Wednesday, August 3, 2011

အထောက်တော်လှအောင် ဘာသာပြန် ကြမ္မာ အပိုင်း (၂၅) (ဇာတ်သိမ်း)

အခန်း (၃ဝ)

အတော်ကလေး ကြာတော့မှ နန်စီမတ်တတ်ရပ်နိုင်သည်။ မျက်နှာသစ်ပစ်သည်။ ပလုတ်ကျင်း သည်။
စိတ်မထိန်း နိုင်လောက်အောင် သူစိတ်ထိခိုက်ပြီးလဲပြိုအော့အန်သည်အထိ ဖြစ်ရသည့် အကြောင်း ကို အခြား လူများ အသိမခံနိုင်ပေ။ မည်သူ့ကိုမှ လည်းပြန်မပြောဘဲ ထားရမည်။
ဘာကြောင့် ထိုသို့ ဖြစ်ရကြောင်းပြန်ပြောပြလျှင်လည်း မည်သူကမှ ယုံကြည်မည်မဟုတ်။ သူ့ကိုသာ ရူးသည် ဟု ထင်ကြပေလိမ့်မည်။ ဘယ်လိုမှလည်း နားလည်နိုင်ကြမည်  မဟုတ်ပေ။
သို့သော်လည်း မယုံကြည်နိုင်စရာ အကြောင်းသည် ဖြစ်နိုင်စရာ အနေအထားများ ရှိနေ ပေပြီ။

ကလေးတွေ….
အိုး….. ဘုရားသခင်….
နောက်ထပ် မဖြစ်ပါစေနဲ့ ၊ ကျေးဇူးပြုပြီး အရင်တစ်ခါလို နောက်ထပ်မဖြစ်ပါစေနဲ့၊ ဘုရားသခင် ကယ်မ တော်မူပါ၊ နောက်ထပ်ပြီး မဖြစ်ပါစေနဲ့….
နန်စီ သည် တတွတ်တွတ် ဆုတောင်းရင်း အိပ်ခန်းထဲသို့ ပြေးဝင်ခဲ့သည်။
အံဆွဲထဲ မှ အတွင်းခံဘောင်းဘီ၊ ဘောင်းဘီရှည် နှင့် ဆွယ်တာထူထူများ ကို ဆွဲထုတ်လိုက်သည်။
 ရဲစခန်း သို့ သူသွားရမည်။
ရော့လဂ္ဂလာ ကို တွေ့ရမည်။
သူ ဘာယုံကြည်နေကြောင်း ရောခ့် ကို ပြောပြမည်။

အမှန်အတိုင်းပြောပြဖို့ တောင်းပန်ရမည်။
တခြားလူ တွေက သူရူးနေပြီထင်လျှင် မည်သို့လုပ်မည်နည်။
ထင်ချင်လည်း ထင်ပေစေတော့။
လျှပ်စီးလက်သည့် အမြန်နှုန်းဖြင့် သူအ၀တ်ဝတ်သည်။ ဖိနပ်စီးသည်။

တုန်ယင်လှုပ်ရှားနေသည့်လက်များဖြင့် ဖိနပ်ကြိုးချည်သည်။ ပြီးတော့ အောက်ခပ်သို့ အပြေးအလွှား ဆင်း သွားသည်။ ဒေါ်ရော်သီ က သူ့ကို ထမင်းစားခန်းထဲမှာ စောင့်နေသည်။ စားပွဲပေါ်မှာ ဆင်းဒ၀စ် နှင့် ကော်ဖီအိုး များ အသင့်ပြင်ဆင်ထားသည်။
"နန်စီ- ထိုင်လိုက်ပါဦး၊ ဗိုက်ထဲ မှာ အစာရှိသွားအောင် တစ်ခုခုတော့ မင်းစားထား"
နန်းစီ က ဒေါ်ရော်သီစကားကို ဖြတ်ပြောသည်။
"ကျွန်မ ရော့လဂ္ဂလာ ကို သွားတွေ့မှဖြစ်မယ်။ သူ့ကိုမေးစရာ တစ်ခုရှိနေတယ်။"
နန်စီ က အံကိုတင်းတင်းကြိတ်ထားသည်။

စိတ်ရူးထ သည့် လေသံများ သူ့စကားထဲမှာ ပါသွားကြောင်း သူဘာသာသူ ပြန်ကြားနေရသည်။
စိတ်ရူးထ ၍ မဖြစ်ပါ။
ရဲသားဘာနီ ဘက်သို့ သူလှည့်လိုက်သည်။
ဘာနီ က မီးဖိုချောင် အပေါက်ဝတွင် ရပ်နေသည်။
"ရဲစခန်းကို ဖုန်ဆက်ပေးပါရှင်၊ ကျွန်မကို လာခွင့်ပေးပါလို့ ခရိုင် ရဲအရာရှိကော်ဖင် ကို ပြောပေးပါ၊ သူက မလာရဘူးပြောရင်လဲ ဇွတ်ပြောပေးပါ၊ ကလေးတွေ ကိစ္စနဲ့ဆိုင်နေပါတယ်"
နန်စီ သနားစဖွယ်တောင်းပန်သည်။
"နန်စီ- မင်းဘာတွေ ပြောနေတာလဲ"
ဒေါ်ရော်သီ က သူ့လက်မောင်းကို လာဆုပ်ကိုင်ပြီး မေးသည်။

"ကျွန်မ ရော့ကိုတွေ့မှ ဖြစ်မယ်၊ ဒေါ်ရော်သီ၊ ရဲစခန်းကို ဖုန်းဆက်ပေးပါနော်၊ နေပါစေ၊ ကျွန်မဘာသာ ကျွန်မ ဆက်မယ်"
တယ်လီဖုန်း ရှိသည့်နေရာသို့ နန်စီက ပြေးးသည်။သူကောက်ကိုင်မည်အပြုတွင် ဖုန်းခေါင်းလောင်း မြည်။
ဖုန်းကိုင်ရန် ဘာနီ က ခပ်သုပ်သုပ်လာသည်။
သို့သော်လည်း နန်စီက ကောက်ကိုင်နှင့်နေပြီ။
"ဟယ်လို"
သူ့အသံ မှာ စိတ်မရှည်နိုင်ဘဲ အလျင်စလို နိုင်လှလေသည်။

ထို့နောက် သူကြားလိုက်ရသည်။
အလွန်တိုး သည့် အသံကလေးကို ကြားလိုက်ရသည်။
 လေသံတိုတိုး ကလေး နှင့် ပြောခြင်းဖြစ်သည်။
စကားလုံးများ ကို  သဲသဲကွဲကွဲ ကြားရအောင် သူအတော်ကြီး နားစိုက်ထောင်နေရသည်။
"မာမီ- မာမီ - ကျွန်တော်တို့ကို လာခေါ်ပါ၊ ကျွန်တော်တို့ကို လာကယ်ပါ မစ်စီဖျားနေပြီ၊ ကျွန်တော် တို့ကို လာခေါ်ပါ-"
"မိုယ်ကယ်- မိုက်ကယ်"
နန်စီ တအားအော်သည်။

"မိုက်မယ်- သားဘယ်မှာလဲ၊ မာမီ့ကိုပြေစမ်း၊ သားဘယ်မှာလဲ"
"ကျွန်တော်တို့-"
အသံတိမ်ဝင်သွားပြီး တယ်လီဖုန်းလိုင်း ပြတ်သွားလေတော့သည်။
တုန်လှုပ်ချောက်ချားစွာဖြင့် တယ်လီဖုန်း ခလုတ်ကို သူ တအားနှိပ်သည်။
"အောပရေတာ၊ အော်ပရေတာ-"
ထိတ်လန့်တကြား သူအော်သည်။

"အော်ပရေတာ၊ ဖုန်လိုင်ဖြတ်မပစ်လိုက်ပါနဲ့"
သို့သော်လည်း သိပ်နောက်ကျသွားပြီ။
ဖုန်းလိုင်း လုံးဝပြတ်တောက်သွားလေပြီ။
အသံရှည် မြည်နေသည်ကို သာကြားရတော့သည်။
"နန်စီ…..ဘာဖြစ်တာလဲဟင် ဘယ်သူဆက်တာလဲ"
ဒေါ်ရော်သီ က သူ့ဘေးသို့ ချက်ချင်းရောက်လာသည်။

"မိုက်ကယ် မိုက်ကယ် ဆက်တာ မစ်စီ ဖျားနေတယ်တဲ့၊ သူပြောသွားတယ်၊ မစ်စီဖျားနေတယ်တဲ့"
သူပြောသည် ကို မယံကြည်သည့် အမူအရာ ဒေါ်ရော်သီ၏ မျက်နှာပေါ်မှာ ပေါ်လာကြောင်း နန်စီ သိလိုက် သည်။
"ဘုရားသခင် ကျွန်မပြောနေတာ ရှင်နားမလည်ဘူးလား၊ မိုက်ကယ်ဖုန်းဆက်တာ"
တုန်လှုပ် ချောက်ချားစွာပင် ၀ုန်းဝုန်း ဒိုင်းဒိုင်းဖြင့် တယ်လီဖုန်းကို သူကောက်ကိုင်ပြန်သည်။ အော်ပရေတာ ကို ခေါ်သည်။
"အော်ပရေတာ အခုလေးတင် ကျွန်မဖုန်းကို ဘယ်သူဆက်တယ်ဆိုတာ ပြောပြနိုင်မလား၊ ဘယ် ဖုန်းက နေပြီး ကျွန်မဆီကို ဆက်တာလဲ ဘယ်လိုလုပ်ပြီး ဆက်လိုက်တာလဲ ဘယ်သူဆက် တယ် ဆိုတာ ပြောပြ ပါရှင်"

"စိတ်မကောင်းပါဘူး အစ်မရယ်၊ ကျွန်မတို့ဘယ်လိုမှ မသိနိုင်ပါဘူး၊ ဖုန်ဆက်နေဆဲ လိုင်းမပြတ်ခင် ဆိုရင်တော့ ဘယ်ဖုန်းကနေ ဆက်နေတယ်ဆိုတာ ပြောလို့ရပါတယ်၊ ဒါပေမယ့် လိုင်းပြတ်သွားပြီး ပြီ ဆိုရင်တော့ ဘယ်လိုမှ သဲလွန်စရှာလို့မရနိုင်တော့ပါဘူ၊ နောက်ပြီးတော့ တယ်လီဖုန်းတွေအား လုံးလိုလိုလဲ ပျက်နေ ကြပါတယ်၊ မုန်တိုင်းကျနေတယ်၊ မဟုတ်လား၊ ဘာပြဿနာဖြစ်လို့လဲအစ်မ"
ဘယ်က ဆက်တယ်ဆိုတာ ကျွန်မသိမှဖြစ်မယ်၊ ဘယ်ဖုန်းကနေပြီး လှမ်းဆက်တယ်ဆိုတာ သိမှ ဖြစ်မယ်"
"လိုင်းပြတ် သွားပြီးမှတော့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူးအစ်မ"
နန်စီ သည် အားအင် ကုန်ခန်းစွာဖြင့် ဖုန်းစကားပြောခွက်ကို ပစ်ချလိုက်လေသည်။
"တစ်ယောက်ယောက်က ဖုန်းကို ဖြတ်ပစ်လိုက်တာဖြစ်မယ်၊ ကလေးတွေကို ဖမ်းထားတဲ့ လူက ဖြတ်ပစ် လိုက်တာ ဖြစ်မယ်"
နန်စီ က တစ်ယောက်တည်း ပြောနေသည်။

"နန်စီ မင်းသေချာရဲ့လား"
"မစ္စအဲလ်ဒရက်ခ်ျ၊ ခင်ဗျား အရမ်းစိတ်ထိခိုက်နေတယ်၊ ပြီးတော့ အရမ်းလဲ စိတ်လှုပ်ရှားနေတယ်"
ရဲသား ဘာနီ က သူ့အသံကို ချော့မော့ နှစ်သိမ့်သည့်အသံဖြစ်အောင် အစွမ်းကုန် ကြိုးစာားပြော သည်။
 နန်စီ က သူပြောသည်ကို ဂရုမစိုက်။
ဒေါ်ရော်သီ မိုက်ကယ်က သူတို့ရှိနေတဲ့ နေရာကို ပြောပြမယ်လုပ်တုန်း ဖုန်းပြတ်သွားတာ၊ သူဘယ်မှာ ရှိနေတယ် ဆိုတာ သူသိတယ်၊ ဒီနေရာ နဲ့ သိပ်မဝေးနိုင်ဘူး၊ သိတယ်မဟုတ်လား၊ နောက်ပြီးတော့ မစ်စီ ဖျား နေတယ်လို့ လဲ သူပြောတယ်"
အလွန်သေးသည့် တစ်နေရာဆီမှ အသံတသံကို သူကြားသလို ဖြစ်နေသည်။

လီဇာဖျားနေတယ်၊ သူကောင်းကောင်းနေမကောင်းဘူး၊ အလွန်ကြာမြင့်ခဲ့ ပြီ ဖြစ်သော တစ်ချိန် တုန်းက ကားလ် ကို နန်စီကိုယ်တိုင် ပြောခဲ့ဖူးသည့် စကားလုံးနှင့်အသံများ….
"ရဲစခန်း ဖုန်းနံပါတ်က ဘယ်လောက်လဲ"
နန်စီ က ဘာနီကိုလှမ်းမေးသည်။
ခေါင်းထဲမှာ နောက်ကျိနေသည်များကို သူဖယ်ထုတ်ဖို့ ကြိုးစားသည်။
ခေါင်းနောက်နေလျှင် အရေးကြီးသည်များကို မှန်မှန်ကန်ကန် စဉ်းစားနိုင်မည်မဟုတ်။
မြူတွေ ဆိုင်းသလို မှုန်မှိုင်းနေလိမ့်မည်။
 နောက်ပြီးတော့ သတိလည်း လစ်သွားနိုင်သည်။

ယခုအချိန်တွင် မည်သည့်နည်းနှင့်မှ ထိုသို့ အဖြစ်မခံနိုင်။
ယခုဆိုလျှင် တစ်စုံတစ်ယောက် သည် မိုက်ကယ် နှင့် မစ်စီ တို့နှင့် အတူရှိနေပြီ။
တစ်စုံတစ်ယောက်သည် ကလေးတွေ နာကျင်အောင်လုပ်နေပြီ-
 ဟိုတုန်းက လစ်ဇီ နာကျင်အောင်ပြုလုပ်သလို-
မဟုတ်ဘူး၊ မဟုတ်ဘူ၊ မဖြစ်နိုင်ဘူး-ကလေးတွေကို တွေ့အောင်ရှာရမည်၊ မစ်စီဘယ်နည်းနှင့်မျှ မဖျားရ၊ သူ တို့ကို တွေ့အောင်ကိုရှာရမည်။
နန်စီ က စားပွဲစွန်းကိုဖမ်းဆုပ်လိုက်သည်။

ပြီးတော့ တည်ငြိမ်ပြော်သည်။
"ရှင်တို့ကတော့ ကျွန်မရူးသွားပြီလို့ ထင်ကြမှာပဲ ဒါပေမယ့် ကျွန်မပြောတာ အမှန်တွေပါ၊ ကျွန်မ ကြား လိုက်ရတာ ကျွန်မသားလေးရဲ့အသံပါ၊ ရဲစခန်း ရဲ့ဖုန်းနံပါတ် ဘယ်လောက်လဲဟင်"
"ကေအယ်လ်- ငါးသုံးရှစ်သုညသုည"
နန်စီ ကြောင်သွားပြီဟု သူတွေးကြည့်သည်။
 ဖုန်းဆက်သူ မှာ သူ့သားမဖြစ်နိုင်။
 ငကြောင် တစ်ကောင်က ၀င်ကြောင်းခြင်းသာဖြစ်ရမည်ဟု ထင်သည်။
ထစ်ဘက်မှ အသံအက်အက်ကို နန်စီကြားရသည်။
"အေဒမ်ပို့ရဲဌာနချုပ်က ရဲတပ်ကြပ်ကြီး စကားပြောနေပါတယ်ခင်ဗျာ"
နန်စီ က စပြောသည်။

 "ခရိုင် ရဲအရာရှိ ဂျက်ကော်"
သို့သော် အသက်မရှိတော့သော ဖုန်းထဲသို့ သူပြောနေမိပြီဖြစ်ကြောင်း ချက်ချင်းသဘော ပေါက် လိုက် လေသည်။
ဖုန်းခလုတ် ကို နာနာဖိသည်။
"လိုင်းပြတ်သွားပြီ၊ လိုင်းပြတ်သွားပြီ"
ပါးစပ်ကလည်း တတွတ်တွတ် ပြောနေသည်။
 ဘာနီ က သူ့လက်ထဲမှ ဖုန်းခွက်ကို ဆွဲယူပြီး နားထောင်သည်။

"ဟုတ်တယ်၊ လိုင်းပြတ်သွားပြီ ကျွန်တော်တော့ မအံ့သြပါဘူး၊ အခုအချိန်လောက်ဆိုရင် ဒီတစ်နယ် လုံးမှာရှိ တဲ့ ဖုန်းတစ်ဝက်လောက် ပျက်ကုန်ပြီလေ၊ မုန်တိုင်းကျနေတယ် မဟုတ်လား"
"ကျွန်မ ကို ရဲစခန်းလိုက်ပို့ပေးပါ၊ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး၊ တော်တော်ကြာ မိုက်ကယ်က ဖုန်း ထပ်ဆက်နေရင် လွဲနေဦးမယ်၊ ကျေးဇူးပြုပြီး ရဲစခန်းကို ရှင်သွားပေးပါရှင်၊ ဒါမှမဟုတ် အပြင်မှာ တစ်ယောက် ယောက်များ ရှိနေသလား"
"ဘယ်သူ မှ ရှိတော့မယ်မထင်ဘူး၊ ရုပ်မြင်သံကြား မော်တော်ယာဉ်လဲ ရဲစခန်းကို လိုက်သွားပြီ"
"ဒီလိုဆိုရင် ရှင်သွားပေးပါ ကျွန်မတို့ ဒီမှာ နေနေမယ်၊ မိုက်ကယ်ဖုန်းဆက် တဲ့ အကြောင်း သူတို့ကို ပြောပြ ပေးပါ၊ နောက်ပြီးတော့ ရော့လဂ္ဂလာကိုလဲ ဒီကို ခေါ်လာဖို့ ပြောပြပေးပါ၊ ကျွန်မ တို့ စောင့် နေမယ်"
"ခင်ဗျားကို ထားပြီး ကျွန်တော် မသွားနိုင်ဘူး"
"နန်စီ- ဖုန်းဆက်သူဟာ မိုက်ကယ်ဖြစ်ကြောင်း မင်းဘယ်လောက်သေချာသလဲ"
ဒေါ်ရော်သီက မေးသည်။

"ကျွန်မ သေချာပါတယ် ဒေါ်ရော်သီ၊ ကျွန်မပြောတာကို ယုံပါ၊ သေချာပါတယ်၊ ဖုန်ဆက်သူဟာ မိုက်ကယ် ပါပဲ၊ ဟုတ်ပါတယ်၊ မိုက်ကယ်ပါ ရဲဘော်ကြီး သွားပေးပါရှင် ကျေးဇူးပြုပြီးသွားပေးပါရှင်၊ ရှင့်ကားနဲ့သွားရင် ရဲစခန်း ကို ဘယ်လောက်ကြာကြာသွား ရမလဲဟင် ငါးမိနစ်လောက်ပေါ့နော်၊ ဆယ်မိနစ်ထားပါ၊ အလွန်ဆုံး ဆယ်မိနစ် ပေါ့၊ ဒါပေမယ့် ရော့လဂ္ဂလာကို ဒီကိုခေါ်လာဖို့တော့ သူတို့ကို ပြောဖြစ်အောင် ပြောပေးပါရှင်"

ဘာနီ က စဉ်းစားနေသည်။ သူဒီမှာနေဖို့ ခရိုင်ရဲအရာရှိက တာဝန်ပေးသွားသည်။ တာဝန်ချထားပေး သည့် နေရာ တွင် မနေဘဲ ရဲစခန်းသို့ ပြန်သွား၍ ဖြစ်နိုင်ပါမည်လား။
သူ့ကိုသည်မှာ တာဝန်ချထားခြင်းသည် တယ်လီဖုန်းစောင့်ဖို့ဖြစ်သည်။ ယခု တယ်လီဖုန်း လိုင်းပြတ်သွားပြီ။ ဘာကြောင့် ဖုန်းစောင့်နေရတော့မည်နည်း၊ ဘာအကြောင်းထူးတော့ မည်နည်း။
နန်စီ ကို ခေါ်သွား၍တော့ မဖြစ်နိုင်။ အရာရှိက သူ့ကို အဖြစ်တင်လိမ့်မည်၊ ထို့ကြောင့် ကိုယ်တိုင် သွားတာပဲ ကောင်းသည်။ အသွားအပြန် ဆယ်မိနစ်လောက်ပဲကြာမည်။
နောက်ပြီးတော့ ဖုန်းဆက်သူမှာ ပျောက်နေသည့်ကလေးဟုဆိုသည်။ ထိုအကြောင်းကို သတင်းပို့ဖို့ သူ့မှာ တာဝန် ရှိနေသည်။ ဒေါ်ရော်သီ ကို ကားလိုက်မောင်းပို့ပေးခိုင်းရန် သူစိတ်ကူးသေးသည်။ သို့ သော်လည်း  ထိုစိတ်ကူး ကို ချက်ချင်းပယ်ဖျက်လိုက်သည်။

လမ်းတွေက ရေခဲများဖုံးပြီး အရမ်းဆိုးနေသည်။ ဒေါ်ရော်သီ က လည်း စိတ်တွေကယောင် ချောက်ချား ဖြစ်နေသည်။
ထိုလမ်းများ ပေါ်တွင် ဒေါ်ရော်သီကို ကားမောင်းခိုင်း၍ မည်သည့်နည်းနှင့် မှမဖြစ်နိုင်။
"ကောင်းပြီ၊ ကျွန်တော်သွားမယ်၊ ခင်ဗျားတို့ ဒီမှာနေကြပါ"ဟု ရဲသား ဘာနီကပြောသည်။
ကုတ်အင်္ကျီ ကို တောင် သူယူမနေတော့။ အိမ်နောက်ဖေးတံခါး မှ အပြင်သို့ ပြေးထွက်ခဲ့သည်။
ပတ္တရောင်ရဲကားက အိမ်နောက်ဘက်တွင် အသင့်ရပ်ထားသည်။ နန်စီက ဒေါ်ရောသီကို လှမ်းပြော သည်။
"သူတို့ဘယ်နေရာရောက်နေတယ်ဆိုတာ မိုက်ကယ်သိတယ်၊ သူပြောတဲ့လေသံက သူတို့ ရောက်နေတဲ့ နေရာကို သိသလိုပဲ၊ နောက်ပြီးတော့……"
ဒေါ်ရော်သီက သူ့ကို စိုက်ကြည့်နေသည်။

 "နောက်ပြီးတော့ မစ်စီ ဖျားနေတယ်လို့လဲ ပြောသေးတယ်၊ အမှန်တော့ ဒီနေ့မနက် မစ်စီ ကို အပြင် ထွက်ဆော့ ခွင့် ပေးဖို့ မကောင်းဘူး၊ ထွက်ခွင့်မပေးဖို့လဲ ကျွန်မစဉ်းစားလိုက်သေးတယ်၊ ဟုတ်တယ် ကျွန်မ စဉ်းစား လိုက်သေးတယ်၊ အပြင်မှာ အရမ်းအေးနေတယ်၊ မဟုတ်လာ၊ လေကလဲ  အရမ်းထန်နေတယ်လေ၊ ဒါပေမယ့် ကားလ် နဲ့ ကလေးတွေ အကြောင်းကျွန်မ သွားစဉ်းစား လိုက်မိပြန်တယ်"
နန်စီက စကားကို ခဏရပ်ထားသည်။
ဒေါ်ရော်သီ က နားမလည်သလို ငေးကြည့်မြဲကြည့်နေနေသည်။ တစ်စုံတစ်ရာ ၀င်ပြောခြင်းမရှိ။

"ကားလ်က ကလေးတွေကို အရမ်းချုပ်ချယ်တယ်၊ အမှန်တော့ ကားလ်ဟာ စိတ်မှန်သူ မဟုတ်ဘူး အခုမှပဲ အဲဒီ အကြောင်း ကို ကျွန်မသိတယ်၊ ဒါကြောင့် ကလေးတွေကို သူအရမ်းချုပ်ချယ်တယ်၊ ကလေးတွေဟာ အမြဲ ကြောက်နေတယ် ၊ အဲဒီအကြောင်းသတိပြန်ရပြီး မိုက်ကယ်တို့ကို ကျွန်မ မချုပ်ချယ်ချင်ဘူး၊ ရာသီဥတု ဆိုး နေပေမယ့် သူတို့စိတ်ချမ်းသာအောင် နာရီဝက်လောက်တော့ ဆော့ပေစေလေဆိုပြီး အပြင် ထွက်ခွင့် ပေးလိုက်တာပါ"
နန်စီ က စကားကို ဖြတ်ထားပြန်သည်။ တစ်အောင့်နေမှ ဆက်ပြောပြန်သည်။

"ဒါတောင် မစ်စီ ကို လက်အိတ်မလေးတွေ သေသေချာချာ စွပ်ပေးလိုက်တယ်၊ ဘာကြောင့် သတိရ နေသလဲ ဆိုတော့ လက်အိတ်အသစ် လဲပေးရရင် ကောင်းမလားလို့ စိတ်ကူးပြီးမှ သူ့အ၀တ်အစား ကလေး တွေ နဲ့ အဲဒီလက်အိတ်က အရောင်ချင်း လိုက်နေတာနဲ့ လဲမပေးတော့ဘဲ ကျွန်မ ဒီအတိုင်းထွက်ခိုင်း လိုက်တယ်၊ ကြောင်ရုပ်ကလေး နဲ့ အနီရောင် လက်အိတ်ကလေးလေ၊ အဲဒါတောင် တစ်ဘက်က ဒါန်းနဲ့ ငြိပြီး ကျွတ်ကျန်ရစ်ခဲ့သေတယ်၊ အိုး….ဘုရားသခင်၊ ဒေါ်ရောသီ ကျွန်မဘယ်လောက်မိုက်သလဲ၊ သူတို့ကို အပြင် ထွက်ဆာ့ခိုင်းလိုက်တာ ဘယ်လောက်မိုက်သလဲ၊ မထွက်ခိုင်းရင် ဒီလိုဖြစ်မှာ မဟုတ်ပါဘူးရှင်၊ အခုတော့ -အခုတော့"
ဒေါ်ရော်သီက ရုတ်တရက် ငိုချလိုက်သည်။

ထို ငိုသံ ကြောင့် နန်စီ က ဒေါ်ရော်သီဘက် သို့ ဖျက်ခနဲပြန်လှည့် ကြည့်သည်၊ ဒေါ်ရော်သီ ၏ မျက်နှာမှာ မဲ့ နေသည်။
""မင်းဘာပြောလိုက်တယ် နန်စီ၊ ဟင်…. လက်အိတ်ကလေး အကြောင်းမင်းဘာပြောလိုက်တယ်"
ဒေါ်ရော်သီ က ငိုသံပါကြီးနှင့် မေးသည်။

"ကြောင်ရုပ်ကလေးပါတဲ့ လက်အိတ်အနီ ကလေးလေ၊ ဒေါ်ရော်သီ၊ ဘာဖြစ်လို့လဲဟင်၊ ဘာဖြစ်လို့ လဲ ၊ လက်အိတ် အကြောင်း ရှင်ဘာများ သိထားလို့လဲ"
တရှုံ့ရှုံ့ငိုရင်း ဒေါ်ရော်သီ က သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ထားလိုက်လေတော့သည်။
"သူတို့ ဘယ်မှာ ရျိနေတယ်ဆိုတာ ငါသိပြီ၊ ဘုရားသခင် ဘုရားသခင် ကယ်တေယ်မူပါ၊ အိုး…. ဘုရားသခင်၊ ငါသိပြီ၊ ငါသီပြီ၊ သူတို့ရှိတဲ့နေရာကို ငါသိပြီ၊ ငါမိုက်လိုက်တာနော်၊ နန်စီ၊ ငါဘာတွေ လုပ်လိုက် မိပါလိမ့်၊ ဟင်….ငါဘာတွေလုပ်လိုက်မိပါလိမ့်"
ဒေါ်ရော်သီ က ငိုရှိုက်ပြောဆိုရင်း အိတ်ထဲမှာ ထည့်ထားသည့် လက်အိတ်အနီကလေးကို ဆွဲထုတ်ပြသည်။

 "ဟောဒီမှာကြည့်၊ ဒီနေ့ နေ့ခင်းတုန်းက ကားဂိုဒေါင်ထဲမှာကျနေတာတွေ့လို့ ငါကောက်ခဲ့တာ၊ ငါ့ ကားပေါ်ကနေ ငါ့ခြထောက် နဲ့ ကန်မိလို့ ကျသွားတယ်လို့ ငါထင်ခဲ့တယ်၊ ငါဒါလောက်တောင် အဆင်ခြင်ဥာဏ် နည်းလှချည်းလာ၊ ဒီလူကြီးကို ငါမသင်္ကာဘူး၊ ဒီလူကြီး တစ်ခုခုတော့ ဖြစ် နေတယ်လို့ ငါ ထင်နေတယ်၊ သူ့ကိုယ်လုံက ချည်စုပ်စုပ်အနံ့ကြီးထွက်နေတာရယ်၊ နောက်ပြီးတော့  ဘေဘီပေါင်ဒါနံ့ ရနေတာ ရယ်၊ ဖြစ်မှဖြစ်ရလေတယ်ကွယ်၊ ဘုရားသခင်ကယ်တော်မူပါ"
နန်စီ က လက်အိတ်ကလေးကို ဖမ်းဆွဲယူလိုက်သည်။

"ဒေါ်ရော်သီ-ပြောပါဦး၊ ဒီလက်အိတ်ကလေးကို ဘယ်ကရခဲ့တာတုန်း၊ ပြောပါဦး ဒေါ်ရော်သီ"
ဒေါ်ရော်သီ မှာ ပျော့ခွေကျသွားသည်။
"ရှုခင်းသာ၊ ပါးရစ်ဆိုတဲ့လူကြီး ငှားနေတဲ့အိမ်ပဲ၊ ဒီလူကြီး ကို ဝေးဝေးကသာလှမ်း မြင်ဖူးပါတယ်၊ အနီကပ် တစ်ခါမှ မမြင်ဖူးပါဘူး၊ အိုး- ဘုရားသခင်၊ မဖြစ်ပါစေနဲ့ ၊ မဖြစ်ပါစေနဲ့"
အခြေအနေ နှင့် အဖြစ်အပျက် ကို နန်စီချက်ချင်း ရိပ်မိသွားသည်။
သိပ်ကို အချိန်နောက်ကျသွားပြီဟုလည်း ထင်လိုက်မိလေသည်။ ရသမျှအချိန်အတွင်း တက်သုတ် နှင်နိုင်မှ တော်ကာ ကျပေမည်။

"ဒေါ်ရော်သီ၊ ရှုခင်းသာအိမ်ကို ကျွန်မအခုချက်ချင်း သွားမှ ဖြစ်တော့မယ်၊ ကလေးတွေ င်္အဒီမှာရှိနေတယ်၊ အချိန် မီတော့ ကျွန်မရောက်သွားကောင်းပါရဲ့၊ အချိန်မီနိုင်ကောင်းပါရဲ့ ရေး နဲ့ ရဲတပ်ဖွဲ့ကို ရှင်သွား ခေါ်ပေးပါ၊ ချက်ချင်းလိုက်လာကြဖို့ သူတို့ကို ပြောပေးပါ၊ ကျွန်မအိမ်ထဲကို ဘယ်လိုလုပ်ဝင်ရမလဲ"
ဒေါ်ရော်သီ ၏ ကိုယ်လုံးတဆတ်ဆတ်တုန်နေခြင်းမှာ ချက်ချင်းရပ်သွားသည်။ သူ့အသံသည်လည်း နန်စီ၏ အသံကဲ့သို့ ပင်တည်ငြိမ်လာသည်။ သည်အချိန်မှာ စိတ်လှုပ်ရှားနေ၍ မဖြစ်ကြောင်းနှင့် အစွမ်းကုန် စိတ်ကို ထိန်း ထားရမည် ဖြစ်ကြောင်း ဒေါ်ရော်သီက သူ့ကိုယ်သူ ပြန်အားပေးသည်။

"မီးဖိုချောင်တံခါး ကတော့ မင်းတုန်း နဲ့ပိတ်တယ်၊ အထဲကနေပြီး သူမင်းတုန်း ထိုးထားရင် ဘယ်လိုမှ ၀င်ရမှာ မဟုတ်ဘူး၊ ဒါပေမယ့် အိမ်ရှေ့တံခါးက၀င်ရင်ရမယ်၊ အဲဒီတံခါးသူမသုံးဘူး၊ ငါကလဲ သူ့ကို သော့ပေး မထားဘူး၊ သော့နှစ်ချက် ခတ်ထားတယ်၊ မင်းအဲဒီကနေ၀င်"
ဒေါ်ရော်သီက သူ့အိန်ထဲမှာနှိုက်ရှာသည်။ ခဏကြာတော့ သော့တွဲ ထွက်လာသည်။ သော့တစ် ချောင်းကို ရွေး ပေးသည်။
"ဟောဒီသော့ပဲ"
ရှုခင်းသာအိမ်ကြီး သို့ နန်စီတစ်ယောက်တည်း သွားဖို့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါ်ရော်သီက တစ်စုံ တစ်ရာ ပေးမြန်းခြင်းပြုမနေတော့ပေ။

 မော်တော်ကားများ ရှိရာသို့ နောက်ဖေးပေါကါမှ နေ၍ သူတို့နှစ်ယောက် ပြေးထွက်လာကြသည်။ ဒေါ်ရော်သီ က နန်စီ၏ကားကို အလျင်ထွက်စေသည်။ နန်စီ၏ကားဘီး ချော်သွားသည်ကို ကြည့်ပြီး သူ အသက်ရှူ မှားသွားသေးသည်။ပြီးတော့မှ ဖြောင့်ဖြောင့်တန်းတန်း မောင်းသွားနိုင်သည်ကို တွေ့ရသဖြင့် သက်ပြင်းချ လိုက်မိလေသည်။
 ကားရှေ့ လေကာမှန်ပေါ်တွင် ရေခဲပြင်ပြီး ဖြစ်နေသည်။ ရှေ့သို့ လုံးဝမမြင်ရ။
ထို့ကြောင့် နန်စီ က ပြတင်းပေါက်မှန် ကို အောက်သို့ချလိုက်သည်။ ကိုယ် တစ်ပိုင်းအပြင် ထွက်ကြည့်ပြီး မောင်းသည်။ မိုးသီးများက အပြင်ထွက်နေသည့် သူ့မျက်နှာကို လာရောက်တိုက်ခိုက်ကြသည်။ သို့သော်လည်း ဦးတည်မောင်းသည်။

အမှတ်-၆ (က) လမ်းမကြီးပေါ်သို့ ရောက်လာသည်။ ရှုခင်းသာအိမ်ကြီးဆီသို့ ဦးတည်မောင်းသည်။
လမ်းကွေ့ တစ်ခု အရောက် အလိုက်သင့် ကွေ့လိုက်သောအခါ အလိုက်သင့် မသွားဘဲ ရေခဲ ပြင်ပေါ်တွင် ဘီးချော်သွားသည်။
ဘယ်လိုမှ ထိန်း ၍ မရတော့ဘဲ ကားက တစ်ပတ်လည်သွားသည်။
 ပြီးတော့ လမ်းဘေး ရှိ သစ်ပင် နှင့် ပြေးတိုက်ပစ်လိုက်လေသည်။
 နန်စီ ၏ ကိုယ်လုံးကလေး မှာ ရှေ့သို့ ငိုက်ကျသွားသည်။

ပြီးတော့ နောက်သို့ ပြန်လန်လာသည်။
ဘာ ဖြစ်သွားသည်ကို စစ်ဆေးမနေနိုင်အားပါ။ ကားတံခါးကို ကမန်းကတန်း ဖွင့်ပြီး ကုန်းကြောင်း ဆင်း လျှောက်သည်။ မိုးသီးများက ပိုများလာသည်။ မိုးကာအင်္ကျီ နှင့် ကုတ်အင်္ကျီ လည်း သူ ၀တ်မလာမိပါ။
ရှုခင်းသာအိမ်ကြီးဆီ သို့ အားရှိသမျှ ပြေးရင်းတစ်နေရာရောက်တော့ ချော်လဲပြန်သည်။ ဒူးတစ် ဘက်မြက် သွားသည်။ ဒါကိုလည်း မနားတမ်း ဆုတောင်းလာမိသည်။
မျက်စိ ထဲမှာတော့ ပီတာနှင့် လီဇာတို့၏ အလောင်းများကို ပြန်လည်မြင်ယောင်နေသည်။
ထိုသို့ မြင်ယောင်လေ မိုက်ကယ် နှင့် မစ်စီတို့အတွက် စိတ်ပူလေဖြစ်ကာ ပို၍ အားကုန်ပြေးမိ လေသည်။
"ဘုရားသခင် ကယ်မတော်မူပါ၊ နောက်မကျပါစေနဲ့၊ ကလေးတွေဘာမှ မဖြစ်ပါစေနဲ့" ဟုလည်း အသံ ထွက်ကာ ဆုတောင်းလာမိသည်။

ရှုခင်းသာအိမ်ကြီးသို့ ရောက်လာသည်။ တံစက်မြိတ်အောက်မှ ခိုပြီးအိမ်ရှေ့ဘက်ဆီိသို့ ပတ်ပြေး သည်။ သော့ကိုတင်းတင်းဆုပ်ထားသည်။ သော့ကိုင်ထားသည့် လက်မှာရေ တွေ စိုပြီး အရမ်းအေးနေသည်။
အပေါ်ဆုံးထပ်မှလွဲပြီး အိမ်ကြီးတစ်လုံးလုံးမည်းမှောင်နေသည်။ အလင်းရောင် သည် အပေါ်ထပ်ရှိ ပြတင်းပေါက်များ အနက် တစ်ပေါက်မှ ထွက်လာနေခြင်း ဖြစ်ကြောင်း သတိထားမိသည်။ အား ကောင်းသော မီးရောင်တော့မဟုတ်။ နီကျင်ကျင် အရောင်ရှိသည်။
အိမ်ကြီး ကို ပတ်ပြေးလာရင်း ပင်လယ်လှိုင်းလုံးများက အိမ်ကြီး၏ အောက်ခြေအား ရိုက်နေသည့် အသံကို ကြားရသည်။ အိမ်ရှေ့တည့်တည့်နှင့် ဘေးပတ်လည်တွင် သဲသောင်ပြင် မရှိဘဲ ကျောက် ဆောင်များသာ ရှိလေသည်။ မလှမ်းမကမ်းမှာသာ သဲသောင်ပြင် ရှိသည်။

ရှုခင်းသာအိမ်ကြီး ဒါလောက်မြင့်ကြောင်း တစ်ခါမှ သူသတိမထားမိခဲ့ပေ။ နောက်ဖေး ပြတင်းပေါက်များမှ နေ၍ ကြည့်ပမည်ဆိုလျှင် ကိပ်ကော့ တစ်မြို့လုံးကို စီးမိုးပြီး မြင်နေ နိုင်သည်။
နန်စီ အသက်ရှူစိတ်လာသည်။ တစ်ချက်ချိင်းလည်း ရှိုက်ငိုနေမိသည်။ နှလုံးခုန်နှုန်းက အရမ်းမြန် လာသည်။
 ဒေါ်ရော်သီ ညွှန်လိုက် သည့် အိမ်ရှေ့တံခါးသို့ ရောက်လာသည်။ သော့ပေါက်ထဲသို့ သော့ထည့် သည်။ မဖွင့်တာ ကြာပြီဖြစ်သော သော့က သံချေးကိုက်နေလျှင် မည်သို့ လုပ်ရပါမည်နည်းဟု တွေးသည်။
"လွယ်လွယ် နဲ့ ပွင့်ပါစေ၊ ဘုရားမ လို့ လွယ်လွယ်နှင့်ပွင့်ပါစေ" ဟု သူဆုတောင်းသည်။
ဆုတောင်းပြည့်သွားပါသည်။ တစ်ချက်တည်းနှင့် သော့ပွင့် သွားသည်။ တံခါးကို တွန်းဖွင့်လိုက် သည်။

အိမ်ထဲမှာ မှောင်ပိန်းနေသည်။ ကြောက်မက်ဖွယ် ကောင်းလောက်အောင်ကို မည်းမှောင်နေခြင်း ဖြစ်သည်။ ဘာကို မှ မမြင်ရ။ အောက်သိုးသိုးအနံ့ကလည်း ထောင်းခနဲ ထွက်လာသည်။
ဘာသံမှမကြားရဘဲ တိတ်ဆိတ်နေသည်။
မီးရောင် က အပေါ်ဆုံးထပ်မှာ ရှိနေခြင်းဖြစ်သည်။ အပေါ်ဆုံးထပ်မှာ ကုတ္တနေပါးရစ်ဆိုသူနေ သည်။
အပေါ်ထပ် သို့ တက်သည့် လှေကားကို တွေ့အောင်ရှာမှ ဖြစ်မည်။
မိုက်ကယ့် နာမည် ကို အော်ခေါ်ချင်သည်။ မခေါ်မိအောင် အစွမ်းကုန်ချုပ်တီးထားရသည်။

လှေကားနှစ်စင်းအကြောင်း ဒေါ်ရော်သီ ပြောပြလိုက်သည်။ အိမ်ရှေ့ခန်းအဆုံးတွင် လှေကား တစ်စင်း ရှိသည် ဟု ဆိုသည်။ ယခု သူရောက်နေသည် မှာ အိမ်ရှေ့ခန်း ဖြစ်သည်။
သူ မရေမရာ ဖြစ်နေသည်။
ရှေ့သို့သူ တိုးသည်။ ဘာမှမမြင်ရလောက်အောင် မှောင်နေသောကြောင့် လက်နှစ်ဘက် ရှေ့သို့ ထုတ်ပြီး ဆန့်တန်း ထားရသည်။
အတတ်နိုင်ဆုံးအသံလုံ့ဖို့လိုသည်။ အသံမြည်သွားလျှင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွား မည်။
ရှေ့သို့ ဆက်အတိုး တွင် သူလဲသွားသည်။ ချက်ချင်း လူးလဲထသည်။ တစ်စုံတစ်ခုကို သွား ဆုပ်ကိုင်မိ သည်။ ကုလားတိုင်လက်တန်း ဖြစ်ပုံရသည်။ ထိုကူလားထိုင်ကို ပတ်ရှောင်ပြီး လှေကားရှိနိုင်မည်ထင်သည့် နေရာ သို့ ဆက်သွားသည်။

နားကို စွင့်ထားသည်။ အသံတစ်ခုခုကို ကြားရသည်ဟု ထင်သည်။ ပိုပြီးအာရုံစိုက်နားထောင်ကြည့် သည်။ ငိုသံလိုလို ကြားရသည်။ သို့သော်လည်း ပြတင်းပေါက်များကို လေထိုးသောကြောင့် မြည်လေသော အသံ လည်း ဖြစ်နိုင်သည်ဟု တွက်လိုက်သည်။
အပေါ်ထပ်ကို ရောက်မှဖြစ်မည်။ ကလေးများကို အချိန်မီ ကယ်တင်နိုင်ဖြစ်မှမည်။ သူတို့အပေါ်ထပ် မှာ ရှိနေနေကြရဲ့လား။ အချိန်များ သိပ်နောက်ကျသွားပြီလား၊ အရင်တစ်ခါတုန်က လိုများဖြစ်နေ ပြန်ပြီလား။
ပလတ်စနစ်တိတ် နှင့်  မျက်နှာကို စွပ်ထားသော ကလေးအလောင်များကို တွေ့နေရဦးမည်လား။ လှေကား-
လှေကား အောက်ခြေလက်ရန်းတိုင်ကို သွားကိုင်မိသည်။ အပေါ်သို့ အမြန်ဆုံးတက်ခဲ့သည်။ ခြေသံ မမြည် အောင် လက်တန်းဘေးကပ်ပြီး နင်းတက်လာခြင်း ဖြစ်သည်။

အရေးအကြီးဆုံးမှာ အသံလုံဖို့ဖြစ်သည်။ မိမိအသံကို ရန်သူမကြားရေးသည် ကလေးများ၏ အသက် ရှင်ရေး တွင် အဓိကကျကြောင်း နန်စီသဘောပေါက်ပြီး ဖြစ်သည်။
အရင် တစ်ခါတုန်းက ကလေးများကို အလျင်သတ်သည်။ သတ်ပြီးမှ ရေထဲပစ်ချခြင်းဖြစ်သည်။
 သို့သော် မိုက်ကယ်အသက်ရှင်နေသေးသည်။ မကြာသေးခင်ကပင် သူ့ဆီသို့ မိုက်ကယ် ဖုန်းဆက် သည်။ မိနစ် နှစ်ဆယ်လောက်ပဲရှိဦးမည်။
ထို့ကြောင့် လွန်ခဲ့သော မိနစ်နှစ်ဆယ်လောက် က မိုက်ကယ် အသက်ရှင်နေသေးသည်မှာ သေချာ မည်။
နောက်ပြီးတော့ မစ်စီ နေမကောင်းဘူးဟု ပြောသည်။ မစ်စီဖျားနေနိုင်သည်။ အချိန်မနှောင်းမီ မစ်စီကို ကယ်တင် နိုင်မှ။

ပထမထပ် သို့ ရောက်လာသည်။ မှောင်ပိန်းနေသည်။ ဘာသံမှလည်း မကြားရ။ အိပ်ခန်းများဖြစ်ပုံ ရသည်။
အပါ် မှာ နှစ်ထပ်ကျန်သေးသည်။ ဒုတိယထပ်သို့ ရောက်လာသည်။ အောက်ထပ်များလိုပင် မည်းမှောင်ပြီး တိတ်ဆိတ်ငြိမ်သက် နေသည်။
အပေါ်ဆုံးထပ် သို့ တက်သည့် လှေကားခြေရင်သို့ ရောက်လာသည်။ နန်စီခဏရပ်သည်။ အသက်ရှူ မှန်အောင် ကြိုးစားသည်။ လှေကားအပေါ်ထပ်ရှိ တံခါးပွင့်နေသည်။ အတွင်းမှ မီးရောင် မှိန်မှိန်ကလေး ထွက်နေသည် ကို ထိုတံခါးပေါက်မှ တစ်ဆင့် မြင်ရသည်။ မီးရောင်က နီကျင်ကျင် ဖြစ်နေသည်။
ထို့နောက် အသံတစ်သံ ကို ကြားလိုက်ရသည်။ အသံတစ်သံ။ မိုက်ကယ် ၏ အသံ။

"မလုပ်ပါနဲ့၊ မလုပ်ပါနဲ့"
နန်စီ သည် ဘာကိုမှ စဉ်းစားမနေနိုင်တော့ဘဲအပ်ါထပ်သို့ ဂမူးရှူးတိုး ပြေးတက်သွားတော့သည်။ မိုက်ကယ်၊ မစ်စီ။
သူ တို့ကို အချိန်မီကယ်တင်နိုင်မှ ဖြစ်တော့မည်။ မြန်မြန်တက်နိုင်မှ ။ အသံမြည်သည်ကိုလည်း သူဂရုစိုက် မနေ နိုင်တော့ပါ။
လှေကားထိပ်ရောက်တော့ သူတုံ့ဆိုင်းဆိုင်ဖြစ်သွားသည်။ ထိုနေရာတွင်ခန်းမတစ်ခုရှိသည်။ မီးရောင်က ခန်းမ ကို ဖြတ်ပြီးလာနေခြင်းဖြစ်သည်။
ခန်းမကို ဖြတ်ပြေးသည်။ ဧည့်ခန်းထဲက ဖြစ်နိုင်သည်။ ဧည့်ခန်းထဲသို့လည်း မီးရောင်မလေး တိုးဝင် နေသည်။ နံရံပေါ် မှာ အရိပ်ထင်နေသည်ကိုလည်း တွေ့ရသည်။
ဧည့်ခန်းဝ သို့ ရောက်တော့မှ မီးရောင်သည် အိမ်ခန်းထဲမှ ထွက်လာနေခြင်းဖြစ်ကြောင်း သိရတော့ သည်။

 လူတယောက် နန်စီဘက်သို့ ကျောပေးရပ်နေသည်။ ရုန်းကန်လှုပ်ရှားနေသည့် ကလေးငယ် တယောက်ကို အိပ်ရာ ပေါ် တွင် ချုပ်ကိုင်နေသည်။ ထိုကလေး၏ ခေါင်းကို ပလတ်စတစ်အိတ်နှင့် စွတ်ရင်း တခစ်ခစ် လည်း ရယ်နေသည်။
 ထို ကလေး သည် မိုက်ကယ်ဖြစ်ကြောင်းနန်စီ ချက်ချင်းသိလိုက်သည်။ မိုက်ကယ်၏ရုပ်ကို မြင် ယောင် လိုက် သည်။
"ကားလ် လွှတ်လိုက်"
"ကားလ် ဟုသူ အော်လိုက်သည်။ စိတ်မှတ်မထင်အော်လိုက် ခြင်းဖြစ်သည်။ ထိုသို့ အော်လိုက်မိ သည် ကို ပင် သူကိုယ်တိုင် ပြန်မသိလိုက်ပေ။
အသံထွက်သွားတော့မှ သူပြန်သတိရသည်။
ထိုသူက ဖျတ်ခနဲ နောက်သို့လှည့်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးများကို နန်စီ မြင် ရသည်။
ထို မျက်လုံး များက အံ့အားသင့် နေသည့်ပုံဖြစ်သည်။
ချက်ချင်းပင် ကောက်ကျစ် စဉ်းလဲသည့် အမူအရာသို့ ပြောင်းလဲသွားလေသည်။ ကောက်ကျစ် စဉ်းလဲမှုနှင့် အတူ မီးဝင်းဝင်း လည်း တောက်လာသည်။

"နင်ကိုး"
နန်စီ ကောင်းစွာ မှတ်မိသည့် အသံကို ကြားရသည်။ ထိုအသိံကု မေ့ပျောက်ပစ်နိုင်ဖို့ ခုနှစ်နှစ်လုံးလုံး သူ ကြိုးစား ခဲ့ရသည်။
ကားလ်က နန်စီ ဆီိသို့ ထလာသည်။ နန်စီက ကွေ့ပတ်ရှောင်သည်။ အိပ်ရာပေါ်မှ မိုက်ကယ်မှာ အသက်မရှူ နိုင်တော့ချေ။
ကားလ် က သူ့ကိုခုန်အုပ်သည်။ နန်စီက နောက်သို့ခုန်ရှောင်သည်။ လက်ကောက်ဝတ်ကို ချုပ်ကိုင် မိ သွားသည်။ နှစ်ယောက်အတူ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြသည်။
မထိန်းနိုင် ဘဲ အရှိန်နှင့် ပစ်ကျသွားရုံမက ကားလ်၏တံတောင်ဆစ်က နန်စီ၏ နံရိုးများကို ထိုးမိသ ဖြင် မခံရပ် နိုင်အောင် နာကျင်သည်။
 သို့သော်လည်း လက်ကောက်ဝတ်ကို ဆုပ်ကိုင်ထားသည့် ကားလ်၏လက်က အနည်းငယ်ပြေ လျော့ သွားသည်။

သူ၏ မျက်နှာကြီးက နန်စီမျက်နှာနားမှာ ကပ်နေသည်။ ချဉ်စုပ်စုပ်ချွေးနံ့ကြီးက နန်စီ၏နှာခေါင်းထဲ သို့ လုံးခနဲ ၀င်လာသည်။ သည်အနံ့ကို ဟိုတုန်ကလည်း ရှူရှိုက်ခဲ့ဖူးသော ကြောင့် ချက်ချင်မှတ်မိ သည်။
 နန်စီသည် ဘာကိုမှ စဉ်းစားမနေနိုင်တော့ဘဲ ကားလ်၏ ဖောင်းနေသော ပါးစုံ့ကြီးကို တစ်အား ဖက်ကိုက် ပစ် လိုက်သည်။
 ကားလ်က ကြောက်မက်ဖွယ် အသံနက်ကြီးဖြင့် အော်သည်။ သို့သော်လည်း နန်စီ၏လက်ကိုတော့ လွှတ် ပေး လိုက်သည်။
နန်စီက နောက်သို့ အမြန်ဆုတ်သည်။ ကားလ်က လိုက်ဖမ်းပြန်သည်။ နန်စီက အိပ်ရာပေါ်သို့ ဒိုက်ထိုးချ လိုက်သည်။ မိုက်ကယ်၏ ခေါင်းနှင့် မျက်နှာ တွင် စွပ်ထားသည့် ပလတ်စတစ်အိတ်ကို အတင်ဆွဲ ဖြဲသည်။
အသက်မရှူနိုင်တော့သော မိုက်ကယ်မှာ မျက်လုံးများပြူးထွက်ပြီး ပါးပြင်နှစ်ဘက် ပြာနှမ်းစ ပြုနေပေပြီ။

ကားလ် ၏ နောက်ထပ်ဖမ်းချုပ်ခြင်ကို ခံလိုက်ရသည့် အခိန်မှာပင် မိုက်ကယ်၏ လေးပင်သော အသက်ရှူသံ ကြီး ကို နန်စီကြား လိုက်ရလေသည်။
ဘုရားသခင်….
နန်စီ၏ ရင်ထဲမှ အလုံးကြီးတစ်လုံးကျသွားသည်။
ကားလ်နှင့် ပြန်လည်တိုက်ခိုက်ရပြန်သည်။ ရုန်ရင်း ကန်ရင်နှင့် မစ်စီ၏ ခြေထောက်လေး ကို သူ့ခြေ ထောက် နှင့် သွားတိုက်မိသည်။ ခြေထောက်ကလေးက လှုပ်နေသည်။
မစ်စီ မသေသေး…. မစ်စီမသေသေး၊
အသက်ရှင်လျက်ရှိသေးသည့် မစ်စီ ၏ ခြေထောက်ကလေးကို  သူကိုယ်တိုင်ထိတွေ့လိုက် ရခြင်း ဖြစ်သည်။
နန်စီ စတင် အော်ဟစ်တော့သည်။ အသံကုန်အော်သည်။

ကားလ် က သူ့ပါးစပ်က်ု လက်နှင့်ပိတ်သည်။ အသက်မရှူနိုင်အောင် နှာခေါင်းကိုပါ ရောပိတ်သည်။
နန်စီ က ထိုလက်ကို တစ်အားကိုက်ပစ်လိုက်ပြန်သည်။
သူကကိုက်၊ ကားလ်က အတင်နှာခေါင်းကို ပိတ်ဖြစ်နေကြရာ နန်စီမှာ အသက်မရှူနိုင်တော့ဘဲ သတိလစ် သွားတော့မည်ကဲ့သို့ ဖြစ်လာသည်။ မျက်စိထဲမှာလည်း အမှောင်ပြင်ကြီးကို မြင်တွေ့နေ ရသည်။
ထိုအချိန်မှာ ပင် အဝေးမှ အသံတစ်သံကို ကြားလိုက်ရသည်။
နန်စီ ၏ နာမည်ကို အော်ခေါ်နေသည့်အသံ…..
မှန်ပါသည် ။ ရေး၏ အသံ၊ သူ့နာမည်ကို ခေါ်နေသည့် ရေး၏အသံ။

နန်စီ က ပြန်ထူဖို့ကြိုးစားသည်။ ရေး၏ နာမည်ကို အော်ခေါ်သည်။ သို့သော်လည်း ဘာသံမှ ထွက် မလာချေ။
ကားလ် က သူ့ကိုလွှတ်လိုက်သည်။ ကြမ်းပြင်ပေါ်တွင်လဲ နေရာမှ သူလူးလဲထသည်။
"မာမီ- မာမီ မစ်စီ ကို ကောက်ချီသွားပြီ"မိုက်ကယ် က အရေးတကြီးအော်သည်။ နန်စီ၏ ကိုယ်လုံးကိုလည်း တစ်အား လှုပ်သည်။
မစ်စီ ကို ကားလ် ကောက်ချီ အပြီးတွင် နန်စီထနိုင်သည်။ တစ်ချိန်တည်းမှာပင် မစ်စီ၏ ငိုသံကိုပါ ကြား လိုက်ရ သည်။
"ကားလ် ပြန်ချ ငါ့သမီးကို မထိနဲ့"
နန်စီကအော်သည်။ သူ့အသံမှာ အက်ကွဲကွဲကြီး ဖြစ်နေသည်။

ကားလ် က စိတ်ရိုင်းဝင်နေသော အရူးတစ်ယောက်လို နန်စီကိုကြည့်သည်။ ထို့နောက် မစ်စီကို ပိုက်ပြီး လှစ်ခနဲ ထွက်ပြေးလေတော့သည်။
နန်စီက ရှိသမျှအားကိုသုံးပြီး နောက်မှာ ပြးလိုက်သည်။ တစ်ဘက်ခန်းထဲသို့ ၀င်သွားသည်။ နန်စီက ဒယီးဒယိုင် ပြေးလိုက်ရင်း မူးနောက်နောက် ဖြစ်နေသည်ကို ပျောက်အောင် လည်း ကြိုး စားရသေးသည်။
ပြတင်းပေါက် မှ ၀င်လာသည့် အလင်းရောင်ဖြင့် ကားလ်၏ အရိပ်ကို မြင်နေရသည်။ အခန်းတစ် ဘက်ခြမ်း တွင် လှေကားလေးရှိပုံရသည်။ ထိုအပ်ါသို့ ကားလ် ပြေးတက်သွားသည်။ ထိုအပေါ်တွင် အထပ်ခိုး ရှိ နိုင်သည်။
 နန်စီ က သူ့ခြေထောက်ကို ဖမ်းဆွဲသည်။
 အထပ်ခိုးမှာနိမ့်လွန်လှသည်။ိမည်းမှောင်နေသည်။ မှိုနံ့များ ထောင်းခနဲ ထွက်လာသည်။

ခြေထောက်က လက်ထဲမှ လွတ်သွားသည်။ ကားလ်က မစ်စီကို ပိုက်ပြီး ဆက်ပြေးနေသည်။
"ကယ်ကြပါ- ကယ်ကြပါ"
နန်စီက အော်ရင်းတန်းလမ်းဖြင့် ကားလ်၏ ခြေသံကြားရာနောက်သို့ အတင်းလိုက်သည်။
ကားလ် ဘယ်မှာလဲ၊
နောက်ထပ် လှေကားသေးသေးကလေး တစ်ခုကို  ကားလ်တက်နေပြန်သည်။ ထိုလှေကားသည် အထပ်ခိုး မှ တစ်ဆင့် အိမ်ခေါင်မိုးပေါ်သို့တက်သည့် လှေကားဖြစ်လေသည်။ ခေါင်မိုးက အရမ်း စောက်သည်ကို နန်စီသတိရမိလိုက်သည်။
"ကားလ် မသွားနဲ့ အဲဒီကိုမသွားနဲ့ ၊ အောက်ကိုကျသွားလိမ့်မယ်၊ ပြန်လာခဲ့"
မောကြီးပန်းကြီး ကားလ် အသက်ရှူနေသည့် အသံကို နန်စီကြားရသည်။ ပြီးတော့ အရူးတစ် ယောက် လိုလည်း တခစ်ခစ် ရယ်နေသည်။

နန်စီက သူ့ခြေထောက် တစ်ဘက်ကို ဖမ်းဆွဲလိုက်သည်။ ကားလ်က ပြန်ဆောင့်ကန်သည်။ နန်စီ၏ နဖူးကို တည့်တည့် ကန်မိသည်။ လှေကားပေါ်မှ အောက်သို့ပြန်လျှောကျသွားသည်။
နဖူးမှာ စစ်ခနဲနာသွားသည်။ ပြီးတော့ ပူနွေးသည့်အရည်များစီးကျလာသည်။ နဖူးကွဲသွားပြီး သွေးများ စီးကျ လာခြင်း ဖြစ်ကြောင်းသိသည်။ သို့သော်လည်း ထိုဒဏ်ရာကို ဂရုထားမနေနိုင်ပါ။ လှေကားပေါ်သို့ အတင်း ပြေးတက်မိပြန်သည်။
"ကားလ် ကလေးပေး၊ ကျွန်မ သမီးလေးကိုပြန်ပေး"
ကားလ်သည် လှေကားထိပ်သို့ ရောက်သွားပေပြီ၊ အပေါ်ကတံခါးကို သူဖွင့်လိုက်သည်။ တံခါးက ပွင့် သွားပြီ၊ လေကြမ်းထိုးသဖြင့် တစ်ဘက်ကို ၀ုန်းခနဲ ပြေးရိုက်ပစ်လိုက်သည်။

အမိုးပေါ်မှတစ်ဆင့် မီးခိုးခေါင်းတိုင်သွားသည့် လူကူးတံတားလေးရှိသည်။ တစ်ယောက်စာ လျှောက် သာ ရုံလေးရှိသည်။ အောက်မှာဒေသတကြီးဖြင့် ကျောက်ဆောင်များကို အဆက်မပြတ် လာရိုက်နေသော လှိုင်းလုံးကြီး များ ရှိနေသည်။ နေရာကခေါင်မိုးပေါ်မှာ ဖြစ်သောကြောင့် အလွန်မြင့်သည်။
"ကားလ် အဲဒီကို သွားလို့မရဘူး၊ မသွားနဲ့၊ ပြန်လာခဲ့၊ ရှင် နေမကောင်းဘူး၊ ပျောက်အောင် ကျွန်မကု ပေးမယ်၊ ပြန်လာခဲ့"
ထိုအချိန် တွင် မစ်စီ၏ အော်ငိုသံကို ကြားရသည်။

"မာမီ"
ကားလ်က တံခါးပေါက်မှ အပြသို့ ထွက်လိုက်သည်။ လသာဆောင် သေးသေးလေးရှိသည်။ ထို လသာဆောင် ကလေးမှ ကုန်းဘောင်ဖြင့် မီးခိုးခေါင်းတိုင်သို့ သွားနိုင်သည်။ ကုန်းဘောင်က အရမ်း ကျဉ်း သည်။ လေကလည်း ပြင်းထန်စွာ တိုက်ခက်နေသည်။
 အပေါ်သို့ နန်စီရောက်လာသည်။ ကားလ်ကို ရမိရရာ ဖမ်းဆွဲသည်။ အင်္ကျီများကို ဆွဲမိသည်။ ခြေကန်ပြီး ဆွဲ ထားမိသည်။
 ထိုနေရာတွင်ကားလ်လဲပြီး အောက်သို့မစ်စီကျသွားခဲသော်
"ကားလ် မသွားနဲ့ မသွားနဲ့"
မိုးသီး များက သူတို့ကို လာမှန်နေကြသည်။

 ကားလ်က နန်စီကို ပြန်ကန်သည် ။ သို့သော်လည်း အရှိန်လွန်ပြီး နောက်သို့ယိုင်သွားသည်။ လက်တစ်ဘက် က မစ်စီ ကို ဖက်ထားပြီးကျန်လက်တစ်ဘက်ဖြင့် လက်တန်းကို ဖမ်းဆုပ်လိုက်သည်။
သူ ၏ တစ်ခစ်ခစ်ရယ်သံသည် ပို၍ ကြောက်မက်ဖွယ်ကောင်းလာသည်။
ကုန်းဘောင်ပေါ် မှာ ရေခဲတွေဖုံးပြီး ချော်နေသည်။ မစ်စီကို ထိုအပေါ်မှာ သူချသည်။ လက်တစ် ဘက်ဖြင့် ကိုင် ထားသည်။
"ငါ့အနားကိုမလာနဲ့ မိန်းကလေး၊ နင့်သမီး ကို ငါပစ်ချလိုက်မယ်နော် ဟိုလူတွေ မလာခဲနဲ့လို့ပြောလိုက်၊ ငါသွားချင်ရာ ကို လွတ်လွတ်လပ်လပ်သွားမယ်၊ မသွားရရင် ဒီကလေးကို ပစ်ချလိုက်မယ်"
"ကားလ် ကလေးပြန်ပေးပါ၊ ကလေးပြန်ပေးပါ"
"မပေးဘူး၊ ငါ့ကို ဘာမှ မလုပ်စေနဲ့"
ထိုသို့ ပြောရင်းကုန်းဘောင် အတိုင်း တစ်ဘက်သို့ လျှောက်ဖို့ ဟန်ပြင်သည်။

"ကားလ် မသွားနဲ့၊ အောက်ကိုကျသွားလိမ့်မယ်၊ ရှင်ရေကိုကြောက်တာ ကျွန်မသိတယ်၊ ရေထဲ ဆင်းပြီး ရှင့်ကိုယ်ရှင်သတ်သေတယ်ဆိုတာ မဖြစ်နိုင်ကြောင်း အခုမှ ကျွန်မသိတယ်၊ ရှင်ရှေ့ ဆက်သွားရင် ရေထဲ ကျ သွားလိမ့်မယ်၊ ရှင်ရေနှစ်ပြီးသေသွားလိမ့်မယ်၊ မသွားနဲ့ ပြန်လာခဲ့"
လေသံ ကို အတည်ငြိမ်နိုင်ဆုံးဖြစ်အောင် ကြိုးစားထိန်းပြီး နန်စီက လှမ်းအော်ပြောသည်။ လေက ပြင်းထန်စွာ  တိုက်နေသည်တစ်ကြောင်း၊ အောက်မှလှိုင်းရိုက်သံများ ဆူညံနေသည် တစ်ကြောင်း တို့ကြောင့် အသံကုန် အော်ပြောနိုင် မှ တစ်ဘက်လူ ကြားရလောက်သည်။
နန်စီ ရှေ့ သို့ ခြေတစ်လှမ်းတိုးလိုက်သည်။
 ထိုအချိန် မှာ အသံတစ်ခုကို ကြားလိုက်ရသည်။
 ကျိုးကျသည့် အသံ ၊ ကုန်းဘောင်ကျိုးသွားသည့်အသံ။

နန်စီ ကြည့်နေဆဲမှာပင် ကားလ် နှင့် မစ်ဆီတို့  အောက်မှ ကုန်ဘောင်ကျိုးကျသွားသည်။
ကားလ် က မစ်စီ ကို လွှတ်လိုက်ပြီး လက်ရမ်းတိုင်ကို ဖမ်းဆွဲသည်။
နန်စီက ဘာကိုမှစဉ်းစားမနေနိုင်တော့ဘဲ ရမိရရာ ဖမ်းဆွဲသည်။ မစ်စီ ၏ ဆံပင်ကို ဆွဲမိထားသည်။
ကားလ် ဆွဲထားသည့်လက်ရမ်းပြုတ်သွားသည်။ ကားက နန်စီ၏ခြေထောက်ကို ဖမ်းဆွဲသည်။
နန်စီ က တအားအော်သည်။ ရှိသမျှအားဖြင့် တောင့်ခံထားသည်။ သို့သော်လည်း မစ်စီကို ဆွဲထားရ သည်က တစ်ကြောင်း၊ အကုပ်မရှိသည်ကတစ်ကြောင်း၊ ကားလ်၏ ကိုယ်ကလေးသည် တစ်ကြောင်း တို့ကြောင့် တဖြည်းဖြည်းအောက်သို့ လျှောကျလာသည်။

ထိုအချိန်မှာပင် တစ်စုံတစ်ယောက်က နောက်မှနေ၍ သန်မာသောလက်ဖြင့် သူ့ခါးကို သိမ်းဖက် လိုက် သည်။
တစ်ပြိုင်တည်း မှာ ပင် မစ်စီ ကိုပါ ဆွဲယူလိုက်သည်။
နန်စီ သည် ရေးလ် ၏ လက်တွင်းသို့ ပျော့ခွေပြီးပါသွားလေသည်။
သူဘာကို မှ မသိတော့ပါ။
ကျောက်ဆောင်များကို ဒေသတကြီးပြေးလာ ရိုက်နေသည့် ပင်လယ်လှိုင်းလုံးများပေါ်သို့ ကားလ် ကျ သွားသည် ကို လည်းသူ မသိလိုက်တော့ပါ။
အခန်း(၃၁)

မီးလင်းဖိုထဲ မှ ထင်းတုံးကြီးကိုအားရပါးရ မီးဆွဲလောင်နေသည်။ အခန်းထဲမှာ ကောင်းစွာနွေးထွေး နေသည်။
လတ်ဆတ်သော ကော်ဖီနံ့ တထောင်းထောင်း ထလာသည်။ ၀စ်ဂင်တို့ လင်မယားက သူ့တို့ ဆိုင် သွား ဖွင့်ပြီး ဆင်းဒ၀စ်မုန့်များယူလာသည်။ ဒေါ်ရော်သီ ဖျော်နေသည့် ကော်ဖီနှင့် အလော် တော်ဖြစ်သွားသည်။
နန်စီ၊ ရေး နှင့် ကလေးများ ဆေးရုံမှ ပြန်ရောက်လာကြသောအခါ စားဖို့သောက်ဖို့ အရန်သင့် ဖြစ်နေ တော့ သည်။
သတင်းထောက် များ နှင့် ရုပ်မြင်သံကြား ဆရာများကိုလည်း ကျွေးပါဟုနန်စီက တိုက်တွန်းသည်။
နန်စီ တို့ မိသားစု ဆေးရုံမှအိမ်သို့ပြန်ရောက်လာပုံကို ရုပ်မြင်သံကြားဆရာများနှင့် သတင်း ထောက် များ က ဓာတ်ပုံများ မနားတမ်းရိုက်ကြသည်။

မနက်ဖြန်ကျလျှင် သတင်းထောက်အားလုံးနှင့် တွေ့ဆုံပြီး အမေးအဖြေပြုလုပ်ပါမည်ဟု သူတို့က ကတိ ပေးကြ သည်။
"လောလောဆယ် တစ်ခုတော့ ကျွန်တော် ပြောပါ့မယ်၊ ကျွန်တော်တို့ သားနဲ့သမီးလေး ဘေး အန္တရာယ် ကင်းကင်း နဲ့ ပြန်ရောက်လာဖို့ ၀ိုင်းဝန်းဆုတောင်း ပေးကြသူ အားလုံးကို ကျွန်တော် တို့ မိသားစုက ဖော်မပြ နိုင်လောက်အောင် ကျေးဇူးတင်ပါတယ်"
ရေးက သတင်းထောက်များ မိုက်ကရိုဖုန်းများ ရှေ့မှာ ပြောသည်။
ကီနေ တို့ လင်မယားက စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်ပြန်ကြသည်။ အယ်လင်သည် သူ၏ ဆောင်ရွက်မှု့ ကို ကျေနပ်မဆုံးဖြစ်နေသည်။

သို့သော်လည်း ကုတ္တနေပါးရစ်(ခေါ်) ပါမောက္ခဟောင်း ကားလ်ဟာမွန် ဆိုသောအရူးကြီးနှင့် သူ့ သား နေးလ် စကား ပြောခဲ့သည့် အကြောင်းကို ပြန်သတိရသောအခါ တစ်ကိုယ်လုံး တုန်သွား လေသည်။
နန်စီ က နှစ်ခြိုက်စွာ အိပ်ပျော်နေသော မစ်စီ ကို တင်းတင်းပွေ့ရင်း ခုံတန်းလျားပေါ်မှာ ထိုင်နေ သည်။
မိုက်ကယ် က မေးခွန်းတွေ ထုတ်နေသည့် လင်ဒန် ကို အဖြေပေးနေသည်။ စ ဖြေကာစတုန်းက သူ့အသံ မြန်သည်။ စိတ်လှုပ်ရှားနေပုံရသည်။ တဖြည်းဖြည်းနှင့် တည်ငြိမ်လာသည်။
စိတ်ကောင်း ရှိတဲ့လူကြီးက လူဆိုးကြီးကိုတိုက်ခိုက်တယ်၊ ကျွန်တော့်ကိုလွတ်အောင် ထွက်ပြေးပြီး ကယ်မယ့် လူ ရှာဖို့ပြောတယ်၊ ဒါပေမယ့် မစ်စီ မပါဘဲ ကျွန်တော် အဲဒီအိမ်ကြီးက ထွက်မသွားချင် ဘူး၊ ဒါကြောင့် ညီမလေး ရှိတဲ့အပေါ်ထပ်ကို ပြန်ပြေးတက်ခဲ့တယ်၊ ပြီးတော့ မာ့မီ ဆီ ကို ဖုန်းဆက် တယ်၊ ဒါပေမယ့် ဖုန်းက ပြောရင်း အသံပျောက်သွားတယ် အဲဒီနောက် မစ်စီကိုချီပြီး အောက်ထပ်ကို ဆင်းဖို့ ကျွန်တော် ကြိုးစားတယ်။ အဲဒီအချိန်မှာပဲ လူဆိုးကြီးရောက်လာပြီး….
ရေး က သူ့သား ကို လှမ်းဖက်လိုက်သည်။

"လိမ္မာလိုက် တဲ့ သားလေး၊ လိမ္မာလိုက်တဲ့သားလေး…"ဟုလည်း တတွတ်တွတ် ရွတ်နေသည်။
ကားလ် ရိုက်သဖြင့် မိုက်ကယ်၏မျက်နှာမှာ အညိုအမည်းစွဲနေသည်။ နန်စီ ၏ ကိုယ်မှာလည်း ဒဏ်ရာအနည်းငယ်ရှိသည်။
ခရိုင်ရဲအရာရှိ ဂျက်ကော်ဖင်က ကော်ဖီပန်းကန်ကိုအောက်ချပြီး သတင်းစာတိုက်များသို့ ထုတ်ပေး မည့် ကြေညာချက် ကို အသေးစိတ်ပြန်ဖတ်ကြည့်နေသည်။
ပါမောက္ခကားလ်ဟာမွန်(ခေါ်) ကုတ္တနေပါးရစ်ကို အသက်ရှင်လျက်ဖြင့် ရေထဲမှပြန်လည် ဆယ်ယူ ရရှိခဲ့ ပါသည်။ သူ့အသက်မပျောက်မီ အစစ်ခံချက်ကို ပေးသွားနိုင်ခဲ့ပါသည်။
လွန်ခဲ့သည့် ခုနစ်နှစ်က သူ့သားသမီးများ ဖြစ်သည့် ပီတာနှင့် လီဇာကို သူကိုယ်တိုင် သတ်ခဲ့သည့် အကြောင်း ကို လည်းကောင်း၊ နန်စီအဲလ်ဒရက်ခ်ျ၏ မိခင်သေဆုံးရခြင်းနှင့်ပတ်သတ်၍ သူ့တွင် တာဝန် ရှိသည် ဟူ၍လည်းကောင်း ၀န်ခံသွားပါသည်။

နန်စီနှင့်သူလက်ထပ်ဖို့စီစဉ် ထားသည်ကို နန်စီ၏ မိခင်က ကပျက်ယပျက်လုပ်မည်စိုးသော ကြောင့်သူတို့ သုံးယောက် ညစာ အတူးစားကြသည့် ညတွင် နန်စီအမေ ၏  မော်တော်ကား လက်ကိုင် ချွတ်ယွင်းအောင် သူပြုလုပ် ထားခဲ့ကြောင်း သူဝန်ခံပါသည်။ ပါမောက္ခဟာမွန်၏ ပြန်လည်တိုက်ခိုက်ခြင်းကို ခံရသော မစ္စတာဂျွန်ကရက်ဂိုပေါလော့စ် မှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိ သွားပါသည်။ သို့သော်လည်း စိုးရိမ်စရာ မရှိကြောင်း ဆရာဝန် များက ပြောပါသည်။
အဲလ်ဒရက်ခ်ျ၏ကလေးများကို ဆေးစစ်ကြည့်ရာ အနည်းငယ်ပွန်းပဲ့ဒဏ်ရာမှအပ အခြးဘာဒဏ်ရာ မှမရှိ။ ကြေညာချက် ကို ကျေနပ်သောအခါ သတင်းထောက်များအား ထုတ်ပေးလိုက်ခြင်း သူ့အိမ် ပြန်ခဲ့သည်။ အိမ်မှာ မအိပ်ပဲ စောင့်နေမည့် သူ့ဇနီးဒေလီယာ ကို ဇာတ်လမ်းစုံ ပြန်ပြေပြရဦးမည်။

သူ့တို့ရှုခင်းသာအိမ်ကြီးရှိရာ သို့ လိုက်အလာတွင် လမ်းမှာသစ်ပင်နှင့်တိုက်ပြီး ပျက်နေသော နန်စီ၏ ကားကိုတွေ့ကြရသည်။
ရေးကဆင်းကြည့်ချင်သည်။ သို့သော်လည်း ဂျက်ကော်ဖင် က ကားထဲမှာနန်စီ မရှိနိုင်တော့ ကြောင်း၊ ရှုခင်းသာ အိမ်ကြီး သို့ ဖြစ်သည့်နည်းဖြင့် သွားနှင့်လောက်ပြီဟု ထင်ကာမဆင်းဘဲ ဇာတ်လာခဲ့သည်။
သူ့အဆုံးအဖြတ် က မှန်သွားပါသည်။ မော်တောကားပျက် ကို ဆင်းကြည့်နေသဖြင့် အချိန်နောက် ကျခဲ့သော် ဇာတ်လမ်း က တစ်မျိုးတစ်ဖုံ ပြောင်းသွားမည်မှာ သေချာသည်။
ဒေါ်ရော်သီက ကော်ဖီများကိုလိုက်ဖြည့်ပေးနေသည်။ လက်အိတ်ကလေးကို ရှုခင်းသာအိမ်ကား ဂိုဒေါင် ထဲတွင် တွေ့ပြီးမစ်စီ ၏ လက်အိတ်မှန်းလည်း သိပါလျက်နှင့် အချိန်မီ မပြောမိသည့်အတွက် သူ့ကိုယ်သူ အပြစ်တင် မဆုံး ဖြစ်နေသည်။

"မသေကောင်း မပျေက်ကောင်း"ဟုလည်း မကြာခဏ ရေရွတ်နေသည်။
ပရစ်စီလာ ကွယ်လွန်တုန်းက နန်စီဆီသို့မသွားလိုက်ရသော်လည်း ယခုကိစ္စတွင် နန်စီကို လာရောက် ကူညီခွင့်ရသည့် အတွက် ဒေါက်တာလင်ဒန်မိုင်းလ်စ်က စိတ်ချမ်းသာသွားသည်။
ပရစ်စီလာ ကွယ်လွန်စဉ်က သူသွားဖြစ်ခဲ့သော် ပါမောက္ခကား ဟာမွန်ကို သူတွေ့မည်။ တွေ့လျှင် စိတ်ဖောက်ပြန် နေသူ ဖြစ်ကြောင်း သူသိမည်။ သိလျှင် နန်စီကိုအကျိုးအကြောင်း ပြေပြကာ လက်မထပ်ဖို့ တိုက်တွန်း မိမည်။ ထိုသို့ လက်မထပ်မိလျှင် သူတို့ ဇာတ်လမ်းသည်လည်း တစ် မျိုးတစ်ဖုံ ပြောင်းလဲ သွားမည် ဖြစ်ကြောင်း စဉ်းစားကြည့်နေမိသည်။
"ကော်ဖီထည့်ဦးနော်"

ဒေါ်ရော်သီက ဂျိုနသန်နိုးလ်စ်၏ ပန်းကန်ထဲသို့ ကော်ဖီထည့်ပေးသည်။ ဂျိုနသန်က ဒေါ်ရော် သီကို မော့် ကြည့် သည်။
"လက်အိတ် ကလေးအကြောင်း မပြောမိတာနဲ့ခင်ဗျား ကိုယ်ခင်ဗျား ပြန်မပြစ်တင်မနေပါနဲ့ဗျာ၊ ဒီအိမ်ကြီး ကို ဂျွန်ကရက်ဂိုပေါလော့စ် ဒီနေ့ကြည့်ဖြစ်အောင် ခင်ဗျားလိုက်ပြလိုက်လို့ ကလေးတွေ အသက်ရှင် သွားတာပါ၊ ကားလ်ဟာမွန်ကို သွားဟန့်ထားလိုက်သလို ဖြစ်သွာတယ် မဟုတ်လား၊ အဲဒီလို အကောင်း ဘက်က တွေ့ရမှပေါ့"
"အပြစ်တင်ကြစတမ်း ဆိုရင် ကျွန်တော့ကိုလဲကျွန်တော် တင်စရာရှိနေတာပဲ၊ ဘာကြောင့်လဲဆို တော့ မနက်ဘက် ရှုခင်းသာ အိမ်ရှေ့က ဖြတ်ပြီး လမ်းလျှောက်တိုင်း ပြောင်ပြောင် ပစ္စည်းတစ်ခုကို တွေ့ပြီး စိတ်ထဲ မှာ စနိုးစနောင့်ဖြစ်နေခဲ့တယ်၊ ရေးကိုပြောမယ်လုပ်ပေမယ့် မပြောဖြစ်ဘူး၊ ပြောသာ ပြောဖြစ်ရင် မသင်္ကာလို့ ၀င်ရှာမိမယ်၊ ရဲကိုအကြောင်းကြားမိမယ့်၊ ဒီအမှုဖြစ်လာစရာအ ကြောင်းမရှိဘူး ဒါကြောင့် ခင်ဗျားအပြစ် က ဘယ်လောက်မှမကြီးပါဘူး စိတ်အေးအေး ထားပါ"

ပြီးသွားပြီ၊ အားလုံးပြီးသွားပြီဟု နန်စီက တွေးနေမိသည်။ မစ်စီကို တင်းတင်းကြီး သူဖက်ထား သည်။
ရေးက မိုက်ကယ်ကို ဆွဲယူဖက်လိုက်သည်။
"သားလေး သိပ်ပင်ပန်းနေရောပေါ့၊ ကလေးတွေကို အိပ်ရာထဲပို့ပြီး သိပ်လိုက်ရင်ကောင်းမယ် ထင်တယ်"
မိုက်ကယ် က သူ့အမေကို လှမ်းကြည့်သည်။

"မာမီ-မာမီ့မွေးနေ့မလုပ်လိုက် ရဘူးနော်၊ နောက်ပြီးတော့ ကျွန်တော်လဲ လက်ဆောင်ပစ္စည်း မ၀ယ် လိုက်ရဘူး"ဟု ပြောသည်။
"မပူပါနဲ့သားရယ် အနက်ဖြန်ကျရင် မာမီ့မွေးနေ့ပွဲအခမ်းအနားလုပ်ကြတာပေါ့၊ အဲဒီအခါကျ တော့ သား လက်ဆောင် တွေပေးနိုင်တာပဲ" ရေးက သူ့သားကိုပြောသည်။ ပြီးတော့ နန်စီရှိရာသို့ ထလာသည်။
နန်စီ၏ ခေါင်းကို အသာကိုင်သည်။ ဆံပင်ရင်းတွင် အနီကလေးများကို သူမြင်နေရသည်။
"မင်းဆံပင် တွေ လဲ မကြာခင် ရွှေရောင်တွေပြန်ဖြစ်လာတော့မှာ မြင်ယောင်သေးတော့တယ်ကွာ"
ရေး က တစ်လုံးချင်း ပြောလိုက်လေသည်။

ပြီးပါပြီ
.

6 comments:

Anonymous said...

ရေး.....ပီးသွားဘီကွ ခုမှတာဝန်တခု ပီးသွားသလို ခံစား ရတော့တယ် ကျေးဇူး အကြီးကြီးပါ မမ 

Anonymous said...

ကျေးဇူးတင်ပါတယ် အစ်မတို့ရေ..
နောက်ထပ် စာကောင်းလေးတွေ ထပ်တင်ပေးပါအုံးနော်.

Anonymous said...

ဒီပိုစ်လေးကို ညကထဲက စောင့်ဖတ်တာ။ မန့် ရမလားလို့  ဝင်ဖတ်တော့ ကိုယ်လိုစောင့်ဖတ်တဲ့ သူတွေ မန့် တာတွေ့ တယ်။ ပြီးတော့ အင်တာနက်က မသွားတော့ဘူး။ ခုမှပဲ အလုံးကြီးလည်းကျ မန့် လို့ လည်းရသွားတော့တယ်။ ဟီး

စော

mstint said...

ကျေးဇူးပါညီမရေ။ ကျေနပ်စွာနဲ့ ဇာတ်သိမ်းလေးဖတ်သွားပါပြီကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

အစကနေဖတ်ချင်ရင် ဘယ်လိုပြန်ရှာရလဲဟင်
ဖတ်ချင်လို့ပါဗျာ

Anonymous said...

ဘာသာပြန်စာအုပ်များ ခေါင်းစဉ်မှာ အထောက်တော်လှအောင် ၏ ကြမ္မာ ဆိုတဲ့ခေါင်းစဉ်မှာ နှိပ်ပြီးဖတ်ရင် တင်ထားသမျှ အပိုင်းတွေ အစဉ်လိုက်ဖတ်လို့ရပါတယ်.....