ဆရာကြီး ဦးသုခနှင့်
သူ၏ထုတ်ဝေသူနှစ်ဦး
ကျော်ဦး(ပါရမီစာပေ)
သူ၏ထုတ်ဝေသူနှစ်ဦး
ကျော်ဦး(ပါရမီစာပေ)
ဆရာကြီး ဦးသုခ နှင့် ကျွန်တော် ဆုံစည်းခဲ့ခြင်း၏ အနီးကပ်အကြောင်းမှာ ၁၉၈၈ အရေးအခင်းဖြစ်သည်။ ယင်းအချိန် သည် ပြင်ပသို့ ထွက်ရန်မသင့်၍ ကျွန်တော်တို့၏ လမ်းထိပ်အုတ်ခုံတွင် သူငယ်ချင်း မိတ်ဆွေ တစ်စု ၀ိုင်းဖွဲ့ထိုင်၍ ထွေရာလေးပါး ပြောလေ့ရှိကြသည်။ ဆရာကြီး၏ အိမ်သည် ကျွန်တော်တို့လမ်းထိပ်၏ ဟိုဘက်တွင် ရှိ၍ ဆရာကြီးသည် အဖော်တစ်ဦး နှင့် ပါရမီလမ်းကို ဖြတ်ကူးကာ ကျွန်တော်တို့ စကားဝိုင်း တွင် ၀င်ပါလေ့ရှိသည်။
တစ်ကြိမ်တွင် စကားစပ်မိရင်း အမရပူရမဟာဂန္ဓာရုံ ဆရာတော်အကြောင်း ရောက်သွားသည်။ ဆရာကြီး သည် အမရပူရမဟာဂန္ဓာရုံဆရာတော်ကို အလွန်ကြည်ညိုသူဖြစ်သည်။ ကျွန်တော်သည် ---- ကို မဖူးမြင် လိုက်ရ သော်လည်း ဆရာတော်၏ စာများ၊ လုပ်ဆောင်ချက်များကို ဖတ်ရသဖြင့် ပြည့်လှသည်။ ဤ သည်ကို သိသည်နှင့် ဆရာကြီးက "ကိုကျော်ဦး၊ ဒီတစ်ချက်တည်းနဲ့ ခင်ဗျားနဲ့ ကျွန်တော်ပေါင်းလို့ ရပြီဗျာ" ဟု ဆိုကာ သူ့အိမ်ကို မကြာခဏခေါ်၍ စကားပြောကြရင်း ကျွန်တော်တို့ ဆရာကြီး၏ တပည့်များ ထဲတွင် တစ်ဦး အပါအ၀င် ဖြစ်လာသည်။ အသက်အရွယ် ကွာခြားလှသော်လည်း ဆရာကြီးသည် ကျွန်တော့် အား ကိုကျော်ဦး၊ ခင်ဗျား၊ ကျွန်တော် စသည်ဖြင့် ခေါ်ဝေါ်သည်။
ထိုအချိန် တွင် ကျွန်တော်သည် ၀န်ထမ်းဘ၀မှ နှုတ်ထွက်ကာ စာအုပ်ထုတ်ဝေရေးလုပ်ငန်းကို--နေပြီ။ သိကြ သည့်အတိုင်း ဆရာကြီး၏ စာပေလက်ရာများမှာ ခေတ်အဆက်ဆက် အစဉ်တောက်နေမည့် စာများ ဖြစ်ကြသည်။ ဆရာကြီး၏ စာများကို ပါရမီစာပေမှ ထုတ်ဝေလိုလှသည်။ သို့သော် ထိုသို့ ထုတ်ဝေ လိုကြောင်း ဆရာ ကြီးကို မပူဆာခဲ့ပါ။ အကြောင်းမှာ ထိုအချိန်က ဆရာကြီး၏စာများကို ဥာဏ်လင်း စာပေ မှ ဦးအောင်က ထုတ်ဝေနေသည်။ ဥာဏ်လင်း ဦးအောင်သည် ဆရာကြီးကို အဖေကဲ့သို့ ရိုသေစွာ ဆက်ဆံပြီး ဆရာကြီး၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးသူဖြစ်သည်။ ဆရာကြီးကလည်း ဦးအောင် ကို သား တစ်ယောက် ကဲ့သို့ ချစ်ခင်အားကိုးသည်။
ထုတ်ဝေသူတစ်ယောက်အနေနှင့် အစဉ်အမြဲကျင့်သုံးခဲ့သော ကျွန်တော့်ခံယူချက်များအနက် တစ်ခုမှာ မည်မျှပင် လူကြိုက်များရောင်းကောင်းသည်ဖြစ်စေ၊ စာရေးဆရာတစ်ဦးသည် အခြားထုတ်ဝေသူတစ်ဦးနှင့် အဆင်ပြေနေလျှင် သူ့စာများကို ပါရမီစာပေမှ ထုတ်ရန် ချဉ်းကပ်ပြောဆိုဖို့ မကြိုးစားပါ။
စာရေးသူနှင့် ထုတ်ဝေသူတစ်ဦးအနေနှင့် မဟုတ်ဘဲကြည်ညိုလေးစားရမည့် ပုဂ္ဂိုလ်တစ်ဦးအနေနှင့် ကျွန်တော်သည် ဆရာကြီးထံသို့ တစ်ပတ်တစ်ခေါက်သွားသည်။ ဆရာကြီး၏ ဓမ္မရေးရာ အယူအဆများ၊ သူ၏ အတွေ့အကြုံများကို နာယူရန်ဖြစ်သည်။ ဆရာကြီးထံမှ ကျွန်တော့်အတွက် တန်ဖိုးရှိလှသော စကား များကို နာယူရသည်မှာ ကျွန်တော့်အတွက် တဟာအခွင့်အရေးကြီးတစ်ရပ်ပင် ဖြစ်သည်။
တစ်နေ့တွင် ဆရာကြီးက ကျွန်တော့်ကို ပြောသည်။ "ကိုကျော်ဦး၊ ခင်ဗျားကို ကျွန်တော့် စာအုပ်တစ်အုပ် ထုတ်ဖို့ ခွင့်ပြုမယ်၊ ကိုအောင် ထုတ်နေတဲ့စာတွေကိုတော့ ပြန်တောင်းလို့ မဖြစ်ဘူး၊ သူမထုတ်ရသေးတဲ့ စာတွေထဲ မှာ ချယ်ရီမဂ္ဂဇင်း မှာ ကျွန်တော် ရေးခဲ့တဲ့စာတွေကို ခင်ဗျား ထုတ်ချင်ရင်ထုတ်ပါ" ဤသို့ဖြင့် ပါရမီ စာပေမှ ပထမဦးဆုံးထုတ်ဝေသော ဆရာကြီး၏ စာအဖြစ် "ချယ်ရီအလှ စာအလှ" ထွက်ပေါ် လာသည်။
ယင်းစာအုပ် ထုတ်ဝေမှု အပေါ် ကျေနပ်သဖြင့် ဥာဏ်လင်းစာပေမှ မထုတ်ရသေးသော "သုခမှတ်စု" ကို လည်း ဆရာကြီးက ကျွန်တော့်ကို ထုတ်ဝေခွင့်ပြုခဲ့ပါသည်။
ထိုစဉ် ဥာဏ်လင်း ဦးအောင်လင်းသည် ပြည်ပသို့ ထွက်၍ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ရန် ရည်ရွယ် သဖြင့် သူ ထုတ်ဝေနေသော ဆရာကြီး ဦးသုခ၏စာများကို ထုတ်ဝေရန်သင့်တော်မည့် သူတစ်ဦးကို လွှဲပေး ဖို့ စဉ်းစားနေခဲ့သည်။ အချို့သော သူများအနေနှင့် တွေးလျှင်တော့ ဦးအောင်သည် ဆရာကြီးအား အကျိုး အကြောင်း ပြောပြပြီး မိမိမလုပ်တော့သော အလုပ်ကို ဆက်မလုပ်တော့ရုံသာဖြစ်သည်။ သို့သော် ဦးအောင်သည် ထိုသို မလုပ်ပါ၊ ဆရာကြီး၏ စာများကို သူထုတ်သကဲ့သို့ လေးလေးစားစား မှန်မှန်ကန်ကန် ထုတ်မည့်သူ ကို ပေးခဲ့လိုသည်။ ဆရာကြီး ဦးသုခကလည်း ဦးအောင်စီမံမည့်အတိုင်း ခေါင်းညိတ်မည်သာ ဖြစ်သည်။ ဦးအောင်လွှဲပေးဖို့ စဉ်းစားသည့် ထုတ်ဝေသူများထဲတွင် ကျွန်တော်လည်းပါသည်။ ဤအကြောင်း တို့ကို ဆရာကြီးနှင့် ဦးအောင်တို့ပြော၍ ကျွန်တော်နောက်မှ သိရသည်။
တစ်နေ့တွင် ဦးအောင်က ကျွန်တော့်ကို ပြောသည်။ "ကိုကျော်ဦး ကျွန်တော်က ပြည်ပသွားတော့မှာမို့လို့ ဆရာ့ စာတွေကို ဆက်မထုတ်တော့ဘူး၊ ဆက်ထုတ်ဖို့ အသင့်တော်ဆုံးလူကို ကြည့်လိုက်တော့ ခင်ဗျားကိုပဲ တွေ့လို့ ခင်ဗျားကိုလွှဲ ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ် "
ယင်းကိစ္စတွင် ဆရာကြီးနှင့် ဥာဏ်လင်း ဦးအောင်တို့၏ ဆက်ဆံရေးကို တွေ့နိုင်သည်။ သူတို့နှစ်ဦးသည် စာရေးသူ ထုတ်ဝေသူ ဆက်ဆံရေးမျိုး မဟုတ်ဘဲ သားအဖ ဆက်ဆံရေးမျိုးဖြစ်သည်။ အခြားအခြားသော ကိစ္စများ သာမက ဦးအောင်သည် ဆရာကြီးအား စင်ကာပူရှိ နာမည်ကြီးဆေးရုံတစ်ရုံသို့ တင်ကာ ငွေ မြောက်မြားစွာ အကုန်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုကို ပေးခဲ့သည်။ ဦးအောင် က သူ့အပေါ် မည်မျှ ဂရုစိုက်ကြောင်း၊ ဦးအောင်၏ ကျေးဇူးကြီးလှကြောင်း ကျွန်တော့် ကို ကြိမ်ဖန်များစွာ ပြောဖူးသည်။ သူ့စာ နှင့် ပတ်သက် ၍ ဦးအောင်ကိုသာ လုံးလုံး လျားလျား ပုံအပ်ထားသည်။ ဦးအောင်စာအုပ်ထုတ်ဝေရေး ဆက်မလုပ်တော့ ၍ လွှဲမည့်သူကို ရှာသောအခါတွင်လည်း ဦးအောင်စီမံသည့် အတိုင်းပင် လိုက်လျော သည်။
ယင်းတို့ဖြင့် ဆရာကြီး၏စာများကို ပါရမီစာပေမှ ထုတ်ဝေဖြစ်ခဲ့ပါသည်။ ဆရာကြီးနှင့် ဦးအောင်တို့၏ ဆက်ဆံရေး ကို ကြည့်၍ ဦးအောင်၏ခြေရာကို နင်းရန် ကျွန်တော် ကြိုးစားသည်။ မီနိုင်မည်တော့မဟုတ်ပါ။
ကြိုးစားရင်း နှင့် ကျွန်တော်သည် ဆရာကြီး ၏ ယုံကြည်ကိုးစားမှုကို ရတန်သလောက်ရခဲ့ပါသည်။ သူ့စာ များ နှင့် ပတ်သက် ၍ ဘယ်လိုလုပ်ချင်သည်ဟု ပြောသည့်အခါတိုင်း ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။ ကျွန်တော် သည် ယခင်က စာအုပ်အဖြစ် မထုတ်ခဲ့သည့် ဆရာကြီး၏စာများကို စာအုပ်ဖြစ်ရန် ကြိုးစားခဲ့သည်။ ကံ ကံ၏ အကျိုး၊ သုခနှင့်သုခ၊ သုတရသ ဓမ္မစာစုံ၊ ရုပ်ရှင်လောကဘ၀သံသရာ၊ အမေ၊ တေဘုမ္မာ၊ ဇေယျတု သဗ္ဗေမင်္ဂလံ စသည်တို့မှာ ကျွန်တော်၏ ကြိုးပမ်းမှုကြောင့် ထွက်ပေါ်ခဲ့သော စာအုပ်များဖြစ်ပါသည်။
တစ်နေ့တွင် ဆရာကြီးက ကျွန်တော့်ကို ပြောသည်။ "ထုတ်ဝေသူတစ်ဦး ကျွန်တော့်ဆီ မနေ့က လာပြီး ဆရာ့ စာအုပ်တွေ ကို ကျွန်တော်လည်း ထုတ်ချင်လို့ ခွင့်ပြုလို့ပြောတယ်။ ကျွန်တော်က ငြင်းတယ်၊ သူက အကြိမ်ကြိမ် ထပ်ပြီး နားပူတယ်၊ နောက်ဆုံး ကျွန်တော်က ခင်ဗျား သုခစာအုပ်တွေ ဒီလောက် ထုတ်ချင် နေရင် ကျွန်တော် ခွင့်ပြုလို့မရဘူး၊ ကိုကျော်ဦးဆီ သွားပြော၊ သူသဘောတူရင် ထုတ်လို့ ပြောလိုက်မှပဲ ပြန် သွား တော့တယ် "
ဆရာကြီး ဦးသုခ၏ ရာပြည့်တွင် အခြားသူများက ၀ိုင်း၍ ရေးကြသည့်အတွက် ဆရာကြီးအကြောင်း အတော်စုံစုံလင်လင် သိကြရမည် ဖြစ်သော်လည်း ဆရာကြီးနှင့် သူ့ထုတ်ဝေသူနှစ်ဦးတို့၏ ဆက်ဆံရေး အကြောင်း ပါနိုင်မည်မဟုတ်သဖြင့် ဥာဏ်လင်းဦးအောင်၏ ကိုယ်စားရော ကျွန်တော့် အနေနှင့်ပါ တင်ပြ၍ ကွက်လပ်မဟာစေရန် ဖြည့်ဆည်းပေးလိုက်ပါသည်။
ကျော်ဦး (ပါရမီစာပေ)
ဘ၀သံသရာ
တေးဆို - ဦးသုခ
သံစဉ် - ဦးဘသိန်း
တေးဆို - ဦးသုခ
သံစဉ် - ဦးဘသိန်း
(ဘ၀သံသရာရှည်လျားထွေပြား၊
မနေမနား တသွားထဲသွားကြတာ)၂
ခရီးပန်းတိုင် မရောက်မချင်း၊
တယောက်ဆင်း တယောက်တက်၊
ဆက်လက် ထွက်ခွာလာ
[(လောဘရယ်၊ ဒေါသရယ်၊ မောဟရယ်၊
အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့)၂
ငိုလိုက်၊ ရီလိုက်၊ ပျော်ကာရွှင်ကာ၊
ဘယ်ဟာမတည်မြဲ၊ ဖောက်လွှဲ ဖောက်ပြန်၊
အကြောင်းခံ၊ ကမ္မသကာ]၂
တွေ့ကြုံဆုံကွဲ၊ ခရီးထဲ၊ ၀မ်းနည်း ၀မ်းသာ
ဝိပ္ပလ္လာ၊ ဖြစ်ချင်တာလဲ မဖြစ်ရပါ၊ မဖြစ်ချင်ပါလဲ
ဖြစ်ရမှာ၊ ၃၁ ဘုံ ၀ဋ်အတွင်းရောက်လို့၊ ကရွတ်
ကင်းရှောက်တဲ့တေးဘုမ္မာ၊ (အဲဒါ)၃ ဘ၀သံသရာ။
မှတ်ချက်။ လယ်တီဆရာတော် ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်လင်္ကာကြီးကို ဆရာဦးသုခမှ ရထားဘီးများကို ကြည့်၍ ပြုပြင်စပ်ဆိုထားပါသည်။
ဆရာကြီးဦးသုခ၏ဘ၀သံသရာဓမ္မတေး၊
ဂန္ထ၀င်ရုပ်ရှင်ကား နှင့်
စွမ်းဆောင်ရည်များကို ဖြန့်ကြက်ခံစားမိခြင်း
အောင်ကျော်ချမ်းအေး(မန္တလေး)
အထက်တန်းကျောင်းသူလေး မေသစ်တစ်ယောက်ကား ရှမ်းပြည်နယ်သို့ ဦးတည်ခုတ်မောင်းနေသည့် မီးရထားကြီးပေါ်၌ လိုက်ပါလာရင်း မိမိ၏ မကြာမီက ဖြစ်ပျက်ခဲ့သည့် ဘ၀ဇာတ်ကြောင်းကို ပြန်တွေးမိပြီး စိတ်ချမ်းမြေ့ဖွယ်ဖြစ်နေလျက်ရှိသည်။ သူလိုက်ပါစီးနင်းနေသည့် ဘ၀သံသရာမီးရထားကြီးကား တတူတူ ဥသြ ဆွဲလျက် မီးခိုးတလူလူဖြင့် အရှိန်ပြင်းစွာ ခုတ်မောင်းနေလျက်ရှိသည်။ အဖြစ်အပျက်ကား ၁၉၅၀-ပြည့် နှစ်လွန်ကဖြစ်၏။
" ဘ၀သံသရာ ... ရှည်လျားထွေပြား၊ မနေမနား၊ တစ်သွားထဲသွားကြတာ ... ခရီးပန်းတိုင် ... မရောက် မချင်း၊ တစ်ယောက်ဆင်း တစ်ယောက်တက် ဆက်လက်ထွက်ခွာလာ" အစချီသော ဘ၀သံသရာ ဂန္တ၀င် ဓမ္မတေး သီချင်းကြီးသည် ကျောင်းသူ မေသစ်၏ အတွေးရေယာဉ်ကြောနှင့်အတူ နောက်ခံတေးအဖြစ် ပေါ် ထွက်လာခြင်း ဖြစ်သည်။ ဘ၀သံသရာဇာတ်ကားကို စွယ်စုံအနုပညာရှင် ဆရာကြီး ဦးသုခက ဤသို့ ဇာတ် လမ်း နှင့် ဖွင့်လှစ်လိုက်ခြင်းသည် ရုပ်ရှင်ကြည့်သူ အပေါင်း၏ အာရုံကို ညှို့ယူဖမ်းစားကာ ဇာတ်လမ်းပြီးဆုံး သည်အထိ ခေါ်ဆောင်နိုင်ခဲ့သည်မှာ ဆရာကြီး၏ အနုပညာ စွမ်းရည် တစ်ရပ် ပင်ဖြစ်သည်။
ဘ၀သံသရာဓမ္မတေးနှင့် ဘ၀သံသရာဂန္တ၀င်ရုပ်ရှင်ကားသည် စွယ်စုံအနုပညာရှင် ဆရာကြီး ဦးသုခ ၏ အနု ပညာစွမ်းရည်ကို အနုပညာချစ်မြတ်နိုးသူတိုင်း ဂါရ၀ပြု လေးစားတန်ဖိုးထားကြပေသည်။ ၁၉၅၆-ခုနှစ်၊ လွန် ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က ရိုက်ကူးခဲ့သည့် ဘ၀သံသရာသည် အကောင်းဆုံး ရုပ်ရှင်ကား၊ အကောင်းဆုံးဒါရိုက်တာဆု၊ အကောင်းဆုံး အမျိုးသားရုပ်ရှင်ပညာသည်ဆု စသည်ဖြင့် အကယ်ဒမီဆု များကို ဆွတ်ခူးနိုင်ခဲ့သည်ကို ရုပ်ရှင်သမိုင်းကြောင်းအရ သိရှိကြရပေသည်။
ယနေ့ခေတ် လူငယ်မောင်မယ်တို့ကား "ဘ၀သံသရာသီချင်း"ကို ကြားဖူးကောင်း ကြားဖူးကြပေလိမ့်မည်။ သို့သော် ဘ၀သံသရာဂန္ထ၀င်ရုပ်ရှင်ဇာတ်ကားကြီးကို ကြည့်ဖူးကြမည်မထင်။ အသက်အရွယ်အရ ပြောရ ခြင်းဖြစ်ပါသည်။ ယခုအခါ ပြန်ကြည့်နိုင်ဖို့ အလွန်ခက်ခဲလှပေသည်။ ဘ၀သံသရာရုပ်ရှင် ဇာတ်ကားဖလင် ကော်ပီ များ ပျက်စီးသွားခဲ့သည်ဟု မြန်မာ့ရုပ်ရှင် စိန်ရတုရုပ်ရှင်စာတမ်းက ဆိုပါသည်။ သို့သော် ဘ၀သံသရာ ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ကွက်နှင့် ဇာတ်ကောင်များ၏ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ် ဆောင်ခဲ့ကြသည်ကိုမူ ကြည့်ဖူးသူတိုင်း သိခွင့်ရကြပါသည်။ တသသလည်း ဖြစ်ခဲ့ကြရပါသည်။ ထို စဉ်က ဘ၀သံသရာရုပ်ရှင်ကားတွင် သရုပ်ဆောင်ကြသည့် ဒါရိုက်တာဦးသုခ၊ မင်းသားကြီးဇေယျ၊ အေးကြူ နှင့် မေသစ်တို့သည် အနုပညာဝမ်းစာပြည့်ကြသူများဖြစ်ကြောင်း သရုပ်ဆောင်ချက်များက ထင်ရှားလှပေ သည်။
" ဘ၀သံသရာ ကား ဘာလို့ကောင်းတာတုန်း" ဟုမေးလျှင် ဖြေဆိုပါက ပြီးပြည့်စုံနိုင်မည် မဟုတ်ချေ။ ကိုယ် တိုင် ကြည့်၍ လောကအမြင်၊ ဓမ္မအမြင်များနှင့်ပေါင်းစပ်ကာ သဘောပေါက်နားလည်ခွင့်ရပါက ထိုရုပ်ရှင် ကားကြီးသည် ပို၍ပို၍ လေးနက်လာစေမည်ဖြစ်သည်။ အဓိက သရုပ်ဆောင်သူများက မိမိတို့၏ ဇာတ်ရုပ်ကို အပိုင်ပီပြင်စေနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ်များ၊ အကြမ်းဖျဉ်းမျှဝေခံစား နိုင်ရန် အလို့ငှာ တင်ပြလိုပေသည်။
ဇာတ်လမ်းက ဤသို့ဖြစ်သည်။ ကျောင်းဆရာ ကိုသော်က (ဦးသုခ)သည် နှမဖြစ်သူ အထက်တန်းကျောင်း သူ မေသစ်၊ အဒေါ်ဖြစ်သူ ဒေါ်အေး (ဒေါ်ဂျမ်းစိန်)တို့နှင့် အတူတကွ ချစ်ချစ် ခင်ခင်နေထိုင်ကြသည်။ အထက်တန်းကျောင်းသူ မေသစ်သည် စက်ဘီးစီး၍ ကျောင်းအပြန်လမ်းတွင် ဗိုလ်ကြီးအေးကြူ၏ ဂျစ်ကား ဖြင့် တိုက်မိသဖြင့် ခြေထောက်တွင် ဒဏ်ရာအနည်းငယ်ရခဲ့သည်။ ဗိုလ်ကြီးအေးကြူက ဒဏ်ရာကို နေ့စဉ် အနည်းငယ်ရခဲ့သည်။ ဗိုလ်ကြီးအေးကြူက ဒဏ်ရာကို နေ့စဉ်ရက်ဆက်ဆိုသလို လာရောက်ကြည့်ရှုမေး မြန်းရင်း မေသစ်နှင့်ညိကာ ချစ်ကြိုက်မိကြသည်။ တစ်နေ့တွင် ဗိုလ်ကြီးအေးကြူတာဝန်ဖြင့် ခရီးထွက်ခဲ့ သည်မှာ လအတော်တန်ကြာသွားခဲ့သည်။ အထက်တန်း ကျောင်းသူလေး မေသစ်မှာ ဗိုလ်ကြီးအေးကြူနှင့် အချစ်နယ်ကျွံရင်း ကိုယ်ဝန်ရလာခဲ့သည်။ အကိုဖြစ်သူ ကိုသော်က (ဦးသုခ)အား ကြောက်လန့်သဖြင့် အိမ်မှ ထွက်ပြေးလာခဲ့ရာ ဘ၀ကို ဇာတ်မြှုပ်ပြီး မြင်းလှည်းမောင်းနေသည့် ဆရာဝန်လိုင်စင် ပြုတ်လူပျိုကြီး ဇေယျနှင့်တွေ့ဖြစ်ခဲ့သည်။ ဇေယျက မေသစ်အား မောင်နှမအရင်းသဖွယ်ပြုစု စောင့်ရှောက်ထားသည်။
တစ်နေ့တွင် မေသစ်သည် တည်းခိုနေသည့် ဇေယျ အိမ်ခန်းကိုရှင်းရာ ခွေးခြေပေါ်မှ လိမ့်ကျသဖြင့် ကိုယ် ၀န်ပျက်ကျသွားသည်။ ဇေယျက မေသစ်အား ကျန်းမာရေး ကောင်းမွန်သည်အထိ ပြုစုစောင့်ရှောက်ထား ကာ နှစ်သိမ့်အားပေးရင်း သူ၏ ဘ၀ဇာတ်ကြောင်းကို ပြောပြသည်။ ဆေးကောလိပ် ကျောင်းဆရာဘ၀၊ ချစ် သူဟောင်း နွဲ့နွဲ့အေးကို သူပမိဘက ငွေကြေး ချမ်းသာသူနှင့်ပေးစား၍ ကွဲကွာခဲ့ရပုံ၊ ကျောင်းဆရာ ဘ၀မှ နှုတ်ထွက်၍ ဆေးခန်းဖွင့်ထားရာ နွဲ့နွဲ့အေး မကြာခဏ ရောက်လာတတ်ပုံ၊ ထို့ကြောင့် နွဲ့နွဲ့အေး ယောက်ျားက အထင်လွဲ၍ ဆေးကောင်စီသို့ တိုင်သဖြင့် လိုင်စင်သိမ်းခံရပုံ၊ ယခု မြင်းလှည်း မောင်း ရပုံတို့ကို ဇာတ်ကြောင်းရှင်းလင်းပြရာ မေသစ်တစ်ယောက် သိခွင့်ရ၍ ဇေယျအပေါ် သနားကရုဏာ သက်ခဲ့ ရပေသည်။
မေသစ် ကျန်းမာရေးကောင်းပြီးနောက် ဇေယျနှင့်အတူ မေသစ်လိုက်ကာ ရှမ်းပြည်နယ်၊ ချင်းပြည်နယ် များ သို့ စေတနာ ဖြင့် လိုက်လံဆေးကုသ ထွက်ခဲ့ကြသည်။ တောတွင်းတစ်နေရာ ရွက်ဖျင်တဲဖြင့် တည်းခို အိပ်နေကြ စဉ် တဲ အတွင်း ကျားသစ်ပေါက်တစ်ကောင်ဝင်လာသဖြင့် မေသစ်ကြောက်လန့်ကာ ဇေယျအား ဖက်တွယ်ရင်း အကူအညီတောင်းခဲ့ရာမှ ချစ်သူဘ၀သို့ ရောက်ရှိသွားခဲ့သည်။ ဤသို့ဖြင့် သူတို့ဘ၀ကို စိတ်သစ်၊ လူသစ်၊ ဘ၀သစ်ဖြင့် တည်ဆောက်ကြတော့မည် ဖြစ်သည်။
ထိုအချိန်တွင် တာဝန်ပြီးဆုံး၍ စုံစမ်းရောက်ရှိလာသည့် ဗိုလ်ကြီးအေးကြူသည် ရွတ်ဖျင်တဲ၌ မေသစ်ကို တွေ့တော့သည်။ အမျိုးမျိုး စွပ်စွဲ ပြောဆိုပြီး ကားပေါ်သို့ ဆွဲတင်ကာ အတင်း ကားမောင်းပြေးသည်။ ကားမှောက်သဖြင့် ဗိုလ်ကြီးအေးကြူ ပွဲချင်းပြီး သေဆုံးသည်။ မေသစ်မှာ ဒဏ်ရာ ရရှိသွားသည်။ သတင်းကြား၍ ပြည်မသို့ပြန်ရန် လက်မှတ်ဝယ်ထွက် သွားသော ဇေယျ ကားတစ်စီးဖြင့် နောက်မှ အပြေး လိုက်ခဲ့သည်။ မေသစ်အား ပြန်ခေါ်၍ မီးရထားဖြင့် ပြည်မသို့ ပြန်လာခဲ့ခြင်းဖြင့် ဇာတ်လမ်းကို အဆုံးသတ် ပြီးဆုံး ခဲ့သည်။
ဘ၀သံသရာဇာတ်ကားသည် အမည်နှင့် လိုက်ဖက်အောင် လူ့ဘ၀တွင် မလွဲမသွေကြုံတွေ့ကြရသည့် ငိုကြရခြင်း၊ ရယ်ကြရခြင်း၊ ၀မ်းသာရခြင်း၊ ၀မ်းနည်းရခြင်း စသော လူဘုံလူဘ၀ကြီး၌ ဖြစ်တတ်ပျက်တတ် သည့် သဘော သဘာဝ၊ ဖောက်လွှဲ၊ ဖောက်ပြန်ဖြစ်တတ်သည့် အကြောင်းတရားများဖြင့် ဇာတ်လမ်း ဇာတ်ကွက် ကို ခင်းကျင်းထားသည်။ သံသရာနှင့်တူသည့် မီးရထားကြီးသည် ကာမဘုံအတွင်း ဆင်ခြင် နှလုံးသွင်း ပါက သံဝေဂရဖွယ်ပင် ဖြစ်၏။ ထိုရည်ရွယ်ချက်ပေါက်မြောက်အောင် ဒါရိုက်တာ ဦးသုခ၏ အနုပညာ မြောက် ခင်းကျင်းနိုင်မှု စီစဉ်ညွှန်ကြားနိုင်မှု၊ သရုပ်ဆောင်ကြသူများ၏ မိမိတို့၏ ကျရာဇာတ်ရုပ် ကို ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်မှုများကြောင့် ရုပ်ရှင်ကြည့် ပရိသတ်၏ နှလုံးကို ဆွဲယူဖမ်းချုပ်နိုင်ခြင်း၊ တုန်ခါစေခြင်း၊ ဇာတ်လမ်းဇာတ်ကွက်မှ ရသစောတနာကို ပေးစွမ်းနိုင်ခဲ့ခြင်းပင် ဖြစ်ပါသည်။
ဘ၀သံသရာဇာတ်လမ်းသည် မေတ္တာဘွဲ့အချစ်ဇာတ်လမ်းဖြစ်သော်လည်း မည်ကာမတ္တအချစ်ဇာတ်လမ်း မျိုး မဟုတ်၊ ပေးလိုသည့်စေတနာရသို ရုပ်ရှင်ကြည့်ပရိသတ်အား ထဲထဲဝင်ဝင် စူးနစ်ထိရှစွာ ပေးလိုက် နိုင်ခြင်းပင် ဖြစ်သည်။ သုခနှင့် မေသစ်တို့၏ မောင်ချစ်နှမချစ်မှ ချစ်သူဘ၀ အချစ်၊ မေသစ်၏ တည်တည် ငြိမ်ငြိမ် ယဉ်ယဉ်ကျေးကျေးသွားတက်လေးနှင့် မျက်နှာပေးအလှတို့မှာ ဇာတ်ရုပ်ကို ပိုင်နိုင်ပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့သည်။ ထို့ကြောင့်လည်း လွန်ခဲ့သော ရာစုနှစ်ဝက် နှစ်ပေါင်း၅၀ကျော်ကပင်လျှင် အကယ်ဒမီဆုများအဖြစ် အကောင်းဆုံးရုပ်ရှင်ကားဆု၊ အကောင်းဆုံးဒါရိုက်တာဆု (ဦးသုခ)၊ အကောင်းဆုံး အမျိုးသားရုပ်ရှင်ပညာသည်ဆု (ဇေယျ)တို့က အသီးသီး ဆွတ်ခူးရရှိခဲ့ကြောင်း ယနေ့ လူငယ် များ မြန်မာ့ ရုပ် ရှင်၏ အဆင့်အတန်း မြင့်မားမှုကို အမြွတ်မျှ တင်ပြရခြင်းဖြစ်ပေသည်။
အလားတူပင် စွယ်စုံအနုပညာရှင်ကြီး ဆရာကြီး ဦးသုခ၏ နှလုံးသားမှ မီးရှူးသန့်စင်ဖွားမြင်ပေးခဲ့သည့် ဓမ္မ ကထာ ဘ၀သံသရာတေးသီချင်းမှာလည်း လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်မှ ယနေ့တိုင် မရိုးနိုင်၊ မအီနိုင် သော ဂန္ထ၀င်တေးအဖြစ် အထပ်ထပ်၊ အခါခါ၊ အကြိမ်ကြိမ်၊ အဖန်တလဲ ကျော့၍ကျော့၍ မပြီးဆုံး နိုင်အောင် သီဆိုကျူးရင့်နေကြတုန်းပင်ဖြစ်သည်။ အရိုးဆုံးသော သီချင်းကား အဆန်းကျယ်ဆုံးသော သီချင်း ဖြစ်နေ သည်ကို မှတ်တမ်းတင်ရမည်ဖြစ်နေလေသည်။
ဓမ္မကထာ ဘ၀သံသရာတေးကြီး ဖြစ်ပေါ်လာပုံနှင့် ပတ်သက်၍လည်း ဆရာကြီး ဦးသုခ အမိန့်ရှိခဲ့ဖူးသည် ကို ထပ်ဆင့်သိရှိခဲ့ရပေသည်။ မုံရွာမြို့ လယ်တီဆရာတော်ဘုရားကြီးသည် ပဋိစ္စသမုပ္ပါဒ် ဒီပနီလင်္ကာသစ် ကြီးကို ရန်ကုန်မြို့သို့ မီးရထားဖြင့် ကြွစဉ် မီးရထားပေါ်၌ ယင်းကျမ်းကို ရေးသားခြင်းဖြင့် သာသနာပြုခဲ့ သည် ဆို၏။ ပဋိပစ္စသမုပ္ပါယ်ဒီပနီကြီးကို ဆရာကြီး ဦးသုခ ဖတ်ကြားနာယူပြီးနောက် ဘ၀သံသရာ ဇာတ်ကား နှင့် ဇာတ်ဝင်တေးအဖြစ် အသုံးချလျှင် ကောင်းလေစွဟု အာရုံပေါ်သည် ဟု ဆိုသည်။ ထို့ကြောင့် ဘ၀သံသ ရာနှင့်ပတ်သက်၍ သီချင်းစာသားကို ဆရာကြီး ဦးသုခရေးသည်။
သံစဉ်ကို ဂီတမှူး ဦးဘသိန်း(မန္တလေး)က ထည့်ပေး၍ နိုင်ငံကျော်ဆိုင်း ရွာစား စိန်လှမြိုင်၊ ဂီတအေ၀မ်း စိုးမြင့် တို့နှင့် တွဲဖက်ကာ အောင်ကျက်သရေ ဓာတ်ပြားကုမ္ပဏီတွင် အသံသွင်းထုတ်လုပ်သည်ဟု သိရသည်။ သီချင်းကို ဆရာကြီး ဦးသုခကိုယ်တိုင် သီဆိုသည်။ ဘ၀သံသရာ သီချင်းအတီးပိုဒ်၌ ဆရာကြီး က သူဖွဲ့စည်းရေးသားထားသည့် သီချင်းစာသားကို ဓမ္မသံဝေဂရရန် စကားပြောထည့်ထားသည်။ ထိုသို့ သံဝေဂ ဥာဏ်ဖြင့် စကားပြောခြင်းသည် တရားဓာတ်ခံ အကိန်းဓာတ်မရှိပါက အသံကောင်းတိုင်း၊ အဆိုကောင်းတိုင်း စကားပြောနိုင်မည်မဟုတ်ပါချေ။
စင်စစ်တွင်မူ လယ်တီဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်ဒီပနီကို ဖတ်ကြားနားယူ၍ သံဝေဂဥာဏ်ရခဲ့ သော ဆရာကြီး ဦးသုခသည် (၃၁)ဘုံရှိ ကာမသုဂတိဘုံမှ လူသားတွေ၏ ဘ၀ဖြစ်စဉ်မှ ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏစသည့် မလွှဲရှောင်သာသည့် သဘာဝနိယာမဖြစ်စဉ် တရားများအပြင် စိုးရိမ်ခြင်း(သောက)၊ ငိုကြွေး ခြင်း(ပရိဒေ၀)၊ ကိုယ်ဆင်းရဲခြင်း (ဒုက္ခ)၊ စိတ်နှလုံးမသာယာခြင်း (ဒေါမနဿ)၊ ပြင်းစွာပူပင်ခြင်း (ဥပါယာသ) ဟူသော "စေတသိကဒုက္ခ"၊ "ကာယိကဒုက္ခ" အစရှိသော ပဋိစ္စ အပါဒ်ဖြစ်စဉ်များကို ဗဟို ချက်မ အဖြစ်ယူကာ ဘ၀သံသရာ ဓမ္မတေးသီချင်းဖြင့် လူတွေအား သံဝေဂဥာဏ်ရင့်သန်စေရန် ရုပ်ရှင် ကား ဖြင့် သတိပေးနှိုးဆော်ခဲ့သည်ဟုဆိုရမည် ဖြစ်ပေသည်။ လေးစားဂုဏ်ယူထိုက်ပါသည်။
ထို့ကြောင့် လူ့ဘုံခန်းဝါ၏ သံသရာစက်ရဟတ်ကြီးကဲ့သို့ အဆက်မပြတ် လည်နေသည့် သုံးဆယ်တစ်ဘုံ၊ ကာမ ဘုံသား လူသားတွေသည် စိုးရိမ်ခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်ဆင်းရဲခြင်း၊ စိတ်ဆင်းရဲခြင်းများရှိနေသ၍ ကာလပတ်လုံး ဘ၀သံသရာရုပ်ရှင်ကားနှင့် တေးတို့သည်လည်း ဓမ္မရှေ့ဆောင်လမ်းပြ အနုပညာမြောက် တင်ဆက်မှု အဖြစ် ရှိနေဦးမည်မှာ ဧ၀ကန်အမှန်ပင် ဖြစ်ပေသည်။
သို့ဆိုလျှင် သံသရာဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ဗုဒ္ဓ၏ အဆုံးအမအတိုင်း လိုက်နာကျင့်ကြံအားထုတ်ရုံမှ တစ်ပါး အခြားမရှိတော့ဖြစ်၏။ လာမည့်ခရစ်နှစ် ၂၀၁၀၊ ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ဆရာကြီး ဦးသုခ သက်ရှိ ထင်ရှား ရှိမည်ဆိုပါက အသက်(၁၀၀)တင်းတင်းပြည့်တော့မည် ဖြစ်သည်။ ဆရာကြီး ဦးသုခသည် ဘာသာ တရား ကို အလွန်ကိုင်းရှိုင်းလေးစားသူဖြစ်သည်။ ဘာသာရေးနှင့်ပတ်သက်၍လည်း အစိန္တေယျကြီး ဘုရားရှိခိုး၊ မေတ္တသုတ်၊ မင်္ဂလသုတ်၊ ရတနသုတ် စသော ပရိတ်ဒေသနာတော်များ၊ မိဘကျေးဇူး၊ ဆရာသမား ကျေးဇူးနှင့် ပတ်သက်သော စာပေပေါင်းများစွာကို ရေးသားခဲ့သည်။
ထို့အပြင် အသက်အရွယ်အိုမင်းလာ သည့်တိုင်အောင် ရဟန်းစားရသော၊ မစားရသော ဆွမ်းတစ်နပ်၊ တစ်ပါးသီလ၊ သီလ၀ိသုဒ္ဓိ စသော ရုပ်မြင် သံကြားထုတ်လုပ်ရေးအတွက် ဇာတ်လမ်းများ ရေးသားပေးခြင်းများရှိခဲ့သည့်အပြင် သာသနာနှင့်အနုပညာ၊ ဇေယျတုသဗ္ဗမင်္ဂလံ၊ အမေစားရသော ထမင်းတစ်နပ်၊ အမေနေ့ စသော ဟောပြောပွဲများကိုလည်း အသက် အရွယ်နှင့်မမျှအောင် စွမ်းဆောင် နိုင်ဆုံး အင်အားဖြင့် အမျိုးဘာသာ၊ သာသနာတော်အတွက် ဆရာကြီး သတိ၊ အသိဖြင့် စောင့်ရှောက် ခဲ့ ပေသည်။
ထူးခြားသည်မှာ ဆရာကြီး ဦးသုခသည် ကျောင်းသား အရွယ်ကပင် မဟာဇနက္ကဇာတ်တော်၊ မဟော်သဓာ ဇာတ်တော်၊ ဝေဿန္တရာဇာတ်တော် အစရှိသော ဇာတ်ကြီး ဆယ်ဘွဲ့ထံမှ မှတ်ဖွယ်၊ မှတ်ရာများကို မှတ်စု တွင်ထုတ်ရေးခဲ့သည့် အစဉ်အလာ ရှိခဲ့သည်။ ထိုမှတ်စုသည် နောက်အခါတွင် သုခမှတ်စုဟူ၍ စာပေ သမိုင်း မှတ်တိုင် စိုက်ထူခဲ့ပေသည်။
ဆရာကြီး ဦးသုခသည် ရုပ်ရှင်အနုပညာ မိုးကောင်းကင်၌ ထာဝရလင်းလက်နေသည့် အထင်ကရ ဓူဝံကြယ်ကြီး ပင်ဖြစ်သည်။ ၁၉၅၇-ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့၊ ၁၉၉၄ ခုနှစ်တွင် မဟာ သဒ္ဓမ္မဇောတိက ဓဇဘွဲ့၊ လူမှုထူးချွန်ပထမဆင့်၊ ၁၉၉၅ -ခုနှစ်တွင် အာဆီယံယဉ်ကျေးမှုရေးရာဆု၊ ၂၀၀၁ - ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ (Doctor of Literature)၊ ၂၀၀၂ ခုနှစ်တွင် ၀ိဇ္ဇာ ပညာထူးချွန်ဆု ပထမဆင့်တို့ကို ထိုက်ထိုက်တန်တန် ရခဲ့သည်များမှာ ဆရာကြီး၏ တန်ဖိုး မဖြတ်နိုင်သော စွမ်းရည်များပင်ဖြစ်သည်။ ဆရာကြီးသည် အမျိုးဘာသာ သာသနာနှင့် လူမှုရေးလုပ်ငန်း များ တွင် ဘ၀ကို နှစ်မြှုပ်ပေးဆပ်ခဲ့သည့် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်ပင်ဖြစ်သည်။ ဆရာကြီး၏ ပညာ၊ ဆန္ဒ၊ စိတ်ဓာတ်၊ ၀ီရိယ အကြောင်းများကို ရေးမည်ဆိုပါက မကုန်ဆုံးနိုင်ပါချေ။ ဆရာကြီးကား ပညာရှင် ပါရမီရှင် တစ်ဦးဖြစ်သည်။
စွယ်စုံအနုပညာရှင် ဆရာကြီး ဦးသုခ၏ စာအုပ်တိုင်း၌ အပြီးတွင် စာဖတ်ပရိသတ်တို့အတွက် ဆုတောင်း ပေးပို့ခဲ့ပါသည်။ "သုခအတ္တာနံပရိဟရန္တု" ဆိုသည့် ပါဠိစကားရပ်အရ အဓိပ္ပါယ်မှာ မိမိကိုယ်ကိုယ် မိမိတို့ စိတ်ချမ်းသာအောင် ဆောင်ရွက်နိုင်ကြပါစေ သတည်းဟူသော ဆုတောင်းမေတ္တာပို့သသည့်အတိုင်း အားလုံး မျှဝေ ခံစားနိုင်ကြရန်အလို့ငှာ ဆန္ဒပြုတင်ပြလိုက်ရပေတော့သည်။
အောင်ကျော်ချမ်းအေး(မန္တလေး)
.
1 comment:
Post a Comment