Friday, September 2, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၄)

ထိုင်ခုံလွတ်ကလေး တစ်လုံး
ခင်မြမြ

၂၀၀၂ ခုနှစ်၊ အမေနေ့ ပြာသိုလပြည့်နေ့ ဓမ္မဗိမာန်မှာ ကျင်းပသည့်အတွက် အိမ်က တူ၊ တူမတွေနဲ့ နေ့လည် ၁၂ နာရီ မထိုးခင်ကတည်းက သွားခဲ့ပါသည်။ ဘဘ ဦးသုခလဲရောက်မှာမို့ ဦးဖုန်းမြင့်က စောင့်ခိုင်း ပါတယ်။ ဘဘနဲ့လည်း မိတ်ဆက်ပေးပါတယ်။

သမီးတို့ သူရိန်နန်းဘော်ဒါဆောင်မှာ နှစ်စဉ်အမေနေ့ကို ပြာသိုလပြည့်နေ့ ညတိုင်းမှာ ကျင်းပပြုလုပ် ကြောင်း ပြောပြတော့ ဘဘက ၀မ်းသာလွန်းလို့ သမီးရယ်လို့ စပြီးပြောပါတယ်။ မွေးမိခင်ကို ဂုဏ်ပြုတဲ့ပွဲ၊ သမီး ဂုဏ်ပြုပြီး ပွဲလုပ်မဲ့ သမီးရဲ့ အမေလဲရှိနေသေးတာမို့ တွေ့ရအောင် သမီးပွဲကို ညဘဘလာ ဖြစ်အောင် လာခဲ့မယ်လို့ ပြောပါတယ်။
ကျွန်မလဲအိမ်မှာ အမေနေ့ပွဲကျင်းပအုံးမှာမို့ ပြင်ဆင်စရာလေးတွေ ပြင်ဆင်ရအောင် ဓမ္မဗိမာန်မှာ ပြုလုပ် ဟောပြော နေတာ တွေကို ပြီးအောင်မစောင့်နိုင်ဘဲ ပြန်ခဲ့ရပါတယ်။
အဆောင်မှ ကျောင်းသူကျောင်းသားတွေကို ဟောပြောပြီးရင် ကြာဇံတိုက်မယ်၊ မွေးမိခင်ရဲ့ ဂုဏ်ကျေးဇူး တွေ ကို သီကျူးဟောပြောမဲ့ အမကြီး (ဒေါ်လှကြူ)ကိုလည်း ဖိတ်သေးတယ်။ ပြာသိုလကြီး ည ၇ နာရီမှာ ကျင်းပတဲ့ ပွဲမို့ အမေလာပြီး ထိုင်နိုင်ပါ့မလားလို့လဲ တွေးပူရင်း ဗျာများရပါတယ်။

ယောင်းမ ၀င်နီကတေ့ အပြုံးမပျက် မမမြရေ၊ ကျက်ဟောပြောပြီးမှ ကလေးတွေ ကျွေးတာပေါ့တဲ့၊ ကျော် ကျော် ဘဘဦးသုခလဲလာမယ်တဲ့ သူ့အတွက် နေရာခုံလေးပါ ပိုပေးပါအုံးလို့ မောင်လေးကို ပြောရတယ်။
ညပွဲကတော့စပါပြီ၊ ကလေးများကို သူတို့ရဲ့ မွေးမိခင်ကို မှန်းပြီး ပန်းဆီမီးများနှင့် ပူဇော်စေပြီးနောက်မှာ အမကြီး ဒေါ်လှကြူက အာဝဇ္ဇန်းရွှင်ရွှင်နဲ့ တုနိုင်းမရတဲ့ မိမာတာရဲ့ တစ်ပုဒ်များကို ကျူးရင့်ပြီး ဟောပြောပါ တယ်။ အဲဒီအချိန်ထိ ဘဘက ကြွရောက်မလာသေးပါဘူး။

ဆရာကြီး ဦးတင်မောင်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်၊ ယောင်းမ၀င်နီ၊ ကျောင်းသား ကျောင်းသူများက ကျွန်မ ရှေ့တွင် ထိုင်နေသော ကျွန်မ၏မေမေ ဒေါ်အေးရှင်ကို ထိုင်ကန်တော့ကြပါတယ်။ ပြီးတော့ ကလေး တွေ ရေးတဲ့ သူတို့ အမေ အတွက် သူတို့ရဲ့ ကဗျာမပီ၊ စာမညီတဲ့စာတို၊ ကဗျာတိုလေးတွေ စုပေါင်းစက်တင် ရိုက်နှိပ် ပေး တဲ့ အဆောင်မှူး ဦးသန်းဆွေက ပေးပါတယ်။ အဲဒီအချိန်အထိ ဘဘတို့က ပေါ်မလာခဲ့ပါဘူး။

နောက်တနေ့မှ ဦးဖုန်းမြင့်ကို မေးကြည့်တော့ ဘဘကပို့ခိုင်းပေမဲ့ ဘဘသိပ်နေမကောင်းလို့ ချော့ထားရတဲ့ အကြောင်း၊ အေးကလဲ အေးတဲ့အတွက် လိုက်မပို့တော့တဲ့အကြောင်း ပြောပါတယ်။
ဓာတ်ပုံထဲမှာတော့ ဘဘထိုင်ဖို့ နေရာလေးချန်ထားတာကို မြင်ရတော့ ဘဘကတော့ သမီးတို့ဆီ ဘယ်တော့မှ မလာနိုင်တော့ပေမဲ့ ဘဘပြောတဲ့ သမီးအမေနေ့ကို နှစ်စဉ်ပြုလုပ်ဖြစ်အောင်လုပ်နော် ဆိုတဲ့ စကား ကို သမီးနာခံလျှက်ပါ။ သမီးတို့ ဆီကိုလာမယ်ပြောလို့ ဘဘအတွက် နေရာထိုင်ခင်းလေးတွေ ပြင် ထားတာလဲ အမှတ်တရ ရှိနေဆဲပါ။
၂၀၀၂ ခုနှစ် သူရိန်နည်းပညာ့ဗိမာန်က အမေနေ့ပွဲဆို လာမယ်တဲ့ ပြောတဲ့ဘဘကတော့ မန္တလေးကို နောက်ဆုံး လာသွားတာပါ။ နောင်နှစ်တွေလဲ မန္တလေးကိုလာနိုင်ခြင်းမရှိတော့ဘဲ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့ မှာ ကွယ်လွန်သွားတာမို့ သမီးတို့ မန္တလေးတဖွဲ့သားလုံး ၀မ်းနည်းမဆုံးဖြစ်ကြရပါတယ်။
မြင့်မိုရ်တောင်ဦး နှစ်ဆကျူးသည်
ငြိမ်း (ရွှေလီ)

ကျွန်မ၏ မိဘများမှာ ဦးချးစ်လှိုင်နှင့် ဒေါ်ချစ်ပိုဖြစ်ပါသည်။ အမေ ဒေါ်ချစ်ပိုကို ၁၂၈၄ ခုနှစ်၊ " ပြာသိုလပြည့် " တနင်္လာနေ့တွင် ဖွားမြင်ပါသည်။ အမေ့အသက် ၃၄ နှစ်တွင် ကျွန်မကို မွေးဖွားပါသည်။ အမေ့ အသက် (၅၁)နှစ် ကျွန်မအသက် (၁၇)နှစ်တွင် ကျွန်မ မကျန်းမမာဖြစ်ပါသည်။ ကသာဆေးရုံမှ မန္တလေးဆေးရုံ သို့ ပြောင်းရွှေ့ကုသရာ မန္တလေးဆေးရုံတွင် (၇)လကြာမြင့်ခဲ့ပါသည်။ အပေါ်မှ သစ်ကိုင်း ကျိုးကျ လာ ဖိမိ၍ အာရုံကြောထိခိုက်ကာ လမ်းမသွားနိုင်တော့ပါ။

ဆေးရုံတွင် အချိန်ကြာမြင့်စွာ ဝေဒနာသည်သမီးကို ပြုစုခဲ့ ရသည့် အမေ့သောက၊ ဒုက္ခများကို ခန့်မှန်း၍ ကြည့်နိုင် ပါသည်။ ဆေးရုံမှ ဆင်း၍ အိမ်ပြန်ရောက်သည့် နောက်ပိုင်းတွင်လည်း ကျွန်မ၏ ကိစ္စအ၀၀ကို ခြေသိမ်းခေါင်းပိုက် အမေပင် ပြုစုရှာပါသည်။ သို့သော် တစ်ကြိမ်တစ်ခါမှ မညည်းညူခဲ့ပါ။ " ငါ့သမီးကို အမေ က နှစ်ခါပြန်မွေးရတယ်" ဟု အပြုံးမပျက်ပြောလေ့ရှိ ပါသည်။

" ငါ့သမီးလေး လမ်းမသွားနိုင်ချင်နေပါစေ၊ သူ့ဘာသာ ထိုင်နိုင်၊ ထမင်းစားနိုင်၊ ရေးချိုးနိုင်ရင်ကို ကျေနပ်ပါပြီ" ဟုလည်း ပြောတတ်ပြန်ပါသည်။ ကျွန်မမှာ မိခင်ကြီး၏ ကျေးဇူးတော် အနန္တကို ရင်နှင့်အမျှခံ စား ရသော်လည်း ကျေးဇူးဆပ်နိုင်ခဲ့သည်ဟူ၍ မယ်မယ်ရရ မရှိပါ။
ရန်ကုန်မှ မွေးရပ်မြေကျိုက်လတ်သို့ပြန်၍ ရဟန်းဝတ်ကာ မိခင်ကြီးအား ဆွမ်းခံကျွေးခဲ့သော ဘဘ၏လုပ် ရပ်ကို များစွာ လေးစားကြည်ညိုသော်လည်း ကျွန်မကတော့ စာမူခရသည့်အခါတိုင်းအမေကြိုက်သည့် အစား အသောက်များ ၀ယ်ကျွေးနိုင်ခြင်းသာ ရှိခဲ့ပါသည်။

အမေ သည် စီးပွားရေး၊ လူမှုရေး၊ မိသားစု အရေးများကြားမှ ကျွန်မ၏ ၀န်ထုပ်ဝန်ပိုးကို မငြိုမငြင် ထမ်းရွက် ပါသည်။ ကျွန်မ ကြိုက်တတ်သည့် ဟင်းကို ချက်ကျွေး၍ များများမစားလျှင် ...
" ငါ့သမီးက များများမစားတော့ အမေက ချက်ကျွေးရတာ အမောတောင် မပြေဘူး"ဟု ပြောတတ်ပါသည်။ အပျို ဘ၀က သီလရှင် (၃)၀ါရခဲ့သည့် အမေသည် တရားစကားပြောတတ်ပါသည်။ တရားနှလုံးလည်း သွင်း နိုင်ပါသည်။ သားသမီးများကိုလည်း တရားသဘောနှင့် ဆုံးမလေ့ရှိပါသည်။
ကျွန်မတို့က
" ဒုက္ခ"ဟုညည်းလျှင် ...
" ဒုက္ခလို့ မညည်းကောင်းဘူး။ ဒုက္ခဆိုတာ လူတိုင်း တွေ့ရမှာပဲ။ တရားနဲ့ ဖြေရတယ် "ဟု ပြောလေ့ရှိ ပါသည်။

*
၁၉၈၈ ခုနှစ်တွင် အမေသွေးတိုးရောဂါဖြင့် လေဖြတ်သွားပါသည်။ ရန်ကုန်၊ မန္တလေးအနှံ့ ဆေးကု သော်လည်း မပျောက်ကင်းပါ။ လူတွဲနှင့် လမ်းလျှောက်ရပြီး စကားလည်း မပြောနိုင်တော့ပါ။ မန္တလေးမှ အစ်မ က ပြောင်းလာရန်ခေါ်သော်လည်း ကျွန်မတို့က ရွာမှာပင် ဆက်နေကြပါသည်။ နောင်နှစ်နှစ် အကြာ တွင် အခြားရောဂါတစ်ခုကြောင့် အမေ့ကို ဗိုက်ခွဲကုသရန် အကြောင်းပေါ်လာပြန်ပါ သည်။ ချက်ချင်းခွဲရန် မဟုတ်ဘဲ အရေးကြီးချိန်ရောက်မှသာခွဲရမည်ဟုဆိုရာ ကျွန်မတို့ မန္တလေးသို့ ပြောင်းရွှေ့ရန် သင့်မသင့် စဉ်းစားရ ပါတော့သည်။

အမေက ငိုပါသည်။ အမေက ခေါင်းယမ်းပါသည်။ အကိုက တားပါသည်။ ကျွန်မတို့နှင့် အတူနေသော တူ၊ တူမ များလည်း မျက်နှာမကောင်းကြပါ။ မိသားစုဆန္ဒနှင့် ဆန့်ကျင်ကာ မန္တလေးသို့ပြောင်းရန် ကျွန်မ ဆုံးဖြတ် ခဲ့ပါသည်။ ရောဂါအရေးကြီးချိန်တွင် တောအရပ်၌ ငုတ်တုတ်ထိုင်ကြည့်ရင်း အမေ့ကို အသေ မခံနိုင်ပါ။ ဒေသ အသစ်တွင် မိသားစု ဘ၀အသစ်ကို ခါးစည်းရင်ဆိုင်ပါတော့မည်။ ၁၉၉၆ ခုနှစ်တွင် လေးဧက ကျယ် ၀န်းသော ဥယျာဉ်ခြံကြီးနှင့် အိမ်ကြီး၊ လယ်ယာ၊ ကျွဲနွား၊ အလုပ်အကိုင် အားလုံးကို စွန့်၍ ကျွန်မ တို့ မန္တလေးသို့ အပြီးပြောင်းရွှေ့ခဲ့ကြပါတော့သည်။ ကျွန်မ၏ ရင်တွင်းမှ မျက်ရည်များကို မည်သူမျှ မမြင် ခဲ့ကြပါ။ နောက်နှစ်တွင် အမေဗိုက်ခွဲရပါသည်။ ထိုရောဂါပျောက်ကင်းပြီး နောက်ထပ် ၈ နှစ်တိတိ အသက်ရှင် နေထိုင်သွားရသောကြောင့် အမေ့ကျန်းမာရေးအတွက် မိသားစု ဘ၀နှင့် ရင်းခဲ့သော ကျွန်မ၏ ဆုံးဖြတ် ချက် မှန်ကန်ခဲ့ပါသည်။

*
မန္တလေးအိမ်တွင် အစ်မ မိသားစုကလည်း အမေ့ကို ဂရုစိုက်ပါသည်။ ကျွန်မက အမေ နှင့် တစ်ခန်းတည်း နေ ကာ တူမလေးများနှင့် အမေ့ကို ပြုစုပါသည်။ အမေ့ကျန်းမာရေး အစားအသောက်မှစ၍ လိုအပ်ရာရကြို ကြည့်၍ ဆောင်ရွက်ပေးပါသည်။ လေဖြတ်ထားသော်လည်း အမေက သနပ်ခါးပန်းမာန်နှင့် ကြည်လင် ရွှင်ပျ စွာနေပါသည်။ ကျွန်မကိုလည်း သူနေကောင်းစဉ်သကဲ့သို့ပင် ဂရုစိုက်ပါသည်။
အမေလေဖြတ်ပြီး ၆ နှစ်အကြာ ၁၉၉၄ ခုနှစ်တွင် " မြင့်မိုရ်ဆောင်ဦး နှစ်ဆကျူးသည်" ခေါင်းစဉ်ဖြင့် အကြောင်းရေ နှစ်ရာကျော်ပါသော ကဗျာရှည်ကြီးတစ်ပုဒ်ကို ကျွန်မ ရေးပါသည်။ ထိုနှစ်မတ်လထုတ် " ရုပ် ရှင်အမြုတေမဂ္ဂဇင်း"တွင် ပါရှိခဲ့ပါသည်။ ကဗျာအဖွင့်တွင် ...

" အမေ "... တဲ့
တစ်ခွန်းတည်းနဲ့ အင်မတန်အားရှိတဲ့စကား
နှုတ်ဖျားမှာ တဖွဖွ
ဒုက္ခဖြစ်တော့လည်း " အမေ "
သုခဖြစ်တော့လည်း " အမေ "
" အမေ " လို့ မတဘဲ နေလို့ရတဲ့သူမရှိ။
လူရယ်လို့ပေါက်ဖွား စကားစသင်
မိခင်ကို " အမေ၊ အမေ" ဆိုတဲ့ စကားလုံး
အရင်ဆုံးတတ်ခဲ့တယ်မဟုတ်လား။
ဟု ကျွန်မရေးခဲ့ပါသည်။

အသက် ၈၆ နှစ်အရွယ်တွင် အမေ ကွယ်လွန်ပါသည်။ ၂၀၀၂ ခုနှစ်၊ မေလတွင် အမေ ဒုတိယအကြိမ် လေဖြတ်ပြီး ဦးနှောက်သွေးကြောပြတ်ကာ သတိလစ်ပြီး မေ့မြောနေပါသည်။ ဆေးရုံတင်၊ ထို့နောက် ပြန် ဆင်းလာပြီး အိမ်တွင်ပင် ပြုစုရပါသည်။ ကျွန်မက အမေ့ကုတင်ဘေးတွင် ကုလားထိုင်နှင့်ထိုင်ကာ ဘုရား၊ တရားစာ ရွတ်ပေးပါသည်။ အမေစကားပြန်မပြောနိုင်သော်လည်း ပြန်ပြောလာနိုးနိုးဖြင့် အမေ့ကိုခေါ်ကာ စကားဖွယ်ဖွယ်ရာရာ ပြောပါသည်။ 

နေ့စဉ် ကျွန်မ ထိုင်နိုင်သလောက် နှစ်နာရီကြာအောင် အမေ့အနီးတွင် နေပါသည်။ ဇူလိုင်လ (၈)ရက်နေ့တွင် အမေကွယ်လွန်ခဲ့ရာ ထိုနေ့လယ်က ခါတိုင်းကဲ့သို့ပင် အမေ့နားတွင် နှစ်နာရီကြာအောင် နေခဲ့ပြီး အခန်းထဲသို့ ကျွန်မ ပြန်ဝင်ခဲ့ရာ ခဏအကြာ၌ အမေ အသက်ရှူရပ်သွားခြင်း ဖြစ်ပါသည်။ ကျွန်မ စိတ်ဆင်းရဲမည် စိုး၍ ကျွန်မ မရှိသည့်အချိန်မှ နောက်ဆုံးထွက်သက်နှင့် ခွဲခွာသွားရှာ သည်ဟု ခံစားမိရာ အတိုင်းအဆမရှိ ကြေကွဲရပါသည်။

အမေကွယ်လွန်ချိန်တွင် အမေကလည်း ခြေထောက်ကျိုး၍ ကုသနေရသည့်အပြင် အမေ့အတွက် စိတ်ရော ဂါခံစားနေရသောကြောင့် ကျွန်မမှာ အဖေ့ကိုငဲ့ညှာကာ အားရအောင် မငိုနိုင်ဘဲ ကြိတ်၍သာ မျက်ရည်ကျ နေရပါသည်။ ကျွန်မ မခံစားနိုင်တော့ပါ။ အမေဆုံးပြီး နှစ်လခန့် အကြာ တစ်ခုသော ညသန်းခေါင်ကျော် တွင် " အမေရေ ... အမေရေ ... "ဟု အော်ခေါ်ကာ ပေါက်ပေါက်ကွဲကွဲ ငိုပါသည်။ ရင်ပွင့်အောင် အော်ဟစ် ငိုပါသည်။ မိသားစုသာမက အိမ်နီးချင်းများပါ လန့်နိုးကုန်ပါသည်။ နောက်နေ့တွင် ကျွန်မ ဆေးခန်းရောက် သွားပါတော့သည်။

နောက်လများတွင် စိတ်ကိုဖြေလျှော့ရင်း ၀တ္ထုရှည်တစ်ပုဒ် ကျွန်မရေးပါသည်။ ၂၀၀၃ ခုနှစ် မတ်လ ကလျာမဂ္ဂဇင်းတွင် ပါဝင်သော " မြင်းမိုရ်တောင်ဦး နှစ်ဆကျူးသည်" ၀တ္ထုရှည်ဖြစ်ပါသည်။ မကျန်းမာသော ဘ၀တွင် မိဘကျေးဇူးကို ကျေပြွန်အောင် ဆပ်နိုင်ရန် မလွယ်ကူပါ။ သားသမီးတိုင်းအဖို့ မိမိတို့ ကျန်းမာနေစဉ်တွင် မိဘကျေးဇူးကို အတတ်နိုင်ဆုံးဆပ်ကြရန် နှိုးဆော်ပန်ကြားလိုပါသည်။
*
အမေကွယ်လွန်စက အမေအမြဲပန်ခဲ့သော နားကပ်နှင့် ကျွန်မပန်ထားသော နားကပ်ကို ချွတ်ရောင်း၍ရ သောငွေနှစ်သောင်းကျပ် ကို မန္တလေးမြို့သစ်ရပ်ကွက်တစ်ခုရှိ မူလတန်းလွန်ကျောင်းကလေးအတွက် လိုအပ်နေသော အမိုးသွပ်များ ၀ယ်ရန် လှူဒါန်းခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် အစ်မကွယ်လွန်ပြီး ကျွန်မတို့ မြို့သစ်သို့ ပြောင်းရွှေ့ခဲ့ကြရာ အိမ်ရှေ့တွင် အုတ်ရေအိုးစင်လေးတစ်ခု တည်ထားပါသည်။ အမေ -ဒေါ်ချစ် ပိုနှင့် အစ်မ ဒေါ်ခင်ပွားတို့၏ ဒါနဟု ရည်ရွယ်ကာ "ငြိမ်းချမ်းရေး ရေအိုးစင် ပို+ပွား" ကောင်းမှုဟု ကမ္ဗည်း ထိုးထားပါသည်။ နေ့စဉ်ရရှိသည့် ကုသိုလ်အဖို့ကို အမေနှင့်အစ်မအား အမျှဝေပါသည်။
ပြာသိုလပြည့်အမေနေ့တွင် ဆုပေးပွဲကျင်းပရာ ကျွန်မ မတက်ရောက်နိုင်တော့ပါ။

ဆရာ မောင်သင်းပန်က ကျွန်မကိုယ်စား ဆုယူပေးကာ ပြိုင်ပွဲစီစဉ်သူ ဆရာမိုးသျှမ်းနှင့် အိမ်သို့ လာရောက်ပို့ပေးကြပါသည်။ ဆုကြေးငွေ (၇၀၀၀၀ိ/-)ခုနစ် သောင်းကျပ်အပြင် လက်မ ၂၀ ခန့် အမြင့် ရှိသော သစ်သား ပန်းပုရုပ် ကလေးလည်း ပါလာပါသည်။ ရင်သွေးငယ်ကို အနှီးနှင့်ပတ်၍ ပခုံးပေါ်တွင် ထမ်း ထားသော မိခင်ပန်းပုရုပ် ကိုမြင်လိုက်ရရာ အမေက ကျွန်မကို ထမ်းချီထားသည့်နယ် ခံစားရပြီး ၀မ်းသာဝမ်းနည်း ခံစားရပါသည်။ ထိုပန်းပုရုပ်ကလေးကို မှန်ဘုရားဆောင်နှင့် ထည့်ကာ ကျွန်မ၏ ကုတင်ခေါင်းရင်းတွင်ထားပါသည်။ အမေ့ ကိုရည်မှန်းကာ အမြဲကန်တော့ပါသည်။ ကဗျာစာရွက်ကိုလည်း ပလပ်စတစ်လောင်းကာ ပန်းပုရုပ်အောက် တွင် ချိတ်ထားပါသည်။

အမေ့အကြောင်း စာရေးတိုင်း အမေ့ကျေးဇူးကို အထူးထုတ်ဖော်ဂုဏ်ပြုခြ့သော ဘဘကို အမြဲသတိရပါ သည်။ ကျွန်မ၏ စာကလေးများကို ဘဘဖတ်ရလျှင် နှစ်သက်မည်ဟုလည်း ထင်မိပါသည်။ ယခု ဆုရကဗျာ လေးကိုလည်း ဘဘသာဖတ်ရလျှင် နှစ်သက်လိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြင့်မိုရ်တောင်ဦးအမိကျေးဇူးတဲ့
ဘုရားနှင့်နှိုင်းတစ်ဂိုဏ်းတည်းသာ
ငါ့သမီးကိုအမေက နှစ်ခါပြန်မွေးရသတဲ့
ကလေးနီတာရဲ "အူဝဲ"တုန်းကတစ်ခါ
ဆယ့်ခုနစ်နှစ်သမီး သစ်ကိုင်းကြီးဖိမိတော့တစ်ခါ
တစ်ဘ၀မှနှစ်ခါမွေး နှစ်ဆကျေးဇူးရှင်အမေပါ
ပန်းကလေးကို ပိုးကိုက်ချ အညွန့်ကျိုးရပေါ့
ငါ့သမီးဒုက္ခ လဲလို့များ ရရင်
ယူငင်မနှေး အမေခံပေးပါရဲ့ကွယ်တဲ့
သမီးစိတ်နဲ့အမေ့ခြေ၊ သမီးစိတ် နဲ့ အမေ့လက်
ဒုက္ခခရီးဆက်ကြလို့ နှစ်ပေါင်းနှစ်ဆယ်ကြာ
ခုနှစ်ဆယ်ကျော်အမေဟာ
ခန္ဓာတစ်ခြမ်းလေဖြတ်
စကားလည်းမပီတတ်တော့ဘူး။
တောင်ဝှေ့လဲတော့ ဖိုးသူတော်မထူနိုင်
ဒယီးဒယိုင်အမေ့သမီး
အရိုးချည်း ပိန်လှချည်းလား ရယ်လို့
ကြက်သားတုံးကြီးတွေထည့်ထည့်ကျွေး
အမေ့မေတ္တာအေးပေမယ့် သမီးငိုခဲ့ရတယ်။
ဘ၀နိဂုံးနောက်ဆုံးအချိန်တွေ
မေ့မြောနေတဲ့အမေ့နား သမီးထိုင်စောင့်
တစ်အောင့်လေးလစ်ဟာခိုက်
အပြီးအပိုင်ထွက်သွားလိုက်တာ
သမီး သိမှာစိုးလို့လား အမေရယ်။
သြော် နောက်ဘ၀မှာ အမေ့ကျေးဇူးအထူးဆပ်ပါရစေ
သမီးပြုသမျှကုသိုလ်များ
အမေကောင်းရာလားပါစေ။    ။

ဆက်ရန်
.

No comments: