Wednesday, July 20, 2011

ခင်ခင်ထူး ၏ ဥဒယ

ဥဒယ
(၁)
သမီး လေးနှစ်ပြည့်ပြီ။ လေးနှစ်ဆိုသော အချိန်ကာလသည် လျှပ်ပြက်လိုက်သလိုပင်။ မြန်လိုက်တာ။ အရွယ်နှင့် မလိုက်အောင် ထွားသော သမီးကိုကြည့်ရင်း ကျွန်မမှာ ပီတိဖြစ်ရပါ သည်။ သမီးက ချက်ချက် ချာချာရှိသည်။ ဥာဏ်သွေးဥာဏ်ရည်ကောင်းသည်။ 

ဘွားအေးများဘက် သွားတူကာ စကားကြီး စကားကျယ် တွေ သုံးတတ်သဖြင့် ကျွန်မတို့မှာ အံ့သြရတာ လည်း အခါခါပင်၊ ကျွန်မတို့ သုံးသလို 'ညည်း' တို့ 'ကျုပ်' တို့ သုံးတာများလည်း ရှိတတ်ပါသည်။ တစ်ခါက ကျွန်မ ပန်းပင်စိုက်နေသည့်အနား လာရှုပ် နေသဖြင့် ကျွန်မက ခပ်ဝေးဝေးဖယ်နေရန် အော်လိုက်သည်။

''မဖွေးဖွေး… ပေလေးဆယ် ခြောက်ဆယ် အကျယ်ကြီး၊ ဘယ့်နှယ်ကျုပ်ဘေး လာကပ်နေတာတုံး''
''ညည်းလည်း ပေလေးဆယ် ခြောက်ဆယ်အကျယ်ကြီးပဲ၊ ဘာကိစ္စကျုပ်နား လာကပ်နေရတာတုံး''

ကျွန်မ အံ့သြသွားရသည်။ ညည်းတို့ ကျုပ်တို့ ဆိုသည့်အသုံးကို ကျွန်မတို့ သုံးတာနားယောင်သည် ထားပါဦး။ ချက်ချင်း တုန့်ပြန်တာကို ကျွန်မအံ့သြရခြင်း ဖြစ်ပါသည်။ ကျွန်မတို့ ဘွားအေကြီး၊ ကြီးတော်ကြီး တွေများ ၀င်စားလေသလား တွေးမိသည်။ သီချင်းတွေလည်း ရသည်။ ကဗျာတွေလည်း ရသည်။ ဒါက အင်္ဂလိပ် ကို ဘယ်လိုခေါ်သလဲ ဆိုတာကတော့ ဖအေကို နားပူး နားဆာမေးတတ်သည့် မေးခွန်း တွေဖြစ်သည်။ လေးနှစ်ပြည့်လို့ ခရစ်ယာန်သီလရှင်များ သင်ကြားရာ မူကြိုကျောင်းမှာထားတော့ အင်္ဂလိပ် ကဗျာ တွေ ပါလာခဲ့သည်။ ကျောင်းမှာ နေ့လယ် ဆယ့်တစ်နာရီ ထမင်းစားချိန်အမီ ထမင်းချိုင့် အရောက် ပို့ရသည်။ စားပွဲမှာပ၀ါခင်း၊ ထမင်းချိုင့်ကိုဖွင့်၊ ဇွန်းကို ချထား၊ ရေဘူးကိုအသင့်ထား။ ပြီးလျှင်သီလရှင် တစ်ပါးပါး က ဆုတောင်းပေးသည်။ ဆုတောင်းပြီးလျှင် 'အာမင်' လို့ဆိုကြရသည်။ တစ်ခါတော့ အိပ်ရာထဲ မှာ ကျွန်မကို စိတ်လိုလက်ရ မေးပါသည်။

''မေမေ…သမီးတို့ အာမင်လို့ ဆိုရတယ်ဗျ''
ကျွန်မက အကြောင်းသိထားတော့ ရှင်းပြရပါသည်။
''သီလရှင် စစ္စတာတွေ က သမီးတို့ ထမင်းစားခါနီး ကျန်းမာအောင်၊ ဥာဏ်ပညာကြီးအောင်၊ ရုပ်ချော အောင် ဘုရားမှာ ဆုတောင်းပေးတာပေါ့။ အာမင် ဆိုတာ သာဓုပါလို့ ပြောတာနေမှာပေါ့ သမီးရဲ့''
တစ်ခါတော့ ညဘက်ဘုရားရှိခိုးချိန်မှာ သမီးရွတ်လိုက်သံကြောင့် ကျွန်မတို့မှာ အူတက်မတတ် ရယ်ကြ ရသည်။ သမီးကို ငယ်သေးသဖြင့် သရဏဂုံသုံးပါးကိုသာ သင်ပေးထားရာ ညစဉ် အိပ်ရာဝင် ဘုရားရှိခိုး လျှင် ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ၊ ဟုရွတ်ပြီး ဦးသုံးကြိမ်ချစေပါသည်။ ထိုည က ရှိခိုးပုံကတော့ ထူးဆန်းသည်။
'' ဗုဒ္ဓသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ၊…အာမင်….''
တချို့ စာမရေးရသည့် ညတွေမှာတော့ ဖအေရော ကျွန်မပါ ပုံပြောပြရသည်။ သမီးကြိုက်လောက် ရာ ပုံတွေ တီထွင်ကာ ပြောရသည်။ လူဆိုးပါတာမကြိုက်၊ ရဲတွေပါတာ မကြိုက်၊ ရက်စက်တာ ရိုက်တာနှက်တာတွေ မကြိုက်။ အကောင်းဆုံးက သူမွေးစဉ်က အကြောင်းများးကို ပြန်ပြောတာပဲ ဖြစ်ပါ၏။

''ဖွေးဖွေးကလေး မွေးခါနီးတော့……''
''ဒက်ဒီကြီး ဦးသန်းဝင်း က မေမေ့ဗိုက်ကို ခွဲလိုက်တာဆို၊ သမီးထွက်လာတာဆို၊ မာမီဂျူးက အနှီးကလေးနဲ့ ထုပ်ထားတာဆို….''
ကျွန်မမှ စကားမစရသေး သမီးက ကျွန်မပြောမည့် စကားတွေ ကြိုပြောနှင့်ပြီ။ သမီးက ထူးတော့ ထူးဆန်းသည်။ မိတ်ဆွေများရော ကျွန်မတို့ကပါ အရုပ်တွေ ၀ယ်ပေးကြသော်လည်း စိတ်ဝင်စားမှု နည်း ပါသည်။ ရတုန်းခဏ စိတ်ဝင်စား၍ သိမ်းထားလိုက်ရတာ များပါသည်။ အ၀တ်အစား များလည်း ကျွန်မတို့က၀ယ်ဆင်ရသည် မရှိသလောက်ပင်။ သစ်လွင်တုန်းခဏပဲ စိတ်ဝင်စားသည်။ ရေနှင့်မြေကြီး ရောနယ်ကာ ရွှံတဗွက်ဗွက် ကစားရတာကျတော့ ခုံမင်ပြန်ပါ၏။ စာအုပ်တွေ ဂျာနယ် တွေကိုလည်း စိတ်ဝင်စားသည်။ သီချင်းဂီတကိုလည်း ၀ါသနာပါသည်။ အိမ်နီးနားချင်းကလေးတွေ အရူးမကြီးမစာဥတို့၊ အင်္ဂလိပ်ကြက်ဖ ဘိုကြက်ဖတို့လို ကစားနည်းတွေ ကလားလျှင်တော့ ၀င်ပါတတ်ပြန်သည်။

ပြီးခဲ့သည့်လေး,ငါးလက ကလေးများသော အိမ်နီးချင်းတွေ ပြောင်းသွားကြတော့ သမီးအဖော်မဲ့ရ ပါပြီ။ ခပ်ဝေးဝေးက သမီးကို လာကစားပေးကြသူတွေကလည်း ခြောက်တန်း၊ ခုနှစ်တန်းအရွယ်   တွေဆိုတော့ သမီးကလည်း သူတို့ကို စိတ်မ၀င်စား၊ သူတို့ကလည်း သမီးနှင့် ကစားဖို့ ခက်နေကြတာမျိုး ဖြစ်နေကြပါသည်။ များသောအားဖြင့် စာရေးရင်း အသက်မွေးကြရသော မိဘများကိုသာ ကပ်တော့သည်။ ဖအေ စာရေးသည့် စားပွဲကို သွားကြည့်သည်။ ကျွန်မစာရေးစားပွဲ ကိုလည်း ယောင်ပေပေ ရောက်လာ တတ် သည်။ ကျွန်မတို့ ရေးလက်စ စာမျက်နှာကို လာအကဲခတ်ခြင်း ဖြစ်သည်။ စာရေးကြတာ ဘယ်နေရာ ရောက်နေပြီလဲ လာကြည့်ခြင်းဖြစ်၏။

''အောက်ဆုံးနားရောက်ရင် တော်ကြတော့ သမီးပျင်းလို့….''
ထိုအခါ ကလောင်ကိုချ၍ သမီးနှင့်ကစားကြရသည်။ ဖအေအားတော့ ဖအေ၊ ကျွန်မအားတော့ ကျွန်မ။ များသောအားဖြင့်ကတော့ DVD Player နှင့်ပစ်ထားရသည်။ စင်ဒရဲလား၊ စနိုးဝှိုက်၊ ဘာဘီ စသည့် ဇာတ်ကောင် တွေကိုကြိုက်သည်။ ပြူးပြူးပြဲပြဲ လုပ်ပြတတ်သော ဂျက်ကီချန်းကို ကြိုက်သည်။ မစ္စတာတီးန် ကိုကြိုက်သည်။ သူသဘောပေါက်သလောက် အားရပါးရ ရယ်တာလည်းရှိသည်။ Player ကိုရီမုတ်ဖြင့် ကျော်တတ် ရစ်တတ်သဖြင့် မှော်ဆရာတို့ စုန်းတို့လို ဇာတ်ကောင်တွေပါလျှင် ကျော်ပစ်တတ်သည်။ ကုလားမတွေ အရောင်စုံ ၀တ်စားကာ ကကြသော ဇီးမျုးဇစ်လို ဇီးစမိုင်းလ်လို ချယ်နယ်တွေကိုလည်း ကြိုက်ပါ၏။ ကျွန်မတို့မှာ သမီးကိုကြည့်နိုင် သလောက်သာ ကြည့်နိုင်ကြည့်သည်ဖြစ်၍ များသောအားဖြင့် သမီးတစ်ယောက်တည်း နေရတာ များပါသည်။ ထိုအခါ စိတ်မကောင်းရပါ၏။

ကျွန်မတို့ငယ်ဘ၀တွေတုန်းက ဘယ်လိုများ ကျော်ဖြတ်ခဲ့ကြတာပါလိမ့်လို့လည်း မကြာခဏ စိတ်ရောက်မိ ရသည်။ ကျွန်မတို့မှာ မောင်နှမ ခြောက်ယောက်ရှိရာတွင် မိန်းကလေးက ကျွန်မ တစ်ဦး တည်းသာ ပါသည်။ ယောက်ျားကလေးရယ် မိန်းကလေးရယ်မဟုတ်တော့ဘဲ အများကစားနည်းတွေထဲမှာ ပါခဲ့ရတာကိုလည်းမှတ်မိပါ၏။ ငယ်စဉ်ဘ၀တစ်လျှောက်လုံး ကျောင်းပိတ်ရက်တိုင်း ရွာပြန်ကြရသည်။ ဆွေမျိုးများ၏ အရိပ်အာဝါသမှာ ကြီးခဲ့ရသည်။ 'ဥဒယ' ရွာသည်ပင် ကျွန်မတို့၏ ကလေးကစားရာ ကစားကွင်းကြီး ဖြစ်ခဲ့သည်။ ကျွန်မတို့၏ ဘ၀နေနည်း သင်ကြားရာကျောင်းကြီး ဖြစ်ခဲ့သည်။ လှေစီးရင်း၊ လှည်းစီးရင်း၊ ပဲနယ်ရင်း၊ ပဲဆွရင်း ကြီးခဲ့ကြရသည်။

ပေလေးဆယ် ခြောက်ဆယ် မြေကွက်၏ တစ်ဝက်စာထဲမှာ ကြီးပြင်းရသော သမီးကို ကြည့်ရင်း ရွာကြီးတစ်ရွာလုံးကို ကစားကွင်းလုပ်ခဲ့ရသော ကျွန်မအဖို့ သမီးကို အသနားပိုရုံကလွဲ၍လည်း မတတ်နိုင်ခဲ့။ မြို့မုန့်များ၊ စီဒီဓာတ်ပြားများ၊ ခတ်ပေါ်အသုံးအဆောင်များ၊ ခေတ်ပေါ်အ၀တ်အစား များ၊ ကိုကာကိုလာရည်နှင့် ကွက်ကီးကို သရေစာလုပ်ပြီး ကြီးရရှာတာပါလားလို့လည်း တွေးမိပါ၏။
''ပါပါရော မာမာရော စာရေးတာ တော်ကြပါတော့၊ သမီးပျင်းလို့ပါ''

သည်လိုအော်သံကြားလိုက်လျှင် ကျွန်မရင်တွေ နာရလွန်းပါ၏။ သမီးကိုပွေ့ကာ ခုတင်ပေါ် တွဲတင်ပြီး ကျေနပ်လောက်သည့် စကားတွေပြောတာလောက်နှင့် ချွေးသိပ်ရတာကိုလည်း ကျွန်မ စိတ်မချမ်းသာပါ။ ထိုအခါမျိုးတွင် ကျွန်မရွာ ဥဒယကို ကျွန်မအိမ်နား ရွှေ့ထားချင်လှသည်။ ဆွေရိပ်မျိုးရိပ်သည် ထီးရိပ်န်းရိပ်လို ခမ်းနားလွန်းလှပါ၏။ ဆွေရိပ်မျိုးရိပ်သည် စိမ့်ကြီးမြိုင်ကြီးလို အေးမြလှပါ၏။ ဆွေရိပ် မျိုးရိပ် သည် တံတိုင်းရိပ် မြို့ရိုးရိပ် လို လုံခြုံလှပါ၏။

ကစားလို့ မောကြပြီဆိုလျှင် လှေပေါ်အိပ်၊ လှည်းပေါ်အိပ်၊ ပဲမှော်တိုက်ပေါ်အိပ်၊ ကွပ်ပျစ်ပေါ်အိပ်၊ ကြုံရာဆွေမျိုးတစ်ယောက်ယောက်က လာပွေ့မှ ကိုယ့်အိမ်ကိုယ့်အိပ်ရာပေါ် ရောက်ရသည့်အဖြစ်။ တောနေတောထိုင်နှင့် ကြီးရသည့်အဖြစ် သမီးနှင့် ကျွန်မ ဘ၀အခြေအနေချင်း မတူညီတာကို ဇွတ်ညှိတာမျိုး မဟုတ်သော်လည်း ပွင့်လင်းလွတ်လပ်စွာ ကြီးပြင်းခွင့်ရစေချင်တာကိုတော့ ကျွန်မ တောင့်တမိရိုးအမှန်ပင်။
သမီးကလေး အိပ်ပျော်နေသည့်အခါ ကျွန်မစိတ်တွေ ရွာရောက်နေမိတတ်သည်။


(၂)

''ဘုတ်ကေ ဆီဆမ်း…ဘုတ်ကေ ဆီဆမ်း''
ကလေးတွေက ၀ိုင်းအော်ကြပြီးလျှင် မြေကြီးထဲ မြှုပ်ထားသော ငှက်ပျောဖက်ထုပ်ကို ပြန်ဖော် ကြသည်။ ငှက်ပျောဖက်ထဲမှာ မန်ကျည်းရွက်နုကလေးတွေ ခူးကာထည့်ထားဖြင့် ဖြစ်၏။ မြေကြီးထဲကို အထုပ်လိုက်မြှုပ်ပြီး ဖနောင့်နှင့်  ၀ိုင်းပေါက်ကြရတာကလည်း ကျွန်မတို့ကလေး များပင်။ ဘုတ်ကေဆီဆမ်း ဆိုသည့်အတိုင်း မန်ကျည်းရွက်ထုပ်ကို ဖြေကြည့်လိုက်တော့ တစ်စုံတစ်ယောက်က ဆီဆမ်းထားသလို ဝေ့ဝေ့ကလေး ရွှဲနေတတ်ပါသည်။ ထူးဆန်းသော အတွေ့ကြောင့် ကျွန်မတို့ပျော်ရသည်။ ဖုန်တွင်း အောင်း နေတတ်သော ဘုတ်ကောင်ကလေးကို ရအောင်ရှာ၍ မန်ကျည်းရွက်ထုပ်နှင့်အတူ ရောမြှုပ်ကာ နင်းကြခြင်းဖြစ်သည်။ ဘုတ်ကောင်က တကယ်ဆီဆမ်း မဆမ်းမသိရသော်လည်း မန်ကျည်းရွက်နု ကလေးတွေ စိုဝင်းနေတာကို ကျွန်မတို့ သဘောကျကြသည်။ ရွာမှာဆိုတော့ ငှက်ပျောဖက် ကလည်း လွယ်သည်။ မန်ကျည်းရွက်နု ကလည်းလွယ်သည်။ ဖုန်တွေဖုံးနေတတ်သော ဘုတ်တွင်းကလည်း ကျီအောက် ပုတ်အောက်ကို ဖြဲရှာလို့ရသည်။ ဘာပိုက်ဆံမှ ကုန်စရာမရှိ။ ဆီဆမ်းထားသလို ရွှဲအိအိမန်ကျည်းရွက်ကို လုယက်စားကြရတာကပင် ပျော်စရာကောင်းလှပါ၏။

ကျွန်မတို့ ဥဒယရွာက ရွာလယ်ညောင်ပင်ကြီးမှာ အထင်ကရ ဖြစ်သည်။ ဘယ်ရွာက လှမ်းကြည့်  ကြည့် မြင်ရပါသည်။ ညောင်ချဉ်ပင်ကြီးဖြစ်၍ ညောင်ရွက်ဖူးချိန်ဆိုလျှင်တော့ တစ်ယောက် တစ်ဆိတ်နှင့် ညောင်ပင်လည်း ထွန့်ထွန့်လူးရတော့သည်။ တစ်နှစ်များ ညောင်ချဉ်ပင်ကြီး နာဖျားယူရအောင် အခူး ခံခဲ့ ရရှာသည်ဆိုပါ၏။ ကျွန်မတို့ကလေးများ၏ အပန်းဖြေရိပ်သာ ညောင်ပင်ကြီးအောက်ကို မရောက်ဖူးကြသူမရှိ။ မကစားဖူးကြသူလည်းမရှိ။ တစ်ရွာလုံးက ကလေးတွေက မနက်ခင်းစာ ထမင်း တောင့် အောင် စားပြီးကြသည်နှင့် ညောင်ပင်အောက် ရောက်လေ့ရှိကြပါသည်။

သည်ညောင်ပင်ကြီးအောက်မျာပဲ စိမ်ပြေးတမ်း၊ ဖန်ခုန်တမ်း၊ ထမင်းချက် တမ်း၊ ဒီထိုးတမ်း၊ ထွေပစ်တမ်း၊ ကြက်ဖခွပ်တမ်း၊ တူပုန်းတမ်း၊ ဧည့်သည်လာတိုင်ပုတ်တမ်း.. ကစားနည်းတွေ စုံလှပါသည်။
''ဆီမီးခွက် ပြောင်းပြန်…ဆလံထိုး မိုးပျံ…''
''ငါ့အိမ်ပေါ် ဘယ်သူတက်…ကြောင်တက်…ကြောင်မတက်နဲ့ ငါတက်မယ်''
''ဗျောင်နောင်နောင် ဘဗေပေ့ဂျိ...ငါးပိကျည်တောက်…ဆားကျည်တော်.. ''

ကစားနည်းပေါ် မူတည်ပြီး လင်္ကာတွေ တစ်ယောက်တစ်ပေါက် ရွတ်ဆိုကြသည်။ ကလေးတွေ အားလုံး အသံချင်း ကျော်နိုင်ရန် အသံကုန်ဟစ်ကြရာက အသံထုကြီးကြီးလာပြီး အော်မကြား ခေါ်မကြား၊ ထူးမကြား ၀ူးမကြား ဖြစ်ရပါတော့သည်။ ငြင်းကြခုံကြ၊ သတ်ကြ၊ ပုတ်ကြ၊ လှောင်ကြ၊ ပြောင်ကြ၊ ရယ်ကြ မောကြ၊ အခြားဘာမှမရှိပါ။ အမုန်းလည်း မရှိ။ ရန်ဖြစ်တုန်းခဏ။ ပြီးတော့လည်း ပြီးကြသည်ပင်။
မန်ကျည်းပင်တွေ ပေါသည့်ရွာဆိုတော့ မန်ကျည်းသီးတွေက ဘယ်အပင် မော့ကြည့်ကြည့် ပဒေသာပင်သီးထားသလို တွဲလွဲ။ မန်ကျည်းသီးမှည့်တွေ ရိုက်ချ၊ အနှစ်တွေဖယ်၊ အစေ့တွေထုပ်။ ထဘီ ခါးပိုက် တစ်ပိုက်စာ ရလျှင် ရွယ်တူချင်းစိန်ခေါ်ပါပြီ။ မန်ကျည်းစေ့တောက် ကျွမ်းကျင်သူတွေနဲ့ တော့ မကစားချင် ကျွန်မနှင့် ရွယ်တူမယ်နှင်းဆိုလျှင် ရှုံးသည်မရှိ။ ထူးဆန်းသည်မှာ အရှုံးအနိုင်က ကျလာသော မန်ကျည်းစေ့ က တန်းဖိုးရှိခြင်းပင်။

''ဖြစ်ရလေ ငါ့တူမရယ်၊ မန်ကျည်းစေ့ ရှုံးလို့များ ငိုရတယ်လို့အေ ခူးစမ်းပါလေ့ မန်ကျည်းပင်ချည်း လေးပင်တော်၊ ခူးစမ်းဟဲ့''
ကျွန်မကြီးတော်များ၊ ဒွေးလေးများက မန်ကျည်းစေ့ရှုံးလို့ ငိုပြန်လာသော ကျွန်မကို ၀ိုင်းချော့ကြခြင်း ဖြစ်သည်။ ကျွန်မမျက်စိထဲမှာတော့ နိုင်သည့် မန်ကျည်းစေ့တွေကို ထဘီချွတ်ပြီး ဟုထုပ်သွားသော မယ်နှင်းကိုသာ မြင်ယောင်သည်။ ကျွန်မကိုယ်ကျွန်မလည်း ငါညံ့လေခြင်းလို့ ယူကြုံးမရ ဖြစ်ရပါ၏။ မန်ကျည်းစေ့ မတောက်ချင်တော့ ဇယ်ခုတ် ဇယ်ခတ်ကြပြန်သည်။ မယ်နှင်းက တောက်တာတော့ တော်ချင်တော်မှာပေါ့။ ဇယ်ခုတ်ဇယ်ခတ်ရာမှာတော့ မတော်လောက် မထင်ပေါနဲ့ သည်ကစားနည်း မှာလည်း မယ်နှင်းပဲ ၀ိုင်းကျွတ်သိမ်းလေ့ ရှိပါသည်။ မယ်နှင်းကသူရထားသမျှ မန်ကျည်းစေ့တွေကို ကျွန်မတို့ရှေ့မှာ ရေတွက်တာကို မခံချင်။ သို့သော်ကလေးတိုင်းက မယ်နှင်း၏ မန်ကျည်းစေ့ အရေအတွက် ကို သိချင်ကြသည်ချည်းပင်။

''တစ်ပြူး၊ တစ်လံ၊ ညောင်ကန်၊ ထမ်းပိုး၊ အကျိုး…''
တစ်ပြူးကနှစ်စေ့၊ တစ်လံကလေးစေ့၊ ညောင်ကန်ကခြောကစေ့၊ ထမ်းပိုးကရှစ်စေ့၊ အကျိုးက ဆယ်စေ့။ မယ်နှင်းထဘီထဲမှာ အကျိုးပေါင်းမနည်းပြီ။ တစ်ခါတစ်ခါ မယ်နှင်းက နိုင်မန်ကျည်းစေ့ တွေကို ကြဲမည်ဆိုသဖြင့် လုဖို့ပြင်ကြရသည်။ တစ်ဆုပ်ပြီး တစ်ဆုပ်ကြဲတာကို ၀ိုင်းလုကြရင်း တိုးမိတိုက်မိရာက သတ်ကြပုတ်ကြ ဖြစ်ရတော့သည်။
ထုပ်ဆီးတိုးကြတော့လည်း သည်ညောင်ပင်အောက်မှာပင်။ ဖြစ်ဆိပ်ကသဲသွားကျုံးကြကာ သဲစည်းချတာလည်းရှိ၏။ ရေဖြင့်လောင်း၍ စည်းချတာလည်းရှိ၏။ တုတ်နှင့် ခြစ်ကာ တုတ်စည်းချ တာလည်းရှိ၏။ ထမင်းရေပူစည်း၊ ခေါင်စည်း၊ ကုပ်စည်း၊ ကုပ်နောက်စည်း၊ ဘိတ်ရှေ့စည်း၊ ဘိတ်စည်း….။ လူနှင့် စည်းမျှကာစည်းချကြရ၏။ အရွယ်ချင်း မျှကြရသည်။ အရပ်ချင်းမျှကြရသည်။ ကိုယ့်ဘက်ပါစေချင်သူနှင့် ညှိထားပြီး နာမည်ဝှက်ရတာကလည်း သိသိကြီးနှင့် ခွင့်လွှတ်ရသည်။

''ဇလပ်ပန်းနဲ့ ဇီဇ၀ါ''
ဇလပ်ပန်းသမားက သူ ဇလပ်ပန်း ယူထားကြောင်း ပြောပြီးသားဆိုတော့ ကိုယ့်ဘကင်ပါလာ တော့သည်။ ဇီဇ၀ါနှင့် ဇလပ်ပန်း ဆိုတာကလည်း ရွာမှာအစိုက်များသော၊ အပွင့်ယဉ်သော ပန်းတွေသာ ခေါင်းထဲမှာ ရှိကြ၍ဖြစ်ပါသည်။ ဒေလီယာနဲ့ သစ္စာပန်းလို့ ဘယ်သူမှ မ၀ှက်။ ထုပ်ဆီးတိုးကြတော့လည်း ရန်ပွဲနှင့်ပဲဆုံးကြပါ၏။ သည်မှာတော့ သူ့ဘက်ကိုယ့်ဘက် အုပ်စုများ ဖြစ်ရသည့်အတွက် အုပ်စုလိုက် တစ်ရက်၊ နှစ်ရက်မခေါ်ကြ။ သည်ကြားထဲက ဘယ်သူနှင့် ဘယ်သူတော့ ဘယ်နားမှာ ခေါ်တာ တွေ့တယ် ဆိုရာက အားလုံးပြန်တည့်ကြတာ များပါသည်။
နေ့လယ် ထမင်းစားချိန်မှာတော့ မိဘဘိုးဘွားတို့က ထမင်းစားလာခေါ်ကြပြီ။
''မထူးရေ…..''
''ပေါင်အိရေ…''
''မြပုရေ…''
''သာဒွန်း ရှိသလားဟေ့…''

အရှုံးပွဲဆက်နေလျှင်တော့ မရှုံးချေချင်ကြသည့်အတွက် ထမင်းမစားဟင်းမစား ကစားဝိုင်းမှာ ပေကပက်နေကြရာက ရိုက်နှက်ခေါ်သွားကြတာကလည်း နေ့စဉ်နှင့်အမျှပင်။ ကစားဝိုငးကြီး ကြီးလို့ အကြိတ်အနယ်ဆိုလျှင် လာခေါ်ကြသူ  လူကြီးတွေကလည်း တိုးကြပါတော့လား၊ ဆီးကြပါတော့လားနှင့် ပျော်စရာကောင်းလှပါသည်။ လူကြီးတွေက အားပေးလျှင်တော့ ကျွန်မတို့မှာ သွေးတမြောက်မြောက် ကစားပြီးလို့ တော်ကြတော့ဆိုလျှင် မြစ်ဆိပ်ကို ပြေးကြရတော့သည်။ ကျွန်မတို့အဖို့ မြစ်သည်ကြောက်စရာမဟုတ်။ ရေချိုးကန်ကြီးနှင့်ပင် တူသည်။ မြစ်နားကမ်းနား ကြီးကြရတာဆိုတော့ မြစ်ကြီးနှင့်လည်း ယဉ်ပါးနေပါပြီ။ ဆပ်ပြာလည်း မပါခေါင်းလျှော်စရာလည်း မပါ။ ချေးညှော်တွေကို ပွတ်သပ်ရင်း ရေထဲမှာပင် ကျွမ်းပစ်ကစား လိုက်ကြသေးသည်။ မြစ်ရေထဲက မတတ်ကြပြန်တော့ လူကြီးသူမတွေက မြစ်ကမ်းပါးထိပ်က အော်ခေါ်ကြပြန်လေသည်။

ကျွန်မတို့ရွာတွေမှာ ဂုံညင်းဆံ ဂုံညင်းဒိုး ရှားပါသည်။ ဂုံညင်းထိုးတမ်း ဆိုပေမယ့် အိုးခြမ်းကွဲကို ၀ိုင်းနေအောင် သွေးကာ ဂုံညင်းလုပ်ရသည်။ ရှမ်းထွေ၊ ဒိုးစသည်ဖြင့် ခေါ်ကြတာလည်းရှိသည်။ မြစ်ဆိပ်က ရေအိုးရွက် တက်ရသည်ရွာဆိုတော့ အိုးကွဲတွေ မရှားပါ။ ဘယ်နေရာကြည့်ကြည့် အိုးကွဲတစ်ကွဲတော့ ရှိတတ်ပါသည်။ နဘက်အိုးကွဲ၊ ကတောအိုးကွဲ၊ ရန္တပိုအိုးကွဲ။ အိုးရွာနှင့် အိုးကွဲ ပင်စိတ်ကြိုက်ရွေးနိုင်ကြပါ၏။ သံအိုးထူထူ၊ ကျောက်အိုးထူထူကြီးတွေဆိုလျှင် အကောင်းဆုံး 'ထွေ' များရတတ်ပါသည်။

ကစားပွဲ မစမီ ဗေလူဦးကြရတာကလည်း နည်းအမျိုးမျိုး ရှိသည်။ အစိုအခြောက်လား၊ ထွေမြှောက်ခြင်း၊ တုတ်ကျိုးတုတ်ကောင်း၊ လက်ဆစ်တစ်ဆစ်ချိုးပြီး လက်ကျိုးလကကောင်း ရွေးခြင်းစသဖြင့် ကိုယ် ကြိုက်ရာ နည်းဖြင့် ဗွေလူဦးကြသည်။ အိုးခြမ်းကွဲတွေကို ခြေမျက်စိ၊ ဒူးခေါင်း၊ ပေါင်၊ ပခုံးပေါ် ညှပ်ကာ လိမ်ကာ တင်ကာစကားရသည့် ကစားနည်းဖြစ်ပါသည်။ ပခုံးတင်၊ နဖူးတင်၊ နှာခေါင်းတင်၊ တိမ်တစ်လုံး၊ ပါးပေါ်တင်၊ နသယ်ပေါ်တင်၊ နားရွက်အုပ်။ လက်ညှိုးနှင့် လက်ခလယ်ကြား ထွေညှပ်ပြီး ဆေးလိပ် သောက်ပုံ လုပ်တော့ ဆေးလိပ်တော်၊ သွားကိုက်၊ ဣနြေ္ဒထိုး၊ ခွေးချေးပဲ့ စသည်ဖြင့်ငြင်းကြခုံကြ။

''ဝေး…ဝေး….ဝေး …ရယ်တော့မယ်ဟေ့ ရယ်တော့မယ်၊ ပါးစပ်ကြီးကိုပြင်ပေါ့ကွယ်၊ ခွေးချေး စုပ်တော့ နံလှတယ်''
ပါးစပ်ထဲရှိတာ အော်ရင်း မရယ် ရယ်အောင်စကြတာကလည်း ပျော်စရာကောင်းလှပါသည်။ ပါးစပ်ထဲ ကိုက်ထားသည့်ထွေက ရယ်လျှင် ပြုတ်ကျမှာဆိုတော့ မရာယ် ရယ်အောင်စကြတာ ဖြစ်သည်။ ထွေကျော် တော့ မိုးကျူးသတဲ့။ ကိုယ့်ဘက်က လူသေတော့ နိုင်သူက 'ကလူ' ရသည်။ ကလူတယ်ဆိုတာ ကူတာ ထင်ပါရဲ့။

''ဒူးခေါင်း ဒူးခေါင်း မောင်းထောင်းစပါး ဆန်ရေကောင်း''
''ပလန်ချိန်ခွင် ကြိုးနဲ့ချိန် ရွှေချိန်တစ်မတ်သား''
''ခြေခုံပလယ်တက်တက်ရိုး ဘူးစေ့ပေါက်နဲ့တိုး''
ဟုတ်တာမဟုတ်တာ ထားပါတော့။ အဓိပါယ်ရှိတာမရှိတာ ထားပါတော့။ ဆိုရတာကပင် ချစ်စရာကောင်းလှပါ၏။ ကျွန်မတို့ ကစားခဲ့ကြသော ကျေးလက်ကစားနည်းတွေ မနည်းလှပါ။ ခုတော့ လည်း မေ့တာမေ့၊ လျော့တာလျော့။ မမေ့မလျာ့တာကတော့ ကျွန်မတို့ ကလေးဘ၀ကို လွတ်လပ် ပျော်ရွှင်ခဲ့ကြခြင်းပင်။

(၃)

ပဲဆွတ်ချိန်မှာတော့ ကျွန်မတို့ကလေးများ၏ ကစားကွင်းက သစ်ခင်းတွေ ဘက်ဘယ်သူ့အမိန့်မှ မပါဘဲ ပြောင်းကြခြင်း ဖြစ်ပါသည်။ ရွာရှိ လူကုန်တောထဲ အခင်းထဲ ရောက်ကြချိန်ဆိုတော့ ကျွန်မတို့ ကလေး တွေလည်း ရောက်ကြရတော့သည်။ လူကြီးတွေ ပဲသိမ်းပြီးလို့ အခင်းလွတ်ပြီ ဆိုလျှင် ကျွန်မတို့ ကလေး တွေက ပဲသင်းကောက်ကြရပါပြီ။ တစ်စေ့ချင်း တစ်တောင့်ချင်းကလည်း ကြာတော့ တင်းပြည့် တောင်းပြည့်။ ပဲလည်းကောက်၊ ကစားလည်း ကစား။ မြစိုင်ခဲများ ပစ်ကြကြေး တကယ်ထိပြန်တော့ နာလိုက်သည့် ဖြစ်ချင်း။ စိတ်ဆိုးလို့လည်း မဖြစ်ပါ။ ကိုယ်ပစ်လိုက်သည့်ခဲ သူ့ကိုမှန်ရင်တော့ သည်းသာ ခံဖို့ပြင်။

''မျက်လုံးမျက်ဆံများ မှန်ရင်ကွယ်…. ကမြင်းလိုက်ကြသာ၊ ဘယ်သူ့ကလေးတွေပါလိမ့်''
''မကြီးတင်သားတော်၊ ဟိုကောင်က မစိန်ရင်သားတော်၊ ဟိုဟာက မမြတင်သမီးတော်''
အမြင်မတော်သူက ငေါက်လို့ ငြိမ်နေရတော့လည်း ခဏသာ။ ကုလားပဲ ရိတ်ချိန်ဆိုလျှင်တော့ သစ်ခက်ချိုး၊ သစ်ကိုင်းချိုး၊ မြက်ခြောက် တစ်ပွေ့စာဖြင့် ကုလားပဲပင် အုံလိုက်နှုတ်ပြီး မီးမြှိုက်။ ဖျစ်ဖျစ် ဖျောက်ဖျောက်မြည်လို့ ကျွမ်းလျှင်နပ်ပြီ။ တူးတာကတူး၊ မနပ်တာကမနပ်။ စားလို့ကောင်းလှပါ၏။ ပူပူလောလော စိမ်းရွှေရွှေ၊ ချွဲတဲတဲ အရသာကိုပင် အကောင်းလုပ်ကြ ရပါသည်။
သရက်ကင်းထိုးချိန် ဆိုတော့လည်း ဆားနှင့် ငရုတ်သီးမှုန့်ကို စက္ကူနှင့်ထုပ်သွားရုံသာ။ သရက်ပင်ပေါ်က တွဲလောင်းကျနေသော သရက်ကင်းကလေးတွေကို ခဲနှင့်ပစ်ထုကာ ဆား၊ ငရုတ် သီးမှုန့်နှင့် တို့စားကြရတာက ဖန်ဖန်ငန်ငန် စပ်စပ်။ ဒါကိုပင် အရသာခံကြရပါ၏။ တစ်လုံးက နှစ်လုံးဆိုလျှင်တော့ သွားတွေကြိမ်းပြီး။ သီးစေးလောင်ကြပြီ။ ပါးစပ်တစ်ဝိုက် သရက်ပူကြီးတွေ ဖိန်းဖိန်းထလို့ မစားကြတော့ဘူးရယ်လို့ မရှိ။ ကြာတော့ သရက်စေးပင် မလောင်ဝံ့တော့။

''မြက်စိုစို ကုန်းဘက် နွားသွားကျောင်းချေကြ''
နွားကျောင်းရတော့မည်ဆိုလျှင် ကျွန်မတို့ကလည်း ပျော်သည်။ နွားတွေကလည်း ပျော်သည်။ နွားတွေ ကလည်း ကဆုန်ပေါက်။ ကျွန်မတို့ကလည်း ကဆုန်ပေါက်၊ အစီးခံသည့် နွားပေါ် လုတက်ကြလို့ ပြုတ်ကျရတာကလည်း ခဏခဏပင်။ ပဲသင်းကောက်ရင်း အနီးရွာတွေ ရောက်ကြ ရလိုနွားကျောင်းရင်း ရောက်ကြရတာလည်း ရှိပါ၏။ စားကြူး၊ ကြည်ရွာ၊ ကန်တော်၊ ဂင့်ဂဲ၊ သိမ်တိုင်၊ ရွာသစ်၊ ခံတော၊ ဇလပ်ကုန်း။ ရွာတွေရောက်လို့ လူကြုံပါးတာကို သယ်လာခဲ့ကြရသေးသည်။ သယ်ခက ထန်းလျက်နှစ်ခဲ သုံးခဲ၊ ပေါက်ပေါက်ဆုပ် နှစ်လုံး၊ သုံးလုံး။ တစ်လမ်းလုံးစားပြီး ရွာအ၀င် ရေအိုးစင်မှာ ပါးစောင်က ရေတွေ စီးကျအောင် တစ်ဝကြီး သောက်ကြသည်။ အုန်းမှုတ်ခွက်နှင့် တစ်မှုတ်လည်းမ၀၊ နှစ်မှုတ်လည်းမတင်းတိမ်။ ညလေဘက် နွားရေတိုက်ဖို့ မြစ်ဆိပ်ဆင်းတာ ကိုလည်းအလုပ်လို့မမြင်ကြပါ။ ကစားနည်း တစ်မျိုးလို့ ခံယူ ကြပါ၏။ နွားရေတိုက်ရင်း ရေကူးကြ၊ ရွှံဖတ်နှင့်ပစ်ကြ။ အသားတွေ နှုတ်ခမ်းတွေ ပြာတောက်လာမှ တက်ကြ တော့သည်။

မြစ်ရေတွေကြီးလို့ ရွာထဲရေ၀င်တော့ ရေပြင်ကစားကွင်းကြီး ရပြီ။ နွားစာကျင်းကို လှေလုပ်ပြီး ထင်းမျော ဆယ်ကြ၊ လှေလျော်ပြိုင်ကြ။ တစ်အိမ့်တစ်အိမ် ဟင်းခွက်ကမ်းခိုင်းလျှင် ဇလုံကို ရေမျှောရင်း ကိုယ်ကို ဖော့ကူးရင်း သယ်သွားရုံ။ မြစ်ရေကျတော့ ဗွက်တွေကျန်ခဲ့သည်။ ဗွက်တွေကလည်း ကစားကွင်းပင်။ ဗွက်ညှီနံ့တွေများ နံလို့။
အိမ်မှာ ဗွက်နှင့် ဆော့ရတာကို သဘောကျသော သမီးကလေးခမျာ ကျွန်မဆီကကူးစက် တာများလား။ ရွာဖြစ်ဆိပ် က ရွှံကိုခူးပြီး နွားရုပ်ကလေးလုပ်ပေးချင်မိပါ၏။

(၄)

တောရွာညတွေကတော့ လမသာလျှင် ဘာမှမမြင်ရပါ။ သည့်ထက် မှောင်သည့် အမှောင်မျိုး ဘယ်မှာမှ မရှိနိုင်။ ဒါပေသိ ကျွန်မတို့ မကြောက်ကြ မြွေပါးကင်းပါးကလွဲလျှင် မှောင်ကြီးထဲ ကူးကြတာများပင် ရှိပါ၏။ လသာ လျှင်တော့ ပြောစရာမရှိပါပြီ။ လသာသာ၊ တလင်းဖွေးဖွေးမှာ ကတမ်းခုန်တမ်း ကစားမလား၊ ထုပ်ဆီး ထိုးကြမလား။ နတ်ဖွက်မှာစိုး၍ တူတူပုန်းတမ်းတော့ မကစားရပါ။ ကတမ်းခုန်တမ်း ဆိုလျှင်တော့ ကျွန်မက မင်းသမီး။

''ဆောင်းလရာသီ မောင်တစ်ပါးဆီ ပျိုလေးမှန်းမှော်သည်…. ချမ်းလို့ပင် ခိုက်ခိုက်တုန်…စောင်ခြုံ လို့မနွေးပြီ…..''
ကျွန်မတို့အိမ်ရှေ့ တလင်းမှာ ခင်းထားသော ကွပ်ပျစ်ကြီးမှာ ဇာတ်ခုံဖြစ်ရပြီ။ အဘပုဆိုးက ပြန့်ထဘီ၊ အမေကြီး ဥပုသ်တဘက်က မင်သမီး ပ၀ါ။ အကပြီးကြတော့ စကားထာ ၀ှက်ကြပြန်၏။
''နတ်သမီး သောက်ရေကန် တံတိုင်း သုံးထပ်ရံ''
''အုန်းသီး''
''ငါးယောက်ကသယ် သုံးဆယ်ကထောင်း ဖျာကြီးနဲ့လိပ် ဂူကြီးထဲသွင်း''

''ထမင်းစားတာ''
''ကျွဲချိုပေါ် ငှက်ခါးဥ''
''ကိုရင်နှစ်ပါး ရည်းစားလု''
''နမုတစ နူပေ အယုစိတ်''
''နမ(နွားမ) တစ်စု နေပူ အရိပ်စု…''
တစ်ခါတစ်ရံ ကိုယ့်ဘာသာ ၀ှက်သော စကားလိမ် စကားထာများကို ကိုယ့်ဟာကို ပြန်ရယ်ကြရ သေးသည်။ တစ်ခါတရံ ခဲရာခဲဆစ်တွေ ရှာကြံဝှက်ကြတာလည်း ရှိသည်။
''ကမ္ဘာစည်ကြီး တီးလိမ့်မည်၊ မျက်နှာမည်းကြီး ငိုလိမ့်မည်၊ သေသူများလည်း ရှင်လိမ့်မည်၊ ပုန်းသူများ လည်း ပေါ်လိမ့်မည်''
မိုးဦးကျ စကားထာကလေး ဖြစ်ပါ၏။ ပန်းပေးပြီ ဆိုလျှင်တော့ ၀ှက်သူကခြေခြေမြစ်မြစ် ရှင်းပြ တတ်ရသည်။

''ကမ္ဘာစည်ကြီး တီးလိမ့်မည် ဆိုတာ မိုးခြိမ်းတာကို ပြောတာဟဲ့၊ မျက်နှာမည်းကြီး ငိုလိမ့်မည် ဆိုတာက မိုးတွေရွာတာ၊ သေသူများလည်း ရှင်လိမ့်မည်က မိုးရွာလို့ မြက်ပင်ကလးတွေ ပေါက်လာတာ၊ ပုန်းသူများလည်း ပေါ်လိမ့်မည်ဆိုတာကျ မိုးရွာလို့ ဖားတွေဟိုက သည်က ထွက်လာတာကို ပြောတာလေ၊ ကိုင်း.. ''
စကားထာဝှက်တမ်း ကစားဝိုင်းမှာတစ်ဆင့် ကျွန်မတို့အဖို့ စဉ်းစားတတ် တွေးခေါ်တတ်အောင် လေ့ကျင့် ပေးသည်။ တစ်ယောက်နှင့် တစ်ယောက် ချစ်ခင်ရင်းနှီးစေသည်။ ပုံပြောတမ်း ကစားခြင်း အားဖြင့်လည်း ကျွန်မတို့ကို အပြောအဆို ကြွယ်ဝစေသည်။ ငယ်ငယ်တုန်းက တစ်လှည့်စီ ပြောခဲ့ကြသော ပုံပြင်ကလေးများထဲမှာ ကောင်းသူနှင့် မကောင်းသူ၊ ကောင်းသောအလုပ်နှင့် မကောင်းသောအလုပ်။ ကုသိုလ် နှင့် အကုသိုလ် ကို ခွဲခြားနားလညစေ ခဲ့သည်။ သည်ဘက်ခေတ်ကလေးတွေ စကားထာ ၀ှက်တမ်း၊ ပုံပြောတမ်းတွေ ကစားဖြစ်ကြသေး ရဲ့လား။ ကျွန်မတို့ပတ်ဝန်းကျင်မှာတော့ မကြားရတော့။ နှမြော စရာ ကောင်းလှပါ၏။

လမိုက်သည့် ညတွေမှာတော့ တစ်ရွာလုံး ပိန်းပိန်းကြီး မှောင်နေတော့သည်။ ကိုယ့်လက်ဝါးကိုယ် ထောင်ကြည့်သော်မှ မမြင်ရ။ လရောင်ကို အလင်းရောင်လုပ်နေကြသူတွေအဖို့ လမိုက်ရက်တွေ
မှာတော့ ကျွန်မတို့ ဆော့နေကျတလင်းသည်လည်း အမှောင်နှင့် ငုတ်တုတ်။ သည်တော့ လူကြီးတွေ စကားဝိုင်းဘေးမှာ ငုတ်တုတ်မည်းတည်းထိုင်ရင်း သက်ကြီးစကား ကြားနာခဲ့ရပါ၏။ စားကြူးရွာ ဗုံးကျတာအိမ်လုံးကျွတ် ပါသွားခဲ့ကြရပုံ၊ တော်လှန်ရေးကာလ ရွာမှာ ပြောက်ကျားတပ် တွေဖွဲ့ခဲ့ကြပုံ၊ ဆရာတော့်ကျောင်းမျာ ခိုလှုံရင်း လောကဓာတ်စာ သင်ကြားပေးခဲ့သော ဆရာလေး ကိုရာကျော် အကြောင်း၊ ဘိုးကြီး ဘွားကြီးဒွေးကြီး ဒွေးလေးတို့အကြောင်း တွေကို ကြားကြရသည်။ မျက်တောင်ပင် မခတ်မိ။

လူကြီးစကားဝိုင်းမှာ ဆွေစာရင်းမျိုးစာရင်းချကာ ဆွေမျိုးသစ်ပင်၊ မိသားစု သစ်ပင်တွေ ပုံဖော်ကြ တာကလည်း စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ဘယ်သူတွေက ဘယ်အမက ပေါက်သည်။ ဘယ်သူက အဖေမျိုး၊ ဘယ်သူက အမေမျိုး ဘယ်သူက နှစ်ဖက်တော် စသည်ဖြင့် ပြောကြတော့ ဆွေမှန်းမျိုးမှန်း အသိစိတ် ခင်မင်စိတ်ကလေးတွေ တိုးခဲ့ရပါ၏။ အရွာရွာက ဆွေမျိုးတွေ အနည်းလှတာကြားတော့လည်း ဂုဏ်ယူချင်သလိုလို။

''တို့အမျိုး အာဂမှတ်လို့အေ…ဘယ်သူ့ ၀င်တိုးမိ တိုးမ အမျိုးမလွတ်ဘူး သဟာတွေကြောင့် လူချင်းယှဉ်ရင် တို့ကအသာစီးရတာ၊ ဆွေနည်းမျိုးနည်းများ အလိုလို မျက်နှာငယ်ရတာတော်''
ကျေးလက်တောရွာမှာ နေထိုင်ကြီးပြင်းခဲ့ရသော ကျွန်မတို့ ငယ်ဘ၀တွေက ကျဉ်းလွန်းလှသော် လည်း လွတ်လပ်မှု ကတော့ ကျယ်ပြောလွန်းလှပါသည်။

(၅)

သမီးကလေးကို ကြည့်ရင်း ကျွန်မတို့ကလေးဘ၀ ကစားခုန်စား ပျော်ပါးခဲ့ရတာတွေကို သတိရနေမိခြင်း ဖြစ်ပါ၏။ ကျွန်မတို့ ဇနီးမောင်နှံနှစ်ယောက်စလုံး အချိန်ရယ် အခါရယ် မရှိစာရေး ကြရသည်။ စာရေးခြင်းအပြင် လူမှုရေးတွေရှိသေးသည်။ ကျန်းမာရေးကိစ္စ ရှိသးသည်။ စာပွဲပေပွဲများကိုလည်း မရောက်မဖြစ် ပွဲမျိုးတွေ ရောက်အောင်သွားကြရသည်။ နယ်စာပေ ဟောပြောပွဲတွေ ရှိတော့လည်း မြို့ထိုထို၊ အရပ်ထိုထို ရောက်ကြသွားကြရသည်။ အသွားဆင်းရဲ အနေဆင်းရဲ ရှိလို့ ကျွန်မတို့ ခံနိုင်ကြသော်လည်း သမီးကလေးကို ငဲ့ကြရပါသည်။ သူ့ခမျာ ပလူမွေး ပလူတောင်ကလေးနှင့် လိုက်ရသည် ပွဲပေါင်း များလှပြီ။

ကျွန်မတို့ သွားသလို သွားရ။ ကျွန်မတို့ စားသလို စားရ၊ ကျွန်မတို့နေသလို နေရ။ ကျွန်မတို့က တောင်ပေါ်ဆိုတော့ သမီးကလည်း တောင်ပေါ်လိုက်ရပါ၏။ ကျွန်မတို့က မြေပြန့်ဆိုတော့လည်း သမီးကလေးက မြေပြန့်။ တစ်နှစ်က ဟုမ္မလင်းဘက်၊ ရွှေတောဘက် ညကြီးသန်းခေါင် တစ်မြို့က တစ်မြို့ ကူးတော့လည်း ပါရသည်။ မြစ်ကျယ်ကျယ် လှေကလေးနှင့် ကူးတော့လည်း ပါရ၏။ လှေ၊ မော်တော်၊ မီးရထား၊ ကား၊ လေယာဉ် သမီးကလေး စီးဖူးပြီ။ သမီးကလေး လှည်းမစီးရ သေးပါလား။

''သည်နှစ်တော့ ရွာပြန်ကြဦးစို့တော်၊ ရွာပြန်မရောက်ရတာ သမီးတစ်သက်ရှိပြီ''
 ကျွန်မကပြောတော့ ခင်ပွန်းသည်က သွားတာပေါ့လို့ ဖြေသည်။ သမီးကလေးခမျာ ကလေးနှင့် မဆိုင်သော ခရီးတွေလိုက်ရ၊ အိမ်မှာလည်း တစ်ယောက်တည်း ကစားရနှင့် သနားလှပါ၏။ သည် တစ်ခါ တော့ ကျွန်မတို့ရွာ 'ဥဒယ' ဆီသမီးကလေးကို ခေါ်သွားရမည်။
ဥဒယရွာကို သမီးအား ပြချင်သည်။ ကျွန်မတို့ ကစားခဲ့ကြသည့် ညောင်ပင်အို၊ မြစ်ဆိပ်၊ စိုက်ခင်း မြေကျယ်…အားလုံးကို လိုက်ပြမည်။ ဆွေတွေမျိုးတွေဆီလှည်းနှင့် သွားကြမည်။ သမီးကတော့ ပျော်ပါ့မလား။

အခုနေအခါ ကျွန်မ အတောင့်တဆုံးကတော့ ဥဒယရွာကျယ်၊ ကွင်းကျယ်၊ ရွာရိပ်၊ ကွင်းရိပ်၊ တော်ရိပ် တောင်ရိပ်၊ ဆွေရိပ်မျိုးရိပ်တွေထဲမှာ သမီးကလေးကို ထားချင်တာပဲ ဖြစ်သည်။ ကွင်းကျယ်ကျယ်မှာ ခုန်ပေါက်ပြေးလွှား ဆော့ကစားရတာကို သမီးကလေး ပျော်မှာ သေချာပါသည်။ ရွာမှာတော့ သည်မှာလို အိမ်တံခါးပိတ်ပြီး တစ်ယောက်တည်း ဆော့ကစား ရတာမျိုးမဟုတ်တော့။ တစ်ရွာလုံး ဘယ်နေရာ ဘယ်အရိပ်သွားဆော့ဆော့ ဆွေထဲမျိုးထဲဆိုတော့ ကျွန်မစိတ်မချစရာ မရှိ။

သူကြည့်ချင်သည့် စီဒီဓာတ်ပြားတွေကို ရွေးနေသော သမီးကလေးကို ကျွန်မ မေးကြည့်သည်။
''သမီး…မေမေတို့ရွာကို လိုက်မယ် မဟုတ်လား၊ လှည်းစီးမယ်၊ ကစားကြမယ်၊ ရွာမုန့်တွေ စားကြမယ်.. ''
''လိုက်မယ် မေမေ….''
သမီးကလေးကို ကျွန်မ ၀မ်းသာအားရ ဖက်ထားလိုက်သည်။ ဥဒယရွာကို အခုပဲ ကျွန်မ ပြေးလိုက်ချင်ပြီ။

ဆီမီးခုံမြို့နယ်မဂ္ဂဇင်း
(၂၀၀၈)
.

4 comments:

စော(အဝါရောင်မြေ) said...

ဖတ်ပြီးသွားပါပြီ၊ comment လည်းပေးလို့  ရသွားပြီး
ကျေးဇူး အများကြီး တင်ပါတယ်။

စံပယ်ချို said...

ဥဒယ ရွာအကြောင်းလေးကိုခံစားဖတ်လိုက်တော့
မျက်စိထဲ ကွင်းကွင်း ကွက်ကွက်ပေါ်လာတယ်
ကိုယ်တိုင်လဲ သွားချင်မိတယ်
မြန်မာပြည်ကို ပြန်ရောက်ခဲ့ရင်
အမရွှေစင်လိုက်ပို့ပါနော်..
တူတူသွားကြမယ်လေ။

rose said...

Thank you, sis for sharing. I love it.

မဒမ်ကိုး said...

အဲလိုရွာလေးတွေကိုသွားချင်လိုက်တာ
ကျေးလက်ကိုချစ်တယ်..
မြို့ပြမှာကြီးပြင်းရတဲ့ကျမ...
မြိုပြဘ၀တွေကိုမုန်းတယ်..

နောက်ကြုံရင်လက်တို့ခေါ်ပါမမရေ.....

ခင်မင်လေးစားစွာဖြင့်
မဒမ်ကိုး