အတိုး
ဝင်းကြည်မောင် (မွေး/ကု)
ဝင်းကြည်မောင် (မွေး/ကု)
ကျုပ်တို့လက်ျာဘက် ပလက်ဖောင်းအတိုင်း စကားတပြောပြောနဲ့ လမ်းလျှောက်လာကြတယ်။ ကျုပ်တို့ ဆိုရာမှာ ကျုပ်ရယ်၊ အကြော်သည် ဒေါ်ဝတုတ်ရယ် သူ့ရဲ့ သုံးနှစ်သားအရွယ် သူ့သားလေးရယ်ပါ။
ကျုပ်ညနေစောင်း ရုံးကို ပိတ်ပြီး အိမ်အပြန်မှာ ဒေါ်ဝတုတ်ကလဲ အကြော်ရောင်းတာ ဒီနေ့မှ စောစောကုန် လို့ အိမ်အပြန် လမ်းချင်းဆုံနေတာမို့ အတူစကားပြောပြီး ပြန်လာကြတာပါ။
ဒေါ်ဝတုတ် ဆိုတာက ကျုပ်ရဲ့ ရုံးဘေးခြံနားကပ်ပြီး အကြော်ရောင်းနေတဲ့ အကြော်သည်ပါ။ သူ့ဆီက အကြော် ၀ယ်စားရင်း ကြာတော့ လူချင်းခင်နေတဲ့သူပါ။ တကယ်တော့ ဒေါ်ဝတုတ် ဟာ မုဆိုးမတစ်ဦးပါ။ ဒေါ်ဝတုတ် ဟာ တစ်ဦးတည်းသော သမီးဖြစ်ပြီး သူ့အမေ မသေခင်မှာ စိတ်ချရအောင် ယောက်ျား ပေးစား ခဲ့ တယ်။ အဲဒီအချိန်မှာ ဒေါ်ဝတုတ်ဟာ အပျိုကြီးဖြစ်နေပြီ။
သူ့ယောက်ျားက ကားဒရိုင်ဘာတစ်ယောက် ဒေါ်ဝတုတ် တို့ အမေက တောသူတစ်ယောက်၊ ဒေါ်ဝတုတ် လဲရွာမှာ လယ်ထဲကောက်စိုက်ရင်းနဲ့ တောမှာကြီးပြင်းခဲ့သူ သူ့အမေမသေခင် ပေးစားခဲ့တဲ့ ကားဒရိုင်ဘာ ကို အပျိုကြီး ဖြစ်မှ အိမ်ထောင်ပြုခဲ့သူပါ။
ဒါပေမဲ့လည်း ဒေါ်ဝတုတ် ယောက်ျားဟာ ကုန်ကားမောင်းရင်း ကားမှောက်လို့ သေခဲ့တယ်။ အဲဒီအချိန်မှာ ဒေါ်ဝတုတ် ဟာ ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ သားလေးမွေးပြီးတော့ မြို့မှာပဲဆက်နေရင်း အကြော် ရောင်းပြီး ဘ၀ကို ရပ်တည်နေခဲ့ရတယ်။ အကြော်ရောင်းတဲ့အခါ သားလေးကိုပါ ခေါ်ခေါ်လာရရှာတယ်။
အဲဒါတွေကတော့ ဒေါ်ဝတုတ်နဲ့ တဖြေးဖြေး ရင်းနှီးရင်းက သိလာရတာတွေ၊ ဒေါ်ဝတုတ် ကို ကျုပ်ချီးကျူးမိ တာ က ဘယ်တော့မှ စိတ်ဓာတ်မကျတာပဲ၊ သူပြောနေကျစကား တစ်ခွန်းရှိတယ်။
" ဆရာရယ် ဘ၀ကပါ အောက်ဆုံးကျနေတာ စိတ်ဓာတ်ပါကျတော့ ဘယ်မှာ တက်ဖို့ ကျန်တော့မလဲ" တဲ့။
ဒေါ်ဝတုတ်ဟာ သူ့သားလေးကို သိပ်ချစ်တယ် ကျွန်မဘ၀ရဲ့ မျှော်လင့်ချက်ဟာ ကျွန်မသားလေးပါတဲ့။
ကျုပ် တို့ ခုလိုလမ်းလျှောက်လာကာမှာ ဒေါ်ဝတုတ်က အကြော်ဘမ်းခေါင်းပေါ်ရွက် လက်တစ်ဘက်က သားကို လက်တွဲလို့ သူ့သားလေးရဲ့လက်ထဲမှာ ရောင်စုံပလစ်စတစ်ဘောလုံးလေးတစ်လုံးကို ကိုင် ထား တယ်။
အဲဒီလို လမ်းလျှောက်လာရင်းမျာပဲ မထင်တဲ့ အဖြစ်အပျက်တွေဟာ ဆက်တိုက်ဖြစ်ခဲ့တယ်။ ဒေါ်ဝတုတ် သားလေးရဲ့ လက်ထဲက ရောင်စုံဘောလုံးလေးဟာ လွတ်ပြီး လမ်းမပေါ်ကို လိမ့်သွားတယ်။ ကလေးက ဘောလုံး ကို လိုချင်ဇောနဲ့ အမေ့လက်ကိုဖြုတ်ပြီး ဘောလုံးနောက် လမ်းပေါ်ကိုဖြတ်ပြီး ပြေးလိုက် သွားတယ်။ အဲဒီအချိန်မှာ ကျုပ်တို့နဲ့ မျက်နှာချင်းဆိုင်ကနေ တဖက်ယာဉ်ကြောအတိုင်း လူငယ် တစ်ယောက် ဟာ အရှိန်နဲ့ ဆိုင်ကယ် မောင်းလာနေတယ်။
ကလေးက ဘောလုံးအကောက် ကလေးနားမှာ ဆိုင်ကယ်ကလည်း ကျီကနဲ ထိုးအရပ် အဲဒါကိုမြင်တော့ ကလေး ဟာ ကြောက်ပြီး မအေဘက်ရှိရာလမ်းကို ဖြတ်ပြီး ဘောလုံးလေးကို ပိုက်ပြီး ပြန်ပြေးလာတယ်။
အဲဒီအချိန် မှာ ကျုပ်တို့နောက်ကျောက ကားတစ်စီး မောင်းလာနေတာ ရိပ်ကနဲမြင်လိုက်ရတယ်။ ဒေါ်ဝတုတ် ခေါင်းပေါ်က အကြော်ဗန်းကို ၀ုန်းဆိုပစ်ချပြီး ကားရှေ့ရောက်နေတဲ့သားကို ပြေးပြီး လှမ်းဆွဲ လိုက်တယ်။
" ဒိုင်း "ဆိုတဲ့ ကားတိုက်သံနှင့်အတူ ဒေါ်ဝတုတ်ဟာ ကလေးနဲ့ အတူလိမ့်သွားတယ်။
ဒေါ်ဝတုတ်ကြားထဲက ခံလိုက်လို့ ကလေးဟာ ဘာမှတော့ဖြစ်သွားပုံမရပေမဲ့ ဒေါ်ဝတုတ်ကတော့ လမ်း ပေါ်မှာ ခွေခွေလေး ခဏနေတော့ ဒေါ်ဝတုတ် ပါးစပ်ကနေ ပွက်ကနဲသွေးတွေ ထိုးအန်လိုက်တယ်။ အဲဒီ သွေး တွေ ဟာ ကလေးရဲ့ ကိုယ်ပေါ်မှာ ရဲခနဲပေသွားတယ်။
ပတ်ဝန်းကျင် ဟာ အဲဒီတစ်ခဏလေးမှာ ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်နေတယ် ခဏနေမှ ပတ်ဝန်းကျင်မှာ အသံမျိုးစုံဆူညံလာတယ်။
ကျုပ် ကျုပ်အဲဒီအဖြစ်အပျက်တွေ အစအဆုံးကို မှင်သက်ကြည့်နေမိတယ်။ ဒေါ်ဝတုတ်ပါးစပ်က သွေးတွေ လည်းမြင်ရော ကျုပ်မျက်လုံးထဲ မိုက်ကနဲဖြစ်ပြီး ကျုပ်သတိလစ်သွားတယ် ဘာဆိုဘာမှ မသိတော့ဘူး။
အခန်း(၂)
ကြာတော့ကြာခဲ့ပါပြီ။ ငယ်စဉ်ကျောင်းသားဘ၀က အဖြစ်အပျက်တစ်ခုပါ။ ကျုပ်ငယ်ငယ်ကဆို သေနတ် တစ်လက် နဲ့ ငှက်ပစ်ရတာကို အရမ်းဝါသနာပါခဲ့တာ၊ ကျောင်းပိတ်တာနဲ့လေသေနတ်ကို ဆွဲပြီး မြို့ နား ပတ်ဝန်းကျင် က ရွာတွေရှိရာ ငှက်ပစ်ထွက်တော့တာပဲ။
အဲလိုငှက်ပစ်ထွက်တဲ့အခါ အမြဲရောက်နေကျနေရာကတော့ လက်ပံချောင်းရွာအစပ်လယ်ကွင်း တောတန်း လေးထဲက ညောင်ပင်ကြီးရှိရာကိုပဲ။
ညောင်ပင်ကြီး ဘေးဝန်းကျင်က လယ်ကွင်းတွေရှိတော့ စပါးမှည့်ချိန်ဆို ဂျိုးတွေလာစား နောက်ညောင်ပင် ကြီးပေါ်နားကြ ညောင်သီးသီးချိန်ဆို ညောင်သီးလာစားတဲ့ ငှက်တွေနဲ့ အဲဒီညောင်ပင်ဟာ ငှက်တွေပြတ်လှ တယ်မရှိဘူး။
ဒါပေမဲ့ ညောင်သီးသီးချိန် ကျုပ်ရွေးပြီးပစ်လေ့ရှိတာက ငူဆိုတဲ့ ငှက်တွေပဲ။ ငူငှက်ဆိုတဲ့အတိုင်း ညောင်ကိုင်း ပေါ် ငူငူကြီးနားနေလေ့ရှိတယ်။ နောက် ဂျိုးတွေလို အကင်းမပါးပဲ သုံးလေးချက်အပစ်ခံတယ်။
သူ့အရောင် က ၀ါဖန့်ဖန့်အပြာနုရောင်၊ အမွှေးတွေကလည်း လက်နြ့အသာလေးနုတ်ရတယ်။ သူ့အသား ဟာ အဆီ တွေ နဲ့ အကောင် က ကြီးတော့ ခိုအကြီးစားလောက်ရှိမယ်။ ဂျိုးသား ကောင်းတယ်ဆိုတာ သူ့အသား ဘယ်မီမလဲ။
ညောင်သီးလာစားရင်လည်း အုပ်လိုက်လာလေ့ရှိတယ်။ အကောင်ကြီးသလောက် အသဲပါးတယ်ဗျာ။ ထိတယ် ဆိုတာနဲ့ ကျတာပဲ။
အဲဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ ထုံးစံအတိုင်း ဆဲ့ဒီအပင်အောက်ကို ကျုပ်ရောက်နေပြီ။ မနက်စော သေး လို့ ငှက်တွေတောင် မလာကြသေးဘူး။ ညောင်ပင်အောက်မှာ ကျုပ်ထိုင်စောင့်နေတုန်း ထူးထူး ခြားခြား အုပ်လိုက်မလာဘဲ ငှက်တကောင်တည်း ညောင်ပင်ဆီကို ပျံဝဲလာတယ်ဗျ။
ကျုပ်လဲငူငျက်ရဲ့အထာကို သိနေလို့ထိုင်ပြီး စောင့်ကြည့်နေတယ်။ ပထမအဲဒီငှက်ဟာ အပင်ထိပ်ဖျားက ညောင်ကိုင်း ပေါ်နားတယ်။ မလှုပ်မယှက်ပဲ တော်တော်ကြာတော့မှ အောက်ဘက်ဆင်းလာပြီး ညောင်သီး တွေ ကို စားစပြုတယ်။
ကျုပ်လဲလေ သေနတ်ပစ်ကောင်းမဲ့အနေအထား အကွာအဝေးထိ စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်နေတယ်။ ငှက် ကလဲ တဖြည်းဖြည်းရဲလာပြီး အောက်ဖက်မှာ ရှိတဲ့အသီးတွေ ရှိရာကို တဖြေးဖြေးဆင်းလာတယ်။
လိုအပ်တဲ့ အကွာအဝေးလဲ ရောက်ရော ကျုပ်သေချာချိန်ပြီး ပစ်လိုက်တယ်။ " ဖေါက်" ဆိုတဲ့ သေနတ် မှန်သံ ကြားလိုက်တယ်။ ကျုပ်လဲ ငှက်ကျလာမလားလို့ ထင်ပြီး ကြည့်နေတုန်း အဲဒီငှက်ဟာ ကျမလို ကျမ လို ဒယိမ်းဒယိုင် နဲ့ ညောင်ပင်နဲ့ မနီးမဝေး အပင်အုပ်အုပ်စီ တပင်စီပျံသွားတယ်။
ကျုပ်လဲ သေနတ် လက်ကကိုင်ပြီး ပြေးလိုက်သွားတယ်။ အဲဒီအပင်ဆီ ရောက်ပြီး မော့ကြည့်လိုက်တော့ အသိုက် လိုလို ခြုံတစ်ခုပေါ်မှာ အဲဒီငူငှက်ရဲ့ အတောင်ပံတစ်ဖက်ဘေးကို ကျနေတာ မြင်ရတယ်။
အဲဒါနဲ့ ကျုပ်လဲ သေနတ်ကို ကျောပိုးပြီး အပင်ကလဲ အကိုင်းအခက်ကောင်းတာမို့ တွယ်ပြီး အဲဒီအသိုက် ရှိရာကို တက်သွားတယ်။
အသိုက်ကို သေသေချာချာမြင်ရတဲ့ နေရာလဲရောက်ရောဗျာ ငူငှက်ဟာ သေနေပြီဗျ။ သူရဲ့အသိုက်ပေါ်မှာ အတောင် နှစ်ဖက်ဖြန့်ရက် နဲ့ သေနေပြီ။ သူ့ရဲ့ပါးစပ်ကတော့ စားလာတဲ့ညောင်သီး ဒါမှမဟုတ် ငုံလာဟန်ရှိ တဲ့ ညောင်သီးတွေကို သူ့ရဲ့ သားသမီးငူငှက်ပေါက် သုံးလေးကောင်က ၀ိုင်းပြီး ထိုးဆိတ်စားနေလေ ရဲ့ ငူငှက်မကြီးရဲ့ ရင်အုံကသွေးတွေက တစက်တစက်နဲ့ ငူငှက်လေးတွေရဲ့ အ၀ါရောင် အမွှေးနုနု လေးတွေ ပေါ်ကို ကျနေတာ ရဲကနဲ ရဲကနဲပဲ။ ငှက်ကလေးတွေကတော့ ဒါကို မသိပါဘူး။ သူ့အမေ ပါးစပ်က အစာဘဲ အလုအယက် ၀ိုင်းထိုးစားသောက်နေကြတယ်။
အဲဒီမြင်ကွင်း ကို မှင်သက်ကြည့်နေမိတဲ့ ကျုပ်ရဲ့ ရင်ထဲမှာ အလုံးကြီးတစ်ခုဆို့တက်လာတယ်ဗျ။ လူကလဲ ရင်ထဲ က ပူတက်လာတာနဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ စီးကျလာတယ်။
ကျုပ် အပင်ပေါ်ကနေ တွယ်မဆင်းတော့ဘဲ အောက်ကို ဒီအတိုင်းခုန်ချလိုက်တယ်။ နောက်အံကိုကြိတ်ပြီး ကျောပေါ်မှာ လွယ်ထားတဲ့ သေနတ်ကို ဖြုတ်လို့ ပြောင်းဖက်က ကိုင်ပြီးအပင်နဲ့ အားကုန်ရိုက်ချိုးပစ်လိုက် တယ်။
အခန်း (၃)
အဲဒီအချိန်ကစလို့ သူ့အသက်သတ်ခြင်းဆိုတဲ့အမှုကို ကျုပ်အတတ်နိုင်ဆုံး ရှောင်ခဲ့ပါတယ်။ ငှက်မကြီး ဟာ ကျုပ် ကို သင်ခန်းစာကောင်းကောင်း ပေးခဲ့နိုင်ပါတယ်။ ကျုပ်တိရစ္ဆာန်လေးတွေကို ကြင်နာ ရမှန်းသိလာ တယ်။
ဒါကြောင့်မို့ အသက်မွေးဝမ်းကြောင်း ပညာရပ်တောင်မှ တိရစ္ဆာန်ဆေးကုပညာရပ်ကို သင်ခဲ့တာပါ။ ကျုပ် ကု သပေးရတဲ့ တိရစ္ဆာန်လေးတွေမှာလည်း မိခင်မေတ္တာ ရှိကြတယ်ဆိုတာ အမြဲမြင်တွေ့လာရတယ်။
ဒါပေမဲ့အဲဒီ ငူငှက်မကြီးရဲ့ အဖြစ်ကိုတွေ့ပြီး နောက်မှာ ကျုပ်ဟာ ထူးထူးဆန်းဆန်း ရောဂါတစ်ခုရခဲ့တယ်။
အဲဒါ ကတော့ သူများ ခန္ဓာကိုယ်က သွေးတွေ ထွက်တာမြင်ရင် ကြောက်ရွံ့တဲ့ရောဂါပဲ နဲနဲထွက်တာ တွေ့ရင် သတိလစ်ချင်သလို များများထွက်တာ တွေ့ရင် သတိလစ်သွားတတ်တာပဲ။
ဒါပေမဲ့ ပိုအံ့သြစရာကောင်းတာကတော့ ကျုပ်ကိုယ်က သွေးထွက်တာကျတော့ ဘာမှမဖြစ်တာဘဲဗျ။
ငူငှက်မကြီး ရဲ့အဖြစ်ကို ပေးဆပ်ဖို့ ကျုပ်တတ်နိုင်တာ တစ်ခုအခွင့်သင့်တိုင်း လုပ်ခဲ့တယ်။
ငူငှက်မကြီးရဲ့ မိခင်မေတ္တာ သူ့ရဲ့ သွေးတစ်စက်တိုင်းအတွက် ကျုပ်မသေမချင်း ပေးဆပ်နေမှာပါ။
အခန်း (၄)
ကျုပ်ဟာခုချိန်ထိ လူပျိုကြီးပါ။ ရင်းနှီးသူတွေက မေးကြတယ်။ ဆရာဘာဖြစ်လို့ မိန်းမ မယူသေးတာလဲတဲ့။
ကျုပ် ရည်းစားဦး တစ်ယောက်ထဲကို အသဲပေါက်မတတ် ချစ်ခဲ့ဖူးတယ်။ သူ့နာမည် မတင်တင်အောင် ဆိုတာတောင် မခေါ်ရက်ဘဲ "ချစ်သက်"လို့ မြတ်မြတ်နိုးနိုး ခေါ်ခဲ့ဖူးတယ်။
သူ ကျုပ် ကို လက်တွဲဖြုတ်ကျောခိုင်းသွားတဲ့အခါကျတော့ ကျုပ်အလူး အလဲ ခံစားခဲ့ရတယ်။ အဲဒီဒဏ် ကြောင့် မိန်းမယူရမှာ သိပ်ကြောက်ခဲ့တယ်။
ဒါပေမဲ့
မိခင်မေတ္တာတွေ (ငူငှက်မကြီး၊ ဒေါ်ဝတုတ်)ကို မျက်ဝါးထင်ထင်တွေ့မြင်လာရတဲ့အခါကျတော့ သူ့ကို နား လည်နိုင်စွမ်း နဲ့ တသက်လုံး နာကျည်းခဲ့ရတဲ့ လမ်းခွဲခါနီး ပြောခဲ့တဲ့စကား တစ်ခွန်းကို နားလည်ခွင့်လွှတ် နိုင်ခဲ့တယ်။
မေမေ စိတ်ချမ်းသာအောင် မေမေ့ အလိုကျ သူ့ကိုလက်ထပ်ရမှာပါ ဆိုတဲ့ စကားကိုပါ။ အခုကျုပ်ရဲ့ နောက်ဆုံး အခြေအနေကို ပြောပြပါရစေ။ ကျုပ် အမြဲတမ်းသွေးလှူနေကျ အလှူရှင် ဖြစ်တဲ့အတွက် မြို့နယ် ဆရာဝန်ကြီးက ဂရုတစိုက် ကုသပေးလို့ သတိလစ်သွားပြီး ဆေးရုံရောက်ခဲ့တဲ့ကျုပ် ကျန်းမာစွာ ဆေးရုံ က ဆင်းနိုင်ပါပြီ။
ဒေါ်ဝတုတ်ကတော့ ဆေးရုံပေါ်မှာ သတိတချက်လည်ပြီး သူ့သားလေးလက်ကို ကိုင်ရက်နဲ့ ဆုံးသွားရရှာ တယ်။
မိခင်တွေ ရဲ့ မေတ္တာကို ပြန်ဆပ်သောအားဖြင့် ကျုပ်မိဘမဲ့ ဒေါ်ဝတုတ်သားလေးကို မွေးစားလိုက်တယ်။
သူ့နာမည် ကို "အတိုး"လို့ ကျုပ်မှည့်ထားတယ်။ အခုဆို ကျုပ်သား "အတိုး" မူကြိုကနေ ကျောင်းဆင်းချိန် ရောက်ပြီ။ သူ့ကိုလဲ မွေးစားပြီးရော ကျုပ်ရင်ထဲ ဖော်မပြနိုင်တဲ့ ကျေနပ်မှု (ဖခင်မေတ္တာထင်တာပဲ) တခု စိမ့် ၀င်လာတယ်။
သူ့ကိုချစ်ခြင်း မေတ္တာအပြည့်နဲ့ အတိုးချ ချစ်နေမှာပါ။ သူ့ရဲ့လစ်ဟာနေတဲ့ မိခင်နေရာမှာလဲ ဆေးရုံတက် တုန်း ကျုပ် ကို စေတနာအပြည့်နဲ့ အနီးကပ် ပြုစုခဲ့တဲ့ သူနာပြုဆရာမလေး "သိမ့်"နဲ့ ကွက်လပ်ဖြည့်ပေးဖို့ "သိမ့်"ကို ချစ်ခွင့်ပန်ခဲ့တာ " သိမ့် "ကလဲ လက်ခံသဘောတူပြီးသားပါ။
ကျုပ်ရဲ့ အချစ် သိမ့်ရဲ့မေတ္တာတွေနဲ့ ကျုပ်သားလေး "အတိုး"ရဲ့ ဘ၀ကို ပြုစုပျိုးထောင်ရင်း ကျုပ်တို့ရဲ့ မိသားစု ဘ၀လေးကို "အတိုး"နဲ့တကွ တည်ဆောက်ရမဲ့ ကာလဟာ ကျုပ်ဘ၀ရဲ့ အနှစ်သာရ မဟုတ်လား ဗျာ။
ဆက်ရန်
.
No comments:
Post a Comment