"ဝေး အာင်သိုက်၊ နီတို့အိမ်မှာ ၀တမီး ရောက်နေလယ်ဆို၊ ၀တီးမိးရှိတယ်ဆို"
မေသူ့ အဖေ ဦးလျောင်ရောက်လာ၏။ အဝေးကြီးကပင် သူ့အသံကြားရသည်။
"ဟုတ်တယ် အမ်းကူးကြီး၊ လာလာ.....အမ်းကူးကြီး သမီးရှိပါတယ်"
အမေ က ဆီးကြို၏။
"ဘယ်မှာလဲ ၀တမီး၊ တမီးတကယ်ရှိတယ်နော်"
ရှိပါတယ် အမ်းကူးကြီးရယ်
သေပြီဟု ထင်ထားသော သူ့အဖေရောက်လာသောအခါ မေသူရုတ်တရက် ကြောင်သွားသည်။ လာလေသမီးဟု သူ့အဖေက ၀မ်းသာအားရ လက်လှမ်းသည်ကိုပင် ခဏကြောင်ကြည့်နေ၏။
"သွားလေသမီး၊ သမီးအဖေ အမ်းကူးကြီးလေ" ဟုဆိုမှ ဝေါခနဲငို၍ သူ့အဖေကို ပြေးဖက်သည်။
"၀တမီး တေပြီလို့ ၀ထင်နေတာ"
"ကျုပ်တို့ကလည်း သမီးတစ်ယောက် မွေးစားရပြီလို့ ၀မ်းသာ...."
"ဟယ် ...၀ တကယ်တေမလို့၊ အတက်နည်းနည်းပဲ ကျန်တယ်"
စကားပြော မှားသွားသော အမေက နှုတ်တုံ့သွား၏။
"၀တမီးက နင်တို့ထားတဲ့ အတက်ပဲ ရှိလေဟာ၊ ကျေးဇူးတင်လယ်.... အောင်တိုက်ကော"
"လူကြီး တွေ လာခေါ်သွားကြတယ်၊ အမ်းကူးကြီး ၊ တကယ်ပါ၊ ကျွန်မတို့ တိုင်ပင်ထားတယ်၊ အမ်းကူးကြီး သမီး ကို မွေးစားကြမလို့"
ဟဲဟဲ ကျေးဇူးတင်လယ်ဟာ ဟု ပြောပြီး တရုတ်ကြီးက ရွှေသွားတွေ ဖော်၍ ရယ်နေ၏။
မေသူကို တကယ်မွေးစားရန် အမေအဖေတို့ တိုင်ပင်ထားကြလေသလားဟု အောင်တိုင် တွေးနေ၏။
"ကဲ ငါတို့သွားမယ်ဟယ်.....၊ ကျေးဇူးတင်လယ်လို့ အောင်တိုက်ကိုပြောပါ။ တမီး အီးနိုင်းတို့ကို ကံတော့လယ်၊ အတက်ရှင်လေ၊ အတက်ရှင်လေ၊ ကျေးဇူးကြီးလယ်"
"အမ်းကူးကြီးသမီးကို ကျွန်မတို့ ကယ်လာတာ မဟုတ်ဘူး၊ ကျွန်မတို့ သားဘေးက ကယ်လာ တာ၊ တစ်ညလုံး ကျော်ဖျာအောက်ထဲ ၀င်ပုန်းနေခဲ့ကြတာတဲ့၊ မိုးလင်းလို့ မုန်းတိုင်းစဲမှ ကျွန်မတို့ နဲ့တွေ့တာ၊ အိမ်ရောက်တော့ မေးကြည်ပေါ့"
"ဟယ်....ဟုတ်လား၊ တူ... တူလည်း ကျေးဇူးကြီးလယ်၊ နီတို့ ကျီးဇူးဝတို့ တီးတတ်မမေ့လယ်၊
ကျီးဇူးဆပ်ရလယ်"
သူ့အဖေက တူလည်းကျေးဇူးကြီးလယ်ဟု ဆို၍လားမသိ၊ အမေ့ကိုရှိခိုး ကန်တော့နေသော မေသူ သည် သူ့ကိုပါ ယောင်ပြီး ရှိခိုး၏။ အောင်တိုင်ရင်ထဲနင့်ခနဲ ဖြစ်သွား၏။ ရွာလယ်အတိုင်း ရွေ့ရွေ့ လှမ်းသွား ကြသော သူတို့ သမီးအဖကို ငေးကြည့်ကာ ရင်ထဲဟာကျန်ရစ်၏။ သူတို့ သွားနေကြ သည်ကို လရောင်ထဲ ၌ အဝေးကြီးထိမြင်နေရ၏။ အမေတို့ မွေးစားလိုက်သော မေသူလေးသည် သူ့အဖေတရုတ်ကြီးနောက် ပါသွားလေပြီ ဟု ၀မ်းနည်းသွား၏။
"အဖေ မေသူကို တရုတ်ကြီး လာခေါ်သွားပြီဗျ"
အဖေတက်လာသည်ကို မြင်မြင်ချင်း အောင်တိုင်က ဆီးပြော၏။ ဟုတ်လားဟု အဖေက ခပ်ပေါ့ ပေါ့ပြော၏။ ဟုတ်ပတော်ဟု အမေကဆိုလေသည်။
"ရွှေဗန်းကြီး အစား ဒီတရုတ်ကြီး သေလိုက်ပါတော့လား"
"ရှင်က မဦးမချွတ်၊ အရူးနဲ့ အကောင်းပဲတော်"
"ဟ ရွှေဗန်းကြီး က အရူးပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး၊ ရွာမောင်းရွာခေါင်းလောင်းကြီး"
"အလျောင်ကကော ဘယ်သူ့ဒုက္ခပေးလို့လဲ"
"နင်တို့ဆလုံတွေ ဘိန်းစားတွေချည်း ဖြစ်ကုန်တာ အလျောင်ဘိန်းရောင်းလို့ မဟုတ်လား"
"တော်ကကော ကောင်းလို့လား"
"ငါက တစ်ခါတလေ ကမာငုပ်တုန်း ၀မ်းပျက်မှပါဟ၊ ဆေးဖြစ်ဝါးဖြစ် မှီ"
"အဲဒီက စကြတာပေါ့တော့"
"အဖေက ဘာမှမပြောတော့"
အဖေဟု အောင်တိုင်က ခေါ်လိုက်၏။
"ဘာလဲသား"
"မေ....မေသူ ကျွန်တော်တို့ဆီ ပြန်လာဦးမလား"
အဖေက အံ့အားသင့်သွား၏။ ဟယ်.....ဟု အထိတ်တလန့် ရေရွတ်သည်။ သူ့ကိုလည်း စူးစိုက် ကြည့် နေ၏။
"မေသူလေး မလာတော့ မင်းလိုက်သွားပေါ့ကွ"
"ကျွန်တော မှ သူ့တို့အပိုင်း မရောက်ဖူးတာ၊ အိမ်လည်း မသိဘူးဗျ၊ ရေနီလို့ပြောတယ်"
"ဟဲ....ဟဲ အဖေလိုက်ပို့ပေးပါမယ်ကွ၊ ဘာလဲ မင်းက မေသူကို ကြိုက်သွားပြီဆိုပါတော့၊ ဟေး အနိုင်း၊ မင်းသား က တရုတ်မလေး ကို ကြိုက်သွားပြီတဲ့"
အမေက ရယ်နေသည်။
"အဖေကလည်းဗျာ၊ မဟုတ်ပါဘူး၊ အဖေတို့ပဲ မွေးစားမလို့ဆိုဗျ၊ အဲဒါကြောင့် မေးတာပါဗျာ"
"အေးလေကွာ၊ သူ့အဖေသာ သေသွားရင် တို့မွေးမှာပေါ့၊ ကောင်းမလေးက ရုပ်ချောလေး၊ ကြီးလာရင် မင်းနဲ့ ပေးစားမယ်၊ မင်းမကြိုက်ဘူးလား"
"အောင်တိုင်က ရှက်ရှက်နှင့် မကြိုက်ပါဘူးဗျဟု ပြောလိုက်၏။"
"ဘာလို့လဲကွ၊ တရုတ်မို့လား၊ မင်းတို့ ဆလုံမတွေထက် အများကြီးသာပါတယ်"
"ငိုလို့ချည်း နေလို့ဗျ၊ ညကလည်း တစ်ညလုံး ငိုနေတယ်၊ ကျွန်တော် တို့ ဆလုံးတွေက ဘယ် တော့မှ မငို ဘူးတဲ့"
"ဘယ်သူပြောလဲ မင်းကို"
"အမေက ပြောတယ်ကော"
မှတ်ကရော့ ဟု အမေကဆို၏။ အဖေက ပြုံး၍ ငြိမ်သွား၏။ ခဏဆိတ်နေကြသည်။
"အစ်ကိုကြီး အကြောင်းများ ဘာကြားခဲ့သေးလဲ"
အမေက ဘကြီးအတိုင်းအကြောင်း စကားစသည်။
"လူတွေ အသေအရှင် တောင် မမေးအားကြသေးပါဘူးဟာ၊ ရေရရေးနဲ့ အသုဘကိစ္စပဲ လောလော ဆယ် စီစဉ် ရမယ်တဲ့။ ဦးထော်လတို့ နဲ့တော့ မေးလိုက်တယ်။ မတွေ့မိ မမြင်မိသေးဘူး ပြောတာပဲ"
တိတ်ဆိတ် သွားပြန်၏။
အပြင်တွင် လသာနေသော်လည်း လူခေါ်ငှက်တို့၏ မြည်သံကို ဟိုတုန်းကလို မကြားရ၊ ရွာသည် တစ်ပြင်နှယ် ချောက်ချားဖွယ်ရာ တိတ်ဆိတ်နေ၏။ လတစ်ခြမ်းကား မွန်းတည့်ပေတော့မည်။
အောင်သိုက် အိပ်ကြပြီလားကွဟု မထိုးမကျယ် ပြောရင်း ဦးဂျလား အိမ်ရှေ့က၀င်လာ၏။ သူ့လက် ထဲတွင် ဂေါ်ပြား တစ်လက်ပါသည်။
"မအိပ်သေးပါဘူး မစ်ကိုကြီး"
မင်းကြားပြီးပြီလား ဟု မေးရင်းလက်ထဲက ဂေါ်ပြားကို သဲတွင် စိုက်ထားလိုက်၏။
သူ့စကားကြောင့် အဖေ၏မျက်နှာ အေးစက်သွားသည်။ အမေက အထိတ်တလန့် ဦးဂျလား ကို လှမ်းကြည့် နေ၏။ ဤရက်ပိုင်းတွင် လူသေအကြောင်း၊ အလောင်းတွေ့သော သတင်းချည်း ကြားနေရ သဖြင့် အမေက ထိတ်လန့်နေ၏။ လင်းတနားသော နေရာ၊ ကျီးကန်းအာသော နေရာ များကို ရွာသူရွာသား တွေ အပူတပြင်းရှာကြတုန်း၊ မုန်းတိုင်းတိုက်ပြီးသွားသည်မှာ သုံးရက်ခန့်သာ ရှိသေးသည်။
"ဘာလဲ၊ ထိုင်လေ အစ်ကိုကြီး ဘာထူးလဲ"
"မထိုင်တော့ဘူးကွ၊ မင်းလိုက်မလားလို့ လာပြောတာ၊ အိမ်ကသားသမီးတွေနဲ့ မိန်းမတော့ သွားကြ လေရဲ့"
"ဘယ်ကိုလဲဗျ"
"မင်းက ငါထင်သလိုပါပဲလား၊ မကြားသေးဘူးကိုး၊ သဲချောင်းဝဘက်မှာ စက်လှေတစ်စီး ပျက်လို့ တဲ့၊ ပစ္စည်း တွေ တော်တော်ရတဲ့ လူတွေတောင် ရကုန်ကြပြီ၊ မင်းလိုက်မယ်ထင်လို့ ငါဝင်ပြောတာ"
"ဟာ... လိုက်တာပေါ့ အစ်ကိုကြီးရာ၊ ကျေးဇူးတင်ဗျာ့၊ ကျွန်တော်တို့ အပိုင်းက လူတွေ မသိကြ သေးဘူးဗျ၊ ဗျို့ဟစ်ထားခဲ့ ရင် ကောင်းမယ် ထင်တယ်"
"နေဦးကွ၊ အစိုးရပစ္စည်းလား၊ သူဌေးပစ္စည်းလား မသိကြသေးဘူး၊ အဲဒါကြောင့် တိတ်တိတ်ဆိတ် ဆိတ် သွားရှာ ကြရတာ၊ မတော်လို့ အစိုးရပစ္စည်းဆိုရင် မင်းပြစ်မင်းဒဏ် သင့်မှာလည်း စိုးရသေး တယ်၊ တောရမ်း မယ်ဖွဲ့ လျှောက်ပြောလို့ မသင့်သေးဘူး၊ လူသေအလောင်းတွေလည်း တစ်လောင်းနှစ်လောင်း တွေ့ တယ်တဲ့"
"စက်လှေထဲမှာလား"
"ဘယ်ကလာ၊ စက်လှေက ကျောက်တန်းနဲ့ ၀င်တိုက်ထားလို့ စိစိညက်ညက် ကျေးနေပြီတဲ့။ ပစ္စည်း တွေ ကလည်း သဲထဲ တူးရှာနေကြရတာတဲ့။ ငါလည်း ပသျှူးကြီးထော်လ တိတ်တဆိတ် လာပြောသွားလို့ သိရတာ ကွ၊ ခုမှ သွားမလို့"
"သွားမယ်ဗျာ လိုက်မယ်၊ ကျွန်တော့်မှာတော့ ပေါက်ပြားမရှိဘူး အစ်ကို ကြီး ပေါက်တူးပဲ ရှိတယ်"
လရောင်ထဲတွင် အဝေးကြီးကပင် မြင်ရသည်။ သဲချောင်းဝ၌ လူကြီးကလေး မိန်းမယောက်ျားတွေ ဖွေးဖွေလှုပ်နေ၏။ ဦးဂျလားနှင့် အောင်တိုင်တို့ မိသားစု သဲချောင်းဝ ရောက်သွားချိန်မှာ လရိပ်ပင် မွန်းတိမ်းစ ပြုနေပြီ။ ဦးဂျလား၏ ဇနီးဒေါ်အမိနှင့် သားဂေါလာ၊ ကောင်းကျော်သမီး မိဇံတို့က ပုလင်း သုံးလုံး နှင့် လေးထောင့်စည်ပုံးတစ်ပုံး ရထားကြသည်။
သဲချောင်းဝ တွင် သဲယက်သူယက်၊ သဲသောင်တွင် လျှောက်ရှာသူရှာ သဲချောင်းကမ်းစပ် စံပန်းချုံ နားတွင် ပစ္စည်းစုသူစုနှင့် ရှုပ်ယှက်ခတ်နေ၏။ မုန့်ပုံး ရသူများသည် မုန့်ပုံးကို ဖွင့်စားရင်း သွားသွား လာလာပစ္စည်းရှာနေ ကြ၏။ ရေလုံးဝမရှိသော သဲချောင်းသောင်ပြင်ကြီးကလည်း လရောင်ထဲ ဖွေး နေ၏။
အောင်တိုင်တို့မိသားစုလည်း အများနည်းတူ ပစ္စည်းရှာကြ၏။ စက်လှေပျက် ထင်းစထဲတွင် ရှည်မျောမျော အရာဝတ္ထုတစ်ခု ကို နင်းမိသဖြင့် အောင်တိုင်က ကုန်းကောက်လိုက်သည်။
"ဘာလဲကွ၊ ဘာလဲသား"
"သားလဲ မသိဘူး၊ အဖေဒီမှာ လာကြည့်ပါဦး"
စာတန်းနီနှင့် ကလေးတောင်ဝက်ခန့် ရှည်သော ရှည်မျောမျော ပုလင်းလို ပစ္စည်းတစ်ခုကို အေင်တိုင်က သူ့အဖေ ကို လှမ်းပေးလိုက်သည်။
အဖေက လရောင်ထဲ၌ ထောင်ကြည့်သည်။
"အင်္ဂလိပ်လို ရေးထားတာကွ၊ ငါလည်း မသိဘူး၊ ယူထား"
"ရွှေဆို သိပ်ကောင်းမှာပဲ"ဟု အမေက ဆို၏။
"နင့်အဘ၊ ရွှေ က ဒီလိုပုလင်းလိုက် ရှိမလား၊ ခုဟာက ဆေးလားမှ မသိတာ"
အောင်တိုင်က သူ့အမေက ပြန်ပေး၏။ အောင်တိုက်လက်နှင့် ညှစ်ကြည့်သေအခါ ပျော့အိ၍ တွေ့ ရသည်။ သူများ ကလေးတွေ မုန့်စားနေကြသည်ကို မြင်သဖြင့် မုန့်ဆိုရင် ကောင်းမှာပဲဟု အောင်တိုင်တွေး နေသည်။
ကျောက်ဆောင်နား ဘက်တွင် ပိုရကြသည်ကို တစ်ယောက်တစ်ပေါက် ပြောသံကြားသဖြင့် သူတို့ သားမိသားဖ တွေ ကျောက်ဆောင်နားဘက်လျှောက် ရှာကြ၏။
မှန်သည်။ လှည့်ပတ်လျှောက်၍ ခြေလှမ်းတစ်ရာ မပြည့်ခင်ပင် ကျောက်စွန်းကြားထဲ ညှပ်နေသော သေတ္တာကြီး တစ်လုံး လှမ်းမြင်ရသဖြင့် အကေ လှမ်းခုန်လိုက်သည်။ သူတို့သာအမိကလည်း အဖေ့ နား ရောက်သွာကြသည်။
ပခုံးပေါ် ထမ်းထားသော ပေါက်တူးကြီးကို အဖေက ကျောက်စွန်းတွင် ထောင်လိုက်၏။ သစ်သား သေတ္တာကြီး ကို မကြည့်သည်။ မ၍မရ။
လူကြီးနှစ်ယောက်ဖက်လောက် ရှိသောသေတ္တကြီးကို ကျောက်စွန်းထဲက သားမိသားဖ သုံးယောက် တွန်ချကြသည်။ နည်းနည်းပင် မလှုပ်၊ အဖေက ပေါက်ထူရိုးနှင့် ကလန့်ထားပြီး အောင်တိုင်နှင့် အမေက ရွှေထုပ်ကြီး ရသလို တအားတွန်းကြသည်။ နည်းနည်းမှ မရွေ့၊ တအား တွန်းရသဖြင့် အောင်တိုင်း ခါးဆစ် ထဲက စစ်စစ်စစ်စစ်ပင် မြည်သွားသည်။ သေတ္တာကြီးကား နည်းနည်းပင် မလှုပ်၊ ကျောက်စွန်းထဲ တအားညှပ် နေ၏။
သား မင်းဒီမှာ စောင့်နေ၊ နင်သံတူရွင်း သွားယူလိုက် အနိုင်း၊ ငါပစ္စည်းလျှောက်ရှာ အင်း....
အဖေစကားမဆုံးခင် ဦးဂျလားနှင့် သူ့မိန်းမ သူ့သားကြီးတို့ ရောက်လာကြသည်။ အောင်တိုင် ထက် ငယ်သော မိစံကမူ ပါမလာ။ ရထားသော ပစ္စည်းပုံကို စောင့်၍ ကျန်ခဲ့ပုံရ၏။
ဘာလဲကွ၊ ဘာတွေ့ထားလဲဟု ဦးဂျလားက ကျောက်တုံးတစ်တုံး အောက်က လှမ်းမေး၏။ အဖေက ချက် ချင်း စကားမပြန်သေး၊ ဟင်ကွ ဟုဆိုပြီး ဦးဂျလားအောက်က တက်လာမှ သေတ္တာ ကြီးတစ်လုံး တွေ့ထားတယ်ဗျ ဟု အဖေက ပြောသည်။
သူတို့လည်း ၀မ်းသာအားရ ချက်ချင်း ကျောက်တန်းပေါ် ရောက်လာကြ၏။ အေးကွန် နည်းနည်း နောနော သေတ္တာကြီး လား ဟု ဦးဂျလားက ဆိုသည်။
လူကြီးတွေ ၀ိုင်းတွန်းကြသောအခါ သေတ္တာကြီး ကျောက်တန်းပေါ်က ကျသွားသည်။ ကျောက်စွန်း နှင့်ရိုက်မိသွားသဖြင့် သေတ္တာကို ပတ်ရိုက်ထားသော သံပြားကြိုးတစ်ချောင်း ပြတ်ထွက်သွား သည်။ အောက် ရောက်သွားသောအခါ တုတ်ပတ်သံက အစနှစ်ဖက် ထောင်နေ၏။
ကျောက်တန်းအတိုင်း သဲပြင်အောက်သို့ ဟိုဟိုဒီဒီ ကြည့်ကာ ဆင်းလာကြ၏။
"အဖေ အဖေ...ဒီမှာလည်း သေတ္တာကြီးတစ်လုံးဗျ"
အောင်တိုင်က အားရ၀မ်းသာ အော်လိုက်သည်။ ချက်ချင်းပြေးလာသော အဖေက အေးဟု ဆို၏။ ဦးဂျလားဟုတ်တယ်ကွ၊ သေတ္တာကြီး သေတ္တာကြီးဟု အော်သည်။
သေတ္တာကြီးမှာ ကျော်တန်းပေါ်က ရေအိုင်ငယ်တစ်ခုထဲ တင်းနေ၏။ စောစောက ရထားသော သေတ္တာကြီး ထက်ပင် ကြီးသေး၏။ သံပြားတွေလည်း အများကြီး ပတ်ထားသည်။
အောင်တိုင် တို့ အော်သံကြောင့် တခြားလူတွေလည်း ကျောက်ပြင်ပေါ်ပြေးလာကြ၏။ အောင်တိုင် တို့ရထားသော ခါးစောင်းအထိခန့် သေတ္တာကြီးနှစ်လုံးကို မြင်သေအခါ အားကျသယောင်နှင့် ထိုနား ပတ်ဝန်းကျင်မှာ လူတွေ ချက်ချင်း ပြည့်သွားလေသည်။
ငါတို့ရတဲ့ ပစ္စည်းတွေအားလုံး အညီအမျှနော် အနိုင်း ဟု အဖေ့ကိုပြောရမှာ အားနာနေသော ဦးဂျလားက အမေ့ကို ပြော၏။ အမေက အဖေ့မျက်နှာ ကို လှမ်းကြည့်သည်။
"ဒါပေါ့ အစ်ကိုကြီးရာ၊ အစ်ကိုကြီးလာပြောလို့ ကျွန်တော်တို့လည်း ရထာပဲ။ အညီအမျှပေါ့"ဟု အဖေက ပြောသည်။ ဦးဂျလား တို့ မိသားစုမျက်နှာအားလုံး လရောင်ထဲ ၀င်းပသွားကြ၏။ အမေက ဦးဂျလား မျက်နှာ ကို လှမ်းကြည့်၏။
"နှစ်ဝက် နှစ်အုပ်စု ကို တစ်ယောက်တစ်ဝက်စီလား၊ တစ်ယောက်စီတစ်ခုစီလား၊ အစ်ကိုကြီး"
"ဟဲဟဲ... ငါတို့အိမ်သားတွေက လူများတော့ အစုအများကြီး ယူမှာစိုးလို့လား အနိုင်းရယ်.... မယူပါဘူးဗျာ၊ နှစ်စုနှစ်ဝက် ကို တစ်စုပဲ အစ်ကိုကြီးတို့ ယူမှာပါ။ ငါတို့မိသားစု ငါးယောက်ဆို ပြီးငါးပုံယူရင် ဘယ်တရားပါ့မလဲ၊ ကလေးတွေ ကို ဘယ်လူရာသွင်းလို့ ရမလဲ"
အမေက ခုမှ ရယ်နိုင်ပြုံးနိုင်သွား၏။
"ကျွန်တော်ရတဲ့ သေတ္တာကြီးကျတော့ကော ဘကြီးတို့ကို ခွဲပေးရဦးမလား"
"မင်းတစ်ယောက် တည်း နိုင်ရင် မင်းသေတ္တာကြီးကို မင်းဘာသာ ရွာထဲရွယ်ယူသွား၊ ငါတို့ ကူမထမ်းပေးဘူးလေ၊ ဘယ့်နှယ့်လဲ" ဟုဦးဂျလားက ပြောသောအခါ လူကြီးတွေ ၀ိုင်းရယ်ကြ၏။ အောင်တိုင်က ရုတ်တရက် ကြောင်းသွား၏ ဘာပြောရမှန်းမသိ။ အောင်တိုင်နှင့်ရွယ်တူ ကောင်းကျော်က အောင်တိုင် ကို လှောင်သလို ကြည့်နေ၏။
"ဘကြီးတို့ကော ဘာတွေရထားခဲ့ကြလို့လဲ"
"ငါတို့မှာလည်း အများကြီးပါကွ၊ ပုလင်းတွေရော၊ သံပုံးတွေရော၊ စက္ကူသေတ္တာတွေရော အများကြီးနော် အဖေ"ဟု ကောင်းကျော်က အားကျမခံပြန်ပြောသည်။
"ဒီအကောင် တော့လေ"ဟု အဖေက ဟန့်ထား၏။ လူကြီးတွေက ရယ်ကြပြန်၏။
နင့်သားကတော့ တကယ့်အာဂကောင်ဟု ဦးဂျလားက အောင်တိုင်ကို မှတ်ချက်ချသည်။ အောင်တိုင်က သူဦးဆုံးမြင်သော သေတ္တာကြီးထဲက ပစ္စည်းပါသူတို့ကို ခွဲပေးရမည် ဆိုသဖြင့် မကျေနပ်ချင်သေး။ လူကြီးတွေ ကို ပြန်မပြောရဲသော်လည်း ရွယ်တူ ကောင်းကျော်ကို မဲနေသေည်။
"မင်းကကော ဘာရလဲ"
"ငါလည်း စက္ကူသေတ္တာ ရတာပေါ့"
"ငါ့သေတ္တာလောက် ကြီးရဲ့လား"
ကောင်းကျော် နှုတ်ဆိတ်သွား၏။ အောင်တိုင် ကျေနပ်သွားသည်။
"ကဲ သား၊ မင်ဒီသေတ္တာကြီးတွေ စောင့်နေခဲ့၊ အဖေတို့ နောက်ထပ် သွားရှာဦးမယ်"
"ဟာ...အဖေကလည်း ကျွန်တော်လည်း ရတတ်ပါတယ်ဗျ၊ ခုသေတ္တာကြီးတစ်လုံးတောင် ရထားပြီ ပဲ"
လူကြီးတွေတောင် အောင်တိုင်ကို ကြည့်နေကြပြန်သည်။
"သားမစောင့်ရင် ဒီပစ္စည်းတွေ သူများယူသွားကြမှာပေါ့၊ ကိုယ့်ပစ္စည်းကိုယ်စောင့်နေမှပေါ့"
အောင်တိုင်၏ မျက်လုံးက ကောင်းကျော်ဆီ ရောက်သွား၏။ လူပျိုပေါက် အရွယ်ဖြစ်သော ဂေါလာ ကိုမူသူစေ့စေ့ပင် မကြည့်ရဲ၊ ယခင်က စကားလည်း တစ်ခါမှ မပြောဖူးသဖြင့် ထည့်မပြောရ၊ ဂေါလာမှာ အနေတည် သလို မျက်နှာပေါက်လည်း ဆိုးသဖြင့် အောင်တိုင်က လန့်နေ၏။
"ကောင်းကျော် စောင့်ခိုင်းထား အဖေရာ၊ ကောင်းကျော်က ဘာပစ္စည်း ကြီးကြီးရတတ်လို့လဲ"
လူကြီးတွေ ၀ိုင်းရယ်ကြပြန်၏။
"ငါရထားတာတွေစုလိုက်ရင် မင်းသေတ္တာထက်ကြီးတယ်"ဟု ကောင်းကျော်ကလည်း ခံပြင်းသံနှင့် အပေါ်တူးလိုက်၏။ လူကြီးတွေက ရယ်ကြပြန်သည်။
"ကဲ...ကဲ ကျုပ်သား ကောင်းကျော်ပဲ ပစ္စည်းစောင့် ထားခဲ့ပါ့မယ်၊ ကိုရတတ်ကြီးက ကျုပ်တို့နဲ့ ကြွမြန်းတော်မူပါဗျာ"ဟု ဦးဂျလားကပင် အဆုံးအဖြတ်စကားကို ရယ်၍ ပြောသည်။
"တစ်ကောင်တည်းမို့ အလိုလိုက်ထားတော့ သိပ်ဆိုးတာ အစ်ကိုကြီး၊ သူ့အဖေကြောင့်ပဲ ပျက်မယ်"ဟု အမေက ဆိုသည်။ "တစ်ကောင်ဆို ဆိုသလောက် ဖြစ်မယ့်အကောင် မနိုင်းရယ်၊ ဟုတ်လည်းဟုတ်ပ"ဟု ဦးဂျလား က သြဘာစကားဆို၏။
မည်သူ မည်သို့ ပြောပြော လူကြီးတွေနှင့် ပစ္စည်းရှာ ဆက်လိုက်ရမည်ဆိုသဖြင့် အောင်တိုင် ပျော် သွားသည်။ သူ့အဖေစကားကို မလွန်ဆန်ရဲသော ကောင်းကျော်ကမူ သေတ္တာကြီးနှစ်လုံးနားတွင် ငိုမဲ့မဲ့နှင့် မတ်တတ်ရပ်နေ၏။
"ကောင်းကျော်၊ ဒါပါထားခဲ့မယ်နော်၊ မပျောက်စေနဲ့၊ ကောင်းကောင်းကြည့်ထားလိုက်"
စောစောက သူရထားသော ဘာမှန်းမသိသေးသည့် ရှည်မျောမျော ပစ္စည်းကိုပါ သေတ္တာကြီးပေါ် လှမ်းတင် ၍ အောင်တိုင်က လေကြွားသံနှင့် ပြော၏။
"အမယ် မင်းဟာက အကောင်းအကန်းကိုး၊ ဘာမှန်းလဲမသိဘဲနဲ့"ဟု ကောင်းကျော်က မကျေမနပ် ဆို၏။ "အထဲမှာ ရွှေရည်တွေ ဖြစ်နေရင် မင်းဘယ့်နှယ်လုပ်မလဲ"ဟု အောင်တိုင်က ဟောက်ထားခဲ့ ၏။
"နင်က ပြောလို့သာ ကောင်းကျော်ကို အစောင့်ထားခဲ့ရတယ်၊ ငါတော့ လုံးလုံးစိတ်မချဘူး"ဟု ဒေါ်အဗီက လမ်း ၌ အောင်တိုင်ကိုစသည်။
"ဘာဖြစ်လို့လဲ ကြီးကြီး"
"သြော်....ကောင်းကျော်အကြောင်း နင်မကြားဘူး"
သူ့အမေကလည်း အံ့သြသွးသလို သူ့ကို ကြည့်၍မေး၏။
"ဟင့်အင်း...ဘကြားရမှာလဲ"
"အဲဒီလူလေးရယ်၊ ကောင်းကျော်ဟာ နတ်ထားအားရှိတယ်လို့ ပြောကြတယ်။ နင့်သေတ္တာကြီး ရွယ်ယူသွားပြီး တစ်နေရာရာ သွားဝှက်ထားရယ် ဘယ့်နှယ်လုပ်မလဲ၊ နထားအားရှိတဲ့လူတွေ အလျင် တို့ရွာမှာ ပေါ်ဖူးတယ်ဆိုတာ နင်ကြားဖူးမှာပေါ့"
ကောင်းကျော်အမေ ဒေါ်အဗီ၏စကားကြောင့် အောင်တိုင် စိတ်ထဲရွံ့သွားမိသည်။ သူ့အဖေကို လှမ်းကြည့်လိုက်သောအခါ သူ့အဖေကမူ ဒေါ်အဗီ၏စကားကို သတိထားနားစွင့်မိပုံမရ။ ပစ္စည်း ရလိုဇောနှင့် ကျောက်ပြင်ကိုသာ ငုံ့ကြည့်၍ လှမ်းသွားနေ၏။
သူ့အမေနှင့် ဒေါ်အဗီတို့ ပြောသလို သူတို့ရွာ၌ ယခင်က နတ်ထားအားရှိသူ အမျိုးသမီးတစ် ယောက်နှင့် အမျိုးသားတစ်ယောက် ပေါ်ဖူးသည်ဟု အောင်တိုင်ကြားဖူးသည်။ တစ်စုံတစ်ခု သူတို့ အလိုမကျလျှင် သို့မဟုတ် တစ်ယောက်ယောက်ကို မကျေနပ်လျှင် ငါးမန်းမျှားထွက်ရာတွင် အသုံးပြုသော တံငါလှေများကို တစ်ယာက်တစ်ထမ်း ရွက်ပြီး သောင်အစပ်က သစ်ပင်ကြီးထိပ်ပေါ် သွားတင်ထားသည်ဟု ဆိုသည်။ တံငါသည်တွေမှာက သစ်ပင်ကြီးပေါ် ရောက်နေသော လှေကို ဘယ်လိုပြန်ချကြရမှန်မသိဘဲ ငါးမျှား မထွက်နိုင်ဘဲ ဖြစ်နေကြ၏။ ထိုနတ်ထား အားရှိသူ၏ စိတ်ပြေမှ ည၌လူသူမသိအောင် က သစ်ပင်ကြီး ပေါ်က လှေကို ပြန်ချပေးတတ်သည်ဟု ဆို၏။ ဤသည်မှာ အောင်တို့တို့ အဘိုးခေတ်က ပေါ်ခဲ့သော နတ်ထားအားရှိသူ ဦးကောင်ထိုအ ကြောင်း။
အဖီးတို့ခေတ်လောက်က ပေါ်ဖူးသော အမျိုးသမီးနာမည်ကိုမူ အောင်တိုင် မမှတ်မိတော့။ ထိုအမျိုး သမီးသည်လည်း သူမကျေနပ်သော အိမ်က လက်ထောင်းဆုံေ တွကို ညအခါ တစ်ယောက်တည်း တိတ်တိတ် သွားယူပြီး သစ်ပင်ပေါ် တင်ထားဖူးသည်ဟု ဆိုလေသည်။ ယခုဦးဂျလားနှင့် ဒေါ်အဗီတို့ သား ကောင်းကျော် ကိုမူ နတ်ထားအား ရှိသည်ဟု ယခင်က တစ်ခါမှ ပြောသံဆိုသံ မကြားဖူး၊ ပင်လယ်ဘက် ကျ၍ သူတို့နှင့်ဝေးသဖြင့် မကြားဖူးတာလား၊ သို့မဟုတ် ငယ်သေးသဖြင့် နတ်ထား အားရှိသည်ကို မပြသေးတာ လား အောင်တိုင်လျှောက်ရင်း တွေးနေမိသည်။
ကြားဖူးသမျှ ကော နတ်ထားအားရှိသူများကို တွေးနေစဉ် အံပွားပါ၍ ရိုက်မနာ သတ်မသေ ဆိုသူ တစ်ယောက် အကြောင်းကိုလည်း တွေးမိပြန်၏။ ထိုအံပွားရှင်သည် အလွန်ယုတ် အလွန်မိုက်သဖြင့် နောက်ဆုံးတော့ ဓားပြီးတုတ်ပြီးသူကို အရပ်က၀ိုင်း၍ ဝှေးသင်းသတ်ပစ်ကြရသည် ဆို၏။
ယခုဦးဂျလား ဒေါ်အဗီတို့၏ ဒုတိယသား ကောင်းကျော်မှာ ယခင်က ပေါ်ဖူးသော နတ်ထားအား ရှိသူ ကောင်းထိုကြီး ၀င်စား၍များ "ကောင်း"ဆိုသော နာမည်ကို ယူထားတာလား။
အောင်တိုင် သည် တောင်စဉ်ရေမရတွေးပြီး ဒေါ်အဗီနှင့် အမေတို့နောက်က ခေါင်းငိုက်စိုက်နှင့် လိုက် နေမိ၏။
"ဟဲ့ကောင် ကိုရတတ်ကြီး၊ ဘေးဘီကိုလည်း ကြည့်ဦးကွ၊ မိန်းမတွေနောက်ပဲ လျှောက်လိုက်နေ လို့ ဘာပစ္စည်း ရမှာလဲ"
ဦးဂျလား ၏ အသံက အောင်တိုင်၏ စိတ်ကို ချက်ချင်းလှုပ်နှိုးလိုက်၏။
"ကဲ....တစ်ယောက်နောက် တစ်ယောက်လိုက်မနေကြနဲ့၊ ဖြန့်ပြီးရှာကြ၊ ပစ္စည်းကြီးကြီး မနိုင်မနင်း တွေ့ရင် အော်ခေါ် ပြောကြဟုတ်လား"
ဦးဂျလား ၏ အမိန့်အတိုင်းပင် သောင်ပြင်နှင့်ကျောက်တန်းကျောက်လုံး ကြီးတွေ အကြိုအကြား တစ်ယောက် တစ်လမ်းခွဲထွက်ပြီး ရှာကြရ၏။
လ၀န်းကွယ်ခါနီးတွင် ဂေါလာက သူ့အဖေကို ခေါ်သံကြားရသည်။ ပစ္စည်းကြီးကြီးတစ်စုံ တစ်ခု ရပြန်ပြီဟု အောင်တိုင် သိလိုက်သည်။ သူတို့ဘက် တစ်ချက်မျှသာ လှမ်းကြည့်သည်။ လိုက်မသွား။ ဂေါလာရတဲ့ ပစ္စည်း ဟာ စောစောက ငါရတဲ့ပစ္စည်းထက် ကြီးတဲ့ပစ္စည်း ငါနောက်ထပ် ရစေ့ရမယ်ဟု မာနနှင့် ကျောက်ပြင် ပေါ် လျှောက်ရှာနေ၏။ မနိုင်မနင်း သူ့တစ်ရပ်ကျော်မြင့်သော သေတ္တာကြီးတစ်လုံးကို တွေ့မှ သူ့အဖေကို အော်ခေါ်မည်။ ဦးဂျလားတို့ ဂေါလာတို့ သားအဖကို ကြွားလိုက်ဦးမည်။
လ၀န်းသည် အတော်ကျသွားပြီဖြစ်သဖြင့် အလင်းအား နည်းလာ၏။ ကျောက်ပြင်ပေါ် လှည့်ပတ် လျှေက်ရှာ နေသည်မှာ ကြာပြီဖြစ်သော်လည်း နောက်ထပ် ဘာပစ္စည်းမှ မတွေ့သဖြင့် ကျောက်ပြင် ပေါ်က ဆင်းလာသည်။ စောစောက သူတို့မိသားစု သေတ္တာကြီးနှစ်လုံးရသည်ကို အားကျ၍ ကျောက်ပြင်ပေါ် ပြေးတက်လာရှာကြသူကိုပင် ကျိုးတိုးကျဲတဲသာ မြင်ရတော့သည်။ သောင်ပြင် အောက်နှင့် သဲချောင်းဝချိုင်၌သာ လူတွေ ရိပ်ရိပ်လှုပ်ရှားနေ၏။။ လရောင်အားနည်းနေသဖြင့် မည်သူမည်ဝါတွေ ခွဲခြားမရ။ ဦးဂျလားတို့ မိသားစုနှင့် သူကအမေအဖေတို့ပင် သောင်ပြင်ချိုင်ဝ ဘက်ဆင်းသွားကြပလားဟု တွေးလိုက်သည်။
သောင်ပြင်ဘက်သို့ သူဆင်းလာ၏။ ခြေလှမ်းငါးဆယ်လောက် လှည့်လျှောက်ပြီးသောအခါ သဲပြင်တစ်ကွက်ကျော်၌ ထိုးထိုးထောင်ထောင် ဖြစ်နေသော အရာဝတ္တုတစ်ခုကို မနီးမဝေး၌ လှမ်း မြင်ရ၏။ ၀မ်းသာအားရနှင့် ချက်ချင်းပြေးရောက်သွား၏။ အဝေးကမြင်ရစဉ်၌ ကျောက်တုံးကြီးတစ် လုံး၏လရိပ်မည်းထဲ တစ်ခြမ်းဝင်နေသဖြင့် မသဲကွဲ၊ အနားရောက်မှ သေသေချာချာ ခါးကုန်းကြည့်မိ၏။ တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်း ထသွားသည်။ လူတစ်ယောက်၏ ဒူးခေါင်းကြီး နှစ်လုံးသည် သဲပြင်ထဲမှ ထိုးထိုး ထောင်ထောင် ပေါ်နေ၏။
ထိုနေရာမှ အောင်တိုင်ပြေးလာမိသည်။ အဖေ....အဖေဟု မတိုးမကျယ်အော်ခေါ်မိ၏။ အဖေ၏ ထူးသံကို မကြားရ။ ကျောက်တုံးကြီးကို လှည့်လာသောအခါ လူကြီးတစ်ယောက်ကို တွေက၏။ ထိုလူကြီးက ဘာလဲ ကလေး၊ ဘာပစ္စည်းကြီးတွေ့လဲဟင်၊ ဦးကြီးကိုပြော၊ မင်းကို တစ်ဝက်ပေးမယ် ဟုလက်ကို ဖမ်းကိုင်ထား၍ မေး၏။
ထိုသူကြီးကို အောင်တိုင် မသိ။ မျက်နှာကို မေ့ကြည့်၏။ လရောင်မရှိသဖြင့် သဲသဲကွဲကွဲ မမြင်ရ။ ကျောက်တုံးကြီး တစ်ခု အရိပ်ကလည်း ထိုသူကြီးကိုယ်ပေါ် လွှမ်းမိုးနေသည်။ အောင်တိုင်တစ်ကိုယ် လုံး ဆတ်ဆတ်တုန် သွား၏။ မုန်းတိုင်းကျပြီး၍ မျှော်ဦးတောင်ခြေမှ ပြန်လာသော နံနက်ကို ချက်ချင်း အမှတ်ရ သွားသည်။ သဲသောင်ထဲ ထိုးထိုးထောင်ထောင် ပေါ်နေသော လူသေအလောင်း တွေကို မျက်စိထဲ မြင်မိ သွားသည်။
"ဟင်...ကလေး... မင်း ဘာတွေ့ခဲ့သလဲ၊ ဘကြီးကိုပြော၊ မင်းကို တစ်ဝက်ပေးမယ်"
အသံရောလူပါ မမှတ်မိသော လူကြီးက ထပ်မေးပြန်၏ သူ့လက်ကိုလည်း ၀င်ကစွပ်ညှပ်ထားသလို တင်းတင်းကိုင်ထား၏။
"ဟို....ဟို ဒီကျောက်တုံး ဟိုဘက်မှာ...."
လူကြီးသည် အောင်တိုင် စကားမဆုံးခင်ပင် သူ့လက်ကို ဖြုတ်ထားခဲ့၏။ ချက်ချင်း ကျောက်တံးကြီး တစ်ဖက်သို့ ပြေးလိုက်သွားသည်။
အောင်တိုင်သည် ကြောက်ကြောက်နှင့် ကျောက်တုံးကြီး မြင့်မြင့်မည်းမည်းတွေ မရှိသော သောင်ပြင်ဘက် ပြေးလာသည်။
လ၀န်းဝါ၀ါ သည် ဇီးခါးအနောက်ချိုင်စွန်းမှ ပင်လယ်ထဲ ငုပ်ဝင်သွားလေ၏။
လ၀င်သွား၍ မကြာခင်မှာပင် ရောင်နီပျို့လာ၏။ အရုဏ်သစ်နှင့်အတူ သောင်ပြင်တွင် လူပိုများလာ ၏။ တစ်ရွာလုံး သိသွားကြပြီးဖြစ်သဖြင့် ရွာရှိအကုန်သူတို့ သဲချောင်းဝသောင်ပြင်သို့ ရောက်နေကြ ၏။ လေးငါးနှစ် ကလေးငယ်များကိုပင် သောင်ပြင်တွင် ပစ္စည်းလျှောက်ရှာ၍ တွေ့ရ ၏။
တစ်ညလုံးလျှေက်သွားနေသဖြင့် အောင်တိုင် ခြေသလုံးတောင့်လာ၏။ ၀မ်းထဲလည်း ဟာလာ သည်။ သေတ္တာကြီးနှစ်လုံး စောင့်နေသော ကောင်းကျော်ရှိရာ သို့မှန်း၍လသည်။ ပစ္စည်းဆို၍ကား လက်ထဲတွင် ပုလင်းလေး တစ်လုံးသာ ရလာခဲ့၏။ ကျောက်စွန်းနားသောင်စက သူရလာခြင်းဖြစ် သည်။
စက္ကဘူး၊ သံပုံး၊ ပုလင်း၊ အထုပ်အကြီးအသေး စသည့်ပစ္စည်းများကို ပုံ၍ စောင့်နေကြသော ကလေးများကို ကြိုးကြား ကြိုးကြား သောင်ပြင်ထဲတွေ့နေရ၏။ အလင်းထဲတွင် လူတိုင်း၏ မျက်နှာ ကိုလည်း သဲသဲ ကွဲကွဲမြင်လာရပြီ ဖြစ်၏။
လူသေအလောင်း တွေ့ခဲ့သည်ကို သူပြောထားခဲ့သော လူကြီးအကြောင်းကို အောင်တိုင်တွေးလာ သည်။ ပစ္စည်းကြီးကြီးတွေ့သည်အထင်နှင့် ပြေးလိုက်သွားသော လူကြီးသည် ဤလို လင်းလင်း ထင်းထင်း အချိန်တွင် သူ့ကိုများ မှတ်မိနေလေမလား....၊ သူ့ကိုတွေ့ရင် ဆိုနေဆဲနေမလား....။ သူကမှစကားဆုံး....။
"ဟင်...အောင်တိုင်"
သူ့နာမည်ကို တစ်စုံတစ်ယောက်က ခေါ်လိုက်သဖြင့် ခြေလှမ်းတုံ့သွား၏။ အတွေးလည်း ပြတ် သွားသည်။ လှည့်ကြည့်မိလျက်သား ဖြစ်သွား၏။
"ဟင်...မေ...မေသူ"
အောင်တိုင် အံ့သြသွားသည်။
မေသူသည် အောင်တိုင်ကို မတ်တတ်ရပ်၍ စေ့စေ့ကြည့်နေ၏။ လက်တစ်ဖက်တွင် စားလက်စ မုန့်ချပ်တွေ ကို မြင်ရ၏။။ ခြေရင်း၌မူ ပုလင်းသံဘူး တွေနှင့် စက္ကူသေတ္တာလေး နှစ်လုံးသုံးလုံးကို ပုံထားသည်။
"နင်ဘယ်ကလာလဲဟင်"
"ငါလည်း ပစ္စည်းရှာတာပါ"
"ဘာတွေရခဲ့လဲ"
"သေတ္တာကြီး သုံးလေးလုံး ရခဲ့တယ်"
အောင်တိုင်က ဘာကြောင့်ရယ်မသိ၊ မေသူကို အပိုကြွားပြောလိုက်သည်။ မေသူ၏ခပ်မှေးမှေး မျက်ခွံများ အပေါ် သို့ ပင့်တက်လာ၏။
"သုံးလေးလုံးတောင်"
"ဟုတ်တယ်"
"ဘာပစ္စည်းတွေလဲဟင်"
"ဘယ်သိမလဲဟ၊ သေတ္တာတွေက အကြီးကြီးတွေ၊ ငါ့လည်းပင်းလောက် မြင့်တယ်"
"ခု ဘယ်မှာထားခဲ့လဲ၊ နင်စောင့်မနေဘူးလား၊ သူများတွေ ယူကုန်မှာပေါ့"
"ကောင်းကျော် စောင့်ခိုင်းထားတယ် ဟိုဘက်မှာ"
သူက လူကြီးသူမ ဟန်နှင့် သူထင်ရာဘက်ကို လက်ကမ်းပြ၍ ပြော၏။ သူ့လက်ထဲက ပုလင်းကို မေသူမြင်သွားသည်"
"အဲဒီ ပုလင်းမျိုး ငါတို့လည်း ရထားတယ်၊ တွေ့လား၊ ဒီမှာ"ဟု မေသူက ခေါင်းငုံ့၍ ပုလင်းတွေကို လက်ညှိုးထိုးပြ၏။
မေသူလက်ထဲက မုန့်ချပ်တွေကို မြင်မှ သူ့ဗိုက်ထဲက တဂွိဂွိပိုမြည်လာသည်။ အမှန်မှာ ညဉ်ီးက ပင်ထိုမုန့်များကို အောင်တိုင် စားချင်နေသည်။ သူတို့မိသားစု ပစ္စည်းရှာလာကြစဉ်က ကလေးငယ် တချိုက စားနေကြသည်ကို သူတွေကခဲ့ရသည်။
အောင်တိုင်သည် မေသူမမြင်အောင် တစ်ဖက်သို့ မျက်နှာလှည့်၍ တံတွေးကို ကမန်းကတန်း မျိချ လိုက်၏။ မေသူ့လက်ထဲတွင် မုန့်ကို မသိမသာကြည့်နေတုန်း။
မေသူ့ လက်ထဲတွင် မုန့်နှစ်ချပ်နှင့် တစ်ဝက်ရှိသေးသည်။ မုန့်ဝိုင်းက လက်သီးဆုပ်လော်က ရှိသည်။ ညဦး က ကောင်းလေး ကောင်းမလေးတချို့ စားနေကြသည်ကို သူသိသော်လည်း မုန့်ကို မူသေသေချာချာ မမြင်ရ။ ယခုမေသူ့ လက်ထဲမှာမှ ထင်ထင်ရှားရှားမြင်ရ၏။ အနံ့ပါ မွှေးလာသလားဟု စိတ်ထဲက ထင် လာသည်။
မေသူသူ သူ့ကိုမသိလျှင် လုစားမိလိမ့်မည် ထင်သည်။ ယခုတော့ မေသူက သူ့ကိုသိနေသဖြင့် လုစား သွားလျှင် အတိုင်ခံရမည်။ တောင်းရမှာလည်း သူရှက်သလို ဖြစ်နေ၏။ မေသူမေးနေပြော နေသောစကားများကိုပင် သူ့နားထဲက မကြားတစ်ချက် ကြားတစ်ချက် ဖြစ်နေသည။် ဂန်းမလေး မဟုတ်တာတွေ စားလျှေက်ရှည်နေတယ်၊ မုန်းစားမလားတော့ မမေး၊ နင်ငါတို့အိမ်က အုန်းရည် တွေသောက်သွားတယ်၊ အုန်းသားတွေ စားသွားတယ်။ နနွင်းဆန်နဲ့ ထမင်းလည်း စားသွားတယ်၊ သူ့မုန့် ကျုတော့ ငါ့မပေးဟု စိတ်ထဲက မျက်နေ၏။ သို့သော် မုန်းစားရလို စားရငြား မေသူ့အနားက သူ မခွာနိုင်သေး။ မေသူကလည်း ယခုမှ စကားအမျှင်မပြတ် ပြောနေ၏။
"ငါ့အဖေနဲ့ ငါတို့ ညဦးကပင် ရောက်နေကြတာ၊ ငါတို့ရောက်တော့ လူဒီလောက် မများသေးဘူး တချိုကချည်ထုပ်တွေ အ၀တ်တွေ ရကြတယ်တဲ့၊ နင်တို့သေတ္တာကြီးတွေထဲတော့ ဘာတွေ ပါမလဲ မသိဘူးနော်"
မေသူက ကိုက်လက်စ မုန့်တစ်ချပ်ကို တစ်ကိုက်စားရင်း မေးပြန်၏။ အောင်တိုင် စိတ်တိုလာပြီး။
"ဘယ်သိမလဲဟ"
"ဒီပုလင်းတွေထဲမှာလည်း ဘာတွေမှန်းမသိဘူးနော်"
"မသိပါဘူးဆို"
"ငါသွားတော့မယ်"ဟုလည်းအောင်တိုင်ကမပြောရဲ။ အသိမေသူဆီကမှ မစားရလျှင် နောက် ဘယ်သူ့ ဆီကမှ စားရဖို့ မျှော်လင့်ချက်မရှိ။ တစ်ယောက်ယောက်ဆီက လုစား၍လည်း မရတော့။ မိုးလင်း နေပြီဖြစ်သဖြင့် လူကြီးတွေပါ သူ့ကိုမှတ်မိကြမည်။ အဖေ့ကို တိုင်လျှင် အရိုက်ခံရမည်။
"ကို မုန်တိုင်းကျတဲ့ ညက ထိုနေခဲ့တဲ့ ဘက်တွေမှာလည်း ပစ္စည်းတွေရှိမလားမသိဘူးနော်"
အောင်တိုင်ပို၍ စိတ်တိုလာ၏။ မုန်းတိုင်းကျသော ညကို သတိရလျက်သူ့ကျေူးဇူးကို သတိမရ။ မုန့်စားမလား၊ နင်စားဖူးပြီလား...စားကြည့်ပါလားမပြော။ မဟုတ်က ဟုတ်ကတွေသာ စကားရှည်နေ၏။
"ဟင် အောင်တိုင်၊ အဲဒီဘက်လည်း ပစ္စည်းတွေ"
"ဟာ...နင်ကလည်း၊ ဒီဘက်က ပင်လယ်နဲကနီးလို့ဟ၊ ဒီမှာက စက်လှေပျက်လို့...၊ ဟိုက တော ထဲ ဘာဆိုင်လဲ"
"အမယ်....ဒီဘက်လည်း လှိုင်းနဲ့ ပါသွားနိုင်တယ်တဲ့၊ စောစောက မုန့်လာပေးရင် ဖေဖေနဲ့ လူကြီး တစ်ယောက် ပြောသွားကြတယ်။ ဟိုဘက်က စံပန်း တောထဲလည်း ချည်ထုပ်တွေ ရကြတယ်တဲ့"
"နင့်ကို ဘယ်သူလာပေးလဲမုန့်"
"ဖေဖေလာပေးတယ်"
မေသူကမုန့်တစ်ကိုက် စား၍ပြော၏။
အောင်တိုင် စိတ်ထဲ ပို၍ မရိုးမရွ ဖြစ်လာ၏။ စောစောက မေသူစကားထဲတွင် တခြားဘာမှ မကြား ဘဲမုန့်လာပေးသည်ဟူသော စကားသာ သူစိတ်ဝင်စား၏။ အမေအဖေတို့များ ငါ့ကိုမုန့်လာမပေး ကြဘူးဟု မဆီမဆိုင် အမေ အဖေတို့ကို စိတ်ဆိုးမိပြန်၏။ ကောင်းကျော်ပစ္စည်းစောင့်နေသဖြင့် ကောင်းကျော်များ မုန့်စားနေရပြီလားဟုလည်း တွေးမိလိုက်သည်။
"စက်လုပ်မုန့်နော်"
"ဟုတ်တယ်လေ"
မေသူက သူ့ကိုစေ့စေ့တစ်ချက် ကြည့်သည်။
"ကောင်းလား"
"ဟင်....နင်မစားဖူးသေူဘူး"
"ဘယ်ကလာ စားဖူးရမှာလဲ...၊ ငါ...ငါနင့်ဆီမှာပဲ မြင်ဖူးသေးတာ"
"သိပ်မကောင်းပါဘူးဟာ....ရေငန်တွေနဲ့ ရော့. နင်စားကြည့်"
မေသူက လှမ်းပေးသည်နှင့် သူဣနြေ္ဒမရ ယူစား၏။သူ့ပါးစပ်ထဲတော့ တော်တော်အရသာ တွေ့ သွား၏။ အနံ့ကလည်း မွှေးသည်။
"ကောင်းလား ငန်တယ်နော်"
မန်ု့တစ်ချပ်ကို ပလုတ်ပလောင်း ပါးစပ်ထဲ အကုန်ထည့်ဝါးထားသဖြင့် အင်းဟုပင်အသံမထွက် နိုင်။ မနု့်စေံအာခေါင်ကပ်ကာ ချက်ချင်း မျိုမကျဖြစ်နေ၏။
မေသူက အောင်တိုင်ကို ကြည့်၍ ပြုံးနေ၏။
"ရော့ ယူဦးမလား၊ ငါတော့ ဟိုနေ့ နင်တို့အိမ်က စားခဲ့ရတဲ့ အုန်းသားလောက်တောင် ကောင်း ကောင်း အာမတွေ့ဘူး"
"အမေ ပေးစားခိုင်းတဲ့ နနွင်းဆန်ထက် အများကြီးကောင်းပါတယ်နော်"
သူက ဒုတိယမြောက် မုန့်တစ်ချပ်ကို ယူစားပြန်၏။
ဤအခါတော့ မေသူပြောသလို ပါးစပ်ထဲ ငန်ညိငန်ညိတွေ့လာ၏။
"နင့်အဖေ ပစ္စည်းရှာ သွားနေတာလား"
"အင်း"
"မိုးလင်းနေပြီမေသူရယ်၊ ငါသွားဦးမယ်"
မေသူက ခေါင်းညိတ်ပြ၏။ပြီးမှ တစ်စုံတစ်ခုကို သတိရသလိုမျက်နှာကို ကြည့်ပြော၏။
"အဖေကပြောတယ်၊ နင်တို့သိပ်ကျေူးဇူးရှိတယ်တဲ့၊ နင်တို့ထားတဲ့ အသက်ပဲငါ့မှာ ရှိတယ်တဲ့"
အောင်တိုင် စိတ်ထဲက မေသူကို ချက်ချင်းခင်သွားမိသည်။ မျက်နှာကို စေ့စေ့ကြည့်ငေးသွား၏။ သူရင်ထဲ တစ်မျိုးကြီး ဖြစ်သွားသည်။ ဘာပြန်ပြောရမှန်းသာ မသိ။
ဆက်ရန်
.

3 comments:
အစဆုံးကူးမှပဲး) ဒီမှာဖတ်လို့ဖြစ်ဖူးကွန်ကကောင်းဝူးလေ
း)
မောင်ဘကြိုင်
အမကြီးရွှေစင်ရေ..........
ဇာတ်ရှိန်ကကောင်းနေပြီ
မြန်မြန်ရေးပါနော်........
အမကြီး ဒီထက်မက ကျန်းမားပျော်ရွှင်ပါစေ။
အဆက်လေးတွေလာဖတ်တယ်မမ :)
Post a Comment