Wednesday, August 10, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၈)

(၁၂)
နယူးအော်လင်းမြို့။
သြဂုတ်လ (၂၅)ရက်၊ သောကြာနေ့။
နံနက် (၁၁)နာရီ။

လက်စတာတောရင့်စ် သည် နယူးအော်လင်းမြို့ရှိ " ဖတ်စ်မားချင်ဘဏ်" ၏ ငွေကိုင်စာရေး တစ်ဦး ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ အချက်နှစ်ရပ်အပေါ်တွင် အမြဲဂုဏ်ယူသည်။ ပထမ အချက်မှာ အမျိုးသမီး များ က မိမိအား မခွဲနိုင် မခွာရက်ဖြစ်အောင် ချစ်နိုင်သော ချစ်တတ်သော အစွမ်းဖြစ်သည်။ ဒုတိယ အချက် မှာ ဘဏ်သို့ ငွေသွင်းငွေထုတ်လာလုပ်သော အမျိုးသမီးများအနက် မိမိအတွက် ပစ် ကွင်း ရှာရာ တွင် တိကျမှန်ကန်ပိုင်နိုင်သော စွမ်းအင်ပင်ဖြစ်သည်။

လက်စတာ သည် အသက်(၄၀)နီးပါးရှိပြီး ပိန်ပိန်ရှည်ရှည်နှင့် မိန်းမကြိုက် ရုပ် လက္ခဏာမျိုးဖြစ်သည်။ သူ့ မျက်နှာပေါ် က မုတ်ဆိတ်မွေးနှင့် ပါးမြိုင်းမွေးများက မြင်ရသူ အမျိုးသမီးများအဖို့ စိတ်ထဲက ယားကျိကျိ မြင်ရသူ အမျိုးသမီးများအဖို့ စိတ်ထဲက ယားကျိကျိဖြစ်သွားစေနိုင်သည်။ သူသည် မြှာပွေသူ ဖြစ်သဖြင့် ရာထူး တက်ရေးတွင် နှစ်ကြိမ်တိတိ ကျန်ရစ်ခဲ့သည်။ ထိုအခါ လက်စတာကလည်း သူ့ဘဏ်နှင့် သူ့အလုပ် ခွင် ကို သူ့ အတွက် သားကောင်ရှာရာ နေရာအဖြစ်သာ သဘောထားတော့သည်။

ငွေသွင်းငွေထုတ်လာလုပ်သော အမျိုးသမီးများအနက် အညှာလွယ်ပုံရသူများကို သာသာထိုးထိုး ကူညီ ရိုင်းပင်စးပြီး ကျုံးသွင်းသည်။ အမျိုးသမီး တစ်ယောက်ကို မြင်လိုက်သည်နှင့် အညှာလွယ်မလွယ် တစ်မုဟုတ် ချင်း အကဲခတ်နိုင်သည်မှာ သူ့အစွမ်း တစ်ခုပင်ဖြစ်သည်။ အထူးသဖြင့် မုဆိုးမများသည် သူ့ အတွက် အလွယ်ဆုံးသားကောင်များဖြစ်သည်။
ယခု သောကြာနေ့ နံနက်ပိုင်းတွင်လည်း လက်စတာသည် ပစ်မှတ်တစ်ခုကို ထင်းခနဲ မြင်လိုက်ရသည်။ ဘဏ်ထဲ သို့ ၀င်လာသော အမျိုးသမီးတစ်ဦးကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူမသည် မိမိအတွက် သားကောင် ဖြစ်တော့မည်ကို ဣတ္ထိယမုဆိုးကြီး လက်စတာ အတပ်သိလိုက်ပါပြီ။

လက်စတာ မြင်လိုက်ရသော အမျိုးသမီးသည် ပြစ်မျိုးမှဲ့မထင် အလှ ပိုင်ရှင်မလေးတစ်ဦးဖြစ်သည်။ ချောမွေ့ ပြောင်လက် နေသော မဟူရာ ကေသာက ပခုံးပေါ်တွင် လူးလွန့်ပျံဝဲနေသည်။ တင်းကျပ်နေသော စကပ် နှင့် ပါးပါးပျော့ပျော့ ဆွယ်တာကို ဆင်မြန်းထားရာ အချိုးအဆက် ပြေပြစ်လှပသော ကိုယ်ခန္ဓာ ကောက်ကြောင်း က အထင်းသားပေါ်လွင်နေသည်။ မြင်မြင်သမျှ ပုရိသ အပေါင်းကို အနည်းဆုံး နှစ်ခါ ပြန်ကြည့် မိစေသည်။

ဘဏ် ၏ ငွေသွင်းငွေထုတ်ကောင်တာတွင် လက်စတာအပြင် အခြားငွေကိုင်စာရေး လေးဦးတို့ သံတိုင်များ ကာထားသော ကြက်တူရွေး လှောင်အိမ် တစ်ခုစီဖြင့် စီတန်း ထိုင်နေကြသည်။ ဘဏ်ထဲသို့ ၀င်လာသော ထို အမျိုးသမီးငယ် သည် ငွေကိုင် စာရေးများကို တစ်ဦးပြီး တစ်ဦး အကဲခတ်ကြည့်နေသည်။ သူမ မျက်လုံး အစုံ တွင် အကူအညီ တောင်းလိုသည့် အရိပ်ငွေ့များ ယှက်သန်းနေသည်။
သူမ က လက်စတာအား လှမ်းကြည့်လိုက်ချိန်တွင် လက်စတာက ခေါင်းညိတ်ပြီး ပြုံးပြလိုက်သည်။ သူ့အပြုံး က ရိုင်းပင်းကူညီလိုသော အပြုံးမျိုး။ ထို့ကြောင့် သူမက လက်စတာဆီသို့ လျှောက်လာသည်။ သူမ ထိုသို့လာမည်ကိုလည်း လက်စတာ အတပ်သိနေသည်။

    "ကောင်းသော နံနက်ခင်းပါခင်ဗျား၊ ကျွန်တော် ခင်ဗျားအတွက် ဘာများ လုပ်ပေးရမလဲ ခင်ဗျား "
လက်စတာက အချိုသာဆုံးအသံ အတောက်ပဆုံး အပြုံးတို့ဖြင့် ခရီးဦးကြိုပြုကာ ပြောလိုက်သည်။ သူမ၏ အရှေ့ဘက် ရပ်ဝန်းမှ နှစ်မြွှာအလှ ကို အနီးကပ် ထွင်းဖောက် မြင်လိုက်ရသောအခါ လက်စတာ ရင်လှိုက် သည်းဖို ဖြစ်သွားရသည်။

" ကျွန် ... ကျွန်မမှာ ပြဿနာတစ်ခု ကြုံနေလို့ပါရှင် "
" အင်း ... ဒါပဲပေါ့၊ အဲဒီပြဿနာတွေကို ဖြေရှင်းပေးဖို့ ကျွန်တော် ဒီနေရာမှာ ရှိနေရတာပဲမဟုတ်လား "
" ကျွန်မလဲ ဒီလိုပဲမျှော်လင့်ထားပါတယ်၊ ကျွန်မမှာ အရေးကြီးတဲ့ ပြဿနာတစ်ခုဖြစ်နေလို့ပါ"
လက်စတာ က သူမကို ပြုံးပြလိုက်ပြန်သည်။ သူ့အပြုံးမှာ မိမိအား ယုံကြည်စိတ်ချစွာ အားကိုးနိုင်ကြောင်း သရုပ်ဆောင် ထားသည့်အပြုံး။

" ခင်ဗျားလို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်မှာ အရေးတကြီး ပြဿနာကြုံနေတယ်ဆိုတာ မယုံ ကြည်နိုင်စရာ ပါပဲလားဗျာ "
" အို ... တကယ်ပါရှင် ... တကယ်ပါ၊ ကျွန်မက ဂျိုးဇက်ရိုမာနို ရဲ့ အတွင်းရေးမှူးပါ၊ ကျွန်မ ဆရာက သူ့ရဲ့ ငွေစာရင်းရှင် အပ်ငွေအတွက် ချက်လက်မှတ်တွေ ထပ်ထုတ်ခိုင်းထားတာ တစ်ပတ်လောက်ရှိပါပြီ၊ ဒါပေမယ့် ကျွန်မ အလုပ်များပြီး မေ့နေတာနဲ့ မထုတ်ဖြစ်ခဲ့ဘူး။ အခုတော့ ကျွန်မတို့ဆီမှာ ချက်လက်မှတ် ကုန်လုနီးပါး ဖြစ်နေပြီ၊ အသစ်လဲ ထပ်မထုတ်ရသေးဘူး။ အဲဒါကိုသာ ကျွန်မဆရာ သိသွားရင်တော့ သူ ကျွန်မ ကို ဘယ်လိုလုပ်မယ်ဆိုတာ မတွေးရဲလောက်အောင်ပါပဲ ရှင်ရယ် ... "

အမျိုးသမီးက အညိုရောင်ဝိုင်းစက်စက်မျက်လုံးကြီးများကို ကလယ်ကလယ်လုပ်ကာ နတ်သံနှောပြီး ပြော လိုက်သည်။
ဂျိုးဇက်ရိုမာနို ဆိုသော နာမည်သည် လက်စတာအက်အလွန်ပင် အကျွမ်းဝင်နေသော နာမည်ဖြစ်သည်။ ရိုမာနို သည် ဘဏ်ရှိ သူ၏ငွေစာရင်း၌ ငွေအနည်းငယ်သာ အပ်နှံထားသော်လည်း ဘဏ်က ယုံကြည် ကိုးစား အလေးထားရသော သူတစ်ဦးဖြစ်သည်။ ရိုမာနို သည် သူ့ငွေများကို အခြားနေရာ အနှံ့အပြား ဖြန့် ထားကြောင်း လူတိုင်းသိသည်။
" ဒါ ... သိပ် အရေးကြီးတဲ့ ပြဿနာ မဟုတ်ပါဘူး မစ္စက် ... "
" ကျွန်မနာမည် မစ္စဟတ်ဖို့ ပါ၊ လူရင်းဟတ်ဖို့ပါ "

လက်စတာက သူမကို အိမ်ထောင်ရှင်များလားဟု သိစေရန် မစ္စက်ဟု အစပျိုးခေါ်လိုက်ရာ သူမက မစ္စဟု ပြန် ပြောခြင်းဖြင့် အိမ်ထောင်ရှင် မဟုတ်မှန်း သေချာသွားသည်။
ကံကောင်းသော နေ့ဟု လက်စတာ တွက်လိုက်သည်။ သူမ ပြဿနာကို လိမ်လိမ်မာမာ ပါးပါးနပ်နပ် ကိုင်တွယ် ကူညီလိုက်ပါက " ဘယ်ပြေးမလဲ မိချိုသဲရယ် "ဟု စိတ်ထဲက ကြုံးဝါးလိုက်ပြီး ပြုံးလိုက်သည်။
" ချက်လက်မှတ် အသစ်တွေ ထပ်ထုတ်ပေးဖို့ ကျွန်တော်အခုပဲ အဲဒီဌာနကို အကြောင်းကြားလိုက်ပါမယ်၊ နောက်ထပ် တနင်္ဂနွေ နှစ်ပတ် သုံးပတ်လောက်နေရင် ---- ပါအဲဒီတော့ လာယူပေါ့ "
ထရေစီ က စိတ်ပျက် အားငယ်သွားသည့် အသံနှင့် ညည်းလိုက်သည်။ သူမ၏ ထိုညည်းသံသည် လက်စတာ ၏ အောင်ပွဲခေါ်သံဖြစ်နေသည်။

" အို ... အဲဒီ နှစ်ပတ်လုံး သုံးပတ်ဆိုရင် ကျွန်မအတွက် သိပ်နောက်ကျသွားလိမ့်မယ်၊ ကျွန်မဆရာ မစ္စတာ ရိုမာနို ကလဲ ကျွန်မကို သိပ်ပြီး ဒေါသဖြစ်သွားလိမ့်မယ်၊ ကျွန်မစိတ်ကို အလုပ်ထဲမှာ အာရုံစိုက် ထားနိုင် တော့မယ် မထင်ပါဘူးရှင် "

အမျိုးသမီးသည် စကားပြောနေရာမှ စိတ်အားထက်သန်လာသဖြင့် ရှေ့သို့ ကိုယ်ကို ပိုပြီးကိုင်းလိုက်သည်။ အမျိုးသမီး၏ ကိုယ်ခန္ဓာ မှ ရှေ့ဆုံးသို့ ငေါထွက်နေသော အစိတ်အပိုင်းများသည် သံတိုင်များနှင့် ပိုထိ ပိုပိ သွားသည်။ သူမက အသက်ရှူပင် မှားမလောက်ဖြစ်သွားပြီး တောင်းပန်တိုးလျှိုးသံကလေးဖြင့် ပြောလိုက် သည်။
" ကျွန်မ လိုချင်တဲ့ချက်တွေ ရမယ်ဆိုရင် ကျွန်မ အမြန်ကြေးပိုက်ဆံ ပိုပေးပါမယ်ရှင်ရယ် "
" ၀မ်းနည်းပါတယ် လူရင်း၊ ဒါတော့ မဖြစ်နိုင်ပါဘူး "
လက်စတာ က ထိုသို့ပြောလိုက်သဖြင့် သူမ၏ မျက်နှာမှာ ငိုတော့မလိုနီးပါး ဖြစ်သွားသည်။

" အမှန်အတိုင်း ပြောရရင်တော့ အဲဒီချက်လက်မှတ်တွေသာ အချိန်မီမရရင် ကျွန်မ အလုပ်ကိုတောင် ထိခိုက် လာနိုင်တယ်၊ ဒီတော့ ကျွန်မကို ဖြစ်တဲ့နည်းနဲ့အမြန်ဆုံးရအောင် လုပ်ပေးပါရှင်၊ ကျွန်မ ဘက်ကလဲ ဘာမဆို လုပ်ပေးပါ့မယ် "
အမျိုးသမီး၏ ထိုစကားလုံးများသည် လက်စတာ၏ နားထဲတွင် သာယာညင်းပျောင်းသော တေးဂီတသံများ ကိုကြားလိုက်ရဘိသကဲ့သို့ရှိသည်။
" ကျွန်တော် လုပ်ပေးနိုင်တာ ကျွန်တော် ပြောပြမယ်၊ ခင်ဗျား ဆရာအတွက် ချက်လက်မှတ်တွေ အထူး အရေးပေါ် ထုတ်ပေးဖို့ ကျွန်တော် ချက်လက်မှတ်ကိုင်တဲ့ ဌာနကို တယ်လီဖုန်းနဲ့ အကြောင်းကြား လိုက် မယ်၊ ဒါဆို ခင်ဗျား တနင်္လာနေ့မှာ ချက်လက်မှတ်တွေရမယ်၊ ဘယ့်နှယ်လဲ "
" ဟာ ... ဒါဆို သိပ်အဆင်ပြေတာပေါ့ "

အမျိုးသမီးက ကျေးဇူးတင် ၀မ်းသာသည့်လေသံဖြင့်ပြောသည်။
" ကျွန်တော် ချက်လက်မှတ်တွေကို ခင်ဗျားရုံးကို ပို့ပေးလိုက်မယ်လေ "
" အို ... နေပါစေ မပို့ပါနဲ့၊ ကျွန်မ ကိုယ်တိုင် ဒီကို လာယူပါမယ်၊ ကျွန်မ အလုပ်မှာ ပေါ့လျော့ မိုက်မဲတယ် ဆိုတာ မစ္စတာ ရိုမာနို သိမသွားစေချင်ဘူး "
" ဒါ မိုက်မဲတာ မဟုတ်ပါဘူး လူရင်းရယ် ... ဘယ်သူမဆို တစ်ခါတလေတော့လဲ မေ့တတ် လျော့တတ်ကြ တာပေါ့ " လက်စတာက အလိုလိုက် အကြိုက်ဆောင်သော အပြုံးမျိုးဖြင့် ပြောလိုက်သည်။
" ကျွန်မ ရှင့် ကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူးရှင် ...၊ တနင်္လာနေ့ လာမယ်နော် "

" လာလေ ... ကျွန်တော် ချက်လက်မှတ်တွေ အသင့်လုပ်ထားလိုက်ပါမယ် "
တနင်္လာနေ့တွင် မိမိအတွက် အကွက်ဆိုက်တော့မည်ဟု လက်စတာ သိလိုက်သည်။
အမျိုးသမီးက လက်စတာအား အပြုံးလှလှကလေးနှင့် နှုတ်ဆက်ပြီး ပြန်သွားသည်။ ဆင်မယဉ်သာ ခြေလှမ်း ဖြင့် ကနွဲ့ကလျ လျှောက်သွားသော အမျိုးသမီးအား ကျောဘက်မှ လှမ်းမြင်ရသော လက်စတာ အဖို့ ရင်လှိုက်သည်းဖို ဖြစ်လာရပြန်သည်။ နောက်ဆုံး သူမ မြင်ကွင်းမှ ပျောက်သွားမှ သက်ပြင်းမောကြီး တစ်ချက် ချလိုက်ရသည်။
လက်စတာသည် ဖိုင်တွဲများထားသော ဗီရိုသို့ သွားပြီး မစမစ္စတာရိုမာနို၏ ငွေစာရင်း နံပါတ်ကို ရှာလိုက် သည်။ ထို့နောက် ယင်းနံပါတ်ဖြင့် ချက်လက်မှတ်အသစ်များ အရေးပေါ်ထုတ်ပေးရန် တယ်လီဖုန်းဆက် အကြောင်း ကြား လိုက်တော့သည်။

*
နယူးအော်လင်းမြို့ ကာမင်လမ်းရှိ ဟိုတယ် တစ်ခုတွင် ထရေစီ တည်းခိုနေသည်။ ထို ဟိုတယ်သည် အခြား ဟိုတယ် အများစုနည်းတူ သာမန် အဆင့်ပင်ဖြစ်ပြီး ထူးထူးခြားခြား မဟုတ်သဖြင့် ထရေစီ စိတ်ကြိုက် ရွေး တည်းခြင်းသာ ဖြစ်သည်။ အပေါစား ပရိဘောဂများနှင့် အခန်းကျဉ်းကလေးတွင် ထရေစီ နေလာသည်မှာ တစ်ပတ် ရှိပြီ။ ထိုအခန်းလေးသည် သူမ ယခင်နေခဲ့ရသော ထောင်ထဲက အခန်းနှင့် ယှဉ်လိုက်လျှင် တဲကုပ် နှင့် နန်းတော် တမျှ ကွာခြားလှသည်။

ထရေစီသည် ဘဏ်စာရေး လက်စတာနှင့် သွားတွေ့ပြီးနောက် သူမ၏ ဟိုတယ်အခန်းသို့ ပြန်ရောက်လာ သည်။ အခန်းထဲ ပြန်ရောက်သည်နှင့် မဟူရာကေသာ ဆံပင်အတုကို ချွတ်လိုက်သ်ည။ အညိုရောင် မျက်ကျဉ်း အကပ်ကိုလည်း မျက်စိထဲမှ ခွာယူလိုက်သည်။ ခပ်ထူထူ လူးထားသော မျက်နှာပေါ်က မိတ်ကပ် ကို လည်း ဖျက်လိုက်သည်။
ထရေစီသည် ကုလားထိုင်ပေါ်တွင် ထိုင်ချလိုက်ပြီး ဟင်း ... ခနဲ သက်ပြင်း ချလိုက်သည်။ ယခုအထိတော့ အဆင်ချောနေသည်။ ဂျိုးရိုမာနို မည်သည့်ဘဏ်၌ ငွေအပ်သည်ကို သိအောင်လုပ်ရသည်မှာ မခက်ခဲ လှပေ။ ဂျိုးရိုမာနိုက မိမိ၏ မိခင်ဖြစ်သူအား ပေးခဲ့သည့် ငွေထုတ်မရသော ချက်လက်မှတ် ကို မြင်ခဲ့ဖူး သည်။

"ဂျိုးရိုမာနို ... ဟုတ်လား၊ မင်း သူ့ကို ထိဖို့တောင် မလွယ်ဘူးနော်"
အာနက်စတိုင်း ပြောသော စကားကို ပြန်လည် ကြားယောင်မိသည်။ ကပ္ပလီမကြီး မှားချေပြီ။ ဂျိုးရိုမာနို ကို မိမိ ယခု စတင် ထိတွေ့ချေပြီ။ သူပြီးလျှင် သူ့အပေါင်းအဖော်များ အလှည့်။
ထရေစီ သည် မျက်စိ ကို အသာမှိတ်လိုက်သည်။ သူမဘ၀၌ မမျှော်လင့်သော အလှည့်အပြောင်းကြီး ဖြစ်ခဲ့ရ သည့် ထူးခြားဆန်းပြားသော ဖြစ်ရပ်ကို ပြန်လည် တွေးတောလိုက်သည်။
ထရေစီ သည် မိမိ၏ခေါင်းပေါ်၌ အေးစက်သော ရေများ ဖုံးအုပ်သွားပြီး လောကကြီးတစ်ခုလုံး မှောက်မိုက် သွား သလို  ခံစားလိုက်ရသည်။ သူမ ရေထဲသို့ နစ်ဆင်းသွားသည်။ ကြောက်ရွံ့ ထိတ်လန့်မှုတို့က အထွတ် အထိပ် သို့ ရောက်လာသည်။

ထရေစီ သည် ကန်ဘောင်ရိုး အုတ်ဘောင်ပေါ်မှ နေ၍ ရေထဲရှိ အေမီထံသို့ မှန်းပြီး ခုန်ဆင်းခဲ့သည်။ ရေထဲ သို့ မြုပ်ဆင်းသွားသော သူ့ခန္ဓာကိုယ်သည် အေမီ၏ လက်အား သူမ လက်ဖြင့် သွားဆွဲ မိသည်။ အေမီ လက် ကို ဆွဲလျက် နှင့် ထရေစီ၏ ခန္ဓာကိုယ်က ရေပေါ်သို့ ပြန်ပေါ်တက်လာသည်။
သို့သော်  အေမီ က ကြောက်လန့်တကြား ရုန်းကန်ရာ နှစ်ယောက်စလုံး ရေထဲပြန်နစ်သွားပြန်သည်။ ထရေစီ ၏ လက်နှင့် ခြေများက ကိုးရိုးကားရားဖြင့် ယက်ကန်ယက်ကန် ဖြစ်နေသည်။ သူ့အဆုတ်က ရေမွန်း နေသည်။ ထရေစီ သည် အေမီကို မြဲမြဲဆုပ်ထားပြီး သေမင်းနှင့် စစ်ခင်းနေလေသည်။ သေတွင်းမှ လွတ်အောင် မနည်း ရုန်းကန်နေရသည်။ သို့သော် သူမ အဖို့ အားအင်များ လျော့နည်း ကုန်ခန်းသွားသလို ဖြစ်သွား ရသည်။

မိမိတို့ ဤရေအောက်သုဿာန် မှ လွတ်မြောက်တော့မည် မထင်။ အသက် ဆုံးရပေတော့မည်ဟု ထရေစီ တွေးမိ လာသည်။ တကြော်ကြော် အော်ခေါ်နေသော အသံများကိုလည်း နားထဲက ကြားနေရသည်။ မိမိ ဆုပ်ကိုင် ထားသော အေမီ၏ ခန္ဓာကိုယ်ကလေးမှာ မိမိ၏ လက်ထဲမှ လွတ်ထွက်ပါသွားသဖြင့် ထရေစီ အလန့် တကြား အော်လိုက်မိသည်။
"အလို ... ဘုရားရေ ... ဟင့်အင်း ... ဟင့်အင်း"

သန်မာသော လက်များက မိမိခါးကို မိမိရရ လာဖက်ထားလိုက်သည်ကို ထရေစီ သိလိုက်ရသည်။ ထိုသူ့ထံ မှ အသံ ကိုလည်း ကြားလိုက်ရသည်။
"အားလုံး အဆင်ပြေတယ်၊ စိတ်အေးအေးထား၊ မရုန်းနဲ့"

ထရေစီ သည် အေမီအား ဘေးပတ်ဝန်းကျင်၌ အလန့်တကြား လိုက်ရှာသည်။ လူတစ်ယောက်၏ လက်ထဲ ၌ အေမီဘေးအန္တရာယ် ကင်းရှင်းစွာ ရောက်နေကြောင်း တွေ့ရသည်။ တစ်ခဏအကြာမှာပင် ထရေစီနှင့် အေမီ တို့ နှစ်ယောက်စလုံးကို ရေနက်ထဲမှ ဆယ်တင် ကယ်ယူခြင်း ခံလိုက်ရသည်။
ထိုဖြစ်ရပ်သည် နောက်တစ်နေ့နံနက်ထုတ် သတင်းစာများ၏ အတွင်းစာမျက်နှာ၌ သတင်းအတိုအထွာ ကလေး အဖြစ်သာ ပါလာသည်။ သို့သော် ထိုသတင်းအတိုအထွာကလေး တွင် ရေမကူးတတ်သော ထောင်ကျ အမျိုးသမီး က ရေနစ်နေသော ထောင်မှူးကြီးသမီး ကို ကယ်တင်ရန် ကြိုးပမ်းခဲ့ပုံကို ဖော်ပြ လာသည်။

နေ့ချင်းညချင်းပင် သတင်းစာနှင့် ရုပ်မြင်သံကြားတို့မှ သတင်းဝေဖန်သူများက ထရေစီ အား သူရဲကောင်း အဖြစ် ချီးကျူး ရေးသားကြတော့သည်။ ပြည်နယ် အုပ်ချုပ်ရေးမှူး ဟာဘာ ကိုယ်တိုင်ပင် ထောင်မှူးကြီး ဘရန်နင်ဂန် နှင့် အတူ ထောင်ဆေးရုံသို့ သွားပြီး ထရေစီအား ကြည့်ရှုသည်။
"မင်းဟာ တကယ့်ကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ လုပ်လိုက်တာပဲ ထရေစီ၊ တို့လင်မယား နှစ်ယောက်ဟာ မင်းကို ဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာ မင်း သိစေချင်တယ်" ထောင်မှူးကြီး က ဆို့ဆို့နင့်နင့် ပြော လိုက် သည်။

ထရေစီမှာ အားအင် ကုန်ခန်း ချည့်နဲ့နေဆဲ ဖြစ်ပြီး ရေထဲ ခုန်ဆင်းကယ်တင်ခဲ့သည့် ဖြစ်ရပ် အတွေ့အကြုံ ကြောင့် လည်း တုန်လှုပ်ချောက်ချားနေဆဲ ဖြစ်သည်။
"အေမီ ... ဘယ်လို နေသေးသလဲဟင် ..." ထေိရစီ က ချည့်နဲ့စွာ မေးသည်။
"ကလေး နေကောင်းပါတယ်" ထောင်မှူးကြီးက ဖြေသည်။

ထရေစီ မျက်စိအစုံကို မှိတ်လိုက်သည်။ ပင့်သက်ချ လိုက်သည်။ အေမီလေး တစ်စုံတစ်ခု ဖြစ်သွားလျှင် မိမိ ဖြေနိုင်တော့မည် မထင် ဟု စိတ်ထဲမှ တွေးမိသည်။ အေမီက မိမိအား ချစ်ခင်တွယ်တာလာသော်လည်း မိမိ က အေမီကို ခပ်စိမ်းစိမ်း ခပ်တန်းတန်း ဆက်ဆံ ပြုမူမိခဲ့သည်ကို ယခုမှ ပြန်ပြီး ရှက်နေမိသည်။
အေမီ ကလေး ရေနစ်မသေအောင် မိမိ အသက်စွန့် ကယ်လိုက်ရသဖြင့် မိမိအဖို့ ထောင်မှ ထွက်ပြေး လွတ်မြောက် ရမည့် အခွင့်အရေးကြီး တစ်ခု အမှတ်တကယ်ပင် ဆုံးရှုံးခံရပြီ။ သို့သော် ထရေစီ ၀မ်းနည်း ခြင်း၊ နောင်တရခြင်းမျိုး မဖြစ်။ ဤသို့ ထပ်မံ ကယ်တင် ကူညီရန် လိုအပ်လာလျှင် ထပ်၍ပင် ကူညီလိုက်ဦး မည်သာ ဖြစ်သည်။

ရေနစ်သည့်ဖြစ်ရပ်ကို အနည်းအကျဉ်းမျှသာ စုံစမ်းသည်။ အေမီကလေးက ဖြေသည်။
"ဒါ ကျွန်မ အပြစ်ပါ ဖေဖေ၊ ကျွန်မတို့ ဘောလုံး ပစ်တမ်းကစားကြတယ်။ ထရေစီ က ကျွန်မကိုနေရာမှာ ရပ်စောင့် နေဖို့ ပြောပြီး ဘောလုံးကို ပြေးကောက်တယ်၊ ဒါပေမယ့် ကျွန်မက ထရေစီ ပြေးပြီး ဘောလုံး ကောက်တာ ကို ပိုမြင်ချင်တာနဲ့ ကန်ဘောင်ရိုး အုတ်ဘောင်ပေါ် ကို တက်ပြေးမိတယ်၊ ကန်ဘောင်ပေါ် ရောက်တော့ ကိုယ်ကို မထိန်းနိုင်ဘဲ ရေထဲ ချော်ကျ သွားတာပါ။ ဒါပေမယ့် ထရေစီက ကျွန်မအသက်ကို ကယ်တင် လိုက်ပါတယ် ဖေဖေ"

ထိုဖြစ်ရပ်ဖြစ်သည့်ညက ထရေစီ ကို ဆေးရုံတွင်ပင် ထားပြီး ကျန်းမာရေး အခြေအနေကို အကဲခတ် စောင့်ကြည့် ခဲ့ကြသည်။ နောက်နေ့နံနက်တွင်တွင် ထရေစီကို ထောင်မှူးကြီး ဘရန်နင်ဝန် ရုံးခန်းသို့ ခေါ် လာသည်။ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် သတင်းထောက် တို့က အသင့်စောင့်နေကြသည်။ လူ စိတ်ဝင်စား သည့် သတင်းမျိုးကို သတင်းစာဆရာတို့ ကောင်းကောင်းသိသည်။ နိုင်ငံတကာ သတင်းဌာန များဖြစ်သော ယူပီအိုင်နှင့် အေပီတို့မှ သတင်းထောက်တစ်ဦးစီနှင့် ရုပ်မြင်သံကြားဌာနမှ အဖွဲ့တစ်ဖွဲ့ပါ ရိုက်ကူးရန် အသင့်ရောက်နေသည်။
ထိုနေ့ ညနေပိုင်းတွင် သတင်းစားများနှင့် ရုပ်မြင်သံကြားသတင်းများတွင် ထရေစီသူရဲကောင်းဇာတ်လိုက် ဖြစ်လာသည်။ ရေမကူးတတ်ဘဲနှင့် ရေနစ်နေသော ကလေးကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရေထဲခုန်ဆင်း ကယ်သော ထရေစီ ၏ သတင်းမှာ တစ်စတစ်စ ပိုကြီးလာသည်။ အမေရိကန်တစ်ဝန်းလုံး ရှိ သတင်းစာ ရာပေါင်း များစွာ နှင့် တိုင်းမ်၊ နယူးဝခ် နှင့် ပီးပဲ စသော နိုင်ငံတကာ မဂ္ဂဇင်းများကပါ ချီးကျူး ရေးသား လာကြသည်။

စာနယ်ဇင်းများက ထိုသို့ အဆင့်ဆင့် ရေးသားချီးကျူးနေစဉ်မှာပင် အမျိုးသမီး စာရိတ္တပြုပြင်ရေးထောင်သို့ ပြည်သူများထံမှ စာများ တဖွဲဖွဲရောက်လာသည်။ ထိုစာများမှာ ထရေစီဝှစ်တနေအား အပြစ်မှလွတ်ငြိမ်း ချမ်းသာခွင့် ပေးသင့်ကြောင်း တောင်းဆိုဖော်ပြသောစာများဖြစ်သည်။
ထိုတောင်းဆိုချက်နှင့်စပ်လျဉ်းပြီး ပြည်နယ်အုပ်ချုပ်ရေးမှူး ဟာတာသည် ထောင်မှူးကြီး ဘရန်နင်ဂန်နှင့် ဆွေးနွေးတော့သည်။ 
" ထရေစီ ဟာ ပြစ်မှုကြီးတချို့ကို ကျူးလွန်ပြီး ဒီထောင်ရောက်လာတာပါပဲ ထောင်မှူးကြီးက ပြောသည်။

" ဒါပေမယ့် သူအလျင်က ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူးမဟုတ်လား" ပြည်နယ် အုပ်ချုပ်ရေးမှူး က တွေး တွေးဆဆ မေးလိုက်သည်။
" ဟုတ်ပါတယ်၊ ပြစ်မှုဟောင်းမှတ်တမ်း မရှိပါဘူး "
" ဒီ ၀ှစ်တနေဆိုတဲ့ အမျိုးသမီးလေးဟာ တကယ်သတ္တိရှိတဲ့ မိန်းကလေးဆိုတာ လက်တွေ့ပြခဲ့တာပဲ၊ အခု တော့ စာနယ်ဇင်းတွေ ရဲ့ ပံ့ပိုးမှုကြောင့် သူရဲကောင်မလေး ဖြစ်လာနေပြီပေါ့ "
" ဟုတ်ပါတယ်၊ ဒါတော့ မငြင်းနိုင်ပါဘူး ထောင်မှူးကြီးက ထောက်ခံလိုက်သည်။
" ပြည်နယ် အုပ်ချုပ်ရေးမှူးကြီးသည် ဆေးပြင်းလိပ်ကို မီးညှိလိုက်ပြီး မှ ထောင်မှူးကြီးကို မေးလိုက်သည်။
" ခင်ဗျား ရဲ့ ထင်မြင်ချက် သဘောထား ပြောစမ်းပါဦး "
ထောင်မှူးကြီး က စကားလုံး ကို တစ်လုံးချင်းရွေးပြီး ဖြည်းဖြည်းသက်သာပြောလိုက်သည်။

" ဒီကိစ္စဟာ ကျွန်တော့်ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်နေတယ်ဆိုတာ ခင်ဗျား ကောင်းကောင်း သိပါတယ် ပြည်နယ်အုပ်ချုပ်ရေးမှူးကြီး၊ သူ အသက်ကယ်လိုက်တဲ့ကလေးဟာ ကျွန်တော့် သမီးပါ၊ ဒါပေမယ့် ဒီအချက်ကို ဘေးဖယ်ထားလိုက်ကြရအောင်၊ ထရေစီဝှစ်တနေဟာ ပြစ်မှုကျူးလွန်မယ့် လူစား မျိုး လို့ ကျွန်တော်မထင်ဘူး၊ သူ့ကို အပြင်လောက ကမ္ဘာကြီးထဲ ပြန်ပို့လိုက်ရင် လူ့အသိုင်းအ၀န်းကို အန္တ ရာယ် ပြုလိမ့်မယ်လို့လဲ ကျွန်တော် မယုံကြည်ပါဘူး၊ ဒီတော့ ခင်ဗျား သူ့ကိစ္စအပြစ်က လွတ်ငြိမ်း ချမ်းသာခွင့် ပေးသင့်တယ်လို့ ကျွန်တော် အခိုင်အမာထောက်ခံပါတယ်"
ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ဒုတိယသက်တမ်းအတွက် ဆက်လက် ယှဉ်ပြိုင် အရွေးခံတော့မည်ဟု မကြာမီ ကြေညာတော့ မည့် ဟာဘာသည် ထောင်မှူးကြီး စကားကို ကြားလိုက်ရသောအခါ မိမိအတွက်ပါ အကွက်ဆိုက် အမြတ်ထုတ်နိုင်မည့်အဖြစ်ကို သိမြင်လာသည်။ နိုင်ငံရေးတွင် အချိန်ကိုက် အခါသင့်ဖြစ်ဖို့ လိုသည်။

" အင်းလေ ... ဖြစ်သင့်ဖြစ်ထိုက်တာ ဖြစ်ရမှာပေါ့"
ယခင်က ထရေစီအပေါ် အထင်အမြင်မှားနေသော ထောင်မှူးကြီး ဇနီး ဆူးအယ်လင်သည်ပင် အမြင်မှန်ရ လာသည်။ သူ့ယောက်ျားနှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် ဆေးရုံ၌ ထရေစီကို သွားတွေ့ကာပြောသည်။
" ထရေစီ ... ရှင် ဆေးရုံကနေပြီး ကျွန်မတို့ အိမ်ကို ပြောင်းလာခဲ့နော်၊ အိမ်နောက်ဘက်မှာ အခန်းတစ်ခန်း အပို ရှိတယ်၊ ရှင်လဲ အေမီ ကို အချိန်ပြည့် ဂရုတစိုက် ထိန်းနိုင်တာပေါ့ "
" ကျေးဇူးပါပဲ ထောင်မှူးကြီးကတော် ရယ်၊ ကျွန်မလဲ သဘောကျပါတယ် "

ဆေးရုံတွင် တစ်ညနေပြီးနောက် ထရေစီသည် ထောင်မှူးကြီးအိမ်သို့ ပြောင်းနေသည်။ ထိုသို့ ပြောင်းနေ ခြင်း ဖြင့် ထရေစီ သည် ထောင်ထဲ၌ ည ၈နာရီ ပိတ်လှောင်ခံရသည့် ဒုက္ခမှ ကင်းရုံသာမက အေမီနှင့် ဆက်ဆံရေး ပါ ပိုကောင်းလာသည်။ အေမီက ထရေစီကို ပိုချစ် ပိုတွယ်တာလာသလို ထရေစီကလည်း အေမီ ကို ချစ်ခင်နှစ်သက် လိုလားစွာ ဆက်ဆံလာသည်။ ထရေစီသည် ထောင်မှူးကြီး မိသားစုဝင် တစ်ဦး လိုပင်ဖြစ်လာရ သည်။

သို့သော် ထရေစီသည် ထောင်ထဲသို့ ခဏတစ်ဖြုတ်ပြန်ရသည့်အချိန်များ၌ ဆွီဒင်မကြီးဘာသာ နှင့် မလွှဲ မရှောင်သာ တွေ့ရလေ့ရှိသည်။ တွေ့တိုင်းလည်း ဆွီဒင်မကြီးကပြောသည်။
" ညည်း သိပ်ကံကောင်းတဲ့ကောင်မလေး ပဲ၊ ဒါပေမယ့် ညည်းတစ်နေ့တို့ဆီ ပြန်ရောက်လာမှာပါအေ၊ ပျံလေ တဲ့ငှက်ခါး နားတော့ မှ သိစေ မယ်ဟေ့နော် "
ထိုမှ ရက်သတ္တသုံးပတ်ခန့်အကြာ တစ်နေ့တွင် ထရေစီနှင့် အေမီတို့ ထောင်မှူးကြီးအိမ်ရှေ့ ခြံဝင်းထဲ၌ ကစား နေစဉ် ထောင်မှူးကြီးကတော်က အိမ်ထဲမှ အပြေးကလေးထွက်လာသည်။
" ထရေစီ ... ထောင်မှူးကြီး ခုပဲ တယ်လီဖုန်း ဆက်တယ်၊ သူ့ရုံးခန်းကို ချက်ချင်းလာခဲ့ပါတဲ့ ... "

ထရေစီ ရုတ်တရက် လန့်သွားသည်။ သူမအား ထောင်မှူးကြီးအိမ်မှနေ၍ ထောင်ထဲသို့ ပြန်များပို့တော့မည် လား။ ဆွီဒင်မကြီး ကများ သူ၏အရှိန်အ၀ါသုံးပြီး ထိုသို့ဖြစ်အောင် အကွက်ဆင်လိုက်သလား၊ သို့မဟုတ် မိမိ နှင့် အေမီ သိပ်တွယ်တာနေ၍ ထောင်မှူးကြီးကတော်ကများ ခွဲရန် စီစဉ်လိုက်ပြီလား။ ထရေစီ အမျိုးမျိုး တွေးပြီး ပူမိလာသည်။
" ဟုတ်ကဲ့ - ကျွန်မ သွားလိုက်ပါ့မယ် ထောင်မှူးကြီးကတော် "
ထရေစီ ထောင်မှူးကြီးရုံးခန်းသို့ ၀င်သွားသောအခါ ထောင်မှူးကြီးက တံခါးဝတွင် ရပ်နေရာမှ လှမ်းပြော သည်။

" ကဲ ... လာ ... ထိုင် "
ထရေစီသည် ထောင်မှူးကြီး၏ စကားသံကို မူတည်ပြီး မိမိ၏ရှေ့ရေးအတွက် နိမိတ်ဖတ်ရန် ကြိုးစားကြည့် မိသည်။
" မင်းအတွက် ပြောစရာ သတင်းရှိလို့ "
ထောင်မှူးကြီး က စကားကို ရပ်လိုက်သည်။ ထောင်မှူးကြီး စိတ်လှုပ်ရှားပုံ ရနေသဖြင့် ထရေစီ နားမလည် နိုင်အောင် ဖြစ်နေသည်။ ထောင်မှူးကြီးက ဆက်ပြောသည်။
တို့ရဲ့ လူဝစ်စီယားနား ပြည်နယ် အုပ်ချုပ်ရေးမှူးဆီက အမိန့်တစ်ရပ် အခုပဲ ငါ့ဆီ ရောက်လာတယ်၊ မင်းကို အပြည့်အ၀ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အမိန့်ပဲ၊ အခု ချက်ချင်းကို လွှတ်ပေးလိုက်တာပဲ "  

အလို ... ဘုရားရေ ၊ တကယ်ပဲလားရှင် ... ဟု ထရေစီ စိတ်ထဲက ပြောလိုက်မိသည်။ သို့သော် သူမ ပါးစပ် ကမူ စကားတစ်လုံး မှ ထွက်မရအောင် ဖြစ်နေသည်။ ထောင်မှူးကြီးက ဆက်ပြောသည်။
" မင်း တစ်ခု သိစေချင်တာကတော့ မင်း အခုလို ထောင်ကလွတ်တာ ငါ့သမီးအသက်ကို မင်း ကယ်ခဲ့တဲ့  အချက်တစ်ချက် တည်းကြောင့် မဟုတ်ဘူး၊ ရိုးသားဖြောင့်မတ်တဲ့ နိုင်ငံသားတစ်ယောက် ပြုလုပ်ရမယ့် လုပ်ရပ်မျိုး ကို မင်းဟာ အသိစိတ်နဲ့ လုပ်ခဲ့တယ်၊ နောက်ပြီး မင်းဟာ လူ့လောက အသိုင်းအ၀န်းကို ဒုက္ခ ပေးမယ့် လူလို့ လဲ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး "
ထောင်မှူးကြီး က စကားကို ခေတ္တရပ်ပြီး ပြုံးလိုက်ပြီးမှ ဆက်ပြောသည်။

" အေမီကတော့ မင်းကို လွမ်းနေတော့ မှာပဲ၊ အေးလေ အတူတူပဲပေါ့ "
ထရေစီ ယခုအထိ စကားမပြောနိုင်သေးဘဲ ဖြစ်နေသည်။ အကယ်၍ အေမီသာ ရေမနစ်ခဲ့လျှင် ထောင်မှူး ကြီး လူများသည် ထောင်ထဲမှ ဒိုဘီကားဖြင့် ထွက်ပြေးမည့် မိမိအား ဒေါင်းတောက်အောင် လိုက်ရှာနေရပေ တော့မည်။
" သန်ဘက်ခါ ဆိုရင် မင်း ထောင်က လွတ်မယ် "
" ကျွန် ... ကျွန်မ ... ဘာပြောရမယ်ဆိုတာတောင် မသိတော့ပါဘူး ရှင်ရယ် "
" တကယ်တော့ မင်း ဘာမှ ပြောစရာမလိုတော့ပါဘူးကွာ။ ဒီမှာရှိတဲ့လူအားလုံးက မင်းအတွက် ဂုဏ်ယူနေ ကြတာပါ၊ မင်း အပြင်လောကမှာ တကယ်ကောင်းတဲ့ အလုပ်ကြီးတွေ လုပ်လိမ့်မယ်လို့ တို့ ဇနီးမောင်နှံက မျှော်လင့် ထားပြီးသားပါ "

ဟုတ်ပါသည်။ သူမ ထောင်မှလွတ်ပါပြီ။ ထရေစီသည် အားအင်ကုန်ခန်း ချည့်နဲ့သွားသလို ဖြစ်သွားရ၍ ကုလားထိုင် လက်တန်းနှစ်ခုကို မြဲမြဲဆုပ်ကိုင်ကာ အားပြုထားလိုက်ရသည်။ သူမ နောက်ဆုံးအားယူပြီး စကား ပြောလိုက်သည်။ သို့သော် သူမ အသံက ပြတ်သားလှသည်။
" ကျွန်မမှာ လုပ်ချင်တာတွေ အများကြီး ရှိပါတယ် ထောင်မှူးကြီး "
ထရေစိအဖို့ ထောင်ထဲတွင် နောက်ဆုံး နေရသောည၌ ထောင်ကျ မိတ်ဆွေဟောင်း တစ်ဦး သူ့ထံ ရောက် လာသည်။
" ရှင် နက်ဖြန် လွတ်တော့မယ်နော် "
" ဟုတ်ပါတယ် "

ထရေစီက ဘက်တီဖရန့်စစ်ဆိုသော အမျိုးသမီးကို ပြောလိုက်သည်။ သူမသည် အသက် ၄၀-ခန့်ရှိပြီဖြစ် သော် လည်း ဆွဲဆောင်မှု ရှိတုန်းပင်ဖြစ်သည်။
" တကယ်လို့ ရှင် အပြင်မှာ အကူအညီလိုမယ်ဆိုရင် ရှင် သွားတွေ့သင့်တဲ့ လူတစ်ယောက် နယူးယောက် မှာ ရှိတယ်၊ သူ့နာမည် က ကော်နက်မော်ဂန် တဲ့ "
သူမက ထရေစီလက်ထဲ သို့ စာရွက်အပိုင်းအစကလေးတစ်ခုကို ထိုးထည့်လိုက်ပြီးပြောသည်။
" သူက ရာဇ၀တ်ပြစ်မှု ပြုပြင်ရေးသမားပါ၊ ထောင်ကျဖူးတဲ့ လူတွေကို အကူအညီပေးချင်နေတဲ့ လူပါ "
" ကျေးဇူးပါပဲ၊ ကျွန်မ သူ့ အကူအညီ လိုမယ် မထင်ပါဘူး "

" တစ်သက်လုံး မလိုဘူး လို့ ရှင် ဘယ်ပြောနိုင်ပါ့မလဲ၊ အဲဒီလိပ်စာလေးကိုသာ လိုရမည်ရ သိမ်းထားပါ "
ထို့နောက် နှစ်နာရီ အကြာတွင် ထရေစီသည် ထောင်ဘူးဝမှ ထွက်လာခဲ့သည်။ သူမအား အသင့် စောင့်ကြို ရိုက် နေသော ရုပ်မြင်သံကြား ကင်မရာများရှေ့မှဖြတ်ပြီး လျှောက်သွားသည်။
စောင့်ကြို မေးမြန်းကြသော သတင်းထောက်များကိုလည်း တစ်လုံးတစ်ပါဒမှ ပြန်မပြောပေ။

သို့သော် အေမီက သူ့မိခင်လက်ထဲမှ ရုန်းထွက်လာပြီး ထရေစီထံ ပြေးလာသောအခါ ထရေစီကလည်း ပြေးပြီး ဆီးကြိုကာ နှစ်ယောက်သား အားရပါးရ ဖက်လိုက်ကြသည်။ ပွေ့ယမ်း နမ်းရှုံ့လိုက်ကြသည်။ ရုပ်မြင် သံကြား ကင်မရာများက ထိုအကွက် ကို မိမိရရကြီး ရိုက်ယူကြသည်။ ထိုနေ့ ညနေပိုင်း သတင်းများ တွင် ထိုပြကွက်သည် ကြည့်ရှုရသူ ပရိသတ်ကို ဘ၀င် အခိုက်စေဆုံးသော ပြကွက်ပင်ဖြစ်သည်။
လွတ်လပ်မှု ဟူသည် ထရေစီအတွက် စိတ်ကူးယဉ်စကားလုံး မဟုတ်တော့ဘဲ လက်တွေ့ ခံစားရသော အရ သာ ဖြစ်လာသည်။ သူမအဖို့ လွတ်လပ်ခြင်း၏ အရသာများကား လေကောင်း လေသန့်ကို တ၀ကြီး ရှူလာရသည်။ ကိုယ်ပိုင် လွတ်လပ်မှု ရှိလာသည်။ ထမင်းစားရန် တန်းစီပြီး သွားစရာ မလိုတော့၊ ထမင်းစား ခေါင်း လောင်းသံကိုလည်း နားစွင့်စရာ မလိုတော့ ရေနွေးဖြင့် ရေချိုးပြီး ဆင်ပြာမွှေးဖြင့် ကိုယ်လက် သန့်စင် နိုင်ပြီ။                                                                 

လှလှပပ ၀တ်ပြီး ခွာမြင့်မြင့် ဒေါက်ဖိနပ်ကို စီးနိုင်ပါချေပြီ။ ဆွီဒင်မကြီးဘာသာ လက်မှလည်း လွတ်ခဲ့ပြီး ဂိုဏ်းဖွဲ့ အနိုင်ကျင့်သူများနှင့်လည်း ဝေးခဲ့ပြီ။
ယခုအခါ မိမိကို အန္တရာယ်ပြု ခြိမ်းခြောက်မည့်သူ မရှိတော့။
မိမိအစီအစဉ်ကို အကောင်အထည်ဖော်ရန် လွတ်ပြီကျွတ်ပြီ။

ထရေစီ ထောင် မှ လွတ်လာသည့် ရုပ်မြင်သံကြားသတင်းကို သူမ၏ချစ်သူဟောင်း ချားလ်စတန်ဟုပ်သည် ဖီလဒယ်ဖီးယားမြို့ရှိ သူ့အိမ်မှနေ၍ တွေ့မြင်နေရသည်။ ထရေစီ ချောတုန်းလှတုန်းပဲ ဟု ချားလ် စိတ်ထဲမှ ကောက်ချက် ချလိုက်မိသည်။ သူမ ကို ကြည့်နေရင်းမှ ထရေစီသည် အပြစ်မကျူးလွန်ခဲ့ဘဲ အပြစ်ကျ ခံခဲ့ရ သည်မှာ ဖြစ်နိုင်သည် ဟု ချားလ်တွေးမိလာသည်။ အခန်းထဲရှိ ဆိုဖာတစ်လုံးတွင်ထိုင်ပြီး သိုးမွှေး ထိုး နေသော သူ၏ပုံစံကျ ဇနီး ကို လှမ်းကြည့်လိုက်သည်။ ငါ့လုပ်ရပ် မှားခဲ့ပြီလောဟု ချားလ် သူ့ ကိုယ်သူ စိတ်ထဲ မှ ပြန်မေးလိုက်မိသည်။

အသက်အာမခံ ကုမ္ပဏီများ အကာအကွယ်ပေးရေးဌာန မှ စုံထောက် ဒင်နီရယ်ကူးပါးသည် နယူးယောက် မြို့ရှိ သူ၏တိုက်ခန်းတွင် ထရေစီထောင်မှ လွတ်လာသည့် သတင်းကို ရုပ်မြင်သံကြားဖြင့် ကြည့်နေသည်။ ထရေစီ ထောင်မှ လွတ်လာခြင်းသည် သူ့အဖို့ မည်သို့မျှ ထူးခြားသွားခြင်းမရှိပါချေ။ ကြည့်နေသော ရုပ်မြင် သံကြား ကို ပိတ်လိုက်သည်။ ထို့နောက် သူရေးလက်စ ဖိုင်တွဲကို ဆက်ရေးသည်။
 
ထရေစီဝှစ်တနေ ထောင်မှ လွတ်သည့် သတင်းကို ဂျိုးဇက်ရိုမာနို ရုပ်မြင်သံကြားမှမြင်ရသောအခါ အားရ ပါးရ အော်ရယ်သည်။
" ဒီကောင်မလေးဟာ အတော်ကံကောင်းတဲ့ ဟာမလေးပဲ၊ ထောင်ရဲ့ အရသာတော့ သူ ကောင်းကောင်းသိ သွားလောက်ရောပေါ့၊ အခုလောက်ဆို အလျင်ကထက်တောင် ပိုများလှနေမလား မသိဘူး၊ အင်း ... တစ်နေ့တော့ ပြန်တွေ့ကြရသေးတာပေါ့ကွာ " ရိုမာနို က တစ်ယောက်တည်း တိုးတိုးညင်းညင်း လေး ပြောလိုက်သည်။

ရိုမာနိုသည် ထရေစီကိစ္စနှင့် ပတ်သက်၍ သူ့ကိုယ်သူ ကျေနပ်နေမိသည်။ ထရေစီ ခိုးယူသွားပါသည်ဟု သူ အကွက်ဆင်ထားသော ပန်းချီဆရာကြီး ရေနွားရေးဆွဲသည့် ပန်းချီကားကို သူ့ လက်အောက်ခံ မြေအောက် လူဆိုးဂိုဏ်း သို့ ပို့လိုက်သည်။ ထိုမှတစ်ဆင့် ဇူးရစ်မြို့ရှိ ပုဂ္ဂလိက ပန်းချီကား စုဆောင်းသူတစ်ဦးက ၀ယ်သွားရာ ဒေါ်လာ နှစ်သိန်းရလိုက်ရသည်။ ထို့ပြင် တရားဝင် လောကဒ် ပန်းချီကား ပျောက်သွားသဖြင့် အာမခံ ကုမ္ပဏီမှလည်း အာမခံကြေး ဒေါ်လာ ငါးသောင်းရရှိလိုက်သေးသည်။
ရိုမာနိုသည် ထိုရသမျှငွေများကို သူ့ဆရာကြီး အန်တိုနီအော်ဆက်တီနှင့် ခွဲယူသည်။ ရိုမာနိုသည် ဆရာကြီး အော်ဆက်တီ ကို မကျောရဲပေ။ အော်ဆက်တီအား လက်တစ်လုံးကြား ကျောသွားသူတို့ ဘယ်သို့ဘယ်ပုံ ဖြစ်ရသည် ကို နမူနာများ သူ တွေ့ရပြီးဖြစ်သည်။
*
ဆက်ရန်
.

No comments: