Sunday, August 7, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၉)

သုခ (ဓမ္မရသအလှမျိုးစုံ စာမျိုးစုံ) ဓမ္မရသအလှမျိုးစုံစာမျိုးစုံ ယင်းစာအုပ်အဖွင့် နိဒါန်းစာလေးကို ဘယ်အချိန် ဖတ်ဖတ် မိမိအဖို့ ရိုးအီသွားသည်မရှိပါ။ အဓိပ္ပါယ်လည်း ပေါ်လွင် ရတနာသုံးပါး ဂုဏ်ကျေးဇူး လည်းထင်ဟပ်၊ ဆရာကြီး ဦးသုခ၏ အာသီသကလည်း နှစ်လိုဖွယ် အတိဖြစ်သည်။ ဆရာကြီးသည် စာရေးရေး၊ ရုပ်ရှင်ဗွီဒီယိုရိုက်ရိုက်၊ ဟောပြောပွဲမှာပဲပြောပြော၊ မဃဒေ၀နီတိ အဆိုအမိန့်၊ ပရိယတ် ပဋိပတ် နှင့် ယှဉ်လျက် ဒွန်တွဲအနားကွပ်လေ့ရှိပါသည်။ သည်အထဲတွင် လယ်တီဆရာတော် ဘုရားကြီးစာ၊ အလင်္ကာ၊ မေတ္တာစာများ အလှကိုရှင်းရှင်း သွက်သွက်၊ ကွင်းကွင်း ကွက် ကွက်မြင်အောင်ထင်အောင် ချယ်မှုန်းလေ့ ရှိပါသည်။ အထူးသဖြင့် မိဘကျေးဇူးကြီးမားပုံ၊ မိဘမေတ္တာနက် ရှိုင်းပုံတွေကိုလည်း ဖော်ကျူးလျက် သားသမီးများက သိရှိနားလည်ပေးဆပ်လုပ်ကျွေးဖို့ ဂုဏ်ယူနားလည် တတ်ဖို့တွေလည်း ပါဝင်လေသည်။

လူငယ်တွေ နားလည် သဘောပေါက်အောင်လည်း ကဗျာလင်္ကာပုံတို ပုံတိုပတ်စ ရာဇ၀င်ကိုယ်တွေ့ ဖြစ် ရပ်များဖြင့် ကြားညှပ်ရေးသား၊ ပြောပြတတ်သူဖြစ်ပြီး ဆွဲဆောင်အား အထူးကောင်းလှသည်။ ဆရာကြီး သည် မဃဒေ၀လင်္ကာကို အာဂုံအဆောင်နိုင်ဆုံး။ ယှဉ်ရာယှဉ်ရာ ကဏ္ဍအလိုက် ဖော်ပြအသုံးပြုနိုင်ဆုံး အသုံးပြု တတ်ဆုံး၊ အကျွမ်းကျင်ဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ ထိုနည်းတူစွာ မင်္ဂလသုတ်၊ မေတ္တသုတ်၊ ရတန သုတ်၊ လောကနီတိဝဉ္ဇနာဒီပနီတို့ကို ပရိသတ်နှင့် မိတ်ဆက်ပေးသည်။ လူငယ်တွေနျင့် ထိတွေ့ပေးသည်။ သို့ရာတွင် ညင်ညင်သာသာ ဝေေ၀ဆာဆာ လှလှပပ၊ သုတ္တံ၊ ပုံဝတ္ထု၊ ရာဇ၀င်အခင်းအကျင်းများဖြင့် ရှုမငြီး အောင် ခေါင်းဆောင်နိုင်အားကောင်းသူဖြစ်သည်။ ဤနည်းဖြင့် ပါဠိကြောက်သူတွေ နီတိနှင့်ဝေးနေသူတွေ ကို ရဲဆေးတင်ပေးထိတွေ့ပေးခဲ့သည်။ ဆရာကြီး ဦးသုခ၏ စာဖတ်စာမှတ်အားကို သုခမှတ်စု တစ်အုပ် တည်း ဖြင့် သိသာလှသည်။

"ဆရာသုခကား သူ၏ကမ္မဇိဒ္ဓိတန်ခိုးဖြင့် အရသာမခံစားတတ်သောသူများကိုပင် အရသာ ခံစား တတ်အောင် ဦးစွာ ဖန်တီးယူသည်။ အနည်းအများ ပါဠိကို (သို့မဟုတ်) သြ၀ါဒကို သရဲတစ္ဆေ တမျှ ကြောက်ရှာ ကြသောခမျာ များကြားသို့ မေတ္တာသုတ်၊ မင်္ဂလသုတ်များကို ချပေးလိုက်သည်။ ဗုဒ္ဓမြတ် စွာရဲ့ တရားတော် တွေကို မဆိုဘူးတော်တော်မွှေးတာပဲ" ဤသို့အားဖြင့် ပါဠိအရသာကို ခံစားချင်လာအောင် လက်ဆောင် သဘော လောကနီတိကို ဆရာသုခပေးပြန်ပြီ

ဆန်းထွန်း (မန်းတက္ကသိုလ်)

ဆရာကြီး ဦးသုခ၏ လောကနီတိစာအုပ်နိဒါန်းမှာ ဆရာကြီး ဦးဆန်းထွန်း ဤသို့ ရေးသားပုံဖော်ပြထားလေ သည်။ ဆရာကြီး ဦးသုခသည် သူရေးသားဟောပြောရိုက်ကူး ဖန်တီးသမျှတိုင်းတွင် ပရိယတ်ပဋိပတ်နီတိ များ မကင်းကြောင်းကို တွေ့ရသည်။ " အကာကအချစ် အနှစ်ကမေတ္တာ" ဇာတ်ကားမှာ ကောလိပ်ဂျင်နေ ၀င်း၊ ဦးစံမတူတို့ စကားပြောခန်းတွင် "မသိတော့လိုချင် လိုချင်တော့စွဲလန်း၊ စွဲလန်းတော့ပြုလုပ်၊ ပြုလုပ် တော့ရ ရတာတွေက ဒုက္ခချည်းပါပဲဗျာ ... " ဆိုသည့် စကားပါသည်။ ယင်းစကားမှာ စွန်းလွန်းဆရာတော် ဘုရားကြီး ၏ သြ၀ါဒဖြစ်သည်။ ဆီလျော်အောင် သုံးတတ်တော့လည်း အံဝင်ခွင်ကျဖြစ်ပြီး အနှစ်သာရပေါ် လွင်လှသည်။ ယင်းဇာတ်ကားတွင် ကောလိပ်ဂျင်နေ၀င်း သမီး မင်းသမီးဆွေဇင်ထိုက်ကို ပန်းချီဆရာ မင်းသား ကျော်ဟိန်းက ပုံတူကြည့်ဆွဲရာက ငြိစွန်းပြီး ခိုးရာနောက်လိုက်ပြေးသည်။ ဦးစံမတူကပဲ "ဗဟုဝါဒ၊ ဒဿန အားဖြင့် မိန်းမယောက်ျားမြင်ဖန်များသော် သနားချစ်ခင်စိတ် ကျွမ်းဝင်၍ ကျွမ်းပင်တမင့်ဖြစ်လင့် မယွင်း တပ်မက်လျှင်း၏" ဟူသော မဃဒေ၀လင်္ကာကို ရွတ်ပြသွားသည်။ ရေးပြလျှင် ဤနမူနာများ ဆုံးနိုင် မည် မဟုတ်ပါ။

ဆရာကြီး ဦးသုခစာတိုင်း ရုပ်ရှင် ဗွီဒီယိုကားတိုင်းမှာ တွေ့ရမည်ဖြစ်သည်။ ဆရာကြီး သာသနာပြုနိုင်ဆုံး အထိရောက်ဆုံးမှာ " အဖေနှင့်သား" " တစ်ပါးသီလ " ရဟန်းမစားရသောဆွမ်းတစ် နပ်" " ရဟန်းစား ရသော ဆွမ်းတစ်နပ်" တို့ဖြစ်သည်။ ဆရာကြီး တင်ပြထားတာတွေ ကြည့်ပြီး သြော် ... ဤနည်းဖြင့်လည်း သာသနာပြု လို့ ရပါ့လားဟု သဘောပေါက်သွားသည်။ စွန်းစွန်း ထင်းထင်း၊ ၀င်းဝင်း လက်လက်၊ ချက်ချက်ချာချာ၊ လှပစွာ ဖန်တီးနိုင်စွမ်းရှိလို့ ကျေးဇူးလည်း အထူးတင်နေမိသည်။ စာရေး ဆရာတွေမှာ လက်ကိုင်မူ ပြာဠာန်းမှုကိုယ်စီရှိကြသည်။ ဆရာကြီး ဦးသုခကတော့ "သုခိ အတ္တာနံ ပရိဟာရန္တု" " လူတိုင်း ကိုယ့်ဘ၀ကို ယိမ်းမသွားအောင် ချမ်းချမ်းသာသာ ထိန်းထားနိုင်ကြပါစေသတည်း" ဟူသောမူဖြစ်သည်။ မှန်ပါသည်။ ပုဗ္ဗေကတပုညတာစက် (ကြိုတင်လေ့လာဆည်းပူးထားသည့် ကောင်းမှု ရှိခြင်း) ပဋိရငပဒေသ၀ါသစက် (ကုသိုလ်ဥစ္စာပညာရမှုအတွက် သင့်တင့်လျောက်ပတ်သည့် အရပ်မှာ နေ ထိုင်ခွင့်ရှိခြင်း) သပ္ပူရိသူပနိဿယစက် (ကောင်းရာကောင်းကြောင်းဖြင့် ကူညီညွှန်ပြနိုင်သည့် အရပ်မှာ နေထိုင်ခွင့် ရခြင်း) အတ္တသမာ--- မိစက် (မိမိကိုယ်စိတ်တို့ကို ကောင်းအောင် တည်ဆောက်နိုင်ခြင်း)ဆို သည့် သမ္ပတ္တိစက် (၄)ပါးတွင် နံပါတ် (၄)ဖြစ်သည့် အတ္တသမာပဏီဓိစက်သည် အဓိကအရေးကြီးဆုံးပင် မဟုတ်ပါလား။ ယင်းစက်နှင့် ဆရာကြီး ဦးသုခ ဦးတည်ချက်က တစ်ထပ်တည်းပါ။

သမိုင်းကို ချဉ်းကပ်ရာတွင်လည်း ဆရာကြီး ဦးသုခ အမြင်က ရှင်းလှသည်။ ပုဂံခေတ်က ဥဇနာဘုရင် ညီလာ ခံဝငင်နေချိန် နောက်မှရောက်လာသည့် အိမ်ရှေ့မင်းသား သီဟသူက အမတ်ကြီး ရာဇသင်္ကြန်ကို လမ်း ဖယ်မပေးရကောင်းလားဆိုပြီး စက်ရုံပေါ်သို့ ကွမ်းသွေးထွေးလိုက်သည်။ သည်ဝတ်ရုံကို ရာဇသင်္ကြန်အမတ် ကြီး သိမ်းဆည်းထားသည်။ သီဟသူနန်းတက်သောအခါ ဒလဘက်မှာ ဆင်ဖြူတော် ပေါ် လို့ ဟု ဆွဲဆောင်ပြီး သီဟသူအား ဒလဘက်သို့ ဆင်ဖြူတော်ဖမ်းရန် ခေါ်ဆောင် သွား လေသည်။ ဆင်ကျုံးထဲသို့ ရောက်တော့ ဘာ ဆင်ဖြူမှ တွေ့ရာ ရာဇသင်္ကြန်က ၀တ်ရုံကိုဖြန့်ကာ ကွမ်းသွေးကို ပြပြီး သီဟသူအား ဆင်ဖြင့် နင်း သတ်လေသည်။ ဤပြယုဂ်ကို ဒါဟရုဏ်ဆောင်လျှက် ဆရာကြီးက အမတ်ကြီး ရာဇသင်္ကြန်ကို ပညာရှိတော့ မှန်သည် သူတော်ကောင်း မဟုတ်ပါဟု ချဉ်းကပ်သုံးသပ်ပြလေသည်။ ဆရာကြီး ဦးသုခသည် တေဘုမ္မာ သီချင်းကိုလည်း လူငယ်တွေ နားလည် အောင် ရှင်းပြသည်။

အနှစ်သာရကို ထုတ်ပေးသည်။ ဆရာ ရွှေတိုင်ညွန့်ရေးသည့် --သြတသီချင်းထဲက စာသားအချို့ ကျကျန်ရစ်သည်ကိုလည်း စီစစ်ဖော်ထုတ် ပြလေသည်။ ဥပမာ - "ပတ္တမြားအရောင်ဖြာတဲ့ အုတ်ဆောင် ထဲ ဓားတစ်ထောင်ထွာနဲ့ ဥသျှောင်တဲ ဘုရား ဒကာကျောင်းကြီး တုတ်နှောင်လဲတော့သည်" နေရာတွင် "ပတ္တမြား အမြောင့်ကာတဲ့ စမုတ်ဆောင်ထဲ ဓား တစ်ထောင့်ထွာနဲ့ ဥသျှောင်တဲ၊ ဘုရားကျောင်း ဒကာကြီးတုတ်နှောင်လဲတော့သည်" အမြောင့်ကာ၊ တစ် ထောင့်ထွာတို့ကို အမှန်အတိုင်း ဖော်ထုတ်ပေးခဲ့သည်။ ထို့အတူ "အဇာတသတ် ထိုမင်းသား အနာဂတ်ကို သူမစဉ်းစားတော့သည်" နေရာတွင်လည်း " အဇာတသတ်လူမင်းသား၊ အနာဂတ်ကို သူမစဉ်းစားတော့ သည်" ကူ ထောက်ပြ လေသည်။ သို့မှသာ လူမင်းသားနှင့် သူမစဉ်းစား ကာရံကိုက်မည့် မဟုတ်ပါလား၊ "တကာမုနိ" ဟု ဆိုရာတွင်လည်း "ဋ္ဌကမ္ဗုလည်း" ဠဆိုတာ ရှစ်ကမ္ဗုလည်းမှာထီး" ထီးရှစ်လက်ဝဲကာရံသည် ဟု အဓိပ္ပါယ် ရပါသည်။

ထူးမခြားနားသီချင်းတွင်လည်း တစ်ချို့က ထူး ... မ .. ခြားနား ထူးမခြားနား ဆိုသည့် သောနှင့် ထူးနှင့်မ ကို ခွဲဆို နေသည်မှာ မမှန်ကြောင်း မြတ်စွာဘုရား တန်ခိုးတော်ပြသည့်အခါမှာ မီးအလျှံလား၊ ရေ အလျှံ လား ခွဲခြားမရအောင်ရှိကြောင်းဖြစ်၍ "ထူးမခြားနား"ကို ခွဲမဆိုသင့်ကြောင်းနှင့် "ပြောင်လို့လို့"ဟု ဆို ရာတွင် လည်း "ပြောင်းလို့လို့"ဟုဆိုရမည်။ မီးမှရေ၊ ရေမှမီး၊ လက်ဝဲမှလက်က်ျာ စသည်တို့ ပြောင်းရွှေ တန် ခိုးပြကြောင်း ရှင်းပြထားလေသည်။ " ဒုက္ကရစရိယာ ကျင့်သည့်အခါ၊ နတ်လာစောင်းတီးပြသလား " ဆောင်းပါး တွင်လည်း မြတ်စွာဘုရား ဒုက္ကရစရိယာကျင့်သည့်အခါတွင် နတ်သား တစ်ပါးက ဘုရားအလောင်းတော် ကြီးအား စောင်းတီးပြပြီး မလျှော့မတင်းစောင်းကြိုးညှင်းကဲ့သို့ ကျင့်ရန် ပြောပြ သည် မှာ မဟုတ်မမှန်ကြောင်း ကို " ဆရာမကူ၊ သယမ္ဘူ၊ ဗုဒ္ဓင်္ကူတို့လမ်းစဉ်တည်း " "ဒုက္ခစရိယာ ကျင့်သည့် အခါ နတ်လာ စောင်းတီးပြ သလား" " စောင်းတီးမပြ၊ နတ်မ မ၊ ဗုဒ္ဓကိုယ်ပိုင် ဥာဏ်တော်တည်း" ဟုရှင်းပြ ထားလေသည်။

ဒါမျိုးတွေ ဖော်ထုတ်ရွေးပြလျှင် ကုန်နိုင်မည်မဟုတ်ပေ။ ဤပြယုဂ်များကိုကြည့်ပြီး ဆရာကြီးဦးသုခ၏ လေ့လာ ဆည်းပူးမှုအင်အား၊ စေတနာ၊ မေတ္တာ၊ ကျွမ်းကျင်လိမ္မာမှု၊ သာသနာပြု စိတ်ဓာတ် ဦးတည်ချက် များ အထင်းသား တွေ့မြင်နိုင်ပါသည်။ ဆရာကြီး ဦးသုခ မရှိတော့ပြီဖြစ်သော်ငြား ဆရာ့အတွေးခေါ် အရေး အသား စေတနာ၊ မေတ္တာများလှုပ်ခတ်ရှင်သန်နေဆဲပါ။ ဆရာသည် လူသေသော်လည်း နာမည် မသေသူ စာရင်းတွင် ပါဝင်သူဖြစ်သည်။ ဆရာသည် နောက်ဘ၀မှာ လူဖြစ် ရဟန်းဘ၀နှင့် စာပေကျမ်းဂန်များ ရေး သားချင်သည်ဟု ပြောဖူးရေးဖူးပါသည်။ ယင်းစိတ်ဓာတ်ကပင် သာသနာပြုချင် အမှောင်ခွင်း ၍ အလင်း ဆောင်ချင်နေကြောင်းပေါ်လွင်ထင်ရှားနေပါသည်။ ယင်းပရဟိတစိတ်ကို အကြိမ်ကြိမ် သာဓု ခေါ်နေမိ သည်။

(၁၄-၁-၂၀၁၀ နေ့ ဦးသုခ နှစ်တစ်ရာပြည့်သို့)
ဦးစန္ဒိမ (စလင်း)
.

No comments: