မြန်မာပြည်၏ အိုဟင်နရီ
စာရေးသူ သည် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ၀တ္ထုတိုများအနက် အမေရိကန် ဟာသ၀ိဇ္ဇာ အိုဟင်နရီ ၏ ၀တ္ထုတိုများကို စွဲစွဲလမ်းလမ်း ဖတ်ရှုခဲ့ဖူး၏။ သို့ဖတ်ခဲ့သည်မှာ အိုဟင်နရီသည် ၀တ္ထု အဆုံးသတ် စာကြောင်းတွင်မှ အလှည့် ကလေးနှင့် ဇာတ်သိမ်းတတ်သောကြောင့်ဖြစ်သည်။ အိုဟင်နရီ ၏ ၀တ္ထုတိုကလေးများကို ဖတ်သောအခါ၌လည်း ခံစားရလေသည်။ သုခလည်း အိုဟင်နရီ၏ နည်းမျိုးဖြင့် ၀တ္ထုအဆုံးတွင် အလှည့်ကလေးများ ထည့်သွင်း၍ အဆုံးသတ်ထား၏။ သို့သော် အိုဟင်နရီ၏ ၀တ္ထုများ ကို ဖတ်စဉ်အခါက ဟာသရသတစ်ခုတည်းကိုသာ အများဆုံး ခံစားခဲ့ရ၏။ သုခ၏ ၀တ္ထုတိုများကို ဖတ်ကြည့်သော အခါတွင်ကား ဟာသအရသာတစ်ခုတည်းမျှ သာမကသေး။ ကြည်နူးခြင်း၊ ထိတ်လန့်ခြင်း၊ ၀မ်းမြောက်ခြင်း၊ ရွှင်လန်းခြင်း စသော အထွေထွေအထူးထူး အရသာတို့ကို ခံစားရပေသည်။
ထိုမျှမကသေး။ အိုဟင်နရီရေးသားထားသော ၀တ္ထုတိုများမှ ဇာတ်ကောင်များသည် များသောအားဖြင့် အမေရိကန် လူလတ်တန်းစားများသာလျှင် အများဆုံးပါဝင်၏။ သုခ၀တ္ထုတိုများတွင်ပါဝင်သော ဇာတ်ကောင် များမှာကား ငွေငါးကျပ်သာ တတ်နိုင်သော တီဘီရောဂါရှိသူ၊ ကျောက်သွေးသမား ကိုတလုတ်ဖြူ၊ တရားသူကြီး ဦးကွန်းဇော်၊ အယ်ဒီတာ ကိုချစ်ထူး၊ ပွဲစား ဦးဘိုးဘ၊ တောသူကလေး စိန်ဥ စသည် အားဖြင့် ဇာတ်ကောင်အမျိုးမျိုး ပါဝင်လျက် ရှိနေသည်ကို တွေ့ရပေသည်။
ပြောင်မြောက်သော ၀တ္ထုတိုများကို အချိန်မှန်ထုတ်၊ စာနယ်ဇင်းများတွင် ထည့်သွင်းလိုက်သောအခါ၌ များ သော အားဖြင့် မေ့မေ့ပျောက်ပျောက်ဖြစ်၍ သွားတတ်ကြလေသည်။ ယခုကဲ့သို့ သတင်းစာတွင် သုခရေးခဲ့ သော ၀တ္ထုတိုများ ကို စာအုပ် တစ်အုပ်အဖြစ်ဖြင့် ထွက်ပေါ်လာအောင် ဖန်တီးလိုက်သည်မှာကား ၀မ်း မြောက်ဖွယ်ပင် ဖြစ်ပေသည်။ ပတ်ဝန်းကျင်ကို သုခ အဘယ်မျှ နှံစပ်အောင် ကြည့်ထောင့်အမျိုးမျိုးမှ သုံး သပ်ထားသည် ကို သိလိုပါက သုခ၏ ၀တ္ထုတိုများကို ဖတ်ရှုရန်ပင်ဖြစ်ကြောင်း။
တင့်တယ်
သုခမှတ်စုနှင့် ....
ဒဂုန် - ဦးထွန်းမြင့်
ဒဂုန် - ဦးထွန်းမြင့်
ကျွန်ုပ် အမှုထမ်းလျက်ရှိသော ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာနသို့ ၁၉၅၉-၆၀ ခုနှစ် လောက်က ဆရာ ဦးသုခ၏သား ဦးအောင်မြင့် (ယခုအောင်လံမြို့၊ စိုက်ပျိုးရေးဘဏ် မန်နေဂျာ) စာပြု ဆရာအဖြစ် ၀င်ရောက်အမှုထမ်းဖူးသည်။ ဦးအောင်မြင့်မှာ ကျွန်ုပ်နှင့် ခင်မင်ရင်းနှီးသူဖြစ်သဖြင့် တစ်နေ့ တွင် သူ၏ဖခင် ဆရာ ဦးသုခသည် စာတွေ ဖတ်ရင်း တွေ့ရသော မှတ်သားစရာ အရေအတွက် ဗဟုသုတ များကို ရေးမှတ်ထားကြောင်း၊ ပါဠိစာလုံးတွေ များစွာပါသဖြင့် ၄င်းတို့ကို စာလုံးပေါင်း မှန်မမှန် ကြည့်ရှု ပြင်ဆင်ပေးစေလိုကြောင်း ပြောလေသည်။
ကျွန်ုပ်က " ဟုတ်ကဲ့၊ အားတဲ့အခါ ကြည့်ရှုပြီး ပြင်ပေးပါမည်" ပြောလိုက်လေသည်။ ထိုအခါ ကျွန်ုပ်မှာ ဆရာ ဦးသုခ နှင့် သိကျွမ်းခြင်းမရှိသေးပေ။
နောက်တစ်နေ့တွင် ဦးအောင်မြင့်သည် ကပ်ထူဖုံး ဗလာစာအုပ်ဆယ်အုပ် ကျော်ကျော်ခန့်ကို ယူလာပြီး " တစ်နေ့ က ကျွန်တော် ပြောတာဟာ ဒါတွေပါပဲ "ဟု ဆိုကာ ကျွန်ုပ်ကို ပေးလေသည်။ စာအုပ်တွေကို မြင် လိုက်သော အခါ ကျွန်ုပ် အံ့အားသင့်သွားသည်။ ဦးအောင်မြင့် ပြောစဉ်က သူ့ဖခင်သည် စာအုပ်တွေကိုဖတ် ရင်း တွေ့ရသော မှတ်သားစရာများကို ရေးမှတ်ထားသည်ဟု ဆိုသဖြင့် အလွန်ဆုံးကပ်ထူဖုံး ဗလစာအုပ် လေးငါးအုပ်လောက် ရှိလိမ့်မည်ဟုထင်ရာ ယခု ဦးအောင်မြင့် ယူလာသော စာအုပ်များမှာ ဆယ်အုပ် မကပင် ရှိနေသဖြင့် များလှချည်လားဟု တွေးလိုက်မိသည်။ ထို့နောက် မှတ်စုစာအုပ်များကို ဆွဲယူပြီး လှန်လှော် ကြည့်ရာ စာအုပ်အမျိုးမျိုးထဲက မှတ်သားစရာ ဗဟုသုတ အမျိုးစုံရေးမှတ်ထားသည်ကို တွေ့ရ သဖြင့် " ခင်ဗျား အဖေဟာ စာတွေ အများကြီး ဖတ်ထားပါကလား၊ အမှန်ပြောရမယ်ဆိုရင် ကျွန်တော် တို့တောင် ဒီဌာနမှသာ အလုပ်မလုပ်ရင် ဒါလောက် စာအုပ်များများ ဖတ်ဖူးမှာ မဟုတ်ဘူး"ဟု ပြောလိုက် မိလေသည်။
ပြောလည်း ပြောလောက်ပါပေသည်။ မှတ်သားထားချက်များမှာ ဘာသာရေး ကျမ်းများကလည်း ပါသည်။ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်းများကလည်း ပါသည်။ ရာဇ၀င်သိုင်းစာအုပ်များကလည်းပါသည်။ မြန်မာစာပေနှင့်ဆိုင်သော စာအုပ်များကလည်းပါသည်။ ဓမ္မသတ်ရာဇသတ်ဖြတ်ထုံးကျမ်းများကလည်းပါ သည်။ ပါဠိ သဒ္ဒါကျမ်း၊ မြန်မာသဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း၊ ၀ိနည်းဆိုင်ရာကျမ်းများကလည်း ပါသည်။ မည် သည့်ကျမ်းက ရေးမျတ်ထားသည်ဟု မပြောတတ်သော မှတ်စုများကိုလည်း တွေ့ရသည်။
ကျွန်ုပ်သည် ထိုအခါက ဆရာ ဦးသုခကို မတွေ့ဖူး မသိဖူးသေးသော်လည်း ဆရာ ဦးသုခရေးသည့် ၀တ္ထု များ၊ ဆောင်းပါးများကိုကား ဖတ်ဖူးနေပြီဖြစ်သည်။ ဆရာ ဦးသုခရိုက်သော ရုပ်ရှင်ကိုလည်း အတော်အတင့် ကြည့်ဖူးသည်။ ဆရာ ဦးသုခ၏ စာကို ဖတ်ရတိုင်းလိုလိုပင် နှစ်သက်သည်။ ဆရာ ဦးသုခ၏ ရုပ်ရှင်ကိုလည်း သဘောကျခဲ့သည်။ ဆရာ ဦးသုခ၏ စာပေနှင့် ရုပ်ရှင်ထဲ၌ စာပေကျမ်းဂန်ထဲတွင် တွေ့ရတတ်သည့် မြန်မာ့ ယဉ်ကျေးမှုမြန်မာတို့၏ အယူအဆ မြန်မာဓလေ့ထုံးတမ်းနှင့် ဘာသာရေးမှစသော ယဉ်ကျေးမှုအပြုအမူ များ စိတ်သဘောထားများ---သည်။ သို့ဖြစ်၍ ဆရာ ဦးသုခကို မြန်မာမှုကို လေးစားသော၊ မြန်မာမှုကို ရို သေထိန်းသိမ်းသော အခွင့်ရတိုင်းလည်း အဆင်ပြေအောင် ထုတ်ဖော်အသုံးပြုသော အလွန် မြန်မာဆန် သော စာရေးဆရာဒါရိုက်တာ တစ်ယောက်ဖြစ်သည်ဟု မှတ်ယူထားမည်ဖြစ်ရာ ယခုသူ၏ မှတ်စုများကို တွေ့ရသောအခါ ဒါ့ကြောင့်ဟု စိတ်ထဲက တွေးလိုက်မိလေသည်။
ထို့နောက် အားလပ်သောအခါများတွင် ကြိုးကြား ကြိုးကြား ဆရာ ဦးသုခ၏ မှတ်စုများကို ကြည့်ရှုပြီး စာလုံး ပေါင်းများကို ပြင်ဆင်ပေးလေသည်။ သို့ရာတွင် သုံးလေးအုပ်လောက်သာ ပြီးသည်ထင်သည်။ မကြာမီ ဦးအောင်မြင့် အလုပ်ပြောင်းသွားသဖြင့် ပြီးအောင် မြှင့်မပေးလိုက်ရချေ။
ထို့နောက် ဦးအောင်မြင့်ကို အကြောင်းပြု၍ ဆရာ ဦးသုခနှင့် သိကျွမ်းခင်မင်လာရသောအခါ၌ကား ဆရာ ဦးသုခ၏ ဗဟုသုတအခြေခံကို သိထားပြီး ဖြစ်သောကြောင့် အလွန် ရင်းနှီးသွားလေသည်။ ဆရာ ဦးသုခ အိမ်သို့လည်း မကြာမကြာရောက်လေသည်။ တစ်နေ့တွင် ဆရာ ဦးသုခက သူ၏မှတ်စုများကို စာအုပ်ရိုက် လိုကြောင်းပြောသဖြင့် ကျွန်ုပ်က ရိုက်သင့်ကြောင်း ထောက်ခံပြီး "ကိုအောင်မြင့်ယူလာစဉ်က ကျွန်တော် အကုန်မကြည့်ရသေးသဖြင့် စာအုပ်ရိုက်မည်ဆိုလျှင် ထပ်ပြီး အသေးစိတ်ကြည့်ရှုပြင်ဆင်ပေးပါမည်"ဟု တာဝန်ယူလိုက်လေသည်။
ဆရာ ဦးသုခသည် ဤမှတ်စုများကို စာအုပ်ထုတ်ရန် ရည်ရွယ်ပြီး စုဆောင်းရေးသားခြင်းမဟုတ်ဘဲ စာတွေ ဖတ်သွားရင်း စာအုပ်ထဲတွင် တွေ့ရသည့် မှတ်သားစရာများကို နောင်ကို အလွယ်တကူရအောင် ရေးမှတ် ထားခြင်းသာ ဖြစ်သဖြင့် ၂ ပါး သတ်သတ်၊ ၃ ပါးစု သတ်သတ် စသည်ဖြင့် အစီအစဉ်အတိုင်း မဟုတ်ဘဲ ၂ ပါးပြီး ၅ ပါး၊ ၅ ပါးပြီး ၉ ပါး၊ ပြီးမှ ၃ ပါး၊ ၁၀ ပါး၊ ၄ ပါး၊ ၂ ပါး၊ ၁၅ ပါး၊ ၃ ပါး စသည်ဖြင့် ဖြစ်နေသောကြောင့် လက်နှိပ်စက်ဖြင့် တစ်ရွက်စီ ရိုက်ကူးဖို့ အကြံပေးရသည်။ ပြီးမှ ၂ ပါးစုချည်းသတ်သတ် ၃ ပါးစုချည်း သတ် သတ် စုကာ အက္ခရာဝလိ အစဉ်အတိုင်း ထားလိုက်ရလေသည်။
ဤစာအုပ်တွင် စီစဉ်ထားသော အက္ခရာဝလိ အစီအစဉ်မှာ တက္ကသိုလ် မြန်မာအဘိဓာန်တွင်ထားသော အက၁ခရာစဉ် ကာရန် အစဉ်အတိုင်း ဖြစ်သည်။ ဆရာ ဦးသုခရေးမှတ်ထားသော မှတ်စုပေါင်း ၁၆၀၀ ကျော်ရှိသော်လည်း ပါဠိစာပေနှင့်သာဆိုင်သော မှတ်စုများနှင့် မလိုအပ်ဟုထင်သော မှတ်စုများကို ချန်ထား သဖြင့် ဤစာအုပ်တွင် မှတ်စုပေါင်း ၁၄၅၀ ခန့်သာပါလေသည်။
မှတ်စုများကို မည်သည့်စာအုပ်က ထုတ်ယူမှတ်သားထားကြောင်း မဖော်ပြဘဲ မှတ်စုအနည်းငယ်တွင်သာ ထုတ်ယူရာ ကျမ်းအမည်ပါရှိသဖြင့် အချို့အချက်များကို ပြင်ဆင်တည်းဖြတ်ရာ၌ ကျမ်းရင်းကို မသိသည့် အတွက် အခက်အခဲများစွာ တွေ့ရလေသည်။ အချို့ကို ကျွန်ုပ်သတိရသော စာအုပ်တွင် ရှာဖွေ၍တွေ့ရ သော်လည်း ရှေ့နောက် အစီအစဉ်ချင်း မြန်မာလို အဓိပ္ပါယ်ပြန်ပုံခြင်း အနည်းငယ် ကွဲလွဲနေသည်ကို တွေ့ရ သည်။ သို့ရာတွင် ပင်ရင်းကို သိလိုသူများ ရှာဖွေကြည့်ရှုနိုင်ရန် ယင်းသို့ တွေ့ရသော စာအုပ်ကိုပင် ကျမ်း ညွှန်းအဖြစ် ဖော်ပြလိုက်ရပေသည်။
အချို့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ညွှန်းထားခြင်းမှာလည်း ပင်ရင်းကို သိလိုသူများအတွက် ညွှန်းထားခြင်းဖြစ်လေသည်။ တသီးတသန့် အချိန်ယူပြီး ရှာဖွေခြင်း မဟုတ်ဘဲ သတိရသော စာအုပ်များကို သာ ရှာဖွေကြည့်ရှုပြီး ကျမ်းညွှန်း ဖော်ပြရသဖြင့် မှတ်စုအနည်းငယ်မျှကိုသာ ကျမ်းညွှန်းဖော်ပြနိုင်လေသည်။ သို့ဖြစ်၍ ဆရာ ဦးသုခရေး မှတ်စဉ်က ပါရှိသော ကျမ်းညွှန်းများနှင့်တကွ နောက်ထပ် အနည်းငယ် ဖြည့်စွတ်ထားသော ကျမ်းညွှန်းများကို ထည့်ပါမှ တစ်နေရာတွင် ဖော်ပြထား သည့်အတိုင်း ကျမ်းပေါင်းတစ်ရာကျော်မျှသာ ရလေသည်။ အကယ်၍ မှတ်စုတိုင်းကို ကျမ်းညွှန်းဖြင့် ဖော်ပြ နိုင်လျှင် ကျမ်းပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးရှိလိမ့်မည်ဟု ခန့်မှန်းရလေသည်။
ခန့်မှန်းခြေအားဖြင့် ကျမ်းပေါင်း ၂၀၀ ကျော် ၃၀၀ နီးပါးခန့်မှ စာပေနှင့်ဆိုင်သော ရာဇသတ် ဓမ္မသတ်နှင့် ဆိုင်သော၊ ဘာသာရေးနှင့်ဆိုင်သော၊ ယဉ်ကျေးမှုနှင့်ဆိုင်သော၊ ကျန်းမာရေး(ဆေး)နှင့်ဆိုင်သော၊ အဘိဓမ္မာနှင့်ဆိုင်သော၊ ၀ိနည်းနှင့်ဆိုင်သော၊ သဒ္ဒါ၊ အလင်္ကာ၊ စာပေ၊ ကဗျာ၊ အရေးအသားနှင့်ဆိုင်သော မှတ်ဖွယ်မှတ်ရာ ဗဟုသုတမျိုးစုံ ၁၄၅၀ ခန့်ကို အလွယ်တကူ ရနိုင်သဖြင့် စာပေသမားများလိုက်စားသူများ၊ ဆေးဆရာများ၊ ဗဟုသုတ လိုလားသည့် ကျောင်းသူ ကျောင်းသားများအတွက်ပါ အသုံးဝင်သော စာအုပ် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။
ဒဂုန်-ဦးထွန်းမြင့်
ဆက်ရန်

.
No comments:
Post a Comment