မိုက်ကယ် နှင့် ကိုယ်ရောစိတ်ပါ ရှေ့သွားနောက်လိုက် ညီမည်ဟု တွေးမိ သည်။
"ကဲ ... လူကလေး၊ နေ့လယ်စာစားဖို့သက်သက် ဒီကိုလာတာတော့ ဟုတ်မယ်မထင်ဘူး၊ ကဲ မင်းဘာကိစ္စလာတယ် ဆိုတာ ပြောစမ်းပါဦး"
"ကျွန်တော်ရဲ့ ဘ၀ခရီးဖော် အိမ်ထောင်ဖက်အဖြစ် လက်ခံဖို့ စင်တိန်ကို ပြောပြီးပါပြီ ဦးလေး"
ဗိုလ်ချုပ်ကြီးက နှုတ်ခမ်းမွေးကို လက်သုတ်ပ၀ါဖြင့် သေသေသပ်သပ် သုတ်လိုက်သည်။
"မင်းစကားကြားရတာ ငါ့အတွက် အံ့သြစရာ မဟုတ်ပါဘူး၊ ကဲ အမျိုးသမီးလေးရဲ့ သဘောထားကရော"
"သူ့ရဲ့လမ်းလှမ်းချက်ကို ကျွန်မ လက်ခံခဲ့ပါတယ် ဗိုလ်ချုပ်ကြီး"
"မင်းသိပ်ကံကောင်းတဲ့သူငယ်ပဲ၊ တကယ်ကိုတော်တဲ့ အမျိုးသမီးကွ၊ မင်း သူ့ကိုလက်မလွတ်စေနဲ့"
"စိတ်ချပါဦးလေး" မိုက်ကယ်က ၀မ်းသာအားရ ပြောလိုက်သည်။"
"သူ့အဖေ က မြို့စားတစ်ယောက်ပါ၊ သူ မြင်းကောင်းကောင်း စီးတတ်တယ်၊ သူတို့မှာ သစ်သီးခြံတွေလဲ ရှိတယ်၊ အခုတော့ ဒီနေရာတွေက ဂျာမာန်တွေရဲ့ အမြောက်ဒဏ်ခံနေရတယ်" မိုက်ကယ်က ဆက်ပြော သည်။
"ဘယ်တော့လက်ထပ်မယ်လို့ မင်းစီစဉ်ထားသလဲ"
"ကျွန်တော် ဖေဖေ့ဆီကိုလှမ်းပြီး အသိပေးချင်ပါတယ်၊ ဒါပေမယ့် အချိန်က သိပ်မရတော့ဘူး"
"မင်းအဖေဂယ်ရီ သဘောပေါက်နားလည်မှာပါကွာ" ဗိုလ်ချုပ်ကြီးရှောင်က ခေါင်ညိတ်ပြပြီး ပြောလိုက် သည်။ အချိန် သိပ်မရှိတော့ဆိုသည်ကို သူအသိဆုံး ဖြစ်သည်။
"နွေရာသီ ထိုးစစ်ကြီး မစခင် ကျွန်တော်တို့ လက်ထပ်ချင်တယ်"
"အေး၊ ငါနားလည်ပါတယ်ကွာ" ဗိုလ်ချုပ်ကြီးမျက်မှောင် ကြုတ်လိုက်သည်။ ထို့နောက် သက်ပြင်းချ လိုက်သည်။ ပြီးမှ တွေးတွေးဆဆ ပြောလိုက်သည်။
"မိုက်ကယ် မင်းတစ်ယောက်တည်း သိထားဖို့ ငါပြောမယ်၊ မကြာခင်မှာတော့ မင်းအကုန်သိလာမှာပေါ့လေ၊ တိုက်လေ ယာဉ်အုပ်စုတွေအားလုံးကို စစ်မြေပြင် အမိန့်တစ်ရပ် ထုတ်ပြီးပြီ၊ အဲဒီအမိန့်ကတော့ တို့ရဲ့ စစ်ကြောင်း တွေ အားလုံး ပေါ်ကို ရန်သူက ကောင်းကင် ကနေပြီး မထောက်လှမ်းနိုင်အောင် တားဆီး ဟန့်တားဖို့ပဲ၊ လာမယ့် ရက်သတ္တပတ် တွေ အတွင်းမှာ ငါတို့ရဲ့ စစ်ပြင်မှုကို ရန်သူမသိမမြင်နိုင်အောင် တို့ရဲ့ တိုက်လေယာဉ် အုပ်စုတွေအားလုံးက အသေ အလဲ ခုခံတားဆီးရမယ်"
မိုက်ကယ် ငြိမ်ပြီးထိုင်နေသည်။ သူ့ဦးလေး စကားများမှာ မည်သည့်အဓိပ္ပာယ်ပေါက်ကြောင်း စဉ်းစား နေသည်။ သူကြို တင်မှန်းဆ၍ ရသလောက်ဆိုလျှင် မိမိတို့လေယာဉ်များနှင့် ဂျာမန်လေယာဉ်များ အသေအလဲ တိုက်ပွဲဝင်ကြရမည့် အဓိပ္ပာယ်ပင် ဖြစ်သည်။ ထိုတိုက်ပွဲတွင် အကျအဆုံး များနိုင်သည်။
"ကျေးဇူးပဲဦးလေး၊ စင်တိန်နဲ့ ကျွန်တော် အမြန်ဆုံး လက်ထက်ကြမယ်၊ ဦးလေး လက်ထပ်ပွဲလာမယ်လို့ ကျွန်တော် မျှော်လင့်ထားရမလား"
"လာနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားမယ်လု့ပဲ ကတိပေးပါရစေကွာ" ထိုသို့ ပြောလိုက်ချိန်မှာပင် သူ၏ကိုယ်ရေး အရာရှိလေး ဥယျာဉ်ထဲဝင်လာသည်ကို မြင်လိုက်ရသဖြင့် လှမ်းမေးလိုက်သည်။
"ဘာလဲဟေ့ ဂျွန်"
"ဗိုလ်ချုပ်ကြီး ရောဘတ်ဆန်ဆီက အရေးပေါ်အကြောင်း ကြားချက် ရောက်လာလို့ပါခင်ဗျာ"
"အေး ငါလာခဲ့မယ်၊ မိနစ်နှစ်ဆယ်လောက်စောင့်ကွာ"
ဗိုလ်ချုပ်ကြီး သည် သူ၏ကိုယ်ရေးအရာရှိအား လှမ်းပြောလိုက်ပြီးနောက် မိုက်ကယ်နှင့် စင်တိန်တို့ဘက်သို့ လှည့်ပြီး ပြောလိုက်ပြန်သည်။
"အင်း ထမင်းတောင်ကောင်းကောင်း မစားရပါလား"
"ဟင်းကလဲ ကောင်းပါတယ်၊ ၀ိုင်အရက်ကလဲ ကောင်းပါတယ်၊ စကားပြောရတာက ပိုကောင်းပါတယ် ဦးလေးရယ်" စင်တိန်က ၀င်ပြီး ဖြေသိမ့်လိုက်သ်ည။
"မိုက်ကယ်၊ မင်း ဆန်ဂိန်းကို သွားရှာပြီ မော်တော်ကား အသင့်ပြင်ထားကွာ၊ ငါနဲ့ စင်တိန်နဲ့ နောက်က လိုက်လာမယ်၊ ငါတို့နှ်ယောက်တည်း ပြောစရာ စကားရှိတယ်"
မိုက်ကယ်က ပန်းခြံထဲမှနေ၍ ရှေ့မှထွက်သွားသည်။ ဗိုလ်ချုပ်ကြီးရှောင်နှင့် စစ်တိန်က နောက်မှ လိုက်သွားသည်။ ဗိုလ်ချုပ်ကြီးက စင်တိန်အား စကားတစ်လုံးချင်း အေးဆေးစွာ ပြောလိုက်သည်။
"မိုက်ကယ်ဟာ လူကောင်းလူတော်တစ်ယောက်ပါ၊ သနား ကြင်နာတတ်တယ်၊ တွေးဆတတ်တယ်၊ ခံစား တတ်တယ်၊ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ ထိပ်ဆုံးရောက်ဖို့ လိုအပ်တဲ့ အရည်အချင်းတစ်ခု ဖြစ်တဲ့ ပြတ်သား ခိုင်မာမှု တော့ လိုနေ တယ်"
ဗိုလ်ချုပ်ကြီး က စကားကို ရပ်လိုက်ပြီး စင်တိန်အား လှမ်းကြည့်လိုက်သည်။ ထို့နောက် ဆက်ပြောသည်။
"မိုက်ကယ့်မှာ လိုအပ်နေတဲ့ စွမ်းအား မင်းမှာ ရှိတယ်၊ မင်းငယ်ငယ်လေး ရှိသေးတယ်၊ ဒါပေမယ့် မင်းဟာ စိတ်ဓာတ် ခိုင်ခိုင်မာမာနဲ့ ကြီးပြင်း ရင့်ကျက်လာလိမ့်မယ်လို့ ငါ ကောင်းကောင်း ယုံကြည်တယ်၊ မင်းဟာ မိုက်ကယ့် အတွက် အခိုင်အမာ ရပ်တည်ပေးနိုင်လိမ့်မယ်လို့ ငါမျှော်လင့်တယ်"
စင်တိန်က ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ပြန်ပြောရန် စကားလုံးတော့ ရှာမရပေ။
"ငါ့သား အတွက် မင်းစိတ်ဓာတ်ခိုင်ခိုင်နဲ့ ရပ်တည်ပေးပါ"
"ရှင့်သား ... ဟုတ်လား" စင်တိန်က အံ့အားတသင့်မေးလိုက်သည်။
ဗိုလ်ချုပ်ကြီး မျက်လုံးထဲ၌ တုန်လှုပ်ချောက်ချားသွားသည့် အရိပ်အယောင်ကို စင်တိန် မြင်လိုက်ရသည်။ သို့သော် သူက ချက်ချင်း ဖုံးကွယ်ပစ်လိုက်သည်။
"အား ... တောင်းပန်ပါတယ်။ သူ့အဖေနဲ့ ငါက အမြွာပူးညီအစ်ကိုလေ၊ ဒီတော့ တစ်ခါတစ်ရံ သူ့ကို ငါ့သား လို့ပဲ သဘောထားပြီး သားလို့ပဲပြောမိတာပေါ့"
"ဟုတ်တယ် ကျွန်မ သဘောပေါက်ပါတယ်"
စင်တိန်က ပြောသာ ပြောလိုက်ရသော်လည်း ဘ၀င်မကျ။ တစ်နေ့တွင် အမှန်တရားကို သိရမည်ဟု စိတ်ထဲက ပြောလိုက်မိသည်။
ဘုရားရှိခိုးကျောင်း အ၀င်ဝတွင် မိုက်ကယ်နှင့် စင်တိန်တို့ ဗိုလ်ချုပ်ကြီးရှောင်အား နှုတ်ဆက်ပြီး ဆန်ဂိန်း၏ ကားနှင့် လိုက်သွားသည်။
မိုက်ကယ်နှင့် စင်တိန်တို့၏ အပြန်ခရီးသည် အလာကလိုပင် အဆင်ပြေသည်။ စင်တိန်က လေယာဉ်ပေါ် တွင် ပျော်မြူး နောက်ပြောင်လာသည်။ ချစ်စရာ ကျီစယ်နောက်ပြောင်လာခဲ့ကြသည်။ မိုက်ကယ်သည် သူ၏ လေယာဉ်ကို ကောင်းကင်မှ ဆင်းလာကာ ပြေးလမ်းတစ်လျှောက်ဘီးလိမ့်ရုံမောင်းလာပြီးနောက် စက်သတ်ကာ ရပ်လိုက်သည်။ လေယာဉ်ပေါ်မှ သူခုန်ဆင်းလိုက်ချိန်မှာပင် စက်ပြင်ဆရာမက် အပြေး အလွှား ရောက်လာပြီး ပြောလိုက်သည်။
"ဆရာရောက်လာတာ အချိန်မီရုံလေးပဲ၊ လေယာဉ်မှူးတွေကို စားရိပ်သာထဲမှာ လမ်းညွှန်ချက် ပေးနေ တယ်၊ ဗိုလ်မှူး ကလဲ ဆရာ့ကို မေးနေတယ်၊ မြန်မြန်ပြေး ဆရာရေ"
မိုက်ကယ် စားရိပ်သာဆီသို့ အပြေးအလွှား သွားသည်။ စားရိပ်သာထဲတွင် လေသူရဲတို့ဖြင့် ပြည့်နေသည်။ ကုလား ထိုင်များတွင် လူများဖြင့် ပြည့်နေသည်။ လေသူရဲအသစ် တစ်ဦးနှင့်တစ်ဦးမှာ အနောက်ဘက် နံရံ တွင် ကျောမှီပြီး ရပ်နေသည်။ ဗိုလ်မှူးအင်ဒရူးသည် အရှေ့ဘက်ရှိ ကားဘောင်တာပေါ်၌ ခြေတွဲလောင်းချ ထိုင်နေပြီး ခြေနှစ်ချောင်း ကို ချိတ်ကာ လွှဲယမ်းနေသည်။ ပါးစပ်ထဲတွင် စွပ်တံနှင့် စီးကရက်ကို ကိုက် ထားသည်။ မိုက်ကယ် တံခါးပေါက်မှ ၀င်လာသောအခါ အမ်ဒရူးက စကားစကိုဖြတ်ပြီး မိုက်ကယ်အား လှမ်းကြည့် ကာ ပြောလိုက်သည်။
"လူကြီးမင်းမျး ခင်ဗျာ၊ ဗိုလ်ကြီး မိုက်ကယ်ကုတ်နေဟာ တခြားအရေးကြီးတဲ့ ကိစ္စတွေကြားထဲက အခုအချိန်မီရောက် လာပါပြီ၊ ဒါကြောင့် သူ့ကို ကျွန်တော်တို့ ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုရပါမယ်"
လေယာဉ်မှူးများက တစ်ယောက်တစ်ပေါက် အော်ဟစ် နောက်ပြောင်ကြသည်။ လူသစ် လေသူရဲတစ်ဦးက ဖယ်ပေး လိုက်သော နေရာတွင် မိုက်ကယ်က ၀င်ထိုင်သည်။
"ကဲ ... ခင်ဗျားနေသားကျသွားပြီလား၊ ဒါဖြင့် ကျွန်တော် ဆက်ပြောမယ်နော်၊ အခု ကျွန်တော်တို့ အရေးပေါ် ညွှန်ကြားချက် တစ်ခုရထားတယ်၊ တပ်မဌာနချုပ်ကနေပြီး လွန်ခဲ့တဲ့ နာရီဝက်အတွင်းမှာ မော်တော် ဆိုင်ကယ် စာပို့နဲ့ လာပို့သွားတဲ့ ညွှန်ကြားချက်ပဲ၊ ဟောဒီမှာ ညွှန်ကြားချက်စာရွက်၊ ကျွန်တော် ဖတ်ပြ မယ်၊ ခင်ဗျားတို့ သဘောပေါက် နားလည်မှာပါ"
အင်ဒရူးက စာရွက်ကို ထောင်ပြပြီး ပြောလိုက်သည်။ ထို့နောက် ၎င်းစာရွက်ကို ဖတ်ပြသည်။
မှ
တပ်မဌာနချုပ်၊ အေရက်စ် ...
သို့
တပ်မှူး
အမှတ်21၊ လေယာဉ်အုပ်စု
မော့ဟုမ်းအနီး
၁၉၁၇ခု၊ ဧပြီလ ၄ရက်၊ ၂၄၀၀ နာရီမှ စပြီး သင်တို့အား သတ်မှတ်ပေးထားသော နယ်မြေအတွင်းသို့ ရန်သူများ လေကြောင်းမှ ၀င်ရောက် ထောက်လှမ်းခြင်း မပြုနိုင်အောင် တားဆီး ကာကွယ်ရမည်။ မည်မျှင် ဆုံးရှုံးထိခိုက်ပါစေ နောက်ထပ် အမိန့်ထပ်မံမပေးမချင်း မဖြစ်မနေ တားဆီးကာကွယ်သွားရမည်။
"ကဲ အမိန့် ကတော့ ဒါပဲ ရဲဘော်တို့၊ ဒါပေမယ့် မည်မျှပင် ဆုံးရှုံးထိခိုက်ပါစေဆိုတဲ့ စကားစုကလေးကိုတော့ ခင်ဗျား တို့ သတိထားမိမှာပါ"
အင်ဒရူး က သူ့လူများကို လှမ်းကြည့်လိုက်သည်။ အားလုံးက အဓိပ္ပာယ်ပေါက်သည့်အသွင်ဖြင့် ပြန်ကြည့် ကြသည်။
"ကဲ ... ဒီလိုဆိုယင် နက်ဖြန်မနက် ငါးနာရီကစပြီး လေသူရဲအားလုံး နောက်ထပ်အမိန့်မရမချင်း တစ်နေ့ လေးကြိမ် တိုက်ကင်းထွက်ရမယ်၊ နောက်ပြီး ... ထုံးစံအတိုင်း မနက်အရုဏ်တက်နဲ့ ညနေဆည်းဆာချိန် တိုက်ကင်း လဲ ထွက်ရ မယ်။ အခုအချိန်ကစပြီး ရန်သူ့ဘက်မှာလဲ အင်ာအးအပြည့်အ၀ ရှိနေလိမ့်မယ်"
တပ်မှူးဖြစ်သူ ဗိုလ်မှူးအင်ဒရူးက သူ၏အစီအစဉ်ကို တင်ပြ ပြောကြားလိုက်သည်။ လေသူရဲများက မိုက်ကယ့်ဘက် လျည့်ကြည့်ကြသည်။ မိုက်ကယ်သည် သူတို့အထဲတွင် အသက်အကြီးဆုံး ဖြစ်ပြီး သူတို့ ကိုယ်စား ရှေ့မှပြောဆိုနေကျ ဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ မိုက်ကယ်က ဘာမှ မပြောဘဲ ငြိမ်နေသည်။
"ကျွန်တော် မေးခွင့်ရှိပါသလားခင်ဗျာ"
ဟန့် က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး ပြောသည်။
"မေးပါ၊ ရပါတယ်" အင်ဒရူးက ခွင့်ပြုလိုက်သည်။
"ဗိုလ်မှူးပြောတဲ့ အစီအစဉ်အတိုင်းဆိုယင် မနက်နှစ်နာရီ ညနှစ်နာရီထုံးစံအတိုင်း သွားရမယ်၊ နောက်ပြီး နေ့ဘက် လေးနာရီ ထွက်ရမယ်၊ ကျွန်တော် အတွက်အချက်မလွဲဘူးဆိုယင် လေသူရဲတစ်ယောက်ကို တစ်နေ့ ရှစ်နာရီ တိုက် ကင်းထွက်ရမယ်ပေါ့ ဟုတ်လား"
"ဟုတ်တယ်၊ ကဲ ဒါဖြင့်ရော မေးစရာ ရှိသေးသလား"
"လေယာဉ်တွေ မွမ်းမံပြင်ဆင်မှုနဲ့ ကြံ့ခိုင်ရေးလုပ်ဖို့ကော"
"တပ်ကြပ်ကြီးမက်က ဖြစ်အောင်လုပ်ပေးဖို့ တာဝန်ယူထားတယ်၊ ကဲ ဘာမေးစရာ ကျန်သေးလဲ၊ မကျန်တော့ယင် ကျွန်တော့် စာရင်းနဲ့ ခင်ဗျားတို့ အရက်သောက်နိုင်တယ်"
အင်ဒရူးက သူ့စာရင်းဖြင့် အရက်တိုက်သော်လည်း မည်သူမျှ စိတ်ပါလက်ပါ သိပ်မရှိပေ။ ထမ်းဆောင် ရမည့် တာဝန် သစ်နှင့် ပတ်သက်၍လည်း မည်သူမျှ မဆွေးနွေးကြပေ။ တစ်ယောက်နှင့်တစ်ယောက် မျက်လုံးချင်း မဆိုင်မိအောင် ရှောင်ကြရင်း အရက်ကို စိတ်မပါ့တပါဖြင့် သောက်ကြသည်။
မြို့စားကြီးဒီသိရီ၏ မျက်စိထဲတွင် လယ်ယာမြေ ဟက်တာလေးထောင်ကိုသာ တရေးရေး မြင်နေသည်။ ထို့ကြောင့် မိုက်ကယ်က စင်တိန်နှင့် လက်ထပ်ခွင့်ပေးပါရန် ပြောဆိုလာသောအခါ မြို့စားကြီးက ၀မ်းသာ အားရ လက်ဆွဲ နှုတ်ဆက်ပြီး ခေါင်းညိတ် သဘောတူလိုက်သည။
အဘွားကြီးအန် က စင်တိန်အား သူရင်ခွင်ထဲသို့ ဆွဲသွင်းပြီး ပွေ့ဖက်လိုက်သည်။ အဘွားကြီး မျက်လုံးအိမ် မှ မျက်ရည်များ စီးကျလာသည်။
"ကလေးရယ် ... မင်း ငါ့ကို ပစ်သွားတာ့မယ်ပေါ့"
"အို ... အတွေးမခေါင်စမ်းပါနဲ့ အန်ရယ်၊ ကျွန်မနဲ့အတူ အာဖရိက ခေါ်သွားမှာပါ၊ ကျွန်မအနားမှာ အန် ရှိနေဖို့ အမြဲ လိုအပ်နေမှာပါနော်"
"အာဖရိက ... ဟုတ်လား၊ ပြီးတော့ လက်ထပ်ပွဲကိုရော ဘယ်လိုလုပ် ကျင်းပမှာလဲ၊ ဖိတ်စရာ ဧည့်သည်လဲ မရှိဘူး၊ တို့အိမ်က စားတော်ကဲကြီးကလဲ ရှေ့တန်းမှာ စစ်ထက်တိုက်နေရတယ် မဟုတ်လား ကလေးရယ်၊ အခု အချိန်မှာဆို လက်ထပ်ပွဲက စည်ကား ခမ်းနားမှာ မဟုတ်ဘူးအေ့"
"ဘုရားရှိခိုးကျောင်းက ဆရာတော်ဘုရး ကိုယ်တိုင်လာပြီး လက်ထပ်ပေးမှာပါ၊ မိုက်ကယ့်ဦးလေး ဗိုလ်ချုပ်ကြီး ကလဲ လာမယ်လို့ ကတိပေးထားတယ်၊ ပြီးတော့ မိုက်ကယ့်တပ်ကလေသူရဲတွေ လာကြ မယ်လေ၊ တကယ်အံ့သြစရာ ကောင်းတဲ့ မင်္ဂလာလက်ထပ်ပွဲ ဖြစ်လာမှာပါ"
"ဘုရားကျောင်းက ဓမ္မဘေးအဖွဲ့လဲ မရှိ၊ လက်ထပ်စားပွဲလဲ တည်းခင်းစရာမရှိ၊ မင်္ဂလာဝတ်စုံလဲ မရှိ၊ ပျားရည်ဆမ်း ခရီးထွက်စရာနေရာလဲ မရှိပါလား ကလေးရယ်" အဘွားကြီးအန်က သိမ့်ခနဲ တစ်ချက် ရှိုက် လိုက်ရင်း ပြောသည်။
"ပါပါ သီချင်းဆိုမှာပေါ့၊ သူ့အသံက ကောင်းတယ်၊ ပြီးတော့ အန်နဲ့ ကျွန်မနဲ့ ကိတ်မုန့်ဖုတ်မယ်၊ ၀က်ကလေး တစ်ကောင်ပေါ်ပြီး ကင်မယ်၊ ချက်မယ်၊ မေမေ ၀တ်ခဲ့တဲ့သတို့သမီး ၀တ်စုံကို ကျွန်မနဲ့တော်အောင် ပြင်ချုပ် မှာပေါ့၊ မိုက်ကယ်နဲ့ ကျွန်မရဲ့ ပျားရည်ဆမ်းခရီးကလဲ ဒီမှာပဲပေါ့၊ ဖေဖေနဲ့ မေမေတုန်းကလဲ ဒီလိုပဲလေ၊ မဟုတ်ဘူးလား"
"အိုကလေးရယ် ..." အန်က ၀မ်းနည်းသံကြီးဖြင့် ပြောလိုက်ပြီး မျက်ရည်များ ကျလာပြန်သည်။
"ကဲ ဘယ်တော့ လက်ထပ်မှာလဲ၊ ဘယ်နေ့လဲ၊ ပြောစမ်းပါဦး" အဘိုးကြီးက မိုက်ကယ်အား ပြော လိုက်သည်။
"စနေနေ့ ည၈နာရီ"
"မမြန်လွန်းဘူးလား၊ ဘာဖြစ်လို့ သိပ်မြန်မြန်လုပ်ကြမှာလဲ"
အဘွားကြီးက ၀င်ပြောသည်။
သို့သော် အဘိုးကြီးက သဘောတူလိုက်သည်။
"ကဲ တို့အကောင်းဆုံး ရှန်ပိန်တစ်ပုလင်းဖွင့်မယ်၊ နပိုလီယံကော့ညက်ရယင် ပိုကောင်းမယ်၊ စင်တိန် သမီး အရက်ခန်း သော့ဘယ်မလဲ"
သည်တစ်ကြိမ်တွင် စင်တိန်က ကန့်ကွက်ခြင်း၊ နှောင့်နှေးခြင်း မရှိဘဲ အရက်ခန်းသော့ကို ဖခင်လက်ထဲသို့ ထည့် လိုက် သည်။
သူတို့ ချိန်းတွေ့နေကျ စပါးကျီထဲမှ ကောက်ရိုးမွေ့ရာနှင့် စစ်စောင်အခန်းများပေါ်တွင် မိုက်ကယ်နှင့် စင်တိန် တို့ တစ်ဦးကို တစ်ဦး ယုယစွာ ပွေ့ဖက်ပိုက်ထွေးထားလိုက်ကြသည်။ မိုက်ကယ်က သူတို့ ထမ်းရွက်ရမည့် အန္တရာယ် များပြာလှသော တာဝန်သစ်များအကြောင်းကို ပြောပြသည်။ စင်တိန်က အပြည့်အ၀ နားမလည်သော်လည်း နားထောင်နေရင်း မိုက်ကယ်အား တင်းတင်းကျပ်ကျပ်လေး ဖက်ထား သည်။
"ဒါပေမယ့် ကျွန်မတို့ လက်ထပ်တဲ့နေ့ကျယင် ရှင်ရောက်လာမယ် မဟုတ်လား၊ ဘာတွေပဲဖြစ်ဖြစ် လက်ထပ် တဲ့နေ့ ကျယင်တော့ ရှင် ကျွန်မဆီကို ရောက်အောင်လာပါနော်"
"စိတ်ချပါ အချစ်ရယ်၊ မောင်ရောက်လာမှာပါ"
"တကယ်လာပါ့မယ်လို့ ကျိန်ပြောစမ်းပါမောင်"
"မောင်တကယ် ကျိန်ပြောပါတယ်ကွာ"
"ဒီမှာ မိုက်ကယ်၊ ရှင်မနက်တိုင်း လေယာဉ်နဲ့ စထွက်တာရယ်၊ ညနေတိုင်း လေယာဉ်နဲ့ ပြန်လာတာရယ်ကို ကျွန်မ က အမြဲတမ်း စောင့်ကြည့်နေမယ်၊ ပြီးတော့ ညတိုင်း ဒီမှာ တွေ့ကြမယ်နော်"
သူတို့ နှစ်ယောက် ထုံးစံအတိုင်း ချစ်စကားများ တီတီတာတာ ပြောကြပြီး အချစ် ရေယာဉ်ကျော၌ မျော ပါကာ နောက်ဆုံး အိပ်မောကျသွားကြသည်။
စင်တိန် အိပ်ရာမှ ရုတ်တရက် နိုးလာသောအခါ အချိန်အတော နောက်ကျနေပြီ။ သစ်ပင်များပေါ်၌ ငှက်ကလေး များ အိပ်တန်းမှဆင်းကာ ကျီကျီကျာကျာ အော်မြည်နေချေပြီ။ စပါးကျီထဲသို့လည်း နံနက်ခင်း လင်းရောင်ဦး က ဖောက်ထွင်း ၀င်လာသည်။
"မိုက်ကယ် ... မိုက်ကယ်၊ မနက် လေးနာရီခွဲတောင် ရှိပြီ"
စင်တိန်သည် ရွှေနာရီလေးကို မှန်အိပ်ပြီးရောင်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
"အလို ... ဘုရားရေ၊ ငါတော့ မနက်ခင်း တိုက်ကင်းထွက်ဖို့ လွတ်ပြီ ထင်တယ်"
"အခုချက်ချင်း ရှင်တပ်ကို တိုက်ရိုက်သွားယင် မီနိုင်သေးတယ်"
"မင်းတစ်ယောက်တည်း မထားပစ်ခဲ့နိုင်ဘူး"
"ငြင်းမနေပါနဲ့ မိုက်ကယ်၊ သွားစမ်းပါ၊ တိုက်ရိုက်သွားစမ်းပါ"
စင်တိန်သည် ရွှံ့များဖြင့် ချော်နေသော လမ်းကလေးမှ တအားသွန်ပြေးသည်။ မနက်ခင်း တိုက်ကင်း ထွက်သော လေယာဉ်များကို တောင်ပူစာလေးပေါ်မှနေပြီး လက်ပြနှုတ်ဆက်မီအောင် ကြိုးစားရခြင်း ဖြစ်သည်။
မြင်းဇောင်းသို့ ရောက်သောအခါ အပြေး ရပ်လိုက်သည်။ အသက်ရှူမှန်အောင်၊ စိတ်ငြိမ်အောင် ကြိုးစား ရသည်။ စံအိမ်တော်မှာ အမှောင်ထု အောက်တွင် ရှိနေသည်။ မီးဖိုချောင်တံခါးနားသို့ ကပ်သွားပြီး အထဲကို နားစွင့်သည်။ ဘာသံမျှ မကြားရ။ ထို့ကြောင့် တံခါးတွန်းဖွင့်ပြီး အထဲဝင်လိုက်သည်။ ရွှံ့များပေနေသော ဖိနပ်ရှည်ကြီး ကို ချွတ်ပြီး မီးဖိုနောက်ဘက်တင် ထားလိုက်သည်။ လှေကားထစ်များမှနေ၍ အပေါ်သို့ တစ်ထစ်ချင်း တက်သွားသည်။
သူမအခန်းတံခါးကို အသာတွန်းဖွင့်ပြီး အထဲသို့ ၀င်လိုက်သည်။ တံခါးကို နောက်ပြန် ပိတ်လိုက်သည်။ ထို့နောက် အိပ်ရာခုတင်ဘက်သို့ လှည့်လိုက်ချိန်တွင် မီးခြစ်ခြစ်သံ ရှဲခနဲ ကြားလိုက်ရပြီး မှန်အိမ်မှ မီးရောင် က တစ်ခန်းလုံးကို လင်းထိန်သွားစေသည်။
မှန်အိမ်ကို မီးညှိုလိုက်သူက အဘွားကြီးအန်။ သူမက ခုတင်ပေါ်တွင် ထိုင်၏။ ပြီးမျက်နှာက သုန်မှုန် တင်းမာနေသည်။
"အန် ... ကျွန်မ ရှင်းပြပါ့မယ်၊ ဖေဖေ့ကို မပြောလိုက်ပါနဲ့နော်"
ထိုအချိန် တွင်ပင် ပြတင်းပေါက်နားက ကုလားထိုင်ကို တစ်ဘက်သို့ ဆွဲလှည့်လိုက်သံ ပေါ်ထွက်လာသည်။ အသံလာ ရာဆီသို့ စင်တိန် ချာခနဲ လှည့်ကြည့်လိုက်သည်။ ကုလားထိုင်ပေါ်တွင် ထိုင်ပြီး မိမိအား စိမ်းစိမ်းကြီး စိုက်ကြည့်နေ သော ဖခင်ကို တွေ့ရသည်။ ဖခင်၏ ယခုကဲ့သို့ တင်းမာသော မျက်နှာထား မျိုးကို စင်တိန် တစ်ခါမျှ မတွေ့ဖူးပေ။
"ကလေးရယ် ... ညဘက်ကြီး အပြင်ထွက်ပြီး စစ်သားနဲ့ချိန်းတွေ့တယ်ပေါ့လေ" အဘွားကြီးက စပြော လာသည်။
"စစ်သား မဟုတ်ပါဘူး၊ လေသူရဲပါ" စင်တိန်က စောဒက တက်လိုက်သည်။
"စင်တိန် ... မြို့စားကြီးသမီးက သာမန် မိန်းကလေးတွေလို ရည်းစားနဲ့ချိန်းတွေ့တယ် ဟုတ်လား" အဘိုးကြီး က ပြောလာသည်။
"ဖေဖေ ကျွန်မက မိုက်ကယ်နဲ့ လက်ထပ်မယ့်သူပါ၊ ကျွန်မတို့ဟာ လက်ထပ်ပြီး ဇနီးမောင်နှံလို တစ်ယောက် အပေါ်မှာ တစ်ယောက် ကောင်းကြပါတယ်"
"စနေနေ့ည မရောက်မချင်း မင်းဟာ သူ့ဇနီး မဖြစ်သေးဘူး၊ ဒီတော့ စနေနေ့ည မရောက်မချင်း မင်း ဒီအခန်း ထဲက မထွက်ရဘူး၊ လက်ထပ်ပွဲမစခင် တစ်နာရီအလိုအထိ မင်း ဒီအခန်းထဲမှာပဲ နေရမယ်"
"ဖေဖေ ကျွန်မ တောင်ပူစာလေးပေါ်သွားပြီး နှုတ်ဆက် ..."
"အန် ရော့ သော့ယူထား၊ စင်တိန် အိမ်ထဲက အပြင် လုံးဝ မထွက်အောင် စောင့်ကြပ်ဖို့ မင်းတာဝန်ပဲ"
စင်တိန် အဖို့ အိမ်ထဲ၌ အကျယ်ချုပ်မိလေပြီ။

(၉)
မိုက်ကယ် ရောက်သွားသောအခါ အခြားလေယာဉ်မှူးအားလုံး တိုက်ကင်းစထွက်ရန် အဆင်သင့် ဖြစ်နေကြပြီ။ မိုက်ကယ် နောက်ကျနေသဖြင့် ကိုယ်ကင်းမထွက်မီ တပ်မှူးနောက်ဆုံး မှာကြားချက်ကိုပင် နားထောင် ရန် မမီလိုက် တော့ပေ။
နောက်ဆုံး ရောက်လာသော မိုက်ကယ် ကို တပ်မှူးအင်ဒရှူးက ခေါင်းညိတ်ပြပြီး နှုတ်ဆက်လိုက်သည်။
"နောက်ငါးမိနစ်ကြာယင် စထွက်မယ်၊ အင်း ဒီနေ့ကတော့ သေဖို့ အတော်ကောင်းတဲ့နေ့မျိုးပဲ" အင်ဒရူးက နေ့စဉ် ပြောနေကျအတိုင်း ရာသီဥတုကောင်းနိုင်ပုံကို ရည်ညွှန်းပြောလိုက်သည်။
"ကျွန်တော် စနေနေ့ကျယင် လက်ထပ်မလို့" မိုက်ကယ်က ပြောလိုက်သည်။
"ဟိုကျေးလက်စံအိမ်က ပြင်သစ်မလေးလား" အင်ဒရူးက မေးသည်။
မိုက်ကယ် က ဟုတ်မှန်ကြောင်း ခေါင်းညိတ်ပြရင်း နာမည်ကို ပြောလိုက်သည်။
"စင်တိန် ... စင်တိန် ဒီသိရီလေ"
"ဒါကြောင့် ခင်ဗျား နောက်ကျတာပေါ့ ဟုတ်လား၊ ကဲ ... ခင်ဗျားတို့အတွက် ကံကောင်းပါတယ်စေလို့ ကျွန်တော် ဆုတောင်းပါတယ်"
ထို့နောက် အင်ဒရူးနှင့် မိုက်ကယ်တို့နှစ်ယောက် ယှဉ်ပြီး၊ သူတို့ လေယာဉ်အစိမ်းနှင့်အ၀ါဆီသို့ လျှောက်သွား ကြ သည်။
လေသူရဲများအားလုံး မိမိလေယာဉ်ပေါ်သို့ အသီးသီး ရောက်ရှိပြီး စက်နှိုးကြသည်။ ယနေ့ သူတို့စခန်းမှ လေယာဉ်မှူး အားလုံး အုပ်စုသုံးစုခွဲပြီး တိုက်ကင်းထွက်ကြမည်။ ပထမအုပ်စုကို အင်ဒရူးက ဦးဆောင်မည်။ ဒုတိယအုပ်စုတွင် သူနှင့်အတူ နောက်ထပ်လေယာဉ်ငါးစင်းပါမည်ဖြစ်ရာ လေယာဉ်မှူးနှစ်ဦးမှာ လူသစ် ဖြစ်နေသည်။ သူတို့အတွက် ကာကွယ် စောင့်ကြပ်ပေးရမည်။ တတိယအုပ်စုကို ဟန့်ဂျွန်ဆင်က ဦးဆောင် မည်။
လေယာဉ်အုပ်စုသုံးစုသည် တစ်စုပြီးတစ်စု ကောင်းကင်သို့ တက်သွားကြသည်။ မိုက်ကယ်သည် ကောင်းကင်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အုပ်စုမှ လေယာဉ်များကို သူ့နော်ကမှနေပြီး ဗွီပုံသဏ္ဍာန် ဖြင့် လိုက်ပါရန် အချက်ပြ လိုက်သည်။
မိုက်ကယ့်လေယာဉ်သည် စံအိမ်ပေါ်မှ ကျော်ပြီး တောင်ပူစာလေးပေါ်သို့ ရောက်လာသည်။ အောက်ဘက်သို့ ငုံ့ကြည့် လိုက်ရာ မြင်နေကျမြင်းဖြူကြီးနာဂီကိုလည်း မမြင်ရ၊ စင်တိန်ကိုလည်း မတွေ့ရ။ မိုက်ကယ် မျက်နှာမှ အပြုံးရိပ်များ ပျောက်သွားသည် မိုက်ကယ်ရှေ့မှ သွားသော အင်ဒရူးကလည်း အလားတူ ကြည့်သွားသည်။
တောင်ပူစာပေါ်မှ အတန်ငယ်ကျော်လာသည်အထိ မိုက်ကယ်စိတ်က စင်တိန်ဆီသို့သာ ရောက်နေသည်။ သူမ ဘာဖြစ်လို့ ရောက်မလာပါလိမ့်။ တစ်ခုခုများ ဖြစ်နေရော့သလား ...။
"ဒီကောင်မလေးဟာ တို့အတွက် ကံကောင်းတဲ့နိမိတ်၊ ဒါကိုလဲ သူအသိသားပဲ၊ ဒီနေ့ ဘာကြောင့် သူ မလာပါလိမ့်၊ အို .. ငါ ဒါတွေတွေးနေလို့ မဖြစ်သေးပါဘူး၊ ဒီကောင်းကင်ပြင်ကျယ်ကြီးမှာ ရန်သူ့ အရိပ်အယောင် ကို စောင့်ကြည့်ဖို့က အရေးကြီးတယ်"
မိုက်ကယ် စိတ်ထဲက ပြောနေမိသည်။
နံနက်ခင်းရောင်ခြည်ဦးက ပိုလင်းလာသည်။ လေက အေးစိမ့်နေသည်။ အောက်ဘက်တွင် ပြင်သစ်ပြည် မြောက်ပိုင်း ၏ မြို့များ၊ ရွာများ၊ လယ်ကွက်များကို တွေ့ရသည်။ အနောက်ဘက် ဆွိမြစ်ဘက်တွင်မူ စစ်ပွဲ လက္ခဏာက တုတ်ကျင်း များကို တွေ့ရသည်။ မိုက်ကယ်စိတ်များက ထွေပြားပြီး စင်တိန်ဆီ ရောက် သွားပြန်သည်။ စိတ်ကို မနည်းထိန်းချုပ်ပြီး တည်ငြိမ်အောင် ကြိုးစားရပြန်သည်။
ရှေ့ဆုံးမှ အင်ဒရူးက အချက်ပေးလိုက်သည်။ မိုက်ကယ်သည် စိတ်တည်ငြိမ်အောင် ကြိုးစားပြီး ရှာဖွေရာ သူတို့ နေရာ၏ အနောက်တောင်ဘက် လေးမိုင်ခန့်အကွာ၊ ပေ၂၀၀၀အမြင့်တွင် လေယာဉ်သုံးစင်းကို မြင်ရသည်။ လင့်စ်မြို့ အရှေ့ဘက်ရှိ ဂျာမန်တို့ သိမ်းပိုက်ထားသော သစ်တောအစပ်တွင် ကတုတ် ကျင်းတူးပြီး အမြောက်ကြီး ခြောက်လက်ထပ်မံ ဆင်ထားသည်ကို တွေ့ရသည်။
သူတို့ကင် လှည့်ရမည့်နေရာ၏ အနောက်ဘက်အစပ်သို့ ရောက်သွားပြီးနောက် အရှေ့ဘက်သို့ လေယာဉ်များကို ဦးတည်လိုက်သည်။ နေဘက်သို့ မျက်နှာမူလျက်သား ဖြစ်သွားသည်။ သူ့ အရှေ့ ဘယ် ဘက် နား တွင်မူ တိမ်ညို တိမ်မည်းတစ်ခုကို တွေ့ရသည်။
"စင်တိန်ဘာကြောင့် တောင်ပူစာပေါ် ရောက်မလာပါလိမ့်မ၊ ဖျားနေလို့လား၊ ညက မိုးရွာတော့ အအေးမိပြီး အဆုတ် ရောင်လို့များလား၊ အဆုတ်အအေးမိယင် သေနိုင်တယ်"
မိုက်ကယ်သည် တစ်ယောက်တည်းတွေးနေရင်း စင်တိန့်ထံ စိတ်ရောက်သွားပြန်သည်။ ထိုအချိန်တွင် အင်ဒရူး ၏ အချက်ပေးပစ်ခတ်လိုက်သော ကျည်ဆန်များက သူ့လေယာဉ်ရှေ့မှ ဖြတ်ပြေးသွားသဖြင့် သတိ ပြန်ဝင်လာသည်။ မိုက်ကယ်စိတ်ကူးယဉ်နေချိန်တွင် အင်ဒရူးက ရန်သူကို မြင်လိုက်ရပြီဖြစ်ကြောင်း အချက်ပေး လိုက်ခြင်းပင် ဖြစ်သည်။
မိုက်ကယ် ပျာပျာသလဲ ရှာလိုက်ရာ သူတို့၏ ဘယ်ဘက်နှင့် အောက်ဘက်တွင် ရန်သူ ဂျာမန်လေယာဉ်များကို တွေ့ ရသည်။ အသေးစား လေယာဉ်လေးများပင် ဖြစ်ရာ အင်ဒရူးက ထိုလေယာဉ် များကို တိုက်ရန် ဦးတည်သွားသည်။ မိုက်ကယ်အား အကာအကွယ်ပေးရန် အချက်ပြသွားသည်။
ထိုအချိန်တွင် နေဘက်မှ လည်းကောင်း၊ တိမ်တိုက်ထဲမှ လည်းကောင်း ဂျာမန်လေယာဉ်များ တစ်အုပ်ကြီး ထွက်လာ သည်။ အယ်လ်ဘာတော့စ် အမျိုးအစား လေယာဉ်ကြီးများ ဖြစ်ပြီး၊ အစင်း၆၀ခန့် ရှိကာ အင်ဒရူး၏ လေယာဉ်အုပ်စုကို ကြားဖြတ်ဝင်တိုက်ရန် ဦးတည်လာနေကြောင်း မိုက်ကယ် တွေ့ရသည်။
မိုက်ကယ် ချက်ချင်း တွက်ချက်လိုက်သည်။ အင်ဒရးကို အချိန်မီကယ်ဖို့ သူတို့ လေးငါးစက္ကန့် နောက်ကျ နေပြီ။
မိုက်ကယ်က သူ့လေယာဉ်အုပ်စုကို အင်ဒရူးဆီသို့ ဦးတည်လိုက်သည်။
အင်ဒရူးရှေ့မှ လေယာဉ်လေးသုံးစင်းက အောက်ဘက်သို့ ထိုးဆင်းပြီး မျှားခေါ်သည်။ ထိုလေယာဉ် နောက်လိုက်သော အင်ဒရူးလေယာဉ်အုပ်စုကို ဂျာမာန်လေယာဉ်များက အပေါ်ဘက်နှင့် နောက်ဘက်မှ ၀င်တိုက်သည်။ တိုက်ပွဲစ စချင်းပင် အင်ဒရူးဘက်မှ လေယာဉ်နှစ်စင်း ထိမှန် မီးလောင်ပြီး ထိုးကျ သွားသည်ကို မိုက်ကယ် မြင်လိုက်ရသည်။ ဦးတည်ရာသို့ ပြန့်ကျဲထွက်သွားသော သူတို့လေယာဉ်များကို ဂျာမန်လေယာဉ်များက အစုလိုက် အပြုံလိုက် လိုက်တိုက်ကြသည်။
တိုက်ပွဲက ပြင်းထန်လွန်းလှသည်။ အင်ဒရူးလေယာဉ် တစ်စင်းသာ အတင်း ပြန်လည်တိုက်ခိုက်ပြီး လွတ်အောင် ဖောက်ထွက်လာနိုင်သည်။ မိုက်ကယ်အုပ်စုက အင်ဒရူးအား ကယ်တင်ရန် ဥိးတည် လိုက်စဉ်မှာပင် မန်လေယာဉ်များ က သူတို့အုပ်စုနှစ်ခုဆီသို့ ဦးတည်လာပြီး တိုက်သည်။ ဂျာမာန်တို့၏ အယ်ဘာတော့စ်လေယာဉ်များပင် ပုံစံများ ပြုပြင် ပြောင်းလဲထားပြီး ပိုကောင်းနေသည်ကို မိုက်ကယ် တွေ့ရသဖြင့် အံ့အားသင့်သွားသည်။
မိုက်ကယ့်အုပ်စုမှ လေသူရဲ တစ်ယောက်၏ လေယာဉ်ကို ဂျာမန်လေယာဉ်တစ်စင်းကင် တိုက်ရာ မိုက်ကယ် က ကြားမှ ၀င်ရောက် ဟန့်တားပြီး ကယ်လိုက်သည်။ လူသစ်က ကျေးဇူးတင်ကြောင်း မိုက်ကယ် အား လက်ပြသွားသည်။
မိုက်ကယ် အခြေအနေကို ရိပ်စားမိသွားသည်။ မိမိတို့ခံကျော ဖြစ်နေပြီ။ ဂျာမန်တို့၏ အင်အားကို မိမိတို့ မည်သို့မျှ အံမတုနိုင်၊ ထို့ကြောင့် မိမိတို့အုပ်စုမှ လေယာဉ်များအား စခန်းသို့ ဖြစ်သည့်နည်းဖြင့် အမြန်ဆုံး လှည့်ပြန်ရန် အချက်ပြ လိုက်သည်။ မိမိတို့ လေယာဉ်တစ်စင်းလျှင် ရန်သူ့လေယာဉ်က ခြောက်စင်းခုနစ်စင်းနှုန်း ရှိနေသည်။ ပြီးတော့ ရန်သူ့ လေယာဉ်များ၏ ပျံသန်းပုံ၊ ကွေ့ပတ်ရှောင်တိမ်းပုံ၊ ရဲဝံ့ပုံတို့ကို ကြည့်ခြင်းဖြင့် ၀ါရင့် လေသူရဲများ ဖြစ်မှန်း သိသာလှ သည်။ ဤတိုက်ပွဲကို လူသစ်များနှင့် ဆက်နွှဲနေလျှင် မိုက်ရူးရဲရာကျမည်။ ထို့ကြောင့် မီးကျည်အစိမ်းရောင်ကို ပစ်ဖောက်ပြီး နောက်ကြောင်း ပြန်လှည့်ရန် အမိန့်ပေးလိုက်သည်။ ဖြစ်သည့်နည်းဖြင့် အမြန်ဆုံး စခန်းပြန်တော့ဟု အမိန့်ပေးလိုက်သည်။
ထို့နောက် မိုက်ကယ်က အင်ဒရူးလေယာဉ်ကို လိုက်ရှာသည်။ သူ၏အရှေ့တည့်တည့် လသာဘက် မီတာတစ်ထောင် ခန့်အကွာ၌ တွေ့ရသည်။ ပင်မတိုက်ကြီး၏ အပြင်ဘက်ရောက်နေသည်။ သို့သော် ရန်သူဂျာမန်လေယာဉ်သုံးစင်းကို တစ်စင်းတည်း ခုခံနေရသည်။ ရန်သူလေယာဉ်များကြားမှ လွတ်အောင် ရှောင်ထွက်ပြီး စခန်းသို့ ပြန်ရန် ဦတည် ပျံသန်းလိုက်သည်။
မိုက်ကယ်သည် အင်ဒရူးလေယာဉ်၏ အပေါ်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ အခြေအနေကို ရိပ်စားမိသွားသည်။ ပထမအဆင့်ထိုးစစ်တွင် ရန်သူလေယာဉ်အားလုံး ဆင်းသက်လာခြင်း မဟုတ်။ အပေါ်ဘက် တိမ်တိုက်အောက်၌ ဂျာမန်လေယာဉ်ခြောက်စင်း ကျန်ရှိနေသေးသည်ကို တွေ့ရသည်။ ဦးဆောင်လေယာဉ်မှာ ကျည်ဆန်ထိမှန်ရာပင် မရှိ သော အနီရောင် လေယာဉ် ဖြစ်သည်။ ထိုလေယာဉ် အုပ်စုမှာ ဂျာမန် ထောင်ခြောက်၏ ဒုတိယကျားပါးစပ်ဖြစ်မှန်း မိုက်ကယ် သဘောပေါက်လာသည်။
ထိုလေယာဉ်မှူးသည် မဟာမိတ်လေသူရဲ သုံးဆယ်ကျော်ကို သေစေခဲ့သော နာမည်ကြီး ဂျာမန်လေသူရဲ့ ဘာရွန်မင် ဖရက် ပွန်ရစ်ဆိုဖင်ဖြစ်မှန်း မိုက်ကယ် သိလိုက်သည်။ ထိုသူသည် တန်းတူ ရည်တူလူများကို မတိုက်ဘဲ လူသစ်များ၊ အကာအကွယ်မဲ့နေသူများကို တိုက်ကာ စံချိန်တင်နေသူ ဖြစ်သည်။ ထို့ကြောင့် တချို့က သူ့ကို သူရဲဘောကြောင်သူ ဟု ခေါ်ကြသည်။
ထိုစကားမှန်နိုင်သည်။ ယခုလည်း သူတို့ ထိုနည်းအတိုင်း ကျင့်သုံးနေပြီ။ တိုက်ပွဲ၏ အပေါ်ဘက်မှ ၀ဲပျံ စောင့်ကြည့်နေ ပြီး အောက်ဘက်တွင် အဖော်ကွဲကာ တစ်စင်းတည်း သီးခြားရှိနေပြီး မိုက်ကယ်နှင့် မီတာ ၁၀၀၀ ခန့် ဝေးသေးသော အင်ဒရူးလေယာဉ်ဆီသို့ ဦးစိုက်ဆင်းလာသည်။ အင်ဒရူးကတော့ ထိုအန္တရာယ် ကို မသိရှာသေးပေ။ သူ့နောက်မှ လက်ရွေးစင် ဂျာမန်ဝါရင့်လေသူရဲငါးဦး၏ လေယာဉ်များ လိုက်ပါ လာသည်။
ဆက်ရန်
.
2 comments:
ရင်တထိတ်ထိတ်ပါလား အစ်မရေ
မိုက်ကယ်နဲ့ အင်ဒရူးတို့ ကံကောင်းပါစေ
မိုက်ကယ်ရဲ့ မင်္ဂလာပွဲလည်း ဖြစ်အောင် ကျင်းပခွင့်ရစေချင်ပါတယ်။
အဟင့် အဟင့်... မိုက်ကယ် သွားတော့မယ် ဆိုတာ သိနေတယ်။ :(
Post a Comment