Tuesday, August 30, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆၁)

ဆရာကြီးဦးသုခ ဂုဏ်ယူဝမ်းမြောက်မည့်
ကိုရီးယားမှအမေနေ့
မောင်မေခ

အမေနေ့ဂုဏ်ပြုပွဲကို ၁၈.၁.၀၃ ခုနှစ်၊ (စနေနေ့)ညနေ (၆)နာရီအချိန်တွင် (ပထမအကြိမ်) အဖြစ် ကျင်းပခဲ့ ပါ သည်။
နေရာဒေသမှာ ကိုရီးယားသမ္မတနိုင်ငံ၊ ပူချွန်းမြို့ ၀မ်မီ ၂ ရပ်ကွက်၊ အမှတ် ၂၉-၃၀၊ ဆော့ဂွမ်ဆာ ဗုဒ္ဓဘာသာ ဘုန်းကြီးဝင်းအတွင်းရှိ ခန်းမဆောင်၌ ဖြစ်ပါသည်။
ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် ရာသီဥတုမှာ ခိုက်ခိုက်တုန်အောင် ချမ်းစိမ့်နေသည်။ နှင်းမိုးများလည်း တသဲ သဲ ကျလျက်ရှိ၏။ အနှီဆိုးရွားသော အအေးဒဏ်ကြောင့် အမေနေ့ပွဲစည်ကားနိုင်ပါ့မလားဟု စိတ်ထဲမှာ တွေးပူပန် မိသည်။ တကယ်တမ်းတွင်မူ လာရောက်ကြသော ဧည့်ပရိသတ်တို့မှာ ထင်ထားတာထက်ပင် များ ပြားလျက်ရှိပြီး ကိုရီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများသာမက ကိုရီးယား၊ ထိုင်း၊ တရုတ်၊ နီပေါ စသည့် နိုင်ငံခြားသားများလည်း ပါဝင်နေပေသည်။

ဤသို့ဖြင့် အမေနေ့ပွဲစလေပြီ။
အခန်းအနားဖွင့်လှစ်ကြောင်း ကြေငြာလိုက်သည်နှင့် ထွန်းညှိထားသော မီးလုံးများမှာ တဖြေးဖြေးခြင်း မှေး မှိန်ပြီး ခန်းမတစ်ခုလုံး မှောင်အတိကျသွားလေသည်။
ခဏအကြာတွင် ပရိသတ်များ မျက်နှာမူရာ ရှေ့တည့်တည့်တူရှုရှိ နံရံပေါ်၌ တပ်ဆင်ထားသည့် ပိတ်ကား စကင်ပေါ်မှ ဆရာကြီးဦးသုခ၏ ရုပ်ပုံလွှာထင်ဟပ်လာကာ
" ကမ္ဘာကြီးတွေ ကမ္ဘာကြီးတွေမှာ အာဒံနဲ့ ဧ၀က စတယ်ပဲပြောပြော။

ဗြဟ္မာကြီးလေးပါး က စတယ်ပဲပြော ပြော သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ကျေးဇူးရှင်ပါလာလို့သာ ကမ္ဘာကြီး ဟာ အဆက်မပြတ်ဘဲနဲ့ ဒီနေ့ အထိ ကျွန်တော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ် မဟုတ်လားအမေ။ အမေမှန်သမျှ ဘာသာ လူမျိုးမခြားရယ်လို့ ကျွန်တော့် စိတ်ထဲမှာ မရှိဘူးအမေ။
သူကယုတ်ညံ့လို့၊ သူက လူမျိုးခြားမို့၊ သူက ဘယ်ဘာသာမို့ မဟုတ်ပါဘူးအမေ။ ကျွန်တော် မြင်တာဖြင့် ကျွန်တော် ပြောလိုက်မယ်။ ကျွန်တော် လွန်သွားသလား။ မဟုတ်ပါဘူးအမေ။ ကျွန်တော် စဉ်းစားပြီးမှ ပြော တာပါမေ။ အမေ မှန်ရင်လေ (အမေနားနဲ့မနား ဖ၀ါးနဲ့နာ) ပြောပါရစေတော့။ ကျွန်တော့် လက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာ အမေဟာ မိန်းမရွှင်ဖြစ်နေပါစေတော့ အမေဟာ အမေပါပဲ "

ဟူ၍ ဆရာကြီး ဦးသုခကိုယ်တိုင် အမေနေ့တွင် ဟောပြောထားသော အသဲနှလုံးမှ စကားသံများမှာ လေး လေးနက်နက် တည်တည်ငြိမ်ငြိမ်ဖြင့် ပေါ်ထွက်လာပါသည်။ နိုင်ငံခြားသားများ နားလည်နိုင်စေရန် ကိုဇော် မှ ကိုရီးယား ဘာသာဖြင့် တိတိကျကျ ဘာသာပြန်ပေးရာ နိုင်ငံခြားသားများ၏ လက်ခုပ်သံတို့မှာ တဖြောင်းဖြောင်း ညံသွားသည်မှာ ဂုဏ်ယူဝမ်းမြောက်စရာပင် မဟုတ်တုံလော။
ထို့နောက် အမေနေ့ပွဲဖြစ်မြောက်အောင် ဦးဆောင်စီစဉ်ခဲ့သူတစ်ဦးဖြစ်သည့် ကိုဇော်မှ ကိုရီးယားနိုင်ငံတွင် ပြာသိုလပြည့် အမေနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကို အောက်ပါအတိုင်း ဖတ်ကြားပါသည်။
" ဆယ့်နှစ်လရာသီ ၏ ဆယ်လမြောက် (ပြာသိုလ)သည် ဆောင်းလ၏ အလယ်လဖြစ်ပြီး အအေးမြဆုံးလ ဖြစ်ပါ သည်။ စိမ့်အေးသောရာသီ၊ ထူထဲသောနှင်းမှုံတို့အကြား တအိအိတိုက်ခတ်တတ်သော လေကြောင့် လောက တစ်ပြင်လုံး သည် ဆိတ်ငြိမ်နေတော့သည်။

ရှေးက ချမ်းအေးလွန်းသောကြောင့် ဖိုထားသော မီးဖိုတို့မှထွက်သော မီးခိုးမှိုင်းပြာတို့ကောင်းကင်တွင် တည်နေတတ်သောကြောင့် "ပြာ"တို့ကို "သို"မှီး သောလဟု ခေါ်ဆိုခဲ့ကြောင်း ဖွင့်ဆိုကြပါသည်။ အချို့က လည်း "ပ္ဘစ္ဆေလ"ဟူသော သက္ကတစကား "ရေခဲသောလ"ဟု ဆိုပါသည်။ မည်သို့ပင်ဆိုဆို ပြာသိုလသည် အအေးမြဆုံးအခါ ကာလဖြစ်တော့သည်။
ဤပြာသိုလ ကိုပင် မိခင်မေတ္တာ၏ အေးမြမှုနှင့် ထပ်တူပြုခဲ့ကြ၏။

လူတိုင်းတွင် မိခင်ဆိုသော "အမေ" ရှိကြစမြဲပင်။ အမေတိုင်းသည်လည်း သားသမီးတို့အပေါ် အေးမြသော ချစ်မေတ္တာ ကို ပေးခဲ့ကြသည်ပင်။ နေရာဒေသပဲ ကွဲကွဲ လူမျိုးပဲခြားခြား၊ အယူဝါဒပဲ မတူတူ၊ သားသမီးတို့ အပေါ် ထားသော အမေ့မေတ္တာတရားက တစ်ခုတည်းသာ ဖြစ်ပါသည်။ လောက၏ အသာယာဆုံးသော ဂီတသံ မှာ "သားချော့တေး"ပင် ဖြစ်သည်ဟု ဆိုကြပါသည်။
အမေက သားသမီးတို့အပေါ် ချစ်မြတ်နိုးခဲ့၊ ကြင်နာယုယခဲ့သော ကျေးဇူးတရားကို လူမျိုးတိုင်းက အသိအမှတ်ပြုကြသည်။ ဘာသာတရားတိုင်းတွင် ဖော်ပြကြသည်။ စာပေတိုင်းတွင် ဖွဲ့ဆိုခဲ့ကြသည်။ မြန်မာ လူမျိုး ဗုဒ္ဓဘာသာနှင့် မြန်မာစာပေတို့တွင်လည်း ဖွင့်ဆိုရေးသားခဲ့ကြသည်မှာ များလှစွာပင်။

ဗုဒ္ဓစာပေလာ မေတ္တာသုတ်တွင် " မာတာယထာနိယံပုတ္တ မာယုသာ ဧက ပုတ္တ မနုရက္ခေ" ဟူ၍ တစ်ဦးတည်း သော သားကို ချစ်သောမိခင်၏ အချစ်ကဲ့သို့ မေတ္တာတရားဟု ဖွင့်ဆိုထားပါသည်။ ထို့ပြင် " သားတို့ ရုပ်ရည်၊ သီတာမည်သား၊ ရေကြည်ချမ်းမြ၊ တစ်ပေါက်ကျက၊ မိဘတို့ ၀မ်း၊ ငြိမ်းစတမ်း"ဟု မိခင်မေတ္တာ ကို ဖွဲ့ဆိုကြပါသည်။ အမေဟူသော အရာသည် အအေးမြဆုံးအရာပင် မဟုတ်ပါလား။
မြန်မာ တို့ က အမေကို အစဉ်အလာ လေးစားမြတ်နိုးကြသော်လည်း သတ်သတ်မှတ်မှတ် ဂုဏ်ပြုခြင်းကား အလေ့အထ နည်း ခဲ့ပါသည်။ လွန်ခဲ့သည့် အနှစ်သုံးဆယ်လောက်မှစ၍ အမေနှင့် ပတ်သက်သော လှုပ်ရှားမှု အချို့ပေါ်ခဲ့သော်လည်း မြှပ်ချည်ပေါ်ချည် ဖြစ်ခဲ့ပါသည်။ မကြာသေးမီ နှစ်များကမူ "အမေနေ့" ဟူ၍ အမေကို ဂုဏ်ပြုသော လှုပ်ရှားမှုများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်ခဲ့ပါသည်။
ထို လှုပ်ရှားမှုများကို ဦးဆောင်ခဲ့သော ဆရာကြီးဦးသုခက ပြာသိုလပြည့်နေ့ကို အမေနေ့အဖြစ် သတ်မှတ် ရန် အဆိုပြုခဲ့ပါသည်။

အမိမြေနှင့်ဝေးကွာ၊ ချစ်သော အမေတွေကို ခွဲခွာခဲ့ရသူတိုင်းအဖို့ အမေကို လွမ်းဆွတ်သော ဝေဒနာကိုယ်စီ ကိုယ်ငှ ခံစားကြရမည်မှာ ဧကန်ဖြစ်ပါသည်။ ထိုဝေဒနာများကို တဒင်္ဂဖြစ်စေ ဖြေသိမ့်နိုင်စေခြင်းငှာ၊ ထိုမှ တဖန် အမေ့ကျေးဇူးကို အောက်မေ့ကြည်ညိုနိုင်စေခြင်းငှာ ပြာသိုလပြည့် အမေနေ့ ကျင်းပရခြင်းဖြစ်ပါ ကြောင်း။
အမေကို ချစ်သော သားသမီးတိုင်း အမေ၏ အေးမြသော မေတ္တာတရားကို ခံစားနိုင်ကြပါစေ" ဟူ၍သာ။

ခန်းမဆောင် တစ်ခုလုံး ငြိမ်သက်နေ၏။ တိုးညှင်းတိုက်ခတ်သော ဆောင်း၏ လေနုအေးနှင့် အတူ အမေ နေ့ကမ္ဗည်း မော်ကွန်းကို နှလုံးသားတို့၌ ခိုင်ခိုင်မြဲမြဲ ရေးထိုးမျတ်တမ်းတင်နေကြသည်ထင့်။
အမေနေ့ကို ဆက်လက်ကျင်းပရာတွင် ငြိမ့်ညောင်းသော စန္ဒယားတီးလုံးများကို နောက်ခံပြု၍ ဆရာကြီး ဦးသုခ ညွှန်ကြားရိုက်ကူးခဲ့သည့် အမေမေတ္တာဘွဲ့ ရုပ်ရှင်ဇာတ်ကားများ ရေးဖွဲ့သီကုံးခဲ့သော စာပေ၀တ္ထု တိုများ အကြောင်း ကို လွမ်းမောဖွယ် တမ်းတမ်းတတဟောပြောကြပါသည်။

" အမေ့ကျေးဇူးဆပ်ဖူးပြီလား" အစီအစဉ်တွင် တက်ရောက်လာကြသော သားသမီးများမှ မိမိတို့ ကိုယ်တိုင် ကြုံတွေ့ ခံစားခဲ့ကြရသည့် အမေ့မေတ္တာတရား ကြီးမားပုံ၊ အနစ်နာခံခွင့်လွှတ်မှု၊ စသည့် အမေ့ကျေးဇူး တရားတို့အား ဆွေးဆွေးမြေ့မြေ့ ရင်ဖွင့်တင်ပြခဲ့ကြပါသည်။ ဤကဏ္ဍတွင် နီပေါလူငယ်အမျိုး သားတစ်ဦးလည်း ပါဝင်ခဲ့ပါသည်။ ကြည်နူးဖွယ်ကောင်းလှပါပေ့။
" အမေ့သွေးအမေ့တေး" ဂီတဖျော်ဖြေတင်ဆက်မှု အစီအစဉ်တွင် အမေနှင့် ပတ်သက်သော ခေတ်ဟောင်း တေး၊ ကာလပေါ်တေးစသည့် သီချင်းများဖြင့် သီဆိုကျူးဖွင့်ခဲ့ကြပါလေသည်။ ရင်နင့်လှိုက် မောစရာ သံစဉ်များ ပါတကား။

" အမေ့ကဗျာလင်္ကာ" ကဗျာရွတ်ဆို ဂုဏ်ပြုခန်းတွင် ၀ါသနာရှင်ကဗျာသမား သားသမီးများက အမေကဗျာ များနှင့် ရွတ်ဆိုဂုဏ်ပြုကြပါသည်။ ဆရာ ဆရာမများ၏ အမေဘွဲ့ကဗျာများ ပါသလို၊ ကိုယ်တိုင်ရေးကဗျာ များလည်း ပါဝင်ပါပေသည်။ စာရေးသူကိုယ်တိုင်ပင် အမေကဗျာရွတ်ဆို၍ အမေများကို ရှိခိုးကန်တော့ပူ ဇော် ခဲ့ပါသည်။ ဤအတွက် သာဓုခေါ်ဆိုနိုင်ကြပါစေလေ။
အမေနေ့၏ ထူးခြားသော မြင်ကွင်းတစ်ကွက်မှာ ကိုရီးယားအမျိုးသမီးကြီး (ပတ်မြောင်ဂျာ)အား ကန်တော့ ခန်းပင် ဖြစ်ပါသည်။ ပတ်မြောင်ဂျာသည် နိုင်ငံခြားသားများအပေါ်တွင် ကြောသား ရင်သားမခွဲခြားဘဲ မိခင် အရင်းနှင့်မခြား ကူညီ စောင့်ရှောက် မေတ္တာတရားထားသူဖြစ်ပါသည်။ ထို့ကြောင့်လည်း နိုင်ငံခြားသား အများစုက တညီတညွတ်တည်း တိုင်ပင်မထားကြဘဲ (အိုမား) (အမေ)ဟု ခေါ်ကြပါသည်။ အိုမားကလည်း ကျေနပ်ပြုံးပျော်လျက်သာ။

ဤပွဲတွင် အခမ်းအနားမှူးမှ ကြိုတင်ပြောဆို အသိပေးထားခြင်းမရှိဘဲ ပရိသတ်ထဲမှ ပတ်မြောင်ဂျာကို (အို မား)ဟု ရုတ်တရက် လှမ်းခေါ်ကာ " အမေများ ကိုယ်စားကန်တော့ခံရန် စင်မြင့်ထက်သို့ ကြွရောက်ပါရန်" မေတ္တာရပ်ခံလိုက်သောအခါ အိုမားခမြာ (ငါ့ကို ငါ့ကိုခေါ်တာလား)ဟု လက်နှစ်ဖက်ဖြင့် ရင်ဘတ်ကို ဖိပြီး နုတ်မှ တတွတ်တွတ်ရွတ်ရင်း ၀မ်းသာဝမ်းနည်းဖြစ်သွားသော အမူအယာမှာ မျက်လုံးထဲက မထွက် နိုင်တော့။

မြန်မာအမျိုးသမီးလေးနှစ်ဦးက အမေပတ်မြောင်ဂျာထံသွား၍ တစ်ဖက်တစ်ချက်လက်တွဲကာ စင်မြင့်ထက် သို့ ဖေးမခေါ်ယူခဲ့ကြပါသည်။ အမေ့မှာဖြင့် အငိုမျက်လုံးနှင့်အပြုံးမျက်နှာ။
အမေပတ်မြောင်ဂျာအား သားသမီးများက ကန်တော့ခံပစ္စည်းပေးအပ်ပြီး မြန်မာဓလေ့အတိုင်း လက်အုပ်ချီ ရှိခိုး ကန်တော့ကြပါသည်။ ၀မ်းသာပီတိ ဖြစ်ရလေခြင်း။
ထိုအခမ်းအနားတွင် အမေက လူငယ်များအား ရင်မှဖြစ်သော အမှတ်တရစကားလုံးများဖြင့် အမှာစကား ခြွေခဲ့ပါသည်။

အမေ ပတ်မြောင်ဂျာ က နိဂုံးချုပ်အနေနှင့်
" အားလုံး ခေတ္တနားထောင်ပြီး ကျွန်မမေးတာကို စဉ်းစားပြီး ပြန်ဖြေပေးကြပါရှင်။ အမေတွေ ဘယ်နေရာမှာ ရှိကြပါသလဲ။ အမေတွေဟာ ယခု ဒီနေရာမှာ ရှိနေကြပါတယ်။ ဘာကြောင့်လဲ။ မိတ်ဆွေတို့အားလုံးဟာ သားသမီးတွေဖြစ်လို့ အမေတွေအားလုံး ဒီနေရာမှာရှိနေကြပါတယ် "
သြဘာသံတို့မှာ ဘ၀င်္ဂထိညံသွားလေပြီကော။

နောက်ဆုံးအစီအစဉ်အနေနှင့် အခမ်းအနားမှူးမှ အမေနေ့ပွဲအောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေငြာလိုက် သောအခါတွင် တက်ရောက်လာကြသော ပရိသတ်များမှ "ထူးအိမ်သင်" သီဆိုခဲ့သည့် အမေ့အိမ် တေးသီ ချင်းအား လွမ်းလွမ်းဆွတ်ဆွတ် သံပြိုင်သီဆိုကြရင်း အခမ်းအနားကို ရုတ်သိမ်းခဲ့ ပါတော့သတည်း။
စာရေးသူ၏ အတွေးထဲ၌ ဆရာကြီးဦးသုခ ပြောကြားခဲ့သည့်
" ကျွန်တော် မှန်တာပြောပါမယ်။
ကျွန်တော့်ကိုလေ ဘွဲ့တွေ၊ ဂုဏ်ထူးတွေ နောက်ထပ်အများကြီးအများကြီး ပေးဦးတော့ (အမေနေ့) ဖြစ်မြောက်တာလောက် ဂုဏ်ယူဝမ်းမြောက် ပိတိသောမနဿဖြစ်လို့ မဆုံးပါဘူး" ဟူသော စကားများကို ပြန်လည်ကြားယောင်နေမိပြီး ကိုရီးယားနိုင်ငံ၌ ကျင်းပခဲ့သည့် (အမေနေ့)အတွက် ဆရာကြီး ဦးသုခ သာဓု ခေါ်ဆိုနေမည်ဟု ...။

မောင်မေခ
ပြည်ထဲရေးနှင့်ကာကွယ်ရေး

.

No comments: