Friday, September 16, 2011

တင့်တယ် ၏ ကမ္မဖလ အပိုင်း (၁၇)

စစ်သူဌေးသား

ကျွန်ုပ်ကြိုးစင် ကို တက်၍ သေရမည့်ရက်နီးကပ်သည်ထက် နီးကပ်လာသောကြောင့် ကျွန်ုပ်၏ အဖြစ်စဉ် မှတ်တမ်း ကို တရကြမ်း ရေးသားရသည်တွင် အဆက်စပ်ကင်းသော ကိုယ်ရေး အဖြစ်အပျက်ကို ချန်လှပ် သင့်သမျှ ချန်လှပ်ထားခဲ့ရခြင်းအားဖြင့် ကျွန်ုပ်နှင့် အသန့်တို့လင်မယား ဆက်ဆံရပုံတို့ကို ရှေ့ပိုင်းတွင် ဖော်ပြသင့်သလောက် မဖော်ပြနိုင်ခဲ့ပေ။ ရှေ့ပိုင်း၌ ရေးခဲ့သော အဖြစ်အပျက် လက်စားချေမှုတို့နှင့်လည်း တစ်ဘာသာစီ ဖြစ်နေကြသောကြောင့် ရှုပ်ထွေးကုန်မည်စိုး၍ မရေးခဲ့။ ယခု ဤကဏ္ဍသို့ ရောက်မှပင် ကျွန်ုပ် နှင့် အသန့်၏ ခင်ပွန်း ဦးစိန်မောင်တို့ ဆက်ဆံခဲ့ရပုံများကို သီးခြား တစ်သက်တစ်ကန့်ရေးရပေဦး တော့မည်။

ယခင်က ရေးသားခဲ့ပြီးသည့်အတိုင်းပင် လွန်ခဲ့သော ၄၇ ခုနှစ်လောက်အချိန်က အသန့်နှင့် ကျွန်ုပ်တို့ ပြန်၍ ဆုံစည်းရုံမျှသာမက ဦးဒေါန၊ အမှီနှင့် မောင်ညိမ်းအောင်တို့ တစ်တွေ ရန်ကုန်သို့ ခေတ္တလာခဲ့ကြစဉ်၌ပင် ကျွန်ုပ် တို့နှင့် အသန့်တို့မှာ အတော်ပင် အဆက်အဆံများခဲ့ပေသည်။ အကြောင်းမူကား ဦးစိန်မောင်၏ အပေါ်တွင် ကျွန်ုပ်၏ ကြွေးများပတ်၍ နေသည်က တစ်ကြောင်းဖြစ်၏။ ဆန်အိတ်သွင်းသော လုပ်ငန်းကို စာ ချုပ်အတိုင်း ဦးစိန်မောင် မဖြည့်ဆည်းနိုင်လျှင်ခနောင်တိုသို့ လိုက်ကာ နားပူရ၏။ ရန်ကုန်၌ ကျွန်ုပ်၏ လုပ်ငန်း ဖရိုဖရဲ ဖြစ်သည်ကိုကား မခံနိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် အစိုးရထံ ဆန်သွင်းမည့် စာချုပ် ပျက်ရသည်ထက် ဦးလေး ဦးဒေါနက ကျွန်ုပ်အား အလုပ်ကို မနိုင်နင်းဟု အထင်ခံရမည်ကို ပို၍စိုးရိမ်ပေ သည်။

ထို့အပြင် အသန့်တို့ လင်မယားနှင့် ပို၍ ရင်းနှီးခဲ့ခြင်းမှာကား မောင်ညိမ်းအောင်တို့တစ်စု ရန်ကုန်သို့ တက်လာကြရာတွင် မောင်ညိမ်းအောင်၏ ဇနီး အရေးပိုင်သမီးမှာ အသန့်၏ ခင်ပွန်း ဦးစိန်မောင်နှင့် ဆွေနှီး မျိုးစပ်တော်၍ နေသည်ဖြစ်ပေရာ အသန့်တို့ကလည်း ခနောင်တိုမှ ရန်ကုန်ရှိမောင်ညိမ်းအောင်တို့ထံသို့ ညဥ့်အိပ် ညဥ့်နေလာ၍ လည်ပတ်တတ်ကြ၏။ မောင်ညိမ်းအောင်တို့ကလည်း အသန့်တို့ရှိရာ ခနောင်တိုသို့ နှစ်ခေါက်သုံးခေါက်မျှ သွားရောက် လည်ပတ်ခဲ့ကြပေသည်။ ဤသို့ ခနောင်တိုနှင့် ရန်ကုန်အစုန်အဆန် ကူး သန်းဆက်ဆံနေခဲ့ကြရာ၌ ကျွန်ုပ်မှာလည်း တစ်ခါတစ်ခါတွင် အမှီကို မျက်ခြေပြတ် မခံလိုသော စိတ်ဖြင့် ခနောင်တိုသို့ လိုက်ပါသွားလေ့ရှိခဲ့၏။ အမှီကို တန်းတန်းစွဲလိုက်၍ နေသည့် အရေးသာမက ကျွန်ုပ်တို့၏ ငွေပင်ငွေရင်းများကို မြှုပ်နှံထားသော ဦးစိန်မောင်၏ စက်နှစ်လုံးကို ကြည့်ရန်လည်းကောင်း၊ ဦးစိန်မောင် စာချုပ်နှင့် အာမခံကာ ဆန်သွင်းဖို့ ယူထားသော ကိစ္စကို လောဆော်ပေးရန်လည်းကောင်း တစ်ချက်ခုတ် နှစ်ချက်ပြတ်သဘောဖြင့် သွားရောက်ခဲ့ပေသည်။

ဦးစိန်မောင် အသန့်တို့နှင့် ဤကဲ့သို့ ဆက်ဆံခဲ့ရာ၌ လက်ဦးအကြိမ် ဦးစိန်မောင်နှင့် ကျွန်ုပ်ကို အသန့်က ချာချီလမ်း အသိအိမ်တွင် မိတ်ဆက်ပေးစဉ်အခါကပင် ဦးစိန်မောင်မှာ ယစ်ထုပ်ကြီးတစ်ဦး ဖြစ်နေသည်ကို တွေ့လျှင်တွေ့ချင်း သိရသောကြောင့် ကျွန်ုပ်၏ အတွင်းစိတ်၌မနှစ်မြို့လှပေ။ ဦးစိန်မောင်ကလည်း အသန့် နှင့် ကျွန်ုပ်တို့ ငယ်စဉ်အခါက တစ်အိမ်တည်း အတူတူ ကြီးပြင်းလာခဲ့ကြရပြီးလျှင် အသန့်မင်္ဂလာဆောင်ခါ မှသာ ကွဲကွာခဲ့ကြရသည့် အဖြစ်ကို အမြစ်ကလှန်၍ သိရသောအခါ၌ ကျွန်ုပ်အားများစွာ နှစ်လိုသည့် ဟန် အမူအရာမရှိပေ။ သို့သော် ... နှစ်ဦးစလုံးမှာ အသက် ၄၀ အရွယ်သို့ ချဉ်းကပ်နေကြပြီဖြစ်သောကြောင့် တစ်ဦး၏ အတွင်းစိတ်ကို တစ်ဦး မသိရအောင် လုံလုံလဲလဲ ဖုံးဖိနိုင်ကြလျက် ဟန်မပျက် ဆက်ဆံနိုင်ခဲ့ကြ ပေသည်။

သို့ဆက်ဆံရာတွင် ဦးစိန်မောင်သည် ကျွန်ုပ်အား မြင်းလောင်းရန်၊ အနီထောင်လောင်းရန် ငွေလိုသော အခါ၌ ငွေကို လွယ်လွယ်ဆွဲ၍ရသော ဘဏ်တစ်ခု အဖြစ်ဖြင့် အသုံးချလို၍ မိတ်ဆွေသဏ္ဍာန်ဖြင့် ဆက်ဆံပေရာ ကျွန်ုပ်ကလည်း ဦးစိန်မောင်၏ ဆန်စက်များကို လက်ကိုင်ရလျှင် ကျွန်ုပ်တို့ပြုစုပျိုးထောင်စ ဖြစ်သော ဆန်စပါးလုပ်ငန်း၌ များစွာအကျိုးရှိမည်ဟူသော ယူပက္ခန္ဒာ လမ်းစဉ်အတိုင်း ရည်မှန်းချက်ထား၍ အခွင့်အလမ်းကို ကြည့်ကာ မိတ်ဟန်ပြု၍ ဆက်ဆံခဲ့ခြင်းဖြစ်၏။

ကျွန်ုပ်၏ အဦးအဖျား မေတ္တာစိတ်ယိုဖိတ်မိ ခဲ့သော အသန့် စိတ်ချမ်းသာပါစေဟူသော သဘောဖြင့် ပစ္စည်းပျက်စပြုသော ဦးစိန်မောင်ကို ငွေရေးကြေး ရေး၌ ကူညီခဲ့ခြင်းလည်း ဖြစ်၏။ သို့သော် ကျွန်ုပ်ကိုင်၍နေရသော ငွေလုံးကြေးလုံးမှာ အရင်းစစ်လိုက်ပါက ကျွန်ုပ်ကိုယ်ပိုင်မဟုတ်သေး။ ဦးလေးဦးဒေါန ၏ ငွေများသာလျှင် ဖြစ်လေသေးရာ ကျွန်ုပ်မှာ ဘာပင်ပြော ပြော မင်းဘဏ္ဍာ ကိုယ့်ဟာမှတ်လို့ တပြုံးပြုံး မလုပ်ဝံ့ဘဲ ဦးဒေါနထံသို့ ပဲပိုင်က မကျန်ခုနစ်ရက်တစ်ပတ် အမြဲစာရင်းတင်နေရသော ဘ၀၌သာ ရှိသေး၏။ ထို့ကြောင့် မပိုင်ဝက်မွေးချက်လက်မှတ် စာရွက်၌ လက်မှတ်ကလေး ဘာကလေးထိုးနိုင်ရုံမျှ အခြေဖြစ်သောကြောင့် ကျွန်ုပ်မှာ အသန့်အပေါ်၌ ကျေးဇူးတုံ့ပြန် ပေးဆပ်လိုလျက်နှင့်ပင် မပေးဆပ်သာဘဲ ရှိရပေသည်။
အသန့်ခမျာမှာလည်း ကြာလေကြာလေ သနားစရာဖြစ်၍ လာ၏။

ကျွန်ုပ် ရန်ကုန်သို့ ရောက်၍ တွေ့ဆုံကြ ခါစ အခါတွင်မူ ခင်ပွန်းသည် ဂုဏ်ပုပ်မည်စိုးသောကြောင့် ဟန်လုပ်ကာနေခဲ့ရှာသော်လည်း ကျွန်ုပ်နှင့် စီးပွားရေး၌ ဒွေးရောယှက်တင် ဆက်ဆံသည်အထိ ရင်းရင်း နှီးနှီး ရှိလာခဲ့သောအခါတွင်ကား ဦးစိန်မောင် ဆိုးသမျှပေသမျှတို့ကို တိုင်စရာ တန်းစရာရှိလျှင် အသန့်မှာ ကျွန်ုပ်ကိုသာလျှင် ပုဏ္ဏတိုင်ထား၍ တိုင်တန်း လေ့ရှိ၏။ သို့သော် ဦးစိန်မောင်မှာ ကျွန်ုပ်မျှမက သိကြားဆင်း၍ ဆုံးမစေကာမူ ရနိုင်မည်လည်း မဟုတ်၊ ကျွန်ုပ်ထက်ပင် အသက်ကြီးသေးသောကြောင့် ပြောဆိုရမည်ကလည်း ခက်ခဲသဖြင့် အသန့်လာ၍ တိုင်တန်းလျှင် အသန့်ကို စိတ်ကျေချမ်းအောင် ချော့ရ မော့ရလျက် ဦးစိန်မောင်နှင့် တွေ့ပြန်သောအခါတွင် ကား သတိပေးစကားတို့ကို သတိပေးရာ မရောက်အောင် တစ်နည်းတစ်ဖုံ လှည့်ပတ်ပြောဆိုရပေသည်။

ဤသို့ ဆက်ဆံကာ နေခဲ့ရာတွင် ဦးစိန်မောင်သည် အရက်မူးကာ အသန့်အား ရိုက်နှက်ကန်သဖြင့် အသန့် သည် ရန်ကုန် ချာချီလမ်းရှိ မိတ်ဆွေများထံသို့ အ၀တ်တစ်ထည် ကိုယ်တစ်ခုနှင့်ပင် ဆင်းလာခဲ့ဖူး၏။ သို့သော် အရက်ဖူးပြေသောအခါတွင် ဦးစိန်မောင် ခနောင်တိုမှ လိုက်လာ၍ မရှက်မကြောက် ဒူးထောက် တောင်းပန်ကာ ပြန်၍ခေါ်သဖြင့် အသန့်ခမျာလည်း ဆယ့်ငါးနှစ်တာ ပေါင်းသင်းလာခဲ့သော လင်မယားဖြစ် သည့်အလျောက် တစ်ကြောင်းမထောက် တစ်ကြောင်း ထောက်၍ ခနောင်တိုသို့ ပြန်လည်လိုက်ပါသွားခဲ့ ၏။ ဤအဖြစ်အပျက်များကို ဖြစ်ပျက်ပြီးနောက် ချာချီလမ်းမှ အသန့်၏ မိတ်ဆွေများပြောပြသဖြင့် သိရပေ သည်။

ထိုမျှရေးလျှင် ကျွန်ုပ်၏ ၁၉၄၈ ခု မေလ အခြေအနေကို သိလောက်ပေပြီ။ အမှီတို့ထံမှ စာမှန်မှန်ရ၏။ ကျွန်ုပ်ကလည်း ဦးဒေါနထံ လုပ်ငန်းကို အစီရင်ခံသည့် စာနှင့်အတူ အမှီထံသို့ စာရေးတတ်သည်။ မှန်မှန် ကား မရေးပေ။ အေးလွန်းအားကြီးလျှင် အထင်တစ်မျိုးပေါက်မည် စိုးသောကြောင့်ဖြစ်၏။ ကျွန်ုပ်ကား ဆယ် သိန်းတန်စည်းစိမ်ကြီးကိုလည်း နီးသည်ထက်နီးနေပြီဖြစ်၍ အပြင်းအထန် မက်မောနေ၏။ အမှီ ကိုလည်း အုံ့ပုန်းချစ်ဖြင့် ပူးတစ်ခါ ခွာတစ်လှည့် ဆက်ဆံနေရခြင်းကြောင့် အနီးသို့ ကပ်၍ ချစ်ကြည့် မိ၏။

အဝေးမှ ရော်ရမ်းကာ အမှန်းနှင့်လည်း ချစ်မိ၏။ နှစ်ကာလရှည်လျားစွာ အချစ်ကို မျိုသိပ်ထားခဲ့သည်မှာကား တစ်ခါ တစ်ရံ၌ " ဟယ် ... ဘယ်လိုရှိရှိ ဇွတ်အတင်း ချစ်ပြီး ဇွတ်ခိုးပြေးမှပဲ ထင်ပါရဲ့ ... " ဟု အကြံရိုင်းရိုင်းကြံမိ၏။ သို့သော် လက်စားချေရေးကြီးက တစ်ဘက်ဖြစ်နေသဖြင့် အခြေအနေမှာ အထူး သိမ်မွေ့သောအခြေအနေ ဖြစ်ပေရာ ဇွတ်မလုပ်ဝံ့ပေ။ ဇွတ်တစ်ခုခုလုပ်လိုက်ပါက ခဲလေသမျှ အလဟဿ ဖြစ်ရမည်ကို ကျွန်ုပ် မြင်၏။ ဦးဒေါနကများ ကျွန်ုပ်ကို အမှီအား စောင့်ရှောက်ရစ်ပါဟု အပ်ခဲ့လေမလား ထင် သောအခါ ထင်မိ၏။ သို့ရာတွင် မောင်နှမ၀မ်းကွဲဟူသော သံကန့်လန့်ကာကြီး ရှေ့ကဆီး၍ နေပြန်ပေရာ ဦးဒေါနကိုယ်တိုင်ကမူ မည်သို့မျှ အမှီနှင့် ကျွန်ုပ်ကို သဘောတူလိမ့်မည် မဟုတ်သည်ကို နားလည်ထားရ ပေ၏။

ယင်းသည့်အားဖြင့် ကျွန်ုပ်မှာ ရန်ကုန်တွင်သာ တကုတ်ကုတ် အလုပ်လုပ်ရင်း ဧပြီလကုန်သည်အထိ ဇာတ်မျောသောင်တင်ဘ၀လမ်းစဉ် ရပ်နေသလို ရှိနေခဲ့သည်၌ ကျွန်ုပ်ခပ်ငြိမ်ငြိမ်ဖြစ်သွားတုန်း နွားကြိမ်တို့ သလို လာ၍တို့လေ့ရှိသော ကိုရွှေကံသည် ကျွန်ုပ်၏ နှလုံးသားကို ကြိမ်ဖျားက ဓာတ်ဆက်အပ်သွားနှင့် နွား တင်ပါးကိုဆွသလို လာ၍ဆွပြန်၏။ ဆွလိုက်ပုံမှာကား ဦးဒေါနထံမှ စာတစ်စောင်ရောက်လာခြင်းဖြစ်၏။ ထိုစာမှာ မာကြောင်း သာကြောင်းများအပြင် ...
" တူမောင် အထူးသိသာရန်မှာ ယခုနွေတွင် ဦးလေးတို့၏ သစ်လုံးများ ရေမျောကမ်းတင် သံလွင်မြစ်ဝ၌ ပြန့် ကြဲနေသည်ကို လိုက်လံသိမ်းဆည်း၍ စာရင်းလုပ်ရန် လို၍နေသည်။

တူမောင်ယခင်တစ်ပတ်က ပို့သော စာရင်းအရ အစိုးရထံ အာမခံထားသမျှ ဆန်အိတ်များကို အပြီးအပြတ် ပေးသွင်းရန်မှာ ခနောင်တို ဦးစိန်မောင်ထံမှ ဆန်အိတ် ၃၀၀ ရလျှင် ကိစ္စပြီးပြတ်မည် ဖြစ်သည်ကို သိရ၍ ရန်ကုန်၌ လုပ်ငန်းခေတ္တစဲ၍ သွားမည်ကို ဦးလေးမြင်မိသည်။ သို့ဖြစ်၍ ထိုဆန်အိတ် ၃၀၀ ကိစ္စကို ဦးစိန်မောင်ထံမှ အစိုးရထံသို့ တိုက် ရိုက်အပ်ရန် တူမောင်၏ မန်နေဂျာနှင့် လွှဲခဲ့၍ တူမောင်လာနိုင်က ဦးလေးတို့ထံသို့ လာပြီးလျှင် သစ်လုံးများ စာရင်းလုပ်ဖို့ ကူညီစေလိုသည်။ မိုးဦးကျ၍ သစ်လုံးအသစ်များ မျှောချိန်တန်လျင် မနှစ်က သစ်လုံးများနှင့် ယခုနှစ် မျှောသော သစ်များ ရောထွေးကာ အလုပ်ရှည်ဝေးမည်ကို စိုးရသည်။

ထို့ပြင် တူမောင်၏ ညီမ အမှီ နှင့် ပတ်သက်၍လည်း နောင်ရေးကိစ္စတစ်ခု တိုင်ပင်ဖွယ် ရှိနေလေ သေးသည်" ဟူသော အကြောင်းများပါလာ၏။
သစ်ကိစ္စမှာ နှစ်စဉ်လုပ်ရိုးကိစ္စဖြစ်၍ မထူးခြားလှ (အမှီ၏နောင်ရေး)ဟူသော ကိစ္စမှာကား ကျွန်ုပ်၏ နှလုံး သွေးကို တဒိတ်ဒိတ်ခုန်စေသော ကိစ္စဖြစ်၍ ဦးဒေါနသည် အမှီ အသက်သုံးဆယ်မှ ကျော်လါန်စ ပြုသည်ကို နေရာချထား၍ အိမ်မှ လက်လွှတ်လိုက်ရန် ဆုံးဖြတ်ဟန်တူ၏။ သို့တည်းမဟုတ် ကုန်သည်တစ်ဦးနှင့် အိမ် ထောင်ချထားကာ လက်ရည်တစ်ပြင်တည်း အိမ်ပေါ်၌ အမှီရော သူ့ခင်ပွန်းပါတင်၍ ထားလေမည်လားဟု လည်း တွေးမိ၏။ မည်သို့ပင်ဖြစ်စေ အမှီကို အိမ်ထောင်ချထားတော့မည် ဆိုသောအရေးမှာ ကျွန်ုပ်၏ နှလုံး သားကို ဓားပါးပါးနှင့်မွှန်း၍ ဆားပက်ကာ နေလှမ်းသည့်ပမာ ဖြစ်စေလေရာ ကျွန်ုပ်လည်း အမှီတို့ထံသို့ သွားရန် ကမန်းကတန်း သုတ်သီးသုတ်ပျာ ပြင်ဆင်ရလေတော့သည်။

နက်ဖြန်တွင် ခရီးစတင်၍ ထွက်ရတော့မည်ဖြစ်သောကြောင့် ယနေ့ညနေ၌ ကျွန်ုပ်သည် အလုပ်တိုက်ရှိ လက်စွဲမန်နေဂျာအား ဦးစိန်မောင်ထံမှ ဆန်အိတ် ၃၀၀ ရဖို့ကိစ္စကိုလည်း အပူတပြင်း စီစဉ်ခိုင်းစေနေရပေ ရာ မှောင်တရီ သို့ ရောက်ခဲ့ခါမှပင် စာရင်းအင်းကိစ္စ အားလုံးပြီးစီး၍ အပြီးသတ်မှာကြားစရာတို့ကို နှုတ်မှ မှာကြားနေရ၏။
" ခနောင်တိုကို နှစ်ရက်တစ်ပတ်လောက် သွားပြီး ဦးစိန်မောင်ကို ခဏခဏ လောဆော်ပေးကြားလား၊ ဆန် အိတ်တွေက အစိုးရကို မေလ ၁၅ ရက်နေ့မှာ အပ်ရလိမ့်မယ်၊ အဲဒါကိုသာ ကြပ်ကြပ်ဂရုစိုက်" ဟု ဆိုနေစဉ် ကျွန်ုပ်မှာ စကားစပြတ်လျက် " ဟော ... ပြောရင်းဆိုရင်း အဆင်သင့်ပဲ" ဟု ပါးစပ်က ဆိုလိုက်မိ၏။ အကြောင်းမျာမူ အလုပ်တိုက်ရှေ့တွင် ဆိုက်ကားတစ်စင်းထိုးဆိုက်၍ ဆိုက်ကားပေါ်မှ အသန့်ကိုယ်တိုင် လက်ဆွဲသေတ္တာတစ်လုံးနှင့် ဆင်းလာသည်ကို တွေ့ရသောကြောင့်ဖြစ်၏။

ကျွန်ုပ်လည်း စားပွဲမှထ၍ တိုက်ဝသို့ အရောက်သွားကာ " လာအသန့် အဆင်သင့်ပဲ အကိုကံကောင်းအခုပဲ အသန့်တို့ဆီက ဆန်အိတ်အကြောင်းတွေကို ပြောနေတုန်း အသန့်ပေါက်လာတာ အသန့်တော့ အသက် ရှည်ဦးမယ်" ဟု ရယ်ကာ ပြုံးကာ ဆီးကြိုလိုက်ရ၏။ သို့သော် အသန့်မှာ ကျွန်ုပ်နည်းတူ ရယ်ပြုံးခြင်းမရှိဘဲ မျက်နှာထားအိုအိုနှင့်သာ သင့်ရာ ကုလားထိုင်တွင် ၀င်၍ထိုင်ရင်း " အသန့်ကလဲ ဒီဆန်အိတ် အကြောင်း ကိုပဲ ပြောရအောင် လာတာပဲ၊ အသန့် အသက်ရှည်မယ် မရှည်ဘူးတော့ဖြင့် မပြောတတ်တော့ဘူး"ဟု မူမမှန်သောအသံဖြင့် ပြောလိုက်သောကြောင့် ကျွန်ုပ်တွင် အံ့အားသင့်သွားရာက " ဟင် ... ဘာဖြစ်တာလဲ ... ဟင် ... အသန့်" ဟု မေးလိုက်မိ၏။ ပြီးမှ လူစိမ်းမန်နေဂျာ ရှိနေကြောင်းကို သတိထားမိ ကာ " ကိုင်း ငါပြောတဲ့အတိုင်းပဲမှတ်မိရဲ့ မဟုတ်လား၊ မှတ်မိရင် ပြန်ပေတော့ အချိန်တောင် အတော် နှောင်းသွားပြီ" ဟု မန်နေဂျာအား လှည့်၍ ပြောလိုက်ရာ အိမ်က မိန်းမကို ရုပ်ရှင်လိုက်ပို့ရန် အာမခံ၍ ထားခဲ့ဟန် တူသော မန်နေဂျာလည်း ဖင်တကြွကြွနေရာက ကသုတ်ကယက် ၀မ်းသာပုံနှင့် ထွက်သွား၏။ ကျွန်ုပ်လည်း အသန့် အား အလုပ်တိုက်ခန်း၏ အပေါ်ထပ် ကျွန်ုပ်၏ နေရာတိုက်ခန်းသို့ ခေါ်ခဲ့ပေသည်။

အခန်းထဲသို့ ၀င်ခဲ့မိကြသည်နှင့် တစ်ပြိုင်နက် ထိုင်ရုံမျှ မထိုင်ရသေးမီပင် အသန့်က " ဆန်အိတ်ကိစ္စ တခြား မဟုတ်ဘူး အစ်ကိုကံကောင်း အစ်ကိုကံကောင်းတို့ကို အပ်ဖို့ ဆန်အိတ် ၃၀၀ ကို ကိုစိန်မောင် ဒီနေ့ မနက်ပဲ တရုတ်စက်ကို လက်ပြောင်းလက်လွှဲရောင်းပြီး ငွေယူလိုက်ပါပကော။ တရုတ်ကလည်း ချက် ချင်း လှည်းအုပ်ကြီး နဲ့ လာပြီးတိုက်တာ အကုန်လုံး တရုတ်စက်ကို ရောက်ကုန်ပြီ။ နက်ဖြန်ခါ မြင်းပွဲရှိသကိုး အစ်ကိုကံကောင်းရယ်" ဟု ရှောင်တခင် ပြောလိုက်ရာ ကျွန်ုပ်က " ဟာ ... ဘယ်နှာလဲ ... " ဟု ယောင်ယမ်း၍ ဆိုမိသည်မှအပ ဘာမျှထပ်၍ မပြောနိုင်တော့အောင် ဖြစ်နေရပေ၏။
ဦးစိန်မောင်သည် အရင်တစ်ခါတည်း ဤကဲ့သို့ပင် လုပ်ခဲ့ဖူးပြီ။

ကျွန်ုပ်ထံ ဆန်အိတ် ၂၅၀ အပ်ခါနီး၍ စက်က လည်း အဆင်သင့်ဝါးပြီး အိတ်သွတ်ပြီးခါမှ ချစ်တီး တစ်ယောက် လက်သို့ လျှော့်ဈေးနှင့် လက်လွှဲရောင်းကာ ရငွေကို တစ်ညတည်းနှင့် အနီထောင် ရှုံးပစ်ခဲ့ဖူးသည်။ ကျွန်ုပ်မှာလည်း အစိုးရကို ဆန်အိတ် အပ်ရမည့်ရက် ကပ်နေသဖြင့် ဂျင်ဂျင်လယ်၍ သွားရ၏။ ချစ်တီးထံမှ ဆန်အိတ်များကို အမြတ်ပေး၍ ကျွန်ုပ်ငွေနှင့် ကျွန်ုပ် ပြန်ဝယ်ရကာ ကျသမျှ ဆန်အိတ်ဖိုးကို ဦးစိန်မောင်၏ အိမ်ကို အပေါင်ထားစေ၍ အောင်ဒီမံစာချုပ်ကို လက် မှတ်ထိုးခိုင်းရဖူး၏။ ယခုလည်း ဦးစိန်မောင် ဗွေဆိုးဖောက်ပြန်လေပြီ။

" ဘယ့်နှာမှ မလဲတော့ဘူး အစ်ကိုကံကောင်း အသန့်တော့ သူ့ကို ဒီတစ်ခါ အပြတ်ကြီးပြတ်ပြီ၊ မနက်က သူ့ ဆန်အိတ်တွေ တရုတ်ကို ရောင်းပြီးတော့ ငွေထုပ်နဲ့ ပြန်လာကတည်းက သောက်တာဟာ အသန့်ထွက်လာ တော့တောင် သောက်တုန်းပဲ။ အသန့်က (အစ်ကိုကံကောင်းကို ဆန်အိတ်မအပ်နိုင်ရင် ... ဘယ့်နှယ်လုပ် မလဲ)လို့ ပူပူပင်ပင် မေးရာက အစ စကားများ လိုက်ကြတာဟာ အင်း ... ပြောရမှာ ရှက်လှပါတယ်။ ... အဟုတ်ပဲ၊ အရက်ပုလင်းခွံနဲ့ သူရိုက်လိုက်တာကို ငုံ့ရှောင်လိုက်မိလို့ ပခုံးစွန်းကို ထိပြီး ဒီကံဆိုးက မသေ တာဟာ မှားတာပဲ ... ခေါင်းကွဲပြီး သေလိုက်ရရင် ... တစ်ခါထဲ ဒီဒုက္ခ ငြိမ်းမှာပါပဲ အစ်ကို ကံကောင်းရယ် ... " ဟု မချိမဆန့် ညည်းညည်းညူညူကြီး ပြောရင်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ရှာသူအသန့်ကို ကြည့် ကာ ကျွန်ုပ်မှာ ရင်ထုမနာကြီး ဖြစ်မိ၏။

စင်စစ် တွေး၍ ကြည့်လိုက်ပါက အသန့်အား ဟိုယခင် ဆယ်နှစ်ကျော်ဆယ့်ငါးနှစ်လောက်က ကိုစိန်မောင်၏ လက်ထဲသို့ ဇွတ်တွန်းကာ ထည့်လိုက်သူတရားခံမှာ စစ်၍ ကြည့်လိုက်လျှင် ကျွန်ုပ်ပင်ဖြစ် နေပေတော့သည်။ ထို့ပြင် ... မည်သို့ပင် ပြောစေ ... လူ့ဘ၀သို့ရောက်၍ ပထမအကြိမ် ၁၅၀၀ မေတ္တာဖြင့် ကျွန်ုပ် ချစ်မိသောသူမှာ အသန့်သာလျှင် ဖြစ်နေပြန်၏။ သို့ဖြစ်သောကြောင့် လက်စားချေ အဓိဋ္ဌာန်ကို ငဲ့ကွက်၍ အသန့်အား သူတစ်ပါးလက်တွင်းသို့ ရက်ရက်စက်စက် ထိုးအပ်လိုက်သည်မှာ မှားလေစွ ... မှား လေစွ ... ဟု နောင်တကြီးစွာ ရမိ၏။ သို့သော် မိုးလွန်မှ ထွန်ချ လူမိုက်နောက်မှ အကြံရဖြစ်လေပြီ။

" ဒါကြောင့်မို့ အသန့်သည်းမခံနိုင်တော့ဘူး အစ်ကို ကံကောင်း လက်ထပ်ပြီးစ သုံးလေးနှစ်တုံးကတော့ တော်ပါသေးရဲ့ အဲဒီကတည်းက ဆိုးသမျှ ပေသမျှကို အသန့်ကြိတ်ပြီး သည်းခံခဲ့တယ်။ အသန့်ကို ကိုယ် ထိလက်ရောက် စော်ကားပေါင်းများလှပြီ၊ အစကတော့ ကြိတ်ပြီး ခံခဲ့တယ်၊ စစ်ပြီးတော့မှ ပိုပြီး ဆိုးလာတယ်၊ အသန့်အိမ်က ထွက်ခဲ့တာ နှစ်ခါရှိပြီ၊ သူအမူးပြေရင် လိုက်ပြီး ခြေသလုံးဖက် တောင်းပန်လို့ အသန့်ပြန်လျုက်သွားခဲ့တယ် ...၊ လိုက်ပြန်တော့လည်း စော်ကား ပြန်တာပဲ ဒါကြောင့်မို့ ဒီတစ်ခါတော့ အပြတ်မှ အပြတ် သူသေနေတောင် မကြည့်တော့ပါဘူးလို့ ဘုရားအိုးရေသောက်ပြီးမှ ထွက်ခဲ့တာ၊ ချာချီ လမ်းက အသိတွေအိမ်ကို သွားရင် သူလိုက်ပြီး ခေါ်ဦးမှာစိုးလို့ အစ်ကို ကံကောင်းဆီကိုပဲ တိုက်ရိုက် လာခဲ့ရတယ်၊ အသန့် နက်ဖြန်ကျရင် မန္တလေးကိုလိုက် စစ်ကိုင်းချောင်ကို သွားတော့မလို့ဘဲ" ဟု အသန့် ကဆက်၍ မျက်ရေ တစမ်းစမ်းနှင့် ပြောရှာပြန်ပါသည်။

ကျွန်ုပ်ကား သက်ပြင်းကိုသာ ချမိ၏။ အသန့်ကို သနားစိတ်လည်း တဖွားဖွား ပေါ်နေ၏။ အစိုးရထံ ဆန်အိတ် အပ်ရဖို့မှာလည်း ဦးစိန်မောင်ထံက ဆန်အိတ်မရလျှင် ခွကျဦးမည်ကို သိ၏။ ဆန်အိတ် ၃၀၀ ဖိုး နှင့် တန်သော ပစ္စည်းအထုအထည်လည်း ဦးစိန်မောင်၌ မကျန်တော့ပေ။ ဤကြားထဲတွင် အမှီ၏ ကိစ္စဖြင့် တနင်္သာရီဘက်သို့ အပြေးအလွှား သွားရမည်ကလည်း ရှိနေသေး၏။ လောလောဆယ်ဆယ်တွင် အသန့် အား ကျွန်ုပ်၏ တိုက်ခန်းတွင် နှစ်ယောက်ချင်း ညအိပ်လက်ခံရမည်မှာလည်း မသင့်သေး။

စိတ်ထဲတွင် အတွေးမျိုးစုံလုံးလည်ချာလပတ်လိုက်၍ နေပေတော့သည်။ ပြီးမှ ... " အင်း ... ဦးစိန်မောင်ကလည်း ခက်တယ်၊ အစ်ကို ကံကောင်းလည်း အသန့်ရဲ့ မျက်နှာကြောင့် အစစအရာ ရာ ငဲ့ခဲ့တာပဲ အစွမ်းတော့ ကုန်နေပြီလေ၊ ဘယ်လိုလုပ်ရမှန်းကို မသိသလောက်ဘဲ အသန့်ရယ် ... ကဲ အစ် ကိုကံကောင်း တစ်ခုပြောမယ် ဟုတ်လား၊ ဒီတစ်ခါတော့ သူ့ကို အသန့် ခွင့်လွှတ်လိုက်ဦး ဟုတ်လား၊ အစ်ကို ကံကောင်းလည်း ခရီးထွက်ရမည့်ဆဲဆဲမှာ မထွက်သေးဘဲနဲ့ ဆန်အိတ် ၃၀၀ ကို တခြားတစ်နေရာ က ရအောင်ရှာပြီး ၀ယ်ထားလိုက်ရဦးမယ်။

ဒီတစ်ခါတော့ဖြင့် ဦးလေးတို့ လုပ်ငန်းက ငွေနဲ့မဟုတ်ဘဲ အစ် ကိုကံကောင်းရဲ့ ပိုက်ဆံနဲ့စိုက်ပြီး ၀ယ်ရမှာ၊ အေးလေ ... ထားပါတော့၊ ဒီတော့ကာ အစ်ကိုကံကောင်းက ဒါ လောက် လုပ်ပေးမယ်ဆိုရင် အသန့် ကလည်း ခုည ချာချီလမ်းမှာအိပ်။ သူလိုက်ပြီး ခေါ်ရင် ခနောင်တိုကို ပြန်လိုက်သွားပါဦးကွယ်၊ ဒီတစ်ခါတော့ သူ့ကို ကျေလိုက်ပါဦး ... ဟုတ်လား သုံးကြိမ်သုံးခါ ခွင့်လွှတ်လို့မှ သူနောင်မကြဉ် ဘူးဆိုရင်တော့ အသန့် ဘာသာအတိုင်းပဲဟုတ်လား " ဟု ပြေရာပြေကြောင်း ပြောလိုက် ရပေရာ အသန့်ကမူ ခေါင်းကိုသာ တွင်တွင်ခါလျက် မဖြစ်နိုင်ပါဘူး အစ်ကိုကံကောင်း ... အသန့် ဆယ်နှစ် လုံးလုံး စဉ်းစားပြီးမှ ဆုံးဖြတ်တာပါ၊ ဒေါသအလျောက် ဆုံးဖြတ်တာမှ မဟုတ်ဘဲ ...၊ ပြီးတော့လည်း အသန့် မငယ်တော့ပါဘူးအစ်ကို ကံကောင်းရယ် ကိုယ်ဘာ လုပ်တယ် ဆိုတာကို မသိတဲ့အရွယ်လည်း ဟုတ်မှမဟုတ်တော့ပါဘဲ အသန့် စစ်ကိုင်းချောင်ကို သွားမှပဲ ဒီဝဋ်က လွတ်မှာ၊ ပြီးတော့ အသန့်လေ သူ့မျက်နှာကို ... "

စကားမဆုံးသေးမီပင် ကျွန်ုပ်၏ တိုက်ခန်းတံခါးကို အပြင်ဘက်မှ တ၀ုံးဝုံး ထုလိုက်သော အသံကြောင့် နှစ် ယောက်သား စကားပြတ်သွားကြရကာ ကျွန်ုပ်လည်း တံခါးကို ရိုးရိုးမခေါက်ဘဲ တ၀ုံးဝုံးနေအောင် ထုသည် ကို ဒေါသထွက်ရင်း " ဘယ်သူလဲ တံခါးကို ဒါလောက် ထုနေတာ" ဟု ခတ်မာမာဆိုရင်း အခန်းတံခါးကို ဖွင့် လိုက်ရလေ၏။ တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် ကျွန်ုပ်မှာ နှာခေါင်းကို ရှုံ့၍ အသက်ရှူ ရပ်ထားလိုက် မိပေသည်။ တံခါးပေါက်၌ ရပ်နေသူကား ဦးစိန်မောင် ကိုယ်တိုင်ပင် ဖြစ်နေ၏။ သူ့ပါးစပ်မှ အရက်နံ့ တထောင်းထောင်းထွက်၍ နေလေတော့သည်။
ကျွန်ုပ်အံ့အားသင့်ကာ အရက်နံ့ကို မခံနိုင်ဘဲ နှာခေါင်းရှုံ့နေမိစဉ်ပင် ဦးစိန်မောင်သည် ပြူးတူးပြဲတဲနီရဲနေ သော မျက်လုံးကြီးများဖြင့် အခန်းတွင်းသို့ ကဲ၍ ကြည့်ကာ အသန့်ပြူးကြောင်ကြောင်ဖြစ်ကာ ထိုင်နေသည် ကို မြင်သည်နှင့် တစ်ပြိုင်နက် " ဟား ... ဟား အသန့်က ဒီမှာကိုးကွ " ဟု သရော်သံကြီးနှင့်ဆိုကာ အိမ် ခန်းထဲသို့ ဒယီးဒယိုင် လှမ်း၍ ၀င်လိုက်သဖြင့် ကျွန်ုပ်လည်း ဘေးမှ လိုက်လာရင်း ဦးစိန်မောင်၏ အကဲကို ကြည့်နေရလေ၏။

ဦးစိန်မောင်ကား အရက်နံ့တထောင်းထောင်း ထနေသော်လည်း အရက်ဝါရင့်သူပြီပြီ မူးရာကပင် သတိ မလစ်ပေ။ ကျွန်ုပ်က " ထိုင်ပါ ဦးစိန်မောင် ထိုင်ပါ" ဟု ကုလားထိုင် တစ်လုံးကို ဆွဲ၍ ပေးလိုက်သည်၌  ဦးစိန်မောင်က " ဟား ... ဟား မထိုင်ပါဘူး သူဌေးမင်းရယ်၊ ကျွန်တော် အသန့်နဲ့ စကားတစ်ခွန်းနှစ်ခွန်း လောက် ပြောချင်လို့ပါဟဲဟဲ၊ ကျွန်တော်လာတာဟာ အနှောင့်အယှက်များ ဖြစ်နေရော့လားဗျာ "ဟု ကျွန်ုပ် ၏ အိပ်ရာခန်းဆီသို့ မျက်လုံးတစ်ချက်ဝဲ၍ သရော်သံကြီးနှင့် ပြောလိုက်သဖြင့် ကျွန်ုပ်မှာ ဟုန်းကနဲ ဒေါသ ထွက်ခါ လက်သီးကိုပင် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိပေတော့သည်။

ကျွန်ုပ်တွင် ဦးစိန်မောင်၏ မတော်မတရား စကားရိပ်ကြောင့် မျက်လုံးများပင် မီးပွင့်သွားမတတ် ဒေါသ ထွက်မိ၏။ ကျွန်ုပ်က တမင်လွှဲရှောင်ခဲ့၍ သူရယူနိုင်ခဲ့သော အသန့်ကို သူ့ထံ ပြန်သွားရန် ကျွန်ုပ်က တိုက် တွန်းနေသည့်ဆဲဆဲ၌ ဤစကားကို ကြားရသည်မှာ တကယ်ပင် မခံချိစရာ ရှိလှပေတော့သည်။ သို့သော် အရက်မူးနေသူဖြစ်သည့်အလျောက် ပေါက်ကွဲ၍ ထွက်အံသော ဒေါသကို အနိုင်နိုင်ချုပ်ထိန်းလိုက်ရ၏။ အသန့်ခမျာမှာလည်း မျက်ရည်တွေတွေ ကျဆင်းလျက် နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ကာ တစ်ကိုယ် လုံး တဆတ်ဆတ်တုန်၍ နေရှာပေတော့သည်။

ဤအခိုက် ဦးစိန်မောင်လည်း မသိမသာ ယိမ်းထိုးနေရင်းက " ကိုင်း ... အသန့် ကိုစိန်မောင်ကို အပြီးအပြတ် ပစ်ပြီး သွားတော့မလို့ဆို ဟုတ်လား ... ဟဲ ဟဲ ကိုစိန်မောင်ရယ်လေ အသန့်ကို ချာချီလမ်း မှာတောင် လိုက်ပြီး ရှာသေးတယ်၊ မတွေ့ဘူး။ ဒါနဲ့ အသန့်ချာချီလမ်းအပြင် ဘယ်မှာများ အားကိုးရှိသေး သလဲလို့ တွေးလိုက်တော့ အဟဲ ... အသန့် ဘယ်မှာဆိုတာ ကိုစိန်မောင်ချက်ချင်း တွေးမိတာပေါ့ကွဲ့ ဟဲဟဲ ... " ဟု စကားစ လိုက်ပြန်၏။ ကျွန်ုပ်ကား ဦးစိန်မောင်ကို လည်ကုပ်မှကိုင်၍ ပြတင်းပေါက်က ပစ်ချ ရန် အူယား၍ နေပေပြီ။

သို့သော် အသန့်၏ ရှေ့တွင် ရုံးရင်းဆံခတ် မဖြစ်လိုသောကြောင့် ဒေါသစိတ်ကို ဇွတ်မှိတ်၍ ချုပ်ထားရရင်း၊ " ထိုင်ပါဦး ဦးစိန်မောင်၊ ဦးစိန်မောင်အတော်မူးနေပါတယ်၊ ထိုက်လိုက်ရင် သက် သာပါလိမ့်မယ်၊ ကျွန်တော် ရေခဲသေတ္တာထဲက ရေခဲသွားယူပါဦးမယ်၊ နဖူးမှာ ကပ်လိုက်ရင် အမူးသက်သာ သွားပါလိမ့်မယ်" ဟု အကျိုးအကြောင်း ဖြောင်းဖြောင်းဖျဖျ ပြောလိုက်ရပြန်၏။ သို့တိုင်အောင် ဦးစိန်မောင် က အရက်ဖြင့် မှေးနေသော မျက်လုံးများကို ပြူး၍ ကြည့်ရင်း မဲ့မဲ့ရွဲ့ရွဲ့ပြုံးရာက " ဒုက္ခမရှာပါနဲ့ သူဌေးမင်းရဲ့ ဟဲဟဲ ... သူဌေးမင်းအိမ်က ဖရီဂျီဒယ်ယာတွေ ဘာတွေနဲ့ ဟန်ကျသနော်ဟားဟား ... အသန့် ဘယ်တုန်း က အိမ်ကို ရောက်သတုန်း" ဟု စကားဖောက်လိုက်ပြန်သဖြင့် အသန့်လည်း ကျွန်ုပ်နှင့်မတူ တရူ စကားရိပ် ၍ ဦးစိန်မောင်ပြောဆိုနေသည်ကို မခံမရပ်နိုင်တော့သည့်အလား " ဘယ်အချိန်က ရောက်ရောက် ရှင့်အပူ တပြားသားမှ မရှိဘူး၊ ကိုင်း ... မူးမူးရူးရူးနဲ့ သူများအိမ်မှာ အရှက်လည်းမရှိဘူး၊ သွားပါတော့ရှင် ... သွားပါ တော့" ဟု ပြောရင်းက အသံတွေ အက်ကွဲကာ ချုံးချ၍ ငိုရှာလေတော့သည်။

ကျွန်ုပ်လည်း ဦးစိန်မောင်၏ လက်ကို အသာဖေး၍ သူ့ကိုယ်ကာယ ယိုင်ထိုးနေသည်ကို မှေးရင်း " ကဲ ... ဦးစိန်မောင် ခနောင်တိုကို ပြန် ရင် ကောင်းမယ်ထင်တယ်ဗျာ၊ ကျွန်တော် လိုက်ပို့ပါရစေ" ဟု ပြောလိုက်ရ၏။ မပြောလျှင် မဖြစ်တော့ပေ။ ဦးစိန်မောင်မှာ မူမမှန်တော့အောင် မူးယစ်နေပေရာ သူနှင့် စကား ဆက်၍ ပြောနေပါလျှင်လည်း အရာထင် တော့မည်မဟုတ်။ ကျွန်ုပ်၏ သိက္ခာကို စော်ကားသော စကားလုံး များပါ၍ လာတိုင်းလည်း ကျွန်ုပ်မှာ ဒေါသ ဖြစ်ရပေရာ အရက်မူးဟု ဆိုသည့်တိုင်း မူးပါးကြီးဖြစ်သော ဦးစိန်မောင် မြန်မြန်ထွက်သွားလျှင် ကောင်းမည် ဟု စိတ်ရှုတ်ရှုတ်နှင့် တွေးမိသဖြင့် ခနောင်တိုအထိ ကျွန်ုပ်ကိုယ်တိုင်ပင် လိုက်၍ ပို့ရပေတော့မည်ဟု ပိုင်း ဖြတ်ကာ ပြောလိုက်ရ၏။

ဤသို့ စေတနာနှင့် ပြောလိုက်ခါမှပင် ဦးစိန်မောင်က တဟားဟား ရယ်ပြန်ကာ " ကျွန်တော်သွားမှာပါပဲ သူဌေးမင်းရယ် ကျွန်တော် ကြာရှည်နှောက်ယှက်နေမှာ မဟုတ်ပါဘူး ခင်ဗျ၊ ဟဲဟဲ ... ကဲ ... ကဲ မကြီးရွှေစာ မယ်ပဘာရေ့၊ မောင်တော်နဲ့ ပြည်ကြီး သာဂလ ခနောင်တိုကို ပြန်ပြီး လိုက်မှာလားကွယ် အဲ ဟယ် ... " ဟု ကုသဟန်နှင့် ဇာတ်ဆန်ဆန်လုပ်၍ မေးနေပြန်၏။ ကျွန်ုပ်ကား ဒေါသလည်းထွက်မိ၏။ အရက်ဖျက်ဆီးသဖြင့် အမျိုးကောင်း သားသမီးအဖြစ်မှ အပျက်ကြီး ပျက်စီးရသော ဦးစိန်မောင်၏ ဘ၀ကို နှမြော၍လည်း နေမိ၏။

ထိုအခိုက်တွင် ဦးစိန်မောင်သည် အသန့်အနီးသို့ ကပ်ရန် ခြေတစ်လှမ်းတိုးလိုက်ရာ အသန့်လည်း ထိုင်ရာ မှထ၍ ဆုတ်ဖယ်ရင်း " ရှင်ကျွန်မကို မထိနဲ့နော်သွား ... သွား၊ ရှင့်အရိုက်အနှက် အနှိပ်စက်လည်း မခံပါရ စေနဲ့၊ အိမ်ကိုလည်း မလိုက်ပါရစေနဲ့၊ ကိုယ့်ဟာကိုယ် ... သတ္တ၀တပဲနေပါရစေ အပူမရှာပါနဲ့၊ ရှင့်ဟာရှင် သွားပါတော့ရှင်၊ ရှင့်မယားငယ် စက်ထဲက ကူလီမနဲ့သာသွားပြီး ပျော်ပျော်ပါးပါး နေချေပါတော့" ဟု ဒေါသ နှင့် ပြောချလိုက်သဖြင့် ကျွန်ုပ်လည်း ဦးစိန်မောင်၏ စာရိတ ပျက်ကွက်မှု တစ်မျိုးကို နောက်ထပ်တိုး၍ သိရ ပြန်ပေတော့သည်။ အသန့်သည် ကျွန်ုပ်အား ရှက်သဖြင့် ဤအကြောင်းကို ထိမ်ချန်ထားခဲ့ရာ ယခုမျ ဒေါသ အထွက်ကြီး ထွက်သဖြင့် ပါးစပ်က မအောင့်အည်းနိုင်ဘဲ လွတ်ထွက်လာရခြင်းဖြစ်ဟန်တူ၏။

ထိုစကားကို ကြားရသည်နှင့် တစ်ပြိုင်နက် ဦးစိန်မောင်လည်း တဟားဟား ရယ်ပြန်ကာ ကျွန်ုပ်ကို မျက် စောင်းတစ်ချက်ဝဲ၍ " ဟဲဟဲ အသန့်ကလဲ အတူတူနဲ့အနူနူပါပဲကွယ်၊ အဟဲ ကိုစိန်မောင် သိတယ်လေလေ့...၊ " ဟု လက်ညိုးကလေး တစ်ဘက်ထောင်ကာ ပုဏ္ဏားက ကပြန်သဖြင့် ဤတစ်ကြိမ် ၌မူ ကျွန်ုပ်မှာ ဒေါသကို မချုပ်နိုင်မီ ဦးစိန်မောင်၏ လက်ကို တုံ့၍ဆွဲလိုက်မိရင်း " တော် ... ဦးစိန်မောင် တော်ပါ၊ ခင်ဗျားစကားတွေ လွန်လာပြီနော်" ဟု စိမ်းစိမ်းကြည့်ကာ ဟန့်လိုက်သည်၌ ဦးစိန်မောင်မှာ မျက် နှာကလေး နှင့် ဖြစ်သွားပြန်ပြီးလျှင် " ပြန်ပြီး လိုက်ခဲ့ပါ အသန့်ရယ်၊ ကိုစိန်မောင် အသန့်မရှိရင် မနေတတ်ပါ ဘူးကွယ်၊ အသန့် ကိုစိန်မောင့်ကို ပစ်သွားရက်တော့မှာလားဟင်" ပြောပြောဆိုဆိုနှင့် ခွေ့ခနဲဒူးပစ်၍ ထောက်လိုက်ပြန်သောကြောင့် ကျွန်ုပ်မှာလည်း အတော်ခွကျနေရပေတော့သည်။

ဤခဏတွင် ဦးစိန်မောင်လည်း မျက်ရည်တွေ အဖြိုင်ဖြိုင်စီးရာက ငိုကြီးချက်မနှင့် " အသန့်မရှိရင် ကိုကို မောင် ဘယ်လို လုပ်နေရပါ့မလဲကွယ်။ အသန့်ရယ် ရက်စက်တော့မှာလားဟင် ဒီလင်ကြီးကို ရက်စက်တော့ မှာလားကွဲ့ ချစ်မယားရဲ့ " ဟု အော်ကျယ် ဟစ်ကျယ်ဆိုတာ နောက်ဆုံး၌ ဟီးချ၍ ငိုနေပြန်ချေ၏။ ကျွန်ုပ် မှာကား ဦးစိန်မောင်၏ ယစ်ထုပ်ဘ၀ အရူးတစ်ပိုင်းဖြစ်ပုံကို ကြည့်ကာ သူ့အသံကို လမ်းသွားလမ်းလာများ နှင့် တိုက်တစ်ဘက်ခန်းမှ လူများ ကြားမည်ကို စိုးမိလျက် " တိတ်ပါ ဦးစိန်မောင် တိတ်ပါ၊ ကိုင်း ... ထ ဗျာ ခနောင်တိုကို ပြန်ရအောင် " ဟု သူ့အား ချိုင်းကြားမှ မလိုက်ရ၏။ သို့သော် ဦးစိန်မောင်ကား ပဲ့ကျွံ၍ နေသူ ဖြစ်သည့်အတိုင်း ကျွန်ုပ်၏လက်ကို တွက်ခါ၍ ပစ်ရင်းက။

မိန်းမဆိုတာ ဆောင်းလေပမာအညီ အတွင်းသဘောဟောဟောတွေ မတည်ကြည် ပြောင်းလဲဟဲဟဲတတ် သည် ခင်မောင်ရင် တစ်ကိုယ်တည်းမှာ အရူးဟူးဟူး ကြီးပမာ ဖြစ်ခါ ဇာတ်သိမ်းဟိန်းဟိန်းမည်" ဟု ကောက်ကာငင်ကာ အသံကုန်ဟစ်ရင်း အသန့်၏ ခြေကိုပြေး၍ ၀မ်းလျားဟတ်ထိုး ဖက်လိုက်၏။ အသန့် လည်းလန့်၍ ခုန်လိုက်ရာ ဦးစိန်မောင်၏ လက်မှ လွတ်သွားသော်လည်း တရုတ်ကြေးအိုးတွင် ပန်းစိုက်၍ တင်ထားသော စားပွဲခြေတံရှည်ကလေးကို ခိုက်မိသဖြင့် စားပွဲလဲကျပန်းအိုးလည်း ကွဲရှကာ တ၀ုံးဝုံး တဗြုံးဗြုံးဖြစ်၍ သွားရပေတော့သည်။

အသန့်ကား တကိုယ်လုံး နတ်ကျသကဲ့သို့ ဖြစ်နေရှာပြီးလျှင် တွေ၍ ကျောက်ရုပ်ကြီးကို ဖြစ်နေရှာ၏။ ပြီးမှ ကြမ်းပေါ်၌ သေနတ်မှန်ထားသော ၀က်ကြီးကို သက်ပြင်းရှိုက်ခါ ၀မ်းလျားထိုးကြီးဖြစ်နေသော ဦးစိန်မောင် အား ရွံရှာစွာ ကြည့်လိုက်ပြီးလျှင် " ကိုင်းပုလိပ်ကိုသာခေါ်ပြီး အပ်လိုက်ပေတော့ အစ်ကို ကံကောင်းရယ် သည့်ပြင်နည်းလမ်းတော့ မရှိတော့ဘူး၊ အသန့်လည်း သူ့ကို ကြည့်ရတာ အော့နှလုံးနာလှတယ်၊ ချာချီလမ်း ကို သွားတော့မယ်" ဟု ပြောကာ ကြာရှည် မနေလိုတော့သည့်အလား လက်ဆွဲသားရေအိတ်ကလေးကို ကောက်၍ ဆင်းသွားရှာ၏။ အသန့်ဆင်းသွားသည်နှင့် မိနစ်မျှမခြားမိ တစ်ဘက်ခန်း၌ နေသောကုလားအချို့သည် တဒုံးဒုံး ဖြစ်သံများကို အကြောင်းပြုကာ ကျွန်ုပ်၏ အခန်းဝ၌ လာ၍ ရပ်ကြည့် ကြသည်ကို တွေ့ရပေရာ ကျွန်ုပ်လည်း မျက်နှာရှိန်းခနဲပူရလေတော့သည်။ ဤအဖြစ်မျိုးကား ကျွန်ုပ်၏ အခန်းတွင် တစ်ခါမျှ မဖြစ်စဖူးပေ။ ထို့ကြောင့် ကုလားများအား ဘာမျှဖြစ်ကြောင်း မကြာခင် ကျွန်ုပ်၏ မိတ်ဆွေ အမူးပြေသွားမည့် အကြောင်းများကို ပြောကာ နှင်လိုက်ရင်း တံခါးကိုပိတ်၍ ဦးစိန်မောင်အား ကြမ်းပြင်မှ ထူလိုက်ရပေသည်။

ဦးစိန်မောင်သည် ကြမ်းပြင်၌ ခွေ့ခွေ့ကြီး ဖြစ်နေရာက ကုန်းကွ၍ အလိုက်သင့်ပါလာသဖြင့် ဆိုဖာကို သူ့ ကိုယ်မှီ၍ ထားခဲ့ရပြီးလျင် ရေခဲသေတ္တာမှ ရေခဲတုံးများကို ယူ၍ သူ့နားထင်တွင် ကပ်ပေးရ၏။ ရေခဲ၏ သတ္တိ ကြောင့် မျက်လုံးကြီးပိတ်၍နေသော ဦးစိန်မောင်သည် ဆိုဖာလက်တင်ပေါ်၌ ဇက်လန်နေရာက နာရီဝက်ခန့် အကြာတွင် အမူးပြေကာ ခေါင်းထောင်၍လာ၏။ ခေါင်းထောင်နိုင်သည့်ခဏတွင် ခေါင်းထဲက အမူးကို တွက်ခါ၍ပစ်သလို ခေါင်းကို သုံးလေးချက် ဆတ်ဆတ် ရမ်းလိုက်ရင်း မျက်လုံးကိုဖွင့်၏။ ပွင့်လာ သော မျက်လုံးကို ပွတ်၍ကြည့်၏ ပြီးမှ အားယူ၍ သူ့ဘာသာသူထလိုက်ရင်း " အသန့်ကောခင်ဗျာ" ဟု ညောင်နာနာအသံဖြင့် မေးကာအုံ၍ နေဟန်တူသော နားထင်ကို လက်ဖနောင့်ဖြင့် ဖိ၍နေ၏။

ကျွန်ုပ်လည်း ဦးစိန်မောင်သတိကောင်းစွာ ရ၍လာသည်ကို ကျေနပ်မိလျက် " အသန့်ချာချီလမ်းက အိမ်ကို သွားပြီ.. လိုက်သွားချင်သလား ကျွန်တော်လိုက်ပို့မယ်လေ " ဟု ပြောရ၏။ ဤတွင် ဦးစိန်မောင်သည် ကြမ်း ပြင်ကို စိုက်စိုက်ကြီး တွေဝေ ငေးမောနေသည်မှာ အတန်ကြီးကြာ၏။ ပြီးကာမှ ကျွန်ုပ်အား ညိုးငယ်သော မျက်နှာဖြင့် ကြည့်ကာ " မလိုက်တော့ပါဘူးဗျာ၊ ခမျာမှာ ၀ဋ်ကျွတ်ချင်နေတာကြာပါပြီ၊ အင်း ... ဒီ တစ်ခါ တော့ဖြင့် သူဝဋ်ကျွတ်ချင်တဲ့အတိုင်း ကျွတ်ရရှာပေတော့မယ် မလိုက်ပါဘူး ... ကျွန်တော့် ဘ၀ဆိုးထဲမှာ သူ့ကို ဆွဲခေါ်ပြီး မနှစ်ချင်တော့ပါဘူးဗျာ" ဟု ပြောရှာ၏။ ကျွန်ုပ်မျာ ဦးစိန်မောင် အမူးပြေရာ၌ တကယ့်လူ ကောင်းပကတိ သူ့အပြစ်ကိုသူ သိသိရရ ပြောသည်ကို သနားသယောင်ပင် ဖြစ်သွားမိ၏။

ထို့ကြောင့် -
" နဲနဲဆင်ခြင်မှပေါ့ ဦးစိန်မောင်ရယ် " ဟု စကားစ လိုက်သည်တွင် ဦးစိန်မောင်က မချိပြုံး ပြုံးရင်း လက်ဝါး အသာအယာ ကာရင်းက " မရတော့ဘူး ကိုကံကောင်း မပြောနဲ့တော့ ကျွန်တော့်ဘ၀က လွန်နေပြီ" ဟု ပြောပြောဆိုဆို သက်ပြင်းကြီးတစ်ချက်ချပြန်၏။ ထို့နောက် ချက်ခြင်းပင် မျက်နှာထားကို ပြင်ကာ အ၀တ်အစားများကို ဖုတ်ဖတ် ခါရမ်းပြီးနောက် ကျွန်ုပ်၏ လက်မောင်းကို ဆုတ်ကိုင်လိုက်ရာက " ကိုင်း ကျွန်တော် ခနောင်တိုကို ပြန်မယ်ဗှာ၊ အသန့်ကို နောင် တွေ့ရင်သာ ကျွန်တော် နောက်ဆုံးနှုတ်ဆက်သွား မယ်လို့သာ ပြောလိုက်ပါတော့ ဟုတ်လား၊ အသန့်နဲ့ကွဲရတော့မည့် တူတူမို့ ကြည်ကြည်သာသာပဲ၊ နှုတ် ဆက်သွားပါပြီလို့ ပြောလိုက်ပါတော့ဗျာ အဲဒီအတိုင်း ပြောပါနော် "ဟု တရရမှာကြားပြီးလျှင် တခါးကို ဖွင့်၍ လှေကားလက်ရမ်းပိုက်လုံးကို အားပြုကာ ဆင်းသွား၏။ ကျွန်ုပ်မှာလည်း ထိုအခါတွင်မှ သက်ပြင်းကြီးချမိ ကာ တံခါးကို ပိတ်လိုက်ရပေတော့သည်။

ဆက်ရန်
.

1 comment:

မင်းဧရာ said...

အမကြီးရေ......
ကိုကံကောင်း မှာလည်း ဆွေးရ တွေးရ တာတွေများလှတယ်ဗျာ။