(၁၉)
လိုသာဒီလာရေးသည် မြင်းကြီးပေါ်တွင် ထိုင်နေသည်။
လိုသာ ၏ ဖခင်အား ဂျာမန်ပိုင် အနောက်အာဖရိက နယ်မြေရှိ ဂျာမန်တပ်များ၏ ဒုတိယ အကြီးအကဲ အဖြစ်သို့ ခန့်အပ် လိုက်သောအခါ လိုသာ၏မိခင်သည် ဘာလင်မြို့မှနေ၍ လိုက်ပါလာခဲ့သည်။ လိုသာ့အဖေ သည် တောင်အာဖရိက တွင် လယ်ယာစိုက်ပျိုးသော ဒတ်ချိကိုလိုနီ နယ်သားများမှ ဆင်းသက် လာသော "ဘိုဝါး" မျိုးနွယ်ဆက် ဖြစ်သည်။ လိုသာ့ အမေသည် မိဘများက သဘောမတူ ပါပဲလျက် လိုသာ့အဖေကို ဇွတ်လက်ထပ်ကာ အာဖရိကသို့ လိုက်လာ သူ ဖြစ်သည်။
လိုသာသည် တစ်ဦးတည်းသော သားဖြစ်သည်။ ထို့ကြောင့် လိုသာအား ဂျာမနီသို့ ပြန်ပို့ကာ ပညာ သင်စေခဲ့သည်။ လိုသာသည် ပညာတော်သည်။ သို့သော် အာဖရိက၌ ဘိုဝါးစစ်ပွဲကြီး ဖြစ်လာသောအခါ လိုသာ၏ ပညာရေးခရီး နိဂုံး ချုပ်ခဲ့ရသည်။ လိုသာသည် မိဘများရှိရာ ၀င်းဟုပ်မြို့သို့ ရုတ်တရက် ပြန်ရောက်လာပြီး ဘိုဝါးတပ်ဖွဲ့၌ ပါဝင် အမှုထမ်း တော့မည့်အကြောင်း ပြောလိုက်မှ မိခင်ဖြစ်သူမှာ သား၏ဆုံးဖြတ်ချက်ကို သိရတော့သည်။ စစ်သည် မိသားစုဖြစ်သော လိုသာ့မိခင်သည် သား၏ ဆုံးဖြတ်ချက် ကို ဂုဏ်ယူဝမ်ေးမြာက်စွာ လက်ခံခဲ့သည်။
လိုသာ သည် နောက်လိုက်တစ်ယောက်နှင့် အပိုမြင်းသုံးကောင်ကို ယူကာ အင်္ဂလိပ်တို့နှင့် စစ်မက်ဖက်ပြိုင် တိုက်ခိုက် နေသော ဖခင်ရှိသည့် စစ်မျက်နှာသို့ လိုက်သွားတော့သည်။ လိုသာသည် ဖခင်ဖြစ်သူ နှင့် ဦးလေးဖြစ်သူ ဘိုဝါးတပ်မှူး ကြီး ကော့စ်ဒီလာရေးတို့အား မက်ဂါဖောင်တိန်တွင် တွေ့ရှိပြီး ဘိုဝါးတပ်ထဲသို့ ၀င်လိုက်သည်။ လိုသာ ဘိုဝါးတပ်ထဲ ၀င်ပြီး နှစ်ရက်အကြာတွင်ပင် အင်္ဂလိပ်တပ်များက တင်ဘာလေမြို့ အား ဘိုဝါးတို့ ၀ိုင်းပတ် ပိတ်ဆို့ထားမှုမှ ကယ်တင် ရန်အတွက် မက်ဂါဖောင်တိန် တောင်တန်းများကို ထိုးဖောက်ဖြတ်ကျော်ရန် ထိုးစစ်ဆင်လာတော့သည်။
လိုသသည် အသက်၁၄နှစ်ပြည့်ပြီး ငါးရက်မြောက်နေ့ အရုဏ်တက်ချိန်တွင် ပထမဆုံးအကြိမ် အင်္ဂလိပ်စစ်သား တစ်ယောက် ကို စစ်မြေပြင်၌ ရင်ဆိုင်တိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် လိုသာ သည် လူ၅၀ကျော် ကို သတ်ဖြတ်ခဲ့သော်လည်း ထိုပထမဆုံးနေ့ကိုမူ ဘယ်တော့မှ မမေ့နိုင်ပါချေ။ ထိုနေ့ သည် သူ့အဖို့ လူလားမြောက် သောနေ့ပင် ဖြစ်သည်။
မိခင်နှင့် ဖခင်ထံမှ အမွေရခဲ့သော အင်္ဂလိပ်အား မုန်းတီးစိတ်သည် ထိုနေ့တွင် ပိုမိုခိုင်မာလာပြီး နောက်ပိုင်း တွင် ပိုမို များပြားလာသည်။ ထိုစစ်ပွတြွင် အင်္ဂလိပ်တို့ အရေးသာပြီး တောင်အာဖရိက မြက်ခင်းပြင်များ၌ လိုသာ တို့ သားအဖ အား အမဲလိုက်သလို လိုက်ခဲ့ကြသည်။ လိုသာ၏ အဒေါ်တစ်ယောက်နှင့် ၀မ်းကွဲ ညီအစ်မ သုံးယောက်လည်း အင်္ဂလိပ် ချွေးတပ်စခန်းတွင် သေဆုံးခဲ့ရသည်။
လိုသာ သူ့အဖေ နှင့် သူ့ဦးလေးတို့သည် လုံးဝ မျှော်လင့်ချက် မရှိတော့ သည်တိုင်အောင် လက်နက်မချ၊ အညံ့မခံ ဘဲ ဆက်တိုက်ခဲ့ကြသည်။ အငတ်ငတ်အပြတ်ပြတ် အပိန်ပိန် အခြုံးခြုံးနှင့် သေလုမျောပါး အချိန် တွင် တခြားသူများက ဗီရီနီးဂင်းရှိ အင်္ဂလိပ်တို့ထံ၌ လက်နက်ချကြသည်။
လိုသာဒီလာရေးနှင့် ဖခင်ပီထရပ်စ်ဒီလာရေးတို့က အညံ့မခံ။ ဖခင်ဖြစ်သူက အင်္ဂလိပ်ကို မိုးမဆုံး မြေမဆုံး တိုက်ခိုက် မည်ဟု သစ္စာဆိုကာ သားဖြစ်သူကိုလည်း သစ္စာဆိုစေသည်။ အင်္ဂလိပ်တို့က အညံ့ခံသွားသော ဘိုဝါးခေါင်းဆောင် များ ဖြစ်သည့် လူဝစ္စတိုသာ၊ ဂျင်နီစမတ်နှင့် ဦးလေးကော့စ်ဒီလာရေးတို့အား ပြစ်တင် ရှုတ်ချကြသည်။ ထိုခေါင်းဆောင် များနှင့် တခြား သူများက အင်္ဂလိပ်နှင့် ငြိမ်းချမ်းရေး လုပ်ကြသည်။ လိုသာတို့ သားအဖ က သူတို့ကို ကျောခိုင်းပြီး ဂျာမန်ပိုင်နက် နယ်မြေဖြစ်သော ခြောက်သွေ့ ကျယ်ပြန့်သည့် ဒေသ သို့ ထွက်လာခဲ့သည်။
လိုသာ တို့ သားအဖမှာ ကျန်းမာသန်စွမ်းပြီး အပင်ပန်းခံ အလုပ်လုပ်နိုင်မှုနှင့် လိုသာ့မိခင်နှင့် ပစ္စည်းရှိသော ဂျာမန် အထက်တန်းလွှာ မိသားစုထဲမှ ဖြစ်ကာ ငွေကြေးနှင့် အဆက်အသွယ် ကောင်းရှိမှုတို့ကြောင့် လိုသာ တို့ မိသားစုသည် ဂျာမန်ပိုင် အနောက်တောင်အာဖရိကတွင် စီးပွား ဖြစ်လာကြသည်။
လိုသာ့အဖေသည် အင်ဂျင်နီယာပညာကို အနည်းအကျဉ်းတတ်သည်။ လိုသာ့မိခင်၏ အဆက်အသွယ် ကြောင့် လူဒီရစ်ဘတ်ဆိပ်ကမ်း၌ ရေကာတာ တည်ဆောက်ပေးလိုက်သောအခါ ဂျာမန်ပိုင် အနောက်တောင် အာဖရိက ၏ မြို့တော်ဝင်းဟုပ်တို့မှ မြောက်ဘက်သို့ ဖောက်လုပ်သည့် မီးရထားလမ်း ကန်ထရိုက် ကို ရပြန်သည်။
ဖခင်ဖြစ်သူက လိုသာအား အင်ဂျင်နီယာ အတတ်ပညာများကို သင်ပေးသည်။ လိုသာကလည်း ဥာဏ်ကောင်းသဖြင့် အတတ်မြန်သည်။ လိုသာ အသက် ၂၁နှစ်အရွယ်တွင် ဒီလာရေးနှင့် သား ဆောက်လုပ်ရေး နှင့် လမ်းဖောက်လုပ်ရေး ကုမ္ပဏီတွင် လိုသာက အစုစပ်ပါသနာ ဖြစ်လာသည်။ လိုသာ၏ အမေ ခရစ္စတီနာဒီလာရေး က ရုပ်ချောပြီး မျိုးရိုး ကောင်းသည့်ဂျာမန်မကလေးတစ်ယောက်ကို လိုသာနှင့် နီးစပ်အောင် ဖန်တီးပေးလိုက်သည်။ လိုသာ အသက် ၂နှစ် မပြည့်မီမှာပင် သူတို့ လက်ထပ်ကြသည်။ လိုသာ အတွက် ချောမောလှပသော သားလေးတစ်ယောက်လည်း မွေးလာ သည်။
ထိုအချိန်တွင်ပင် သူတို့မိသားစု၏ ဘ၀ထဲသို့ အင်္ဂလိပ်တို့ ထပ်မံဝင်ရောက်လာပြန်သည်။ အင်္ဂလိပ်နှင့် ဂျာမန် တို့ ကမ္ဘာ စစ်ကြီး ဖြစ်ရမည့် အနေအထား ဆိုက်လာပြန်သည်။ လိုသာနှင့် သူ့အဖေက အနောက်တောင် အာဖရိက ဘုရင်ခံ ဂျာမန်လူမျိုး ဇိုက်ထံသို့ သွားရောက်ပြီး အစီအစဉ်တစ်ခု တင်ပြသည်။ အင်္ဂလိပ်တို့ ၏ ၀င်ရောက်စီးနင်း တိုက်ခိုက်မှုကို မလွဲမသွေ ကြုံရတော့မည် ဖြစ်ကြောင်း၊ ယခုအခါ စမတ် နှင့် ဘိုသာတို့ အုပ်ချုပ်နေသော တောင်အာဖရိက ပြည်ထောင်စုမှနေပြီး တိုက်ခိုက်လာမည်မှာ သေချာကြောင်း၊ အင်္ဂလိပ်တို့ကို ခုခံရာတွင် ဂျာမန်တပ်ဖွဲ့များ အသုံးပြု နိုင်ရေးအတွက် ဝေးလံသော ဒေသ များတွင် ထောက်ပံ့ဖြည့်တင်းရေး စခန်းများ ဆောက်လုပ်ထားရန် လိုကြောင်း၊ ထိုစခန်းများကို မိမိတို့ စရိတ်ဖြင့် တည်ဆောက်ပေးလိုကြောင်း ကမ်းလှမ်းသည်။
ထိုအချိန် တွင် ၀င်းဟုပ်မြို့၌ ဂျာမန်ရေတပ်မှ ဗိုလ်မှူးကြီးတစ်ယောက် ရှိသည်။
သူတို့သားအဖ၏ တင်ပြချက်မှာ အဖိုးတန်လှကြောင်း ဗိုလ်မှူးကြီးက ချက်ချင်း သိရှိပြီး ထိုအစီအစဉ်ကို လက်ခံရန် ဘုရင်ခံအား တိုက်တွန်းလိုက် သည်။ ဗိုလ်မှူးကြီးနှင့် သူတို့သားအဖ နေရာ ရှာထွက်ကြသည်။ လူဒါရစ်ဇ်ဘတ်နှင့် ဝေါဘစ်ပင်လယ်ကွေ့မှ ဆိပ်ကမ်း များကို တောင်အာဖရိက တပ်ဖွဲ့များက သိမ်းပိုက် သွားလျှင်ပင် ဂျာမန် ရေတပ် သင်္ဘောများအတွက် လျှို့ဝှက် ထောက်ပံ့ဖြည့်တင်းနိုင်မည့် စခန်းဆောက်ရန် နေရာ ရှာကြသည်။
ဝေါတစ်ပင်လယ်ကွေ့နှင့် မိုင်၃၀၀ခန့် ကွာသော မြောက်ဘက်တွင် အကာအကွယ်ကောင်း၍ ဝေးလံသော ကမ်းစပ် တစ်နေရာကို သူတို့ တွေ့ကြသည်။ ထိုနေရာသည် သဲကန္တာရများ ၀ိုင်နေသဖြင့် ကုန်းလမ်းမှ သွား၍ လည်း မလွယ်ကူ ပေ။ ထို့ကြောင့် သူတို့သည် ကမ်းရိုးတန်းသွား မီးသင်္ဘောတစ်စင်းတွင် ရေတပ် သုံး ပစ္စည်းများတင်ကာ ထိုနေရာသို့ သွားကြသည်။ ၄၄ဂါလံဝင် စည်ပိုင်းများဖြင့် လောင်စာဆီ ဂါလံ၅၀၀၊ အင်ဂျင်အပိုပစ္စည်းများ၊ စည်သွတ်ဘူးများ၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်များ၊ ရေတပ်သုံး ကိုးလက်မအမြောက်ကျည်ဆန်များ၊ တော်ပီဒို ၁၄စင်းတို့ကို ထိုနေရာသို့ ပို့ကြသည်။ ထိုပစ္စည်းများမှာ ဂျာမန် ရေငုပ်သင်္ဘောများ အားဖြည့်တင်း တပ်ဆင်ပေးရန်အတွက် ဖြစ်သည်။
ထိုပစ္စည်းများကို ကမ်းပေါ်သို့ သယ်ယူပြီး သဲတောင်ပူစာများကြားတွင် မြှုပ်နှံထားသည်။ ပထမကမ္ဘာ စစ်ကြီး မဖြစ်မီ ရက်သတ္တပတ်အနည်းငယ်အလိုတွင် သူတို့၏ လျှို့ဝှက်ဖြည့်ငတ်းရေး စခန်းကို ဆောက်လုပ် ပြီးစီး သွားသည်။
လိုသာတို့ သားအဖသည် မြင်များ၊ နောက်လိုက်များနှင့်အတူ အိမ်သူများကို နှုတ်ဆက်ပြီး ထွက်လာကြသည်။ အင်္ဂလိပ်များနှင့် တောင်အာဖရိက လက်ပါးစေများအား တစ်ပွဲတစ်လမ်း ထပ်မံ တိုက်ခိုက် ရန် ထွက်လာကြခြင်း ဖြစ်သည်။ လိမော်မြစ်ကမ်းသို့ ရောက်လာသောအခါ သူတို့အင်အားမှာ ၆၀၀ ခန့် ရှိလာသည်။ ဘိုဝါးဗိုလ်ချုပ်ကြီး မာရစ်က ဦးဆောင်ပြီး စတိုက်ရမည့်အချိန်ကို စောင့်နေသည်။ သေနတ်များ ကိုယ်စီလွယ်၍ ကျည်ဆန်အိမ်များ ရင်ဘတ်၌ စလွယ်သိုင်းထားသော ဘိုဝါး ရဲဘော်ဟောင်း များ နေ့စဉ်နှင့်အမျှ ရောက်လာကြသည်။
နောက်ဆုံးတွင် ဘိုသာနှင့်စမတ်တို့ ဦးဆောင်သော တောင်အာဖရီကတပ်များနှင့် သူတို့ ဘိုဝါးရဲဘော် ဟောင်း များ ရင်ဆိုင် တိုက်ခိုက်ကြရသည်။ လူအင်အား၊ လက်နက်အင်အားနှင့် ပစ္စည်းအင်အားပါ အဘက်ဘက် က သာပြီး ခေတ်မီယန္တရားများ ပါဝင်သော ဘိုသာတို့က အပေါ်စီးရကာ လိုသာတို့ အရေးနိမ့် တပ် ပျက်ရတော့သည်။
လိုသာ့ အဖေဗိုက်တွင် ကျည်ဆန်မှန်သွားသည်။ လိုသာသည် ဖခင်ဖြစ်သူကို မိခင်ရှိရာ ၀င်းဟုပ်သို့ ပြန်သယ်ပြီး ပြုစု ရန် ရှေ့တန်းမှ ပြန်လှည့်လာခဲ့သည်။ သူပြန်ရမည့် ခရီးကို မနီး၊ သဲကန္တာရကြီးကို ဖြတ်ကျော် ရမည်။ သို့သော် ဖခင် အား ပြုစုပေးနိုင်မည့် မိခင်ရှိရာသို့ နောက်ကြောင်း ပြန်လှည့်ခဲ့သည်။ ရေ မရှိသော သဲကန္တာရပြင်ကျယ်ကြီးကို မိုင်၅၀၀ ခန့် ဖြတ်သန်းရမည်။ အဘိုးကြီး၏ ဒဏ်ရာက မခံချိ မခံသာအောင် ခံစားရသောအခါ လိုသာ ကျိတ်၍ ငိုမိသည်။
လိုသာ့ ဖခင်မှာ ကြံ့ခိုင်သန်မာသော အဘိုးကြီး ဖြစ်သဖြင့် ရက်အတော်ကြာမျှ တင်းခံနိုင်ခဲ့သည်။ သို့သော် နောက်ဆုံး သေခါနီးတွင် သားဖြစ်သူထံမှ ကတိတစ်ခု တောင်းသည်။
"အင်္ဂလိပ် နဲ့ တိုက်ရတဲ့ စစ်ပွဲဟာ ဘယ်တော့မှ မပြီးဆုံးပါဘူးလို့ ဖေဖေ့ကို ကတိတစ်ခုပေးစမ်းပါ သားရယ်"
"ကျွန်တော် ကတိပေးပါတယ် ဖေဖေ"
လိုသာ ဖခင် ၏ ပါးကို ငုံ့န်မ်းလိုက်သည်။ အဘိုးကြီးက ပြုံးပြုံးကြီးနှင့်ပင် မျက်စိမှိတ်သွားသည်။
လိုသာသည် ဖခင်အလောင်းအား သဲကန္တာရထဲ၌ ပေါက်သော သစ်ပင်တစ်ပင်အောက်တွင် ကြွင်းနက်နက် တူးကာ မြှုပ်နှံသင်္ဂြိုဟ်ခဲ့ပြီး ၀င်းဟုပ်မြို့သို့ မြင်းတစ်စီးဖြင့် အရောက်ပြန်လာသည်။
ဂျာမန်တပ်မှူးဖြစ်သူ ဗိုလ်မှူးကြီး ဖရန်ကေး သည် လိုသာ၏ တန်ဖိုးကို နားလည်သည်။ ထို့ကြောင့် လိုသာ အား စစ်သားများ စုဆောင်းကာ တပ်ဖွဲ့ဖွဲ့စည်းရန် တာဝန်ပေးသည်။ လိုသာသည် ဘိုဝါးစစ်သား လက်ကျန် များ၊ ဂျာမနီမှ လာရောက် အခြေစိုက်နေသူများ၊ အာဖရိကလူမည်းလူမျိုးစုများကို စုဆောင်း ဖွဲ့စည်းပြီး တောင်အာဖရိက ပြည်ထောင်စုတပ်ဖွဲ့များကို ဆီကြို ရင်ဆိုင်ရန် သဲကန္တာရသို့ ထွက်၍ ကြိုစောင့်နေသည်။
စမတ်နှင့် ဘိုသာတို့ ဦးဆောင်သော တောင်အာဖရိက တပ်ဖွဲ့သည် လူအင်အား ၄၀၀၀၀ဖြင့် ရောက် လာသည်။ ဗိုလ်မှူးကြီး ဖရန်ကေးတွင် ဂျာမန်စစ်သား ၈၀၀၀ သာရှိပြီး ကမ်းရိုးတန်း မို ၁၀၀၀ အပါအ၀င် စတုရန်းမိုင် ၃၀၀၀၀၀ သာ ရှိသော နယ်မြေကို ကာကွယ်ရမည် ဖြစ်သည်။
စမတ်နှင့် ဘိုသာ တို့က အဘက်ဘက်မှ အင်အား သာလွန်နေရာ ဗိုလ်မှူးကြီးဖရန်ကေနှင့် လိုသာတို့ အရေးနိမ့် ရသည်။ တပ်ပျက်ရသည်။ နောက်ဆုံး ဗိုလ်မှူးကြီး ဖရန်ကေး ခြွင်းချက်မရှီ လက်နက်ချ ရသော အခါ လိုသာ က လက်နက်မချ။ သူ့ဖခင် အးပေးခဲ့သော ကတိကို စောင့်ထိန်းသောအားဖြင့် သူ၏ လက်ကျန် တပ်သား အနည်းငယ် ဖြင့်သာ မြောက်ဘက်သို့ ထွက်လာခဲ့ပြီး ဆက်လက်တိုက်ပွဲဝင်နေဆဲ ဖြစ်သည်။
လိုသာ၏မိခင်၊ ဇနီးနှင့် သားကလေးတို့သည် ၀င်းဟုပ်၌ တောင်အာဖရိကတပ်များက ဖွင့်လှစ်လိုက်သော ဒုက္ခသည် စခန်းသို့ ရောက်သွားပြီး သုံးဦးစလုံး သေဆုံးသွားသည်။ သူတို့သည် တိုက်ဖွိုက်ခေါ် အူရောင် ငန်ဖျား ရောဂါဖြင့် သေဆုံးရသော်လည်း လိုသာအဖို့မှာမူ အင်္ဂလိပ်တို့ကြောင့် သေဆုံးရသည်ဟုပင် ခံယူသည်။ ၀င်းဟုပ်ရှိ သူတို့မိသားစု ပိုင် အိမ်မြေများ ပစ္စည်းများလည်း သိမ်းပိုက်ခံရပြန်သည်။
သဲကန္တရထဲလှည့်ကာ နောက်လိုက်နောက်ပါ တစ်စုဖြင့် လက်နက်မချဘဲ ပုန်ကန်နေသော လိုသာအဖို့ အင်္ဂလိပ် နှင့် တောင်အာဖရိကနောက်လိုက်များအပေါ် အမုန်းစိတ်များ ဒီရေအလား တိုးပွားလာသည်။
လိုသာသည် စိမ်းရောင်စိုနေသော အတ္တလန္တိတ် သမုဒ္ဒရာရေပြင်ကြီးကို ကမ်းနဖူးရှိ သဲတောင်ပူစာ များ ပေါ်၌ မြင်းတစ်စီးဖြင့် ရပ်ကာ မြင်းပေါ်မှနေ၍ ဆုံးစမမြင်သော ရေပြင်ကို ငေးမျှော်ကြည့်ရင်း သူ့ဘ၀ နောက်ကြောင်းကို ပြန်ပြောင်းတွေးနေမိသည်။
လိုသာသည် အမေတူဖြစ်၍ ရုပ်ချောသည်။ ကိုယ်ခန္ဓာကမူ ဖအေတူမို့ ကြံ့ခိုင်သန်စွမ်းသည်။ တောင့်တင်း ခိုင်မာသည်။ လှိုင်းတွန့်သဖွယ်ကောက်နေသော နူးညံ့ပျော့ပျောင်းသည့် ကြေးနီရောင်ဆံပင်များက ပခုန်းစွန်းအထိ ရှည်ကျနေသည်။ ကျားသစ်မျက်လုံးကို ရွှေရောင်မျက်လုံးပေါ်တွင် မည်းနက် ထူထဲသော မျက်ခုံးက အနားကွပ်ထား သည်။
သူ့မြင်ကွင်း အောက်ဘက်ရှိ ပင်လယ်ကွေ့ ကမ်းစပ်၌ ကျောက်ဆောင်များ ထိုးထိုးထောင်ထောင် ရှိနေသည်။ လိုသာသည် လည်ပင်း၌ ချိတ်ထားသော အဝေးကြည့် မှန်ပြောင်းကို လက်နှင့်ကိုင်ကာ မျက်စိ တွင် တပ်လိုက်ပြီး ပင်လယ်ပြင်ကို လှမ်းကြည့်သည်။ ဘာမျှ မတွေ့။ သူစောင့်နေသည်မှာ ရက်သတ္တပတ် အတန်ကြာလာပြီဖြစ်ရာ သူတို့ မလာကြတော့ပြီလော။
လိုသာသည် မြင်းပေါ်ဆင်းကာ သဲပြင်တွင် ထိုင်လိုက်ပြီး အိတ်ထဲမှ စာအုပ်တစ်အုပ်ကို ထုတ်ကာ ဖတ် နေသည်။ သို့သော် ပင်လယ်ပြင်ကိုမှ မကြာခဏ လှမ်းကြည့်သည်။
ထိုသို့ ကြည့်လိုက်စဉ်မှာပင် ပင်လယ်ပြင်ကြီးထဲမှ ရေငုပ်သင်္ဘောကြီးတစ်စင်း တဖြည်းဖြည်း ပေါ်ထွက်လာသည်ကို မြင်လိုက်ရသည်။ နောက်ဆုံးတွင် ရေငုပ်သင်္ဘောကြီးသည် ရေပြင်ပေါ်သို့ ရောက် လာသည်။
"ဟေး ... သူတို့ ရောက်လာပြီပဲ၊ မလာတော့ဘးလို့ ထင်နေတာ" လိုသာ တစ်ယောက်တည်း အားရပါးရ အော်ပြော လိုက်သည်။
လိုသာသည် ရေငုပ်သင်္ဘောကြီးကို အဝေးကြည့်မှန်ပြောင်းဖြင့် လှမ်းကြည့်လိုက်သည်။ ပင်လယ်ပြင်တွင် ရောက် နေသည်မှာ အတော်ကြာပြီဟု ယူဆရသည်။ သင်္ဘောတွင် ရေးထားသည့် အမှတ်တံဆိပ် နံပါတ် ဖြစ်သော "ယူ-၃၂" ဟူသော စာတန်းပင် ရေတိုက်စား၍ ပျောက်ကွယ်လုနီးပါးဖြစ်နေ၍ အတော်ဖတ် ယူသည်။
ရေငုပ်သဘော်ဦးပိုင်းကုန်းပတ်မှာ လှုပ်ရှားမှုများဆီသို့ လိုသာ မျက်စိရောက်သွားသည်။ ဦးပိုင်းမှ အဖုံးတစ်ခု ပွင့် သွားပြီး ရေတပ်သားများ ထွက်ပေါ်လာကာ ဦးထိပ်ဘက်ရှိ အမြန်ပစ်ခတ်၍ ရသော အမြောက်ဆီ သို့ ပြေးသွားသည်။ ထို့နောက် အမြောက်ကို မိမိရှီသော ကမ်းခြေဘက်သို့ချိန်ကာ အသင့်ပြင် လိုက်သည်။ ကမ်းပေါ်မှ ပစ်ခတ်တိုက်ခိုက် ပါက အသင့်တုံ့ပြန်နိုင်ရန် ပြင်ဆင်ထားမှန်းသိသာသည်။ ခေါင်းတိုင်ဘက် မျှော်စင်မှလည်း လူများ ပေါ်လာသည်။ အရာရှိများ ဖြစ်မည်မှာ သေချာသည်။
လိုသာသည် သူ့အိတ်ထဲမှ မီးကျည်တစ်လုံးကို ထုတ်ယူပြီး အပေါ် ထောင်ပစ်ခတ်ကာ အချက်ပြ လိုက်သည်။ အနီ ရောင် မီးလုံးကြီးက ပင်လယ်ပြင်ပေါ်တွင် လင်းထိန်သွားသည်။ ရေငုပ်သင်္ဘောမှလည်း အလားတူ ပစ်ခတ်ကာ ပြန်လည်တုံ့ပြန် အချက်ပြလာသည်။
လိုသာသည် မြင်းပေါ်ခုန်တက်ပြီး တောင်ပုစာအောက်သို့ ဆင်းသွားသည်။ အောက်ခြေရောက်သော် ကမ်းစပ် သို့ ကဆုန်စိုင်းစီးသွားရင်း ဦးထုပ်ကို လက်ဖြင့်ကိုင်ကာ ဝှေ့ယမ်းပြသွားသည်။ ကမ်းစပ် နဂါးပွက်အိုင် အစွန်းရှိ သူတို့ စခန်းဆီသို့ လိုသာ ရောက်သွားသည်။ မြင်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ယာယီ တဲကလေး များတွင် အိပ်ပျော်နေသော သူ့လူများကို နှိုးလိုက်သည်။
"ထကြစမ်း ... ထကြ ထကြ ... သူတို့လာကြပြီ၊ မင်းတို့ တယ်အအိပ်ကြီးတဲ့ ကာလနဂါးတွေပဲ"
လိုသာက သူ့လူများကို ကန်ကျောက်ဆွဲနှိုးသည်။ သူနှင့် ကျန်ရှိနေသော နောက်လိုက်များမှာ လူဆိုးဓားပြများသာ ရှိတော့သည်။ လိုသာ ကျူတောထဲမှ သစ်သားလှေကို ဆွဲထုတ်ရန် အမိန့်ပေး လိုက်သည်။ လှေမှာ လေးလံလွန်း သဖြင့် တစ်ဘက်လျှင် လူ ၂၀ခန့်စီတွန်းပြီး ထုတ်လာရသည်။ ထို့နောက် ပစ္စည်းများ သယ်ထုတ်အသင့်ပြင်သည်။
ညမှောင်လာပြီ။ လက်ဆွဲမီးအိမ်ကို ထွန်းလိုက်ပြီး လက်ဖြင့် ကိုင်ကာ လှေဦးတွင် ရပ်လိုက်သည်။ သူ့လူများက လှေကို ရေငုပ်သင်္ဘောဆီမှ အချက်ပြမီးက အချက်ပြနေသည်။ ထိုမီးဆီသို့ သူတို့ လှော်ခတ်သွားသည်။ ရေငုပ်သင်္ဘောဘေး သို့ သူတို့ ရောက်သွားသည်။ အပေါ်မှ ဂျာမန်ရေတပ်များက အသင့်စောင့်ကြိုနေသည်။
လိုသာက လှေပေါ်မှနေ၍ ရေငုပ်သင်္ဘောပေါ်သို့ လှမ်းပြီး ခုန်ကူးလိုက်ရာ သင်္ဘောသားတစ်ယောက်က လက်ကမ်း ပြီး ဆွဲယူ ဆီးကြိုလိုက်သည်။ ရေငုပ်သင်္ဘော ကပ္ပီတန်က လိုသာအား သင်္ဘော မောင်းခန်း ထဲမှနေပြီး စောင့်ကြိုနေ သည်။
"ကျွန်တော်က ရေငုပ်သင်္ဘောကပ္ပီတန် ကတ်ခိုလာပါ"
ကပ္ပီတန်က သတိဆွဲအလေးပြုပြီး ပြောလိုက်သည်။ ထို့နောက် ရှေ့တစ်လှမ်း တိုးသွားပြီး လက်ဆွဲ နှုတ်ဆက် သည်။
"ကျွန်တော် ခင်ဗျားနဲ့တွေ့ရတာ အလွန်ပဲ ၀မ်းသာပါတယ်ဟာ ဒီလာရေး၊ ကျွန်တော်တို့ သင်္ဘောမှာ လောင်စာ ဆီက နှစ်ရက်စာပဲ ကျန်တော့တာ" ကပ္ပီတန်က လိုသာ ဒီလာရေအား ဆက်ပြောသည်။
"ခင်ဗျား ရဲ့ သင်္ဘောခရီးစဉ် အောင်မြင်ရဲ့လား ကပ္ပီတန်" လိုသာက ပြန်မေးသည်။
"ကျွန်တော်တို့ ပင်လယ်ပြင်မှာ ခရီးလှည့်ပြီး တိုက်ခိုက်နေတာ ရက်ပေါင်း ၁၂၆ရက် ရှိပြီ၊ ကျွန်တော်တို့ တိုက်ခိုက် နှစ်မြှုပ်ခဲ့တဲ့ ရန်သူသင်္ဘောတွေရဲ့ စုစုပေါင်းတန်ချိန်ဟာ နှစ်သောင်းခြောက်ထောင် ရှိပါပြီ"
"ဘုရားသခင်ရဲ့ စောင့်မကြည့်ရှုမှုကြောင့် ခင်ဗျားတို့ နောက်ထပ် တန်နှစ်သောင်းခြောက်ထောင် နှစ်မြှုပ် နိုင်ဦးမှာပါ"
"ဘုရားသခင်အပြင် ခင်ဗျားကူညီမယ့် လောင်စာဆီတွေနဲ့ဆိုယင် ဖြစ်လာရမှာပေါ့ဗျာ"
ကပ္ပီတန်က အောက်ဘက်ကုန်းပတ်တွင် လှေကြီးပေါ်မှ သယ်တင်နေသော ဆီပေပါများကို လှမ်းကြည့် ပြီးနောက် လိုသာဘက်လှည့်ကာ ပြောလိုက်ပြန်သည်။
"ခင်ဗျားမှာ တော်ပီဒိုတွေလဲ ရှိတယ် မဟုတ်လား"
"ရှိပါတယ် အဆင်သင့်ပါ၊ ဒါပေမယ့် လောင်စာဆီ အလျင်ဖြည့်ထားတာက ပိုစိတ်ချရမယ် မဟုတ်လား"
"ဟုတ်ပါတယ်ဗျာ၊ ဆီမဖြည့်ရယင် မတော်တဆ အင်္ဂလိပ်သဘောရောက်လာယင် မခက်ပါလား၊ ခင်ဗျား အမြော် အမြင် ကြီးပါပေတယ်" ကပ္ပီတန်က ချီးကျူးလိုက်သည်။
"ကျွန်တော်နဲ့ ကျွန်တော့်အရာရှိတွေက ခင်ဗျားကို ဂုဏ်ပြုဧည့်ခံပါရစေဦး ဟာဒီလာရေး၊ သင်္ဘောဝမ်းထဲကို လိုက်ခဲ့ပါ။
ရေငုပ်သင်္ဘောဝမ်းဗိုက်ထဲသို့ သံလှေကားမှ ဆင်းလာစဉ် အနံ့အသက်များကြောင့် လိုသာ ပျို့ချင်လာသည်။ လူ ၆၀ခန့်သည် ဤရေငုပ်သင်္ဘောထဲတွင် လေကောင်းလေသန့် မရ၊ နေရောင်မမြင်ရဘဲ လချီ၍ နေခဲ့ရသည်။ ရေချိုးစရာ၊ အ၀တ်လျှော်စရာလည်း မရှိ၊ ၁၂၆ရက်လုံးလုံး အိပ်ခဲ့ရသော အိပ်ရာများကလည်း လဲစရာ ဖယ်စရာ မရှိ။ ခြေအိတ်များ ဖိနပ်များကိုလည်း မလဲတမ်၊ မဖယ်တမ်း၊ မချွတ်တမ်း ၀တ်ထားရသည်။ မစင်နှင့် အညစ်အကြေးများကိုလည်း တစ်နေ့မှ တစ်ခါသာ စွန့်ပစ်နိုင်သည်။ သည်တော့ သင်္ဘောဝမ်းထဲ၌ အနံ့အသက် မကောင်းသည်မှာ မဆန်းပါချေ။
ကပ္ပတီတန်က သူ၏ အရာရှိများနှင့် လိုသာအား မိတ်ဆက်ပေးသည်။
"ရန်သူသင်္ဘောတွေနဲ့ ပတ်သက်ပြီး သတင်းလေး ဘာလေးများ ရထားသေးသလား ဟာဒီလာရေး" ကပ္ပီတန် က ဖန်ခွက်များထဲသို့ အရက်များ နည်းနည်းစီငှဲ့ထည့်ရင်း မေးလိုက်သည်။ ပုလင်းထဲ၌ အရက် ကုန်သွားသောအခါ သက်ပြင်းချလိုက်သည်။
"ကျွန်တော် ရထားတဲ့သတင်းက တနင်္ဂနွေတစ်ပတ်လောက် ကြာနေပြီ"
လိုတာနှင့် ရေတပ်အရာရှိများ ဖန်ခွက်မြှောက်ပြီး နှုတ်ဆက်ကာ သောက်ကြသည်။ ထို့နောက် လိုသာက ဆက် ပြော သည်။
"အုတ်ကလန် စစ်သင်္ဘောဟာ လွန်ခဲ့တဲ့ရှစ်ရက်က ဒါတန်းဆိပ်ကမ်းမှာ ဆိုက်ကတယ်၊ နယူးဇီလန် ခြေလျင်တပ်သား ၂၀၀၀ အဲဒီသင်္ဘောမှာ ပါလာတယ်၊ ၁၅ရက်နေ့မှာ ပြန်ထွက်လိမ့်မယ်လို့ မျှော်လင့် ရတယ်"
တောင်အာဖရိက ပြည်ထောင်စုရှိ ပြည်သူ့ဝန်ထမ်းများထဲတွင် သူပုန်များအပေါ် လိုလားသူ အများအပြား ရှိနေသည်။ ဘိုဝါးစစ်ပွဲတွင် ပါဝင်ခဲ့သူများ၏ မျိုးဆက်မိသားစုများသည် တောင်အာဖရိက မီးရထားနှင့် ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ လက်အောက်၌လည်း အမှုထမ်းနေကြသည်။ စာတိုက်နှင့် ကြေးနန်းဌာန၌ အချက်အခြာကျသော နေရာများတွင် လည်း ရှိနေသည်။
သို့ဖြင့် အရေးကြီးသော သတင်းများကို စုဆောင်းကာ ဂျာမန်သူလျှိုများထံ ပေးပို့ကြရာ လိုသာတို့ သတင်းများ ရရှိ နေခြင်း ဖြစ်သည်။
လိုသာ က တောင်အာဖရိကဆိပ်ကမ်းများသို့ သင်္ဘောများ အ၀င်အထွက်စာရင်းကို ဖတ်ပြသည်။
"ကျွန်တော့် သတင်းတွေက အိုကာဂျာမန်မှာ ရှိတဲ့ ကြေးနန်းရုံးက ကျွန်တော်တို့ လူတစ်ယောက်ဆီက ရတာ၊ အဲဒီ ကနေ ကျွန်တော့်လူတွေ သဲကန္တာရဖြတ်ပြီး သွားယူရှိတာ ငါးရက်ကြာတယ်"
"ကျွန်တော် သဘောပေါက်ပါတယ်၊ ဒါပေမယ့် ခင်ဗျား ပေးတဲ့သတင်းတွေဟာ ကျွန်တော်အဖို့ နောက် တစ်ဆင့် စစ်ဆင်ရေး ဆက်လုပ်ဖို့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် အထောက်အကူ ပြုပါတယ်"
ကပ္ပီတန်က မြေပုံပေါ်တွင် ရန်သူ့သင်္ဘောနေရာများကို လိုက်မှတ်သားထားလိုက်သည်။
"အရက်နည်းနည်း ထပ်ယူပါဦးလားဗျာ"
"တော်ပါပြီဗျာ၊ ကျွန်တော် ကုန်းပေါ်ပြန်ပြီး ကျွန်တော်လူတွေ ပစ္စည်းတင်ကာ ကြီးကြပ်ပေးရဦးမယ်"
လိုသာသည် သင်္ဘောဝမ်းဗိုက်ထဲ၌ မနေချင်တော့သဖြင့် ယဉ်ကျေးစွာ ငြင်းပယ်ကာ ကုန်းပတ်ပေါ် ကမ်းစပ်သို့ ပြန်လာခဲ့သည်။
ဆီပီပါများထဲမှ ဆီများကို သင်္ဘောဆီ သိုလှောင်သော တိုင်ကီကြီးထဲသို့ လောင်းထည့်သည်။ ပီပါများကို အပေါက်များ ဖောက်ပြီး ရေထဲမြှုပ်ပစ်သည်။ ဆီများ ထည့်ပြီးနောက် တော်ပီဒိုများကို ရေငုပ်သင်္ဘော ပေါ်သို့ တင်ပေးသည်။ အားလုံး တင်ပြီးသောအခါ နံနက်လေးနာရီ ကျော်နေပေပြီ။
သင်္ဘောထွက်ခါနီးတွင် လိုသာသည် ရေငုပ်သင်္ဘောဆီသို့ ကမန်းကတန်းသွားပြီး ကပ္ပီတန်နှင့် အရေးတကြီး တွေ့သည်။
"ကပ္ပီတန် ... ကျွန်တော့်လူတစ်ယောက် အခုပဲ ကျွန်တော်တို့ စခန်းကို ရောက်လာတယ်၊ အိုကာဟင်ဂျာကနေ ဒီကို လာတာ ငါးရက်ကြာတယ်၊ သူ့ဆီမှာ သတင်းထူး သတင်းကောင်းတွေ ပါလာ တယ်"
ကပ္ပတီတန်က အံ့သြ၀မ်းသာရိပ်မပေါ်အောင် မျိုသိပ်ထားလိုက်သည်။ သို့သော် လိုသာ ဆက်ပြောနေသည့် စကားကို နားထောင်နေစဉ်တွင် သူ့လက်များ မသိမသာတုန်နေသည်။
"ကိပ်တောင်းဆိပ်ကမ်းက လက်ထောက်အရာရှိတစ်ယောက်ဟာ ကျွန်တော်တို့လူပဲ၊ အင်္ဂလိပ်တို့ရဲ့ ခရူဇာတိုက် သင်္ဘောကြီးတစ်စင်းဟာ နောက်ရှစ်ရက်အတွင်း ကိပ်တောင်းဆိပ်ကမ်းကို ရောက်လာဖို့ စောင့်မျှော် နေတယ်တဲ့၊ သင်္ဘောကြီး နာမည်က "အင်ဖလက်စီတယ်" တဲ့၊ အဲဒီသင်္ဘောဟာ ဂျီတရော်တာ ကနေ ၅ရက်နေ့က ထွက်လာတယ် တဲ့၊ ကိပ်တောင်းကို တိုက်ရိုက်လာနေတယ်တဲ့"
ကပ္ပီတန်က လိုသာ စကားကြားရသောအခါ လိုသာအား သင်္ဘောအောက်ထပ်ရှိ မြေပုံစားပွဲသို့ ခေါ်သွား သည်။ မြေပုံ ကို ငုံ့ကြည့်နေရင်း ရေကြောင်းပြ အရာရှိအား မေးခွန်းများ လှမ်းမေးသည်။
"ရန်သူ အင်္ဂလိပ်တွေရဲ့ ပထမတန်းစား ခရူဇာတိုက်သင်္ဘောဟာ အမြန်းနှုန်း ဘယ်လောက်ရှိသလဲ"
"ခန့်မှန်းခြေ ရေမိုင် ၂၂မိုင်နှုန်း ရှိတယ်" အရာရှိက ထောက်လှမ်းရေးဖိုင်မှ စာရွက်များကို လှန်လှော ကြည့်ပြီး ဖြေသည်။
"ဟာ ..."
ကပ္ပီတန်သည် မြေပုံပေါ်တွင် ဂျီတရော်တာမှ နေ၍ အာဖရိကတိုက်၏ အနောက်ဘက် ကမ်းရိုးတန်းအတိုင်း အောက်ဘက်သို့ အကြမ်းရေးဆွဲ သတ်မှတ်လာပြီး ဂွတ်ဟုပ်အငူကို ကွေ့ပတ်လိုက်သည်။
"ဒီနေ့ ၁၈၀၀ နာရီမှာ တို့သင်္ဘောဟာ တိုက်ကင်းလှည့်တဲ့ အနေအထားမှာ ရှိမယ်၊ တစ်နာရီအတွင်း တို့ ဒီက ထွက်ရ မယ်၊ တို့ သူ့ကို အချိန်မီ တွေ့နိုင်တယ်"
ကပ္ပီတန်သည် မြေပုံပေါ်တွင် ငုံ့ပြီး ရေးမှတ် တ်ွကချက်နေရာက ပြောလိုက်သည်။ ထို့နောက် စားပွဲနားတွင် ၀ိုင်းနေ သောအရာရှိများအား မော့ကြည့်လိုက်ပြီး ပြောသည်။
"ရိုးရိုးသင်္ဘော မဟုတ်ဘူး၊ အင်္ဂလိပ် ခရူဇာ တိုက်သင်္ဘောကြီးပဲ၊ သင်္ဘောနာမည် က အင်ဖလက်စီဘယ်တဲ့၊ ဖောက်ကလန်ကျွန်း မှာ တို့ရဲ့ဂျာမန် ဆရှာဟော့စ် သင်္ဘောကို နစ်မြှုပ်ခဲ့တဲ့ အင်္ဂလိပ်သင်္ဘောနဲ့ တစ်မျိုး တစ်စားတည်း ပဲ၊ အေး ... တို့အတွက် အခွင့်အရေး ပြန်ရတာပေါ့၊ ကိုင်ဇာ နဲ့ အမိဂျာမနီပြည်အတွက် ဆု လက်ဆောင် အဖြစ် တို့က ယူဆောင်သွားရမှာပေါ့"
ဆက်ရန်
.
1 comment:
ဇာတ်ဆောင်တစ်ယောက် ထပ်တိုးလာပြန်ပြီ
ပိုစိတ်ဝင်စားဖို့ကောင်းလာတယ်
Post a Comment