သုခ
ဖလင်ပေါ်မှ ၀ိပဿနာ
ဖလင်ပေါ်မှ ၀ိပဿနာ
ဟေ့ အောင်သိန်း
ငါက သီတင်းဝါလကျွတ်တဲ့ မင်းရဲ့ ၁၆ နှစ်မြောက်မှာ ဆောင်းပါးရေးပေးလိုက်တာကို မင်းက "သုခ ဘယ်လဲ" ဆိုတဲ့ ဆောင်းပါး ရေးလိုက်တော့ ငါက ပြန်ဖြေချင်တဲ့ အာသီသပေါ်လာရတယ်။ ဒါဟာ မင်း ဥာဏ် ဘဲ၊ မင်းက ငါ့ဆီက ဆောင်းပါးတစ်စောင် ထပ်ရအောင် ကလိထိုးလိုက်တာပဲ။
အေး သုခဘယ်လဲလို့သာ မင်းကပြောတယ်၊ သုခဘယ်လဲဆိုတာ မင်းကိုယ်တိုင်ဖြေပြီးသား ဖြစ်နေပါပေါ့ ကလား။ ကဲ အခု တစ်ပါတ်လဲ ငါက ရေးပြလိုက်အုံးမှ (ဒါပေမယ့် လတိုင်းတော့ ပေးချင်မှ ပေးနိုင်မှာနော် မကလိ နဲ့ ဟုတ်လား)
လောကမှာ လူတွေ အမျိုးမျိုးရှိကြတယ်။ အမျိုးရယ်၊ အဆင့်အတန်းရယ် ဘာသာရယ်ပေါ့ကွာ၊ အေး အမျိုး အစား ဘယ်လောက်ကွဲပြား ကွဲပြား၊ လူမျိုးတစ်ရာ့တပါးလို့ပဲ ဆိုချင်ဆို၊ တကယ်ကွဲတာကတော့ သတိလုံး လုံးမရှိတဲ့ လူရယ်၊ သတိလုံးလုံးရှိသူရယ်၊ သတိမရှိတ၀က်၊ ရှိတစ်ဝက် ဖြစ်နေတဲ့လူရယ် အဲသည့် သုံးမျိုးပဲ ရှိတယ်။
သဘာဝကျကျ ဓမ္မအတိုင်း ပြောရမယ်ဆိုရင် လောက ရဲ့ ဒုက္ခဆိုတာတွေကို လုံးလုံးမသိတဲ့လူရယ်၊ ဒုက္ခဆို တာတွေ ကို လုံးလုံးအမြဲ သိနေတဲ့လူရယ် မသိတစ်ချက် သိတစ်ချက် ဖြစ်နေတဲ့လူရယ်၊ အဲဒါပေါ့ကွာ၊ ငါ ပြော တဲ့ စကားတွေ နဲနဲကြီးကျယ်နေသလားဟေ့၊ ကဲ ဒါဖြင့် မမြဲတဲ့သဘောတရားတွေလို့ပဲ မှတ်ကွာနော်။
ကဲ ဖလင်ထဲက တွေ့ရတဲ့ ၀ိပဿနာဆိုတာကို ငါပြောတော့မယ်။ မင်း သေသေချာချာ နားထောင်နော်၊ နားထောင်ပြီး တွေးကြည့် မြင်ဖူးတာ တွေ့ဖူးတာနဲ့ စပ်ဟပ်ကြည့်။ ဖလင်ကော်ပြားတစ်ပေမှာ အကွက် ကလေး ပေါင်း ဘယ်နှစ်ကွက်ရှိသလဲ၊ မင်းသိမှာပေါ့၊ တစ်ဆယ့်ခြောက်ကွက်လေ (၃၅ မီလီမီတာ) တစ်ကွက် နဲ့ တစ်ကွက်ဟာ ပြေးလွှားလှုပ်ရှားနေတဲ့ အရုပ်ဆိုရင် နဲနဲသိသိသာသာ ကွဲပြားခြားနား လာတယ်။
ထိုင်လျက် ရပ်လျက် စကားပြောနေတာမျိုးဆိုရင် မသိမသာလောက်ပဲ ကွဲပြားတယ်။ အေး အဲဒီကော်ပြား ဖလင် ကို တစ်မိနစ်လျှင် ပေကိုးဆယ်နှုန်းနဲ့ စက်ထဲမှာ ထည့်ပြလိုက်တော့ အကွက်ပေါင်း ၁၆+၉၀=၁၄၄၀ အဆက် မပြတ် မြင်လိုက်ရတယ်။
ပိတ်ကားပေါ်မှာ နောက်က ထိုးပေးတဲ့ မီးရောင်ကြောင့် အရုပ်ကလေးတွေ ထင်နေတာ။ လှုပ်ရှားနေတာကို တစ်မိနစ် ကို အကွက်ပေါင်း ၁၄၄၀ မြင်နေရတော့ တို့တတွေဟာ အသက်ဝင်နေတယ်လို့ မထင်ရဘူးလား။ ထင်ရတယ် နော်၊ စက်ရပ်သွားရင် တန်းလန်းကြီး ဖြစ်နေမယ်နော်၊ ကဲ အဲဒါဟာ အဆက်မပြတ် သဘောကို အာရုံမှာ ရှိသလို ထင်ပြီး မြင်နေရတော့ မြဲတယ်ထင်ပြီး ရယ်ကြငိုကြတယ်၊ လက်ခုပ်တီးကြတယ်၊ သြဘာ ပေးကြတယ်။
နေအုံး၊ ဒီကြားထဲမှာ တစ်ခုပြောလိုက်အုံးမယ်၊ အရုပ်အကွက်လေးပေါင်း ၁၄၄၀ကို မီးရိုးရိုးနဲ့ပြပြီး လှည့်ရင် ဘာမြင် ရလဲ သိသလား၊ မသဲမကွဲသော အရောင်တွေပဲ မြင်ရမယ်။ ကားကွက် ကလေးတစ်ကွက်နဲ့တစ် ကွက် တွေ့မြင်ရမယ်။ အဲဒါကို ဘယ်သူက ဖုံးပေးသလဲသိလား။ အရှေ့ဆုံးမျာ အချက်ကျလည်ပေးရတဲ့ ပန်ကာ အရွက်ကလေးက တစ်ခုနဲ့တစ်ခု အကူးအပြောင်းမှာ မျက်စိ မှိတ်သလို မှိတ်ခနဲ မှိတ်ခနဲ ဖုံးပေး ရတာ။ ဒါမှ အကောင်အထည်ဟာ ကြားထဲမှာ ကွက်လပ်မရှိဘူးလို့ ထင်ရတယ်။
ဒါကို တရားလို ပြောရရင် (သင်္ကာ)လို့ ခေါ်တဲ့စိတ်ပဲ၊ သင်္ကာဆိုတာ ဟုတ်သလိုလို ထင်ရတဲ့စိတ်ပဲ နား လည်ပြီလား၊ ဒါကြောင့် တို့တတွေ ပြောနေတဲ့ စကားတွေထဲမှာ ဟုတ်သလိုလို မဟုတ်သလိုလို ယုံရမှာ လိုလို မယုံရဘူးလိုလို ၀ိဝါဒ ဖြစ်လာရင် သင်္ကာရှင်းကြတယ်လို့ ဆိုကြတာပေါ့။ နားလည်ပြီလား။
အဲသည် သင်္ကာက ဖုံးပေးတော့မှ အမြဲရှိတယ်လို့ ထင်မှားလာရတာ။ သဘောပေါက်ပြီလား။ အဲဒီတော့ ရုပ်ရှင် ကော်ပြား က အရုပ်ကလေးတွေဟာ တစ်မိနစ်ကို အကွက်ပေါင်း ၁၄၄၀ လောက်သာ သင်္ကာနဲ့ဖုံးပြီး လှည့်ပြ တာကို တို့က အသက်ရှင်နေတဲ့ အရုပ်ပဲလို့ ထင်နေကြသေးရင် လက်ပစ်တတွတ် (လက်ဖျောက် တစ်ချက်တီး) အချိန်ကလေးမှာ ကုဋေတစ်သိန်း ဖြစ်တယ်။ ပျက်တယ်ဆိုတဲ့ (အလျင်)နဲ့ မြင် နေကြရတော့ ဘယ်သူ က မမြဲပါဘူးလို့ ပြောနေနေ သဘောတရား မခေါက်မိရင် ဘယ်သူမှ မယုံချင်ကြတော့ဘူး မဟုတ်လား ဟင် မင်း စဉ်းစားကြည့်နော်။
ဒီတော့ ဘုရားက ဟောတဲ့ ကုဋေ ပေါင်းတစ်သိန်း ပြောင်းလဲ ဖြစ်ပျက်နေပါတယ်ဆိုတာ ဖလင်ကော်ပြားကို ကိုင်ကြည့် ပြီး တည်းဖြတ်မှု အယ်ဒီတင်း လုပ်နေတဲ့ အချိန်မှာ ဟုတ်မှာပဲ၊ မှန်လှချည်ရဲ့ မှန်လှချည်ရဲ့လို့ ထခုန်တော့ မလောက် သိရတယ်။ အံ့သြရတယ်။ ဘုရားကို ချီးမွမ်းရတယ်။
အမယ်ခင်ဗျားက ဘုရားကို ချီးမွှမ်းရတယ်လို့ ပြောရသလားဆိုပြီး စောဒက မတက်ချင်နဲ့ ဟန်မလုပ်ချင်နဲ့ သိချင်ယောင် မဆောင်ချင်နဲ့၊ လူဆိုတာ တကယ်လက်တွေ့သိမှ ယုံရတာ အရသာကြီးရှိတာ။ ဒါတောင်ယုံ လိုက်တုန်း ခနပဲ။ နောက်ကျတော့ မောဟက လွှမ်းသွားပြန်လေရော။ ဖုံးသွားတာနဲ့ တပြိုင်နက် မိုက်မြဲမိုက်၊ မေ့မြဲမေ့ သွားပြန်လေရော ကဲ ဟုတ်မဟုတ် မင်းစဉ်းစား။
နောက်ပြီးတော့ တစ်ခုရှိသေးတယ်။ ဘယ်အရာ ဖြစ်ဖြစ်၊ ဘယ်သတ္တ၀ါဖြစ်ဖြစ် ဓာတ်ခွဲကြည့်လိုက်ရင် တွဲ နေတာ၊ ခွဲမရတာ အမျိုးအစားရှစ်ခုပဲ စုပေါင်းနေကြတာချည့်ပဲတဲ့။ ပါဠိလိုဆိုရင် အ၀ိနိဗ္ဘေဂတဲ့ ဒါတွေဟာ ဘာတွေလဲ ဆိုတော့ အမာဓာတ်၊ အရေဓာတ်၊ အရသာ အနှစ်သြဇာ ဒါတွေပဲ။ အဋ္ဌက ကလာပ်လို့လဲ ခေါ်ကြ တာပေါ့။
ပါဠိကို ခက်တယ်ထင်ရင် သဘောသာ မှတ်ထားအုံးပေါ့ကွာ၊ ငါလဲ အကျဉ်းဆုံးသာ ပြောပြနိုင်မယ်၊ ဆိုလို ဒါက အဲဒါတွေကြောင့် ငဖြူရယ်၊ ငနီရယ်လို့ အမည်ကွဲနေကြရတာလဲတဲ့၊ လူရယ်၊ နွားရယ်၊ ငှက်ရယ်လို့လဲ ဘာဖြစ် လို့ သီးခြားပြီး မှတ်မိနေကြရသလဲတဲ့။
ကဲဒါကိုလည်း ဖလင်နဲ့ ရှင်းပြမယ်ကွာ၊ (ငါသိသလောက်နော်) မင်းမယုံရင်စမ်းကြည့်၊ ဖလင်ကွက်ထဲက ၀ါဝါ၀င်းရွှေ ကို (ဥပမာပြောတာလေ) နဂ္ဂတစ်ကို (နဂ္ဂတစ် = အမှန်မဟုတ်သော ပြောင်းပြန်သဘောတရား ဓာတ်ပုံ ဆေးသား)အေး အဓိပ္ပါယ်ရှင်းရတာနဲ့ စကားဆက်ပြတ်သွားတယ်။ အဲဒီ နဂ္ဂတစ် ကို ကြည့်ရင် အရပ်သား ရိုးရိုး က ၀ါဝါ၀င်းရွှေ မှန်း မသိနိုင်ကြဘူး မဟုတ်လား။
ဘာဖြစ်လို့လဲဆိုတော့ အပြင်ဖက်မှာ ဖြူတာတွေက အားလုံးမည်းနေတာ၊ အပြင်ဖက်မှာ မည်းနေတာက ဓာတ်ပုံ ဆေးသားပေါ်မှာ အားလုံးဖြူနေကြတယ်လေ၊ ဟုတ်တယ်မဟုတ်လား၊ ဥပမာ ဆံပင်တွေက ဓာတ်ပုံ ကော်ပြားပေါ်မှာ ဖြူနေပြီး သွားတွေကြတော့ အားလုံမည်းနေကြတယ်လေ၊ ဒီလိုပြောင်းပြန် ဆိုတော့ မျက်စိလယ်ပြီး ၀ါဝါ၀င်းရွှေမှန်း မသိကြတော့ဘူး။
အေး တို့တတွေကျတော့ ဓာတ်ပုံဆေးသား ကို ကြည့်မယ်ဆိုကတည်းက တို့စိတ်က ဘယ်လို ရှေးရှုထား သလဲ၊ ကဲ ငါဓာတ်ပုံဆေးသားကို ကြည့်တော့မယ်၊ ဒါကြောင့်မို့ ဟိုအထဲက ဖြူတာမြင်ရင် ငါက မည်းတယ် လို့ မှတ်မှာ မည်းတယ်မြင်ရင် ငါကဖြူတယ်လို့ မှတ်ရမဟဲ့ လို့ ကိုယ့်စိတ်ကို သတိပေးထားခဲ့ တာကိုးကွ၊ ဒီတော့ ၀ါဝါ၀င်းရွှေ ရယ် လို့ တို့ကသိလိုက်တာပေါ့။
ဟေ့ကောင် ငါပြောတာတွေ မင်းနားလည်ရဲ့လားလို့ဆိုတာ ရှင်းရဲ့လား၊ ငါရှင်းအောင်ပြောနိုင်ရဲ့လားလို့ မေးတာ ပါကွာ၊ ငါကကြိမ်းနေတာ မဟုတ်ပါဘူး၊ နေအုံး ငါတစ်ခု ပြောအုံးမယ်။ အရုပ်တွေ အများကြီးရှိတဲ့ အနက်က ဒါက ၀ါဝါ၀င်းရွှေ၊ ဒါဟာ ကြည်ကြည်ဌေး၊ ဒါဟာ ဒေစီကျော်ဝင်းလို့ ဘာဖြစ်လို့ ရွေးနိုင်တာလဲဆို တော့ အခုနပြောတဲ့ ဓာတ်သဘော ရှစ်ပါးအနက်က ၀ဏ္ဏဆိုတဲ့ မြင်ကွက်ထဲမှာ မျက်လုံးက သူများနဲ့မတူလို့ နှာတန်က သူများနဲ့မတူလို့ စသည်အားဖြင့် ပေါ့ကွာ။ ဒါက တို့သိထားတဲ့လူ၊ ရင်းနှီးထားတဲ့လူဆိုတော့ သူ့ဟာနဲ့သူ မှတ်မိထားလို့ပေါ့။
တကယ်လို့ ရုပ်ရှင်ဆိုရင် တစ်ခါမှ မကြည့်ဘူးတဲ့လူကို ပြကြည့်ရင် (နဂ္ဂတစ်မဟုတ်ဘဲ ပုံမှန်ပေါ့စတစ်ပဲပြ ကြည့်အုံး) ဒါဘယ်သူလဲတော့ မသိဘူး၊ မိန်းကလေးတစ်ယောက်ပဲလို့" သာ ဖြေကြမှာပေါ့ မဟုတ်ဘူးလား၊ တို့ကတော့ ဘာဖြစ်လို့ သိသလဲ၊ အဲဒါသိထားခဲ့ဖူးတဲ့ အမှတ်တရား "သညာ" ဆိုတဲ့ စိတ်ကြောင့်ပဲ။ ဒါကြောင့် အမှတ်သညာ မရှိတဲ့အကောင်လို့ ပြောတတ်ကြတဲ့ ဝေါဟာရရှိတာပေါ့ သိပြီလား။
ကဲကဲ အမှတ်သညာ ရှိပါတယ်ဆိုတဲ့ တို့ရုပ်ရှင်သမားတွေကိုပဲ အချက်တစ်ခုကို စမ်းကြည့်ရအောင်၊ ကဲ ၀ါဝါ ၀င်းရွှေရော၊ ကြည်ကြည်ဌေးရော၊ ဒေစီကျော်ဝင်းရော အဲသည့်ဖလင်သုံးခုကို ထပ်ကြည့်လိုက်စမ်းကွာ၊ အခု နပြောတဲ့ ၀ဏ္ဏဆိုတာတွေ အားလုံးဟာ အတူတူပေါင်းနေလိုက်တော့ ဘယ်သူမှန်းမျ မသိနိုင်တဲ့ ၀ဏ္ဏမြင် ကွင်းသာ တွေ့ရပေတော့မယ်ဟေ့။
ဒါဟာ ၀ါဝါ၀င်းရွှေရယ်၊ ကြည်ကြည်ဌေးရယ်၊ ဒေစီကျော်ဝင်း ရယ် သုံးခု ထပ်ထားတာဗျာလို့ ပြောနိုင်တဲ့လူ ရှိရင် ငါ့လည်ပင်းကို လာဖြတ်လှည့်တော့၊ ကဲဒါကြောင့် အဋ္ဌကလာပ်ရှစ်ပါးနဲ့ ရွေးချယ်ခေါ်ဝေါ်ဆက်ဆံနေ ကြရတယ် ဆိုတာ ထင်ရှားပြီ။ သညာ ဆိုတာလည်း ရှစ်ပါးစုတစ်ခုစီ ခွဲခြားပြနိုင်မှ သိနိုင်မယ်။
အသား အသားချင်းပေါင်း၊ အရိုးအရိုးချင်းပေါင်း၊ အသွေးအသွေးချင်းပေါင်း ရောနှောထားလိုက်ရင် သညာ မရှိ၊ ရုပ်မရှိ(၀ါ) ရုပ်မကွဲပြား၊ အားလုံးအားလုံး ဓာတ်သဘောတရားချည်းဖြစ်ကြောင်းကို ငါတော့ ဖလင် ကော်ပြားပေါ်က တွေ့ခဲ့ရသဗျား။
ဒါကြောင့် ထို့ကြောင့် "ဖလင်ပေါ်မှ ၀ိပဿနာ" လို့ ခေါင်းစဉ်တပ်ပြီး အကျဉ်းဆုံး တတ်နိုင်သမျှ ရှင်းပြလိုက် ရတယ်။ ငါ့ဆောင်းပါးကို စိတ်မှဝင်စားကြပါ့မလား မင်းရဲ့ရုပ်ရှင် မျက်မျန် ပရိသတ်ကို အကဲခတ်ကြည့်၊ စိတ် ၀င်စားတယ်ဆိုရင် မိတ်ကပ်လုပ်ရင်း အိုသေတော့မယ့် ပန်းချီဆရာ ကိုဘသစ်တို့ ပိုစတာ အရုပ်တွေဆွဲနေတဲ့ ပန်းချီတင်လှတို့ ၀တ္ထုမျက်နှာဖုံး အရုပ်ကလေးလှလှ ရိုက်ပေးနေတဲ့ ကာလာ မောင်ဝင်း တို့ရဲ့ အမှတ်တမဲ့ နေနေကြပုံကို ငါ သောက်တင်း ပြောပြအုံးမယ်။
" အမယ် ခင်ဗျားက ဘယ်လောက်များ တတ်နေ သိနေပြီလဲ" လို့ ငါ့ကို ပြန်မေးရင် " အေး လူများလောက် မတတ်၊ မသိပေမယ့် မင်းတို့ထက်တော့ နဲနဲပိုသိတယ်ဟေ့" လို့ ငါပြောဝံ့တယ် ယုံပြီလား ဟား ဟား ဟား။
သုခိအတ္တာနံ ပရိဟရန္တု
သုခ
(ပန်းချီကဲသာ၊ ကာတွန်းတွတ်တွတ်၊ ရှာဖွေတင်ပြသည်။)
အခန်း (၁)
၁၃၃၃ ခုနှစ်လောက်ကဟု ထင်သည်။ လနှင့်ရက်ကိုမူ မပြောတော့ပါ။ မန္တလေးမြို့၊ ရွှေကျင်နိကာယ ဗဟိုဌာန မဟာတိုက်သစ် သက်တော်ရှည်ကျောင်းအောက်ထပ်တွင် ဖြစ်၏။ သိက္ခာ ၃-၀ါမျှသာ ရသေးသော ရဟန်းငယ်လေးတစ်ပါး ရွှေကျင်သာသနာပိုင် သက်တော်ရှည် စံကင်းဆရာတော်ကြီးအား အမည် မမှတ်မိ တော့သော ဂျာနယ်တစ်စောင် ဂျာနယ်ဟုထင်သည်)ပါ ဆောင်းပါးတစ်ပုဒ်ကို ဖက်ပြသည်။
ရေးသူမှာ ဆရာကြီး ဦးသုခဖြစ်၏။ ဆောင်းပါး ကို " အသက်တစ်ရာကျော် စံကင်းဆရာတော်၏ ခန္ဓာဝန်" ဟု အမည်တပ်ထားသည်။ ထို့ကြောင့် ဖတ်ပြနေခြင်းဖြစ်သည်။
သက်တော် (၁၀၀)ကျော်ပြီဖြစ်သည့် စံကင်းဆရာတော်ကြီးကို ဖူးမြင်ရသည့် ဆရာကြီး ဦးသုခသည် ဘုရား ရှိခိုး တွင် ပါဝင်သော "ခန္ဓာဝန်လက်စသိမ်း၍" ဟူသည့် စကားရပ်နှင့် ပတ်သက်ပြီး သူ၏ ထင်မြင်ယူဆချက် များ ကို ရေးသားထားသည်ဟု မှတ်မိနေသည်။
ထိုစဉ်က မန္တလေးမြို့တွင် စာရေးဆရာသတင်းစာဆရာကြီး လူထုဦးလှ၊ လူထုဒေါ်အမာ တို့ ရှိကြ သေးသည်။ လူထု ဦးလှသည် ညောင်လေးပင်ဇာတိဖြစ်၍ ၀ိသုဒ္ဓိမဂ်အရသာ ကထိန်အရသာစသည့် ကျမ်းပေါင်း များစွာ ကိုပြုစုတော်မူသော အဂ္ဂ မဟာပဏ္ဍိတ ညောင်လေးပင်တောရဆရာတော် ဦးအရိယမဟာထေရ် ၏ ညီ တစ်ဝမ်းကွဲတော်စပ်သည်။ တောရဆရာတော်နှင့် စပ်၍ ရွှေကျင်ဂိုဏ်းနှင့် ဆက်မိပြီး စံကင်းဆရာတော်ဘုရား ကြီး အား ကြည်ညိုဆည်းကပ်နေသူဖြစ်သည်။
လူထုဦးလှ သည် မန္တလေးသို့ ရောက်လာသော ရပ်ဝေး မိတ်ဆွေများကို စံကင်းဆရာတော်ကြီးထံ ခေါ်ခေါ် လာတတ်၏။
ဆရာကြီးသုခ သည် လူထုဦးလှနှင့်အတူ စံကင်းဆရာတော်ကြီးထံ နှစ်ခေါက် သုံးခေါက် ရောက်လာဖူး သည်။ ထိုဆောင်းပါးရေးသည့် အခေါက်၌ စံကင်းဆရာတော်ကြီးသည် သက်တော် ၁၀၀ ကျော်၍ ၁၀၁ နှစ်အတွင်း သို့ ရောက်နေပြီ။
ထိုစဉ်က ဖူးမြင်ရသော စံကင်းဆရာတော်ကြီးနှင့် စပ်လျဉ်း၍ သူ့အတွေး သူ့ခံစားချက်များကို ဆောင်းပါး ရေးသားခြင်း ဖြစ်သည်။ ဆောင်းပါးထဲတွင် စံကင်းဆရာတော်ကြီးသည် ခုတင်ပေါ်၌ ၀မ်းလျားမှောက် နေရာ ပုခုံးတော် က ကျောပြင်ထက် မြင့်တက်နေပြီး ဦးခေါင်းတော် မထူနိုင်တော့ဘဲ ကုသိနာရုံပြခန်းများ၌ မြင်တွေ့ရသည့် သူအို သူနာကြီးပမာ ဖြစ်နေသည်ဟု ရေးသားကာ ဓာတ်ပုံကိုပါ ထည့်သွင်း ဖော်ပြ ထားလေသည်။
စံကင်းဆရာတော်ကြီးသည် အိုမင်းမစွမ်းဖြစ်နေသော်လည်း သတိအလွန်ကောင်းလျှက် ဆရာတော်ကြီး ကိုယ်တော်တိုင် "ဒို့အသက်တစ်ရာကျော်လာပေမယ့် သတိကောင်းပြီး အပြစ်ကင်းတဲ့ စကား ပြောနိုင်တာ ဟာ သာသနာတော်နဲ့ သီလ သမာဓိရဲ့ ကျေးဇူးဖြစ်လို့ သိပ်ကျေးဇူးများတဲ့ သာသနာကြီးပဲ" ဟု မိန့်တော်မူ သည် ဟုလည်း ရေးသားထားလေသည်။
ထို့ပြင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး၏ ထေရုပ္ပတ္တိဖြစ်သော " မဟာဝိသုဒ္ဓါရုံရာမိကထေရုပ္ပတ္တိဒီပနီ" အမည်ရှိ ကျမ်းစာကို ၁၂၆၉ ခုနှစ်လောက်က စာဆိုတန်း က၀ိမျက်မှန်စာအုပ်တိုက်က ရိုက်နှိပ်သည်" ဟု သတိ ကောင်းစွာဖြင့် မိန့်တော်မူသောကြောင့် အံ့သြရကြောင်းလည်း ဖော်ပြထားလေသည်။
ဆရာ ဦးသုခ၏ သီချင်းဖြစ်သော " ဘ၀သံသရာ " သီချင်းစာသားနှင့်ပတ်သက်၍ " သာသနာ ပြုတာပဲကွယ်" ဟု သာဓုခေါ်တော်မူကြောင်းလည်း ပါရှိသေး၏။
ထိုစဉ်က စံကင်းဆရာတော်ဘုရားကြိးအား ဆရာ ဦးသုခ၏ ဆောင်းပါးကို ဖတ်ပြသော ရဟန်းငယ် လေး မှာ ဤဆောင်းပါးရှင် ပင်ဖြစ်ပါသည်။
အခန်း (၂)
မိမိတို့ ငယ်စဉ်က ဓမ္မဂီတသီချင်းများ ခေတ်စားသည်။ ဒေါ်မေရှင် သီဆိုသော အောင်ခြင်းရှစ်ပါး ပြည့်လှ ဖေ၏ "သီဝလိ" ဦးသုခ ၏ " ဘ၀သံသရာ" စသည်တို့ဖြစ်သည်။
ထိုစဉ်က အလှူအတန်းများတွင် အသံချဲ့စက်ဖွင့်လျှင် " ဘ၀သံသရာ " သီချင်းဖွင့်ဖို့ တောင်းဆိုသူများလှ သည်။ လူတိုင်း ကို ရကြ၊ ဆိုကြ၏။ ထိုသီချင်းသည် " ဘ၀သံသရာ" ဇာတ်ကားမှ ---- ဖြစ်၏။ ဇာတ်ကားမှာ တောရွာများ ၌ ရုပ်ရှင်ရုံမရှိသောကြောင့် သီချင်းလောက်ခေတ်စားမည်မဟုတ် သီချင်းမှာမူ တောရော မြို့ပါ လူကြိုက်များလှ၏။
" ဘ၀သံသရာ" သီချင်းကို ရေးသားသီဆိုသူမှာ ဆရာ ဦးသုခ ဖြစ်သည်ကို အရွယ်မှ မိမိသိရပါသည်။ (သံစဉ် ကို သင်္ဂဟ ဦးဘသိန်း(ခေါ်)မန္တလေး ဦးဘသိန်းက ထည့်ပေးသည်ဟု နောင်တွင် သိရသည်) မိမိသည် ကလေးဘ၀ထဲ က ဆရာ ဦးသုခ နှင့် အနုပညာအရ ဆက်စပ်ခဲ့ပါတကားဟု တွေးမိလေသည်။
မိမိသည် နောက်ပိုင်းတွင် ၀ါသနာအရ စာအုပ်များ ဖတ်ရှုဖြစ်လာသည်။ ထိုအခါ ဆရာ ဦးသုခ ၏ ဆောင်းပါး များ စာအုပ်များနှင့် ကျွမ်းဝင်ရင်းနှီးရလေတော့သည်။
ဆရာသုခ ငယ်စဉ်ကရေးခဲ့သော စာအုပ်များကို မိမိမမှီလိုက်ပါ။ ဆရာကြီး အရွယ်ရမှ ရေးသော စာအုပ် များ ကိုသာ သိမှီပါသည်။ ဆရာကြီး ငယ်စဉ်ကရေးခဲ့၍ ပြန်လည်ထုတ်ဝေသော " သုခ၀တ္တတိုများ" ကို တော့ ဖတ်ဖူးပါသည်။
" ရာမာခရစ်ရှနား၏ သုတ္တန်ပုံပြင်များ" စာအုပ်လည်း ဖတ်ဖူးသည်။ " သုခမှတ်စု" ကို ဗဟုသုတ များစွာ ရသောကြောင့် သဘောကျသည်။ " လောကနီတိ" မှာ ငယ်စဉ်ထဲက သင်ခဲ့ရ၍ အစဉ်းသိဖြစ်သော်လည်း ဆရာကြီး ၏ ပြန်လည် တင်ပြချက်က ကောင်းမွန်သောကြောင့် နှစ်သက်ရပြန်သည်။
" အကျော်ဒေးယျ ဗုဒ္ဓသမီးတော်များ" မှာ မြန်မာအမျိုးသမီးတို့အတွက် မရှိမဖြစ် ရှိရမည့် စာအုပ် ဟု ယူဆ မိ၏။ " မင်္ဂလသုတ်" " မေတ္တသုတ်" " ရတနသုတ်" စာအုပ်များမှာ လူငယ်လူရွယ်တို့ အတွက် ဓမ္မမျက်စိ ဖွင့်လှစ် ပေးသော စာအုပ်များ ဖြစ်ကြ၏။
" ဓမ္မကထာ စာပဒေသာ" " သုတရသဓမ္မစာစု" " ချယ်ရီအလှ စာအလှ" " ဓမ္မရသ အလှမျိုးစုံ" နှင့် " စိတ် ဆိုသောစိတ်" စာအုပ်များသည် ပရိသတ်အား ဓမ္မအသိဝေငှ၍ ဓမ္မဗဟုသုတကြွယ်ဝစေပေသည်။
(စိတ်ဆိုသောစိတ်သည်) ဓမ္မပဒ စဟိတ္တ၀ဂ်လာ ဗုဒ္ဓဒေသနာများကို ဆရာက ခေတ်နှင့်လျော်ညီစွာ ပရိသတ် နှင့် မိတ်ဆက်ပေးခြင်းဖြစ်သည်။)
နေတ္တိပါဠိတော် အဋ္ဌကထာမှ ထုတ်နုတ်၍ ပထမရွှေကျင်ဆရာတော်ဘုရားကြီး ပြုစုတော်မူခဲ့သော ကျမ်း စာကို ဆရာကြီး ဦးသုခက ခေတ်ပရိသတ်နှင့် ပြန်လည်မိတ်ဆက်ရှင်းလင်း တင်ပြသည့် "၀ဉ္စနာဒီပနီ"မှာ အဆင့်မြင့် ကျမ်းစာဖြစ်ရာ လူကြီးများနှင့် ဆရာတော်ကြီးများ အထူးနှစ်သက်ကြ၏။ " ကံ ကံ၏ အကျိုး ၀တ္ထုတိုများ" တွင်လည်း ဓမ္မရှုထောင့်မှ ရေးဖွဲ့ထားသည်က များကြောင်းတွေ့ရသည်။
အခန်း (၃)
နောက်ပိုင်းတွင် " သုခနှင့်သုခ "ဆိုသော စာအုပ်ထွက်လာရာ "အသက်တစ်ရာကျော် စံကင်းဆရာတော်၏ ခန္ဓာဝန်" ခေါင်းစဉ်တပ်ဆောင်းပါးကို ပြန်တွေ့ရ၏။
မိမိမှာ ငယ်စဉ်က အလွန်ခင်မင်သော မိတ်ဆွေတစ်ယောက်ကို ပြန်လည်ဆုံတွေ့ရသည့် ပမာခံစားရပါ သည်။ (ထုတ်ဝေသော ပါရမီစာပေကို ကျေးဇူးတင်ပါ၏။ သို့ရာတွင် ထိုဆောင်းပါးပါရှိသည့် ဂျာနယ်အမည် နှင့် ထုတ်ဝေသည့် ရက်စွဲမပါရှိသဖြင့် အားမလို အားမရဖြစ်ရသည် ထုတ်ဝေသူများ သတိပြုကြ စေခြင်သည်)
စံကင်း ဆရာတော်ကြီးအား မိမိကိုယ်တိုင် ဖတ်ပြခဲ့ရသည့် ဆောင်းပါးမို့လားမသိ အကြိမ်ကြိမ် အခါခါပင် ပြန် ဖတ်မိ ပါတော့သည်။
ဆောင်းပါးမှာ ဆရာကြီး၏ မိတ်ဆွေ "ကိုဒါန" အမည်ရှိ ပုဂ္ဂိုလ်နှင့် ဆွေးနွေးပြောဆိုဟန် ရေးထားခြင်းဖြစ် သည်။
မိမိနှစ်သက်မိသော စာပုဒ်ကလေးတစ်ပုဒ်ကို ထုတ်နုတ်ဖော်ပြချင်ပါသေးသည်။ အောက်တွင်ရှုပါ။
" တစ်ခါတစ်ခါ ဆရာတော်ကြီးအနားမှာ ရှိကြတဲ့ ကိုရင်တွေကို "ကိုရင်တို့၊ သူအို သူနာ သူသေ ရဟန်းဆိုတဲ့ နိမိတ်ကြီးလေးပါးကို တွေ့ရလို့ ဒို့ဘုရားလောင်းဟာ တောထဲထွက်သွားပြီး ဘယ်သူနဲ့မှ စကား မပြောဘဲ တရားအားထုတ်တယ်ဆိုတာ ကြားဖူးကြရဲ့လားကွယ့်" လို့ မေးတော်မူသတဲ့။
" ကြားဖူးပါတယ်ဘုရား "လို့ လျှောက်ကြတော့ " ဒါဖြင့် သူအိုဆိုတာ ဘယ်လိုဟာလဲ "လို့ မေးတော်မူပြန် တယ်။ ကိုရင်တွေက မြန်မြန်မလျှောက်ကြတော့ "သူအိုကြီးကို မြင်သွားလို့ ဘုရားလောင်းတောထွက်တော် မူသွားတာ၊ ကိုရင် တို့လဲ ဘုန်းကြီးအိုကြီးကိုကြည့်ပြီး ကြောက်လန့်တဲ့စိတ် မဖြစ်ဖူးလား၊ တောမထွက်ချင် ဘူးလား၊ ကြောက်လန့်တဲ့စိတ်ဖြစ်တာကို သံဝေဂ တရားလို့ခေါ်တယ်" အဲသလို မကြာမကြာ လက်တွေ့ တရား ဟောတော်မူတတ်သတဲ့။
" အင်း ကိုယ်တော်တိုင်လည်း အမြဲသံဝေဂ ယူနေပုံရတယ်နော် "
ဤတွင် မိမိနှစ်သက်မိသော ဆရာ ဦးသုခ၏ မှတ်ချက်ကလေးမှာ -
" သတိမြဲနေတဲ့ ပုဂ္ဂိုလ်ဟာ သူတစ်ပါးကိုမြင်လဲ ဆင်ခြင်တယ်၊ ကိုယ့်ကိုယ်ကိုလဲ သုံးသပ်လျက်ရှိပေမပေါ့ ခင်ဗျာ ... " ဟု ဖြစ်၏။
မိမိမှာ စံကင်းဆရာတော်ကြီး၏ အနီးနေတပည့် (သဒ္ဓိ---- )ဖြစ်၏။
ဆရာတော်ကြီး သည် သတိလည်းအလွန်ကောင်း၍ ခေါ်ရဓမ္မကိုလည်း အမြဲနှလုံးသွင်းတော်မူနေသော ဆရာတော်ကြီး ဖြစ်ကြောင်း မိမိကိုယ်တွေ့ဖြစ်သည်။
ဆရာတော် ဦးသုခ၏ မှတ်ချက်သည် ဆရာတော်ကြီး၏ သဘာဝနှင့် ထပ်တူထပ်မျှကျနေသောကြောင့် နှစ် သက်မိခြင်းဖြစ်ပါသည်။
သူတစ်ပါးကို မြင်လျှင် ဆင်ခြင်၍ ကိုယ့်ကိုယ်ကိုလည်း သုံးသပ်ခြင်းမှာ သူတော်စင်တို့၏ သဘာဝ ပေတည်း။
ထိုဆောင်းပါး တွင် မိမိနှစ်သက်သော နောက်ထပ်စာပုဒ်တစ်ခုရှိပါသေးသည်။
ထိုစာပုဒ်မှာ ...
" ကျွန်တော်တို့ ခင်ဗျားတို့ဟာ ကိုယ့်ခန္ဓာကိုယ်သယ်နိုင်တုန်း ထထကြွကြွသွားတယ်။ လာတယ်။ ခုန်တယ်။ ပေါက်တယ်။ စိတ်နောက်ကိုယ်ပါ နေရာတကာမှာ ဘယ်ဟာမျှ ပင်ပန်းဆင်းရဲတယ် မထင်ကြဘူး။ မိမိခန္ဓာ ကို မိမိ ပိုင်တယ်။ နိုင်တယ်။ ---- တယ် ။ ပေါ့ပေါ့ပါးပါးပဲလို့ ထင်ခဲ့ကြတာမို့ ခန္ဓာကိုယ်ရဲ့ စက်ဆုပ်ဖွယ်တွေ ကို စာတွေ နဲ့ အမှတ်မထင် ပေါ့ပေါ့ဆဆပဲ --- ကြတယ်။ ကြိမ်းကြ ၀ါးကြ ဘယ်သူကိုမှ ထီမထင် တွင်ကျယ် ရပြီဆိုတဲ့ စိတ်ထားနဲ့ ရွေ့လျားနေခဲ့ကြတယ်နော။
ဟော ... အခု ဆရာတော်ကြီးဆိုရင် ခန္ဓာကိုယ်ရဲ့ဒုက္ခရောက်သမျှ ဖြစ်သမျှ အချိန်တစ်ရာမက ၀န်ထုပ် ၀န်ပိုးကြီးကို --- သေမင်းရဲ့ တိုက်စစ်ကို အကာအကွယ်မဲ့ စောင့်နေရတာ မတူပေဘူးလား။
ခန္ဓာဝန်ကြီးကို ပင်ပန်းလှတယ်။ ဆင်းရဲလှတယ်ဆိုတဲ့ သမားကျတဲ့စိတ်နဲ့ ပစ်ခွာစွန့်ခွာချင်ဦး။ အချိန်မကျ မခြင်း ၀န်ထုပ်ဝန်ပိုးကြီးကို မနိုင့်တနိုင်ထမ်းနေပုံဟာ ဇရာရဲ့ မင်းမူတာကို ခေါင်းငုံ့ခံနေရတာလို့ တွေးယူစရာမကောင်းပေဘူးလား။
လောကမှာ အသက်တစ်ရာ ရှည်စေသောဝ်လို့ ဆုတောင်းပြုပေးတာ ကောင်းတယ်လို့ ဆိုချင်ပေမဲ့ ၀ဋ်ဒုက္ခ ကို ကြာကြာ --- တောင့်တတာနဲ့ မတူပေဘူးလား" ဟု ဖြစ်ပါ၏။
ဓမ္မအမြင် ရင့်ကျက်သူတို့ နှစ်သက်ကြလိမ့်မည်ဟု ယုံကြည်သောကြောင့် ကောက်နုတ်ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဆရာကြီး ဦးသုခ အရွယ်ရမှရေးသော စာအုပ်များသည် ဗုဒ္ဓဓမ္မရှုထောင့်မှ ရှုမြင်သုံးသပ်သည့် စာများသာ ဖြစ်ကြောင်း သတိပြုမိပေသည်။
ဆရာ ဦးသုခသည် သူကြည်ညိုသော ဗုဒ္ဓမြတ်စွာသာသနာတော်နှင့် စပ်လျဉ်း၍ ဓမ္မစာအုပ်ပေါင်းများစွာကို ပြုစုသွားခဲ့ပေသည်။
ထိုစာအုပ်များသည် စာဖတ်ပရိသတ်များစွာ၏ အသိစိတ်ထဲသို့ ဓမ္မဗဟုသုတ ဓမ္မအမြင် ဓမ္မရသများကို နက် ရှိုင်းကျယ်ပြန့်စွာ စိမ့်ဝင်ခိုင်ခံ့စေခဲ့သည်ဟု ယုံကြည်မိပေသည်။
အခန်း (၄)
ဤနေရာတွင် ဗုဒ္ဓမြတ်စွာ၏ ဓမ္မရတနာများကို စာအုပ်စာတန်းများ ရေးသားပြုစုသွားကြသော လောကီ စာရေး ဆရာကြီး များကို သတိရမိသည်။ ငယ်ရွယ်စဉ်က လောကီဝတ္ထုများကို ရေးသားခဲ့ကြ၍ ကြီးရင့် လာသော အခါ ဓမ္မစာပေများ ပြုစုကြသည့် စာရေးဆရာကြီးများကို ဆိုလိုပါသည်။
ပထမဆုံးသတိပြုမိသူမှာ " ဆရာကြီး ရွှေဥဒေါင်း " ဖြစ်၏။ ဆရာကြီးသည် ငယ်ရွယ်စဉ်က " ရန်ကြီးအောင် "၊ " ရတနာပုံ " စသော ၀တ္ထုများရေးသားခဲ့၍ ကြီးရင့်လာသောအခါ "ဒိဋ္ဌ ဒိဋ္ဌမတ္တံ လက်တွေ့ကျင့်စဉ်" "ကျွန်ုပ်တွေ့သော စိတ်သဘာဝ" " ဘာသာရေးခံယူချက်များ" " မေတ္တာဝါဒရှုထောင့်" "ဗုဒ္ဓ၀ါဒရှုထောင့်" စသည်ဖြင့် ဓမ္မစာအုပ်ပေါင်းများစွာကို ရေးသားပြုစုခဲ့လေသည်။
ဒုတိယ သတိရမိသူမှာ " ဆရာကြီး ငွေဥဒေါင်း " ဖြစ်လေသည်။ ဆရာကြီး ရွှေဥဒေါင်း၏ တပည့်ကြီးပီပီ "ဗုဒ္ဓစာပန်းချီ" အမည်ဖြင့် ဒမ္မစာအုပ်ပေါင်းများစွာကို အဆက်မပြတ် ရေးသားပြုစုသွားခဲ့ပေသည်။
တတိယ သတိပြုမိသူကား လူငယ် လူရွယ်အဖြစ်ဖြင့်ပင် ဓမ္မစာပေများကို ပြုစုခဲ့သူ " ဆရာ ချစ်ဦးညို" ဖြစ် ပါသည်။
" ကမ္ဘာတစ်သိန်း "နှင့် " ဗုဒ္ဓယဉ်ကျေးမှုဝတ္ထုပေါင်းချုပ်" စသည့် ထင်ရှားသော ဓမ္မစာပေများကို ပြုစု ခဲ့သည်။ တစ်ခေတ်က ထုတ်ဝေခဲ့သည့် ဘာသာရေးစာစောင်များမှာ ဆရာ ချစ်ဦးညို၏ လက်ရာများ မပါ လျှင် မဖြစ် ဟုဆိုရလောက်အောင် လူကြိုက်များခဲ့ပါသည်။
တစ်ပုဒ်စ၊ နှစ်ပုဒ်စ၊ တစ်အုပ်စ၊ နှစ်အုပ်စ စသည်ဖြင့် ရေးသားကြသော စာရေးဆရာကြီးများရှိကြသည်ကို သတိပြုမိသော်လည်း ယခုဖော်ပြခဲ့သော ဆရာကြီးများမှာ တစိုက်မက်မက် ရေးသားသူများဖြစ်၍
ယခု ဆရာကြီးများ၏ လက်ရာစာအုပ်များသည် အရေအတွက်အားဖြင့်လည်း များပြား၍ စာဖတ်ပရိသတ် အတွင်း ပြန့်နှံ့ခြင်း၌လည်း ထဲထဲဝင်ဝင် ထူးထူးခြားခြား ရှိလှသောကြောင့် သတိရမိခြင်းဖြစ်ပေသည်။
ဆရာကြီး ဦးသုခ၏ လက်ရာ ဓမ္မစာပေစာအုပ်များမှာ အကြိမ်ကြိမ်အခါခါ ရိုက်နှိပ်ရသည့်တိုင်အောင် လူကြိုက်များလှပေသည်။ (ဥပမာ မေတ္တသုတ်) ဆရာကြီး၏ ဓမ္မစာအုပ်ပေါင်းများစွာကို ဖတ်ရသောအခါ ကျေးဇူးတော်ရှင် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီးက " ဘ၀သံသရာ" သီချင်းစာသား နှင့်စပ်လျဉ်း ၍ ဦးသုခအား မိန့်ကြားခဲ့သော စကားတော်ကို ပြန်လည် သတိရမိသည်။
" သာသနာပြုတာပဲကွယ်" ဟူသော စကားဖြစ်၏။ အချို့သည် ရိပ်သာများဖွင့်လှစ်၍ ကမ္မဋ္ဌာန်းနည်း ပြသ လျှက် သာသနာပြုကြသည်။
အချို့မှာ ပရိယတ္တိစာပေပို့ချလျက် သာသနာပြုကြသည်။ အချို့မှာမူ တရားဟောလျက် သာသနာ ပြုကြလေသည်။ အချို့ကား စာပေကျမ်းဂန်များ ပြုစုရေးသားဖြန့်ချိလျက် သာသနာပြုကြ၏။ ဆရာကြီး ဦးသုခ သည် စာပေကျမ်းဂန်ပြုစုရေးသားဖြန့်ချိလျက် သာသနာပြုသွားသည်ဟု ဆိုနိုင်ပေသည်။
ထိုမျှသာလော မကသေးပေ။
မိဘကျေးဇူးကို သတိပြုမိကြစေရန်နှင့် မိဘများကို ရိုသေလေးစားကြစေရန် "အမေနေ့" ဖြစ်မြောက်ရေး အတွက် ရေးသားလှုံ့ဆော်ခဲ့ပါသေးသည်။ ၂၀.၃.၇၀နေ့ ထုတ်လုပ်သား ပြည်သူ့နေ့စဉ် သတင်းစာကြီးတွင် "ထိုတစ်နေ့" ဆောင်းပါး ကို ရေးသားလှုံ့ဆော်ခဲ့သည်။
ထိုဆောင်းပါး တွင် သတိထားမှတ်သားသင့်သော ဆရာကြီး ဦးသုခ၏ အဆိုအမိန့်တစ်ရပ်ကို ကောက်နုတ် ဖော်ပြချင်ပါသေးသည်။
" ဒီမှာ မိတ်ဆွေ၊ လောကမှာ အမေကိုမှ မချစ်ဘူး မသိတတ်ဘူး ဆိုတဲ့လူဟာလေ သူကိုယ်တိုင် ဘယ်သူ့ကိုမှချစ်လိမ့်မယ်မထင်နဲ့ တိုင်းပြည်ကိုလည်း မချစ်ဘူး၊ ဘယ်သူ့ကိုမှလဲ ရိုသေမှာမဟ်ုတ်ဘူး၊ ဘယ်သူ့ ကျေးဇူး ကို မှလဲ သိတော့မှာ မဟုတ်ဘူးဆိုတာ စိတ်သာချ၊ ဒိဋ္ဌဒိဋ္ဌ အမှန်ပါပဲဗျာ" ဟု ဖြစ်လေသည်။
ရေးသားရုံမျှမကပဲ လက်တွေ့ စည်းရုံးကြိုးပမ်းခဲ့ရာ ၁၃၅၈ ခုနှစ်၊ ပြာသိုလပြည့်နေ့တွင် မန္တလေးမြို့၌ "အမေနေ့" အခမ်းအနားကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပေသည်။ ယခုတိုင် မပျက်မကွက် ကျင်းပ နေဆဲ ပင်။
ဗုဒ္ဓမြတ်စွာသည် မိဘကျေးဇူးကို အထူးပင်ဟောတော်မူခဲ့လေသည်။ (မင်္ဂလသုတ်၊ မေတ္တသုတ်၊ မာတုပေါသကသုတ် စသည်ကို ကြည့်ပါ၊ အခြားဟောကြားချက်များလည်း များစွာ ရှိသေးသည်)
ဟောရုံမျှ မက တာဝတိံသာနတ်ပြည်သို့ ကြွတော်မူကာ အဘိဓမ္မာ ပိဋကတ်တော်ကြီးကို ဟောကြားတော် မူခြင်း ဖြင့် အမေ့ကျေးဇူးကို လက်တွေ့ဆပ်ပြခဲ့ပါပေသည်။
မိဘတို့ကို ရိုသေလေးစားရမှန်းမသိကြသူ လူဆိုး လူမိုက် လူရမ်းကား လူယုတ်မာများ တစ်စတစ်စ များ ပြား လာသည့် ယခုလို အခါမျိုးတွင် အမေ့ကျေးဇူးကို အထူးပင် ထုတ်ဖော်သင့်ကြပေသည်။
( မကြာမီက မန္တလေးတိုင်း မတ္တရာမြို့နယ်ရှိ ရိုးရာပန်းဆယ်မျိုးတွင် တစ်ပါးပါဝင်သည့် ပန်းတစ်ပွင့်ကြောင့် ထင်ရှားသော ရွာကြီးတစ်ရွာ၌ အရက်မူးရူးနေသော သားဖြစ်သူက ဖခင်အား " မိုက်ရင်ထွက်ခဲ့ ကျုပ်က ၂၁ ရာစု အဇာတသတ်ဗျ" ဟု စိန်ခေါ်နေသံကို ကြားခဲ့ရလေသည်။ ထိုလူရမ်းကား၏ ဘ၀နိဂုံးသည် မည်သို့ အဆုံးသတ် ရှာလေမည်နည်းဟု တွေးမိကာ သံဝေဂ ရခဲ့မိပေသည်။)
ဆရာကြီး ဦးသုခ ချပြသွားသောနည်းကို ယခုခေတ် ထူးချွန်သော စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ဇာတ် သဘင်နှင့် ရုပ်ရှင်အနုပညာသည်များက ဆက်လက်ကြိုးစားကြပါဟု တိုက်တွန်းလိုပေသည်။
ဆရာကြီး ဦးသုခသည် အမေနေ့ ကျင်းပဖြစ်စေရန် ရေးသားလှုံ့ဆော် ကြိုးပမ်းခြင်းဖြင့်လည်း သာသနာပြု သွားခဲ့ ပါပေသည်။
ဆရာကြီး ဦးသုခကို ထူးချွန်သော စာရေးဆရာကြီး၊ ရုပ်ရှင်ဒါရိုက်တာကြီးအဖြစ် အခြားသူများက သတ်မှတ် ကြပေသည်။
ထိုမျှဖြင့် ပြည့်စုံပြီဟု မယူဆပါ။ ဆရာကြီး ဦးသုခ ရေးသားရိုက်ကူးဆောင်ရွက်သွားခဲ့သမျှ တစ်သက်တာ လုပ်ငန်းများမှာ ဗုဒ္ဓ၏ အဆုံးအမများ (တိုက်ရိုက်ဆိုရသော် ဗုဒ္ဓသာသနာတော်ကြီး) ပြန့်ပွားထွန်းကားရေး အတွက် ဆောင်ရွက်သွားခြင်းသာဖြစ်သည်ဟု ထင်မြင်ယူဆမိပေသည်။
ထို့ကြောင့် သက်တော်ရှည် စံကင်းဆရာတော်ဘုရားကြီး၏ စကားတော်အရ ဆရာကြီး ဦးသုခ ကို " သာသနာပြု ပုဂ္ဂိုလ်ကြီး" ဟု မိမိအနေဖြင့် မော်ကွန်းတင် ဂုဏ်ပြုလိုပါသတည်း။
ဇယမေဒနီ အရှင်နန္ဒိယ
ဆက်ရန်
.
No comments:
Post a Comment