Thursday, September 29, 2011

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၁၆)

ဗိုလ်ချုပ်ရေးခဲ့တဲ့ အဖိုးရွှေလရောင်

မြို့လုလင်သာတဲ့ ကွန်းဆီက၊ တို့သခင်စာဖွဲ့လို့ ညွှန်းလိုက်ရဲ့၊
"ကေသာရယ်... ဒါနဲ့ လွမ်းကြပေရော့ကွာ"
မြို့သူကြီးရယ်လို့၊ တစ်မျှို့ချီးလောက်ပေရဲ့၊ တို့ထီးနေတမျှ ပေပ၊ ရွှေလရောင်ဗိုလ်ဝင်ခံလို့။
ဟိုအရင်တဖန်၊ စစ်အင်ခင်းလို့ရယ်... ကျင်းခဲ့ဗျူဟာ၊
ဓာတ်ကောလီအခါမရတာမို့၊ မြန်မာများဘုန်းသမ္ဘာ၊ ရှုံးပါပေါ့ ကံတစ်မျိုး။
မင်းထက်မှာ၊ ခင်းလက်မသာယာနှင့်၊ ဗမာ-ဗမာခြင်းတောင်မှ၊

အတင်းရန်မူလို့၊ ရန်သူကို ရန်သူလို့မမှတ်တဲ့ပြင်၊ ကိုယ့်တပ် ကိုယ်ပြန်နင်းကြတဲ့၊
ဖျင်းလှတဲ့ ကမြင်းမကောင်၊ ဗိုလ်တချို့ရယ်က၊ ကိုယ့်ဘို့အလွတ်ရုံးတော့မဟဲ့လို့၊
တောင်ကုန်းသာသာယာသာ မြင်းမဏိစခန်းဆီက၊ တရှောင်ရှောင်ပုန်းကာမဟဲ့လို့၊
အခင်းသိတဲ့၊ အတွင်းတပည့်တွေက၊ မင်းအဖိဖမ်းချင်ကြသတဲ့၊
အကြမ်းဘတမ်း၊ မလုပ်ကောင်းလဲ၊ ဦးခေါင်းဖြတ်ကာ၊ အသေသတ်ရှာကြသတဲ့၊
မကျေနပ်ရှာသူ၊ ချောင်တပည့်တဘန်းတို့ရဲ့၊ ပြေရပ်မှာ တပေါင်နဲ့ လွမ်းကြပေရော့၊
သြော်... တောင်သမန်းမြို့၊ နေလနှစ်ဆောင် အညှိုးတွင်မှ၊ ပြေမြန်မာ့ဘောင်၊
အစိုးရမူ၍၊ အခေါင်မမြန်း၊ အမှောင်စမ်းသမို့၊ အောင်ပန်းညှို့ရရှာတဲ့၊
"အောင်ဆန်းတို့ရဲ့ ရွှေလရောင်အဖိုး"

(သတ်ပုံမူရင်း)
(ဆရာကြီးသခင် ကိုယ်တော်မှိုင်း၏သခင်ဋိကာစာအုပ် နိဂုံးတွင် ရေးထားသည့် လေးချိုးကြီး ဖြစ်သည်။)


၁၉၃၄-၃၅ ခုနှစ်ထုတ် မဂ္ဂဇင်းများတွင် နယ်ချဲ့ကိုပြတ်သားစွာတိုက်ခိုက်ခဲ့သည့် "ဦးမင်းရောင်၊ ရွှေလ ရောင်၊ ဗိုလ်လရောင် အကြောင်းကို" အမျိုးမျိုးရေးကြသည်။ အချို့က ပြေးလွှားပုန်းလျှိုးရင်း "ဝမ်းလျှော ရောဂါ" ဖြင့် သေသည်။ "လယ်ဝေးကိုဘရီ"ဆိုသူကလည်း မင်းကြီးဦးမင်းရောင်ကို နယ်ချဲ့အမှုထမ်းဦးပု ဆိုသူက ဖမ်းမိသဖြင့် လယ်ဝေးအနီးတွင် ကားစင်တင်၍ သတ်သည်ဟုရေးသည်။ ဤသို့ လွဲမှားစွာ ရေးသား နေကြသည်ကို မဟုတ်မမှန်ပါ ဖြေရှင်းသူကား "အညာသားလေး၊ ရန်ကုန်"ဆိုသူဖြစ်သည်။ ထို အညာ သားလေးဆိုသူသည် (၁၉၃၅ ခု၊ ဇွန်လထုတ် သူရိယမဂ္ဂဇင်းတွင်)တစ်ကြိမ် ထို့နောက် (၁၉၃၅ ခု၊ သြဂုတ်လ ထုတ် သူရိယမဂ္ဂဇင်းတွင်)တစ်ကြိမ် ဆောင်းပါးကို (၁၊ ၂)ဟု နှစ်ပိုင်းခွဲကာ မင်းကြီး ဦးမင်း ရောင် အကြောင်း ကို ဖြေရှင်းရေးသားခဲ့သည်။

(ထိုအခါ စာရေးသူ အညာသားလေးသည် မည်သူဖြစ်သည်ဟု စုံစမ်းသောအခါ ၁၉၃၅ ခုနှစ်တွင် တက္က သိုလ် ကျောင်းသား ဖြစ်နေသည့် ကိုအောင်ဆန်းဆိုသူဖြစ်သည်ဟု သိရလေသည်။ ယခုဖော်ပြလိုက် သော ဆောင်းပါး (၁ နှင့် ၂)သည် နောင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသူ၏လက်ရာဖြစ် ကြောင်း ကို အမှတ်တရရှိကြစေရန် ဖော်ပြလိုက်ရပါသည်။

ဤစာကိုရေးသူ ကျွန်တော်သည် မင်းကြီးဦးမင်းရောင်၏မြေးတစ်ဝမ်းကွဲ တော်စပ်ပါသည်။ မင်းကြီး ဦး မင်းရောင် တွင် ဦးမင်းမောင်ဆိုသူ ညီတစ်ယောက်ရှိသည်။ ထိုဦးမင်းမောင်သည် မြန်မာမင်းလက်ထက် တွင် (တောင်တွင်း၊ ပင်းနတ်မောက်၊ ကျောက်ပန်းတောင်း)စသည့် သုံးမြို့ဝန်၊ အခွန်ဝန်၊ တောင်ငူနယ် ခြံဝန် စသည့် အမှုတော်အမျိုးမျိုးကို ထမ်းရွက်ခဲ့ရသည်။

စုံနံ့သာမြိုင် ရှာပုံတော်ကိုရေးသော ဆရာကြော့သည် ကျွန်တော့်အဘိုး ဦးမင်းမောင်ထံတွင် စာတော် ဖတ်အဖြစ် အမှုထမ်းရလေသည်။ အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို သိမ်းယူသောအခါ သူပုန်ထကြွ ရာတွင် မြို့လုလင်မြို့သူကြီး ဦးမင်းရောင်သည် "ဗိုလ်လရောင်၊ ရွှေလရောင်၊ မင်းကြီးဦးမင်းရောင်" စ သော နာမည်များဖြင့် အင်္ဂလိပ်ကို တိုက်ခိုက်လေသည်။ နောက်ပါတပည့်များစွာတို့ဖြင့် လှည့်လည်ကာ မကြာခဏ စစ်တပ်များကို ဝင်စီးသည်။ အောင်မြင်သည်လည်း ရှိသည်။ မအောင်မြင်သည်လည်း ရှိ သည်။ လယ်ဝေးအနီးသို့လည်း ရောက်ချင်ရောက်လမ့်မည်။ သို့သော် ဗိုလ်မင်းရောင် သေရပုံကား လယ်ဝေး ကိုဘရီရေးသကဲ့သို့ ကားစင်အတင်ခံရခြင်းမဟုတ်ပါ။ လက်နက်အင်အားကလည်းမရှိ၊ အစီ အမံ၊ အခန့်အခွဲတွင်လည်း အင်္ဂလိပ်တို့နှင့် အနည်းငယ်မျှ မတူညီလေရကား ဦးမင်းရောင်စစ်တပ်သည် တစ်ဖြည်းဖြည်း ကစင့်ကလျားဖြစ်လေသည်။

နောက်ဆုံးတွင် တောတောင်များအတွင်း နောက်ပါအနည်းငယ်မျှနှင့် ပြေးလွှားပုန်းအောင်းရင်းဖြင့်  နတ်မောက် တွင် စခန်းချလျက်ရှိသော စစ်ဗာရီစစ်တပ်က ဖမ်းဆီးပစ်ခတ်ခြင်းကို ခံရကာ ခေါင်းဖြတ်ယူ ခြင်း ကို ခံလိုက်ရလေသည်။ ဦးမင်းရောင်ခေါင်းကို နတ်မောက်စခန်းချရာုသို့ ယူဆောင်လာကာ လူအ များ ထိတ်လန့်ကြောက်ရွံ့စေရန် ပြသထားသည်။ ကျွန်တော်ကြားဖူးသည်မှာ ဦးမင်းရောင်သည် သူ့ နောက်ပါ လူတစ်ယောက် ၏ သစ္စာဖောက်မှုကြောင့် ဤသို့သေရခြင်းဖြစ်သည်ဟု ဆိုပါသည်။

ဦးမင်းရောင်၏မျိုးရိုးသည် အမှန်စင်စစ် ကုန်သည်မျိုးသာဖြစ်၍ မင်းမှုထမ်းသူနည်းပါးလေသည်။ ညီဖြစ် သူ ဦးမင်းမောင် တစ်ယောက်သာလျှင် ရာထူးအတော်အတန်မြင့်ကာ မင်းမှုထမ်းဖြစ်ခဲ့လေသည်။ ဦးမင်း ရောင်၏မိဒွေးတော်စပ်သူမှာ နတ်မောက်မြို့သူကြီး ဦးရွှေနီ၏ဇနီး မယ်စိုးဖြစ်လေသည်။ (ဤနေရာတွင် မိဒွေး ဆိုသူမှာ အမေ၏ညီမကို ခေါ်ဆိုခြင်း ဖြစ်ဟန်တူသည်။) မြို့သူကြီး ဦးရွှေနီ၏အမျိုးအနွယ်ကား မင်းမှု မင်းထမ်း များလေသည်။ ဦးရွှေနီ၏ညီ ဦးဘွားဆိုသူမှာ တရုတ်မြို့ဝန်ဖြစ်လေသည်။ ထို့အပြင် တောင်စဉ်ဝန် ဦးဝိုက်နှင့် မင်းတုန်းမင်းလက်ထက် ခန်းပတ်မင်းကြီးသည် ဦးရွှေနီ၏အမျိုးအနွယ်ဖြစ် သည်။ (ဤသည်ကို ရည်ရွယ်၍ ဦးမင်းရောင်ကို မင်းမျိုးမင်းနွယ်ဖြစ်သည်ဟု ပြောကြခြင်းဖြစ်ဟန်တူ သည်။)

ဦးမင်းရောင်သည် ညီဖြစ်သူ ဦးမင်းမောင်နှင့် စိတ်ဓာတ်ချင်းလုံးဝမတူ။ ဦးမင်းရောင်သည် စိတ်ဓာတ် ခက်ထန်ကြမ်းတမ်းသည်။ ဦးမင်းမောင်ကား စိတ်နှလုံးထား ပျော့ပျောင်းနူးညံ့သောကြောင့် ဝန်ကြီးများ ကလည်း ဦးမင်းမောင်ကို ချစ်ခင်ကြသည်ဟု ကျွန်တော် မှတ်သားရပါသည်။ (ဤအကြောင်းရေးရခြင်း မှာ အမှန်ကို သိစေလို၍ ရေးရခြင်းဖြစ်သည်။ ကျွန်တော်၏ဘိုးပင်တော်စေကာမူ အမှန်အတိုင်း ရေး သားပေးပို့ရခြင်းဖြစ်သည်။)

"၁၉၃၅ ခု၊ ဇွန်လ သူရိယမဂ္ဂဇင်း"မှ
အယ်ဒီတာခင်ဗျား၊ ဝါဆိုလထုတ် ဆရာတို့မဂ္ဂဇင်းတွင် "စစ်ကဲ ဦးပုလေး"အကြောင်းက စုံလင်စွာရှာဖွေ ၍ လယ်ဝေးကိုဘရီ ရေးသားချက်ကို ကျွန်တော်ဖတ်ရှုရပါ၏။ သို့ဖတ်ရှုရာတွင် ကားစင်အတင်ခံရသူမှာ ကျွန်တော် ၏ အဘိုး ဦးမင်းရောင် မဟုတ်သည်မှာ ထင်ရှားလေပြီ။ သို့ရာတွင် ကျွန်တော်အဘိုး၏ နှမတော်သူက ပြောပြသည်မှာ ဦးမင်းရောင်သေဆုံးရသည်မှာ ဝမ်းရောဂါနှင့် သေဆုံးရခြင်းဖြစ်သည်ဟု ဆိုပါသည်။ ဤစကားမှန်သည် မမှန်သည်ကို ကျွန်တော်ဖော်ပြလို ပါသည်။

ဦးမင်းရောင်၏ အဆက်အနွယ်များမှာ ကျွန်တော်သိရသလောက် ကျွန်တော်၏ဘေးမအရင်း နတ် မောက်မြို့သူကြီးကတော် မယ်စိုးနှင့် မြို့သစ်တွင်နေထိုင်သော ဘေးမ၏ သမီးနှင့်သမက် (နာမည်များ ကို မမှတ်မိတော့ပါ) တို့သာဖြစ်ပါသည်။ မယ်စိုးကား ဦးမင်းရောင်၏ "မိထွေး" ပင်ဖြစ်သော်လည်း အ သက်အရွယ် မှာ သူနှင့် အတူတူပင်ရှိလောက်သည်ဟု ကျွန်တော် မှတ်သားရပါသည်။ ဦးမင်းရောင်တွင် နှမများရှိသည်ဟု ဆိုသော်လည်း မည်သူမည်ဝါများ ဖြစ်ကြသည်ဟု ကျွန်တော်စုံစမ်းခြင်းမရှိသော ကြောင့် မသိရပါ။ သို့သော် အနည်းငယ် သဲလွန်စတွေ့ဟန်ကား အင်္ဂလိပ်တို့ အထက်မြန်မာပြည်ကို လက်ရုံးဆန်ထူ၊ လက်နက်နိုင်ငံမူသည်တွင် မကြည်ဖြူ၍ ကျွန်တော်၏အဘိုးသည် ရတတ်သမျှသော ဗိုလ်ပါ အလုံးအရင်းနောက်ပါ တို့နှင့် အင်္ဂလိပ်တို့ကို ခုခံတိုက်ခိုက်စဉ် အဘိုး၏နှမတစ်ဦးသည် အင်္ဂလိပ် တို့ကိုကြောက်လန့်၍ အောက်ပြည်အောက်ရွာသို့ထွက်ပြေးရင်း ထိုတွင်ပင်အိမ်ထောင်ကျရာ သား တစ်ယောက် ရလေသည်။ ထိုသားသည် (နယူးဘားမား၊ အယ်ဒီတာဟောင်း ၊ဦးဘလှိုင်ဟု သိရပါ ကြောင်း) မှန်သည် မှားသည် ကျွန်တော်မသိပါ။ ဦးဘလှိုင်သာ ဖြေရန်ရှိပါသည်။

ဦးမင်းရောင်အား စစ်ဗာရီတပ်သားများက ပစ်ခတ်ခေါင်းဖြတ်ယူခဲ့ကြောင်း နတ်မောက်သို့ သတင်း ရောက်သောအခါ ကျွန်တော်၏ အဘိုးအရင်း ဦးမင်းမောင်နှင့်အခြားသော ဦးမင်းရောင်ကို သိသူများပါ (ယခုတိုင် နတ်မောက်တွင်ရှိကြသေးသည်) သွားရောက်ကြည့်ရှုကြသောအခါ ဦးမင်းရောင်မျက်နှာတွင် ရှိသော "မှဲ့" မှာနေရာအနည်းငယ် ရွေ့နေသည်ဟု သွားကြည့်သူများက ပြောကြသည်။ လူသည် အ သက်ရှင်နေစဉ်နှင့် သေသွားစဉ်တွင် အနည်းငယ်ရုပ်ပြောင်းတတ်သည်ကို သတိမူရာသည်။ ထို့ပြင် ဦးမင်းရောင် ၏ လည်ပင်းမှာလည်း တိုနေရသည်မှာ လည်ပင်းကို အရင်းမှကပ်ကာ ခေါင်းကိုဖြတ်ယူလာ ခြင်း မဟုတ်သောကြောင့်ဟု စဉ်းစားရပါမည်။

သွားကြည့်ကြသူအားလုံး ကမူ ဗိုလ်လရောင်ခေါင်းအစစ်အမှန်ပါပဲဟု နောက်ဆုံးမှာ ဝန်ခံကြသည်။ ကျွန်တော်၏ အဘိုးအရင်းကပင်လျှင် သူ၏ယောက္ခမ မယ်စိုးအား "မယ်စိုး... ဗိုလ်လရောင်ခေါင်းတော့ အမှန်ပဲ၊ ဆွမ်းသွတ်ချင်သွတ်ကြပေရော့"ဟု ပြောဆိုကြောင်း၊ သို့သော် ကျွန်တော်၏ဘေးမနှင့် အဘွား တို့မှာ အဘယ့်ကြောင့်မသိ ထိုသို့ပြောသည်ကို မယုံကြည်ကြကြောင်းဟု ကျွန်တော် မှတ်သားဖူးသည်။ ဤတွင် စဉ်းစားရန်ပင်။ သွားရောက်ကြည့်ရှုသူများက ဒိဋ္ဌသက်သေ မျက်မြင်ကိုယ်တွေ့ဟုတ်ပါသည် ဟု ဆိုချက် ကို မယုံကြည်ဟု လက်မခံဘဲနေသည်မှာ စဉ်းစားဖွယ်ရာပင်။ သွားရောက်ကြည့်ရှုသူများမှာ ဦးမင်းရောင် ရှိစဉ်တွင် ရင်းနှီးစွာ သိရှိကြသူများဖြစ်ကြသည်ကို သတိချပ်ရာသည်။

မယုံကြည်သူများ၏အကြောင်းရင်းကို ရှာဖွေသော် မြန်မာများသည် မယုံတတ်သော သဘောအလိုမှ တစ်ပါး အခြားကိုမမြင်ပေ။ လွန်ခဲ့သော သာယာဝတီ ပဠုန်ခေါင်းဆောင် ဆရာစံကိုမိ၍ သူ၏ဓာတ်ပုံကို သတင်းစာ များတွင် မိပြီဟု ကြော်ငြာလိုက်သောအခါ ငယ်စဉ်က ပုံတူရေးထားသည့်ပုံဟု မယုံမကြည် ကြချေ။ ယခုလည်း ဦးမင်းရောင်၏နှမတော်သူက ဝမ်းရောဂါဖြင့် သေဆုံးသည်ဆိုသည်မှာ အများပြော ချက်ကို ကြား၍ တစ်ဆင့်ခံပြောဆိုခြင်းဖြစ်ပေမည်။ ဦးမင်းမောင်ကို နှစ်မြို့ဝန်ဖြစ်သည်ဟု ပြောချင်ကြ သည်။ ဦးမင်းမောင် သုံးမြို့ဝန် ဖြစ်သည်ကိုလည်း မသိကြ။ မန္တလေးမြို့တွင် ဦးမင်းမောင်၏သမီးကြီး ခင်ခင်ကြီး၊ (ခင်ခင်လေးဆိုသော သမီးအငယ်က ကွယ်လွန်သွားပြီ)နှင့် မွေးချင်းများကိုလည်း မစုံစမ်း ကြ၊ မိမိ နေထိုင်ရာ ရပ်ကွက်မှလည်း မည်သည့်နေရာကိုမျှမသွား။

ယခု ဦးမင်းမောင် ကွယ်လွန်သွားသည်မှာ တစ်ဆယ့်ရှစ်နှစ်ခန့်ရှိပြီဖြစ်သည်။ ထို့ပြင် ဦးမင်းရောင်၏ မိခင် မယ်ခဲ က ဆယ်နွယ်သောအမျိုးများမှာ မြို့သစ်အပိုင် ကိုင်းရွာတွင်ရှိလေသည်။ ဤဖော်ပြချက်များ ကို ထောက်ထား လျှင် ဦးမင်းရောင်မှာ ခေါင်းဖြတ်ခံရသည်ဟု ကျွန်တော်ရေးခဲ့သည်မှာ အမှန်ဟု ယူဆ ထိုက် ပါကြောင်း။ ကျွန်တော်က ရေးသည်ဖြစ်၍ မှန်သည်ဟု မဆိုလိုပါ။ အကြောင်းအရာ အဖြစ်အပျက် များကို ကြည့်၍ ဤသို့ရေးရခြင်းဖြစ်၏။

ဦးမင်းရောင် ကား စိတ်ထက်မြက်၏။ ရွပ်ရွပ်ချွံချွံလုပ်တတ်၏။ ရက်စက်၏။ ညီဖြစ်သူ ဦးမင်းမောင်ကား စိတ်နှလုံး နူးညံ့၏။ အနုပညာကို ဝါသနာပါ၏။ စောင်းတီးတော်၏။ သီချင်းအဆိုကောင်း၏။ တစ်ခါ၌ ကြက်သား စားချင်သည်ဟု အစ်ကိုဖြစ်သူ ဦးမင်းရောင်က ညီကို ကြက်သတ်ခိုင်းသည်။ ညီက မသတ် ဖြတ်ဝံ့ ဟုငြင်းလျှင် ဦးမင်းရောင်သည် ကြက်ကို ကိုယ်တိုင်သတ်၍ ချက်ပြုတ်စား၏။ ညီဖြစ်သူကို လုံးဝ မကျွေး၊ ခွေးတွေကို ကျွေးပစ်၏။ သူတို့၏အဘွား မယ်ခဲ၏မယ်တော်ကြီး ပျံဈာပနတွင် ဦးမင်းမောင်တ ပည့်က တစ်ဖက်၊ ဦးမင်းရောင်၏တပည့်က တစ်ဖက်၊ လက်ဝှေ့သတ်စေသောအခါ ညီဖြစ်သူ၏တပည့် က နိုင်လေ သဖြင့် ဦးမင်းမောင်က ပဝါတစ်ပိုင် ဆုချလျှင် ဦးမင်းရောင်သည် သူ၏တပည့်က ရှုံးသော် လည်း ပုဆိုး တစ်ထည် ဆုချလိုက်သည်ဟူ၏။

ဦးမင်းရောင် ၏ တပည့်များမှာ မိုက်ပေ့ဟူသော လူများသာဖြစ်ကြ၏။ သူ၏တပည့် မောင်တုတ်ဆိုသူမှာ ဇာတ်ပွဲများတွင် လူပြက်လက်စွဲများက ပြက်လုံးထုတ်လိုက်လျှင် အခြားသူများ ရယ်မောပြီးသောအခါမှ သူ တစ်ယောက်တည်း အသံဖြင့် ကျယ်လောင်ရှည်ကြာစွာ ရွဲ့၍ ရယ်မောတတ်လေရာ ဦးမင်းရောင်မှာ အလွန် သဘောကျ၍ ထိုသို့ပြုလုပ်သည့်အခါတိုင်း ဆုအမြဲပေးသောဟူ၏။ အင်္ဂလိပ်များနှင့်တိုက်ခိုက်၍ ပြေးလိုက် ရှောင်လိုက်ဖြစ်နေလျှင် ညီဖြစ်သူက လက်နက်ချပါရန် အတန်တန်ပြောဆို၍ စာရေးပို့ပါသော် လည်း နားမထောင်ပေ။

သူ၏တပ်ထဲတွင် စားတော်ကဲ စာတော်ဖတ်စသည်ဖြင့် အမှုထမ်းသူများအား ကျွန်တော် ဆယ်နှစ် အရွယ် လောက်က မြင်ခဲ့ကြားခဲ့ရသည်။ တစ်ခါက သူ၏တပည့် အဘိုးကြီးတစ်ဦးကို စာရေးဆရာ ဇေယျက တွေ့ဖူးခဲ့ ၍ စုံနံ့သာမြိုင် ဆရာကြော့ရေး ဘိုးတော်ဘွဲ့ပါ ရေးသားချက်ကို ဖတ်ဖူး ခဲ့ပါ၏။ ဦးမင်းရောင်မှာ ရွတ်ပင် ရွတ်သော်လည်း လူကြီးသူမများကို အထူးရိုသေကိုင်းရှိုင်းတတ်လေ သည်။ ဦးမင်းမောင် သည် လည်း ထိုအတိုင်းပင်။

အညာသားလေး ရန်ကုန်။
"၁၉၃၅ ခု သြဂုတ်လ သူရိယမဂ္ဂဇင်း"
ကြည်ဦး
.

No comments: