Monday, August 29, 2011

နဝရတ် (ဂုဏ်/ရူပ) ၏ လှေကားထစ်လေးများ

လှေကားထစ်လေးများ
နဝရတ်(ဂုဏ်/ရူပ)

ကျွန်မကိုထိတွေ့နေသော တောင်ပေါ်လေနုအေးက ရနံ့ကင်းရှင်းက လတ်ဆတ်လှ၏။ ကားပြတင်းမှ တိုးဝင် လာသော လေနုအေးကို အငမ်းမရရှူရှိုက်က စိတ်ကို အပန်းဖြေမိသည်။
"တူမကြီး၊ မြင်ကွင်းတွေက ဘာမှမပြောင်းလဲဘူးနော်"
"ဟုတ်တယ် ဦးလေးမောင်၊ ကျွန်မ ဟိုးအရင်လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်ကအတိုင်း ဘာမှမပြောင်းလဲပါ ဘူး၊ ပတ်ဝန်းကျင်က မပြောင်းလဲပေမယ့် ပြောင်းလဲသွားတဲ့ လူ့ဘ၀တွေတော့ အမြဲရှိနေမှာပါပဲလေ"
"တူမကြီး က မလေးနွယ် ဘဝ ကို ပြောချင်တာလား..."

ဦးလေးမောင်စကားကြောင့် သူမနှစ်ခြိုက်စွာ ပြုံးလိုက်မိပါသည်။ ဦးလေးမောင်က သူမ လက်ထောက် ဆရာဝန်ဘဝမှပင် ပြောင်းရွေ့ရာမြို့များသို့ အမြဲလိုက်ပါ ကားမောင်းပေးခဲ့ရသူမို့ အကြောင်းအရာ အတော်များများကို ကျွန်မနှင့်ထပ်တူသိထားသူပင်။ အခုလည်း ဦးလေးမောင် စ ပေးလိုက်သော အတွေး တစက ကျွန်မခေါင်းကို အလုပ်ပေးသွားသည်။

ကျွန်မလက်ထောက်ဆရာဝန်ဘဝနှင့် ရခိုင်ပြည်နယ်မှ မြို့လေးတစ်မြို့သို့ တာဝန်ကျချိန်မှာ မလေးနွယ် ဆိုသော အမျိုးသမီးကို စတင်တွေ့ခဲ့ရ၏ တိုက်နယ်ဆေးရုံကြောင့် ဆရာဝန်အရေအတွက်လည်း နည်း ပါးပါသည်။ ဒေသခံများကိုသာ ဆွေမျိုးအမှတ်နှင့် ခင်တွယ်စိတ်ထားကာ နေခဲ့ရသည်။ ဆေးရုံမှ တိုးချဲ့ ဆောင်အသစ်အတွက် အလုပ်ဝင်လာသော နေ့စားအလုပ်သမများထဲမှာ မလေးနွယ်က အသွက်လက် ဆုံးပင်။ ပါးကွက်ကြားထူထူနှင့် ဖလန်ထည်အနွေးထည်အင်္ကျီအကွက်ကျားကျားက မလေးနွယ်သင်္ကေ တများပင်။

ပေါ့ပါးသော မလေးနွယ်သည် ဆေးရုံဝန်းထဲရှိ ဝန်ထမ်းအိမ်ရာတွင် နေသော ကျွန်မ၏ကိစ္စ အတော်များများကို ခိုင်းစရာမလိုပဲ အလိုက်တသိ အမြဲလုပ်ပေးခဲ့သည်။ ရခိုင်တွင် အမျိုးသမီးတော် တော်များများက ကွမ်းစားကြသည်။ သွားနီကျင့်ကျင့်နှင့် ရိုးသားစွာပြုံးပြသော တိုင်းရင်းသူအပြုံးများ ကြားမှ သွားဖြူလေးနှင့် မလေးနွယ်က တစ်မျိုးထူးခြားနေသည်။ အထူးသဖြင့် လှသည်မဆိုသာသော် လည်း သန့်ရှင်းစင်ကြယ်သော သူမပုံစံသည် ယခုလုပ်နေသောအလုပ်နှင့် သိပ်မနီးစပ်ချင်ပေ။

ကျွန်မ မှာက မိဘများစီစဉ်ပေးလိုက်သော ထမင်းချက် ဒေါ်မိုးသီနှင့် ကားမောင်းရန် ဦးလေးမောင်တို့လင်  မယားပါ၍သာ လူပိုမလိုသောကြောင့် မလေးနွယ်ကို မစောင့်ရှောက်နိုင်ခဲ့သော်လည်း တတ်နိုင်သမျှ တော့ ကြည့်ရငပေးခဲ့တာချည်းပင်။ အလုပ်တွေပြီးတိုင်း ကျွန်မပေးတတ်သော မုန့်ဖိုးနှင့် အဝတ်အစား အသုံးအဆောင် လေးများအတွက် မလေးနွယ် မျက်လုံးထဲမှာ ကျေးဇူးတင်မှုအရိပ်အယောင်များ ပြည့် နေတတ်သည် ကို သတိထားမိခဲ့သည်။ သည်လိုနှင့်ပဲ မလေးနွယ်အပေါ် သူမသံယောဇဉ်တွေ ရစ်နှောင် ခဲ့ရသည်။

"ဆရာမကြီး၊ ကျွန်မလေ ရခိုင်ရိုးမထဲကို လမ်းခင်းလိုက်သွားမလို့။ ဆရာမကြီးကို လာနှုတ်ဆက်တာပါ"
"ဟဲ့... တောထဲတောင်ထဲ ငှက်ဖျားပေါပါသနဲ့ မလေးနွယ်ရယ်။ အရာရာဂရုစိုက်နော်။ မိသားစုတွေက ကော ကြည်ကြည်ဖြူဖြူသွားရရဲ့လား"
"သွားရပါတယ်။ အမေတို့အတွက် ကြိုတင်ငွေထုတ်ပြီး ပေးခဲ့မယ်လေ။ ဟိုမှာက စရိတ်ငြိမ်းဆိုတော့ နေ့တွက်က အသားတင်ကျန်နိုင်တာပေါ့ ဆရာမကြီး။ အမေက အခုတလော သိပ်နေမကောင်းလို့ ငွေ ပိုလေး ထွက်ချင်တာလည်း ပါတာပေါ့လေ။ အလုပ်ကတော့ ပင်ပန်းတယ်ပြောတာပဲ။ လမ်းခင်းကျောက် တွေကို ထုပေးရမယ်တဲ့..."

နွမ်းလျသော အပြုံးလေးကို ဆင်ထားသော်လည်း မလေးနွယ်မျက်လုံးလေးများက ကြည်လင်ဆဲပင်။ အချိန်ကြာ လာတော့လည်း ကျွန်မက လူနာများနှင့် အလုပ်ရှုပ်နေသူမို့ မလေးနွယ်အကြောင်းကို မေ့သွားခဲ့ပြန်သည်။ မလေးနွယ်နှင့်အတူ ရိုးမထဲလိုက်သွားသော အလုပ်သမလေးတစ်ယောက်က ငှက် ဖျားနှင့် ဆေးရုံသို့ ရောက်လာတော့မှ မလေးနွယ်အကြောင်းကို ပြန်ကြားရသည်။
"မလေးနွယ်က သနားပါတယ် ဆရာမကြီးရယ်။ ကျောက်ခေါင်း (ကျောက်ပွဲစား)က ခြေတော်တင်သွား တာလေ။ အပျော်ပါပဲဆရာမကြီးရယ်။ မလေးနွယ်က သူ့ကိုလက်ထပ်ဖို့တောင်းပန်တော့ ဟိုအကြောင်း ပြ၊ ဒီအကြောင်းပြနဲ့ ထားခဲ့တာပါပဲ။ ကျွန်မတို့တွေက မကျေနပ်ပဲ ဟိုတိုင်မယ်၊ ဒီတိုင်မယ်ပြောတော့မှ လျှော်ကြေးနည်းနည်းပေးတယ် ထင်ပါရဲ့။ အခုတော့ ပြီးသွားပါပြီ"
"ဟဲ့... မိန်းကလေးတစ်ယောက်ရဲ့ဘဝကို နင်းခြေပြီးမှ လျှော်ကြေးက ဘာလုပ်ရမှာတဲ့လဲ"

"ဆရာမကြီးရယ်၊ ကျွန်မတို့လိုဘဝတွေမှာ ငွေကြေးဆိုတာ တော်တော်အရာရောက်တဲ့ ဖြေရှင်းနည်းပါ၊ အခု လေးနွယ်ရတဲ့ငွေလေးနဲ့ အလုပ်သမားတွေစုနေတဲ့ တန်းလျားမှာ မုန့်တီလည်ရောင်းနေတယ်လေ၊ အရင်းအနှီးကလေးတစ်ခုတော့ ဖြစ်သွားတာပေါ့ ဆရာမကြီး"
မလေးနွယ်သူငယ်ချင်း၏စကားသံအဆုံးမှာ ကျွန်မ "ဟင်း"ဟုသာ သက်ပြင်းမောရှည်ရှည်ကို ချလိုက်ရ ပါတော့သည်။

ကျွန်မ ရခိုင်မှာ(၃)နှစ်ခန့်နေပြီး ရန်ကုန်သို့ဘွဲ့လွန်ကိစ္စနှင့် ပြန်ပြောင်းရမည်ဆိုတော့လည်း သံယောဇဉ် တွယ်နေသော ဤဒေသလေးကို မခွဲချင်ပဲ ခွဲခဲ့ရပြန်ပါသည်။ မပြန်ခင် ဆရာသမားများအတွက် ရခိုင် ဒေသထွက်ကုန်လေးများ လက်ဆောင်ဝယ်ရန် ဈေးထဲသို့အသွားမှာ မလေးနွယ်နှင့် ပြန်ဆုံခဲ့ရသည်။ ပုစွန်ခြောက်ထုပ်များနှင့် မနိုင်မနင်းဖြစ်နေသော ကျွန်မအနီးသို့ မလေးနွယ်လေကဲ့သို့ အလျှင်နှင့် ရောက် လာ ခဲ့သည်။

"ဆရာမကြီး"
အသက်အရွယ်အရ မကွာခြားသော်လည်း သမားဆိုသောဝါစဉ်အရ ကွာခြားသောကြောင့် မလေးနွယ် က ကျွန်မကို "ဆရာမကြီး"ဟုခေါ်သော်လည်း ကျွန်မအသက်က ကွာလှပါမှ မလေးနွယ်နှင့် (၅)နှစ်ပင်၊ ဒါပေမဲ့ ဘဝ၏လောကဒဏ်အထုအထောင်းကို ခံရပါများသော မလေးနွယ်၏မျက်နှာလေးက နွမ်းလျ နေသော်လည်း မျက်လုံးအစုံက ကြည်လင်ဆဲပင်။ ဘဝကို အရှုံးမပေးချင်ဟန်က မလေးနွယ်နှုတ်ခမ်းပါး လေးမှာ ရေးရေးထင်နေသည်။ ထိုအပြုအမူ ဟန်ပင်လေးများကြောင့်ပဲ မလေးနွယ်ကို အခြားသူများ ထက် ကျွန်မ ထူးခြားစွာ ခင်မင်နေခြင်းဖြစ်မည်။
"မလေးနွယ် ကြည့်ပါအုံး။ အသားတွေ ညိုသွားတယ်"
ကျွန်မ စကားသံအဆုံးမှာ မလေးနွယ် ယဲ့ယဲ့လေးပြုံးနေသည်။

"ဆရာမကြီး အထုပ်တွေ ကျွန်မ သယ်ပေးမယ်လေ။ ဆရာမကြီး ကျွန်မကို အမြဲသတင်းမေးတယ်ဆို၊ သူငယ်ချင်းတွေ ပြန်ပြောပြကြတယ်။ ဒေါ်ကြီးမိုးကိုရော ဆရာမကြီးကိုရော အမြဲသတိရပါတယ်။ စိတ် ကရောက်ပေမယ့် လူကမရောက်ဖြစ်လို့ပါ ဆရာမကြီးရယ်။ ကျွန်မလေ ဆရာမကြီးကို မတန်မရာပြော တာမဟုတ်ပါဘူး။ တကယ်ပါ။ ကျွန်မအစ်မတစ်ယောက်လိုပဲ ချစ်တယ်၊ အားကိုးတယ်၊ အခုလည်း ဆိုင် အတွက် လိုအပ်တဲ့ပစ္စည်းလေးတွေ လာဝယ်ရင်းအပြန် ဆရာမကြီးဆီ ဝင်မလို့"
"မလေးနွယ် ဘာဆိုင်ဖွင့်ထားတာလဲ"

"အရင်ကတော့ ရခိုင်မုန့်တီဆိုင်လေးဖွင့်ထားတယ်၊ အခုတော့ စားကုန်လေးတွေရော တင်ရောင်းတယ်၊ အစုံပဲဆိုပါတော့ ဆရာမကြီးရယ်၊ နည်းနည်းတော့ အဆင်ပြေလာပါပြီ"
"ဝမ်းသာပါတယ် မလေးနွယ်ရယ်၊ ကြိုးစားနော်၊ ကျွန်မလည်း သန်ဘက်ခါလောက် ရန်ကုန်ပြောင်းရ တော့မယ်"
မလေးနွယ် အထုပ်ထမ်းကာ ကျွန်မကားရပ်ထားရာ နောက်သို့လိုက်ပို့နေရာမှ ကြောင်အစွာနှင့်ခြေလှမ်း များက ရပ်တန့်သွားသည်။ ကားနားအရောက်မှာ မျက်ဝန်းမှလိမ့်ကျလာသော မျက်ရည်များက ကျွန်မ အပေါ် သူမ ထားရှိသော စေတနာမေတ္တာများကို ရည်ညွှန်းနေသည်။ သည်လိုနှင့် ဆရာဝန်သက်တမ်း တစ်လျှောက်မှာ မလေးနွယ်ကဲ့သို့ ရိုးသားသော တိုင်းရင်းသူ တိုင်းရင်းသားများစွာကို ရင်နာစွာနှင့် ခွဲရ ဖန်များ လာသောအခါ ကျွန်မ နှလုံးသားများ နေသားကျသွားခဲ့ရပါသည်။

မလေးနွယ်ကို ကျွန်မပြန်တွေ့ရချိန်ကတော့ ကြည်နူးပီတိတစ်ခုကို မက်မောစွာစားသုံးရသူလို ကျေနပ် ပါသည်။ ရခိုင်ပြည်နယ်တိုင်းမြို့တော် စစ်တွေမြို့သို့ ဆေးရုံအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းမိန့် ထွက်လာချိန် ရန်ကုန်စစ်တွေပြည်ထောင်စုလမ်းသစ်ကြီးမှသွားရန် ကျွန်မ ဆုံးဖြတ်ခဲ့သည်။ နေရာဟောင်းများကို ပြန်ကြည့်ချင်စိတ်လည်း ဖြစ်မိသောကြောင့်ပင်။ ရခိုင်ရိုးမကြီးကိုဖြတ်၍ ရန်ကုန် စစ်တွေလမ်းမကြီးအတိုင်း ခရီးဆက်တော့ နေ့လည်ထမင်းစားချိန်တွင် ခမ်းနားသောဆိုင်ကြီးတစ်ဆိုင် ရှေ့တွင် ဦးလေးမောင်က ကားကိုရပ်လိုက်သည်။ လမ်းဘေးခရီးတစ်ထောက် ရပ်နားဆိုင်များစွာကို ကျွန်မ မြန်မာပြည် အနှံ့အပြား တွင် တွေ့ဖူးသော်လည်း ဤဆိုင်လေး၏အပြင်အဆင်ကို မြင်ရုံနှင့် သဘောကျ သွားရသည်။ ခမ်းနားမှုနှင့် စည်းကမ်းသပ်ရပ်မှုကြောင့် ခရီးသည် တော်တော်များများ စား သောက် နေကြသည် ကို တွေ့ရ၏။

ကိုယ်ပိုင်ကားများ၊ ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများ ရပ် နားရန် နေရာကို သပ်ရပ်စွာ စီစဉ်ထားသည်။ ကားနားချိန်တွင် ရေဆေးဆီလိုက်၊ ဘီးဖာခြင်းများ လုပ် နိုင်ရန်လည်း ဆိုင်လေး တစ်ခု ဖွင့်ထား သေးသည်။ ဆိုင်ထဲဝင်ထိုင်၍ စားစရာများကို မှာယူပြီးချိန်မှာ ကျွန်မ ခုံနံဘေးသို့ အရိပ်တစ်ခု ကျလာသည်။ ကျွန်မ မော့ကြည့်တော့ သပ်ရပ်သောအပြင်အဆင်နှင့် စိမ်းသက်သော မျက်နှာတစ်ခု။ ထို့နောက် ထိုင်နေသော ကျွန်မလက်ကို နွေးထွေးစွာဆုပ်ကိုင်လာသော လက်တစ်စုံ။
"ဆရာမကြီး"
မျက်ရည်ကြည်များ ရစ်သိုင်းနေသော မျက်ဝန်းကြည်ကြည်လေးကို မြင်ရတော့မှ တစ်စုံတစ်ရာသော အသိက လင်းလက်လာရသည်။

"မလေးနွယ်... ဟုတ်တယ် မဟုတ်လား"
"ဆရာမကြီး... ကျွန်မတို့ ရခိုင်ကိုပြန်လာတာပေါ့၊ ဝမ်းသာလိုက်တာရှင်၊ ဒါ ကျွန်မရဲ့ဆိုင်လေ ဆရာမကြီး၊ ဒီအခြေအနေ နဲ့ တွေ့ရတော့ ကျွန်မကို ခင်တဲ့ဆရာမကြီး ဝမ်းသာမှာပဲလို့ ယုံပါတယ်။ ကျွန်မ အမြဲသတိ ရပါတယ် ဆရာမကြီးရယ်"
"မလေးနွယ်... တကယ်ကို ဝမ်းသာပါတယ်။ ဒီအခြေအနေမျိုးနဲ့ ပြန်တွေ့ရတာ အရမ်းကျေနပ်ပါတယ်"
ရင်ထဲတွင် အမှန်ပင်ဝမ်းသာနေမိပါသည်။ မြင်ချင်သော ဇာတ်ခုံတစ်ခု၏တင်ဆက်မှုကို ကျေနပ်စွာ ကြည့်နေရသော ပရိသတ်တစ်ယောက်၏ခံစားချက်မျိုးကို ကျွန်မရင်ထဲတွင် ခံစားရပါသည်။ လာချပေး သော စားစရာများကို စားသောက်ရင်းနှင့် မလေးနွယ်နှင့် စကားတွေပြောဖြစ်ကြသည်။

"မလေးနွယ်... ဒီအခြေအနေရောက်အောင် အတော်ကြိုးစားခဲ့ရမှာပေါ့။ မိသားစုတွေရော အတူတူနေ တာပဲလား"
"အမေတို့ရော မောင်လေးတွေရော ကျွန်မနဲ့အတူနေပါတယ်။ ဝိုင်းလုပ်ဝိုင်းစားပေါ့၊ ကျွန်မ အိမ်ထောင် မကျခဲ့ပါဘူး ဆရာမကြီးရယ်။ ဘဝမျိုးစုံကို ဖြတ်ခဲ့ရဘူးပါပြီ၊ ပထမကျောက်ပွဲစားက ကျောရရုံကြံတယ်၊ နောက် စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်လေး တွဲဖွင့်တော့ မြို့ကိုကုန်မှာရတာ အဆင်ပြေအောင် ကားသ မားတွေနဲ့ အဆင်ပြေအောင် ပေါင်းရတယ်။ အဲဒီမှာ ကားပိုင်ရှင်တစ်ယောက်နဲ့ ခင်မင်အောင် ပေါင်းရင်း ဘဝပါပေါင်းခဲ့ရပေမယ့် လက်ထပ်ဖို့ကြတော့ ငြင်းဆန်ခံခဲ့ရတယ်လေ။ ကျွန်မ တစ်ယောက်တည်းမ ဟုတ်ဘဲ တာဝန်ယူရမယ့် ကျွန်မနောက်က မိသားစုတွေအတွက် တွေးကြတာ နားလည်ပေးလိုက်ပါ တယ်လေ။

ဒါပေမယ့် တစ်ယောက်နဲ့ပတ်သက်ပြီးတိုင်း ကျွန်မ ရင်ထဲမှာ သင်ခန်းစာတစ်ခုတော့ ကျန် ရစ်ခဲ့တယ် ဆရာမကြီး။ သူတို့ပေးတဲ့ အထောက်အကူနဲ့ ဘဝကို တစ်ဆင့်ပြီးတစ်ဆင့် မြင့်အောင် ကြိုး စားခဲ့ပါတယ်။ ကျွန်မက မိန်းမပေါ့ မဟုတ်ပါဘူး ဆရာမကြီးရယ်။ မိန်းမသားပါ။ ကိုယ့်ကိုမှီခိုတဲ့မိသားစု တာဝန်ကို ယူထားရတဲ့ သူပါ။ တည်ငြိမ်တဲ့မိသားစုဘဝလေးကို အခြားမိန်းမတွေလို လိုချင်တာပေါ့၊ ဖြစ်မလာ တော့လည်း ရှေးဘဝကုသိုလ်ပေါ့။ အခုလို ကျွန်မ အဆင်ပြေတဲ့ဘဝကိုရောက်လာတော့မှ ပြန်ပြီး ချစ်ပါရစေ၊ ကြိုက်ပါရစေ ဖြစ်လာကြပေမယ့် သူတို့စိတ်တွေကို ကျွန်မ နားလည်သိပြီးပြီပဲ။ ကျွန်မ လက်မခံ တော့ပါဘူး။ အခုတော့ ကျွန်မဘဝလေးက အေးချမ်းနေပါပြီ ဆရာမကြီးရယ်၊ ကျွန်မ နင်းတက်ခဲ့ရတဲ့ လှေကားထစ်တွေကတော့ အခုထိ အမြင့်ကို မရောက်နိုင်ကြသေးပါဘူး။ ဒါပေမယ့် ကျွန်မ သူတို့ကို မမုန်း ပါဘူး၊ သူတို့ကို နင်းတက်ခဲ့ရတဲ့ အချိန်တွေအတွက် အမြဲကျေးဇူးတင်နေတာပါ"

မလေးနွယ် ရင်တွင်းမှပွင့်အန်ကျလာသော စကားများကိုကြားရတော့ ကျွန်မရင်ထဲမှာ ဆရာဇော်ဂျီ၏ "ဗေဒါလမ်း"ကဗျာလေးသာ ရင်ထဲသို့ ဝင်ရောက်လာခဲ့ရပါသည်။ လေးဆယ်ကျော်အရွယ် မလေးနွယ် ကတော့ "မဗေဒါအံကိုခဲ ပန်းပန်လျက်ပဲ"ဆိုသည့် စကားစုလေးအတိုင်း စံပယ်ပန်းလေးပန်ကာ မျက် လုံးများက တက်ကြွမှုနှင့် ကြည်လင်ဆဲ၊ လှပဆဲပင်။
မလေးနွယ် ကျွေးလိုက်သော နေ့လည်စာထမင်းတစ်နပ်ကတော့ ပီတိနှင့် အလွန်စားကောင်းခဲ့ပါသည်။ ပြန်မည် နှုတ်ဆက်ကြတော့ မလေးနွယ်က ထုံးစံအတိုင်း မျက်ရည်ဝဲသည်။ သို့သော် နှုတ်ခမ်းလေးများ က ပြုံးနေကြပါသည်။ မလေးနွယ်နှင့်ထပ်တူ ကျွန်မ နှုတ်ခမ်းများလည်း ကျေနပ်စွာ ပြုံးနေကြမှာတော့ သေချာ ပါသည်။

နဝရတ် (ဂုဏ်/ရူပ)
ပန်းတောက်ပွင့်သစ် သြဂုတ် လ ၂ဝ၁၁
.

2 comments:

Thameesan said...

လေးစားရပါတယ်...မလေးနွယ်...
ဘ၀ကိုလွယ်လွယ်နဲ့အရှုံးပေးချင်သူများကို
ခေါ်ပြချင်လိုက်ပါဘိ..(သမီးစံအပါအ၀င်ပေါ့ :P)

Anonymous said...

မလေးနွယ်ဘ၀နဲ့ရင်းပီး မိသားစုအတွက် ရုန်းကန်ခဲ့ရပုံလေးနဲ့ လူတွေရဲ့ အကြောင်း သိသွားလို့ အိမ်ယာ မထူထောင်တော့တဲ့ သင်ခန်းစာပေးတဲ့ စာလေး ကောင်းတယ်မမ။
အနော်။