"ညစာစားဖို့ အချိန်ကျပြီဟေ့"အာနက်စတိုင်းလစ်တယ်ချက်က အော်ပြောလိုက်သည်။
ထရေစီမျက်လုံးအစုံကို ဖွင့်လိုက်သည်။ အခန်းများအားလုံး တံခါးအသီးသီး ဖွင့်လိုက်ကြသော အသံများ ကြားရသည်။ ထရေစီသည် အိပ်စင်ပေါ်၌ ဆက်ပြီး ပက်လက်လှဲနေသည်။ သာယာ ကြည်နူးခဲ့ရသော အတိတ် ဖြစ်ရပ်များ ကိုသာ ပြန်တွေးနေလိုက်သည်။
"ဟေး...ထမင်းစားချိန်ရောက်ပြီ"ပွာတိုရီကိုသူ ကလေးမကလေးက ထရေစီကို လှမ်းပြောသည်။
"ဟင့်အင်း...ငါမဆာဘူး"စားချင်စိတ် လုံးဝမရှိသဖြင့် ထရေစီက ငြင်းလိုက်သည်။
ဒီမှာ ဆာတယ်မဆာဘူးဆိုတာ မရှိဘူး၊ စားချိန်ကျရင် စားသောက်ခန်း သွားကြရတာပဲ မက္ကဆီကို အမျိုးသမီး ပေါ်လီတာ က ပြောသည်။
ထောင်ကျ အမျိုးသမီး များ အခန်းအပြင်ဘက်ရှိ စင်္ကြံတွင် ထွက်ပြီး တန်းစီကြသည်။
မင်း အပြင်ထွက်ပြီး သွားတန်းစီရင် ပိုကောင်းလိမ့်မယ်၊ ထမင်းစားမသွားရင် မင်းကိုလုပ်လိမ့်မယ် အာနက်စတိုင်း က ထရေစီကို သတိပေးလိုက်သည်။
ထရေစီက ထမင်းသွားမစားဘဲ အိပ်ရာထဲ၌သာ မှိန်းနေတော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထရေစီ အခန်းဖော် သုံးယောက်က အခန်းထဲမှ ထွက်သွားပြီး စင်္ကြံတွင် သွားတန်းစီသည်။ တန်းစီနေသော လူတန်း မှာ နှစ်တန်း ပင် ရှိနေပြီ။
၀၀ဖိုင့်ဖိုင့် ထောင်ဘာယာတစ်ယောက်က ထရေစီအိပ်စင်ပေါ်၌ လှဲအိပ်နေသည်ကို တွေ့သွား သဖြင့် လှမ်းငေါက်လိုက်သည်။
ဟေး...ခေါင်းလောင်းထိုးသံ မကြားဘူးလား၊ အခန်းထဲက အခုထွက်
ကျွန်မ မဆာလို့ပါ၊ ကျေးဇူးပါပဲ၊ ကျွန်မကို ခွင့်လွှတ်ပါ။
ဘာယာ အမျိုးသမီးကြီး မယုံကြည်နိုင်အောင် ဖြစ်သွားပြီး မျက်လုံးပြူးသွားသည်။ အခန်းထဲလာပြီး ထရေစီ ၏ အိပ်စင်ဆီ သို့ ခပ်သွက်သွက်လျှောက်လာသည်။ ဒေါသဖြင့် ခပ်ထန်ထန် ပြောလိုက် သည်။
မင်း ကို မင်းဘယ်သူလို့များ ထင်နေလို့လဲ၊ ဒီအခန်းထဲအထိ ထမင်းလာပို့မယ်ထင်ပြီး စောင့်နေ တာလား၊ သွား ထွက်ပြီး တန်းစီ မင်းအခုလို လုပ်နေတာ ငါ အရေးယူလို့ရတယ်၊ နောက်တစ်ခါ ဒီ လိုလုပ်ရင် တိုက်ပိတ် ခံရမယ် နားလည်လား
ထရေစီ နားမလည်နိုင်အောင် ဖြစ်ရသည်။ မဆာသဖြင့် မစားဘဲနေချင်လို့လည်း မရပါတကား။ အိပ်စင် ပေါ်မှ ဆင်းပြီး လေးကန်သည့် ခြေလှမ်းဖြင့် သွားတန်းစီလိုက်သည်။ အခန်းဖော် ကပ္ပလီမ ကြီး အာနက်စတိုင်း ၏ နောက်ဘက်တွင် နေရာရသည်။
"ဘာဖြစ်လို့...ကျွန်မ..."
ထရေစီ စကားမဆုံးခင်မှာပင် ကပ္ပလီမကြီးက ခပ်တိုးတိုး လှမ်းဟောက်သည်။
"ပါးစပ်ပိတ်ထား၊ တန်းစီနေတုန်း စကားမပြောရဘူး"
လူတန်းကြီးသည် လုံခြုံရေးတံခါးနှစ်ထပ်ကို ကျော်ပြီးနောက် ကျယ်ဝန်းသော ထမင်းစားခန်းကြီးထဲ သို့ ရောက် သွားသည်။ အခန်းထဲတွင် သစ်သား စားပွဲရှည်ကြီးများနှင့် ကုလားထိုင်များရှိသည်။ အစား အသောက် ပေးနေသော ကောင်တာရှေ့မှ ဖြတ်လျှောက်ပြီး ညစာလင်ပန်းများကို ယူသွားရ သည်။
ထရေစီ သည် အစားအသောက်များယူပြီးနောက် မည်သည့်နေရာသို့ သွားရမည်မှန်းမသိအောင် ဖြစ်နေ၍ ခေတ္တ ရပ် လိုက်သည်။ ကပ္ပလီမကြီး အာနက်စတိုင်းကို လျှောက်ရှာသော်လည်း မတွေ့ရတော့။ ဘယ် ပျောက် သွားသည်မသိ။ ထို့ကြောင့် ထရေစီသည် ကိုလာ နှင့် ပေါ်လီတာ တို့ ထိုင်နေ သော စားပွဲရှည်ကြီး ဆီသို့ သွားထိုင်သည်။
ထိုစားပွဲတွင် ထောင်ကျအမျိုးသမီး(၂၀)ခန့်ရှိနေသည်။ သူတို့သည် အစာကို ဆာလောင်မွတ်သိပ် စွာဖြင့် အငမ်းမရ စားနေကြသည်။ ထရေစီသည် သူ့ရှေ့လင်ပန်းထဲမှ အစားအသောက်များကို ငုံ့ ကြည့် လိုက်သည်။ စားချင်စရာလည်း လုံးဝမကောင်း၊ စားချင်စိတ်လည်း လုံးဝမရှိ။ ထို့ကြောင့် လင်ပန်းကို ဘေး သို့တွန်းရွှေ့လိုက်သည်။
ထရေစီ၏လင်ပန်းဆီသို့ ပေါ်လီတာလက်များရောက်သွားပြီး အစားအသောက်ပန်းကန် ကို ဆွဲယူ လိုက်သည်။
ရှင်မစားဘူး ဆိုရင် ကျွန်မ စားလိုက်မယ်
ဟေး...မင်းဝင်အောင်သာ ကြိုးစား စားလိုက်၊ မစားဘဲနေရင် မင်း သက်ဆိုးရှည်မှာ မဟုတ်ဘူး လိုလာက ၀င် ပြောသည်။
"မင်း ထမင်းမစားတာ ကို သူတို့သိသွားရင် မင်းတိုက်ပိတ်ခံရလိမ့်မယ်"မက္ကဆီကိုမကြီးက ပြော သည်။
သူပြောသည့် စကားအဓိပ္ပာယ်ကို ထရေစီနားမလည်ကြောင်း မျက်နှာတွင် ပေါ်တွင်နေသဖြင့် ထပ် ရှင်းပြ သည်။
တိုက်ပိတ်တယ်ဆိုတာ အခန်းတစ်ခန်းထဲမှာ တစ်ယောက်ထဲထားတာ ပိုဒုက္ခရောက်မှာပေါ့၊ မင်း ကြည့်ရတာ အခုမှ ပထမဆုံးအကြိမ် ထောင်ကျဖူးတာနဲ့ တူတယ်၊ ဒီတော့ မင်းကို ငါ နတ်လမ်း ညွှန် လိုက်မယ်၊ အာနက်စတိုင်း ဟာ ဒီမှာ သိပ်မီးသေတယ်၊ မင်း သူနဲ့ တည့်အောင်ပေါင်း၊ သူ့ အကြိုက် လိုက်ပြီး သူ့အလိုကျ ဖြည့်ဆည်းပေးလိုက်၊ ဒါဆိုရင် မင်းအနေအစား ချောင်လိမ့်မယ်။
ထမင်းစားခန်း ထဲ သူတို့ရောက်ပြီး နာရီဝက်တိတိတွင် ခေါင်းလောင်းထိုးသံ မြည်လာပြန်သည်။ အမျိုးသမီးများ အားလုံး မတ်တတ်ရပ်လိုက်ကြသည်။ ထို့နောက် တန်းစီပြီး ကိုယ့်အခန်းကိုယ် ပြန်ကြ သည်။ ညစာ စားပြီးသွားပြီ။ သို့သော် အချိန်မှာ ညနေ(၄)နာရီသာရှိသေးသည်။ ညမီးပိတ် ပြီး အိပ်ရာ ၀င် ချိန် ရောက်အောင် ငါးနာရီခန့် သည်းခံ အောင့်အည်း စောင့်ရပေဦးမည်။
ထရေစီ အခန်းသို့ ရောက်သောအခါ အာနက်စတိုင်းက ရောက်နှင့်နေသည်။ ညစာစားချိန်က ဤ ကပ္ပလီမကြီး ဘယ်ရောက်နေပါလိမ့်ဟု ထရေစီ တွေးတောလိုက်မိသည်။ ထရေစီသည် အခန်း ထောင့်မှ အိမ်သာ ဆီသို့ မျက်စိရောက်သွားသည်။ သူအိမ်သာအလွန်သွားချင်နေသည်။ သို့သော် ဤအမျိုးသမီး များ ရှေ့တွင် လေဟာကြီး မသွားရဲ။ မီးပိတ်ချိန်အထိ စောင့်ရေပေတော့မည်။
မင်းညစာ လုံးလုံးမစားဘူးဆိုတာ ငါသိတယ်၊ ဟင်...ဒါ မိုက်မဲတာပဲ အာနက်စတိုင်းက ပြောသည်။
သူမ မိမိထမင်းမစားသည်ကို မည်သို့မည်ပုံ သိပါလိမ့်ဟု ထရေစီတွေးပြီး အံ့အားသင့်နေသည်။
ကျွန်မ ထောင်မှူး ကို ဘယ်လိုလုပ်ပြီး တွေ့လို့ရမလဲ ထရေစီက ကပ္ပလီမကြီး အာနက်စတိုင်းကို မေး လိုက်သည်။
စာ နဲ့ရေးပြီးတောင်းဆိုရတယ်။ ဒါပေမယ့် အစောင့်တွေက အဲဒီစာရွက် ကို ထောင်မှူးဆီရောက် အောင် မပို့ဘူး၊ အိမ်သာစက္ကူအဖြစ် သုံးလိုက်ကြတာပဲ၊ ထောင်မှူးကို တွေ့ချင်တယ်ဆိုတဲ့ အကျဉ်းသားကို ဘာယာ တွေနဲ့ အစောင့်တွေက ပြဿနာကောင်လို့ သဘောထားတာ၊ မင်း ဒီမှာ ဒုက္ခတွေ့နိုင်စရာတွေ အများကြီး ရှိတယ်၊ မင်းအတွက် တကယ်လိုအပ်မှာကတော့ ဒုက္ခအပေါင်းက ကယ်တင်နိုင်မယ့် မိတ်ဆွေ ကောင်း တစ်ယောက်ရှိထားဖို့ပဲ"
ကပ္ပလီမကြီးက ရှေ့မှ ရွှေသွားပေါ်အောင် ပြုံးပြလိုက်သည်။
ည(၈)နာရီ ၄၅မိနစ်တွင် သတိပေးခေါင်းလောင်းသံ မြည်လာသည်။ ထရေစီ၏ အခန်းဖော်သုံးဦးက အ၀တ်အစား များ ချွတ်ကြသည်။ ထရေစီက အိပ်စင်ပေါ်တွင် မလှုပ်မယှက်ဆက်လှဲနေသည်။
"အိပ်ရာ မ၀င်ခင် အသင့်ပြင်ဖို့ (၁၅)မိနစ်ပဲ အချိန်ရတယ်နော်" လိုလာက ထရေစီကို လှမ်းပြော သည်။
အမျိုးသမီး သုံးဦး က နေ့ဘက်အ၀တ်အစားများကိုချွတ်ပြီး ည၀တ်အင်္ကျီများကို လဲဝတ်ကြသည်။ စောစော က တာယာအမျိုးသမီးကြီးပင် သူတို့အခန်းရှေ့မှ ဖြတ်လျှောက်သွားသည်။ ထရေစီ အိပ်စင် ပေါ်တွင် လှဲနေဆဲရှိနေသည်ကို မြင်သောအခါ အခန်းဝတွင်ရပ်လိုက်ပြီး လှမ်းအော်ပြောသည်။
အင်္ကျီချွတ် အ၀တ်အစားလဲလေ တာယာအမျိုးသမီးကြီးသည် အာနက်စတိုင်းဘက်သို့ လှည့်ကြည့်ပြီး ပြော လိုက်ပြန်သည်။
ညည်းတို့က သူ့ကို ပြောမထားကြဘူးလား
ကျွန်မတို့ပြောထားပြီးသားပါ
တာယာမကြီးက ထရေစီဘက်ပြန်လှည့်ပြီး ခပ်မာမာ ပြောပြန်သည်။
ပြဿနာလုပ်ချင် တဲ့ လူစားမျိုးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ တို့ ကောင်းကောင်းသိတယ်၊ ဒီ မှာ လုပ် ဆိုတာကို လုပ်ရမယ်၊ မလုပ်နဲ့ဆိုတာကို လုံးဝမလုပ်ရဘူး၊ အေး-အမိန့်ကို မနာခံရင်တော့ အကြောင်း ပြ ရလိမ့်မယ်
တာယာမကြီး စင်္ကြံလမ်းအတိုင်း ဆက်လျှောက်သွားသည်။
ညည်း...သူ့စကားနားထောင်ရင် ကောင်းမယ်၊ သူလဲ ဒုက္ခတော်တော်ပေးတယ်နော် ပေါ်လီတာ က ထရေစီ ကို သတိပေးလိုက်သည်။
ထရေစီ သည် တဖြည်းဖြည်းချင်းထလိုက်သည်။ အခြားသုံးဦးကို ကျောခိုင်းလိုက်ပြီးမှ ၀တ်ထား သော အ၀တ်အစား များကို ချွတ်လိုက်သည်။ အတွင်းခံဘောင်းဘီ ကို ချန်ထားပြီး ည၀တ်အင်္ကျီရှည် ကို ခေါင်းမှ စွပ် ၀တ်လိုက်သည်။ အခြားသုံးဦးက မိမိအား ကြည့်နေမည်ကို အလိုလို သိနေသည်။
ညည်းခန္ဓာကိုယ် က တော်တော်တောင့် တော်တော်လှတာပဲ ပေါ်လီတာက ဝေဖန်လိုက်သည်။
အာ...တကယ်ကို လှတာပဲ ကိုး ဟု လိုလာ ကလည်း ထောက်ခံလိုက်သည်။
ထရေစီ ကြက်သီးဖြန်းခနဲထသွားသည်။
အာနက်စတိုင်းက ထရေစီအနား လျှောက်သွားပြီး ခြေဆုံးခေါင်းဆုံး စိုက်ကြည့်ကာ ပြောလိုက် သည်။
ငါတို့ဟာ မင်းရဲ့မိတ်ဆွေတွေပါကွာ၊ ငါတို့ မင်းကို ကောင်းကောင်းစောင့်ရှောက်ပေးပါမယ်။
အာနက်စတိုင်း၏အသံတွင် စိတ်လှုပ်ရှားသံပါနေသည်။ ထရေစီက သူတို့ဘက်သို့ ချာခနဲ လှည့် လိုက်ပြီး ပြောသည်။
ကျွန်မတစ်ယောက်ထဲ အေးအေးနေပါရစေ၊ ရှင်တို့အားလုံ အေးအေးနေကြပါ၊ ကျွန်မဒါမျိုး မဟုတ် ပါဘူး
မင်းဟာ တို့လိုချင်တဲ့ပုံစံမျိုး ဖြစ်လာရမှာပါကွာ၊ အချိန်တွေ အများကြီးရှိပါသေးတယ်
မီးပိတ်သွားသည်။ အမှောင်ထုမင်းမူလာသည်။
အမှောင်ထုသည် ထရေစီအတွက် ရန်သူဖြစ်သည်။ အိပ်စင်အစွန်းတွင် ထိုင်နေသော်လည်း စိတ် ရော ကိုယ်ပါ သက်သောင့်သက်သာမရှိလှဘဲ တောင့်တင်းနေသည်။ အခန်းဖော်သုံးဦးက မိမိအား အမဲဖျက်ရန် တာစူ နေကြသည်ဟု စိတ်ထဲကသိနေသည်။ ထောင်ထဲတွင် ဖြစ်လေ့ဖြစ်ထရှိသော အချို့ထောင်ကျများ၏ ဓမ္မတာ မဟုတ်သော ဆက်ဆံရေးဖြစ်ရပ်များ ကို ကြားဖူးထားသဖြင့် ထရေစီ ကျောချမ်းနေသည်။
ထို့ကြောင့် တစ်ညလုံး မအိပ်ဘဲ နိုးနိုးကြားကြားနေရန် ဆုံးဖြတ်လိုက်သည်။ အခြား တစ်ယောက် ယောက် က တစ်စုံတစ်ရာ လှုပ်ရှားလုပ်ကိုင်လာလျှင် မိမိအော်ဟစ်ပြီး အကူအညီတောင်းမည်။ သို့ ဆိုလျှင် အစောင့်များ က လာရောက်ကာကွယ်ပေးလိမ့်မည်။ ထို့ကြောင့် စိုးရိမ်စရာမရှိဟု ကိုယ့် ကိုယ်ကို ပြန် အားပေး လိုက်သည်။ သတိဝီရိယရှိပြီး နိုးကြားနေရန်သာလိုသည်။
ထရေစီသည် အိပ်စင်အစွန်း တွင် ထိုင်ရင်းက အမှောင်ထဲတွင် အသံဗလံများကို နားစွင့်နေသည်။ အခန်းဖော် သုံးဦး တို့သည် တစ်ယောက်ပြီးတစ်ယောက် အခန်းထောင့်ရှိ အိမ်သာသို့သွားကြပြီး နောက် သူတို့ အိပ်စင်များ သို့ ပြန်သွားသံကို ကြားရသည်။ ထရေစီလည်း နောက်ဆုံး မည်သို့မျှ မအောင့်နိုင် တော့ သဖြင့် အိမ်သာထသွားသည်။ အိမ်သာတွင် ရေဆွဲချသော်လည်း ရေမလာ။ အနံ့ အသက်က မခံသာ အောင် ဆိုးရွားလှသည်။ ထရေစီသည် ကိစ္စပြီးပြီးချင်း အိပ်စင်သို့ ချက်ချင်းပြန် လာသည်။
မကြာခင် အလင်းရောင်လာပေလိမ့်မည်။ နံနက်ကျလျှင် ထောင်မှူးနှင့်တွေ့ရန် ခွင့်တောင်းမည်။ မနက်ဖြန် ကျလျှင် အားလုံးအဆင်ပြေသွားလိမ့်မည်ဟု ထရေစီ ကိုယ့်ကိုယ်ကို အားပေးလိုက်သည်။
နံနက်(၃)နာရီတွင် ထရေစီ အိပ်ပျော်သွားသည်။ မည်သို့မျှ တင်းထား၍မရတော့။ အိပ်စက်ခြင်းက အနိုင်ယူ သွားသည်။
လက်တစ်ဘက်က ထရေစီ၏ ပါးစပ် ကို ပိတ်ထားပြီး လက်နှစ်ဘက်က ထရေစီကိုယ်ကို ပွတ်သပ် ကိုင်တွယ် လာချိန် ၌ ထရေစီအိပ်ရာမှနိုးတော့သည်။ ထရေစီက ထထိုင်ပြီး အော်ဟစ်ရန် ကြိုးစား သည်။
ထရေစီ သည် အားကုန်ရုန်းကန် တိုက်ခိုက်ပြီး ထရန်ကြိုးစားသည်။
ငြိမ်ငြိမ်လေး နေစမ်းပါ၊ ဒါဆိုရင် မင်း နာမှာမဟုတ်ဘူး
အမှောင်ထုထဲ မှ ခပ်တိုးတိုးအသံတစ်သံ ပေါ်လာသည်။ ထိုအသံလာရာဆီသို့မှန်းပြီး ထရေစီက ခြေထောက် နှင့် ကန်ထည့်လိုက်သည်။ ထုထည်ကြီးမားသော အသားဆိုင်ကြီးများကို ခြေထောက် နှင့် တွေ့ထိ လိုက်ရသည်။
ခွေးမ..ကန်တယ်၊ အောက်ဆွဲချပြီး နွှာလိုက်ရအောင်
ပင့်သက်ရှိုက်ပြီး ပြောလိုက်သံပေါ်လာသည်။
ထရေစီ၏ မျက်နှာပေါ်သို့ ပြင်းထန်သော လက်သီးတစ်ချက်ကျလာပြီး ဗိုက်ပေါ်သို့လည်း လက်သီး ချက်များ ဆင့်ကဲကျလာသည်။ တစ်ယောက်သောသူက ထရေစီ၏ ကိုယ်ပေါ်မှ တက်ခွစီးထားပြီး ချုပ်ကိုင် ထားသဖြင့် ထရေစီ အသက်ရှူကျပ်နေသည်။
ထရေစီက အားရှိသမျှ ရုန်းကန်တိုက်ခိုက်သည်။ ထို့နောက် ထရေစီကို သမံတလင်းပေါ်သို့ ဆွဲချ သည်။ ခြေနှင့် လက်များ ကို သမံတလင်းနှင့်ကပ်ပြီး ဖိထားကြသည်။ ထရေစီကလည်း ရှိသမျှအား ကုန် ဖျစ်ညှစ် ပြီး အတင်းရုန်းကန် တိုက်ခိုက်သည်။
သို့သော် သုံးယောက်နှင့်တစ်ယောက် ဖြစ်နေ၍ အားမမျှ။ သူတို့ပြုသမျှခံနေရသည်။ ထရေစီက အော်ရန်ကြိုးစားသောအခါ လက်တစ်ဘက်က သူ့ပါးစပ်ကို လာပိတ်သည်။ ထရေစီက ထိုလက်ကို တအားကိုက်ချလိုက်သည်။
အမလေး...သေပါပြီ ခပ်တိုးတိုး အော်သံပေါ်လာသည်။
ထရေစီ၏မျက်နှာကို လက်သီးများဖြင့် ဒိုင်းထိုးကြသည်။ ပြင်းထန်လွန်းလှသော နာကျင်မှုထဲတွင် ထရေစီ တဖြည်းဖြည်း နစ်မြှုပ်သွားပြီး နောက်ဆုံးလောကကြီးကို ခဏ မေ့သွားတော့သည်။
ခေါင်းလောင်းသံ ကျယ်လောင်စွာ ပေါ်လာသဖြင့် ထရေစီ နိုးလာသည်။ သူတို့အခန်းထဲမှ အေးစက် နေသော အင်္ဂတေခင်း သမံတလင်းပေါ်တွင် လဲကျနေသည်။ ကျန်သုံးယောက်မှာမူ သူတို့ အိပ်စင် များ ပေါ်တွင် ရှိနေကြသည်။
စင်္ကြံမှနေ၍ ထောင်တာယာမကြီး လျှောက်လာရင်း အော်ဟစ်လာသည်။
ထကြဟေ့...ထကြ၊ ကိုယ်လက်သန့်စင်ကြ
သူတို့ အခန်းရှေ့သို့ရောက်သောအခါ သမံတလင်းပေါ်တွင် ထရေစီလဲနေသည်ကို တွေ့ရသည်။ ထရေစီ ၏ မျက်နှာပေါ်တွင် ထုရိုက်ထားသော ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေပြီး မျက်လုံးတစ် ဘက်က ဖူးရောင် နေသည်။
ဒါက ဘာဖြစ်နေတာလဲ
အခန်းတံခါးကို သော့ဖွင့်ဝင်လာရင်း ခပ်ထန်ထန်မေးလိုက်သည်။
အိပ်စင်ပေါ် က လိမ့်ကျတာ ဖြစ်မှာပါ ကပ္ပလီမကြီး အာနက်စတိုင်းက ဦးအောင် ပြောလိုက်သည်။
ထောင်တာယာ အမျိုးသမီးကြီးက ထရေစီထံသို့ လျှောက်သွားပြီး ဖိနပ်ဦးဖြင့် ထရေစီ ကို တွန်းထိုး လှုပ်ရှား လိုက်ရင်း ပြောလိုက်သည်။
ထစမ်း...ထ
ထရေစီ အသံကို သဲ့သဲ့မျှသာ ကြားရသည်။ ဟုတ်ပါသည်။ မိမိထရမည်။ ထရုံတွင်မက နေရာက ပင် ထွက် သွားရမည် ဟု ထရေစီ စိတ်ထဲကပြောနေသည်။ အမျိုးသမီးကြီးက ထရေစီကို ဆွဲထူပြီး ထိုင် ပေးလိုက်သည်။ ထရေစီမှာ နာကျင်လှသော ဒဏ်ရာများကြောင့် မိမိဘာသာ မိမိမထနိုင်ဘဲ ဖြစ်နေသည်။
ဘာဖြစ်တာလဲ
အမျိုးသမီးကြီး က မေးသည်။ ထရေစီသည် မိမိ၏အဖြေကို စောင့်မျှော်နားစွင့်နေသော အခန်းဖော် သုံးဦး၏ သဏ္ဌာန်ကို ရေးရေးမျှမြင်ရသည်။ သူမ ဦးခေါင်းတစ်ခုလုံးမူးနောက်ပြာဝေနေသည်။ အမြင် လည်း မကြည်လင်။ အတွေးလည်းမကြည်လင်။
ကျွန်...ကျွန်မ...
ထရေစီ စကားပြောရန် အားယူ ကြိုးစားလိုက်သည်။ သို့သော် စကားလုံးများက ပါးစပ်မှ ထွက် မလာ။ ထပ် ကြိုးစား ရပြန်သည်။ မိမိ မည်သို့ ဖြေသင့်သည်ကို အသိစိတ်ထဲသို့ တစ်မဟုတ်ချင်း ၀င်လာသည်။
ကျွန်မ အိပ်စင်ပေါ် က လိမ့်ကျလို့ပါ
အေး...မင်းလို ဂျစ်ကန်ကန် ကောင်မလေးမျိုးကို ငါမုန်းတယ်၊ ဒီတော့ နေတတ်ထိုင်တတ်လာ တဲ့ အထိ တိုက်ပိတ် ထားရမယ်။
သို့ဖြင့် ထရေစီ တိုက်ပိတ်ခံလိုက်ရသည်။ ကျဉ်းမြောင်းပြီး မှောင်ပိန်းနေသော မဟူရာ ကမ္ဘာထဲ တွင် သူမ တစ်ယောက် တည်း မြေအောက်တိုက်ခန်းကျဉ်းကလေးထဲ၌ ပရိဘောဂဟူ၍မရှိ။ အေး စက်နေသော သမံတလင်း ပေါ်တွင် မွေ့ရာအစုတ်ကလေး တစ်ခုသာရှိသည်။ ကျင်ကြီးကျင်ငယ် စွန့်ရန် အပေါက်တစ်ပေါက်သာ သမံတလင်း၌ရှိသည်။ အမှောင်ထုထဲတွင် ထရေစီလဲလျောင်းနေ သည်။
ထရေစီ သတိမရတစ်ချက် ရတစ်ချက်ဖြစ်နေသည်။ မိမိဘယ်ရောက်နေပါလိမ့်။ တစ်ခါတစ်ရံတွင် အဖေ သီချင်း ဆိုသံ ကြားရသည်။ တစ်ခါတစ်ရံတွင် အမေ၏ချော့မြူသံကို ကြားရသည်။ အမေ့ကို ခေါ် ကြည့်သည်။ အမေ့ဆီက ဖြေသံပြန်ပေါ်မလာ။ နောက်ဆုံး အိပ်ပျော်သွားပြန်တော့သည်။
ထရေစီ အိပ်ပျော်သွားသည်မှာ ၄၈နာရီကြာရာ နှစ်ရက်တိတိဖြစ်သည်။ ပြင်းထန်သောဝေဒနာနှင့် နာကျင် ခံစား ရမှုများက တဖြည်းဖြည်း လျော့ပါးသွားသည်။ ထရေစီ တဖြည်းဖြည်းချင်း သတိပြန်ဝင် လာသည်။ မျက်လုံး ကို အားယူပြီး ဖွင့်လိုက်သည်။ သူမ၏ ပန်ဝန်းကျင်တွင် အမှောင်ထုကြီးကသာ ကြီးစိုးနေသည်။ တိုက်ပိတ် ခံထားရသော အခန်းကျဉ်းကလေး၏ နံရံများကိုပင် မမြင်ရပါချေ။
နောက်ဆုံး တွေ့ကြုံခဲ့ရသော ဖြစ်ရပ်များကို ထရေစီ တရေးရေး ပြန်လည်သတိရမြင်ယောင်လာ သည်။ သူတို့က ထရေစီကို ဆရာဝန်ထံခေါ်သွားသည်။ ဆရာဝန်က ကြည့်ရှုစစ်ဆေးသည်။ ကြည့် ရှု စစ်ဆေး ပြီးနောက် ဆရာဝန်ပြောလိုက်သော စကားသံများကို ထရေစီ ယခုပြန်လည်ကြားယောင် လာသည်။
နံရိုးတစ်ချောင်းကျိုးသွားတယ်၊ လက်ကောက်ဝတ်လဲ ကျိုးသွားသေးတယ်၊ ဒါတွေကိုတော့ အရိုး ကိုင် ပေးမယ်၊ ဖူးရောင်ပေါက်ပြဲတဲ့ ဒဏ်ရာတွေကတော့ ဆေးထည့်လိုက်ရင် တဖြည်းဖြည်း ကောင်း သွားမှာပါ၊ အဲ - ဗိုက်ထဲ က ကိုယ်ဝန်ကတော့ ပျက်ကျသွားပြီ
အို...ဗိုက်ထဲက ကလေးဆုံးပြီ၊ ငါ့ကလေးကို သူတို့သတ်ကြတာပဲ
ထရေစီ ငိုရပြန်ပါပြီ။ သည်တစ်ခါ ငိုချင်းမှာ ကလေးအတွက်လည်းဖြစ်သည်။ မိမိအတွက်လည်းဖြစ် သည်။ အကြင်နာ တရား ခေါင်းပါးလွန်းသော ကမ္ဘာကြီးအတွက်လည်း ဖြစ်သည်။
အေးစက် မှောင်မိုက်နေသော အခန်းထဲမှ မွေ့ရာပါးပါးလေးပေါ်တွင် ထရေစီလဲလျောင်းနေသည်။ တွေး နေသည်။ သူမ၏အခန်းဖော်သုံးဦးသည်လည်း သူမလိုပင် အကြင်နာတရား ခေါင်းပါးသော လူ့ ပတ်ဝန်းကျင် တစ်ခု ၏ ဓားစာခံများ မဟုတ်လော။ မိမိဘ၀ကို ၀ိုင်းဝန်းဖျက်ဆီးလိုက်သော ယောက်ျားသား များ သည်သာ တစ်တရားခံများဖြစ်ကြောင်း မြင်လာသည်။
သူတို့မှာ ဖီလဒယ်ဖီးယားမြို့မှ မာဖီးယား ခေါင်းဆောင်ကြီး အန်သိုနီအော်ဆက်တီ၊ သူ၏သား တပည့် ညာလက်ရုံး ရိုမာနိုး၊ လက်ကိုင်တုတ်ရှေ့နေ ပါရီပုတ်၊ ခါးပိုက်ဆောင်ထဲက တရားသူကြီး ဟင်နရီလော့ရင့်စ် တို့ပင် ဖြစ်သည်။
ထို့နောက် မိမိချစ်သူ ချားလ်။ သူကလည်း မိမိရှင်းပြသည်ကို နားမထောင်ဘဲ မိမိအပေါ် တစ်ဖက် သတ် အထင်မှားကာ စွန့်ပစ်ခဲ့သည်။
ထရေစီ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်ချလိုက်သည်။
ထို့နောက် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
မနက်ဖြန်...။
မနက်ဖြန်ဆိုတာရှိခဲ့ရင်...။

(၇)
ထရေစီအား တိုက်ပိတ်ထားသော အခန်းကျဉ်းကလေးထဲတွင် အချိန်ပြည့် မှောင်အထိဖုံးနေသည်။ အလင်း ရောင် ဟူ၍ ရောင်ခြည်မျှင်ကလေးမျှပင် တစ်ကြိမ်တစ်ခါမျှမသမ်းခဲ့။ ထိုအမှောင်ခင်းထဲတွင် အချိန်ကာလ ဟူ သည်မှာ လုံးဝအဓိပ္ပာယ်မရှိချေ။
တိုက်ပိတ်ခံနေရသည်မှာ အချိန်မည်ရွေ့မည်မျှကြာနေပြီကိုပင် ထရေစီ မမှန်းဆတတ်နိုင်တော့ပေ။ အေး စက်နေသော အစားအစာများကို တံခါးအောက်မှ အချိန်မှန်ထိုးသွင်းထည့်ပေးလာသည်။ အစားအသောက် များ ကို လုံးဝ ခံတွင်းမတွေ့။ သို့သော် တစ်ခုမကျန် အကုန်စားဖြစ်သည်။ အရသာရှိရန် စားခြင်းမဟုတ်ဘဲ ရှင်သန် ရပ်တည် လှုပ်ရှားရုန်းကန်နိုင်ရန် အားမွေးရေးအတွက် စားခြင်းသာဖြစ်သည်။
မိမိစီစဉ်ထားသည်ကို ထမြောက်အောင်မြင်အောင် လုပ်ရန်အတွက် အင်အားရှိရန် လိုလာသည်ကို ထရေစီ သိသည်။ လူတိုင်းက မိမိအား မျှော်လင့်ချက်ကင်းမဲ့သော နေရာသို့ ရောက်နေပြီဟု သဘောထားကြသည်။ ငွေလည်းမရှိ၊ မိတ်ဆွေသင်္ဂဟလည်းမရှိ၊ အခြေခံအင်အားနှင့် အသိုင်းအ၀ိုင်းလည်းမရှိဟု ထင်နေကြသည်။ သို့သော် မိမိ၏ရင်ထဲ အသည်းထဲတွင် အင်အားသစ်များ ပေါက်ဖွားလာပြီ။ ရှင်သန်ရပ်တည်ရမည်။ ရန်သူ များ ကို ကျားကုတ်ကျားခဲ ရင်ဆိုင်ရမည်။ မိမိ၏သတ္တိသည် မိမိအတွက် အကာအကွယ်များပင်ဖြစ် တော့သည်။
ထရေစီသည် သူမ၏ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းကို စတင် စိစစ်စိုင်းပြင်းတော့သည်။
မိမိ ပထမဆုံး လုပ်ရမည့်အချက်မှာ ကိုယ်ကာလကြံ့ခိုင် သန်စွမ်းပြီး အားပြည့်အင်ရှိစေရန်ဖြစ်သည်။ ဤ အခန်းကလေး သည် ကာယလေ့ကျင့်ခန်းကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ရန်အတွက်မူ ကျဉ်းမြောင်းနေသည်။
သို့သော် "တိုင်ချွီချွမ်း" လေ့ကျင့်ရန်အတွက်မူ လုံလောက်သည်။ တိုင်ချွီချွမ်းဆိုသည်မှာ ရာစုနှစ်ပေါင်းများ စွာကပင် စစ်သည်တော်များ တိုက်ပွဲဝင်ရာ၌ အသင့်ဖြစ်စေရန် လေ့ကျင့်သင်ကြားပေးခဲ့သော ရှေးဟောင်း ကိုယ်ခံ ပညာ တစ်ရပ်ဖြစ်သည်။ တိုင်ချီချွမ်းလေ့ကျင့်ရန်နေရာလွတ် အကျယ်အ၀န်း အနည်းငယ်သာ လိုသည်။ ထိုလေ့ကျင့်ခန်းသည် ခန္ဓာကိုယ် အစိတ်အပိုင်းပေါင်းစုံ အကြောအားလုံးနှင့် ကြွက်သား အားလုံး ကို လှုပ်ရှားသန်မာစေသည်။ လေ့ကျင့်စဉ် အဆင့်တိုင်း၌ နာမည်ပေးထားသည်။ ထရေစီ သည်လေ့ကျင့်ခန်းများကို ပြန်လည်စဉ်းစားပြီး ပြုလုပ်တော့သည်။ မိမိဆရာက စနစ်တကျ လေ့ကျင့်သင် ကြားပေးခဲ့ပုံ၊ ပြောကြားပညာပေးခဲ့ပုံများကို ပြန်လည်သတိရလာသောအခါ လှုပ်ရှားလေ့ကျင့်ရသည်မှာ ပို အသက်ဝင် လာသည်။
လေ့ကျင့်စဉ် အစအဆုံးပြုလုပ်ရသည်မှာ တစ်နာရီကျော်ကြာသည်။ လေ့ကျင့်ခန်းပြီးသွားသောအခါ အားအင် များ ကုန်ခန်းသွားတော့သည်။ နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းများတွင် နေ့စဉ် လေ့ကျင့်ခန်း မှန်မှန် ပြုလုပ်ရာ ထရေစီ၏ ကိုယ်ခန္ဓာမှာ ပြန်လည်တောင့်တင်းသန်စွမ်းလာသည်။
ထရေစီ သည် ကိုယ်ကာယလေ့ကျင့်ခန်း မပြုလုပ်သောအချိန်တွင် စိတ်ဓာတ်လေ့ကျင့်ခန်းပြုလုပ်သည်။ အမှောင်ထု ထဲတွင် လဲလျောင်းပြီး ခက်ခဲရှုပ်ထွေးသော သင်္ချာညီမျှခြင်းများကို ပြန်လည် စဉ်းစားဖြေရှင်း သည်။ သူမ အလုပ်လုပ်ခဲ့သော ဘဏ်မှ ကွန်ပျူတာကို စိတ်ဖြင့် ကိုင်တွယ်တွက်ချက်ကြည့်သည်။ ကဗျာ များ ကို ပြန်ရွတ်သည်။ ကောလိပ်တွင် သင်ခဲ့ရသော စာများကို ပြန်လည်တွေးတော စဉ်းစားသည်။
ဤသို့ဖြင့် အချိန်ကုန်မှန်းမသိ ကုန်နေသည်။
ခနစ်ရက်မြောက်သောနေ့တွင် ထရေစီ၏ အခန်းတံခါး ရုတ်တရက် ပွင့်သွားသည်။ အလင်းရောင်က အခန်း ထဲသို့ ထိုးဝင်လာရာ ထရေစီ မျက်လုံးပြာသွားသည်။ ခဏမျှ ဘာမျှမမြင်ရဘဲ ဖြစ်သွားသည်။ အမျိုးသား အစောင့် တစ်ဦး က အခန်းပြင်မှ ရပ်ကြည့်နေရာမှ ပြောလိုက်သည်။
" ကဲ ... ထ ... မင်း အပေါ်ထပ် ပြန်သွားရမယ် "
အစောင့်က ထရေစီအား တွဲထူရန် လက်ကမ်းလိုက်သည်။ သို့သော် သူ အံ့အားသင့်သွားသည်။ ထရေစီက သူ့ဘာသာသူ အလွယ်တကူ အခန်းထဲမှ လှမ်းထွက်လာသည်။ အခြား တိုက်ပိတ်ခံရသူများဆိုလျှင် တွဲထူ ပြီး တွဲခေါ်ယူရသည်ချည်းဖြစ်သည်။ အချို့ဆိုလျှင် ချည့်လုနီးပါးဖြစ်သွား၍ ဆေးရုံသို့ပင် တင်ယူရသည်။ ယခု ဤအကျဉ်းသား ကမူ ဒေါင်ဒေါင်မြည် ဖြစ်နေသဖြင့် အစောင့်ပင် အံ့အားသင့်သွားရသည်။
ထရေစီ သည် စင်္ကြံအလင်းရောင်ထဲတွင် ရပ်လိုက်သည်။ တဖြည်းဖြည်းနှင့် အလင်းရောင်ကို ကြည့်ရသည် မျာ မျက်စိကျင့်သားရလာသည်။ အစောင့်က ထရေစီအား အပေါ်ထပ်ရှိ ထောင်သာယာဆီသို့ ခေါ်သွား သည်။
" ညည်းရေသွားချိုးလိုက်စမ်း၊ ညည်း ... အ၀တ်အစားတွေကို မီးရှို့ပစ်ရမယ် ထောင်ဘာယာမကြီးက အမိန့် ပေးလိုက်သည်။ ထရေစီ၏ ကိုယ်ခန္ဓာနှင့် အ၀တ်အစားများမှ အနံ့ဆိုးများကြောင့် ဘာယာကြီး နှာခေါင်း တရှုံ့ရှုံ့ဖြစ်နေသည်။
ထရေစီ ရေချိုးခန်းသွားပြီး ရေချိုးသည်။ တစ်ကိုယ်လုံး ဆပ်ပြာနှင့် အားရပါးရတိုက်ပြီး ရှမ်ပူ နှင့် ခေါင်းလျှော် သည်။ ရေချိုးပြီးသောအခါ အ၀တ်အစားသစ်များ လဲဝတ်သည်။
" ထောင်မှူးကြီးက မင်းကို တွေ့ချင်လို့တဲ့ "
သို့ဖြင့် ထရေစီ ထောင်မှူးကြီးအခန်းသို့ သွားရသည်။ ထရေစီ အခန်းထဲသို့ ၀င်သွားသောအခါ ထောင်မှူးကြီး ဘရန်နင်ဂန်သည် ပြတင်းပေါက်၌ ရပ်နေသည်။
" ကဲ ... လာ ထိုင် "
ထောင်မှူးကြီးက လှည့်ကြည့်ပြီး ပြောလိုက်သည်။ ထရေစီက ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်သည်။
"ငါလဲ ၀ါရှင်တန်မှာ အစည်းအဝေးတစ်ခု သွားတက်နေတာ ဒီမနက်မှ ပြန်ရောက်တယ်၊ ရောက်ရောက် ချင်းပဲ မင်းကိစ္စ အစီရင်ခံစာတွေ ရတာပဲ၊ မင်းကို တိုက်ပိတ်မထားသင့်ဘူးဆိုတာ ငါသိတယ် "
ထရေစီ က ထိုင်ရာမှပင် စောင့်ကြည့်နားထောင်နေသည်။ သူမအတွက် မည်သည့်ခံစားချက်မှ ပေါ်မလာ တော့။ ထောင်မှူးကြီး သည် စားပွဲပေါ်မှ စာရွက်ကို ငုံ့ကြည့်ပြီး ဆက်ပြောသည်။
" အစီရင်ခံစာထဲမှာ ရေးထားတဲ့ အချက်အရဆိုရင်တော့ မင်းရဲ့အခန်းဖော်တွေက မင်းကို အတင်းအဓမ္မ ဗလက္ကာရ ပြုပြီး စော်ကားကြတယ်ဆိုပဲ ... ဟုတ်လား "
" ဟင့်အင်း ... မဟုတ်ပါဘူး "
ထောင်မှူးကြီးက သဘောပေါက်နားလည်စွာဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လိုက်သည်။
"မင်း သူတို့ကို ကြောက်နေတယ်ဆိုတာ ငါနားလည်ပါတယ်၊ ဒါပေမယ့် ဒီထောင်မှာ ထောင်ကျတွေ အချင်းချင်း ကြီးနိုင်ငယ်ညှင်းလုပ်တာမျိုးကို ငါခွင့်မပြုနိုင်ဘူး၊ အုပ်စုနဲ့ အနိုင်ကျင့်တာကို လက်မခံနိုင်ဘူး၊ မင်း ကို စော်ကားတဲ့လူကို ငါဆုံးမချင်တယ်၊ ဒါပေမယ့် ဆုံးမဖို့အတွက် မင်းရဲ့ သက်သေခံ ထွက်ဆိုချက် လိုတယ်၊ ပြီးတော့ မင်းကို အန္တရာယ်မပေးနိုင်အောင် ကာကွယ်ပေးမယ်။ ဒီတော့ မင်းဘယ်လိုဖြစ်ခဲ့ရတယ် ဆိုတာ တိတိကျကျပြောပါ၊ ဘယ်သူတွေက ဘယ်လိုလုပ်တယ်ဆိုတာ ပြောပါ၊ ငါသိချင်တယ် "
ထရေစီ က သူ့မျက်လုံးအစုံကို စိုက်ကြည့်ပြီးမှ တစ်လုံးချင်း ဖြေလိုက်သည်။
" ကျွန် ... ကျွန်မ ... အိပ်စင်ပေါ်က လိမ့်ကျတာပါ"
ထောင်မှူးကြီးက ထရေစီကို အချိန်အတန်ကြာ စိုက်ကြည့် အကဲခတ်နေသည်။ ထောင်မှူးကြီး မျက်နှာပေါ် ၌ စိတ်ပျက်သွားသည့် အရိပ်အယောင်များ ယှက်သန်းသွားသည်ကို ထရေစီ သတိထားလိုက်မိ သည်။
" မင်း အဖြေအတိုင်း သေချာတယ်နော် "
" သေချာပါတယ် "
" မင်း စိတ်မပြောင်းတော့ဘူးလား "
" မပြောင်းတော့ပါဘူး "
ထောင်မှူးကြီး စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းမောကြီး ချလိုက်သည်။
" ကောင်းပြီလေ၊ ဒါ မင်းဆုံးဖြတ်ချက်ပဲပေါ့၊ ကဲ ... ဒီတော့ ငါမင်းကို အခြားအခန်းတစ်ခန်းပြောင်းပေးမယ်"
" ကျွန်မ ဘယ်အခန်းမှ မပြောင်းချင်ပါဘူး "
ထောင်မှူးကြီးက ထရေစီကို အံ့သြစွာဖြင့် ကြည့်လိုက်မိပြန်သည်။
" မင်း အလျင်နေခဲ့ တဲ့ အခန်းမှာပဲ ပြန်သွားနေချင်တယ်လို့ ဆိုလိုတာလား "
" ဟုတ်ပါတယ် "
ထောင်မှူးကြီး ဇဝေဇ၀ါဖြစ်သွားသည်။ ဤအမျိုးသမီးနှင့် ပတ်သက်၍ မိမိထင်မြင် ယူဆချက်များ မှားပြီဟု ထင်မိ လာသည်။ သူမ ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များသည် သူမကိုယ်တိုင်က ဆက်ဆော့လော်မာ၍ ဖြစ်ခဲ့ရ ခြင်းပင် ဖြစ်နိုင်ပေသည်။ နောက်ဆုံး သက်ပြင်းတစ်ချက်ချပြီး ပြောလိုက်ရတော့သည်။
" ကောင်းပြီလေ၊ ရှေ့အဖို့တော့ မင်းပြဿနာ မပေါ်အောင် ကြည့်နေပေါ "
" ဟုတ်ကဲ့ ... "
ထရေစီသည် သူ မူလက နေခဲ့သော အခန်းသို့ ပြန်ရောက်လာသည်။ အခန်းထဲ ခြေလှမ်း ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် မိမိ အစော်ကားခံခဲ့ရသော ကြောက်မက်ဖွယ် ဖြစ်ရပ်ကို ပြန်သတိရလာသည်။ သူမ၏ အခန်း ဖော်သုံးဦး မှာ အလုပ်သွားလုပ်နေသဖြင့် အခန်းထဲတွင်မရှိ။
ထရေစီသည် အိပ်စင်ပေါ်တွင် ပက်လက်လှန်ကာ မျက်နှာကျက်ကို မော်ကြည့်နေရင်း စိတ်ထဲက စီစဉ်စိုင်း ပြင်းနေသည်။ နောက်ဆုံးတွင် ထ ထိုင်လိုက်သည်။ အိပ်စင်အောက်ဆုံးမှ သံပတ်ပြား အစတစ်စကို မရအရ ချိုးဖဲ့ယူလိုက်ပြီး မွေ့ရာအောက်တွင် ၀ှက်ထားလိုက်သည်။
နံနက် ၁၁နာရီတွင် ထမင်းစားရန် အချက်ပေး ခေါင်းလောင်းသံ မြည်လာသည်။ ထမင်းစားခန်းထဲသွားရန် စင်္ကြံ ၌ တန်းစီကြသူများထဲတွင် ထရေစီက ထိပ်ဆုံးမှ ရောက်နေသည်။
ထမင်းစားခန်း အ၀င်ဝမှ စားပွဲတွင် ပေါ်လီတာနှင့် လိုတာတို့ ထိုင်စားနေသည်ကို တွေ့ရသည်။ ကပ္ပလီမကြီး "အာနက်စတိုင်း ကိုမူ အရိပ်အယောင်ပင် မတွေ့ရချေ။ ထရေစီသည် မိမိနှင့် မသိသော သူတစိမ်းများ ရှိနေသည့်စားပွဲသို့ သွားထိုင်သည်။ မိမိ လင်ပန်းထဲတွင် ပါလာသော အစားအသောက် မှန်သမျှ ကို လုံးဝ အရသာမခံဘဲ ကုန်စင်အောင်သာ စားပစ်လိုက်သည်။
ထရေစီသည် မွန်းလွဲပိုင်း တစ်ချိန်လုံးတွင် အခန်းထဲ၌ တစ်ယောက်တည်း နေရသည်။ မွန်းလွဲ ၂ နာရီ ၄၅ မိနစ် တွင် သူမ၏ အခန်းဖော်သုံးဦးတို့ အလုပ်မှ ပြန်ရောက်လာသည်။ ထရေစီကို မြင်လိုက်ရသောအခါ ပေါ်လီတာ အံ့အားသင့်သွားသည်။ ထို့နောက် မချိပြုံး ပြုံးပြီး ပြောလိုက်သည်။
" သြော် ... မင်းတို့ဆီကို ပြန်ရောက်လာပြီပေါ့ အလှလေးရယ် ... "
" အလျင်က နဲ့ မတူ တစ်မူထူးပြီး တို့က ချစ်ဦးမှာပါကွာ" လိုလာက ဖြည့်စွတ်ထောက်ခံ ပြောလိုက်သည်။
ထရေစီက သူတို့စကားကို စိတ်မ၀င်စား။ ကပ္ပလီမကြီး အာနက်စတိုင်းဆီသို့သာ သူ့စိတ်က ရောက် နေသည်။ သူ ဤအခန်းသို့ ဖြစ်လာသည်မှာ ဤကပ္ပလီမကြီးကြောင့်ပင်ဖြစ်သည်။ ထရေစီသည် ဤကပ္ပလီမကြီး ကို မယုံ။ သို့သော် မိမိ အစီအစဉ်အတွက် သူ့ကို အမှန်တကယ်ပင် လိုအပ်နေသည်။ ဤ ထောင် တွင် ဤ ကပ္ပလီမကြီး၏ စွမ်းပကားမှာ ကြီးမားလှသည်မဟုတ်ပါလား။
ည ၈နာရီ ၄၅ မိနစ်တွင် အိပ်ရာဝင်ရန် အချက်ပေး ခေါင်းလောင်းထိုးလာသောအခါ ထရေစီကပင် ဦးစွာ ည၀တ် အင်္ကျီ ထလဲသည်။ ထရေစီ အ၀တ်အစားလဲနေချိန်တွင် မက္ကဆိကိုမကြီးက သူမ ကိုယ်ခန္ဓာ အချိုးအစား ကျနလှပမှုကိုကြည့်ပြီး ခပ်တိုးတိုးလေး လေချွန်လိုက်သည်။ လိုလာက သက်ပြင်းကြီးတစ်ချက် ချလိုက်သည်။ ပါးစပ်ဖြင့်တော့ စော်စော်ကားကား မပြောတော့။
ထရေစီ က နေ့ဝတ်စုံကိုချွတ်ပြီး ည၀တ်အင်္ကျီကို ကောက်ဝတ်လိုက်သည်။ ထို့နောက် သူမအိပ်စင်ပေါ်သို့ တက်ပြီး ပက်လက်လှန်နေလိုက်သည်။
၉ နာရီတိတိတွင် မီးပိတ်သွားသည်။ တစ်ခန်းလုံး အမှောင်ထု ဖုံးသွားသည်။ မီးပိတ်သွားသည်မှာ နာရီဝက် ခန့် ရှိသွားပြီ။ ထရေစီသည် အမှောင်ထုထဲတွင် လဲလျောင်းနေရာမှ အခြားသူများ၏ အသက်ရှူသံကို ကြား နေရသည်။
လိုလာနှင့် ပေါ်လီတာတို့ သူ့အနား ကပ်လာသည့် လေတိုးသံကို ထရေစီ သိလိုက်သည်။ ထရေစီ ကလည်း အသင့် ပြင်ထားသည်။
ထရေစီသည် မွေ့ရာအောက်တွင် ၀ှက်ထားသော သံပတ်ပြားစကို ထုတ်ယူပြီး လက်ဖြင့် ကျစ်ကျစ် ပါအောင် ဆုပ်ကိုင်လိုက်သည်။ ထို့နောက် တစ်အားကုန်လွှဲပြီး ဟက်ထည့်လိုက်သည်။ မိမိ အနားကပ် လာသော အမျိုးသမီးနှစ်ဦးအနက် တစ်ဦး၏ မျက်နှာကို သွားထိသည်။ နာကျင်လွန်းစွာဖြင့် တအားကုန် အော်လိုက်သော အသံပေါ်လာသည်။ ကျန်တစ်ဦးကို ထရေစီက ခြေနှစ်ဘက်ဖြင့် တအားကုန် ဆောင့် ကန်ထည့်လိုက်ရာ တံခါးဆီအထိ လွင့်သွားပြီး ဒိုင်းခနဲသွားဆောင့်သည်။
" လာရဲရင် နောက်တစ်ခါထပ်လာကြည့်စမ်း၊ အသေကို သတ်ပစ်မယ်" ထရေစီ က ကျားဟိန်းသလို ဟိန်း ပစ် လိုက်သည်။
" ခွေးမ ... "
လဲကျသွားသူ က ဆဲလိုက်သည်။ ထရေစီကို အပြတ်နွှာရန် ပြန် အားယူလိုက်ကြသည်။ ထရေစီကလည်း သံပတ်ပြား ကိုင်ထားသောလက်ကို မြှောက်လိုက်ပြီး ကပ်လာသည်နှင့် အပြတ်ရှင်းရန် အသင့် ပြင်ထားလိုက်သည်။
ထိုစဉ်မှာပင် တစ်ချိန်လုံးငြိမ်နေသော ကပ္ပလီမကြီး အာနက်စတိုင်း၏ အမိန့်ပေးသံက အမှောင်ထုထဲမှ ထိုး ဖောက် ထွက် လာသည်။
" ဟေ့ ... တော်ကြတော့၊ သူ့ကို သွားမထိနဲ့၊ ထားလိုက်သူ့ဘာသာသူ နေပါစေ "
" အာနီ ကျွန်မမျက်နှာက သွေးတွေ ထွက်လာပြီ၊ ကျွန်မ သူ့ကိုလုပ်ရမှ ကျေနပ်မယ် "
" တော်စမ်း ... တိတ်၊ ငါပြောသလိုနေစမ်း "
နှစ်ယောက်စလုံး ငြိမ်သွားသည်။ သူတို့နှစ်ယောက် အိပ်စင်များဆီသို့ ပြန်ဆုတ်သွားသောအသံကို ထရေစီ ကြား လိုက် ရသည်။ ထရေစီ အိပ်ရာပေါ်၌ ပြန်လှဲနေလိုက်သည်။ သို့သော် ရန်မူလာလျှင် တုံ့ပြန် တိုက်ခိုက် ရန် အသင့်ပြင်ထားသည်။
" မင်း တော်တော်ခံနိုင်ရည်ရှိသားပဲ ကလေးမ "
ကပ္ပလီမကြီး အာနက်စတိုင်း က ပြောလာသည်။ ထရေစီက ဘာမျှ ပြန်မပြောဘဲ ငြိမ်နေသည်။
" မင်း ထောင်မှူး ကို ဘာမှ ဖွင့်မပြောခဲ့ဘူးနော်၊ အေးလေ၊ ဖွင့်ပြောခဲ့ရင်လဲ ခုလောက်ဆို မင်း သေနေ ရောပေါ့" အာနက်စတိုင်း က အမှောင်ထဲတွင် ခပ်သဲ့သဲ့ရယ်ရင်း ပြောလိုက်သည်။
သူ ပြောသည့်စကားကို ထရေစီ ယုံသည်။
" ထောင်မှူး က အခန်းပြောင်း ပေးတာကို မင်းကဘာလို့ ငြင်းရတာလဲ" ကပ္ပလီမကြီးက ထပ်မေး လိုက် သည်။
သူ ဤမျှအထိပင် သိနိုင်စွမ်း ရှိပါပေသည်။
" ကျွန်မ ဒီအခန်း မှာ ပြန်လာပြီး နေချင်လို့ပါပဲ "
" ဘာ ... ဒီမှာ ပြန်နေချင်လို့ ... ဟုတ်လား၊ ဘာကြောင့်လဲ "
ထရေစီ မျှော်လင့် စောင့်စားနေသော အချိန်သို့ ရောက်လာပါပြီ။
" ကျွန်မရဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်းအတွက် ရှင့်ဆီက အကူအညီလိုချင်လို့ပါ "
-------------------------------
ဆက်ရန်
.
No comments:
Post a Comment