Saturday, September 17, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၂)

(၂၂)

အင်ဖလက်စီဘဲ သင်္ဘောကြီး ၏ ကုန်းဘတ်ဘေး လက်ရန်းနားတွင် အသက်ကယ်လှေပေါ်မှ သေကံ မရောက် သက်မပျောက်ကြသူများ ရပ်နေကြသည်။ သူတို့ထဲတွင် အဘွားကြီးအန်လည်း ပါသည်။ တောင်ပိုင်း သမုဒ္ဒရာကြီး ထဲမှ နေ၍ တရွေ့ရွေ့ပေါ်လာသော တောင်ကြီးကို သူတို့ငေးကြည့်နေကြသည်။ ထိုတောင်ကြီး ၏ ထိပ်ပိုင်းမှာ ပြားပြား ကြီး ဖြစ်နေသည်။
သေတွင်း မှ လွတ်လာကြသူများက အော်ဟစ် ရွှင်မြူးနေကြသည်။ အန်အဖို့မူ သူတို့နည်းတူ မပျော်နိုင် ပါချေ။ အာဖရိကမြေကို မြင်လိုက်ရသောအခါ စင်တိန်ကို ပိုသတိရလာသည်။ ကိပ်တောင်း ဆိပ်ကမ်း၌ သင်္ဘော ဆိုက်ပြီးလျှင် မြောက်ဘက်ကမ်းရိုးတန်းဘက်သို့ သွားကာ စင်တိန်ကို ရှာရပေမည်။

ဆိပ်ကမ်းဗောတံတားတွင် သင်္ဘောကြီးကို ညင်သာစွာ ကပ်လိုက်ပြီးနောက် လှေကားကို ချလိုက်သည်။ ဆိပ်ကမ်း အရာရှိများ၊ ရေတပ်အရာရှိများနှင့် အရပ်ဘက်အရာရှိကြီးများ သင်္ဘောပေါ်သို့ တက်လာ ကြသည်။ တောင်ခါးပန်းများ အောက်တွင် ဆောက်ထားသော အိုးအိမ်တိုက်တာများကို အန် ငေးကြည့် နေမိသည်။
ဆိပ်ကမ်းပေါ်သို့ ငေးကြည့်နေရာမှ စင်တိန်ဆီသို့ စိတ်ရောက်သွားသောအခါ အန်၏ အမြင်အာရုံနှင့် အကြား အာရုံတွင် အားလုံးေ၀၀ါးသွားတော့သည်။ သူမ ပခုံးကို တစ်စုံတစ်ယောက်က လာကိုင် လိုက်မှသာ သတိပြန်ဝင်လာ ပြီး နောက်သို့ လှည့်ကြည့်လိုက်သည်။

သင်္ဘောသားလူငယ်တစ်ယောက်က အန်ကို အလေးပြုလိုက်ပြီး ပြောလာသည်။
"သင်္ဘောဧည့်ခန်းထဲမှ ခင်ဗျားကို လာတွေ့တဲ့ ဧည့်သည်တစ်ယောက်ရောက်နေပါတယ်မဒမ်"
အန် အဖို့ ဘုမသိဘမသိဖြင့်ပင် သင်္ဘောသားနောက်သို့ လိုက်သွားသည်။ ဧည့်ခန်းဝရောက်သောအခါ သင်္ဘောသား က ဘေးဖယ်လိုက်ပြီး အန်အား အခန်းထဲဝင်ရန် လမ်းပေးလိုက်သည်။ အန်က အခန်းဝတွင် ရပ်ပြီး အခန်းထဲ သို့ သံသယမျက်လံးဖြင့် တစ်ချက်ဝေ့ကြည့်လိုက်သည်။ စင်တိန်၏ အိတ်ကိုလည်း လက်က ကျစ်ကျစ် ပါအောင် ကိုင်ထား သည်။ ဧည့်သည်များနှင့် သင်္ဘောအရာရှိများ ဂျင်နှင့် တော်နစ် ခွက်များ ကို ကိုင်ကာ စကားဝိုင်းဖွဲ့နေကြသည်။
ထိုစဉ်တွင် သင်္ဘောအရာရှိတစ်ဦးက အန်ကို မြင်သွားပြီး လှမ်းပြောလိုက်သည်။

"ဟောဟိုမှာ အဘွားကြီးလာပြီ"
ထိုအရာရှိ က  အရပ်ဝတ်အရပ်စားနှင့် လူတစ်ယောက်အား အန်ဆီသို့ ခေါ်လာသည်။
အန်က ထိုသူကို သေသေချာချာ အကဲခတ်လိုက်သည်။ အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် လူငယ် တစ်ယောက် ပုံပေါ် သည်။ ခိုရောင် သက္ကလပ်စကို ကုတ်အင်္ကျီ၊ ကိုယ်ကျပ်ဝေ့စကုတ်အင်္ကျီနှင့် ဘောင်းဘီရှည် ကို ပုံကျပန်းကျ ချုပ်လုပ် ၀တ်ဆင်ထားသည်။
"ပက်ဘရော့စတော့ ပါလားခင်ဗျာ"
ထိုသူက မေးလာသည်။ ထိုအခါကျမှ အန် အံ့အားသင့်သွားသည်။ ထိုသူသည် လူငယ်ပုံပေါက် နေသော်လည်း မိမိထက် အသက် ၂၀ခန့်ကြီးမည်ဟု မှန်းရသည်။

"အန်စတော့ပါလား ခင်ဗျာ"
ထိုသူက မေးလာပြန်သည်။ ရှေ့ဘက်မှ ဆံပင်များက နဖူးပေါ်အထိ ဖုံးနေပြီး နောက်ဘက်မှ ဆံပင်များကမူ ပခုံး အထိ ရှည်နေသည်။ အန်စိတ်ထဲတွင် ကတ်ကြေးဖြင့် ညှပ်ပစ်ချင်စိတ် ပေါ်သွား၏။
"ဟုတ်ပါတယ်၊ ကျွန်မ အန်စတော့ပါ"
အန်က အာဖရိကလူဖြူစကားဖြင့် ပြန်ဖြေလိုက်သည်။
"တွေ့ရတာ ၀မ်းသာပါတယ်၊ ကျွန်တော်ကတော့ ဗိုလ်မှူးကြီး ဂါရီကုတ်နေပါ၊ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကြီးမှား တဲ့ ဆုံးရှုံးမှုအတွက် ခင်ဗျားလိုပဲ ကျွန်တော်လဲ ၀မ်းနည်းနေပါတယ်"
ထိုသူ ဘာပြောနေသည်ကို အန် ရုတ်တရက်တော့ နားမလည်။ သို့သော် ထိုသူအား စေ့စေ့စပ်စပ်ကြည့်ပြီး စဉ်းစား လိုက်သည်။

ဝေ့စ်ကုတ်ကိုယ်ကျပ်အင်္ကျီ၌ ကြယ်သီးတစ်လုံး ပြုတ်ပြီး အပ်ချည်ကြိုးက တွဲလောင်း ဖြစ်နေသည်။ ပိုးသား ရှပ်အင်္ကျီ ပေါ်တွင်လည်း အမဲဆီစက်စွန်းနေသည်။ ခြေတစ်ဖက် နည်းနည်းဆာပြီး ဒယဥ့်ဆွဲနေသည်။ အိမ်ထောင် မရှိသော တစ်ကိုယ်တည်းသမား ဖြစ်ရမည်ဟု တွက်လိုက်သည်။
ထိုသူက အန်ဆီသို့ ရှေ့တစ်လှမ်းတိုးလာသည်။ ငယ်ငယ်က အမဲလိုက်စဉ်တွင် ခြေဖတစ်ဖက် ဆုံးရှုံး ခဲ့ရကြောင်း ဗိုလ်ချုပ်ကြီးကုတ်နေက ညီဖြစ်သူ ဂါရီကုတ်နေအကြောင်းကို စင်တိန်နှင့် မိမိတို့အား ပြောပြခဲ့သည်ကို ပြန်သတိရလာ သည်။ ထိုသူကား မိုက်ကယ်၏ဖခင် ဂါရီကုတ်နေဖြစ်မှန်း အန် သိလိုက် ရသည်။

"ကျွန်တော့်ရဲ့တစ်ဦးတည်းသောသား သေပြီလို့မှ မကြာသေးဘူး၊ နောက်ထပ်ကြီးမှားတဲ့ ဆုံးရှုံးမှုကြီး ထပ်ဖြစ် လာရ သေးတယ်၊ ကျွန်တော့်သားသေရုံတင် မကသေးဘူး၊ ချွေးမနဲ့ မြေးကိုလဲ မတွေ့လိုက် မမြင် လိုက်ရခင် မှာဘဲ ဆုံးရှုံး လိုက်ရပြန်ပါပြီ"
ထိုသူဘာပြောနေသည်ကို အန် နောက်ဆုံး နားလည်သွားသည်။ ထိုသို့ နားလည်သွားသည်နှင့်အမျှ သူ့မျက်နှာ တွင် ဒေါသရိပ်များ လွှမ်းလာသည်။
"ရှင် ဒီစကားမျိုး နောက်ဘယ်တော့မှ မပြောနဲ့ ကြားလား၊ နောက်တစ်ခါ ဒါမျိုး ပြောရဲပြောကြည့်စမ်း ကျွန်မ အကြောင်း သိသွားစေရမယ်"
အန်က ဒေါသဖြင့် ဟိန်းဟောက်ပြီး ရှေ့တိုးလာရာ ဂါရီက နောက်သို့ ဆုတ်သွားသည်။

"မဒမ် ကျွန်တော် ၀မ်းနည်းပါတယ်၊ တောင်းပန်ပါတယ်ဗျာ၊ ကျွန်တော်ခင်ဗျားကို ဘာများ အမှားပြောမိ လို့လဲ၊ ကျွန်တော်တော့ ဘာမှနားမလည်တော့ဘူး"
"စင်တိန် မသေဘူးရှင့်၊ သူသေပြီဆိုတာမျိုး ရှင် နောက်ဘယ်တော့မှ မပြောနဲ့၊ နားလည်ရဲ့လား"
"မိုက်ကယ့် မိန်းမ အသက်ရှင်နေသေးတယ်လို့ ခင်ဗျားဆိုလိုတာလား"
"ဒါဖြင့် ကလေးမဘယ်မှာလဲ"
ဂါရီ က ၀မ်းသာအားရမေးလိုက်သည်။

"သူ ဘယ်မှာရှိတယ်ဆိုတာတော့ ကျွန်မတို့ လိုက်ရှာရမှာပေါ့၊ ကျွန်မတို့ဆိုတာ ရှင်နဲ့ကျွန်မလေ"
အန်က ဂါရီအား ယတိပြတ်ပြောချလိုက်သည်။
ကိပ်ဟောင်းမြို့လယ်ကောင်ရှိ မောင့်နယ်လဆင် ဟိုတယ်အပေါ်ထပ် အခန်းကျယ်ကြီးကို ဂါရီကုတ်နေက ငှားရမ်းကာ တည်းခိုနေသည်။

ထိုဟိုတယ်သည် ဂွတ်ဟုတ်အငူသို့ လာရောက် လည်ပတ်ကြသော ဂုဏ်သရေရှိလူကြီးလူကောင်းများ၊ အရာရှိများ၊ မင်းညီမင်းသားများ၊ သူဌေးသူကြွယ် ကုန်သည်ပွဲစားများ စသူတို့ တည်းခိုရာ ဖြစ်သည်။ ကုတ်နေညီအစ်ကို သည် ထိုဟိုတယ်၏ မြင်ကွင်းကောင်းသော ထိပ်ဆုံးထပ်ထောင့်ဘက်မှ အခန်းကျယ် ကြီးတွင် တည်းလေ့ ရှိသည့်အတိုင်း ယခုလည်း ဂါရီသည် ထိုအခန်း၌ပင် တည်းခိုသည်။
"သို့သော် အောက်ဘက်မှ သာယာလှပသော ရှုခင်းများက အန့်ကို မဆွဲဆောင်နိုင်ပါချေ။ အန်သည် ဧည့်ခန်း ပတ်ပတ်လည်ကို အကဲခတ်ကြည့်လိုက်ပြီး စင်တိန်၏ ကတ္တီပါအိတ်ကို အခန်းအလယ်ကောင်ရှိ စားပွဲပုကလေးပေါ်သို့ တင်လိုက်သည်။ ထို့နောက် အိတ်ထဲမှ ငွေမှန်ဘောင်သွင်းထားသော ဓာတ်ပုံများကို ယူပြီး အနီးတွင် ရှိသော ဂါရီအား ပြလိုက်သည်။

"အလိုဘုရားရေ ... ဒါ မိုက်ကယ့် ဓာတ်ပုံပဲ၊ မယုံနိုင်စရာပါပဲကလား"
လွန်ခဲ့သော ရက်အနည်းငယ် ကမှ ရိုက်ခဲ့သော ဗြိတိသျှလေတပ်အုပ်စုအမှတ် ၂၁မှ လေသူရဲများ၏ ဓာတ်ပုံ ကို ဂါရီက အငမ်းမရကြည့်ရင်း ပြောလိုက်သည်။ ထို့နောက် ဓာတ်ပုံကို စိတ်ဝင်စားစွာ ကြည့်ပြီးနောက် ခွင့်တောင်းသည်။
"ဒီဓာတ်ပုံကို ကျွန်တော် ပုံတူ တစ်ပုံလောက်ကူးပြီး သိမ်းထားခွင့်ပေးပါလားဗျာ"
အန်က ခေါင်းညိတ်ပြပြီး သဘောတူလိုက်သည်။ ဂါရီသည် နှစ်ပုံတွဲမှန်ဘောင်းသွင်းထားသော ဓာတ်ပုံများ ကို ဆက်ကြည့်ပြန်သည်။

"ဒါ စင်တိန်လား" ဂါရီက မေးသည်။
"မဟုတ်ဘူး သူ့အမေ၊ ဟိုဘက်ကဟာက စင်တိန်"
အန်က ဖြေသည်။
"သားအမိနှစ်ယောက် က သိပ်တူတာပဲနော်၊ အမေက ပိုချောတယ်၊ ဒါပေမယ့် စင်တိန်က ရဲဝံ့ခိုင်မာ ပြတ်သား ပုံ ပေါ်တယ်"
"ဟုတ်တယ်၊ စင်တိန် မသေနိုင်ဘူးလို့ ပြောတာ ဘာကြောင့်ဆိုတာ ရှင် အခုမြင်ပြီ မဟုတ်လား၊ စင်တိန် ဟာ ဘယ်အရာကိုမှ လွယ်လွယ်နဲ့ လက်လျှော့အရှုံးပေးမယ့် လူစားမျိုး မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်မတို့ ကတော့ အခု အချိန် ဖြုန်းနေကြတာပဲ၊ ကျွန်မတို့အတွက် မြေပုံတစ်ချပ်လိုတယ်ရှင့်"

ဂါရီက အလုပ်သမားတစ်ယောက်အား လှမ်ေးခ်ါပြီး မြေပုံတောင်းလိုက်ရာ ခဏချင်းမှာပင် ရောက် လာသည်။ ထိုမြေပုံ ကို ဂါရီက သူတို့နှစ်ယောက်ရှေ့ စားပွဲပေါ်တွင် ဖြန့်တင်လိုက်သည်။
"ကျွန်မ ဒါတွေ နားမလည်ပါဘူး၊ ကျွန်မတို့ သင်္ဘောကြီး ဘယ်နေရာမှာ တော်ပီဒိုထိပြီး နစ်မြုပ်သွားတယ် ဆိုတာသာ နေရာပြစမ်းပါ" အန်က ဂါရီအား ပြောလိုက်သည်။
ဂါရီသည် အင်ဖလက်စီသင်္ဘောကြီးမှ ရေကြောင်ပြအရာရှိအား အန်တို့ သင်္ဘောကြီး နစ်မြုပ် သွားသည့်နေရာကို မေးထားသဖြင့် သိနေသည်။ ထို့ကြောင့် သင်္ဘောနစ်မြုပ်သည့် ပင်လယ်ထဲမှနေရာကို မြေပုံပေါ်တွင် ကြက်ခြေခတ် အမှတ်အသားလေး ပြုလုပ်ပြလိုက်သည်။

"ကဲ ရှင်တွေ့ပြီ မဟုတ်လား၊ ကမ်းခြေကနေ စင်တီမီတာ နည်းနည်းပဲဝေးတာ၊ သိပ်နီးတယ်၊ နီးနီးလေးပါ" အန်က မြေပုံပေါ်ရှိ အာဖရိကကမ်းရိုးတန်းကို လက်နှင့်ထောက်ပြပြီး ပြောလိုက်သည်။
"မြေပုံပေါ်မှာ နီးပေမယ့်အပြင် လက်တွေ့မှာ မိုင်တစ်ရာ ဒါမှမဟုတ် အဲဒီထက်မကဝေးလိမ့်မယ်" ဂါရီက ပြောသည်။
"ရှင်ကတော့ အမြဲတမ်း မဖြစ်နိုင်တဲ့ ဘက်ကချည်းပဲ၊ ဒီရေနဲ့ ရေစီးကြောင်း ကုန်းဘက်ကို စီးနေတယ်၊ လေ ကလဲ ကမ်းခြေဘက်ကိုပဲ ပြင်းပြင်းထန်ထန် တိုက်နေတယ်လို့ သူတို့ပြောတာ ကျွန်မ ကြားခဲ့ရတယ်။ ပြီးတော့ စင်တိန် အကြောင်း ကျွန်မ ကောင်းကောင်းသိပါတယ်လေ"
"ရေက တစ်နာရီ လေးမိုင်နှုန်း စီးနေတယ်၊ လေကလည်း ကူတိုက်ပေးနေတယ်၊ အင်း ... ဒီတော့ ဖြစ်နိုင် ပါတယ်လေ၊ ဒါပေမယ့် ရက်တော့ လေးငါးရက်ကြာနိုင်တယ်" ဂါရီက တွက်ချက်ပြီး ပြောလိုက်သည်။

ဂါရီသည် လက်ရှိအနေအထားကို ကျေနပ်အားရနေသည်။ စိတ်ဓာတ်ခိုင်မာပြတ်သားသော အန်ကို သူ သဘောကျနေ သည်။ ဂါရီဘ၀တစ်လျှောက်လုံးတွင် ဒွိဟသံသယများ၊ မပြတ်သားမှုများဖြင့်သာ ကျင်လည်ခဲ့ရသည်။ ယခု အန် ပြတ်သားသာလို သူမပြတ်သားခဲ့ဖူးမှန်း သိလာရသည်။
"ရေကလဲ စီး လေကလဲ တွန်းပို့နေတော့ စင်တိန်ဟာ ကမ်းခြေဘယ်နေရာလောက်မျာ ရောက်လာနိုင်မလဲ၊ ခန့်မှန်းပြ စမ်းပါဦးရှင်"
"ဟာဒီနေရာလောက်ကို ရောက်လာလိမ့်မယ်ထင်တယ်" ဂါရီက သူတွက်ဆခန့်မှန်းထားသည့် နေရာကို မြေပုံပေါ် တွင် ခဲတံဖြင့် ရေးခြစ်ပြလိုက်သည်။

"ကဲ ... ဒါဖြင့် အဲဒီနေရာကို ရှင်သိသလား"
"အဲဒီနေရာအကြောင်း ကျွန်တော် နည်းနည်းပါးပါးတော့ သိတယ်၊ ၁၉၁၄ ခုနှစ်တုန်းက အဲဒီနေရာကို ကျွန်တော် သတ်ငးထောက်အဖြစ်နဲ့ စမတ်နဲ့ ဘိုသာတို့နဲ့အတူ ရောက်ဖူးတယ်၊ ဟောဒီ ဝေါလ်တစ်ပင်လယ်ကွေ့မှာ ကမ်းပေါ် တက်ခဲ့တာပေါ့၊ ဝေလငါးများ ပျော်စံရာ ပင်လယ်ကွေ့လိုပဲ ခေါ်တယ်"
"ကောင်းတယ်၊ ကောင်းတယ်၊ ဒါဆိုယင် ကျွန်မတို့အတွက် ပြဿနာ အခက်အခဲ မရှိဘူးပေါ့၊ ကျွန်မတို့ အဲဒီနေရာ ကို သွားပြီး စင်တိန်ကို ရှာမယ်၊ ကျွန်မတို့ ဘယ်တော့သွားမလဲ၊ နက်ဖြန်သွားကြမလား"
"ဒီလောက်တော့ မလွယ်ဘူး၊ အဲဒီနေရာဟာ ကမ္ဘာပေါ်မှာ အဆိုးရွား အကြမ်းတမ်းဆုံး သဲကန္တာရ တစ်ခု ပဲဗျ"

"ရှင်ကတော့ အမြဲတမ်း အခက်အခဲပဲ ရှာတွေးနေသူပဲရှင့်၊ ရှင်က လက်တွေ့လုပ်ဖို့ထက် တွေးဆ ပြောဆို ဖိုသာ စိတ်သန်နေတာကို ရှင့်လိုသာ တစ်တွေးတည်းတွေးနေယင် စင်တိန်ဘာဖြစ်သွားမလဲ၊ ဒီတော့ ကျွန်မတို့ အမြန်ဆုံး သွားရမယ်"
ဂါရီက အန်ကို အံ့အားသင့်ပြီး စိုက်ကြည့်နေမိသည်။ သူမသည် မိမိအထာကို သိနေပါပြီကော။ မိမိသည် အတွေး သမားစိတ်ကူးယဉ်သမားဖြစ်မှန်း သိနေပါပြီကော။
"ကဲ ရှင့်အဖို့ စကားပြောဖို့ အချိန်မဟုတ်တော့ဘူးရှင့်၊ လက်တွေ့လုပ်ရမှာတွေ ရှိနေပြီ၊ ပထမဘာတွေ လုပ်ရမယ် ဆိုတာ စာရင်းချ၊ ပြီးတော့စလုပ်၊ ပထမဆုံးလုပ်ရမှာက ဘာလဲ"
ဂါရီတစ်သက်တွင် သူ့အား ထိုသို့ အမိန့်ပေးပြောဆို ဆက်ဆံခဲ့သူ မရှိခဲ့ဖူးပါချေ။ သူ၏ ဗိုလ်မှူးကြီးရာထူး၊ ၀ီတိုရိယ ဘွဲ့ တံဆိပ်၊ သမိုင်းပညာရှင်၊ ဒဿနပညာရှင်နှင့် ကြွယ်ဝချမ်းသာမှုတို့ကြောင့် ကမ္ဘာက တလေး တစား ဆက်ဆံခဲ့ကြ သည်သာ ဖြစ်သည်။

"လုပ်ရမယ့်အလုပ်တွေကို ရှင် စာရင်းရေးနေတုန်း ရှင့်ရဲ့ကိုယ်ကျပ်အင်္ကျီကို ချွတ်လိုက်စမ်းပါ"
"မဒမ် ... " ဂါရီအံ့အားသင့် သွားပုံရသည်။
"ကျွန်မ မဒမ် မဟုတ်ဘူး၊ အန်စတော့၊ ကဲရှင့်အင်္ကျီကို ချွတ်ပြီး ကျွန်မပေးစမ်းပါ၊ ပြုတ်နေတဲ့ ကြယ်သီး တပ်ပေး မလို့ ရှင့်"
ဂါရီအဖို့ တိတ်ဆိတ်အေးဆေးစွာ နာခံရုံသာ ရှိတော့သည်။

"ပထမဆုံးအချက်ကတော့ ၀င်းဟုပ်မြို့မှာ ရှိတဲ့ စစ်အုပ်ချုပ်ရေးမှူးဆီ ကြေးနန်းလှမ်းရိုက်ရမယ်၊ အဲဒီနေရာ က စစ်ဘက်က ပိတ်ထားတဲ့ ဒေသဆိုတော့ သူ့ဆီက ခွင့်ပြုချက်လိုမယ်၊ ပြီးတော့ သူ့အကူအညီ လဲလိုမယ်၊ လိုအပ်မယ့် ပစ္စည်းတွေ၊ ရေရှိမယ့်နေရာတေါကို သူက စီစဉ် ကူညီပေးနိုင်မယ်" ဂါရီက စာရေးစက္ကူကတ် ပေါ်တွင် ရေးမှန် နေရင်းမှ ပြောလိုက်သည်။
ဂါရီ သည် အစီအစဉ်များကို လျင်မြန်စွာ ရေးဆွဲလုပ်ကိုင်လျက် ရှိသည်။ အန်က သူနှင့် မျက်နှာချင်းဆိုင် တွင် ထိုင်ပြီး အင်္ကျီကြယ်သီးတပ်နေသည်။ ကြယ်သီးတပ်ပြီသောအခါ အင်္ကျီကို လှမ်းပေးလိုက်သည်။
"ကဲ ရော့ ပြီးပြီ ၀တ်ပေတာ့"
"ကျေးဇူးပါပဲဗျာ"

ထိုည သန်းခေါင်ကျော်အချိန်တွင် ဂါရီသည် သူ့အိပ်ခန်းအပြင်ဘက် လသာဆောင်သို့ ထွက်ကာ အေးမြ သော သန်းခေါင်ယံ လေပြည်လေညင်းကို တစ်ဝကြီး ရှုရင်းနေ့ခင်းက ဖြစ်ရပ်များကို ပြန်လည် စဉ်းစားသုံးသပ် နေသည်။ ဂါရီ နှင့် အန်တို့ ဆက်ဆံမှုများ ပိုမို ရင်းနှီး ပွန်းတီးလာသည်။

ဝင်းဟုပ်မြို့ရှိ စစ်အုပ်ချုပ်ရေးမှူးထံမှ ပြန်ကြားချက်ကြေးနန်းကို ညနေပိုင်းတွင် သူတို့ ရရှိခဲ့သည်။ ကုတ်နေ မိသားစု နာမည်ကို မြင်လိုက်သည်နှင့်ပင် တစ်ဘက်က လိုလိုလားလား ကူညီပါမည်ဟု ဆိုလာသည်။ နက်ဖြန်မွန်းလွဲပိုင်း တွင် ၀င်းဟုပ်သို့ ထွက်မည့်ရထားနှင့် လိုက်ပါရန် သူတို့နှစ်ဦးအတွက် လက်မှတ် ကြိုတင် ၀ယ်ထားလိုက်ပြီ ဖြစ်သည်။ ရထားခရီးကပင် လေးရက် ကြာမည်။
သူတို့၏ စွန့်စားရှာဖွေရေး ခရီးစဉ်အတွက် လိုအပ်သော ကြိုတင်ပြင်ဆင်မှုများအားလုံး ပြီးစီးနေပြီ ဖြစ်သည်။ ဆပ်တာဖို့ စတိုးဆိုင်ကြီးသို့ ဂါရီက တယ်လီဖုန်းဆက်ကာ လိုအပ်သော တာရှည်ခံ စည်သွတ် အစားအစာ များ၊ အ၀တ်အထည်များနှင့် အခြားလိုအပ်သော အသုံးအဆောင်များကို မှာသည်။ ထိုဆိုင်ကြီး က သေတ္တာများနှင့် ထည့်ပြီး နက်ဖြန် ရထားထွက်ချိန်အပ် ဘူတာရုံသို့ ပို့ပေးပါမည်ဟု ကတိပြုထားသည်။

ဂါရီသည် သူတို့ခရီးစဉ်အတွက် ကုန်ကျစရိတ်များကို ပေးချေရန် ၀င်းဟုပ်မြို့ရှိ စတင်းဒတ်ဘဏ်သို့ ပေါင်စတာလင် ငွေ ၃၀၀၀ ကို လွှဲပြောင်းပေးပို့ခဲ့သည်။
ဂါရီသည် အိပ်ခန်းထဲ ပြန်ဝင်လာပြီး အိပ်ရာပေါ်တွင် လှဲလိုက်သ်ည။ မီးမှိတ်လိုက်ပြီး အိပ်သော်လည်း တော်တော် နှင့် အိပ်မပျော်။ သူ့စိတ်က ပြတ်သားခိုင်မာသော အမျိုးသမီးကြီး အန်စတော့ဆီသို့သာ ရောက်နေသည်။
 
(၂၃)

မိမိ၏ခန္ဓာကိုယ်မှာ ရေအောက်သို့ ထိုးစိုက်နစ်နေကြောင်း စင်တိန့်ခေါင်းထဲ၌ အသိဝင်လာသည်။ ရေထု၏ ဖိအားဒဏ် ကို အလူးအလဲ ခံနေရသည်။ ရေထဲသို့ နစ်မြုပ်သွားသော သင်္ဘောကြီးမှ အသံကိုလည်း ကြားနေ ရသည်။ ရေဖိအား ကြောင့် နားထဲမှ တ၀ီဝီအော်မြည်သံများပင် ထွက်နေသည်။
သေဘေး နှင့် ရင်ဆိုင်နေရမှန်း စင်တိန် သိလာသည်။ သို့သော် အသက်ရှင်ရေးအတွက် အစွမ်းကုန် ရုန်းကန်ရန် ဆုံးဖြတ်လိုက်ပြီး ရေပေါ်သို့ ပြန်ပေါ်အောင် ခြေရာလက်ပါကူးခတ်ကာ အားခဲကြိုးပမ်း လိုက်သည်။ ဗိုက်ထမှ ကလေး အတွက် အသေအလဲ ကြိုးပမ်းရမည်။

ရေ၀ဲကတော့၏ အလယ်တွင် စင်တိန် ရေပေါ် ပြန်ပေါ်သွားသည်။ ရေဖိအားဒဏ်ခံရမှု ဝေဒနာ လျော့ပါး သွားပြီး အသက်ရှူလာနိုင်သည်။ တဖြည်းဖြည်းချင်းထန်းပြီး အသက်ကို မှန်မှန် ရှူသည်။ လှိုင်းလုံးများ ကြား တွင် ရေပေါ်၌ ကိုယ်ဖော့ထားကာ မိမိအနေအထားကို ပြန်သုံးသပ်သည်။ သင်္ဘောကြီး ကုန်းပတ်ပေါ်မှ ခုန်ချခဲ့သောအရှိန်။ ရေပြင် ပေါ်သို့ ပြင်းထန်စွာ ဆောင့်ကျသွားသော ဒဏ်များ ရှိခဲ့သော်လည်း ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ ဘာမှမဖြစ်၊ အရိုးများ မကျိုးမပဲ့ဘဲ ပကတိရှိနေခြင်းက သူမ အဖို့ ကံကောင်းသေးသည်ဟု မှတ်ယူလိုက်သည်။ သို့သော် ပင်လယ် ရေ၏ အအေးဒဏ်ကိုမူ သိသိသာသာ ခံစားလာရသည်။

"ငါ ရေထဲကနေ အသက်ကယ်လှေ တစ်စင်းစင်းပေါ်ကို ရောက်အောင် ကြိုးစားမှ ဖြစ်မယ်"
စင်တိန်သည် ပတ်ဝန်းကျင်မှ အသံဗလံများကို နားစွင့်လိုက်သည်။ လှိုင်းပုတ်သံနှင့် လေတိုက်သံများကို ဦးစွာ ကြားရ သည်။ ထို့နောက် လူသံကို သဲ့သဲ့ကြားရသည်။ ထို့ကြောင့် စင်တိန်က အားယူပြီး အသံပေးကာ အော်ခေါ်သည်။ ထိုအချိန်တွင် လှိုင်းတစ်လုံးက သူမကို လာရိုက်ရာ ပါးစပ်ထဲသို့ ပင်လယ် ရေငန် များဝင်ပြီး မွှန်ထူကာ မွန်းကျပ်သွားပြန် သည်။
ရေများကို ထွေးထုတ်ပြီး တဖြည်းဖြည်းချင်း အသက်ပြန်ရှူရာ အတန်ငယ်ကြာမှ နေသာထိုင်သာ ရှိလာသည်။ ထို့ကြောင့် အသံကြားရာဆီသို့ မှန်းပြီး ကူးခတ်သွားသည်။

"လှေတစ်စင်းစင်းပေါ် ရောက်မှ ဖြစ်မယ်၊ မရောက်ယင်တော့ ရေကအေးလွန်တာနဲ့ သေလိမ့်မယ်"
စင်တိန်သည် တအားခဲကာ လက်ကိုလွှဲပြီး ကူးခတ်လိုက်ရာ သူမလက်က မာကျော်သော အရာဝတ္ထု တစ်ခု ကို သွားရိုက်မိပြီး နာသွားသည်။ သို့သော် နာသည့်ဒဏ်ကို အံကြိတ်ခံလိုက်ပြီး ထိုအရာဝတ္ထုကို လက်က အမိအရ ဖမ်းဆုပ် ကိုင်ထားလိုက်သည်။ ထိုအရာဝတ္ထုသည် ရေပေါ်တွင် ပေါလောမျောနေသော ကြီးမား သည့် ပစ္စည်းတစ်ခု ဖြစ်ကြောင်း သိလာရသည်။ လက်ဖြင့် ဖမ်းကုတ်ထားသော ထိုအရာဝတ္ထုသည် ရေပေါ်တွင် မိမိခေါင်းထက်ပင် မြင့်နေ သေးသည်။

ထိုအရာဝတ္ထုတွင် ကိုင်စရာလက်ကိုင်လည်း ရှာမတွေ့၊ တစ်ပတ်လှည့်ပြီး ကြည့်ရာ သိပ်ကြီးမားသော အရာဝတ္ထု မဟုတ်မှန်း သိရသည်။ ထိုအပေါ်သို့ မိမိခန္ဓာကိုယ်ကို ပင့်တင်ပြီး တက်ရန် အင်အားလည်း မရှိဘဲ ဖြစ်နေသည်။ အမှောင်ထုထဲတွင်ပင် ထိုအရာဝတ္ထုကို ကိုင်တွယ်စမ်းသပ်ပြီး မှန်းကြည်သည်။ ၁၂ပေ ခန့် ရှည်၍ ခြောက်ပေခန့် ကျယ်မည့် သစ်သားပြား ဖြစ်ရမည်။ ဆေးသုတ်ထားသဖြင့် မျက်နှာပြင်က ချောနေသည် သစ်သားပြားတစ်ဘက်စွန်း တွင် ကျိုးပဲ့ပျက်စီးနေသည်။ ကိုင်၍ လက်မြဲသော ထိုအစွန်းဘက် သို့ ရွှေ့ပြီး ကိုင်လိုက်သည်။

ထိုသစ်သားပြား၏ အခြားတစ်ဘက်စွန်းက လှိုင်းကြောင့် အပေါ်ထောက်သွားသောအခါ စင်တိန် ကိုင်ထားသော ဘက် က ရေအောက်သို့ အနည်းငယ် မြုပ်သွားသည်။ စင်တိန်က ထိုအခွင့်အရေး ကောင်း ကို အသုံးချကာ အပေါ်သို့ တွယ်တက်သည်။ ဗိုအ်အထိပေါ် ရောက်သွားသည်။ ခါးနှင့် ခြေထောက် နှစ်ချောင်း သာ ရေထဲတွင် ကျန်နေသည်။ ပျဉ်ပြား က မိမိဘက် ပိုစောင်းလာရာ အထိတ်တလန့် ပြောလိုက် သံ ပေါ်လာသည်။
"သောက်ရမ်းမလုပ်နဲ့ ... ဖြည်းဖြည်းလုပ်၊ နှစ်ယောက်စလုံး သေကုန်လိမ့်မယ်"
ဤသစ်သားပြား ပေါ်သို့ မိမိထက် အလျင် ရောက်နေသူ တစ်ဦး ရှိနေချပြီကော"
"မသိလို့ပါ၊ တောင်းပန်ပါတယ်" စင်တိန်က ပြန်ပြောသည်။

"ကောင်းပြီ ကောင်ကလေး၊ မြဲမြဲကိုင်ထား၊ ကျန်တဲ့ လက်တစ်ဘက်က ငါ့လက်ကို လှမ်းဆွဲ"
သစ်သားပြားပေါ်မှ လူသည် စင်တိန့်အသံအား သင်္ဘောမှ ကောင်လေးတစ်ယောက်အသံဟု ထင်မှတ်ပြီး ပြောလိုက် သည်။ ထိုသူကမ်းလာသော လက်ကို စင်တိန့်လက်က အမှောင်ထဲတွင် သွားစမ်းမိရာ ဖမ်းပြီး ဆုပ်ကိုင် ထားလိုက် သည်။ အပေါ်က ဆွဲတင်၊ အောက်ကလည်း အားယူပြီး တွန်းတက်ရာ စင်တိန် သစ်သားပြား ပေါ်သို့ မှောက်လျက် ရောက်သွားသည်။
"မင်းအပေါ် ရောက်ပြီ မဟုတ်လား ကောင်ကလေး"
"ရောက်ပါပြီ"

စင်တိန်ကို အပေါ်မှ ဆွဲယူ ကယ်တင်လိုက်သူသည် သူမဘေးတွင် မှောက်လျက် ရှိနေသည်။ ထိုသူက စင်တိန့် ကျောကုန်းကို စမ်းလိုက်ပြီး ပြောလိုက်ပြန်သည်။
"မင်း အသက်ကယ်အင်္ကျီ ၀တ်လာသားပဲ၊ မင်း လူတော်ကလေးပဲ၊ မင်းအင်္ကျီက ကြိုးတွေကို ဒီငုတ်တိုင် ကလေး မှာ ချည်ထားလိုက်"
ထိုသူက စင်တိန့်ရှေ့ရှိ ငုတ်တိုင်ကလေးကို ပြပြီး ၀ိုင်းချည်ပေးလိုက်သည်။
"ငါလဲ ချည်ပြီးပြီ၊ တကယ်လို့ သစ်သားပြာ မှောက်သွားယင် တို့လွင့်စဉ်ကျမသွားအောင်ပေါ့ကွာ"
"ဟုတ်ကဲ့ ... ကျေးဇူးပါပဲ၊ အများကြီး ကျေးဇူးတင်ပါတယ်"

"ကျေးဇူးနောက်မှတင်"
သစ်သားပြားက လှိုင်းနှင့် မြုပ်ချည်ပေါ်ချည် မျောနေသည်။ အအေးဒဏ်ကြောင့် နှစ်ဦးစလုံး ခိုက်ခိုက်တုန် နေသည်။
တစ်ယောက်နှင့်တစ်ယောက် စကားထပ်မံ၍ မပြောဖြစ်ကြ။ တစ်ဦးကိုတစ်ဦးလည်း ထင်ထင်ရှားရှား မမြင်ရ ဘဲ ၀ိုးတ၀ါးသာ မြင်ရသည်။ ကွဲကွဲပြားပြား ခွဲခွဲခြားခြား မသိရပေ။ သို့သော် သစ်သားပြားကိုမူ တည်ငြိမ် အောင် သူတို့ ကိုယ်ခန္ဓာများဖြင့် ဟန်ချက်ညီညီ ထိန်းနိုင်လာကြသည်။

တစ်ခဏ အကြာတွင် စင်တိန်သည် ပင်ပန်းလွန်းသဖြင့် ခြေကုန်လက်ပန်းကျပြီး အိပ်ပျော်သွားသည်။ မေ့မြောသွားသူ အလား နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သူနိုးလာသောအခါ မိုးစင်စင်လင်းနေပြီ။ ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးနှင့် ကောင်းကင်ကြီးကိုသာ မြင်ရသည်။ သူမ၏အဖေက ဘေးတွင် ငုတ်တုတ် ကလေး ထိုင်နေပြီး စင်တိန်အား စောင့်ကြည့်နေသည်။
"နတ်မိမယ်လေး ... မနေ့ညက ဒီသစ်သားပျဉ်ပေါ်တက်လာတုန်းတည်းက မင်း ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မထင်ခဲ့ဘူး၊ သင်္ဘောက ကောင်ကလေးတစ်ယောက်လို့ပဲ ထင်နေတာ"
စင်တိန် မျက်စိပွင့်လာလာချင်း ထိုသူက ပြောလာသည်။

စင်တိန်က ကမန်းကတန်း ထထိုင်လိုက်ရာ သစ်သားပျဉ်ချပ် လှုပ်ယမ်းလူးသွားပြီး မှောက်တော့မလို ဖြစ် သွားသည်။
"ဖြည်းဖြည်း ဆရာမလေး၊ သစ်သားပျဉ်က စိတ်မချရသေးဘူး"

ထိုသူက ပြောပြောဆိုဆိုနှင့်ပင် စင်တိန် ရေထဲ ကျမသွားရအောင် သူ့လက်နှင့် လှမ်းကိုင်ပြီး ထိန်းထား လိုက်သည်။ သူ့လက်မောင်းတွင် ရေသူမပုံ ဆေးမင်း ထိုးထားသည်ကို စင်တိန် လှမ်းမြင်ရသည်။
"ကျွန်တော့် နာမည် အာနီပါ၊ သင်္ဘောသားကြီးအာနီသင်မဆမ်ပေါ့၊ ကျွန်တော် ခင်ဗျားကို ကောင်းကောင်း သိပါတယ်၊ ကျွန်တော်တို့ သင်္ဘောကြီးပေါ်က လူတိုင်း ခင်ဗျားကို သိကြပါတယ် နတ်မိမယ်လေ"
ထိုသူ မှာ အသက် အနည်းငယ် ကြီးပေပြီ။ မျက်နှာတွင် အရေးအကြောင်းများ ပေါ်နေပြီး သွားက ၀ါနေသည်။ သူ့အပြုံး က သနားကြင်နာတတ်မှုကို ထင်ဟပ်ပြနေသည်။
"တခြားသူ တွေကော ဘာဖြစ်ကုန်ကြသလဲ အာနီ" စင်တိန်က မေးလိုက်သည်။

"အများစုကတော့ ရေအောက်ကမ္ဘာကို ရောက်သွားကြပြီပေါ့"
အခြေအနေက စင်တိန် တွေးထင်ခဲ့သည်ထက် ပိုကြောက်စရာ ကောင်းနေသည်။ အထက်က ကောင်းကင်၊ အောက်က ရေပြင်၊ ထိုနှစ်ကြား သစ်သားပြား လှုပ်လီလှုပ်လဲ့ပေါ်တွင် သူတို့နှစ်ယောက်တည်းရယ်။ အသက်ကယ် လှေလည်း တစ်စင်းမှ မတွေ့။ ရေတူးနေသူလည်း တစ်ယောက်မှ မရှိ။ ပင်လယ်ငှက်တောင် တစ်ကောင်တလေ မျှ မမြင်ရပါချေ။
"ကျွန်မတို့ချည်းပဲနော်"
"ဟုတ်တယ်၊ ဒါပေမယ့် အားမငယ်ပါနဲ့၊ တို့အသက်ရှင်နေသေးသားပဲ"

စင်တိန် အိပ်ပျော်ခဲ့ချိန်တွင် အာနီအလုပ်များခဲ့ပြီး အလုပ်အတော်များများ လုပ်ထားခဲ့ပြီး ဖြစ်သည်။ ရေပေါ် တွင် ပေါလောမျောနေသော သင်္ဘောပျက်မှ အပျက်အစီးအပိုင်းအစများအား တွေ့သမျှ သယ်ယူပြီး ဖောင်ပေးတွင် တင် ထားသည်။ သစ်သားပျဉ်ပြားနောက်ဘက် ရေထဲတွင် တာလပတ်အစတစ်စကို ချိတ်ဆွဲ ချည်နှောင် ထားသည်။ တာလ ပတ်စအနားရှိ မျက်ကွင်းများထဲတွင် လျှော်ကြိုးတစ်ချောင်းကို တစ်ပေါက်ကျော် ထိုးသွင်းချည်နှောင်ထားသည်။ ထိုတာလပတ်စသည် ရေထဲတွင် ရေဘ၀ဲ တစ်ကောင် သဖွယ် မျောပြီးပါလာသည်။
"အဲဒီတာလပတ်အစက အသက်ကယ်လှေအပေါ်က အကာလေ၊ ကျန်တာတွေက သင်္ဘောရွက်ကိုင်နဲ့ အခြား အကျိုးအပဲ့ အပျက်အစီးတွေပေါ့၊ တစ်ချိန်ချိန်မှာ တစ်နည်းနည်းတော့ အသုံးကျလာနိုင်တာပေါ့၊ မဟုတ်ဘူး လား ဆရာမလေး"

အာနီသည် ထိုပစ္စည်းများကို တာလပတ်တွင် ပါလာသော လျှော်ကြိုးဖြင့် ချည်နှောင်ထားသည်။ စင်တိန်အား ရှင်းပြ နေရင်းကပင် အပင်လိမ်လျှော်ကြိုးကို တစ်ပင်ချင်းဖြစ်အောင် ဖြေခွာနေသည်။
"ကျွန်မ ရေသိပ်ငတ်တယ်" စင်တိန်က ခပ်တိုးတိုး ပြောလိုက်သည်။ ဆားငန်ရည်ကြောင့် ခြောက်သွေ့ ဖူးရောင် နေ သော နှုတ်ခမ်းများသည် စကားပြောလိုက်သောအခါ အက်ကွဲပြီး နာလာသည်။
"ရေငတ်ပြေအောင် တခြားအကြောင်းတွေ လျှောက်တွေးနေ၊ ကဲ စိတ်ပြောင်းသွားအောင် ငါနဲ့ဝိုင်းကူ လုပ်ပေး၊ ဒီလျှော်ကြိုးကို တစ်စချင်းခွဲပြီး ဆက်တတ်သလား"
စင်တိန် က မလုပ်တတ်ကြောင်း ခေါင်းခါပြလိုက်သည်။

"လွယ်ပါတယ်၊ လာ ... ဒီမှာ ငါ လုပ်ပြမယ် ကြည့် ..."
အာနီခါးတွင် မောင်ချဓားတစ်ချောင်း ချိတ်ထားသည်။ ထိုမောင်းချဒါးဖြင့် အပင်လိမ်လျှော်ကြိုးမှ လိမ်ထားသော ကြိုးသေးချောင်းလေးများကို တစ်ချောင်းချင်း ခွာထုတ်ယူပြီး ဆက်ပြောသည်။
"တစ်ခုပြီး တစ်ခု ဖြည်းဖြည်းချင်း လုပ်သွားယင် လွယ်ပါတယ်။ ဟောဒီမှာ ကြည့် ..."
စင်တိန် အလွယ်တကူနှင့်ပင် လုပ်တတ်သွားသည်။ ထိုအလုပ်ကို စိတ်ဝင်တစား လုပ်နေခြင်းဖြင့် ရေငတ်သည့် စိတ် အတော်အတန်ပင် ပြေပျောက်သွားသည်။
"ကျွန်မ တို့ အခု ဘယ်နေရာရောက်နေတယ်ဆိုတာ သိလား အာနီ" စင်တိန်က ကြိုးဖြေ၍ ဆက်နေရင်းက မေးလိုက် သည်။

"ကျွန်တော်က ရေကြောင်း လမ်းပြအရာရှိ မဟုတ်တော့ အတိအကျ မသိဘူး၊ ဒါပေမယ့် အာဖရိက ကမ်းရိုးတန်းရဲ့ အနောက်ဘက် ကမ်းလွန်တစ်နေရာမှာ ဆိုတာတော့ သိတယ်၊ ကမ်းနဲ့ ဘယ်လောက် ဝေးမယ်ဆိုတာ မမှန်းတတ်ဘူး"
"မနေ့က မွန်းလွဲပိုင်းကတော့ ကမ်းနဲ့မိုင် ၁၁၀ အကွာကနေ သင်္ဘောခုတ်နေတယ်လို့ သိရတယ်"
"ခင်ဗျားသိထားတာ ဟုတ်မှာပါ၊ ကျွန်တော် သိနေတာကတော့ ကျွန်တော့်တို့ဖောင်ဟာ ရေစီးကြောင်းနဲ့ ကမ်းဘက် ကို မျောနေတယ်၊ ပြီးတော့ လေကလဲ ကူတိုက်ပေးနေတယ်၊ အင်း ... အဲဒီလေကိုသာ အသုံးချ နိုင်ယင် ပိုထိရောက် မယ်" အာနီက ကောင်းကင်ကို မော့ကြည့်ပြီး ပြောလိုက်သည်။

"ရှင့်မှာ အစီအစဉ်ရှိလို့လား"
"အစီအစဉ်ကတော့ ကျွန်တော့်မှာ အမြဲတမ်း ရှိတာပဲ၊ ဒါပေမယ့် ကောင်းမကောင်း ဖြစ်မဖြစ်တော့ မသေချာဘူး၊ ကဲ ... ခင်ဗျား ကြိုးကို ဖြေပြီး ဆက်တာကိုသာ အလျင်ပြီးအောင် လုပ်လိုက်စမ်းပါဦး ..."
အပင်လိမ်ကြိုးကို တစ်ပင်ချင်းဖြစ်အောင် ဖြေပြီး တစ်စတည်းဖြစ်အောင် ဆက်လိုက်သောအခါ ပေ ၂၀ခန့် ရှိသော ကြိုးတစ်ချောင်း ရလာသည်။
"ကဲ ... ရော့၊ မောင်းချဒါးကို ခင်ဗျား ခါးမှာ ချည်ထားလိုက်"

စင်တိန်အား မောင်းချဒါး ပေးလိုက်ပြီး၊ သစ်သားပြား၏ နောက်ပိုင်းသို့ အာနီ ဖင်ရွှေ့ပြီး လျှောသွားသည်။ ထို့နောက် လေးဘက်ထောက်ပြီး ရေထဲတွင် တွဲလောင်းဆွဲလာသော ပစ္စည်းများကို လှမ်းယူသည်။ အာနီ ပြောသည့်အတိုင်း စင်တိန်က ၀ိုင်းကူလုပ်ပေးသည်။ ရေထဲမှ သယ်ယူထားသော ရွက်တိုင်အကျိုးနှစ်ခု၊ တာလပတ်တစ်စ၊ ကြိုးတစ်ချောင်းတို့ဖြင့် ရွက်တစ်ခုဖြစ်အောင် ကြံဖန်ဆင်ကြသည်။
ထိုရွက်တိုင်နှင့် ရွက်တို့ကို သူတို့သစ်သားပြားဖောင်တွင် ထူကြရာ ငါးကြိမ်မြောက်ရောက်မှ ထူမတ်စိုက်၍ ရသွားသည်။

"ဟော ... ရွက်လေတိုးပြီး ရွက်အရှိန်နဲ့ အသွားနှုန်း ပိုမြန်လာပြီ၊ တစ်နာရီ နှစ်မိုင်နှုန်းလောက် ရွက်အားက ပိုရလာတယ်"
အာနီသည် ရေထဲမှ ဆယ်ယူထားသော သစ်သားစ တစ်ချောင်းဖြင့် ဖောင်နောက်ဘက်မှနေပြီး တက်မသဖွယ် လုပ်ကာ လှေကိုလိုရာဘက်သို့ ဦးတည်ထိန်းမတ်ပေးနေသည်။
"ကဲ နေသားကျပြီ၊ ခင်ဗျားလဲ နားပေတော့၊ ကျွန်တော်တို့နှစ်ယောက် ကျောချင်းကပ်ထိုင်ပြီး စောင့်ကြည့်နေကြတာ ပေါ့"
ထိုနေ့နောက်ပိုင်းတွင် တစ်ခါတစ်ရံ လေပြင်းထန်လာသည်။ လေထန်သံဖြင့် သူတို့၏ လက်လုပ် ယာယီ ရွက်ကလေး မှာ ရေထဲသို့ နှစ်ကြိမ်တိတိကျ သွားသည်။ နှစ်ကြိမ်စလုံးပင် အာနီက ရေထဲ ဆင်း ဆယ်ရသည်။ လေးလံသော ရွက်တိုင်နှင့် ရေစိုနေသော တာလပတ်တို့ကို အပေါ်ရောက်အောင် ဆွဲတင် ရခြင်း၊ ပြန်ထူရခြင်းတို့မှာ ခက်ခဲပင်ပန်းလှ သည်။ စင်တိန်လည်း ၀ိုင်းကူ လုပ်ရသဖြင့် အတော်ပင် ခြေကုန် လက်ပန်းကျသွားသည်။

ညနေပိုင်းရောက်သောအခါ လေငြိမ်သွားသည်။ ကောင်းကင်၌ မိုးသားတိမ်လိပ်များလည်း ကင်းစင် သွား သဖြင့် မှိတ်တုတ်မှိတ်တုတ်လင်းလက်နေသော ကြယ်ကလေးများကိုပင် သူတို့ မြင်ရသည်။
"ငါလဲ အတော့်ကို ခြေကုန်လက်ပန်းကျနေပြီ၊ မင်း တစ်လှည့် ဒီမှာလာပြီး ပဲ့ကိုင်ဦး နတ်မိမယ်လေး"
အာနီက ပဲ့ကိုင်ပုံနည်းကို သင်ပြပေးရာ ထိန်းတတ်သွားသည်။ ထို့ကြောင့် စင်တိန်တစ်လှည့်ပြောင်းကိုင်သည်။
"ဟိုမှာ ကြယ်အနီကြီးတစ်လုံး တွေ့သလား၊ သူ့ဘေးနှစ်ဘက်မှာ ကြယ်ဖြူလေးတစ်လုံးစီ ရှိတယ်လေ၊ အဲဒါ တောင်ဝန်ရိုးစွန်း က ကြယ်ကြီးပေါ့၊ အဲဒီ ကြယ်ကြီးဆီကိုသာ ဦးတည်ပြီး တည့်တည့်ကြီး ပဲ့ကိုင် ထားပေတော့"

အာနီသည် စင်တိန်၏ ခြေထောက်နားတွင်ပင် ခွေခွေကလေး အိပ်ပျော်သွားသည်။ လှိုင်းငြိမ်သွားသဖြင့် လှေအသွား နှုန်းက ပိုမြန်လာသည်။ နောက်ဘက်သို့ ပြန်ကြည့်လိုက်သောအခါ ရေပေါ်တွင် ပင်လယ်စုန်း မီးရောင် များကို တွေ့ရ သည်။ ထို့ကြောင့် သူမ ဦးတည်ရွက်လွှင့်ရမည့် ကြယ်ဆိသို့သာဦးတည်ကာ အာရုံစိုက် လိုက်သည်။ အနက်ရောင် နောက်ခံတွင် ကြယ်ကြီးက တဖြည်းဖြည်း မြင့်တက်မြင့်မား လာနေသည်။

စင်တိန်သည် မိုးအဆုံး ရေအပြင်အောက်၌ တစ်ယောက်တည်း ရှိနေသည်ကို သတိရလာသောအခါ ကြောက်စိတ်  ၀င်လာသည်။ ထိုသို့ ကြောက်စိတ် ၀င်လာသည်နှင့်အမျှ အထိန်းတော်ကြီးအန်ကို သတိရလာသည်။ လွမ်းဆွတ် တမ်းတလာသည်။

"အို ... အန်၊ သိပ်ချစ်တဲ့အန် ဘယ်ရောက်နေသလဲ ဟင်၊ အသက်ရှင်နေပါသေးရဲ့လားဟင်၊ အသက်ကယ် လှေ တစ်စင်းစင်းပေါ်များ ရောက်နေသလား၊ ဒါမှမဟုတ် ကျွန်မလိုများ သင်္ဘောပျက်သစ်သားပြား တစ်ခု အပေါ် ရောက်နေ သလား၊ ပင်လယ်ပြင်မှာ ကျွန်မလိုပဲ ကမ်းမမြင်လမ်းမမြင်နဲ့ မဟာသမုဒ္ဒရာကြီးရဲ့ အဆုံးအဖြတ်ကို စောင့်နေရပြီလား အန်ရယ်"
စင်တိန်သည် အန်ကို တွေးမိသောအခါ ကလေးစိတ်များ ၀င်လာသည်။ ကလေးဘ၀သို့ ပြန်ရောက် သွားသလို ရှိသွား ပြီး မျက်ရည်များပင် တလိမ့်လိမ့်ကျလာသည်။ သူမ စိုက်ကြည့်နသော ကြယ်ကြီးကိုပင် မျက်ရည်ကြောင့် ဝေ့၀ါးကာ နှစ်လုံးသုံးလုံး ဖြစ်လာသည်။ အမြင် ၀ါးလာသည်။ အန်၏ ပေါင်နှစ်လုံး ပေါ်တွင် မျက်နှာအပ်ကာ အားရပါးရ ငိုပြီး ဖြေသိမ့်လိုက်ချင်သည်။ သို့သော် ယခု အန် မရှိပါ။
စင်တိန် အသံထွက်အောင် ရှိုက်လိုက်မိသည်အထိ ၀မ်းနည်းလာသည်။ ရှိုက်သံကို ပြန်ကြားလိုက်ရသည်နှင့် မိမိ၏ အားနည်းအားပျော့ညံ့မှုကို ပြန်သတိရလာသည်။

"အို ... သိပ်ချစ်တဲ့ အန် ... အခု ဘယ်များ ရောက်နေပါလိမ့်၊ အသက်ရှင်နေတုန်းပဲလား၊ အသက်ကယ် လှေတစ်စင်း စင်းပေါ်မှ ရောက်ရဲ့လား၊ ကျွန်မလိုပဲ သင်္ဘောပျက်က သစ်သား တစ်ခုခုကို တွယ်ကပ်ပြီး ပင်လယ် သမုဒ္ဒရာကြီးရဲ့ အဆုံးအဖြတ်ကိုများ စောင့်မျှော်နေရပြီလား"
စင်တိန် သည် တစ်ယောက်တည်း တတွတ်တွတ် ပြောနေရင်းက ကြယ်ကြီးကိုသာ ငေးစိုက်ကြည့်နေသည်။ မျက်လုံး အိမ်တွင် မျက်ရည်များ ဝေ့၀ိုင်းလာသောအခါ အမြင်တွင် ၀ါးလာပြီး ကြယ်ကြီးက နှစ်လုံး ဖြစ်လာသည်။ ခဏချင်းမှာ ပင် စင်တိန် သတိပြန်ဝင်လာသည်။ မျက်ရည်ကို သုတ်ပစ်လိုက်သည်။ အံကြိတ်ပြီး အားတင်းလိုက်သည်။ အားငယ် စိတ်၊ ပျော့ညံ့စိတ်များ ၀င်လာသည့်အတွက် မိမိကိုယ်မိမိ ဒေါသ ဖြစ်လာပြီး အားပြန်တင်းလိုက်သည်။

"ဘယ်လောက်ပဲ အခက်အခဲနဲ့ ရင်ဆိုင်ရပါစေ၊ ငါအရှုံးမပေးဘူး၊ ဘ၀ရဲ့အထုအထောင်းဒဏ်တွေကို ငါခံနိုင်ရည်ရှိရ မယ်၊ ငါ့ဗိုက်ထဲက ကလေးအတွက် ရင်ဆိုင်ရုန်းကန်ဖို့ ငါသန္နိဌာန်ခိုင်ခိုင်ချလိုက်ပြီ"

နောက်တစ်နေ့နံနက် ရောင်ခြည်ပျို့လာချိန်တွင် ငှက်တစ်ကောင် ပျံသန်းလာပြီး စင်တိန့်ခေါင်းပေါ်၌ ၀ဲပျံ နေသည်။ ပင်လယ်ငှက်ကလေးတစ်ကောင်ပင် ဖြစ်သည်။ အော်မြည်သံက တိုးညင်းပြီး အထီးကျန် ဆန် နေသည်။
"ထစမ်းပါဦး အာနီ၊ ထ ... ထ"
စင်တိန်က အာနီကို အော်နှိုးလိုက်သည်။ စကားပြောလိုက်သည့်နှင့်တစ်ပြိုင်နက် ခြောက်သွေ့ ဖူးရောင် နေသော နှုတ်ခမ်းက ကွဲအက်လာပြီး သွေးများစို့လာသည်။ ရေငတ်သည့်ဒဏ်ကို လည်ချောင်းထဲ ၌ မခံသာလောက်အောင် ခံစားလာရသည်။

အာနီနိုးလာပြီး စင်တိန်ကို အိပ်ချင်မူးတူးနှင့် ကြည့်သည်။ သူ့ကြည့်ရသည်မှာ တစ်ညတာအတွင်းပင် အတော် ပိန်ချုံး ကျသွားပုံရသည်။ နှုတ်ခမ်းအစုံက ခြောက်နေပြီး ဆားပွင့်ကလေးများပင် ပေါက်နေသည်။
"ကြည့်လိုက်စမ်း အာနီ၊ ဟိုမှာ ငှက်တစ်ကောင်"
"ငှက်တစ်ကောင် ဟုတ်လား၊ ဒါဆိုယင် ငါတို့ ကုန်းမြေနဲ့နီးနေပြီ"
ပင်လယ် ငှက်ကလေးသည် သူတို့ ခေါင်းပေါ်က တစ်ပတ်လှည့်ပြီးနောက် အဝေးသို့ ပျံထွက်သွာရာ မြင်ကွင်း မှ ပျောက်ကွယ်သွားသည်။ နေထန်းတစ်ဖျားခန့်အရောက်တွင် စင်တိန်က အရှေ့ဘက်ရေထဲသို့ လက်ညှိုးထိုး ပြသည်။ နှုတ်ခမ်းတွင် ဖူးရောင်ကွဲအက်နေသငြဖ့် စကားပြောနိုင်စွမ်း မရှိတော့။ သူတို့ သစ်သားပြားရှေ့ဘက်နားတွင် ရေထဲ၌  ပေါလောမျောနေသော အရာဝတ္ထုတစ်ခုကို အာနီ လှမ်းမြင် ရသည်။

"ပင်လယ်ရေမှော်တွေပဲ၊ ကျောက်ဆောင်တစ်ခုခုကနေ ပင်လယ်ရေတိုက်စားပြီး ကွာကျလာတာ ဖြစ်ရမယ်။ ကမ်းနဲ့ နီးလာတဲ့ သဘောပေါ့" အာနီက တစ်လုံးချင်း အားယူ ပြောလိုက်သည်။
ပင်လယ်ရေမှော် များကို အာနီက လှမ်းပြီး ဆယ်ယူလိုက်သည်။ ရေမှော်များထဲမှ အူတိုင်အသားကို အာနီ က ဓားဖြင့် ခွဲထုတ်ယူပြီး စင်တိန့် ပါးစပ်ထဲ ခွံ့သည်။ သူလည်း စားသည်။ ပျစ်ချွဲချွဲ ခါးသက်သက် ဖြစ်နေသော်လည်း ရေငတ် အနည်းငယ် ပြေသွားပြီး အားအင်းများ ပြန်ရှိလာသည်။

အာနီ က တက်မကို တစ်လှည့်ပြန်ကိုင်သည်။ ရွက်ကို လေနှင့် အလိုက်သင့်တိုက်သွားသည်။ မွန်းတည့်ချိန် တွင် နေက အလွန်ပူလာသဖြင့် အပူဒဏ်ခံရပြန်သည်။ ခန္ဓာကိုယ်မှ ရေခိုးရေငွေ့များကို နေက စုတ်ယူသွားသဖြင့် ပင်လယ် ရေမှော်မှ အရည်ပျစ်ချွဲချွဲများကို ကျိတ်မှိတ်ပြီး စုတ်ယူရပြန်သည်။
"အာနီ ဟိုဘက်က တိမ်တိုက်တွေကို ကြည့်လိုက်စမ်း"
အာနီ က လှမ်းကြည့်လိုက်သည်။
ဟိုအဝေး မိုးကုတ်စက်ဝိုင်းဆီမှ တိမ်တိုက်နှင့် အောက်ဘက် တည့်တည့်တွင် အာဖရိက၏ ကမ်းရိုးတန်း ကုန်းမြေကို သူတို့ပထမဆုံးအကြိမ် တွေ့လိုက်ရသည်။

ဆက်ရန်
.

1 comment:

ချော(အစိမ်းရောင်လွင်ပြင်) said...

စင်တိန်မသေးဘဲ ကုန်းပေါ်ရောက်လာတာ ဝမ်းသာစရာ
အင်းနော် သူသေလို့ဘယ်ဖြစ်မှာလဲ။ သူ့ရဲ့ ကြံ့ခိုင်တဲ့ စိတ်ဓာတ်က သဘောကျတယ်
ဆက်ရန်...........