သို့သော်လည်း မည်သို့ပင်လျှင် နဖူးစာပါပဲ...ဟု ဆိုရစေကား တနင်္သာရီတိုင်း၏ မျက်နှာဖုံး ထိပ်သီး သူဌေးကြီး ၏ သမီးချောကလေးသည် ဘာမဟုတ်သော သဘင်သည် အနုတ်စုတ် ဂုတ်စုတ် နှင့် ခိုးရာ လိုက်ပြေးသည်ဆိုသော ကိစ္စမှာ တော်ရုံတန်ရုံဖြင့် ကြားရသူပင်လျှင် ကိုယ့်နားကိုယ် ယုံနိုင်မည် မဟုတ်၊ မိဘမောင်ဖားအားလုံးတို့၏ မျက်နှာကို အကြီးအကျယ် အိုးမဲသုတ်လိုက်သော ကိစ္စကြီး ဖြစ်နေပေရာ ငါ့သမီးတော်လှဟု ချီးမွှမ်းနေဆဲ ယောက်မကိုမြင်းစီး၍ ထွက်သည့်နှယ် ရှက်ဖွယ်ကြီး လိလိ ကြုံရသော ကျွန်ုပ်၏ အဘိုးဦးနကီတွင် မည်မျှစိတ်ကိုထိခိုက်သွားသည်ဟူမူ ကား အသက်သွေးခဲ ပမာ အချိန်မလင့်စောင့်ကြပ်ထိန်းသိမ်း၍ ကြိုးပမ်းနေသော လုပ်ငန်းခွင်တာ ဝန်ကြီးများကိုပင် မျက်နှာလွဲ ခဲပစ် သားလတ်ဦးဒေါန နှင့် ထားပစ်ခဲ့ပြီးနောက် သုံးလကြာမျှ အထက်မြန်မာပြည်သို့ ဘုရားဖူးတက်၍ သွားသည်ကို ထောက်ဆကြည့်လျှင် သိကြပေလိမ့်မည်။
မစောလှ၏ အစ်ကိုကြီးဖြစ်သူ ဦးပဉ္ဇင်း ဦးသြဘာပင်လျှင် လောကီ နှင့် မဆိုင်သော ရဟန်းဘဝ၌ပင် ရှိနေလျက်နှင့် နှမအတွက် ရှက်လှသောကြောင့် တနင်္သာရီမှ မန္တလေးသို့ စာသင်မည်ဟု အကြောင်းပြကာ ဖခင်ကြီး အထက်မြန်မာပြည်သို့ အတက်တွင် အတူလိုက်ပါ၍ အပြီးအပိုင် ပြောင်းရွှေ့ ထွက်ခွာ သွားသည်အထိလည်း ဖြစ်ခဲ့၏။
အင်္ဂလိပ် သက္ကရာဇ် ၁၉၀၉ ခုနှစ်၌ ခိုးရာလိုက်ခဲ့သော ကျွန်ုပ်၏မိခင် ဒေါ်စောလှသည် ၁၉၁၀ ခုနှစ်ထဲသို့ ရောက်သောအခါ၌ ကျွန်ုပ်အား ဖွားမြင်ခဲ့လေသည်။ ဤအချိန်အထိ ကျွန်ုပ်၏ မိခင်မှာ ဇာတိရပ်ခွင်သို့ ပြန်၍ မဝင်ဝံ့သေး။ ကျွန်ုပ်၏ အဘိုး နှင့် ဦးလေးများတွင် မည်မျှ ရှက်နာကြီးကျ၍ နေသည်ဆိုလျှင် အိမ်၌ (မစောလှ) ဟူသော အမည်ကိုပင် မည်သူမျှ မပြောကြ။ ကျွန်ုပ်၏မိခင် ခိုးရာအလိုက်၌ ကျန်ရစ်ခဲ့သော အဝတ်အစား ပစ္စည်းအသုံးအဆောင် မှန်သမျှတို့ကိုလည်း သင်္ချိုင်းတွင်သွား၍ မီးပုံရှို့ပစ်ကာ ကျွန်ုပ်၏ အဘိုး က သမီးမစောလှသေလေပြီဟု ကြေညာ၏။
ထို့ကြောင့် ခိုးရာလိုက်ပြီးနောက် တစ်နှစ်ကျော် နှစ်နှစ်နီးပါးကြာခဲ့သည့်တိုင်အောင် ကျွန်ုပ်၏မိခင်မှာ မိဘရပ်ထံ သို့ ပြန်ဝံ့ဖို့ဝေးစွ၊ နေအိမ်ဟူ၍ပင် အတည်တကျမရှိ၊ သဘင်သည် ဖြစ်သူ ခင်ပွန်း ဇာတ်က,ရာတွင်သာ တကောက်ကောက်လိုက်နေရရှာသည်။
ကျွန်ုပ်အားဖွားမြင်လာ၍ သားယောက်ျားကလေးရသောအခါ၌ ကျွန်ုပ်၏မိခင်သည် များစွာ အားတက် သရော ဖြစ်လာရှာ၏။ အဘယ်ကြောင့်ဆိုသော် အဘိုးဦးနကီသည် သားယောက်ျားလေး များကို အလွန်မြတ်နိုးသော စိတ်ရှိသည်ကို ကျွန်ုပ်၏မိခင်အသိဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်အားဖွားမြင်၍ ယောက်ျား ကလေးမှန်းသိသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏မိခင်သည် "သူ့အဘိုးအေးကြီးများသိရင် ဘယ်လောက်များ ဝမ်းသာ လိုက်မလဲနော်" ဟု မီးကပ်ပေါ်မှ ဆိုမိရှာလေသည်။ သားယောက်ျာလေးကိုမြတ်နိုးသော ကျွန်ုပ်၏ အဘိုးသည် ယခုကဲ့သို့ မြေးဦး ယောက်ျားလေးရသောအခါ စိတ်ပြေလိမ့်မည်ဟု ကျွန်ုပ်၏မိခင်ထင်မှန်းကာ အားတက်မိရှာခြင်း ဖြစ်ပေသည်။ ဖခင်ကြီး အမျက်ပြေကာ မိဘရပ်ထံပြန်၍ ကပ်ခွင့်ရပါက အစစအရာရာ ချောမော ပြေပြစ်နိုင်မည်ဖြစ်သောကြောင့် ကျွန်ုပ်အတွက် အားတက်ရှာသော မိခင်သည် ကျွန်ုပ်အား "မောင်ကံကောင်း"ဟု တနင်္လာသားပီပီ ကင်ပွန်းတပ်ခဲ့၏။
ထို့နောက်တွင် ကျွန်ုပ်၏မိခင်သည် ကျွန်ုပ်အား ဖွားမြင်ကြောင်းကို လူကြုံဖြင့် ဖခင်ဦးနကီထံသို့ သတင်းပို့ ခဲ့၏။ သို့သော် သတင်းကို လက်ခံပုံမှာ အခြေမလှခဲ့ပေ၊ အဘယ်ကြောင့်ဆိုသော် မြေးဦးကလေးရကြောင်း သတင်းပို့သူ လူကြုံဧည့်သည်ကိုပင် ဦးနကီက ရိုက်မောင်းပုတ်မောင်း လုပ်မတတ် ဒေါသဖြင့် အော်ငေါက် နှင်ပစ်သည်ဟူသော သတင်းစကားကို ပြန်၍ကြားရသည်။ ထို့ကြောင့် ကျွန်ုပ် နှစ်နှစ်သား အရွယ်သို့ ရောက်သည် အထိ ကျွန်ုပ်၏မိခင်သည် မိဘရပ်ထံသို့ ပြန်ခွင့်မပေါ်ဘဲပင် ရှိနေသေးသည်။
တစ်နှစ်သားအရွယ် အခါလည်ကျော်ကျော်မှစ၍ ကျွန်ုပ်လူမှန်းသိတတ်သည်က နှစ်နှစ်သား ဖြစ်လာသည့် ကာလ အတွင်း၌ ဖြစ်ပျက်သမျှတို့ကို ကျွန်ုပ်ခပ်ရေးရေးသာ မှတ်မိပေတော့သည်။ ထိုအခါက ကျွန်ုပ်သည် ဖခင်ဖြစ်သူ ဇာတ်ကရာသို့ မိခင်နှင့်အတူ တကောက်ကောက်လိုက်ပါနေခဲ့ ရ၏။ ဇာတ်သေတ္တာများပေါ်၌ တက်၍ကစား၏။ ကာလိပ်ကြီးများကြား၌ တူတူပုန်း၏။ ပတ်မ၊ ခြောက်လုံး၊ ဗုံ၊ ကြေးဝိုင်း၊ ဆိုင်းဝိုင်းများ အကြား သို့ဝင်၍ တီးခေါက်၏။ ညနေပိုင်း၌ ပွဲရုံအတွင်း ဖျာများ ခင်းပြီးသောအခါ ထိုကျယ်ပြန့်သော ဖျာခင်း များပေါ်၌ ပြောလွှားကစားရသည်။ ဆိုင်သံတညံညံဆူနေသော ဇာတ်စင်နောက်၌ ထမင်းစား ရသည်။
ညပိုင်းသို့ရောက်သောအခါ ပုဏ္ဏားကွယ်တိုင်ဖုံးကား၏ နောက်ကွယ်မှနေ၍ ကျွန်ုပ်၏ ဖခင် သဘင်သည် ကပုံ ပြပုံများကို ချောင်းကြည့်ကာ ညတစ်ချက်တီး နှစ်ချက်တီးလောက်မှ စောင်ပုခက်နှင့် အိပ်ရသည်။ လေဆောင်သော လေပွေသည့် ပမာ ဇာတ်ရွှေ့ရာသို့ပါ၍ အိမ်ဆိုသည်မှာ ဘာမှန်းမျှ မသိသလောက် ရှိခဲ့လေသည်။ ရွာလယ်ရှင် မင်းကလေး၏ဘဝဖြင့် ဤသို့နေရရင်းက ကြီးလျှင် ဇာတ်မင်းသား လုပ်မည်ဟုလည်း ကလေးစိတ်ဖြင် ဖခင်ဖြစ်သူကို အားကျမိလေသည်။ မိခင်နှင့် ဖခင်တို့သည် ပိုက်ဆံနှင့် ပတ်သက် ၍ မကြာခဏ စကားများကြသည်ကိုလည်း တွေ့ရရှုသည်။ အဘယ်ပုံစ၍ အဘယ်ပုံ အဆုံးသတ် သည်ကိုကား မမှတ်မိပေး။ ဤကာလအတွင်းက အတိတ်ကားချပ်တို့သည် အချိန်ဝေးပြီဖြစ်သောကြောင့် ရေးရေး သာလျှင် ထင်လေတော့သည်။
သို့သော် ကျွန်ုပ်၏ ကလေးစိတ်တွင် နှလုံးသားကို သံပူကပ်၍ တံဆိပ်နှိပ်လိုက်ဘိသကဲ့သို့ သေသည်အထိ ပျောက်နိုင်မည်မဟုတ်သော အဖြစ်အပျက်ကြီး သုံးရပ်တို့ကို မူကား ကျွန်ုပ်သည် စိတ်ထဲ၌ သံမှိုဖြင့် စွဲနှက် ထားသကဲ့သို့ တွေးလိုက်တိုင်း ကွက်ကွက်ကွင်းကွင်း ထင်းထင်းကြီး အမြဲ မှတ်မိနေ၏။ ထိုအဖြစ်အပျက်ကြီး သုံးရပ်တို့သည်ပင်လျှင် ကျွန်ုပ်၏ ထူးဆန်းလှသော ကံကြမ္မာကို ဖန်တီးရန် အုတ်မြစ်ချပေးခဲ့သည်ဟု ဆိုနိုင်ပေသည်။ ထိုအဖြစ်အပျက် သုံးရပ်တို့က ကျွန်ုပ်စိတ်ကို မည်မျှပြုပြင် ဖန်တီးပစ်လိုက်သည်ကို ကျွန်ုပ်၏ အဖြစ်စဉ် မှတ်တမ်းကို ဖတ်ပြီးသောအခါမှသာ ပိုင်ပိုင်နိုင်နိုင် သိနိုင်ကြပေလိမ့်မည်။
ကလေးအရွယ် နုနယ်သော စိတ်သည် အလွန်သန့်ရှင်းကြည်လင်ဖြူစင်၏။ ထို့ကြောင့် သာမန်ထက်ပို၍ ထူးကဲသော အဖြစ်အပျက်သည်လည်းကောင်း၊ ဝမ်းသာဖွယ် အဖြစ်အပျက် သို့မဟုတ် ကြေကွဲဖွယ် အဖြစ်အပျက် တို့သည်လည်းကောင်း၊ ကလေး၏စိတ်၌ သည်းပွတ်ကို မင်ကြောင်ထိုးထားသည့်ပမာ စွဲမြဲ စေတတ်ပေသည်။ ထို့သို့ ခိုင်ခိုင်ကြီး စွဲမြဲသော အစွဲသည် နောက်ကြီးပြင်းလာသောအခါတိုင်အောင် လောကကို ဆင်ခြင်ရာ၌လည်းကောင်း၊ နေ့စဉ်အတွေ့ အကြုံများ၌လည်းကောင်း၊ သာမန်အမြင်ဖြင့် မမြင်တတ်စေဘဲ ထိုရှိရင်းစွဲဖြစ်သော အစွဲစိတ်၏ မှန်ပြောင်းထဲမှ ဖြတ်သန်း၍ မြင်ရသလိုသာ မြင်စေ တတ် ပေသည်။ ငယ်စဉ်က စိတ်မူမမှန်ဘဲ ကြီးပြင်းလာခဲ့ရသူ မှန်သမျှတို့သည် စိတ်၌စွဲမြဲနေသော အစွဲကြောင့် ကြီးပြင်းလာသောအခါတွင် မည့်သည့် ကိစ္စမဆို မူမှန်အတိုင်း မြင်လေ့မရှိ။
အစွဲ၏ပယောဂ အမှောင့်ဖြင့် မူမမှန်သော အမြင်ကိုသာ မြင်တတ်၏။ ထို့ကြောင့် အတွေးအခေါ် အယူအဆ တို့မျာလည်း သာမန်လူတို့၏ အတွေးအခေါ် အယူအဆနှင့်မတူ။ အကြံအစည် အလုပ်အကိုင် တို့မှာလည်း သာမန်အကြံအစည် အလုပ်အကိုင်မျိုးမဖြစ်။ ဝါးပင်ပျိုကို ငယ်စဉ်က ကောက်နိုင် ဖြောင့်နိုင် ဘိသကဲ့ သို့ ကလေးငယ်၏ စိတ်သည်လည်း ငယ်စဉ်က ကောက်လျှင် ကြီးသောအခါ ဖြေင့်၍မရအောင် ကောက်တတ်သည်။ ဖြောင့်၍မရအောင် ပုံပျက်လျက်နေသော စိတ်သည် ကြီးပြင်းလာသောအခါတွငက် ပြန်၍ ဖြောင့်နိုင်ရန် ခဲယဉ်းလှပေ၏။ နုနယ်သိမ်မွေ့သော ကျွန်ုပ်၏ ကလေးစိတ်ကို ယခုရေးသားဖော်ပြမည့် အဖြစ်အပျက်ကြီး သုံးရပ်တို့က ဖြောင့်၍ မရနိုင်လောက်အောင် ထုနှက်ကောက်ကွေးစေခဲ့၏။ ထို့ကြောင့်လည်း ယင်းသို့ အဖြစ်အပျက်ကြီးသုံးရပ်တို့ကို လောလောဆယ်၌ ဖြစ်ပွားနေသည့် ပမာ အမြဲစိတ် မှာ မှတ်မိနေပေသည်။
မှတ်မိသေးသည်။ ပထမ အဖြစ်အပျက်ကြီးကို ကြုံရစဉ်က ကျွန်ုပ် အသက်သုံးနှစ်အရွယ်ခန့် ရှိပေပြီ၊ သုံးနျစ်သားအရွယ် ကလေးတို့၏ သဘာဝအတိုင်း ကျွန်ုပ်မှာ မြင်မြင်ကရာကို အထူးအဆန်းမှတ်ထင်လျက် မိဘများအား မေးခွန်းများ အဆက်မပြတ်မေးသော အရွယ်ဖြစ်ပေရာ တစ်ညတွင် စကြာရေချဇာတ်ကို ပြသည်နှင့် ကြုံ၏။ ကျွန်ုပ်လည်း ကျွန်ုပ် ဖခင်က စကြာမင်းကလေးသဏ္ဍာန် က ပြ၍ ဘိုဘိုးအောင်က ရေမှ ကယ်ဆယ်သော အခန်းကို ပဏ္ဏား ကွယ်တိုင်ဖုံးနောက်မှ ခါတိုင်းကဲ့သို့ ချောင်း၍ ကြည့်နေမိ၏။ ဇာတ်ဟန်အမူအရာအတိုင်း စကြာမင်းကလေးက ဘိုးဘိုးအောင်အား "ဘိုးဘိုး" ဟုခေါ်ပေရာ "ဘိုးဘိုး" ဟူသော စကားလုံးကို ကျွန်ုပ်၏မိခင်က ကျွန်ုပ်အထူးတလည် မှတ်မိသွား၏။ ထို့ကြောင့် ကျွန်ုပ်အား သိပ်သောအခါ၌ "မေမေ့သားမှာ ဘိုးဘိုးမရှိဘူးလားဟင်" ဟု ကလေးစိတ်ဖြင့် အမှတ်မထင် မေးမိ၏။
ဤသို့ မေးလိုက်သောအခါ ကျွန်ုပ်၏ မိခင်သည် ရှေးဖြစ်ဟောင်းများကို တွေးကာ မျက်ရည်ဖြိုင်ဖြိုင် ကျရှာ ပေသည်။ မျက်ရည်ကျရာက ငိုသံဖြင့် " သားမှာ ဘိုးဘိုးရှိပါသော်ကော ကွယ်" ဟု တုန်တုန်ရီရီဖြေရှာ၏။ ထိုအခါ ကျွန်ုပ်က "ဒါဖြင့် ဘိုးဘိုးဘာပြုလို့ သားတို့ဆီကို မလာတာလဲဟင်" ဟု မေးလိုက်ပြန်ပေသည်။ ကျွန်ုပ် ၏ မိခင်သည် ဘာစိတ် ဘာလက်ပေါက် သည်မသိ၊ ကျွန်ုပ်အား ချော့၍ သိပ်ရင်း " သားရဲ့ ဘိုးဘိုး ဟာလေ သိပ်ပြီး ချမ်းသာတာပဲကွယ်၊ သိလားသားရဲ့၊ ရွှေမန်ကျည်းတောင့်တွေဆိုတာ စဥ့်အိုးနဲ့ သုံးလုံး တောင်မှ ပဲ ရှိသကွဲ့။
ငွေဒင်္ဂါးတွေဆိုတာဟာလည်း တင်းတောင်းနဲ့ ခြင်ရသကွဲ့၊ စိန်တွေ၊ ကျောက်တွေဆိုတာကဖြင့် ကွယ် ကွမ်းအစ်ဖုံးကြီး နဲ့ တစ်လုံးပဲကွဲ့ သားရဲ့" ဟု စသည်ဖြင့် ကျွန်ုပ်အား ပုံကလေးတစ်ပုံပြော သလို ပြောပြ ရှာလေသည်။ ပုံနားထောင်သလို " အင်း" လိုက်၍ နားထောင်သူ ကျွန်ုပ်က " ဒါဖြင့် မေမေရယ် ဘိုးဘိုး တို့ဆီကို ကျွန်တော်တို့ သွားရအောင်နော် မေမေဟုတ်လား ဘိုးဘိုးက ကျွန်တော့်ကို ငွေဒင်္ဂါးတွေ ကစားဖို့ ပေးမှာပဲနော်" ဟု ပြောလိုက်ရာ ကျွန်ုပ်၏ မိခင်သည် မျက်ရည်လည်ရွဲနှင့် ကျွန်ုပ်၏ နဖူးကို နမ်းရှာရင်း " အေးကွယ် ငါ့သားကြီးပြင်းလာတော့ သွားတာပေါ့ သားက အခု ငယ်သေးတယ်။ ကဲကွယ် အိပ်.....အိပ်.။. " ဟု ဆိုကာ ချော့မော့၍ သိပ်ရှာပေသည်။
ထိုနေ့မှစ၍ ကျွန်ုပ်တွင် " ဘိုးဘိုး" ဟူသော စကားတစ်လုံး တိုးလာ၏။ ညအိပ်ရာဝင်တွင် မိခင်အားပုံပြောရန် ပူဆာတိုင်း ရွှေယုန်ရွှေကျား၊ မယ်ထွေးတို့၏ ပုံးများကို နားမထောင်ချင်တော့ဘဲ ဘိုးဘိုးပုံပြင် ကိုသာပူဆာတတ်သော အကျင့် ဖြစ်လာ၏။ ကျွန်ုပ်က ဤသို့ ပူဆာတိုင်း ကျွန်ုပ်၏ မိခင်သည် ဆေးလေးသော အသံဖြင့် သူ၏ ကြေကွဲဖွယ်ရာ အဖြစ်အပျက်ပုံ ကလေးတစ်ပုံပမာ စီကာပတ်ကုံး ဇာတ်လုံး ပေါ်အောင် ပြောပြတတ်ပေသည်။ နောက်ဆုံး၌ ကျွန်ုပ်က " ဘိုးဘိုးဆီကိုသွားရအောင် " ဟု ပူဆာ လျှင် မိခင်ကလည်း " အေးပါကွယ် ငါ့သားကြီး ပြင်းတော့ သွားတာပေါ့ အိပ်ကွယ်အိပ်" ဟု ချော့သိပ်ခြင်း ဖြင့်သာ နိဂုံးချုပ်ရစမြဲ ဖြစ်၏။
တစ်လနှစ်လခန့်ကြာသောအခါတွင် ကျွန်ုပ်၏ အဘိုးဦးနကီ၏ မိတ်ဆွေရင်းချာ အဒေါ်ကြီး တစ်ဦးသည် ကျွန်ုပ်၏ မိခင်အား ပွဲကြည့်လာရင်း ဇာတ်ခုံအနောက်သို့ဝင်၍ တွေ့ဆုံလေသည်။ ထိုအဒေါ်ကြီးမှာ မိခင်၏ အဖြစ်ကို မြင်ရသောအခါတွင် ရင်ထုမနာ ဖြစ်ရှာလျက် သူအပြန်တွင် ကျွန်ုပ်၏ မိခင်ကို အဘိုးတို့မြို့ကို လိုက်ခဲ့ရန် စရိတ်ခံ ခေါ်ရှာသည်။ ထို့အပြင် ကျွန်ုပ်၏ အဘိုးအား မြေးဦးယောက်ျားကလေးဖြစ်သော ကျွန်ုပ်ကို ပြနိုင်စေရန်လည်း စီစဉ်ပေးမည်ဟု ပြောဆိုပေသည်။
ရရစားစား ဇာတ်သမား၏ မယားအဖြစ်ဖြင့်နေရသူ ကျွန်ုပ်မိခင်မှာ ဖခင်ရပ်ထံသို့ ပြန်လိုရာ၌ ဖခင်၏ အမျက်မပြေသေးသည်က တစ်ကြောင်း၊ ပြန်လောက်အောင် စရိတ်စက မရှိသောကြောင့် လည်းကောင်း၊ မပြန်ဖြစ်နိုင်ဘဲ ရှိရလေရာ ထိုကဲ့သို့ ကူညီစောင်မမည့်သူ ပေါ်ပေါက်လာသောအခါ ၌ ကျွန်ုပ်၏ ဖခင်ထံတွင် မိဘရပ်ထံသို့ ခေတ္တပြန်လိုကြောင်း ခွင့်တောင်း၏။ ကျွန်ုပ်၏ဖခင်ကား သဘင်သည်ပီပီ ပေါ့ပေါ့တန်တန်နေသူဖြစ်ရာ ဘာမျှ မထူးခြားသလို ခွင့်ပေးလိုက်လေသည်။
ခရီးစ၍ ထွက်ရသော နေ့၌ကျွန်ုပ်အလွန်ပျော်ခဲ့၏။ "ဘိုးဘိုးဆီကို သွားတော့မယ်။ ဘိုးဘိုးဆီကို သွားတော့မယ်" ဟု သဘယ်သည်၏သားပီပီ သီချင်းကလေးလုပ်၍ပင် ဆိုမိပေသည်။ မကြာမီပင် ကျွန်ုပ်တို့ သားအမိသည် ခေါ်ဆောင်လာသူ အဒေါ်ကြီးနှင့်အတူ ဘိုးဘိုးရှိရာမြို့သို့ ရောက်ခဲ့ကြ၏။ ရောက်၍ အဒေါ်ကြီးအိမ်သို့ တက်မိကြသည်နှင့် တစ်ပြိုက်နက် ကျွန်ုပ်က "ဘိုးဘိုးက ဘယ်မှာလဲ... ဘိုးဘိုးဘယ်မှာလဲ" ဟု ပူပူဆာဆာမေး၏။ အားလုံးကပင် ကြင်နာစွာ ပြုံးကြလေသည်။ ထိုနောက် ကျွန်ုပ့် ၏ မိခင်က " တွေ့ရမှာပေါ့သားရယ်.. မင်းဘိုးဘိုးနဲ့ တွေ့ရတော့မှာပါပဲကွယ်" ဟု နှစ်သိမ့်စကား ပြောရှာ၏၊
နောက်တစ်နေ့သို့ရောက်သောအခါတွင် အဒေါ်ကြီးသည် ကျွန်ုပ်၏ အဘိုးဦးနကီအား နေ့လယ်ပိုင်း၌သွား၍ ဖိတ်ခေါ်ယူခဲ့၏။ အဒေါ်ကြီးအိမ်သို့ ကျွန်ုပ်အဘိုးရောက်လာသောအခါ ကျွန်ုပ်နှင့် ကျွန်ုပ်၏မိခင်တို့မှာ အိမ်တွင်း ၌ နေကြရပေသည်။ ကြိုတင်စီစဉ်ထားသည့်အတိုင်း ကျွန်ုပ်၏ အဘိုးနှင့် အဒေါ်ကြီးတို့ စကားလက်ဆုံကျချိန်လောက်တွင် အဒေါ်ကြီးက "လူကလေးရေ.. လာပါအုံး" ဟု အသံပေးလိုက်၏။ ကျွန်ုပ်မှာလည်း မိခင်၏ ကြိုတင်သွန်သင်ထားချက်အတိုင်း အတွင်းခန်းမှ ဧည့်ခန်းသို့ ထွက်ခဲ့ရပေသည်။ ဧည့်ခန်းထဲသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်၏ အဘိုးသည် ကျွန်ုပ်အားစေ့စေ့စပ်စပ်ကြည့်နေ သည့်အတွက် မြေအဘိုးတို့ လက်ဦးဆုံးအကြိမ် မျက်နှာချင်းဆိုင်မိကြလေတော့သည်။
ကျွန်ုပ်လည်း အဘိုဖြစ်သူကိုကြည်ရင်း အကဲခတ်နေမိ၏။
ကျွန်ုပ်လည်း အဘိုး ဦးနကီကား ရောင်ထုံးထုံး၍ ပန်းရောင်ခေါင်းပေါင်းကို စောင်း၍ ပေါင်းရစ် ထား ပေသည်။ ကိုယ်ဟန်မှာ ပိန်ပိန်ပါးပါး အရပ်ရှည်၏။ အသားလတ်သည်။ နှာခေါင်းလုံး သည်။ ကျွန်ုပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် အဘိုးသည် အဒေါ်ကြီးဘက်သို့ လှည့်ကာ "ဘယ်ကကလေးလဲဗျ၊ အရပ်ထဲမှာ မမြင်ဘူးပါကလား"ဟု မေး၏။ ဤအခါတွင် ကျွန်ုပ်သည် လူကြီးများသင်၍ထားသည့်အတိုင်း "ဘိုးဘိုး"ဟု ခေါ်ရင်း ကျွန်ုပ်အား လှမ်း၍ ပွေ့ယူရင် "တော်တော်ထွားတဲ့ ကလေးပဲနော်.. နှုတ်ကလည်းသွက်ပါဘိသနဲ့ ဘယ်သူ့ ကလေးတုန်း"ဟု ထပ်၍ မေးပြန်လေသည်။ ထိုအခါတွင် အဒေါ်ကြီးက ပြုံး၍ "သေသေချာချာ ကြည့်စမ်းပါအုံး ဦးနကီရဲ့၊ ဘယ်သူ့ကလေးထင်သလဲ"ဟု ပြောလိုက်ရာ ကျွန်ုပ်၏အဘိုးသည် ကျွန်ုပ်အား စေ့စေ့ ကြည့်ပြီးနောက် "ဟင့်အင်း... ကျုပ် ဒီကလေးကို အရပ်ထဲမှာ မမြင်မိပါဘူးဗျာ" ဟု ထပ်၍ ပြော လေသည်။
သို့ပြောလိုက်သည် ၌ အဒေါ်ကြီးက "ဦးနကီ ရုပ်ကို မဖမ်းမိရင်သာရှိမယ်၊ ဒီကလေးဟာ ဦးနကီရဲ့ မြေးဦး ယောက်ျားလေး လေ၊ မစောလှ လည်း ဒီအိမ်မှာ အခုရောက်နေတယ်"ဟု ပြောလိုက်၏။ ချက်ခြင်းပင် ကျွန်ုပ် အား သူ့ပေါင်ပေါ်မှာ တွန်းဖယ်၍ချလိုက်၏။ ချက်ခြင်းပင် ကျွန်ုပ်အား သူ့ပေါင်ပေါ်မှ တွန်းဖယ်၍ ချလိုက်၏။ ချက်ခြင်းပင် ထိုင်ရာမှ ဗြုန်းခနဲထလိုက်၏။ ချက်ခြင်းပင် "ထွီခနဲ"ထွေးခံထဲသို့ တံတွေး ထွေးလိုက်ပြီးနောက် ချက်ခြင်းပင် တုန်ရီသောဒေါသဖြင့် ခြေလှမ်းပြင်တော့၏။
ဤတွင် ကျွန်ုပ်မှာ ကြမ်းပြင်ပေါ်၌ တစောင်းကလေးလဲလျက် ငိုယိုနေမိပေသည်။ ဤအခိုက်တွင်ပင် ကျွန်ုပ်၏ မိခင်သည် အိမ်တွင်းခန်းမှ ပြေးထွက်လာကာ "ရက်စက်လှချည် လားဖေဖေရယ်..၊ ရက်စက် နိုင်ပါပေ့ ဖေဖေရဲ့"ဟု ငိုယိုရင်း အဘိုး၏ ခြေသလုံးကို ကျုံး၍ဖက် ရှာလေတော့သည်။
ကျွန်ုပ်၏အဘိုးကား နတ်ကျသကဲ့သို့ တစ်ကိုယ်လုံးတုန်လျက်နေရင်း "ဖယ်...ဖယ်... ငါ့မထိနဲ့"ဟု ဒေါသကြီးစွာ ပြောရင်း သူ့ခြေထောက်ကို ဆောင့်၍ ရုန်း၏။ သို့သော် ကျွန်ုပ်၏ မိခင်သည် မျက်ရည် တစ်ပေါက်ပေါက်ကျဆင်းရာက အဘိုး၏ ခြေသလုံးကို သိမ်း၍သာ ဖက်ရှာရင်း "ဒါလောက် မရက်စက်ပါနဲ့ ဖေဖေရယ်... ကိုယ့်သွေးအရင်းပါ ဖေဖေရယ်"ဟု ပြောငို ငိုရှာလေသည်။ အဘိုး ၏ ခြေဖမိုးကို နဖူးတင်ကာ ဆံပင်နှင့် ပွတ်ရင်း ရှိုက်ငင်နေရှာသည်။ အဘိုးသည် ခေတ္တမျှ တွေ၍ နေ၏။
ပြီးသောအခါ ကျွန်ုပ်မိခင်၏ ဆံပင်ဆွဲ၍ မျက်နှာကိုမော်စေပြီးလျှင် မိခင်၏မျက်နှာကို စေ့စေ့ကြီးပြီးနောက် တင်းမာသော မျက်နှာထား၊ ခက်ထန်သော အသံကြီးဖြင့် "ဟေ့.. သူငယ်မရဲ့၊ မင်းကငါ့ကို အဖေအဖေနဲ့ ခေါ်တာဟာ လူမှားနေပြီ ထင်တယ်ကွဲ့ မင်းအဖေဟာ ငါမဟုတ်ဘူး"ဟု ခါးခါးသီးသီး ပက်ပက် စက်စက်ကြီးပြောကာ ခြေထောက်ကိုရုပ်သိမ်း၍ ဖိနပ်ချွတ်ရှိ ဖိနပ်ကိုပင် မစီးတော့ဘဲ အိမ်ပေါ်မှ အပြေးအလွှား ဆင်းသွားလေတော့သည်။ ကျွန်ုပ်၏ မိခင်သည်။ ကြမ်းပေါ်၌ မှောက်လျက်သား ငိုယို၍ ကျန်ရစ်၏။ ထို့နောက် ကုန်း၍ထကာ ဆံပင်ဖိုးရိုးဖားရားနှင့် ကျွန်ုပ်အား ပြေး၍ပွေ့ယူရင်း "ကံဆိုးလှချည့်သားရယ်၊ တို့သားအမိ ကံဆိုးလှချည်ရဲ့ကွဲ့"ဟု မချိတင်ကဲ ငိုရှာလေတော့သ်ည။ ကျွန်ုပ်လည်း မိခင်နှင့်ရော၍ ငိုမိ၏။
ဤအဖြစ်အပျက်သည် ကျွန်ုပ်၏ အသက်ဝိညာဉ်ကို ဓားနှင့်ထစ်၍ မှတ်သားထားသကဲ့ သို့ စွဲမြဲနေသည်မှာ မည်သည့် အခါမျှ မေ့ပျောက်နိုင်လိမ့်မည်မဟုတ်ပေ။ ထိုအဖြစ်အပျက် သည် ကျွနုပ်အား ကျွန်ုပ်၏အဘိုကို မုန်းတီးစေရန် ဖန်တီးခဲ့၏။ အဘိုးနှင့် မတွေ့ရခင်က အဘိုးနှင့်တွေ့လျှင် အလွန်ပျော်စရာ ကောင်း ပေလိမ့်မည်ဟု မိုးမမြင် လေမမြင်အတွေးနှင့် ကြည်ရွှင်ခဲ့သော ကျွန်ုပ်၏ ကလေးအရွယ် နုနယ်လှသော စိတ်ကလေး မှာ အဘိုးနှင့် အထက်ပါအတိုင်း တွေ့လိုက်ရသောအခါ တစ်ခါတည်း ထက်ပိုင်းကျိုး၍ မိုးကြိုး စက်ကွင်း ထိခြင်းခံလိုက်ရဘိသကဲ့သို့ အညိုအမည်းကြီး ဖျက်မရအောင် စွန်းကွက်၍ ထင်ကျန်ရစ်ပေ သည်။ အဘိုးအား အိပ်မက်,မက်၍ ချစ်ခင်တွယ်တာခဲ့သော စိတ်မှာလည်း အဘိုးအားကြောက်ရွံ့ရွံ့ရှာ မုန်းတီးသော စိတ် အဖြစ်သို့ တစ်ခါတည်း ပြောင်းလဲ သွားခဲ့လေတော့သည်။
ကျွန်ုပ်၏ စိတ်ကို အထူးထိခိုက်စေခဲ့သော ဒုတိယအဖြစ် အပျက်မှာကား အဘိုး၏ ရပ်ရွာမှ သားအမိ နှစ်ယောက် တို့ ပြန်လာခဲ့ကြသောအခါတွင် ဖြစ်ပျက်ခဲ့၏။
ကျွန်ုပ်၏ မိခင် သည် အဘိုးထံမှ တပ်လန်ကာ ခင်ပွန်း သဘင်သည်ရှိရာအရပ်သို့ ကျွန်ုပ်အား ရင်ခွင်တွင်ပိုက်ကာ ငိုရှိုက်၍ ပြန်လာခဲ့ရသောအခါ၌ ပြန်အရောက်တွင် စိတ်မချမ်း သာစရာကိစ္စတစ်ခုကို ကြုံရ ပြန်လေသည်။ ကြုံရပုံမှာကား ကျွန်ုပ်၏ ဖခင်သည် သဘင်သမားပီပီ စိတ်ပေါ့တန်သူဖြစ်ရာ ကျွန်ုပ်၏ မိခင် တနင်္သာရီဘက် သွားနေခိုက်တွင် ဇာတ်ထဲ၌ ပါသော ယိမ်း သမတစ်ဦးနှင့် ဖောက်လွဲဖောက်ပြန် ဖြစ်သည့် ကိစ္စပင် ဖြစ်၏။ သို့သော် အထင်အရှားကား မဟုတ်ပေ။ သို့တိုင်အောင် ထူးခြားချက် တစ်ချက် မှာကား ကျွန်ုပ်၏ ဖခင်သည် ယခင်က ဆိုလျှင် ကျွန်ုပ်တို့သားအမိကို သူ့ဇာတ်ကသွားလေရာသို့ တကောက် ကောက်အပါခေါ်လေ့ရှိပေသည်။
တနင်္သာရီဘက်မှ ကျွန်ုပ်တို့ပြန်ရောက်လာသောအခါတွင်မူ ဖခင်သည် ကျွန်ုပ်တို့ သားအမိအား မြို့စွန်၌ အိမ်ကလေးတစ်လုံးကို ငှားပေးထားပြီးလျှင် ဇာတ်ကရာသို့ မလိုက်စေတော့ဘဲ ဇာတ် ထွက်ရာမှနေ၍ ငွေကလေး ကြေးကလေး ပို့ခြင်းပင်ဖြစ်၏။ ဖခင်ဖြစ်သူသည် ယိမ်းသမနှင့် အနေ ချောင်စေရန် ဤသို့ စီမံ လိုက်သည်ကို ကျွန်ုပ်၏ မိခင်မသိမဟုတ်ပေ။ သိရှာပေ။ သို့သော် အဘိုး ဦးနကီ၏ ရက်စက်စွာ စွန့်ပစ်ခြင်း ခံရသောဘ၀သို့ ရောက်ရသောအခါတွင် မည်သည့် အဖြစ်က မှ ဤ အဖြစ်ထက် ပို၍ ဆိုးတော့မည် မဟုတ်ဟူသော စိတ်နှလုံးချုံးချုံးကျသည့် သဘောဖြင့် ကံစီမံရာ ကို ခါးစည်၍ ခံရှာလေတော့ရာ ကျွန်ုပ်တို့ သားအမိမှာ မြို့စွန်ရှိ တဲပုတ်သာသာ အိမ်ကလေး ၌ ခပ်ကုပ်ကုပ်ပင် ဇာတ်မြှပ်၍ နေထိုင်ကြရ ပြန် လေသည်။
ပထမသုံးလေးလတွင်ကား ကျွန်ုပ်၏ ဖခင်သည် ဇာတ်က၍ ရသော ငွေကလေးများကို ရောက်လေရာမှ မှန်မှန်ကန်ကန်ပို့၏။ ကျွန်ုပ်၏ မိခင်လည်း ကျွန်ုပ်အား ကကြီးခခွေး အစ ဘုရားရှိခိုးအစ သင်ကြားပေးရင်း ဖြစ်ရာဘ၀၌ ယိမ်းသမနှင့်ဖြစ်ချင်တိုင်း ဖြစ်၍ ဖြစ်အောင်နေရှာ ၏။ သို့သော် ကျွန်ုပ်၏ ဖခင် ဇာတ်ရောက်လေရာ၌ ယိမ်းသမနှင့် ဖြစ်ချင်တိုင်း ဖြစ်၍ နေသည်ကို မူကား အတွင်းကြိတ်သာလျှင် ဆွေးမြေ့ နေရှာ သည်မှာ တစ်နေ့ထက်တစ်နေ့ ညှိုးငယ်သွားပုံက သက်သေခံ၍ နေ၏။ အသက်အားဖြင့် ၂၃ နှစ်ခန့်မျှ သာရှိသေးသော ကျွန်ုပ်၏ မိခင်သည် အရိုးပေါ် အရေတင်လုခမန်းဖြစ်လျက် အမှုမဲ့ ကြည့်ပါက ပါရိုးငေါငေါ မေးရိုးပေါ်ပေါ်နှင့် အမယ်အို သဖွယ် ထင်ရပေသည်။
အကယ်၍သာ ကျွန်ုပ်၏ အဘိုးသည် သနားညှာတာစိတ်ကလေး နှမ်းစေ့ တစ်စေ့ခန့်ရှိပါက ကျွန်ုပ်၏ မိခင် မှာ လှလှပပ ၀၀ဖြိုးဖြိုးနှင့် ၀တ်စားဆင်ယင်ကာ နေရလိမ့်မည်ဟု ကြီးရင့်စဖြစ်သော ကျွန်ုပ်၏ စိတ်၌ တွေးမိသော အခါတွင် ရက်စက်လှသော အဘိုးကို ဒေါသ ဖြစ်မိ ပြန်လေသည်။
သို့နှင့်ပေ အိမ်ကုပ်ကလေး၌ သားအမိနှစ်ယောက် နေထိုင်ခဲ့မိကြသည်တွင် ကျွန်ုပ်၏ ဖခင် သည် ဗွေဆိုးဖောက် လျက် ဇတ်က၍ ရသော ငွေကလေးများကို ယိမ်းသမအား ပံ့ပိုးနေရသဖြင့် မိခင်ထံသို့ အပေးအကမ်းမမှန်တစ်ချက် မှန်တစ်ချက် ဖြစ်လာပြန်လေတော့သည်။ မူလမှန်မှန် ပေးစဉ်ကမှပင် သားအမိနှစ်ယောက် ခြစ်ခြစ်ခြုတ်ခြုတ် မနဲကြီးကြံဖန်၍ နေကြရပေရာ ယခုကဲ့သို့ ငွေအပေးထိုးထိုးထွန့်ထွန့် ဖြစ်လာသောအခါ၌ ကာ ကျွန်ုပ်တို့သားအမိမှာ ထမင်းငတ်မည့် ကိန်းကို ကြုံကြရတော့၏။ ထို့ကြောင့် ဖခင်သဘင်သည်၏ ပေးစာ ကမ်းစာကလေးများဖြင့် မလောက်မင မွဲတေစွာ နေရသည်၌ မိခင်သည် သားအမိနှစ်ယောက် အသက် ဓာတ်မီးကလေး မငြိမ်းအောင် မွေးမြူနိုင်စေခြင်းငှာ လမ်းဘေးသို့ထွက်၍ တောမှလာသော ဟင်းရွက်သည် ဈေးသည် တို့အား မုန့်ပျား သလက် လုပ်၍ ရောင်းကာ တစ်ဖက်တစ်လမ်း ကြိုးစားရရှာ ပြန်လေ တော့သည်။
(မွဲချင်တဲ့ခွေး ပြာပုံလူးလိုက်တာ ခုတော့ကြည်ပါလား မင်းကတော် ကျွန်ပုံပေါက် ခွေးလောက်မှ မကောင်းတော့ဘူး၊ ကျွန်စုတ်ပစ်တဲ့ သရက်စေ့ကမှ ပြောင်သေးတယ်...) စသည်ဖြင့် ကျွန်ုပ်၏ မိခင်အား ဆိုချင်သူရှိလျှင် ဆိုနိုင်သောအခြေကို ဆိုက်ပေပြီ၊ ဆိုချင်သူရှိက ဆိုနိုင်ပေ၏။ ဆယ်သက်ပြန်စား၍ မကုန်နိုင်သော ပစ္စည်းများကို မမက်မောဘဲ အချစ်ကိုသာ ပဓာ နထားခဲ့မိသော ကျွန်ုပ်မိခင်သည် အမှားကြီးမှားမဲ့၏။ (မှားသည်) နှင့် (မိုက်သည်) မှာ တစ်ခြားစီ ဖြစ်ပေသည်။ မိခင်သည် မှား၏ မမိုက်ပေ။ လောကတွင် မမှားသောသူ မည်သူရှိပါသနည်း။ အရင့်အမာ ဘုရားလောင်းများပင် မှားခဲ့ကြ၍ ၀ဋ်တော် ၁၂ပါး စသည်တို့ ကျမ်းကို စကားတွင် အထင်အရှား ရှိသည် မဟုတ်ပါလော။ မခိင်မှား၏။
သူ့အမှားကိုလည်း သူတိ၏။ သို့သော် အမှားမှ ထွက်လာသော ဆိုးကျိုးဟူသမျှတို့ကို အံကြိတ်၍ ခံ၏။ ကြည်း၍ ခံ၏။ ခါးစည်း၍ ခံ၏။ မိခင်၏ ဗျတ္တိစိတ်ကို ကျွန်ုပ်တွေးမိတိုင်း အံ့သြမိပေသည်။ မိခင်သည်မှား၏။ မမိုက်။ မိုက်သည်ကား ကျွန်ုပ်၏ အဘိုးနှင့်ကျွန်ုပ်၏ ဦးလေးများသာ ဖြစ်ကြပေသည်။ မိခင်၏ အမှားမျိုးမှာ လူတကာတို့ မှားနေကြသော အမှားမျိုးသာဖြစ်၏၊။ အဘိုး၏ စည်းစိမ်မျှမကသော ရွှေနန်းစည်းစိမ်ကိုပင် အချစ် အတွက် စွန့်လွှတ်သူ ဘုရင်ပေါင်းအမြောက်အမြားရှိ၏။
ဘုရားလောင်းကုသမင်းပင်လျှင် အချစ် အတွက် ရွှေနန်းကို ခွာ၍ အိုးဖုတ် ဖျာရက် ထမင်းချက် လုပ်ခဲ့၏။ နောက်အခါ ရွှေနန်းကို ပြန်စိုးစံ ရသည်ကို ဖယ်၍ထား... ဘုရားလောင်း ဘုရင်ရင့်မာကြီးကပင် ထမင်းချက် ခံတမ လုပ်ခဲ့သေးလျှင် ကျွန်ုပ်၏ မိခင်သည် မုန့်ပျားသလက် ရောင်းရသောအဖြစ်မျိုးကို ရောက်ခဲ့ရသည်မှာ မဆန်းလှ။ သို့သော် ဤအဖြစ်မျိုးမှ ကင်းလွတ်နိုင်စေရန် ကယ်ဆယ်နိုင်သော အစွမ်းလည်းရှိ၊ သမီးရင်း နှမရင်းချာ သွေးသားစစ်ဖြစ်နေသည်လည်း မှန်ပါလျက်နှင့် ကျွန်ုပ်၏ အဘိုးနှင့် ဦးလေးများက ယခု ကဲ့သို့ ရက်ရက်စက်စက် ကြည့်၍နေရက်ကြသည်မှာ ဥာတကာနံ ဘုရားဟောကို ဖီလာပြုလျက် အမိုက်ကြီး မိုက်ကြခြင်းသာ ဖြစ်သည်ဟု ကျွန်ုပ်ဆိုချင်တော့သည်။ ထားဦးတော့။ ဤသို့ ဆင်းရဲ ဒုက္ခ တွင်းဆုံးကျနေသာ အခါ၌ ကျွန်ုပ်၏ ၀ိဥာဉ်တွင် ဒုတိယတစ်ထစ် သင်တုန်းဓားနှင့် ထစ်၍ မှတ်သား လိုက်သလို ဖြစ်ခဲ့ရသော ဒုတိယအကြောင်းကို ရေးရပေဦးမည်။
ဆက်ရန်
.

6 comments:
ဟုတ်ကဲ့ အပိုင်းလေးမျှော်နေမယ် အစ်မ
အရွယ်ရောက်လို့ လင်နောက်လိုက်သွားပြီး ဆင်းရဲတာကို အဖေက မကြည့်ရ မထောက်ပံ့ရကောင်းလားလို့ စိတ်နာတာတော့ သူများကို မှီခိုချင်တဲ့စိတ် များလွန်းလားလို့။ ကျွန်မတော့ ကိုယ်လုပ်သမျှ ကိုယ်တာဝန်ယူတာပဲကြိုက်တယ်။ ဟိုအမျိုးက ငါ့မပေးရကောင်းလား၊ ဒီအမျိုးက ငါ့မထောက်ရကောင်းလားနဲ့ သူများလုပ်စာ မျှော်နေတာ သိမ်ဖျင်းလွန်းတယ်။
ဖယောင်းလို နုနယ်ငယ်ရွယ်မှာ စိတ်ဒါဏ်ရာ ပြင်းပြင်းထန်ထန်ရထားတော့ အနာဂါတ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးများပြီပေါ့နော်။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မမရွှေစင်ရေ အပိုင်း(၃) ကို ဖတ်သွားပါတယ်။ ကလေးကြုံခဲ့ရတဲ့ စိတ်ဒုက္ခကို စာနာသနားမိပါတယ်။ ဆရာ တင့်တယ်ရဲ့ ကမ္မဖလဝတ္ထုကြီးကို တကယ်ကို တစ်ခါတည်း ဖတ်ချင်လှပါတယ်။
ခင်တဲ့
မေသိမ့်
ချစ်မကြီးရေ ..
စာထဲမှာမျောမျောသွားတာ..
တခါတလေ စီစီတီဗီကိုမချက်မိလို့
နောက်ကဘောစ့်ရောက်နေတာနဲ့ခနခနတိုးနေပြီ
မမရေ ..း)
တခါထည်းဖတ်ချင်တယ်
့မြန်မြန်တင်ပါနော်
ချစ်တဲ့
မဒိုးကန်
သူဌေးလောင်းကြီး မောင်ကံကောင်းကလေး ခုချိန်ထိ ကံမကောင်းသေးပါလားနော်..
ကံကြမ္မာ အပြောင်းအလဲတွေက အတော်အံ့သြစရာကောင်းတတ်ပါတယ်..
မျှော်တော်ဇောနဲ့ မောနေတဲ့
မကိ.. .)
Post a Comment