ဆရာ သို့ လွမ်းခြင်း
မကြွယ်ကြွယ်
မကြွယ်ကြွယ်
ကျွန်မသည် စာရေးပြီး အသက်မွေးရသူ ဖြစ်ပါသည်။ စာဖတ်သူတွေက စာရေးတတ်အောင် ဘယ်တွေမှာ သင်သလဲ ဟူ၍ မေးတတ်ကြပါတယ်။ ကျွန်မကို မဖွားမြင်မီ မဝေဏီကစ ကျွန်မနှင့် သက်တူ၊ အသက်ကြီး သူ၊ ငယ်သူ ထို ထိုပုဂ္ဂိုလ်တို့လည်း ကျွန်မ ၏ ဆရာတွေကြီး ဖြစ်ပါသည်။ အားလုံး ကျွန်မ၏ ဆရာများပါ။
ကြုံသည့် အခိုက် တွင် ဆရာကြီးတို့၏ စာပေအတွေ့အကြုံ၊ စာပေသဘောထား သူတို့၏ ဘ၀ အတွေ့အကြုံ တို့ကို ကျွန်မက မေး၏။ သူတို့က ဖြေကြ၏။
ကျွန်မ မေးတတ်သည်တို့ ရှိပါသည်။ အခြားစာရေးသူတို့တော့ မပြောတတ်။
ကျွန်မ အဖို့မူ ၀တ္ထုတစ်ပုဒ်ရေးရာတွင် ကျွန်မမြင်ခဲ့၊ ကြားခဲ့၊ ဖတ်ခဲ့သော အတွေ့အကြုံတို့မှ ပေါင်းစပ်၍ ထွက်လာတတ်သော အကြောင်းအချက်တို့တွင် ကျွန်မ၏ ၀တ္ထုသည် တည်မှီတတ်ပါသည်။ စိတ်ကူးကို ချည်း မူတည် တတ်သူ မဟုတ်ပါ။
ဆရာသုခနှင့်တွေ့လျှင် ဆရာသည် ကျွန်မကဲ့သို့ပင် သူ၏အတွေ့အကြုံတို့မှတဆင့် ဆင့်ပွားပြီး ၀တ္ထု တစ်ပုဒ် ပေါ်ထွက်ခဲ့သည်ဟူ၍ ကျွန်မထင်သောကြောင့် သူ၏၀တ္ထုတိုတွေတွင် ဘယ်ဝတ္ထုဘာကြောင့်ရေး သည် ဆိုတာကို ကျွန်မ မေးတတ်ပါသည်။
သည်လိုမေးဖို့ သူ၏၀တ္ထုတွေ တော်တော်များများ ဖတ်ထားမှ ဖြစ်မည်။ ကျွန်မကတော့ ၀တ္ထုဖတ်ရာတွင် စံတင်ရမည်။ မအိပ်ဘဲပင် ဖတ်တတ်၏။ သူငယ်ချင်းတွေက ဒီလောက်စာတွေ ဖတ်တာ မအိပ်ချင်ဘူးလား၊ တို့ဖြင့် စာဖတ်ရင်း အိပ်ပျော်သွားတတ်လို့ ဟု ပြောတတ်၏။ ကျွန်မဖြင့် အိပ်ငိုက်နေလျှင် စာပဲဖတ် လိုက်ချက်ချင်း အိပ်ချင်ပြေတတ်၏။ ညအိပ်ခါနီး စာမဖတ်ရဲပါ။ ဖတ်ပါက မိုးလင်းသည်အထိ ဖြစ်တတ်၍ပင် …။
စာရေးဆရာဆိုသူကလည်း သူ့စာဖတ်သည်ဟု သိရလျှင် ၀မ်းသာပီတိ ဖြစ်နေ၏။ သူ့ဝတ္ထုအကြောင်း မေးလျှင် ၀တ္ထုပေါ် ဖြစ်ပုံကလည်း ပြောပြချင်တတ်၏။ ဆရာကြီးသုခသည် ပုထုဇဉ်သာ ဖြစ်ပေရာ သည်လို မေးလိုက်လျှင် လေအလာ ရွက်ကြွေဝဲကာဝဲကာ ကျသလို စကားပြောကောင်းသော ဆရာ့ထံမှ မှတ်သား စရာစကားတွေ ၀ဲကာပျံကာ ကျလာပါတော့သည်။
ကျွန်မ တို့ နှစ်ယောက်စကားပြောမိလျှင် အတိုဆုံးအချိန်ကား နေ့ဝက်နီးပါး။
ဆရာမကွယ်လွန်မီ ၂နှစ်ခန့်က ကျွန်မအိမ်နှင့် မဝေးသော စမ်းမြရောင်ခြည်ကျောင်းတွင် ဆရာသင်္ကန်းစီးပါ သည်။ ကျွန်မ သွားတွေ့ပါသည်။ ဆရာကတော်နှင့် အမျိုးသမီးဒါရိုက်တာ သူ့အမည် မေ့နေပါသည်။ သူတို့ နှစ်ယောက် က ဆွမ်းလာပို့ကြ၏။ လာပို့သော ဆွမ်း၊ ဆွမ်းဟင်းကား လူ ၁၀ယောက်ခန့် ၀ိုင်းထိုင်လောက် သော စားပွဲတွင် ဟင်းခွက်အပြည့် ဆရာဆွမ်းဘုန်းပေးသည်က အကြမ်းပန်းကန်တစ်လုံးစာမျှဆွမ်း၊ ဟင်းရည်လေး ဆန်းပြီး ငါးခြောက်ဖုတ် လေး တစ်တို့လောက်နှင့် ပြီးတော့၏။
ကျွန်မနှင့် ဆရာကတော် အမျိုးသမီး ဒါရိုက်တာတို့ ၀ိုင်းပြီး ထမင်းစား ဖြစ်၏။ ပြီးတော့ သူတို့ ပြန်ကြသည်။ ကျွန်မ ဦးဇင်းကြီး ဦးသုခအနီးတွင် ထိုင်၏။
"ဆရာ ယောက္ခမကြီး သေချိန်နီး ဇနီးလင်ငယ်ပူလတ္တံလို့ပါတဲ့ ၀တ္ထုက ဘာကို အကြောင်းခံတာလဲဟင်" ဟု ကျွန်မ က မေး၏။
ဆရာတို့ငယ်ငယ်က သူတို့ကျိုက်လတ်တွင် သူဌေးကြီးတစ်ဦး ရှိ၏။ သမီးပျို ရှိ၏။ ချောမောလှပသော သမီးပျိုကို ဆရာတို့ ကာလသားတစ်စုက ပိုးကြ၏။ အဘိုးကြီးက သမီးကို အလစ်မပေး။
ထိုအဘိုးကြီးတွင် သမီးထက် ၄၊ ၅နှစ်မျှသာ ကြီးသော ဇနီး ရှိ၏။ ပထမဇနီး ဆုံးပြီးမှ ယူထားသော ဇနီး ဖြစ်သည်။
ဆရာ၏ ၀တ္ထုစပုံမှာ တန်ဆောင်တိုင် တွင် ကာလသားတွေ သူခိုးကြီးည အကြောင်းက အစပြုထား၏။ ဆရာ ရေးပုံ မှာ မထင်ပဲနှင့် အဆုံးသတ်သတ်သည့် ၀တ္ထု၏ အလှည့်လေးတွေ ဖြစ်ပါသည်။
ကျွန်နော် အခု ရေးပြနေသော ၀တ္ထုမှာ သူဌေးအိမ်က ရွက်လှပန်းအိုးတွေ သူခိုးကြီးညတွင် ပျောက်တတ်၍ သူဌေးကြီး က လောက်လေးကိုင်ပြီး အမှောင်ရိပ် တွင် စောင့်နေ၏။ လူတစ်ယောက်ဝင်လာ ရွက်လှပန်းအိုး ၍ ကို အမ သူဌေးကြီး က ထိုသူကို လောက်လေးနှင့် ပစ်လိုက်၏။ ထိုသူက အိပ်ထဲမှ စာခေါက်ကို ထုတ်ပြီး ပန်းအိုး အောက်တွင် ထားခဲ့၏။ သူဌေးကြီး က သူ့သမီးကိုပေးသော ရည်းစားစာထင်ပြီး အလင်းရောင်တွင် ဖတ်လိုက်ရာ "ယောက္ခမကြီးသေချိန်နီး ဇနီးလင်ငယ်နေလတံ့" ဟူသော စာကို တွေ့ရ၏။ ၀တ္ထုစလာပုံနှင့် အဆုံးသတ်မှာ စာဖတ်သူမထင်သော အဆုံးသတ် ဖြစ်ပါသည်။ ထိုအကြောင်းကို ဆရာက သူတို့ သူငယ်ချင်း တစ်စု ဘယ်လိုတိုင်ပင်ကြပုံကစ ပြောပြရာ စကားပြောကောင်းသော ဆရာ၏ စကားမှာ အသံထွက် ပြဇာတ် နားထောင်ရသလို ဖြစ်တော့သည်။
ကျောင်းကြီး ကလည်း ကျယ်လှ၏။ ကျောင်းပေါ်တွင် ကိုရင်နှစ်ပါးနှင့် ဆရာဦးဇင်းကြီး ကျွန်မ ဒါပဲ ရှိပါသည်။
တစ်ခါကလဲ ဆရာ့အား "တပင်လဲမူ" ၀တ္ထုအကြောင်း မေးမိပါသည်။
ဆရာက "၀တ္ထုကရေးလို့ကောင်းနေတာကွ၊ ဘယ်လိုအဆုံးသတ်ရမလဲလို့ စဉ်းစားနေတုန်း သော်တာဆွေ က ဆရာ့ဝတ္ထုတွေ က သိပ်ကောင်းတာ။ မြန်မြန်ပြီးအောင် ရေးပါ။ နောက်လထုတ်မှာ ထည့်ရ အောင်လို့ ပြောတာကွယ့် ကြွယ်ကြွယ်ရဲ့။ ဒီတုန်းက ရှုမ၀ကလဲ သိပ်တက်နေတဲ့အချိန်လေ၊ ဆရာကလဲ စဉ်းစားလို့ မရတုန်း သူ က လာမေးတာနဲ့ စိတ်ချဉ် ပေါက်ပြီး နောက်လင်ယူသွားလို့ကွာလို့ ဖြေလိုက်တာ၊ ၀တ္ထုလည်း အဲဒီအတိုင်း အဆုံးသတ်လိုက်တာကွ"
"ဆရာ ဆရာ အဲဒါဘယ်သူ့အကြောင်းလဲဟင်" ဟု ကျွန်မက မေးနေကျအတိုင်း မေးလိုက်ရာ ဆရာက အမည်တစ်ခု ပြောပြပါသည်။
ထိုအမည်ကား ဆရာနှင့်လည်း ရင်းနှီး ကျွန်မနှင့်လည်း ခင်မင်သော သူတစ်ယောက်အကြောင်း ဖြစ်နေပါ သည်။ ပြောပြီး ကျွန်မတို့နှစ်ယောက် ရယ်ကြ၏။
လူကြီး တစ်ယောက်အနေဖြင့် ဟက်ဟက်ပက်ပက် မရယ်တာကြာခဲ့ပြီထင့်။ သူ့ထက်အသက် ၂၀မက ငယ်သော ကျွန်မက လူငယ်တစ်ဦးလို သိချင်တာမေး၊ ရယ်စရာရှိရယ်နေတတ်ရာ ဆရာက ကျွန်မနှင့် တွေ့၍ ရောဂါတွေ တစ်ဝက်ကျသွားတယ် ဟု ပြောခြင်း ဖြစ်ပါလိမ့်မည်။
ဆရာကြီး ဦးသုခကို အကယ်ဒမီများရှင်ဟာ အားလုံးအကြောင်းကို လူထုအတွင်း စိမ့်ဝင်အောင် ရုပ်ရှင် ရိုက်ပြသူ စာရေးပြသူ ဟောပြောသူပဲ ဟူ၍ လူသိများခဲ့၏။
ရုပ်ရှင်ကားတွင် သရုပ်ဆောင်ခဲ့သူအဖြစ်လည်း အသိများကြပါ၏။ ဆရာပြဇာတ်ကခဲ့ခြင်းကို ခုခေတ် လူငယ် တို့ မှတ်မိနိုင်မည် မထင်ပါ။
မြန်မာနိုင်ငံစာရေးဆရာ အသင်းကြီးသည် ဂျပန်ခေတ်ကပင် ဖွဲ့စည်းခဲ့၏။ ထိုအသင်းကြီး၏ လှုပ်ရှားမှု့ အနေဖြင့် ပြဇာတ် ကခဲ့၏။ ဂျပန်ခေတ်က စတင် ကပြခဲ့သောဇာတ်မှာ ၀ိဇယပြဇာတ် ဖြစ်ပါသည်။
ဆရာဦးသုခက ၀ိဇယမင်းသား၊ ဆရာမကြီးခင်မျိုးချစ်က မယ်တော် မိဖုရားကြီး၊ ဆရာကြီး ဒဂုန်နတ်သျှင်၊ မြို့မအုန်း၊ ဒေါ်ဒဂုန်ခင်ခင်လေး စသဖြင့် စာရေးဆရာများ ပါဝင်ခဲ့၏။ ကျော်ကြားခဲ့၏။ ကျွန်မ မကြည့်ဖူးပါ။ ဖက်ဆစ်ဂျပန် တို့ ရမ်းကားပုံကို တိုင်းပြည်သို့ အသိပေးသောဇာတ် ဖြစ်ပါသည်။
စစ်ပြီးစတွင် လွတ်လပ်ရေးခေတ်ဦးလောက်ဟု ထင်ပါသည်။ မမှတ်မိတော့ နတ်သျှင်နောင်ပြဇာတ်ကခဲ့၏။ ဆရာက နတ်သျှင်နောင် လုပ်သည်. ဆရာတက္ကသိုလ်နေ၀င်း က ငဇင်ကာ လုပ်သည်။ ဆရာသော်တာဆွေ က ငဇင်ကာ ၏ နောက်တော်ပါး ဆီညှော်ပင်တို လုပ်ပါသည်။
နယ်ချဲ့တွေ၏ ရန်ကို သတိပေးသော ပြဇာတ် နယ်ချဲ့ကို အားမပေးရေး ပြဇာတ် ဖြစ်ပါသည်။
ထီးနန်း အ၀တ်အစားနှင့် နတ်သျှင်နောင်အား အနောက်ဘက်လွန်မင်းက တိုက်၍ နိုင်၏။ ငဇင်ကာနှင့် နတ်သျှင်နောင် တို့၏ ရုပ်အလောင်းကို သံလျင်မြို့လယ်တွင် သည်အတိုင်းပစ်ထားရ၏။ အနောက်ဘက် လွန်မင်းတရား ၏ တပ်တွင် နတ်သျှင်နောင်၏ညီအရင်းက ဗိုလ်ချုပ် အဖြစ်ပါလေရာ သူက ခွင့်တောင်း သဖြင့် နတ်သျှင်နောင် ၏ အလောင်းကို သင်္ဂြိုလ် ခွင့်ရခဲ့လေသည်။
ပြဇာတ်က၍ပြီးမှ နတ်သျှင်နောင်တဖြစ်လဲ ဆရာသုခသည် ခေတ်ပေါ်အ၀တ်အစား ပုဆိုး၊ ရှပ်အင်္ကျီနှင့် နတ်သျှင်နော်၏ ရုပ်အလောင်းမြှုပ်နှံရာ မြေပုံတွင် ကြွေကျနေသော သစ်ရွက်တွေကို တံပျက်စည်းလှည်း နေလေသည်။ ထိုသို့ တံပျက်စည်းလှည်းနေရင်းပင် တေးပြုအဆိုကို စောငြိမ်း၏ နွေနှောင်းဝဿန် သီချင်း ကို ဆိုလိုက်လေသည်။
"နွေနှောင်ရွက်ကျန် ၀ဿန်ပေါ်ဦးမှာ အုံ့ပျမှိုင်းဆန်း ယုဂန်နွေမြနန်းမှာ" အစချီသော သီချင်းသည် အောင်မြင်ကျော်ကြား သွားလေတော့သည်။
ထိုအခန်းကား တကယ့်ကို ရင်ဆို့စရာအခန်း ဖြစ်တော့သည်။ ဒေါသတွေ မပါ၊ တိုက်တာတွေ၊ သေတာတွေ၊ လွမ်းတာတွေ မပါ၊ တကယ့်ကို ရင်ဆို့စရာ အခန်း ဖြစ်ပါသည်။ နတ်သျှင်နောင် ပြဇာတ်ကို စွဲသွားစေသော အခန်းလေး ပင် ဖြစ်တော့သည်။
ဆရာက သူ၏ဘ၀အကြောင်း ပြန်ပြောရာတွင် "ဆရာအေ၀မ်း ရောက်တော့ သူများတွေက သီချင်းတွေဆို၊ ဓာတ်ပြား တွေ သွင်းပေါ့၊ ဆရာကလဲဆိုချင် လိုက်တာလေ အဲဒီတုန်းက သုခမဖြစ်သေးဘူး။ ကြွယ်ကြွယ်ရဲ့ ဒုက္ခပဲ ဖြစ်သေးတာကွယ့်၊ တစ်နေ့တော့ မန္တလေးက တေးပြုစာရေးဆရာက သီချင်းတွေ ပို့လိုက်တယ်။ အဆို နာမည်ကျော် တွေက ဆိုလို့ လွယ်တာတွေ ကောက်ကောက်ဆိုသွားတာ။ ဆရာကလဲ အဲဒီနားမှာ ရစ်ဝဲ ရစ်ဝဲ ပေါ့။ သီချင်းတစ်ပုဒ်က ဆိုရခက်တာ ဘယ်အဆိုတော်မှ မဆိုရဲဘူး၊ အဲဒီနားဝဲနေတဲ့ဆရာ့ကို ဒီသီချင်း မင်းဆိုမလားတဲ့ အကြီးအကဲတစ်ယောက်က မေးတယ်။ ဆရာ ပျော်လိုက်တာလေ၊ ဘာပြောကောင်း မလဲ၊ ကဲ ဆို ဆိုပြီး အသံပါသွင်းဖို့ စီစဉ်ပေါ့။
ကျေးဇူးကြီး ပါတယ်ဗျာ၊ ဒေါ်မေရှင် က ကိုသုခ မကြောက်နဲ့နော်၊ ကျွန်မတို့လည်း ဒီလိုဆိုခဲ့ရတာ ဒါသာ အောင်ရင် နောက်ဆိုရမှာတွေ အများကြီး လို့လာ ပြောတာဗျာ။ သိပ်ကျေးဇူးတင်တာ။
သူက မသိလို့ ဆရာတို့ကျိုက်လတ်မှာ ညတိုင်းလသာရက်တွေ တယော၊ မယ်ဒလင်တွေ တခါတလေ ပတ္တလား တောင်ပါသေးကာ ကာလသားတွေ စုပြီး မြို့ပတ် တီးကြဆိုကြတာ ဆရာက ပင်တိုင်အဆိုတော် ပေါ့။ နွေများစပါးပေါ်ချိန်ဆို ရွာတွေက ရှင်ပြုမှာ လာဆိုပါ။ မင်္ဂလာဆောင်မှာ လာဆိုပါ ဖိတ်လို့ လိုက်ဆိုခဲ့ရ တာ၊ မိုးကျမှ မြို့ပြန်ရောက်တာဗျာ" ဆရာက သူ၏ အပယ်ခံဘ၀ကိုလည်း အထက်ပါအတိုင်း ပြောပြတတ် ပါသေးသည်။ အေ၀မ်းတွင် ဆရာပထမဆုံးဆို ပထမဆုံးဓာတ်ပြားသွင်းခံရသော သီချင်းမှာ လှူမဉ္ဇူသီချင်း ဖြစ်သည်။
ဆရာ၏ ရေးဖော်တစ်ဦးက လှမဉ္ဇူကို မည်မျှကြိုက်ပါသနည်းဆိုလျှင် သူ၏ဈေးဆိုင်နာမည်ကိုပင် လှမဉ္ဇူ ဟူ၍ အမည်ပေးခဲ့ပါ၏။
ဝိဇယပြဇာတ်တွင် ကြမ်းခဲ့၊ နတ်သျှင်နောင်ပြဇာတ်တွင် လွမ်းခဲ့သော ဆရာသည် ဦးပုညပြဇာတ်တွင် ဟာသဖြင့် ပရိသတ်ကို ဖမ်းစားပြန်လေသည်။
ငယ်အမည် မောင်ပုတ်စည် အမည် ရှိသူသည် ရဟန်းဝတ်သောအခါ ဦးပုညဟူ၍ အမည်တွင်လေသည်။ သူ၏ လက်ျာလက်မှာ မွေးကတည်းက မသန်စွမ်းပါ။ မင်းခစားလုပ်သောအခါ ကွမ်းရည်တော်ကိုင် ဖြစ် သည်။ မေတ္တာရာ ပြဇာတ်၊ ရတု၊ မော်ကွန်း၊ လေးချိုး၊ ဒွေးချိုးမှစပြီး စာစုံရေးခဲ့သူ ဖြစ်သည်။ ပြဇာတ်တွင် ဦးပုညသည် ရဟန်းဘ၀မှ လူစဖြစ်သည်ကို ပြ၏။ သူ၏နောက်တော်ပါးမှာ ကြယ်နီ ဖြစ်သည်။
ဦးပုညသည် ညာဒူးကိုထောင် မသန်သောလက်မှ တထောင်နှင့်ဒူးတွင်ထောက် ထိုလက်နှင့် ခေါင်းက ပတ်လက်စခေါင်းပေါင်းစကို မှေးထား ဘယ်လက်နှင့် ခေါင်းပေါင်းကိုပေါင်း …
သာမန်လူတစ်ယောက် လုပ်၍ မလွယ်သော အလုပ်ကို ဆရာကကိုယ်ကို တွန့်လိုက်ပြီး လုပ်ရင်း သူ့ နောက်တော်ပါ လူရွှင်တော် ဦးကြယ်နီကို ခေါ်လိုက်သည်။
"ကြယ်နီ"
"ဘာတုန်း"
"ဘာတုန်းလို့ မထူးနဲ့ဟဲ့ ဘုရားလို့ထူးပါ"
"ကိုယ်တော်က ဘုန်းကြီးမှ မဟုတ်တဲ့ဟာ ဘုရားမထူးနိုင်ပေါင်"
"တယ် ငါ ခေါင်းပေါင်းပေါင်း ကျင့်နေတယ်။ နောင်ကို ရှေ့တော်မှောက်မှာ ခစားရမယ်။ ရွာစားမြို့စားရရင် ဘုရားထူး ရ မှာဟဲ့ ခုကတည်းက လျှာလည်အောင် ထူး စမ်း"
"ကြယ်နီ"
"ဘာတုန်း"
"ဘုရားထူးပါလို့ ဆိုနေ"
"ဘုရားတွေ သိပ်မကြိုက်နဲ့ ခုတလောက ဘုရားတွေ ထရန်စဖာများနေတယ်"
ထိုစဉ်က ဆဌသင်္ဂါယနာတင်ပွဲနီးနေပေရာ ကမ္ဘောဒီးယားကလည်း မြန်မာနိုင်ငံကို ဘုရားများပင့်ပြီး မြန်မာ ကလည်း ဤကဲ့သို့လျှင် အခြားနိုင်ငံများသို့ ဘုရားတွေ ပူဇော်ရန်ပို့ပေး။ ထို့အတွက်ကိုပင် ဟာသပျက်လုံး ထုတ်ခဲ့သည်။
ဦးပုညသည် ပဒုမပြဇာတ်ကို ရေးခဲ့၏။ ပြဇာတ်တွင် ထိုအကြောင်းကို ဇာတ်ဝင်ခန်းအနေဖြင့် တင်ပြရာတွင် ဦးကြယ်နီ က ကိုပေါင်တို လုပ်၏။ ဒေါ်စိန်ခင်က မိဖုရာုး လုပ်သည်။ ဦးကြယ်နီက လက်တွေခြေတွေ မရှိအောင် ဘယ်လို ဆင်ထားလဲ မသိ ခြေရာလက်ပါ လုံးဝမလုပ်။ ဒေါ်စိန်ခင်အား "ဟဲ့ ကောင်မလာအုံး" ဒေါ်စိန်ခင် ရောက်လာ၏။
"ကိုပေါင်တို ဘာလိုချင်လို့လဲ"
"ငါကျောမှာ ယင်တွေ ၀ဲနေတာ နင်မမြင်ဘူးလား"
"ဟုတ်ကဲ့ ကိုပေါင်တို ယင်တွေကို ခြောက်ပေးပါ့မယ်"
"ငါကို ကိုပေါင်တို လို့ မခေါ်နဲ့၊ ကိုကိုတို လို့ ခေါ်"
"ဟုတ် ဟုတ်ကဲ့ ကိုကိုတို"
"ဟဲ့ အဲလိုမခေါ်နဲ့"
"ဒါဖြင့် ဘယ်လိုခေါ်ရမလဲ"
"တက္ကသိုလ် ကိုကိုတို လို့ခေါ်"
ထိုစဉ်က တက္ကသိုလ်ကျောင်းသားများ စာပေနယ်တွင် ကလောင်သွေးနေကြပြီးဖြစ်ရာ ကလောင်နာမည် ရှေ့တွင် တက္ကသိုလ် ဘယ်သူ ဘယ်ဝါအမည်တွေ များနေသည်ကို သရော်လိုက်ခြင်း ဖြစ်ပါသည်။
ယခုအခါ အထက(၁) လသာ ဟု ခေါ်သော ကျောင်းကို ယခင်က ဗဟိုအထက်တန်းကျောင်းကလည်း ကလောင်သွေးသူတွေ ထွက်ခဲ့၏။ ဗဟိုသိန်းအောင်၊ ဗဟိုသိန်းနိုင် စသည်တို့ ပါဝင်၏။ ထိုခေတ်က ဆရာကြီးဆော်လမွန် က အလွတ်ပညာသင်ကျောင်း ထောင်ထားလေရာ ထိုကျောင်းမှ ကလောင်သွေး သူတို့ကလည်း ဆော်လမွန် ဘယ်သူဘယ်ဝါနှင့် ကလောင်အမည် တပ်ကြ၏။
ဦးကြယ်နီ က ကိုပေါင်တို ဘ၀မှ သူ့အမည်ကို တက္ကသိုလ်ရှေ့က တပ်လိုက်၊ ဗဟိုတပ်လိုက်၊ ဆော်လမွန် တပ်လိုက်၊ ပွဲကြည့် ပရိသတ်တို့ကား စာဝါသနာအိုးတွေ ဖြစ်ကြရာ တ၀ါးဝါးတဟားဟား ရယ်ကြရပါသည်။
ပြဇာတ်ပြီး၍ ရုံအတွင်းမီးတွေ ဖွင့်ပြီး ထွက်ပေါက်သို့ ထွက်ရန် စောင့်နေစဉ် လူတစ်ယောက်က
"နေပါဦးကွာ မင်းတို့မင်းသား က ညာဘက်လက်တစ်ခါမှ မလှုပ်ဘဲ ချထားတာ ဘာဖြစ်လို့လဲ" ဟု မေးလိုက် ရာ နဂိုကမှ အူပေါက်နေသူ ပွဲကြည့်ပရိသတ်တို့မှာ တဟားဟားတ၀ါးဝါး ထပ်ပြီးရယ်ကြ ပြန်ပါတော့သည်။
ကျွန်မတွင် တပည့်အဖြစ် စာရေးနည်းသင်ယူသူ မရှိပါဟု ကျွန်မ ပြောခဲ့ပါသည်။ စာရေးဆရာကြီး ငယ်ရွယ်လတ် အားလုံးသည်လည်း ကျွန်မ၏ဆရာ ဖြစ်ကြောင်း ပြောခဲ့ပါသည်။
ကံကောင်းထောက်မစွာ ဆရာကြီးဦးသုခ အပါအ၀င် ရှေ့မှီနောက်မှီ ဆရာကြီးများနှင့် စကားပြောတာ နားထောင်ခွင့်၊ အိမ်တိုင်ယာ ရောက်သွားပြီး နားထောင်ခွင့်တို့ ရခဲ့ပေရာ ထို ထိုဆရာကြီးတွေအားလုံးပင် ကျွန်မ ၏ ဆရာတွေ ဖြစ်ပါတော့သည်။
သူတို့ဆီက ကျွန်မ မမှီလိုက်သော စာပေခေတ်ကို သိရ၏။ အရေးအသား၊ ထားရမည်း သဘောထား၊ လေ့လာချည်း ကပ်ပုံတွေပါ ကြားနာ မှတ်သာခဲ့ရပါသည်။
ယခုအခါ ကျွန်မကိုယ်တိုင်ပင် လူအိုစာရင်းသို့ ၀င်ခဲ့ပြီး ကျွန်မနှင့် တန်းတူ သူတွေကို တွေ့ရန် သူတို့ ကလည်း မလာနိုင်၊ ကိုယ်ကလည်း မသွားနိုင် ဖြစ်ရပြီ။
ကျွန်မ သွားနိုင်လို့ သွားခဲ့သဖြင့် ဆရာတို့ စိတ်ကျေနပ်ကြ၏။ မကြာမကြာ လာပါဟူ၍ မှာကြ၏။
ယခုကား သွားစရာ မရှိတော့ပြီ။ ကျွန်မလည်း မသွားနိုင်ပြီ။
ကျွန်မ သတိရနေ၏။ ဆရာဦးသုခသာ ရှိသေးလျှင် သွားလည်လိုက်ဦးမည်။ သူရိုက်ရန် ဘာသာရေးကား တစ်ကား ရှိသေးကြောင်း ပြောပြ၍သိရရာ ထိုကားအကြောင်းတွေ ကျွန်မကို ပြောပြမည်ပင်။ စာပေ၊ သဘင်၊ ဂီတ၊ ရုပ်ရှင်မျှမက ပန်းချီပန်းပု အနုပညာစွယ်စုံရပေသောဆရာ
သူအသက် (၉၄)နှစ်အရွယ်က ကျွန်မကို မေးဖူးသည်။
"ကြွယ်ကြွယ် အခု အသက်ဘယ်လောက်လဲ"
"(၇၂)နှစ်ပါ ဆရာ"
"အဲဒီအရွယ်တုန်းက တို့ဖြင့် ရိုက်လို့ကောင်းတုန်း"
အဲဒီလောက်ကို အနုပညာပေါ်တွင် စွဲလန်းခဲ့သော ဆရာ ဤပညာဖြင့်ပင် ဘာသာရေးကို ဆွဲဆောင်ခဲ့၏။ အမေ ကို မပစ်မှားရန် ဆွဲဆောင်ခဲ့၏။ စိတ်ညစ်လို့ အရက်ကို သောက်တယ်ဟု ရေးမိသည်ဟု နောင်တရ နေတတ်၏။ ယနေ့ခေတ် ဆရာရှိခဲ့သော် ဘယ်လိုကားတွေနဲ့ ပညာပေးနိုင်မလဲ ဆရာရယ်ဟု မေးလိုက်ချင် စမ်းပါဘိ။
မကြွယ်ကြွယ် (၄-၉-၂၀၀၉)
.
No comments:
Post a Comment