Thursday, September 1, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၂၉)

ထရေစီ မျက်လုံးကို ဖွင့်လိုက်ရာ မျက်နှာကျက်ကို ခပ်ဝါးဝါး မြင်လာရာမှ တဖြည်းဖြည်းချင်း ထင်ရှားပြတ် သားစွာ မြင်လာရသည်။
သို့သော် မိမိ ဘယ်ရောက်နေမှန်း မသိဘဲ ဖြစ်နေသည်။
အတန်ကြာအောင် ကြိုးစားပြီး စဉ်းစားနေရသည်။
သူမ တစ်ကိုယ်လုံး ကိုက်ခဲနာကျင်နေသည်။
အလွန်ပင်ပန်းလှသော ခရီးရှည်ကြီးမှ ပြန်ရောက်လာသူကဲ့သို့ ခံစားနေရသည်။

ခေါင်းထဲက ခပ်မူးမူးနှင့်ပင် သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
သူမ မရောက်ဖူးသော အခန်းထဲသို့ ရောက်နေမှန်း သိလိုက်ရသည်။ သူမမျက်လုံးက တစ်နေရာသို့ ရောက် သွားသောအခါ အံ့အားသင့်ပြီး နှလုံးက ဒိုင်းခနဲ ခုန်တက်သွားသည်။
သူမြင်လိုက်ရသော မြင်ကွင်းမှာ ပြတင်းပေါက်နားမှ လက်တင်ကုလားထိုင် တစ်လုံးတွင် ဂျက်စတီဗင် တစ်ယောက် အရုပ်ကြိုးပြတ်ဖြင့် အိပ်မောကျနေသည့် မြင်ကွင်းဖြစ်သည်။
မဖြစ်နိုင်။
ပသို့မျှ မဖြစ်နိုင်။

၈ျက် မိမိထံမှ စိန်သေတ္တာကိုယူပြီး ထွက်သွားသည်ကို နောက်ဆုံးမြင်ခဲ့ရသည်။
ယခု သူ ဤနေရာတွင် ဘာလာ လုပ်နေပါသနည်း။
ထရေစီက တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသည်။ သူမအဖြေကို သိပါပြီ။
မိမိ ဂျက်အား စိန်သေတ္တာ မှားပေးခဲ့ခြင်းဖြစ်ရမည်။
လေယာဉ်ပျံပေါ်တွင် စိန်သေတ္တာအစစ် ကျန်နေခဲ့ပြီး မိမိလက်ထဲ ပါလာသော စိန်သေတတာက အတုဖြစ် နေလိမ့်မည်။
မိမိက တစ်ပတ်ရိုက်ပြီဟု ဂျက်က ထင်ပေလိမ့်မည်။

ဂျက်က မိမိကို ဂန်သာ၏ လျှို့ဝှက်ခိုအောင်းရာအိမ်၌ ရှာတွေ့ပြီး ဤနေရာသို့ ခေါ်လာခြင်းဖြစ်ရမည်ဟု ထရေစီတွေးမိသည်။
ထရေစီ ခုတင်ပေါ်၌ အိပ်နေရာမှ ထလိုက်စဉ်မှာပင် ဂျက်လည်း မျက်လုံးပွင့်ပြီး ခေါင်းထောင်လာသည်။
ထရေစီ သူ့အား ကြည်နေသည်ကို မြင်သောအခါ ဂျက်မျက်နှာက တဖြည်းဖြည်းချင်းပြုံးလာသည်။
ပျော်ရွှင်ပုံပြလာသည်။

" သတိ ပြန်ရလာတဲ့အတွက် ၀မ်းသာပါတယ် "
ဂျက်က စိတ်သက်သာရာရသွားသည့်အသံဖြင့် ပြောလိုက်ရာ ထရေစီ ခေါင်းရှုပ်သွားသည်။
" ၀မ်းနည်းပါတယ်ဂျက် ... ကျွန်မ ရှင့်ကို သေတ္တာမှားပေးလိုက်မိတယ် "
ထရေစီ၏ အသံမှာ ကြားရသည်ဆိုရုံလေးသာ ထွက်လာသည်။
" ဘာ ... "
" ကျွန်မ သေတ္တာနှစ်လုံးရောပြီး မှားသွားတယ် "
ဂျက်က ထရေစီထံ လျှောက်လာပြီး ညင်သာစွာ ပြောလိုက်သည်။

" မဟုတ်ဘူး ထရေစီ၊ မင်း ငါ့ကို စိန်အစစ်တွေ ပေးလိုက်တာပါ၊ အဲဒါတွေ ဂန်သာဆီပို့လိုက်ပြီ။
" ဒါဖြင့် ... ရှင် ... ဘာ ... ဘာဖြစ်လို့ ဒီကို ရောက်နေရတာလဲ "
ထရေစီက စိတ်ရှုပ်သွားသည့်ပုံဖြင့် ဂျက်ကို ကြည့်ပြီး မေးလိုက်သည်။
ဂျက်က ထရေစီ၏ ခုတင်စွန်းတွင် တင်ပါးလွှဲဝင်ထိုင်လိုက်ပြီး ပြောသည်။

မင်းငါ့ကို စိန်သေတ္တာပေးလိုက်တဲ့အချိန်တုန်းက မင်းကြည့်ရတာ တော်တော် နေမကောင်းနေပုံရတယ်၊ ဒီတော့ မင်းလိုက်ရမယ့် လေယာဉ်ပေါ် ဖြောင့်ဖြောင့်တန်းတန်း ရောက်ပါ့မလားဆိုတာ သိချင်တာနဲ့ ငါလေ ဆိပ် ကနေ စောင့်ကြည့်နေတယ်၊ မင်း လေဆိပ်ရောက်မလာဘူး၊ ဒီတော့ မင်းတစ်ခုခု ဖြစ်ပြီလို့ ငါသိလိုက် တယ်၊ ဒါကြောင့် ငါ ဂန်သာ ရဲ့ လျှို့ဝှက်ခိုအောင်းအိမ်ကို လိုက်သွားတော့ အဲဒီမှာ မင်းမေ့မြောနေတာကို တွေ့ရတာပဲ၊ မင်း အဲဒီအိမ်မှာတင် သေသွားမယ့်အဖြစ်မျိုး ငါ မဖြစ်စေချင်ဘူး၊ မင်း အဲဒီလိုဖြစ်သွားရင် ရဲ အတွက် သဲလွန်စ ရသွားလိမ့်မယ်"
ထရေစီ က ဂျက်ကို နားမလည်သည့်အသွင်ဖြင့် ကြည့်နေသည်။

" ရှင် ကျွန်မဆီကို ပြန်လာတဲ့တကယ့်အကြောင်းရင်းက ဘာလဲဟင် ... ပြောစမ်းပါ "
" ကဲ ... မင်းကိုယ်ပူရှိန် အဖျားဒီဂရီတိုင်းဖို့ အချိန်ကျပြီ "
ဂျက်က စကားကို လှီးလွှဲပြောလိုက်ပြီး ထရေစီအား အဖျားဒီဂရီတိုင်းသည်။
ထရေစီ က အလိုက်သင့်နေလိုက်သည်။

" အင်း ... မဆိုးတော့ပါဘူး၊ ဒီဂရီ တစ်ရာကျော်ရုံလေးပဲရှိတော့တယ်၊ မင်းဟာ အံ့သြစရာကောင်းတဲ့ လူနာ တစ်ယောက်ပဲ "
" ဂျက် ... "
" ငါ့ကို ယုံကြည်စမ်းပါကွာ၊ မင်းဆာသလား "
" သိပ်ကို ဆာနေပြီ "
" ခဏလေးစောင့်နေ၊ ငါ စားစရာတွေ သွားယူလိုက်ဦးမယ် "
ဂျက် အခန်းထဲမှ ထွက်သွားသည်။
ခဏအကြာတွင် စားစရာ သောက်စရာများဝယ်ပြီး ပြန်လာသည်။

လိမ္မော်ရည်၊ နို့၊ သစ်သီးများ၊ ဒိန်ခဲ၊ အသားနှင့် ငါးတို့ညှပ်ပြီး အဆာသွတ်ထားသော ပေါင်မုန့်များပါလာ သည်။
" ကဲ ... စားပေတော့၊ ဖြည်းဖြည်းချင်းစားနော် "
ဂျက်က ထရေစီကို အိပ်ရာပေါ်တွင် လှဲနေရာမှ ထူပေးပြီး ထိုင်စေကာ အစားအသောက်များ ကျွေးမွေး သည်။
ဂျက်သည် ဂရုတစိုက်နှင့် ကြင်ကြင်နာနာလုပ်ပေးနေသည်။
သူထိုသို့ပြုစုလုပ်ကိုင်ပေးနေခြင်းမှာ အကြောင်းတစ်ခုကြောင့်ဖြစ်ရမည်ဟု ထရေစီ စိုးရိမ်စိတ်ဖြင့် အတွေး ၀င် လာ သည်။
သူတို့ စားသောက်နေစဉ်မှာပင် ဂျက်က ပြောသည်။

" ငါ အပြင်ကို အစားအသောက်တွေ သွားဝယ်တုန်းက ဂန်သာဆီကို တယ်လီဖုန်း လှမ်းဆက်လိုက် သေးတယ်၊ စိန်တွေ သူ့ဆီရောက်ပြီတဲ့၊ မင်းရမယ့် ပိုက်ဆံဝေစုကိုလည်း ဆွစ်ဇာလန်က မင်းရဲ့ ဘဏ် စာရင်း ထဲမှာ သွင်းပေးလိုက်ပြီတဲ့ "
" ပိုက်ဆံအားလုံး ကို ရှင်တစ်ယောက်တည်း ဘာကြောင့် မယူလိုက်တာလဲ "
ထရေစီသည် မမေးဘဲ မနေနိုင်သဖြင့် ထုတ်မေးလိုက်သည်။
" တို့နှစ်ယောက် ပညာပြိုင်နေရာက ရပ်ဖို့ အချိန်တန်ပါပြီ၊ ဟုတ်တယ်နော်။
ဂျက်က အလေးအနက်ပြောလိုက်သည်။

" ဟုတ်ပါတယ် "
ထရေစီကတော့ ဤသည်မှာလည်း ဂျက်၏ လှည့်ကွက်တစ်ခုဟု စိတ်ထဲကထင်နေသည်။
သို့သော် အလိုက်သင့်ဖြေလိုက်သည်။
" မင်း ကိုယ်ခန္ဓာ အတိုင်းအထွာတွေကို ငါ့ကို ပြောပြမယ်ဆိုရင် မင်းအတွက် ငါအ၀တ်အစားတချို့သွား ၀ယ် လာပေးမယ်လေ၊ ဒတ်ခ်ျလူမျိုးတွေက သိပ်ရှေးမဆန်ပါဘူး၊ အမြင်ကျယ်ပါတယ်၊ ဒါပေမယ့် မင်းဒီ အတိုင်း လမ်းလျှောက်သွားတာ မြင်ရင်တော့ သူတို့ အံ့အားသင့်ပြီး ကြက်သေ သေသွားကြလိမ့်မယ်"
ထရေစီ သည် သူမကိုယ်ပေါ်မှ အိပ်ရာခင်းပိတ်စကို ပိုပြီးလုံအောင် အပေါ်သို့ ဆွဲတင်လိုက်သည်။

ဂျက်က သူမအား အ၀တ်အစားများ ချွတ်ပေးပြီး ရေဖတ်တိုက်ပေးခဲ့သည့် ဖြစ်ရပ်များကို ၀ိုးတ၀ါးသိမြင် လာပြီး ရှက်ကိုးရှက်ကန်းဖြစ်လာသည်။
ဂျက်သည် သူ၏ လုံခြုံရေးအန္တရာယ်နှင့် ရင်ဆိုင်ကာ မိမိကို ပြုစုစောင့်ရှောက်ခဲ့သည်။
ဘာကြောင့်နည်း၊ ထရေစီသည် မိမိဂျက်အကြောင်း ကောင်းကောင်းနားလည်သည်ဟု ယုံကြည်ခဲ့သည်။
တကယ်တော့ မိမိသူ့ကို ပသို့မျှ နားမလည်ပါချေတကား။
ထရေစီ အိပ်ပျော်သွားပြန်သည်။

မွန်းလွဲပိုင်းတွင် ဂျက်သည် ခရီးဆောင်သေတ္တာ နှစ်လုံးအပြည့် အ၀တ်အစားနှင့် အသုံးအဆောင်များ ၀ယ်ပြီး ပြန်ရောက်လာသည်။
ဝတ်စုံများ၊ ၀တ်ရုံများ၊ ည၀တ်အင်္ကျီများ၊ ခြေအိတ်ရှည်များ၊ အတွင်းခံ ဘောင်းဘီများနှင့် ဖိနပ်များပါမကျန် ၀ယ်လာသည်။
ထို့အပြင် အလှပြင် မိတ်ကပ်သေတ္တာတစ်လုံး၊ ဘီး၊ ဘရပ်ရှ်၊ ဆံပင်အခြောက်ခံ ကိရိယာ၊ သွားပွတ်တံ၊ သွား တိုက်ဆေး တို့လည်း ပါလာသည်။
သူ့အတွက်လည်း အလဲလဲအဖယ်ဖယ် ၀တ်နိုင်ရန် အ၀တ်အစားများ ၀ယ်လာသည်။

" အင်တာနေရှင်နယ် ဟာရယ်ထရီဗွန်း" သတင်းစာ တစ်စောင်လည်း ဂျက် ၀ယ်လာခဲ့သည်။
ရှေ့မျက်နှာဖုံး တွင် စိန်များ လေယာဉ်ပေါ်မှ အပိုင်စီး အခိုးခံလိုက်ရသည့်သတင်းပါလာသည်။
မည်သို့မည်ပုံ ခိုးသွားသည်ကို ရဲကမှန်းဆတွက်ချက်၍ရကြောင်း ရေးသားဖော်ပြထားသည်။ သို့သော် မည်သည့် သဲလွန်စမျှ မကျန်ခဲ့ဟုဆိုသည်။
" တို့အတွက် စိတ်အေးရပြီ၊ အခု တို့လုပ်ရမှာကတော့ မင်း ပြန်နေကောင်းလာဖို့ပဲ "
ဂျက်က ၀မ်းသာအားရ ပြောလာသည်။

တကယ်တော့ "တီဒဗလျူ"စာလုံး နှစ်လုံးပါသောလည်စည်းအကြောင်းကို သတင်းစာများသို့ ပြောမပြဘဲ ချန် ထားရန် ဒင်နရယ်ကူးပါး က အင်တာပိုမှ ရဲမှူးကြီး ထရစ်နန့်ကို အကြံပေးခဲ့ခြင်းဖြစ်သည်။
" ဒီလည်စည်း ဘယ်သူ့ဟာဆိုတာ ကျွန်တော်တို့ သိနေတာပဲ၊ ဒါပေမယ့် အဲဒါဟာ ရုံးတင်တရားစွဲဖို့ လုံလောက် တဲ့ သက်သေခံ အထောက်အထားမဖြစ်သေးဘူး၊ အဲဒီ အတိုကောက်စာလုံး နှစ်လုံးနဲ့စတဲ့ ဥရောပ တစ်ဝန်း က တခြား အမျိုးသမီးတွေရဲ့ နာမည် တသီတတန်းကြီးကို ထရေစီဝှစ်တနေရဲ့ ရှေ့နေက ရုံးမှာ တင်ပြလာမှာ သေချာတယ် "
ထရေစီ အိပ်ရာကနိုးလာသောအခါ မှောင်နေချေပြီ။

အိပ်ရာပေါ်တွင် ထိုင်လိုက်ပြီး ခုတင်ဘေး စားပွဲပုလေးပေါ်ရှိ မီးတိုင်ကိုဖွင့်လိုက်သည်။
အခန်းထဲတွင် သူမ တစ်ယောက်တည်း၊ သူ သွားချေပြီ၊ သူမ ရင်ထဲ၌ တစ်မျိုးကြီးခံစားလာရသည်။
မိမိသည် ဂျက်အပေါ် မှီခိုခဲ့ရခြင်းသည် မိုက်မဲသော အမှားတစ်ရပ်ဟု မြင်လာသည်။
ထရေစီသည် အိပ်ရာပေါ်တွင် ပြန်ပက်လက်လှန်လိုက်သည်။
မျက်စိကို အသာမှိတ်ပြီး အတွေး ရေယဉ်ကျော၌ မျောလိုက်သည်။
မိမိ ဂျက်ကို သတိရနေပေတော့မည်။

လွမ်းဆွတ်တမ်းတနေပေတော့မည်။
ထိုစဉ်မှာပင် တံခါးပွင့်သွားသည့်အသံ ပေါ်လာပြီး ဂျက် အသံကိုပါ တပါတည်း ကြားလိုက်ရသည်။
" ထရေစီ မင်းနိုးနေသလား၊ မင်း ဖတ်ဖို့ ငါစာအုပ်နဲ့ မဂ္ဂဇင်းတွေ ယူလာတယ်၊ ငါတော့ မင်း .... "
ဂျက်သည် သူ့စကားကို ရပ်လိုက်သည်။
ထရေစိ၏ ညိုးငယ်နေသော မျက်နှာကို မြင်ရသောအခါ ပျာပျာသလဲ ဖြစ်သွားသည်။

" ဟေး ... မင်း အခုဘာဖြစ်လို့လဲဟင် "
ဂျက်က မေးသည်။
" အခုတော့ ဘာမှ မဖြစ်သေးပါဘူး လ
ထရေစီက တိုးတိုးလေး ပြောလိုက်သည်။
နောက်တစ်နေ့နံနက်တွင် ထရေစီ၌ အဖျားသွေးတို့မရှိတော့ချေ၊ နာလန်ထူလာသည်။
" ကျွန်မ အပြင်ထွက်ချင်တယ် ဂျက်ရယ် ...၊ ကျွန်မတို့ လမ်းလေဆာက်ထွက်လို့ ဖြစ်မလား လ
သူတို့နှစ်ယောက် ဆင်းလာသောအခါ အောက်ထပ်ဧည့်ခန်းထဲတွင် တည်းခိုခန်းပိုင်ရှင် လင်မယားနှင့် တွေ့သည်။

ထရေစီ နာလန်ထူလာသဖြင့် သူတို့လည်း ၀မ်းသာနေကြသည်။
" ညည်းယောက်ျားကတော့ တကယ်ပါပဲတော်၊ ညည်းဝေယာဝစ္စမှန်သမျှ သူကိုယ်တိုင် အားလုံးလုပ်ရမှ ကြိုက်တာ၊ ညည်းအတွက် လဲ ပူပန်လိုက်ရတာ လွန်နေတာပဲ၊ ကိုယ့်အပေါ် သိပ်ချစ်တဲ့ ယောက်ျားမျိုးရတာ ညည်း သိပ်ကံကောင်းတာပဲ "
တည်းခိုခန်းပိုင်ရှင်ကတော်ကြီးက ထရေစီကို ပြောသည်။
ထရေစီက ဂျက်ကို လှမ်းကြည့်သည်။
ဂျက် မျက်နှာတွင် ရှက်သွေးဖြာနေသည်။

ဂျက်သည် ထရေစီ၏ ခုတင်ဘေးတွင် ခေါက်ခုတင်အသေးလေးတစ်လုံးချပြီး အိပ်သည်။
ထိုညက ထရေစီ အိပ်ရာထဲတွင် လှဲနေစဉ်၌ ဂျက်က မိမိအား တယုတယ ပြုစုစောင့်ရှောက်ခဲ့ပုံများ၊ မိမိ၏ သဘာဝခန္ဓာကိုယ်ကို ရေဖတ်တိုက် ရေချိုး လုပ်ပေးခဲ့ပုံများကို ပြန်ပြောင်းသတိရနေမိသည်။
တဖြည်းဖြည်းနှင့် ထရေစီ ပိုမိုကျန်းမာသန်စွမ်းလာသည်နှင့်အမျှ ဂျက်နှင့်သူမသည် ထိုမြို့ကလေးတွင် ပိုမို သွားလာလည်ပတ်နိုင်လာကြသည်။
အလယ်ခေတ်ကတည်းက ဖောက်ထားသော ကျောက်တုံးနီနီကလေးများ ခင်းထားသည့် လေတဖြူးဖြူး တိုက် နေသော လမ်းများတွင်လည်း သူတို့ လျှောက်ခဲ့ကြသည်။
မြို့စွန်ဘက် ရှိ ဂမုန်းပန်းခင်းများသို့လည်း ရောက်သည်။

ဒိန်ခဈြေးသို့လည်း သွားခဲ့သည်။
မြူနီပါယ်ပြတိုက်တွင်လည်း လေ့လာကြသည်။
ဂျက်က မြို့ခံလူများကို ဒတ်ခ်ျဘာသာစကားဖြင့် ပြောသောအခါ ထရေစီ အံ့သြရသည်။
" ရှင် ဒတ်ခ်ျစကားကို ဘယ်မှာသင်တာလဲ "
" ဒတ်ခ်ျကောင်မလေး တစ်ယောက်က သင်ပေးထားတာ "
ထရေစီ သည် ထိုမေးခွန်းကို မေးမိသည့်အတွက် သူကိုယ်သူ ဒေါပွနေမိသည်။

တစ်နေ့ပြီး တစ်နေ့ ကုန်ဆုံးလာသည်နှင့်အမျှ ထရေစီ၏ ကိုယ်ခန္ဓာမှာလည်း နဂိုအတိုင်း ပြန်လည် ပြည့်ဖြိုး စိုပြည်လာသည်။
ထရေစီ ကျန်းမာရေး ကောင်းလာပြီဖြစ်၍ ဂျက်က စက်ဘီးနှစ်စီးငှားကာ စက်ဘီးဖြင့် သူတို့ လျှော်ကလည် ကြသည်။
ထိုနေ့ကလေးများသည် ချစ်စရာကောင်းသော ပျော်စရာနေ့ကလေးများ ဖြစ်လာသည်။
ထိုနေ့ကလေးများ ဘယ်သောအခါတွင်မှ မကုန်ဆုံးစေချင်သည့်ဆန္ဒ ထရေစီ၏ ရင်ထဲ၌ ပေါ်လာသည်။
ထရေစီ အဖို့ ဂျက်မှာ ဆက်လက်ပြီး အံ့အားသင့်စရာကောင်းနေသည်။

သူမအတွက် အကြင်နာ အယုယနှင့် အစိုးရိမ် အပူပန်များက ဂျက်တွင် အမြဲရှိနေသည်။
အခန်းကျဉ်းကလေးထဲတွင် လွတ်လပ်သူနှစ်ဦးအတူ အိပ်ကြသော်လည်း ဂျက်က လုံးဝ အခွင့်အရေး မယူပေ။
ဂျက်သည် ထရေစီအဖို့ စဉ်းစားရခက်သူတစ်ယောက်ဖြစ်နေသည်။
ဂျက်သည် မိန်းမလှလေးများကို ထည်လဲတွဲခဲ့မှန်းထရေစီသိသည်။
ယခု သူ မိမိနားတွင် အဘယ့်ကြောင့် အဓိပ္ပာယ်မရှိ အကျိုးမရှိ နေရပါသနည်း။

ထရေစီသည် မိမိတစ်သက်တွင် မည်သူ့ကိုမျှ မပြောပြတော့ဟု စိတ်ပိုင်းဖြတ်ထားသော မိမိဘ၀ နောက် ကြောင်းကို ဂျက်အား ထုတ်ပြောမိသည်။
ဂျိုးရိုမာနိုနှင့် တိုနိအော်ဆက်တီအကြောင်း ကပ္ပလီမကြီးအာနက်စတိုင်း နှင့် ဆွီဒင်မကြီး ဘာသာ အကြောင်း အေမီလေး အကြောင်းတို့ကို ပြောပြဖြစ်ခဲ့သည်။
ဂျက် ကလည်း ထရေစီအား သူ့မိထွေးအကြောင်း။ ဦးလေးဝီလီအကြောင်း၊ လောင်းကစားပျော်ပွဲအဖွဲ့နှင့် နယ်လှည့် သွားရသည့် အကြောင်းအပြင် လူစီနှင့် လက်ထပ်ခဲ့သည့် အကြောင်းပါမကျန် ပြောပြသည်။

ထရေစီသည် မည်သည့်အခါမျှ လူတစ်ယောက်နှင့် ဤမျှမရင်းနှီးခဲ့ပါချေ။
ရုတ်တရက် ခွဲခွာရန် အချိန်ရောက်လာသည်။
တစ်မနက် တွင် ဂျက်က စ ပြောလာသည်။

" ရဲကတော့ တို့ကို လိုက်မရှာတော့ဘူး၊ တို့ ဒီကသွားသင့်ပြီ ထင်တယ် "
ထရေစီ ရင်ထဲတွင် နင့်ခနဲဖြစ်သွားသည်။
" ကောင်းပြီလေ၊ ဘယ်တော့သွားကြမလဲ "
" မနက်ဖြန် "
" မနက်ကျမှပဲ အထုပ်အပိုးပြင်တော့မယ် "
ထရေစီက ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။

ထိုညက ထရေစီအိပ်မပျော်ဘဲ အိပ်ရာထဲတွင် တလူးလူး တလွန့်လွန့်ဖြစ်နေသည်။
ဂျက် အခန်းထဲ ၌ မိမိနှင့်အတူ ရှိနေသည်ကို ခါတိုင်းထက် ပိုသတိရနေသည်။
မိမိဘ၀ တွင် မမေ့နိုင်သော အချိန်ကာလပင်ဖြစ်သည်။
ထို အချိန်ကာလ သည် ကုန်ဆုံးပေတော့မည်။
ဂျက် တုံးလုံးလှဲနေသော ခေါက်ခုတင်လေးဘက်သို့ ထရေစီ လှမ်းကြည့်လိုက်သည်။
" ရှင် အိပ်နေပြီလား "
ထရေစီ တိုးတိုးညင်းညင်းလေး မေးလိုက်သည်။

" ဟင့် အင်း ... "
" ရှင် ဘာတွေ တွေးနေလဲ "
" နက်ဖြန် ဒီနေရာက ခွာရတော့မယ့် အကြောင်းလေးကိုတော့ သတိရ လွမ်းနေမိတော့မှာပဲ "
" ကျွန်မလဲ ရှင့်ကို သတိရနေ လွမ်းဆွတ် နေမှာပါဂျက်ရယ် "
ထို စကားလုံးများက ထရေစီ ပါးစပ်မှ အလိုအလျောက် ထွက်သွားသည်။
ဂျက်က အိပ်နေရာမှ ဖြည်းဖြည်း ထထိုင်လိုက်ပြီး ထရေစီကို လှမ်းကြည့်ကာ မေးလိုက်သည်။

" ဘယ်လောက်တောင်လဲ "
" အို ... မပြောနိုင်လောက်အောင်ပဲပေါ့ "
တစ်ခဏအတွင်းမှာပင် ဂျက်သည် ထရေစီ၏ ခုတင်ပေါ် ရောက်လာပြီး သူမဘေး၌ ၀င်လှဲလိုက်သည်။
" ထရေစီ "
" ရှူး ပါးစပ်ပိတ်ထား၊ မောင့်လက် နဲ့ ကျွန်မကို အသာ ဖက်ထားစမ်းပါ "
ရင်ထဲတွင် ကိုယ်စီကိုယ်ငရှိနေသော သိုသိပ်ဝှက်ကွယ်ထားသည့် မေတ္တာတရားများ ပေါက်ကွဲလွင့်အန် ထွက်လာကြသည်။
အချစ်နှင့် မေတ္တာတို့ နှလုံးသားမှာ ဆိတ်သုဉ်းကွယ်ပျောက်ခဲ့ပြီဟု ထင်ခဲ့သော ထရေစီ။
ယခုတော့ အိပ်မောကျနေသည့် နှလုံးက တစ်ရေးနိုးလာသည်။
နှလုံးသား ၏ အလိုဆန္ဒနောက် ခန္ဓာကိုယ်က ကောက်ကောက်ပါခဲ့ရပြီ။

ချိုမြိန်သော အချစ်၏ အရသာကိုလည်း တစ်သက်တာတွင် ပထမဆုံးအကြိမ် တစ်ဝကြီး ခံစားလိုက်ရ သည်။
အရုဏ်ဦး ရောင်နီ သမ်းလာချိန်တွင် ဂျက်က ပြောလာသည်။
" မောင့်ကို လက်ထပ်ပါ ထရေစီရယ် "
" အို ... မောင်ရယ်၊ မောင် တကယ်ပဲနော် "
" တကယ်ပါ အချစ်ရယ် "
ထရေစီ အတွက် နက်ဖြန်ဆိုသော အနာဂတ်သည် တကယ်ရှိလာချေပြီ။
*
ချစ်ရည်လူး၍ အချိန်အတော်ကြာမှ ထရေစီက ဂျက်ကိုမေးလိုက်သည်။
" မောင် ကျွန်မကို ချစ်နေတယ်ဆိုတာ ဘယ်တုန်းက သိတာလဲဟင် ... "
" မင်း ဟိုအိမ်ထဲမှာ သေလုမြောပါး ဖြစ်နေတာကို မြင်လိုက်ရတုန်းကပေါ့၊ အဲဒီတုန်းမှာ ငါအတော် စိတ်လှုပ် ရှား ထိခိုက် သွားတယ် "
" ကျွန်မကတော့ မောင် စိန်တွေယူပြီး ပြေးပြီထင်နေတာ "
ထရေစီက သူပထင်မြင်ချက်ကို အမှန်အတိုင်းပင် ၀န်ခံပြောကြားလိုက်သည်။
" ဂျက်က ထရေစီကို ဖက်လိုက်ပြီး လေအေးလေးဖြင့်ပြောသည်။

" ထရေစီ ... မဒရစ်မှာ ငါ မင်းကို လူလယ်ကျခဲ့တာဟာ ငွေလိုချင်လို့ မဟုတ်ပါဘူးကွာ၊ တကယ်တော့ ပညာပြိုင်ကြတာပါ "
ထရေစီက ခေါင်းညိတ် ၀န်ခံပြီးမှ ပြန်ပြောသည်။
" ဟုတ်ပါတယ်၊ ကျွန်မလဲ အစတုန်းကတော့ ဒီအလုပ်တွေလုပ်တာ ငွေကြောင့်ပါ၊ နောက်ပိုင်းတော့ မဟုတ် တော့ဘူး၊ မခံချင်တာရယ်၊ ပညာပြချင်တာရယ် ပါလာတယ်၊ ကျွန်မ ပိုက်ဆံတွေ တော်တော်များများ လှူပစ်လိုက်တာပဲ၊ တကယ်တော့ မသမာတဲ့နည်းနဲ့ ချမ်းသာကြွယ်ဝပြီး အောင်မြင် ကျော်ကြား နေတဲ့လူတွေ ကို ဆုံးမရတာ သူတို့နဲ့ ဥာဏ်ပြိုင်ရတာကို ကျွန်မ သာယာယစ်မူးလာခဲ့တယ်၊ အန္တရာယ်နဲ့ ရင်ဆိုင် နပန်း လုံးပြီး လွတ်အောင် ရှောင်ရတာကို ပျော်လာတယ် "
အတော် ကြာအောင် နှစ်ဦးသား စကားမပြောဘဲ ငြိမ်သွားပြီးမှ ဂျက်က မေးလိုက်သည်။

" ထရေစီ ဒီအလုပ်ကို စွန့်လွှတ်ပစ်လိုက်ဖို့ဆိုရင် မင်းစိတ်ထဲမှာ ဘယ်လိုနေမလဲ "
" စွန့်လွှတ်လိုက်ဖို့ ဟုတ်လား၊ ဘာဖြစ်လို့လဲ "
ထရေစီက အံ့အားသင့်စွာဖြင့် ဂျက်ကို ကြည့်ပြီး မေးလိုက်သည်။
အလျင်တုန်းကတော့ တို့နှစ်ယောက်ဟာ တစ်ယောက်တစ်ဘ၀စီ သီးခြားရပ်တည်ခဲ့ကြတယ်မဟုတ်လား၊ အခုတော့ အခြေအနေက ပြောင်းသွားပြီလေ၊ နှစ်ယောက်ပေါင်းတစ်ဘ၀ ဖြစ်လာကြညပီ၊ ဒီတော့ အန္တရာယ် ဖြစ်လာမှာကို မလိုလားတော့ဘူး၊ ဘာဖြစ်လို့ နောက်ထပ် အန္တရာယ်နဲ့ ရင်ဆိုင်တော့ မလဲ တို့အတွက် ဘ၀တစ်လျှောက်လုံး လိုအပ်မယ့် ငွေတွေလဲရှိနေပြီ၊ ဒီတော့ တို့ဒီအလုပ်က အနားယူဖို့ စဉ်းစား သင့်ပြီ မဟုတ်လား "

" ဒါဖြင့် ကျွန်မတို့ ဘာအလုပ် လုပ်ကြမှာလဲ ဂျက် "
" တစ်ခုခုလုပ်ဖို့တော့ စဉ်းစားရမှာပေါ့ "
ဂျက်က ပြုံးစိစိနှင့်ပြောသည်။
" လေးလေးနက်နက် စဉ်းစားစမ်းပါ မောင်ရယ်၊ ကျွန်မတို့ရဲ့ ဘ၀တစ်သက်တာကို ဘယ်လိုအသုံးချမှာလဲ"
" တို့ကြိုက်တာ ဘာမဆို လုပ်မှာပေါ့၊ ခရီးသွားမယ်၊ ၀ါသနာပါတာတွေ လုပ်မယ်၊ ရှေးဟောင်းသုတေသန ပညာ ကို ငါဝါသနာပါတယ်၊ တူနီးရှားမှာ ရှေးဟောင်းသုတေသနတူးဖော်မှုတွေ သွားလုပ်ချင်တယ်၊ ငါ့မိတ် ဆွေတစ်ယောက်ကို အဲဒီလုပ်ဖို့ ကတိပေးခဲ့ဖူးတယ်၊ တို့ တစ်ကမ္ဘာလုံးအနှံ့ လျှောက်သွားတာပေါ့ "

" အင်း တကယ့်ကို စိတ်ဝင်စားစရာပဲ "
" ကဲ ဒါဖြင့် မင်းဘက်က ဘာပြောချင်သေးသလဲ "
" မောင် ကြိုက်သလိုသာ စီစဉ်ပါလို့ပဲ ပြောချင်တယ် "
ထရေစီက ညင်ညင်သာသာလေး ဖြေလိုက်သည်။
" ဒါဖြင့် တို့ ဒီအလုပ်က အနားယူပြီဆိုတာ ရဲဘက်ကို တရားဝင် ကြေညာချက်ပို့ရင် ကောင်းမလားလို့ စဉ်းစားနေတာ "
နောက်တစ်နေ့တွင် ဂျက် အပြင်ထွက်နေစဉ် ဂန်သာဟာတော့က သူတို့ထံ တယ်လီဖုန်း လှမ်းဆက်သည်။
" နေကောင်းရဲ့လား ထရေစီ "
" ကောင်းပါတယ် ဂန်သာ "

ထရေစီ မည်သို့မည်ပုံ ဖြစ်သည်ကို ကြားသိရပြီး နောက်ပိုင်းတွင် ဂန်သာသည် သူတို့ထံနေ့စဉ် တယ်လီဖုန်း ဆက် သည်။
ထရေစီ က သူမနှင့် ဂျက်တို့ချစ်ကြိုက်ကြပြီး လက်ထပ်တော့မည့်အကြောင်းကို ဂန်သာအား အသိမပေး သေးဘဲ ထားရန် ဂျက်ကိုပါ နှုတ်ပိတ်ထားသည်။
" မင်းနဲ့ ဂျက်တို့နှစ်ယောက် အဆင်ပြေကြရဲ့လား "
ထရေစီက ပြုံးလိုက်ပြီးမှ တယ်လီဖုန်းထဲက ဖြေလိုက်သည်။

" သိပ်ကို အဆင်ပြေတာပေါ့ "
" ဒါဖြင့် မင်းတို့ နှစ်ယောက်တွဲပြီး အလုပ်ထပ်လုပ်ဖို့ စိတ်ကူးသေးသလား "
ထရေစီအဖို့ ထုတ်ပြောဖို့ အချိန်တန်လာပြီ။
" ဂန်သာ ... ကျွန်မတို့ အဲဒီအလုပ် မလုပ်တော့ဘူး။ စွန့်လွှတ်တော့မယ် "
တဖက်မှ အသံပြန်ပေါ်မလာဘဲ ခေတ္တငြိမ်သွားသည်။

" ငါတော့ နားမလည်နိုင်အောင် ဖြစ်နေပြီ ထရေစီ "
" ဂျက်နဲ့ ကျွန်မနဲ့ဟာလေ ဂျိန်းကာနေရဲ့ ဟိုတုန်းက ရုပ်ရှင်ထဲမှာ ပါနေကျစကားနဲ့ ပြောရရင် ရိုးရိုးဖြောင့် ဖြောင့်ပဲ လျှောက်လှမ်းတော့မယ် "
"ဘာ ... ဘယ်လို ... ဘာပြောတယ် "
" အဲဒါ ဂျက်ရဲ့ဆန္ဒပဲလေ၊ ကျွန်မကလဲ သဘောတူတယ်၊ အန္တရာယ်ရှိတာ စွန့်စားရတာတွေ မလုပ်တော့ ဘူး"
" ငါ စိတ်ကူးထားတဲ့ အလုပ်က မင်းတို့အတွက် ဒေါ်လာ နှစ်သန်းရမယ်၊ ပြီးတော့ ဘာအန္တရာယ်မှမရှိနိုင် ဘူးလို့ ဆိုကြပါစို့ "
" ရယ်စရာပါလား ဂန်သာရယ် "

" ငါ အလေးအနက်ပြောနေတာပါ ထရေစီ၊ မင်းတို့ အမ်စတာဒမ်မြို့ကိုသွားရမယ်၊ အခု မင်းတို့ ရောက်နေ တဲ့ မြို့ကလေးကဆိုရင် တစ်နာရီ ခရီးပဲရှိတယ်၊ ပြီးတော့ ... "
" ကျွန်မတို့အစား ဒိပြင်လူသာ ရှာပါတော့ ဂန်သာ "
ဂန်သာဟာတော့ သက်ပြင်းချလိုက်သည်။
" ဒီအလုပ်မျိုးလုပ်နိုင်မယ့်လူ မင်းတို့ကလွဲလို့ တခြားမရှိနိုင်ပါဘူး၊ အနည်းဆုံးဖြစ်နိုင် မဖြစ်နိုင်ဆိုတာ ဂျက်နဲ့ တိုင်ပင်ကြည့်ပါဦး "
" ကောင်းပြီလေ ... တိုင်ပင်ကြည့်ပါ့မယ်၊ ဒါပေမယ့် အကြောင်းတော့ ထူးမယ်မထင်ပါဘူး "
"ညနေကျရင် ငါ တယ်လီဖုန်းပြန်ဆက်မယ်လေ "

ဂျက် ပြန်လာသောအခါ ထရေစီက ဂန်သာယာတော့ တယ်လီဖုန်းဆက်သည့်အကြောင်း ပြောပြသည်။
" တို့ဟာ ဥပဒေကို လေးစားလိုက်နာတဲ့ နိုင်ငံသားတွေ ဖြစ်နေပြီဆိုတာ မင်း မပြောပြလိုက်ဘူးလား ထရေစီ"
" ပြောလိုက်တာပေါ့မောင်ရယ်၊ တခြားလူသာ ရှာပါတော့လို့တောင် ပြောလိုက်သေးတယ် "
" ဒါပေမယ့် သူက တခြားလူ မရှာချင်ဘူး မဟုတ်လား "
ဂျက် မေးလိုက်သည်။

" သူက ကျွန်မတို့ကိုပဲ လိုချင်တယ်တဲ့၊ ဘာအန္တရာယ်မှလဲ မရှိနိုင်ပါဘူးတဲ့၊ ကျွန်မတို့ အနည်းအကျဉ်း ကြိုးစား လုပ်ကိုင်လိုက်တာနဲ့ ဒေါ်လာ နှစ်သန်းရမယ်တဲ့ "
" သူ စိတ်ကူးထားတဲ့အလုပ်က ဖော့နော့စ်ရွှေတိုက်ကြီးလို လုံခြုံအောင် ကာကွယ်စောင့်ရှောက်ထားတဲ့ အလုပ်နဲ့ တူတယ် "
" ဒါမှ မဟုတ်လဲ ပရာဒိုပြတိုက်လိုနေရာမျိုးဖြစ်မှာပေါ့ "
ထရေစီက ပြောင်ချော်ချော် ပြောလိုက်သည်။

" ပရာဒိုမှာ မင်းလုပ်သွားပုံက တကယ်ကို သေသပ်ပိရိတယ် အချစ်ရယ်၊ အဲဒီမှာတင် မင်းကို ငါ စ ချစ်မိသွားတာပဲလို့ ထင်တယ် "
" ကျွန်မကတော့ မောင် ကျွန်မရဲ့ ပန်းချီကားကို ဖြတ်ခုတ်သွားတဲ့အချိန်မှာ မောင့်ကို စပြီး မုန်းမိတာပဲလို့ ထင်တယ် "
" အင်းလေ ... မင်းဘက်က မှန်ပါတယ်၊ တကယ်တော့ မင်း အဲဒီထက် အလျင်ကတောင်စပြီး မောင့်ကို မုန်း သင့်နေတာပါ "
" ဟုတ်တယ်နော်၊ ကဲ ဒါဖြင့် ကျွန်မတို့ ဂန်သာကို ဘာပြန်ပြောမလဲ "
" မင်း သူ့ကို ပြောလိုက်ပြီးပြီပဲ၊ တို့ ဒီအလုပ်မျိုး နောက်မလုပ်တော့ဘူးလေ "

"သူ ဘာတွေစဉ်းစားစီစဉ်ထားတယ်ဆိုတာ သိအောင်တော့ အနည်းဆုံး နားမထောင်သင့်ဘူးလား "
" ထရေစီ တို့နှစ်ယောက် သဘောတူထားတာက ... "
" ကျွန်မတို့ကလဲ အမ်စတာဒမ်မြို့ကို ပြန်သွားရမှာပဲ မဟုတ်လား "
" ဟုတ်တယ်လေ ဒါပေမယ့် ... "
" အင်းလေ ... ကျွန်မတို့ကလဲ အမ်စတာဒမ်မြို့ကို ရောက်မယ့် အတူတူတော့ သူ ဘာပြောချင်တယ်ဆိုတာ နားထောင်လိုက်ရင် မကောင်းဘူးလား "
" မင်း အဲဒီအလုပ်ကို လုပ်ချင်လို့လား ထရေစီ "
ဂျက်က သံသယမျက်လုံးဖြင့် ကြည့်ပြီး မေးလိုက်သည်။

" လုံးလုံးမလုပ်ချင်ပါဘူး၊ ဒါပေမယ့် သူ ပြောစရာရှိတာကို နားထောင်ရုံနဲ့တော့ ကျွန်မတို့အဖို့ ဘာမှ ထိခိုက်နစ်နာမသွားနိုင်ပါဘူးမောင်ရယ် "
ဂျက်နှင့်ထရေစီတို့သည် နောက်တစ်နေ့တွင် အပ်စတာဒမ်မြို့သို့ ကားဖြင့်သွားကြပြီး "အမ်ဆယ်"ဟိုတယ် ကြီးတွင် တည်းခိုကြသည်။
ဂန်သာဟာတော့သည် သူတို့နှင့်တွေ့ရန် လန်ဒန်မှ အမ်စတာဒမ်လို လေယာဉ်ဖြင့် ရောက်လာသည်။
အမ်ဆမ်မြစ်ထဲမှ အပျော်စီး အပန်းဖြေ သင်္ဘောတစ်စင်းပေါ်ရှိ စားပွဲတစ်လုံးတွင် သူတို့သုံးယောက်သည် သာမန် ကမ္ဘာလှည့်ခရီးသည်များသဖွယ် ရှုခင်းကြည့်ရင်း လိုက်ပါလာကြသည်။
" မင်းတို့ နှစ်ယောက် လက်ထပ်ကြတော့မယ်ဆိုလို့ ငါသိပ်ဝမ်းသာတယ်၊ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုကြိုဆို ပါတယ် "
ဂန်သာ က ပြောသည်။

" ကျေးဇူးပဲ ဂန်သာ "
ထရေစီက ပြန်ပြောသည်။
ဂန်သာ သဘောရိုးဖြင့်ပြောမှန်း ထရေစီသိသည်။
" မင်းတို့ရဲ့ အနားယူချင်တဲ့ ဆန္ဒကို ငါ လေးစားပါတယ်၊ ဒါပေမယ့် သိပ်ကောင်းတဲ့ အခွင့်အရေးကြီးတစ်ရပ် ငါ့စိတ်ကူး ထဲမှာ ရှိနေတယ်၊ လွယ်လွယ်လေးနဲ့ ငွေအများကြီးရမယ် "
" ကျွန်မတို့ နားထောင်နေပါတယ် ဂန်သာ"
ထရေစီက ထောက်ပေးလိုက်သည်။

ဂန်သာက ကိုယ်ကို ရှေ့သို့ ကိုင်းလိုက်ပြီး လေသံခပ်တိုးတိုးဖြင့် သူ့အစီစဉ်ကို စပြောတော့သည်။
သူ့အစီအစဉ် ဆုံးသွားသောအခါ ထပ်ပြောလိုက်ပြန်သေးသည်။
" အဲဒါကို မင်းတို့ရအောင် သယ်ထုတ်နိုင်ရင် ဒေါ်လာနှစ်သန်း "
" မဖြစ်နိုင်ပါဘူး "
" ဂျက်က ယတိပြတ် ငြင်းလိုက်သည်။

" ထရေစီ ... "
ဂျက်က ထရေစီကို လှမ်းခေါ်လိုက်သည်။
သူမ မကြား။
ထရေစီသည် ဟိုအဝေး မြစ်ပြင်ကိုငေးရင်း ထိုအစီအစဉ်ကို မည်သို့လုပ်လျှင်ဖြစ်နိုင်မည်နည်းဟုတွေးတော တွက်ဆနေလေပြီ။

ဆက်ရန်
.

1 comment:

KMC@ချင်းလေး said...

ထရေစီကိုတဖြေးဖြေးစိတ်ပျက်လာမိတယ်ဗျာ..။