Thursday, September 8, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁ဝ)

အချစ်ဦးအစ

လောဘ၊ ဒေါသ၊ မောဟနှင့် မာနတရားတို့ကို အခြေပြုလျက် ပြစ်ပျက်ခဲ့ရသော ထိုကိစ္စကိုချည်း ရှေ့၌ ရေး သားခဲ့သည်ဖြစ်သောကြောင့် ကျွန်ုပ်၏ အဖြစ်စဉ်ကို ဖတ်ရသူတို့မှာ ဆင်းရဲမွဲတေခြင်း၊ အစော်ကားခံရခြင်း၊ မတရားမှုများကို မလှန်သာဘဲ ခံရခြင်း အစရှိသည့် အကြောင်းအရာများကို မလှန်သာဘဲ ခံရခြင်း၊ အစရှိ သည့် အကြောင်းအရာများကိုချည်း စဉ်လိုက် ဖတ်ရှုခြင်းအားဖြင့် စိတ်ငြီးငွေ့လောက်ကြပေရော့မည်။ ထို့ ကြောင့် လောကဇာတ်ခုံပေါ်၌  ဖြစ်ပုံပျက်ပုံ ကင်ပွန်းချုံတစ်ခုအကြောင်းကို ရေးသားရာတွင် ဇာတ်လမ်း တစ်ခု၌ မင်းသမီးမင်းသား နှစ်ပါးသွားခန်းမပါလျှင် မပြီးသလို ကျွန်ုပ်၏ ဘ၀ဖြစ်စဉ်တွင်သာမက လူတိုင်း လူတိုင်း၏ ဘ၀ဖြစ်စဉ်တွင် မပါလျှင် မပြီးသလောက် ရှိသော နှစ်ပါးသွားခန်းကိုလည်း စိတ်အညောင်း ပြေ ဖွယ်ရာ ရေးသားရပေဦးတော့မည်။
အဘိုးဦးနကီရှိရာ မြို့မှ အဘိုးကို မဖူးတွေ့ရဘဲ ကြံစည်ကြိုးစားထားလေသမျှ အလဟဿ သဲရေကျဖြစ်ရ ကာ ကျွန်ုပ် တပ်လန်၍ ပြန်ခဲ့ရသောအခါတွင် ကျွန်ုပ်မှာ အသက် ၁၇ နှစ် တင်းတင်းပြည့်သော အချိန်ပင် ဖြစ်၏။

ရှင်လူထွက်စ လူပျိုပေါက် အရွယ်ဖြစ်သည့်အတိုင်း ကျွန်ုပ်သည် လောကဓမ္မတာ လူငယ်ဘာဝ မေတ္တာစိတ် များ နိုးကြွစအချိန်လည်း ဖြစ်ပေ၏။ ထို့ကြောင့်ပင် ယခင်က အမှတ်မထင်နေခဲ့ဖူးသော မိန်းမ ပျိုတို့၏ ရုပ်သဏ္ဍာန်၊ ကိုယ်လုံးကိုယ်ဖန်တို့ကို မသိမသာ ဂရုစိုက်၍ ကြည့်တတ်သော စိတ်ကလေးလည်း နိုးကြွလာခဲ့၏။ သို့ရာတွင် ကျွန်ုပ်မှာ ပေါ်ဦးစ မေတ္တာဓမ္မတာတရားဖြင့် အာရုံထွေပြား၍ နေသည်ကို ဦးစား ပေး၍ အရေးတယူလိုက်စားခွင့်မပေါ်ခဲ့။ ထို့ပြင် ကျွန်ုပ်၏ စိတ်တစ်ခွင်လုံး၌ အချစ်စိတ်မှာ ပစ္စည်းအသစ် တစ်ခုတိုး၍ လာကာမတ္တမျှသာ ရှိလျှက် ကျွန်ုပ်၏ ရည်ရွယ်ချက်ကြီး သုံးချက်တို့သည်သာလျှင် စိုးမိုးလွှမ်း ခြုံ၍ နေခဲ့၏။ သို့ဖြစ်သောကြောင့် အချစ်စိတ်ကို မကူးအား။ ရည်းစားသနာထားဖို့ကိုလည်း အချိန်မရ။ ညရောနေ့ပါ ၀မ်းစာနှင့် ပညာကို ရှာဖွေရင်း အဘိုးဦးနက်ထံသို့ ပြန်၍ ချဉ်းနိုင်ရန် ကြိးစားလိုသော ဇောတို့ သည်သာလျှင် ပွားများထက်သန်၍ နေခဲ့ပေသည်။

အဘိုး၏ ရပ်မြေမှ ကြေကွဲဖွယ် ရှက်နာကြီးကျ၍ မရှုမလှခံခဲ့ရသောအခါတွင်လည်း ကျွန်ုပ်မှာ ပြင်းထန်လှ သော ကံတရား၏ ဒဏ်ချက်ကို ရုတ်တရက် ခံစားရသည့်အတွက် စိတ်စက်မှုမမှန်သေးဘဲ ဘာကစ၍ ဘာ ကို လုပ်ရမှန်းပင် မသိနိုင်ရှိနေသေး၏။ ထို့ကြောင့် ကမတ္တူကြုံကိုစီး၍ ကျွန်ုပ်နေရင်း မြို့ကလေးသို့ ပြန်လည် လာခဲ့သော ခရီးတစ်လျှောက်လုံးတွင် မိုးမဆုံး၊ မြေမဆုံး တွေးလုံးတို့သာ ပတ်ချာလည်လျက် လက်ရှိ အခြေ အနေမှနေ၍ သင်းတို့တစ်မြုံလုံးကို လက်စားလှလှကြီး ချေနိုင်မည့်ဘ၀ကို ရောက်ရန်သာ အမျိုးမျိုး စိတ်ကူးထုတ်၍ နေမိ၏။ မည်သို့သောနည်းဖြင့် မာနရှင် တစ်မျိုးလုံးကို မျိုးဖြုတ်ရမည်ကိုကား လမ်းစရှာ ဖွေ ၍ မတွေ့သေးပေ။

သို့နှင့် ကျွန်ုပ် နေထိုင်ရာ မြို့ကလေးသို့ ပြန်၍ ရောက်ခဲ့သည်တွင် ကျွန်ုပ်မှာ မေတ္တာ၏ အရသာကို တစွန်းတစ မျှ စတင်၍ ခံစားခွင့် ကြုံရပေတော့သည်။ လက်စားချေလိုစိတ် ပြင်းထန်အားကြီးသ ဖြင့် လည်းကောင်း၊ ခံစားခဲ့ရသောမတရားမှုတို့၏ ကြီးမားလှသော ဒစ်ချက်ကြောင့်လည်းကောင်း၊ ကိုယ့် အခြေအနေ မခိုင်သေးသဖြင့် ကြိတ်မနိုင်ခဲမရ ဖြစ်နေသောကြောင့် လည်းကောင်း ကျွန်ုပ်၏ စိတ်မှာ အတည် တကျလမ်းစဟူ၍ မရှိဘဲ လဟာပြင်သဖွယ် ဖြစ်နေရဆဲတွင် သံယောဇဉ်ဇောကလေး တစ်ပွင့် သည် ကျွန်ုပ်၏ အသည်းပြင်ဝယ် တွယ်မှန်းမသိတွယ်ကာ ၀င်ရောက်ကပ်ငြိသည့်အဖြစ်ကို ကြုံရ၏။ ထိုသံ ယောဇဉ်ကလေး တစ်ပွင့်မှာကား ... အသန့်ကလေးပင်ဖြစ်၏။

အသန့်မှာ ကျွန်ုပ်၏ ကျေးဇူးရှင် အထည်သည်လင်မယားတို့၏ တစ်ဦးတည်းသော သမီးကလေးဖြစ်၏။ ကျွန်ုပ်၏ အဖြစ်စဉ် ရှေ့ပိုင်း၌ ကျွန်ုပ်တို့ထမင်းငတ်၍ ကျွန်ုပ်၏ မိခင်က ကျွန်ုပ် အားမရိုက်စဖူး ရိုက်မိရှာ သောနေ့က အထည်သည်အဒေါ်ကြီးတွင် သမီးဦးကလေးဖွားမြင်သဖြင့် မိခင်ကိုယ်တိုင် စောင့်ရှောက် ရသည့် အကြောင်း ကို မှတ်မိပါလိမ့်ဦးမည်။ ထိုစဉ်ကဖွားခဲ့သော ကလေးကလေးမှာ အသန့် ပင်ဖြစ်ပေသည်။

အသန့်ကို ဖွားစဉ်အခါမှာ ၁၉၁၅ ခုနှစ် ဖြစ်ပေရာ ကျွန်ုပ်မှာ ငါးနှစ်သားအရွယ် ရှိနေပြီဖြစ်သောကြောင့် အသန့်သည် ကျွန်ုပ်ထက် ငါးနှစ်ခန့် ငယ်ပေ၏။ ဘုန်းကြီးကျောင်းသားဘ၀သို့ ရောက်သောအခါက ကျွန်ုပ် သည် ကျေးဇူးရှင် အထည်သည်လင်မယားတို့၏ အိမ်ကို သားရင်းသဖွယ် မပြတ် ၀င်ထွက်သွားလာ၍ နေခဲ့ ပေရာ အသန့်ကလေးကိုလည်း သူ့မိခင်နှင့် ကူဖော်လောင်ဖက် အဒေါ်ကြီးတို့ မအားလပ်ခိုက် အချိန်မျိုးနှင့် ကြုံကြိုက်လျှင် ချီပိုး ထိန်းသိမ်းပေးခဲ့ရ၏။ အသန့်ကလေး ၂ နှစ်ခန့်အရွယ်ရောက်၍ ပြေးနိုင် လွှားနိုင် ကစား နိုင်သော အခါက ကျွန်ုပ်မှာလည်း ခုနစ်နှစ်သားအရွယ် ကလေးငယ်မျှသာ ရှိခဲ့ပေသေးရာ အသန့် နှင့် ကျွန်ုပ် တို့မှာ ကစားဖော်ကလေးများ ဖြစ်၍လာခဲ့ကြပေသည်။

ထို့ကြောင့် စာသင်ဖြုတ်၍ အချိန်အားရလျှင် ကျွန်ုပ် သည် ကျေးဇူးရှင်များ၏ အိမ်သို့ ပြေးလွှားကာ အသန့်ကလေးနှင့် ကစားတတ်၏။ ညနေပိုင်း၌ မြို့ထဲသို့ ဆွမ်းဟင်းသတ္တုအိုးကြီးကို သွားပို့ရာမှ ပိုသော အချိန်တို့ကိုလည်း အသန့်ကလေးနှင့် ကစားရင်း ဖြုန်းခဲ့ပေ သည်။ ဤနည်းဖြင့် အသန့်ကလေးသည် ကျွန်ုပ်၏ ကစားဖော်ကလေးလည်းဖြစ်၏။ ကျွန်ုပ်၏ လက်ပေါ် တွင်ကြီးပြင်း လာရသူ ကလေးလည်း ဖြစ်သည်ဟု ဆိုစလောက်၏။ ဤအကြောင်းများကို ဤဖြစ်စဉ် ရှေ့ပိုင်း ၌ မဖော်ပြခဲ့သည်မှာ သီးခြားကဏ္ဍ သတ်သတ်ခွဲခြား၍ ဖော်ပြလိုသောကြောင့်ဖြစ်၏။ ထိုစဉ်က ကျွန်ုပ်၏ စိတ်ဓာတ်အဆောက်အအုံ အုံဖွဲ့လာပုံကို ဖော်ပြရာ၌ အသန့်အကြောင်းပါဝင်နေလျှင် ရှုပ်ထွေးမည်စိုးသော ကြောင့်လည်း မဖော်ပြ ခဲ့ပေ။

ထို့ပြင် ကျွန်ုပ်၏ စိတ်ဓာတ်အရည်တည်နေခိုက်ကာလက အသန့်မှာ ကလေး ငယ်သာဖြစ်ပေရာကျွန်ုပ်၏ ဘ၀ဖြစ်စဉ်တွင် အရေးကြီးစွာ ပါဝင်ခဲ့သူလည်းမဟုတ်ခဲ့သေးပေ။ ထို့ကြောင့် ကျွန်ုပ်၏ ဘ၀လမ်းခရီး တစ်ဆစ်၌ ယခုအခါတွင် အရေးကြီးသော တစ်နေရာမှ ပါဝင်လာတော့မည်ဖြစ်သော အသန့်၏ အကြောင်း ကို ယခုအခါတွင်မှ ရေးသားဖော်ပြရပေမည်။ ထိုမျှမက သေး ကျွန်ုပ် ဤစာကို ရေးနေချိန်၌ ကြိုးတိုက်တွင် ပိတ်လှောင်ထားကာ နွားသတ်ရုံသို့ပို့မည့် နွားကို တံဆိပ် ရိုက်၍ ခြံလှောင်ထားသည့်နည်းတူ ကြိုးစင် တက်ရဖို့ အသင့်ရှိနေရသော ဤလက်ရှိဘ၀သို့ ရောက်စေခဲ့ရာ ၌ အသန့်သည်သာလျှင် အရေးအကြီးဆုံး သော နေရာမှနေ၍ ကျွန်ုပ်၏ ဘ၀လမ်းစဉ်ကို ဖန်တီးပေးခဲ့သည် ဟု ဆိုနိုင်ပေသည်။ သို့ဖြစ်သဖြင့် အသန့်၏ အကြောင်းကို ဤကဏ္ဍသို့ ရောက်သောအခါမှပင် ပြည့်ပြည့်စုံ စုံရေးရပေ တော့သည်။

ငယ်စဉ်တောင်ကျေး ကလေးဘ၀က ကစားဖော်ကစားဖက်အဖြစ်ဖြင့် အသန့်နှင့် ကျွန်ုပ်တို့ တစ်ဦးနှင့် တစ်ဦး ခင်မင်ကြင်နာကြသည်တို့ကိုကား အထူးရေး၍နေဖွယ် မလိုတော့ပါပေ။ ဆွေမရှိ မျိုးမရှိ တစ်ကောင် ကြွက် ကျွန်ုပ်သည် အသန့်အား ညီမထွေးကလေးတစ်ယောက်သဖွယ် ချစ်ခင်နေခဲ့၏။ ကျေးဇူးရှင်တို့၏ သမီးကလေးဖြစ်၍လည်း သူ၏ မိခင်ဖခင်တို့၏ ကျေးဇူးဂုဏ်အရိပ်ထိုးသောကြောင့် ကျွန်ုပ်သည် အသန့် ကလေး၏ ဆိုးမျိုးကို ကျေကျေနပ်နပ်ကြီး ခံနိုင်၏။ ထို့ကြောင့်လည်း အသန့်ကလေးမှာ ကျွန်ုပ်အား အစ်ကို ရင်းချာနှင့်မခြား တစ်တုန့်တစ်ပြန် ချစ်ခင်ကြင်နာရှာပေသည်။

ရှင်လူထွက်၍ နေ့အခါ၌ အကူမြေတိုင်းစာ ရေး၊ ညအခါ စက်ချုပ်သမား နှစ်ဘ၀ထား၍ အသူရကာယ် တစ်မျိုးအဖြစ်ဖြင့် အဘိုးထံသွားရန် လမ်းစရိတ် စုခိုက် သုံးလေးလကာလအတွင်း၌ ကျွန်ုပ်သည် အသန့် ကလေးနှင့် တစ်အိမ်တည်းနေခဲ့ရပေရာ ထိုစဉ်အခါ မှာ အသန့်မှာ ၁၂ နှစ်သမီးအရွယ်ရှိလျက် မန်းသျှောင်ကြီး တစ်လုံးနှင့် ကိုယ်လုံးကိုယ်ထည်ပင် ဖွံ့ဖြိုးစဖြစ် လျက် နှစ်သက်စဖွယ်သော အဆင်း ရူပကာယ အရိပ်အယောင်လက္ခဏာများပင် ကွန့်မြူးစပြု၍လာပြီဖြစ် ၏။ သို့သော် ကျွန်ုပ်သည် အသန့် အား အပျိုဘ၀သို့ကူးရန် ဟန်တပြင်ပြင်နေသော ကလေးမကြီးအဖြစ်ဖြင့် မမြင်။

(မြင်ပါများလျှင် ငယ်)ဟူသော စကားအတိုင်း ခြေကလေး လက်ကလေး ကလန်ကလားနှင့် တ၀ါးဝါး ငိုတတ်သော ကလေးငယ်ဘ၀ကစ၍ ချီပိုးယုယလာခဲ့ရသည်ဖြစ်သောကြောင့် အသန့်အား ကလေးအမှတ် ဖြင့်သာ ထင်၏။ ထို့ပြင် အဘိုးထံ သွားလိုဇောတွေ ဖုံးလွှမ်းနေသဖြင့် အသန့်၏ အာရုံမှာ ကျွန်ုပ်တွင် ဘယ်လို မှ မ၀င်ခဲ့ပေ။ အမှုမဲ့ အမှတ်မဲ့ပင် နေခဲ့မိပေသည်။
အသန့် ကလေးကို ကျွန်ုပ် သေသေချာချာ သတိထားမိသောနေ့မှာကား ကျွန်ုပ်နေရင်းမြို့သို့ ပြန်ရောက် သည့်နေ့ ပင်ဖြစ်၏။ ကတ္တူမှဆင်း၍ နေရင်းစွဲဖြစ်သော ကျေးဇူးရှင်အထည်သည် လင်မယားတို့၏ အိမ်သို့ ပြန်၍တက်ခဲ့သည်၌ အခန့်သင့်ပင် သားအမိသားအဖ သုံးယောက်စလုံးကို တွေ့ရ၏။

အိမ်ဆီသို့ ကျွန်ုပ် ချဉ်းကပ်လာသည်ကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကျေးဇူးရှင်တို့က " ဟော ... မောင် ကံကောင်း ပြန်လာပါပကော" ဟု ဆိုကြသည်။ အသန့်ကမူ အိမ်ပေါ်မှပြေးဆင်းလာကာ "အကိုကံကောင်း ပြန်လာပြီ၊ အကိုကံကောင်းပြန်လာပြီ"ဟု ပါးစပ်က ၀မ်းသာအားရကြီး အော်၍လာ၏။ ပြေကျသော သူ့မန်း သျှောင်ကြီး ကို တစ်ပတ်နှစ်ပတ် မြွေကြီးလင်းမြွေ ပတ်သလို ကပျာကသီပတ်ပြီးနောက် ကျွန်ုပ်၏ လက် မောင်း ကို ကိုယ်ခိုကာ ခုန်ဆွခုန်ဆွနှင့် အိမ်ပေါ်သို့ ကျွန်ုပ်နှင့်အတူ တက်ခဲ့ပေသည်။

အိမ်ပေါ်သို့ ကျွန်ုပ်ရောက်၍ ထိုင်မိသည်နှင့်တစ်ပြိုင်နက် ကျေးဇူးရှင်တို့က "ဘယ့်နှယ်လဲ မောင်ကံကောင်း ... " ဟု လိုရာကို လောလောဆယ်မေးကြ၏။ ကျွန်ုပ် သွားရင်းကိစ္စ ပြီးမြောက်သည် မပြိး မြောက်သည်ကို မေးကြခြင်း ဖြစ်ပေသည်။ ထိုအခါ ကျွန်ုပ်လည်း "နောက်တော့မှ အေးအေးဆေးဆေး ပြောပါရစေ" ဟု တောင်းပန် နေရစဉ် အနီး၌ ထိုင်ကာ ကျွန်ုပ်၏ မျက်နှာကို ကြည့်နေသော အသန့်ကလေးက ရုတ်တရက် ကြားဖြတ်၍ " ဟင် ... အကို ကံကောင်း ပါးချိတ်ကြီးယောင်လို့ပါကလား ... ဘာဖြစ်တာလဲဟင် ... " ဟု စိုးရိမ်တကြီး မေးရှာပါသည်။

ကျေးဇူးရှင်ကြီးတို့ကလည်း အံ့သြ၀မ်းနည်းသော အမူအရာများ ပေါ်လာရာက " အေးဟယ် ... ဟုတ်ပါရဲ့ တို့လည်း ခုမှမြင်မိတယ် ဘာဖြစ်တာလဲဟင် "ဟု ပြာပြာသလဲ ဆိုလိုက်ကြရာ ကျွန်ုပ်မှာ ကျေးဇူးရှင်များ ပို၍စိတ်မကောင်းဖြစ်ကြမည်စိုးသဖြင့် " ကတ္တူပေါ် မှာ ကြိုးခွေနဲ့ခြေထောက်ငြိပြီး လဲတာမှာ အံဖုံးနဲ့ ဆောင့်မိ လို့ခင်ဗျ" ဟု ဖြေလိုက်ရ၏ လက်သီးဒဏ်ချက် ကြောင့် ကျွန်ုပ်မှာ သွားတစ်ချောင်းနဲ့၍ နေသည့် အပြင် ပါးချိတ်မှာလည်း ဖူးရောင်၍ နေပေပြီ။ ထို့ပြင် ပါး ချိတ် မှဒဏ်ရာကြောင့် ကတ္တူပေါ် ခရီး တစ်လျှောက်လုံး ၌ စကားကိုမှ ဟဟ မပြောနိုင်ခဲ့။ ထမင်းအုပ်ကိုပင် ပါးစပ်၌ စားနေကျအတိုင်း မခွံ့နိုင်ခဲ့။ နေရင်းမြို့ကလေး သို့ ရောက်သောအခါ၌ အတန်သက်သာပြီဟု ဆိုရ သည့်တိုင်အောင် ဒဏ်ရာမှာ ပြင်းထန် ၍ပင် နေလေသေးသည်။

ထို့ကြောင့် ကတ္တူအဖုံးနှင့် ဆောင့်မိပါသည်ဟု စကားလိမ်အိုးလိုက်ရာတွင် အသန့်မှာ သနားစိုးရိမ်မျက်နှာ ကလေးပင် ပျက်၍ အိုသွားရာက "ဖြစ်မှဖြစ်ရလေ ကိုကံကောင်းရယ်၊ နေအုံး အသန့် သစ်ကြံပိုးခေါက်နဲ့ ဇာတိပ္ဖိုလ်သီးသွေးပြီး ယူခဲ့အုံးမယ်။ ကြည့်စမ်း ဘာဆေးမျလည်း လူးမထားဘူး" ဟု ဆိုကာ ထိုင်ရာမှ ထ ရှာပါသည်။ ကျွန်ုပ်လည်း အသန့်စိတ်ကျေနပ်စေရန် " လူးပါသော်ကော အသန့်ရယ်၊ ကတ္တူပဲ့နင်းကြီးက ဆီမန်းမန်းပေးလို့ လူးရပါသကွဲ့။ အခုမှ အ၀တ်အစားတွေ ပေမှာစိုးလို့ မလူးခဲ့တာ" ဟု ဖြီးလိုက်ရ၏။ ဤ၌ အသန့်က " ကိုင်း အကိုကံကောင်း အ၀တ်အစားလဲ၊ သစ်ကြံပိုးခေါက်လူးပြီးမှဆိုရင် ရှပ်အင်္ကျီချွတ်တော့ ပညာပေးပြီး အတွင်းခန်းသို့ဝင်သွား၏။ ကျွန်ုပ်မှာလည်း ကျွန်ုပ်အတွက် သီးသန့်ပေးထားကြသော အိမ်ခေါင်းရင်း ဘက် အဖီကလေးချကာ ဆွယ်၍ ဆောက်ထားသည့် အခန်းကလေးအတွင်းသို့ အ၀တ် အစား လဲရန် ဆင်းခဲ့ရပေသည်။

အခန်းတွင်းသို့ ရောက်သောအခါ အခန်းပတ်ဝန်းကျင်ကို ကြည့်၍ ကျွန်ုပ် သက်ပြင်းတစ်ချက် ချမိ၏။ ဓနိမိုး ဓနိကာ မြေပြင်ကြမ်းခင်း အခန်းကလေးအတွင်း၌ တစ်နေရာတွင် ဂုံအိတ်ချောစားခင်းထားသော ကြက်ခြေ ခတ်ခြေထောက် နှင့် ခုတင်အပေါစားတစ်လုံးရှိ၏။ အနီး၌ စားပွဲအဖြစ်ဖြင့် အမှုထမ်းရသော ထင်းရှူး သေတ္တာ အခွံတစ်လုံးရှိ၏။ တစ်နေရာ၌ကား သုံးတင်းဝင် ဂုံနီအိတ်ကို ဖျင်တပ်ထားသည့် ပက်လက် ကုလားထိုင် တစ်လုံးရှိ၏။ ဦးခေါင်းချရာနေရာ၌ကား ဆီးချေးများဖြင့် မဲညစ်၍ နေပေသည်။ အဘိုးတို့ အိမ်က အဖိုးတန် ကတ္တီပါဆိုဖာကြီး ပက်အိပက်အိကြီးနှင့်ကား မကွာပါလား ... ထို့ကြောင့် သက်ပြင်း ချမိ၏။ ထို့ကြောင့်ပင် မောင်ညိမ်းအောင်တို့၌ ကျွန်ုပ်အား ကိုယ်ထိလက်ရောက် စော်ကားနိုင်အား ရှိကြပေတော့ သည်။

မဆန်းလှ ပါဆန်းသည်ဟု ထင်သလား။
မဒမတိုင်တွင် ရိုက်ထားသော သုံးလက်မသံချောင်း အင်္ကျီချိတ်၌ ကျွန်ုပ်၏ အပေါ်အင်္ကျီ၊ ရှပ်အင်္ကျီများကို ချွတ်၍ ချိတ်နေစဉ်တွင် အိမ်မဆီမှ "အကိုကံကောင်း ဘယ်ရောက်သွားပြန်ပါလိမ့် ... အော် ... သူ့ အခန်း ထဲမှာလား ... ကိုင်း ... အစ်ကို ကံကောင်းရေ ... ပါးချိတ်ကို ဆေးလူးရအောင်" ဟု ပြောဆိုသံနှင့်အတူ အသန့် ကလေးသည် အိမ်မမှ ကျွန်ုပ်၏ အခန်းကလေးသို့ ကူးရာအပေါက်ဝတွင် လက်တစ်ဝါးစာခန့် ဆေး သွေးသည့် ကျောက်ပြင်ငယ်လေးတစ်ချပ်ကို ကိုင်လျက် ပေါ်လာသည်ကို မြင်ရပါသည်။

ထို့နောက် အသန့်သည် အိမ်မ ကြမ်းပြင်ပေါ်မှ ကျွန်ုပ်၏ အခန်းတွင်းက ပထ၀ီကြမ်းပြင်ပေါ်သို့ဆင်းရင်း ကျွန်ုပ်၏ ခုံဖိနပ်ကိုစွပ်လျက်  " ကဲ ... အကိုကံကောင်း ဆေးလူးရအောင် ဟောဒီမှာ " ဟုဆိုကာ ကျွန်ုပ်၏ အနီးသို့ ချဉ်းကပ်လာ၏။ ကျွန်ုပ်လည်း ဆေးလူးခံရန် အသန့်ကို မျက်နှာမူ၍ လည်ကို ဆန့်ပေးလိုက်စဉ် အသန့်လည်း ကျောက်ပြင်ကလေး၏ မျက်နှာဝမှ သစ်ကြံပိုးခေါက်နှင့် ဇာတိပ္ဖိုလ်အနှစ်များကို လက်ညှိုး ကလေးနှင့်သပ်၍ ယူလိုက်ပြီးနောက် ဆေးလူးပေးမည် ဟန်ပြင်ပြီးကာမှ "ပက်လက်ကုလားထိုင်မှာပဲ ထိုင် ပါလား အစ်ကိုကံကောင်းရာ အသန့်က အရပ်နိမ့်တော့ ဆေးလူးရမှာခက်တယ် ... "ဟု ဆိုသဖြင့် ကျွန်ုပ် လည်း ဂုံနီအိတ်ပက်လက်ကုလားထိုင်တွင်ထိုင်၍ နောက်သို့လှန်မှီကာ ဆေးလူးခံဖို့ အသင့်ပြင်လိုက်ရ၏။ ဤတွင် အသန့်ကလေးလည်း ကုလားထိုင်ဘေးတွင် လာ၍ရပ်ကာ ခါးကလေးကိုညွတ်၍ ကျွန်ုပ်၏ ရောင် ရမ်းနေသောပါးချိတ်ကို ကြင်နာယုယစွာ ဆေးလူး၍ ပေးရှာပေသည်။ ဆေးလူးနေရင်းကလည်း "အစ်ကိုကံ ကောင်း ကလည်း သိပ်ပြီး ရှပ်တေးနိုင်တာပဲကိုး။ မှန်စမ်း ရောင်နေလိုက်တာ ... ကြိုးခွေကြီးတစ်ခုလုံးမှ မမြင်ဘူးလား ... ကလေးသာကျနေတာပဲ" ဟု လူကြီးကလေးပမာ အခြောက်တိုက် ကြိမ်းဝါးသယောင်ဆို ၍ နေပြန်လေသေးသည်။

သူကလေးက စ၍ ဆေးလူးပေးချိန်၌ ကျွန်ုပ်သည် မျက်စိကိုမှိတ်၍ မေးရိုးပေါ်အောင် လည်ကိုသာ အသင့် ဆန့်ထားပေးထား၏။ သစ်ကြံပိုးနံ့တို့ နှာဝတွင် ၀င်ရောက်လာကြပြီးနောက် ရောင်ရမ်းနေသော ပါးချိတ် အသားပြင်တွင် ဆေးထိသောအခါ၌ အေးစိအေးစက်အရသာတစ်မျိုးကို ခံနေရ၏။ သူကလေးက ဤသို့ ကြိမ်းဝါးသယောင်ဆိုသောအခါ၌ ကျွန်ုပ်သည် "မကြိမ်းပါနဲ့ အစ်မကြီးရယ် ... ကတည်းမှပဲ သူများမှာ နာရ တဲ့ အထဲ အဲ ... " ဟု သူ့အား တစ်ချက်ရယ်၍ ပြောမိ၏။ ပြောနေသည့်ခဏ ကလေးအတွင်းဝယ် ကျွန်ုပ်၏ မျက်နှာကလေးကို မျက်နှာအနေအထား အလိုက်သင့်နေသောကြောင့် ၀ီရိယမစိုက်ရဘဲနှင့် စူးစူးစိုက်စိုက် ကြည့်လိုက်မိသကဲ့သို့ ဖြစ်နေ၏။

အသန့်ကလေး၏ နဖူးပြင်ကလေးမှာ အသားအရေကြည်လင်သောအရွယ်ပြီပြီ ပကတိဖြူစင်ဝင်းဝါလျက် ပြေပြေ ကလေးရှိ၏။ မျက်ခုံးကလေးများမှာလည်း ပင်ကိုယ်အတိုင်းအားဖြင့်ပင် သေးမျှင်သွယ်တန်း၍ နေ ကြပေသည်။ မျက်တောင်ကော့ကြီးများကိုလည်း နီးကပ်စွာ မြင်ရလျက် နက်မှောင်သောမျက်တောင်ကော့ ကြီးတွေ ၀န်းရံနေသော အသန့်၏ ၀ိုင်းစက်လှပသော မျက်လုံးများမှာ ကျွန်ုပ်၏ ပါးချိတ်ပေါ်၌ စူးစိုက်နေကြ သည်မှာလည်း ကြင်နာမှု အရိပ်အရောင်များ သန်းနေကြပြီးလျှင် ပကတိ နူးညံ့သိမ်မွေ့၍ နေကြတော့၏။ တင် ထားသလိုရှိသော နှာတံကလေး၏ အစွန်းမှ နှာဝကလေးများမှာ ပါးပါးလျားလျားနှင့် နီထွေးကာ သွေး ကြောကလေးတို့ ဆံခြည်တန်းနေ၏။

အသန့်၏ နှုတ်ခမ်းပါးကလေးများကား ချစ်စဖွယ် ရွေ့လျားနေကြပေ သည်။ ပါးချိတ်ကိုလည်း မဖိမိလေအောင် ပါးချိတ်ပေါ်၌လည်း ဆေးတင်လေအောင် ခပ်ဖွဖွကလေး အား မလိုအားမရ ဆေးလူး နေရသော အမူအရာမှာ မသိမသာ တွန့်ကာရုန့်ကာ လှုပ်ရှားနေသော နှုတ်ခမ်းပါး နှင်းဆီလွှာကလေးများ၌ ပေါ်လွင်နေပါသည်။ ဖောင်းမို့အိစက်ညက်ညောသော ပါးစုန့်ကလေးများမှာ ထွေး ထွေးအိအိ ရှိနေကြပြီးလျှင် အပျိုဘ၀သို့ တက်လှမ်းရန် အားယူ၍ နေသော အသွေးအသားတို့၏ အင်အား သည် သူ၏ အိညက်သော ပါးစုန့်သားကလေးများ၌ အထင်အရှားမြင်ရ၏။

ထိုသို့ နှင်းဆီဖူးကလေး၏ ဖွံ့ဖြိုးစရနံ့ကို မ၀တ၀ခံစားရသလို ကလေးဘ၀နှင့် အပျိုသဘာဝတို့ မကွဲပြား သေးဘဲ ယှက်ထွေးနေသေးသည့် အသန့်ကလေး၏ မျက်နှာဝိုင်းဝိုင်းနုနု နယ်နယ်ကလေးကို နီးကပ်စွာ ကြည့်နေရသည်၌ ကျွန်ုပ်၏ ရင်ထဲတွင် အေးတစ်လှည့် နွေးတစ်လှည့်နှင့် ဖြစ်လာရပေသည်။ ကျွန်ုပ်၏ စိတ် သည် ထိုအခိုက်အတန့်ကလေး၌ အတောင်ပံ တငြိမ့်ငြိမ့်ခတ်၍ ပျံဝဲနေသော လိပ်ပြာသဖွယ် လွင့်ပါးလျက် ရှိနေရ၏။ ထိုအခိုက်အတန့်တွင် အသန့်က "ကိုင်း ပြီးပြီ ... ညအိပ်ရာဝင်တော့မှ တစ်ခါလူးပေးအုံးမယ်"ဟု ဆိုကာ ကိုယ်ကို ကိုင်းညွတ်ရာမှ မတ်လိုက်သဖြင့် ကျွန်ုပ်တွင် သတိပြန်ဝင်၍ ကုလားထိုင်တွင် လှဲမှီနေရာ က ကိုယ်ကို ထူလိုက်၏။ ကျွန်ုပ်၏ခေါင်းမှာ ဤတွင် ထူထူထောင်ထောင်ဖြစ်၍သွား၏။

ထိုအခိုက်၌ အသန့် က " အမယ် ... နေအုံး ... မှန်းစမ်း ... နားရွက်နောက်ထိအောင်တောင် ရောင်နေပါကလား အစ်ကို ကံ ကောင်းရယ် နေစမ်း ... ငြိမ်ငြိမ် .... ခဏ" ဟုဆိုရင်း သူ့ကိုယ်ကလေးကို ရှေ့သို့ ကိုင်းညွတ်ပြန်ကာ ဆေး ဖြင့် နားရွက်နောက် ဇက်ကြောတစ်လျှောက်ဆီ၌ လူး၍ပေးနေပြန်၏။ ထိုအခိုက် အတန့်၌ ကျွန်ုပ်၏ မျက်လုံးများသည် လက်ဦး ပြူးကျယ်၍သွား၏။ ထို့နောက် မျက်စိကို မှိတ်လိုက်မိ၏။ မျက်စိကို မှိတ်ပစ် လိုက်သော်လည်း မျက်ခွံကိုဖောက်၍ မြင်နေရသကဲ့သို့ ဖြစ်ရ၏။ မျက်စိကို ပြန်၍ ဖွင့်လိုက်မိပြန်၏။ ထိုသို့ ဖြစ်ပျက်နေသည်မှာ တစက္ကန့် နှစ်စက္ကန့် အတွင်း၌ ဖြစ်၏။ နှာညွန့်တွင်လည်း ထူးခြားသော ရနံ့တစ်မျိုး သည် သင်းသင်းကလေး ချူလာ၏။ ထိုခဏ၌ပင် အသန့်သည် " ကိုင်း ... ပြီးပြီ" ဟုဆိုကာ ကိုယ်ကို မတ် လိုက်ပေသည်။ ကျွန်ုပ်ကား အသန့်ကလေးအား ငေးကြောင်ကြောင်ကြည့်ကာ ဘာမျှ မပြောတတ် ဖြစ်နေရ ပေသည်။

အဘယ်ကြောင့်နည်း ... အကြောင်းမူကား သိမ်မွေ့လှပေတော့သည်။ အသန့်ကလေး နောက်တစ်ကြိမ် ကိုယ်ကိုကိုင်းညွတ်၍ ဆေးလူးပေးရန် ဟန်ပြင်လိုက်သည်၌ သူဝတ်ထားသော ရင်ဖုံးအင်္ကျီကလေးမှာ ခဲဆွဲ သလိုဖြစ်ကာ အောက်သို့ပို၍ ပွင့်လန်သွားသည်၌ ခေါင်းကို မတ်မတ်ထူထားသည့် ကျွန်ုပ်၏ မျက်စိများ သည် အသန့်၏အင်္ကျီ မတ်မတ်ထူထားသည့် ကျွန်ုပ်၏ မျက်စိများသည် အသန့်၏အင်္ကျီလည်ပင်းပေါက် ကလေးကို ကျော်၍ အတွင်းဘက်သို့ စူးစိုက်မိလျက်သား ဖြစ်သွား၏။ မြင်ရသော အခြင်းအရာတို့ကား နု နယ်သိမ်မွေ့လှသဖြင့် ဖော်ပြစကောင်း သည်မထင်သဖြင့် မဖော်ပြလိုတော့ပေ။ ပြေပြေလျော့ရဲသော ရင်သိမ်းရှင်မီးကလေး၏ အထက်ရင်ညွန့်၌ လူးခြယ်ထားသော သနပ်ခါးနံ့ကလေးနှင့် အသန့်၏ ကိုယ်နံ့ ကလေးတို့ ရောထွေးနေသော အသင်းအထုံကလေးတစ်မျိုးသည် ကျွန်ုပ်အား သာသာကလေးမျှ ယစ်မူး စေပေတော့သည်။

ကျွန်ုပ် နှုတ်အ၍ ကြောင်တက်တက်ဖြစ်နေစဉ်ပင် အသန့်ကလေးသည် ကျောက်ပြင်ကလေးကို စားပွဲ အမည်ခံ ထင်းရှူးသေတ္တာ အခွံပေါ်၌ တင်ခဲ့၍ အိမ်မ၏ ကြမ်းပြင်ကို လှမ်းတက်၍ ၀င်ရန် ဟန်ပြင်လိုက်၏။ သို့သော် အထည်သည် စက်သမားအိမ်ပီပီ မြေပေါ်၌ကျနေသော အ၀တ်စတစ်ခုသည် အပ်ချည်လုံးစ ပိုးရှုတ် ထွေးတစ်ခုနှင့် ဖုတ်ထဲ၌ တလိန်းထိုးနေရာက အသန့်ဖြစ်ကတတ်ဆန်း မတော်ဘဲနှင့် စီးထားသော ခုံဖိနပ်တွင် ငြိတွယ်၍ တတန်းတန်း လိုက်ပါနေကြ၏။ ထိုသို့ ငြိတွယ်၍ နေသည်ကိုမြင်သော အသန့်သည် အိမ်မဘက်သို့ လှမ်းတက်မည့် ဟန်ပြင် ပြီးကာမှ ပိုးရှုတ်ထွေးငြိတွယ်နေသော ဖိနပ်ကို လက်လှမ်းမီစေရန် ခြေထောက်၌ စွပ်လျက်သားက နောက်ပြန် ခြေထောက်ကို တတောင်ဆစ်ကွေးသလို ပင့်မြှောက်ပြီး ပိုးရှုတ် ထွေး အ၀တ်စ ကို ဖိနပ်မှခွာ၍ ချလိုက်၏။

ဖွံ့ဖွံ့ထွားထွားဖြစ်စပြုလာသော ကိုယ်လုံးကိုယ်ထည်ကို ငေးစိုက်ကာ ကျောဘက်မှကြည့်ရင်း ကျန်ရစ်သူ ကျွန်ုပ်မှာကား အသန့်ခြေတစ်ဖက်မြှောက်၍ ပိုးရှုပ်ထွေးကို ခွာလိုက်သော ခဏတွင် ထဘီ ရေသီနား ကလေး မှာ တစ်တောင်ခန့် အထက်သို့ မြှင့်တက်သွားသည့်အခါတွင် ၀င်းခနဲဝါသော ခြေသလုံးလေးကိုသာမက ဒူး ကောက်ကွေးအထက် ပေါင်ညွန့်ကလေး လက်လေးသစ်ခန့်တို့ကိုပါ လျှပ်ပြက်သလို လက်ခနဲ မြင်လိုက်ရ ပေရာ ရုတ်တရက်တွင် အသက်ရှူရန်ပင် မေ့မှား၍ နေမိ၏။ အိမ်မ ဘက်သို့ အသန့်ခြေတစ်လှမ်းဝင်၍ နောက်၌ ကျန်ရစ်ခဲ့သော ခြေတစ်ဖက်ကို အားပြုကာ အတက်လိုက်၌ သူ၏ ခြေသလုံးမွတ်မွတ်ကလေးတွင် ကြွက်သားကလေးနှစ်လုံး ရုတ်ချည်းသိမ်မွေ့စွာပေါ်၍ ရုတ်ချည်း ပျောက်ကွယ်သွားကြပုံ ကလေးကိုလည်း မကြည့်ဘဲနှင့် တပ်အပ်မြင်လိုက်ရပြန်၏။ ထိုနောက် အသန့် ကလေး အိမ်တွင်းဘက်သို့ ပျောက်၍သွားကာ မှ ကျွန်ုပ်မှာ အယောင်ယောင်အမှားမှား အသက်ရှူကိုပင် ရပ်တန့်ထားမိသည့်အတွက် ရင်ကျပ်နေသည်ကို သတိရကာ သက်ပြင်းတစ်ချက်ရှိုက်၍ ရှိုက်မိသော သက်ပြင်းကို ပြန်၍ ချလိုက်မိရပြန်လေတော့သည်။

မအပ်မရာကို တွေးမှားမိသည်ဟုထင်လျှင်လည်း ခံရပေတော့မည်သာ ...။ သို့သော် ... တမင်မတွေးမိခြင်း ကား အမှန်ပင်ဖြစ်၏။ သို့သော် လူတို့၏ စိတ်၌ အငွေ့အသက်ကျန်နေသေးသော တိရိစ္ဆာန်ကထာများမှာ ဓားမကူး ဆရာတော် ကျော်ကြားရသောအဖြစ်ထိ မနုဿစိတ်ခွင်မှ ကင်းစင်ခြင်း မရှိသေးသည့် ဓမ္မတာ သဘာဝအတိုင်း ကျွန်ုပ်၏ စိတ်သည် ရုတ်တရက် ယိုင်၍သွား၏။ တမင်ယိုင်ချင်၍ ယိုင်ရခြင်းမဟုတ်မူလျက် မနုဿသဘာဝပင်ကိုယ်အတိုင်း ယိုင်ရခြင်းဖြစ်ပေသည်။ သို့သော် လူတည်းဟူသော အဆင့်အတန်းကို ရ လျက် ကောင်းကင်ကို ကျေးဇူးမပေးဘဲ ခေါင်းထောင်နေသော သတ္တလောက၏ အထွတ်အဖူးဖြစ်သည် အထိ စိတ်ဓာတ်ရင့်ကျက်သည့်ဘ၀နှင့်အညီ ယိမ်းယိုင်သလို တုန်လှုပ်သွားသည့်စိတ်ကို သတိနှင့် ကျား ကန် ၍ ထိန်းပေးလိုက်သည်ခဏ၌ " အော် ... ငါ့ညီမလေး အတော်ကြီးပြင်းလာမှကိုး " ဟူသော အတွေး ဖြင့် စိတ်နှိမ်၍သွားရပေသည်။

သွေးမစပ် သားမစပ် သူစိမ်းပြင်ပြင် ရေပြင်ပြင်ဖြစ်ကြပေသော်လည်း ကျွန်ုပ်၏ အဖို့၌ကား အသန့်၏ မိဘ တို့ဂုဏ်ကျေးဇူးကြောင့် အသန့်သည် တစ်အူတုံဆင်း နှမကလေးရင်းချာနှင့် မခြားပါပေ။ သွေးသားမစပ် သဖြင့် ဖျပ်ခနဲယိမ်းယိုင်သော လူ့စိတ်ကို ကျေးဇူးရှင်ဟု အသိအမှတ်ပြုသောသတိက တည်တံ့အောင် ချုပ် ကိုင်၍ ပေးလိုက်ပေတော့သည်။ သို့ရာတွင် သွေးသားမစပ်မှုဆိုသည်မှာကား အဘယ်မျှပင် နှမကလေး အရင်းပေါ်၌ ထားသော စိတ်မျိုးကို ထားစေကာမူ မောင်နှမအရင်းအချာကားဖြစ်၍လာနိုင်သည်မဟုတ်ရာ။ လူတွင် လုံးဝမစင်ကြယ်သေးသော အဟိတ်စိတ်၏ အရှိန်ကြောင့် သတိကို တစ်မတြာကာလမျှ လက်လွတ် ရသည်ကို ခွင့်လွှတ်နိုင်ကောင်းအံ့ ထင်ပေသည်။

သိျု့တိုင်အောင် ကျွန်ုပ်သည် ခဏကလေးမျှ စက္ခုအာရုံကြောင့် စိတ်ယိမ်းသွားမိသည့် အခိုက်အတန့် ကလေးကို ကိုယ့်ဘာသာကိုယ်လည်း ရှက်မိ၏။ ကိုယ့်စိတ်ကိုလည်း ကိုယ်ဒေါသထွက်မိသေး၏။ သာမန် အားဖြင့်ဆိုလျှင် ကျွန်ုပ်တွင် အသန့်အား မွေးကင်းစကလေးငယ်ပေါ်၌ ထားသောစိတ်ထက် ဘာမျှမပိုရိုးမှန် ၏။ သို့သော် မျက်စိအောက်၌ ကွင်းခနဲ ထင်းခနဲ တွေ့လိုက်ရသော အချင်းအရာတို့ကြောင့် ပုထုဇဉ် သဘာဝ ရဟန္တာမဟုတ်သေးသော ကျွန်ုပ်၏ စိတ်တွင် မသိမသာလှုပ်ရှားမိသည်မျာ သွေးမစပ်မှုအရင်းခံ ပင် ဖြစ်ပေလိမ့်မည်။ မည်သို့ပင် ဖြစ်စေကိုယ့်လိပ်ပြာက ကိုယ့်ကို မျက်စောင်းခဲခြင်းကို ခံရသော ခဏ၌ ကျွန်ုပ်သည် ကျွန်ုပ်ကိုယ်ကို သတိလွှတ်ရမည်လားဟု အပြစ်တင်မိသေး၏။ အသန့်ကလေးပေါ်၌ မသန့် သော စိတ်မရှိရိုးမှန်၏။ မသန့်သောစိတ်ကိုလည်း ထားလည်းမထားရက်နိုင်ပါလေ။ ထို့ကြောင့် ကိုယ့်ကိုယ် ကို ဝေဖန်မိနေဆဲ၌ အိမ်ရှေ့မှ ကျွန်ုပ်အမည်ကိုခေါ်ကာ ၀င်လာသူတစ်ဦး၏ အသံကိုကြားရသဖြင့် အတွေး ပြတ်သွားကာ အိမ်မဘက်သို့ ထွက်ခဲ့ရ၏။ ၀င်လာသူမှာကား ကျွန်ုပ်နှင့်အတူ မြေတိုင်းအင်စပက်တော်၏ ရုံးတွင် အကူစာရေးလုပ်ဖက်ဖြစ်သော မိတ်ဆွေဖြစ်နေ၏။

ထိုမိတ်ဆွေက ကျွန်ုပ် ပြန်ရောက်ပြီကြား၍ မြေတိုင်းအင်စပက်တော်ကြီး အရေးတကြီးတွေ့လိုကြောင်းကို ပြောပါသည်။ ကျွန်ုပ်လည်း ညစာစားအပြီးတွင် အင်စပက်တော်ကြီး၏ အိမ်သို့ ထွက်ခဲ့၏။ ရောက်သော အခါ သတင်းကောင်းကြားရပေသည်။ ထိုသတင်းမှာ ကျွန်ုပ်အား မြေတိုင်းကျောင်းတက်ရန် အင်စပက် တော်ကြီး စီစဉ်ထားသည်ဆိုသော သတင်းဖြစ်၏။ သို့ရာတွင် အင်စပက်တော်ကြီးက မြေတိုင်းဌာန၌ ကျွန်ုပ် အမှုထမ်းလိုစိတ်ရှိမှ အမှုထမ်းစေလိုကြောင်း၊ ထို့ကြောင့် တစ်ညစဉ်းစားပြီးမှ စိတ်ကို ပိုင်းဖြတ် စေလို ကြောင်း၊ မြေတိုင်းဘက်၌ အမှုထမ်းရန် စိတ်ပိုင်းဖြတ်ပါက ကျွန်ုပ်အား ထောက်ခံစာရေး၍ ပေးရန် အသင့်ရှိ ကြောင်းပြောပြ၏။ ကျွန်ုပ်လည်း ကျေးဇူးတင်ကြောင်းပြော၍ အိမ်သို့ပြန်ခဲ့လေသည်။

အကျိုးအကြောင်းကို ကျေးဇူးရှင်အထည်သည် လင်မယားတို့အား ပြောပြသည်၌ ကျေးဇူးရှင်တို့ကလည်း ကျွန်ုပ်၏ သဘောအတိုင်း ဆုံးဖြတ်ရန် အားပေးကြပေသည်။
ထိုည အိပ်ရာဝင်ချိန်၌ အသန့်ကလေးလာ၍ ပါးချိတ်ကို ဆေးလူးပေးရှာသေး၏။ ညနေပိုင်း ရေမိုးချိုးကာ နံ့သာကလေးတထုံထုံနှင့် ကျွန်ုပ် အနီးသို့ကပ်လျက် ဆေးလူးပေးရှာသည်ကို မျက်စိကို စုံမှိတ်၍ ခံ၏။ သို့ သော် နှာဝ၌ ပျံ့ပျံ့မြမြ ကလေးသင်းသော သနပ်ခါးနံ့ ပေါင်ဒါနံ့ကလေးတို့ကိုမူကား မျက်စိမှိတ် ထားခြင်း အားဖြင့် မကာကွယ်နိုင်ပေ။
အသန့်ကလေးထွက်သွား၍ တစ်ယောက်ထဲကျန်ရစ်သောအခါတွင် ကျွန်ုပ်သည် ကျွန်ုပ်၏ နောင်ရေး အတွက် ဆုံးဖြတ်ချက်ချရတော့မည်ဖြစ်သော မြေတိုင်းကျောင်းတက်သင့် မတက်သင့်ကို အဘက်ဘက်မှ စဉ်းစားခြင်းဖြင့် အသန့်ကလေးအား မတွေးမိအောင် ကြိုးစားရပေသည်။

အဘိုးထံပြန်၍ချဉ်းကာ အဘိုး၏ အထောက်အကူဖြင့် ဘီအေအက်ဖအေတွေ သင်နိုင်အောင် ကြိုးပမ်းချက် မှာ မျှော်တော့မိုး၊ ထိုးတော့မြေကြီးဟု ဆိုဘိသကဲ့သို့ ဖြစ်ခဲ့ရာ၌ ကျွန်ုပ်အဖို့တွင် လက်ရှိ (၇)တန်းပညာ ကလေးနှင့် နောင်ရေးတွင် ကြီးပွားစေရန် လမ်းစတွေမှာ အတော်ကလေးထွင်နိုင်မှ လူတစ်လုံး သူတစ်လုံး ကြပီးပွားနိုင်ဖို့ရှိသည်ကို တွေ့ရ၏။ ပုလိပ်ဘက်သို့ ၀င်လျှင်လည်း ဆပ်အင်စပက်တော်ဘ၀နှင့် ရိုးမြေကျ ကာနီးမှ ဌာနာအုပ်ဖြစ်ဖို့ရှိ၏။ မြို့အုပ်ရုံး၌ အကူစာရေးလုပ်လျှင်လည်း ဘီလစ်ဘ၀သာလျှင် အကြီးဆုံး မျှော်လင့်ချက်ရှိ၏။

စာရေးကြီးဘ၀မျ သပြုသီးမြို့အုပ်ဖြစ်ရန် လမ်းရှိသော်လည်း အမြဲတမ်းကိုယ့်အထက် အရာရှိကို ခယမ်းနေရသောအလုပ်ကိုလည်း မလုပ်ချင်။ လုပ်ပါလျှင်လည်း သပြုသီးဘ၀သို့ရောက်အောင် မည်မျှကြာဦးမည်မသိ။ အုပ်ချုပ်ရေးဘက်က ပညာထူးချွန်အောင် ကြိုးစားသည်ထက် ဆွေကြီးမျိုးကြီး ဂုဏ် ကိုအမှီသဟဲပြုရမှ ရာထူးတိုးတက်လွယ်သည့်ခေတ်ဖြစ်ပေရာ ကျွန်ုပ်မှာ မြေတိုင်းကျောင်း သုံးနှစ် တက်၍ ကျောင်းကအဆင်း လက်ထောက်အင်စပက်တော်ကလေးဘ၀ဖြင့်နေကာ အလွန်ဆုံး ငါးနှစ်ကြာလျှင် အင်စပက်တော်အဖြစ်သို့ လုံးဝ ရောက်နိုင်သောအခွင့်အလမ်းကို မသေချာသော အခြားဘက်တို့ထက် ပို၍ အားသန်မိ၏။

ကိုယ်လုပ်ကိုင်ခဲ့ဖူးသော ဌာနလည်းဖြစ်၏။ တစ်ဖန် ဆယ်တန်းပညာကိုရအောင် စက်သမား ဘ၀ဖြင့် ကြိုးစားရမည်မျာလည်း ပညာအဆင့်အတန်းမြင့်လာလေလေ အချိန်ပိုပိုမိုမို ပညာကို ဂရုစိုက်ဖို့ လိုလေလေ ဆရာကောင်းများကို မှီးနိုင်ဖို့ လိုလေလေ ဖြစ်နေပေရာ ကျွန်ုပ်မှာ (၇)တန်း ဖြေသလောက် လွယ်လွယ်နှင့် အောင်မည်မဟုတ်ကြောင်းကိုလည်း တွေးမိ၏။ ကြိုးစားက ဘုရားဖြစ်နိုင်၏ဟူသော စကား လုံးကို လက်ကိုင်ထားသော်လည်း သုမေဓာဘ၀ကနေ၍ သဗ္ဗညုတဥာဏ်ကို မရဘဲ လေးသင်္ချေ ကမ္ဘာ တစ်သိန်းကျင့်ယူဖြည့်ဆည်းခဲ့ရသည့် အချက်ကလည်းရှိသည်ကို တွေးမိ၏။ သို့ဖြစ်သောကြောင့် ကျွန်ုပ်မှာ ဆယ်နှစ်ခန့်ဖြင့် မြေတိုင်း အင်စပက်တော် ဖြစ်နိုင်သည့် သေချာသောလမ်းကိုသာ မှန်းရွယ်မိ၏။ မြို့အုပ် ၀န်ထောက်လုပ်လို၍ ဆယ်တန်းပညာကို မက်မောကာနေပါလျှင် ပညာသင်သည့် သုံးနှစ်အတွင်း၌ ဆယ် တန်းကိုသာ အောင်၍ မြို့အုပ်စာမေးပွဲမ၀င်ရမီ စာရေးဘ၀နှင့် နေလေရဦးမည်ကိုလည်း မြင်မိ၏။

တစ်ဖန် အဘိုး၏ထံ၌ မချဉ်းကပ်နိုင်သေးရုံမျှမက ပိုက်ဆံမာန လုံးဝဖုံးလျက် ကျွန်ုပ်အား ယူကျုံးမရအောင် နှိပ်စက်လိုက်သော သင်းတို့ဆွေမျိုးတစ်ပြုံလုံးကို လက်စားချေလိုသည့် ဆုံးဖြတ်ချက်ကြီးကလည်း ရှိသေး ၏။ ထိုဆုံးဖြတ်ချက်အတိုင်း အောင်ရန်မှာ ကျွန်ုပ်အား မည်သူကမျှ သင်္ကာမကင်းဖွယ်ရာ အခြေအနေကို ပထမခြေကုတ်ရစေဖို့ အရေးကြီးလှ၏။ ကျွန်ုပ်တွင် လူတစ်လုံးလူတစ်လုံး အခြေခိုင်ကာမှ ထိုအခြေကို အား ပြုကာ သင်းတို့ တစ်ပြုံလုံးကို ပြောင်းဖူးစေ့ချွေသလို တစ်ယောက်ပြီး တစ်ယောက် ချွေခြင်းအားဖြင့် နောက်ဆုံး၌ အဘိုးစုဆောင်းခဲ့သော ပစ္စည်းထုထယ်ကြီးကို ကျွန်ုပ်တစ်ယောက်တည်း ပိုင်ဆိုင်အောင် ကြံ စည်ဖို့ရှိပေရာ ကျွန်ုပ်တွင် လူတစ်လုံးသူတစ်လုံး အမြန်ဆုံးဖြစ်မြောက်စေရန် အရေးတကြီးဖြစ်နေ၏။ မြစ်ကို အလျားလိုက်ကူးသောနည်းမျိုးဖြင့် ကျွန်ုပ်၏ အခြေကို တည်ရန်အချိန်မရလှပေ။

ထိုမှတစ်ပါး ကျွန်ုပ်သည် စက်သမားအဖြစ်၊ အကူစာရေးအဖြစ်ရသော ငွေကြေးတို့မှာ အ၀တ်နှင့်အစား လုံ လောက်ရုံသာရှိ၏။ ပညာအဆင့်မြင့်မြင့်သင်ဖို့ ငွေအပိုအလျှံမပေါ်နိုင်။ ကျေးဇူးရှင် အထည်သည် လင်မယားတို့၏ စေတနာကိုမှီခို၍ စားသောက်နေခဲ့သည်မှာလည်း ကြာပေပြီ။ ဤခေတ်၌ ကမ္ဘာ့စီးပွားပျက် ကပ်ကြီး၏ ဒဏ်ကလည်း နိုင်ငံတိုင်းတွင် ထိခိုက်စပြုလာသဖြင့် အရောင်းအ၀ယ်များလည်း ပါးလျားစပြုလာ၏။

ထို့ကြောင့် ကျေးဇူးရှင်များပေါ်၌ တာဝန်ကြီးလေးနေမည်ကိုလည်း စိုး၏။ ထို့ပြင် အသန့်ကလေးမှာလည်း အသက်အရွယ် အတော်ပင်ရ၍ လာလေပြီဖြစ်ရာ အ၀တ်အစားကလေးများမှအစ ယခင်ကလို အထည်ဆိုင် က ပိုလျှံသည့် အစအနကလေးများနှင့်သာ ကိစ္စမပြီးတော့ဘဲ သူကလေး၏ စရိတ်ကလည်း ကျေးဇူးများ အပေါ်တွင် ထပ်ပိုး၍ တက်နေပေသေးသည်။
သို့ဖြစ်လေရာ အဘက်ဘက်မှ စဉ်းစားလိုက်တိုင်း ကျွန်ုပ်အဖို့တွင် ကိုယ့်ဝန်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ် သွားဖြစ်မှ ကိုယ့်ရည်ရွယ်ချက်ကို မြန်မြန် ဆောင်ကြဉ်းနိုင်မည်ဟု ယူဆလိုက်မိသည်ဖြစ်သောကြောင့် အမြန်ဆုံးထွက်ရပ်လမ်းဖြစ်သော မြေတိုင်းဌာနကိုပင် ၀င်တော့မည်ဟု ဆုံးဖြတ်လိုက်၏၊ မြေတိုင်း ကျောင်း တက်လျှင်ကား အစိုးရက စရိတ်ခံပေရာ ကျွန်ုပ်အဖို့၌ ပညာရော အစားအ၀တ်ပါ ခြိုးခြိုးခြံခြံဆိုပါက ဖူလုံဖို့ သေချာနေပေသည်။

သို့နှင့် ကျွန်ုပ်သည် မြေတိုင်းအင်စပက်တော်ကြီးအား နောက်တစ်နေ့ နံနက်တွင် မြေတိုင်းကျောင်းတက် ရန် ဆုံးဖြတ်ကြောင်းကို သွား၍ပြောလိုက်၏။ ထို့နောက် သုံးလခန့်ကြာသောအခါတွင် ရပ်ဝေး၌ ရှိသော မြေ တိုင်းကျောင်းသို့ ကျွန်တော် သွားရန် အသင့်ပြင်ဆင်ရသော နေ့သို့ ရောက်ခဲ့ပေတော့သည်။ ဤသုံးလ အတွင်း၌ ကျွန်ုပ်မှာ စက်ချုပ်သမား အကူစာရေးအဖြစ်နှင့် နေခဲ့ရင်း ငွေကလေးကြေးကလေး စုပါသေး၏။ သို့သော် စားရရုံထက် မပိုလှပေ။

နောက်တစ်နေ့စောစောကြီးတွင် ခရီးထွက်ရမည်ဆိုသော ညဦးပိုင်းသို့ရောက်ခဲ့သည်၌ ကျွန်ုပ်အား ကျေးဇူး ရှင်များက အစစအရာရာတွင် လိမ္မာရန် မိဘရင်းသဖွယ်မှာကြား၍ နေကြသည်။ ကျွန်ုပ်အား အ၀တ်အစား တစ်စုံနှင့် ငွေဒင်္ဂါးသုံးပြားကိုလည်း လက်ဆောင်ချီးမြှင့်ကြပေသည်။ ကျွန်ုပ်လည်း ၀မ်းသာဝမ်းနည်းကြီးဖြင့် ခံယူရင်း ကျေးဇူးရှင်များ စိတ်ချရအောင် ပြေးဆိုနေရ၏။ အသန့်ကလေးကား ကျွန်ုပ် ခရီးထွက်ရန် ဟန်ပြင် ကတည်းက မျက်စိ မျက်နှာမကောင်းရှာပါ။ ငယ်စဉ်ကလေးဘ၀ ဟိုရှေးကတည်းက အတူနေထိုင်ကြီးပြင်း လာရသဖြင့် မောင်အကြီးသဖွယ် တွယ်တာနေရှာသော အသန့်သည် ကျွန်ုပ် ခွဲခွာသွားတော့မည်ကို သိရ သောအခါ၌ သံယောဇဉ်ကြိုး တင်းကျပ်နေဟန်ရှိပါ၏။

ကျွန်ုပ်နှင့် ကျေးဇူးရှင်များ စကားပြောဆိုနေခိုက်တွင် အသန့်သည် ခပ်ဝေးဝေးမှ ငိုင်ငိုင်ကလေးနားထောင် နေရှာပါသည်။ ကျွန်ုပ်၏ မျက်နှာကိုလည်း ကွက်ကြည့်ကွက်ကြည့် ဖြစ်နေရှာ၏။ ထိုညက အိပ်ရာအ၀င်တွင် ကျွန်ုပ် ကိုယ်တိုင်ပင် အိပ်၍မရ။ အသန့်တို့အား ခွဲခွာသွားရမည်ကို ၀မ်းနည်းမိပေသည်။ သို့သော် ကျွန်ုပ် မှာ အတောင်အလက်စုံသော အရွယ်သို့ ရောက်ပြီဖြစ်ရကား မတတ်သာသောကြောင့် တော်ရာသို့ သွားရောက် နေထိုင်ရတော့မည်ဖြစ်ပေရာ ကျွန်ုပ်၏ ရည်ရွယ်ချက်ကြီးများကိုလည်းကောင်း၊ ကျွန်ုပ် ကြိုးပမ်းရမည့် ခရီး ဘ၀လမ်းကိုလည်းကောင်း တတွေးတွေးနှင့် အိပ်၍ မရတစ်ချက် ရတစ်ချက်ဖြင့်ပင် မိုးလင်းရပေတော့ သည်။

အရုဏ်တက်လောက်တွင် အိမ်မကြီးဘက်၌ အသန့်က လေးနိုးကာ မီးဖိုချောင်ထဲ၌ တချောက်ချက်ချက် လုပ်နေသည်ကို ကျွန်ုပ်၏ အိပ်ရာမှနေ၍ ကြားရ၏။ အသန့်သည် ကျွန်ုပ်လမ်း၌ စား၍သွားရန် ထမင်းထုပ်၍ ပေးလိုက်ဖို့ ထမင်းအိုးတည်၍နေခြင်းဖြစ်၏။ မကြာမီပင် အိမ်မထက်မှနေ၍ " အစ်ကိုကံကောင်း ထတော့ လေ မိုးလင်းတော့မယ်" ဟ နှိုးသံကို ကြားရသဖြင့် ကျွန်ုပ်လည်း အိပ်ရာမှထကာ ကိုယ်လက်သတ်သင် အ၀တ်အစားလဲရ၏။ အသန့်ခမျာကား ကျွန်ုပ်အတွက် ထမင်းထုပ်ကလေး အသင့်ထုပ်၍ နေပေသည်။ ကျေးဇူးရှင် လင်မယားတို့လည်း အိပ်ရာမှ နိုးကြကာ ကျွန်ုပ်အား ပညာကြိုးစားရန်ထပ်၍မှာကြ၏။

နောက်ဆုံး၌ နေကလေးမထွက်မီတွင် ကျွန်ုပ်သည် ကျေးဇူးရှင်များကို ဦးချကန်တော့ကာ အိမ်မှ ထွက်ရန် အသင့်ပြင်ရ၏။ အသန့်သည် အသင့်ချိတ်ထားသော ကျွန်ုပ်၏ အပေါ်အင်္ကျီကို ယူပေးရှာ၏။ သူ့ကို ကြည့် လိုက်ရာတွင် မျက်ရည်ကလေးအ၀ဲသားနှင့် ဖြစ်နေသဖြင့် ကျွန်ုပ်၌ ရင်ဆို့သွားမိ၏။ ကျေးဇူးရှင်အသန့်၏ မိခင်သည်လည်း အင်္ကျီလက်ဖျားဖြင့် မျက်လုံးထောင့်ကို တို့ရှာသည်။
" ကိုင်း ... အသန့် ... အကိုကံကောင်း သွားတော့မနော် ... " မနှုတ်ဆက်လိုက်သည်တွင် အသန့်သည် မျက်ရည်တွေ ၀ိုင်းဝိုင်းလည်နေရာက " ဟုတ် ... ဟုတ်ကဲ့ဟု ငိုသံပါနှင့် ဆိုရှာသည်။ ကျေးဇူးရှင်တို့၏ နှုတ် ဖျားမှ " စာ ... တစ်လတစ်ခါရေးပါကွယ်။ တို့ဆီကလဲ စာရေးမယ် ဟုတ်လား ... ကဲ ... ကဲ ... သွားပေတော့ သားရယ် ... အစစအရာရာလိမ္မာပါကွယ်" ဟူသော နှုတ်ဆက်သြ၀ါဒစကားများကို နာခ့ရင်း ကျွန်ုပ်သည် ကျေးဇူးရှင် တို့၏ အရိပ်အာဝါသမှ ခွာခဲ့ရပေသည်။
*
ဆက်ရန်
.

2 comments:

mstint said...

အပိုင်း ၁၀ အထိဖတ်သွားပြီ ကျေးဇူးညီမရေ။
မောင်ကံကောင်းဘဝကလည်း ကံဆိုးကြမ်းတမ်းလွန်းတယ်။
အတိတ်ကံရဲ့ အကြောင်းတရားကြောင့်ပဲပေါ့လေ။
ကောင်းလာမည့်သဏ္ဍာန်ရှိပေမယ့် လက်ရှိစက်တိုင်ပေါ် ရောက်နေတယ်ဆိုတော့ ဆက်ရန်ကိုပဲမျှော်နေတော့မယ်နော်။
စိတ်ဓါတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင်

Anonymous said...

အမကြီး.......
ဖတ်ပြီးသွားပြီ နောက်တစ်ပိုင်းကို မျှော်နေတယ်
ဖြစ်နိုင်ရင် တစ်အုပ်လုံးကို တစ်ခါတည်း ဖတ်ချင်တာ
အမကြီးကို သနားလို့ ဟီးဟီး
ဖြေးဖြေးပေါ့နော်။