Wednesday, August 10, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၄၂)

ရင်မှာကိန်းသော တေးထပ်တစ်ပုဒ်
ညွန့်လွင်

အတိုင်းတိုင်းအပြည်ပြည်ရှိ လူမျိုးမသီးသီး၊ ဘာသာအမျိုးမျိုးမှာ ကိုယ့်သားသမီးအရွယ်ရောက်လျှင် လင် နှင့်မယားအား အသိအမှတ်ပြုလေ့ပြုထရှိခြင်းသည် အစဉ်အလာ တစ်ခုဖြစ် ရပ်တည်သည်။ ရိုးမြေကျ ပေါင်းသင်းနိုင်ခြင်း၊ ရာသက်ပန် သံယောဇဉ်ထားနိုင်ခြင်းတို့သည် အခရာဖြစ်သည်။ ကျေးဇူးတော်ရှင် သင်္ဂဇာ ဆရာတော်ဘုရားကြီးသည် နားလည်ချင်စေခြင်းအကျိုးငှာ မြန်မာလင်္ကာနှင့် မိဘ၀တ္တရား၊ လင့်ကျင့် ၀တ် မယားကျင့်ဝတ်တို့ကို ရေးသားတော်မူခဲ့သည်။ ရိုးမြေကျ ရာသက်ပန်ပေါင်းသင်းနိုင်ရေးကို ဦးတည် စေသည်။ " မကောင်းမြစ်တာ၊ ကောင်းရာညွှန်းလတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်း လျှင်၊ ၀တ် ငါးအင်၊ ဖခင်မယ်တို့တာ" ဟူ၍ မိဘ၀တ္တရားကို ဖော်ပြထားခဲ့သည်။ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့်လျှင် သင့်ဘယ်ရန်အရေးသည် အဓိကလိုအပ်ချက်ဖြစ်ပေသည်။ လူတိုင်း သည် မိဘ၀တ္တရား ကျေပွန်မှုကို အထူး အလေးထား၍ ရာနှုန်းပြည့် ဆောင်ရွက်တတ်ကြပါသည်။

လင်နှင့်မယားဖြစ်လာကြသော သားသမီးတို့အားလည်း ရာသက်ပန် ရိုးမြေကျရန် အရေး ဆုံးမစကား များကို ဦးစားပေး၍ မင်္ဂလာရှိစွာ ပြောကြားပေးကြသော မိဘများပါ။ လောကအလယ်မှာ ပန်းနှယ်လှ၍ ပန်းအလား မွှေးရနံ့ကြိုင်လှိုင်စေချင်ကြသည်မှာလည်း မိဘများပါ။ ဘ၀အစ၊ အလယ်၊ အဆုံးတိုင် မသေမချင်း စိတ်မချ နိုင်ကြသော မိဘများပါ။ သားသမီးများ ဘ၀နှင့် အသက်ကိုရင်း၍ ကျွေးမွေး စောင့်ရှောက် လူလားမြောက် ခြင်းကို ကျော်သည့်တိုင် လိုအပ်မှုကို အမြဲဖြည့်ဆည်းချင်သော ဆန္ဒများ ရင်မှာ ကိန်းအောင်းနေကြသည်မှာ လည်းမိဘများပါ။
လင်နှင့်မယား ဖြစ်သွားကြပြန်သော်လည်း လင်သည် လင်ဝတ္တရားဖြစ်သော "မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ"ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရသည်။ ထိုနည်းတူ မယားသည်လည်း မယားဝတ္တရားဖြစ်သော "အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျှော်အောင်ဖြန့်ချိ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ"ကို ကျေပွန်စွာ ထမ်းဆောင် နိုင်ကြရသည်။ လင့်ကျင့်ဝတ်နှင့် မယားကျင့်ဝတ်တို့ကို ဗုဒ္ဓမြတ်စွာဘုရားသည် သိင်္ဂါလောဝါဒသုတ်မှာ ဟောထား ခဲ့သည်။

ဆရာလွမ်း (သခင်ကိုယ်တော်မှိုင်း)၏ ကဗျာသာရတ္ထအင်္ဂြိုလ်ကျမ်းတွင် "သိင်္ဂါရရသ"မှာ လုလင်ပျိုနှင့် လုံမပျိုတို့ ၁၅၀၀ မေတ္တာနှင့် ချစ်ကြသည့် အချစ်နှင့် "၀စ္ဆာလျရသ"မှာ မိဘနှင့် သားသမီး၊ ညီအစ်ကို မောင် နှမတို့ ချစ်ကြသည့် ၅၂၈ မေတ္တာဟူ၍ မေတ္တာနှစ်မျိုးရှိပေသည်။ ၁၅၀၀ မေတ္တာဆိုသည်မှာ နာမ် ၅၃ ပါး၊ နိဖ္ဖန္နရုပ် ၁၈ ပါး၊ လက္ခဏရုပ် ၄ ပါးတို့အား ပေါင်းသော် ၇၅ ဖြစ်လာသည်။ ထို ၇၅ ကို အဇ္ဈတ္တျသဏ္ဍာန်နှင့် ဗဟိဒ္ဓဏ္ဍာန် ၂ မျိုးနှင့် မြှောက်သော် ၁၅၀ ဖြစ်လာသည်။ ထို ၁၅၀ ကို ကိလေသာ ၁၀ ပါးဖြင့်မြှောက်သော် ၅၀၀ မေတ္တာ ဖြစ်လာပေသည်။ ၅၂၈ မေတ္တာဆိုသည်မှာ အနောဓိသမေတ္တာ ၅ ပါး၊ သြဓိသမေတ္တာ ၇ ပါးတို့ နှစ်ခုအား ပေါင်းသော် ၁၂ ပါးရသည်။ ၄င်း ၁၂ ပါးကို အဝေရာဟောန္တု၊ အဗျာပဇ္ဖာဟောန္တု၊ အနိဃာဟောန္တု၊ သုခိအတ္တာနံပရိဟရန္တု ဟူသော ၄ ပါးဖြင့် မြှောက်သော် ၄၈ ပါး ရလာသည်။ ထို ၄၈ ပါးကို မှတ်ထားပါ။ ထို ၄၈ ပါးကို အရပ် (၁၀)မျက်နှာနှင့်မြှောက်သော် ၄၈၀ ပါးဖြစ်လာသည်။ ၄၈၀ နှင့် မှတ်ထားသော ၄၈ ပါးတို့ အား ပေါင်းသော် ၅၂၈ မေတ္တာ ဖြစ်လာပါသည်။

၁၅၀၀ မေတ္တာကို အခြေခံ၍ ထိမ်းမြားလက်ထပ်ကြသော လုလင်ပျိုနှင့် လုံမပျိုတို့သည် အချစ်၊ ငွေကြေး နှင့် ကျန်းမာရေး ကို အစီအစဉ်တကျ အလေးထားကြသော် လည်း နောင်တွင် ကျန်းမာရေး၊ ငွေကြေးနှင့်အချစ်ဟု ပြောင်းလဲတတ်ကြပေသည်။ လက်ထပ်ခြင်းမှာလည်း (၈)မျိုးရှိသည်ဟူ၍ ရှေးပညာ ရှင်တို့ ခွဲခြားစိတ်ဖြာထားခဲ့သည်။ ရာထူးဂုဏ်ရှိန်နှင့် ပြည့်ဝသော အမျုးမြတ်တို့ နှင့် ထိမ်းမြား မင်္ဂလာပြုခြင်း သွက်လက်ချက်ချာ၍ လုပ်ရေးကိုင်တာ၌ ကျွမ်းကျင်သောသူနှင့် ထိမ်းမြားမင်္ဂလာပြုခြင်း၊ မိမိသမီးအား လိမ်မာရေးခြားရှိအောင် ပညာရှိတို့နှင့် ထိမ်းမြားမင်္ဂလာပြုခြင်း၊ သူ တပါးပစ္စည်းကို မရအရ ချူပြီး သမီးကို လက်သိပ်ထိုးပေး၍ ထိမ်းမြားမင်္ဂလာပြုခြင်း၊ နှစ်ဦးနှစ်ဖက် သဘော တူ၍ ထိမ်းမြား မင်္ဂလာပြုခြင်း၊ နိုင်ထက်ကလူပြုမူပြီး ထိမ်းမြားမင်္ဂလာပြုခြင်း၊ သူငယ်ချင်းမှားမိ၍ အရှက်မကွဲ စေရန် ထိမ်းမြားမင်္ဂလာ ပြုခြင်းဟူ၍ဖြစ်သည်။

မင်းသား ခေါင်းဆောင်လာသောဘီလူးနှင့်လည်း တွေ့ကြုံတတ်ကြသည်။ မင်းသမီးခေါင်းဆောင်လာသော ဘီလူးမ နှင့် လည်း တွေ့ကြုံတတ်ကြသည်။ ပုတ္တောဝါဒမှာ "လူရွာဌာန၊ လူလောက၌ မိန်းမတို့သာ၊ ကျင့် ယုတ်မာ ၍ မိစ္ဆာဆိုးဝါး၊ မဟုတ်ငြားဘူး၊ ယောက်ျားသည်လည်း ပညာနည်းတို့၊ စောင့်စည်းမရှိ မျိုးဣတ္ထိသို့ မသိကျေးဇူး၊ သူ့ဂုဏ်ထူးကို၊ ထိန်မြူးချေတတ်၊ ကျင့်မမြတ်တည်း" ဟူ၍ ဖော်ပြခဲ့ပေသည်။ ထို့အပြင် " ယောက်ျား ဗာလ။ လူ့ပါပနှင့် တွေ့ရကြုံရ၊ ပေါင်းဆုံရသော်၊ မိန်းမတို့ထုံး၊ ငွေကုန်ရှုံးက၊ သက်ဆုံးမတိုင်၊ ကိုယ်ပိုင် ယောက်ျား၊ သွေဖောက်ပြား၍ တရားမစောင့်၊ မဖြောင့်နှလုံး၊ လင်ကုန်ရှုံးက သက်ဆုံးတိုင်လစ်၊ ပြောရာဖြစ်ရှင့်" ရေးသားတော်မူခဲ့သည်။ ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံရသည်။

တည်မိတဲ့ ဘုရားလင်း တပဲနားနား၊ စသည်ဖြင့်အဆိုများသည် ဖြစ်ထွန်းလာခဲ့သည်။ ကာလအလိုက်၊ သူ့အကြိုက် ကို စရိုက်ညီထွေ၊ ကျင့်တတ်စေ။ "မတော်လျှင်၊ အကော်ခက်ပါတဲ့၊ အိမ်ထောင်ဖက် လေးတဲ့ဝန်" ဟူ၍လည်း စလေဦးပုည သည် ဆိုမိန့်ခဲ့သည်။ ထို့ကြောင့် လူပညာရှိရဟန်းပညာရှိတို့သည် ထိမ်းမြားမင်္ဂလာပြုကြ၍ လင်မယားတိုင်း သီရိဂေဟာဖြစ်စေရန် အထူးအလေးပေး ဆိုမိန့်ခဲ့ကြသည်။ သစ္စာရှိခြင်း၊ လင်နှင့်မယားစုပေါင်းစည်းလုံးခြင်း၊ လင်၏ချီးကျူးခြင်း၊ ပွင့်လင်းစွာဆက်ဆံပြောဆိုရခြင်း၊ အရိတ္တကောင်းမွန်ခြင်းနှင့် အခက်အခဲများကို ဇွဲ၊ သတ္တိ၊ ပညာတို့ဖြင့် ကျော်လွှားခြင်းတို့သည် သီရိဂေဟာ တည်ဆောက်ခြင်း ၏ အခြေခံအုတ်မြစ်ဟု ဆိုမိန့်ခဲ့ ကြသည်။

ယခု အချိန်အခါသည် လက်ထပ်ထိမ်းမြားမင်္ဂလာပြုကြမည့် လုလင်၊ လုံမပျိုတို့အတွက် ရှောင်ရန် ဆောင်ရန် များထဲမှ တစ်ချို့ဖြစ်သည်။ မဂ်လာဆောင်ကောင်း မဆောင်ကောင်းသောလဟူ၍လည်း ခွဲခြား သတ်မှတ်ထားလေ့ရှိသည်။ " နှစ်တော်၊ နှစ်ဝါ ပေါင်းနဲ့ပြာ" ဟူ၍ မှတ်ပါ။ နောင်တော်ဆိုသည်မှာ တော် သလင်း နှင့် နတ်တော်လတို့ဖြစ်၍ ရှမ်းဝါဆိုသည်မှာ ၀ါဆိုနှင့်ဝါခေါင်လတို့ဖြစ်ကြသည်။ ပေါင်းနဲ့ပြာ ဆိုသည် မှာ တပေါင်းနှင့်ပြာသိုတို့ဖြစ်ကြသည်။ ထိုလများသည် လက်ထပ်ထိမ်းမြား မင်္ဂလာဆောင်ခြင်းကို ရှောင်ကြဉ်ကြရပေသည်။

ရာသက်ပန်ရိုးမြေကျ ပေါင်းသင်းနိုင်ရေးနှင့် သီရိဂေဟာ တည်ဆောက်နိုင်ရေးတို့ကို အိမ်ထောင်ကျစ လင်နှင့် မယားများအတွက် အမျိုးမျိုးအဖုံဖုံ ဆိုဆုံးမစကားများသည် နောင်တတရား မဖြစ်ပေါ်စေရေး အတွက် ရည်ညွှန်းလျက်ရှိပါသည်။ စာရေးဆရာ၊ ဒါရိုက်တာဆရာကြီး ဦးသုခသည်လည်း မင်္ဂလာ လက်ဖွဲ့ တေးထပ် တစ်ပုဒ်ကို ရှင်းရှင်းလင်းလင်း အပီအပြင် ရေးစပ်ထားခဲ့သည်။ အိမ်ထောင်ရက်သားကျစ ဇနီး မောင်နှံများ အတွက် တန်ဖိုးမဖြတ်နိုင်သော တေးထပ်ဟုဆိုပါရစေ။

" မာန်ချင်တာ အပြတ်ကင်းပါလို့
အပ်နှင်းတော့ ဥစ္စာ
ကိုယ့်သက်ထားကြင်ယာကို
ရွှေသစ္စာစောင့်ထား
ဝတ်အစားဆင်ယင်ကာ
ကြင် ကြင်နာ ချစ်ပါ့သနား။
အိမ်တွင်းမှု ကိစ္စ
စိတ်ပါပါလှုပ်ရှား
လင်တော်မောင် ရှာဖွေထားသမျှ
ဘဏ်အလားထိန်းသို
ချစ်တဲ့သူမောင်ကလွဲလျှင်
ဖွဲဆန်ကွဲထင်လိုက်တော့ပျို
မိတ်သင်္ဂဟဆွေမျိုးဆိုလျှင်
လိုသလိုဖြည့်စွမ်း၍
ပေးကမ်းခြင်းအောင်စေရာ
ဒါနပြုပါ
မပျင်းနဲ့ဝင်းလဲ့ညှာရယ်
အဆင်းနဲ့ရှုပကာစောင့်ထိန်းပါဗျာ့လေး။"

ဆရာကြီး ဦးသုခ၏ မင်္ဂလာလက်ဖွဲ့တေးထပ်သည် ဇနီးမောင်နှံတိုင်းအတွက် အလွန်တန်ဖိုးကြီးသော ဆိုဆုံး မတရားဟု မှတ်ယူ၍ ကျင့်ကြံဆောင်ထိန်းကြ၍ ရာသက်ပန်ရိုးမြေကျ ပေါင်းသင်းနိုင်ကြပြီး သီရိဂေဟာကို အခြေခိုင်ခိုင်ဖြင့် တည်ဆောက်နိုင်သည် ဖြစ်စေချင်သည်။

ညွန့်လွင်

မှတ်ချက်။     ။ ချယ်ရီမဂ္ဂဇင်းအယ်ဒီတာချုပ်-မြတ်ထန် (ဗိုလ်မှူးဟောင်းတင်မောင်)နှင့် ဒေါ်နန်းဝိုးခမ်းတို့၏ သား မောင်စိုးမင်း (B.Sc Physics) နှင့် မိုင်းယမ်းမြို့စားကြီးဟောင်း ဦးစိုင်းမုတ်၊ ဒေါ်နန်းနွံတို့၏သမီး နန်းဝိုးဆိုင် (Final Geography) တို့၏ လက်ထပ်ပွဲ၌ ဆရာဦးသုခ လက်ဖွဲ့သောတေးထပ်ကို ခံစားရေးပါ သည်။

ဆက်ရန်
.

No comments: