အောင်ဆန်း(သို့မဟုတ်)အရိုင်း
ဒဂုန်တာရာ
သူ၏ အောက်မှ လူထုကြီးသည် စည်းကမ်းသေ၀ပ်ခြင်း အတန်ငယ်ကင်းမဲ့စွာ နားထောင်လျက်ရှိ၏။ လူထုကြီး သည် စူးစိုက်ခြင်းမရှိ၊ တချို့က ပြုံးရယ်၍နေ၏။ နောက်နားရှိ လူထုအစိတ်အပိုင်းတစ်ခုကား အချင်းချင်း ခေါင်းချင်း ကပ်ကာ တီးတိုးပြော၍နေ၏။ သို့သော် ပြက်ရယ်ပြုခြင်းကားမရှိ။ လေးစားခြင်း သည် အားလုံး၌ တညီတညွတ်တည်းတည်ရှိ၏။ အစိမ်းပုပ်ရောင် ကတ္တီပါကားကြီးသည် သူ့ကို နောက် ကားခံ ၍ ထား၏။ ကားလိပ်ကြီးမှာ ဘာရုပ်ပုံ တောတောင် မှ ခြယ်လှယ်ထားခြင်းမရှိ ပကတိပိန်းပြောင် ပြောင်ဖြစ်၏။
ကတ္တီပါကားသည် အခြားဘာအဓိပ္ပာယ်ကိုမျှ ထူးထူးထွေထွေ မဖော်ပြပါ။ သို့သော်မှိုင်း ညို့ခြင်းတစ်ခုသာ ရဲဝံ့စွာ ဆောင်၍နေသည်။ သူသည် သည်စိမ်းညို့မှိုင်းသော ကားကြီး၏ အရှေ့စင် မြင့် ဇာတ်ခုံ ပေါ်၌ ရပ်ကာ စကားပြော၍နေသည်။ သူသည် ဗမာပထ၀ီမြေကြီးမှ ဗမာ့ဝါဂွမ်းစစ်ဖြင့် ယက်လုပ်သည့် ပင်နီဖျင်ကြမ်း ကြီးကို ၀တ်ထား၏။ လုံချည်မှာ နီရဲသော ရွှေတောင်ပိုးလုံချည်ဖြစ်၏။ ခေါင်းမှာ ပွယောင်းယောင်း နှင့်မသေသပ်။ မျက်နှာအသွင်အပြင်မှာ အပူပိုင်းဒေသ အီကွေတာပေါ်ရှိ ကျွန်းစုများ တွင်နေထိုင်သော မွန်ဂိုလီယံ အနွယ်လူရိုင်းမျက်နှာနှင့် တူ၏။
သို့မဟုတ် တောင်ပေါ်ချင်း တစ်ယောက်၏ မျက်နှာနှင့် တူ၏။ တက္ကသိုလ်ကျောင်းသား လူလတ်တန်းစား ၏ လက္ခဏာ ဖြစ်သော ထယ်ဝါခြင်း၊ ယဉ်ကျေးသိမ့်မွေ့ခြင်းတို့သည် သူ့တွင် လုံးဝမခိုအောင်း၊ လမ်းပေါ် တွင် နေရာတကာ တွေ့မြင်နိုင်သော သာမန် ဆင်းရဲသားတစ်ဦးနှင့် တူ၏။ ဗမာလူထုကြီးထဲမှ သူတစ်ဦး၏ အသွင် အပြင် မျိုးသာဖြစ်၏။ သူသည် လက်နှစ်ဖက်ကို ဘေးသို့ကား၍ လှုပ်ကာလှုပ်ကာ စကားကို ပြော၏။ သူ၏ စကားလုံးများကား ပြေပြစ်ခြင်းမရှိ၊ ချောမွေ့ခြင်း မရှိ၊ သို့သော် အတွင်း၌ကား အနက် ပါ၏။ သင်ပထမဆုံးတွေ့မြင်သော အောင်ဆန်း၏ပုံပန်းကို ရေးပြပါဆိုလျှင် ကျွန်တော်သည် သည်ပုံကို ရေး ပြမည်ဖြစ်၏။
ထိုအခါကား ၁၉၃၅ခု ပထမဦးဆုံး ကျင်းပအပ်သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ညီလာခံ ကြီး ကို ရန်ကုန်မြို့ ကျူဘလီဟောခန်းမတွင် ဆင်ယင်နေသောအခါ ဖြစ်ပေသည်။ ကျွန်တော်သည် အထက်တန်း ကျောင်းတွင် ပညာသင်ကြားလျက်ရှိရာ နယ်မှ ကျောင်းသားကိုယ်စားလှယ်အဖြစ် ကျောင်း သားများ ညီလာခံသို့ တက်ရောက်စဉ် အောင်ဆန်းစကားပြောသည်ကို တွေ့မြင်ရခြင်းဖြစ်ပေသည်။ ၁၉၃၆ခု သပိတ်မှောက်ကိစ္စ တောက်လောင်တော့မည့်ဆဲဆဲ၊ မီးခိုးများ အူနေသည့်အခိုက်၊ အောင်ဆန်း အမည် ကို သတင်းစာများတွင် ဖတ်ရသောအခါ၊ သူ့ကို သိချင်သောစိတ် အင်မတန်ထက် သန်ခဲ့သည်။ ထို အခါက အောင်ဆန်းမှာ တက္ကသိုလ်သမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော အိုးဝေမဂ္ဂဇင်း အယ်ဒီတာ ဖြစ်၏။
ကျွန်တော်မှာ စာပေ၀ါသနာပါသူဖြစ်ရာ အောင်ဆန်း ကို အိုးဝေ မဂ္ဂဇင်းအယ်ဒီတာအဖြစ် စိတ်ဝင်စား၏။ အားကျ၏။ သူ့အကြောင်းကိုသိချင်၏။ တွေ့ဖူးချင်၏။ သို့သော် ဂျူဘလီဟော ကျောင်းသားများ ညီလာခံ တွင် သူ၏ရုပ်သွင်နှင့် သူစကားပြောသည်ကို တွေ့ မြင်ကြားနာရသောအခါ အထင်နှင့်အမြင် ကွာ နေသည်ကို တွေ့ရ၏။ ကျွန်တော်ထင်ထားသည်မှာ ကောလိပ်ကျောင်းသား၊ ရုပ်ဖြောင့်ဂိုက်ကျ၊ စကားပြော ကောင်းဟုဖြစ်၏။ အယ်ဒီတာလည်းဖြစ်သဖြင့် အတော်အထင်ကြီးထား၏။
တွေ့ရသောအခါ ရုပ်ကလည်းမဖြောင့်၊ စကားပြောကလည်းမပြောပြစ်၊ သို့ဖြစ်၍ စိတ်ကမကျေနပ်၊ ထိုအခါ ကျွန်တော်မှာ အရွယ်နုနယ်သေး၍ စိတ်ကူးယဉ်ဖြင့်သာ အောင်ဆန်းကို ရုပ်ဖြောင့်စေချင်၊ စကားပြော ကောင်းစေချင်နေ၏။ ထို့ကြောင့် စိတ်ထဲကမကျေနပ်။ နောက်တစ်နှစ်ခန့်ကြာသောအခါ ကျွန်တော် လည်း တက္ကသိုလ်ရောက်၍နေသည်။ ကျွန်တော်တက္ကသိုလ်ရောက်သည့် ၁၉၃၇-၃၈ ခုနှစ် က ကိုအောင်ဆန်း သည် တက္ကသိုလ်သမဂ္ဂတွင် ဥက္ကဌ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တွင် ဥက္ကဌ ဖြစ်၏။ ထိုအခါ ကျွန်တော်သည် ကိုအောင်ဆန်းနှင့် အသိဖြစ်လာ၏။
အသိသာဖြစ်ရုံဖြစ်သည် မရင်းနှီးခဲ့ပေ။ သူနှင့်ကား ရင်းနှီး၍မဖြစ်၊ သူသည် ရင်းနှီး၍ရသော လူစားမျိုး မဟုတ်၊ နိုင်ငံရေး အတူတူ တွဲဖက်လုပ်လျှင်သာ သူနှင့်ရင်းနှီးမည်ဖြစ်၏။ တက္ကသိုလ်တွင်နေစဉ် ကျွန်တော် သည် သမဂ္ဂနိုင်ငံရေး ကိုသာ တဖက်သတ်မလိုက်၊ စားပေလည်းဖတ်ချင်၏။ စာလည်းရေးချင်၏။ ဂီတ ကိုလည်း လိုက်စားဖူး ၏။ သည်လိုအစုံလုပ်ချင်သဖြင့် သူနှင့်မရင်းနှီးနိုင်ပေ။ သူကား နိုင်ငံရေး သမား သက်သက် ဖြစ်သည်။ ကိုအောင်ဆန်းနှင့် ကျွန်တော်ကို ယခု သခင်ဗဟိန်းက အသိဖွဲ့ပေးခဲ့၏။
သို့သော် ကျွန်တော်သည် နိုင်ငံရေးသမားသက်သက် မဟုတ်သဖြင့် သူနှင့် အသိထက်လွန်မြောက်၍ ရင်းနှီးသော အဖြစ် သို့ မ ရောက်သွားခဲ့ပေ။ သခင်ဗဟိန်းနှင့်ကားသည်လိုမဟုတ်၊ သခင်ဗဟိန်းသည် ယဉ်ကျေး သိမ်မွေ့ သူဖြစ် ၏။ စာပေကဗျာအလင်္ကာများကို နှစ်သက်၏။ ဂီတကိုချစ်၏။ ထိုကြောင့် ကျွန်တော် နှင့် ခဏနှင့်ပင် ရင်းနှီးချစ်ခင်ကာ၊ ယခု သူကွန်မြူနစ်ဖြစ်နေသည့် ဘ၀အထိပင် ရင်းနှီး ချစ်ခင်ခြင်း မပျက် ကျွန်တော်ကား ခုခံရေးကိုလည်းမပြု၊ နိုင်ငံရေးသမားလည်းမဟုတ် သို့သော် ချစ်ခင် ရင်းနှီး၏။ ကိုအောင်ဆန်းနှင့်ကား ဤကဲ့သို့မဟုတ်၊ ကျွန်တော်စာရေးဝါသနာပါသည်ကို ကိုအောင်ဆန်း သိ၏။
သို့ရာတွင် ကျွန်တော်ရေး ခဲ့သော ဒဂုန်မဂ္ဂဇင်းမှ ရတုပိုဒ်စုံမှစသောကဗျာများ၊ ၀တ္ထုတိုဆောင်းပါး စသည့် စာပေ များကို သူဖတ်ဖူးလိမ့်မည်မထင်၊ ဂရုစိုက်၍ဖတ်မည့် လူမျိုးလည်းမဟုတ်၊ သို့သော် တစ်ခါက သခင်ဗဟိန်း နှင့် အတူ သမဂ္ဂကော်မတီခန်းတွင် ပင်းယ မဂ္ဂဇင်းတွင် ပုံနှိပ်ထားသော ကျွန်တော်၏ ဆောင်းပါး တစ်ခု ကိုကား ကျွန်တော် ၏ ရှေ့တွင် ဖတ်သည်ကို တွေ့ရဖူး၏။ ဖတ်ပြီးလျှင် ဝေဖန်ချက် ပေး၏။
ကိုအောင်ဆန်း သည်လည်း အင်္ဂလိပ်ဗမာ ဆောင်းပါးရှင် တစ်ဦးဖြစ်ပေသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေး သော သူ၏ဆောင်းပါးများကို ဂန္ထလောကမဂ္ဂဇင်းတွင် ဖတ်ရဖူး၏။ သူသည် ဗုဒ္ဓဘာသာတရား တော်နှင့် ပတ်သက် သော ဆောင်းပါးများကိုရေး၏။ ကျောင်းသားများ အ၀တ်အစားဆင်ယင်ရေး ပြဿ နာ ကိုလည်း သူသည် ဂန္ထလောကတွင် ပန်းတနော်ဦးသန့် နှင့် အပြန်အလှန်ရေးသည်ကို အမှတ်ရ၏။ ဗမာနိုင်ငံ လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂအသင်း၏ ကြွေးကြော်သံဖြစ်သော မျိုးညွှန့်မဂ္ဂဇင်းတွင်ပါ သော သူ၏ လောက၀ိဟာ အမည်ရှိ ဗမာဆောင်းပါးတိုကလေးကိုကား ကျွန်တော်အတော်သဘောကျ ပါ၏။ ကမ္ဘာလောကကြီးကို ပညာဗဟုသုတ အမြင်တို့ကို ပေးသော စာသင်ကျောင်းနှင့် ဥပမာတင်၍ ရေးထား ၏။
ကိုအောင်ဆန်းသည် ဗမာစာအရေးညံ့သူမဟုတ်ပေ၊ တိတိကျကျ ရေး၏။ ပါဠိကို မှန်ကန် စွာသုံး၏။ တစ်ခါ တစ်ရံ ဟာသဥာဏ်ပါ၏။ ပုသိမ်မြို့တွင်ကျင်းပသော ကျောင်းသားများညီလာခံ သူ၏ ဥက္ကဌ မိန့်ခွန်းတွင် ကင်ဘဲလ် အစီရင်ခံစာကို '' ပညာရေးပူရာဏကျမ်းကြီးပေတကား'' ဟု ပြောင် လှောင် ထားသည်မှာ သရ်ာချက် (Irony) ပါ၏။ ကျောင်မှထွက်ပြီး တို့ဗမာအစည်းအရုံးသို့ ၀င်သွားသော အခါ ငတ်ပြတ် လာ၍ လား မပြောတတ်၊ ဒဂုန်မဂ္ဂဇင်း တွင် ဆောင်းပါး ရေးလိုကြောင်း ကျွန်တော်ကိုပြော ၏။ ကျွန်တော် လည်း တိုက်ရှင် တို့နှင့် စီစဉ်၍ လစဉ်ကိုအောင်ဆန်းဆောင်းပါးများ ပါစေ၏။ ဒဂုန် မဂ္ဂဇင်း က ကိုအောင်ဆန်း ရေးသော ဆောင်းပါးများအတွက်ငွေချီးမြှင့်၏။
သူရေးသော ဆောင်းပါးကား ''နိုင်ငံရေးအမျိုးမျိုး' ဟူသော ဆောင်းပါးဖြစ်၏။ ဂရိတ်နိုင်ငံရေးက အစချီ၍ မျက်မှောက်ဗမာ နိုင်ငံရေး အခြေအနေအထိ ရေး၏။ စာပြောလှ၏။ ဖတ်လို့ကောင်း၏။ သူလည်း ဒဂုန် တွင် ကြာကြာမရေးရ၊ မကြာခင် ဂျပန်ပြည်သို့ ထွက်သွားသဖြင့် သူ့ဆောင်းပါးလည်း ရပ်၍သွား၏။ အစိုးရ ကလည်း ညှိုးထား၍လားမပြောတတ်၊ ဒဂုန်မဂ္ဂဇင်း ထိုနှစ်မှာပင် ပိတ်ခြင်းခံရရှာ၏။ သမဂ္ဂဥက္ကဌဖြစ်သော ၁၉၃၈- ၃၉နှစ် က သူသည် ဘီအယ်လ် တန်းတွင်ရှိ၍ ပဲခူးကျောင်းဆောင် အလယ်ထပ်တွင်နေသည်။ အခန်း သည် သပ်ယပ်ခြင်းကင်းမဲ့၏။ သူ၏ အခန်းတွင် စာအုပ်များပြည့်နှက်၍ နေ၏။ စာအုပ်များသည် စား ပွဲပေါ် တချို့၊ ဘီရိုပေါ်တချို့၊ ကြမ်းပြင် ပေါ်တွင်တချို့ ပြန့်ကြဲကာ ရုန်းရင်းဆန်ခတ်ဖြစ်၍ နေကြ၏။ သူ သည် အင်မတန်စာဖတ် သူတစ်ယောက်ဖြစ်၏။
သူသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သည်လိုအများကထင်၏။ ကျွန်တော့်အဖို့ကား ဒေါသကြီးသည် မကြီး သည်ကို ကား မသိ၊ သူ့တွင် စိတ်လိုက်မာန်ပါစိတ်(Emotionalism) တွေရှိသည်ဟု ကျွုန်တော် ထင်၏ နှစ် ကို ကား အသေအချာ မမှတ်မိတော့။ သပိတ်မှောက် နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ် သမဂ္ဂ တွင် ကျင်းပ၏။ ပရိတ်သတ်ထဲမှထ၍ ဝေဖန်စကားများထပြောကြ၏။ ထိုပြောကြ သည့်အထဲတွင် စစ်ကိုင်း ကျောင်းဆာင် မှ ကုလားကျောင်းသားတစ်ဦး က ဥက္ကဠဟောင်း မစ္စတာရာရှစ် ကို ဝေဖန်ရာ၌ အတော် ထိခိုက် သော အပြစ် တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင် သည် မခိုင်သည်ကိုကား မမှတ်မိတော့။
ကိုအောင်ဆန်း သည် မစ္စတာရာရှစ် အတွက် ဒေါပွကာ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင် ထွက် စသော အသုံး မျိုး သုံး၏။ လက်သီး ဆုပ်ကာ ကုလားအပါး သို့တိုး၍ သွား၏ ဘေးကကျောင်းသားများက ၀ိုင်း၍ ဆွဲထား ရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက်ရှိသည်။ ကိစ္စနှင့်ပတ်သက်၍ အိုးဝေညို (အမေရိကန်ပြန်) အမှူးရှိသော ကျောင်းသားတစ်စုက မကျေနပ်သဖြင့် သမဂ္ဂကို အယုံအကြည်မရှိ အဆို တင်သွင်း၏။ ထိုအစည်းအဝေး ၌ ကိုအောင်ဆန်း ညိုမြ ကို ဒေါပွကာ၊ ဥက္ကဠကုလားထိုင် မှနေ၍ ညိုမြ အတင်း ကို အတော်ပြောလိုက် ၏။ သည်လိုစိတ်လိုက်မာန်ပါပြောပြီး နောက်တစ်ပတ်လောက် ကြာသော အခါ ထိုနေ့က အောင်ဆန်း က ညိုမြ အား ရှံ့ချပါသော စကားများကို ရုတ်သိမ်းလိုက်ကြောင်း၊ ကြော်ငြာစာ ကို တက္ကသိုလ်ကျောင်းသား အသီးသီးတွင် ထွက်ပေါ်၍လာ၏။ တက္ကသိုလ်ရှိစဉ်က ကိုအောင်ဆန်း သည် ပြုံးသော မျက်နှာထား ကို ထားခဲ၏။ သူ၏ မျက်နှာထားသည် သုန်မှုန်၏။ တစ်ခါ တွေ့ဖူးသော သူကို နောက်တစ်ခါတွေ့ လျှင် နှုတ်ဆက်ချင်မှဆက်၏။ သူ့ကိုသိသူက ပြုံးပြသော်လည်း သူသည် တုံ့ပြန်၍ ပြုံးချင်မှပြုံး၏။ သူကလည်း အစဉ်လိုလို နိုင်ငံရေးကိုသာ တွေးနေဟန်တူ၏။ ဗမာပြည် ၏ လွတ်လပ်ရေးအတွက် စိတ်ပူ ပုံရ၏။
ထိုကြောင့် သူသည်သုန်မှုန်လျက် နေသည်။ သူစကားပြောလျှင်လည်း နိုင်ငံရေးအကြောင်းကို သာ ပြောသည်။ သူပြောနေစဉ် ဘေးရှိလူများက နားထောင်နေရသည်။ ဘေးက လူများ၏စကားကိုသူ မကြား။ သူပြောချင်တာ တွေကိုသာ စွတ်ပြော၍နေတတ်သည်။ တစ်ခါက ရန်ကုန် ကို ဂျပန်တို့ သိမ်း ပိုက်စအချိန် ၀ီတိုရိယ ရိပ်သာ ရှိ အိမ်တစ်အိမ်တွင် သခင်မြနှင့် ရဲဘော်များနေထိုင်လျက်ရှိကြသည်။ ကျွန်တော့် မှာလည်း တောက ရောက်ခါစဖြစ်၏။ ဧည့်ခန်းရှိ စန္ဒယားတွင် ကျွန်တော်က ထိုင်ကာတီးနေ ၏။ ဘေးမှ သခင်စံဝေ နှင့် တက္ကသိုလ်ကျောင်းသားတချို့က ၀ိုင်း၍သီချင်းလိုက်ဆိုလျက် ရှိ၏။ ဘီအိုင်အေ သမား များမှာ၊ ဂီတအင်မန်ငတ်နေ၍ သီချင်းသံကို တောင့်တနေသဖြင့် အတင်းတီးခိုင်း ကြ ၏။ စန္ဒယားမှာ အသံတွေ ပျက်၍ နေ၏။ ''ချစ်ခင်မှာလား... ကြင်မှာလား ခင်ခင်ရယ်...ချစ်သံနွယ် အဟုတ်ကို ချစ်တော့မယ်၊ ခင်ရယ်ကြင်မယ်... ''
ဝိုင်း၍ဆိုနေကြရာမှ သည်နေရာသို့ ရောက်လာသောအခါ ကိုအောင်ဆန်းသည် ဂေါက်ဂေါက်ဂေါက် နှင့် တစ်ဖက်မှ လျောက်လာကာ စန္ဒယားအပါးတွင် လက်ထောက်ကာရပ်လျက် ''ဟေ့ ရပ်ကြ ခုလိုအခါမျိုး မှာ ရဲစိတ်၊ မာန်စိတ်တက်စေမဲ့ ရဲတင်းသံတို့ကိုသာ ဆိုရတယ်ဗျ။ ဒီချစ်မယ်ကြင်မယ် သီချင်းမျိုးက မဟန်ဘူး''၊ ရုတ်တရက် ကြောင်၍ူ စန္ဒယားကို ခေတ္တရပ်လိုက်၏။ သူသည် သူပြောချင်တာပြောပြီး၍ ထွက် သွားလေသည်၊ ကျွန်တော်တို့လည်းဆက်၍ သီဆိုကာ ကျန်ရစ်ခဲ့ကြသည်။ သူကားသည်လို လူစားမျိုး ။ သမဂ္ဂ ဥက္ကဠ ကိုလှမောင်(ယခု ဆိုရှယ်လစ်ပါတီဝင်၏) လက်ထပ်ပွဲသည် ဘီအိုင်အေခတ် ၌ ရွှေတောင်ကြား တွင် လုပ်၏။ သူ၏ လက်ထပ်ပွဲသည် ဘီအိုင်အေသမားများတွင် ပထမဆုံးဖြစ်၏။
လက်ထပ်ပွဲပြီးသောအခါ ဧည့်ခန်းဆောင်တွင် မိတ်ဆွေများ စုရုံးကာနေကြ၏။ ကြေးစားစန္ဒယားဆရာ တစ်ဦး က တီးကာ ဖျော်ဖြေလျက်ရှိ၏။ သည်အတွင်း ကိုအောင်ဆန်းသည် စန္ဒယားဆရာကို ရပ်စေကာ ကျွန်တော့် ကို လူကြားထဲမှ အတင်းဆွဲခေါ်၍ သီချင်းတစ်ပုဒ်ကို တီးစေ၏။ သူသည် စန္ဒယားကို လက်ထောက် ကာ မရတရဖြင့် လိုက်ဆို၏။ တီးသောသီချင်းမှာ ကဉ္စနသီချင်းပင်ဖြစ်၏။ တေးဆုံးလျှင် လက်ခုပ် တီးကာ နောက်တစ်ပုဒ် တီးခိုင်ပြန်၏။ တစ်ခါက ဂျပန်ခေတ်ဝန်ကြီးတစ်ဦး ၏ ထမင်းစားပွဲတွင် သူလာ၏။ ထမင်းစားပွဲ စမည်ပြုသောအခါ သူ့ကို စစ်သေနာပတိဟု အားလုံးက လေးစားသောအား ဖြင့် ထမင်းစားခန်းကြီးထဲ သို့ သူ့ကို အရင်ဝင်စေ၏။
အခြား ဧည့်သည်များက အ၀တွင်ရပ်၍ သူ့အ၀င် ကို စောင့်လျက်နေကြ၏။ သူသည် စစ်ဝတ်စစ်စားနှင့် ၀င်လာသော အခါ ရုတ်တရက် စားပွဲထိပ် ကုလားထိုင်တွင် ၀င်ထိုင်လိုက်ပြီး ဇတ်ခနဲ ဘယာကြော်တစ်တုံး ကို ယူကာစားလိုက်၏။ သူထမင်းစား နေစဉ် ဧည့်သည်ဝင်လာလို့လည်း ဗမာ့ဧည့်ဝတ်ထုံးတမ်းအရ ဝင်စား ပါဦး လား ဟု ခေါ်ချင်မှခေါ် သော လူစားမျိုးဖြစ်၏။ ဒါတွေကြောင့် သူ့ကို မိတ်ဆွေရင်းများက ကြောင်သည်ဟု အမှတ်ထားကြ၏။ သူ့တွင်သိမ်မွေ့ခြင်းမရှိ။ အလှအပကို သူမမက်မော။ သူသည် ကြမ်းတမ်းသည်။ ရိုင်းသည်။ ဆက်ဆံပေါင်းသင်းရေးတွင်ရှိသော ဧည့်ဝတ်ထုံးစံယဉ်ကျေးခြင်းစသည်တို့ကို သူသည် လုံးဝဂရုမစိုက်။ ဂီတ၊ ပန်းချီ၊ သဘင်စသော အနုပညာရပ်များကို မလိုက်စား၊ သူ့ကိုသူ အတင်း ယဉ်ကျေးအောင် မလုပ်။ သူ၏ နဂိုအတိုင်း ခပ်ရိုင်းရိုင်း ခပ်ကြမ်းကြမ်းပင် မပြုပြင်ဘဲနေ၏။
သူ့တွင် နိုင်ငံရေးဝိညဉ် ကား ပြင်းထန်လှချေ၏။ သူသည် နိုင်ငံရေးကို သာ တစ်ခုတည်းလုပ်သော သူတစ်ဦး ဖြစ်၏။ သူသည်ရိုင်း၏။ ကြမ်း၏။ ကြောင်၏။ ကိစ္စမရှိ၊ သူသည် ဧည့်ခန်းဆောင်မှ ဂုဏ်သရေ ရှိ လူကြီး လူကောင်း မဟုတ်။ တစ်ခုတည်းသော ယုံကြည်ချက်နှင့် တစ်ခုတည်းကိုသာ လုပ်သော နိုင်ငံ ရေး သတ္တ၀ါဖြစ်၏။ ထို့ကြောင့် ကိစ္စမရှိ။ိ၁၉၄၂ခုနှစ်တွင် သူနှင့် နောက်ဆုံးတွေ့၏။ သူသည် အတတ်ပညာ(Art) အကြောင်း ကိုပြောပြ၏။
''အတတ်ပညာ ဆိုတာရှိတာပဲ။ လင်မယားဘ၀မှာလည်း အတတ်ပညာမြောက်အောင်လုပ်ရတာပဲ၊ အတတ်ပညာ မဲ့ ရင် လင်မယားကွဲမှာပေါ့။ ဒီလိုပဲ တော်လှန် ရေးမှာလည်း အတတ်ပညာရှိတာပဲ။ အတတ်ပညာမြောက်မှ တော်လှန်ရေးဟာလည်း တကယ့် တော်လှန်ရေးအစစ်ပဲ'' သည့်နောက် သူနှင့် ကျွန်တော် မတွေ့တော့၊ တွေ့ဆုံဖို့လည်း အကြောင်းမရှိ။ အကြောင်းမရှိဘဲ သူ့ဆီသွားလည်ကလည်း ဖော်ဖော် ရွေရွေ လောကွတ်ပြူငှာခေါ်မည့် လူစားမျိုး မဟုတ် တစ်ခါက ဗိုလ်ချုပ်ဘ၀တွင် မော်တော်ကားကြီး ထဲ ၌ သူ၏ဇနီး ကလေးများနှင့် တစ်ပြုံကြီးကို မြင်လိုက်၏။
အော် သား နဲ့ မယား နဲ့ မို့ လူ စိတ် တော်တော် ပေါက်လာပြီ၊ အရင်ကလို ''ကြောင်'' တော့မည်မဟုတ်။ အကြမ်း၊ အရိုင်းမှ၊ ယဉ်ကျေး လာတော့မည်ဟု အောက်မေ့လိုက်၏။ မှန်မမှန်ကား မပြောတတ်။ ဖဆပလဥက္ကဠ အမျိုးသား ခေါင်းဆောင် ဦးအောင်ဆန်း ကိုကား ကျွန်တော်မသိ၊ သူ၏ နိုင်ငံရေးကို ဝေဖန်ခြင်းမဟုတ်၊ သူ၏ လူ အဖြစ်သာ ကျွန်တော်သိသည်အထိ ပြောပြခြင်းဖြစ်ပေသည်။ တစ်ခုတော့ထင်သည်။ သူသည် လူထုထဲမှ လူတစ်ဦးဖြစ်၍ လူထုနှင့် ဆက်စပ်နေ၍ လူထုခေါင်းဆောင် ဖြစ်လာရသည်ဖြစ်လိမ့်မည်။
ဆက်ရန်
.
ဆက်ရန်
.
1 comment:
အမကြီး......
ဖတ်ပြီးသွားပြီနော်
ဦးအောင်ဆန်း အကြောင်းလေးတွေကို
စုစုစီးစီး တင်ပြပေးတာတော့ အထူး
ကျေးဇူးတင်ပါတယ်ဗျာ
နောက်တစ်ပိုင်းကိုလည်း စောင့်နေပါတယ်။
Post a Comment