Saturday, August 6, 2011

ဖိုးကျော့ ၏ သမုဒယ ဤပင်လယ် အပိုင်း (၂)

စောစောက ပြုတ်ကျသွားသော အဖီယပ်လေး ကို အဖေပြန်တပ်သည်။ မီးဖိုထဲ တိုးဝင်နေသော အုန်းလက် နှစ်လက် ကို အမေက ဓားနှင့်ခုတ်ဖြတ်လိုက်သည်။ အုန်းလက်နှစ်လက်ကို တစ်လက်စီ ထမ်း၍ အောင်တိုင် က ခြံပြင်သို့ နှစ်ခေါက်သယ်သွား ပစ်လိုက်သည်။
အမေ က အုန်းသီးခိုင်ကို ဆက်ခုတ်၍ မီးဖိုဆောင်၌ပင် ထား၏။ မီးဖိုဆောင်မိုးပေါ် ပိလဲနေသော အုန်းပင် ကို အဖေက လှမ်းကြည့်နေသည်။ ခုတ်ဖြတ်ရှင်းလင်းရန် အကြံထုတ်နေပုံရ၏။ လောလောဆယ်တော့ ဘာမှ မလုပ်သေး၊ အိမ်ကပြင်ထက်၍ ခါးထောက်ကြည့်နေလေ၏။

မွန်းတိမ်းစ တွင် လေပြည်တစ်သုတ် ဖြူးလာပြန်သည်။ မနက်ပိုင်းကလို လေခါးပြတ်လုံးဝမလာတော့ လေတိုက်နှုန်း က ညင်သာပျော့ပျာင်းသည်။ အုန်းလက်စိမ်းစိမ်း တို့ စတင်လှုပ်ခတ်လာကြ၏။
လေပြည် က တစ်ဆင့် တစ်စစပိုပြင်းလာပြန်သည်။ မိုးသားတိမ်တိုက် မည်းမည်းများ တောင်ပင်လယ် ဘက် မှ တရိပ်ရိပ်ပြေးလာနေကြသည်။ ကပ္ပလီပင်လယ်ပြင်မှ လှိုင်းအူသံက ပိုကျယ်လာ၏။ ကောင်းကင် သည် တစစ မည်းမှောင်လာ၏။ နိမ့်ဆင်းလာသော မိုတိမ် သို့ ဆက်သွားကြသည်။ မိုးဖျင်းတို့က တဖြောက်ဖြောက် ကြွေကျလာ၏။ လေပြင်းတိုက်ခိုက်ပြန်လေပြီ။ အုန်းပင်တို့ ဆောက်တည်ရာမဲ့ လှုပ်ခါ နေကြ၏။ အုန်းလက်များပေါ် အသိုက်ရှည်ရှည်ဆွဲနေကြသော စာငှက် တို့ အထိတ်လန့် အော်မြည် ညည်းတွား နေကြသည်။ လေကပြင်းသည်ထက်ပြင်းလာလေသည်။

    "မုန်းတိုင်းကြီးကျလိမ့်မယ်၊ မိုးစနေလေရာဟုတဲ့၊ လေကာ ကျောက်ဆောင်နိမ့်တဲ့ အိမ်သာတွေ လေခံ ကျောက်ဆောင် ကြီးကြီး ရှိတဲ့ အိမ်ကို ရွှေ့ပြောင်းနေကြ၊ မြို့သတင်း ပြည်သတင်း ထူးတယ်။ ငါ့ကို လေနတ်သား က စေတမန်လိုက်ပြီ။ မုန်တိုင်းကြီးတိုက်မယ်၊ ငလျင်ကြီးလှုပ်မယ်၊ မြေကြီးထဲက မြောက်ဥ ခုနစ်ပိုင်း ကျိုးမယ်၊ ကြီးသူဖင်ခေါင်း ထဲ ငယ်သူဝင်ပုန်း မှ လွတ်မတဲ့ကွနော်...ဒူ...ဟူ....ဟူ"
    အရေးထဲ ဒီအရူးကြီးက တစ်မှောင့်တော်ဟု အမေက အရူးကြီးရွှေဗန်း ကို လှမ်းကျိန်ဆဲနေသ်။
    အရူးကြီးရွှေဗန်း သည် မိုးထဲလေထဲ၌ပင် အိမ်ရှေ့ခြံဘက်က အော်ပြေးသွား၏ မိုးထဲလေထဲတွင် ဤ သို့ပင် တစ်ရွာလုံး လျှောက်အော်နေလိမ့်ထင်သည်။
    အဖေက ကြားနေကျ အရူးစကားကို ပြုံးရုံသာပြုံး၏။ အထက်ပါစကားမှာ မိုးလေပြင်းတိုင်း နှစ်စဉ် သူ လျှောက် အော်နေကျ စကားဖြစ်ပုံရသည်။

    အရူးကြီးအော်ဟစ်သွားသလို  လေတိုက်နှုန်းက ပိုပြင်းလာ၏။ တဝေါဝေါမြည်နေသော လေတိုက်ခတ် နေသံထဲ တွင် တရှဲရှဲမြည်လာသော လေညည်းသံကြိးကိုပါ ချောက်ချားဖွယ်ရာ ကြားလာရသည်။ လေလုံး အီသံ မှာ မကောင်းဆိုးဝါးတစ်ကောင်ကောင် အော်မြည်လာသံနှင့်ပင် တူနေ၏။
    အနောက်ဘက်၌သာ လေ ကာ လေခံကျောက်တုံးကြီးကြီးရှိသော သူတို့အိမ်မှာ အနောက်တောင် လေ ၏ တိုက်ခတ်မှုဒဏ်ကို လှလှကြီးခံနေရသည်။ တစ်အိမ်လုံး သိမ့်သိမ့်ယိမ်းခါနေ၏ လေလုံးကြီးပြင်းပြင်း ၀င်ဆောင့် လိုက်တိုင်း  တစ်အိမ်လုံး ပြိုပျက်လွင့်စဉ်သွား လေမလားဟု စိုးရိမ်နေကြသည်။
    အကွယ်အကာမဲ့နေသော သစ်ပင်အုန်းပင်များ တ၀ုန်းဝုန်းလဲသွားကြသည်။ လေကာ နောက်ခံမရှိသော အုန်းပင်ငယ် များ နှင့် ချုံဖုတ်သစ်ပင်ငယ်များ မြေတွင် ပြားပြားဝပ်နေကြသည်။ လေပြင်း က အဆက် မပြတ် တိုက်ခတ် ဖိထား သဖြင့် ခေါင်းပင်မဖော်နိုင်ကြတော့။

    ကမ်းမြှောင်ဒေသသားများပီပီ လေပြင်းတိုက်ခတ်မှုကို များစွာ တုန်လှုပ်ချောက်ချားခြင်း မရှိကြသော အမေအဖေ တို့၏ မျက်နှာပေါ်တွင် ယခုတော့ စိုးရိမ်ကြောင့်ကြမှု အရိပ်တို့ ထင်လာစပြု၏ အနောက်တောင် လေထဲ တွင် လဲပြိုကျသွားသော ပင်လယ်ကဗွီးနှင့် အုန်းတစ်ပင်စီတို့၏ နှုန်းထားအတိုင်း မျက်နှာ ပေါ်တွင် စိုးရိမ်ပူပန်မှု အရေးကြောင်း တစ်ကြောင်းစီ ထပ်တိုးနေကြ၏။
    "ဦးကြီးရှိန် တို့အိမ် ခဏရွှေ့ကြရင်ကော"
    အဖေ ၏ မျက်နှာကို အေးစက်စွာ ကြည့်၍ အမေကဆို၏။
    "ခဏနေကြည့်ပါဦး"
    အမေ ၏ အရွှေ့အပြောင်း စကား ကို အဖေက ဆိုင်းငံ့ထားသည်။
    အောင်တိုင် ကမူ သူ့အမေ၏ စကားကို နာယူစေချင်၏။

    ဦးကြီှးရှိန်အိမ် သည် လေကာကျောက်တုံး သုံးဖက်ရှိသည်။ အရှေ့တောင်  အနောက်ဘက်ရှိ လေကာ ကျောက်တုံး တွေကလည်း ကြီးမားမို့မတ်သည်။ အနောက်ဘက်နှင့် တောင်ဘက်ရှိ လေသဘာဝ ကျောက်တုံးကြီး များဆိုလျှင် အိမ်ထက်ပင် မြင့်ကြသည်။ လေဒဏ် ကို ကောင်းစွာ ခံနိုင်၏။ ရွာတည်စ ကပင် အိမ်ခြံဟောင်း ဖြစ်သဖြင့် နေရာကောင်း ရထားသည်။

အောင်တိုင် တို့ရွာသည် တည်စက အိမ်လေးငါးလုံးသာ ရှိသည်ဆို၏။ ဦးကြီးရှိန်တို့အိမ် အပါအ၀င် ထို အိမ် လေးငါးလုံးသည် လေကာ ကျောက်တုံးကြီးတွေ အခံ ကောင်းသော အိမ်များဖြစ်ကြသည်။ အောင်တိုင် တို့အိမ် လို နောက်မှ တိုးလာသော အိမ်များမှာကား လေခံ ကျောက်တုံး ကောင်းကောင်း မရှိကြ။ နောက်ပိုင်း တွင် ရသမျှ ရှိသမျှသော လေကာကျောက်တုံး တွေကို မှီ၍ ဖြစ်သလို ဆောက်ထားကြ ရ လေသည်။

လေပြင်းတိုက်ခတ်မှုက လျော့နည်းအားပျော့သွားခြင်းမရှိ။ ပို၍သာ ပြင်းလာ၏။ ခြံထဲတွင် ပင်မြင့်အုန်းဆို၍ တစ်ပင် မှ မရှိတော့။ အားလုံးလဲကျ ကုန်လေပြီ။ အိမ်ကလည်း ပို၍ ယိုင်လှုပ်လာသည်။
    "ကဲ...ဦးကြီးရှိန်တို့အိမ်ကို ရွေ့ကြမယ်"
    အဖေ၏ ဆုံးဖြတ်ချက်စကားကြောင့် အထုပ်အပိုးပြင်ဆင်ကြလေသည်။
    "လိုလိုမည်မည် ဆန်လည်းယူဦး၊ အနိုးဦးကြီးရှိန်တို့အိမမှာ လေမစဲရင် ညစာထမင်း ချက်စားကြရမှာ"
    အချိန် မှာ ညနေလေးနာရီခန့်ပင် ရှိပြီဖြစ်သဖြင့် အဖေက ပြော၏။ အမေကား တိတ်ဆိတ်စွာပင် အထုပ်အပိုး ပြင်၏။ အ၀တ်ထုပ်နှင့် ဒန်အိုးတစ်လုံးထဲ ဆန်ထည့်ကာ အဖေက ဆွဲကိုင်၏ အောင်တိုင်၏ လက် ကို အမေကဆွဲသည်။

    ဦးကြီးရှိန်တို့အိမ်မှာ ရွာလယ်ပိုင်းဖြစ်သဖြင့် ခြေလှမ်းနှစ်ရာကျော်ခန့် ဝေးသည်။ အဖေရှေ့ကထွက်၏။
    အပြင် တွင် လေကအရမ်းကြမ်းနေ၏။ မတ်မတ်ရပ်လျှောက်၍မရ။ ခါးကိုင်း ၍ ပြေးလျှောက်ကြရ၏ လေပြင်း သည် မကျိုးနိုင် မလဲနိုင်သော သစ်ပင်များမှ အရါက်ဟူသမျှကို ရိုက်ခတ်တိုက်ယူသွားသည်။ မိုးပေါက်ကြား ထဲမှာ သစ်ရွက်တို့ ပလူပျံကြွနေ၏။
    "ဦးလေးကြီးရှိန်"
    "ဦးလေးကြီးရှိန်"
    ခြံဝကပင် အမေကလှမ်းခေါ်၏။
    "ဟေး...ဝေး....လာကြ၊ လာကြ၊ ဒီမှာ လေကွယ်တယ်"
    ဦးကြီးရှိန် ၏ အော်ပြောသံအဆုံးမှာပင် အိမ်ဘေးက လေကာကျောက်တုံးကြီး ခြေရင်း ပြေးကပ် ကြသည်။ ယင်းမှ တစ်ဆင့် အိမ်ထဲပြေးဝင်ကြ၏။

    သားအမိ သားဖ သုံးယောက် မှာ ယခုမှ သက်မချနိုင် ကြတော့သည်။
    ဦးကြီးရှိန် တို့အိမ်တွင် အောင်တိုင်မိသားစုထက် ဦးစွာ စောရောက်နေကြသော ဦးကြာရောင်တို့ မိသားစု နှင့် ဦးအောင်ဗ၊ ဒေါ်မိုင်းမ တို့ မိသားစု သုံးစု ကိုလည်း တွေ့ရ၏။ သူတို့မှာ စောစောကပင် ရောက်နေကြ သူတွေ ဖြစ်သဖြင့် အေးအေးဆေးဆေးပင်။ အ၀တ်တွေပင် စိုခဲ့ကြပုံမရ။ တစ်နေ့ညက ၀င်ကစွပ် တွေ ရွာထဲ ၀င်သွားကြသည့်အကြောင့် စုပြောနေကြ၏။
    ကျောက်ဆောင် ကျောက်တုံးကြီးသုံးဖက် ကာရံနေသော ဦးကြီးရှိန် တို့ အိမ်မှာ အံ့သြစရာ ကောင်း လောက်အောင် လေတိုက်သက်သာနေသည်။ ခြံထဲတွင် သစ်ပင် အုန်းပင်တွေသာ တ၀ုန်းဝုန်း လဲပြို ကျနေသော်လည်း အိမ်ကြီးကား နည်းနည်းပင် ယိမ်းယိုင်လှုပ်ရှား ခြင်းမရှိ၊ ပကတိ ရေမလှုပ် ကြာမရွေ့ တည်ငြိမ် နေ၏။ အောင်တိုင့် စိတ် ထဲကမူ အလွန်လုံခြုံသော ကျောက်ဂူကြီးတစ်ခု ထဲ ရောက်နေသလို ခံစား ရ၏။ လေတိုက်ခံလာရ၍ အေးစက်လာသော သူ့ကိုယ်သည် ခဏချင်းနွေးထွေးလာ၏။

အမျိုးသမီးများက ညနေစာထမင်းကို အေးအေးလူလူပင် ချက်နေကြ၏။ ကမ်းရိုးတန်းနေသူများပီပီ လေတိုက် သည်မှာ သူတို့အတွက် များစွာမဆန်းပေ။  အောင်တိုင် အမေ လည်း အိမ်က ယူလာသော ဒန်အိုး နှင့် ထမင်းဝင်ချက်၏။ အလာတုန်း က မိုးဖျင်းတွေ ကျလာ၍ စိုထိုင်းထိုင်းဖြစ်လာသော အင်္ကျီ ကို အောင်တိုင် က ချွတ် ၍ မီးကင်၏။ အင်္ကျီခြောက် သွား ၍ ဘောင်းဘီ ကို မီးကင်ရန် အလှည့်ကျသောအခါ ဦးကြာရောင် သမီးတွေ ဘက် လှမ်းကြည့် ၏ သူ့အ၀တ်တွေပါ မီးကင်နေသော အမေ က ချက်ချင်း ရိပ်မိ ၏။
 "အမယ်လေး... အရေးထဲဖြစ်နေလိုက်တာ၊ ကလေးပဲတော် ချွတ်စမ်း၊ ဟား...ဟား...ဟား၊ သူ့ကိုယ်သူ လူပျိုကြီး ကျနေတာပဲ"
    ပြောလည်းပြော ဆွဲလည်းဆွဲ နှင့်  အောင်တိုင်၏ ဘောင်းဘီကို ချက်ချင်းဆွဲချွတ် လိုက်သည်။ အောင်တိုင် က သူ့ကိုယ်ကို အင်္ကျီနှင့်ပတ်ထားလိုက်၏။ အမေ ကလည်းဗျာ၊ ရှက်လို့ မဟုတ်ဘူး၊ ချမ်း လို့ဗျ ဟု ကြံဖန်ပြောလိုက်ရ၏။

လေကာကျောက်တုံးကြီးတွေပေါ်၊ ကျောက်ကာမိုးပေါ် မတ်တတ်ရပ်လှမ်းကြည့် နေကြသော ဦးကြီးရှိန် နှင့် မင်း ယောက်ျားများ က အောင်တိုင် တို့ သားအမိဘက် တစ်ချက်လှမ်းကြည့်၏။ ထိုအထဲ အဖေ၏ မျက်လုံး မှာ အထောက်ပဆုံးဖြစ်သည်။

"ထမင်းကျက်ရင် ကလေးတွေကို ကျွေးထားနှင့်ကြ၊ လေတိုက်တာ ခါတိုင်းနှစ်တွေနဲ့ မတူဘူး၊ သိပ်ပြင်း တယ်၊ မုန်တိုင်းကြီးကျလိမ့်မယ်ထင်တယ်။
မုန်တိုင်း ကျလိမ့်မည် ဟူသော ဦးကြီးရှိန်၏ စကားကြောင့် အောင်တိုင်သည် စောစောက အရူးကြီး ရွှေဗန်း အော်ပြောသွားသည်ကို သတိရနေမိသည်။
    "အမေ"
    "ဘာလဲ"
    "အရူးကြီး ရွှေဗန် ကလည်း ပြောတယ်နော်"
    အောင်တိုင်စကားမဆုံးခင်ပင် မိန်းမကြီးများက ၀ိုင်းဟားကြသည်။
    "နင်က ဘယ်သူ့ဖင်ခေါင်းထဲ ၀င်ပုန်းမယ် မှန်းထားလဲ"
    အောင်တိုင် ရှက်သွား၍ ဘာမှမပြောခဲ့။ သူ့အမေလက်ထဲက ဘောင်းဘီ ကို လုပြေးကာ ဦးကြီးရှိန် တို့ အဖေ တို့နား ပြေးလာသည်။

    "တွေ့တယ်မဟုတ်လား ကိုရင်ကြီး၊ ဒီ ဇီဝဇိုး တွေတောင် ပင်လယ်မှာမနေတော့ဘူးဆိုရင် မုချ မုန်တိုင်းကြီး ကျမယ့် လက္ခဏာပဲဗျ ဒီကောင်တွေဟာ တော်တော်တန်တန် လေနဲ့ပင်လယ်ကို ခွာတဲ့ အကောင်တွေ မဟုတ်ဘူး"
    ကောင်းကင်ပေါ် ပျံဝဲနကြသော ဇီဝဇိုးငှက်တွေကို လှမ်းကြည့်၍ ဆလုံကြီး ဦးကြာရောင်က  ဦးကြီးရှိန်ကို ပြောသည်။

    "အေးဗျ...ကျုပ်လည်း အဲဒါကို စဉ်းစားနေတာပဲ၊ ပင်လယ်မှာလည်း ကျောက်ဆောင် ကျောက်တန်း တွေ ရှိတာပဲ။ ပင်လယ်ထဲက ကျွန်းပေါ်သူတို့ ဘာလို့ လေမခိုကြပါလိမ့်"
    "အဲဒါက ဒီလိုဗျ၊ ဇီဝဇိုးငှက်တွေဟာ တိမ်ညွန့်ကိုပဲ စားတော့ ခုလို လေပြင်းတိုက်ချိန်မှာ သူတို့အတွက် မိုးပေါ် မှာ တိမ်ညွန့်တိမ်စွယ်တွေ တိမ်ညွန့်ကိုပဲ စားတော့ခုလို လေပြင်းတိုက်ချိန်မှာ သူတို့အတွက် မိုးပေါ် မှာ တိမ်ညွန့်တိမ်စွယ်တွေက ပိုများနေလို့ ပျံစားနေကြတာ ဖြစ်မယ်၊ ကျုပ်တို့ အဘိုးကပြောဖူးတယ်။ ဇီးဝဇိုး ငှက် တွေဟာ အဲသလို တိမ်ညွန့်ကိုစားလို့ အသက်တစ်ထောင် ရှည်တာတဲ့၊ ဟုတ်မယ်လေ၊ ဒီကောင်တွေ အန်ဖတ် ငှက်သိုက်သာ ဘယ်လောက်အားရှိတယ် ဆိုတာကိုရင်ကြီး သိပါတယ်။ ဒီကောင်တွေဟာ မိုးပေါ် မှာ ဘယ်လောက်ပျံပျံ၊ အတောင်ညောင်း တယ်လို့ကို မရှိဘူးတဲ့၊ အသိုက်လုပ်တဲ့အချိန်ကလွဲရင် ကျောက်ဆောင် တို့ သစ်ပင် တို့ ပေါ်လည်း ဘယ်တော့မှ မနာဘူးတဲ့၊ နေ့ရောညရော မိုးပေါ်ပဲပျံနေတာ။

ဦးအောင်ဗ ၏ လူတတ်လုပ် ပြောစကားကို ဆလုံကြီး ဦးကြာရောင်နှင့် အဖေတို့က ပြုံးကြသည်။ အမှန်တကယ် ဆိုလျှင် ဦးကြာရောင်နှင့် အဖေတို့မှာ နွေလတိုင်း ပင်လယ်ပြင်ရှိ ကျောက်ကျွန်း ကျောက်ဆောင် ပေါ် သွားပြီးငှက်သိုက် ရှာနေကျဖြစ်သဖြင့် ဇီဝဇိုးငှက်များ အကြောင်းကို ဦးအောင်ဗ ထက် ပိုသိကြသူ ချည်း ဖြစ်လေသည်။
“ဝေး….ဦးကြီးရှိန်”
အသံကို ချက်ချင်း မှတ်မိလိုက်သဖြင့် ဒီအရူး ကလည်းဟု ဦးကြီးရှိန် က ညည်း၏။ ဗျိုးဦးကြီးရှိန် ဟု အရူးကြီး က ခြံဝ မှ ထပ်ခေါ်သည်။
“ဗျိုး….ရွှေဗန်းကြီး”
နေမရတော့ ၍ ဦးကြီးရှိန် က ထပ်ထူးရ၏။
“ခင်ဗျား မြို့သတင်း ပြည်သတင်း ကြားပြီးပြီလား”
ဦးကြီးရှိန် က ရယ်၍ ကြားပြီးပြီ၊ ကြားပြီးပါပြီဟု လှမ်းပြောလိုက်သည်။

“အဲဒါဆိုလည်း ပြီးရော၊ ကျုပ်က ကိုရင်ကြီး မေ့လျော့ခေါင်းပါး ရှိတတ်လို့ လာသတိပေးတာ၊ မ၀င် တော့ဘူး။ ကျုပ် သွားမယ်၊ ကျောက်မောင်နှမ ရဲ့ စေတမန် က ကျုပ်မှာရှိသေးတယ်၊ သြော်… ဒါနဲ့ဒီက အုန်းသီး တစ်ခိုင် ခုတ်သွားမယ်နော်”
“ယူသွားပါဗျာ၊ ယူသွားပါ”
ဦးကြီးရှိန် က ပြီးပြီးပြတ်ပြတ် သဘော လှမ်းပြောလိုက်၏။ ကျောက်လုံးကြီးတွေ ကွယ်နေသဖြင့် အရူးကြီး ရွှေဗန် ကို ဘယ်သူမှမမြင်ကြရ။ အသံသာ ကြားနေရ၏။
“ဟေး….ဒီဘက်ပိုင်းက ရပ်သူရွာသာယး လူအများတို့လေ မုန်တိုင်းကြီးထမယ်၊ မိုးစနေ လေရာဟုတဲ့၊ လေကာ ကျောက်ဆောင် နိမ့် တဲ့ အိမ်သားတွေ ကျောက်ဆောင်မြင့်တဲ့ အိမ်တွေကို ပြောင်းရွှေ့ကြ။

 မြို့သတင်း ပြည်သတင်းထူးတယ်။ င့ါကို လေနတ်သားက စေတမန်လိုက်ပြီ၊ မုန်တိုင်းကြီးထမယ်၊ ငလျင်ကြီး လှုပ်မယ်၊ မြေထဲက မျောက်ဥ ခုနစ်ပိုင်းကျိုးမယ်၊ ကြီးသူ ဖင်ခေါင်းထဲ ငယ်သူ ၀င်ပုန်းမှ လွတ် မတဲ့ဟဲ့ နော်…ဒူ…ဟူ..ဟူ”
အုန်းသီးခိုင် ထမ်း၍အော်ပြေးသွားသော အရူးကြီးရွှေဗန်း ၏ ရုပ်ကိုအသံကြားရုံနှင့် လူတိုင်းမျက်စိထဲ မြင်မိလိုက် ကြလေသည်။
လေက အဆမတန်ပြင်းဆဲ၊ လေကြောင်းပြောင်းတိုက်လာသော မုန်တိုင်းကြောင့် ဦးကြီးရှိန်တို့ အိမ်ပင် ယိမ်းလှုပ်စ ပြုလာ၏။ လေကာ ကျောက်တုံးများကြားမှ ၀င်လာသော လေသည် တစ်ချက်တစ်ချက် အိမ်ကို လာရိုက်ခတ် နေသည်။ ကပ္ပလီပင်လယ်ပြင်မှ လှိုင်းအူသံတို့မှာ အဆက်မမြတ် အော်မြည်လာသည်။ မုန်တိုင်းကြီး တိုက်နေလေပြီ။
ရွာ အနောက်ဖျားမှ ဆူဆူညံညံ လူအော်သံများကို ကြားလာရသည်။ ဦးကြီးရှိန်တို့ မိသားစု နှင့် တကွ လေခိုနေသူ အားလုံး နားစွင့်လိုက်ကြသည်။

“လှိုင်းလုံးကြီး တွေ အရမ်းတက်လာနေပြီဗျို့၊ ရွာအောက် က ရေသူမကျောက်တန်း တစ်တန်းလုံး မြုပ် သွားပြီ၊ မျှော်ဦးတော်ပေါ် ကို အမြန်တက်ကြ၊ မလိကျွန်းကြားတွေထဲ လှိုင်းလုံးကြီးတွေ လှိမ့်ဝင်လာနေပြီ။ မြန်မြန် ပြေးကြပါ”

ဆလုံကြီး ဦးဂျလား နှင့် သူတို့မိသားစုသည် အထုပ်အပိုးတွေ ဆွဲကာမျှော်ဦးတောင်ဘက်သို့ ပြေးရင်း အော်ပြော သွားကြသည်။
သူတို့ မိသားစုမှာ ပင်လယ် နှင့် အနီးဆုံးတွင် နေကြသူတွေ ဖြစ်သဖြင့် ဦးစွာမြင်၍ ပြေးလာကြပုံ ရသည်။ သူတို့ မိသားစု နောက်တွင် နောက်ထပ်မိသားစု သုံးလေးစုလည်း ပြေးလာနေကြ၏။
ဦးကြီးရှိန် တို့ အိမ်ရှိအကုန်သူတို့မှာ ချက်ချင်းရုတ်ရုတ်သဲသဲ ဖြစ်သွားကြ၏။ ရမိရရာ ကိုင်မိကိုင်ရာတွေ ဆွဲကိုင်ကြ၏။ ကလေးဆွဲသူကဆွဲ၊ အထုပ်ဆွဲသူကဆွဲနှင့် ယောက်ယက်ခတ်သွား၏။ ကလေးငိုသံ၊ လူကြီးတွေ အော်ငေါက်သံ၊ တစ်ယောက်တစ်ပေါက် ပြောသံတွေနှင့် တစ်အိမ်လုံး ရုတ်ခြည်း ဆူညံ သွားသည်။ အောင်တိုင်သည် အမေ၏လက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။
“လှိုင်းလုံးကြီး တွေ ရွာထဲ ၀င်လာနေပြီ၊ ပြေးကြ ပြေးကြ၊ မျှော်ဦးတောင် ကို တက်ပြေးကြ”

ပသျှူးကြီး တော်လ ၏ အသံအဆုံးမှာ အောင်တိုင်တို့ မိသားစုသည် ဦးကြီးရှိန်၏ အိမ်ထဲမှ ထွက်ပြေး ကြသည်။ တစ်ယောက်နှင့်တစ်ယောက် လက်တွဲထားကြ၏။ မိသားစုတစ်စု နှင့် တစ်စု ကမူ ဂရုမစိုက် နိုင်ကြတော့။ လှည့်ကြည့်ရန်ပင် သတိမရနိုင်ကြတော့။ ကလေးငိုသံ မိန်းမကြီးတွေ ငိုသံနှင့် လှိုင်းလုံးကြီး တွေ အော်ပြေး လိုက်လာသံတို့ မှာ သောသောညံနေသည်။ သူတို့ရွာ ကမ္ဘာကား ပျက်လေပြီ။
“ရော့ နင်ဒီအထုပ် ပဲ ယူ အနိုင်း….ပေးပေး သားကိုင့ါပေး”
အမေ့ လက်ဆွဲ ၍ ပြေးနေသော အောင်တိုင် ကို အဖေက ကောက်ချီသည်။

ဤအချိန်တွင် မိမိ၏မိသားစုကလွဲလျှင် မည်သူ့ကို မည်သူမျှဂရုမစိုက်နိုင်ကြတော့။ လေတိုက်သံ၊ လှိုင်းလုံးကြီး တွေ အော်လာသံ၊ လူအော်သံတွေနှင့် တစ်ရွာလုံးမှာ ငရဲပွက်သကဲ့သို့ ဆူညံနေသည်။ မိုးထဲလေထဲ တွင် ချမ်းရအေးရမှန်းပင် မည်သူမျှ သတိမရနိုင်ကြ၊ အသက်လု၍ ပြေးကြရ၏။
အောင်တိုင်တို့ မိသားစုသုံးယောက်သည် ချက်ချင်းရွာအစ သို့ ရောက်လာကြ၏။ စောစောကမှ ဦးကြီးရှိန်တို့ အိမ်တွင် လေခိုနေကြရသော ဦးကြီးရှိန်တို့ မိသားစုနှင့် ဦးအောင်ဗ၊ ဦးကြာရောင်၊ ဒေါ်မိုင်းမ တို့ မိသားစုတွေလည်း ဘယ်မှာဘယ်မှာ ကျန်ခဲ့ကြသည်မသိ။ နောက်သို့ပင် လှည့်မကြည့်နိုင်ခဲ့ကြ။ တအား ပြေးလာ ကြ၏။
သည်ကြားထဲ အရူးကြီးရွှေဗန်း၏အသံက ဆီးကြိုနေပြန်သည်။

“ရွာက ဘယ်မှ ထွက်မပြေးကြပါနဲ့၊ ရွာကဘယ်မှ ထွက်မပြေးကြပါနဲ့။ လေကာကျောက်ကြီးပေါ် တက်နေကြ၊ ကျုပ်သွားကြည့်လာပြီ၊ ရွာကိုရေမမြုပ်နိုင်ပါဘူး။ ခင်ဗျားတို့ မိတ်ဆွေ ၀င်ကစွပ်တွေနောက် မလိုက်ကြ ပါနဲ့၊ အဲဒီ သစ္စာဖောက်တွေနောက် မလိုက်ကြပါနဲ့၊ အားလုံး သူတို့ကို ကျိန်စာမိကုန်လိမ့်မယ်။ ပစ္စည်းတွေ ဆုံးရှုံးလို့ သူတို့လို ကိုယ်ဝတ်တောင် မကျန်ဖြစ်ကုန် ကြလိမ့်မယ်။ ကိုယ့်ရွာကို ကိုယ်ချစ်ကြပါ။ ပင်လယ်ရေ က ရွာထဲကို မရောက်နိုင်ပါဘူး။ ရွာရေမမြုပ်နိုင်ပါဘူး။ ကျုပ်သွားကြည့်ပြီးပါပြီ။ ရွာက ထွက်မပြေး ကြပါနဲ့၊ ရွာကဘယ်မှ ထွက်မပြေးကြပါနဲ့….၊ ရွာကို နတ်စောင့်….”
“ဟဲ့….အရူးကြီး၊ ဘာတွေ လျှောက်အော်နေတာလဲ၊ ခင်ဗျားသာ ရွာမှာသေဖို့နေလိုက်၊ လှိုင်းလုံးကြီးတွေ ငှက်ရဲ ကျောက်ဆောင် တောင် ကျော်လာနေပြီ။ ခင်ဗျားပင်လယ်သွားပြီး လာကြည့်လာတာလဲ”
“ပင်လယ်ပြင် ကို ကြည့်လာတာကွ၊ တောင်ပင်လယ်က လာတဲ့လှိုင်းလာကြောက်စရာ ရှိလဲ၊ မလိကျွန်း တွေကို တိုက်လိမ့်မပေါ့၊ တို့အတွင်းပိုင်း ပုလဲကျွန်းတွေနဲ့ ဘာဆိုင်လဲ”
ရွာသားကြီးတစ်ယောက်က အော်ငေါက်ဆဲသည်ကို အရူးကြီးရွှေဗန်းကလည်း ပြန်အော်၏။

ပင်လယ် ကို သူသွားကြည့်ခဲ့သည်ဟုဆို၏။
“ဘာဆိုင် လဲတဲ့….ဟင်း….တောက်၊ ခင်ဗျားအဖေကြီး မဆိုင်လို့ ခု ရွာဖျားကို လှိုင်းဝင်နေပြီ၊ ရေသူမ ကျောက်တန်း နဲ့ ငှက်ရဲကျောက်ဆောင် ကို မြင်ခဲ့ရဲ့လား၊ လူတွေ သေကုန်အောင် မလုပ်နဲ့၊ ရွာရေမြုပ်မယ်၊ ခု မြုပ်တော့မယ် သိရဲ့လား”
“ဘယ်တော့ မှ ငါတို့ရွာ ရေမမြုပ်စေရဘူး၊ ငါပြောရဲတယ်၊ ပင်လယ်မိတ်ဆွေတွေ ငါ့ကိုဘာမှ မပြောခဲ့ ကြဘူး၊ တကယ်လို့ရွာ ရေမြုပ်မယ်ဆိုရင် သိုတို့ငါ့ကို…”
“ဘာ ပင်လယ်ကမိတ်ဆွေ”
“၀င်ကစွပ်တွေ ကို ပြောတာကွ”
“ငါ…တောက်….ရိုက်မိလိမ့်မယ်နော်”

“ဟဲ့….ကာလနာရဲ့၊ နင်ကပါ အရူးနဲ့ ဘက်ပြိုင်နေရလား၊ ငါတယ်ပြောလိုက်ချင်ဘူး၊ ဒီမှာဖြင့် ကလး တစ်ဖက် နဲ့”
အရူးကြီးရွှေဗန်းနင့် ငြင်းခုံနေကြသော ရွာသားကြီးကို သူ့ဇနီးဟု ထင်ရသော အမျိုးသမီးကြီး တစ်ယောက်က အော်ဆဲ။
ခင်ဗျား သာ ရေနစ်သေဖို့ ရွာမှာနေလိုက်ဟု ဆိုပြီး ရွာသားကြီး ထွက်ပြေးသွား၏။ အရူးကြီးကလည်း ယခု ထိ အားကျမခံသေး။
“အေး… ငါကရွာပဲ အုန်းသီးစားပြီးနေမယ်၊ မင်းတို့သာ ထမင်းငတ်သေဖို့ ပြေးကြ၊ အပင်တွေ ပိသေဖို့ သွားကြ”
အောင်တိုင် တို့ သားမိသားဖတွေ ရွာပြန်ရောက်လာကြသည်ထိ အရူးကြီး၏ အော်ဟစ်နေသံကို ကြားနေရ သေးသည်။

“မပြေးကြနဲ့၊ ရွာက ဘယ်မှထွက်မပြေးကြပါနဲ့၊ ကျုပ်တို့ရွာဟာ ရေမမြုပ်နိုင်ပါဘူး၊ ကျောက်မောင်နှမ နတ် က လှိုင်းလုံးကြီးတွေ ကို တားပေးနေတယ်၊ ပြန်လာကြ၊ ပြန်လာကြ”
အရူးကြီး အော်ဟစ်ကျန်နေရစ်သံနှင့်အတူ ပင်လယ်ပြင်မှ အားရပါးရ အော်ဟစ်ပြေးတက်လာသော လှိုင်းလုံးကြီး တွေ ဆူညံရိုက်ခတ်သံ ထဲတွင် ရွာသူရွာသားတွေ၏ ကပ်ပါယူပါ အော်သံတွေမှာ ဘ၀ဂ်လျှံ နေသည်။
နေ၀င် သွားပြီဖြစ်သည့်အပြင် မိုးမှောင်ကလည်း ကျ၊ မိုးကလည်းသည်း၊ လေပြင်းမုန်တိုင်း ကလည်း ပိုထန် နှင့် သဘာဝသတ္ထရကပ်ကြီး သည် သူတို့ရွာ ကို မညှာမတာ ရိုက်ခတ်နေလေပြီ။ အောင်တိုင်သည် အမှောင်ထဲ ၌ သူ့အဖေ၏ လည်ပင်းကို တင်းတင်းဖက်ထားသည်။ အမေက တအီအီတသဲ့သဲ့ ရှိုက်ငိုနေ၏။ အဖေ က သက်မချသည်။

တောင်ပင်လယ်မှ အော်ဟစ်ပြေးတက်လာကြသော လှိုင်းလုံးကြီးများသည် သူတို့ရွာကို စိစိညက်ညက် ကြေအောင် ရိုက်ပုတ်တိုက်ခတ်၍ နှစ်မြှုပ်နေ၏။ ဤသည်နှင့် အားမရသေး။ ရွာက ထွက်ပြေးတက် လာကြသူတွေ ကို သဲချောင်းက ဆီး၍ စောင့်ကြိုကာ တိုက်ခိုက်ရန် ပတ်ဆီးထား ပြန်၏။ နွေဆိုလျှင် ရေဆို ၍ စပ်စပ်မျှသာ ရှိသော သဲချောင်းထဲတွင် ယခုအခါ ရေတွေဒူးလောက် ပေါင်လောက် ရောက်ကုန် နေကြသည်။ ရွာပေါ်ကျော်တက်လာသော ဒူးလောက်ပေါင်လောက်ကို အားရကျေနပ်မှု မရှိသေး၍ သဲချောင်းဝ က လှိုင်းလုံးကြီးတွေကို တစ်လုံးပြီးတစ်လုံး သွင်လွှတ်နေကြပြန်၏။ သဲချေင်းဝမှ ပတ်တက် လာသော ဒီလှိုင်းလုံးကြီးများသည် အောင်သေ အောင်သား စားရတော့မည်အမှတ်ဖြင့် တဝေါဝေါ အော်ဟစ် ကာ သဲချေင်းထဲ ဖြတ်ကူးပြေးနေကြ သောအမှောင်ထဲက ရွာသူရွာသား ကလေးသူငယ်များကို မညှာမတာ ရိုက်ပုတ်သတ်ဖြတ် နေသည်။

ရွာသူရွာသားတွေအနေမှာ ဤသဲချောင်းကို မကူးမဖြတ်ဘဲနှင့် မျှော်ဦးတောင်ခြေကို ဘယ်လိုမှ မရောက် နိုင်ကြ။ ထိုကြောင့် အသက်စွန့်၍ ကူးပြေးနေကြရ၏။
"နင်ကလည်း ငိုမနေစမ်းပါနဲ့၊ တနင်္သာရီသားကွ၊ အားမာန်ရှိတယ်။ ဟေးသဲချောင်းကို ကူးမယ်၊ ဒီရေကို မကြောက် ဘူးကွ၊ ငါဆလုံကွ၊ ပသျှူးကွ၊ ရေမှာနေတဲ့ လူတွေပါကွ"
အဖေက သွေးရူးသွေးတန်းအော်ဟစ်ကာ သဲချောင်းကို အားမာန်အပြည့်ဖြင့် ဖြတ်ကူး၏။ အဖေ့ရှေ့ တွင်လည်း အမျိုးမျိုးအော်ဟစ်ကာ ဖြတ်ကူးနေကြသူတွေ အများကြီးပင်။ မည်သူမည်ဝါ ဟုခွဲခြား မသိနိုင်သော်လည်း မည်းမည်းမည်းမည်းနှင့် လှုပ်လှုပ်ရွရွကူးပြေးနေကြသူတွေက အများကြီး၊ အဖေ့ နောက် တွင် အမေပါသည်။

သဲချောင်းဝမှ ပတ်ဆီးပြေးတိုက်နေကြသော လှိုင်းလုံးကြီးတွေကြားထဲတွင် လဲသူလဲ၊ မျောသူမျော၊ နစ်သူနစ်၊ အော်သူအော်၊ ငိုသူငိုနှင့် သဲချောင်းတစ်ဝိုက်တွင် ကမ္ဘာပျက်နေလေ၏။
သဲချောင်းဝ မှ အော်ဟစ်ပြေးလာသော လှိုင်းလုံးကြီးတစ်လုံးသည် အောင်တိုင်တို့ မိသားစုကို တည့်တည့် မတ်မတ် လာရိုက်၏။ ဘယ်လိုမှ ရပ်တည်မရတော့ဘဲ ဗိုင်းဗိုင်းလဲသွားကြသည်။ အောင်တိုင်သည် အဖေ့လည်ပင်းကို ကြောက်ကြောက်နှင့်တအားဖတ်ထား၏။ မျက်စိ နားနှာခေါင်း ပါးစပ်ထဲဆားငန်ရေနှင့် သဲတွေ ပြည့်သွားသည်။ ရေမွန်းနေရန် အချိန်မရလိုက်၊ လှိုင်းလုံးကြီးက သူတို့မိသားစုကို ကျော်သွားပြီး ရှေ့က ကူးခတ် နေသူများကို ရိုက်ပုတ်သွားသည်။

အဖေကုန်းထသောအခါ အဖေ့ခါးကို ဖက်တွယ်ထားသော အမေလည်း ရေထဲတွင် ရပ်မိပြီးသား ဖြစ် သွားသည်။ သူတို့စကူးစဉ်က ဒူးလောက်ပေါင်လောက်သာ ရှိသောရေသည် ယခုအခါ ခါးလောက် နက် သွား၏။ အောင်တိုင်ကဝေါခနဲ တစ်ချက်လန့်ငိုသည်။ အဖေက အံကို တဂျစ်ဂျစ် ကြိတ်ကာအမေ့ကိုပါ ဆွဲပြီး ကူးပြေးနေ၏။
"သား သား ဖက်ထား၊ ဖေ့ဖေ့ကို ဖတ်ထား၊ ဘာမှမကြောက်နဲ့"
ဘာမှမကြောက်နဲ့ဟု ဆိုသော်လည်း အဖေ၏ အသံက တုန်ခိုက်နေသည်။ အမေကမူ စကားပင် မပြော နိုင်တော့။ မျက်စိ ထဲ သဲမှုန် တွေ ၀င်နေသဖြင့် အောင်တိုင်လည်း မျက်လုံးဖွင့်မရတော့။

ကလေး လူကြီးတွေ အော်ဟစ်ငိုယိုကြသံနှင့် လေးတိုးသံ လှိုင်းအူသံတို့မှာ နားထဲ ဆူနေ၏။ သဲချောင်းဝက တဝေါဝေါ အော်မြည်လာသော လှိုင်းလုံးကြီးများသည် အဆက်မပြတ် တိုက်ခတ်လာကြသည်။ အကြိမ်ကြိမ် လဲပြိုကျပြီး အကြိမ်ကြိမ်ပြန်ထရင်း သဲချောင်းရေရိုးကို ကျော်လာကြသည်။ ရေရိုး ရေလယ် တွင် ခါးဆစ်မြုပ်ထိ နက်သောရေသည် ပေါင်လယ် ဒူးခေါင်းလောက်သာ နက်တော့၏။ ကမ်းစပ်သို့ ရောက်လာကြသည်။ သို့သော် သဲကျွံနေသဖြင့် အမေအဖေတို့မှာ ခြေနုတ်မမြန်နိုင်ကြတော့။ ကိုယ်ပေါ်က ကျော် တိုက်သွားသော လှိုင်းလုံးကြီးတွေ ဒဏ်ကြောင့် ရေငန်မွန်းကာ အားအင်တို့လည်း ဆင်းရဲနွမ်းပါး နေကြပြီဆိုသည် ကို အောင်တိုင် သတိထားမိသည်။ အဖေ့ကိုယ်ပေါ်ကိုမှီပြီး လိုက်လာရသော အောင်တိုင် ပင် ရေငန်မွန်းကာ အဆုတ်ထဲ သဲတွေပြည့်နေပြီဟု ထင်၏။ သတိမရ တစ်ချက် ရတစ်ချက် ဖြစ်နေသည်။ ချမ်းလိုက် သည် မှာလည်း ခိုက်ခိုက်တုန်လာလေသည်။

ဤတစ်ခါ ရိုက်ပုတ်လိုက်သော လှိုင်းလုံးကြီးသည် သူ၏တစ်ကိုယ်လုံးကို စိစိညက်ညက်ချေပစ် လိုက်ပြီဟု သိလိုက် ရသည်။ မိုးပေါ်မြှောက်ခေါ် တင်ဆောင်သွားပြီးမှ အမြင့်ကြီးက တအားကိုင် ပေါက်ချလိုက်သည်။ အားလုံး ကစဥ့်ကလျား ဖရိုဖရဲလွင့်စဉ်သွားသည်။ တွယ်ဖက်ထားသော အဖေ ၏လည်ပင်းမှ သူ့လက်လွတ် ကျ သွားလေပြီ၊ သား... သား ဟူသော အမေ၏ မချိတင်ကဲ အော်သံသဲ့ သဲ့ကို ကြားလိုက်သည်။
"သား... သား၊ အနိုင်း... အနိုင်း"
အဖေ၏သွေးရူးသွေးတန်း အော်ခေါ်သံကို ကြားနေရ၏။ ပြန်ထူးရန် ပါးစပ်ကိုဖွင့်၍မရ၊ လှိုင်းလုံးကြီး များ သည် တစ်လုံးပြီး တစ်လုံး သူ့ပါးစပ် ကို လာပိတ်ကြ၏။
"သားရေ... သား လူလေး... အောင်တိုင်"
ကမ္ဘာပျက် နေသော်လည်း သားဇောကပ်နေသော အမေ၏ အသံသည် ဝေးစွာကျန်ခဲ့လေပြီ။ အားကိုးမဲ့ လေပြီ ဟူသော ကြောက်ရွံ့ထိတ်လန့်စိတ်နှင့် သတိလစ်မတတ် ဖြစ်သွားလေသည်။ သူ့ ကိုယ်သည် ဂွမ်းဖတ်ကလေးလို ပေါ့၍ မိုးပေါ် ပျံတက်သွားလိုက် ပြန်ကျလာလိုက် ရေထဲဖော့၍ မျောပါလိုက်နှင့် ဖုတ်လှိုက် ဖုတ်လှိုက် ဖြစ်နေလေသည်။

၅။

သတိရသည်နှင့် စမ်းမိစမ်းရာ ကိုင်မိကိုင်ရာ လှမ်းဆွဲမိသည်။ လက်ဖ၀ါးကို ဆူးစူးမှန်းသိသည်။ ရုတ် တရက် လွှင့် မပစ်ရဲ။ လှိုင်းလုံးကြီးတွေနှင့် လွင့်ပါသွားမှာ ကြောက်နေမိသည်။ လှိုင်းလုံးကြီးတွေ အော်မြည်သံနှင့် မုန်တိုင်း တိုက်ခတ်သံ တွေက မစဲသေး။ မိုးပေါက်တို့လည်း တဝေါဝေါ သွန်ကျနေ ဆဲ။ အမှောင်ထဲတွင် တလက်လက် တောက်နေသော မိုးပေါက်မိုးစက်တို့ကို မြင်နေရ၏။ ချုံဖုတ် တောအုပ်ဟု ထင်ရသော မည်းမည်း အရိပ်များ ကမူ မပီဝိုးတ၀ါးသာ။

"အဖေ... အို.. အဖေ... အဖေရယ်"
ကြောက်ရွံ့လာသဖြင့် အဖေ့ကို တအားခေါ်မိသည်။ မိုးသံလေသံကလွဲ၍ ဘာသံမှမကြားရ။ သူ အော် ခေါ်မိသော အသံကိုပင် သူ့နားထဲက ကျယ်ကျယ်မကြားရ၊ ချမ်းလွန်း၍ ခိုက်ခိုက်တုန်နေ၏။
"အမေ... အမေရယ်။ အို... အမေ"
နားထဲမှာ မိမိအော်သံနှင့် မိမိ အူနေသည်။ လူသံဆို၍ လုံးဝမကြားရ။ ချုံဖုတ်တွေကို လေတိုးသံနှင့် ချုံဖုတ်ပေါ် မိုးပေါက်တို့ တဖြောက်ဖြောက်ကျသံကိုသာ ကြားနေရသည်။ သူသည် သဲချောင်းထဲ၌ မဟုတ်။ ချုံဖုတ် သစ်ပင်တွေ ကျိုးတိုးကျဲတဲပေါက်နေသော ခုံတန်းတစ်ခုကိုရောက်နေမှန်းသိသည်။ မိုးရွာ နေသော်လည်း သူ့ခြေထောက်သည် ရေထဲနစ်မနေ။ သဲလုံးသဲပွင့်တွေနှင့် သစ်ကိုင်းပင် ခြောက်တွေကိုသာ နင်းမိ နေကြောင်း သူသတိပြုမိသည်။ ကိုင်ဆုပ်ထားသော ဆူးကိုင်းတစ်ခုကို ချက်ချင်း လက်လွှတ် လိုက်သည်။ နားစွင့်၍ အမေ အဖေတို့ကို ထပ်ခေါ်သည်။ အမေအဖေတို့  ထပ် ခေါ်ရင်း အမှောင်ထဲတွင် မြင် နေရသော မည်းမည်းမြင့်မြင့်တောင်ကုန်းတစ်ခုဘက် သူ စမ်းသွားနေ မိသည်။

"အဖေ... အို... အဖေ၊ အို... အဖေ"
ရုတ်တရက် လန့်သွားမိသည်။ မိမိအသံကို မိမိပြန်ကြားသလားဟု ထင်မိ၏။ ပဲ့တင်သံမဖြစ်နိုင် ကြောင်း တော့ သိသည်။ ပဲ့တင်သံ ပြန်ပေးနိုင်ော တောင်ကြား ကျောက်ဆောင်တွေကိုလည်း အနီး ၀န်းကျင် တွင် မမြင်မိ။ သရဲတစ္ဆေခြောက်တာလား၊ အောင်တိုင် ကြောက်သွားသဖြင့် နှုတ်ပိတ်ထား သည်။ အသံလာရာ သို့လည်း နားစွင့်နေမိ၏။
"အဖေ... အို... အဖေ၊ အဖေရယ်"
အသံက နီးလာလိုက်၊ တိုးသွားလိုက်လို ကြားရသည်။ အဖေ အို... အဖေဟု အော်ခေါ်သံသည် သူ့ ကိုယ် ထဲသို့ပင် လာဝင်သွားသည်ဟု ထင်မိလိုက်သည်။ ငါ့အသံ ငါပြန်ကြားတာပါလားဟု ထင် လိုက်သည်။ အမှောင်ထဲ တွင် ရွေ့ရွေ့စမ်းလျှောက်ရင်း သူ့အမေကို အော်ကြည့်ပြန်၏။

"အမေ... အမေရေ၊ အို... အမေ"
"အို... အဖေ၊ အဖေရေ၊ အဖေ"
အမှောင်ထဲ ရွေ့ရွေ့လျှောက်လှမ်းနေသော ခြေလှမ်းက တုံ့ခနဲ ရပ်သွားသည်။ အဖေ... အဖေဟု ခေါ်နေသံမှာ သူ့ရှေ့ချုံဖုတ်နားက ဖြစ်၏။ ပီပီသသလည်း ကြားရသည်။ သူ့အသံ ပြန်လာသည်မ ဟုတ်။ သူ က အမေကိုခေါ်၏။ သူ့ရှေ့က အသံက အဖေကိုခေါ်သည်။ သူ့လို မိဘနှင့်ကွဲနေသူ တစ် ယောက်လား ဟူသော အတွေးသည် အောင်တိုင်၏အသိထဲ ချက်ချင်းလက်ခနဲ လင်းလာ၏။ သေချာအောင် သူက သူ့အမေ ကို ထပ်ခေါ်ကြည့်သည်။

"အမေ... အို... အမေ၊ အမေနိုင်း"
"အဖေ... အမ်းကူး၊ အမ်းကူးရေ"
အောင်တိုင် သည် အတိုင်းမသိ ၀မ်းသာသွားသည်။ အမှောင်ထဲတွင် ငါတစ်ယောက်တည်းမဟုတ်ပါ လား ဟူ၍လည်း အားရှိသွား၏။ သူက အမေတစ်လှည့် အဖေတစ်လှည့် အော်ခေါ်၍ အသံကြားရာ ဘက်သို့ အမြန် ပြေးလျှောက်လာသလို အသံရှင်ကလည်း အဖေတစ်ယောက်တည်းကိုသာခေါ်၍ သူ့ဆီကို အားကိုး တကြီး လာနေသည်ကို သူကြားနေရသည်။
အမေ အဖေ တို့ကို အော်ခေါ်ကြရင်း အမှောင်ထဲတွင် အရိပ်မြင်ကြရ၏။ ချုံဖုတ်တစ်ခုအစတွင် မျက် နှာချင်းဆိုင် ဆုံမိကြသည်။ တစ်ယောက်လက် တစ်ယောက်စမ်း၍ ကိုင်မိလိုက်ကြ၏။ တစ်ကိုယ်လုံး အေးစက် နေသော အောင်တိုင် သည် ရုတ်ခြည်းနွေးထွေးသွားသလို ခံစားလိုက်ရသည်။

"နင်....နင်ဘယ်သူလဲဟင်၊ လူ.....လူနော်"
"လူ ပါ၊ ငါ မေသူ၊ နင်....နင်ကော"
အောင်တိုင် ၏ ကတုန်ကယင်ကြီးနှင့် မေးသံကို ကောင်မလေးက မေးရိုက်သံခိုက်ခိုက်နှင့် ၀မ်းသာ အယ်လဲ ပြန်ဖြေ၏။
"ငါအောင်တိုင်၊ သဲတန်းရေပြာက"
အင်း...... ဟုသက်ပြင်းရှိုက်သံကိုကြားလိုက်ရ၏။ ဝေါခနဲ တစ်ချက်ထပ်ငိုသည်။ သူ့လက်ကို အားကိုးတကြီး နှင့် မြဲမြဲဆုပ်ထား၏။
အောင်တိုင် က ဆက်မေးသည်။

"နင်ကော ဘယ်ကလဲ"
"ငါ....ငါလည်း သဲတန်းရေနီက၊ နင့်နဲ့ငါနဲ့ တစ်ရွာတည်းပါ"
မှန်သည်။ သူတို့ သဲတန်းမှာ ရေနီရေပြာဟု နှစ်ပိုင်းရှိ၏။ ရေနီက သဲတန်းရွာ၊ အဖျားပိုင်း၊ အောင်တိုင်တို့က အ၀ပိုင်း၊ သို့သော် တစ်ယောက်နှင့်တစ်ယောက် မသိ။ မြင်ဖူးကြမည်မဟုတ်ဟု လည်းအောင်တိုင်ထင်၏။
"နင် ငါ့သိလား"
"ဟင့်အင်း....ငါမသိ"
သူ့ကိုလည်း အောင်တိုင်မသိ။

"နင့်အမေကော"
"သေပြီ"
"ဟင်....  လှိုင်းနဲ့ ပါသွားလို့ သေပြီလား"
"မဟုတ်ဘူး၊ သေတာကြာပြီ"
ဤတစ်ခါ အောင်တိုင် သက်ပြင်းရှိုက်သည်။ သူသည် စောစောက အဖေတစ်ယောက်တည်း ကိုသာခေါ်၏။ အောင်တိုင် လို အဖေတစ်လှည့် အမေတစ်လှည့်မခေါ်။ သူ့မှာ ခေါ်စရာ အဖေသာရှိ သည်။
"နင့်အဖေ ဘယ်သူလဲ"
"ဦးအလျောင်"
"ဆလုံလား"
"မဟုတ်ဘူး"
"ပသျှူး"
"မဟုတ်ဘူး၊ တရုတ်"
"သြော်" ဟုအောင်တိုင် တစ်ချက် ညည်းလိုက်၏။

"ငါအဖေကို နင်သိလား"
"ပြောသံကြားဖူးတယ်၊ နင့်....နင့်အဖေက ဘိန်းစားလား"
မေးမိပြီးမှ အားနာသွားသလိုဖြစ်သွားသည်။ ကောင်မလေးကလည်း ဘာမှပြန်မပြော၊ သူ့လက်ကိုသာ ပိုက် ၍ တင်းတင်းဆုပ်လာ၏။
"ငါ့အဖေ က အောင်သိုက် ထားဝယ်သား၊ အမေက အနိုင်းဆလုံ လေ"
"င့ါအမေလည်း ဆလုံပဲ"
"သေပြီဆို"
"အေး....သေတာကြာပြီ"
"ခုန နင့်အဖေ လှိုင်းနဲ့ ပါသွားပလား"
"အေး..."
"ငါအမေ အဖေ တွေလည်း လှိုင်းနဲ့ပါသွားတယ်"
"သူတို့ သေကြပြီလားဟင်"
အောင်တိုင်ချက်ချင်းရင်ထဲ ဆို့သွားသည်။ လှိုင်းနှင့်ပါသွားသော အဖေအမေ တို့ သေပလား၊ အောင်တိုင် လည်း မသိ၊ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျလာ၏။ တစ်ချက် ရှိုက်ငိုလိုက်သည်။ ကောင်မလေးကလည်း တသိမ့်သိမ့် ရှိုက်ငိုနေ၏။ အမှောင်ထဲမှာ လက်ချင်းတော့ မဖြုတ်မိကြ။

"ငါတို့ ဘယ်လိုလုပ်ကြမလဲဟင်"
ကောင်မလေး ၏ အမေးကို အောင်တိုင်မဖြေတတ်။ သူဘာလုပ်ရမှန်းမသိ။ မိုးကလည်း မစဲသေး။ လေ ကလည်း တိုက်တုန်း။
"ဟင် ငါတို့ ဘယ်လိုလုပ်ကြမလဲဟင်၊ နင်သိပ်ချမ်းနေလား
ကောင်မလေး က သူ့ကို ကိုင်လှုပ်၍ မေးနေ၏။

ဆက်ရန်
.

4 comments:

မင်းဧရာ said...

အမကြီးရွှေစင်.........
အခန်းဆက်ကြောင့် အာရုံတွေပြက်ပြက်ကုန်တယ်
နောက်တစ်ခါဆို များများတင်ပေးနော်
ဝတ္ထုကောင်းလေးတွေအတွက် ကျေးဇူးအထူးတင်လျှက်ပါ
ဗျာ။

mstint said...

သံသရာဝဲဂယက်မှာ ကျင်လည်နေရတဲ့ လူသားတွေမှာ မပြီးဆုံးနိုင်တဲ့ ဒုက္ခတွေပေါ့ ညီမရေ။
'နာဂစ်' အဖြစ်အပျက်လေးတွေနဲ့ ဆင်တူတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Angelhlaing(May everybody be happy and healthy! said...

ဖတ်ရင်းဘာပြောရမှန်းမသိအောင်ပါပဲမမရေ....
လောကရဲ့ ရသစာတွေက လူတွေရဲ့ရင်ကို လှုပ်ကိုင်နိုင်စွမ်း ရှိလိုက်တာနော်...

An Asian Tour Operator said...

ကျေးဇူးပါ အစ်မရွှေစင်။ စာကောင်းပေကောင်း လေးတွေ အတွက်။