နင်ဒီစက္ကူဘူး တစ်လုံး ယူသွားပါလား၊ နင်တို့ ဒီဘူးမျိုးရသလား။
မယူပါဘူးဟာ...ငါ့အဖေအမေတို့ ရလာမှာပေါ့။ နင်တို့ဘူးထက် အများကြီးကြီးတဲ့ သေတ္တာကြီး တောင် ရထား တာပဲ။
မေသူ အနားက လျှောက်ထွက်လာ၏။ မေသူက သူ့ကို ငေးကြည့်၍ ကျန်ရစ်ခဲ့၏။
ကောင်းကျော်နှမ မိဇံကိုလည်း ကောင်းကျော်နား၌ ငိုက်မျဉ်း၍ တွေ့ရ၏။ သေတ္တာကြီးနှစ်လုံး ပေါ်တွင် မေသူ ပြောသော စက္ကူသေတ္တာလေးတွေနှင့် ပုလင်းတွေ၊ သံစည်ဘူးအသေးလေးတွေကို တင်ထား ကြသည်။ မိဇံနှင့်ကောင်းကျော်တို့ မောင်နှမကို တစ်ပေါင်းတည်း စောင့်နေကြရန် အမေအဖေတို့ လာ၍ နေရာ ချထားကြပုံရသည်။
ကောင်းကျော်က သူ့ကို မြင်သောအခါ ပါးစပ်ကို လက်တစ်ဖက်နှင့် အုပ်၍၀ါးခနဲ တစ်ချက်သမ်း၏။ မင်းအိပ် နေသလား ဟု အောင်တိုင်က မေးသောအခါ ဟင့်အင်းဟု ငြင်းသည်။ သူ့ညီမလေး မိဇံနိုးလာ၏။ မျက်လုံးပြူး ၍ အောင်တိုင်ကို ကြည့်သည်။ သူ့ထက် နှစ်နှစ်ခန့်ငယ်သဖြင့် နှုတ်မဆက်ရဲ။ ဟိုဟိုဒီဒီ မျက်လုံး ကစားနေ၏။
အောင်တိုင် သည် လက်ထဲက ပုလင်းကို သေတ္တာပေါ် လှမ်းတင်လိုက်သည်။ ခြေထောက်တွေ ညောင်း၍ ၀မ်းဟာကာ အိပ်ချင်နေသည်။ သေတ္တာကြီးကို မှီ၍ သဲပြင်၌ပင် ထိုင်ချလိုက်၏။
အမေအဖေ တို့ မလာကြဘူးလား။
ပစ္စည်း ရရင် လာပို့ကြတယ်။ မင်းတစ်ညလုံး ဘယ်ပျောက်နေလဲ။
ငါပစ္စည်းလျှောက်ရှာနေတာပေါ့ကွ။
ဘာမှ မရခဲ့ဘဲနဲ့။
ကောင်းကျော်က မကျေနပ်စကားဆိုသည်။
အောင်တိုင် က ကောင်းကျော်ကို စူးစူးစိုက်စိုက် တစ်ချက်လှည့်ကြည့်၏။
ငါပုလင်းတစ်လုံး ရလာတာပဲ။ မင်းသာ အိပ်နေလို့ မမြင်တာ။
မိဇံ က ရုတ်တရက် ထရပ်လိုက်သဖြင့် ကောင်းကျော် နှင့် အောင်တိုင်တို့လည်း လှုပ်ရှားသွားကြ၏။
လူကြီးများသည် ရလာသော ပစ္စည်းတွေကို ထုပ်ပိုးကာ သူတို့ဆီရောက်လာကြ၏။
ကဲ....ကိုရတတ်ကြီး၊ ဘယ်တုန်က ပြန်ရောက်နေလဲ၊ ဘာရခဲ့လဲ၊ သောတ္တာကြီးတွေ နောက်ထပ် မတွေ့ခဲ့တော့ ဘူးလား။
အိပ်ချင်၍ မျက်လုံးတွေလည်း ဖန်လာရာ အောင်တိုက်က ဦးဂျလားကို စကားပင် ပြန်မပြောမိ။ သူ့အမေ အဖေတို့ မျက်နှာကိုသာ မော့ကြည့်နေမိသည်။ အမေအဖေတို့လည်း ပင်ပန်းနွမ်းနယ်လာ ကြပုံရ၏။ သို့သော် ဦးဂျလား ၏ စကားကြောင့် အောင်တိုင်ကိုကြည့်၍ ပြုံးကြ၏။
သူညဦးကပင် သေတ္တာကြီးတစ်လုံး ရှာပေးထားပြီးပြီလေသား။ ဟုဦးဂျလားက ပြောလိုက်၏။ တစ်ဆက် တည်း မှာပင် ဦးဂျလား အစီအစဉ် စကားဆက်ဆိုသည်။
အနိုင်းနဲ့ အဗီတို့ ရွာပြန်ပြီး ထမင်းချက်ကြိ၊ သမီးမိဇံလည်း အမေနဲ့လိုက်သွား၊ အဖေတို့ ပစ္စည်း ဆက်ရှာ ဦးမယ်။
ကျွန်တော် တော့ ထမင်းဆာနေပြီဘကြီ။
အေးပါကွာ၊ တို့လည်း ဆာတာပေါ့၊ သားဂေါလာလည်း ပစ္စည်းတွေ သယ်ပိုးရင်း ရွာလိုက်သွားကွာ၊ ပြန်ရင်အုန်းသီးတွေ ယူလာခဲ့။
ဦးဂျလား၏ စကားကို မည်သူမှမကန့်ကွက်ကြ၊ လောလောဆယ်ရလာသော ပစ္စည်းတွေနှင့် သေတ္တာ ပေါ်က ပစ္စည်းတွေကို တစ်နိုင်ယူငင်ကြသည်။
ကဲ....ဒီတစ်ခါတော့ သားတစ်လှည့် ဒီသေတ္တာကြီးတွေကို စောင့်ဦးနော် ဟုအဖေက ပြော၏။ အောင်တိုင် မငြင်းမိဘူး။ သူခြေထောက်တွေ မသယ်ချင်ဖြစ်နေ၏။ ထိုင်ရာကပင် မထဘဲ အဖေ့ကို ခေါင်းညိတ်ပြ၏။ ကောင်းကျော်ကတော့ ဤတစ်ခါ လူကြီးတွေနှင့် ပစ္စည်းရှာလိုက်ရတော့မည် ဆိုသဖြင့်ပျော်သွား၏။
အဖေ မေသူ တို့ကိုလည်း ဟိုဘက်မှာ တွေ့ခဲ့တယ်ဗျ ဟုအောင်တိုင်က သတိရ၍ ပြော၏။ အဖေနှင့် ဦးဂျလား က ချက်ချင်းသူ့မျက်နှာကို လှမ်းကြည့်ကြသည်။
မင်းကောင်ပေါ်ပြီကွ အောင်သိုက်၊ ငါတို့က ဒီကောင်ပစ္စည်းသွားရှာနေတယ် အောက်မေ့တာ၊ လက်စသတ် တော့ သူ့ရည်းစားနဲ့ တစ်ညလုံး အချစ်သွားမွန်နေတာကိုး။
မဟုတ်ပါဘူးဗျ။ ဘကြီးကလည်း ပြန်လာမှ တွေ့တာပါဗျ။
ဦးဂျလား က သူ့ကို ကျီစားမှန်း ရုန်တရက် အောင်တိုင် မရိပ်မိ။ အမေအဖေတို့ရှေ့မို့ ရှက်သွားသည်။ ထိုကြောင့်လည်း ပြန်ပြောမိခြင်း ဖြစ်သည်။
မင်း စကားတော့ ပြောခဲ့ရမယ်ကွာ။
အောင်တိုင်က ဘာမှပြန်မပြော၊ ခေါင်းငုံ့ထား၏။
အမှန်က ဒီကောင်ပစ္စည်းတွေ ရခဲ့မှာပေါ့၊ ရသမျှ သူ့ရည်းစား ပေးထားခဲ့ပြီနဲ့ တူတယ်အနိုင်းရယ်။
ဟုတ်ရင် ဟုတ်မှာအဖေ၊ ဒီကောင် လက်ထဲ ပုလင်းတစ်လုံးပဲ ပါလာတာဗျ ဟု ကောင်းကျော်ကပါ သူ့အဖေ သံယောင် လိုက်၍ ပြော၏။ အောင်တိုင်ထထိုးချင်စိတ် ပေါက်သွားသည်။ မေသူကို ငါဘာမှ မပေးခဲ့ဘူး။ ပေးချင် ပေးရင် မင်းနှမ ပဲ ပေးမလို့ယူ။
ဟဲ့ကောင် သေချင်ပလား၊ ဘကြီး က ချစ်လို့ကျီစားတာ ဟု အောင်တိုင့်အမေက ဟုန့်၏။ တကယ့် အကောင် ဟု ဦးဂျလားက ရှက်ပြုံးပြုံး၍ ဆို၏။ အစ်ကိုကြီး ဒီကောင့်ကို မစနဲ့ဗျ၊ လူကြီးမှန်း သိတဲ့ကောင် မဟုတ်ဘူး၊ တိရစ္ဆာန် ဟု အဖေက စိတ်ဆိုးသံနှင့် ဆိုသည်။ ကောင်းကျော် ကတော့ မျက်နှာ ပုပ်ထား၏။ မိဇံ ကမူ ရှက်၍ ခေါင်းငုံ့နေသည်။ဒေါ်အဗီ က ဆေးငုံတာတွေ ထွက်ကျလု မတတ်ရယ်သည်။ နင်င့ါသမီးကို တကယ်ကြိုက်ရင် နောက်ထပ် သေတ္တာကြီးနှစ်လုံး ရှာပေး ရမယ်၊ ဘယ့်နှယ်လဲ ရှာနိုင်ပါ့မလား ဟု မေးနေ ၏။
အောင်တိုင်ဘာမှ နှုတ်တုံ့မပြန်တော့။ သေတ္တာကြီးကို ကျောမှီကာ ငူငူကြီးလုပ်နေ၏။
သူ့ကို နောက်ထပ် မည်သူကမှ မစကြတော့။ အမေ၊ ဒေါ်အဗိ၊ မိဇံနှင့် ဂေါလာတို့သည် နိုင်သမျှ ပစ္စည်း တွေကို ထမ်းရွက်ကာ ရွာဘက်သို့ လှမ်းထွက်ကြသည်။
အဖေဦးဂျလားနှင့် ကောင်းကျော်တို့သည် ပစ္စည်းလျှောက်ရှာရန် သူ့အနားက ခွာသွားကြ၏။ အောင်တိုင် ပစ္စည်း စောင့်၍ ကျန်ခဲ့ရသည်။
သောင်တစ်ဖက် အရှေ့ခြမ်းက ကသစ်ပင်များပေါ်တွင် နေရောင်ခြည်ကို လှမ်းမြင်နေရသည်။ လင်းတ မောက်နီ များသည် ကောင်းကင်တွင် ပျံဝဲနေကြ၏။ ညကသူ့တွေ့ခဲ့သော အလောင်းကောင်ကို လင်းတများ မြင်သွားကြပြီဟု ထင်သည်။ မုန်တိုင်းတိုက်သွားသဖြင့် အရွက်မဲ့ ဖြစ်နေသော ကသစ်ပင် များ ပေါ်တွင် ကျီးကန်းများက တအာအာမြည်နေကြသည်။
သူ့အနား သို့ နေရောင်ခြည်ရောက်လာ၏။ သဲပွင့်များ လဲ့လဲ့တောက်၍ ပူနွေးလာသည်။ မကြာခင် သေတ္တာကြီး တစ်လုံး ကို မှီကာ သူအိပ်ပျော်သွားလေ၏။

၉။
ပစ္စည်းများများ ရကြသူများသည် ပျော်နေကြ၏။ တစ်ရက်ပြီးတစ်ရက် တစ်ညပြီးတစ်ည ရှာကြ၏။ နေ့လည်း မနား၊ ညလည်းမနားရှာကြ၏။ မုန်တိုင်းကျ၍ သေသွားကြသူများကိုပင် မေ့သွားကြသည်။ လင်းတ နှင့် ကျီးကန်း တွေ အာနေကြသော နေရာထက် ပစ္စည်းအတိုအစများ ရနေကြသော နေရာ များ ကိုသာ စိတ်ဝင်စားနေကြ၏။
ရကြသမျှသော ပစ္စည်းတွင် ချည်ထုပ်၊ အ၀တ်သေတ္တာ၊ မောင်းချဓား၊ ခေါက်ထီး၊ ဖိနပ်၊ သီချင်းဆိုပြ တတ်သည် ဆိုသော ဓာတ်အိုးများကို ပို၍မက်မောနေကြသည်။ တခြားပုလင်းဘူးတွေ၊ သံစည်တွေ၊ ကြွေထည်သတ္တု ပစ္စည်း တွေ ကို ဘာမှန်းလည်းမသိကြ။ ရသမျှသော ပစ္စည်းများထဲတွင် ဘာမှန်းမ သိသော ပစ္စည်းတွေကများ၏။ ပုလင်းနှင့် စည်ဘူးများကိုဖွင့်ကြ၏။ အထဲက အမှုန့်တွေ အရည်တွေ ကို သွန်ပစ် ကြ၏။ အလုံးတွေ အပြားတွေကို ကလေးတွေ ကစားကြ၏။ ပုလင်းကိုမူ အမြတ်တနိုး သိမ်းဆည်း ကြ၏။ အုန်းဆီ၊ ရေနံဆီ၊ နှမ်းဆီ ထည့်ထားကြသည်။
အစက မုန့်ပုံးနှင့် စားကောင်းသည်ထင်သော အရာများကို ဖောက်စားကြ၏။ နောက် သံဘူးပြားချပ် ခပ်လေးများ ထဲက မုန့်ချပ်ပြားပြားကလေးတွေကို စားမိကြသောခါ တစ်ရွာလုံးကလေးလူကြီးမကျန် ၀မ်း သွားကြသည်။ နောက် မည်သည့်ပစ္စည်း မှ မစားရဲကြတော့။ ပုလင်း နှင့် သံဘူးခွံ ယူရုံကလွဲပြီး အထဲက အသား တွေ အကုန်လွှင့်ပစ်ကြသည်။
နှစ်ပတ်လောက်ကြာသောအခါ ကောလာဟလတစ်ခုပေါ်လာပြန်သည်။ ပစ္စည်းတွေမှာ အစိုးရ ပစ္စည်းတွေ ဖြစ်သဖြင့် လာသိမ်းတော့မည်။ ယူထားသူများကို ဖမ်းဆီးလိမ့်မည်။ မင်းပြစ်မင်းဒဏ် သင့်နိုင်သည်။ ရသမျှ သော ပစ္စည်းကို သဲနက်နက်ထဲတူး၍ ၀ှက်ကြရပြန်၏။ ကလေးတွေ ကစားနေ သောအစအနတွေကိုပါ လူကြီး တွေ လိုက်သိမ်းကြသည်။ စစ်သားတွေ ပုလိပ်တွေလာလျှင် မည်သို့ မည်ပုံပြောကြရမည်ကိုလည်း ညှိနှိုင်း ထားကြသည်။ စက်လှေစက်ပျက် အစအနေတွေကိုပင် ရှာဖွေ ၍တူးမြှုပ်ကြ၏။ စက်လှေနားတွင် သဲဖုံး၍ တွေ့ရသော အလောင်းများ၊ လင်းတ ဆင်းစား၍ ကျန်နေ သော အရိုးအရင်း၊ ဦးခေါင်းခွံများကိုပင် ဂရုတစိုက် ရှာဖွေသဂြုင်္ိဟ်ကြ၏။ တစ်လ နှစ်လကြာသော် လည်း မည်သည့်အစိုးရဘက်က လူတစ်ဦး တစ်ယောက် မှ ရောက်မလာသောအခါ ပစ္စည်းတွေ တ ဖြည်းဖြည်း ပြန်ထွက်လာကြပြန်သည်။
ယခင်က မင်းပြစ်မင်းဒဏ်သင့်မှာစိုး၍ မိမိရထားသော ပစ္စည်းများကို ကျိတ်မြုံထားကြရာမှ ဒါဘာလဲ ဘာပစ္စည်း လဲ၊ ဘယ်မှာသုံးလဲ၊ ဘယ်လောက်တန်ဖိုးရှိလဲ၊ ဘယ်မှာသွားရောင်းရင်ရမလဲဟု ရွာတွင် မြို့ပြည် ရောက်ဖူးသူများကို ပြသစပြုလာကြ၏။ သူတို့သိသော ဘီး၊ ဖိနပ်၊ အ၀တ်ချည်ထုပ်စသည် တို့ ကိုကား ပေါ်ပေါ်ထင်ထင် ထုတ်မလာကြသေး၊ သိုသိုဝှက်ဝှက်ထားကြသေး၏။
သည်ပစ္စည်းတွေကို အကြောင်းပြု၍ တစ်ယောက်ပစ္စည်း တစ်ယောက်ပြရင်း တစ်ယောက်ပစ္စည်း တစ်ယောက်ယူကြည့်ရင်း လူကြီးတွေရော ကလေးတွေပါ အတော်ရင်းနှီးသွားကြသည်။ အမျိုး အစား တူညီသော ပစ္စည်းများရထားကြသူများသည် ယခင်က စကားဟဟမပြောဖူးကြသော်လည်း ယခုအခါ အလွန် ရင်းနှီးနေကြသည်။ ပစ္စည်းရောင်းရလျှင် သိလျှင် ကြားလျှင် ပြောပါခေါ်ပါဟု မိတ် ဖွဲ့ကြ၏။ လူကြီးများသာမဟုတ်၊ ကလေးများလည်း ကစားနေကြသော ရောင်စုံ အလုံးလေး၊ အပြားလေး အမျိုးမျိုး ကို လဲကစားကြသည်။
ဦးဂျလားသား ကောင်းကျော်သည် အောင်တိုင်ဆီသို့လာ၏။ သူ့လက်ထဲတွင် တောင်ဝက်နီးပါး ရှည်သော စာတန်းအနီ နှင့် ဘူး သုံးလေးဘူးပါလာသည်။ အောင်တိုင် ဦးဆုံး စက်လှေပျက်နားက ရဖူးသော ဘူးမှန်း မြင်လိုက်ရုံ နှင့် အောင်တိုင်မှတ်မိ၏။
ဟေ့ကောင် အောင်တိုင် ဒီမှာ မင်းကိုငါပြမယ်၊ မင်းကရွှေဖြစ်နေရင် ဘယ်နှယ့်လုပ်မလဲ ဆိုတဲ့ဟာ၊ အထဲက အဖြူအချွဲရည် တွေ ထွက်တယ်ကွ၊ ငုစားကြည့်ပြီးပြီ၊ မွှေးတော့မွှေးတယ်၊ စားလို့မကောင်းဘူး၊ အဖေက တောက် လိမ့်မယ်၊ မစားနဲ့လို့ ပြောတယ်၊ ဟုပြောပြီး ကောင်းကျော် သည်အိမ်နောက်ဘက်က လေကာ ကျောက်တုံး ပေါ်ကို ညှစ်ချပြ၏။ သူပြောသလို အဖြူအချွဲ ပျစ်ပျစ်တွေ အမျှင်မပြတ် ထွက်ကျလာ၏။ မင်း ပြောတော့ ရွှေဆိုကွ၊ ဘယ်မှာလဲ၊ ဟု ကောင်းကျော် က ဘူးကိုညှစ်ပြနေသေည်။ ကျောက်တုံးပေါ်က လူတစ်ရပ် နှစ်ရပ် အမြင့်သွယ်ကျနေသော စေးစေး ပျစ်ပျစ်အရည်တန်းကို ကြည့်ကာ အောင်တိုင် တော်တော် သဘောကျသွား၏။ ကောင်းကျော်ဆီက တစ်ဘူးတောင်း၍ သူလည်း ညှစ်ချကစားနေသည်။
ကြည့်စမ်း ကြည့်စမ်း၊ တီခီလေးတွေ တွားတိုက်ဆေးဘူးတွေ ညှစ်ကီစားပစ်နေတယ်၊ တီဘူးတွေ ဟိုဘက်ကမ်းမြို့ တွားရောင်းယင် တီဘူးဆို ပီးဆံတီကျက် နှီကျပ် ရလယ်၊ ဟေးအောင်တိုက် တွားတိုက်ဆေးဘူး တွေ ဘာလို့ ခီလေးတွေ ဖျက်ဆီးခိုင်းရတာလဲဟ ဟု ပြောပြီး မေသူတို့အဖေ ဦးအလျောင် ရောက်လာ၏။
တရုတ်ကြီး အသံကြား၍ ထွက်ကြည့်သော အဖေက အဲဒါ သွားတိုက်ဆေးလား ပေါက်ဖော်ကြီး၊ ကျုပ်တို့ သိမှ မသိတာ ဟုဆို၏။
တီဟာ တွားတိုက်ဆေးကွ၊ မီတိလို့ ပီးဆံတွေ လွှင့်ပစ်နေကြလယ်၊ နှီပြောစရာ၊ မင်း.....ဟောလီဘူးနထဲက နို့မှုး တွေလည်း လွှင့်ပစ်နေတယ်ကြားလို့ ငါလာတာ။
ဟိုပုလင်းပုပုထဲက ဟာတွေလား ဟုအဖေက လှမ်းမေး၏။ ဟုတ်တာပ ဟု တရုတ်ကြီးက ဆိုသည်။
ကျုပ်က ပုလင်းလိုလျင်လို့ဗျ။ ပုလင်းကလှတယ် ဟုအဖေက ပြန်ပြေ၏။
ဟဲ့ကောင် ဒါတွေ သွားတိုက်ဆေးတဲ့။
အောင်တိုင်က ကောင်းကျော်ကို ပြောသည်။
ဘိန်းစားက အလကား ပြောတာကွ၊ ဒါနဲ့ သွားတိုက်ရင် သူ့ ရွှေသွားတွေ ပျက်ကုန်မှာပေါ့၊ သွားကို ဆားနဲ့ တိုက်လည်း ရတာပဲ။
တရုတ်ကြီး နှင့် အဖေတို့ အိမ်ထဲတွင် တိုးတိုးတိုးတိုးပင် နေကြသည်။
နောက်တော့ ရပ်ရွာတွင် ဟိုဘက်ကမ်း(မြို့) ရောက်ဖူးသော မြိတ်သားအဘိုးကြီး ဦးအောင်စိန် နှင့် ဦးအလျောင် တို့ကို ရွာလူကြီး ရွေးကြသည်။ ရထားသမျှသာ ရွာရှိ ပစ္စည်းတစ်ခုစီကို နမူနာပေး၍ ဈေးတန်းဖိုး စနည်းနာရန် ဟိုဘက်ကမ်းသို့ လွှတ်လိုက်ကြ၏။ သူတို့ပြန်လာကြသောအခါ ဟိုဘက်ကမ်းက လူဆယ်ယောက် လောက် ပါလာကြ၏။ ရွာ၌ရထားသော ပစ္စည်းဟူသမျှ သတို့် လို့်ကြည့်ကြ၏။ ရွာသား တွေ ကလည်း မိမိပစ္စည်းများကို ဦးအောင်စိန်နှင့် ဦးအလျောင်တို့ ခေါ်လာသော ဧည့်သည်များကို ယုံယုံ ကြည်ကြည့် ထုတ်ပြကြ၏။
ရထားကြသည်မှာ သုံးလေးလ ကြာပြီဖြစ်၍ ဈေးကောင်းကောင်း မရနိုင်တော့ဟု သိရသည်။ အ၀တ် အထည် နှင့် ချည်ထုပ်တွေ ဆေးကုန်ပြီ။ မျက်မြင်ကောင်းသော်လည်း လက်နှင့် ထိလျှင် စုတ်ပြတ် ကုန်သည်။ ဆားငန်ရေတွေနှင့် သဲထဲ ၀ှက်ထားကြသဖြင့် မောင်းချဓားတွေလည်း သံချေးတက်ကုန်သည်။ စည်ဘူး တွေလည်း ပေါက်ကုန်။ ထီးအရွက် အသားတွေ အကုန်ဆေး၍ ကိုင်းတံအရိုးတွေမှာ သံချေး ကိုက်ကာ ဖွင့်၍ ပိတ်၍ပင် မရတော့ဟု ဆိုသည်။ သီချင်း ဆိုပြနိုင်သည်ဆိုသော ဓာတ်အိုးတွေကို ကြည့်ကာ ပျက်စီးကုန်ပါပြီ။ နှပြောစရာဟု ဧည့်သည်တွေက စုတ်တသပ်သပ် ဖြစ်ကြသည်။ သို့သော် သူ တို့သည် ဈေးလျှော့၍ အားလုံးကို ၀ယ်သွားးကြသည်။ တရုတ်ကြီး ပြောသောသွားတိုက်ဆေးကအစ ဆယ်ပြား တစ်မတ်ပေး၍ ၀ယ်ကြ၏။ ကလေးတွေရှိသမျှ ရတားသမျှ တပျော်တပါး ထုတ်ရောင်းကြသည်။ လူကြီး တွေကလည်း တစ်ခါမှ မရဖူးသော ပိုက်ဆံလေးငါးရာ တစ်ထောင်စီ ရ၍ ပျော်နေကြ၏။
ထိုဧည့်သည်တွေ ပြန်သွားပြီးနောက်ပိုင်းတွင် ရွာ၌ ဧည့်သည်ပြတ်သည်ဟုပင် မရှိတော့။ သုံးယောက်တစ်စု လေးယောက် တစ်စု ဟိုတစ်ဖက်ကမ်းက ရောက်လာကြသည်။ အကြွင်းအကျန် ပစ္စည်းတွေကို လိုက် ကောက်ဝယ်ကြ၏။ ဟိုတုန်းကထက် ဈေးများများ ပေးဝယ်ကြသည်။ ဤတစ်ခါတော့ ရွာသူရွာသားတွေ စုတ်သပ်ညည်းညူကြသော အလှည့်သို့် ရောက်သွား၏။ ဧည့်သည်တွေမှာ ဟိုတစ်ဖက်ကမ်းက သာမက မဟီနှင့် သန္တာနဒီ မြို့သစ်တို့ကပင် လာကြသည်။ ဦးဆုံးလာဝယ်သွားကြသော ဧည့်သည်များထဲမှ တစ်ယောက် တလေပင် တစ်ကျော့ ပြန်လာ၏။ မတရား ဈေးနှိပ်ဝယ်သွားကြသော ထိုဧည့်သည်များကို ရွာသူ ရွာသား တွေက ကျိန်ဆဲကြသည်။ နောက်တော့ဧည့်သည်များကိုသာ မဟုတ်၊ ဧည့်သည် တွေကို ခေါ်လာသော ဦးအောင်စိန်နှင့် တရုတ်ဦးအလျောင် တို့ကိုပင် ရွာသူရွာသားတွေ မကျေမနပ် ဖြစ်ကြ ရသည်။ သို့သော် ဘာမှတော့ မတတ်နိုင်ကြတော့ပေ။
၁၀။
ရွာ၌ ဧည့်မပြတ် ရှိစဉ် ထူးခြားသော ဧည့်သည်တစ်ဦးကိုလည်း အောင်တိုင်တို့ ကလေးတွေ စတင် မြင်ဖူး ကြသည်။ ဘုန်းကြီးဟု လူကြီးတွေက ပြော၏။ မြိတ်သားကြီး ဦးကြီးရှိန်တို့နှင့် ဆွေမျိုးတော်သည်ဟု ဆိုသည်။ ဦးကြီးရှိန် အိမ်၌ပင် တည်း၏။ ယခင်က ဤရွာတွင် နေသွားဖူးသည်ဟု ဆို၏။ အောင်တိုင်တို့သာ မမြင်ဖူးသော်လည်း အောင်တိုင်တို့ အဖေအမေတွေ ကသွားဖူးသည်ဟုဆို၏။ မှန်ပေသည်။ ထိုဘုန်းကြီး ဦးကြီးရှိန် အိမ် ၌ ရှိစဉ်ရွာက လူကြီးမိန်းမ ယောက်ျားတွေမှာ ဦးကြီးရှိန်အိမ်သို့ နေ့စဉ်သွား၍ ဘုန်းကြီးနှင့် စကားပြောကြ၏။ ထမင်းဟင်းတွေ သွားပို့ကြ၏။
တစ်နေ့တော့ အောင်တိုင်သူ့အဖေနှင့် ဦးကြီးရှိန်တို့အိမ်သို့ လိုက်သွား၏။ ထူးထူးခြားခြား ၀တ်ထားသော ခေါင်းတုံးပြောင်နှင့် ဘုန်းကြီးဆိုသော ဧည့်သည်ကို အောင်တိုင်နီးနီးကပ်ကပ် ကြည့်သည်။ မြိတ်သား စကား ပြော၏။ အဖေတို့ စကားနှင့် အလွန်တူသည်။ လေးလေးမှန်မှန် ပြောသဖြင့် နားလည်၏။ ဘုန်းကြီး က လူတွေကို စကားပြောနေသည်။
သတ္တန္ထရကပ်၊ ဒုဗ္ဘိက္ခန္တရကပ်၊ ရောဂန္တရကပ်ရယ်လို့ ကပ်ကြီးသုံးပါးရှိတယ်။ တကာတို့ ရွာကို ကပ်သင့်တာပဲ၊ ဘုရားသံဃာ ရတနာသုံးပါး ကို ဆည်းကပ်ကိုးကွယ်ကြ၊ ကျောင်းလေးတစ်ဆောင် ပြန်ဆောက်ကြ၊ ရပ်ရယ်ရွာရယ်လို့ ဖြစ်လာရင် ရဟန်းသံဃာ ရှိသင့်တယ်။ ခုကြည့်စမ်း၊ ကျုပ်တကာမကြီး တကာကြီး တွေကို သရဏဂုံတောင် မတင်ကြရဘူး၊ ကျောင်းလေးတစ်ဆောင် တော့ဒီနှစ်ဖြစ်အောင် ကြိုးစားကြပါ။ ကျုပ် မနေနိုင်ပေမယ့် ဘုန်းကြီးတစ်ပါး ကျုပ်ရှာပေးမယ်။ ရွာမှာ ဘုန်းကြီးမရှိတော့ ကလေးတွေလည်း စာမတတ်ကြဘူး၊ စာမတတ်တော့ လူ့ဘ၀ကို ရပေမယ့် အကန်းနဲ့တူတယ်။ မိမှန်းဖမှန်း ဆရာသမား မှန်း လည်း မသိကြဘူး၊ ဟုတ်တယ် မဟုတ်လား တကာကြီး။
မှန်ပဘုရား၊ ဟု ဦးကြီးရှိန်က ဆို၏။
ခင်ဗျားတို့မြိတ်ထားဝယ်သားတွေ လေးငါးယောက် ရှိတာပဲ။ ဆလုံတွေ ပသျှူးတွေကို ခင်ဗျားတို့ မြိတ်ထားဝယ်သားတွေကလည်း စည်းရုံးဟောပြောကြပေါ့။ အောင်သိုက် မင်းလည်း ထားဝယ်သားဆို။
ဘုန်းကြီးက အဖေ့ကို ကြည့်၍ မေး၏။ အဖေက မှန်ပဘုရားဟု ဆိုသည်။
ဆရတော် အမိန့်ရှိတဲ့ အတိုင်းပဲ ဦးအောင်စိန်၊ ဒီရွာမှာ မြိတ်ထားဝယ်သား ဗုဒ္ဓဘာသာတွေဆိုလို့ ခင်ဗျားတို့ ကျွန်တော်တို့ပဲ ရှိတယ်နော် ဟုဦးကြီးရှိန်က ဦးအောင်စိန်ကိုပြော၏။ ဒါပေါ့ဗျာ၊ ဒီတစ်ခါမှ ဘုန်းကြီး ကျောင်း မဖြစ်ဘူးဆိုရင် နောက်ဘယ်တော့ဖြစ်မလဲ၊ ခင်ဗျားတို့ ကျွန်တော်တို့ ကြိုးစား ၀ိုင်းဝန်းကြတာ ပေါ့ ဟု ဦးအောင်စိန်ကလည်း သဘောတူကြောင်း ပြောသည်။
ဦးကြီးရှိန်တို့ အိပ်မှပြန်လာကြသောအခါ အဖေက အောင်တိုင်ကို မင်းဘုန်းကြီးကျောင်း နေရမယ်၊ စာသင် ရမယ် ဟုဆိုသည်။
ဒီဘုန်းကြီးက ဘယ်ကလာတာလဲ အဖေ။
ဘုန်းကြီးက ဘုတ်ပြင်းသား အခု မြိတ်မှာနေတယ်။
မြိတ်က ဘယ်မှာလဲ။
ဟိုဘက်ကမ်းမှာ၊ မင်းမြင်ဖူးတယ်မဟုတ်လား၊ တို့ရွာအောက်က ပင်လယ်ထဲမှာ ရွက်ဖြူကြီးတွေဲနဲ့ သွားတဲ့ စက်လှေ တွေလေ၊ အဲဒါ မြိတ်ကလာတာပေါ့။
ယခင်က မြင်ဖူးသော စက်လှေများကို အောင်တိုင် အမှတ်ရနေသည်။
အလျင်က အင်း.... အလျင်ကဆို မင်းတို့ ငယ်ငယ်က ဒီဘုန်းကြီး တို့ရွာမှာ နေသွားသေးတယ်၊ သုံးနှစ် လောက် နေပြီး မြိတ်ကို ပြန်သွားတယ်။
ဘာလို့ ပြန်သွားတာလဲ။
ဆွမ်းကွမ်း မမှန် လို့ပေါ့။ တို့ရွာမှာ ဆလုံတွေ ပသျှူးတွေပဲ များတယ်မဟုတ်လား၊ သူတို့က နတ်ပဲ ကိုးကွယ် ကြတာ၊ မင်းအမေ တောင် ပင်လယ်ဘက်မှာ တစ်ခါတစ်ခါ သွားလုပ်တာ တွေ့တယ်မဟုတ်လား၊ ဒါပေမဲ့ နတ်က တို့ကို မကယ်နိုင်ပါဘူးကွ၊ ခု မုန်တိုင်း တိုက်လို့ လူနှစ်ဆယ် လောက်သေတယ်၊ ဘုန်းကြီးရှိရင် မုန်တိုင်း လည်း ခုလိုပြင်းပြင်း မတိုက်ဘူး၊ လူလည်း အသေအပျောက်မရှိဘူး။
ပင်လယ်နတ် ထက် ဘုန်းကြီးက တန်ခိုးကြီးတာပေါ့နော် အဖေ။
ဟုတ်တယ်၊ ပင်လယ်နတ်ထက် ဘုန်းကြီးက တန်ခိုးကြီးတယ်၊ ခုတို့ရွာလို မုန်တိုင်းကျလို့ လူတွေသေတော့ မင်းအမေတို့ ပင်လယ်နတ်က တို့ကိုလာတောင် ကြည့်ဖော်မရဘူး၊ ဘုန်းကြီးက သတင်းကြားတာနဲ့ ရောက် လာတယ်၊ မင်းဘုန်းကြီးဆီမှာ နေရမယ်၊ ဘုန်းကြီး မင်းကို စာသင်ပေးလိမ့်မယ်။
အိမ်ပြန်ရောက်သောအခါ အဖေက ဘုန်းကြီးအကြောင်းကို အမေအနိုင်းအား ဆက်ပြောပြန်၏။
ကျုပ်တို့ ပစ္စည်းတွေ ရတာ ပင်လယ်နတ်မလို့ပေါ့ ဟုအမေက အငေါ်ထူး၏။ တယ်...ဟုတ်တယ် အား ကြီးကြီး၊ နင့်အစ်ကိုကြီး အကိုင်းသေတာကော၊ ဒါလည်း ပင်လယ်နတ် မတာပဲလား ဟု အဖေက စိတ်ဆိုး မာန်ဆိုး နှင့် အော်ပစ်လိုက်၏။
ဒုတိယပိုင်း
ပစ္စည်းလာဝယ်သော ဧည့်သည်များ လုံးဝပြတ်သွားခါမှ ထူးထူးဆန်းဆန်း ကုန်သည်တစ်ယောက် ရောက်လာ ပြန်သည်။ မြိတ် ထားဝယ်သား စကားပြော၏။ ယိုးဒယား ပသျှူးစကားလည်းတတ်၏။ အဝတ် လည်း ထူးခြားသည်။ သူသည် ပသျှူးဘောင်းဘီမဝတ်၊ အိတ်တွေအများကြီးပါသော အပြာ ရင့် ရောင် ဘောင်းဘီ ကိုဝတ်။ ခြေချောင်းလေးတွေကို မမြင်ရသော ဖိနပ်ပြောင်ပြောင်ကိုလည်း စီးထားသည်။ ကလေးသူငယ် များကို တွေ့လျှင် သူ့အိတ်တစ်လုံးလုံးထဲက စက္ကူကြွပ်ကြွပ်နှင့် ထုပ်ထားသော အချိုလုံး လေးတွေ ပေးတတ်သည်။ သူက ရုပ်လည်း လှ၏။ သူလိုလှသူဆို၍ ရွာမှာ တစ်ယောက်မှမရှိ။ အသက် ကလည်း သုံးဆယ်လောက်သာ ရှိဦးမည်။ ဖော်ရွေ၍ အချိုလုံးတွေ စားရသဖြင့် ကလေးများက သူ့ကို ခင် ကြသည်။ သူလည်း ကလေးများကို ခင်၏။
ဆက်ရန်
.
3 comments:
မျှော်....မျှော်......မျှော် လေတိုင်း အပိုင်းပိုင်းရယ် တို}}}}}း
အားနာတယ် အမကြီးရေ.........
ဖြေးဖြေးပေါ့နော် ဒီလောက်လေး ရေးပေးတင်ပေး
နေတာကိုပဲ ကျေးဇူးကြီးလှပါပြီဗျာ
အမကြီး ကျန်းမာပျော်ရွှင်ပါစေ။
မမရေ ကျေးဇူးပါလို့..:)
ညီမရေ အပိုင်း-၅ နဲ့ အပိုင်း-၆ ဖတ်သွားပြီ။ နှစ်ပိုင်းလောက် ပေါင်းဖတ်မှ ပိုဖတ်လို့ကောင်းလို့း))
ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment