Monday, August 1, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၃၄)

ဘဘသောက်တဲ့ ဆန်ပြုတ်တစ်ခွက်
မောင်အောင်ဝင်းမန်း

ကျောင်းပြီးသွားတဲ့အခါ ရုပ်ရှင်ပညာ ဆည်းပူးလေ့လာချင်တာကြောင့် လေးလေးကိုကပ်ပြီး တောင်းဆို ခဲ့ပါတယ်။
" လေးလေးနဲ့ ရင်းနှီးတာကတော့ ကိုသုခ ရယ်၊ ကိုဦး ရယ်ရှိတာပဲ၊ မင်းဘယ်သူ့ဆီ သွားချင်လဲ။ လေးလေး စာရေး ပေးလိုက်မယ် "
လေးလေး ဆိုတာကလဲ ရုပ်ရှင်လောက၊ ဂီတလောကတို့နဲ့ မြန်မာ့အသံက အနားယူ ကင်းကွာခဲ့တာ နှစ် ပေါင်း နှစ်ဆယ်လောက် ဆိုတော့ ခေတ်ပရိသတ်နဲ့က စိမ်းသက်နေခဲ့ပါပြီ။ အဲဒီအချိန်တုန်းက ထိပ်ဆုံးတန်း မှာ ညွန့်ဝင်း၊ ကျော်ဟိန်း၊ ဇော်ဝမ်း၊ ချိုပြုံး၊ ခင်သန်းနု၊ ၀ါဝါ၀င်းရွှေ၊ ဆွေဇင်ထိုက်၊ နွဲ့နွဲ့မူ စတဲ့ မင်းသား၊ မင်းသမီး တွေပေါ့။ သူတို့ကိုယ်တိုင်က လေးလေးနဲ့ မျိုးဆက်သစ် တစ်ဆက်လောက်ကွာနေပါပြီ။ ဒီတော့ "မေရှင်" ဆိုတဲ့ ခေတ်ဟောင်းအဆိုတော် ရုပ်ရှင် မင်းသမီးကြီးကို မသိကြတော့ပါဘူး။

လေးလေးကနားပြီ ဆိုတာနဲ့ တိကနဲဖြတ်ချပြီး ကောင်းမှုကုသိုလ်တွေနဲ့ပဲ ပျော်မွေ့နေတော့တာပါပဲ။ ၀င်းဦး က သူနဲ့စင်မြင့်ပေါ် မှာ သီချင်းဆိုပေးဖို့ တောင်းပန်တာကိုတောင် အားနာပါးနာ ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့် နံနက်ချိန်ခါ တေး သံသာမှာ အနေကြာ "အောင်ခြင်းရှစ်ပါး" မင်္ဂလာ လက်ဆောင် အခန်းက "မင်္ဂလာမောင်မယ်" သတိရ လက်ဆောင်အတွက် "သက်ဝေ"၊ စစ်မြေက ချစ်ဆွေများအတွက် ပါးနေကြတဲ့ "ကျေးစေတမာန်" သီချင်း တွေက အမြဲတမ်း မြန်မာ့အသံက ကြားနေကြတာ ကလေးလူကြီး၊ လူငယ် လူရွယ် တွေရဲ့ နှလုံးသားထဲမှာ "မေရှင်"က နေရာယူထားလျက်ပါပဲ။
အဲဒီလို ရုပ်ရှင်လောကနဲ့ ဝေးကွာပြီး မန္တလေး အရှေ့ဖျားက အောင်တော်မူ ရပ်ကွက်ကလေးရဲ့ အေးရိပ်မှာ တိတ်ဆိတ်စွာ နေလာခဲ့တဲ့ လေးလေးဟာ ဟိုတုန်းက သူနဲ့ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ သူတွေကိုပဲ ညွှန်းဆို လိုက်တာပါ။

လေးလေးက လိုလိုချင်ချင်ပြောလိုက်တော့ အပြေးအလွှား စဉ်းစားရပါတယ်။ ဆရာကြီး ဦးသုခတို့က အဲဒီ အချိန် တုန်းက ကားရိုက်ကြဲနေတဲ့ ကာလ။ ၀င်းဦးနဲ့ မောင်လှမျိုးက ကားရိုက်စိပ်ပါတယ်။ ၀င်းဦး သိသွားရင် စန္ဒာမဂ္ဂဇင်းမှာ စာပေလုပ်ငန်းလဲ ၀င်လုပ်လို့ ရတာပေါ့။ မောင်လှမျိုးဆီသွားရင် အေ၀မ်းခြံ နဲ့ ဆိုတော့ ရုပ်ရှင် နယ်ထဲမှာ ပိုမိုထိရောက်နိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်ရယ်မသိပါဘူး။ ဆရာ ဦးသုခ ဆီ သွားချင်ပါ တယ်လို့ ပြောလိုက်မိပါတယ်။ လေးလေး မဆိုင်းမတွ ဘဲ ဆရာကြီး ဦးသုခထံ စာတစ်စောင် ရေးပေး ပါတယ်။

ရန်ကုန် ပါရမီရိပ်သာ၊ ဧချမ်းတိတ်ဆိတ်တဲ့ သုခရိပ်ငြိမ်"ကိုရောက်တော့ ယခုလာတဲ့ ယခု ရိပ်ငြိမ် မောင်အောင်ဝင်း ဟာ ကျွန်မတူဖြစ်ကြောင်း ကိုသုခထံမှ ရုပ်ရှင်ပညာဆည်းပူးလိုတာကြောင့် လွှတ်လိုက် ရကြောင်း" လေးလေးရဲ့စာကို ဖတ်ပြီးတဲ့အခါ ဘဘက -
" ဇာတ်လမ်းစီစစ်ရေး က ဇာတ်လမ်းခွင့်ပြုချက်တွေ မလွယ်တာရယ်။ ဖလင်တွေ ၀ယ်ယူရရှိရေးက ခက်ခဲ တာကြောင့် ရုပ်ရှင်၊ ဇာတ်ကားတွေက များများစားစား မရိုက်ရဘူး မောင်အောင်ဝင်းရေ့။ ကားရိုက်ရှိတဲ့ ရက်တွေ မှာ ကျုပ်နဲ့ လိုက်ခဲ့ပေါပ။ ဟိုကျောက်သင်ပုန်းပေါ်မှာ ကားရိုက်ရက်ချိန်းတွေ ရေးထားတယ်။ ကား ဆက်ရှိတဲ့အခါလဲ ဒီကိုလာခဲ့ပေါ့"။
ဘဘက လက်ခံခွင့်ပြုလိုက်တာပါ။ ဘဘနဲ့ လေးလေးတို့ရဲ့ အေ၀မ်းကနေ အောင်တော်မူထိ မပြောင်းလဲ မမှေးမှိန်တဲ့ ရင်းနှီးမှုပါဘဲ။ အဲဒီကစလို့ပဲ ဘဘ ခြေဖ၀ါးမြေမှုန့် ဦးခိုက်လို့ ရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရုပ်ရှင် တည်းဖြတ်မှု စတာတွေကို အလျဉ်းသင့်သလို နာကြားသင်ယူခွင့်ရခဲ့ပါတယ်။ အဲဒီတော့လဲ အကယ် ဒမီ ခြောက်ဆုရှင် ရုပ်ရှင် ဒါရိုက်တာကြီး တစ်ယောက်ရဲ့ သဘောထားတွေကို တွေ့ရှိသိမြင်စံထား မှတ် သားရပြန်ပါရော။

ရုပ်ရှင်မှာ အစစအရာရာ ဇာတ်စီးနိုင်တဲ့ ဇာတ်ဆရာကြီးဆိုပေမယ့် အစားအသောက် ဂျီး(ကြေး) မများပါဘူး။ ဘာဟင်းနဲ့မှ ဘယ်ဟာ စားရမှ ဆိုတာမျိုး မရှိပါဘူး။ ဒေါ်ထွေးတင်ရဲ့ ရှုတင်ထမင်းနဲ့တင် လုံလောက် ပြည့်စုံ ပါတယ်။ ဒေါ်ထွေးတင်ကလည်း ဘဘ ကြိုက်တတ်တဲ့ ဟင်းလေးတွေ လုပ်လာပြီး ဂါရ၀ ပြုတတ် ပါတယ်။ ရဲယိုရွက် နဲ့ ငါးခူမွှေကြော် လိုဟာမျိုးလေးပေါ့။ ပုဇွန်ထုပ်မှ၊ ငါးသလောက်မှ၊ ကြက်သားမှ ဆိုတာမျိုး မတောင်း ဆိုပဲ၊ ဒေါ်ထွေးတင်ထည့်ပေးတဲ့ ဟင်းနဲ့ တစ်ပန်းကန်ပြား လျော့လျော့လောက်ပဲ စား တတ်ပါတယ်။ နောက် ပိုင်း အမြင်အာရုံနည်း မှ ငါးဟင်းကို အရိုးထွင်းပေးရတာတို့၊ အသားဟင်းကို ဖဲ့ပေးရတာမျိုးလောက်ပဲ လုပ် ကိုင်ပေးရတာပါ။

ဘဘ ထမင်းစားနေတဲ့အချိန်မှာ ဒေါ်ထွေးတင်ဆီက ထမင်းပန်းကန်ကိုယူ၊ ကြိုက်တဲ့ ဟင်းခွက်ဆွဲပြီး ဘဘနား မလှမ်းမကမ်းမှာ ခပ်သုတ်သုတ်ကလေး စားလိုက်ပါတယ်။ ဘဘကတော့ ထမင်း တစ်ပန်းကန်နဲ့ တင်းတိမ် တာက များပါတယ်။ တစ်ခါတစ်ရံ အတော်လေးမြိန်မှ နည်းနည်း ထပ်ထည့်ပေးရ ပါတယ်။ လက် နဲ့ပဲ စားတာများလို့ လက်ဆေးယူပေး၊ အံကပ် ကို ရေလောင်းဆေးပေးရပါတယ်။ ပြီးတော့ ဒေါ်ထွေးတင်တို့ ဒန်ရေနွေးကရား အိုးကြီးထဲက ရေနွေးတစ်ခွက်ကိုငှဲ့ပြီး ပေးရပါတယ်။ ရေနွေးခွက်ကို လှမ်းယူရင်း "မောင်အောင်ဝင်း ရော စားပြီးပြီလား" လို့ မေးလေ့ရှိသလို "ဟုတ်ကဲ့ခင်ဗျ" လို့ ဖြေလေ့ရှိစမြဲပါ။ ထူးထူးထွေထွေ ကရိကထများလောက်အောင် လုပ်ပေးရတာမျိုး မရှိပါဘူး။

အများနဲ့ စားလို့ရယ်လဲမဟုတ်ပါဘူး၊ ရန်ကုန်မြို့ထဲကို ကုမ္ပဏီကိစ္စ၊ ဇာတ်လမ်းကိစ္စ၊ စာအုပ်ဆိုင်တွေ လျှောက်ကြည့်တဲ့ အခါမျိုးမှာ တပည့်ဖြစ်တဲ့ မောင်နှင်းမိုးက "၀ါးခယ်မ"လို မြန်မာထမင်းဆိုင်မျိုးမှာ ငါးရံ့အူ ဟင်းမျိုးမှာ ကျွေးတတ်ပါတယ်။ မြေနီကုန်းက "ရွှေဘ" ထမင်းဆိုင်ကိုလဲ သွားစားတတ်ပါတယ်။ ဒါရိုက်တာ သင်းသင်းယု တို့၊ ဦးဆန်နီတို့ကလဲ တရုတ်ဘုံကျောင်းမှာ လိုက်ကျွေးတတ်ပါတယ်။ ဘယ်မှာ စားစား ထမင်း တစ်ပန်းကန်ပြားလောက်နဲ့ ဟင်းအသင့်အတင့် စားတတ်တာဟာ ဘဘ ရဲ့ အလေ့အကျင့် ပါပဲ။

ကိုယ့်အိမ် မှာ ကိုယ်စားတဲ့အခါမှာလည်း ဘာဟင်းချက်လဲ မမေးတတ်ပါဘူး။ ဘာလေး ချက်စမ်းပါဆိုတာ မတောင်း ဆိုပါဘူး။ အိမ်ရှင်မဖြစ်တဲ့ ဆရာကတော် စီစဉ်ပေးတဲ့ဟင်းများနဲ့ပဲ စားပါတယ်။ အိမ်နောက်ဖက် က ဘဘရဲ့ အခန်းထဲမှာပဲ ကားဆက်တဲ့စားပွဲရှိပါတယ်။ ဘဘအိပ်တဲ့ ကုတင်ခြေရင်းမှာပေါ့။ ဒီလို တစ်ခန်းထဲမှာ ထားရတာက ဘဘဟာ အိပ်ရာထဲမှာ စဉ်းစားလို့ အတွေးပေါ်လာရင် ပေါ်လာတဲ့ အတိုင်း ထပြီး နဂ္ဂတစ် ဖလင်လိပ်ထဲက ရိုက်ထားတဲ့ ဖလင်ရုပ်တွေကို ဆွဲယူဆက်တတ်တာကြောင့်ပါ။ နေ့ ဖက်မှာတော့ တည်းဖြတ်စားပွဲရဲ့ ဟိုဖက်ဒီဖက်မှာ ဘဘနဲ့ မောင်နှင်းမိုးတို့ နှစ်ယောက်ထိုင်ပြီး ကားဆက်ကြ တာပါ။ ဘဘတို့လိုတဲ့ နဂ္ဂတစ်ဖလင်က အရုပ်တွေရဲ့ ဆင်းန် (SCENE)နံပါတ်နဲ့၊ (CUT) ကပ်နံပါတ်၊ ဖလင် စတွေရှာပေးရပါတယ်။

 အဲဒီဖလင်စ တွေရဲ့ ထိပ်စနောက်စတွေကို ဖြတ်ပြီး ဘဘလိုချင်သလို မောင်နှင်းမိုး က တွဲဆက် ပေးပါတယ်။ ဖလင်စကို မီးချောင်းအရောင်ရှေ့မှာ ပြစက်ပေါ်က အရုပ်ကလေးတွေ လှုပ်နေ သလို မြင်ရအောင် ညာလက်နဲ့ တဆက်ဆက် ဆွဲတင်ပြီး ကြည့်သါားရင်း လိုချင်တဲ့ နေရာမှာ ဖြတ်၊ ရှေ့ အရုပ် နောက်အရုပ်၊ အဆက်အစပ်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဇာတ်ဝင်ခန်း တစ်ခန်းပြသာအောင်ရလာ လို့ စိတ်နစ် နေကြတာမို့ ဘယ်အချိန် ဘယ်နှစ်နာရီရှိနေပြီဆိုတာ မေ့နေတတ်ပါတယ်။ ဒါပေမယ့် နေ့ခင်း (၁၁)နာရီ ကျော်ကျော်လောက်မှာ ဆရာကတော်က ထမင်းပွဲအသင့်ပြင်ပြီးတာနဲ့ "အဖေကြီး ထမင်းစားရ အောင်" လို့ အခန်းတခါးလေးဆွဲဖွင့်ပြီး အသံပြုလိုက်ရင် ဘဘက "အေး -အေး လာပြီဟေ့ - ကိုင်းထမင်း စားကြဦးစို့" ဆိုပြီး ထပါတော့တယ်။

ဘဘရဲ့ အခန်းအပြင်ဖက်မှာ ထမင်းစားပွဲမှာ ဆရာတပည့်တွေ၊ ဆရာကတော်အမေကြင်ရဲ့ လက်ရာများနဲ့ လွေးကြတော့တာပါပဲ၊ အမေကြင်က "ကိုသုခ ဒါက ၀တ်သားပုန်းရည်လေး ဒါက ကုလားပဲနှပ်ကလေး။ ဒါက-ဘဲဥ အချဉ်ချက်ဆိုပြီး ဟင်းတွေခပ်ထည့်ပေးပါတယ်။ ဘဘကလဲ ထမင်းမစားခင် ဟင်းလေးနည်း နည်းမြည်းရင်း " အေး-ကောင်းသားပဲကွ" သီးစုံချဉ်ရည်လေးက အစပ်တည့်သားပဲ" ကောင်းချီပေး သာဓု ခေါ်ပြီး စားတတ်ပါတယ်။

အစားအသောက် မှာ ဂျီးမများတတ်ပေမယ့် ထွေလီကာလီလေးတွေ စားချင်တတ်တာတော့ ရှိပါတယ်။ မန္တလေးကို ရောက်တဲ့အခါ မစိုးမုန့်တီကို မနက်ခင်းစာအဖြစ် သွားစားတတ်ပါတယ်။ ခုတော့ စိုးစိုးမုန့်တီ ပေါ့။ ထမင်းစား တဲ့ အခါမှာတော့ ဒေါ်ရီရီ ထမင်းဆိုင်တို့။ မြို့မချစ်တီးထမင်းဆိုင်တို့ကို သွားစားတတ်ပါ တယ်။ စာရေးဆရာဖြစ်ခါစက ရန်ကုန်မြို့ထဲ ကိုးကုန်းကိုးကျင်း ခြေလျင်လျှောက်နေရတဲ့ကာလမှာ တရုတ် တန်း က မြန်မာတွေ ပါးစပ်မှာ "အီကော်လီဖန်" ဆိုတဲ့ ၂-ပြားတန် ဆိုင်တွေမှာ လူထုဦးလှနဲ့အတူ ကျင်လည် ခဲ့ကြတာမို့ မန္တလေးမြို့မရုံနားက မြို့မချစ်တီးထမင်းဆိုင်ကို ၀င်စားကြပါသတဲ့။ ဆိုင်ထဲမှာ ရှိနှင့်နေတဲ့လူ တွေက ဦးလေးလှနဲ့ ရင်းနှီးပြီး ပွဲနေပွဲထိုင်တွေမှာ ရှေ့ဆောင်၊ ရှေ့ရွတ်၊ တင့်တယ် ထယ်ဝါစွာ မြင်တွေ့ခဲ့ရာ က၊ ဒီလိုနေရာမှာတွေ့လိုက်ရတော့ "ဟင် ဦးလေးလှ" ဟာ ဦးလေးလှ ဆိုတဲ့ အသံတွေကြောင့် ဘဘခမြာ သိပ်ပြီး အားနာသွားခဲ့ရဘူးသတဲ့။ ဘဘကိုယ်တိုင်ကတော့ ဒီလို ရှာရှာ ပေါက်ပေါက်ကလေးတွေ စားတတ်စမြဲပါပဲ။

" ၁-ပါးသီလ" ရုပ်မြင်သံကြားဇာတ်လမ်းရိုက်ကူးဖို့ ပြည်မြို့ကို သွားခဲ့ကြပါတယ်။ မီးရထားက ဘူတာကို ၇-နာရီလောက် မိုးချုပ်မှ ရောက်ပါတယ်။ ပြည် ရွှေဆံတော်ဘုရားပွဲဈေးကြီးကို ဖြတ်ပြီး မြို့အစွန်၊ မန္တလေး ဖက်အထွက်က ကျားပျံ ဆေးလိပ်ပိုင် ခြံကြီးထဲကို သွားကြပါတယ်။ ကျားပျံ ဦးအုံးမောင်က ဇာတ်ကား ရိုက် ကူးရေးအဖွဲ့ကို ထမင်းကျွေးပြီးတော့ တည်းခိုဆောင်ဧည့်ခန်းထဲမှာ ဘဘကြိုက်တဲ့ ရေမုန့်နဲ့ ဧည့်ခံတာပါပဲ။ ဘဘနဲ့ ရင်းနှီး ခင်မင်ကြတဲ့ မြို့မိ၊ မြို့ဖတွေ၊ ပြည်မြို့ "ရွှေဘုန်းပွင့်" စာကြည့်တိုက်လူကြီးများဖြစ်တဲ့ ဦးကြိုင်တို့တတွေနဲ့ မုန့်ပျားသလက်အပါးစား ရေမုန့်ကို အရသာခံစားရင်း စကားတွေ ပြောကြ ပါတော့တယ် မတွေ့တာလဲကြာ၊ မိတ်ဟောင်း ဆွေဟောင်းတွေလဲဖြစ်လို့ စကားဆက်မပြတ်တော့ပါဘူး။

အတော်လေး ညဥ့်နက်မှ ဘဘရဲ့ အရွယ်ရယ်၊ ခရီးပန်းလာတာရယ်၊ ရာသီဥတုက အေးချင်လာတာရယ်ကြောင့် ပြည်မြို့ ကကျားပျံခြံကြီးထဲမှာ ရိုက်ကူးနေတဲ့ကာလမှာ နေတာထိုင်တာ စာရေးသောက်တာပါ ဦးအုန်းမောင်က တာဝန်ယူ ဒါနပြုပါတယ်။ ဦးအုန်းမောင်ရဲ့ ထမင်းကျွေးအဖွဲ့က ဘဘ ကြိုက်နှစ်သက်တဲ့ ဟင်းတွေကို နေ့ည မထပ်အောင် စီစဉ်ကျွေးမွေးပါတယ်။ တစ်နေ့တော့ ထမင်းပွဲမှာ "ဥယျာဉ်ဟင်းချို"ဆိုတဲ့ ဟင်းတစ်ခွက်ပါလာ ပါတယ်။ ဘဘ သဘောကျလို့ အထူးတလည်စီစဉ် ချက်ပြုတ် ထားတာပါ။ နာမည်လေးက ဆန်းသလို ဟင်း ရည်ကလဲဆန်းပါတယ်။ ကျားပျံခြံကြီးထဲက ဟင်းချို ချက်လို့ရတဲ့ အရွက်တွေကို သောင်းပြောင်းရောလို့ ချက်တာပါတဲ့။ ဆူးပုတ်ရွက်တို့၊ ဘူးရွက် တို့၊ ကန်စွန်းရွက်တို့လိုဟာမျိုးကိုသာ သောက်ဖူးတာမို့ အဆန်းတ ကြယ် ဟင်းချိုကို အားရပါးရ မြည်းကြည့်လိုက်ပါတယ်။ ဘယ်လိုမှန်းကို မသိပါဘူး။ တစ်ဇွန်း နှစ်ဇွန်း ထပ် သောက်ကြည့်ပါတယ်။ ခံစားလို့ မရနိုင်တာကြောင့် ရေနွေးကြမ်းကိုပဲ အားထားလိုက်ရပါတယ်။ ဘဘကတော့ နှစ်နှစ်ခြိုက်ခြိုက် သောက် နေတာ တွေ့ရပါတယ်။

တစ်ခါမှာတော့ ပါရမီရပ်ထဲက နှင်းဆီလမ်းပေါ်မှာ ဖြစ်နေတဲ့ ဈေးန်းလေးဘက် လမ်းလျှောက်ထွက်ခဲ့ကြပါ တယ်။ အခု ဇာတ်ညွှန်းအကယ်ဒမီ ရထားတဲ့ ကိုကိုလေးရယ်။ စာအုပ်ထုတ်ဝေရေးလုပ်တဲ့ သန်းမြင့်ဝေရယ်၊ ဘဘရယ် လေးယောက်သား မနက်ခင်းလေးမှာပေါ့။ မြေနီလမ်းပေါ်က ဈေးတန်းလေးတစ်နေရာရောက် တော့ သံဒယ်ပိုင်းလေးနဲ့ လုပ်နေတဲ့ကုလား ရေမုန့်လေးတွေကို မြင်တော့ "ဒီဒေါ်ဆယ" ကောင်းလိမ့်မယ် ထင်တယ်ကွ" လို့ ပြောပါတယ်။ ဒါနဲ့ စက္ကူနဲ့ ထုတ်ခိုင်းပြီး ဆရာတပည့်တွေ စကားတွေ တပြောပြောနဲ့ စားရင်း ပြန်ခဲ့ကြပါတယ်။ ဘဘဟာ အဲဒီ ဒေါ်ဆယ်မုန့်ကို စုံစုံမက်မက်ကြိုက်တာပါ။ ၂၀၀၂-ခုနှစ်၊ ဆဋ္ဌမ အကြိမ် အမေနေ့မှာ ဟောပြောဖို့ မန္တလေးကို ရောက်လာခဲ့ပါတယ်။ ပထမဆုံးအကြိမ်တုန်းက တစ်ခါ ဆဋ္ဌမ အကြိမ်မှာ ဒုတိယမြောက်တစ်ခါ ရောက်လာတာပါ။ ရန်ကုန် မင်္ဂလာဒုံလေယာဉ်ကွင်းက ၆ နာရီ လောက် ထွက်လာပြီး၊ မန္တလေး တံတားဦးလေယာဉ်ကွင်းကို မနက် ၇ နာရီလောက် ဆိုက်ရောက်ပါတယ်။

မန္တလေး အမေနေ့ အဖွဲ့ဝင်တွေနဲ့ ဘဘရဲ့ မိတ်သင်္ဂဟများဖြစ်တဲ့ ရတနာပုံထီဆိုင် မိသားစုတွေ၊ တက်နေ၀င်းဓါတ်ပုံ တိုက်မိသားစုတွေ ကြိုဆိုခဲ့ကြပါတယ်။ ဘဘရယ်၊ ဘဘ ဇနီး အမေကြင်ရယ်၊ ရုပ်ရှင်ဒါရိုက်တာ ဒေါ်သင်း သင်းယုရယ်ပေါ့၊ တံတားဦး လေဆိပ်ကနေ မန္တလေးမြို့လယ်က ဟုန်းထ ဟိုတယ်ကို ၈ နာရီခွဲလောက်မှာ ရောက်ကြပါတယ်။ ၉၂ နှစ်အရွယ်မို့ ဘဘကို ပင်ပန်းနွယ်းနယ်နေမယ် ထင်ခဲ့ပေမယ့် ဘဘဟာ သူသံယော ဇဉ်ကြီးတဲ့ မန္တလေးသားတွေကြားမှာ လန်းဆန်းလတ်ဆတ်လို့ ကျေနပ် ကြည်နူးနေပါတယ်။ ဟုန်းထဧည့် ခန်းထဲမှာ ရေနွေးကြမ်းသောက်နေတဲ့ ဘဘကို မနက်စာလေး တစ်ခုခု ဘာလေးများ စားချင်သလဲဆိုတော့ "ဒေါ်ဆယ်လေးများရမလား"တဲ့ ဟိုတယ်ကြီးပေါ်က အစားအစာ တွေကို ဘေးဖယ်လို့ "တိုရှည် လို့ခေါ်တဲ့ ဒေါ်ဆယ်မုန့်"ကို အာသာဆန္ဒ တောင့်တတာမို့ အသက်(၇၀)ကျော် အရွယ် အရီးတောင်း ဦးကျော်သိန်း က ဟိုတယ်ကြီးနဲ့ ကပ်လျက်က "ဒေ၀ီ" ဟိန္ဒူ အစားအစာ ဆိုင်လေးဖက် ပြေးတစ်ပိုင်းနဲ့ သွားမှာရှာပါတယ်။

ဒီလို ဂရုတစိုက် ပြုတတ်ကြတာမို့လည်း မန္တလေးေ၇ာက်တာနဲ့ စားကောင်း၊ အိပ်ကောင်း နေလို့ကောင်းဖြစ် သွားတယ် လို့ ဟောပြောတဲ့ထဲမှာ အထူးတလည် ထည့်သွင်း ပြောပြခဲ့ပါတယ်။ အဲဒီတုန်းကလည်း တက်နေ၀င်း ဓါတ်ပုံ ဦးစန်းမောင်၊ ဒေါ်ခင်ဝင်းတို့၊ ရတနာပုံ နီနီသန်းတို့က အေးမေတ္တာ ထမင်းဆိုင်၊ ရှမ်း ထမင်းဆိုင်၊ ဘဘ နှစ်သက်ခံတွင်းတွေ့မယ့်ဆိုင်တွေကို လိုက်လံကျွေးမွေးပြုစုကြပါတယ်။ ဘဘကတော့ တပျော်တပါး သိုင်းသိုင်းဝိုင်းဝိုင်းကြီး စားရတာနဲ့ပဲ မြိန်နေပါသတဲ့။

"ပုဗ္ဗေ၀ သန္တွိဝါသေန၊ ပစ္စုပ္ပန္န ဟိတေန၀ါ၊
ဧ၀ံ တံ ဇာယတေ ဝေမံ၊ ဥပ္ပလံဝ ယထော ဒကေ"
ရှေးဘ၀၌ ဆွေမျိုးပေါက်ဖော် တော်စပ်ကျွမ်းဝင်ဖူးသောကြောင့်သော်လည်းကောင်း၊ ပစ္စုပ္ပန်ဘ၀၌ အကျိုးစီးပွား ကို အတူတကွ ဆောင်ရွက်ဖူးသောကြောင့် လည်းကောင်း၊ ဤအကြောင်းတရား နှစ်ပါး ကြောင့် ချစ်ခင် ခြင်းသည်ဖြစ်၏။

ဘဘမကြာခဏပြောပြတတ်တဲ့ နာကုလပိတာနဲ့ နာကုလ မာတာ သူဌေးကြီးလင်မယားကို မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တစ်ဦးနဲ့ တစ်ဦး ခင်မင်းရင်းနှီးကြရတဲ့ အကြောင်းအရင်း နှစ်ချက် ဖြစ်ပါတယ်။ မင်္ဂလာ သြ၀ါဒပေးတဲ့ အခါမျိုးမှာလည်း ထည့်သွင်းဆုံးမတတ်ပါတယ်။ တပူးတွဲတွဲ သံယောဇဉ်တွယ်နေ ကြသူတွေ မြင်တွေ့ရတဲ့အခါ၊ တစ်ယောက် အကျိုးများဖို့ တစ်ယောက်က အားထုတ်နေကြတဲ့ အခါမျိုးတွေ မှာ အတိတ်က ကျွမ်းဝင်ဖူးပြီး ပစ္စုပ္ပန်မှာ စောင့်ရှောက်ကူညီနေကြလို့ ရေကြောင့် နွဲ၊ နွဲကြောင့်ရေ အပြန် အလှန် ပေါင်းစည်းရကြောင်း ဥပမာ၊ ဥပစာတွေနဲ့ အကျယ်ချဲ့လို့ ပြောပြတတ်ပါတယ်။

ဆွေရင်းမျိုးချာ သက်ကြီးဝါကြီး အဖိုးတစ်ယောက်၊ အဖေ တစ်ယောက်လို ချစ်ကြည်ရိုကျိုးစွာ ပြုစုကြတယ် ဆိုတာကလဲ ခုရေတွင်းတူး ခုရေကြည်သောက်လို့ရတာမျိုးမှ မဟုတ်ဘဲ၊ အချိန်ယူလို့ အတိတ်ရေစက် ကြောင့် ကြုံလာ၊ ၀င်လာတဲ့အခါမှာ ရိုးစင်းတဲ့ စိတ်ရင်းနဲ့ အပြန်အလှန် ကျေးဇူးပြုခဲ့ကြတာကြောင့်ပါ။ ဘဘရိုက်တဲ့ "ရွှေခြည်ငွေခြည်တန်းပါလို့" ဇာတ်ကားကို ရတနာပုံ ထီဆိုင်ပိုင်ရှင် ဦးသန်းဆွေက အထက်မြန်မာ ပြည်ကို ဖြန့်ချီရေးယူခဲ့ပြီး အောင်မြင်သွားတဲ့အတွက် ရုပ်ရှင်လောကနဲ့ အကျိုးပေး ဆက်စပ်သွားပါတယ်။ အဲဒီကစ ဘဘဆီကို ၀င်ဟယ် ထွက်ဟယ်။ သွားဟယ်၊ လာဟယ်နဲ့ ရင်းနှီး လာခဲ့ပါတယ်။

အဲဒီနောက် မန္တလေးမှာ "သုခစေတနာ" အမည်နဲ့ ရုပ်ရှင် ဆောက်လုပ်ဖြန့်ချိရေးတည်ထောင်ပြီး "တစ်ဦးက စေတနာ တစ်ဦးကမေတ္တာ" ဇာတ်ကားကို ထုတ်လုပ်ခဲ့ပါတယ်။ အရင်က မန္တလေးလာတဲ့ အခါတိုင်း ဟိုတယ်မှာ တည်းလေ့ရှိတဲ့ ဘဘကို သူတိုက်မှာပဲ တည်းခိုစေခဲ့ပါတယ်။ စားရေးသောက်တာကအစ သွားရာလာရာ အဆုံး တာဝန်ယူထားပါတယ်။ ဘဘ မိသားစုနဲ့ ဦးသန်းဆွေတို့ မိသားစုတို့ဟာ ဆွေရင်းမျိုးချာဖြစ်လာပါ တော့တယ်။ အချိန်တွေပြောင်းသွားလို့ ဦးသန်းဆွေက ရတနာပုံ စားသောက်ဆိုင်ဆိုပြီး တစ်ခမ်းတနားလုပ် ပြန်တော့ "မတန်ရင်ပန်းကန်ခွဲသွား"ဆိုတဲ့ ကြော်ငြာ စကားလုံး လူအများပါးစပ်ဖျားတွင်သွားအောင် ဘဘကပဲပေးခဲ့တာပါ။ နောက်ရတနာပုံထီဖြန့်ချိရေး လုပ်ပြန်တော့လည်း ဘဘကပဲ သူ့ဇာတ်လိုက်တွေ ဖြစ်တဲ့ မြတ်သစ်တို့၊ နေမျိုးတို့၊ မောင်ဇော်မင်းတို့နဲ့ ရုပ်မြင်သံကြား ကြော်ငြာ ရိုက်ပေးခဲ့ပါတယ်။ အဲဒီလို သံယောဇဉ်တွေ ဆက်သွယ်ယှက်နွယ် ရက်ယှက် ခဲ့တာ နှစ်ပေါင်း နှစ်ဆယ်လောက် ဆိုတော့ အကြီးအကျယ် အထုအထည်ဖြစ်နေတာ မဆန်းတော့ပါဘူး။

၁၉၉၁-လောက်မှာ မန္တလေးကို ဘဘအလာစိပ်သလောက် လာတဲ့အခါတိုင်းလဲ အေးဆေးသက်သာ နေ တတ်ပါတယ်။ အနုပညာလုပ်ငန်းတွေလဲ မရှိတော့ လေးလေးဒေါ်မေရှင်တို့၊ ဆရာမကြီး အမ်အေ ဒေါ်အုံး တို့၊ မြို့မအဖွဲ့ရဲ့ အစဦး ပကာထူတည်ထောင်ခဲ့တဲ့ ဦးကိုလေးတို့ စတဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဟောင်းဆွေ ဟောင်းတွေနဲ့လည်း အချိန်ယူတွေ့ဆုံပြီး၊ လူထုတိုက်မှာ အမေမာ သိချင်တဲ့ဘဘရဲ့ ဘ၀ဇာတ်ကြောင်း တွေကို အားရပါးရ ပြောပြတတ်ပါတယ်။ ညနေပိုင်းနေအေးတဲ့ အချိန်မှာတော့ မန္တလေးတက္ကသိုလ် ပါဠိ ဌာနက ကထိကဆရာ၊ ဦးသန့်စင်တို့၊ နမ္မတူဘော်တွင်းက မန်နေဂျာ ဦးကျော်ညွန့်တို့ ဆိုရှယ်ဒန်ပေါက် ဦးအေးမောင်တို့၊ ဦးခင်မောင်ဦးတို့၊ မုံရွာကြေးစင်တောင်က ဦးစံညွန့်တို့၊ ညောင်ပင်ကြီးရွာက ဦးထွန်းရွှေ တို့စတဲ့ မိတ်ဆွေ အပေါင်းအသင်းတွေ ရောက်လာကြပြီး ထွေရာလေးပါး ပြောဆိုကြပါတယ်။

တစ်ခါတစ်ရံ ဗောဓိကုန်းဖက်က ဦးဖုန်းမြင့်အောင် တစ်ယောက်လည်း ပေါက်ချလာတတ်ပါတယ်။ လူကစုံတော့ ရှေး ဟောင်းနှောင်းဖြစ်တွေလဲပါရဲ့။ စာအကြောင်းပေအကြောင်းလဲပါရဲ့၊ ဂီတဇာတ်သဘင် ရုပ်ရှင်တွေလဲပါရဲ့။ ကိုယ်တွေ့ အဖြစ်အပျက်တွေလည်းပါရဲ့။ ဆရာတော် သမားတော်များလဲပါရဲ့။ တောင်စဉ် ရေမရ ရောက် တက်ရာရာတွေ ဖြစ်ပေမယ့် ဘ၀နဲ့ ယှဉ်လို့မို့ ကြားမ၀နားမငြီးတဲ့ ရေနွေးကြမ်းဝိုင်းကြီးပါပဲ။ ဦးသန်းဆွေက တစ်နေ့တစ်မျိုး မရိုးရအောင် အမြည်းပေါင်းစုံနဲ့ ဧည့်ခံပါတယ်။ ဘဘ ကို ဦးတည်လို့ ပါလာတဲ့ စားဖွယ် သောက်ဖွယ်လေးတွေကလည်း တစ်ယောက်တစ်မျိုး မပြတ် တော့ပါဘူး။

တစ်နေ့ညနေမှာတော့ ခပ်စောစောလေး ရောက်သွားပါတယ်။ ကိုသန်းမြင့်ဝေက ထမင်းပွဲကြီးနဲ့ တစ်ယောက် ထဲ။ ဘဘကတော့ စားချင်စိတ် မရှိလို့တဲ့ နံရံကပ်ထားတဲ့ ကုလားထိုင်ပေါ်မှာ ထိုင်ရင်း ဦးသန်းဆွေ နဲ့ စကားလက်ဆုံကျနေပါတယ်။ ရောက်ရောက်ခြင်းပဲ အသင့်ပြင်ထားတဲ့ ထမင်းပန်းကန်ပြား ရှေ့ မှာ ထိုင်ခိုင်းပြီး ဦးသန်းဆွေက ကျွေးပါတော့တယ်။ ဦးသန်းဆွေရဲ့ ဇနီး ဒေါ်သောင်းကြည်တို့၊ သမီး မနုတို့ နီနီ သန်းတို့ဆိုတာကလည်း အရင်ကတည်းက ခင်မင်ရင်းစွဲမို့ အတင်းပဲ ကျွေးပါတော့တယ်။ ဘဘအတွက် ချက်ပြုတ် ထားတဲ့ ဟင်းတွေက ဖွယ်ဖွယ်ရာရာလဲဖြစ်၊ အစပ်အဟပ်ကလည်းတဲ့တော့ မှတ်မှတ်ရရ စား ကောင်းတဲ့ ထမင်းတစ်နပ်ပါပဲ။
" လာ မောင်အောင်ဝင်းတို့ ဆန်ပြုတ်ကလေး သွားသောက်ရအောင် " ဘဘက ကုလားထိုင်က ထလိုက်ပါ တယ်။
" အိမ်ဝယ်ခိုင်းလိုက်မယ်ဆရာ "
ဦးသန်းဆွေက ပြာပြာသလဲပြောပါတယ်။

" နေပါစေ ကိုသန်းဆွေ၊ ဦးသန့်စင်တို့ လာရင်သာ ခဏထိုင်ခိုင်းထားနှင့်လိုက်ပါဦး။ ကျုပ်တို့ ဆရာတပည့် တွေ လမ်းလျှောက်ရင်း သွားလိုက်ချင်လို့ "
" ဒါဖြင့် ရွှေဘုံသာဘုရားနားက ပေါ်ဆန်းမွှေး ဆန်ပြုတ် ကောင်းတယ်ဆရာ၊ ကိုအောင်ဝင်း အဲဒီကို ခေါ် သွားပါ။ သိတယ် မဟုတ်လား "
" ဟုတ်ကဲ့ သိပါတယ် "
တကယ်တော့ ရွှေဘုံသာဘုရားကိုသာ သိတာပါ။ ပေါ်ဆန်းမွှေးဆိုင်ကို မသိပါဘူး။ ဒါပေမယ့် မေးလိုက်ရင် ရတာပါပဲ။ ဘဘကို ၀တ်ကြီး ၀တ်ငယ်ပြုစုဖို့ လိုက်လာတဲ့ ကိုသန်းမြင့်ဝေက ပိုက်ဆံအိတ်ယူပြီး ထွက်ခဲ့ကြ ပါတယ်။ ဦးသန်းဆွေတို့ တိုက်အနက်ဘက်ကပ်လျက် ၈၇ လမ်းကနေ မြောက်ဖက်ကို လျှောက်ခဲ့ကြပါ တယ်။ ၂၅ လမ်း၊ လွှတောင်တန်းရောက်တော့ အနောက်ဖက်ကို ချိုးကွေ့လိုက်ပါတယ်။ ပြ၀က်လောက်မှာ ရွှေဘုံသာဘုရားရှိပါတယ်။ ဘုရားတောင်ဖက် ၂၅ လမ်းကျော်လိုက်ရင် ဆိုင်းတန်းနေပြည်တော် ရုပ်ရှင်ရုံ ရှိပါတယ်။ ဘုရားရှေ့က ပေါ်ဆန်းမွှေး ဆန်ပြုတ်ဆိုင်မှာ ဘဘအတွက် ဆန်ပြုတ် တစ်ခွက် မှာပေးပါတယ်။ ဘဘ ရဲ့ တစ်ဖက်တစ်ချက်မှာ ထိုင်နေကြတဲ့ တပည့်နှစ်ယောက်နဲ့ စကားပြောရင်း ဆန်ပြုတ်သောက်ပါ တယ်။ အဓိက ကတော့ မန္တလေးအကြောင်း သိချင်တာတွေမေးလိုက်၊ ဟိုတုန်းက ဘယ်လိုဆိုတာကို ပြော လိုက်နဲ့ပါပဲ။

" ဘဘနောက်ထပ် ဆန်ပြုတ်တစ်ပွဲမှာလိုက်အုံးမယ်နော် "
" တော်ပြီ တော်ပြီ၊ ကျုပ်ဝသွားပြီ ဒါလောက်ပဲ ကောင်းတယ် "
" ဆုန်ပြုတ်ဘိုး ဘယ်လောက်လဲခင်ဗျ "
" ငါးကျပ်ပါ "
အိတ်ထောင်ထဲက ပိုက်ဆံနှိုက်နေတဲ့အချိန်မှာပဲ ကိုသန်းမြင့်ဝေက သူကိုင်လာတဲ့ ပိုက်ဆံအိတ်ကြီးထဲက ပိုက်ဆံထုတ်နေပါတယ်။
" နေပလေ့စေ နေပလေ့စေ မောင်အောင်ဝင်း ပေးလိမ့်မယ် "
ဘဘ က ခွင့်ပြုလိုက်တာပါ။

တပည့်တွေနဲ့ သွားတဲ့အခါတိုင်း ဘဘက ပိုက်ဆံအိတ်ကို တစ်ယောက်ယောက် လက်ထဲအပ်ပြီး၊ စားကြ သောက်ကြတာတွေကို အဲဒီထဲကပဲပေးရပါတယ်။ ရုပ်ရှင် ဖြန့်ချိရေးလုပ်တဲ့ ကိုလှထွန်းတို့၊ ရုပ်ပြမှာ အောင်မြင်နေတဲ့ ပန်းချီရာမ တို့က ကျွေးတဲ့ အခါမှာတော့ လက်ခံခွင့်ပြုပါတယ်။ ကျန်တဲ့သူတွေကတော့ ဘဘရဲ့ ပိုက်ဆံအိတ်ထဲကပဲ သုံးရပါတယ်။ ဘဘခြေရင်းရောက်ကတည်းက ရန်ကုန်မှာ စားဝတ်နေရေး အတွက် စာအုပ်အငှားဆိုင်လေးဖွင့်ပြီး ရပ်တည်နေတာကို ဘဘက သိထားပါတယ်။ ဒါကြောင့် ဘဘနဲ့ အပြင်ထွက် လို့ ဘယ်သွားသွား ပိုက်ဆံအိတ်ကို ပေးထားပြီး သုံးစေတာပါ။
ဒီတစ်ခါတော့ ဘဘသောက်တဲ့ ဆန်ပြုတ် တစ်ခွက်ပေါ့။

မောင်အောင်ဝင်းမန်း
.

No comments: