ရွှေနောင်ရိုး (မန္တလေး)
ဘုန်းခေါင်မိခင် ကျေးဇူးရှင်
ဘုန်းခေါင်မိခင် ကျေးဇူးရှင်
ဒီနှစ်အဖို့တော့ အထိမ်းအမှတ်များနဲ့ နှစ်လို့ဆိုရမှာပါ။ မန္တလေးအနှစ်(၁၅၀)ပြည့်ဖြစ်လို့ အမှတ်တရစာအုပ် ထွက်ခဲ့ပြီးသလို ရွှေကျင်သာသနာအနှစ် (၁၅၀)ပြည့်ပြီမို့ အမှတ်တရစာမူတွေ တောင်းနေပါပြီ။ အခုလည်း အမေနေ့ အမှတ်တရနှင့်အတူ ဆရာကြီးဦးသုခရဲ့ အနှစ်(၁၀၀)ပြည့်နှစ်လည်း ဖြစ်ပါတယ်။
အမေနေ့ဖြစ်မြောက်ရေးအတွက် ဘဘဦးသုခက ကာယ၀ီရိယ၊ ဥာဏ၀ီရိယ တတ်စွမ်းသမျှကြိုးစားလုပ် သွားခဲ့သူ ဖြစ်တယ်။ ပြာသိုလပြည့်နေ့မှာ မြန်မာပြည်တလွှား အမေနေ့ကျင်းပတဲ့ပွဲတွေ အနှံ့အပြားဖြစ်နေခဲ့ ပါတယ်။ စစ်ကိုင်းစာပေ ရောင်းရင်းများက နှစ်စဉ် အမေနေ့ အမှတ်တရ ကဗျာစာအုပ်ထုတ်လို့ ကျွန်တော် လည်း တစ်နှစ်တစ်ပုဒ်တော့ မှန်မှန်ရေးခဲ့တယ်။ ကျွန်တော်တို့ မန္တလေးက နှစ်စဉ်မပြတ် အမေနေ့ ကျင်းပ တာ (၁၀)နှစ်ကျော်ခဲ့ပြီ ဖြစ်ပါတယ်။ ဦးသုခရဲ့ ရာပြည့်မှာ အမေနေ့ အမှတ်တရနဲ့တွဲပြီး အမှတ်တရ စာအုပ် ထုတ်ဖို့ဟာ စိတ်ကူးကောင်းတစ်ခုမို့ စာမူတစ်ပုဒ်ရေးဖို့ ကြိုးစားမိတယ်။
ဘဘဦးသုခရဲ့ အမေနေ့ဖြစ်မြောက်ဖို့ ကြိုးစားပုံက ရိုးရှင်းလှပါတယ်။ " မိဘမေတ္တာကို လေးစားလာအောင် အင်မတန်အေးချမ်းတဲ့ ပြာသိုလပြည့်နေ့ညကို အမေနေ့ဆိုပြီး ကျွန်တော်က သတ်မှတ်ချင်တယ်။ အဲဒီနေ့ည မှာ အမေနေ့ဆိုပြီး အမေ့မေတ္တာကို ချီးကျူးဂုဏ်ပြုတဲ့ သီချင်းတွေဆိုချင်တယ်။ သားသမီး တွေက အမေတွေ ကို တတ်နိုင်သလောက် ပြုစုမယ်။ ပိုက်ဆံကုန်ဖို့ မဟုတ်ဘူး နင်းပေးမယ်၊ နှိပ်ပေးမယ်၊ ရေချိုးပေးမယ် တတ် နိုင်တဲ့သူတွေက စားဖွယ်ရာလေးတွေ ၀ယ်ကျွေးရင်း အမေနေ့ ကျင်းပ စေချင်တယ်" ဒါဟာ ဘဘဦးသုခရဲ့ ဆန္ဒပါ။
" ပဋိသန္ဓေ၊ ဆယ်လနေ၍၊ မြုတေမျက်နှာ၊ မြင်သောအခါက၊ နံ့သာပန်းပျိုး၊ မဉ္ဇူမျိုးသို့။ မြတ်နိုးလှမော၊ ချစ် သဘောဖြင့်၊ ကျော်စောထင်အောင်၊ သဘောဆောင်သည်၊ ဘုန်းခေါင်မိခင် ကျေးဇူးရှင်" ဆိုတဲ့ မိခင်များရဲ့ ကျေးဇူးဆပ်ပွဲကို ပြုချင်လှတဲ့ ဘဘဦးသုခဆန္ဒ ပြည့်ဝသွားတယ်လို့ ဆိုရပါမယ်။ မကွယ်လွန်မီကတည်းက အမေနေ့ ရှုခင်းတွေ၊ အခင်းအကျင်းတွေ၊ ချမ်းမြေ့ကြည်နူးဖွယ်၊ အမေနေ့မြင်ကွင်းတွေကို အဘ မြင်သွား ရတာမို့ ကျေနပ်နှစ်သိမ့်ဖြစ်လိမ့်မှာ မလွဲပါ။
တစ်ခါတစ်လေ ကျွန်တော်တို့ကို ခင်ဗျားတို့က အမေနေ့ အမေနေ့နဲ့ အဖေတော့ အရေးမထားကြသလို ဖြစ်နေတယ်။ အဖေနေ့မရှိဘူးလား မလုပ်ဖူးလားလို့ မေးတာ ကြုံရတယ်။ အမေနေ့ကျင်းပနေသူတွေဟာ အဖေကျေးဇူးကို မမေ့သလို သိတတ်သူတွေလည်း ဖြစ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် အဖေ တစ်ယောက် ဖြစ်နေတဲ့အတွက် အဖေရဲ့ တန်ဖိုးကို ပိုသိတာပေါ့။ ဆရာဖုန်းမြင့်အောင်က အဖေနေ့ ကျင်းပမယ် ဆိုတော့ ၀မ်းသာအားရ ကြိုဆိုကြပါတယ်။ ဒါပေမယ့် တစ်ခါ တစ်လေတော့လည်း မေးလာတဲ့ အဖေ က မသေချာဘူးဗျာ အမေက သေချာပေါက် စိတ်ချရတယ်လို့ ပြောမိတယ်။ ၀စီကံအရ ပြစ်မှားသလို ဖြစ်နေပေမယ့် ပါးစပ်ဘရိတ်မအုတ်မိဘဲ လွှတ်ကနဲ ထွက်သွားမိတယ်။
အိမ်မှာ အားတဲ့တစ်ရက် စာအုပ်တွေ ဘေးပုံဖတ်ရင်း စစ်ကိုင်းသာသနာဝင် စာအုပ်ကို ပြန်ဖတ်မိတယ်။ ဒီ တစ်ခါ ဖတ်တော့ သတိထားမိတာလေးကို ဖောက်သည်ချချင်လို့ အမေနေ့ဆောင်းပါးစကိုင်ဖြစ်တယ်။ ကမန်တော် ရေးချင်တဲ့စကား ကျမ်းကို အထောက်အထားနဲ့ ပြောရရင် ကျမ်းကိုးအထောက်အထားနဲ့ ပြောရ ရင် အရှင်ကောသလ္လ ဓမ္မာစရိယ B.A (Hons) ရေးသားစီရင်တဲ့ စစ်ကိုင်း သာသနာဝင် ကျမ်းစာအုပ်မှာ ပါပါတယ်။
ပထမရွှေကျင် ဆရာတော်ဘုရားကြီး ဦးဇာဂရဟာ ၀ိနယကုက္ကုစ္စအလွန်ကြီးမားသူဖြစ်တယ်။ ရွှေကျင်ဂိုဏ်း ကို တည်ထောင်သူဖြစ်သလို ရွှေကျင်ဂိုဏ်း ဥပဒေပြုသူလည်းဖြစ်တယ်။ ရွှေကျင် သံဃာတော်တွေအတွက် ဓမ္မ၀ိနယ စာတမ်းကို ပြုစုသလို ရွှေကျင်တိုက် ကျောင်းသားများအတွက် ရွှေကျင်ကျောင်းသားကျင့်ဝတ်ကို သတ်မှတ်တယ်။ ရွှေကျင်ဂိုဏ်းသံဃာတော်တွေကို ကိုးကွယ်ဆည်းကပ်တဲ့ ဒကာ၊ ဒကာမတွေအတွက် " ၀ိဟိဝိနိယစာတမ်း"တွေနဲ့ အုပ်ချုပ်တော်မူပြီး သာသနာပြုတဲ့ ဆရာတော်တစ်ပါးဖြစ်တယ်။ ပြီးတော့ သူ ကိုယ်တိုင်လည်း ၀ိနည်းကို အတိအကျလိုက်နာသူ ဖြစ်တယ်။
ဒါကြောင့် တစ်နေ့မှာ ဆရာတော်က မိမိရဲ့ ခမည်းတော်ကြီး ဦးမောင်ကို ဒီလိုမိန့်ပါတယ်။ " ဒကာကြီး ဆွေ မျိုးမတော်သူ တစ်စိမ်းဖြစ်ခဲ့လျှင် ဖိတ်ကြားထားမှသာ တောင်းခံထိုက်ကြောင်း ဖြစ်ထိုက်တယ်။ ဖိတ်ကြား မထားဘဲ တောင်းခံပြီး ရလျှင် မအပ်သောပစ္စည်းဖြစ်လို့ အာပတ်သင့်တဲ့အပြင် မိစ္ဆာဇိဝလည်း ဖြစ်တယ်လို့ မိန့်တော်မူတယ်။ ရဟန်းဆိုတာ တစ်ပါးသူကို မှီခိုရသူဖြစ်လို့ သူ့အနေနဲ့ မိခင်ဒကာမကြီးမရှိလျှင် တောင်းခံ နိုင်ဖို့ ဒကာကြီးဖိတ်မထားသေးဘူးလို့ဆိုပြီး မိန့်ပါတယ်။
အဲဒီအခါ ဖခင်ဒကာကြီးလည်း သားတော်ကသူ့ကို အဖေအရင်း ဟုတ်ချင်မှဟုတ်မယ်။ မဟုတ်ခဲ့သော် တစ်စိမ်းက တောင်းခံရာရောက်မှာလို့ ပြောတာပဲ၊ တစ်စိမ်းဆီက တောင်းခံမိရင် အပြစ်ဖြစ်မှာမို့ ဖခင် စစ် မစစ် အရိပ်ပြမေးခွန်း မေးတယ်ဆိုတာ သိလိုက်တယ် အဲဒီတော့ ဖခင်ကြီးက " ဒီကိစ္စ ဒကာကြီး တာဝန်မဟုတ်ပါ သံသယကင်းလိုတယ်ဆိုရင် ဒါယိကာမကြီးကိုသာ မေးသင့်ပါတယ်။ ဒီလို ရှရှာဖွေဖွေ သံသယရှိပုံမျိုးကို အရင်ကကြားဖူးတယ်၊ အခုတော့ မေးတဲ့သူဟာ ကိုယ့်သားအရင်းဖြစ်နေ တယ်။ ဆိုပြီးပြန်လျှောက်ထားတာ သိရတယ်။ ကျွန်တော်တို့က ဒီစကားမျိုးကို ဟာသအရာမျိုး ပြောဖြစ်ကြ ပေမယ့် တကယ့်သာသနာဝင် ကျမ်းတစ်စောင်ဖတ်ရတော့ ဟိုက်ကနဲ ဖြစ်သွားတာပေါ့ဗျာ။ အမေရဲ့ တန်ဖိုး အနည်းအများ အဖေရဲ့ တန်ဖိုး အနည်းအများ အရေးပါမှု အနည်းအများ အငြင်းပွားစရာမရှိသလို တန်ဖိုး အရာမှာလည်း အဖေဟာ အမေ့ထက် မလျော့ပါးပါဘူး။ ဒါပေမယ့် အမေဟာ အဖေ့ထက် သေချာတယ် ဆို တဲ့ ကိစ္စကတော့ သံသယ မရှိနိုင်တဲ့ ကိစ္စမျိုးမို့ အမေနေ့ဟာ အဓွန့်ရှည်နေဦးမှာပါ။
မေတ္တာရောင်ပြန်ဟပ်လို၍ ထိုနှစ်နေ့သို့
အောင်အောင်(ယဉ်မွန်)
ဝန္ဒေမာတရံသီချင်း
ဆို- ကိုအံ့ကြီး
ရေး-ဦးဘသိန်း(မန္တလေး)
အောင်အောင်(ယဉ်မွန်)
ဝန္ဒေမာတရံသီချင်း
ဆို- ကိုအံ့ကြီး
ရေး-ဦးဘသိန်း(မန္တလေး)
မေတ္တာ ... ကရုစာ အကြင်နာရှာကြပေ၊ မွေးမိခင်ရဲ့ ခင်တွယ် စေတနာတွေ၊ရွှေမြင်းမိုရ် ထက်ပင်၊ ကြီးမား လျပေ ကျေးဇူးတရားတွေ ၀န္ဒေမာတရံ၊ သားမောင် အမြဲပင် ကန်တော့လျက်ပါပဲလေ ...(ပျော်ပျော်ရွှင်ရွှင်၊ သားလေး ကို ထွေးပိုက်ကာလေ၊ မြတ်သောရင်ခွင်၊ နို့ချိုတိုက်ကျွေး အလွန်ယုယပေ) ချိန်ခါ မသွေ၊ မှတ် ခြင် ယင်တွေဘေးကလေ (တာဝန်တွေ ကိုယ်ရေးထက်ပင် ဆယ်ဆ တိုးလို့နေ့) ... ချစ်ခင်ကြရှာပေ၊ အမြဲတိုင် လေ၊ သားရုပ်ရည်ရှုလို့နေ၊ အမြဲပဲလေ၊ မဟာကရုဏာတည်ပေ ... ငယ်စဉ်တောင်ကျေး၊ ကလေး အရွယ်က၊ မွေးမွေးလို့ပင် ပညာတွေကိုသင်၊ ရွှေစင်ရုပ်ရည်ရှုလို့တော့ဖြင့် မငြီးပေ၊ အစစအရာရာမှာလေ၊ မဟာကရုဏာ ကြီးရှာပေ ခုနေရှုစေ၊ ခုနေ မောင်တို့ မယ်တို့ မိခင်တွေ မိခင်တွေ၊ သားသမီးတွေ အပေါ်မှာ လေ၊ ထိုထိုအနန္တ၊ သြော် -လိုအင်ဆန္ဒပြုရှာတဲ့ဂုဏ်ကျေးဇူးတွေ (အချိန်တန် အရွယ်ရောက်ရင် ချစ်တဲ့သူနဲ့ ပေါင်းရစေဖို့၊ အာဝါဟရယ် ၀ိဝါဟရယ် လူသိနတ်ကြား မင်္ဂလာယင်တာတွေ) အလှူ့ဒကာ အလှူ့အစ်မ ခေါ်တာတွေ၊ ကျောင်းဒကာ ကျောင်းအစ်မခေါ်တာတွေ အမှန်ပေ၊ မွေးမေမေရဲ့ ဂုဏ် ကျေးဇူးအသင်္ချေ (ကျေးဇူးတော်မြတ် ကြီးလှပါသလေ၊ မဟာကရုဏာထားသူ ချစ်မေမေ) စာဖွဲ့ကာ တေးသံစုံနဲ့လေ၊ ရိုသေ မွေးမိခင်ကို မြတ်နိုးပေ ...)
ဒီသီချင်းကို (၂၈.၁၀.၂၀၀၄) (သီတင်းကျွတ်လပြည့်ည)က ရန်ကုန် ကျိုက္ကလော့ ပရိယတ္တိစာသင်တိုက်၊ မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာမှာ ဆရာတော် ဘဒ္ဒန္တဒေါက်တာ ဒန္ဒာဝရာဘိဝံသ ဦးစီးကျင်းပတဲ့ အမေ့မေတ္တာ စာမူဆုပေးပွဲနဲ့ အမေ့ဂုဏ်ပြုတေး သီဆိုပွဲ အခမ်းအနားမှာ ကိုထွန်းဦး (ထွန်းဦးစာပေ)နဲ့ နှီးနွယ် ရင်းနှီးခဲ့လဲ သာသနဒါယကာ ဦးအောင်ချိန်+ဒေါ်ကြင်လှိုင် (ကျော်အောင်အော့ဖ်ဆက်) တို့ ဖိတ်ခေါ် မှုနဲ့ သွားရောက်သီဆိုပေးခဲ့ပါတယ်။ ဆို၊ က၊ ရေး၊ တီး၊ ပြိုင်ပွဲမှာ ဒိုင်အဖြစ် ရောက်ရှိနေတဲ့ မန္တလေးမြို့ မြို့မတူရိယာအဖွဲ့ စန္ဒယားငြိမ်းထက်၊ တယောကိုတင်ဝင်းနဲ့ ဗုံကို အောင်ကျော်တို့ကို အကူညီတောင်းခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ၀န္ဒေမာတရံသီချင်းကို အဖွင့်အတွက် မြန်မာသံစဉ်က ဒီတစ်ပုဒ်တည်း ပဲပါလို့ပါ။ နောက်ပိုင်းမှာ စတီရီယိုအဆိုတော်ဘိုဖြူဦးဆောင်တဲ့ အဆိုတော်တွေက အမေ့ ဂုဏ်ပြု တေးတွေနဲ့ ဧည့်ခံကြတယ်။
တေးရေးဆရာကြီး ဦးဘသိန်း (မန္တလေး)က အမေ့ဂုဏ်ရည်ဖော်ကျူးတဲ့ "၀န္ဒေမာတရံ" သီချင်းနဲ့ မွေးသ ဖခင်ကျေးဇူးရှင်၏ အရိပ်သာလျှင်ဆိုတဲ့ " ဘ၀သခင်" သီချင်းကို ကိုအံ့ကြီးဆိုပြီး အသံသွင်းစေခဲ့သလို ကိုအံ့ကြီးရဲ့တူ မောင်တင်ဝင်းကို " အို ချစ်လှစွာသော ညီငယ် နှမငယ် ဖေဖေတစ်ခါပြောဖူးတယ်" အစချီ တဲ့ " ဖေဖေ ပြောသောပုံပြင် " သီချင်းကို အဖေ့မေတ္တာ ဖော်ကျူးတဲ့ အနေနဲ့ သီဆိုစေခဲ့တာ မြန်မာ့ အသံ မှာ ဓာတ်ပြားရခဲ့တယ်။
နောက်ပိုင်း မြန်မာ့အသံမှာ " မိဘ မေတ္တာ" ၊ "ပုဗ္ပာစရိယ မိနှင့်ဘ" စသဖြင့် မိဘမေတ္တာဖော်ကျူးတဲ့ ဓာတ် ပြားသီချင်းတွေရှိသလိုနောက်ပိုင်းမှာ ကြားဖူးကြမှာပါ။ " ကျေးဇူးရှင် ဖေဖေနဲ့ မေမေ" ဆိုတဲ့ သီချင်း၊ ဖေဖေ လည်း ချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ" ဆိုတဲ့ သီချင်းတွေရှိပါတယ်။
ဆရာကြီး ဦးသုခ ဂျပန်နိုင်ငံကအပြန် စတင်ကျင်းပဖို့ စိတ်ကူးရခဲ့တဲ့ အမေနေ့ အခမ်းအနားကို တက်ရောက် နားဆင်ခွင့်ရလို့ လှိုက်လှဲဝမ်းမြောက်စွာနဲ့ ဆရာကြီးကို ဦးညွှတ်လျက်ပါ။
ဆရာကြီးဦးသုခ အမှူးထားပြီး မန္တလေးမှာ ဆရာဖုန်း (စာရေးဆရာ ဦးဖုန်းမြင့်အောင်)တို့ အဖွဲ့ စီစဉ်တဲ့ အမေနေ့ပွဲတွေကို နှစ်စဉ် တက်ရောက်ခဲ့သလို၊ စစ်ကိုင်းရွှေဟင်္သာကျောင်းတိုက်က ကိုးဘွဲ့ရဆရာတော် အရှင် အာစာရာလင်္ကာရကို အမှူးထားပြီး စစ်ကိုင်းစာပေ ပညာရှင်တွေ ကျင်းပတဲ့ အမေနေ့ ပွဲကိုလည်း တက်ရောက်ခဲ့ပါတယ်။
အခုတော့ အမေနေ့ပွဲတွေကို မတက်ရောက်ဖြစ်တာ ၄ နှစ်ရှိသွားပြီးလို့ ၀န်ခံပါရစေ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဟာ မိဘနှစ်ပါးလုံးကို ချစ်တဲ့ သားတစ်ယောက်ဖြစ်တော့ အဖေ့ကို မျက်နှာပူပြီး အားနာမိလို့ပါ။ ဒါကျွန်တော့် ရင်ထဲက ခံစားချက်။
ကျွန်တော်ကိုယ်တွေ့ ကျေးဇူးရှင် မိဘနှစ်ပါးအကြောင်းကို ဒီနေ့ထိ သတိရနေလို့ စာဖတ်သူအားလုံးကို မျှဝေခံစား စေလိုတဲ့ စေတနာနဲ့ မှတ်မိသလောက် ပြောပြချင်တယ်။
ကျွန်တော် ၅ နှစ်သားအရွယ်ကစပြီး အဖေနဲ့ အမေဟာ နှစ်စဉ်သင်္ကြန် အကြိုနေ့တစ်ရက်ကို အိမ်မှာ မိသားစု စုံညီထမင်းစားပွဲကျင်းပတယ်။ အမေက ဈေးဝယ်၊ အဖေက စီမံချက်ပြုတ်ပါတယ်။ ဒီပွဲကို တခြား မြို့နယ် ဒေသတွေမှာ ရောက်နေတဲ့ သားသမီးတွေ၊ မြေးတွေပ် အကုန်ရောက်လာရတယ်။ ပွဲမှာဝတ်ဖို့ အ၀တ်အစား တွေလည်း ၀ယ်ပေးတယ်။
မိသားစုတွေ ပျော်ပျော်ရွှင်ရွှင် စားသောက်ပြီးရင် အဖေက ကိုယ် တွေ့သိမှတ်စရာလေးတွေ၊ ဟာသလေး တွေနဲ့ ဗဟုသုတရှိအောင် အကြောင်းအရာတစ်ခုနဲ့ တစ်ခု မတူရ အောင် ပြောပြတတ်တယ်၊ အမေကတော့ အဖေနဲ့ မတူဘူး။ အဖွားအနွယ်တော် ရေနံချောင်း မဘန်းကြီး အကြောင်း တစ်ခုတည်းပဲ နှစ်စဉ် ပုံပြင်ဆန်ဆန် အသေးစိတ်ပြောပြီး ကျန်တာ နောက်နှစ်မှ ဆက်ပြောမယ် ဆိုပြီး၊ ဆက်ရန်ပုံပြင်လေးကို ဖြတ်ဖြတ်ချန်ထားတတ်တယ်။
အဖေက သူငယ်စဉ်က ဓာတ်ပုံရိုက် ၀ါသနာပါတဲ့အကြောင်း ၁၉၂၄ ခုနှစ်က ၀ါသနာရှင် သူငယ်ချင်းတွေနဲ့ မန္တလေးမှာ ရုပ်ရှင်ရိုက်ကူးရေး ကုမ္ပဏီ ရှယ်ယာတည်ထောင်ပြီး မင်းသား၊ မင်းသမီးတွေနဲ့ ရှမ်းပြည်နယ်နဲ့ စစ်ကိုင်းဘက်ကို ခရီးထွက်ရိုက်ကူးပုံတွေ၊ ပြီးတော့ အိန္ဒိယနိုင်ငံသွားပြီး ရုပ်ရှင်ကင်မရာသွားဝယ်ကြတုန်းက အဲဒီနိုင်ငံသားတွေဟာ အင်္ဂလိပ်စကားပြော အသံထွက်တွေက မြန်မာ တွေလို အသံထွက်မလှတဲ့အကြောင်းတွေ ဟာသလေးနှောပြီး ပြောပြတယ်။
နောက်တစ်နှစ်မှာ အဖေက မောင်တင်မောင် (ဇာတ်မင်းသားရွှေမန်းတင်မောင်) ဇာတ်ထောင်ညပီး နာမည် ရလာတဲ့ အချိန်မှာ " အစ်ကိုကြီး ကျွန်တော်ငွေ စုဆောင်းမိပြီ သွားကြစို့" လို့ပြောတာနဲ့ ချင်းမိုင်မှာရှိတဲ့ မင်းတို့အဖိုးအိမ်မှာတို့ နှစ်ယောက်တည်းခိုပြီး၊ အဲဒီကတဆင့် ဇာတ်အတွက်လိုအပ်တဲ့ ပစ္စည်းနဲ့ အ၀တ် အထည်တွေဝယ်ဖို့ ဘန်ကောက်ကို ၂ ခေါက်လောက် လိုက်ပို့ပေးဖူးတယ်။ ယိုးဒယားရာမဇာတ်အတွက် အ၀တ်အစားတွေက အဲဒီမှာက ပိုပြီးအဆင်ပြေတယ်လေ။ သူတို့ဆီက လူကြီးတစ်ချို့ဆိုရင် ရှေးကအတိုင်း ၀တ်စားနေကြတုန်းကွ၊ ခေတ်တော့ သိပ်မမီသေးဘူးလို့ ပြောပြပါတယ်။
နောက်တစ်နှစ်မှာ အဖေက မင်းတို့ အမေအမွေရတဲ့ ယင်းတွေရွာ (ဒီပဲယင်းမြို့အနီး)က လယ်ကွက်တွေ အတွက်၊ ရေကန်ကြီးတစ်ခုသွားတည်တဲ့အခါ ဒီနယ်မှာ ဒီလောက်ကြီးတဲ့ ရေကန်မရှိသေးဘူးဆိုပြီး ပန်းရံ ဆရာကြီး ဦးရဲလှက သူနာမည် ကမ္မည်းထိုးခဲ့တယ်။ ခုချိန်ထိ အဖေတို့ ရေကန်ကြီးက ဦးရဲလှရေကန်ဆိုပြီး နာမည်တွင်နေတယ်။ အမရပူရက တောင်သမန်တံတားကြီးကို တာဝန်ယူဆော်ကခဲ့တဲ့ ဦးပိန်လိုပဲ၊ တောင် သမန်တံတားက ဦးပိန်တံတားလို့ ခုချိန်ထိ နာမည်ကြီးနေသလိုပေါ့ကွာ။
နောက်တစ်နှစ် တို့ယင်းတွေ ရွာကို အလည်သွားကြတုန်းက ချောင်းဦးနားက ရွာတစ်ရွာအိမ်ရှေ့မှာ ရေးထားတဲ့ ဆိုင်းဘုတ်မြင်လို့ အဖေအဲဒီအိမ်ဝင်းထဲဝင်ပြီး ဦးလေးမြရဲ့ ဘဲလုပ်ငန်းကို ကလေးတွေက ကြည့်ချင်လို့ပြပေးပါ ခင်ဗျာလို့ ပြောလိုက်တော့ အဲဒီဦးလေးကြီးက ငါ့နာမည် ဦးမြရွှေပါကွ။ ဘဲလုပ်ငန်းလည်း မလုပ်ဘူး။ ဘာဖြစ်လို့လဲဟ၊ ဆိုတော့ အဖေက သူ့ခေါ်ပြီး အိမ်ရှေ့ကဆိုင်းဘုတ်ကို ပြလိုက်တယ်။ စာကြောင်းတစ်ကြောင်းစီကို အသံထွက်ဖတ်ပြလိုက်တယ်လေ၊ ၄ ပေလောက်ရှိတဲ့ ပေတစ် ပြားမှာ အပေါ်ဆုံးက ဦးမြ၊ အောက်တစ်ကြောင်းက ရွှေပန်း၊ အောက်ဆုံးမှာ ဘဲလုပ်ငန်းလို့ ရေးထားတာလေ။ ပြီးတော့ ဒီနားမှာ ရွှေပန်းဆိုတဲ့ ရွာလဲရှိတယ်။ ဒီတော့ ဦးလေးကြီးက ဦးမြ၊ ရွှေပန်း၊ ဘဲ လုပ်ငန်းမဟုတ်ဘူးကွ၊ ဦးမြရွှေ၊ ပန်းဘဲလုပ်ငန်းလို့ ရေးထားတာ စာမဖတ်တတ်ဖူးလားလို့ ငေါက်ခဲ့တော့၊ အဖေကလည်း ဦးလေး မြန်မာစာရေးရင် ဘယ်တော့မှ ထောင်လိုက်မရေးပါနဲ့ အဓိပ္ပာယ်ကောက်လွဲမှား တတ်တယ်၊ ပြင်ရေးလိုက်အုံးလို့ ပြန်ငေါက်ခဲ့တာ၊ ယင်းတွေက အပြန် အဲဒီအိမ်ဘက် လှမ်းကြည့် လိုက်တော့ ဆိုင်းဘုတ်ကလေး မရှိတော့ဘူး။
တစ်နှစ်က အစ်မအကြီးဆုံး ပြောတာလေးလည်း မှတ်မိတယ်။ မမက - ဟောဒီမောင်လေးအငယ်ဆုံး အောင်ကို မွေးတဲ့နှစ်က တစ်နိုင်ငံလုံး ၀မ်းသာရွှင်မြူးပြီး ပျော်ပွဲရွှင်ပွဲတွေ ဆင်နွှဲကြတာပေါ့ကွာ။ ကျွန်တော် - အဲဒါ ကျွန်တော် မွေးတာ တစ်နိုင်ငံလုံးကသိလို့ ပျော်ကြတာလား၊ မမ- မဟုတ်ဘူးကွဲ၊ မြန်မာနိုင်ငံလွတ် လပ်ရေးရလို့၊ ဆက်ပြီးမမက နောက်နှစ်ကျတော့ မန္တလေးတစ်မြို့လုံး တိတ်ဆိတ်ငြိမ်သက်လို့ ကြောက်လန့် ပြီး အိမ်ထဲကအပြင်ကို ဘယ်သူမှ မထွက်ရဲကြဘူး။ ကျွန်တော် ဒါဆို ကျွန်တော့်ကို ကြောက်လို့ နေမှာပေါ့ နော်။ မမ - မဟုတ်ဘူး၊ ကရင်သောင်းကျန်းသူတွေ ၀င်လာလို့ဆိုတော့ မောင်နှမ တွေ အားလုံးက ၀ိုင်းရယ် ကြတယ်။
တစ်နှစ်မှာ အဖေက စစ်ပြေးတုန်းက မန္တလေးမြို့သူ မြို့သား အတော်များများက စစ်ကိုင်းဘက်ကို ပြေးကြ တာ၊ အဖေတို့က ရွာဟိုင်းရပ်က ကိုယ့်ကျောင်းထိုင်ဆာတော် ဦးတိလောကရဲ့ငွေတောင်း ကျောင်းတိုက်ကိုပဲ ပြေးတယ်။ တစ်နေ့မှာ မင်းတို့ အမေနဲ့ အဖေက ဘယ်နေ့များ ငါတို့အပေါ် ဗုံးကြဲမလဲ မသိနိုင်ဘူး၊ ကလေး(၄)ယောက်အတွက်လည်း စိတ်မအေးရဘူး၊ ဒီတော့ မသေခင် ဒါနလုပ်မယ်ဆိုပြီးပါလာတဲ့ အတွင်းပစ္စည်းလေး နည်းနည်းပါးပါးကို ဆရာတော်ဆီ အပ်နှံထား လိုက်တယ်၊ ပါသမျှငွေနဲ့ ရှင်ပြုနားသပွဲလုပ်ပြီး လှူပစ်လိုက်တယ်၊ စိန်ငှက်ရိုးဆိုင်းတောင်ပါသေးတယ်။
ဘုန်းကြီးကျောင်းသားနှစ်ယောက်ကို စစ်ကိုင်းဘက်စစ်ပြေးတဲ့ ဆွေမျိုးနဲ့ မိတ်ဆွေတွေကို ဖိတ်ဖို့ လွှတ်လိုက်တာ အလှူနေ့ရောက်တော့ ငှက်တွေနဲ့လာကြတာ စည်စည်ကားကားပဲ။ ဒီလိုလှူပြီးမှ စိတ်ချမ်း သာပြီး ကဲသေဖို့ အကြောင်းပါလာရင်လဲ သေလို့ရပြီလို့ စိတ်လျော့ထားလိုက်တယ်။ ဒါပေမယ့် ထူးခြားတာက အဲဒီရက်(၃)ရက်အတွင်းမှာ ဗုံးမကြဲတာကိုက တို့ကုသိုလ်ကံပေါ့ကွာ။ ပြီးတော့ စစ်ဖြစ်နေတဲ့ ကြားထဲ သူတို့မို့ အလှူလုပ်ရဲတယ်။ ရူးများရူးနေသလား မသိဘူးလို့ ဆွေမျိုးတချို့က အပြစ်တင် ဝေဖန် ကြတာလဲရှိသေး။
ထမင်းစားပွဲတစ်နှစ်မှာ အဖေက " အဖေချင်းမိုင် သွားသွားနေတုန်းက လမ်းမှာ ကူညီပေးလေ့ရှိတဲ့ မှီခိုရာ မဲ့ပြီး ရိုးသား ပွင့်လင်းတဲ့ ၁၅ နှစ်အရွယ် ကရင်မွန်စပ် ဘိတ်သားလေးတစ်ယောက်ကို မင်းမန္တလေး ရောက်ဖူးလားမေးတော့၊ သူက ကျွန်တော် ရန်ကုန်မြို့တောင် တစ်ခေါက်မှမရောက်ဖူးသေးဘူး၊ အခုဖထီး ပြောတဲ့ မန္တလေးဆိုတာ ပါတော်မူသွားတဲ့ သီပေါဘုရင်နေတဲ့ မြို့လား၊ အေးဟုတ်တယ်၊ မင်းကို အဲဒီမှာ တစ်ခါတည်းခေါ်ပြီး မွေးစားမယ် လိုက်မှာလားဆိုတော့ သူက ဘယ်သူ့မှ နှုတ်မဆက်ပဲ အ၀တ် တစ်ထည် ကိုယ်တစ်ခုနဲ့ မန္တလေးကို လိုက်လာခဲ့တယ်။ သူက စာဖတ် အင်မတန် ၀ါသနာပါတာကွ၊ အိမ်မှာ သတင်းစာ နဲ့ စာစောင် တွေကို တစ်လုံးချင်း ဖြည်းဖြည်းနဲ့ မှန်မှန်လေး အော်ဖတ်တဲ့ အကျင့်ရှိတယ်။
တစ်နေ့ တော့ သူ့ကို ဘိတ်သားလာဟေ့ ဦးလေးနဲ့ လိုက်ခဲ့ဆိုပြီး ဆံပင်ညှပ်ဆရာတွေက အိန္ဒိယကုလားတွေများ တယ်။ ဆံပင်ညှပ်ဆိုင်ဆိုရင် ဘာဘာကြီး ဆံပင်ညှပ်ဆိုင်၊ လက်ဖက်ရည်ဆိုင်ဆိုရင် ကာကာကြီး လက်ဖက် ရည်ဆိုင်လို့ နာမည်တါင်တာ။ ဆိုင်ရှေ့ရောက်တော့၊ သူကချိတ်ထားတဲ့ ဆိုင်းဘုတ် ကို မော့ကြည့်ပြီး အသံ ကျယ်ကြီးနဲ့ ဟဲ့ ယားက -ရိတ်ဆံသလို့ ကဗျာဆန်ဆန်အော်ဖတ်တဲ့ အသံ ကြောင့် တစ်ဆိုင်လုံးက ၀ိုင်းရယ် ကြတယ်။ ဆိုင်းဘုတ်မှာ အင်္ဂလိပ်လို Hair grade saloon မြန်မာလို ဟဲယားဂရိတ်ဆံသ လို့ ရေးထားတာ လေ။
နောက်တစ်ခုရှိသေးတယ်၊ တစ်နေ့မှာ အိမ်ကို မေမြို့ (ပြင်ဦးလွင်)က ဘိုနှစ်ယောက် အလည်လာ တော့ ကော်ဖီနဲ့ ဧည့်ခံနေတဲ့အချိန် ဘိတ်သားက နောက်ထဲဝင်သွားလိုက်၊ ဧည့်ခန်းထဲ ပြန်ဝင်လာလိုက်ဖြစ် နေတော့ အဖေကဟေ့ ဘိတ်သား မင်းဘာဖြစ်နေတာလဲလို့ လှမ်းမေးတဲ့အခါ သူက နားနားကပ်ပြီး ဖထီး ကျွန်တော် ၀မ်းသွားသွားနေလို့ ပြောတော့၊ အေး ဒါဖြင့် သွားအိပ်နေပြောတာကို မသွားသေးဘဲ၊ ကျွန်တော် ၀မ်းသွားတာ တစ်ခါသွားရင် ဖထီးတို့ ခုသောက်နေတဲ့ ကော်ဖီခွက်လောက်ရှိတယ်။ အရောင်ကလည်း အဲဒီ ကော်ဖီ အရောင်တိုင်းပဲလို့ မျက်စိထဲ ကွင်းကွင်း ကွက်ကွက် မြင်လာအောင် ဆက်ပြောတော့ သူ့ကို အသာ လေးတွန်းပြီး သွားစမ်းပါကွာ ဆိုတဲ့အသံကို ဧည့်သည်တွေက ကြားတာနဲ့ ဘာဖြစ်တာလဲဘရာသာ မေး တော့ အော်သူနေမကောင်းတဲ့ အကြောင်းပြောတာပါလို့ အလိုက်သင့် ဖြေလိုက်တယ်၊ ဘိတ်သားက ဘိတ် သံနဲ့ ပြောလို့တော်သေးတာပေါ့။ နောက်တော့ သူအသက် ၂၀ မှာ တိုက်ဖွိုက်နဲ့ ဆုံးသွားရှာတယ်၊ ဒီ အကြောင်းတွေက သူ့ကို သတိရစရာ အမှတ်တရလေးတွေပေါ့ကွာ။"
နောက် တစ်နှစ်အဖေက တစ်နေ့ လမ်းလယ်ဘုရားနားမှာနေတဲ့ အဖေတို့ မိတ်ဆွေအိမ်ကို အလည်သွားတော့ ကုလားကြီး (ဒုတိယသား ဦးမောင်မောင်)က ဖိုးလုံး (တတိယသား ဦးမောင်မောင်လေး) ကို မနိုင့်တနိုင်ချီပြီးနောက်ကလိုက်လာတယ်။ မိတ်ဆွေ အိမ်ရှေ့ရောက်တော့ ကလေးငိုသံကြားတာနဲ့ အိမ် ထဲ အမြန်ဝင်လိုက်တဲ့အခါ ကလေးကို သူ့အမေနဲ့ စုစု (မှုခင်းစာရေး ဆရာမကြီး ရဲအရာရှိ ဒေါ်စုစုဝင်း-ငြိမ်း) တို့က ၂ နှစ်သမီးလေး မူမူကို ရေချိုးပေးနေကြတာ။ အဲဒီ မူမူဆိုတာ ဖိုးလုံးနဲ့ တစ်နှစ်တည်းမွေးတာပေါ့။ သူ တို့က ကလေးကို ရေဇလုံထဲကနေ ဆွဲမပြီး မိုးလာလေလားဆိုပြီး ရေစစ်နေတဲ့အချိန်၊ ကုလားကြီးက သေချာကြည့်ပြီး ဘာပြောလိုက်တယ်မှတ်လဲ ဟာ-ခင်ဗျားတို့ ညီလေးက ကျွန်တော့် ညီလေးလို ချိုး(ဂျိုး)လဲ မပါဘူး။ ဖင်ချည်းပဲဗျ"လို့ လက်ညိုးထိုးအော်ပြောပြီး ရယ်လိုက်တော့ အားလုံးက အူတတ် မတတ်ရယ် လိုက်ကြတာပေါ့ကွာ။
ခုလို ပျော်ရွှင်စရာ မိသားစု ထမင်းစားပွဲမှာ အဖေတို့က သားသမိးတွေကို ပြောပြတဲ့ ဗဟုသုတ သိမှတ် ဖွယ် ရာနဲ့ ပျော်စရာလေးတွေကို ကျွန်တော် ဖောက်သယ်ချဖော်ပြရာမှာ နှစ်အလိုက် မဟုတ်ဘဲ မှတ်မိသမျှ အကျဉ်းချုပ်ထားတာ ဖြစ်ပါတယ်။
ကျွန်တော် ငယ်စဉ်ကတည်းက အဖေနဲ့ အမေကို ကန်တော့ပြီးမှ အိပ်တတ်တဲ့ အလေ့အထက ခုမိဘနှစ် ပါးမရှိတော့တဲ့တိုင်အောင် ရည်မှန်းပြီး ကန်တော့မြဲပါ။ ပရိတ်ကြီး (၁၁)သုတ်နဲ့ သံဗုဒ္ဓေဂါထာကို ငယ်စဉ်က တည်းက မိသင်ကြားပေးလို့ ရခဲ့တယ်။ ကရင်ဝင်တုန်းက ညတွေမှာ ကျွန်တော် ငိုပြီဆိုရင် အဖေက ချိုမိုင် မိုင်လုပ်ပြီး ချော့သိပ်တယ်လို့ သိရတယ်။ အရွယ်ရောက်လို့ ညညအဖေ့ကို နှိပ်နယ်ပေးတဲ့အခါ ကျွန်တော်က သီချင်းဆိုပြီး နင်းပေးရင် အဖေက မှောက်လျက်အိပ် လက်နှစ်ဖက်ဘေးကို ဆန့်ထုတ်ထားပြီး တော့ သီချင်းသွားကို ကုတင်ပုတ်ပြီး စီးချက်လိုက်ပေးတာလည်း သတိရတယ်။
ဈေးချို တိုက်တန်းကြီးက စတင်းဒတ်စတိုးမှာ အဖေက ၄၅ ကျပ်နဲ့ Box Camera တစ်လုံးဝယ်တော့ ဆိုင်က ကျွန်တော့်ကို ၀ိုင်လာဆိုတဲ့ ရွှေရောင် နာရီသော့ပေးတစ်လုံး လက်ဆောင်ပေးတာလည်း မှတ်မိ တယ်။ နှစ်စဉ်ကုတ် အင်္ကျီနဲ့ ဘောင်းဘီတစ်စုံ ၀ယ်ပေးတယ်။ မန္တလေးမှာရှိတဲ့ ရုပ်ရှင်ရုံတွေက ကားလဲတိုင်း မေတ္တာလက်မှတ်လာလာ ပေးကြတယ်။ ၀င်းလိုက်ရုံနဲ့ မြို့မရုံမှာ အင်္ဂလိပ်ကားကောင်းတင်မှ အဖေ ကျွန်တော့်ကို ခေါ်ပြီး သွားကြည့်လေ့ရှိတယ်။ ရုပ်ရှင်က အပြန် ၈၄လမ်း×၃၂လမ်းဒေါင့်က ဇော်မင်းကဖေးနဲ့ ပွဲထိုင်မှာ မုန့်ကျွေးတယ်။
သားအဖေနှစ်ယောက် မနက်တိုင်း ကျုံးဘေးကို လမ်းလျှောက်ထွက်တယ်။ အဲဒီ အချိန်က မန္တလေးမှာ လိုင်းရင်း ကလပ်နဲ့ ဆိုရှယ်ကလပ်ဆိုတာရှိတယ်။ အဲဒီမှာ ပုဆိုးကို ခါးပတ်ပတ်ထားတဲ့ လူကြီးတွေ၊ ဆေးတံ၊ ဆေးပြင်းလိပ်ခဲ့ပြီးခါးမှာ ခြောက်လုံးပြူးချိပ်လာတဲ့ လူကြီးတွေ၊ နိုင်ငံခြားဝတ်စုံဝတ်လာတဲ့ လူကြီးတွေအစုံတွေ့ရတယ်။ ကလပ်တွေ သွားတော့မယ်ဆိုရင် အဖေ ကျွန်တော့်ကိုမခေါ်ဘူး။ ဒါပေမယ့် အမေက အဖေနဲ့ ထည့်ထည့်လွှတ်တာများတယ်။ ဒါက ဖ.ဆ.ပ.လ ခေတ်ကပေါ့။ အဖေစီစဉ်တဲ့ မိသားစု ထမင်းစားပွဲကိုလည်း ၁၉၆၃ ခုနှစ်မှာ ရပ်ဆိုင်းလိုက်တယ်။ အိမ်မှာ သားသမီးတစ်ယောက်ယောက်နေထိုင် မကောင်းရင် ဆေးတိုက်မပို့ဘဲ ဆရာဝန်ကို အိမ်ခေါ်ပင့်ပြီး ဆေးကုတယ်။
အဲဒီ တုန်းက ဆရာဝန်ကြီးတွေက ဘောင်းထုတ်နဲ့ ပန်ချာပီကုလားဆရာဝန်တွေများတယ်။ နားကြပ်ကလေးထောက်ကြည့်ရုံနဲ့ ဘာရောဂါဆိုတာ အတိအကျပြောကုတဲ့ ဆရာဝန်ကြီးတွေ။ သားသမီး တွေ အပေါ် ဒီလို ကရုဏာထားပြီး သားအဖေနှစ်ယောက် တွဲလာခဲ့တာ ကျွန်တော့် အသက် ၂၆ နှစ်မှာ အဖေဆုံးတော့ ရင်ထဲမျာ နေမထိ ထိုင်မထနဲ့ တစ်ခုခုလိုနေသလို ဟာတာတာနဲ့ ၀မ်းနည်းကြေကွဲခဲ့ရပါ တယ်။ ခုဆိုရင် အဖေ့အသက် (၁၀၉)နှစ်ကျော်၊ အမေ့အသက် (၁၀၆)နှစ်ရှိသွားပြီ။
မေတ္တာကရုဏာရောင်ပြန် ဟပ်တဲ့ မိဘနှစ်ပါးရဲ့ ကျေးဇူးတွေကို ဒီနေ့ထိ မမေ့နိုင်အောင် အမေနေ့ပွဲဆိုတာ တော့ ရှိနေပြီမို့ ၀မ်းသာမိတယ်။ ဒါပေမယ့် ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာဆိုတဲ့ အနန္တငါးဖြာကို ဦးထိပ် ထားကျင်းပတဲ့ အနေနဲ့ ဘုရားပွဲ၊ တရားပွဲ၊ သံဃာတော် ဆွမ်းကပ်ပွဲ၊ ၀ါဆိုသင်္ကန်းကပ်ပွဲ၊ အခု အမေနေ့ပွဲ၊ အာစရိယပူဇော်ပွဲတွေ နှစ်စသ်ကျင်းပပူဇော်လျက် ရှိနေကြပါတယ်။ အနန္တဂိုဏ်းဝင် မိဘဆိုတဲ့နေရာမှာ အဖေနေ့ပွဲဆိုတာ မရှိသေးလို့ သားသမီးတွေက အဖေကို ဥပေက္ခာပြုရာ ရောက်နေသလိုပါပဲ။ ကျွန်တော်တို့ ကိုင်ဆောင်ရတဲ့ မှတ်ပုံတင်၊ နိုင်ငံသားကဒ်တွေမှာ အဖေ့နာမည် အသုံးချခံရတာလည်း စိတ် မကောင်းပါဘူး။
အဖေဆိုတာ အမေအားကိုး အားထားပြုရတဲ့ ယောက်ျားသားပါ။ ဆရာ ကြီးဒေါက်တာသန်းထွန်းရဲ့ ကျော်စွာ ၁၀၀၊ ပ-တွဲ၊ စာ-၄၇ မှာ၊ ရှင်ပေါလုက မိန်းမနဲ့ပတ်သက်ပြီး မိန်းမသည် အုပ်စိုးခြင်းကို အစဉ်ဝန်ခံ၍ တိတ်ဆိတ်စွာသင်စေ၊ မိန်းမသည် ဆုံးမသြ၀ါဒပေးခြင်း၊ ယောက်ျားကို အစိုးတရပြုစေခြင်း၊ အခွင့်ကို ငါမပေး။ သူသည် တိတ်ဆိတ်စွာ နေအပ်၏။ အကြောင်းမူကား၊ အာဒံကို ရှေးဦးစွာ ဖန်ဆင်းတော် မူ၍ နောက်မျ ဧ၀ကို ဖန်ဆင်းတော်မူ၏။ (တိ မော သေသြ၀ါဒ (Timothy) ပထမ စာစောင် ၂း၁၁-၁၃) လို့ တွေ့ရတဲ့အပြင်၊ အဲဒါထက်ပိုပြီး ပြင်းပြင်း ထန်ထန် ပြောတာလဲရှိသေးတယ်။ ယောက်ျားသည် ဘုရားသခင်၏ ပုံသဏ္ဍာန်ဘုန်းသရေတော်ဖြစ်သောကြောင့် မိမိခေါင်းကို မဖုံးရ။ မိန်းမမူကား ယောက်ျား၏ ဘုန်းအသရေဖြစ်၏။ ယောက်ျားသည် မိန်းမကြောင့်ဖြစ်သည်မဟုတ်။ မိန်းမသည် ယောက်ျားကြောင့်ဖြစ်၏။ ယောက်ျားကို မိန်းမဖို့ ဖန်ဆင်းသည်မဟုတ်၊ မိန်းမကို ယောက်ျားဖို့ ဖန်ဆင်း၏လို့ ဖော်ပြထားတယ်။
အဖေအတွက် စိတ်မကောင်းဖြစ်ပြီး အဖေနေ့ကို စောင့်မျှော်နေတဲ့အချိန် ကျွန်တော့်ဆီကို ဖိတ်စာတစ် စောင် ရောက်လာတော့မှ ၀မ်းသာသွားတယ်။ ဖိတ်စာ အတိုင်း၊ ၂၀၀၉ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ပုသိမ် ကြီးမြို့နယ်၊ ဆည်တော်လေးမှာ ဆရာဖုန်း (စာရေးဆရာ ဦးဖုန်းမြင့်အောင်) ဦးဆုံးစတင် ကျင်းပတဲ့ပွဲကို ၀မ်းမြောက်ဂုဏ်ယူစွာနဲ့ တက်ရောက်ပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးပေးခဲ့တယ်။ နောက်တစ်ခုက ပြင်စာ ရွာမှာ ဆရာဖုန်းတည်ထောင်တဲ့ သုခမေတ္တာ မိဘမဲ့ ကျောင်းအတွက် ကျွန်တော်တို့ မောင်နှမ (၆)ယောက် လှူဒါန်းတဲ့ ဗုဒ္ဓဆင်းတုတော်ကြီးကို အနေကဇာတင်တဲ့နေ့ဟာ ဆရာဖုန်းစတင်ကျင်းပတဲ့ အဖေနေ့ဖြစ်လို့ ကျွန်တော်တို့အတွက် အမှတ်တရဖြစ်စေခဲ့တယ်။
ဒါကြောင့် အဖေနေ့ကို ကျွန်တော်တို့ နိုင်ငံမှာ ယခုစတင်ခဲ့နိုင်ပြီမို့ ဆရာဖုန်းနဲ့တကွ စွမ်းဆောင်နိုင်သူတွေ အားလုံးကို ကျေးဇူးတင် ဂုဏ်ယူစွာနဲ့ ဦးညွှတ်ကြိုဆိုလျက်ပါ။
ဆက်ရန်
.
No comments:
Post a Comment