Monday, September 26, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း(၂ဝ)

(၃၀)

ရေအိုင်ထဲ၌ ဆင်အုပ်ကြီး ရေသောက်တော့ ဆော့ကစားမြူးထူးနေသည်ကို စင်တိန် မိုပါနီအပင်ကြီး ၏ ထိပ်ဆုံးခွဆုံမှ လှမ်းကြည့်နေရင်း သူမပါ စိတ်ထဲကပါ ပျော်လာသည်။ ဆင်အုပ်ကြီး ရေအိုင်မှ ထွက်သွားသော အခါ အိုဝါနှင့် စင်တိန်တို့ သစ်ပင်ပေါ်မှ ဆင်းလာကြသည်။
သစ်ပင်အောက်တွင် စောင့်နေသော ဟာနီနှင့်အတူ သုံးဦးသား ရေအိုင်အစပ်သို့ ဆင်းလာကြသည်။ ဆင်အုပ် ရေဆင်းသောက်သဖြင့် ရေအိုင်မှာ နောက်နေသော်လည်း အပူဒဏ်သက်သာစေရန် ရေဆင်းချိုး မည် ဟု စင်တိန် စိတ်ကူးလိုက်သည်။

သို့သော် အိုဝါ၏ အမူအရာမှာ ရုတ်တရက် ပြောင်းသွားသည်။ ဆတ်ခနဲ ခေါင်းထောင်ကာ နားစွင့် လိုက်ပြီး နှာခေါင်းတရှုံ့ရှုံ့ဖြင့် အနံ့ခံလိုက်သည်။ ဆင်အုပ်ကြီး ရေအိုင်သို့ ဆင်းလာခဲ့သော မြောက်ဘက် အရပ် သို့ လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်တာလဲ အဖေကြီး"
အိုဝါ အမူအရာ ပြောင်းသွားသဖြင့် ဟာနီက မေးလိုက်သည်။ အိုဝါက ချက်ချင်း မဖြေသေးပေ။ သို့သော် သူ့မျက်နှာ နှင့် နှုတ်ခမ်းတွင်မူ စိုးရိမ်သည့် အရိပ်လက္ခဏာများ ပေါ်လွင်နေသည်။
"တစ်ခုခုပဲ၊ လေထဲမှာ တစ်ခုခု ပါလာတယ်၊ အသံလား၊ အနံ့လား ဆိုတာတော့ သိပ်မသေချာသေး ဘူး"
အိုဝါက ခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် ဆုံးဖြတ်ချက် တစ်ရပ်ကို ချက်ချင်းချလိုက်သည်။

ဟာနီသည် ထိုင်နေရာက ကောက်ခါ ငင်ကာ ထလိုက်ပြီး ငှက်ဥရေဘူးများ ပါသော အိတ်ကို ကောက်ယူ လိုက်သည်။ အိုဝါ၏ ကြိုတင်ထိုးကွင်း သိမြင်တတ်မှုနှင့် ပတ်သက်၍ ဟာနီ ဘယ်တုန်းကမှ စောဒက မတက်ခဲ့။ အိုဝါ ထိုသို့ ကြိုတင် သိမြင်မှုကြောင့် သူတို့ဘ၀တွင် အသက်ဘေးမှ လွတ်ခဲ့ရသော အကြိမ်ပေါင်း များခဲ့ပြီး မဟုတ်လား။
"နမ်ချိုင်း ... မြန်မြန်လုပ်၊ သွားမယ်"
ဟာနီက ခပ်တိုးတိုးပြောလိုက်သော်လည်း အသံက လောဆော်သံပါနေသည်။
"ဟာနီ သိပ်ပူတယ်၊ ကျွန်မ မသွားချင်သေးဘူး"
ရေထဲ သို့ ဒူးဆစ်လောက်အထိ ရောက်နေသော စင်တိန်က ဟာနီအား လှည့်ကြည့်ပြီး ပြောလိုက်သည်။

"အန္တရာယ် ရှိတယ်၊ အန္တရာယ် ..."
အိုဝါနှင့် ဟာနီ တို့က တောစပ်ထဲသို့ ခပ်သုတ်သုတ် ၀င်သွားကြသည်။ စင်တိန်လည်း တစ်ယောက် တည်း ကျန်ခဲ့တော့မည်ကို သိ၍ ရေအိုင်ထဲမှ ကမန်းကတန်း တက်လာသည်။ အိတ်နှင့် လမ်းလျှောက်တုတ်ကို ဆွဲယူပြီး တောထဲဝင်ပြေးရင်း အ၀တ်အစားကို ၀တ်သွားရသည်။
အိုဝါသည် မိုပါနီသစ်တောအတွင်း ကွေ့ကာကောက်ကာဖြင့် သွားနေရာ နောက်ဆုံး သူ့ဖက်ပိုင်းဘက် မှ လေတိုက် လာသည် အထိ ဖြစ်သည်။ ဆန်လူပုကလေးများသည် ကျွဲများ ဆင်များလိုပင် အန္တရာယ်ကြုံ လာပါက လေအောက်သို့သာ စုန်ပြေးသည်။ သို့ဖြင့် မိမိနောက်မှ လိုက်လာသူများ၏ အနံ့ ကို မိမိက ရနေ ပေမည်။
အိုဝါ က စင်တိန် မီလာစေရန် ရပ်စောင့်နေသည်။

"ဘာဖြစ်လို့လဲဟင် အိုဝါ" စင်တိန်က မေးသည်။
"အန္တရာယ်၊ အသက်အန္တရာယ် ရှိတယ်"
"ဒါဖြင့် ကျွန်မ ဘာလုပ်ရမလဲဟင်"
"ခြေရာလက်ရာမကျန်အောင် ဖျောက်ဖျက်ဖုံးအုပ်ပစ်ခဲ့"
နောက်ကလိုက်သူ မတွေ့ရအောင် ခြေရာလက်ရာ ဖျောက်ပုံ၊ ဖုံးကွယ်ပုံများအား အိုဝါ သင်ကြားပေး ထားသည် ကို စင်တိန် သတိရလာသည်။ နောက်မှလိုက်သူက အလွန်တော်၍ ခြေရာခံနိုင်လျှင် တောင်မှ အချိန် ကြန့်ကြာသွားစေမည် ဖြစ်သည်။ ဤအတတ်ပညာနှင့် ကျွမ်းကျင်မှုသည် ဆန်လူမျိုး ယခုအထိ အသက်ရှင် ကျန်ရှိနေခြင်း၏ အဓိက အခြေခံအကြောင်းတစ်ရပ် ဖြစ်သည်။
"ဟာနီ က ရှေ့ကသွား၊ နမ်ချိုင်းက နောက်ကလိုက်၊ သူ လုပ်သလို လိုက်လုပ်သွား၊ ငါမင်းတို့ နောက်က လိုက်ခဲ့ပြီ မင်းတို့ ကျန်နေခဲ့တဲ့ ခြေရာလက်ရာအကြွင်းအကျန်တွေကို ဖျောက်ဖျက်လာခဲ့ မယ်"
အိုဝါ က အမိန့်ပေးလိုက်သည်။

"အဘွားကြီးဟာနီက လျင်မြန်သွက်လက်စွာဖြင့် ရှေ့ဆောင်သွားသည်။ ခြေရာများ၊ လမ်းကြောင်းများ အလွယ် တကူ ကျန်ရစ်ခဲ့မည့် တောလိုက်လမ်းကြောင်းများ၊ မြေပြောင်များကို ရှောင်ကွင်း၍ ခက်ခဲသော လမ်းဖြင့် သွားသည်။ နောက်ကလိုက်သူများက သူတို့သွားမည်ဟု မယူဆ နိုင်သော ချုံကြိုချုံကြား များနောက်မှ သွားသည်။ လဲကျနေသော သစ်လုံးများပေါ်မှ သွားသည်။ ခြေလှမ်းအကျယ်အကျဉ်း အမျိုးမျိုး ပြောင်းသွားသည်။

ခြေရာ မထင်နိုင်သော မြေမာများပေါ်တွင် ခုန်ဆွခုန်ဆွဖြင့် သွားသည်။ တစ်သက်တာလုံး လေ့လာ ဆည်းပူး ခဲ့သော ခြေရာဖျောက်နည်းများကို သုံးစွဲသွားသည်။ စင်တိန်ကာ ဟာနီ့အတိုင်း နောက်မှ လိုက်လုပ် သွားသည်။ သို့သော် ဟာနီလောက် မသေသပ် မပိရိပါချေ။ တချို့နေရာတွင် ချုံထဲတိုးသွားရာ သစ်ကိုင်း အစိမ်းကလေး များ ကျိုးကျန်ရစ် ခဲ့သည်။ တချို့နေရာ၌ မြက်ပင်များ လဲကျန်ခဲ့သည်။ အိုဝါက နောက် မှ လိုက်လာပြီး ထိုဟာကွက်များ ကို ဖျောက်ဖျက် ပိတ်ဆို့လာသည်။
အိုဝါက နောက်မှနေပြီး ငှက်အော်သံတစ်မျိုးဖြင့် ရှေ့မှ ဟာနီကို အချက်ပေးသည်။ ဟာနီကလည်း ငှက်သံဖြင့် တုံ့ပြန်သည်။ အိုဝါက ဟာနီအား ဆက်လျှောက်၊ ဘယ်ကွေ့၊ ညာချိုး စသည်များကို ငှက်သံ ဖြင့် အမိန့်ပေး ညွှန်ကြားသွားသည်။

သူတို့ရှေ့တွင် မြေတလင်းကွင်းပြင်ကျယ် ကွက်လပ်တစ်ခုကို ဘွားခနဲ တွေ့လိုက်သည်။ မိုက်ဝက် ခန့် ကျယ်သည်။ ဆူးပင်တချို့သာလျှင် ကျိုးတိုးကျဲတဲပေါက်နေသည်။ ထိုကွက်လပ် ဟိုမှာ ဘက်တွင် သစ်ပင်ကြီး များ ထူထပ်စွာ ပေါက်နေသော ခင်တန်းတစ်ခု ရှိသည်။ ထိုတောထဲသို့ အိုဝါဦးတည်လိုက် သည်။ ထိုတောထဲ သို့ မည်သည့်လူသားမှ လိုက်ဝံ့မည် မဟုတ်မှန်း အိုဝါ သိသည်။ ထိုတောထဲသို့ ရောက်သည် နှင့် မိမိတို့အဖို့ လုံခြုံစိတ်ချရပေမည်။

သို့သော် ထိုတောထဲရောက်ရန် ရှေ့မှ ကွက်လပ်ကို ဖြတ်ရပေမည်။ ကွက်လပ်ထဲဖြတ်နေစဥင်္ နောက်မှ လူများ မီလာပါက သူတို့ သေနတ်စာမိပြီး ခန္ဓာစဲသွားမည်ကို အိုဝါ သိသည်။ ထို့ကြောင့် အိုဝါ နှာခေါင်း ပွစိပွစိ လုပ်ပြီး အနံ့ခံလိုက်သည်။ လေညင်းတွင် မသိမသာလေးပါလာသော ကာဘော်လစ်ဆပ်ပြာနံ့၊ မလျှော်မဖွပ်တာ ကြာပြီဖြစ်သော အ၀တ်အစားနှင့် ခြေနံ့မှ အနံ့နှင့် အိုဗန်တို လူမည်းများ ကိုယ်ခန္ဓာ၌ သုတ် လိမ်းသည့် သားကောင်အဆီနံ့တို့ကို အိုဝါ ရလိုက်သည်။ အကွာအဝေးကား မှန်းရခက်သည်။
သို့သော် ဘာပဲဖြစ်ဖြစ် ဤကွင်းပြင်ကို စွန့်၍ ဖြတ်ရပေမည်။

"ကဲ ... ပြေးပေတော့ နမ်ချိုင်း၊ ဟိုဘက်တောစပ်ရောက်အောင်၊ ဒီကွက်လပ်ထဲမှာ တွေ့သွားယင် တော့ သေ လိမ့်မယ်"

"ကျွန်တော်တို့ အနံ့ကို သူတို့ ရနေတယ်၊ ခြေရာလက်ရာတွေ ဘယ်လိုဖျောက်သွားတယ်ဆိုတာ ကြည့် ပါလား"
ဟင်းဒရစ်က နောက်မှ လိုသာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
တောစပ်သို့ သူတို့ရောက်လာသောအခါ ရှေ့မှ ဆန်များသည် ငှက်ဖြစ်ကာ လေထဲပျံတက်သွား သလားဟု ထင်ရလောက်အောင်ပင် ခြေရာလက်ရာများက ပျောက်သွားသည်။ ထို့ကြောင့် ဟင်းဒရစ်က သူ၏ အိုဗန်ဘို မုဆိုးများအား အချက်ပြလိုက်ပြီး ရင်ပေါင်တန်း လူဖြန့်လိုက်ကာ လူပိုက်ကွန်ဖြန့်ကြက်ပြီး ရှေ့သို့ ဆက်လက် ချီတက်သည်။ ညာဘက်ဆုံးမှလူက လေချွန်အချက်ပေး ကာ လမ်းပြောင်းသွားသည့်နေရာကို ညွှန်ပြလိုက်သည်။

"သူတို့က လေအောက်ဘက်ကို စုန်ဆင်းသွားတာကိုး၊ အင်း ... အစတည်းက တွေးမိဖို့ ကောင်းတာ" ဟင်းဒရစ် က သူ့ဘေးလေးငါးဆယ်လှမ်းအကွာရှိ လိုသာအား ပြောလိုက်သည်။ ခြေရာများကို ဖျက်ဆီး ဖျောက်ဖျက် ထားပုံများကို ရှေ့တွင် လိုသာ ဆက်တွေ့လာရသည်။
"ပစ်ဂမီ တွေဟာ ဆင်တွေလိုပဲ အနံ့ခံကောင်းတယ်ဆိုတာ ခင်ဗျား ယုံသလား" ဟင်းဒရစ်က မေးလိုက် သည်။
"ငါက မျက်စိနဲ့ မြင်မှ ယုံတဲ့လူစား၊ ငါ့ရှေ့မှာ ပစ်ဂမီ တစ်ယောက် မြေကြီးကို နှာခေါင်းနဲ့ကုန်းပြီး အနံ့ခံနေတာ မြင်ယင်တော့ ယုံမယ်"
သူ့စကားကြောင့် ဟင်းဒရစ် ရယ်လိုက်ပြီး ထပ်ပြောသည်။

"သူတို့မှာ မြားတွေလဲ ပါလာကြလိမ့်မယ်"
"သူတို့နဲ့နီးနီး သိပ်မကပ်နဲ့ပေါ့၊ မြင်တာနဲ့ သေနတ်နဲ့သာ လှမ်းပစ်၊ ဒါပေမယ့် လူဖြူ အမျိုးသမီးကို တော့ မထိ စေနဲ့နော်၊ အမျိုးသမီးကို အန္တရာယ်ပြုတဲ့လူကိုတော့ ငါသတ်မှာပဲ၊ ကဲ ... မင်းလူတွေကို အဲဒါ အမိန့် ပေးလိုက်"
ဟင်းဒရစ်က "ပစ်ဂမီကိုပစ်၊ လူဖြူ အမျိုးသမီးကို လုံးဝ မထိစေနဲ့" ဟု တစ်ဦးမှတစ်ဦး စကားကမ်း စေပြီး အမိန့်ပေးလိုက်သည်။ တောထဲတွင် ခြေရာခံလိုက်ရာ၌ နှစ်ကြိမ်တိတိ ခြေရာပျောက်သွား သဖြင့် အတော် အချိန်ယူပြီး ခြေရာ ပြန်ကောက်ခဲ့ရသည်။

"သူတို့ရှေ့မှာ တော်တော်ဝေးဝေး ရောက်နေရော့မယ်၊ ငါ ဒီလမ်းအတိုင်း သွားမယ်၊ မင်းတို့နောက်က ခြေရာခံလိုက်ခဲ့" လိုသာက စိတ်မရှည်နိုင်တော့သဖြင့် ဟင်းဒရစ်အား ပြောလိုက်သည်။
"သတိထားသွားနော်၊ သူတို့က ချုံခိုတိုက်တတ်တယ်၊ သူတို့ မြားတွေအန္တရာယ်ကိုလဲ မျက်ခြည် မပြတ်နဲ့"
ရှေ့မှ ထွက်သွားသော လိုသာကို ဟင်းဒရစ်က အော်ပြီး သတိပေးလိုက်သည်။ လိုသာက သူ၏ သတိပေး ချက်ကို အလေးမထားဘဲ ရှေ့သို့သာတိုးကာ တောတိုးပြီး သွားတော့သည်။ သူသည် ပစ်ဂမီတို့အား အမီ လိုက် ရန်သာ စိတ်စောနေသည်။ မီလျှင် လူဖြူ အမျိုးသမီးအား သူတို့လက်မှ မဖြစ်မနေ ကယ်တင်ရပေ မည်။ လိုသာသည် ချုံတောထဲ တိုးသွားရသဖြင့် ဆူးများ ငြိကာ အင်္ကျီများစုတ်ပြတ်ပြီး အသားကိုလည်း ခြစ်မိ ကုန်သည်။

လိုသာသည် တောတွင်းမှနေ၍ ကွင်းပြင်အစပ်သို့ ဘွားခနဲ ရောက်သွားသည်။ မောဟိုက်လှသ ဖြင့်ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချွေးများပင် စိုရွဲနေသည်။
လိုသာရှေ့ရှိ ကျယ်ပြန့်သော ကွင်းပြင်ကြီး၏ ဟိုမှာဘက်အစပ်တောထူထပ်သော ခင်တန်းအ နိမ့်လေး အောက်တွင် လှုပ်ရှားမှုကို တွေ့ရသည်။ ယိမ်းထိုးလှုပ်ရှားနေသော အ၀ါရောင်မြက် ခင်းပေါ်တွင် အမည်းစက် ကလေး သုံးစက်က လှုပ်ရှားနေသည်။ လိုသာသည် ပိုပြီးရှင်းလင်း ပြတ်သားစွာ မြင်ရန် အနီးရှိ သစ်ပင်တစ်ပင်၏ အောက်ဆုံးတစ်ကိုင်းပေါ်သို့ တက်ပြီး ထိုလှုပ်ရှား မှုကိုလှမ်းကြည့်လိုက်သည်။

    လိုသာ ကိုယ်တွင်လွယ်ထားသော အမဲလိုက် အိတ်ထဲမှ မှန်ပြောင်းကိုထုတ်ယူကာ မျက်စိ တွင်တေ့ပြီး လှမ်းကြည့် လိုက်သည်။ သူ့လက်များက တုန်လို့ပင်နေသည်။ ထို့ကြောင့် ရှင်းလင်း ပြတ်သားစွာ မြင်အောင် အနီးအဝေးကိုပင် အတော်ချိန်ယူရသည်။ မှန်ဘီလူးမြင်ကွင်းထဲ၌ လူသုံး ဦး၏သဏ္ဌာန် ပေါ်လာ သည်။ ထိုလူသုံးဦးသည် ရှေ့နောက်တန်းစီပြီး တစ်ဘက်တောစပ်သို့ ပြေးနေသည်။ သူတို့၏ ခေါင်းများနှင့် ပခုံးများကို မြက်ပင်များပေါ်တွင် ထင်ရှားစွာ မြင်ရသည်။ ထိုသုံးယောက်အနက် တစ်ယောက် မှာ ကျန်နှစ်ယောက်ထက် အရပ်ရှည်သည်။

    တစ်ဘက် တောစပ်သစ်ပင်များဆီသို့ သူတို့ ရောက်မသွားခင် စက္ကန့်ပိုင်းမျှ လိုသာ မြင်လိုက်ရသည်။ လူပုကလေး နှစ်ယောက်က ချက်ချင်းတောထဲဝင်ပြီး ပျောက်သွားသည်။ ရှည်သူ တစ်ယောက်က တော်ထဲ သို့ ၀င်မသွားသေးဘဲ တောစပ်တွင် လဲကျနေသော သစ်လုံးတစ်လုံးပေါ် တက်ကာ လိုသာရှိသော ကွင်းပြင်ဘက် သို့ နောက်ပြန်လှည့်ကာ ကြည့်လိုက်သည်။

    ထိုသူမှာ အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း လိုသာမှန်ပြောင်းမြင်ကွင်းထဲ၌ အထင်အရှား မြင်လိုက်ရသည်။ သူမ၏ရှည်လျားနက်မှောင်သော ဆံပင်များကို ဘယ်ညာခွဲပြီး အထုံးနှစ်ထုံးထုံး ထားသည်။ ထိုဆံပင် အထုံးနှစ်ထုံးသည် ပခုံးနှစ်ဘက်ပေါ်၌ ကျနေသည်။ သူမ၏ အသွင်အပြင် နှင့် အမူအရာ ကို လိုသာကမှန်ပြောင်းထဲမှ နေ၍ ထင်ထင်ရှားရှားမြင်နေရသည်။ ကြောက်ရွံ့စိုး ရိမ်နေပုံရှိသော်လည်း အံတုလိုသည့်အသွင်က အထင်းသားပေါ်နေသည်။ သူမ၏မျက်ခုံး၊ မျက်လုံး နှင့်မေးရိုး ကျပုံက အထက်တန်းစားပုံပေါ်လွင် နေသည်။ နှုတ်ခမ်းအစုံက ပြည့်ဖြိုးဖောင်းအိပြီး တင်းတင်း ရင်းရင်း ပိပိရိရိရှိသည်။ တောက်ပနေသော မဟူရာ မျက်လုံးအစုံက ၀ိုင်းစက်ရွှန်းစို နေသည်။

လိုသာစိုက်ကြည့်နေစဉ်မှာပင် အမျိုးသမီးက ပခုံးတစ်ဘက်တွင် လွယ်ထားသော အိတ်ကို အခြားပုခုံး တစ်ဘက် သို့ ပြောင်းလွယ်လိုက်သည်။
ထိုတစ်ခဏ ၌ သူမ၏ကိုယ်ခန္ဓာအထက်ပိုင်းတွင် လွမ်းခြုံထားသော တာလပတ်စအကြမ်းမှာ ရုတ် တရက် လှစ်ဟ ပွင့်လင်းသွား သည်။ လိုသာ အဖို့ရုတ်ခြည်းမြင်သည့် ရွှေရင်ဖုံးတုံ့မဖုံးတုံ့ မြင်ကွင်းမှာ  အသက်ရှူ ပင်ရပ်သွား တော့မလောက်ဖြစ်ရ သည်။

အမျိုးသမီးက လိုသာဘက်ကိုလှမ်းကြည့်နေရာမှ တစ်ဘက်တောစပ်ဘက်သို့ ခေါင်းကိုပြန်လှည့် သွားသည်။ ထိုအခါသူမ၏ မျက်နှာကို ဘေးတိုက်မြင်ကွင်းမှနေ၍ လိုသာမြင်လိုက်ရ ပြန်သည်။ လိုသာ အဖို့ တစ်သက်တာတွင် စွဲမက်စရာ အကောင်းဆုံး မျက်နှာကလေးကို သူ့အသည်းတွင် တံဆိပ်ခတ်နှိပ်မိလျက်သား ဖြစ်သွားသည်။ လိုသာ၏ အသည်းနှလုံးနှင့် အသွေးအသားတို့ အားလုံးက သူမ အား လိုလားတောင့်တမှုများ ဖြင့်ပြည့်လျှမ်းသွားသည်။

သူမက လိုသာဘက်ကို ကျောခိုင်းလိုက်ပြီး သစ်လုံးပေါ်မှ ခုန်းဆင်းကာ တောထဲသို့ တိုးဝင် ပျောက်ကွယ် သွားသည်။ သူမတိုးဝင်သွားသော တောစပ်တွင် သစ်ရွက်တစ်ခက်ကလေးများ လှုပ် ယမ်းကျန်ခဲ့သလို လိုသာ့ ရင်ထဲ၌လည်း တုန်ခါ ကျန်ရစ်ခဲ့သည်။ လိုသာသည် သစ်ပင်ပေါ်၌ စက္ကန့် အတန်ကြာမျှ ငူငူကြီး ကျန်ရစ်ခဲ့ပြီး ဟာတာတာကြီး ဖြစ်နေသည်။ ထို့နောက်မှ သက်ပြင်း မော ကြီးချပြီး သစ်ပင်ပေါ်မှ ဆင်းလာခဲ့သည်။

လိုသာက လေချွန်ပြီးအချက်ပေးလိုက်ရာ နောက်ဘက်တွင် ကျန်ရစ်ခဲ့သော ဟင်းဒရစ်ကလည်း လေချွန်ပြီး ပြန်အချက်ပေး သည်။ သို့သော် လိုသာသည် သူ့လူများ ရောက်လာသည်အထိ စောင့် မနေ တော့ဘဲ ကွင်းပြင်ကို ဖြတ်ကာ ပြေးသွားသည်။

အမျိုးသမီးက သစ်လုံးပေါ်တက်ပြီး မိမိဘက်သို့ ပြန်လှည့်ကြည့်ခဲ့သည့် နေရာသို့ လိုသာရောက် သွားသည်။ သစ်လုံးပေးမှ ခုန်ဆင်းသွားရာတွင် မြေပျော့်ပေါ် ထင်ထင်ရှားရှား ကျန်ရစ်ခဲ့သော ခြေရာ လှလှလေးများကို လိုသာမြင်ရသည်။ သို့သော် ထိုရှေ့ဘက်တောထဲ၌ မြေမာများဖြစ်နေ သဖြင့်ခြေရာ မထင် တော့ပေ။ သို့ရာတွင် လိုသာသည် သူမအား ထပ်မံမြင်ရလို မြင်ရငြားဖြင့် ရှေ့ ဆက်လိုက် သွားသည်။

သို့သော် သစ်တောမှာ တိုးမပေါက်အောင် ပိတ်ကျပ်နေသည်။ ထို့ကြောင့် လိုသာသည် သစ်ပင် တစ်ပင်ပေါ်တက်ပြီး ရှေ့သို့ လှမ်းမျှော်ကြည့်ရာ သစ်တောများက မျက်စိတစ်ဆုံး ပိန်းပိတ်အောင် ဖုံးလွှမ်း အုပ်ဆိုင်း နေသည်။ အစိမ်းရောင် သစ်တောပြင်ကျယ်ကြီးမှ တစ်ပါး ဘာမျှမမြင်ရတော့ပါ ချေ။ လိုသာ သစ်ပင်အောက် ပြန်ဆင်းလာသည်။ နွမ်းယိ ယိုင်နဲ့လေးကွေးသော ခြေလှမ်းများဖြင့် ကွင်းပြင်စပ်ဆီသို့ ပြန်လျှောက်လာသည်။ ဟင်းဒရစ်နှင့် နောက်လိုက်များက ထိုနေရာမှ နေ၍ သူ့ကိုစောင့်နေသည်။
မြေမာမှာ ခြေရာပျေက်သွားတယ် ဟင်းဒရစ်က စတင်ပြောလိုက်သည်။

"ရှေ့ဆက်လိုက်ကွာ၊ သူတို့ကိုတွေ့အောင်ရှာမယ်"
လိုသာက အမိန့်ပေးလိုက်သည်။
"ကျွန်တော်ကြိုးစားပြီးပါပြီ၊ ဒါပေမယ့် ခြေရာလဲပျောက် ရေလဲနောက် ဖြစ်နေပြီ"
"ဘာပဲဖြစ်ဖြစ် ငါလက်မလျှော့နိုင်တော့ဘူး၊ တို့ဆက်လိုက်ရမယ်၊ သူတို့ကို လက်လွတ်မခံနိုင်ဘူး"
"ခင်ဗျား သူတို့ကို မြင်လိုက်ရသလား"
ဟင်းဒရစ် က သူ့ဆရာ၏ အမူအရာကိုကြည့်ပြီး ခပ်တိုးတိုး မေးလိုက်သည်။

"မြင်လိုက်ရတယ်"
"မျက်နှာဖြူအမျိုးသမီး ဟုတ်လား"
"ဟုတ်တယ်၊ အဲဒီအမျိုးသမီးကို ဒီတောကြီးမျက်မည်းနဲ့ ကန္တာရထဲမှာ မထားရစ်ခဲ့နိုင်ဘူး၊ သူ့ကို တွေ့အောင်ရှာရမယ်" လိုသာက အဝေးသို့ငေးကြည့်ပြီး ပြောလိုက်သည်။ သူ၏ရင်တွင်းမှ ခံစား ချက်ကို ဟင်းဒရစ် မမြင်စေလို၍ မျက်နှာလွှဲလိုက်ခြင်း ဖြစ်သည်။
"ကျွန်တော်တို့ ထပ်ပြီးကြိုးစားကြတာပေါ့၊ အဲဒီအမျိုးသမီးက ချောသလား" ဟင်းဒရစ်က ရှက်ကိုး ရှက်ကန်း ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်....ချောတယ်"
လိုသာက ဟင်းဒရစ်ဘက် လှည့်မကြည်ဘဲ ခပ်တိုးတိုး ဖြေလိုက်သည်။ လိုသာအဖို့ ယခုမှ အိပ် မက် က လန့်နိုးလာသလို ဖြစ်သွားသည်။ မေးရိုးကြီးများ ထောင် တက်လာသည်။
"မင်းလူတွေကို တောထဲတိုးပြီး လိုက်ခိုင်းစမ်းကွာ" လိုသာက အမိန့်ပေးလိုက်သည်။

အိုဗန်ဘို တောလိုက်မုဆိုးများသည် အမဲလိုက်ခွေးများလိုပင် တောတိုးကာ လိုက်ကြသည်။ သို့သော် ကျောက်ဆောင် ကျောက်သားမြေပေါ်တွင် ပစ်ဂမီနှင့် မျက်နှာဖြူမတို့၏ ခြေရာကို တစ်ခါသာ ထပ်တွေ့ရတော့သည်။
လိုသာသည် တစ်နေရာတွင် သူ့ပခုံးခန့်ရှိ ချုံပုတ်တစ်ခုမှ သစ်ကိုင်းများတွင် လူ့ဆံပင်အတွေး တစ်ခုငြိပြီင်္း ကျန် နေသည်ကို တွေ့ရသည်။ ထိုချုံပုတ်သစ်ကိုင်းများအောက်မှ အမျိုးသမီး ငုံ့လျှိုး ၀င်သွားရာတွင် ဆံပင် များ သစ်ကိုင်းနှင့် ငြိပြီး ကျွန်ကျန်နေခြင်းပင် ဖြစ်ရမည်မှာ သေချာသည်။ ဆံပင်မှာလိုသာလက် တစ်ဖျန် ခန့်ရှိသည်။ ပျော့ပျောင်းနူးညံ့ပြီး နေရောင်တွင် မဟူရာ ပိုးသား ရောင် တောက်ကာ လှိုင်းထနေသည်။

လိုသာသည် မိမိအား မည်သူကမှ စောင့်ကြည့်နေခြင်း မရှိသည်ကို မြင်သောအခါ လည်ပင်းရှိ ရွှေဆွဲကြိုးမှ ကြုတ်ကလေးကိုဖွင့်ကာ ဆံပင်ချည်လေးများကို တယုတယ ထည့်သွင်းသိမ်း ဆည်း ထားလိုက်သည်။ ထိုနေ့က မိုးချုပ်သည်အထိ သူတို့လိုက်ကြသည်။ နောက်တစ်နေ့တွင်လည်း အလင်းရောင်လာသည်နှင့် စတင်လိုက်ကြပြန်သည်။
လေးရက်ကြာလာသည်အထိ ဘာခြေရာ လက်ရာမှ မတွေ့ရသေးပေ။ အိုဗန်ဘိုနောက် လိုက်နှစ် ယောက်က ညအိပ်ပျော်နေကြ ချိန်တွင် ရိုယ်ဖယ်များယူပြီး ထွက်ပြေးသွားကြသည်။
"ကျန်တဲ့လူတွေပါ ထွက်ပြေးကုန်ကြလိမ့်မယ်၊ အခုအမျိုးသမီးနောက်လိုက်တာ ရူးတာပဲလို့ သူတို့က ပြောနေကြပြီ၊ သူတို့အဖို့ နားမလည်နိုင်အောင် ဖြစ်နေကြတယ်ဗျ၊ ဆင်အုပ်ကိုလဲ ကျွန်တော်တို့ မျက်ခြည်ပြတ်ခဲ့ပြီ၊ အခုခရီးကို ဆက်လိုက်လို့တော့ ဘာအကျိုးအမြတ်မှ ရှိမှာမ ဟုတ်တော့ဘူး၊ ခြေရာ လဲပျောက် ရေလဲနောက်ဖြစ်နေပြီမဟုတ်လား၊ ခင်ဗျားအခုဆက်ရှာလို့ တော့ဘယ်လိုမှ တွေ့မှာ မဟုတ်တော့ပါဘူး၊ ဟင်းဒရစ်က လိုသာအား သတိပေးလိုက်သည်။"

ဟင်းဒရစ်စကားမှန်သည်။ အမျိုးသမီးမျက်နှာကို ခဏလေး မြင်လိုက်ရရုံဖြင့် မိမိအဖို့ အရူးအမူး ဖြစ်နေရသည်။ ရင်ထဲ၌ ခံစားချက်တစ်နင့် တစ်ပိုးဖြင့် ဝေဒနာတစ်ရပ်က မိမိကိုဖိစီးနှိပ်စက် နေမှန်း လိုသာ သိလာသည်။ လိုသာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး ပြောလိုက်သည်။
"ကောင်းပြီလေ၊ ခြေရာလဲ ပျောက်နေပြီပဲ၊ လမ်းလဲဆုံးပြီပေါ့၊ ကဲတို့နောက်ကြောင်း ပြန်လှည့်ကြ မယ်"
သူ့ လူများက နောက်ကြောင်းပြန်လှည့်ကြသည်။
လိုသာသည်ရင်ဘတ်ပေါ်ရှိ လည်ဆွဲကြုတ်ကလေးကို ကိုင်ရင်း သူ့ရှေ့ဘက်ရှိ တောကြီးမျက် မည်းထဲသို့ စိုက်ကြည့် နေသည်။ ထိုတောနက်ကြီးထဲသို့ လူဖြူအနည်းငယ်သာ စွန့်စား သွားရောက် ခဲ့ဖူးသည်။
"မင်းဘယ်လိုများ ပျောက်သွားသလဲကွယ်၊ ကာလာဟာ တောနက်ကြီးထဲကိုများ သွားတာလား၊ ဘာကြောင့် တို့ကို မစောင့်တာလဲ၊ ဘာကြောင့်ပြေးရတာလဲ အချစ်ရယ်"
လိုသာသည် တစ်ယောက်တည်း စကားပြောကာ တစ်ယောက်တည်း မေးခွန်းထုတ်နေသည်။ သို့သော် အဖြေက ထွက်မလာ။ လက်ဖြင့်ကိုင်ထားသော ကြုတ်ကလေးကို ရင်ဘတ်ပေါ် ပြန်ချ ထားလိုက်သည်။

"နောက်တစ်ခါ မင်းခြေရာတို့ တွေ့ယင်တော့ မင်းမလွတ်နိုင်တော့ပါဘူး အချစ်ရယ်၊ နောက် တစ်ခါကျရင်တော့ မင်းကိုတို့ မိုးတစ်ဆုံး မြေတစ်ဆုံး စကြ၀ဠာတစ်ခုလုံး လိုက်လို့ရှာမယ် အချစ်ရယ်"
လိုသာက တိုးတိုးလေးရေရွတ်လိုက်သည်။ ထို့နောက် တောကြီးမျက်မည်းကို ကျော်ခိုင်းပြီး လာ ရာလမ်းသို့ ပြန်လှည့်လိုက်တော့သည်။
၃၁

အိုဝါသည် ဟာနီနှင့် စင်တိန်တို့အား တောထဲတွင် တောင်ဘက်သို့ ခရီးပြင်း မောင်းနှင်သွား သည်။ မိန်းမသား နှစ်ဦးအား လုံးဝ အနားမပေးဘဲ ခရီးပြင်းနှင်စေရာ စင်တိန်မှာ လဲကျလု မတက် ဖြစ်နေသည်။ ထို့ကြောင့် စင်တိန်က နောက်ဘက်ရှိ အိုဝါအား လှည့်ကြည့် လှည့်ကြည့်ဖြင့် ရပ်နား ခွင့်တောင်းနေသည်။
မွန်းတည့် ပြီးနောက် အချိန်အတော်ကြာမှ နားခွင့်ပေးလိုက်သည်။ မိန်းမသားနှစ်ဦးသည် ကျောက် တောင် ဆင်ခြေ လျှောစောင်း တွင် လက်ဆွဲအိတ်များကို ပစ်ချကာ ခြေပစ်လက်ပစ်နားလိုက် ကြသည်။ အိုဝါသည် အောက်ဘက် သို့ ဆက်ဆင်းပြီးပတ်ဝန်းကျင် ကိုအကဲခတ်သည်။ အောက် ခြေရောက်ခါနီး လမ်းတစ်ဝက် တွင် အနံ့ရသဖြင့် နှာခေါင်းနှင့်ရှူကြည့်ပြီး အနံ့လာရာသို့ လိုက်သွားရာ မြင်းကျား အသေတစ်ကောင်ကို တွေ့ရသည်။

အိုဝါက မြင်းကျားအသေ၏ ပုံစံကိုကြည့်ပြီး အခြေအနေကို အဓိပ္ပာယ်ဖွင့်၍ ရသွားသည်။ မြင်းကျား သည် လွင်ပြင်ကို ဖြတ်အပြေးတွင် ခြင်္သေ့အဆွဲခံရပြီး ဤနေရာသို့ပါလာကာ ခြင်္သေ့အစာ ဖြစ်ခဲ့ရ သည်။ သေနေသည်မှာ တစ်ပတ်ခန့်ရှိနိုင်ပြီး ခန်းခြောက်နေသောအသားများ နှင့် အရိုးများကို ကြည့်ခြင်းဖြင့် သိသာ သည်။ အရိုးများကလည်း အပိုင်းပိုင်းအစစဖြစ်ပြီး ကျောက်တုံးကျောက်ခဲ များကြားတွင် ပြန့် ကျဲနေသည်။

အိုဝါက ထိုပတ်ဝန်းကျင်တွင် လျက်မြန်စွာ လိုက်ရှာရာ မြင်းကျားခြေလေးချောင်းကို အကောင်းပက တိတွေ့ရသည်။ ခွေးသားများပင် ကိုက်ဖြတ်စားသောက်ထားခြင်း မရှိသေးပေ။ အိုဝါသည် မြင်းကျားခွာ နှင့် အရေတို့ကို လှီးဖြတ်ထုတ်ယူသည်။ ထို့နောက် အမျိုးသားနှစ်ဦးကို ထိုနေရာသို့ သွားခေါ် လာသည်။ အိုဝါက စင်တိန်ရှေ့တွင် ဒူးထောက်ထိုင်လိုက်ပြီး မြင်းကျားခွာနှင့် အရေကို စင်တိန့် ခြေထောက်တွင် ဖိနပ် သဖွယ် စည်းနှောင်ဝတ်ဆင်ပေးနေသည်။
"ငါ နမ်ချိုင်း ကို အလျင်လုပ်ပေးမယ်၊ ပြီးတော့မှ မင်းကိုလုပ်ပေးမယ်" အိုဝါက ဟာနီကို ပြော လိုက်သည်။

"မြန်မြန်လုပ်အဖေကြီး သူတို့ကျွန်မတို့နဲ့ နီးလာလိမ့်မယ် ဟာနီက နှာခေါင်းတရှုတ်ရှုတ်ဖြင့် အနံ့ခံရင်း ပြော လိုက်သည်။ မျက်လုံးကလည်း ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေသည်။"
"သူတို့ဆိုတာ ဘယ်သူတွေလဲဟင်၊ ကျွန်မတို့ကို ဘယ်သူက လိုက်နေလို့လဲ၊ ကျွန်မဖြင့်ဘာမှ လဲ မမြင်ပါလား၊ သူတို့ဟာ ကျွန်မတို့လို လူတွေလား အိုဝါ၊ ကျွန်မတို့လိုလူမျိုး တွေလား"
စင်တိန် သည် အမောပြေလာသဖြင့် လှဲနေရာမှ ကောက်ထပြီး မေးလိုက်သည်။ သိချင်စိတ်များက နှိုးကြားလာသည်။
အိုဝါ မဖြေခင်မှာပင် အာနီက ကြားဝင်ဖြေလိုက်သည်။

"သူတို့က လူမည်း တွေပါ၊ မြောက်အရပ်က လူမည်းလူထွားကြီးတွေ၊ မင်းလူမျိုးတွေ မဟုတ်ပါဘူး"
ဟာနီ က လိမ်လိုက်သည်။ ဟာနီနှင့်အိုဝါတို့သည် တောစပ်ထဲ ၀င်ခါနီး၌ နောက်လှည့်ကြည့်လိုက် ရာ လူဖြူ တစ်ယောက်ကို မြင်ခဲ့ရသည်။ သို့သော် စင်တိန်အား ပြောမပြဘဲ ဖုံးထားရန် တိုးတိုး တိတ်တိတ် သဘောတူ ထားခဲ့သည်။
"ဟာနီ ရှင်မြင်ရတာ သေချာရဲ့လား၊ ကျွန်မလို အသားဖြူမဟုတ်တာ သေချာတယ်နော်"
စင်တိန် က သေချာအောင် ထပ်မေးလိုက်သည်။ သူမသည် မြင်းကျားခွာကို ဖိနပ်သဖွယ်စီးပြီး လမ်း စလျှောက်ကြည့်နေရာ ဒေါက်မြင့်ဖိနပ်စီးတတ်ခါစ မိန်းကလေးနှင့် တူနေသည်။

"မဟုတ်ဘူး၊ မင်းအသားရောင်မျိုး လုံးဝမဟုတ်ဘူး"
ဟာနီက ခြေကာကာ လက်ကာကာနှင့် ငြင်းလိုက်သည်။ စင်တိန်သည် ကလေးမွေးဖွား ခါနီးနေပြီ ဖြစ်သည်။ ဟာနီ့ဘ၀တွင် နောက်ဆုံး လိုလားချက်တစ်ရပ်မှာ ကလေးငိုသံကြားပြီး ကလေးလေး ကို ချော့မြူ နေချင်သည်။ ထို့ကြောင့် ဤအခွင့်အရေးကို သူ့လက်လွတ် မခံနိုင်တော့ပါချေ။
"သူတို့ဟာ လူ့အသားတွေကို စားတဲ့အသားမည်းလူ့ဘီးလူး ကြီးတွေပါ နမ်ချိုင်း" ဟာနီက ထပ် ပြော လိုက်သည်။

"အို...လူသားစားတဲ့လူရိုင်းတွေပေါ့"
"ဟုတ်တယ် ဟုတ်တယ်၊ ဒါကြောင့် တို့နောက်ကို လိုက်နေတာပေါ့၊ သူတို့က မင်းဗိုက်ထဲက ကလေး ကိုခွဲထုတ်ပြီး....."
"ဒါဖြင့် သွားကြစို့ အိုဝါ၊ မြန်မြန်....မြန်မြန်"
စင်တိန် က ဟာနီ့စကားမဆုံးခင်ပင် ပြောလိုက်ပြီး တောထဲသို့ ခရီးဆက်ထွက်သည်။ တစ်မိုင်ခန့် ခရီး ပေါက်လာသော အခါအိုဝါသည် စင်တိန်အားချုံပုတ်တစ်ခု အောက်တွင် ပုန်းနေစေပြီး သူ့ထံမှ မြင်းကျားခွာနိမ့် ဖိနပ်ကိုချွတ်ယူကာ ဟာနီထံပြန်သွားပြီး ထိုဖိနပ်ကို စီးစေကာ ခေါ်လာသည်။ သို့ဖြင့် နောက်မှ လူများကို လုံးဝ ခြေရာဖျောက်ထားနိုင်ခဲ့သည်။

စင်တိန် ထံ ရောက်သောအခါ ဖိနပ်များချွတ်လိုက်ပြီး သုံးယောက်သား အရှေ့အရပ်ကို တစ်ညလုံး ခရီးနှင် ကြသည်။ မနက်အရုဏ်တက်ချိန်တွင်မှ အမျိုးသမီးများ သိပ်ပင်ပန်းနေသဖြင့် ရပ်နား အိပ်စက်ကြသည်။ တတိယညရောက်သောအခါ ဘေးကင်းလာပြီ ဖြစ်၍ အိုဝါကဟာနီအား မီးဖိုခွင့်ပေးလိုက်သည်။ နောက်တစ်နေ့ ခရီးထွက်သောအခါ ယုန်လေးများကို တွေ့လာရသည်။ အိုဝါက ယုန်များ ထောင်ပြီး ဖမ်းသည်။ ညဘက်တွင် ယုန်နှစ်ကောင်ထပ်မိသည်။ ထိုညစာမှာ ယုန်သားကင်ဖြစ်၍ စင်တိန် ခံတွင်းတွေ့လှသည်။
နောက်တစ်နေ့ မနက်တွင် သူတို့ခရီး၏ နောက်ဆုံးအပိုင်းကို စတင်ကြသည်။ စူးရှပြင်းထန်သော လေပူကြီး က သူတို့၏ မျက်နှာကို ၀င်တိုးလာသည်။

သတ္တ၀ါအားလုံး၏ ငြိမ်းချမ်းရာနယ်မြေ(၀ါ) လွတ်မြောက်ရာ နယ်မြေသို့ ထွက်လာခဲ့သော ပစ်ဂမီ လင်မယား အဖို့ ယခုခရီးသည် နောက်ဆုံးခရီး အစိတ် အပိုင်းပင်ဖြစ်သည်။ အစဉ်အလာအရ ယခု နယ်မြေ တွင် သူတို့အမဲမလိုက်ရပေ၊ အသက်မသတ်ရပေ၊ သို့သော် သူတို့အတွက် စားသောက် စရာ ပူပင်စရာ မလိုပေ။ မြေပေါ်တွင် အသီးအနှံများ အလျှံပယ်ပေါများသလို မြေအောက်၌လည်း သစ်ဥ သစ်ဖုများ ပေါကြွယ်လှသည်။ ရေအိုင်စိမ့်စမ်းများလည်းရှိသည်။

သို့သော် လေပူကြီးတိုက်နေပြီး သဲများလွင့်မျောပါလာနေသည်။ ထို့ကြောင့် မျက်နှာကို သားရေစ များဖြင့် ဖုံးကွယ် ကာဆီးပြီး သွားနေရသည်။ မြင်းကျင်းများကိုလည်း တွေ့လိုက်ရသည်။ လေဝှေ့လိုက်လျှင် သဲမှုန်များတထောင်းထောင်း ထသွားရာ မြင်ကွင်းမှာေ၀၀ါးသွားရသည်။ ခရီးကြမ်းသော်လည်း အိုဝါနှင့်ဟာနီသည် တစ်နေ့ထက်တစ်နေ့ ပိုပြီး သန်မာလာပုံရသည်။ တစ်နေ့ ထက်တစ်နေ့ ပုံမို စိတ်ဓာတ်တက်လာပုံရသည်။ စင်တိန်မှာမူ ပင်ပန်းနွမ်းနယ်ကာ နောက်တွင် ကျန်ရစ နေတတ်သည်ကများသည်။ ပင်လယ်ကမ်းခြေ ခရီးအစတွင် စင်တိန်နောက် ကျကျန်ရစ်သလို ယခုလည်း နောက်ကျ ကျန်ရစ်လာပြန်သည်။

ငါးရက်နေ့မြောက် ညနေခင်းတွင် သစ်တောအုပ်ကို ဖြတ်ကျော်လာခဲ့သည်။ ရှေ့မှသွားနှင့်သော အိုဝါနှင့် ဟာနီတို့ ထိုးထားသည့် တဲစခန်းသို့ လေးကန်ဖင့်နှေးသော ခြေများဖြင့် စင်တိန်ရောက် သွားသောအခါ နောက်ထပ် တောင်ကြားချိုင့်ဝှမ်းတစ်ခုကို ထပ်မံတွေ့လိုက်ရသည်။ အလွန်အမင်း ပူပြင်းလှသဖြင့် စင်တိန် သည် အားအင်ကုန်ခန်းနွမ်းနယ်ကာ မြေပေါ်သို့ ခြေပစ်လက်ပစ် ခွေကျ သွားသည်။
ဟာနီက စင်တိန်အတွက် အစားအသောက်များ ယူလာသည်။ စင်တိန်က လုံးဝစားချင်စိတ်မရှိ သဖြင့် အစားအစာများကို တွန်းဖယ်လိုက်ပြီး ပြောလိုက်သည်။
"ဟင့်အင်း....ကျွန်မဘာမှမစားချင်ဘူး၊ ဘာမှလဲ မလိုချင်ဘူး၊ အပူရှိန်ရယ် သဲမှုန်တွေရယ်ကို ကျွန်မ မုန်းလာပြီ"
"မကြာခင်မှာပဲ တို့သက်ရှိသတ္တ၀ါအားလုံးရဲ့ ငြိမ်းချင်းရာ နယ်မြေကိုရောက်လာတော့မှာပါ၊ မင်း ရင်သွေးလေး လဲ မွေးတော့မှာပါ"
ဟာနီ က ချော့မော့နှစ်သိမ့်လိုက်သည်။

"ကျွန်မ တစ်ယောက်တည်းနေပါရစေရှင်" စင်တိန်က မြေပေါ်တွင် တစ်ဘက်သို့ လူးလှိမ့်သွား ရင်း ပြော လိုက် သည်။
အိုဝါနှင့်ဟာနီ တို့၏ အော်ဟစ်သံများကြောင့် စင်တိန်အိပ်ရာမှ နိုးလာသည်။ သူအိပ်ရာမှနိုးလာ သည့် အချိန်မှာ နေသစ်ပင် ထိပ်ဖျားခန့်ရောက်နေသည်။ တစ်ကိုယ်လုံးမှာလည်း ပေရေနေပြီး နွမ်းနယ် နေဆဲရှိသည်။ ညပိုင်းက လေငြိမ်သွားသဖြင့် သဲမှုန်များလေထဲတွင် ဖုန်တထောင်းထောင်း ထ မနေတော့ဘဲ မြင်ကွင်းမှာ ကြည်လင်ရှင်းလင်းနေသည်ကို တွေ့ရသည်။
"နမ်းချိုင်း တွေ့လား...." ဟာနီက အားရ၀မ်းသာပြောလိုက်သည်။

စင်တိန်က အိပ်နေရာမှ ထထိုင်လိုက်သည်။ ယမန်နေ့က သဲမုန်တိုင်းကြောင့် မှိုင်းဝေပိတ်ဆို့ နေသော မြင်ကွင်း မှာ ယနေ့တွင် ကြည်လင်ပြတ်သား ထင်ရှားစွာ လှမ်းမြင်နေရသည်။
ချိုင့်ဝှမ်း၏ တစ်ဘက်ဟိုမှာဘက်တွင် ကြီးမားသောတောင်ကြီးတစ်လုံး သဲကန္တရထဲမှ တိုးထွက်ပေါ် ပေါက် လာရာ ဝေလငါး၏ ကျောကုန်းကြီးနှင့်တူလှသည်။ တောင်ထိပ်မှာ လုံးဝိုင်းနေပြီး ဘေးဘက် က မတ်စောက် လှသည်။ နံနက်ခင်းလင်းရောင် နီအောက်တွင် ထိုထောင်ကြီးသည် ခေါင်းမပါသော သတ္တ၀ါကြီး တစ်ကောင်နှင့် တူလှသည်။ တောင်ကြီး၏တချို့နေရာများတွင်မူ သစ်ပင်များထူထပ် သိပ်သည်းစွာ ပေါက်နေသော သစ်တောများ ရှိသည်။ သစ်ပင်မပေါက်သော နေရာတွင် ကျောက် တောင် ကျောက်ကမ်းပါး များက ပြောင်ချောနေပြီ၊ အနီရောင် တောက်နေသည်။
"အဲဒါ သက်ရှိသတ္တ၀ါ အားလုံးရဲ့ ငြမ်းချမ်းရာ မယ်မြေပေါ့၊ တို့သွားမယ့်နေရာပေါ့" ဟာနီက စင်တိန် အား ခပ်တိုးတိုးပြောလိုက်သည်။ အိုဝါကလည်း ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"ဒါဟာ တို့အတွက် နောက်ဆုံးငြိမ်းချမ်းရာ နယ်မြေပဲပေါ့"

နေရောင်တွင် ရွှေ့ရေင်ဝင်းနေသော တောင်မဟာကြီးဆီသို့ သူတို့ဦးတည်သွားနေကြသည်။ အမြင်က နီး သော်လည်း ခရီးကဝေးသည်။ တောင်စောင်းကျောက်ဆွယ် ကျောက်ကမ်းပါး များသည် နေရာင်တွင် တောက်ပနေသည်။
ရှေ့ဆုံးမှသွားနေသော အိုဝါက ဆန်လူမျိုးတို့ ကိုးကွယ်သော နတ်နှင့်တောင်စောင့်နတ်များကို တေးသီချင်း သီဆိုကာ ပူဇော်ပသတောင်းပန်တိုးလျှိုးသွားနေသည်။ တောင်ခြေရင်းသို့ သူတို့ ရောက် သွားသည်။ တောင်ထပ်သို့ မော့ကြည့်လိုက်ရာ မြင့်မားမတ်စောက်လှသည်ကို တွေ့ရသည်။ သူတို့ ခေါင်းပေါ်တွင် စီးမိုးနေသော တောင်နံရံ ကျောက်သားများကို ကိုယ်တွယ်စမ်း သပ်ကြည့်ကြရာ ချောမွေ့ပြီး အေးစက်နေသည်။ ခေါင်းပေါ်မှ အမိုးကျောက်ခုံးကြီးက ဘုရားရှိခိုး ကျောင်းအတွင်းမှ ကြည့် လျှင် မြင်ရသောအမိုးနှင့် တူလှသည်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

စင်တိန်အတွက် ဇာတ်ကောင်တစ်ယောက် တိုးလာပြန်ပြီနဲ့တူတယ်
လိုသာက စင်တိန်အတွက် တစ်စုံတစ်ရာ အရေးပါသူများ ဖြစ်လာလေမလား