(၂၈)
ရေခန်းနေသော သဲချောင်းအတိုင်း အရှေ့ဘက်သို့ သူတို့ ထွက်လာကြသည်။ သဲချောင်း၏ သဲပြင် အောက် တွင် ရေရှိနေပြီဖြစ်၍ ညဘက်လာခဲ့ရသော ခရီးများလို ကတိုက်ကရိုက် အပြင်းအထန် ခရီး နှင်စရာ မလိုတော့ပေ။
နံနက် နေမထွက်ခင် သူတို့ စတင် ခရီးထွက်ကြသည်။ နေ့ခင်းပိုင်း နေပူပြင်းချိန်တွင် အရိပ်အာဝါသ၌ ခိုလှုံပြီး ညနေပိုင်းတွင် ခရီးပြန်ထွက်ကြရာ ညအမှောင်ထု လွှမ်းမိုးလာသည်အထိ ဖြစ်သည်။ ဟာနီက စင်တိန် အား တူးဆွနေသာ တုတ်ချောင်း တစ်ချောင်း လုပ်ပေးပြီး မြေအောက်မှ သစ်ဥ သစ်ဖုများ ရှာဖွေ ဖော်ထုတ် ပုံ ကို လက်တွေ့ သင်ပေးသည်။
ညနေပိုင်းခရီး တွင် အိုဝါက ရှေ့မှ သွားနှင့်သည်။ အိုဝါသည် ငှက်ကုလားအုပ် အသိုက်ကို ရှာကာ ဥ နှိုက်ရန် ရှေ့မှ ခပ်သွက်သွက်သွားခြင်း ဖြစ်သည်။ ဟာနီနှင့် စင်တိန်က နောက်မှ အချီအချ စကားပြောပြီး လိုက်ပါ လာသည်။
"ဟင့်အင်း ဟင့်အင်း ... နမ်ချိုင်း၊ တစ်နေရာတည်းက သစ်ဥနှစ်ခု မတူးရဘူး၊ တစ်ခုတူးယူယင် တစ်ခုချန်ထားခဲ့ရတယ်၊ အလျင်ထဲက ငါပြောထားခဲ့သားပဲ" ဟာနီက ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ"
"တစ်ခု ကို ကလေးတွေအတွက် ချန်ထားခဲ့ရမှာပေါ့"
"ကလေးမှ မရှိတာ"
"နောက်တော့ ရှိလာမှာပေါ့၊ သူတို့အတွက် တို့က မချန်ထားခဲ့ယင် သူတို့ ဆာလောင်မွတ်သိပ်လာ တဲ့အခါ တို့ကို ဘာပြောကြမလဲ၊ ကျိန်ဆဲကြမှာပေါ့"
"သစ်ပင်တွေ အများကြီး၊ သစ်ဥသစ်ဖုတွေ အများကြီးပဲ ဟာနီရယ်"
"အိုဝါက ငှက်ကုလားအုပ်အသိုက်တွေ့ယင် ဥတွေ အကုန်မယူပဲ တချို့ ချန်ထားလိမ့်မယ်၊ မင်းလဲ သစ်ဥ သစ်ဖု နှစ်ခုတွေ့ယင် တစ်ခုချန်ထား၊ မင်းရဲ့သားက သန်သန်မာမာနဲ့ ကြီးပြင်းလာပြီး သူ့သားသမီးတွေကို မင်း နာမည် ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြလိမ့်မယ်"
သူတို့ ဆက်လျှောက်ကြပြန်သည်။ ဟာနီက မြေအောက်မှ ဥတစ်မျိုးကို တူးပြီး စင်တိန်အား ပေး လိုက်သည်။ စင်တိန် ကြိုက်သော အင်ဥများ ဖြစ်နေ၍ စင်တိန် ပျော်သွားသည်။
ညပိုင်းတွင် တဲအောက်၌ အိပ်ကြချိန်တွင် စင်တိန်သည် အန်အား သတိရမိသည်။ သူ့အိမ်သူ့ယာနှင့် သူ့ ပတ်ဝန်းကျင် အသိုက်အ၀န်းကို သတိရလာသည်။
စင်တိန့်ဗိုက်ထဲမှ သန္ဓေသားငယ် သည် ပိုကြီးလာပြီး ပိုလှုပ်လာသည်။ ရင်သားများက ပိုမိုပြည့်ဖြိုး ထွားကျိုင်း လာသည် ကို စင်တိန် သတိထားမိလာသည်။
သူတို့ ခရီးစဉ်တွင် တဖြည်းဖြည်းနှင့် ဘေးနှစ်ဘက်၌ တောများ တောင်များ ပေါ်ထွက်လာသည်။ ခြောက်သွေ့ ပူပြင်းသော သဲကန္တာရကြီးထဲမှ တောရိပ်တောင်ရိပ်များဆီသို့ ရောက်လာသည်။ နေ့ခင်း ပိုင်း များတွင် အိုဝါသည် သစ်ပင်တစ်ပင်အောက်သို့ တစ်ယောက်တည်း သွားထိုင်ကာ ရှေ့တွင် နွားသားရေကို ချပြီး ဓားတစ်လက်ဖြင့် တစ်ယောက်တည်း အလုပ်များတတ်သည်။ မြားတံလုပ်ပုံ၊ မြားထိပ်ဖူးလုပ်ပုံ၊ အဆိပ် လူးပုံ၊ တပ်ဆင်ပုံ များကို အိုဝါက စင်တိန့်အား သင်ပေးသည်။
ချောင်းရိုး၏အဆုံး မတ်စောက်သော ကမ်းပါးထိပ်ပြင်ညီသို့ ရောက်သောအခါ ယာယီတဲစခန်း ထိုးကြ သည်။ ထိုစခန်းသည် ယခင်တဲစခန်းများထက် ပိုမိုခိုင်ခံအောင် ထိုးထားမှန်း စင်တိန် သတိပြုမိသည်။
"ကျွန်မတို့ ဘာဖြစ်လို့ ဒီနေရာမှာ ရပ်နေကြတာလဲဟင်" စင်တိန်က မေးလိုက်သည်။
"တို့ ဟိုကို ဖြတ်သန်းဖို့ ဒီနေရာက စောင့်ရလိမ့်မယ်"
"ဘယ်ကို ဖြတ်မှာလဲ၊ ကျွန်မတို့ ဘယ်ကိုသွားမှာလဲ" စင်တိန်က မေးလိုက်သည်။
ဟာနီက အရှေ့ဘက်မိုးကုပ်စက်ဝိုင်းဆီသို့ လက်ညှိုးထိုးပြပြီး တစ်စုံတစ်ခုကို ပြောလိုက်သည်။ "မည်သည့် အရာမှ မသေဆုံးသော နေရာ" ဟု စင်တိန် အဓိပ္ပာယ် ကောက်ယူလိုက်သည်။
စင်တိန့် သန္ဓေသားမှာ ပိုမိုကြီးထွားလာရာ တစ်ခါတစ်ရံ စင်တိန်အဖို့ အသက်ရှူပင် ကျပ်လာသည်။ စင်တိန်သည် သူ့နေရာတွင်သူ ပက်လက်လှန်ကာ တွေးနေသည်။ မိမိနှင့် မိုက်ကယ် အတူအိပ်ခဲ့ သည်မှ ယခု အထိ နေ့ပေါင်းရက်ပေါင်း မည်မျှကြာလာပြီကို တွက်ကြည့်သည်။ အတိအကျ မမှတ်မိ တော့။ သို့သော် မိမိမွေးဖွားဖို့ နီးလာပြီဟုတော့ ထင်သည်။ ဟာနီက စင်တိန့်ဗိုက်ကို အသာပွတ်သပ် စမ်းသပ်ရင်း စင်တိန့်ခန့်မှန်းချက် မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။
"ကလေးက အောက်ကို အတော် လျှော်ဆင်းနေပြီ၊ လှုပ်ရှားရုန်းကန်တာလဲ သိပ်သန်တယ်၊ ယောက်ျား လေး ဖြစ်လိမ့်မယ် နမ်ချိုင်း"
ဟာနီက စင်တိန်အား ခေါ်ပြီး မွေးဖွားလျှင် လိုအပ်မည့် သစ်ဥသစ်ဖုများ ဆေးပင်များကို လိုက်ရှာကာ အသင့် စုဆောင်း ထားသည်။
"ဗိုက်ထဲက ကလေးအဖေက ဘယ်မှာလဲ နမ်ချိုင်း"
ဟာနီက မေးလိုက်သည်။ သို့သော် စင်တိန့်မျက်လုံးအိမ်ထဲ၌ မျက်ရည်များ ဝေ့၀ိုင်းလာသည်ကို မြင်လိုက် ရသော အခါ ဟာနီကပင် သူ့ဘာသာသူ အဖြေထုတ်ပြောကြားလိုက်သည်။
"ဒီကမ္ဘာမြေကြီး က ဟိုမြောက်ဘက်ဆုံ အရပ်မှာ သူ သေသွားပြီပေါ့ ဟုတ်လား"
"ကျွန်မ မြောက်အရပ် က လာတယ်ဆိုတာ ဘယ်လိုလုပ်သိသလဲ"
"သဲကန္တာရထဲက တို့ဆန်လူမျိုးတွေထက် မင်းကိုယ်ခန္ဓာက အများကြီး ပိုကြီးတယ်၊ ဒါကြောင့် မင်းဟာ အစားအစာ ပေါများတဲ့၊ မိုးကောင်းတဲ့၊ စားမှုနေမှုအဆင်ပြေတဲ့ အရပ်က လာတာပဲ ဖြစ်ရမှာ ပေါ့၊ မိုးရွာ စေတဲ့ လေဟာ တို့ဆီကို မြောက်ဘက်က လာတယ်၊ ဒါကြောင့် မင်းဟာ မြောက်ဘက်က လာတယ်ပဲ ဖြစ်ရမှာ ပေါ့"
ဆန်လူမျိုးတို့အဖို့ ရေသည် အသက်ပင် ဖြစ်သည်။
"ကျွန်မ အဝေးကြီးက ရောက်လာတယ်ဆိုတာကော ဘယ်လိုလုပ် သိသလဲ"
စင်တိန်က ဟာနီအဖြေကို သဘောကျပြီး အပြုံးဖြင့် မေးလိုက်သည်။
"မင်းအသားရေက ဖြူဖပ်ဖြူရော်နဲ့၊ တို့ဆန်လူမျိုးတွေလို မမည်းဘူး၊ ဒါကြောင့် မင်း အဝေးကြီးက အေးတဲ့ အရပ် က လာတယ်ဆိုတာကို သိတာ"
"ကျွန်မလို လူမျိုး အလျင်က တွေ့ဖူးသလား၊ ကျွန်မ အသားအရောင်မျိုးနဲ့ ကျွန်မ ကိုယ်ခန္ဓာမျိုးလေ"
စင်တိန် က အားတက်သရော မေးလိုက်သည်။ အဘွားကြီးက တစ်ဘက်သို့ လှည့်သွားပြီး ငေးမော သွားသော အခါ စင်တိန်က ဟာနီလက်ကို လှမ်းကိုင်လိုက်ပြီး မေးလိုက်ပြန်သည်။
"ကျွန်မကို ပြောပြစမ်းပါဦး အမေကြီးရယ်၊ ကျွန်မလို လူမျိုးကို ဘယ်မှာ တွေ့ဖူးသလဲ၊ ဘယ်ဘက် အရပ် မှာလဲ၊ ဘယ်လောက်ဝေးသလဲ၊ ကျွန်မ သူတို့ဆီ သွားလို့ရနိုင်မလား၊ ပြောစမ်းပါဦး"
ဟာနီမျက်နှာက ညှိုးငယ်သွားပြီး မျက်လုံးအိမ်က ရီဝေလာသည်။ အတန်ကြာမျှ ငြိမ်သက်နေသည်။
"ပြောပါဦး ဟာနီရယ်၊ ပြောစမ်းပါဦး"
"ရှေးလူကြီးတွေ ပြောသွားတာကို တို့ ကြာဖူးလိုက်တာပဲ ရှိပါတယ်၊ ငါကိုယ်တိုင်တော့ အဲဒီလူတွေကို မမြင်ဖူးပါဘူး၊ သူတို့ ဘယ်မှာ ရှိတယ်ဆိုတာလဲ ငါမသိဘူး၊ သူတို့ဟာ ခြင်္သေ့တွေလို ကြောက်စရာ ကောင်းပြီး ကင်းမြီးကောက်တွေလို အဆိပ်ပြင်းထန်တယ်၊ တို့ ဆန်လူမျိုးတွေက သူတို့နဲ့ မတွေ့ရ အောင် ပုန်းရှောင် နေကြတယ်"
ဟာနီ လိမ်ပြောနေမှန်း စင်တိန် သိလိုက်သည်။ ဟာနီသည် သူ့အိတ်နှင့် တုတ်ကို ကောက်ယူပြီး ထွက်သွားရာ ညနေခင်း နေ၀င်မှ ပြန်ရောက်လာတော့သည်။
ထိုညက စင်တိန် မြင်ခင်းအိပ်ရာပေါ်တွင် အိပ်ပျော်သွားသောအခါ ဟာနီက အိုဝါအား တိုးတိုးလေး ပြော လိုက်သည်။
"ကလေးမကလေးက သူ့လူမျိုးတွေကို လွမ်းနေတယ်ရှင့်"
"ငါလဲ သိပါတယ်၊ သူတောင်ဘက်ကို ငေးကြည့်ပြီး ၀မ်းနည်းနေတာကို ငါတွေ့ခဲ့ရတယ်"
"အဲဒီ အသားဖြူ လူ့ဘီလူးကြီးတွေနေရာကို ရောက်အောင် သွားယင် ဘယ်လောက်ကြာမလဲ"
"လတစ်ခါ ထွက်လောက် လဆုတ်လဆန်းတစ်ခါစာလောက် ကြာမယ်"
"ကျွန်မ မသေခင်မှာ ကလေးငိုသံတော့ တစ်ခါလောက် ကြားသွားချင်သေးတယ် အဖေကြီးရယ်"
နောက်ဆုံး ဟာနီက သူ့ဆန္ဒကို ထုတ်ဖော် ပြောလိုက်ရာ အိုဝါက ခေါင်းညိတ် သဘောတူ လိုက်သည်။ သူတို့နှစ်ဦး၏ မျက်နှာများကို အရှေ့ဘက်သို့ မူလိုက်သည်။ အမှောင်ထုထဲမှ နေ၍ အားလုံးသော အသက်များ ဘ၀များ၏ နေရာ၊ သို့မဟုတ် မသေသော အရပ်ဆီသို့ မှန်းဆကာ စိုက်ကြည့်နေကြသည်။
အိုဝါ၊ ဟာနီနှင့် စင်တိန်တို့ ထိုနေရာတွင်ပင် စခန်းချ စောင့်ဆိုင်းရင်း အေးအေးဆေးဆေး နားနေသည်။ တစ်ညနေခင်းတွင် ကောင်းကင်၌ တိမ်ညိုတိမ်မည်းများ ယှက်သန်းလာခဲ့ပြီး မိုးရိပ် ဆင်လာသည်။ ထိုညတွင် အိုဝါက မိုးနတ်သားအား ပူဇော်ပသပြီး မိုးအခ်ါအကကိုကသည်။ သို့သော် နောက်တစ်နေ့တွင် မိုးရိပ်မိုးအဆင်များ လွင့်ပြယ်သွားပြန်သည်။ ပူပြင်းသော ဒဏ်ကြောင့် စင်တိန့် ပါးပေါ်တွင် ချွေးများ စီးကျ လာသည်။ ဗိုက်ထဲမှ သန္ဓေသားကို လွယ်ထားရသည်မှာလည်း ပိုမို လေးလံလာသည်။ ထို့ကြောင့် "မိုးရယ်ရွာပါတော့" ဟု နေ့စဉ် နေ့တိုင်း ရေရွတ်ဆုတောင်းမိသည်။
တစ်မနက်တွင် ကောင်းကင်၌ မိုးတိမ်များ အတိ ဖုံးလာသည်။ မိုးပေါက်တစ်စက်က စင်တိန့်နဖူးပေါ် ကျလာ သည်။ မိုးသီးမိုးပေါက်က ကြီးမားလှသဖြင် စင်တိန်နောက်သို့ပင် ယိမ်းယိုင်သွားကာ အံ့အား သင့်ပြီး အော်လိုက်မိသည်။ ထိုနောက် မိုးသည်းထန်စွာ ရွာသွန်းတော့သည်။ စင်တိန်နှင့်တကွ အိုဝါနှင့် ဟာနီ တို့ မိုးရေကိုပါးစပ်နှင့်ခံပြီး သောက်ကြကာ တစ်ဝချိုးကြသည်။ မိုးရေချိုးရင်း မိုးနတ်သားအား အက ဖြင့် ကောင်းချီးသြဘာပေးပူဇော်ကြသည်။
မိုးက သူတို့အား ဘ၀သစ်နှင့် ခွန်အားသစ်များကို ပေးစွမ်းလာသည်။ ရေခန်းနေသော သဲသောင်ထဲ တွင် အ၀ါရောင် ရေများ ဒလဟောစီးဆင်းလာကာ ကမ်းပါးနှစ်ဘက် ရေအပြည့် ဖြစ်သွားသည်။ ချောင်းရေစီး ထဲတွင် တိရစ္ဆာန် အသေကောင်များ မျောပါလာသည်ကို တွေ့မြင်ရသည်။ သူတို့ ရေလွတ်ရာ အမြင့်ဘက်ဆီသို့ ပြောင်းရွှေ့ကြရသည်။ ထိုနေ့တစ်နေ့လုံးနှင့် တစ်ညလုံး မိုးအဆက် မပြတ် ရွာသွန်း နေသည်။
"မိုးကလဲမစဲတော့ဘူးလား"
ခိုက်ခိုက်တုန်နေသော စင်တိန်က မေးရိုက်သံဖြင့် ပြောလိုက်သည်။
"မိုးရယ် တိတ်ပါတော့"
အိုဝါ က ဆုတောင်းအသနားခံလိုက်သည်။
နောက်တစ်နေ့ နံနက်စောစောတွင် မိုးတိတ်သွားသည်။ နေ့ခင်းပိုင်း ရောက်သောအခါ ယမန်နေ့က ပြည့်လျှံ နေသော ချောင်းရေများ လုံဝ မရှိတော့ချေ။
"မိုးနတ်သား က တို့အတွက် လမ်းဖွင့်ပေးလိုက်ပြီ၊ ကဲ ... ခရီး ဆက်ဖို့ ပြင်ကြဆင်ကြပေတော့၊ မနက် အာရုဏ် တက်ချိန်မှာ တို့ခရီးစထွက်မယ်"
သူတို့ ခရီးစထွက်လာသော ပထမနေ့မှာပင် ပတ်ဝန်းကျင်အသစ်ထဲသို့ ရောက်ရှိသွားသည်။ အာဖရိက တိုက်တစ်ခု တည်းအတွင်း၌ ထိုသို့ ပတ်ဝန်းကျင်အခြေအနေချင်း ခြားနားနေသည်ကို တွေ့ရသောအခါ စင်တိန် မယုံကြည်နိုင်လောက်အောင် ဖြစ်င်္ရသည်။ ကုန်းမြင့်များပေါ်တွင် ပင်ခြောက်များ ပေါက်ရောက် နေသည်။ တောင်များ၊ ချိုင့်ဝှမ်းများ၊ သစ်တောများ၊ ချုံပုတ်များဖြင့် ပတ်ဝန်းကျင် အသွင်အပြင် လုံးဝ ပြောင်းသွားသည်။ တောင်ကြား ချိုင့်ဝှမ်းများတွင် မြက်ခင်းများ စိမ်းစိုနေသည်။ တောပန်း အမျိုးမျိုး ကလည်း မကြာခင်က ရွာခဲ့သော မိုးကြောင့် ပွင့်လန်းဝေဆာလာ သည်။
ယခု အရှေ့ဘက်ခရီးစဉ်မှာ အနောက်ဘက် လွင်တီးခေါင်ခေါင် ခရီးစဉ်နှင့် မတူဘဲ သက်သောင့် သက်သာ ရှိလှသည်။ နေ့စဉ်နေ့တိုင်း ပတ်ဝန်းကျင်၌ တိရစ္ဆာန်အသစ်များကို တွေ့လာရသည်။ တစ်နေ့ တွင် အိုဝါသည် အလွန်မြင့်သော သစ်ပင်ကြီး တစ်ပင်ပေါ်သို့ တက်ပြီး ပျားများ မရှိသော ပျားလဘို့ကြီးကို ယူချ လာသည်။ ချိုမြိန်မွှေးပျံ့သော ပျားရည်များ သူတို့ သောက်ကြရသည်။
တစ်ညတွင် ကြောက်စရာကောင်းသော အသံတစ်သံကြောင့် စိင်တိန် လန့်နိုးသည်။ ခြင်္သေ့ ဟောက်သံ မှန်း သိရသောအခါ သူမ ပိုကြောက်လာသည်။ သူတို့သုံးဦး မီးဖိုတွင် မီးအဆက်မပြတ် ထည့်ကာ မီးပုံနား ကပ်နေကြသည်။ ခြင်္သေ့တစ်ကောင် ရောက်လာသော်လည်း မီးပုံနှင့် ခပ်လှမ်းလှမ်းမှ ၀ိုင်းချပတ် လျှောက်နေပြီးောက် ပြန်ထွက်သွားသည်။
ကိုးရက်မြောက်သောနေ့တွင် သစ်တောတစ်တောထဲသို့ ၀င်လုဆဲဆဲ၌ ခရာမှုတ်သံနှင့်တူသော အသံတစ်သံ ကို ကြားရသည်။ အိုဝါက လေလာရာဘက်သို့ နားစွင့်ထောင်လိုက်သည်။ ထိုနောက် အလွန်မြင့်သော သစ်ပင်ကြီးတစ်ပင်အောက်သို့ သွားပြီး ၀န်စည်စလွယ် ပစ္စည်းများကို သစ်ပင် အောက်ခြေ ၌ ပုံလိုက်သည်။ စင်တိန်ကို "လာ ... လိုက်ခဲ့" ခေါ်ကာ အချက်ပြလိုက်ပြီး အိုဝါက သစ်ပင် ပေါ်သို့ မျောက်တစ်ကောင်လို တက်သွားသည်။ စင်တိန်သည် ကိုယ်ဝန်ကြီးနှင့်ဖြစ်၍ ခက်ခက်ခဲခဲ လိုက်တက် ရသည်။
သစ်ပင်ထိပ်ဆုံး ခွကြားသို့ ရောက်ရှိသောအခါ ရေအိုင်ဘေးဘက်ရှိ မြက်ခင်းပြင်ဆီသို့ လှမ်းမျှော် ကြည့် လိုက်သည်။
"ဟာ ... ဆင်အုပ်ကြီးပါလား"
စင်တိန် အထိတ်တလန့် ရေရွတ်လိုက်မိသည်။ ဆင်အုပ်ကြီးသည် ရေရှိရာသို့ တောင်ပေါ်မှနေ၍ ဆင်ခြေ လျှော အတိုင်း ဆင်းလာနေသည်ကို တွေ့ရသည်။ နှာမောင်းကြီးများ တယမ်းယမ်းဖြင့် ရေအနံ့ခံ လာ ကြသည်။
(၂၉)
လိုသာဒီလာရေး သည် ကူနီနီမြစ်ကို ဖြတ်ကျော် ထွက်လာခဲ့ပြီးနောက် သုံးရက်အကြာတွင် ဆင်အုပ်၏ ခြေရာများကို တွေ့ရှိရသည်။ လိုသာနှင့် သူ့နောက်လိုက် အိုဗန်ဘိုလူမျိုးတစ်စုံသည် ထိုနေရာတစ်ဝိုက်၌ လူခွဲဖြန့်ကြက်ပြီး ဆင်ခြေရာများကို အသေးစိတ် လေ့လာ စူးစမ်းကြသည်။ ထို့နောက် လူများ ပြန်စုမိသောအခါ လိုသာက သူ့လက်ထောက်ဖြစ်သူ အိုဗန်ဘိုအကြီးအကဲအား ခေါင်းဆိတ်ခေါ်လိုက်ပြီး ပြော လိုက်သည်။
"ကဲ ... မင်းအမြင် ပြောစမ်းပါဦး ဟင်းဒရစ်"
အိုဗန်ဘိုအကြီးအကဲ ဟင်းဒရစ်သည် လိုသာနီးပါး အရပ်မြင့်သည်။ သို့သော် ပခုံးသားကြီးများက လိုသာထက် ပို၍ တုတ်ခိုင်သည်။ အသားအရောင်က မည်းနက်သော်လည်း ချောမွေ့သည်။
"ဆင်အုပ်ကတော့ အုပ်ကြီးပဲ၊ အမ အကောင် ၄၀ ရှိတယ်၊ ဆင်ပေါက်ကလေးတွေလဲ ပါတယ်၊ အထီးက ရှစ်ကောင်ပါတယ်၊ ဆင်အုပ်ရဲ့ ခေါင်းဆောင် ဆင်ကြီးက အသက် သိပ်ကြီးနေပြီဆိုတော့ အသွားနှေး နေပြီ၊ အသက် သိပ်ကြီးနေပြီဆိုတော့ အစားအစာတောင် ကောင်းကောင်း မ၀ါးနိုင်တော့ ဘူးဆိုတာ သူ စွန့်သွားတဲ့ မစင်တွေ ကြည့်ရတာနဲ့ သိတယ်၊ လမ်းလျှောက်ယင် ရှေ့ခြောက်ထောက် ပေါ်မှာ သိပ်ပြီး အားပြု လျှောက်နေရတယ်၊ အစွယ်က သိပ်ကြီးတော့ ခေါင်းက ရှေ့ကို စိုက်ကျနေပြီ၊ အဲဒီ အကောင်ကြီး နောက် လိုက်ရမှာပဲ"
ဟင်းဒရစ် က ဘယ်ဘက်လက်မှ မောင်ဇာရိုင်ဖယ်ကို ညာဘက်သို့ ပြောင်းကိုင်လိုက်သည်။ ပခုံးတွင် ကျည်ဆန်အိတ် ကို လွယ်ထားသည်။
"လေတိုက်တာရော၊ ကြက်ငှက်ပိုးမွှားတွေ ဖျက်ဆီးတာရောကြောင့် ဆင်ခြေရာတွေ သိပ် မထင်တော့ဘူး၊ သုံးရက် လောက်ပဲ ကြာသွားပြီကိုး" လိုသာက ခြေရာများကို ညွှန်ပြပြီး ပြောလိုက် သည်။
"ဆင်အုပ်က အစာစားပြီး သွားနေတော့ နှေးပါတယ်၊ ဆင်ပေါက်ကလေးတွေလဲပါတော့ သိပ်မြန်မြန် သွား လို့ မရပါဘူး" ဟင်းဒရစ်က ပြောလိုက်သည်။
"တို့မြင်းတွေကို ပြန်ပို့လိုက်မှ ဖြစ်မယ်၊ အဆိပ်ပြင်းတဲ့ ယင်ကောင်တွေ အန္တရာယ် ရှိတယ် မဟုတ်လား၊ ဆင်အုပ်ကို ခြေကျင်လိုက်ယင် မီနိုင်ပါ့မလား" လိုသာက မေးလိုက်သည်။
လိုသာသည် လည်ပင်းမှ လည်စည်းကို ဖြုတ်လိုက်ပြီး မျက်နှာကို သုတ်ကာ တွေးဆလိုက်သည်။ မိမိ အတွက် ဆင်စွယ်များ ရရန် တကယ်ပင် လိုအပ်နေသည်။ မိုးရွာလာပြီဟူသော သတင်းစကားကို သူ၏ ကင်းထောက်များထံမှ ရလျှင်ရချင်း လိုသာသည် ကူနီနီမြစ်ရှိရာ မြောက်ဘက်ဆီသို့ မြင်းများ ဖြင့် ကဆုန်စိုင်း လာခဲ့သည်။ မိုးရွာလိုက်သဖြင့် ဆင်အုပ်များ ရေရှိရာသို့ ဆင်းကြတော့မည်ကို လိုသာ အတတ်သိ လိုက်သည်။
"ခြေကျင်လိုက်မယ်ဆိုယင် သုံးရက်နေမှမီမယ်" ဟင်းဒရစ်က ပြောလိုက်သည်။
လိုသာသည် အခွင့်အလမ်း အလားအလာများကို အတန်ငယ် ကြာအောင် တွေးဆလိုက်သည်။ အုပ်စု ခေါင်းဆောင် ဆင်ကြီးနှင့် အရွယ်တော်ဆင်ထီးများတွင် ပထမတန်းစားဆင်စွယ်များ တစ်နင့် တစ်ပိုးပါ ရှိ လိမ့်မည်။ ဆင်မများတွင်ပင် တစ်ကောင်လျှင် အစွယ်အလေးချိန် ပေါင် ၂၀စီထက် နည်းပါနိုင်သည်။ ဆင်စွယ် ဈေးနှုန်းမှာ ယခုအခါ အလေးချိန်တစ်ပေါင်လျှင် စတာလင်ငွေ ၂၂ ပေါင် ၆ သျှီ လင်ဈေးဖြင့် ဈေးကောင်း ရနေသည်။
ယခု မိမိတွင် အတော်ဆုံးနောက်လိုက် အိုဗန်ဘို ၁၂ယောက် ပါလာသည်။ နှစ်ယောက်ကို မြင်းများ ပြန်ပို့ခိုင်းလိုက်သည့်တိုင်အောင် ကျန် ၁၀ယောက်ဖြင့် ဤဆင်အုပ်ကို ဖမ်းနိုင်သည်။ ဆင်အုပ်ကို မီလျှင် ဆင် များကို ပစ်သတ်ပြီး အစွယ်များကို ဖြတ်ယူရန် အခွင့်အလမ်း ရှိနေသည်။
လိုသာ ဒီလာရေးအဖို့ ဘိုင်ကျမွဲတေနေချိန် ဖြစ်သည်။ ဗိုလ်မှူးကြီးဖရန်ကေး လက်နက်ချပြီး နောက်တွင် လိုသာ က လက်နက်မချဘဲ ဆက်လက် တိုက်ခိုက်ခဲ့သဖြင့် သူ့မိသားစုပိုင် ဥစ္စာဓနများ ဆုံးရှုံးခဲ့ရပြီး တိုင်းပြည် သစ္စာဖောက်အဖြစ် ကြေညာခံရကာ ဥပဒေပြင်ပသို့ ရောက်ရှိခဲ့ရသည်။ ဆုငွေ ထုတ်ခြင်းလည်း ခံ နေရသည်။ ယခုဆင်အုပ်သည် မိမိ၏ ဆုံးရှုံးသွားသော ဥစ္စာဓနများကို ပြန်လည် ဖြည့်ဆည်းရန် နောက်ဆုံ အခွင့်အရေး ပင် ဖြစ်နိုင်သည်။
ဗြိတိသျှတို့သည် သူတို့ အောင်နိုင်သိမ်းပိုက်ခဲ့သော နယ်မြေသစ်များ၌ အုပ်ချုပ်ရေးလုပ်ငန်းများကို မကြာခင် မှာပင် စတင် လုပ်ကိုင်လာကြပေလိမ့်မည်။ ဝေးလံသီခေါင်သော ဒေသများတွင်ပင် ခရိုင်ဝန် များ၊ သစ်တောအရာရှိများ ခန့်ထားကွပ်ကဲပေလိမ့်မည်။ ဆင်များကို ဥပဒေမဲ့သတ်ဖြတ်ကာ ဆင်စွယ် များရယူခြင်းကို အထးအလေးထား တားမြစ်ပေလိမ့်မည်။ ထို့ကြောင့် ယခုတစ်ခေါက်သည် မိမိအတွက် နောက်ဆုံး အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။
"ကဲ မြင်းတွေကို ပြန်ပို့လိုက်ပြီး ဆင်ခြေရာ ကောက်တော့ကွာ" လိုသာက အမိန့်ပေးလိုက်သည်။
လိုသာ့ နောက်လိုက်များသည် နှစ်ကာလ ကြာရှည်စွာ စစ်တိုက်ခဲ့သူများ ဖြစ်၍ အကြမ်းခံ၊ ရေစိမ်ခံ များ ဖြစ်သည်။ သူတို့ ဆင်ခြေရာများကို ကောက်ပြီး လိုက်လာရာ ညနေပိုင်းတွင် ဆင်ခြေရာ လတ်လတ် ဆတ်ဆတ် များကို တွေ့ရသည်။ နောက်နှစ်ရက် ခရီးသာ လိုတော့သည်။ မိုးချုပ်နေ၀င် ချိန်တွင် အမှောင်ထု ဖုံးလာသဖြင့် ရပ်နားကြရသည်။ လိုသာ့ နောက်လိုက်များက မြေမာပေါ်တွင်ပင် လှဲအိပ် လိုက်ကြသည်။
လထွက်လာပြီး သစ်ပင်ထိပ်ဖျားခန့် မြင့်တက်လာသောအခါ လိုသာက သူ့လူများကို နှိုးပြီး ခရီးဆက် သည်။ နေထွက်လာပြီး တစ်နာရီခန့်အကြာတွင် အဆိပ်ပြင်းသော ယင်ကောင်များ နယ်မြေမှ ကျော်လာသည်။ မွန်းမတည့်မီနှစ်နာရီခန့်အလိုတွင် မိုပါနီသစ်တော၏ တောင်ကြားချိုင့်ဝှမ်းမှ ရေအိုင် တစ်အိုင် သို့ ရောက်ကြသည်။ သူတို့အဖို့ ဆင်အုပ်ကို မီရန် နာရီပိုင်းသာ လိုတော့သည်။
"ရေမြန်မြန်သောက်ကြဟေ့"
လိုသာက သူ့လူများကို အမိန့်ပေးလိုက်သည်။ ဒူးဆစ်ခန့် နက်သော ရေမှာ ဆင်များ ဆင်းပြီး ရေချိုး ရေသောက်သွားသဖြင့် နောက်ကျိနေသည်။ သို့သော် ဆင်လိုက်မုဆိုးများကမူ ထိုရေကိုပင် သောက်ပြီး ရေဘူးများ၌ ရေဖြည့်ကြသည်။
"မြန်မြန်သောက်ကြဟေ့"
လိုသာက ခပ်တိုးတိုးပြောလိုက်သည်။ ဆင်အုပ်နှင့် နီးသော အသံဖြင့် အသံမထွက်ရအောင် အုပ်ပြီး ပြောလိုက်သည်။
"ဒီမှာ ..."
ဟင်းဒရစ်က လိုသာအား အချက်ပြပြီး လှမ်းခေါ်လိုက်သည်။ လိုသာသည် ကန်စောင်းတစ်နေရာရှိ ဟင်းဒရစ် ထံသို့ ခပ်သွက်သွက် လျှောက်သွားပြီး မေးလိုက်သည်။
"ဘာလဲကွ ဘာတွေ့လို့လဲ"
ဟင်းဒရစ်က ပါးစပ်ဖြင့် မဖြေဘဲ မြေကြီးပေါ်ရှိ တစ်နေရာသို့ လက်ညှိုးထိုးပြလိုက်သည်။ ပျော့ရာမှ မာစပြုနေသော အ၀ါရောင် မြေကြီးပေါ်တွင် ခြေရာတစ်ခုကို ထင်ထင်ရှားရှား တွေ့ရသည်။ ဆင်အုပ် ထိုအပေါ်မှ ဖြတ်သွားသော်လည်း မူလခြေရာက လတ်လတ်ဆတ်ဆတ် ကျန်ရှိနေသေးသည်။
"လူခြေရာတွေ၊ ဆင်အုပ် ထွက်သွားပြီး ဒီနေရာကို လူတွေ ရောက်လာသေးတာပဲ" လိုသာက အံ့အား တသင့် ပြောလိုက်သည်။
"လူ မဟုတ်ဘူး ဂစ်ဂမီဆန်တွေ၊ ကျွဲနွားတိရစ္ဆာန်တွေကို သတ်ဖြတ်တဲ့ အ၀ါရောင် လူပုလေးတွေ၊ ကျွန်တော် တို့ မွေးထားတဲ့ အကောင်းဆုံးနွားမတွေကို အဲဒီ သဲကန္တာရခွေးတွေက သတ်ကြတယ်လေ၊ သူတို့ ကျွန်တော် တို့ အလျင် ဒီကို ရောက်လာတာ မိနစ်ပိုင်းပဲ ရှိသေးတယ်" ဟင်းဒရစ်က ၀င်ပြော လိုက် သည်။
"သေနတ်သံကြားယင် ဆင်အုပ်ကြီး လန့်ပြေးသွားလိမ့်မယ်"
လိုသာသည် ဟင်းဒရစ်နည်းတူပင် ပစ်ဂမီ တောပုန်းလူထုကလေးများအား မုန်းတီးသူ ဖြစ်သည်။ ပစ်ဂမီဆန် များအား အန္တရာယ်ရှိသော တိရစ္ဆာန်များ၊ ကျွဲနွား သူခိုးများနှင့် လူသတ်သမားများဟု သဘော ထားသည်။ လွန်ခဲ့သော အနှစ် ၅၀ က လိုသာ၏ ဦးလေးတစ်ဦးသည် ပစ်ဂမီဆန်တို့၏ အဆိပ်လူး ထိပ်ဖူးမြား ထိသွားကြောင့် ဇီဝန်ချုပ်ခဲ့ရသည်။ ဤဖြစ်ရပ်ကို သူတို့မိသားစု ဆွေစဉ်မျိုးဆက် လက်ဆင့်ကမ်း မှတ်တမ်း တင်ခဲ့ပြီး ကမ္ဘာမကြေစတမ်း သဘောထားခဲ့သည်။
အင်္ဂလိပ်လူမျိုးများကလည်း ယခု နှစ်ဆယ်ရာစုခေတ်တွင် ဆန်ပစ်ဂမီလူမျိုးများအတွက် နေရာ မရှိတော့ ဟု သဘောထားလာကြသည်။ ကင်းလှည့်ထွက်သော ရဲသားများသည် ဆန်ပစ်ဂမီ နှင့် ခွေးများကို တွေ့ရာ နေရာတွင် ပစ်သတ်ကြရန် တောင်အာဖရိကမှ နာမည်ကြီး ရဲအရာရှိကြီး စီရိုးဒက်စ် က ထာဝစဉ် တည်မြဲ အမိန့်ထုတ်ထားခဲ့သည်။ ဆန်ပစ်ဂမီ နှင့် ခွေးကို တစ်တန်းတစ်စား တည်း သဘောထား ခဲ့ကြသည်။
လိုသာ သည် ဆန်ပစ်ဂမီများကို လိုက်ပြီး ပစ်သတ်ရကောင်းမလား၊ မိမိအတွက် စီးပွားဖြစ်မည့် ဆင်အုပ် နောက်ပဲ လိုက်ရကောင်းမလား ဆိုသည်ကို ဝေခွဲရခက်နေသည်။
"အင်း ... ဆင်စွယ် ... ဒီအ၀ါရောင်မျောက်တွေကို လိုက်ပစ်သတ်ဖို့ထက် ဆင်စွယ်တွေက ငါ့အတွက် ပိုပြီး အရေးကြီးတယ်" လိုသာက မိမိလျှောက်ရမည့်လမ်းကို ဆုံးဖြတ်လိုက်သည်။
"ဆရာလိုသာ ဒီမှာ လာကြည့်စမ်းပါ"
ဟင်းဒရစ်သည် ရေအိုင်စပ်တစ်လျှောက်တွင် လျှောက်ကြည့် အကဲခတ်နေရာမှ ရုတ်တရက် ရပ်လိုက်ပြီး လိုသာအား လှမ်းပြောလိုက်သည်။ သူ့အသံနှင့် လှုပ်ရှားသွားသည့် အမူအရာကြောင့် လိုသာက ဟင်းဒရစ် ထံ အပြေးကလေးသွားလိုက်သည်။ ထို့နောက် လိုသာက ဟင်းဒရစ်ဘေးတွင် ဆောင့်ကြောင့် ထိုင်လိုက်ကာ ခြေရာသစ်များကိုအနီးကပ် ကြည့်ရှုအကဲခတ်လိုက်သည်။
"ဒီခြေရာတွေက ပစ်ဂမီခြေရာ မဟုတ်ဘူး၊ သိပ်ကြီးတယ်" ဟင်းဒရစ်က လေသံဖြင့် ပြောလာသည်။
"ဒါ ... မိန်းမခြေရာ၊ ခပ်ငယ်ငယ် မိန်းမတစ်ယောက်ရဲ့ ခြေရာ" လိုသာက ပြောလိုက်သည်။ ခြေဖ၀ါး အရာ ခပ်သွယ်သွယ် နှင့် သေးပြီး ပုံကျသော ခြေချောင်းအရာကလေးများကို ကြည့်ပြီး အမျိုးသမီး ခြေရာ ဆိုသည် မှာ မမှားနိုင်ကြောင်း လိုသာ သိသည်။ ခြေချောင်းအရာကလေးများသည် ခြေဖနောင့် အရာ ထက် ပိုပြီး မြေပေါ်တွင် နက်ဝင်ကာ ထင်ရှားနေသည်။ ထိုခြေလှမ်းမျိုးသည် ငယ်ရွယ်သူ၏ ခြေလှမ်းမျိုး၊ ကြွကြွရွရွ လေးလျှောက် သူတို့၏ ခြေလှမ်းမျိုးပင် ဖြစ်သည်။
"မဖြစ်နိုင်ပါဘူး" လိုသာက စောဒကတက်လိုက်သည်။
"ဖိနပ်စီထားပုံရတယ်" ဟင်းဒရစ်က ပြောသည်။
"မျက်နှာဖြူ အမျိုးသမီးတစ်ယောက်လို့ ဆိုချင်တာလား၊ မဖြစ်နိုင်ပါဘူး၊ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး၊ ဆန်လူရိုင်း တွေနဲ့အတူတူ မျက်နှာဖြူမတစ်ယောက်က ဒီလိုနေရာမျိုးမှာ သွားမတဲ့လား၊ ဒီနေရာဟာ လူ့ယဉ်ကျေးမှု နဲ့ မိုင်ရာပေါင်း အတော်ဝေးပြီး ကျောက်ခေတ်လောက်ကို ပြန်ရောက်နေတဲ့ နေရာပဲ" လိုသာ က သူ့အမြင်ကို ပြောလိုက်သည်။
"ဟုတ်ပါတယ်၊ အဲဒါကြောင့် ပြောတာပေါ့၊ ဒီအမျိုးသမီးလေးကို ဆန်လူရိုင်းတွေ ဖမ်းလာတာ ဖြစ်နိုင် တယ်"
ဟင်းဒရစ် က သူ့အမြင်ကို ပြောလိုက်ရာ လိုသာ မျက်မှောင်ကုတ်ပြီး တွေဝေသွားသည်။
မိမိနှင့် မျိုးတူ မိန်းမသားများအပေါ် အလေးထား ညှာတာခြင်းသည် လိုသာအဖို့ အစဉ်အလာ လိုက်နာ ခဲ့သော ကျင့်ဝတ် တစ်ရပ် ဖြစ်သည်။ လိုသာသည် စစ်သားတစ်ယောက်ဖြစ်ခဲ့သလို မုဆိုး တစ်ယောက် လည်း ဖြစ်သည်။ ထို့ကြောင့် မြေတွင် ထင်ကျန်ရစ်သော ခြေရာကို ကြည့်လိုက်ခြင်းဖြင့် လူလား တိရစ္ဆာန် လား၊ ယောက်ျားလား၊ မိန်းမလားဆိုသည်ကို ခွဲခြားသိသည်။
ယခုလည်း မိမိရှေ့တွင် မြင်နေရသော ခြေရာကို ကြည့်ကာ ခြေရာရှင်အား မိမိစိတ်ထဲတွင် စိတ်ကူး ပုံရိပ် ဖော်လိုက်သည်။ အရိုးအဆစ်ပြေပြစ်၍ သွယ်လျရှည်လားလှပသော ခြေထောက်ပိုင်ရှင် ချစ်စဖွယ် အမျိုးသမီး တစ်ဦး။ သို့သော် သူမသည် ကျန်းမာသန်းစွမ်းသူ၊ ရဲရင့်ဝံ့စားသူ၊ သတ္တိရှိသူ၊ သန္နိဌာန် ခိုင်မာသူဖြစ်ကြောင်းကို ခြေရာနှင့် ခြေလှမ်းများက ကြေးမုံရိပ်သွင်ပမာ ထင်ဟပ် ပြနေသည်။ ဤ ကဲ့သို့သော ကန္တာရမြေတွင် အားနည်းသူများ၊ စိတ်မခိုင်မာသူများအတွက် နေရာ မရှိနိုင်ပါချေ။
အမျိုးသမီး၏ ပုံရိပ်သည် လိုသာ့စိတ်မျက်စိထဲ၌ ပုံပေါ်လာသောအခါ သူ၏နှလုံးသား အောက်ဆုံး အလွှာ၌ ဟင်းလင်းပြင်ဖြစ်နေသည်ကို တွေ့ထိ ခံစားလိုက်ရမိတော့သည်။
"အဲဒီအမျိုးသမီးနောက်ကို ငါတို့လိုက်မယ်၊ သူ့ကို ဆန်လူရိုင်းတွေ လက်ထဲက ကယ်ရမယ်" လိုသာက ငြင်သာ တိုးညင်းစွာ ပြောလိုက်သည်။
"လေ က ကျွန်တော်တို့နဲ့ ဆန့်ကျင်ဘက်ကနေ တိုက်နေတယ်၊ သူတို့က လေစုန်ဘက်ကို သွားတ၊ သူတို့ကို ဘယ်လိုမှ တွေ့နိုင်မယ် မထင်ဘူး" ဟင်းဒရစ်က လေတိုက်ခတ်မှု အခြေအနေကို စူးစမ်းပြီး ပြော လိုက်သည်။
"မင်းမလုပ်ချင်တာဆိုယင် ဆင်ခြေကောင်းကောင်းပေးတာကတော့ မဆန်းတော့ပါဘူး၊ ဆန်တွေဟာ တိရစ္ဆာန် မဟုတ်ပါဘူး၊ သူတို့နောက်ကို တို့လိုက်မယ်၊ လေက အကြောင်း မဟုတ်ပါဘူးကွ"
"ဆန်တွေဟာ တိရစ္ဆာန်တွေဗျ၊ အခု လေတိုက်နေတဲ့ လေကြောင့် အနံ့ရလိမ့်မယ်၊ ကျွန်တော်တို့က သူတို့ကို မမြင်ရခင် သူတို့က ကျွန်တော်တို့အသံ ကြားရလိ့မ်မယ်"
"ဘာပဲဖြစ်ဖြစ်ကွာ တို့ သူတို့ နောက်လိုက်မယ်၊ မင်းအစွမ်း ငါသိပါတယ်၊ ကဲ အဲဒီမျက်နှာဖြူ အမျိုးသမီး ခြေရာကိုသာ ကောက်ပြီး လိုက်ပေတော့"
ဆက်ရန်
.
No comments:
Post a Comment