Friday, September 16, 2011

ဝင်းဖေဝင်း ဘာသာပြန် စိန်မင်းသမီး အပိုင်း (၁၁)

(၂၀)

ရေငုပ်သင်္ဘောကြီးသည် ဆီနှင့် တော်ပီဒိုများ တင်ဆောင်ပြီးနောက် ပင်လယ်ပြင်သို့ ပြန်ထွက်သွားသည်။ လိုသာ ဒီလာရေး သည် ကမ်းခြေ၌ မြင်းပေါ်တွင် ထိုင်ကာ ဦးထုပ်ကို ဝှေ့ယမ်းပြရင်း နှုတ်ဆက်ကာ ကျန်ရစ်ခဲ့ သည်။
၁၉၁၆ခုနှစ်၏ နောက်ဆုံး သုံးလတွင် မဟာမိတ်တို့၏ သင်္ဘောများ စုစုပေါင်းတန်ချိန် သုံးသိန်းသည် ဂျာမန် ရေငုပ် သင်္ဘောများ စုစုပေါင်းတန်ချိန် သုံးသန်းသည် ဂျာမန် ရေငုပ်သင်္ဘောများ၏ တိုပီဒိုလက်ချက်ဖြင့် ရေအောက် သို့ နစ်မြုပ်ခဲ့ရသည်။ ၁၉၁၇ခုနှစ်၊ ဧပြီလ ပထမ ၁၀ရက်၌ပင် နောက်ထပ်တန်ချိန် နှစ်သိန်းခွဲကို ဖျက်ဆီး နိုင်ခဲ့ပြီး တစ်လ လုံးတွင် တန်ချိန် ၈၇၅၀၀၀ကို ဖျက်ဆီးနိုင်ခဲ့သည်။ မဟာမိတ်များသည် ရန်သူ ရေငုပ်သင်္ဘော များ ဒဏ်ကို အလူးအလဲခံနေရသည်။

ကပ္ပိတန်ကတ်ခိုလာသည် သူ၏ ရေငုပ်သင်္ဘောကို သွားရမည့် လမ်းကြောင်း သတ်မှတ်ကာ သွားရမည့် နှုန်းဖြင့် မောင်းခိုင်းလိုက်ပြီးနောက် ပထမအရာရှိ ဗိုလ်ဟော့စ်သောင်ဇင်အား ခေါ်ကာ ပြောလိုက်သည်။
"အပြောင်းအလဲ အထူးအခြား မရှိဘူးဆိုယင် ကျွန်တော့်ကို ၁၈၃၀ နာရီမှာ လာနှိုးဗျာ၊ ကျွန်တော် နားလိုက် ဦးမယ်"
ကပ္ပီတန်သည် သူ့အိပ်ခန်းသို့ သွားပြီး တစ်ရေးတစ်မော အိပ်စက်နားနေသည်။ ယူ ၃၂ ရေငုပ်သင်္ဘောသည် ပုံမှန် မောင်းနှင်နေသည်။ သူ့အဖို့ တစ်ရေးမှ မအိပ်ခဲ့ရသည်မှာ နာရီပေါင်း ၄၀ခန့် ရှိပြီ ဖြစ်သည်။

သင်္ဘောသည် ရေပေါ်တွင် သွားနေရာမှ ရေထဲသို့ ဖြုန်းခနဲ ငုပ်ဆင်းသွားချိန်တွင် ကပ္ပီတန်ကတ်ခိုရာ အိပ်ပျော် နေရာမှ နိုးလာသည်။ ကပ္ပီတန်သည် သင်္ဘောမောင်းခန်းထဲသို့ ချက်ချင်းထသွားသည်။ နာရီဒိုင်ခွက် ကို လှမ်းကြည့်လိုက်ရာ ၁၈၂၃နာရီကို ပြနေသည်။ သူတို့ကင်းလှည့်ရမည့် နေရာအစပ်၏ ကမ်းလွန် ရေမိုင် ၁၀၀ ခန့်အကွာတွင် သူတို့သင်္ဘော ရောက်ရှိနေရမည်ဟု ခန့်မှန်းလိုက်သည်။  နောက် မိနစ် အနည်းငယ်ကြာလျှင် ပထမအရာရှိက မိမိအား လာနှိုးလိမ့် မည်။ ယခု အချိန်မကျသေး၍ သူမနှိုးခင် သင်္ဘောရေငုပ် လိုက်သဖြင့် မိမိနိုးလာခြင်း ဖြစ်သည်။
"ပယ်ရီစကုပ် ကို ရေပေါ်တင်လိုက်"
ကပ္ပီတန်က ပတ်လည်မြင်ကိရိယာကို ရေပေါ်တင်ရန် အမိန့်ပေးလိုက်သည်။ ပထမအရာရှိက တိုက်ခိုက်ရေး စားပွဲ တွင် ၀င်ထိုင်ပြီး အသင့်နေရာယူသည်။ အခြားအရာရှိတစ်ဦးက ပတ်လည်မြင် ကိရိယာ ကို ရေပေါ်တင်ပြီး မျက်စိနှင့် အပ်ကာ ကြည့်နေသည်။

"ဘာမြင်သလဲဟေ့"
"သင်္ဘောကြီးတစ်စင်းကို မြင်ရတယ်၊ အသေးစိတ်တော့ မဟုတ်သေးဘူး၊ အစိမ်းနဲ့အနီ ရေကြောင်း အချက်ပြ မီးထွန်းထားတယ်၊ အညွှန်းဒီဂရီ ၆၀မှာပါ"
"ခန့်မှန်းခြေ အကွာအဝေးကော"
"မီတာ ၇၆၅၀ ခန့် ရှိမယ်"
"ဒါဖြင့် ပယ်ရီစကုပ်ပြန်ချ၊ အညွှန်းဒီဂရီ ၃၄၀ကို ဦးတည်မောင်း"
ကပ္ပီတန်က အမိန့်ပေးလိုက်သည်။
နှစ်မိနစ်ခန့် မောင်းပြီးသောအခါ ကပ္ပီတန်က အမိန့်ပေးပြန်သည်။

"ပယ်ရီစကုတ်ပြန်တင်၊ အညွှန်းဒီဂရီဘယ်လောက်မှာ ရှိသလဲ၊ ပစ်မှတ်နဲ့ ဘယ်လောက်ဝေးသေးသလဲ"
"ပစ်မှတ်ဟာ အရှေ့ဘက်ဒီဂရီ ၁၇၀မှာ ရှိတယ်၊ အသွားနှုန်းက ၂၂မိုင်နှုန်း"
ကပ္ပီတန်သည် ပယ်ရီစကုပ်မှနေ၍ ကိုယ်တိုင်ကြည့်သည်။ အင်္ဂလိပ် ခရူဇာစစ်သင်္ဘော၏ ပုံရိပ်ကို အမှောင်ထုထဲတွင် ရေးရေး မြင်ရသည်။
"ပယ်ရီစကုပ်ပြန်ချ၊ ၃၅၅ ဒီဂရီကို ဦးတည်မောင်း"
ကပ္ပီတန် အမိန့်ပေးသည့်အတိုင်း မောင်းကြသည်။

"ရန်သူ ခရူဇာ စစ်သေင်္ဘာနောက်ကို လိုက်မယ်၊ တို့သင်္ဘောရဲ့ ဦးပိုင်ကနေ ပစ်ခတ်တိုက်ခိုက်မယ်၊ အခြေ အနေ သတင်းပို့"
"ခန့်မှန်းခြေအကွာအဝေးမီတာ ၄၀၀၀"
"ပယ်ရီစကုတ်ပြန်တပ်"
ရေပြင်ပေါ်တွင် အမှောင်ထုက လုံးဝ ဖုံးအုပ်နေသည်။ ကပ္ပီတန်သည် အခြေအနေအရပ်ရပ်ကို တွက်ချက် သည်။ ခရူဇာ သင်္ဘောတွင် အစောင့်လိုက်လာသော ဖျက်သင်္ဘောလည်း ပါမလာပေ။ ထို့ကြောင့် ဆုံးဖြတ်ချက် ချလိုက်သည်။
"ပယ်ရီစကုပ်ပြန်ချ၊ အသွားနှုန်းကို ငါးမိုင်အထိလျှော့၊ သင်္ဘောကို ရေပေါ်ပြန်တင်"
သူ့အမိန့် အတိုင်း အားလုံးက လိုက်နာ လုပ်ဆောင်ကြသည်။

"ပစ်ခတ်တိုက်ခိုက်ဖို့ အသင့်ပြင်"
"အကွာအဝေးမီတာ ၂၅၀၀"
ပစ်မှတ် နှင့် ပို၍ နီးလာသည်။ ပစ်မှတ် သင်္ဘောကြီး၏ အပေါ်ပိုင်း ကုန်းပတ်များတွင် မီးများ လင်းနေသည်မှအပ သင်္ဘောကြီးကို အရိပ်မည်းကြီးအဖြစ် လှမ်းမြင်ရသည်။ ကပ္ပီတန်အဖို့ မြင်ကွင်းကြောင့် ဇဝေဇ၀ါ ဖြစ်ပြီး တုံ့ဆိုင်းနေရ သည်။
သူ့ရှေ့ရှေ့တည့်တွင် မြင်နေရသော သင်္ဘောကြီးသည် သူမျှော်လင့်ထားသော အင်ဖလက်စီဆယ်" ကြီး လာရမည့် လမ်းအတိုင်းလာပြီး ရောက်ရမည့်နေရာတွင် ရောက်နေသည်။ သုံးထပ်သင်္ဘောပုံသဏ္ဍာန်ရော၊ အသွားနှုန်း ၂၂မိုင် ရောတူသည်။
သို့သော် ရန်သူသင်္ဘော က မီးများလင်းနေသည်။

"မီတာ ၁၀၀၀ အကွာအဝေးကျယင် ပစ်မယ်"
ထိုအကွာအဝေးမှ ပစ်လျှင် မည်သို့မျှ မလွဲနိုင်ပါချေ။ ကပ္ပီတန်သည် အကွာအဝေးကြည့်မှန်ပြောင်းမှ စိုက်ကြည့် နေပြီး  အမိန့်ဆက်ပေးသည်။
"နံပါတ်တစ် တော်ပီဒိုပစ်လိုက်ပြီ၊ သွားနေပြီ"
"ဒုတိယ တော်ပီဒိုပစ် ..."
ပထမအရာရှိက ဒုတိယတော်ပီဒိုကို ပစ်သည်။ အရာရှိသည် ပထမတစ်ချက်ကို ရန်သူ့သင်္ဘောဦးပိုင်း၊ ဒုတိယ တစ်ချက် ကို အလယ်ပိုင်းနှင့် တတိယတစ်ချက်ကို ပဲ့ပိုင်းတို့အား ချိန်ရွယ်ပစ်ခတ်သည်။
"တတိယတော်ပီဒိုပစ် ..."
"သုံးချက်စလုံး ပစ်ပြီးပါပြီ"
ကပ္ပတိန်သည် ခါးဆန့်လိုက်ပြီးမှ ထပ်မေးသည်။

"တော်ပီဒို အသွားနှုန်း ကြာမြင့်ချိန် ဘယ်လောက်လဲ"
"၂ မိနစ်နဲ့ ၁၅ စက္ကန့်ကြာမယ်"
အချိန်စေ့ သွားသောအခါ ရန်သူသင်္ဘောကြီးဆီမှ ရေလုံးကြီး ဖွားခနဲ မြောက်တက်သွားသည်ကို တွေ့ရသည်။
"ပထမပစ်ချက်က မှန်ပြီ"
ပထမအရာရှိက အောင်မြင်သော လေသံဖြင့် ပြောလိုက်သည်။ ရေလုံးကြီး ပြန်ကျလာချိန်မှာပင် မိုးချုန်းသံ လို အော်မြည်သံကြီး ပေါ်လာပြန်သည်။
"ဒုတိယအချက် ထိပြန်ပြီ"
နောက်ထပ် တတိယရေလုံးကြီး မြောက်တက်သွားသည်။

"တတိယအချက် ထိပြန်ပြီ"
"ပစ်မှတ်သင်္ဘော အရှိန်လျော့သွားပြီး ညာဘက်သို့ ဦးလှည့်သွားတယ်"
ပထမအရာရှိက ကပ္ပီတန်ကို ပြောလိုက်သည်။
ကပ္ပီတန် ကတ်ခိုလာအဖို့ ရေငုတ်သင်္ဘောပဲ့ပိုင်းမှ တော်ပီဒိုများဖြင့်ပင် အင်္ဂလိပ်သင်္ဘောအား ပစ်ခတ်စရာ မလို တော့ ပါ။
"အင်္ဂလိပ်သင်္ဘောကြီး ရပ်သွားပြီ"
ပထမအရာရှိက ပြောလိုက်သ်ည။ ဟုတ်ပါသည်။ သင်္ဘောကြီးသည် ပင်လယ်ပြင်တွင် ကျောက်ဆောင်ကြီး သဖွယ် ရပ်နေသည်။

"တို့သင်္ဘောကို အဲဒီသင်္ဘောနားရောက်အောင် သွားစမ်းကွာ"
ကပ္ပီတန်က အမိန့်ပေးလိုက်သည်။ ယူ ၃၂ ဂျာမန်ရေငုပ်သင်္ဘောသည် အင်္ဂလိပ်သင်္ဘောကြီးဆီသို့ ဦးတည် ခုတ်မောင်းသွားသည်။ ကပ္ပီတန်နှင့် ပထမအရာရှိတို့ ရပ်နေသော ခေါင်းတိုင် မျှော်စင်ကသာ ရေပေါ်တွင် ပေါ်နေပြီး သင်္ဘောကိုယ်ထည်ကြီးက ရေအောက်တွင် ရှိနေသည်။
"နားထောင်စမ်း" ကပ္ပီတန်က နားစွင့်လိုက်ရင်း ပြောလိုက်သည်။
"ကျွန်တော်တော့ ဘာသံမှ မကြားရဘူး" ပထမအရာရှိက ပြန်ဖြေသည်။

"သင်္ဘောစက်ရပ်လိုက် ..."
ကပ္ပီတန်က အမိန့်ပေးသဖြင့် သင်္ဘောစက်ကို ရပ်လိုက်သည်။ ထိုအခါ အသံများကို သူတို့ ကောင်းစွာ ကြားလာ ရ သည်။
"လူသံတွေနဲ့ တူတယ်"
ပထမအရာရှိက ခပ်တိုးတိုး ပြောလိုက်သည်။ လူများ၏ ကြောက်လန့်တကြားနှင့် ၀ရုန်းသုန်းကား အော်သံ များ၊ သင်္ဘောကုန်းပတ်ပေါ်မှ ခုန်ချသံများ သင်္ဘောပေါ်မှ ရေထဲပစ်ကျသံများ၊ ငယ်သံပါအောင် အော်သံ များကို ကြားရသည်။
"သင်္ဘောကြီးတစ်ဘက်ကို အရမ်းစောင်းသွားပြီနဲ့ တူတယ်"
ဂျာမန်ရေငုပ် သင်္ဘောသည် အင်္ဂလိပ်ခရူဇာစစ်သင်္ဘောကြီးအား ကြယ်ရောင်ဖြင့် မြင်ရသော အကွာအဝေး အထိ အနီးကပ် ရောက်သွားသည်။

"သင်္ဘောကြီးဦးပိုင်းကနေ စိုက်ပြီးနစ်နေပြီ"
ဦးပိုင်းစိုက်ပြီး ပဲ့ပိုင်းတောင်လာသည့် အရိပ်မည်းမည်းကြီးကို သူတို့ တွေ့လာရသည်။
"ရေအောက် ကို နစ်နေတာ သိပ်မြန်တယ်"
ရေများ တဝေေ၀ါ စီးဝင်သံများ၊ ကျိုးပဲ့ပျက်စီးသံများကိုပါ သူတို့ကြားနေရသည်။
"မီးဆလိုက်ထိုးစမ်းကွာ"
ကပ္ပီတန်က အမိန့်ပေးလိုက်ရာ ပထမအရာရှိက ကပ္ပီတန်အား အံ့အားသင့်ပြီး လှည့်ကြည့်လိုက်သည်။
ကပ္ပီတန်က ထပ်ငေါက်လိုက်သဖြင့် ပထမ အရာရှိသည် မီးမောင်းကြီး နစ်မြုပ်နေသော အင်္ဂလိပ် သင်္ဘောကြီး ၏ ကုန်းပတ်ဘေးဘက်သို့ ချိန်ပြီး လှည့်လိုက်သ်ည။

"မီးဖွင့်လေကွာ"
ပထမအရာရှိက ဆုတ်ဆိုင်းဆိုင်းဖြစ်နေ၍ ကပ္ပီတန်က ထပ်ပြီး အော်ငေါက်လိုက်သည်။ ထိုအခါ ပထမအရာရှိက မီးခလုတ်ကို  ဖွင့်လိုက်ရာ အဖြူရောင် မီးတန်းကြီးက မည်းမှောင်နသော ပင်လယ်ပြင်ကို ဖြတ်သန်းပြီး နစ်မြုပ်နေ သော သင်္ဘောကြီးကို ဘွားခနဲ အလင်းရောင်တွင် ပေါ်လာစေသည်။
သင်္ဘောဧရာခွံဘေးတွင် ရေးခြယ်ထားသော ကြက်ခြေနီ အမှတ်အသားကြီးကို သူတို့ လှမ်းမြင် လိုက်ရသောအခါ အံ့အားသင့်ပြီး ကြက်သေသေသွားကြသည်။
"အလို ဘုရားရေ .. ဘာတွေ ဖြစ်ကုန်ကြပြီလဲ"
အင်္ဂလိပ်သင်္ဘောကြီးသည် သူတို့ဘက်သို့ တစ်ဘက်ကြီး ပိုစောင်းလာသည်။ အသက်ကယ် လှေများပေါ်သို့ လူနာ များ အလုအယက် တက်နေကြပုံများ၊ ရေထဲသို့ ကြောက်လန့်တကြာုး ခုန်ချနေကြသူများအား နှလုံးတုန်ဖွယ်ရာ တွေ့မြင် နေရသည်။ ကမ္ဘာပျက်သည့်အလားပါပင်။

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ"
ပထမအရာရှိက မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ကပ္ပီတန်အား အထိတ်တလန့် မေးလိုက်သည်။
"ဘာမှ လုပ်လို့ မရတော့ဘူး၊ တို့လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး"
ကပ္ပီတန် က ဆို့နစ်သံကြီဖြင့် ပြောလိုက်ပြီး မီးမောင်းကို ပိတ်ခိုင်းလိုက်သည်။
ပင်လယ်ပြင်ကြီးတွင် အမှောင်ထုပြန်ဖုံးသွားသည်။
ရေငုပ်သင်္ဘောဝမ်းထဲသို့ ပြန်ရောက်သောအခါ ကပ္ပီတိန်သည် တုန်လှုပ်ချောက်ချားမှုကို မနည်းထိန်းချုပ် မျိုသိပ် ထားရသည်။

"၁၅၀ ဒီဂရီလမ်းကြောင်းသစ်ကို ဦးလှည့်ပြီး တစ်နာရီ ၁၂ မိုင်နှုန်းနဲ့မောင်း"
အမိန့်ပေးလိုက်သော အသံက တုန်နေသည်။
နစ်မြုပ်သွားသော သင်္ဘောကြီးမှ အ၀ီစိပွက်သည့် အလားအော်ဟစ်နေကြသော တွယ်ရာမဲ့များ၏ အသံက သူ့နားထဲ တွင် ကြားနေရဆဲ ရှိသည်။ ထိုအသံများက မိမိဘ၀တစ်လျှောက်လုံးကို ခြောက်လှန့် နေလိမ့်ဦး မည်ဟု သူသိနေသည်။
"ကင်းလှည့် ခရီးစဉ်အတိုင်း ဆက်မောင်း"
ကပ္ပီတိန် က နောက်ဆုံးအမိန့်ပေးပြီး သူ့အိပ်ခန်းထဲသို့ ၀င်သွားသည်။
 
(၂၁)

စင်တိန်သည် သင်္ဘောအောက်ဆုံးထပ် ကုန်းပတ်မှ အခန်းတစ်ခန်းထဲတွင် ရောက်နေပြီး လူနာ ခုတင်တစ်လုံး ပေါ် တွင် ထိုင်နေသည်။ သူမ ပေါင်ပေါ်တွင်လည်း စာအုပ်တစ်အုပ်ကို ဖွင့်ပြီး ဖြန့်တင် ထားသည်။
ထိုအခန်းမှာ လူနာရှစ်ယောက်ထားသော အိပ်စင်ရှစ်စင် ရှိသည့် အခန်းကျယ်တစ်ခု ဖြစ်သည်။ လူနာအားလုံး မှာ အိပ်ရာပေါ်မှ လုံးဝမထနိုင်သူများ ဖြစ်သည်။ စင်တိန်သည် ညဦးပိုင်း သင်္ဘောမီး မပိတ်ခင်တွင် လူနာများကို သွားပြီး စာဖတ်ပြလေ့ ရှိသည်။

သင်္ဘောအောက်ဆုံးထပ်သည် စင်တိန်အနှစ်သက်ဆုံး  အထပ်ဖြစ်သလို စာဖတ်ပြရခြင်းသည်လည်း စင်တိန် အပျော်ဆုံး အလုပ်တစ်ခု ဖြစ်သည်။ စင်တိန်သည် သူမစိတ်ဝင်စားသော အာဖရိကအကြောင်း စာအုပ် များကို ရွေးပြီး ဖတ်ပြခြင်းဖြင့် သူ့အဖို့လည်း အကျိုးရှိပေသည်။ စာအုပ်တစ်အုပ်ကို ဖတ်ပြပြီးတိုင်း စင်တိန် နှင့် လူနာများ စာအုပ် အကြောင်း ဆွေးနွေးကြသည်။ ငြင်းခုံကြသည်။ ဤသည်မှာ ပျော်စရာ တစ်မျိုး ဖြစ်သည်။
ယခုလည်း ငြင်းခုံအော်ဟစ်နေကြသဖြင့် စင်တိန်က ခုတင်ပေါ်မှ ခုန်ဆင်းပြီး ၀င်ရောက်ဖျန်ဖြေသည်။ ထိုစဉ်တွင် သင်္ဘောကြီး တုန်ခါသွားပြီး စင်တိန်အိပ်စင်ပေါ်သို့ နောက်ပြန်လန်ကျသွားသည်။ ကြီးမားသော ပေါက်ကွဲသံ ကြီးနှင့် အတူ သင်္ဘောစုတ်ပြတ်သွားသံပါ ကြားရသည်။

စင်တိန်သည် ပက်လက်လန်ကျသွားရာမှ လူးလဲထလိုက်စဉ်မှာပင် ပထမတစ်ခါထက် ပိုပြင်းသော ပေါက်ကွဲသံ ကြီး ပေါ်လာပြီး နောက်ပြန်လဲကျသွားပြန်သည်။
"ဘာဖြစ်တာလဲဟင်"
စင်တိန်က အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် တတိယအကြိမ်ပေါက်ကွဲသံကြီး မြည်ဟည်း လာပြန် သည်။ တစ်ခန်းလုံး ရုတ်တရက် မှောင်ကျသွားပြီး စင်တိန်လည်း အိပ်စင်ပေါ်မှ ကြမ်းပြင်ပေါ်သို့ လိမ့်ကျ သွားသည်။ အမှောင် ထုထဲမှာပင် စင်တိန်ပေါ်သို့ လူနာတစ်ဦး ပိကျလာပြီး အိပ်ရာခင်းကြီးက စင်တိန် ပေါ်တွင် ဖုံးအုပ်နေသည်။
စင်တိန် အသက်ရှူကျပ်လာသဖြင့် တအား အော်လိုက်သည်။ သင်္ဘောတစ်စင်းလုံမှ အော်ဟစ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်။

"ဖယ်ကြပါ ... ဖယ်ကြပါ"
စင်တိန် သည် အော်ဟစ်ရုန်းကန်ပြီး တံခါးဝသို့ တွားသွားကာ ကုန်းရုန်းပြီး ရပ်လိုက်သည်။ ဘေး ပတ်ဝန်းကျင် တွင် လည်း အော်ဟစ်သံများ၊ ရုန်းကန်တိုးထွက်သံများဖြင့် ဆူညံကာ ၀ရုန်းသုန်းကား ဖြစ်နေသည်။ စင်တိန်လည်း အခန်း အပြင်ဘက် စင်္ကြံလမ်းထဲသို့ ရောနှောပါသွားသည်။
အမှောင်ထု ထဲတွင်ပင် သင်္ဘောမှ အချက်ပေးခေါင်းလောင်းသံများ မြည်လာသည်။  လူများ ပိုပြီး ရုတ်ရုတ် သဲသဲ ဖြစ်လာကာ အော်ဟစ်ပြောဆိုသံများလည်း ထွက်ပေါ်လာပြန်သည်။
"သင်္ဘောနစ်ပြီဟေ့၊ အပေါ်ထပ်က လူတွေ သင်္ဘောကို စွန့်ခွာနေကြပြီ၊ တို့တော့ အောက်ထပ်မှာ ပိတ်မိနေတော့မယ်"
စင်တိန်သည် အပေါ်ထပ်တက်သည့် လှေကားဝဆီသို့ လူများနှင့် ရောနှော တိုးဝှေ့ပြီး ပါသွားသည်။ သို့သော် လက်နှစ်ဖက်က ဗိုက်ကို မထိုးမိအေင် အလိုအလျောက်ကာကွယ်ထားမိနေသည်။ သို့ရာတွင် စင်တိန် လဲကျသွား သည်။ အတင်း ကုန်းရုန်းထပြန်သည်။

"င့ါကလေး ... င့ါကလေး အသေမခံနိုင်ဘူး"
သင်္ဘောမှသံများ ကျိုးပဲ့ထွက်သံများ၊ မှန်ကွဲသံများ၊ အော်ဟစ်သံများဖြင့် အ၀ီစိပွက်နေသည်။
"သင်္ဘောမြုပ်နေပြီ၊ အပေါ်ရောက်အောင်ထွက်မှ" ဘေးက အသံတစ်သံကို စင်တိန် ကြားလိုက်ရသည်။
ထိုစဉ်တွင် မီးများ ပြန်လင်းလာသည်။ လှေကားမှနေ၍ အပေါ်ထပ်သို့ အတင်းတိုးဝှေ့ ပြွတ်သိပ် တက်နေသူများကို တွေ့ရသည်။ စင်တိန်မှာ ထိုလူအုပ်များ ကြားထဲတွင် မည်သို့မျှ ၀င်မတိုးနိုင်ဘဲ ဖြစ်နေသည်။
"ကလေး ... ငါ့ကလေး ..."
စင်တိန်သည် ဗိုက်ထဲက ကလေးအတွက် စိတ်စောနေမိသည်။

"ဟေ့ ... ဒီမှာ သူနာပြုနတ်မိမယ်လေးပါလား"
အာဖရိကမှ စစ်သားကြီး တစ်ယောက်က စင်တိန်ကို မြင်သွားပြီး အော်ပြောလိုက်သည်။ ထို့နောက် သူ၏ ချိုင်းထောက်ကြီးကို ဝှေ့ယမ်းကာ စင်တိန့်အတွက် လမ်းရှင်းသည်။
"သူနာပြုကလေးအတွက် လမ်းဖယ်ပေးကြပါ၊ လမ်းဖယ်ပေးကြဟေ့ ဘေးကို" ထိုသူက အော်ပြောသည်။
ရုတ်တရက်ပင် အနားရှိ လူများက စင်တိန့်ကို ၀ိုင်းကိုင်ပြီး အပေါ်သို့ မြှောက်တင်ကာ သူတို့ ခေါင်းများ ပေါ်မှ နေပြီး အပေါ်သို့ လက်ဆင့်ကမ်း မ တင်ပေးကြသည်။ စင်တိန်အား အရုပ်ကလေးသဖွယ် မြှောက်တင် ပေးသွားရာ ဖိနပ်ပင် ထွက်ကျန်ရစ်ခဲ့သည်။

သို့ဖြင့် စင်တိန် အပေါ်ဘက်လှေကားထိပ်သို့ ရောက်သွားပြီး ကုန်းပတ်ပေါ်တွင် ရပ်မိသွားသည်။ ကုန်းပတ်တွင် မှောင်မည်းနေသည်။ လေတဟူးဟူး တိုက်နေရာ စင်တိန့်ဆံပင်နှင့် စကတ်တို့ လေတွင် လွင့်နေသည်။ သင်္ဘော ကုန်းပတ်တစ်ဘက်သို့ စောင်းဆင်းသွားရာ စင်တိန် လန့်ပြီး အော်လိုက်မိသည်။
အောက်ထပ်တွင် တွယ်ရာမဲ့ ကျန်ရစ်ခဲ့သော မစွမ်းမသန်လူနာများဆီသို့ စင်တိန် စိတ်ရောက်သွားသည်။

"ငါ သူတို့ကို ကူညီသင့်တယ်" စင်တိန်သည် သူ့ကိုယ်သူ ပြန်ပြောလိုက်မိသည်။ တစ်ချိန်တည်းမှာပင် အထိန်းတော် ကြီးအန်ကိုပါ သတိရလာသည်။ စင်တိန် နောက်ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ လှေကား မှ လူများ မြွတ်သိပ် ကျပ်ညပ်ပြီး အဆက်မပြတ် ပွက်လာနေသည်။ ထိုလူများထဲမှ ပြန်တိုး ၀င်သွားပြီး ကျန်ရစ်သူများကို ကယ်တင်ရန် ဆိုသည်မှာ မိမိအင်အားနှင့် မည်သို့မျှ မဖြစ်နိုင်ပါချေ။
စင်တိန့် ပတ်ပတ်လည်တွင် အရာရှိအားအားလုံးက စနစ်တကျဖြစ်အောင် ကွပ်ကဲထိန်းသိမ်းပေးနေသည်။ သို့သော် သင်္ဘောလက်ရန်းဘေးရှိ အသက်ကယ်လှေများဆီသို့ အတင်းတိုးဝှေ့သွားနေကြသည်။ အချို့က မျက်မမြင်များ၊ ခြေလက်အင်္ဂါမစုံသူများကို တွဲခေါ်လာကြသည်။ စင်တိန်အဖို့ ကြောက်ရွံ့ ထိတ်လန့်စိတ်များ ၀င်ပြီး ဘာလုပ်၍ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ လူအတော်များများ သင်္ဘော အောက်ထပ် ၌ ပိတ်မိပြီး ကျန်ရစ်ခဲ့မည်မှာ သေချာသည်။

စင်တိန် ဆုံးဖြတ်ချက်တစ်ခုကို ရဲရဲချလိုက်သည်။
"င့ါကလေး ... ငါ့ကလေးကို ကယ်ရမယ်၊ အသက်ရှင်အောင် လုပ်ရမယ်၊ အခြားအကြောင်းတွေထက် ငါ့ကလေးက ပိုအရေးကြီးတယ်"
"သူနာပြုဆရာမ နတ်မိမယ်ပါလား"
အရာရှိကြီးတစ်ယောက်က မြင်သွားပြီး လှမ်းခေါ်ကာ စင်တိန့်ဆီသို့ လျှောဆင်းလာသည်။
"အသက်ကယ်လှေတစ်စင်းပေါ် မြန်မြန်တက်ထားမှ ဖြစ်မယ် ဆရာမ၊ သင်္ဘောက အချိန်မရွေး မြုပ်သွားနိုင်တယ်" အရာရှိက ပြောပြောဆိုဆိုနှင့်ပင် သူ့ကိုယ်တွင် ၀တ်ထားသော အသက်ကျယ်အင်္ကျီကို ချွတ်ကာ စင်တိန့်ကိုယ်တွင် ကမန်ကတန်း ၀တ်ဆင်ပေးနေသည်။

"ဘာဖြစ်တာလဲဟင်" စင်တိန်က မေးသည်။
"တော်ပီဒိုနဲ့ အပစ်ခံရတာ၊ လာ ... လာ ဒီကိုလာ"
အရာရှိက စင်တိန်အား တွဲပြီးခေါ်သွားသည်။
"ဟိုအသက်ကယ်လှေနဲ့ ရအောင်လိုက်မှ ဖြစ်မယ်" အရာရှိက ပြောသည်။
သင်္ဘောလက်ရန်းဘေးဘက်၌ တွဲလောင်းချည်ထားသော ကြိုးနှစ်ချောင်းတွင်အသက်ကယ်လှေက လှုပ်ယမ်းနေပြီး လူများ ထိုအပေါ်၌ ပြည့်နေသည်။ သူတို့ ထိုလှေပေါ်သို့တက်ရန် ကြိုးစားကြသည်။ စင်တိန်သည် သင်္ဘောလက်ရန်း ဘေးမှနေ၍ အောက်ဘက် ရေထဲသို့ ငုံ့ကြည့်လိုက်သည်။ ပင်လယ်ရေများ ဗလောင်ဆူ နေသည်။ လေတိုးသဖြင့် ဆံပင်များ လွင့်နေရာ မျက်စိကိုပင် ဆံပင်များ ဖုံးအုပ်လာသည်။

ထိုအချိန်မှာပင် မှောင်မည်းနေသော ပင်လယ်ထဲမှနေ၍  အဖြူရောင် မီးတန်းကြီးက သူတို့ဆီသို့ ဖွေးခနဲ ထိုးကာ လင်းထိန်သွားသည်။ စူးရှိသော မီးရောင်ကြောင့် သူတို့မျက်စိများ ပြာဝေသွားသည်။ လက်များဖြင့် မျက်စိ ကို ကွယ်ကာ မီးရောင်ကို ကာလိုက်ကြသည်။
"ရေငုပ်သင်္ဘောပါလား လူတွေကို မတရားသတ်ဖြတ်ပြီး ပီတိဖြစ်နေတယ်နဲ့တူတယ်"
စင်တိန့် လက်မောင်း တစ်ဖက်အား ကိုင်ပြီး ဖေးမထားသော အရာရှိက ပြောလိုက်သည်။
မီးရောင် သည် ကုန်းပတ်ပေါ်ရှိ သူတို့ဆီမှနေ၍ ရေထဲသို့ ပြောင်းရွှေ့ ရောက်ရှိသွားသည်။

"လာ ... နတ်မိမယ်လေး"
အရာရှိက စင်တိန်အား လက်မှ ဆွဲခေါ်သွားသည်။ သူတို့ရှေ့မှ အသက်ကယ်လှေမှာ ရေထဲ လျှောကျ သွားပြီး မျောပါ သွားသည်။ မီးရောင်တန်းက သင်္ဘောဦးပိုင်းမှ ပဲ့ပိုင်း၊ ပဲ့ပိုင်းမှ ဦးပိုင်းသို့ အပြန်အလှန် ထိုးသွားရာ သူတို့မျက်စိများ ပြာဝေသွားသည်။ မီးရောင်တန်း ပျောက်ကွယ်သွားသောအခါ ညအမှောင်ထု သည် ပိုမှောင်သွားဘိသကဲ့သို့ ရှိသည်။
"လူရိုင်းတွေ ... သွေးဆာနေတဲ့ ဘီလူးတွေ" အရာရှိက ဒေါသဖြင့် အော်ဟစ်နေသည်။
"ကျွန်မ တို့ ခုန်ချမှ ဖြစ်မယ်၊ သင်္ဘောက ခွာမှ ဖြစ်တော့မယ်" စင်တိန်က အရာရှိအား ပြန်အော် ပြောလိုက်သည်။

သင်္ဘောကြီးအား တော်ပီဒို ပထမအချက် စတင်ထိမှန်သည့် အချိန်တွင် အဘွားကြီးအန်သည် သူတို့ သင်္ဘော အိပ်ခန်းထဲရှိ အလှပြင်စားပွဲတွင် ထိုင်နေသည်။ အန်သည် ညစာသွားစားရန်အတွက် စင်တိန်အား စောင့်နေရင်း က စင်တိန်မလာသေးသဖြင့် ကျွဲမြီးတိုနေခိုက် ဖြစ်သည်။
တော်ပီဒို ပထမအချက် ထိမှန် ပေါက်ကွဲလိုက်သည်နှင့် တစ်ပြိုင်နက် အန်သည် ခွေးခြေလေးပေါ်က နောက်ပြန်လန် ကျသွားပြီး ကြမ်းပြင်ပေါ်သို့ ပက်လက်ကျသွားသည်။ ဘာဖြစ်ပါလိမ့်။ သူမ အံ့အားသင့် စဉ်းစား နေစဉ်မှာပင် နောက်ထပ် ပေါက်ကွဲသံနှစ်ချက် ဆက်တိုက်ဆိုသလို ပေါ်လာသည်။ ထိုနောက် မီးများ ငြိမ်းသွားပြီး မှောင်သွားသည်။ သင်္ဘောအချက်ပေး ခေါင်းလောင်းက ကျယ်လောင်စွာ မြည်လာ သည်။ အန်သည် သင်္ဘောပေါ်တွင် နေ့စဉ် လေ့ကျင့် လာရသဖြင့် ခေါင်းလောင်းသံကြားသည်နှင့် ကမန်း ကတန်း ရုန်းထလိုက်သည်။

"အသက္ကယ္အက်ႌ"
အန်ခေါင်းထဲသို့ အသိဥာဏ် ချက်ချင်းဝင်လာသည်။ အိပ်ရာအောက်မှ အသက်ကယ်အင်္ကျီကို ဆွဲထုတ် ယူပြီး ခေါင်းမှ စွပ်ကာ ၀တ်လိုက်သည်။ ထိုနောက် အခန်းဝသို့ ထွက်သွားချိန်မှာပင် မီးများ ပြန်လင်း လာသည်။ စောစောက ပစ်လဲ သွားသဖြင့် ခေါင်းမူးသွားရာမှ ခေါင်းပြန်လည် ကြည်လင်လာသော အခါ စင်တိန် ကို သတိရလာသည်။
"ငါ့သမီးလေး ..."
အန် အခန်းတံခါးဝမှ ထွက်တော့မည် အလုပ်မှာပင် သင်္ဘောကြီးက တစ်ဘက်စောင်းသွားရာ အန်သည် အခန်းထဲရှိ မှန်တင်ခုံဆီသို့ လျှောပါသွားသည်။ မှန်တင်ခုံပေါ်ရှိ စင်တိန်၏ လက်ဝတ်ရတနာ သေတ္တာလေး ကလည်း မှန်တင်ခုံပေါ် မှ လျှောပြီကျလာရာ အန်က ဆီဖမ်းလိုက်ပြီး သူမရင်ဘတ်၌ အပ်ထားလိုက်သည်။

"သင်္ဘောကို စွန့်ခွာကြတော့ဟေ့၊ သင်္ဘောမြုပ်နေပြီ၊ အမြန်ဆုံး စွန့်ခွာကြတော့"
အခန်းအပြင်ဘက်မှ အော်ပြောသံကို အန်ကြားလိုက်ရသည်။ အန်သည် အင်္ဂလိပ်စကားကို အတော်အတန် နားလည် လာပြီးဖြစ်ရာ ထိုစကားကို အဓိပ္ပာယ်သိနေသည်။
လက်ဝတ်ရတနာသေတ္တာလေးထဲတွင် သူတို့ပိုင်သော ပိုက်ဆံအားလုံးနှင့် စာရွက်စာတမ်းများ ရှိသည်။ အန်သည် အပေါ်ဘက်ရှိ အံဆွဲတစ်ခုကို ဆွဲဖွင့်လိုက်ပြီး စင်တိန်၏ လက်ဆွဲအိတ်ကို ထုတ်ယူကာ ရတနာ သေတ္တာကို လက်ဆွဲ အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် စားပွဲပေါ်ရှိ စင်တိန့်ဓာတ်ပုံ၊ သူ့မိခင်ဓာတ်ပုံနှင့် မိုက်ကယ်တို့ လေယာဉ်အဖွဲ့ သားများ ရိုက်ထားသော ဓာတ်ပုံတို့ကို အိတ်ထဲသို့ ထည့်လိုက်ပြန်သည်။

ထို့နောက် အခြားအံဆွဲတစ်လုံးကို ထပ်မံ ဖွင့်လိုက်ပြန်ပြီး စင်တိန်နှင့် မိမိအတွက် အပေါ်မှထည့်လိုက်ကာ အ၀တ် အထည်များကို ယူကာ အိတ်ထဲတွင် အပေါ်မှထည့်လိုက်ကာ အိတ်ကို ခိုင်ခိုင်ချည်ပြီး ပိတ် လိုက်သည်။ သူတို့ ပိုင်ဆိုင် သမျှ အဖိုးတန်ပစ္စည်းအားလုံးပါပြီဖြစ်၍ အခန်းတံခါးကိုဖွင့်ကာ အပြင်ဘက် စင်္ကြံလမ်း ထဲသို့ ထွက်လိုက်သည်။
စင်္ကြံလမ်းထဲတွင် လူများ ရှုပ်ယှက်ခတ်နေသည်။ တချို့က အသက်ကယ် အင်္ကျီများကို ကမန်းကတန် ၀တ် နေကြ သည်။

"စင်တိန်ကို ရှာရဦးမယ်၊ ငါ့သမီးလေး ရှာဦးမှပါ"
စင်တိန်ကို ရှာဖို့ နောက်ပြန်လှည့်ရန် ကြိုးစားသော်လည်း မအောင်မြင်ဘဲ လူများနှင့် ရောညပ်ပြီး ကုန်းပတ်ပေါ် သို့ ပါသွားကာ အသက်ကယ်လှေများ ရှိရာသို့ ရောက်သွားသည်။ သင်္ဘောသား နှစ်ယောက် က အန်ကို လှမ်းဆွဲပြီး အသက်ကယ်လှေပေါ်သို့ မတင်ရင်း ပြောလိုက်သည်။
"လာ ... သူနာပြုဆရာမကြီး၊ လှေပေါ်မြန်မြန်တက်"
အန် သည် လှေထဲသို့ ပက်လက်လန် ကျသွားရာ ကုန်းထပြီး ပြန်ထိုင်ရန် ကြိုးစားသည်။

"ဒီအဘွားကြီးကို ၀ိုင်းချုပ်ကိုင်ထားကြစမ်းဗျာ"
သင်္ဘောသား တစ်ဦးက ပြောလိုက်ရာ လှေထဲမှ အခြားသူများက အန်ကို ၀ိုင်းချုပ်ပြီး ဆွဲထိုင်စေကာ ဖိထား ကြသည်။ မိနစ်ပိုင်းအတွင်းမှပင် လှေထဲ၌ လူများ ပြည့်ကျပ်သွားပြီး အန်အဖို့ မလှုပ်သာ မရှားသာအောင် ဖြစ်သွားသည်။
"ကျွန်မ အောက်ပြန်ဆင်းပါရစေ၊ ကျွန်မ သမီးလေးကို လိုက်ရှာပါရစေဦး"
အန်က ပြင်သစ်လိုနှင့် တတ်သမျှ မှတ်သမျှ အင်္ဂလိပ်လိုမက အာဖရိကဖွား မျက်နှာဖြူများ၏ စကားများဖြင့်ပါ တတွတ်တွတ်ပြောသည်။ သို့သော် သူ့စကားမှာ အ၀ီစိပွက်သံများ အောက်တွင် ပျောက်ကွယ် သွားပြီး အသက်ကယ် လှေမှာလည်း သင်္ဘောကြီးဘေးဘက် ရေပြင်ပေါ်သို့ ကျရောက် သွားသည်။ ရေပြင်ပေါ်တွင် မှောင်နေသည်။ အသက် ကယ်လှေ ရေပြင်ပေါ်ကျသည့်အရှိန်ကြောင့် ရေများ ဖွားခနဲမြောက်တက်သွားပြီး လှေထဲဝင်လာရာ အန်အဖို့ ရေစိုပြီး ပြန်ထိုင်ကျသွားရပြန်သည်။ သူ့အပေါ်သို့ အခြားလူများ ပိလာသည်။

အသက်ကယ်လှေသည် သင်္ဘောဧရာခွံဘေး၌ မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်။ အန်သည် အပေါ်မှလူများကို တွန်းဖယ်ပြီး လူးလဲထလိုက်သည်။
"တက်တွေထုတ်ပြီး လှော်၊ သင်္ဘောနဲ့ဝေးအောင် လှော်၊ မြန်မြန်လုပ်ကြ" အသံတစ်သံပေါ်လာရာ အားလုံး က ထိုအမိန့်ပေးသံအတိုင်း လိုက်လုပ်ကြသည်။ အန်သည် လှေဝမ်းထဲ၌ ၀င်ထိုင်ကာ အိတ်ကို ရင်ခွင် ၌ ပိုက်ထားသည်။ လှေဘေးဘက်ရှိ သင်္ဘောဧရာကြီးမှာ သံမဏိနံရံကြီးသဖွယ် ဖြစ်နေသည်။ အန်က ထိုသင်္ဘောဘေးဘက် ဧရာနံရံ ကြီးကို မော့ကြည့်လိုက်မိသည်။
ထိုအချိန်တွင် သူတို့ နောက်ဘက် အမှောင်ထုထဲမှ နေ၍ မီးရောင်တန်းကြီး ရုတ်တရက် ထိုးထွက် လာသည်။ မီးမောင်း ဖြင့် ထိုးလိုက်သော ထိုမီးရောင်တန်းသည် သင်္ဘောကုန်းပတ်မှ တစ်ဆင့် သင်္ဘော ဧရာခွံဘေးတစ်လျှောက် ထိုးသွား ရာ ကြက်ခြေနီ အမှတ်အသား ရေးထားသည့် နေရာသို့ ရောက်သော အခါ တန့်ခနဲ ရပ်သွားသည်။

"ကဲ ... တွေ့ပြီ မဟုတ်လားကွ၊ သွေးဆာနေတဲ့ ကောင်တွေ၊ ကြည့်ကြစမ်း"
အန် အနီးရှိ လှေထဲမှ လူတစ်ယောက်က ဒေါသဖြင့် အော်ပြောလိုက်သည်။
"မင်းတို့ လူသတ်ကောင်တွေ"
"မကောင်းဆိုးရွား လူရိုင်းတွေ"
လှေပေါ် မှ လူများက ဒေါသအိုးပေါက်ကွဲပြီး ၀ိုင်းအော်ကြသည်။

မီးမောင်းမှမီးရောင်တန်းကြီးသည် ကြက်ခြေနီတံဆိပ်ပေါ်မှ နေ၍ အောက်ဘက်ရေပြင်ပေါ်သို့ ရောက် သွားသော အခါ ရေထဲတွင် ကူးခတ်နေကြသည့် လူများ၏ ဦးခေါင်းများကို သူတို့ မြင်ကြရသည်။ သင်္ဘော ပေါ်မှ ခုန်ချသူများက ခုန်ချ နေဆဲ ရှိပြီး ရေထဲတွင် လူများ မြုပ်ချည်ပေါ်ချည် ဖြစ်နေသည်။ လူနာများ၏ ချိုင်းထောက်များ ကလည်း ရေပေါ်တွင် မျောနေသည်။
မီးမောင်းမှ မီးရောင်က အပေါ်သို့ ပြန်တက်သွားပြီး သင်္ဘောကုန်းပတ်ဘေးရှိ သံလက်တန်းများဆီသို့ ရောက်သွား သည်။ မီးရောင်တန်းသွားရာသို့ လိုက်ကြည့်နေသော အန်၏ နှုတ်မှ  လွှတ်ခနဲ အသံထွက် သွားသည်။

"စင်တိန်"
ဟုတ်ပါသည်။ သင်္ဘောလက်ရန်းနား၌ တိုးဝှေ့နေကြသူများ၏ အလယ်တွင် စင်တိန်ကို အန် တွေ့လိုက် ရပါပြီ။ စင်တိန်သည် အောက်တွင် ရေထဲသို့ ငုံ့ကြည့်နေသည်။ သူမ၏ ဆံပင်များကလည်း လေထဲတွင် လွင့်ပြီး ဖရိုဖရဲ ဖြစ်နေ သည်။
အန်က အသံကုန်ဟစ်၍ အော်ခေါ်လိုက်ပြန်သည်။ စင်တိန်သည် သံလက်တန်းပေါ်မှ ကျော်တက် လိုက်သည်။ ထို့နောက် လက်တန်းပေါ်မှရပ်၍ ချိန်ဆပြီး ရေထဲသို့ ဒိုင်ဗင်ထိုးခုန်ဆင်းလိုက်သည်ကို အန်မြင်လိုက်ရသည်။ စင်တိန် သည် မီးရောက်အောက်ရှိ ပင်လယ်ပြင် အမှောင်ထုထဲသို့ ထိုးကျသွားသည်။

"စင်တိန် ..."
အန်က နောက်ဆုံးတစ်ကြိမ် ၀မ်းနည်းသံ၊ အာခေါင်သံကြီးဖြင့် အော်ခေါ်လိုက်ပြန်သည်။ အန်သည် စင်တိန် မည်သည့် နေရာ ကျသွားသည်ကို မြင်နိုင်ရန် လှေထဲမှ မတ်တတ်ကုန်း ရပ်လိုက်သည်။ သို့သော် ဘေးမှ တစ်ယောက်က ပြန်ဆွဲ ချပြီး ထိုင်ခိုင်းလိုက်သည်။ မီးမောင်းမှ မီးရောင်လည်း ငြိမ်းသွားသည်။ အန်အဖို့ ရေထဲ ၌ မြုပ်ချည်ပေါ်ချည် ဖြစ်နေသူ များ၏ အော်ဟစ်အကူအညီတောင်းသံများကို ကြားနေရသည်။

"လှော်ကြရဲဘော်တို့၊ လှေကို သင်္ဘောနဲ့ဝေးအောင် လှော်ကြ၊ နို့မဟုတ်ယင် သင်္ဘောကြီးနစ်တာနဲ့ တို့ လှေပါ ရေ၀ဲထဲ ပါပြီး နစ်သွားလိမ့်မယ်"
လှေပေါ်မှ တစ်ယောက်က ပြောလိုက်သည်။ ကျန်လူများက တက်များ၊ လက်များဖြင့် လှော်ကြသည်။ သူတို့ လှေကလေးသည် တဖြည်းဖြည်း နစ်မြုပ်နေသော သင်္ဘောကြီးမှတရွေ့ရွေ့ ဝေးကွာသွားနေသည်။
"အို ... ဟိုမှာ ကြည့်ပါဦး၊ သင်္ဘောကြီး မြုပ်နေပြီ၊ ဘုရားသခင် ကယ်တော်မူပါ" လှေပေါ်မှ တစ်ယောက်က အော်ပြော လိုက်သည်။
သင်္ဘောကြီးသည် ဦးပိုင်းမှ စမြုပ်ပြီး ပဲ့ပိုင်းက  အပေါ်သို့ တဖြည်းဖြည်းမြင့်တက်ကာ ထောင်လာသည်။ အသက်ကယ် လှေပေါ်မှ လူများသည် လှေအလှော်ရပ်ပြီး သင်္ဘောကြီးကို ငေးကြည့်ကာ အံ့အားသင့် နေသည်။ ဦးက ရေထဲစိုက်ပြီး ပဲ့ပိုင်းက မိုးမျှော်ကာတည့်တည့်ကြီး အနေအထားသို့ ရောက်သွားသည်။ သင်္ဘောကြီးမှ လျှပ်စစ်မီးများမှာ မငြိမ်းသေး ဘဲ လင်းနေဆဲ ရှိသည်။

သင်္ဘောကြီးသည် ရေထဲတစ်ပိုင်းရေပေါ် တစ်ပိုင်းလောက် နေရာမှ တဖြည်းဖြည်း ရေထဲသို့ နစ်မြုပ် သွားသည်။ နစ်မြုပ်မှု အရှိန်မှာ နှေးရာမှ ပိုမြန်လာသည်။ ကွဲအက်ကျိုးပဲ့ပျက်စီးသံများ ဒလဟော မြည်လာသည်။ နောက်ဆုံး သင်္ဘောကြီးတစ်စင်းလုံး စုန်းစုန်းမြုပ်သွားသောအခါ ကြီးမားသော ရေ၀ဲကြီ ဖြစ်ပေါ် လာသည်။
"လှော်ဟေ့ ... လှော်ဟေ့ ... တို့လှေကို မြန်မြန်လှော်၊ ဒီနားက ခွာမှ မခွာယင် ရေ၀ဲထဲပါသွားမယ်"
အဘွားကြီးအန်၏ လှေပေါ်မှ ပထမအရာရှိက ပြောလိုက်ရာ ကျန်လူများက ကြုံးရုန်းလှော်ကြတော့သည်။ ထိုည တစ်ညလုံးပင် သူတို့သည် ပထမအရာရှိ ဦးဆောင် လမ်းညွှန်သည့်အတိုင်း အသက်ကယ်လှေကို လှော်ကြ သည်။ ရေပေါ်တွင် မျောနေသော တွေ့သမျှဒုက္ခသည်များကိုလည်း ကယ်တင်ကြသည်။ နောက်ဆုံး အသက်ကယ်လှေမှာ လူများ ပြည့်လျှံကာ မြုပ်လုမြုပ်ခင် အနေအထားရောက်သွားမှ ထပ်မတင်တော့ ဘဲ မတတ်သာ၍ ရပ်လိုက်ကြသည်။

သို့သော် ရေထဲတွင် လူများ မြုပ်ချည်ပေါ်ချည်ဖြင့် အများအပြား ကျန်နေသေးသည်။ အန်တို့ အသက်ကယ်လှေပေါ် မှ လူများအဖို့ ကမ္ဘာမီးလောင်းသားကောင် ချနင်း၊ အမိသော်လည်း သားတော်ခဲ အခြေအနေမျိုး ဆိုက်နေရသည်။
"ရေဲမှာ ကျန်နေတဲ့ သနားစရာ ဒုက္ခသည်တွေဟာ မနက်အထိတောင် ခံမှာ မဟုတ်ဘး၊ ငါးမန်းတွေ မကိုက်ယင် တောင်မှ အအေးဒဏ်ကြောင့် သေကြမှာ သေချာတယ်"
ပထမအရာရှိက ၀မ်းနည်းသံဖြင့် ပြောလိုက်သည်။ ညအမှောင်ထုထဲမှာပင် အခြားသော အသက်ကယ်လှေများ၏ တက်ခတ်သံများ၊ လူသံများကို သူတို့ပတ်ဝန်းကျင်၌ ကြားနေရသည်။
"ရေစီးကြောင်း က အရှေ့မြောက်ဘက်ကို တစ်နာရီ လေးမိုင်နှုန်းနဲ့ စီးနေတယ်၊ မနက် အရုဏ် တက်ချိန်လောက် ကျယင်တော့ ကမ်းခြေကို ပျပျလေး မြင်ရနိုင်တယ်"
ပထမအရာရှိသည် လှေထဲမှ လူများကို ပြောနေရာမှ အသံသဲ့သဲ့ကြားသဖြင့် လှေဦးတွင် ထရပ်ပြီး လှမ်းအော်ကာ အသံပေးလိုက်သည်။

"လာ ... ဒီမှာ၊ တို့အသက်ကယ်လှေအမှတ် ၁၆ ရှိတယ်"
"အသက်ကယ်လှေအမှတ် ၅ပါ"
တစ်ဘက်မှ ပြန်အော်သံသဲ့သဲ့ ပေါ်လာသည်။

"တို့ မင်းတို့ဆီ လာခဲ့မယ်"
အန်တို့လှေက အသံရာဆီသို့ အမှောင်ထုထဲတွင်ပင် မှန်းပြီး လှော်သွားသည်။ လှေနှစ်စီး ဆုံကြသောအခါတွင် ဘေးမှန်းပြီး လှော်သွားသည်။ လှေနှစ်စီးဆုံကြသောအခါတွင် ဘေးချင်းယှဉ်ပြီး တွဲချည်ထားလိုက်ကြသည်။ နောက်ထပ် လှေနှစ်စီး ထပ်တွေ့ပြန်ရာ လေးစီးစုပေါင်းမိသွားသည်။ အရုဏ်ဦး အလင်းရောင်ပျပျ ပေါ်လာချိန်တွင် သူတို့နှင့် မိုင်ဝက်ခန့်အကွာ၌ နောက်ထပ် အသက်ကယ် လှေတစ်စင်းကို ထပ်တွေ့ရပြန်သည်။ ပင်လယ်ပြင်တွင် မြုပ်ချည်ပေါ်ချည် ဖြစ်နေသော ခေါင်းလေးများ၊ သင်္ဘောပျက် မှ အပျက်အစီး အပိုင်းအစများ မျောနေသည်ကို တွေ့ရ သည်။
အသက်ကယ် လှေများပေါ်တွင်လည်း လူများ ပြည့်ကျပ်နေသည်။ အဘွားကြီးအန်က ထိုင်နေရာက ကုန်းရုန်းထ လိုက်သည်။

"အဘွားကြီး ထိုင်စမ်း၊ ဘာလို့ထရတာလဲ"
အနားမှ လူတစ်ယောက်က အော်လိုက်သည်။
"ဒီအဘွားကြီး လုပ်ပုံနဲ့တော့ အားလုံး သေကုန်တော့မှာပဲ"
နောက်တစ်ယောက်က ပြောလိုက်ပြန်သည်။ သို့သော် အဘွားကြီးက ဂရုမစိုက်။ ရပ်မြဲရပ်ပြီး ဘေးမှ လှေများသို့ အော်မေးသည်။
"စင်တိန်ရေ ... အဲဒီလှေတွေမှာများ စင်တိန်ပါသလားဟေ့" အဘွားကြီးသည် ထိုသို့ အော်မေးနေရာမှ စင်တိန် အား လူနာများ ခေါ်လေ့ရှိသော့နာမည်ကို သတိရသွားပြီး ထပ်မေးလိုက်ပြန်သည်။
"နတ်မိမယ်လေး အဲဒီမှာ ရှိသလား၊ သူနာပြုဆရာမ နတ်မိမယ်လေးကိုများ တွေ့ကြသလားရှင်"

ထိုအခါ အခြားလှေမှလူများ လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။
"နတ်မိမယ်လေးလား၊ သူ ခင်ဗျားနဲ့ မရှိဘူးလား အဘွားကြီး"
တစ်ဘက်မှ ပြန်လည်မေးမြန်းသံများ တစ်ဦးနှင့်တစ်ဦး စုံစမ်းသံများ မြုပ်ချည်ပေါ်ချည် ဖြစ်နေသော အသက်ကယ် လှေများတွင် ပေါ်လာသည်။
"သင်္ဘောမမြုပ်ခင်တုန်းက နတ်မိမယ်လေးကို ကုန်းပတ်ပေါ်မှာ မြင်လိုက်တယ်"
"သူ့ကိုယ်ပေါ်မှာ အသက်ကယ်အင်္ကျီဝတ်ထားသော တွေ့လိုက်တယ်"

"သူ ဒီလှေပေါ်မှာ မရှိဘူး"
"သူ သင်္ဘောကြီးပေါ်က ခုန်ချလိုက်တာ မြင်ရတယ်၊ အဲဒီနောက်တော့ မတွေ့တော့ဘူး"
"သူ ဒီမှာလဲ မရှိဘူး၊ ဒီအနားကလှေတွေပေါ်မှာတော့ မရှိတာ သေချယ်တယ်"
လှေအချင်းချင်း လှမ်းပြီး တစ်ယောက်တစ်ပေါက် ပြောကြသည်။ အဘွားကြီးအန် စိတ်ပျက်လက်ပျက်နှင့် ထိုင်ချလိုက်သည်။ သို့သော် စင်တိန်သေပြီဟု သူလုံးဝလက်မခံ။
"င့ါသမီးလေး တစ်နည်းနည်းနဲ့ အသက်ရှင်နေမှာပါ၊ ဘုရားသခင်က စောင်မကြည့်ရှုပါ၊ ငါ သူ့ကို မတွေ့တွေ့အောင် ရှာမယ်၊ ငါ့ဘ၀တစ်လျှောက်လုံး မသေမချင်း ရှာမယ်၊ ငါ့သမီးလေးကို တွေ့ကို တွေ့ရ မယ်"
အန်က ဆုံးဖြတ်ချက်ပိုင်ပိုင် ချလိုက်သည်။

အသက်ကယ်လှေများတွင် ပါလာသော သောက်ရေနှင့် အစားအစာတို့ကို ရက်ရှည်ရှည် စားရအောင် ခွဲတမ်းချကြ ရသည်။ လူနာများကို ပြုစုကြရသည်။ လှေများကိုလည်း လူများ အလှည့်ကျ လှော်ကြသည်။ ကမ်းရှိမ ည့် ဘက်သို့ မှန်းကာ ပင်လယ်ပြင်ထဲတွင် တစ်ညလုံးလှော်ပြီး နောက်တစ်နေ့ဆက်လှော်နေရာ မွန်းလွဲပိုင်းသို့ပင် ရောက်လာသည်။
အန်တို့၏ ဘေးဘက်ရှိ လှေထဲမှ လူတစ်ဦး၏ အသံခပ်ပျော့ပျော့ ပေါ်လာသည်။
"ကြည့်စမ်း ... ဟိုသာ သင်္ဘောများလား"
ပတ်ဝန်းကျင်တွင် အသံများ တစ်ခဏ တိတ်ဆိတ်သွားသည်။

ပတ်ဝန်းကျင်တွင် အသံများ တစ်ခဏ တိတ်ဆိတ်သွားသည်။
ထိုနောက်မှ ပိုမိုစူးရှသော အသံတစ်သံ ပေါ်လာသည်။
"ဟို ... ဟိုမှာ သင်္ဘောကြီးပဲ"
"ဘယ်မှာလဲ၊ အဲဒါ ဘယ်မှာလဲဟင် ..."
စိတ်အားထက်သန်စွာ မေးမြန်းပြောဆိုသံများ ပေါ်လာသည်။

"ဟိုမှာလေ ... ဟိုတိမ်တိုက်မည်းမည်းရဲက့ အောက်တည့်တည့်မှာ မတွေ့ဘူးလား"
"သင်္ဘောခေါင်းတိုင်ထိပ်ဖျား မဟုတ်လား"
"ဟုတ်တယ်၊ သင်္ဘောတစ်စင်းပဲ"
"အစစ်ပေါ့"
လှေများပေါ်မှ ယောက်ျားများက မတ်တတ်ရပ်လိုက်ကြသည်။ အင်္ကျီကို ကျွတ်ပြီး ဝှေ့ယမ်းပြကြသည်။ အဆုတ်ကွဲ ထွက်မတတ် အသံကုန် ဟစ်အော်ကြသည်။ သူတို့ ညွှန်ပြသည့်နေရာသို့ အဘွားကြီးအန်က လှမ်းကြည့်လိုက်သည်။ အရိပ်ပုံသဏ္ဍာန်  အမည်းရင်ကလေးကို လှမ်းမြင်ရသည်။

ပထမအရာရှိသည် လှေဦးပိုင်းမှနေပြီး အချက်ပြမီးကျည်ကို ကောင်းကင်ပေါ်သို့ ထောင်ကာ ပစ်ဖောက် လိုက်သည်။ နီရဲတောက်ပသော မီးကျည်မီးပန်းများ ကောင်းကင်တွင် ဖွားခနဲ ပေါ်လာသည်။
"သင်္ဘောကြီး တို့ကို မြင်သွားပြီ"
"ဟုတ်တယ် ... ဟုတ်တယ် ဦးလှည့်ပြီး လမ်းကြောင်းပြောင်းလာပြီ"
"စစ်သင်္ဘောကြီးပဲ သုံးပင်တိုင်စစ်သင်္ဘောကြီး"
"ဟုတ်တယ် ခရူဇာစစ်သင်္ဘောကြီးပဲ"

"အလို ဘုရားရေ ... အဲဒါ အင်ဖလက်စီဘဲ စစ်သင်္ဘောကြီးပေါ့၊ မနှစ်က အဲဒီသင်္ဘောကြီးကို ကျွန်တော် စတာပါဖာလိုးမှာ တွေ့ခဲ့သေးတယ်"
"ဘာသင်္ဘောပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ဘုရားသခင်မတာပဲ၊ ဟော သင်္ဘောကြီးက ကျွန်တော်တို့ကို တွေ့သွားပြီ"
အဘွားကြီးအန်သည် ၀မ်းသာ ၀မ်းနည်း ဖြစ်လာသည်။ စင်တိန်၏ အိတ်ကလေးကို ရင်ခွင်ထဲ၌ တင်းတင်း ကျပ်ကျပ် ပွေ့ပိုက်ရင်း ပြောလိုက်သည်။
"အားလုံး အဆင်ပြေသွားမှာပါ ကလေးရယ်၊ ငါမင်းကို မတွေ့တွေ့အောင် ရှာမယ်၊ မင်းဘာမှ မစိုးရိမ်ပါနဲ့၊ ငါမင်းဆီ လာနေပါပြီ ကလေးရယ်"
အင်ဖလက်စီဘဲ စစ်သင်္ဘောကြီးက သူတို့ဆီသို့ ဦးတည်ပြီး တရွေ့ရွေ့ ခုတ်မောင်းလာနေပါပြီ။

ဆက်ရန်
.

No comments: