Monday, July 4, 2011

မဝင်းမြင့် ၏ မြသေလာတောင် ဆွေးဖွယ်နှောင်သည် အပိုင်း (၂၉)

အခန်း (၁၅)

ဘုရင်မကို မြင်လိုက်ရပြီးသည့် အချိန်မှစ၍ ကိုမျိုးခိုင်သည် နောင်စငဲ့တွင် နေရသည်မှာ ငြီးငွေ့ခြင်းဖြင့် ပြင်းစွာ နှိပ်စက်နေတော့၏။
တစ်နေ့တစ်ရက်မှ ပျော်ရွှင်ခြင်းမရှိသော်လည်း ဇွတ်တရွတ် နိုင်လှသော ကိုစောအောင်ကို ပြောမရသဖြင့် တစ်နေ့တစ်နေ့နှင့် တရွေ့ရွေ့ အချိန်တွေကုန်လာခဲ့ရာ တစ်နှစ်နီးပါးပင်ကြာခဲ့လေပြီ။
အချိန်ကြာမြင့်သည်နှင့်အမျှ နောင်စငဲ့ ဘာသာစကားကို ကိုမျိုးခိုင် ရေလည်စွာ ပြောဆိုတတ်လာသည်။ တစ်ရပ်တစ်မြေမှ လာသောသူများဖြစ်လင့်ကစား နောင်စငဲ့ဘာသာကို တတ်ကျွမ်းပြီးဖြစ်၍ နောင်စငဲ့သား သုံးယောက်၏ အသက်ကို ကယ်တင်သူများ ဖြစ်သည့်အပြင် ဘုရင်မ၏ ဆုံးမစကားကို နာခံလွယ်သောသူ များဟု ဘုရင်မက ယူဆကာ အထူးအခွင့်အရေးပေးသောအနေဖြင့် ဘုရင်မသည် သုံးလလျှင် တစ်ကြိမ်မျှ ခေါ်ယူတွေ့ဆုံကာ စကားပြောဆိုဆွေးနွေးပြီး တစ်ရပ်တစ်မြေမှ အကြောင်းများကို မေးလေ့ရှိသည်။

ကိုစောအောင်အဖို့ကား နေမြင့်လေ အရူးရင့်လေဖြစ်နေရှာတော့သည်။ ဘုရင်မအား ကိုစောအောင်က မေတ္တာသက်ဝင် ချစ်ခင်နေကြောင်းကို နီးစပ်ရာ နောင်စငဲ့သားများ ရိပ်မိစပြုလာသည်ကို ကိုမျိုးခိုင်က အကဲခတ်မိသည်။
တစ်ကြိမ်သော အခါက ဘုရင်မထံ သွားရောက်လည်ပတ် စကားပြောပြီး ပြန်လာသောအခါ၌ သေနတ်များ တစ်လက်မျှ ရှာမတွေ့အောင် ပျောက်ဆုံးနေသည်ကို ကိုမျိုးခိုင် သိရသောအခါ မျက်လုံးပြူးသွားလေသည်။
မည်သူ့ကိုမှလည်း မေးမြန်း၍မရ၊ ဤဒေသမှာ ကြာရှည်နေလျှင် အသက်ဘေးကို စိုးရိမ်ဖွယ်ဖြစ်တော့မည် ကို ကိုမျိုးခိုင်တွေးမိ၏။

" ညီလေးရယ် ... မဖြစ်နိုင်တာကို မျှော်မှန်းမနေပါနဲ့ကယ် ... ပြန်ကြရအောင်၊ အခု တို့အခြေအနေကို ဒီဒေသမှာ နေလို့ မဟုန်တော့ဘူး ညီလေးရဲ့ "
စိတ်အာရုံတွင် ဘုရင်မကလွဲပြီး ဘာကိုမှ မစဉ်းစားသော ကိုစောအောင်အား ကိုမျိုးခိုင်က တောင်းပန် လိုက်၏။
" အစ်ကို ပြန်ချင်ပြန်လေ ... ကျွန်တော် ဒီမှာ နေခဲ့ဦးမယ်၊ အဖေတို့ကို အစ်ကို သင့်တော်သလို ကြည့်ပြီး ပြောလိုက်ပါ "
ကိုစောအောင်က ဘုရင်မနေသည့်အိမ် တည်ရှိရာသို့ မျှော်မှန်းကြည့်ရင်းက ပြောလိုက်၏။
" မဟုတ်သေးပါဘူး ညီလေးရာ ... တစ်ယောက်တည်း ဒီလူတွေကြားမှာ ညီလေးကို မထားခဲ့နိုင်ပါဘူး၊ နောက်ပြီး အစ်ကို တစ်ယောက်တည်း ပြန်သွားတော့ အဘက ဘယ်လို ထင်မလဲ၊ ညီလေး စဉ်းစားဦးမှပေါ့ "
ကိုမျိုးခိုင်က ညည်းညည်းညူညူ ပြောလိုက်သည်။

" စိတ်ရှုပ်စရာတွေ မပြောစမ်းပါနဲ့ အစ်ကိုရာ "
ကိုစောအောင်က ကလေးဆိုးကြီးလို ပြောကာ ဆက်လက် နားမထောင်လိုသော ဟန်ဖြင့် အိပ်ရာထဲ လှဲ အိပ်လိုက်လေသည်။
ကိုမျိုးခိုင်သည် ကိုစောအောင်အား စိတ်မချမ်းသာစွာ ကြည့်ကာ ဦးခေါင်းကို ဖြည်းလေးစွာ ညိတ်လိုက်မိ ရင်းက ရင်လေးစရာကောင်းသော အဖြစ်အပျက်တစ်ခုကို ပြန်လည်သတိရလိုက်၏။
မုတ်ဆိတ်မွှေး၊ ပါးမြိုင်းမွေးများကို သုတ်သင်ထားပြီး ဆံပင်မတိုမရှည် ဖြစ်နေသော ရုပ်ရည်သန့်ပြန့် ကြည် လင်သည့် ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ နှစ်ယောက်အား ဖြူဖပ်ဖြူရော် အသားအရေ၊ မို့သောမျက်ခွံ၊ ကြောင်တက်သော မျက်လုံးဖြင့် ခေါင်းတုံးပြောင်အောင် ရိပ်ထားသော နောင်စငဲ့ သားများထက် ပိုမို အရေးပေးသော နောင်စငဲ့သူများကြောင့် နောင်စငဲ့သားများက မလိုမုန်းထားသော မျက်နှာဖြင့် ကြည့်ကြ သည်။

ဘုရင်မနျင့် အကျွမ်းဝင်၍ ကိုစောအောင်က ဘုရင်မအား ချစ်ခင်နေသည်ကို မရှုစိမ့်သော အမူအရာများ ထင်ထင် ရှားရှား ဖော်ပြနေကြသည်။
ကိုမျိုးခိုင်သည် တွေးရင်း တွေးရင်း စိတ်ထဲက မချမ်းမြေ့ဘဲ ဖြစ်လာသည်။ ထိုသို့ မချမ်းမြေ့စရာကို တွေးရင်းမှ ဘုရင်မ၏ ပုံသဏ္ဍာန် မျက်စိထဲမှာ ပေါ်လာသောအခါ ချစ်သူ ခင်ခင်လေးအား အူလှိုက် သည်း လှိုက် လွမ်းဆွတ် တမ်းတမိလာသည်။

ကိုစောအောင်ကိုလည်း တစ်ယောက်တည်း မထားခဲ့ရက် သည့်အတွက် အသက်ဘေးမှ ဝေးအောင် ဤ နောင်စငဲ့ဒေသမှ ပြေးရန်မှာ ဘုရင်မမှလွဲပြီး ဆောင်ရွက်ပေးနိုင်သူ မရှိဟု စဉ်းစားမိသောအခါ ဘုရင်မ၏ အကူအညီကို တောင်းဆိုရန် စိတ်ကို ဆုံးဖြတ်လေသည်။

ကိုမျိုးခိုင်သည် သူတို့ ကယ်ဆယ်ခဲ့သော အဘိုးကြီး သုံးယောက်အနက် အကြီးအကဲနှင့် အကျွမ်းဝင်သော အဘိုးကြီး တစ်ယောက်ထံ ကိုစောအောင်ကို အသိမပေးဘဲ တိတ်တဆိတ် သွားရောက် တွေ့ဆုံပြီး ဘုရင်မထံ အရေးကြီးသော ကိစ္စကြောင့် ယခုချက်ချင်း ၀င်ခွင့် တောင်းပေးစေလိုကြောင်း ပြောကြားလိုက် လေသည်။
" အေး ... ငါလဲသတိပေးဖို့ နင်တို့ဆီလာမယ်လို့၊ နင်ရောက်လာတာနဲ့အဆင်သင့်ပဲဟေ့ "
အဘိုးကြီးက တိုးတိတ်စွာ ပြောလိုက်၏။
" ဘာလဲ အဖေ "
ကိုမျိုးခိုင်က ထိတ်လန့်စွာ မေးလိုက်သည်။

" နောင်စငဲ့ သားတွေက နင်တို့ကို မကျေနပ်လို့ သတ်ဖို့ကြံစည်ထားကြတယ်၊ ရွာက မထွက်နိုင်အောင် စည်းရိုးတံခါးရှိသမျှ ဒူးလေးကိုင်တွေ အပြည့် စောင့်နေကြတယ်၊ နက်ဖြန်ဆိုရင် နင်တို့ကို ဖမ်းကြတော့မှာ "
အဘိုးကြီး၏ စကားကြောင့် ကိုမျိုးခိုင်မှာ တုန်လှုပ်သွားလေသည်။ လက်မတင်ကလေးပါလားဟု တွေးကာ ...
" ငါ့ကို ဘုရင်မထံ အခု အမြန်ဆုံးရောက်အောင် ပို့ပေးပါ အဖေ "
ဟု တောင်းပန်လိုက်၏။

" အေး ... နင်ရောက်လာတာ အချိန်တော်ပဲ၊ အခုည မိုးချုပ်စပြုလို့ မှောင်နေပြီ၊ ငါလိုက်ပို့ပေးမယ်၊ ဘယ်သူမှ မြင်မှာ မဟုတ်ဘူး "
အဘိုးကြီးက ပြောရင်း ထိုင်ရာမှ ထကာ ...
" လာခဲ့ "
ဟု ခေါ်ပြီး ရှေ့မှ ထွက်သွားလေသည်။
" ငါ့ကို ဘုရင်မထံ ပို့ပေးပြီး အိမ်မှာ ကျန်ရစတဲ့ ငါ့ညီလေးကို ဘုရင်မထံ ဆက်ဆက်ခေါ်ခဲ့ပါနော် "
ကိုမျိုးခိုင်က စိတ်ပူစွာ မှာကြားလိုက်၏။

" စိတ်ချ ငါ့သား၊ ငါတို့အသက် ကယ်ထားတဲ့ နင်တို့ ညီအစ်ကိုကို ငါတတ်နိုင်သလောက် ပြန်ကယ်မယ်။ နင် ဟောဒီလမ်းက ၀င်သွား၊ ဘုရင်မနေတဲ့အိမ်ကို အမြန်ဆုံးရောက်တဲ့ဖြတ်လမ်းပဲ၊ ဒီလမ်းက ယောက်ျား အစောင့်မရှိဘူး၊ မိန်းမတွေပဲရှိတယ် "
အဘိုးကြီးက လမ်းညွှန်ပြလိုက်ပြီး နောက်ကြောင်းသို့ သုတ်ခြေတင် ပြန်သွားလေသည်။ ကိုမျိုးခိုင်သည် ဘု၇င်မနေရာ အိမ်ကြီးအတွင်းသို့ ချောချော မောမော ရောက်သွားလေသည်။ ရံရွှေတော် မိန်းမများသည် ဘုရင်မကိုယ်တိုင်က အရေးတယူ လက်ခံ စကားပြောလေ့ရှိသော ဧည့်သည်များဖြစ်၍ တားဆီးခြင်းမပြုချေ။

" ဘုရင်မကို တွေ့ခွင့်ပြုပါ "
တစ်ယောက်သော ရံရွေတော်သည် ကိုမျိုးခိုင်အား နှစ်လိုသော အပြုံးဖြင့် ကြည့်ကာ ...
" လာခဲ့ ... လာခဲ့ "
ဟု ပြောပြီး ခေါ်သွားလေသည်။

တစ်ခုသော အခန်းတွင်းဝယ် လှပစွာ ပြင်ဆင်ထားသော ဘုရားဆောင်ရှေ့၌ ဘုရင်မ ထိုင်နေသည်ကို တွေ့ရသည်။ ဥာဏ်တော် တစ်ထွာမျှသာရှိသည့် စိမ်းလဲ့သော မြဆင်းတုတော်သည် ပူဖော်ထားသော နံ့သာဆီ မီးရောင်ဝယ် ကြည်ညိုဖွယ်ရာ ဖူးတွေ့ရ၏။ ဘုရားဆောင်ရှေ့ရှိ မြေပန်းစိုက် အိုးများမှာ ထိုးစိုက် ထားသော ပန်းရနံ့နှင့် ဆီမီးပူဇော်ထားသော နံ့သာဆီမှာ မွှေးကြိုင်နေလေသည်။
" ဧည့်သည်က တွေ့ချင်လို့ပါတဲ့ ဘုရင်မ "
ကိုမျိုးခိုင်အား အခန်းဝမှာ ထားခဲ့ပြီး ရံရွှေတော်က ဘုရင်မထံ ၀င်သွားကာ ရိုသေစွာ ဒူးထောက်ပြီး ပြော လိုက်၏။
" အချိန်မတော်ကြီးမှာ ဘာကိစ္စတဲ့လဲကွယ် "
သာယာချိုအေးသော အသံဖြင့် ဘုရင်မက မေးလိုက်၏။

" မသိပါ ဘုရင်မ၊ အခန်းဝမှာ စောင့်နေပါတယ် "
ရံရွှေတော်၏ စကားကြောင့် ဘုရင်မသည် ဘုရားခန်းဆောင်မှ ထွက်လာလေသည်။ အခန်းပြင်ဘက် ရောက်သောအခါ ကိုမျိုခိုင်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး ပိုးရောင်တောက်ပသော အ၀တ်ကို ခင်းထား သည့် ခုံတစ်ခုပေါ်မှာ ထိုင်လိုက်၏။ ကိုမျိုးခိုင်က ထုံးစံအတိုင်း၊ ဘုရင်မနှင့် ခပ်လှမ်းလှမ်း ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်သည်။
" အရေးကြီးတဲ့ကိစ္စ ရှိသလားကွယ် "
ဘုရင်မက ကိုမျိုးခိုင်၏ မျက်နှာ မကြည်လင်သည်ကို အကဲခတ်မိ၍ အသံကိုနှိမ်ပြီး မေးလိုက်သည်။

" အရေးကြီးပါတယ် ဘုရင်မ၊ အချိန်မရလို့ တိုတိုပဲ ပြောပါရစေ၊ ငါ့ညီလေး အခုပဲ ရောက်လာပါလိမ့်မယ်၊ သူ့ကို ဒီနောင်စငဲ့က အခုချက်ချင်း ထွက်ခွာသွားဖို့ အမိန့်ချ နှင်ပေးပါ "
တုံးတိတိ ပြောလိုက်သော ကိုမျိုးခိုင်စကားကြောင့် ဘုရင်မသည် ချစ်စရာကောင်းအောင် မျက်ခုံးကိုပင့်ကာ ...
" ဘာဖြစ်လို့လဲ "
ဟု နားမလည်သဖြင့် မေးလိုက်၏။

ကိုစောအောင်တစ်ယောက် နောက်ပါးရောက်နေပြီလား ဟု စိတ်မလုံသည့် အလျောက် ကိုမျိုးခိုင်က နောက် သို့ တစ်ချက် လှည့်ကြည့်လိုက်ပြီးနောက် ဘုရင်မဘက်သို့ ပြန်လည်မျက်နှာမူတာ ...
" ဒီ နောင်စငဲ့မှာ ငါမနေချင်တော့ဘူး၊ ဘုရင်မလူတွေကလဲ တို့ကို နက်ဖြန် ဖမ်းသတ်ဖို့ စီစဉ်ထားကြပြီးပြီ၊ ငါ့ညီလေးက ဘုရင်မကိုယ်တိုင် မနှင်ရင် သူ နောင်စငဲ့ မခွာဘဲ အသေခံလိမ့်မယ် ဘုရင်မ၊ သူရောက်လာ ရင် အခုချက်ချင်း ထွက်ခွာသွားဖို့ နှင်ပေးပါ "

ဘုရင်မသည် အပူတပြင်း စိုးရိမ်ကြီးစွာ ပြောနေသော ကိုမျိုးခိုင်၏ စကားကို နားမလည်နိုင်ချေ။ ရေလည် အောင် အကျိုးအကြောင်း မေးမည်ပြုစဉ် ကိုစောအောင် ၀င်ရောက်လာလေသည်။
ကိုစောအောင်ကား ဘာကိုမျှ တွေးတော စဉ်းစားမိဟန် မတူဘဲ ဘုရင်မထံ ရောက်လာရသည့်အတွက် ရွှင် လန်းနှစ်သိမ့်သော မျက်နှာဖြင့် ကိုမျုးခိုင်အနားမှာ ၀င်ထိုင်လိုက်သည်။
" အစ်ကိုက ဒီရောက်နှင့်နေပြီနော်၊ ဘာအကြောင်းကိစ္စပေါ်နေကြပြီလဲ အစ်ကို "

ကြည်လင် သာယာခြင်း မရှိသော ကိုမျိုးခိုင်မျက်နှာနှင့် အံ့အားသင့်ဟန်ပေါ်နေသော ဘုရင်မအား တစ် လှည့်စီကြည့်ကာ အကြောင်းတစ်ခုခုရှိပြီဟု ကိုစောအောင်က တွေးလိုက်၏။
" ကိစ္စကတော့ ပေါ်နေပြီ ညီလေး၊ နောင်စငဲ့သားတွေက နက်ဖြန်ဆို အစ်ကိုတို့ကို ဖမ်းပြီး သတ်ကြတော့ မယ်၊ ဒါကြောင့် ဘုရင်မထံ လာရောက် အကူအညီတောင်းနေတာ "
ကိုစောအောင်က အံအားသင့်စွာဖြင့် ဘုရင်မအား လှည့်ကြည့်လိုက်၏။

ထိုအခိုက် ကိုစောအောင်နှင့် ကိုမျိုးခိုင်တို့ နေထိုင်ရာ အိမ်မှာ မတွေ့ရဘဲ ပျောက်သွားသည်ကို သိရသော နောင်စငဲ့သားများသည် တစ်ရွာလုံးပိုက်စိတ်တိုက်ရှာ၍ မတွေ့သည်တွင် လူစုလူဝေးနှင့် ဒူးလေးကိုယ်စီစွဲ ကာ ဘုရင်မအိမ်တော်ကို ၀ိုင်းကြလေသည်။ တစ်ယောက်တစ်ခွန်းဆူညံစွာဖြင့် မကျေနပ်သော အချက်များ ကို ဟစ်အော်ကြလေသည်။
" တစ်ရပ်တစ်မြေလာပြီး ငါတို့အထွတ်အထိပ်ထားတဲ့ ဘုရင်မကို မတူမတန် ချစ်ကြိုက်နေတဲ့ ဧည့်သည် နှစ်ယောက်ကို ငါတို့ စီရင်ပါရစေ၊ ဘုရင်မ ခွင့်ပေးပါ" ဟူ၍ လည်းကောင်း ...
" ဒီလူနှစ်ယောက် တို့နောင်စငဲ့ တစ်နေရာမှာ ပုန်းနေမှာ၊ ရွာပြင်ကို ဘယ်နည်းနဲ့မှ မထွက်နိုင်သေးဘူး" ဟူ၍ လည်းကောင်း ... ။
" ရှာလို့တွေ့ရင် သတ်ခွင့်ပေးပါ ဘုရင်မ "

ဟူ၍လည်းကောင်း၊ ကြောက်မတ်ဖွယ်ဒေါသကြီးစွာ ဟစ်အော်နေကြသည်။ ခုခံစရာ လက်နက်ဟူ၍ ဓား တစ်ချောင်းမျှပင် မရှိတော့သော ကိုမျိုးခိုင်နှင့် ကိုစောအောင်သည် တစ်ယောက်မျက်နှာတစ်ယောက် ကြည့် လိုက်ကြပြီးမှ ...
" တို့အတွက် ဘုရင်မသိက္ခာ ထိခိုက်လိမ့်မယ်၊ အိမ်တော်ပတ်လည်မှာ နောင်စငဲ့သားတွေ ၀ိုင်းနေတော့ ထွက်လမ်းရှိမှာမဟုတ်ဘူး "
ဟု ကိုမျိုးခိုင်က စိတ်မချမ်းမြေ့စွာ ပြောလိုက်၏။

" ဖြစ်ချင်ရာဖြစ် ကျွန်တော် ရင်ဆိုင်မယ် "
ကိုစောအောင်က ပြောပြောဆိုဆို ထိုင်ရာမှ ထလိုက်၏။ အံ့အားသင့်ခြင်းဖြင့် အငေးသားဖြစ်နေသော ဘုရင်မသည် ထိုအခါမှ သတိဝင်လာသည့်အလား ထိုင်ရာမှ လျင်မြန်စွာ ထကာ ...
" ဒီမှာပဲ ငြိမ်ငြိမ်နေခဲ့ကြဦးကွယ် အေးချမ်းအောင် ငါ သွားပြောလိုက်ဦးမယ် "
ဟု မှာကြားကာ အိမ်တော်ရှေ့ လသာဆောင် ဘက်သို့ ထွက်သွားလေသည်။

ဒေါသကြီးစွာ ဆူဆူညံညံ အော်ဟစ်နေသော လူအုပ်ကြီးသည် ထိန်လင်းစွာသာနေသော လရောင်အောက် ၀ယ် ဘွားခနဲထွက်ပြီး ရပ်လိုက်သော ဘုရင်မကို တွေ့ရသောအခါ ရိုသေသောအားဖြင့် အသံများ၊ ဆိတ်ငြိမ်သွားပြီး ခေါင်းဆောင်လုပ်သူတစ်ယောက်ကသာ လိုလားချက်ကို တောင်းဆိုလိုက်၏။
" အလွန်မှ စင်ကြယ်မွန်မြတ်၍ နောင်စငဲ့သား အားလုံးက မိခင်သဖွယ် ဖြူစင်သော မေတ္တာထားခြင်းခံရ သောဘုရင်မအား ညစ်ညမ်းသော စိတ်နဲ့ ချစ်ကြိုက်နေသူဧည့်သည်နှစ်ယောက်အား သေဒဏ်နှင့် အသင့် တော်ဆုံးဖြစ်ပါတယ်၊ ငါတို့ သတ်ဖို့ ဆုံးဖြတ်ပြီးပြီ၊ ဘုရင်မကန့်ကွက်လျှင် နောင်စငဲ့ သားများစိတ်ဝမ်းကွဲပါလိမ့်မယ် "

ခေါင်းဆောင်၏ လေသံမှာ မာကျော ခက်ထန်လှသည်။ အတွင်းခန်းမှ ပြတ်သားစွာ ကြားနေရသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ နားထဲတွင်ကား အခု နန်းတက်တဲ့ ဘုရင်မက ဘုန်းကံ နည်းရှာတယ်၊ အရင် ဘုရင်မတွေဆိုရင် မြောက်မြားလှတဲ့ နောင်စငဲ့သားများကို တစ်ချက်လွှတ်အာဏာနဲ့ အုပ်စိုးခဲ့တယ် ဟူသော အဘိုးကြီးများစကားကို ပြန်လည် ကြားယောင်လိုက်၏။
" ဒီဧည့်သည်နှစ်ယောက်က အခု ဘယ်မှာလဲ "
ဘုရင်မက တည်ငြိမ်သောအသံဖြင့် မေးလိုက်၏။

" သူတို့နေဖို့ ပေးထားတဲ့ အိမ်မှာ မရှိဘူး၊ ရွာပြင်ထွက်ဖို့က ရွာတံခါးတိုင်းမှာ အစောင့်ထားတဲ့ ဒူးလေးကိုင် တွေ ရှောင်ထွက်လို့မဖြစ်ဘူး၊ ဒီရွာထဲ တစ်နေရာမှာ ရှိတယ်ထင်တယ်၊ ရှာလို့ တွေ့ရင် သတ်ခွင့်ပေးပါ ဘုရင်မ ... "
ခေါင်းဆောင်လုပ်သူက ဖြေလိုက်၏။ ဘုရင်မ၏ အသံသည် အတန်ကြာ ဆိတ်ငြိမ်နေပြီးမှ ...
" ကောင်းပြီ ရှာလို့တွေ့ရင် သဘောအတိုင်း စီရင်လိုက် "
ဘုရင်မသည် မုသားလွတ် အမိန့်ပေးလိုက်၏။ နောင် သားများသည် ဘုရင်မ၏ ရှောရှောရှူရှူ ကြည်ဖြူသော အမိန့်ကို အားရကျေနပ်ဟန်ဖြင့် " ရှာကြဟေ့ ... တွေ့တဲ့လူ သတ်လိုက်ဟေ့ ... "ဟု အော် ဟစ်ကာ ထွက်သွားကြသည်။ အိမ်တော်ပတ်ဝန်းကျင်မှာ တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။

" သင်တို့နှစ်ယောက် ငါ့ကို ကြိုက်နေတယ်ဆိုတာ ဟုတ်သလား ... "
လသာဆောင်မှ ပြန်ဝင်လာသော ဘုရင်မက ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့ရှိရာသို့ ပြန်ရောက်လျှင် ရောက်ခြင်း --- လိုက်၏။
ကိုမျိုးခိုင်ကမူ မဖြေပေ၊ ဆိတ်ဆိတ်နေလိုက်၏။ ရှက်ရွံ့အားနာသောစိတ်နှင့် ဘုရင်မအား မကြည့်ဘဲ မျက် နှာကို တခြားဘက်သို့ လှည့်ထား၏။
ကိုစောအောင်ကမူ ရဲရင့်သော မျက်နှာဖြင့် ဘုရင်မအား စေ့စေ့ကြည့်ကာ ... ။

" ဘုရင်မကို ချစ်ကြိုက်နေတာ တို့နှစ်ယောက်လုံး ချစ်ဘကိုက်တာမဟုတ်ဘူး။ ငါတစ်ယောက်တည်းက ချစ်ကြိုက်တာ "
ဟု ပြတ်ပြတ်သားသား ပြောလိုက်၏။ ကြီးမားသော စုံမက်မြတ်နိုးခြင်းအရှိန်ကို အစွမ်းကုန်လွှတ်ကာ တောက်ပသော မျက်လုံးဖြင့် စူးစူးစိုက်စိုက် ကြည့်လိုက်သော ကိုစောအောင်၏ မျက်လုံးဒဏ်ကို ဘုရင်မ သည် ရင်ဆိုင်ရန် မရဲဝံ့သည့်အလား မျက်လွှာချကာ ခေါင်းငုံ့လိုက်၏။

ငါ့ညီလေးကို နောင်စငဲ့က ထွက်ခွာဖို့ ဘုရင်မကိုပစ်တိုင်နှင့် ပေးပါဟူသော ကိုမျိုးခိုင် စကားအဓိပ္ပာယ်ကိုဘုရင်မ ရေလည်သွားလေပြီ။
အတန်ကြာမှ ဘုရင်မသည် ဦးခေါင်းကို မော့ကာ ...
" မအပ်မရာကို သင်ဘာကြောင့် ကြံစည်စိတ်ကူးချင်ရသလဲ၊ ငါ့မျက်စိအောက်မှာ သေကြေပျက်စီးမှာကို မမြင်ချင်လို့ ငါ့လူတွေကို မုသားလွတ် အဖြေပေးလိုက်တာ၊ နောင်စငဲ့က အခုည အခုချိန်မှာ ချက်ချင်း ထွက်သွားပါ ... "
ဟု တည်ငြိမ်သောအသံဖြင့် ပြောလိုက်၏။

" ဘုရင်မကို ခွဲခွာပြီး အသက်ရှင် မနေလိုတော့ပါ၊ နောင်စငဲ့သားတွေ သတ်ရင်လဲ သေပါစေ၊ ဘုရင်မရှေ့မှာပဲ ငါ အသေခံမယ်၊ နောင်စငဲ့ ဒေသက ငါ ဘယ်ကိုမှ မသွားပါရစေနဲ့ ... "
ကြေကွဲလှိုက်လှဲစွာ ပြောလိုက်သော ကိုစောအောင်အား ဘုရင်မသည် ငေးစိုက်ကြည့်ကာ မျက်နှာညိုးသွား လေသည်။ စင်ကြယ်မြင့်မြတ်သော အကျင့်သိက္ခာကို ထိန်းသိမ်းကာ အပျိုစင်ဘ၀ဖြင့် နေရလင့်ကစား ပုထုဇဉ် လူသားမိန်းမတစ်ယောက်သာလျှင်ဖြစ်သော ဘုရင်မသည် ကိုစောအောင်အတွက် စိတ်ထိခိုက် သွားရှာပြီဖြစ်ကြောင်း ကိုမျိုးခိုင် ကောင်းစွာ အကဲခတ်လိုက်မိသည်။
ဇါတ်တရွတ်နိုင်လှသော ကိုစောအောင်ကား မိမိစကားကို မည်သည့်နည်းနှင့်မှ နားဝင်မည် မဟုတ်၍လည်း ကိုမျိုးခိုင်သည် ဘုရင်မအား ဖျောင်းဖျပေးစေလိုသည့် အမူအရာကို ထင်ရှားစွာပြသည့် မျက်နှာဖြင့် အားကိုး မျှော်လင့်စွာ မော်ကြည့်လိုက်၏။

ကိုမျိုးခိုင်၏ မျက်နှာထားကို ဘုရင်မ ရိပ်စားမိဟန်တူသည်။ ဘုရင်မသည် ညိုးသွားသော မျက်နှာကို လျင် မြန်စွာ ပြင်လိုက်၏။
" သင် ... ငါ့ကို တကယ်ချစ်သလား .... "
ဘုရင်မက မေးလိုက်၏။
" တကယ်ချစ်ပါတယ် ဘုရင်မ "
" ကောင်းပြီ၊ သင် တကယ်ချစ်ပါတယ်ဆိုတဲ့ ဘုရင်မအဖို့ အကျင့်သိက္ခာပျက်ပြားတဲ့ မိန်းမတစ်ယောက်အဖြစ် ရောက်ပြီး လက်အောက်ငယ်သားများက မရိုမသေ ဒဏ်ခတ်သတ်ဖြတ်လို့ မရှုမလှသေရမှာကို သင်ကြည့်ရက်မလား "
ဘုရင်မက ၀မ်းနည်းသံ မသိမသာနှောင့်ပြီး ပြောလိုက်၏။

" မကြည့်ရက်ပါဘူး ဘုရင်မ "
" အေး ... မကြည့်ရက်ရင် အခုချက်ချင်း နောင်စငဲ့က ထွက်ခွာပါ၊ ငါနဲ့ ရံရွှေတော်နှစ်ဦးက သင်တို့ လွတ် မြောက်အောင် လျှို့ဝှက်တဲ့လမ်းက လိုက်ပို့ပေးမယ်၊ ငါ့အိမ်တော်မှာ ကြာကြာနေရင် နောင်စငဲ့သားတွေ သိ လိမ့်မယ်၊ သင် မထွက်ခွာဘူးဆိုလျှင် ငါ့အရှက်ကို အသက်နဲ့လဲရမှာမို့ အခုချက်ချင်း လတ်တလောသေစေ တဲ့ အဆိပ်ကို သောက်လိုက်မယ် "
ဘုရင်မ၏ အသံမှာ ငိုသံပါနေသည်။ သူသည် အရှက်ကို ထိန်းသိမ်းလိုသည့် ဆန္ဒတစ်ခုတည်းသာ ရှိပါက ယခုချက်ချင်း နောင်စငဲ့သားများအား အသိပေးလိုက်လျှင် ဖြစ်ကောင်းပါလျက် သူ့အသက်ကို အဆိပ်ဖြင့် စီရင်ရန်ပင် မလိုချေ။
စကားအဓိပ္ပာယ်မှာ ရှင်းလှပေ၏။ ရက်စက်စွာ။ စီရင်မည့် နောင်စငဲ့သားများလက်သို့ ကိုစောအောင်အား သူမအပ်ရက်သည်မှာ ထင်ရှားနေကြောင်း ကိုမျိုးခိုင်က ကောင်းကောင်းကြီး အကခြတ်လိုက်မိ၏။

" ညီလေးအတွက် ဘုရင်မ စိတ်ထိခိုက်နေတာ မြင်ပြီမဟုတ်လား၊ သူ့ကိုတကယ်ချစ်ရင် သူ့အရှက်နဲ့အသက်ကို ငဲ့ကွက်ပါ ညီလေး၊ နောင်စငဲ့က ထွက်ကြပါစို့နော် "
ကိုမျိုးခိုင်က ညင်သာသောအသံဖြင့် ကိုစောအောင်၏ ပခုံးကိုဖက်ပြီး ပြောလိုက်သည်။ ကိုစောအောင် သည် မျက်ရည်ရစ်ဝိုင်းသော မျက်လုံးဖြင့် ဘုရင်မအား စိမ်းစိမ်းစိုက်ကြည့်ကာ လေးလံသောသက်ပြင်းကို ချလိုက်၏။

" ကဲ ... သွားစို့ ညီလေးရယ် "
ကိုမျိုးခိုင်ကပြောကာ ကိုစောအောင်ကိုဆွဲပြီး ထိုင်ရာမှ ထလိုက်၏။ ကိုစောအောင်သည် ရုန်းကန်ခြင်းမပြုဘဲ မတ်တတ်ရပ်လိုက်သည်။
" အချိန်လင့်လို့ မသင့်တော်တော့ပါဘူး ဘုရင်မ၊ တို့ ညီအစ်ကို နောင်စငဲ့က လွတ်မြောက်အောင် လမ်းကို အမြန်ဆုံးပြပါ "
နောင်စငဲ့ဒေသမှာ အကျိုးမဲ့ အချိန်ကုန်ပြီး အသက်အန္တရာယ်ဖြစ်မည်ကို မလိုလားသော ကိုမျိုးခိုင်က ဘုရင်မအား နှိုးဆော်လိုက်သည်။

" ကောင်းပြီ ... သွားကြစို့ "
ဘုရင်မက ပြောပြီး ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့အား အထူးခင်မင်နေသော ရံရွှေတော်နှစ်ဦးကို ရွေးပြီး ခေါ်လိုက်သည်။ ကိုမျိုးခိုင်တို့လူစု ဘုရင်မအိမ်တော်မှ ထွက်ခွာအံ့ဆဲဆဲ အချိန်ကား သက်ကြီးခေါင်းချ ကြက်တွန်သံကိုပင် ကြားရပြီဖြစ်၍ ည ဆယ့်တစ်နာရီမျှရှိနေပြီကို ကိုမျိုးခိုင် မှန်းဆမိသည်။ ကုသိုလ်ကံက ထောက်ကူသည့်အလား ထိုအချိန်မှာ မိုးသားများ ပိတ်ဖုံး၍ လမင်း၏ အလင်းရောင်သည် မှိုင်းမှောင်သွား ပြီဖြစ်ရာ ကိုမျိုးခိုင်တို့လူစုသည် ဘုရင်မအိမ်တော်မှ မည်သူတစ်စုံတစ်ယောက်မှ မမြင်စေဘဲ ချောမောစွာ ထွက်ခွာနိုင်ခဲ့ကြလေသည်။ တစ်လမ်းလုံး မည်သူကမှ စကားမပြောကြဘဲ တိတ်ဆိတ်ငြင်သာစွာ လာခဲ့ ကြလေသည်။ ဘုရင်မက ရှေ့ဆုံးမှ သွားသည်။ ကိုမျိုးခိုင်နှင့် ကိုစောအောင်က ဘုရင်မနောက်မှ လိုက်သည်။

ရံရွှေတော်နှစ်ဦးကား နောက်ဆုံးမှလိုက်လာကြသည်။ အိမ်ငယ်မှ အတန်ငယ် ဝေးကွာသောနေရာ သစ်ပင် အုပ်တစ်ခုသို့ ရောက်သောအခါ ဘုရင်မသည် ရုတ်တရက် ရပ်လိုက်ပြီး ...
" ဧည့်သည်နှစ်ယောက် မျက်နှာကို အ၀တ်နဲ့စည်းလိုက် "
ဟု ရံရွှေတော်နှစ်ဦးအား အမိန့်ပေးလိုက်ပြီး ...

" သင်တိုပကို ငါ့ရင်ထဲ အသည်းထဲက ထားတဲ့ စေတနာကြောင့် နောင်စငဲ့ ဘုရင်မတွေရဲ့ အစဉ်အလာကို ဖျက်ပြီး အခုလို ကိုယ်တိုင် လိုက်ပို့ရခြင်းဖြစ်တယ်၊ နောင်စငဲ့သားတွေသိရင် သစ္စာမရှိ၊ သမာဓိမတည်တဲ့ ဘုရင်မရယ်လို့ နန်းချအပြစ်ပေးမှာ အမှန်ပဲ၊ ယခုပါလာတဲ့ရံရွှေတော်နှစ်ဦးက တစ်သက်လုံး နှုတ်လုံပါမှ ငါ့အဖို့ သက်သာရာရမယ်၊ သို့သော် ... ဖြစ်လာမယ့် အရေးတွေ ငါတွေးမပူပါဘူး၊ သင်တို့နှစ်ယောက် ငါ့မျက်စိအောက်မှာ မသေကြေဘဲ ချမ်းသာစွာ လွတ်မြောက်သွားဖို့ကိုသာ လိုလားပါတယ်၊ မျက်နှာကို အ၀တ်စီးမှာ မငြင်းဆန်ကြပါနဲ့ကွယ် ... "
ဘုရင်မ၏အသံမှာ အနည်းငယ်တုန်နေသည်။

" ညီလေး ငြင်းဆန်မနေနဲ့နော်၊ ညီလေးအပေါ်မှာ စေတနာမေတ္တာထားတဲ့ ဘုရင်မကို ငဲ့ညှာပြီး စိတ်ကို ချုပ် တည်းပါညီလေး ...၊ ညီလေး အချစ်နောက်ကို မစဉ်းမစား ကိုယ်ရောစိတ်ရောပါသွားရင် ဘုရင်မမှာ နစ်သွား လိမ့်မယ် ... "
ရံရွှေတော်နှစ်ဦးက သူတို့ပခုံးပေါ်မှာ တင်ယူလာသော အ၀တ်ဖြူများနှင့် ကိုမျိုးခိုင်နှင့် ကိုစောအောင်၏ မျက်နှာကို စည်းနေစဉ်မှာ ကိုစောအောင် စိတ်နောက်ကိုယ်ပါ ပြုမည်စိုး၍ ကိုမျိုးခိုင်က စိုးရိမ်စွာ ဖျောင်းဖျ လိုက်၏။

ကိုစောအောင်ကား တစ်စုံတစ်ရာမှမပြော၊ အသက်ကိုပြင်းပြင်းရှူရှူကာ ငြိမ်နေသည်။ ရံရွှေတော်နှစ်ဦးသည် မျက်လုံးနေရာကို ဂရုစိုက်ပိတ်ပြီးဖြစ်ကြောင်း ဘုရင်မအား ပြောကြားလိုက်၏။
ဘုရင်မသည် ခါးတွင်ချည်ထားသော ပိုးခါးစည်းကြိုးကိုဖြေကာ တစ်ဖက်အစကို ကိုမျိုးခိုင်နှင့် ကိုစောအောင်အား ကိုင်ဆွဲစေပြီး တစ်ဖက်သောအစကိုဆွဲကာ လမ်းပြခေါ်ဆောင်သွားလေသည်။
မျက်ကန်းသဖွယ် ဘာကိုမှမမြင်ရသော ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့မှာ ဂူအတွင်းဝင်ရသလိုလို၊ ဥမင်လိုဏ်ခေါင်းကို ဖြတ်ရသလိုလို ချောက်ကမ်းပါးဆင်းရသလိုလို တောင်ပေါ်တက်ရသလိုလိုဖြင့် မှန်းဆ၍ မရသောခရီးကို စမ်းတ၀ါးဝါးလိုက်လာခဲ့ရာမှ တောကြက်တွန်သံများကို ကြားရသောအချိန်တွင် ခရီးလမ်းဆုံးရောက်သည့် လက္ခဏာဖြင့် ဘုရင်မသည် ရပ်တန့်ကာ ...
" သင်တို့ မျက်နှာမှာ စည်းထားတဲ့ အ၀တ်တွေကို သင်တို့ ကိုယ်တိုင်ဖြေကြရမယ်၊ ဒါပေမယ့် အ၀တ်ကို မဖြေမီ သင်တို့ စိတ်ထဲက ဗုဒ္ဓ၊ သံဃလို့ အကြိမ်ငါးဆယ်စီ ရွတ်ဆိုပါ။ အကြိမ်ငါးဆယ်စေ့မှ အ၀တ်ကို ဖြေကြနော်၊ ဒီနေရာက မြောက်အရပ်ကို မျက်နှာမူပြီး ပြန်ကြပေရော့ ... "

ဟု ၀မ်းနည်း ကြေကွဲသံဖြင့် ပြောလိုက်၏။
" နောင်စငဲ့ဒေသက လွတ်ပြီလား ဘုရင်မ ... "
ကိုစောအောင်က မေးလိုက်သည်။
" လွတ်ပြီ ... ငါပြောတဲ့စကားကိုသာ လိုက်နာပါ ... "
ဘုရင်မက ပြောပြီး အသံတိတ်သွားသည်။ ကိုမျိုးခိုင်နှင့် ကိုစောအောင်တို့သည် ဘုရင်မ မှာကြားသည့် အတိုင်း စိတ်တွင်းမှ ဗုဒ္ဓ၊ ဓမ္မ၊ သံဃဟု အကြိမ်ငါးဆယ် ရွတ်ဆိုကာ မျက်နှာစည်းထားသော အ၀တ်များကို ဖြေလိုက်၏။

အချိန်မှာ အရုဏ်ရွှေတော် နှစ်ယောက်ကား အရိပ်အရောင်ပင် မတွေ့ရအောင် ပျောက်ကွယ်သွားပြီဖြစ်၏။
မှိုင်းညို့ရီမှောင်သော နောင်စငဲ့ တောင်တန်းကြီးကား အရုဏ်ဦး၏ မှုန်ရီမှုန်မွှား အလင်းရောင်ဝယ် မှေးမှေး မှိန်မှိန် မျှသာ တွေ့ရလေသည်။
နောင်စငဲ့ဒေသ ဘုရင်မစံရာကို လာခဲ့ကြစဉ်ကလည်း အဘိုးကြီး သုံးယောက်နောင်မှညအမှောင်ဝယ် ယောင် ၀ါးဝါးလိုက်ခဲ့ရ၍ လမ်းမမှတ်မိခဲ့၊ အခု အပြန်ခရီးမှာလည်း မျက်လုံးကို အလုံပိတ်စည်းပြီး ခေါ်ခဲ့ သည်ဖြစ်၍ လမ်းစကို မှန်းဆ၍ မရနိုင်အောင် ဖြစ်ရလေသည်။

ကိုစောအောင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မလှုပ်မယှက်ရပ်၍ နောင်စငဲ့တောင်တန်းဆီသို့ ငေးစိုက်တွေဝေစွာ ကြည့်နေရှာသည်။
" ညီလေး .... ကိုယ့်ကို ဘာဝကြင်ဖော်အဖြစ် စိတ်မကူးနိုင်သူ ထူးဆန်းတဲ့ ဘ၀မှာရှိနေတဲ့ မိန်းမတစ် ယောက်အတွက် စိတ်ဆင်းရဲ စွဲလမ်းနေတာ အကျိုးမရှိပါဘူး၊ အဘတို့ထံ အမြန်ရောက်အောင် ပြန်ာကတာ ကောင်းပါတယ်။ အခု လောက်ကြာနေရင် အဘတို့ စိတ်ပူနေရှာလျရော့မယ် ညီလေး၊ တို့ညီအစ်ကို သထုံကထွက်လာတာ နှစ်နှစ်နီးပါးရှိပြီနော် "
ကိုမျိုးခိုင်က ချော့မော့သတိပေးကာ ကိုစောအောင်၏ လက်မောင်းကို ယုယစွာဆွဲခေါ်ရာ လိုက်ပါရင်းက ...
" နန့်နောင်းခါရီက ကျွန်တော့်ကို ရက်စက်ရင် ကျွန်တော် ဒါလောက် စိတ်မထိခိုက်ပါဘူးအစ်ကို၊ သူ ကျွန်တော့်ကိုချစ်ပါတယ်၊ ရိုးတွင်းခြင်ဆီထိအောင် စွဲနေတဲ့ သူတို့ အစဉ်အလာ ဓလေ့ထုံးစံကြီးကြောင့်... "
ကိုစောအောင်၏ အသံသည် ဆို့နင့်ကြေကွဲစွာ တစ်ပိုင်းတစ်စနှင့် ရပ်လိုက်ပြီး ခေါင်းငိုက်စိုက်ချကာ ကိုမျိုးခိုင်၏ နောက်သို့ လိုက်လာသည်။
" ဘာပဲဖြစ်ဖြစ်လေ၊ သူကမှ ညီလေးကို လက်မခံနိုင်ဘဲ ဟာ ဆွေးနေလို့မဖြစ်သေးဘူး၊ အဘဆီ မြန်မြန်ပြန် ရောက်အောင် လမ်းစရှာဖို့ အရေးကြီးတယ် ညီလေး၊ အခု တို့ဘယ်နေရာ ရောက်နေမှန်းတောင် မသိဘူး၊ သူ့မှာလိုက်တဲ့အတိုင်း မြောက်ကို မျက်နှာမူသွားကြစို့ ညီလေး ... "
ကိုစောအောင်သည် ထွက်ပြူစနေရောင်တွင် ပြာမှောင်မှောင် မြင်နေရသော နောင်စငဲ့တောင်တန်းအား တမ်းတကြေကွဲစွာ တစ်ချက်ချ လှည့်ကြည့်လိုက်ပြီး ကိုမျိုးခိုင်နှင့်အတူ မြောက်အရပ်သို့ မျက်နှာမူကာ ခြေလှမ်းပြင်လိုက်သည်။
--------------------------
ဆက်ရန်
.

1 comment:

mstint said...

အချစ်ကြီးတဲ့ ကိုစောအောင်နဲ့ နောင်စငဲ့သားတို့ရဲ့ အားထားရာ ဘုရင်မတို့ရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်အဆုံးသတ်ပြီလား။ ဇာတ်ရှိန်လေးတက်ရင် ဆက်ရန်လေးက ရောက်ရောက်လာတယ်း)

မေတ္တာဖြင့်
အန်တီတင့်