"ငါလည်း မသိဘူး၊ တို့ဒီမှာနေရင် ပိုချမ်းမယ်၊ ရှေ့ချုံတောလား... ကျောက်ဆောင်ကြီးတွေလား၊ မည်းမည်း မြင် ရတယ်၊ အဲဒီသွားရအောင်...လာ"
အောင်တိုင်က လက်ဆွဲခေါ်လိုက်သောအခါ ကောင်မလေးက အလိုက်သင့်ပါ၏။ ချုံဖုတ်လား၊ ကျောက်တုံးလား မသိ၊ မဲမဲသဲသဲ မြင်ရာသို့ ပြေးလျှောက်လာကြ၏။ ကောင်မလေးက အမှောင်ထဲမှာ တစ်ချက် နှစ်ချက် ခလုတ်တိုက်၍ လဲ၏။ အောင်တိုင်ကအတင်းဆွဲပြေးလာသည်။
"လှိုင်းလုံးကြီး တွေတော့ မမြင်ရတော့ဘူးနော်"
"အင်း...လှိုင်းအော်သံလည်း မကြားရတော့ဘူး။ လေတိုက်လည်းမပြင်းတော့ဘူး။ မုန်တိုင်း စဲတော့မယ်"
ကောင်မလေး က ရှိုက်ငိုလာသဖြင့် မငိုပါနဲ့ဟာ၊ တို့မသေတော့ပါဘူး။ မုန်တိုင်း စဲသွားပါပြီဟု အောင်တိုင် က လူတတ်ကြီးလုပ်၍ ပြောရ၏။
"ငါထမင်းဆာတယ်"
"ညက နင်မစားခဲ့ရဘူးလား"
"ထမင်းစားနေ တုန်း ရေ၀င်လာလို့ ဘာမှ မစားခဲ့ရဘူး၊ ထမင်းအိုး ပန်းကန်ပြားတွေ ရေထဲပါသွားတယ်"
သူနှင့်စာလျှင် ညနေ က ထမင်းစားခဲ့ရသည်ကို အောင်တိုင်မှတ်မိသည်။ ဦးကြီးရှိန်တို့ အိမ်မှာ၊ သို့သော် ဘယ်နှရက် ကြာပြီလဲတော့ သူမသိ၊ မနေ့ညနေကလား၊ ကြာပြီလား၊ တွေးမရ၊ အိပ်မက်မြင်သလို ဖြစ် နေသည်။
သူတို့ စောစောကမြင်ခဲ့ရသည်မှာ ကျောက်တုံးကြီးမှန်း သိသာ၏။ အနားရောက်သည်နှင့် နွေးသွားသည်။ အပေါ် တွင် အခိုးတွေ တရိပ်ရိပ်တက်နေသည်ကိုလည်း အမှောင်ထဲမှာ မြင်နေရသည်။
"ဒီဘက်လာဟာ၊ ဒီဘက်က လေကွယ်တယ်၊ မိုးပေါက်လည်း မကျဘူး"
အောင်တိုက် က ကောင်မလေး ကို လက်ဆွဲပြီး ကျောက်ဖျာအောက် တစ်ခု ထဲ ၀င်လာ၏။
"ကျောက်တုံးကြီး က ပူနေတယ်ဟ"
ကျောက်တုံး ကို စမ်းမိ၍ ကောင်မလေးက အားရပါးရ အော်လိုက်၏။
အောင်တိုင် စမ်းကြည့်သည်။ ကျောက်တုံးကြီးသည် အမှန်ပင် ပူနွေးနေ၏။
"ဟုတ်တယ်ဟ၊ တို့ ဟန်ကျပြီ၊ ကျော်တုန်းနဲ့ ကျောက်တုံး ကပ်ထားရအောင်"
စကား မဆုံးခင်ပင် ရှိန်ရှိန် ရှိန်ရှိန် နှင့် အပူငွေ့ပြန်နေသော ကျောက်တုံး နှင့် အောင်တိုင် ကျောကပ်မိ ပြီးသား ဖြစ်သွား၏။
"ဟင်....ဒီဘက်က လောင်တောင်လောင်တယ်"
ကောင်မလေး ပြောသောဘက် ကို အောင်တိုင် က မှန်း၍ လက်နှင့် စမ်းကြည့်၏။ သူပြောသလောက် တော့ မဟုတ်၊ သို့သော် အောင်တိုင် ကျောကပ်ထားသော ဘက်ထက် နွေးထွေးသည်မှာတော့ အမှန်ပင်။
"တွေ့တယ် မဟုတ်လားဟင်" ဟု ပြောပြီး ကောင်မလေးက အောင်တိုင် ကို ဖက်ဆွဲထား၏။
အင်း...... ဟုပြောကာ အောင်တိုင် ကောင်မလေးကို ပြန်ဖက်ပြီး ကျောကပ်ထားလိုက်၏။ ကောင်မလေး ကိုယ်က ပိုနွေး လာသည်။ ကျောက်တုံး က အပူရှိန်ကြောင့် သူကိုယ်လည်း ပူနွေးလာ၏။
"င့ါ အဖေ တော့ သေပြီနဲ့တူတယ်"
ကောင်မလေး က တအိအိငိုလာပြန်သည်။ အောင်တိုက်လည်း ငိုချင်လာပြန်၏။ ရင်ထဲဆို့လာမိသည်။
"ငါထွက်ပြီး အမေအဖေ တို့ကို ခေါ်ကြည့်ရင် ကောင်းမလားမသိဘူးဟ၊ အဖေက ရေကူးသိပ်တော်တာ၊ ပင်လယ်ထဲမှာ အကြာကြီးနေနိုင်တယ်တဲ့။ လိပ်ထိုးငါးထိုးလည်း တော်တယ်၊ ငှက်သိုက်လည်း ရှာနိုင်တယ်။ အဖေ တော့ သေမှာမဟုတ်ဘူး၊ အမေ ကလည်း ဆလုံ၊ အမေ့ကို မွေးတာတောင် ရေထဲကလှေပေါ်မှာ မွေးတာ တဲ့၊ ငါ့ကို အမေကပြောပြဖူး...."
"အင်္ကျီတွေက ရေစိုနေရင် ချမ်းတယ်၊ အကျီင်္ချွတ်ပြီး ကိုယ်ကို ကျောက်တုံးနဲ့ ကပ်ထားရအောင်၊ အင်္ကျီကို ရေညှစ်ပြီး ကျောက်တုံး နဲ့ ကပ်ထားရင် ခြောက်သွားမှာပဲ၊ ဖယ်ဟယ်...၊ အကျီင်္ချွတ်မယ်"
အောင်တိုင် ပြောနေသော စကားကို ကောင်မလေးက စိတ်မ၀င်စား၊ သူဘယ်လို ဘယ်လိုတွေးပြီး စိတ်ကူး ပေါက်သွားသည် မသိ။ အောင်တိုင်ကို ဖတ်ထားရာမှ ခွာသွား၏။ အကျီင်္ရေညှစ်သံ ကြားရသည်။
ကိုးနှစ်ဆယ်နှစ်အရွယ် အောင်တိုင်က အင်္ကျီဘောင်းဘီချွတ်ရမှာ အမှောင်ထဲမှာပင် ရှက်နေသလို။ ကောင်မလေး ပြောသလို သူ့အင်္ကျီကို အပေါ်သို့ ပင့်တင်၍ ကျောကုန်းကို ကျောက်တုံးနှင့် ကပ်ထား ကြည့်၏။ အမှန်ပင် ပို၍နွေးသွား၏။ သူ့အင်္ကျီကို ချက်ချင်း ချွတ်လိုက်သည်။ ရေညှစ်ပြီး ကျောက်တုံး တစ်နေရာ တွင် ဖြန့်၍ကပ်ထားလိုက်သည်။ ဘောင်းဘီကို ချွတ်ရန် သူဝန်လေးနေ၏။ ကောင်မလေး ဘက် လှန်းကြည့်သည်။ တစ်ကိုယ်လုံး မီးသွေးလို မည်းမှောင်နေ၏။ အရိပ်သာ မြင်ရ၏။ သူ့ဘောင်းဘီတိုလေးကို ချွတ်နေစဉ် ဟင်....ဟင်...ဟု အသံပြုကာ ကောင်မလေး သူ့အနားရွှေ့လာ၏။ နွေးတယ်နော်... င့ါအကျီင်္ တော့ အတော်ကြာ ခြောက်သွားမှာပဲဟု ပြောပြီး သူ့ကို လာဖက်ထား၏။ အောင်တိုင်ငြိမ်နေရ၏။ ကျောက်တုံးကြီး ဘာကြောင့် ပူနွေးနေပါလိမ့်ဟု သူတွေးနေသည်။
သည်နေရာကို လှိုင်းရေ တို့ တက်ခဲ့ပုံမရ၊ မိုးဦးလေဦးတွင် ကျောက်တောင်တို့ အခိုးအငွေ့ တလူလူ ထွက်သည် ကို သူမြင်ဖူးသည်။ သူ့အဖေကို မေးကြည့်သောအခါ နေပူထားလို့ ရေစိုရင် တောင် တို့ ကျောက်ကြီး တို့ အခိုးပြန်တယ် ဟု ပြောဖူး၏။ ယခုလည်း မမျှော်လင့်ဘဲ လေမုန်တိုင်းကျသဖြင့် ဤကျောက်တုံးကြီး က အခိုးပြန်နေသည် ဟု တွေးနေမိသည်။
ကောင်မလေး က သူ့ကိုဖက်ရင်း အိပ်ပျော်သွားသည်။ အိပ်မက်ထဲမှာရှိုက်နေ၏။ ပါးစပ်ကလည်း ကယောင်ကတမ်း တွေ ပြောနေသည်။ သူလည်း ငိုက်မျဉ်းအိပ်ပျော်စ ပြုလာ၏။
အနောက်ဘက် တောင်ပင်လယ်ဘက်ကို အဖေနှင့်အတူ သူရောက်သွားသည်။ အဖေက ကျောက်တောင် တွေပေါ် တက်၍ ငှက်သိုက်ဆေး ရှာနေ၏ သူက တောင်ခြေရင်းတွင်ထိုင်၍ ကပ္ပလီပင်လယ်ပြင်ကို ငေးကြည့် နေသည်။ မိုးနှင့်ထိနေသော ပင်လယ်နက်ဆီမှ လှိုင်းလုံးကြီးတွေ လာနေကြသည်။ အိမ်လုံး တွေထက် ကြီးသည်။ ဦးကြီးရှိန်တို့ အိမ်ဘေးက လေခံကျောက်ဆောင် ကြီးတွေထက်ပင် မြင့်သည်။
လှိုင်းအူသံနှင့် တရှဲရှဲမြည်သံတို့နားထဲ ဆူညံလာသည်။ လေနှင့်လွင့်လာသော သဲပွင့်တို့ ကိုယ်ပေါ် လာထိသည်။ တစ်ကိုယ်လုံး ကျိန်းစပ်သွား၏။ လွင့်ပါနေသော သဲပွင့်ထဲတွင် ၀င်ကစွပ်ကောင်များ ပြေး လွှား လာနေ ကြသည်။ တစ်ဆယ့်ရှစ်ခေါဘဏီသော ဒီဝီဇံ တပ်မဦးမှ အကောင်ကြီးများသည် သူ့ လက်သီးဆုပ် လောက်ရှိ၏။ တချို့အပြင်ဝတ်အခွံပင် ပါမလာကြ၊ ခရုခွံကြီး တစ်ခွံကို မနိုင်မနင်း ချီမ သယ်ထမ်း လာသော ၀င်ကစွပ်ကြီးတစ်ကောင်ကို သူလှမ်းကောက်လိုက်သည်။ အဖေ့ကို ပြရန် ပြေးလာ၏။ အဖေ တက်သွားသော ကျောက်တောင်အမြင့်ကြီးကို သူ တွားတက်နေရသည်။ ရေငတ်လာ၏။ နှုတ်ခမ်းကို လျှာနှင့်လျက်သည်။ ၀င်ကစွပ်ကြီးက သူ့နှုတ်ခမ်းကို ကိုက်၏။ လန့်ပြီး သူလွှတ်ချလိုက်သည်။ ကျောက်ဆောင် ပေါ်က လက်လွတ်၍ သူကျသွား၏။ ရင်ထဲ အေးခနဲ ဖြစ်သွားသည်။ လန့်၍ အော်လိုက် မိသည်။
"ဟင်....ဘာလဲဟ...ဘာလဲ....ဘာလဲ"
ကောင်မလေးက ပါ လန့်အော်၍ သူ့ကိုဖက်ထားသည်။ သူလက်ခြေ တို့ကို ခါပစ်လိုက်သည်။
"ဘာကောင်တွေ လဲ မသိဘူး"
သူရုတ်တရက် ထထိုင်လိုက်သောအခါ ကောင်မလေးပါ ထိုင်မိပြီးသား ဖြစ်သွား၏။
"ဘာဖြစ်တာလဲ"
"အိပ်မက်မြင်တာ
"လန့်လိုက်တာဟာ"
"ငါ ရေငတ်လိုက်တာ၊ ရေသောက်ဦးမယ်"
"မိုးစဲသွားပြီ ဟ၊ မုန်တိုင်းလည်း စဲသွားပြီ၊ ဟေး ..."
ကောင်မလေး က ၀မ်းသာအားရ အော်ပြောသည်။
အောင်တိုက် ရှေ့သို့အနည်းငယ် တွားသွားလိုက်၏။ ကောင်မလေးကလည်း လိုက်လာသည်။
"ဟာ.... ဘာကောင်တွေလဲဟ"
"ငါ လဲ နင်းမိတယ်"
အမှောင်ထဲတွင် အောင်တိုင်စမ်းကြည့်လို၏။ ခရုခွံ ပေါင်းခွံတွေကို ကောက်စမ်းမိသည်။
"၀င်ကစွပ် တွေဟ၊ သူတို့လည်း တို့လို မိုးလေခိုနေကြတာ"
လက်ထဲက အကောင်တွေကို အောင်တိုင် လွှင့်ပေါက်ပစ်လိုက်၏။ ဟုတ်တယ်၊ ကျောက်ကြားတွေ ထဲက ထွက်လာကြတာဟု ကောင်မလေးကလည်း ပြော၏။
အောင်တိုက် တကယ် ရေငတ်နေသည်။ တစ်ကိုယ်လုံး ချွေးစေးတွေ ပြန်နေ၏။ လုံးဝ မချမ်းတော့။
ကောင်းကင် သို့ မော့ကြည့်လိုက်၏။ ကြယ်တွေ အနတက္ကကို ဖိတ်ဖိတ်လက်၍ မြင်ရ၏။ ရေသောက်ချင်ခါမှ မိုးပေါက် တွေ ကျမလာတော့ပါလားဟု သူတွေးသည်။ ချုံတွေ၊ ကျောက်ဆောင် တွေကို ကြယ်ရောင် နှင့် ကွဲကွဲပြားပြား မြင်နေရ၏။ လေကလည်း လုံးဝမတိုက်တော့။ ချုံတွေပင် လုံးဝမလှုပ်တော့ဘဲ ငြိမ်နေ၏။
လူခေါ်သံ ကို ငါကြားရတယ် ဟု ကောင်မလေးက ဆို၏။ ဟုတ်လား ငါတော့မကြားမိဘူးဟု ပြောပြီး သူ နားစွင့် ၏။ ၀င်ကစွပ်ကောင် တွေ ကျောက်ကြိုကျောက်ကြားထဲက ထွားထွက်လာသံကိုသာ သူ့နားက ကြား နေရ၏။
"ဟုတ်ရဲ့လား ဟ၊ ငါတို့ ဘယ်နေရာ ရောက်နေကြလဲ မသိဘူးနော်"
"ဟုတ်ပါတယ်ဆို၊ နင်နားထောင်ပါလား"
ကောင်မလေး က ပြော၍ မတ်တတ်ရပ်လိုက်သောအခါ သူလည်း မတ်တတ်ရပ်လိုက်မိသည်။ မှန်၏။ လူတွေ အများကြီး အော်ခေါ်သံကို အဝေးကြီးက ကြားနေရသည်။ သဲသဲကွဲကွဲ မဟုတ်သော်လည်း လူသံတွေ မှန်း သိသာသည်။
"ဟုတ်တယ်ဟ..... တို့ အဲဒီဘက် သွားကြမယ် လာ"
သူက ၀မ်းသာအားရ ကောင်မလေးလက်ကို ဆွဲ၍ လူသံကြားရာဘက်သို့ ခြေလှမ်းရွှေ့၏။
"နေဦးဟ...ငါအင်္ကျီသွားယူဦးမယ်"
"အေး င့ါအကျီင်္ လည်း ရှိတယ်"
ကျောက်တုံးကြီးနားရောက်မှ ကောင်မလေးကို သူသေသေချာချာကြာ့်မိ၏။ ကောင်မလေး ကိုယ်သည် စောစောက မြင်ရသလို မည်းမှောင်မနေတော့။ ၀င်းဝင်းဖြူဖြူ အရိပ်ထင်နေသည်။ ကျောက်တုံးဘေးက အကျီင်္ ကို လှမ်းအဆွဲမှာ ကောင်မလေးက သူ့ကို နောက်ပြန် လှည့်ကြည့်သည်။ မျက်လုံးအစုံက အမှောင်ထဲ မှာ ၀င်းဝင်းတောက်နေ၏။
အင်္ကျီလည်း တကယ်ခြောက်သွားပြီဟ ဟုကောင်မလေးက ဆို၏။ အေး.....ဟုတ်တယ်ဟု သူပြောလိုက်၏။ ငါ့အင်္ကျီပေါ် မှာ ၀င်ကစွပ်တွေနဲ့ တူတယ်ဟု ပြောပြီးကောင်မလေးက သူ့အကျီ်င်္ကို တဖြန်းဖြန်း ခါ လိုက်သည်။ သူလည်း အကျီင်္ကို လိုက်ခါပြီး ၀တ်လိုက်၏။
လူသံကြားရာသို့ နှစ်ယောက်သား လက်တွဲ၍ လျှောက်ပြေးလာကြသည်။ အောင်တိုင် က အတင်း ဆွဲပြေးသော အခါ ကောင်မလေးက ငိုပြန်၏။
"င့ါကို မထားခဲ့ပါနဲ့၊ ငါကြောက်တယ်"
"မထားခဲ့ပါဘူးဟ၊ တို့လူကြီးတွေနဲ့ တွေ့ရတော့မယ်"
"ငါထမင်း သိပ်ဆာတယ်"
အောင်တိုင် ဘာပြန်ပြောရမှန်းမသိ၊ ကောင်မလေးက သူ့လက်ကို တင်းတင်းဆွဲထား၍ တအီအီငိုပါလာ၏။
"လူကြီးတွေ နဲ့ တွေ့ရင် နင်စားရမှာပေါ့၊ ငါလည်းဆာတာပဲ၊ ဒါပေမဲ့ ငါမငိုဘူး"
"နင် က ယောက်ျားပဲ"
သြော်.... ဟုဆိုကာ အောင်တိုင်ပါးစပ်ပိတ်သွား၏။ ရုတ်တရက်ဘာပြန်ပြောရမှန်း မသိ။
"လူကြီးတွေနဲ့ တွေ့ရတော့မယ်၊ အမေအဖေတို့ကို တွေ့ရတော့မယ်၊ နင်ဝမ်းမသာဘူးလား၊ ကြားတယ် မဟုတ်လား၊ လူသံ တွေ က ပိုနီးလာပြီ"
"ငါသိတယ်၊ ငါအဖေနဲ့ မတွေ့ရတော့ဘူး၊ ငါမြင်လိုက်တယ်၊ ငါ့အဖေ လှိုင်းလုံး ထဲ ပါသွားတယ်"
"ငါတို့လည်း လှိုင်းလုံး ထဲ ပါလာတာပဲ မဟုတ်လား"
"ပင်လယ် ကို ပါသွားတာ ငါမြင်လိုက်တယ်"
အောင်တိုင် နှုတ်ဆိတ်သွားရပြန်သည်။
သူကပြောမှ ငါ့အဖေအမေတို့လည်း ပင်လယ်လဲ လှိုင်းလုံးနှင့် ပါသွားလေပလားဟု ၀မ်းနည်းသွားမိ၏။ အလိုလို အမေ နှင့် အဖေတို့ကို ခေါ်မိပြီးသား ဖြစ်သွား၏။
"အမေ....အမေရေ....အိုအမေ၊ အနိုင်း...."
ကျောက်တုံးကြီး တွေ ကွယ်သွားသောအခါ လူသံတွေ ပျောက်သွားပြန်သည်။ ကျောက်တုံးကြီးတွေကို လှည့်ပတ် လျှောက်လာကြ၏။ ချုံဖုတ်တွေကိုလည်း ရှောင်ကွင်း လာကြသည်။
လူသံတွေနှင့် နီးလာလေ အောင်တိုင်က အော်ခေါ်လေပင်။ သို့သော် အသံက ကျယ်ကျယ်မထွက် နိုင် တော့။
"နင်လည်း တစ်လှည့်အော်ခေါ်ဟာ..၊ ဒါမှတို့လာနေကြတယ်ဆိုတာ လူကြီးတွေ သိမှာပေါ့"
"ငါ မအော်နိုင်တော့ဘူး၊ လည်ချောင်းတွေ ကွဲနေပြီ၊ ထမင်းလည်းဆာတယ်၊ ရေလည်း တစ်ပေါက် လောက်ပဲ ရရ သောက်ချင်တယ်"
အရေးထဲ ခွေးကောင်မက ဟု အောင်တိုင်စိတ်ဆိုးသွားသည်။ သည်အတိုင်း သူ့ကို ဆွဲသွားနေရရင် လူကြီးတွေ နှင့် အတွေ့နောက်ကျမှာ သူကြောက်လာသည်။ သူရေသောက်ချင်နသည်မှာ ကြာပြီ။ ကောင်မလေး ပြောသလို ထမင်းလည်းဆာလာ၏။ ကောင်မလေးကို ပစ်ထားခဲ့မှဖြစ်မယ်ဟု သူတွေးမိ လိုက်သည်။ ရုတ်တရက် ကောင်မလေးဆွဲထားသော လက်ကို ဖြုတ်ချလိုက်၏။ အို ဟု ကောင်မလေးက ဆိုကာ လဲကျသွားသည်။
''ငါ့ကို မထားခဲ့ပါနဲ့၊ ငါကြောက်တယ်"
သူခြေလှမ်းတုံ့၍ နောက်ပြန်လှည့်ကြည့်နေ၏။ သူလည်း လူကြီးတွေအော်ခေါ်နေကြသံကို ကြားရာသို့ တစ်ယောက် တည်း ပြေးသွားရမှာ စိတ်ထဲက ကြောက်နေမိသလို ဖြစ်သွား၏။ စတ်တွေ ချောက်ချားနေ၏။ သရဲတစ္ဆေ တွေက များ ငါတို့ကို လူခေါ်သံယောင်ဆောင်ပြီး လိမ်ခေါ်နေတာလား။
နောက်သို့ လှည့်၍ ငေးနေမိ၏။
သူခြေလှမ်းသည် မည်မျှ သွက်မိလိုက်သည်မသိ။ သူကမူ ကောက်မလေးကို လက်တွဲဖြုတ်ရုံ သာဟု ထင်သော်လည်း ခြေလှမ်းနှစ်ဆယ်လောက် ကောင်မလေးနှင့် ဝေးနေသည်ကို သတိပြန်ရသည်။
မမီမကမ်း အော်ပြေး လာသော ကောင်မလေးကို ကျောက်တုံးကြီးတစ်တုံးနားက သူရပ်ကြည့်နေသည်။
ကောင်မလေး မျက်နှာကို ၀ါးတိုးဝါးတား မြင်ရ၏။ နီးလာသောအခါ မျက်နှာ မျက်နှာကိုပါ သဲသဲကွဲကွဲ မြင်ရသည်။ ကောင်မလေး မျက်နှာပေါ်မှာ မျက်ရည်တွေနှင့်၊ တစ်ညတာ အတူတကွ တစ်ယောက်ကို တစ်ယောက် အားကိုးနေခဲ့ရသူကို ပစ်ပြေးသွားရမှာ ရင်ထဲက တစ်မျိုးကြီး ဖြစ်သွား၏။ ကောင်မလေးသည် ယိုင်တိ ယိုင်တိုင်နှင့် သူ့လက်ကို လာကိုင်သည်။
"မိုးလင်းတော့မယ်၊ ဟိုမှာတွေ့လား"
ကောင်မလေးက သူ့ကိုယ်ကို ချည့်နဲ့စွာမှီ၍ ပြော၏။ အသံက မောလာသဖြင့် မပီသ။ ဟောဟဲ ဟောဟဲ အသံ တွေ ပါးစပ်ထဲက ဆက်မြည်နေ၏။ တစ်ကိုယ်လုံး လှုပ်ခါနေသည်။ တော်တော်နွမ်းနေပုံ ရ၏။
သူပတ်ဝန်းကျင်ဘယ်ညာကို သတိထား၍ ကြည့်မိသည်။ ကောင်းကင်တွင် ကြယ်တွေ မပျောက်ကွယ် သေးသော်လည်း အလင်းရောင်တွေက ပျံ့နေလေပြီ။ ပုစွန်ဆီရောင် သန်းနေသော တစ်ဖက်ကောင်းကင်၏ မိုးကုပ်စက်ဝိုင်း ဘက်ကိုလည်း မြင်ရသည်။ အရှေ့ဘက်ပါလားဟု သိလိုက်၏။ လူတွေ အော်ခေါ် နေကြသံတွေမှာလည်း ထိုဘက်ကပင်၊ ကျောက်ဆောင်တွေ ပင်လယ်ကဗွီးပင်တွေနှင့် ချုံဖုတ်တွေကိုပင် ကွဲကွဲပြားပြား မြင်လာရပြီ။
"ဟင်....တွေ့တယ်မဟုတ်လား"
အင်း ဟုသာ ပြောပြီး သူက ခြေလှမ်းရွှေ့၏။ အမေအဖေတို့ကိုလည်း ဆက်တိုက်အော်ခေါ် လိုက်သည်။
"အဖေ....အဖေရေ... ကျွန်တော်ဒီမှာ"
"အမေရေ ... ဗျိုးအမေ ...အနိုင်း"
သူ့အသံကလည်း မကျယ်နိုင်တော့။ အာခေါင်ထဲ ကွဲနေ၏။ လည်ချောင်းထဲမှာ နာကျင်နေသည်။ ကောင်မလေးက လက်ကို အတင်းဆွဲထားသဖြင့် တစ်ချက်တစ်ချက် သူ့အသံ ထစ်၍ ပြတ်သွားသည်။ မည်သူ့ ကို စိတ်ဆိုးရမှန်းမသိသော်လည်း သူ့အသံမထွက်တိုင်း အနီးကပ်ဆုံး ရှိနေသော ကောင်မလေး ကိုသာ စိတ်ဆိုးချင်နေသည်။ ထို့ကြောင့် နင်လည်း ခေါ်ဟာ ဟု ကောင်မလေးကို အော်ငေါက်ပစ်လိုက်၏။
ထားပစ်ခဲ့မှာစိုး၍ ကောင်မလေးက ကြောက်ကြောက်နှင့် သူ့အဖေကို တအားအော်ခေါ်၏။ သူ့အသံက ထွက်မလာ။ လည်ချောင်းသံနှင့် ရှဲရှဲ ရှဲရှဲမြည်နေ၏။ သို့သော် ကောင်မလေးလည်း ထိတ်ထိတ်လန့်လန့်နှင့် တအား ကျုံးအော်ခေါ်နေ၏။ လူကြီးတွေ ခေါ်သံက ပိုနီးလာသောအခါ သူတို့နှစ်ယောက်၏ ခြေလှမ်း မှာလည်း ပိုသွက်လာကြ၏။
"အဖေ .....အဖေ....အဖေအောင်သိုက်"
"အမေ....အမေ၊ အို.....အမေအနီုင်း"
"အဖေ...အဖေ အမ်းကူး၊ အမ်းကူး၊ အဖေအမ်းကူး"
အောင်တိုင်ကို လိုက်၍ ကောင်မလေးကလည်း တအားအော်ခေါ်၏။ ရှေ့က အောင်တိုင်လဲလျှင် ကောင်မလေး ကပါ အောင်တိုင့်ကိုယ်ပေါ် လဲ၏။ နှစ်ယောက်သား ဖေးမ၍ ထကြသည်။ လူကြီးသံတွေနှင့် ပိုနီး လာသောအခါ နှစ်ယောက်သား ၀မ်းနည်း၍ ဖက်ငိုနေကြပြန်၏။
အသံ ကလည်း မထွက်တော့၊ ခြေတွေ လက်တွေကိုလည်း ထင်သလိုသယ်၍ မရကြ၊ လူးလဲထ၍ အော်ခေါ် ငိုယို နေကြ၏။
သားရေ....သမီးရေ၊ အမေရေ... အဖေရေ၊ အကိုရေ၊ အစ်မရေ၊ ဦးလေးရေ....ဒေါ်လေးရေ၊ ဘကြီးရေ၊ ကြီးကြီးရေ နှင့် အမည်မျိုးစုံ အသံမျိုးစုံ အော်ဟစ်ခေါ်ဝေါ်နေကြသော လူသံများကို ပီပီသသ ကြားရလေ သူတို့ နှစ်ယောက်က လူတွေနှင့် ပိုတွေ့ချင်လေပင်။
အမည်မျိုးစုံ၊ အသံမျိုးစုံ အော်ခေါ်နေကြသော လူများ၏ အသံမှာလည်း မကျယ်လောင် နိုင်ကြတော့၊ ငိုကြွေး မြည်တမ်း ရုံသာသာ ညည်းညူထွက်ပေါ်လာကြသည်။
သူတို့ နှစ်ယောက် ကို အသံမျိုးစုံ အမည်မျိုးစုံ ခေါ်သံတွေက ၀ိုင်းပတ်ဆူညံနေကြသည်။ ကျောက်ဆောင်တန်းကြီးများ တစ်ဖက်ကလည်း ကြားရ၏။ ချုံဖုတ်စံပန်း တောထဲကလည်း ကြားရ၏။ ပင်လယ် ကဗွီးပင် အကြိုအကြားမှလည်း ကြားရ၏။ မိုးလင်းလာသည်နှင့်အမျှ အသံတွေကလည်း ပိုကျယ် လာ၏။
သားသမီး မိဘဆွေမျိုးများနှင့် တစ်ညမျှသာ ကွဲကွာသွားခဲ့ကြသည်နှင့် မတူဘဲ နှစ်ပေါင်းအရာ အထောင် ကွဲကွာနေကြသော လူတွေကို ခေါ်သံကဲ့သို့ ကြွေကွဲဆို့နင့်စွာ ထွက်ပေါ်လာနေကြသည်။
လူပေါင်းမြောက်မြားစွာ အော်ခေါ်နေကြသော အသံမျိုးစုံထဲတွင် သူ့နာမည် ခေါ်သံသဲ့သဲ့မျှကို အောင်တိုင် ကြား လိုက်ရ၏။ ရုတ်ခနဲ ခြေလှမ်းတန့်၍ နားစွင့်လိုက်သည်။
"သား ရေ လူလေး ...အောင်တိုင်....အောင်တိုင်"
ပီပီသသ ကြားလိုက် ရသည်။ နောက်သို့ ပြန်လှည့်၏။ ကျောက်တုံးကြီးနောက် က ဟု ထင်လိုက်၏။ ကျောက်တုံးကြီး ဘက် လှမ်းကြည့်လိုက်သည်။ ကျောက်တုံးကြီးနောက်ရှိ စံပန်းချုံ အစတွင်လည်း လူရိပ် တွေကို မြင်လိုက်ရ၏။
"အဖေ....အဖေရေ ....အောင်သိုက်....အို.....အဖေ"
"လူလေးရေ......သား....အောင်တိုင်"
တစ်ဖက်သို့ပြန်လှည့်လိုက်ပြန်၏။ သူစောစောက ထင်သောကျောက်တုံးကြီးဘက်က မဟုတ်။ သူ့နောက်ဘက်ရှိပင်လယ်ကဗွီးပင်ကြီးတွေ တောထဲကကြားရသည်။ အမေ့အသံကိုသာ မဟုတ်၊ အဖေ့အသံ ကိုပါ ပီပီသသ ကြားလိုက်ရသည်။ ထိုအချိန်၌ မိသားစုတစ်စု တွေ့ဆုံမိကြ၍ ငိုကြ ပြောကြသံ တွေကိုလည်း ပီပီပြင်ပြင် ကြားလိုက်ရပြန်သည်။
"အမေ......အဖေ....ကျွန်တော်ဒီမှာ.....အို....အဖေ.....အောင်သိုက်......အမေ ...အနိုင်း"
အောင်တိုင် က အားကုန်အသံကို ညှစ်၍ ပါးစပ်ကို လက်တစ်ဖက်နှင့် အုပ်ကာ အော်ခေါ်လိုက်သည်။ ကောင်မလေး က လက်တစ်ဖက်ကို ဆွဲထားသဖြင့် စိတ်တိုသွား၏။ လက်နှစ်ဖက်အုပ်၍ အော်ခေါ်ရလျှင် အသံ ပိုကျယ်မည် ထင်သည်။ လေတိုက်နေသော ပင်လယ်ကမ်းစပ်တွင် လူကြီးများဤသို့ တစ်ယောက် နှင့် တစ်ယောက် အော်ခေါ်ပြောကြသည်ကို သူမြင်ဖူးထားသည်။
ကောင်မလေး ကလည်း သိသွားပုံရ၏။ သူ့မျက်နှာကိုမော့ကြည့်ကာ သူကလည်း အားကျမခံ သူ့အဖေကို အော်ခေါ်နေပြန်သည်။
"အို......အဖေ....အမ်းကူး"
သို့သော် ကောင်မလေးအဖေ ပြန်ထူးသံကို မကြားရ။ အောင်တိုင်၏ မျက်စိထဲတွင် သူ့အမေနှင့် သူ့အဖေတို့ အော်ခေါ် ၍ တစ်ဟုန်ထိုး ပြေးလာနေကြသည်ကိုသာ မြင်လိုက်ရသည်။
ဤတစ်ခါတော့ သူ့စိတ်ကိုသူ ထိန်း၍မရတော့။ ကောင်မလေးဆွဲထားသော လက်ကို ဆောင့်ရုန်း တွန်းပစ် ခဲ့ကာ ရှေ့က ပြေးလာသော အဖေ၏ ရင်ခွင်ထဲ အော်ပြီး ရောက်သွားလေ၏။
"သား....သား... မငိုနဲ့၊ တိတ်တော့၊ အမေတို့အဖေတို့နဲ့ တွေ့ရပြီလေ၊ တိတ်...တိတ်...မငိုနဲ့"
မငိုနဲ့ ဟု ပြောသော အမေအဖေတို့၏ မျက်ရည်ကိုပင် မသုတ်မိ။ ကောင်မလေးဘက် လှည့်ကြည့်နေ၏။ မျက်နှာပေါ် မှာ မျက်ရည်စီးကြောင်းတွေ ယှက်ဖြာနေသည်။
"သူ ....သူ"
အောင်တိုင်က ဘာပြောရမှန်းမသိ၊ ညက သူ့နာမည်ကို ပြောဖူးသော်လည်း သူသတိမရတာ့။ သူ့အဖေကိုလည်း စိတ်ထဲ လုံးဝအမည်ဖော်မရ။ အမှတ်မေ့သွားသည်။ ကောင်မလေးကလည်း ရုတ်တရက် ဘာမှ ပြန်မပြော။ မှင်တက်မိနေ၏။ သူများ သားမိသားဖတွေ ပြန်တွေ့နေကြသည်ကို မြင်ပြီး ရုတ်တရက် ရင်ဆို့ သွားပုံရသည်။ မလှုပ်မချောက် ရပ်နေ၏။ အသေမျက်လုံးလို ငြိမ်ကာ မျက်တောင်ပင် မခတ်စိုက်ကြည့်နေ၏။
"သူ....သူ ...ညက သားနဲ့အတူ ...ကျောက်ကြီးတစ်လုံး ထဲ နေခဲ့ကြတာ....သူ...သူ့အဖေ.."
အောင်တိုင် ကို အဖေက သူ့အမေရင်ခွင်ထဲ ပစ်ထည့်လိုက်၏။ ပင်လယ်ကဗွီးပင်အောက်တွင် ငူငူကြီး မတ်တတ် ရပ်နေသော ကောင်မလေး ကို ရုတ်တရက် လှမ်းဆွဲဖက်ထားလိုက်၏။
"ဟင်....သမီး...သမီး .....ဘယ်သူလဲဟင်"
အဖေ မေးခါမှ ကောင်မလေးက တဝေါဝေါ ငိုတော့၏။
"ဟင်....သမီး...သမီး နာမည်"
"မေ...မေသူ"
မေသူဟု အဖေက သံယောင်လိုက်ရွက်သည်။ သိပံမရ။
"သမီး အဖေကော ဟင် သမီး"
စကား ပြန်မပြောနိုင်၊ တသက်သက်ရှိုက်၍ ငိုနေ၏။
"ဘိန်းစားကြီး လေ...အဖေ....တရုတ်"
အမေက သူ့ပါးစပ်ကို လှမ်းပိတ်လိုက်၏။ သူလည်း ရုတ်တရပ်နာမည်ဖော်မရ။ ရွာမှာ တရုတ် နှစ်ယောက် ရှိရာ ဘိန်းစားတရုတ်ဟုသာ သူကြားဖူးသည်။ သူကြားဖူးသည့် အတိုင်း ပြောရ၏။
"သမီးအဖေက ဦးအလျောင်နော် သမီး"
အဖေ့အမေး ကို ကောင်မလေးက ခေါင်းညိတ်ပြ၏။ အငိုကမူ မရပ်သေး၊ တရှုံ့ရှုံ့ရှိုက်နေ၏။
"ကဲလာ...လာ သမီး မငိုနဲ့နော် ..သမီးအဖေ ဆီ ဦးလေး ပို့ပေးမယ်"
"အဖေ သေပြီ၊ မရှိတော့ဘူး၊ အမ်းကူးကြီး သေပြီ"
ကောင်မလေးက အဖေ့ရင်ခွင်ထဲတွင် တအီအီငိုနေ၏။
"မသေပါဘူး သမီးရယ်၊ သမီးအဖေ အမ်းကူးကြီး မသေပါဘူး၊ တိတ်တိတ် ...ရွာရောက်ရင် သမီးအဖေနဲ့ တွေ့ရမှာ ပေါ့နော်"
"မရှိတော့ဘူး၊ အဖေမရှိတော့ဘူး....လှိုင်းလုံးကြီးနဲ့ ပါသွားပြီ၊ ဟီး.....ဟီး"
"မဟုတ်ပါဘူး သမီးရယ်၊ လှိုင်းလုံးနဲ့ ပါတိုင်း မသေပါဘူး၊ ဦးလေးတို့ အောင်တိုင်တို့လည်း လှိုင်းလုံးနဲ့ ပါတာပဲ။ သမီးလည်း လှိုင်းလုံး နဲ့ ပါလာတာပဲ မဟုတ်လား၊ မသေနိုင်ပဘူး"
"အမ်းကူးကြီး ကို သမီးမြင်လိုက်တယ်။ ပင်လယ်ဘက်ကို ပါသွားတာဦးရယ်....ပက်လက်မျော ပါသွားတာ"
အဖေ က ကောင်မလေးကို ပွေ့ချီ၍ မတ်တတ်ရပ်လိုက်၏။ အမေ က အောင်တိုင် ကို ကောက်ထမ်း လိုက်သည်။
နေခြည် ကို မျှော်ဦး တောင်ထိပ်ပေါ်၌ လှမ်းမြင်ရသည်။

၆။
ကောင်းကင်ပြင်တွင် မိုးသားတိမ်လိပ်ဆို၍ တစ်ဖဲ့တစ်စကိုမှ မမြင်ရတော့၊ ခါတိုင်းနေ့တွေထက်ပင် ကြည်လင် နေ၏။ မြူနှင့်မင်းလွင်ပျပျတို့ပင် မျှော်ဦး တောင်ခြေတွင် ရှင်းနေ၏။ ပင်လယ်ပြာလို စိမ်း၍ ကြည်နေ၏။ ညကလေမုန်တိုင်းတိုက်ခတ်သွားသဖြင့် ကောင်းကင်သည် ပို၍ သန့်ရှင်းနေ၏။
မျှော်ဦး တောင်ခြေရင်း တောအုပ်ထဲမှ သူတို့မိသားစု သဲချောင်းကုန်းတန်းသို့ ဆင်းလာကြသည်။ အဖေအမေ ညီအစ်ကိုမောင်နှမ ဆွေမျိုးတွေကို ရှာမရသေးသဖြင့် မျှော်ဦးတောင်ခြေက တောအုပ်ထဲတွင် အော်ဟစ် ငိုယို၍ မိသားစုအချို့ ကျန်နေကြသေး၏။ မိသားစု စုံစုံလင်လင် ပြန်တွေ့ကြ၍ ရွာဘက်သို့ သွားနေကြ သူများကိုလည်း ရှေ့တွင် မြင်နေရ၏။
လှိုင်းလေ နှင့် တင်ကျန်နေသော သဲမွမွပေါ်တွင် အမေအဖေတို့က တစ်လှမ်းချင်း တရွေ့ရွေ့ လျှောက် နေကြ၏။ သဲကျွံသည့်အပြင် အားအင်ကလည်း ကုန်ခန်းနေကြပြီဖြစ်သဖြင့် ခရီးကမတွင်လှ။ ခြေတစ်လှမ်း နှင့် တစ်လှမ်း ကို မနည်းအားခဲ၍ လှမ်းနေကြရ၏။ အောင်တိုင်ကို အမေက ကုန်းပိုးထား၏။ မေသူကို အဖေ က ကုန်းပိုးခေါ်လာသည်။ မနေ့က လှိုင်းလုံးကြီးတွေနှင့် တဝေါဝေါ အော်မြင်နေခဲ့သော သဲချောင်းထဲတွင် ယခုအခါ ရေဆို၍ တစ်စက် တစ်ပေါက်မှ မရှိတော့။ မုန်တိုင်းမတိုက်ခင် ရက်တွေက စပ်စပ်ရှိသော ရေများပင် ခန်းခြောက်နေ၏။ သဲဖို့သွား၍ အချို့နေရာတွင် ကုန်းပင်ပေါ်နေသည်။
သဲချောင်းမှအဆင်းတွင် ဆလုံကြီး ဦးဂျလားတို့မိသားစုနှင့် ဆုံကြ၏။ ဦးဂျလားသည် သဲခုံပေါ်က ၀င်ကစွပ်ခြေရာ တွေကို ငုံ့ကြည့်နေသည်။ အောင်တိုင်တို့ မိသားစုကို မြင်သောအခါ ခေါင်းမော့ ကြည့်သည်။
"ဘာထူးခြား လဲ၊ အစ်ကိုကြီးဂျလား"
"ထူးခြား ဆို အောင်သိုက်ရာ၊ ငါတို့ညံ့လို့ခုလို ရွာက ခွေးပြေးဝက်ပြေးထွက်ပြေးကြရတာကွ"
"ဟာ အစ်ကိုကြီးကလဲ..၊ ထွက်မပြေးရင် အကုန်သေကုန်ကြမှာပေါ့၊ တစ်ရွာလုံး ရေမြုပ်သွားတဲ့ ဥစ္စာ၊ ခုတောင် ဘယ်နှယောက် အဖိတ်အစဉ် ရှိလဲမသိသေးဘူး"
"အဲဒါ ပြောတာပေါ့ကွ၊ တို့ဘိုးဘွား တွေက မှာခဲ့တယ်။
ပင်လယ်ပြင် မှာ နေတဲ့ ဇ၀ဇီုးငှက်တွေ ကုန်းပေါ်ပြုံတက်လာရင် မုန်တိုင်းထမယ်၊ ပင်လယ်ကမ်းခြေ မှာနေတဲ့ ၀င်ကစွပ်တွေ တက်လာရင် ရွာရေမြုပ်မယ်ဆိုတာကို ကြိုတင်သိရမယ်တဲ့ကွ၊ ဟိုတစ်နေ့က ၀င်ကစွပ်ကောင် တွေ ရွာကို တက်လာကြတယ်။ ဒါပေမဲ့ ရွာရေမြုပ်မယ်ဆိုတာ သိတော့ သူတို့ရွာမှာ တစ်ညပဲ နားပြီး တောင်ခြေ က သစ်တောထဲ တက်သွားကြတာ မဟုတ်လား၊ အဲဒီနေ့က အမှန်မှာ သူတို့ နောက်လိုက်ပြီး မင်းတို့ ငါတို့ တောင်ခြေ ကို ရွှေ့နေကြဖို့ကောင်းတာ၊ သူတို့က ဘယ်နေရာ လှိုင်းရေ လွတ်မယ် ဆိုတာ သိကြတယ်ကွ၊ ခုကြည့်လေ မိုးလေကင်းပြီး အန္တရာယ်ရှင်းပြီ ဆိုတာလည်းသိရော ညတွင်းချင်းပင်လယ်ပြင်ကို ပြန်ဆင်းသွားကြတယ်။ ခြေရာပဲ ကျန်တော့တယ်၊ တွေ့တယ်မဟုတ်လား၊ မင်းတို့ငါတို့က မုန်တိုင်းထတာ သိတယ်။ လှိုင်းလာမှ ရေတက်တာသိတယ်။ သူတို့ က ငါတို့ထက် အများကြီး ကြိုတင်သိတာ။ နောက်ကိုမှတ်ထား၊ မင်းဆေး ပါသေးလား၊ ငါ့ကို တစ်ငုံ လောက်၊ ခံတွင်း ချဉ်လိုက်တာကွာ၊ တစ်ညလုံး ကိုယ့်ကိုယ်ကို ကျိန်ဆဲမိတယ်၊ ငါတို့ဟာ တိရစ္ဆာန်လောက်မှ အသိဥာဏ် မရှိပါလားလို့"
တံတွေးကို ပျစ်ခနဲ ထွေး၍ ဆလုံအမျိုးသားကြီးကဆို၏။ အောင်တိုင်၏အဖေကမူ ပါးစပ်အဟောင်းသားနှင့် ဆလုံကြီးဦးဂျလား မျက်နှာ ကိုသာ ငေးကြည့်နေသည်။ အမေသည် သူ့ခါးစီးကို ဖြေ၍ ဦးဂျလား ကို ဆေးရွက်ကြီး တစ်ငုံ စား လှမ်းပေးလိုက်သည်။
ဆက်ရန်
.
3 comments:
ကျေးဇူးတင်ပါတယ် မရွှေစင် နဲ့  မစစတို့ ရေ။ ဖိုးကျော့ရေးတာတွေကို သိပ်စိတ်ဝင်စားတယ်။ စိတ်လည်း မကောင်းဖြစ်ရတယ်။
အမကြီးရွှေစင်.........
မြန်မြန်လေးဆက်ပေးပါနော်
ဝတ္ထု လေးကိုဖတ်ရင် စိတ်မကောင်းဖြစ်ပေမယ့်
နောက်တစ်ခန်းကိုလည်း ဆက်ချင်သေးတဲ့သူပေါ့။
ဒီကနေ့မှ အပိုင်း-၃ လာဖတ်ဖြစ်တယ် ညီမရေ။
အပိုင်း-၄ ဆက်ဖတ်လိုက်အုံးမယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment