၏။

၁၉၂၈ ခုနှစ်သို့ ၀င်ခဲ့သောအခါတွင်မူကား ကျွန်ုပ်၏အဘိုး ဦးနကီသည် အိပ်ယာ၌ လဲလျောင်း နေရသည်ကသာ များသည်ဟူသော သတင်းများ ကျွန်ုပ်၏ နားသို့ ပေါက်လာ၏။ အဘိုး၏ မကျန်းမာ မှုသည် စင်စစ်၌ ကျွန်ုပ်အဖို့တွင် အဘိုးရှိရာသို့သွားရန် အခွင့်အလမ်း တစ်ခုအဖြစ်ဖြင့် ကံတရားက ဖဲဆင်၍ ပေးခြင်းဖြစ်လေသည်။ နောက်ဆုံး၌ ကံတရားသည် ကိုယ်ဆင်ထားသော ဖဲထုပ်ကို ကိုယ့်--ကြောင်းကို ကိုယ်စမ်း၍ ကိုယ့်ဘာသာချိုးကာ ကိုယ့်ဘာသာ ဝေသလိုလုပ်လိုက်သည်မှာကား အဘိုးဖြစ်သူ အသည်း အသန် ဖြစ်သည်ဟူသော သတင်းကို ရခြင်းဖြစ်၏။ ဤသတင်းမှာ ကျွန်ုပ်၏ အဖို့၌ အဘိုး၏အိမ်သို့သွားရန် အချိန်တန်ပြီဟု ကံတရားက ပခုံးပေါ်၌ခွကာ နားတွင်းသို့ တီးတိုးပြောလိုက်သည် နှင့် မခြားပါပေ။

" အဘိုးဖြစ်သူ အသည်းအသန်မမာသဖြင့် ကျွန်တော် ပြုစုရန်လာပါသည်" ဟု အကြောင်းပြချက်ခိုင်လုံစွာ ဖြင့် အဘိုး၏ အိမ်သို့ တက်နိုင်သောအ ခွင့်အပလမ်းကို ကံတရားက စီမံဖန်တီး၍ ပေးချေပြီ။ လူမမာကို ပြု စုရန် လာသောသူအား အဘယ်သူသည် မောင်းနှင်၍ ပစ်ပါအံ့နည်း။ အစေအပါးခံလို၍ လာပါသည်ကို ခြေ နှင့် ဆီး၍ ကျောက်သောထုံးစံသည် အဘယ်မှာမျှ မရှိစဖူးခဲ့။ ထို့ကြောင့် အခွင့်အလမ်းကို ရည်းစားမျှော် သလို ဇောထက်သန်စွာဖြင့် မျှော်ငံ့နေခဲ့သော ကျွန်ုပ်သည် အဘိုး အသည်းအသန်မမာ ... ဟူသောသတင်း ကိုရသည်နှင့် တစ်ပြိုင်နက် လက်ဆွဲ သေတ္တာကလေးတစ်လုံးဖြင့် အသွားအပြန် ခရီးစရိတ် ငွေထုပ် ကလေးကို စွပ်ကျယ်အတွင်းဘက် လျှို့ဝှက်စွာ ချုပ်ထားသော အတွင်းအိတ်၌ မပျောက်မပျက်စေရန် ကျစ် ကျစ်လျစ်လျစ်ထည့်ကာ ကတ္တူကြုံအဆင်သင့်ရှိသဖြင့် ကျေးဇူးရှင် အထည်သည်လင်မယားနှင့် မြေတိုင်း စာရေးကြီး တို့အား (အဘိုးမမာ၍) ဟူသော အကြောင်းပြချက်ကောင်းကောင်းနှင့် ခွင့်ပန်ပြီးနောက် အဘိုး၏ မြို့သို့ မျှော်လင့်ချက်ကြီးစွာဖြင့် ထွက်လာခဲ့ပေသည်။

လမ်းတစ်လျှောက်လုံး အခွင့်အလမ်း ဤသို့ ပေါ်လာခိုက်တွင် အငိုက်ဖမ်းလိုက်ရသည်ကို ကျေနပ်ကြည်နူး လာခဲ့၏။ အဘိုး၏ ကျောက်ဆိုင်နှလုံး အရည်ပျော်ကျအောင် မည်သို့ပြုမည်၊ မည်သို့ အလိုက်တသိ ဆောင် ရွက်မည် စသည်တို့ကိုလည်း အမျိုးမျိုး အဖုံဖုံတွေး၍ အသင့်ပြင်ဆင်လာ၏။ ကံတရား ဖန်ထားပုံကိုလည်း ကံကိုသာ အကောင်အထည်မြင်ရလျှင် ထိုင်၍ ရှိခိုးချင်လောက်အောင် ကျေးဇူးတင်မိ၏။

သို့သော် ရက်စက် သောကံတရားကား ရေနံပိုက်ပေါက်ကာ လယ်တစ်ကွက်လုံး ရေနံတွေပြည့်နေသဖြင့် ၀မ်းသာအားရ ကခုန် နေသော လယ်သမားကို မိုးကြိုးပစ်ချလိုက်သည့်နည်းတူ ကျွန်ုပ်အား အခွင့်အလမ်း ကလေးနှင့် မြူခေါ်ပြီး နောက် သုံးကွက်ကျော်စားကာ သွားတစ်ချောင်းနဲ့အောင် အနှိပ်စက်ကြီး နှိပ်စက်ပစ်လိုက်ပြန်လေတော့ သည်။
ဖြစ်ရပုံမှာကား တနင်္သာရီဒေသရှိ အသည်းအသန် မမာနေသော ကျွန်ုပ်၏ အဘိုးထံသို့ ကတ္တူကြုံကိုစီး၍ လိုက်ခဲ့သည်တွင် လေအဆင်သင့်သဖြင့် လေးရက်ခန့်မျှနှင့် အဘိုးတို့ မြို့သို့ ရောက်ခဲ့၏။ ကတ္တူဆိုက် သောအချိန်မှာ ညနေစောင်းလောက်တွင် ဖြစ်လေရာ တော်သလင်းလ၏ ပူပြင်းလှသောနေ ရောင်တို့ပင် ငြိမ်းအေးစပြုလျက်၊ ကုန်းသို့ လက်စွဲသေတ္တာတစ်လုံးနှင့် တက်ခဲ့မိသောအခါ၌ အဘိုးထံသို့ဝင်ရန် အချိန် ကောင်းဖြစ်နေသည်ကို သတိထားမိ၏။ စိတ်ထဲ၌ "ညနေပိုင်း အေးအေးလူလူ ဆိုတော့ စကားစမြည် လိပ် ပက်လည်အောင် ပြောဖို့ အချိန်ကောင်းပဲ။ ညစာ ထမင်းကျွေးပြီး ညအိပ် လက်ခံမယ်ဆိုရင် ငါ့ ဒုတိယ ရည်ရွယ်ချက်ဖြင့် အောင်ပေတော့မယ် " ဟု တွေးမိ၏။

ကမ်းနားမှ တက်ခဲ့၍ ကြုံရာကို မေးမြန်းခြင်းဖြင့် အဘိုး၏ အိမ်ဝင်းပေါက်သို့ ရောက်ခဲ့ပေသည်။ အဘိုး၏ အိမ်ကြီးကို မြင်လိုက်ရသောအခါ၌ ကျွန်ုပ်သည် သွားလေသူမိခင်ကြီးအား သတိရကာ ရင်ထဲ၌ ဆို့နစ်၍ သွားမိ၏။ အိမ်ကြီးကား ရှေးအိမ်ကြီးဖြစ်၏။ ငါးပင် လေးခန်း နှစ်ထပ် ဖြစ်လျက် ကြီးမားကျယ်ဝန်းသော ၀င်း ကြီးအတွင်း၌ တည်ရှိ၏။ အိမ်ရှေ့တွင် ၀င်းပေါက်နှစ်ပေါက်ရှိ၏။ နှစ်ပေါက်စလုံးပင် ၀င်းတံခါးများကို ပိတ်၍ ထားပေရာ အိမ်ကြီးသည် ကျွန်ုပ်အား မနှစ်မြို့သော အသွင်ဖြင့် မျက်မှောင်ကုတ်၍ ကြည့်၍ နေသည် ဟု ထင်မိ၏။

အိမ်ကြီးကိုကြည့်ရင်း ကျွနုပ်၌ ရုတ်တရက် အကြောက်ဝင်လာ၏။ " အော်ငေါက်များနှင့်ပစ်ရင် ဒုက္ခပဲ"ဟူ သော စိုးရိမ်မှုဖြင့် တက်ရပိမ့်သော ... ဆုတ်ပိမ့်သောဟု တွေးတောနှစ်ခွ ကြံသဖြင့် ၀င်းပေါက်ဝတွင် ခြေလှမ်းတုံ့၍ နေမိ၏။ သို့သော် အခွင့်အလမ်းပေါ်ခိုက်မို့ လိုက်ပါခဲ့သည်တွင် ၀င်းပေါက်ကို ရောက်ပါမှ ပြန် ရမည်ဆိုသည်မှာ ရယ်ဖွယ်သာဖြစ်နေသောကြောင့် အာ်းတင်းကာ " ဘာပဲဖြစ်ဖြစ် ဖြစ်လိုရာဖြစ် ၀င်တွေ့ပြီး မှ အနှင်ခံရရင်လည်း မကျေမနပ်နဲ့ ပြန်ရုံပဲ "ဟု ကိုယ့်ကိုယ်ကို သိဒ္ဓိ တင်လိုက်ပြီး ၀င်းတံခါးကို တွန်းကြည့် ၏။ စေ့ရုံမျှသာစေ့ထားသော တံခါးသည် ကျည် ... ခနဲမြည်ကာ ပွင့်သွား၏။ ပြီးမှ ကိုယ့်စိတ်ကို ကိုယ် အားပေး ၍ ကိုယ့်အဖြစ်ကို ပြုံးမိကာ အိမ်ကြီးဆီသို့ ခပ်သုတ်သုတ် လှမ်းခဲ့ရပေသည်။

အိမ်ကြီးမှာ ရှေ့ပိုင်းကပြင်၌ သမံတလင်းခင်း၍ သံဆန်ခါများကာ၍ထား၏။ ထိုကပြင်မှာ ရှေးအိမ်ကြီးကို ပို၍ ကျယ်ဝန်းစေရန် ဖိနပ်ချွတ်မှနေ၍ အိမ်ရှေ့ဘက်သို့ဖြန့်ကာ ထပ်၍တိုးထားသော နောက်တိုး အဆောက်အအုံ ဖြစ်ကြောင်း ထင်ရှားပေသည်။ သံဆန်ခါကာရံထားသော ခြေရင်းဘက်၌ မတ်လုံးသံတိုင် များ ခပ်စိတ်စိတ်ထည့်ထားသော တံခါးပေါက်ရှိ၏။ တံခါးပေါက်၏ ရှေ့သမံတလင်းခြေနင်းခုံပေါ်၌ရှိသော ခွေးတစ်ကောင်သည် ကျွန်ုပ်ကိုမြင်သည်နှင့် တစ်ပြိုင်နက် ဆီး၍ ဟိန်းလေတော့သည်။ ခွေးဟိန်းသဖြင့် ကျွန်ုပ်မှာ တံခါးပေါက်နားသို့ ချက်ချင်းမကပ်ဝံ့သေးဘဲ အိမ်ထဲသို့ လှမ်း၍အသံပြုရလျှင် ကောင်းလေမည် လားဟု တစေ့တစောင်း ကြည့်လိုက်မိ၏။

သမံတလင်းက ပြင်အတွင်းပိုင်း၌ စားပွဲသုံးလေးလုံးကို မျက်နှာ မူ လျက် ကုလားထိုင် သုံးလုံးခန့် စီချထားပေရာ အဘိုးဦးနကီ၏ လုပ်ငန်းကို အသေး စိတ်ဆောင်ရွက်ရသူ ကိုယ်စားလျယ်များ၏ အလုပ်စားပွဲ များဖြစ်ကြောင်းကို ရိပ်မိရ၏။ " ဒီစားပွဲတစ်လုံးလုံးမှာ တစ်နေ့ကျရင် ငါဝင်ပြီး ထိုင်ရမှာပဲ ထင်ပါရဲ့" ဟု ရုတ်တရက် တွေးမိ၏။ ကပြင်၏နောက်ဘက် အိမ်မကြီး၏ အတွင်း၌ကား ခေတ်မီပရိဘောဂ များဖြစ်သော ဆိုဖာ တစ်ယောက်ထိုင်။ နှစ်ယောက်ထိုင်တို့မှာ မှန်ချပ်ခင်းထားသော စားပွဲဝိုင်းကို ၀န်းရံကာ ဂုဏ်သိက္ခာရှိရှိ တည်နေကြ၏။ ငါးရှဥ့် သွေးကတ္တီပါဖုံးထားသော ဆိုဖာကြီးများကား အိမ်ရှင်၏ ကြွယ်ဝမှု ကို ဖော်ပြ၍ နေပေသည်။

အိမ်တွင်းသို့ ကျွန်ုပ်အကဲခတ်နေသည့် ခဏတွင်ပင် " ဟဲ့ ရန်လုံ" ဟု ကြည်လင်သောအသံဖြင့် အိမ်တွင်း ခန်းမှ ဆိုလိုက်သော အသံကလေးတစ်ခုကို ကြားရပြီးနောက် ဇာခန်းဆီးကို ဖယ်ကာ အိမ်တွင်းခန်းမှ ကလေးမလေးတစ်ယောက် ထွက်လာသည်ကို မြင်ရ၏။ ထိုကလေးမမှာ အသက် ၁၀ နှစ် ၁၁ နှစ် အရွယ် ခန့်သာ ရှိပေဦးမည်။ သို့သော်လည်း ထိုကလေးမမှာ အတော်ပင် ရုပ်ရည်ပြေစင်တင့်တယ်လျက် ကြီးပြင်းလျှင် များစွာ ချောမောမည့် မိန်းကလေးဖြစ်ကြောင်းမှာ မြင်လျှင် မြင်ချင်း သတိထားလိုက်မိပေ သည်။

ထိုကလေးမသည် သံတိုင်ကြားမှ ကဲ အကြည့်တွင် ကျွန်ုပ်အားမြင်သဖြင့် သံတိုင်တံခါးပေါက်သို့လာ၍ " ဘာကိစ္စပါလဲရှင်" ဟု သိမ်မေါ့စွာမေးသည်။ ကျွန်ုပ်လည်း " ကိစ္စရှိလို့လာပါတယ်ကွယ် "ဟု ဖြေလိုက်ရ လေရာ ကလေးမသည် တံခါးပေါက်ကို ဖွင့်၍ ကျွန်ုပ်အား မျက်စောင်းခဲနေသော ရန်လုံဟူသောခွေးကြီးကို မောင်းနှင်ပစ်လိုက်ပြီးလျှင် " အထဲကို ကြွပါရှင်" ဟု ဖိတ်ခေါ်၏။ ကျွန်ုပ်လည်း အဘိုး၏ အိမ်ရိပ်အတွင်းသို့ ရင်တထိတ်ထိတ် နှင့် ချင်းနင်းဝင်ရောက်ခဲ့ပေတော့သည်။

" လူကြီးတွေကောကွယ် " ဟု ကျွန်ုပ်ကမေးသည်၌ ကလေးမက တံခါးကို ပြန်၍ ချက်ထိုးကာ ပိတ်ရာက " ရှိပါတယ်ရှင် ကျွန်မတို့ ဘိုးဘိုးနေမကောင်းလို့ အိမ်ခန်းတွင်းမှာပါ။ ကြွပါရှင် ဒီကို ကျွန်မ ၀င်ပြီး ပြောပေး ပါ့မယ်" ဟု ချေငံစွာပြောပြ၏။ ထို့နောက် ကျွန်ုပ်အား ဆိုဖာရှိရာသို့ ခေါ်ခဲ့၍ ဆိုဖာတစ်လုံးတွင် ထိုင်စေပြီး လျှင် စားပွဲပေါ်၌ ကွမ်းအစ်ကြီးတစ်လုံးနှင့် ဆေးလိပ်ပန်းကန်ပြားတစ်ချပ်လာချရင်း " ကွမ်းစားပါရှင်၊ ကျွန်မ အခုပဲ ဖေဖေတို့ကို ခေါ်ပေးပါ့မယ်" ဟု ဖွယ်ရာစွာပြော၏။ ကျွန်ုပ်လည်း အရွယ်နှင့်မလိုက် ဧည့်ခံ စကား ပြောသော ကလေးမ၏ အမူအရာ အပြောအဆိုကလေးများကို နှစ်သက်မိရင်း ကွမ်းအစ်ကြီး အတွင်းရှိ ထူထဲလှစွာသော ရုပ်လုံးဖော်ငွေဖလားစုံတို့နှင့် ငါးကျပ်သားကျော်ကျော် အလေးချိန် စီးမည့် ရွှေထုံးဘူးကြီး တို့ကို ကြည့်ကာ မိမိ၏ နှလုံးသွေးခုန်သံကိုပင် မိမိပြန်၍ ကြားရရင်း ကျန်ရစ်ခဲ့၏။

ဆက်ရန်
.

No comments: