Wednesday, August 3, 2011

ဝင်းဖေဝင်း ဘာသာပြန် မနက်ဖြန်အတွက် ဒီကနေ့ အပိုင်း (၁)

(၁)
နယူးအော်လင်းမြို့

ဖေဖော်ဝါရီလ(၂၀)က်၊ ကြာသပတေးနေ့ ည(၁၁)နာရီ၊ ဒေါရစ်ဝှစ်တနေ သည် ကိုယ်ပေါ်တွင် ၀တ်ထားသော အ၀တ်အစားအားလုံးကို ချွတ်ချလိုက်သည်။ ထို့နောက် အနီရင့်ရောင် တစ်ပတ်ရစ် ဂါဝန် တစ်ထည် ကို ရွေးထုတ်လိုက်ပြီး ကိုယ်ပေါ်တွင် ကပိုကရို ၀တ်ဆင်လိုက်သည်။ အ၀တ်လဲပြီးနောက် သူမ၏ အိပ်ခန်း ကို တစ်ပတ် မျက်စိဝေံပြီး ကြည့်လိုက်သည်။ အနှစ်(၃၀)လုံးလုံး မိမိနေထိုင်လာသော ဤအိပ်ခန်း ကို ထုံးစံအတိုင်း သေသေသပ်သပ်နှင့် အစီအစဉ်တကျ ရှိနေစေရန် နောက်ဆုံးအကြိမ် ကြည့်ရှု အကဲခတ် လိုက်ခြင်း ဖြစ်သည်။

အိပ်ရာ ခုတင်ဘေးရှိ စားပွဲမှ အံဆွဲကို ဒေါရစ် ဆွဲဖွင့်လိုက်ပြီး အထဲမှ သေနတ်ကို ဂရုတစိုက် ထုတ်ယူလိုက် သည်။ သူ့လက်ထဲမှ သေနတ် မှာ မည်းပြောင် အေးစက်နေသည်။ သေနတ်ကို စားပွဲပေါ်ရှိ တယ်လီဖုန်း ဘေးတွင် ချထားလိုက်သည်။ ထို့နောက် ဖီလဒယ်ဖီးယားမြို့တွင် နေသော သမီးဖြစ်သူ ထရေစီဝှစ်တနေ ၏ တယ်လီဖုန်းနံပါတ်များကို လှည့်ပြီးသောအခါ တယ်လီဖုန်း နားထောင်ခွက်ကို နားရွက်နှင့် ကပ်ပြီး နားထောင် လိုက်သည်။

တအောင့်အကြာတွင် တစ်ဘက်မှ အသံပေါ်လာသည်။
"ဟဲလို …"
"ထရေစီ … သမီး၊ … သမီး အသံကြားရတာ မေမေ စိတ်ချမ်းသာသွားတာပဲ"
ထရေစီ စတင်ပြောလိုက်သည်။
"မေမေ … မေမေ အသံကို မမျှော်လင့်ဘဲ ကြားလိုက်ရတာ သမီးတော့ အံ့သြသွားတာပဲ မေမေရယ်"
"သမီးအိပ်နေပြီလား …၊ သမီးကို အိပ်ရာက နှိုးလိုက်သလိုများ ဖြစ်သွားသလားဟင်"

"မဖြစ်ပါဘူး မေမေ၊ သမီး မအိပ်သေးပါဘူး၊ အိပ်မလို့ စာဖတ်တုန်း ရှိပါသေးတယ်၊ ညနေက သမီးနဲ့ ချားလ် တို့ အပြင်ထွက်ပြီး ညစာအတူတူ စားကြတယ်လေ၊
ဒါပေမယ့် ရာသီဥတုက သိပ်ဆိုးတယ်၊ ဒီမှာ နှင်းတွေ သိပ်ကျနေတယ်၊ မေမေတို့ဆီမှာ ကောဟင်"
အလို … ဘုရားရေ၊ ရာသီဥတုအကြောင်း စကား ရောက်နေပါကောလား၊ ငါ့သမီးကို ပြောချင်တာတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် ပြောဖို့လဲ မဖြစ်နိုင်ပါကလားဟု ဒေါရစ် စိတ်ထဲက ပြောနေမိသည်။
"မေမေ … မေမေ အဲဒီမှာ ရှိပါသေးတယ်နော်"
"ရှိပါတယ် သမီး၊ ဒီမှာ မိုးတွေ ရွာနေတယ်"
ဒေါရစ်ဝှစ်တနေ က ပြတင်းပေါက်ကနေ အပြင်သို့ လှမ်းကြည့်လိုက်သည်။ အပြင်တွင် မိုးတွေရွာ၊ လေတွေ တိုက်၊ လျှပ်စစ်တွေ လက်ပြီး တစ်ခါတစ်ခါ မိုးချုန်းလိုက်သည်က မြည်ဟိန်းနေသည်။
"တယ်လီဖုန်း ထဲက ကြားနေရတဲ့ ဆူညံနေတဲ့အသံတွေက ဘာသံတွေလဲ မေမေ" ထရေစီ မေးလာသည်။

မိုးချုန်းသံများ ကို ထရေစီက မေးနေခြင်း ဖြစ်သည်။ နယူးအော်လင်းတွင် မိုးရက်ဆက် ရွာပြီး မုန်တိုင်းကျ နေသည်။ အပူချိန်မှာ ၆၆ ဒီဂရီသာ ရှိသည်။ ညနေခင်းက ရွာနေသော မိုးသည် ညပိုင်းတွင် မိုးသက် မုန်တိုင်း အဖြစ် ပြောင်းသွားသည်။ မနက်ဖြန် အပြင်ထွက်လျှင် ထီးယူသွားရပေလိမ့်မည်။ သို့သော် မိမိအဖို့ ထီး လိုတော့မည် မဟုတ်ဟု ဒေါရစ် သိနေသည်။
"မိုးချုန်းသံတွေပါ သမီး၊ ဒီမှာ လေကြီး မိုးကြီး ကျနေတယ် သမီး၊ ဒါနဲ့ ဖီဒလယ်ဖီးယား မှာ သမီး နေရတာ ပျော်ရဲ့လား၊ သမီး အတွေ့အကြုံတွေကို မေမေ့ကို ပြောပြစမ်းပါဦး"
"သမီး အဖို့တော့ နတ်သမီးပုံပြင်ထဲက မင်းသမီးလေးလိုပဲ ခံစားနေရပါတယ် မေမေ၊ သမီးဘ၀မှာ အခုလို ပျော်ရွှင်ချမ်းမြေ့မှုမျိုး ခံစားရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး၊ မနက်ဖြန်ဆိုရင် ချားလ် ရဲ့ မိဘတွေ နဲ့ သမီး တွေ့ရမယ်၊ သူတို့အိမ်မှာ ညစာလာစားဖို့ ဖိတ်ထားတယ်၊ ချက်စနပ်ဟေးမှာနေတဲ့ ချားလ် ရဲ့ မိဘ နှစ်ပါး ဖြစ်တဲ့ စတန်ဖုန်း ဇနီးမောင်နှံအိမ်ကြီးကို သွားရမယ်၊ သူ့မိဘတွေက ပိုက်ဆံ သိပ်ချမ်းသာ တဲ့ ဆွေကြီး မျိုးကြီး အသိုင်းအ၀ိုင်းကြီးပေါ့၊ သူတို့နဲ့ သမီးနဲ့ ယှဉ်လိုက်ရင်တော့ ဒိုင်နိုဆော နဲ့ လိပ်ပြာကလေး လောက် ကွာခြားတာပဲ"
"စိတ်မပူပါ နဲ့ သမီးရယ်၊ သူတို့ သမီးကို ချစ်မှာပါ"

"ဘ၀အခြေအနေခြင်း ကွာခြားတာဟာ အကြောင်း မဟုတ်ပါဘူးလို့ ချားလ်ကလဲ သမီးကို အားပေးပါတယ်၊ သူ သမီးကို သိပ်ချစ်တယ် မေမေ၊ သမီးကလဲ သူ့ကို သိပ်ချစ်တာပါပဲ မေမေရယ်၊ သမီး မေမေ့ကို သူနဲ့တွေ့ ပေးချင်လှပါပြီ၊ သူဟာလေ စိတ်ကောင်းသိပ်ရှိပြီး သိပ်ပြည့်ဝတာပဲ"
"မေမေ ယုံပါတယ် သမီးရယ်၊ … သမီးကိုရမယ့်အတွက် သူဘယ်လောက် ကံကောင်းမယ်ဆိုတာ သူသိလာ မှာပါ သမီးရယ်"
ဒေါရစ် က ထရေစီကို ဤမျှသာ ပြန်ပြောလိုက်သည်။ သို့သော် မိမိသည် သမက်လောင်း ချားလ်နှင့် ဘယ်သောအခါ မျှ တွေ့နိုင်တော့မည် မဟုတ်။ မိမိ၏ မြေးငယ်ကိုလည်း ဘယ်သောအခါမျှ ချီခွင့်ရတော့ မည် မဟုတ် ဆိုသည်ကို ဒေါရစ် သိနေသည်။ ထို့ကြောင့် ယင်းအတွေးများကို ခေါင်းထဲမှ အတင်း မောင်းထုတ် ဖျောက်ဖျက်ပစ်လိုက်သည်။
"သမီးလဲ သူ့ကို အဲဒါပဲ ပြောနေရတာပေါ့ မေမေရယ်၊ ကဲ … သမီးအကြောင်း တော်လောက်ပြီ၊ မေမေ အကြောင်း ပြောစမ်းပါဦး၊ အဲဒီမှာ ဘာတွေဖြစ်နေသလဲ၊ မေမေကော ဘယ်လိုနေလဲ ဟင်"
"မေမေ နေကောင်းပါတယ် သမီးရယ်"

ဒေါရစ်က ခပ်အေးအေးပင် ဖြေလိုက်သည်။ သူမ ကျန်းမာရေးမှာ တကယ်ပင် ကောင်းပါသည်။ ဆရာဝန် ကပင် မိမိ ၌ မည်သည့်ရောဂါမျှ မရှိကြောင်း၊ အသက်ရှည်ရှည် နေရဖွယ်ရှိကြောင်း၊ တမြန်နေ့က ပြောလိုက် သည်ကို သတိရလာသည်။
"သမီး အလုပ်အကိုင်ကော အဆင်ပြေရဲ့လား၊ အခု လုပ်နေရတာကော ပျော်ရဲ့လား"
ဒေါရစ် က မေးလိုက်သည်။ သူမသည် ထရေစီ၏ အဖေ ကွယ်လွန်ပြီးနောက် ငါးနှစ်လုံးလုံး မုဆိုးမ ဘ၀ဖြင့် နေလာခဲ့သူ ဖြစ်သည်။ တစ်ပင်လဲသော်လည်း တစ်ပင်မထူခဲ့ပေ။
"သမီး အလုပ်လုပ်ရတာ ပျော်ပါတယ် မေမေ၊ ကျွန်မတို့ လက်ထပ်ပြီးရင် ကျွန်မအလုပ်  ဆက်လုပ်ဖို့ကိုလဲ ချားလ် က သဘောတူပါတယ်တဲ့"
"သိပ်ကောင်းတာပေါ့ သမီးရယ်၊ သမီးချစ်သူဟာလေ နားလည်မှု အပြည့်အ၀ရှိတဲ့ ယောက်ျားကောင်း တစ်ယောက်ပဲ"
"ဟုတ်ပါတယ် မေမေရယ်၊ မေမေ သူ့ကို မကြာခင် တွေ့ရမှာပါ"
ထိုအချိန်တွင် မိုးချုန်းသံကြီး က ကြောက်ခမန်းလိလိ ကြားမှ ၀င်ရောက် မြည်ဟိန်းသွားသည်။ မိုးသံ လေသံ များက ကြီးစိုးလွှမ်းမိုးနေရာ ဒေါရစ် အဖို့ သမီးကို နောက်ဆုံး နှုတ်ဆက်ရန်မှ တစ်ပါး အခြား ပြောစရာ အတွက် အခြေအနေ မပေးပါတော့ချေ။

"ကဲ … သမီးရေ မေမေ နှုတ်ဆက်ပါတယ်ကွယ်"
ဒေါရစ်သည် သူမ၏ အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ထိန်းပြီး သာမန်နှုတ်ဆက်မှုမျိုးဖြစ်အောင် ပြော လိုက်သည်။
"မေမေ … ဒါဖြင့် သမီးတို့မင်္ဂလာဆောင်ကျမှ မေမေနဲ့ တွေ့တော့မယ်နော်၊ မင်္ဂလာဆောင်မယ့်ရက်ကို သမီး တို့ သတ်မှတ်ပြီးပြီးချင်း မေမေ့ဆီ တယ်လီဖုန်း လှမ်းဆက်မယ်နော်"
"အေး .. သမီးရယ် အေး"
ထိုသို့ ပြောပြီးနောက် ဒေါရစ်အဖို့ နောက်ဆုံးပြောရန် တစ်ခုသာ ကျန်တော့သည်။ ထိုစကားကိုလည်း အတတ်နိုင်ဆုံး တည်ငြိမ်အောင် ကြိုးစားပြီး ပြောလိုက်သည်။
"သမီး … မေမေလေ၊ သမီးကို သိပ် … သိပ်ပြီး ချစ်ပါတယ်ကွယ်"
ဒေါရစ်ဝှစ်တနေ သည် တယ်လီဖုန်းကို အသာအယာ ပြန်ချထားလိုက်သည်။
ထို့နောက် သေနတ်ကို ကောက်ကိုင်လိုက်သည်။ သူမအတွက် လုပ်စရာတစ်လမ်းသာ ရှိတော့သည်။
(၂)
ဖီလဒယ်ဖီးယား

ဖေဖော်ဝါရီလ(၂၁)ရက်၊ သောကြာနေ့၊ နံနက်(၈)နာရီ
ထရေစီသည် သူမ နေသော တိုက်ခန်း ရှိသည့် အဆောက်အအုံကြီးထဲမှ လမ်းပေါ်သို့ ထွက်လာသည်။ အပြင် တွင် မိုးသည်းထန်စွာ ရွာနသည်။ လမ်းပေါ်တွင် ပြေးနေသော ကားများကို ရေဆေးပြီး အရောင်တင် ပေးသကဲ့ သို့ ရှိနေသည်။
ထရေစီသည် သူမ အလုပ်ဆီသို့ လမ်းလျှောက်သွားနေသည်။ အရောင်တောက်သော အ၀ါရောင် မိုးကာ အင်္ကျီနှင့် ဦးထုပ်ကို ၀တ်ပြီး ချက်စနက်လမ်း တစ်လျှောက် မိုးထဲရေထဲတွင် သွားနေရသည်။ သူမ အသက်မှာ (၂၅)နှစ်ခန့်သာ ရှိသေးသည်။ ထက်ထက်မြက်မြက်နှင့် သွက်သွက်လက်လက် ရှိသော အသွင် က သူမ မျက်နှာတွင် အထင်သား ပေါ်နေသည်။ အပြာရောင်မျက်လုံးများက တဖျပ်ဖျပ်တောက်နေ သည်။ သူမ ၏ ခန္ဓာကိုယ်မှာ သွယ်သွယ်လျလျ နှင့် အားကစားသမားအသွင် ပေါ်လွင်နေသည်။

ထရေစီက မိုးထဲရေထဲတွင် ကလေးငယ်တစ်ယောက်လိုပင် ပျော်ပျော်ပါးပါး လျှောက်သွားနေသည်။ လမ်းတွင် သူမကို တွေ့သူများက သူမ၏ ပြုံးပျော်နေမှုကို ကြည်နူးသော အပြုံးဖြင့် နှုတ်ဆက်ကြသည်။
ထရေစီ သည် သူမအလုပ်လုပ်သော ဘဏ်အနားသို့ ရောက်သောအခါ လက်ပတ်နာရီကို တစ်ချက်လှမ်း ကြည့် လိုက်သည်။ နံနက်(၈)နာရီခွဲ ရှိပြီ။ သူမအလုပ်လုပ်သော ဖီလဒယ်ဖီးယားထရပ်စ် ဖီဒက်လတီဘဏ် သည် (၈)နာရီ မိနစ်(၄၀)ကျမှ အလုပ်သမားများအတွက် တံခါး ဖွင့်ပေးမည် ဖြစ်သည်။ သို့သော် ထိုဘဏ်မှ နိုင်ငံတကာ ရေးရာဌာန ဒုတိယဥက္ကဋ္ဌ ကလာရင့်စ်ဒက်စမွန်သည် ထုံးစံအတိုင်း ပြင်ပအချက်ပေး ခလုတ် ကို နှိပ်ပြီး တံခါးကို ဖွင့်ကာ ဘဏ်ထဲသို့ ၀င်သွားသည်။ ထရေစီသည် နေ့စဉ်မြင်နေကျ ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလိုက်ကာ မိုးရေထဲ၌ ဆက်ရပ်နေသည်။
ကမ္ဘာပေါ် ရှိ ဘဏ်အားလုံးသည် လုံခြုံရေး အစီအစဉ်များကို ရေပက်မ၀င်အောင် လုပ်ထားကြသည်ချည်း ဖြစ်သည်။ ဒက်စမွန် သည် ဘဏ်ထဲ ၀င်ရောက်သွားပြီး နောက်တံခါးကို ပြန်ပိတ်ခဲ့သည်။ သူသည် ဘဏ်ထဲ ၌ ထုံးစံအတိုင်း စစ်ဆေးနေမည်သာ ဖြစ်သည်။

(၈)နာရီခွဲတိတိတွင် ထရေစီသည် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ဘဏ်၏ ခန်းမကြီးထဲသို့ ၀င်လာသည်။ သူမ၏ မိုးကာအင်္ကျီ၊ ဦးထုပ်နှင့် အပေါ်ဝတ် ဖိနပ်ရှည်ကြီးများကို ချွတ်ကာ နေရာတကျ သိမ်းဆည်းရင်း အခြား လုပ်ဖော်ကိုင်ဖက်များက မိုးအကြောင်း ရယ်စရာ ပြောနေကြသည်များကို နားထောင်ကာ ပြုံးနေမိ သည်။
"လေတိုက်တာ ထီးကြီးပါ ပါသွားတော့ တစ်ကိုယ်လုံး ရွှဲနစ်လာတာပါ" ငွေတွေတွက်ရသော စာရေး တစ်ယောက် က ပြောသည်။

"ငါလာတဲ့ လမ်းပေါ်မှာလေ၊ ဘဲနှစ်ကောင် ရေကူးနေတာ တွေ့ခဲ့တယ်"
"နောက် တစ်ပတ်လဲ ဒီလိုပဲ မိုးသည်းဦးမယ်လို့ မိုးလေ၀သကတော့ ပြောနေတာပဲ၊ ငါတော့ ဖလော်ရီဒါပဲ သွားနေချင် ပါပြီ"
ထရေစီသည် ထိုစကားများကို ပြုံးပြီး နားထောင်ကာ သူမ၏ အလုပ်ခွင်နေရာသို့ ထွက်သွားသည်။ ထရေစီ သည် ကြိုးမဲ့ကြေးနန်းဖြင့် ငွေများ ပြောင်းလဲပေးသော ဌာန၏ တာဝန်ခံ ဖြစ်သည်။ ယခင်ကမူ ဘဏ်တစ်ခုမှ တစ်ခု၊ နိုင်ငံတစ်နိုင်ငံသို့ ငွေများ ပြောင်းလဲပေးရာတွင် အချိန်အတော်အတန် ကြာခဲ့သည်။ ထိုကိစ္စအတွက် ပုံစံ အများအပြားကို ဖြည့်သွင်းရပြီး နိုင်ငံအလိုက်နှင့် နိုင်ငံတကာစိာပို့တိုက် ဌာနများကို အားကိုး ရသည်။

သို့သော် ကွန်ပျူတာများ ပေါ်လာသောအခါ ထိုလုပ်ငန်းများ အပြောင်းလဲကြီး ပြောင်းလဲသွားသည်။ ငွေအမြောက် အမြား ကို တစ်မုဟုတ်ချင်း ပြောင်းလဲ ပေးပို့လာနိုင်သည်။ တခြားဘဏ်များမှ ကွန်ပြူတာ ဖြင့် ပြောင်းလဲ ပေးပို့လာသော ငွေများကို လက်ခံ စာရင်းသွင်းခြင်း၊ မိမိဘဏ်မှ ကွန်ပျူတာဖြင့် တခြားဘဏ် သို့ ငွေများပြောင်းလဲ ပေးပို့ခြင်းများကို ထရေစီ တာဝန်ခံ လုပ်ဆောင်ရပေသည်။
ထိုသို့ စာရင်းပြောင်း စာရင်းရှင်းခြင်းများကို ကွန်ပျူတာဖြင့် လုပ်ဆောင်ရာတွင် စကားဝှက်များကို သုံးစွဲ လုပ်ကိုင် ကြရသည်။ စကားဝှက်များကိုလည်း အချိန်မှန် ပြောင်းလဲကာ အကွာအကွယ် ပြုလုပ်ထားသည်။ နေ့စဉ်ပင် ထရေစီ၏ လက်ချောင်းများ ကလေးထဲမှ ဖြတ်သန်းပြီး ဒေါ်လာ သန်းပေါင်းများစွာတို့ ၀င်ထွက် သွားလာ ကူးပြောင်းနေကြရသည်။
ထရေစီ၏ ဘ၀ထဲသို့ ချားလ်စတန်ဖုန်း(၃) မ၀င်လာခင်အထိတွင် ဘဏ်လုပ်ငန်းသည် သူမအဖို့ ကမ္ဘာပေါ်၌ စိတ်ဝင်စားစရာ အကောင်းဆုံး လုပ်ငန်း ဖြစ်သည်။ သူမ၏ ဘဏ်တွင် နိုင်ငံတကာ ဌာနခွဲသည် ကြီးမား သော ဌာနခွဲကြီးပင် ဖြစ်သည်။

****************************************
ထရေစီသည် ချားလ်စတန်ဖုန်း(၃)ကို ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုတွင် စတင် တွေ့ခဲ့သည်။ ထိုနေ့က ဆွေးနွေးပွဲတွင် ချားလ်က ဦးဆောင် ဆွေးနွေးသူ ဖြစ်သည်။ ချားလ်သည် သူ၏အဘိုး ထူထောင်ခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ကိုင်တွယ်လုပ်ကိုင်သူ ဖြစ်သည်။ ချားလ်၏ ကုမ္ပဏီသည် ထရေစီအလုပ် လုပ်နေသော ဘဏ်နှင့်အဓိက ဆက်သွယ်လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။
ဆွေးနွေးပွဲတွင် ချားလ်၏ သုံးသပ်တင်ပြချက် တစ်ခုနှင့် ပတ်သက်၍ ထရေစီ သဘောမတူနိုင်ဘဲ ဖြစ်ခဲ့သည်။ ထိုအချက်မှာ တတိယကမ္ဘာ့နိုင်ငံများက ကမ္ဘာပတ်ဝန်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အနောက်အုပ်စု အစိုးရများထံမှ ချေးငွေများကို ပြန်ဆပ်ရေးခဲ့သည်။ သူမ၏ ဘဏ်တွင် နိုင်ငံတကာ ဌာနခွဲ သည် ကြီးမားသော ဌာနခွဲကြီးပင် ဖြစ်သည်။

*****************************************
ထရေစီသည် ချားလ်စတန်ဖုန်း(၃)ကို ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုတွင် စတင် တွေ့ခဲ့သည်။ ထိုနေ့က ဆွေးနွေးပွဲတွင် ချားလ်က ဦးဆောင် ဆွေးနွေးသူ ဖြစ်သည်။ ချားလ်သည် သူ၏အဘိုး ထူထောင်ခဲ့သော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို ကိုင်တွယ်လုပ်ကိုင်နေသူ ဖြစ်သည်။ ချားလ်၏ ကုမ္ပဏီသည် ထရေစီ အလုပ်လုပ်နေသော ဘဏ်နှင့်အဓိက ဆက်သွယ်လုပ်ကိုင်နေသော ကုမ္ပဏီ ဖြစ်သည်။

ဆွေးနွေးပွဲတွင် ချားလ်၏ သုံးသပ်တင်ပြချက် တစ်ရပ်နှင့် ပတ်သက်၍ ထရေစီ သဘောမတူနိုင်ဘဲ ဖြစ်ခဲ့သည်။ ထိုအချက်မှာ တတိယကမ္ဘာ့နိုင်ငံများက ကမ္ဘာအ၀န်းရှိ ကူးသန်းရောင်းဝယ်ရေးဘဏ်များနှင့် အနောက်အုပ်စု အစိုးရများထံမှ ချေးငွေများကို ပြန်ဆပ်ရေးတွင် နှောင့်နှေးကြန့်ကြာနေမှုနှင့်ဆိုင်သော သုံးသပ်ချက် ဖြစ်သည်။
ထရေစီ၏ တုံ့ပြန် ဆွေးနွေးချက်များကို ကနေဦးပိုင်းတွင် ချားလ်က ပျက်ချော်ချော် လုပ်ခဲ့သည်။ သို့သော် နောက်ပိုင်းတွင်မူ သူ့ရှေ့မှ ချောချောလှလှ မိန်းကလေးတစ်ဦးက အချက်ကျကျ ပိုင်ပိုင်နိုင်နိုင် ဆွေးနွေးနေ မှုကို မထီမဲ့မြင်ပြု၍ မရတော့ဘဲ လေးလေးနက်နက် တုံ့ပြန်လာရသည်။ နောက်ဆုံး သူတို့နှစ်ယောက် စားသောက်ဆိုင်ကြီး တစ်ဆိုင်တွင် ချိန်းပြီး ညစာအတူ စားသောက်ကာ ဆက်လက် ဆွေးနွေးရသည်အထိ ပင် လေးနက်ခိုင်မာခဲ့သည်။

ဖီလဒယ်ဖီးယားမြို့တွင် ချားလ်သည် ပျိုတိုင်းကြိုက်သည့် နှင်းဆီးခိုင်တစ်ခိုင် ဖြစ်သည်။ သူသည် အသက်(၃၅)နှစ်ခန့် ရှိသည်။ ဖီလဒယ်ဖီးယားမြို့ရှိ ရှေးအကျဆုံးနှင့် အအောင်မြင် အချမ်းသာဆုံး မိသားစု တစ်ခုမှ အမွေခံတစ်ဦးတည်းသော သားဖြစ်သည်။ အရပ်ငါးပေဆယ်လက်မ ရှိသည်။ ဆံပင်ပျော့ပျော့ ပါးပါး၊ မျက်လုံးညိုညိုနှင့် ယောက်ျားချောချောသူ ဖြစ်သည်။ ပွင့်လင်း ရဲရင့်သော သူဌေးသားတစ်ဦးအဖြစ် ထရေစီက မြင်မိသည်။
"ကျွန်တော့် အဖေကတော့ သူ့အဖို့ သားအရေမှားနေပြီလို့ ထင်နေမှာပဲ"
ညစာ စားပွဲ တွင် ချားလ်က ပြောသည်။
"ဘာရယ် … ဘယ်လို"
ထရေစီက နားမလည်သဖြင့် ပြန်မေးသည်။

"သြော် … ကျွန်တော်က သူတို့ စိတ်ကြိုက် ပုံစံမျိုး မဟုတ်ဘူး မဟုတ်လား၊ လူ့ဘ၀မှာ ငွေရှိရင် ဘာမဆို ဖြစ်တယ် ဆိုတာမျိုးကို ကျွန်တော်က လက်မခံဘူးလေ၊ ဒါပေမယ့် ကျွန်တော်က ဒီလို ပြောတယ်ဆိုတာကို တော့ အဖေ့ကို ပြန်မပြောလိုက်ပါနဲ့နော် … တောင်းပန်ပါရစေ"
ထိုညက ထရေစီ ခေါင်းထဲသို့ အတွေးများ ၀င်လာသည်။
ချားလ်နှင့် ထရေစီ မည်သို့မျှ ပေါင်းစပ်ရမည်ထင်၊ ဆီနှင့်ရေလို ခြားနားသည်။ ချားလ်ကဆီ၊ ထရေစီက ရေ၊ သူက ညစာ ဖိတ်ကျွေးရုံနှင့် မိမိက လက်ထပ်ရေးကို စိတ်ကူးနေမိပြီလား။ မဖြစ်နိုင်ပါ။
မိမိတို့ နောက်တစ်ကြိမ် တစ်ယောက်နှင့်တစ်ယောက် တွေ့ဖို့ဆိုသည်ပင် လုံးဝ မဖြစ်နိုင်တော့ပါချေ။

****************************************************
ထိုညက ချားလ်နှင့် ထရေစီတို့ ညစာ အတူစားခဲ့ကြပြီးနောက် ဆက်၍ဆက်၍ တွေ့ဆုံဖြစ်ကြသည်။ ဖီလဒယ်ဖီးယားမြို့သည် သူတို့၏ အချစ်ကမ္ဘာကလေး ဖြစ်လာသည်။ စနေညများတွင် ဘဲလေးကပွဲများသို့ လည်း သွားကြသည်။ ဖီလဒယ်ဖီးယား အော်ခတ်စထရာ တီးဝိုင်းသို့လည်း ရောက်ကြသည်။

တနင်္လာမှ သောကြာအထိ အလုပ်ဆင်းရသော ရက်များတွင်မူ ကုန်တိုက်ကြီးများ၊ ဈေးဆိုင်ကနားများသို့ သွားကြသည်။  လမ်းဘေးပလက်ေ်ဖာင်းပေါ်မှာ ကော်ဖီဆိုင်များတွင် အဆာပြေ ၀င်စားကြသည့်အခါများ လည်း ရှိသည်။ ပြတိုက်များ၊ ပန်းချီပြခန်းများသို့လည်း သွားကြည့်ကြသည်။
မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ရသည့်ဘ၀မှ ချားလ်နှင့် ထရေစီတို့သည် ချစ်သူများ ဖြစ်လာခဲ့ကြသည်။
ချားလ်က ကျန်းမာရေး လေ့ကျင့်မှုကို စိတ်မ၀င်စားပေ။ ထရေစီကမူ တနင်္ဂနွေနေ့ နံနက်ခင်းများတွင် အပြေးလျှောက် လေ့ကျင့်မှု ပြုလုပ်သည်။ စနေနေ့ ညနေပိုင်းတွင် ထရေစီသည် ကိုယ်ခံပညာ သင်တန်း တတ်သည်။ သင်တန်းပြီးချိန်များတွင် သူမအဖို့ ခြေကုန်လက်ပန်းကျပြီး မောဟိုက်နွမ်းနယ်နေတတ်သည်။ သို့သော် သူ့ချစ်သူ ချားလ်နေသော တိုက်ခန်းသို့ သွားရောက်ကာ ချစ်သူနှင့် တွေ့သောအခါ အမောပြေပြီး ရွှင်လန်းတက်ကြွ လန်းဆန်းလာရစမြဲ ဖြစ်သည်။

ချားလ်သည် အချက်အပြုတ် ကောင်းသူ ဖြစ်သည်။ ညနေစာအတွက် စားသောက်စရာအမျိုးမျိုးကို ဖွယ်ဖွယ် ရာရာ ချက်ပြုတ်ပြီး ချားလ်က ထရေစီကို ကျွေးတတ်သည်။
ထရေစီ တွေ့ဖူးသမျှ လူတွေထဲတွင် ချားလ်သည် အချိန် အတိကျဆုံးသူ ဖြစ်သည်။ သူကိုယ်တိုင်က အချိန် ကို လေးစားသကဲ့သို့ အခြားသူများများလည်း လေးစားမှ ကြိုက်သည်။ တစ်ခါက ထရေစီသည် ချားလ်နှင့် ညစာ အတူစားရန် ချိန်းထားသော နေရာသို့ ၁၅ မိနစ်နောက်ကျပြီး မှ ရောက်သွားသည်။ ထို့ကြောင့် ချားလ် က သုန်သုန် မှုန်မှုန် နှင့် ဘ၀င်မကျဖြစ်နေရာ ထိုနေ့ ညစာစားပွဲတစ်ခုလုံး တွင် ထရေစီအဖို့ မပျော် လိုက်နိုင် အောင် ဖြစ်ခဲ့ရသည်။ ထို့နောက်ပိုင်းတွင် ထရေစီသည် ချားလ်နှင့် ပတ်သက်လာလျှင် အချိန်ကို အတိအကျ လိုက်နာလေးစား လာတတ်တော့သည်။
သူတို့နှစ်ဦးအဖို့ အချစ်နယ် ကျွံသည်ထက် ကျွံလာရာ ထရေစီတွင် မမျှော်လင့်ဘဲ ကိုယ်ဝန် ရှိလာတော့ သည်။ ထရေစီအဖို့ မသေချာမရေရာမှုများနှင့် ဒွိဟသံသယစိတ်များ လွှမ်းမိုးလာသည်။ သူတို့နှစ်ဦး၏ ချစ်သူဘ၀တွင် ချားလ်သည် လက်ထပ်ရေးကိစ္စကို တစ်ကြိမ်တစ်ခါမှ တင်ပြ ပြောကြားလာခြင်း မရှိခဲ့။ ချားလ်က မိမိအား ကိုယ်ဝန်ရှိလာသည့်အတွက် လက်ထပ်ရေးခြင်းမျိုးကိုလည်း ထရေစီ လုံးဝ မလိုလား ချေ။

ထရေစီ အမျိုးမျိုး စဉ်းစားသည်။ ကိုယ်ဝန်ရှိနေသည်ကို မရှိအောင် လုပ်ရမလား။ ထိုသို့လည်း မလုပ်ရက်၊ မလုပ်ချင်။ သို့ဆိုလျှင် ချားလ်၏ အကူအညိမပါဘဲ ပြုစုစောင့်ရှောက်မည်လား။ ထိုသို့ ပြုလုပ်လျှင် ကေးလ အပေါ် မမျှမတပြုမူရာ ရောက်သွားမည်လား၊ ကလေးအဖို့ မည်သူ့ကိုအဖေ ခေါ်ရပါမည်နည်း။
တစ်ညနေတွင် ချားလ်နှင့် ထရေစိတို့ ညစာအတူ စားပြီးသောအခါ ထိုကိစ္စကို ဖွင့်ပြောရန် ထရေစီ ဆုံးဖြတ် လိုက်သည်။ ချားလ်အား မည်သို့မည်ပုံ ညင်ညင်သာသာ ပြောကြားမည်ဟု စိတ်ထဲ၌ စိတ်ကူးစီစဉ်ထား သော်လည်း တကယ်တမ်း ပြောသောအခါ စီစဉ် စိတ်ကူးထားသမျှ ဘယ်ရောက်ကုန်မှန်း မသိတော့ဘဲ တုံးတိတိကြီး ပြောချလိုက်မိသည်။
"ချားလ် … ကျွန်မ သိပ်ဝမ်းနည်းပါတယ်၊ ကျွန်မ ကိုယ်ဝန် ရှိနေပြီ"
နှစ်ဦးစလုံး ဘာမျှ မပြောဖြစ်ကြဘဲ အချိန်အတော်ကြာအောင် တိတ်ဆိတ်ငြိမ်သက်သွားသည်။ နောက်ဆုံး ထရေစီ အဖို့ စိတ်မထိန်းနိုင်တော့ဘဲ ချုံးပွဲချငိုမိတော့လုနီးနီးအချိန်တွင်မှ ချားလ်က ပြောလာသည်။

"ဒါဖြင့်လဲ တို့ လက်ထပ်ကြတာပေါ့"
ထရေစီအဖို့ ရင်ထဲမှ အလုံးကြီးကျပြီး စိတ်သက်သာရာ ရသွားသည်။
"ကိုယ်ဝန်ရှိလာလို့ လက်ထပ်ရတယ် ဆိုတာမျိုးလဲ မဖြစ်စေချင်ဘူး၊ ကျွန်မအပေါ်လဲ အထင်မမှားစေချင်ဘူး ချားလ်ရယ် …"
သူမ စကားမဆုံးခင် ချားလ်က လက်ကာပြပြီး စကားကို ရပ်ခိုင်းလိုက်ကာ သူက ပြောလာသည်။
"ကိုယ်မင်းကို လက်ထပ်ချင်ပါတယ် ထရေစီ၊ မင်းဟာ ကိုယ့်အတွက် ဇနီးကောင်းတစ်ယောက် ဖြစ်လာမှာပါ၊ အင်း … အဖေနဲ့ အမေနဲ့ကတော့ အတော်ကလေး အံ့အားသင့်သွားမှာပဲ"
ချားလ် က ပြုံးပြလိုက်ပြီး ထရေစီကို ကြင်ကြင်နာနာ ယုယုယယကလေး မွှေးလိုက်သည်။

"မောင့် မိဘတွေက ဘာဖြစ်လို့ အံ့အားသင့်သွားမှာလဲဟ်င"
ထရေစီက တိုးတိုးညင်းညင်းလေး မေးလိုက်သည်။ ချားလ်က သက်ပြင်းတစ်ချက် ချပြီးမှ ပြောလာသည်။
"စိတ်မဆိုးနဲ့နော် အချစ်၊ ကိုယ်ပြောပြမယ်၊ ကိုယ်တို့ စတန်ဟုပ်မိသားစုဝင်တွေဟာ ဒီဖီလဒယ်ဖီးယားမြို့ က သူတို့လို ဆွေကြီးမျိုးကြီး မိသားစုတွေချင်း လက်ထပ်ကြတာ"
"ဒါဖြင့် မောင့်မိဘတွေက မောင့်အတွက် ဇနီးလောင်း ရှာထားပြီပေါ့ ဟုတ်လား"
"ဒါ အကြောင်း မဟုတ်ပါဘူး အချစ်ရယ်၊ မောင် တကယ်ချစ်တဲ့သူကိုတာ မောင့်ရဲ့ဇနီးအဖြစ် ရွေးချယ် လက်ထပ်မှာပဲ၊ မောင်တို့နှစ်ယောက် လာမယ့် သောကြာနေ့ကျရင် မောင့်မိဘတွေနဲ့အတူ ညစာအတူတူ သွားစားကြတာပေါ့ ဟုတ်လား၊ မောင့်မိဘနှစ်ပါးနဲ့ အချစ်နဲ့ တွေ့ဖို့ အချိန်တန်လာပြီလေ"
ချားလ်က ထရေစီကို သူ့ရင်ခွင်ထဲသို့ ဆွဲယူ ပွေ့ဖက်ထားလိုက်သည်။

****************************************************
နံနက်(၉)နာရီထိုးရန် (၅)မိနစ်ခန့် အလိုတွင် ဘဏ်ထဲ၌ အသံပလံများ ပိုမိုဆူညံလာသည်ကို ထရေစီ သတိ ထားမိလာသည်။ ဘဏ်အမှုထမ်းများ၏ လှုပ်ရှားမှုမှာ ပိုမြန်လာပြီး စကားပြောသံမှာ ပိုမို ကျယ်လောင်လာ သည်။ နောက်ထပ် ငါးမိနစ်ခန့်အကြာ (၉)နာရီတိတိတွင် ဘဏ်တံခါးများ ဖွင့်သောအခါ အမှုထမ်းအဖို့ အဘက်ဘက်မှ အဆင်သင့် ဖြစ်နေရပေလိ့မ်မည်။ ဘဏ်အရှေ့ဘက်ပြတင်းပေါက်မှနေ၍ အပြင်သို့ ထရေစီ လှမ်းမျှော်ကြည့်လိုက်သည်။ ပလက်ဖောင်းပေါ် မိုးထဲရေထဲတွင် ငွေသွင်းငွေထုတ်လုပ်မည်သူများ တန်းစီ စောင့်နေကြသည်ကို ထရေစီ တွေ့ရသည်။
ဘဏ်အစောင့် လုံခြုံရေးဝန်ထမ်းက နံရံပေါ်ရှိ တိုင်ကပ်နာရီကို မော့ကြည့်လိုက်သည်။ နာရီ လက်တံ များက (၉)နာရီတိတိသို့ ပြသောအခါတွင် ဘဏ်အရှေ့ဘက်မှ တံခါးမကြီးကို သွားရောက် ဖွင့်လှစ် လိုက်တော့ သည်။

ဘဏ်လုပ်ငန်း၏ နေ့သစ်တစ်နေ့ စချေပြီ။
ထရေစီသည် ဘဏ်ဖွင့်ချိန်မှစ၍ ကွန်ပျူတာများဖြင့် စတင် အလုပ်များနေသည်မှာ နှစ်နာရီ သုံးနာရီခန့် ဖြစ်သည်။ ကျွန်ပျူတာစနစ်ဖြင့် ငွေများ အပေးအယူ အပြောင်းအလဲ လုပ်မှုများကို နှစ်ခါ နှစ်ထပ် ပြန်လည် စစ်ဆေးရသည်။ ကွန်ပျူတာဖြင့် အပြောင်းအလဲ လုပ်ရာတွင် လျှို့ဝှက်သင်္ကေတဖြစ်သော စကားဝှက်ကို သုံးရသည်။ ထိုစကားဝှက် သင်္ကေတများ မှန်မမှန်ကို ထိုသို့ နှစ်ထပ်နှစ်ပြန် မစစ်ဆေး၍လည်း မရ။

အလုပ်ထဲတွင် နစ်မြုပ်နေသဖြင့် နံနက်ပိုင်း အလုပ်ချိန်မှာ ကုန်လွယ်လွန်းလှသလိုပင် ဖြစ်ခဲ့ရသည်။ ထရေစီသည် နေ့လယ် ထမင်းစား ဆင်းချိန်တွင် ဆံပင်အလှ သွားပြင်ရန် စီစဉ်ထားသည်။ ဆံပင်အလှပြင် သူ နာမည်ကြီး အလှပြင်ဆရာ လာရီစတယ်လာတော့နှင့် ချိန်းဆိုထားသည်။ လာရီထံတွင် ဆံပင်အလှပြင် ရသည်မှာ ဈေးကြီးလွန်းပြီး အကုန်အကျ များလှသည်။ သို့သော် ထရေစီအဖို့ ယနေ့ညတွင် ချားလ်မိဘများ နှင့် တွေ့ရမည်ဖြစ်ရာ သူမကို ချားလ် မိဘများက အချောဆုံး အလှဆုံး အကောင်းဆုံး တွေ့မြင်သွားစေ ချင်သည်။ ထို့ကြောင့် ဆံပင်အလှပြင်ခ နင့်နေအောင် ပေးရမည် ဖြစ်သော်လည်း မိမိအတွက် တန်ပါပေ သည်ဟု ထရေစီ ပိုင်ဖြတ်ထားသည်။

"ချားလ် မိဘတွေက ငါ့ကို သဘောကျ နှစ်သက်အောင် လုပ်ရမှာပဲ၊ သူတို့က ချွေးမလောင်းအဖြစ် ဘယ်သူ့ ကိုပဲ ရွေးရွေး အကြောင်း မဟုတ်ပါဘူးလေ၊ တစ်ခု သေချာတာကတော့ ချားလ်ရဲ့ စိတ်ချမ်းသာ ပျော်ရွှင်မှု ကို ငါကလွဲပြီး ဘယ်သူမှ စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး" ထရေစီက စိတ်ထဲမှ တစ်ကိုယ်တည်း ပြောနေမိသည်။
မွန်းလွဲ(၁)နာရီ ထိုးပြီ။ ထရေစီသည် အပြင်ထွက်ရန် မိုးကာအင်္ကျီကို သွားယူနေစဉ်မှာပင် ဘဏ် ဒု-ဥက္ကဌ တစ်ဦးဖြစ်သူ ကလာရင့်စ်ဒက်စမွန်းက ထရေစီအား သူ့ရုံးခန်းကိုလာရန် ဆင့်ခေါ်လိုက်သည်။ ဒက်စမွန် သည် ထရေစီတို့ဘဏ်တွင် အရေးပါသော အရာရှိကြီးတစ်ဦး ဖြစ်သည်။ ဘဏ်၏ ပြောရေး ဆိုခွင့် ရှိသူ  လည်း ဖြစ်သည်။ ဥပဓိရုပ်ကောင်းပြီး ၀တ်စား ဆင်ယင်မှုကလည်း ရှေးရိုးဆန်ကာ သပ်သပ်ရပ်ရပ် ရှိလှ သည်။ သို့အသွင်မှာ သြဇာတိက္ကမရှိသော အသွင် ဖြစ်သည်။ သူ့ကို မြင်လိုက်သည်နှင့် ယုံကြည်စိတ်ချ ထိုက်သူ ဖြစ်မှန်း သိသာ ထင်ရှားလှသည်။
"ထိုင်ပါ ထရေစီ၊ အပြင်မှာ ရာသီဥတု သိပ်မကောင်ဘူးနော်"
ဒက်စမွန်းက ထရေစီအား ရင်းရင်းနှီးနှီးပင် ခရီးဦးကြို လိုက်သည်။

"ဟုတ်ကဲ့၊ အပြင်မှာ ရာသီဥတု ဆိုးတယ်"
ထရေစီကလည်း အလိုက်သင့်ပင် ပြန်ဖြေလိုက်သည်။
"အင်း … ဘဏ်ထဲမှာတော့ လူတွေ ငွေသွင်း ငွေထုတ် လုပ်နေကြတုန်းပဲ၊ ငါ မင်းကို ပြောစရာတစ်ခု ရှိလို့ပါ ထရေစီ၊ မင်းနဲ့ ချားလ်စတန်ဟုပ်တို့ လက်ထပ်ဖို့အတွက် စေ့စပ်ထားတယ်လို့ ငါသိထားတယ်"
ထိုစကား ကြားရသဖြင့် ထရေစီ အံ့အား သင့်သွားသည်။
စေ့စပ်ကြောင်လမ်းတဲ့အကြောင်း ကျွန်မတို့ မကြေညာရသေးပါဘူး၊ ဘယ်လိုလုပ် …"
သူမ စကားမဆုံးခင်မှာပင် ဒက်စမွန်းက တည်တည်ခန့်ခန့် ပြုံးလိုက်ပြီး ၀င်ပြောသည်။
"စတန်ဖုန်း မိသားစုဝင်တွေရဲ့ လှုပ်ရှား လုပ်ကိုင်မှု မှန်သမျှတွေဟာ သတင်းတွေပါပဲ ထရေစီ၊ မင်းအတွက် ငါ ၀မ်းသာ ဂုဏ်ယူပါတယ်၊ မင်းတို့ ဘဏ်မှာ ဆက်ပြီး အလုပ်လုပ်လိမ့်မယ်လို့လဲ ငါ မျှော်လင့်ထားတယ်၊ မင်းတို့ ပျားရည်ဆမ်း ခရီးက ပြန်လာပြီးရင်ပေါ့လေ၊ မင်းကို တို့အလုပ်က လက်မလွှတ်ချင်ဘူး၊ မင်းဟာ တို့ဆီက တန်ဖိုးအရှိဆုံး အလုပ်သမားတွေထဲမှာ တစ်ယောက်အပါအ၀င်ပဲ မဟုတ်လား"

"ချားလ်နဲ့ ကျွန်မလဲ ကျွန်မ အလုပ်ကိစ္စအတွက် ဆွေးနွေး ပြီးပါပြီ၊ အလုပ် သိပ်လုပ်ချင်တဲ့ ကျွန်မရဲ့ ဆန္ဒကို သူ လိုက်လျောပါတယ်။
ထရေစီထံမှ သတင်းကောင်း ကြားရသဖြင့် ဒက်စမွန်း ကျေနပ်အားရစွာ ပြုံးလိုက်သည်။ ဘဏ္ဍာရေး လုပ်ငန်း အ၀န်းအ၀ိုင်းတွင် စတန်ဟုပ်နှင့်သားများ ကုမ္ပဏီသ်ည အရေးအပါဆုံးသော လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေသည်။ ထိုကုမ္ပဏီ၏ ငွေစာရင်းအားလုံးကို မိမိတို့ ဘဏ်က လုပ်ကိုင်ဆောင်ရွက် ပေးရလျှင် အလွန်ပင် အကျိုးရှိပေမည်။
ဒက်စမွန်းသည် ကုလားထိုင်ကို နောက်မီ ထိုင်လိုက်ပြီး ထရေစီအား ပြောလိုက်သည်။

"ထရေစီ၊ မင်းတို့ ပျားရည်ဆမ်းခရီးက ပြန်လာပြီး မင်း အလုပ် ပြန်ဝင်တဲ့ အချိန်ကျရင် မင်းကို ရာထူး ကောင်းကောင်း တိုးပေးမယ်၊ လခလဲ ကောင်းကောင်း ပေးမယ်"
"အို .. ကျေးဇူးပါပဲရှင်၊ တကယ့်ကို ၀မ်းသာစရာပါပဲ"
မိမိ၏ ပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှုတို့တွင် စတန်ဟုပ်မိသားစု၏ အရှိန်အ၀ါကိုပါ ပေါင်းစပ် လိုက်ပါက ထိုသို့ ထိုက်ထိုက်တန်တန် ရရှိမည်မှာ မဆန်းလှပါချေဟု ထရေစီ တွေးမိသည်။
မိမိအတွက် သတင်းကောင်းကို ချားလ်အား တစ်မုဟုတ်ချင်း ပြောချင်လာသည်။
မိမိ၏ ဘ၀ရှေ့ရေးတွင် ပန်းခင်းသော လမ်းကြီးက ဖြောင့်တန်း စိုပြည်နေပါချေပြီ။ ပန်းမွေ့ရာ ရွှေကော်ဇော တို့က ကြိုလင့်နေပါချေပြီ။
မိမိဘ၀ တွင် အစစအရာရာ အဆင်ပြေပြီး ပျော်ရွှင်ချမ်းမြေ့မှု အပေါင်း ခညောင်းလာအောင် ဖန်ဆင်းပေး သော ဘုရားသခင် ကို အထပ်ထပ် ကျေးဇူးတင်နေမိသည်။

*********************************************************************
ချားလ် ၏ မိဘများဖြစ်သော စတန်ဟုတ်သည် ရစ်တင်ဟောက်ရပ်ကွက်၌ အိမ်ကြီးရခိုင် ဖြစ်သည်။ ခြံကျယ် ၀န်းကျယ်ကြီးထဲတွင် ဟောင်းဗိမာန်ကြီးက ခံ့ညားထည်ဝါလှသည်။ နေသော လူချမ်းသာ ရပ်ကွက် သည် ဖီလဒယ်ဖီးယာ သမိုင်းမှတ်တိုင်ပင် ဖြစ်သည်။
ယခုအခါ ဤရပ်ကွက်နှင့် ဤ၀င်းခြံ၊ ဤအိမ်တို့သည် မိမိဘ၀၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်တော့မည်ဟု ထရေစီ တွေးမိလာသည်။
သူမအဖို့ စိတ်လှုပ်ရှားနေသည်။ စိတ်စောနေသည်။ ဆံပင်ကိုလည်း အလှပြင်ထားပြီးဖြစ်၍ နေရသူ တစ်မျိုး ဖြစ်နေသည်။ ချားလ် မိဘများ အိမ်သို့ စားပွဲသွားရန် ပြင်ဆင်နေရည်ကပင် စိတ်မောနေသည်။ အင်္ကျီ အ၀တ်အစား ကို တစ်စုံတစ်စုံ ပြောင်းဝတ်နေရာ လေးစုံအထိပင် ရှိသွားသည်။

မည်သည့် အ၀တ်အစား ၀တ်သွားသင့်ပါသနည်း။ ရိုးရိုးယဉ်ယဉ်လေး ၀တ်သွားသင့်သလား။ ခေတ် ဆန်ဆန် ၀တ်သွားသင့်သလား။ ခေတ်အမီဆုံး အကောင်းဆုံး ဈေးကြီးပေး ၀ယ်ထားရသည့် ၀တ်စုံကို ၀တ်လျှင် ကြွားသည်ဟု ထင်လေမည်သား။ သုံးဖြုန်း ထည်ဝါလွန်းသည်ဟု ထင်လေမည်လား။ ရိုးရိုး ၀တ် သွားလျှင် လည်း မိမိအား သူတို့သားထက် အောက်တန်းကျသည်ဟု ထင်လေမည်လား။ ထရေစီ အမျိုးမျိုး တွေးနေရသည်။
မည်သို့ပင် ၀တ်ဆင်ပါစေ အပြစ်ရှာလျှင် အပြစ် တွေ့ချေမည်။ အချစ်ရှာလျှင် အချစ်သာတွေ့ချေမည်။ ထို့ကြောင့် နောက်ဆုံး ထရေစီ ဆုံးဖြတ်လိုက်သည်။ အညိုရောင် သိုးမွေးစကပ်ရိုးရိုးနှင့် အဖြူရောင် ဘလောက်စ်အင်္ကျီ တို့ကို ၀တ်လိုက်သည်။ သူမ၏ လည်တိုင်တွင်မူ ရွှေဆွဲကြိုး သေးသေးမျှင်မျှင်လေး တစ်ခုကိုသာ ဆွဲလိုက်သည်။ ထိုရွှေဆွဲကြိုးသည် ထရေစီ အမေက ခရစ်စမတ် လက်ဆောင်အဖြစ် ပို့လိုက် သော ဆွဲကြိုးပင် ဖြစ်သည်။
*****************************************************************
လူချမ်းသာ ရပ်ကွက်မှ ချားလ်တို့၏ အိမ်ကြီးသို့ ထရေစီ ရောက်လာသည်။ အိမ်ထဲဝင် တံခါးမကြီးကို အစုံ အပြည့် ၀တ်ထားသော စားပွဲထိုးတစ်ဦးက ဖွင့်ကာ ခရီးဦးကြို ပြုသည်။
"ကောင်းသော ညနေခင်းပါ မစ္စ၀ှစ်တနေ၊ ခင်ဗျားရဲ့ အပေါ်ဝတ်ကုတ်အင်္ကျီရှည်ကြီးကို ကျွန်တော် သိမ်းထား ပေးပါရစေ"
စားပွဲထိုး က မိမိနာမည်ကို သိနေသဖြင့် ထရေစီ အံ့သြသွားသည်။ ထိုသို့ သိနေခြင်းသည် ကောင်းသော လက္ခဏာလော၊ ဆိုးသော လက္ခဏာလော။ ထရေစီသည် အိမ်ထဲသို့ ၀င်လိုကသ်ည်။ ကြမ်းပြင်တွင် ခင်းထားသော အဖိုးတန်အမွေးပွ ပါရှန်း ကော်ဇောကြီးပေါ်တွင် နင်းလိုက်သည်မှာ အိခနဲ … အိခနဲ ရင်ထဲမှ ပါ သိမ့်ခနဲ ငြိမ့်ခနဲ ဖြစ်သွားသည်။
စားပွဲထိုးက သူမအား ဧည့်ခန်းမှတစ်ဆင့် ထမင်းစားခန်းသို့ စင်္ကြံလမ်းသည် ထရေစီ အလုပ်လုပ်သော ဘဏ်၏ စင်္ကြံလမ်းထက် နှစ်ဆကျယ်သည်။ ထရေစီအဖို့ အဖိုးတန်ဝတ်စုံ ကို ၀တ်မလာမိခြင်းအတွက် မှားမှန်း သိလာသည်။ စာကြည့်ခန်းအ၀သို့ ရောက်သောအခါ ထရေစီသည် ချားလ်၏ မိဘနှစ်ပါးနှင့် မျက်နှာချင်းဆိုင် သွားတိုးသည်။

ချားလ်၏ ဖခင်မှာ (၆၅)နှစ်ခန့် ရှိပုံရသည်။ တင်းမာ ခက်ထန်ပုံလည်း ရသည်။ သို့သော် ဘ၀တွင် အောင်မြင် သော လူတစ်ယောက် ဖြစ်မှန်း သိသာသည်။ ချားလ်ကဲ့သို့ပင် မျက်လုံးက အညိုရောင် ဖြစ်သည်။ မေးစေ့က ခိုင်ခံသည်။ ဆံကေသာတွင် ငွေဇာမျှင်တို့ ယှက်သန်းနေပြီ။ ထရေစီသည် ချားလ်၏ ဖခင် ကို မြင်မြင်ချင်း သဘောကျသွားသည်။ မြေးများအတွက် ဘိုးအေကောင်းတစ်ယောက် ဖြစ်လိမ့်မည် ဟု စိတ်ထဲမှ ပြောမိသည်။
ချားလ် မိခင်၏အသွင်မှာ မြင်ရသူကို ဘ၀င်မှာ စွဲငြိစေသည့် အသွင်မျိုး ဖြစ်သည်။ အရပ်ပုပြီး ကိုယ်လုံး တုတ်ခိုင်သည်။ ယုံကြည်ကိုးစားကာ မှီခိုအားထားလောက်သည့် ရုပ်သွင်မျိုး ဖြစ်သည်။ မြေးများအတွက် ဘွားအေ ကောင်းတစ်ယောက် ဖြစ်လိမ့်မည်ဟု ထရေစီ စိတ်ထဲမှ ထင်မိသည်။
မစ္စက်စတန်ဟုပ် က ထရေစီအား လက်ကမ်းပြီး လက်ဆွဲ နှုတ်ဆက်ရင်း ပြောလာသည်။

"မင်းတို့ဆီကို အခုလိုလာတာ သိပ်ကောင်းတာပဲကွယ်၊ တို့ဇနီးမောင်နှံနှစ်ယောက်နဲ့ မင်းနဲ့ ခဏစကား ပြောချင်သေးတယ်လို့ ချားလ်ကို တို့ ပြောထားတယ်၊ စိတ်မရှိပါဘူးနော်"
"စိတ်ရှိမှာ မဟုတ်ပါဘူး၊ ကဲ ... လာ၊ စာကြည့်ခန်းမှာ ခဏထိုင်"
ချားလ်အဖေက ၀င်ပြောသည်။
"ဟုတ်ကဲ့၊ ရပါတယ်"
ထရေစီက အလိုက်သင့်ဖြေပြီး စာကြည့်ခန်းထဲ ၀င်ကာ ဆိုဖာတစ်လုံးတွင် ထိုင်လိုက်သည်။ ချားလ်၏ အဖေနှင့် အမေက သူမနှင့် မျက်နှာချင်းဆိုင် ဆိုဖာတွင် ၀င်ထိုင်သည်။
"အဲဒီတော့ မင်းချားလ်က လက်ထပ်ချင်ကြတယ်ပေါ့ ဟုတ်လား"
မစ္စတာဟတန်ဟုပ်က ပြောလာသည်။ လက်ထပ်ချင်သည်ဆိုသော စကားသည် ထရေစီကို ဘ၀င်မကျ အောင် ဖြစ်စေရသည်။ မိမိတို့ လက်ထပ်တော့မည်ဟု ချားလ်က သူ့မိဘများအား ပြောထားသည်မှာ သေချာ သည်။

"ဟုတ်ပါတယ်ရှင်"
"မင်းနဲ့ချားလ်တို့ဟာ တကယ်တမ်း တစ်ယောက်နဲ့တစ်ယောက် သိကြတာ သိပ်မကြာသေးဘူး မဟုတ် လား" မစ္စက်စတန်ဟုပ်က မေးသည်။
"ကျွန်မတို့ သိခဲ့ကြတဲ့ အချိန်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက် နှစ်သက်လောက်တဲ့အထိ လုံလောက် အောင်တော့ ကြာခဲ့ပါပြီ မစ္စက်စတန်ဟုပ်" ထရေစီက ပြန်ချေပလိုက်သည်။
"အချစ် ဟုတ်လား" မစ္စတာစတန်ဟုပ်က ခပ်တိုးတိုး ညည်းတွားလိုက်သည်။
"ဒီမှာ မစ္စ၀ှစ်တနေ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ချားလ်လက်ထပ်တော့မယ်ဆိုတဲ့ သတင်းဟာ သူ့အဖေနဲ့ အမေအဖို့ အံ့အားသင့် ချောက်ချားသွားရတဲ့ သတင်းပဲ၊ ချားလ်က မင်းကို ချာလော်တီတို့ဟာ ငယ်ငယ် ကတည်းက အတူတကွ ကြီးပြင်း လာကြတာတွေပဲ၊ တစ်ယောက်နဲ့တစ်ယောက်လဲ သိပ်ပြီး ရင်းနှီးတယ်၊ နီးစပ်တယ်၊ ပွင့်ပွင့်လင်းလင်း ပြောပြရင် ဒီနှစ်ထဲမှာ သူတို့ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းသတင်းကို ကြေညာ လိမ့်မယ် လို့ လူတိုင်းက မျှော်လင့် နေကြတာ"

မစ္စက်စတန်ဟုပ်က ပြောလိုက်သည်။ ချာလော်တီနှင့် ပတ်သက်၍ မိမိဘက်မှ ပြောစရာ ဘာမျှ အကြောင်း မရှိဟု ထရေစီ ဆုံးဖြတ်လိုက်သည်။ ချာလော်တီကို ချားလ် ပြောပြထား၍ ထရေစီ သိနေသည်။ ချားလ်တို့ နှင့် ခြံချင်း ကပ်နေသည်။ ချားလ်တို့လိုပင် ချမ်းသာပြီး ဆွေကြီးမျိုးကြီး အသိုင်းအ၀န်းကြီး တစ်ခုမှ ဖြစ်သည်။ အကောင်းဆုံး ကျောင်းများတွင် နေခဲ့သည်။ မြင်းများကို ချစ်ပြီး မြင်းစီးပြိုင်ပွဲများမှ ဆုဖလား များ ရခဲ့သည်။
"ကဲ ... မင်း မိသားစုအကြောင်း ပြောစမ်းပါဦး" မစ္စက်စတန်ဟုပ်က မေးလာသည်။
"မင်း ဘယ်မှာ မွေးသလဲ" မစ္စက်စတန်ဟုပ်က မေးမြန်းသည်။
"လူဝစ်စီယားနား မှာ မွေးပါတယ်၊ ကျွန်မအဖေက စက်ပြင်ဆရာတစ်ယောက် လုပ်ခဲ့ပါတယ်"
ထရေစီ သည် ဘာပဲဖြစ်ဖြစ် ဖခင် ၏ အလုပ်ကို ဂုဏ်ယူသူ ဖြစ်သည်။

"စက်ပြင်ဆရာ ဟုတ်လား"
"ဟုတ်ပါတယ်၊ ကျွန်မအဖေဟာ နယူးအော်လင်းမှာ စက်ပစ္စည်းထုတ်တဲ့ စက်ရုံလေးတစ်ရုံကို စတင် တည်ထောင်ခဲ့ပါတယ်၊ နောက်ပိုင်းကျတော့ အဲဒီ စက်ပစ္စည်း ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး အတော်အသင့် ကြီး တဲ့ ကုမ္ပဏီတစ်ခု ကို ထူထောင်ခဲ့ပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်လောက်က အဖေ ကွယ်လွန်သွားပါတယ်၊ ကျွန်မအမေ ကပဲ အဲဒီလုပ်ငန်းကို ကြီးကြပ်ကွပ်ကဲပြီး ဆက်လုပ်နေပါတယ်"
"မင်းတို့ စက်ရုံ က ဘာပစ္စည်းတွေ ထုတ်လုပ်သလဲ"
"မော်တော်ကား အိပ်ဇောပိုက်နဲ့ အခြားမော်တော်ကား အပိုပစ္စည်းတွေ ထုတ်လုပ်ပါတယ်"
ချားလ် ၏ အဖေနှင့် အမေတို့သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ယောက်ပြိုင်တူ ခေါင်းညိတ်လိုက်ကြသည်။ ထရေစီက သူတို့နှစ်ယောက်ကိုသာ ရင်တမမနှင့် ကြည့်နေမိသည်။
"မင်းမှာ ကိုယ်ဝန်ရှိနေပြီလို့ ချားလ်က တို့ကို ပြောတယ်"

မစ္စတာ စတန်ဟုပ်က ခပ်တည်တည်ပင် မေးလာသည်။ ထရေစီအဖို့ အဖြေခက်နေသည်။ သူတို့၏ အမူ အရာမှာ ထရေစီ ကိုယ်ဝန်ရှိနေသည်ကို မနှစ်မြို့သည့် အမူအရာ ဖြစ်သည်။
"ဒီခေတ် မှာ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာ နားမလည်အောင် ဖြစ်နေပါပြီ"
မစ္စက်စတန်ဟုပ်၏ စကားမဆုံးခင်မှာပင် အခန်းထဲသို့ ချားလ် ၀င်လာသည်။ ထရေစီအဖို့ ကယ်တင်ရှင် မိုးပေါ်က ကျလာသလိုပင် ၀မ်းသာသွားရသည်။
"ကဲ ... အားလုံးပဲ အဆင်ပြေကြတယ် မဟုတ်လား"
ထရေစီက ထိုင်ရာမှထပြီး ချားလ်အနား လျှောက်သွားသည်။ ချားလ်က သူမကို လက်တစ်ဖက်ဖြင့် ညင်ညင်သာသာ ဖက်ထားလိုက်သည်။

"အဆင်ပြေပါတယ် ဒါလင်"
ထရေစီက ဖြေလိုက်သည်။ ချားလ်သည် သူ့မိဘများနှင့် မတူသည့် အတွက်ပင် ထရေစီက ဘုရားသခင်ကို ကျိတ်ပြီး ကျေးဇူးတင်နေမိသည်။ ချားလ်မိဘများသည် ထည်ဝါလွန်းပြီး စိတ်ထားကျဉ်းမြောင်း သူများ အဖြစ် ထရေစီ မြင်မိသည်။
သူတို့နောက်ကျောဘက်မှ ချောင်းဟန့်သံ ခပ်သဲ့သဲ့ကြားသဖြင့် လှည့်ကြည့်လိုက်သည်။ အဖျော်ယမကာ ဖန်ခွက်များ တင်ထားသော ငွေလင်ပန်းကို ကိုင်ပြီး ရပ်နေသည့် စားပွဲထိုးကို တွေ့ရသည်။ ညစာစားပွဲ စချေ တော့မည်။

အဖျော်ယမကာများ သုံးဆောင်ပြီးနောက် ထမင်းစားခန်းမကြီးထဲသို့ ပြောင်းရွှေ့ကာ ညစာ စတင်စားကြ သည်။ မိသားစု ထမင်းစားပွဲဆိုသော်လည်း ကြီးကျယ်ခမ်းနားပြီး အဆင့်အတန်း မြင့်လှသည်။ စားသောက် ဖွယ် များက ကောင်းမွန်ပြီး အရသာ ရှိသော်လည်း ထရေစီအဖို့ စိတ်လှုပ်ရှားနေသဖြင့် စား၍ သိပ်မ၀င်လှ ပေ။
ထမင်းစားပွဲတွင်မူ ဘဏ်လုပ်ငန်းအကြောင်း၊ နိုင်ငံရေးအကြောင်းနှင့် ကမ္ဘာ့အရေးအခင်းများကိုသာ ပြောဆို ဆွေးနွေးကြသည်။ ယဉ်ကျေးသိမ်မွေ့မှုသဘောအရ ပုဂ္ဂိုလ်ရေးကိစ္စများ မပြောကြပေ။
ထရေစီလက်ကို ချားလ်က ညင်သာစွာ အုပ်ကိုင်လိုက်ပြီး တစ်ချက် ပြုံးပြသည်။ ထရေစီအဖို့ ချစ်သူအပြုံး ကြောင့် တအားတက်သွားရသည်။
ထရေစီ နဲ့ ကျွန်တော် ကတော့ လက်ထပ်ပွဲကို ခပ်သေးသေးပဲ လုပ်ချင်တယ်။ လက်ထပ်ပြီးရင် ..."
ချားလ် စကား မဆုံးခင်မှာပင် မစ္စက်မတန်ဟုပ်က ဖြတ်ပြောလာသည်။

"ဘာ-လက်ထပ်ပွဲ ခပ်သေးသေး ဟုတ်လား၊ အဓိပ္ပာယ် မရှိတာ၊ ဒီမှာ ချားလ် ... တို့ မိသားစုမှာ ဘယ်တော့မှ လက်ထပ်ပွဲ ခပ်သေးသေး မလုပ်ခဲ့ဘူး၊ မင်းတို့ လက်ထပ်ပွဲကို တက်ရောက်ကြည့်မြင်လိုတဲ့ တို့ရဲ့ မိတ်ဆွေ တွေက ရာချီပြီး ရှိမယ်"
မစ္စက်စတန်ဟုပ်သည် ထရေစီအား တစ်ချက်လှမ်း အကဲခတ်လိုက်သည်။ ကိုယ်ဝန်ရှိနေပြီဆိုသော ထရေစီ ၏ ခန္ဓာကိုယ်အနေအထားကို တွက်ဆ ကြည့်နေပုံ ရသည်။ ထို့နောက် ဆက်ပြောသည်။
"မင်္ဂလာဆောင် ဖိတ်စာ မြန်မြန်ကမ်းပြီး လက်ထပ်ပွဲ မြန်မြန်လုပ်ရင် ကောင်းမယ် ထင်တယ်။ မင်းဘက်က လက်ခံမယ် ဆိုရင်ပေါ့လေ"
"ဟုတ် ... ဟုတ်ကဲ့၊ လက်ခံပါတယ်"
ထရေစီက ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေလိုက်သည်။
မိမိအဖို့ စိတ်သောက ရောက်စရာမလိုတော့။ လက်ထပ်ပွဲပင် ကျင်းပတော့သည်။ ချားလ်အတွက် ထိုက်တန် သော ဇနီးကောင်းတစ်ယောက်ဖြစ်ကြောင်း သူ့မိဘကို ပြရပေတော့မည်။
မစ္စက်စတန်ဟုပ် က ဆက်ပြောသည်။

"မင်္ဂလာဆောင်လာမယ့် ဧည့်သည်တွေထဲမှာ တချို့ကဆိုရင် နိုင်ငံခြားက လာကြမှာ၊ သူတို့ ဒီအိမ်မှာပဲ တည်းခို ဖို့ အစီအစဉ်တွေ လုပ်ရလိမ့်မယ်"
"မင်းတို့ ပျားရည်ဆမ် ခရီး ဘယ်ကို ထွက်မယ်ဆိုတာ ဆုံးဖြတ်ပြီးပလား"
မစ္စတာစတန်ဟုပ်က မေးသည်။ ချားလ်က ပြုံးလိုက်သည်။
"သွားခါနီးရင် ပြောပါမယ် ဖေဖေ"
ချားလ်က ထရေစီ၏ လက်ကို ဖွဖွလေး ညှစ်လိုက်သည်။
"ပျားရည်ဆမ်းခရီး ကို ဘယ်လောက်ကြာကြာ ထွက်မယ်လို့ စီစဉ်ထားသလဲ" မစ္စက်စတန်ဟုပ်က မေးသည်။
"အနှစ်ငါးဆယ် လောက်ပေါ့ မေမေရယ်"
ချားလ် က ထိုသို့ ဖြေလိုက်သဖြင့် ထရေစီ ချားလ်ကို ပိုချစ်သွားမိသည်။

ထမင်းစားပြီးသောအခါ စာကြည့်ခန်းထဲသို့ ပြန်သွားကြပြီး အစာကြေ အစာပိတ်အဖြစ် ဘရန်ဒီသောက် ကြသည်။
ချားလ်က ထရေစီအား သူမ၏တိုက်ခန်းသို့ ကားဖြင့် လိုက်ပို့သောအခါ အချိန်မှာ ညသန်းခေါင်ယံ တိုင်ပေ ပြီ။
"ဒီညနေ မောင့် မိဘတွေနဲ့ တွေ့ရတာ မင်းအဖို့ သိပ်အခက်အခဲ ရှိမယ် မထင်ပါဘူးနော်၊ အဖေနဲ့အမေက ရှေးရိုး ဆန်ပြီး နဲနဲတော့ ခက်ထန်တယ်"
ကားပေါ်တွင် ချားလ်က ပြောလာသည်။

"အို ... အခက်အခဲ မရှိပါဘူး ... မောင့် မိဘတွေက ချစ်စရာ ကောင်းပါတယ်"
ထရေစီက လိမ်လိုက်သည်။ အကယ်၍ ချားလ်သည် သေဌေးသား မဟုတ်ဘဲ သူလို ငါလိုဆိုလျှင် ပိုကောင်း မည်ဟု ထရေစီ ထင်မိသည်။
တစ်ညနေလုံး စိတ်တင်း ထားရသဖြင့် သူမအဖို့ အားအင်ကုန်ခန်းသလို ဖြစ်နေရသည်။ သို့သော် သူမ၏ တိုက်ခန်း တံခါးဝသို့ ရောက်သောအခါ ထရေစီက ချားလ်က ဖိတ်မန္တကပြုလိုက်သည်။
"အိမ်ထဲ မ၀င်တော့ဘူးလား မောင်"
"ဒီညတော့ မ၀င်တော့ဘူး အချစ်ရယ် ... မနက်ဖြန် မနက်မှာ အရေးကြီးတဲ့အလုပ်တွေ လုပ်စရာ အများ ကြီး ရှိတယ်"
"အင်း ... ဟုတ်ပါတယ်လေ ... ကျွန်မ နားလည်ပါတယ် မောင်ရယ်"
ထရေစီ အဖို့ စိတ်ပျက်သွားသော်လည်း ချားလ် မသိစေရအောင် မျိုသိပ်ဖုံးဖိပြီး ပြောလိုက်သည်။

"နက်ဖြန်ကျမှ အချစ်နဲ့ အေးအေးဆေးဆေး စကားပြောမယ်နော်"
ချားလ်က ထရေစီအား ညင်ညင်သာသာ မွှေးပြီး နှုတ်ဆက် ပြန်သွားသည်။
ထရေစီက တစ်ယောက်တည်း မတ်တတ်ရပ် ကျန်ခဲ့ရာမှ တိုးတိုးလေး ပြောလိုက်သည်။
"မောင့်ကို သိပ်ချစ်တယ် မောင်ရယ် ... ဒီကမ္ဘာပေါ်မှာ မောင်နဲ့ကျွန်မကို ဘယ်သူမှ ခွဲလို့မရပါဘူး ... နော်"

****************************************************************
အခန်းထဲတွင် မီးလောင်နေပြီး၊ မီးလှန့်ခေါင်းလောင်းသံက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းကာ  ဆူညံ ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ ထရေစီသည် အိပ်ပျော်နေရာမှ လန့်နိုးပြီး ငေါက်ခနဲ ထထိုင်လိုက် သည်။ မှောင်အတိ ဖုံးနေသော အိပ်ခန်းထဲတွင် နှာခေါင်းကိုရှုံ့ချည် ပွချည်လုပ်ပြီး မီးခိုးနံ့ ရှူကြည့်သည်။ မည်သည့် မီးခိုးနံ့မှ မရ။
ကလင် ... ကလင် အသံက ဆက်မြည်နေသည်။ တယ်လီဖုန်းမြည်သံဖြစ်ကြောင်း ထရေစီ သိလာရသည်။ ခုတင်ဘေးမှ စားပွဲတင်နာရီကို လှမ်းကြည့်လိုက်ရာ နံနက်(၂)နာရီ (၃၀)မိနစ် ရှိချေပြီ။ တယ်လီဖုန်းအသံ ကြားရသဖြင့် ချားလ်များ တစ်ခုခု ဖြစ်လေသလားဟု ထင်ကာ စိတ်က ချားလ်ဆီ အလျင် ရောက် သွားသည်။
ထရေစီက တယ်လီဖုန်းကို ကောက်ကိုင်ပြီး ပြောလိုက်သည်။]

"ဟဲလို ..."
"ထရေစီဝှစ်တနေ လား ခင်ဗျာ"
အဝေးမှ လှမ်းပြောသော အမျိုးသားအသံ တစ်သံက တယ်လီဖုန်းထဲမှ ပေါ်လာသည်။
"အခု ပြောတာ ဘယ်သူပါလဲရှင်"
ထရေစီက ခပ်တုံ့ဆိုင်းဆိုင်း ပြန်မေးလိုက်သည်။
"ကျွန်တော်ကတော့ နယူအော်လင်းမြို့ ရဲစခန်းက စခန်းမှူး မေလာပါ။ ခင်ဗျာ ထရေစီဝှစ်တနေပါလား ခင်ဗျား"
"ဟုတ်ပါတယ်ရှင်
ထရေစီ ရင်ခုန်သွားသည်။

"ကျွန်တော် ခင်ဗျားအတွက် သတင်းဆိုးတစ်ခု ပြောရမှာ စိတ်မကောင်းပါဘူးဗျာ"
ထရေစီက လက်နှစ်ဖက်ဖြင့် တယ်လီဖုန်းခွက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
"ခင်ဗျားအမေ နဲ့ ပတ်သက်တဲ့ကိစ္စ ပြောရမှာပဲ"
"အမေ ... တစ်ခုခုများ မတော်တဆ ဖြစ်လို့ပါလားရှင် ..."
"ခင်ဗျား အမေဆုံးပြီး မစ္စ၀ှစ်တနေ"
"အို ..."
ထရေစီ လန့်ပြီး အော်လိုက်မိသည်။ တစ်စုံတစ်ယောက်ကများ မိမိအား အထိတ်တလန့်ဖြစ်အောင် ခြောက်လှန့်ခြင်း ပေလောဟု တွေးမိလာသည်။ မိမိ အမေ မသေနိုင်။ အမေ ဘာမှ မဖြစ်နိုင်ဟု စိတ်ထဲမှ အားတင်း လိုက်သည်။

"ခင်ဗျားကို အခုလို အချိန်ကြီးမှာ ဒီသတင်း ပြောရတာ ကျွန်တော်လဲ စိတ်မကောင်းပါဘူး" တစ်ဘက်မှ ထပ်ပြောသည်။
နောက်ပြောင် ခြောက်လှန့်ခြင်း မဟုတ်ဘဲ တကယ်မှန်း ထရေစီ သိလာရသည်။ အိပ်မက်ဆိုးတစ်ခု တကယ် မက်နေရချေပြီ။ ထရေစီအဖို့ ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေသည်။ သူ့ပါးစပ်ထဲတွင် အားစေးထည့် ခံထား ရသလို ဖြစ်နေသည်။
ရဲမှူး အသံက ထပ်ပေါ်လာသည်။
"ဟဲလို ... မစ္စ၀ှစ်တနေ ... ဟဲလို"
"ကျွန်မ နက်ဖြန် ပထမဆုံးလေယာဉ်နဲ့ လိုက်ခဲ့မယ်"

**********************************************************

ထရေစီသည် သူမတိုက်ခန်း၏ မီးဖိုခန်းကလေးတွင် ထိုင်ရင်း သူ့မိခင်အကြောင်းကို စဉ်းစားနေသည်။ အမေ သေပြီဆိုသည်မှာ မဖြစ်နိုင်။ သူ့မိခင်သည် အမြဲ လှုပ်ရှားရှင်သန်နေသူ ဖြစ်သည်။ ထရေစီ ကလေး ဘ၀ က စ၍ မိခင်အပေါ် အားကိုးမှီခိုခဲ့ရသည်။ သူ၏ အတွေ့အကြုံ့နှင့် ပြဿနာအရပ်ရပ်ကို မိခင်ထံ တင်ပြ ဆွေးနွေးကာ အကြံဥာဏ် ယူခဲ့ရသည်။
ထရေစီ ဖခင် ကွယ်လွန်သွားသောအခါ သူတို့၏ စက်ရုံနှင့် လုပ်ငန်းကို ၀ယ်ယူချင်သူ အများအပြား ပေါ်လာသည်။ ဈေးကောင်းပေးပြီး ကမ်းလှမ်းလာကြသည်။ သူတို့ ကမ်းလှမ်းလာသော ဈေးမှာ သားအမိ နှစ်ယောက် အဖို့ တစ်သက် အေးအေးလေး ထိုင်စားသွားနိုင်လောက်သည်။ သို့သော် ဒေါရစ်ဝှစ်တနေ့က လက်မခံ ဘဲ ငြင်းဆန်ခဲ့သည်။

"ဒီလုပ်ငန်းကို သမီးအဖေ ထူထောင်ခဲ့တာ၊ သမီးအဖေရဲ့ လက်ငုတ်လက်ရင်း အလုပ်ကို မေမေ သူများ လက်ထဲ မထည့်နိုင်ဘူး"
ဒေါရစ်က သမီးထရေစီအား ဤသို့ပင် ပြောပြခဲ့သည်။ ခင်ပွန်း၏ လက်ငုတ်လက်ရင်း အလုပ်ကိုလည်း ပိုမို ကြီးပွား ကောင်းမွန်အောင် ထိန်းသိမ်းကာ ကြိုးစား လုပ်ကိုင်ခဲ့သည်။
"အို ... အမေရယ်၊ သမီး အမေ့ကို သိပ်ချစ်တာပဲ၊ အမေ ချားလ်ကို ဘယ်တော့မှ တွေ့ရတော့မှာ မဟုတ်ဘူး၊ အမေ့မြေးကလေးကိုလဲ အမေမြင်ရတော့မှာ မဟုတ်ဘူး"
ထရေစီ သည် တစ်ယောက်တည်း တတွတ်တွတ်ပြောရင်း ငိုပါလေတော့သည်။
ထရေစီ သည် အမှောင်ထဲတွင် တစ်ယောက်တည်း ငူငူကြီး ဆက်ထိုင်နေသည်။ သူဖျော်ထားသော ကော်ဖီ မှာလည်း အေးစက်နေပါချေပြီ၊ ထရေစီသည် ချားလ်ထံ ဖုန်းဆက်ပြီး ဖြစ်ကြောင်း ကုန်စင် ကို အလွန်ပင် ပြောပြချင် နေသည်။ မီးဖိုခန်းထဲတွင် တိုင်ကပ်နာရီကို လှမ်းကြည့်လိုက်သည်။ နံနက် (၃)နာရီခွဲ ရှိပြီ။

ဤအချိန်တွင် ထရေစီ  ချားလ်ကို မနှိုးချင်တော့၊ နယူးအော်လင်းမြို့ရောက်မှ ချားလ်ဆီ တယ်လီဖုန်းဆက် တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ မိခင်သေသည့် ကိစ္စသည် မိမိတို့ လက်ထပ်မည့်အစီအစဉ်ကို ထိခိုက် လာလေမည်လောဟု ထရေစီ တွေးမိသည်။ ဤသို့ တွေးမိသည့်အတွက်လည်း စိတ်မလုံမလဲ ဖြစ်ရပြန် သည်။
စခန်းမှူးမေလာ နောက်ဆုံးပြောသွားသည့် စကားကို ကြားယောင်လာပြန်သည်။
"ခင်ဗျား ဒီကိုရောက်တာနဲ့ တစ်ပြိုင်နက် အငှားကားတစ်စီးခေါ်ပြီး ရဲစခန်းကို တန်းလာခဲ့ပါ"
ဘာကြောင့် ရဲစခန်းကို ခေါ်ရပါသနည်း၊ ဘာတွေ ဖြစ်ပျက်နေပါလိမ့်။
ထရေစီ အတွေးချာချာလည် နေသည်။
***************************************************************
ထရေစီသည် အ၀တ်အစားသေတ္တာကို ဆွဲပြီး လေဆိပ်ထဲမှ ထွက်လာခဲ့သည်။ အငှားက တစ်စီးကို ခေါ်ယူ လိုက်ပြီး ယာဉ်မောင်းသူအား ပြောလိုက်သည်။
"အမှတ်-၇၁၅၊ ဆောက်ဘရူလမ်းကို ပို့ပေးပါရှင်"
ထိုလိပ်စာမှာ စခန်းမှူးမေလာ တယ်လီဖုန်းထဲက ပြောသွားသော လိပ်စာ ဖြစ်သည်။
လမ်းတွင် ယာဉ်မောင်းက စကားပြောလာသော်လည်း ထရေစီက စိတ်မပါသဖြင့် အလိုက်သင့်ရုံသာ တုံ့ပြန် ပြောကြားသည်။
ရဲစခန်း ရောက်သောအခါ ရဲမှူးမေလာနှင့် ထရေစီ တွေ့သည်။ မေလာမှာ လူလတ်ပိုင်းအရွယ် ဖြစ်သည်။

"ခင်ဗျားကို လေဆိပ်မှာ လာမကြိုနိုင်တာ စိတ်မကောင်းပါဘူးဗျာ၊ အလုပ်သိပ်များ နေလို့ပါ"
"ကျွန်မ အမေ ... ဘာ ... ဘာ ဖြစ်တယ်ဆိုတာသာ မြန်မြန်ပြောစမ်းပါ ရဲမှူးကြီးရယ်"
"ခင်ဗျားအမေ ကတော့ သူ့ကိုယ်သူ သတ်သေသွးတာပဲ"
"ဒါ ... ဒါ ... မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့ သူ့ကိုယ်သူ သတ်သေရမှာလဲဟု၊ သူ့မှာ အဘက်ဘက်က ပြည့်စုံနေ တာပဲ"
သူမအသံမှာ ငိုသံပါနေသည်။
"ခင်ဗျား အတွက် ခင်ဗျားအမေက စာတစ်စောင် ရေးထားခဲ့တယ်"
*****************************************************************

ဆက်ရန်
.

3 comments:

Angelhlaing(May everybody be happy and healthy! said...

စိတ်ဝင်စားဖွယ်ဇတ်လမ်းလေး ဖတ်သွားတယ်မမ ကျေးဇူးပါလို့...:)
စောင့်မျှော်လျှက်ပါမမရေ..

စန္ဒကူး said...

မြန်မြန်ဆက်ပါ ဥရေ... အရှိန်တက်နေပီ...း)

စံပယ်ချို said...

ဘာရယ်မဟုတ်ဘူး
ထရေစီနဲ့သူမမေမေဖုန်းပြောတော့
မေမေ ကိုသတိရပြီးဖုန်းထဆက်မိတယ်....
ကျွန်မနေတဲ့နေရာလဲ တနေ့လုံးမိုးတွေရွာနေတာပါတူလို့။