အခန်း (၇၈)
လင်ကီ
လင်ကီ
၁၈၇၆ ခုနှစ်တွင် ကာရိုးလိုင်းနားတောင်ပိုင်း ဂရင်းဗီးလ်သို့ ဟန့်နှင့်လင်ကီ သွားလည်ကြသည်။ ဟန့်၏ မိဘ များဖြစ်သည့် ဆော်လ်နှင့် ကေး ဂရင်းဘတ်တို့ နေကြသည့် အိမ်ကြီးမှာ " လေရူးသုန်သုန် "ထဲမှ အိမ်ကြီး မျိုးဖြစ်သည်။ ဧရာမတိုင်လုံး ဖြူဖြူကြီးတွေနှင့် ပြည်တွင်းစစ်မတိုင်မီ ခေတ်စားခဲ့သည့် အိမ်ကြီးမျိုး။
လင်ကီ မျက်တောင် တဖျပ်ဖျပ် ဖြစ်နေ၏။ အိမ်တွင် ထမင်းချက်နှင့် အိမ်ဖော်နှင့် ဘဏ္ဍာစိုးနှင့် ယဉ်မောင်း နှင့်၊ အိမ်ကြီးရှင်တို့တွင် ရှိအပ်သည့် အခြွေအရံ အစုံအလင်။
နွေရာသီအနားယူဖို့ ဘာသာဒို့စ်တွင် အိမ်တစ်လုံး၊ ဆောင်းခိုဖို့ မိန်းပြည်နယ်တွင် အိမ်တစ်လုံးလည်း ရှိသေး သည်ဆို၏။ နယူးယောက်သို့သာမက၊ လန်ဒန်အထဲ ပြဇာတ်သွားကြည့်တတ်ကြပြီး ပါရီရောက်လျှင် ကြယ်လေးပွင့် ဟိုတယ်ကြီးများတွင် တည်းခိုကြကြောင်း သိရ၏။
ဂရင်းဗီးလ်သို့ ရောက်သည့် ညတွင်ပင် ဟန့်ကို လင်ကီ မအောင့်နိုင်ဘဲ မေးသည်။
" ဒါထက် ဟန့်တို့ကို အဖေက သင်္ဘောဆေးစက်ရုံမှာ လခအနည်းဆုံး အရာရှိဆို "
" ဟုတ်တယ်လေ "
" သူတို့ထက် ချမ်းသာတဲ့လူတွေက ဘယ်လိုလူမျိုးတွေလဲ၊ အဲဒီလူတွေက နန်းတော်ကြီးတွေမှာ နေကြမှာ ပေါ့နော် "
" အဖေက စတော့ အရောင်းအ၀ယ် လုပ်လို့ ဒီဘ၀ ရောက်လာတာလေ " ဟု ဟန့်က ၀န်ခံသည်။
နောက်တစ်နေ့ ဧရာမ နေ့လယ်စာဝိုင်းကြီးတွင် ကေးဂရင်းဘတ်က သားအကြောင်း ဖောက်သည်ချသည်။
" ဟန့်ရဲ့ အမှတ်တွေက ထိပ်ဆုံးကချည်းဆိုတော့ နှစ်တိုင်း ဆုရတယ်၊ ထောက်ပံ့ကြေးရတယ်၊ သူ့အတွက် ကျောင်းစရိတ် မကုန်လို့ ဟန့်က သိပ်ဂုဏ်ယူတာ၊ ဘ၀င်ကလည်း မြင့်တယ်ကွယ့်၊ ကိုလံဘီယာကို ၀င်ခွင့် ရလျက်သားနဲ့ မသွားတာလေ "
" ဟုတ်လား၊ ဒါနဲ့ ၀င်ခွင့်မရလို့ဆို "
အကြိမ်ပေါင်းတစ်ဒါဇင်မက ဟန့် ပြောဖူးသဖြင့် လင်ကီက ပြန်မေးခြင်းဖြစ်သည်။
" သူ့ အမှတ်တွေနဲ့ ဘယ်ကျောင်းသွားသွား ရင်ကော့ပြီး ၀င်နိုင်တာ သမီးရဲ့ "
ညပိုင်းနှစ်ယောက်တည်းရှိချိန်တွင် လင်ကီက ဟန့်ကို စပြီး အထုပ်ဖြေသည်။
" အပယ်ခံဘ၀တို့၊ ဒုတိယတန်းစားဘ၀တို့အကြောင်း နောက်လာမပြောနဲ့၊ ရှင့်ရဲ့ သနားစရာ ဇာတ်လမ်း တွေကြောင့် ကျွန်မ ရှင့်ကို ချစ်တာလား ဆိုတာ ပြန်စဉ်းစားနေတယ် "
" ဟန့် ငယ်ငယ်က မျက်စိ သိပ်မကောင်းဘူး၊ အနီးမှုန်လေ၊ ဒါပေမယ့် အားကစားမှာ အသင်းခေါင်းဆောင် ဖြစ်လာတဲ့ထိ ကြိုးစားတယ်၊ သူ ခေါင်းဆောင်တဲ့ နှစ်တွေမှာ ဆုတွေ ဆက်တိုက်ရတယ်လေ " ဟု ဖအေကြီးက ဂုဏ်ယူစွာ ပြောပြသည်။
" အားကစားမှာလည်း လူစဉ်မမှီဘူးတဲ့၊ ဟုတ်လား "
နောက်မကြားချင်ဘူး ဟု လင်ကီက ဟန့်ကို ရာဇသံပေးလိုက်သည်။
ဟန့်ပြောသမျှ သူ့ဘ၀ ဇာတ်ကြောင်းများသည် အမှန်တွေချည်းဖြစ်၏။ သို့သော် အကုန်အစင် ပြောခြင်း မဟုတ်။ ဟိုတစ်ကွက် သည်တစ်ကွက် ချန်လှပ်ပြီး ပြောခြင်းဖြစ်၏။
ဂျူးကျောင်းသားတွေကို တက္ကသိုလ်များက အရေအတွက် ကန့်သတ် လက်ခံသည်ဆိုသည်မှာ အမှန်ဖြစ် သည်။ သို့သော် ရသည့်အမှတ်က ခြွင်းချက်ရှိကြောင်း သူ ထည့်မပြော။
ဝေါလ်စထရိတွင် အလုပ်လျှောက်တုန်းက ဂျူး ဖြစ်နေသဖြင့် အလုပ်မခန့်သော်လည်း သူ့အမှတ်တွေကြည့် ပြီး ကုမ္ပဏီပိုင်ရှင်က သူ့သူငယ်ချင်း ဘဲလ် စာအုပ်လုပ်ငန်းထဲကို ထည့်ပေးခဲ့သည်။
ဘဲလ် စာအုပ်ထုတ်ဝေရေးလုပ်ငန်းက ဂျူးလူမျိုးများအပေါ် ကန့်သတ်ချက်မရှိသဖြင့် ဟန့် အလုပ်ရခဲ့သည်။ ရာထူးတွေ အဆင့်ဆင့် တက်ခဲ့သည်။
အယ်ဒီတာဘ၀ဖြင့် နှစ်နှစ်လုပ်ပြီး အေဂျင်စီလုပ်ငန်းဘက်သို့ ပြောင်းသည်။ ခွဲထောင်သည်။ သူ့လုပ်ငန်း ကလေးမှာ သေးသေးကလေးဖြစ်သော်လည်း အမြတ်အစွန်းက မသေးလှ။
ဟန့်၏ မိဘများဆီမှ ပြန်လာတော့ လင်ကီ့မျက်စိထဲတွင် ဟန့်သည် တစ်မျိုးဖြစ်လာ၏။
" ရှင့်မှာ အရမ်းချစ်ဖို့ကောင်းတဲ့ အဖေနဲ့ အမေ ရှိတယ်၊ ရှင့်ကလေး ဘ၀ကလည်း အပယ်ခံ၊ အနှိမ်ခံမဟုတ် ခဲ့ဘူး၊ ကျောင်းသားဘ၀က ရှင့်အမှတ်တွေရဲ့ အပေါ်မှာ မျဉ်းကြောင်းပဲရှိတယ်၊ အလုပ်ခွင် ၀င်တော့လည်း တစ်ခုပြီးတစ်ခု အောင်မြင်တယ်၊ ရှင် ဘာလို့ ကျွန်မကို လံကြုတ်ဇာတ်လမ်းတွေနဲ့ ညာပြောတာလဲ၊ ရှင်က တော်တော် တုံးတဲ့ လူစားမျိုးပဲ "
ရန်ပွဲတစ်ခု စရပြန်ပြီဟု လင်ကီ တွေးပြီး သူ့တုံ့ပြန်မှုကို အသင့်စောင့်နေလိုက်သည်။ ဒေါသ ကုမ္မာရ၏ မျက်နှာကြီး သည် နူးနူးညံ့ညံ့ ဖြစ်နေပြီး ပြုံးဖြီးဖြီးကြီးနှင့်
" ဂျိန်းကလည်း ကိုယ့်ကို အဲဒီလိုပဲ ဆဲတယ် "ဟု ပြန်ပြောသည်။ သည်လေသံမျိုး သူ့နှုတ်မှ ထွက်လာသည် ကို လင်ကီ တစ်ခါမှ မကြားဖူးခဲ့ "
အခန်း (၇၉)
လင်ကီ
လင်ကီ
၁၉၇၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်။
" သည်လွတ်လပ်ရေးနေ့မှာ လင်ကီ ဘာတွေ အစီအစဉ်ရှိလဲ"ဟု ဟန့်က လင်ကီ့အတွင်းရေးမှူး ဆမ်လို့ဝဲလ် ကို ဖုန်းဆက်မေးသည်။
ဆမ်က ဒိုင်ယာရီကို လှမ်းကြည့်သည်။ ဆမ်သည် အလွန် စေ့စပ်သည့် အတွင်းရေးမှူးမျိုးဖြစ်၏။ အစည်း အဝေးတက်ရမည့် နေ့စွဲနှင့် အချိန်၊ အနားယူခရီးထွက်မည့် အစီအစဉ်၊ သွားဆရာဝန်နှင့် ပြရမည့်နေ့၊ လုံးဝ အနားယူရမည့်နေ့ ... စသည်ဖြင့် လင်ကီ့အတွက် အသေးစိတ် စီစဉ်တတ်သူဖြစ်၏။
လင်ကီ ကိုလည်း မလိုအပ်ပါပဲလျက် မိခင်တစ်ယောက်လို ဂရုစိုက်စောင့်ရှောက်သည်။
" ဘရစ်ဟင်တန်ကို သွားဖို့ရှိတယ် ဟန့် "
ဆမ်က ပြန်ဖြေသည်။
" အဲဒီခရီးစဉ်ကို ဖျက်လိုက်၊ မြို့ထဲက ဘယ်မှ မထွက်ရဘူး၊ ဆေးစစ်ဖို့ ဒေါက်တာ ရိုက်စ်နဲ့ ချိန်းလိုက်၊ ပြီး တော့ ဘရစ်ဟင်တန်အစား ဂျိန်းရဲ့ ရွက်လှေပွဲကို သွားရမယ်လို့ပြော၊ အဲဒီအတိုင်း လုပ်နော်၊ မင်းကို သူ အလုပ်ထုတ်ရင် ဒါထက်ကောင်းတဲ့အလုပ် ငါပေးမယ်၊ ရှင်းတယ်နော် "
ဖုန်းချလိုက်သည်။ ဟန့်တစ်ယောက် တစ်မနက်လုံး ဖုန်းထိုင်ခေါ်နေသည်မှာ အကြိမ်တစ်ဒါဇင်မကတော့။ အစားအသောက်အတွက်လည်း စီစဉ်ပြီးပြီ။ ပြီးတော့ တိးဝိုင်း၊ ဓာတ်ပုံဆရာ၊ ပန်းဆိုင်၊ ပြီးတော့ ခရီးသွား အေဂျင်စီ။ အကောင်းဆုံး ရှန်ပိန်နှင့် ကမ္ဘာကျော် ငါးဥကျွေးဖို့ စီစဉ်ထား၏။ အကြိုက်ဆုံး သီချင်းတွေ တီး နိုင်သည့် ဂီတအဖွဲ့ကို ရှာထားပြီးပြီ။
ပန်းပွင့်တွေကိုတော့ အားလုံးအဖြူရောင်တွေချည်း ရွေးခိုင်းထား၏။ ကျူးလစ်၊ နှင်းပန်း၊ သစ်ခွ၊ နှင်းဆီ၊ ပြီး တော့ ပါရီသို့ခရီးသွားလက်မှတ်နှစ်စောင်။
အစီအစဉ်အားလုံး ဆွဲပြီးမှ ကြံရပါ ဂျိန်းဆီကို လှမ်းခေါ်သည်။
" အားလုံး စီစဉ်ပြီးပြီ၊ ဖိတ်စာတွေ ဝေတော့ "
" ကာရိုလိုင်နာ ခရီးစဉ်ရဲ့ ရလဒ်ပေါ့ ဟုတ်လား "
" ဒါပေမယ့် ကိုယ် ဘုရားတနေတုန်းပဲ ဂျိန်း "
နယူးယောက်မြို့ကြီးတွင် အမေရိကန် နှစ်နှစ်ရာပြည့် လွတ်လပ်ရေးနေ့ကို ခြိမ့်ခြိမ့်သဲ ဆင်နွှဲလျက်ရှိသည်။ ကြည့်လို့အကောင်းဆုံးမှာ ရွက်လှေပွဲ။
ဧရာမ ရွက်လှေကြီး ဆယ့်ငါးစီးနှင့် ရွက်လှေငယ်နှစ်ရာကျော်တို့သည် ဟတ်ဆင်မြစ်ကို တရိပ်ရိပ် ရွက်လွင့် ဆန်တက်လာနေကြသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားကို ချီတက်ဂုဏ်ပြုကြခြင်းဖြစ်သည်။
ဂျိန်း၏ မိုးပျံခန်းမကြီး၏ လေသာဆောင်သည် အကျယ်ပြန့်ဆုံး မြင်ကွင်းကို မြင်ရသည့်နေရာဖြစ်၏။ ရာသီကို စောင့်ကြသည့် လေနတ်သား မိုးနတ်သားတို့က ပွဲတော်ကြီးကို စောင့်ရှောက်ပေးနေဘိသို့။ လွတ် လပ်ရေးနေ့မှာ သာသောင့်သာယာရှိနေသည်။
နယူးယောက် ရှုခင်းသည် နေခြည်ကလေး ဆွတ်ဖျန်းကာ ပို့စကတ်ကလေးတစ်ခုလို လှပနေ၏။ ဂျိန်း၏ အိမ်အ၀င်လမ်းတွင် ပန်းပွင့်ဖြူတွေ အပြည့်ဖြင့် ပန်းအိုးများ စီတန်းလျက်။ ဂျိန်းက လင်ကီနှင့် ဟန့်တို့၏ အချစ်ဆုံး၊ အရင်းဆုံး မိတ်ဆွေခြောက်ဆယ် ဖိတ်ထားသေး၏။
အယ်လီနျင့် အိုဝင်ကို လက်ထပ်ပေးသည့် ဘုန်းတော်ကြီးကိုလည်း ဖိတ်ထား၏။ ဧည့်သည်တွေ စုံတော့ ရှိန်ပိန်ခွက်များ စဝေသည်။ ဟန့်က အားလုံးငြိမ်သက်ပေးဖို့ ဖန်ခွက်ကို မြှောက်ပြီး တောင်းပန်လိုက်သည်။
ပရိသတ် ငြိမ်သွားမှ ဟန့်က စက္ကူဖာကလေး ထုတ်ပြီး လင်ကီ့ကို ကမ်းပေးရင်းပြောသည်။
" ကိုယ့်ကို လက်ထပ်ပါ လင်ကီ "
လက်ကီ့မျက်နှာ ဖြူဖက်ဖြူရော် ဖြစ်သွားသည်။ ပြီးတော့ ရဲတက်လာသည်။
" ရုပ်ရှင် ဘယ်လိုလုပ်တာလဲ "
ပြောပြောဆိုဆို လက်ကီ ထွက်ပြေးဖို့ ချာခနဲ လှည့်လိုက်သည်။ ပန်းခြင်းတစ်ခုကို တိုက်မိပြီး လဲကျမလို ဖြစ် သွားသည်။
ဟန့်က လှမ်းထိန်းလိုက်ရင်း
" ကိုယ် ဒါလောက် ဆိုးနေလို့လားကွာ "
" ရှင် ရှင် ဘယ်လိုလုပ်ပြီး "
လင်ကီ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ အားလုံးက ပြုံးပြီး သူတို့နှစ်ယောက်ကို စောင့်ကြည့်နေကြ၏။ လင်ကီ သက်ပြင်းချလိုက်သည်။ ပြီးမှ တဖြည်းဖြည်း သူငယ်ချင်းတွေကို ပြန်ကြည့် သည်။ ခုမှ လင်ကီ သတိပြုမိ၏။ တစ်ခန်းလုံး အဖြူရောင် ပန်းတွေနှင့် ဝေလို့ပါလား၊ သင်းပျံ့ပျံ့မွှေးနံ့သည် တစ်ခန်းလုံး ပျံ့လွင့်နေ၏။
ပန်းပွင့်များက လင်ကီ့ကို ဟန့်အကြောင်း တီးတိုးပြောနေဘိသို့ ရှိ၏။ ဘယ်လောက် ခံစားမှု ပြင်းပြသည့် ဟန့်ပါလဲ၊ ဘယ်လောက် အတွေးကောင်းသည့် ဟန့်ပါလဲ၊ ခုမှ သတိထားမိသည်။ ပရိသတ်ကို တိုက်သည့် ရှန်ပိန်က ၁၉၄၁ ခုနှစ် ကျူဗီရှိနပိန် သူ ဘယ်လောက်ငွေကုန်ကြေးကျခံပြီး ဒီရှန်ပိန်ကို ရအောင် ရှာပါလိမ့်။ လင်ကီ စဉ်းစားနေသည်ကို ဟန့်က မပြောဘဲနှင့် သိလိုက်သလိုဖြေသည်။
" သိပ် မခက်ပါဘူး၊ နေ့တစ်ဝက်လောက် ထိုင်ပြီး ဖုန်းဆက်တော့ ဘယ်မှာ ရနိုင်တယ်ဆိုတာလည်း သိ ရော၊ ပြင်သစ်ကနေ လေယာဉ်နဲ့ ပို့ခိုင်းလိုက်တာ "
" လင်ကီ့ မင်္ဂလာဆောင်မှာ ၄၁ ခုနှစ် ရှိန်ပိန်တိုက်မယ်လို့ အဖေ ပြောဖူးတာ မှတ်ထားတယ်ပေါ့ "
" ဒါပေါ့၊ ကိုယ်က ရိုးရာ အစဉ်အလာကို ထိန်းချင်တာလေ "
ဟန့်သည် မိမိအတွက် တနံတလျားကြီး ပြောင်းလဲလာခြင်းပါကလား။
မိမိ အပေါင်းအသင်းအားလုံးကို သူ ဖိတ်ထားသည်။ သူ့အမူအရာကို အောက်ခြေသိမ်း ပြင်ပစ်သည်။ မိမိနှင့် လိုက်ဖက်လာအောင် ကိုယ်နှုတ်နှလုံး သုံးပါးစလုံး ပြုပြင်သည်။ လင်ကီ့ကို လှုပ်ရှားစေခဲ့သည့် နောက်တစ် ချက်မှာ ဟန့်က မိမိ အရည်အချင်းကို အသိအမှတ်ပြုသည်။ အခြားတစ်ယောက်ယောက်နှင့် အိမ်ထောင်ပြု လျှင် မိမိဘ၀သည် သာမန် အိမ်ရှင်မတစ်ယောက်၏ ဘ၀မျိုးသာဖြစ်ချေမည်။
ဟန့်က မိမိ တက်လမ်းကို တွန်းပို့သည်။ ရသည့် အောင်မြင်မှုများအတွက် ဂုဏ်ယူသည်။
အဖေနှင့် အမေကို မျက်စိထဲ ပြန်မြင်လာသည်။
သူတို့ ရှိသေးလျှင် ဟန့်ကို သဘောကျကြမည် မုချ။ ဟန့်၏ ထက်မြက်မှုကို အဖေ အမှတ်ပေးမှာ သေချာ သည်။ အလုပ်ကြိုးစားပုံကိုလည်း အမေသဘောကျမည်။ ဧကန်။ ရှန်ပိန်ရွေးပုံကိုလည်း နှစ်ယောက်စလုံးချီးကျူးမည်ထင်၏။
" မေမေတို့ မိသားစုထဲကို ၀င်ဖို့ အချိန်တန်ပါပြီ သမီးရယ် "
ဟု ကေးဂရင်းဘတ်က ကပ်ပြောသည်။
" ဟန့်ရော ဖေဖေတို့ပါ အရမ်း ပျော်ကြမှာ" ဟု ဟန့်တို့ အဖေက ဖြည့်ပြောသည်။ လင်ကီက အယ်လ်ဗင်ဟေးစ်ကို လှမ်းကြည့်လိုက်၏။ ပြီးတော့ အယ်လီ၊ နောက်ဂျိန်း။
" ဟာ ဒုက္ခပါပဲ "
" အင်း ... "
လို့ ပြောလိုက်လေ၊ ခေါင်းညိတ်လိုက်လေ ဟု ဂျိန်းက ထောက်ပေးသည်။
" ကဲ အဲဒီတော့ "
ဟန့်က မချင့်မရဲ ၀င်ပြောသည်။
" ဘာ အဲဒီတော့လဲ "
လင်ကီက မဆိုင်းမတွ တုံ့ပြန်လိုက်၏။
" လုပ်ပါ လင်ကီရယ်၊ နော် "
ဟန့် တောင်းတောင်းပန်ပန် ထပ်ပြောသည်။
" ကောင်းပါပြီလေ၊ လင်ကီ လက်ထပ်ပါ့မယ် "
ဟန့် ဘာဆက်ပြောရမှန်းမသိဘဲ ပါးစပ်ကြီး အဟောင်းသားဖြစ်နေသည်။
သူ ပြုံးဖို့ ကြိုးစားသည်။ သို့သော် မပြုံးဖြစ်ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်၏။
အတန်ကြာမှ ပြန်ဣနြေ္ဒဆယ်ပြီး စက္ကူဖာကလေးကို လင်ကီ့လက်ထဲ ထည့်လိုက်သည်။
" ရော့ မင်းအတွက် အဲ ကိုယ့်အတွက်လည်း ပါတာပေါ့ "
လင်ကီ ဖာကလေးကို ဖွင့်ဖို့ ကြိုးစားသည်။
" လင်ကီ့ လက်တွေ တုန်နေတယ် "
ဖဲကြိုးကလေးကို တော်တော်နှင့် ဖြေလို့မရ။ နောက်မှ ပွင့်သွားပြီး ကတ္တီပါကြုတ်ငယ်ထဲက လက်စွပ်ကလေး ကို ထုတ်ယူလိုက်သည်။ မြင်သူ ငေးရလောက်အောင် လှသည့်မြေ ကျောက် ပုံစံ သွေးထားသည့် စိန်လက်စွပ် ကလေး။ ရတနာကို ၀ါသနာမပါလှသည့် လင်ကီပင် ရင်ခုန်သွားသည်။
" ကဲ ၀တ်မှာလား၊ မ၀တ်ဘူးလား ပြော "
အငိုတိတ်ခါစ တစ်ဆို့ဆို့အသံဖြင့် ဟန့်က ကလေးဆိုးကြီးလို ပြောသည်။
လင်ကီက ရယ်ပြီး လက်ကလေး ဆန့်ပေးရင်း
" ရော့ ၀တ်ပေး " ပြောတော့မှ ဟန့်က လက်စွတ်ကလေးကို လင်ကီ့ ဘယ်ဘက်လက်ခလယ်တွင် စွပ်ပေး လိုက်သည်။ သည်တော့မှ ငြိမ်ကြည့်နေသည့် ပရိသတ်အသက် ၀င်လာပြီး လက်ခေါက်မှုတ်သံတွေ၊ လက်ခုပ်တီးသံတွေ ဆူညံသွားသည်။
ဂေါ်ဒွန်ဂေဂျာက
" မင်းအတွက် အကောင်းဆုံး ဘ၀အဖော်ပဲ ဟန့် "
ချာလီလင့်က
" ဂုဏ်ယူပါတယ် သူငယ်ချင်း "
ဂလင်ဆင်ကလဲယားက
" ဒါဟာ လက်ထပ်ပွဲမဟုတ်ဘူး၊ နေနဲ့လ ပေါင်းစည်းတဲ့ ပွဲ "
ဝီလ်မာက
" အင်း ခုမှပဲ စိတ်အေးရတော့တယ် "
စသည်ဖြင့် ရင်ဖွင့်ကြ၊ ဂုဏ်ပြုကြနှင့် အားလုံး ပျော်နေကြ၏။
ဘက်ကီရီးစ်ကတော့ ဟန့်အနားကပ်ပြီး
" ဘက်ကီကတော့ သူ့ကို ဟန့် မရတော့ဘူး ထင်နေတာ "
" အင်း လွယ်လွယ်နဲ့ ရတာတော့ မဟုတ်ဘူးဗျ "
" ဟေး ဟန့်၊ နမ်းလေကွာ "
ရော့ဖ်ဝိတ်စ်က လှမ်းအော်သည်။
" လင်ကီ၊ ပြန်နမ်းလေဟယ် "
ကော်ရယ်ဝင်စတိန်းအသံ။
နောက်ထပ် လက်ခုပ်သံတွေ၊ လက်ခေါက်မှုတ်သံတွေ ဆူညံသွားပြန်သည်။ ဟန့်နှင့် လင်ကီ အားလုံးကို ကျေးဇူးတင်မဆုံး ဖြစ်နေကြ၏။
မင်္ဂလာအနမ်းနှင့် သြဘာသံများ စဲသွားတော့မှ ပရိသတ်ထဲမှ မျက်နှာစိမ်းတစ်ယောက်နှင့် ဟန့်က လင်ကီ့ကို မိတ်ဆက်ပေးသည်။
" ဒါက ဟားဘတ်အန်ဂလန်တဲ့။ နယူးယောက်ပြည်နယ် တရားရုံးချုပ်က တရားသူကြီးလေ "
ဟတ်ဆင်မြစ်ကမ်းနဖူးမှ ဂျိန်း၏ မိုးပျံတိုက်ခန်းကြီးတွင် ထိုနေ့က ဟန့်နှင့်လင်ကီ လက်ထပ်လိုက်ကြသည်။ နေခြည်ဆွတ်ဖျန်းကာ ပန်းစုံနံ့မွှေးနေသည့် လွတ်လပ်ရေးနေ့။
ရွက်နှစ်ဖုံလွှင့် ဧရာမ ဂလူစက်စတာ ရွက်သင်္ဘောကြီးသည် တရွေ့ရွေ့ ဆန်တက်လာ၏။ ကျက်သရေရှိလှ သည်။ လမ်းပေါ်တွင် လူတွေ ကခုန်ရွှင်မြူးနေကြ၏။ ပျော်စရာကောင်းလှသည်။
လင်ကီ့ အာရုံတွင် ကြည်နူးစရာများသည် ထင်ကျန်ခဲ့ပြီဖြစ်၏။ အနိဋ္ဌာရုံမျန်သမျှ ဘာမှ မကျန်တော့။
" မင်္ဂလာသာ ဆောင်လိုက်ရတယ်၊ လင်ကီတစ်ပြားမှလည်း မကုန်ဘူး " ဟု နောက်ပိုင်းတွင် လင်ကီက ရယ်စရာပြောသည်။
" အဲဒါက မင်းတကယ့်ယောက်ျားကို ရလို့ပေါ့" ဟု ဟန့်က ပြော၏။ သူကတော့ ရယ်စရာ ပြောခြင်းမဟုတ် ပါ။
အယ်လီက သတင်းရေးပြီး၊ ဓာတ်ပုံတွေပါ စာနယ်ဇင်းလောကကို ဖြန့်လိုက်သည်။
" အပေါင်းအသင်းများနဲ့ မိသားစုများ တက်ရောက်ကြသည်လို့ ရေးပါကွယ်" ဟု လင်ကီက အယ်လီ့ကို မှာ သည်။ သူငယ်ချင်းအပေါင်းအသင်းများသည် လင်ကီ့အတွက် မိသားစု ဖြစ်လာလေပြီ။ ဟန့်၏ မိသားစုသည်လည်း မိမိ၏ မိသားစု ဖြစ်လာလိမ့်မည်ဟု လင်ကီ့ စိတ်ထဲက သိနေ၏။
ထိုညတွင် မင်ဟက်တန် ကောင်းကင်ပြင်တွင် မီးရှူးမီးပန်းတွေ ရောင်စုံ လင်းလက်နေ၏။ ထိုညတွင်ပင် လင်ကီနှင့် ဟန့်တို့ ဇနီးမောင်နှံသည် ပါရီသို့ ထွက်လာခဲ့ကြသည်။
" လင်ကီက ဘာလုပ်လုပ် အမျိုးသားရေးစိတ်ဓာတ်နဲ့ လုပ်တာ၊ အမေရိကန် လွတ်လပ်ရေးနေ့မှာ လက်ထပ် တယ်၊ ပြင်သစ်အမျိုးသားနေ့မှာ ကလေးယူတယ်" ဟု နောက်ပိုင်းတွင် လင်ကီက ရက်ပြန်တွက်ပြီး ပြော သည်။ (ပြင်သစ်အမျိုးသားနေ့မှာ ဇူလိုင်လ ၁၄ ရက်ဖြစ်သည်။ ပြန်ဆိုသူ) အကြင်မိန်းမသည် ယောက်ျား မယူတော့ပါဘူးဟု ကြေညာခဲ့၏။ ထိုမိန်းမသည် မနားမနေ အလုပ်လုပ်ပြီး အောင်မြင်မှုလောဘ အလွန်ကြီး သူဖြစ်၏။
အကြင်မိန်းမသည် အိမ်ထောင်ပြုဖြစ်သည့်အခါ အပျော်ကြီး ပျော်နေပြီး လောဘတရားလည်း မရှိတော့။ ထိုမိန်းကလေးမှာ လင်ကီဖြစ်လေသည်။
ဟန့်ဂရင်နီသည် အလါန် ရှေးရိုးဆန်သူ ဖြစ်၏။ သူသည် ခေတ်နှင့်အမီ ဖြစ်အောင် မနည်းလိုက်နေရသူဖြစ် ၏။ မိန်းမယူဖြစ်သော်လည်း ဘာတွေဖြစ်လာမည်ကို သူ မသိ၊ သူ့ရှေ့ လက်တစ်ကမ်းတွင် အောင်မြင်မှုတွေ အဆင်သင့်ရှိနေသည်ကို သူ မသိ။ ခေတ်၏ သမီးပျိုတစ်ယောက်နှင့် အိမ်ထောင်ပြုလိုက်ခြင်းကြောင့် မိမိ ကိုယ်တိုင် ခေတ် လူတစ်ယောက်ဖြစ်လာမည်ကို သူ မသိ။ သည်အပြောင်းအလဲများကြောင့် ငုပ်လျှိုးနေ သည့် ဗီဇစိတ်တို့ အပေါ်ယံလွှာသို့ တက်လာမည်ကိုလည်း သူမသိ။
ဥခွံထဲမှ ဟန့်ဂရင်နီ ပြင်ပလောကထဲသို့ ထွက်လာတော့မည်။ ထိုအခါတွင် လင်ကီသည် လောကအလယ် တွင် တစ်ကိုယ်တည်း အထီးကျန်လဘ၀မှ လွတ်မောက်လေတော့မည်။
အခန်း ၈၀
ဂျိန်း၊ အယ်လီ၊ လင်ကီ
ရှန်ပိန်၊ ငါးဥကြော်နှင့် မီးပန်းလွှတ်ခြင်းများသည် လင်ကီနှင့် ဟန်တို့၏ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကြို အခမ်းအနား လုပ်ထုံးလုပ်နည်းများဖြစ်သည်။
၁၉၈၇ ခုနှစ်မှ ၁၉၈၈ ခုနှစ်ကို ကြိုရမည့်အခါတွင် သူတို့ တွေ့ဆုံသိကျွမ်းခဲ့သည့် ကာလသည် ရာစုနှစ် တစ်ခု၏ လေးပုံတစ်ပုံ ကုန်သွားပြီဖြစ်ကြောင်း အားလုံးသတိပြုမိကြသည်။
ထို့ကြောင့် သည်နှစ် အမှတ်ထင်ထင် တစ်ခုခု လုပ်ဖို့ ဟန့်နှင့်လင်ကီ ဆုံးဖြတ်လိုက်ကြသည်။ " ဘယ်သူလဲ၊ ဘာလဲ "ဟူသည့် ပွဲကလေးလုပ်ဖို့ စီစဉ်ကြ၏။
ဖိတ်ထားသည့် ဧည့်သည်တွေကို ကြိုပြီးမှာထားလိုက်သည်။
" ဒီနှစ် ထူးထူးဆန်းဆန်းကလေး လုပ်ချင်တယ်၊ ကိုယ့်ဘ၀မှာ ဘယ်အရာ၊ ဒါမှ မဟုတ် ဘယ်သူက အမှတ် ထင်ထင် အဖြစ်ဆုံးလဲ ဆိုတဲ့ မေးခွန်းကို ဖြေကြဖို့ပါပဲ၊ ဘယ်နည်းနဲ့ ဖြေရမလဲဆိုတော့ အရာဝတ္ထုတစ်ခုခု ဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တစ်ယောက်ယောက် ဖြစ်ဖြစ် တစ်ခါတည်း ယူခဲ့ပါ။ ခေါ်ခဲ့ပါ "
အယ်လီကတော့ ချက်ချင်း ဆုံးဖြတ်နိုင်သည်။ အဖေနှင့် အမေကို လှမ်းဖိတ်လိုက်သည်။ လူစီမက်ဂရက်သည် ခြောက်ဆယ့်ကိုးနှစ်ထဲ ၀င်နေပြီ၊ လှလှပပ ၀တ်တုန်း၊ နှုတ်ခမ်းဆိုးတုန်း၊ မေမေသည် သည်အရွယ်အထိ အယ်လီထက် အ၀တ်အစား ရွေးတတ်နေဆဲ။ မင်ဟက်တန်ပြတိုက်တွင် အလုပ်လုပ်ဆဲ ဖြစ်၏။ မင်ဟက်တန်ရေအောက်ပြတိုက်မှ မေမေ့ရာထူးမှာ ၀တ်စုံ စုဆောင်းရေးဌာန ဒါရိုက်တာဖြစ်၏။ ခုနစ် ဆယ့်သုံးနှစ် ရှိနေပြီဖြစ်သည့် ဘရိန်မက်ဂရက်ကလည်း ဇနီးသည်အတွက် ဂုဏ်ယူမဆုံးဖြစ်နေဆဲ။
" အဖေနဲ့ အမေက သင်မှန်းမသိ သင်ပေးခဲ့တာ၊ အလုပ်ခွင်မှာ အောင်မြင်ဖို့တို့၊ အိမ်ထောင်ရေးတို့ပေါ့၊ အဲ သင်လို့မရတာ တစ်ခုရှိတယ်၊ လှလှပပ ၀တ်တတ်ဖို့၊ မေမေ့ဆီက မတတ်ခဲ့ဘူး" ဟု အစ်မလုပ်သူကို အယ်လီပြောပြသည်။
" ဘယ်သူလဲ "
" ဖေဖေ့အတွက် " ဘယ်သူလဲ" ကတော့ မေမေပဲ "ဟု သားနှင့် သမီးကို အိုဝင်က ပြောသည်။
" မင်းတို့ အမေက ဖေဖေ့ကို ဘာဖြစ်နေတယ်ဆိုတာ ဘယ်တော့မှ မကြည့်ဘူး၊ ဖေဖေ ဘာဖြစ်နိုင်တယ် ဆိုတာကိုပဲ ကြည့်တယ် "
လင်ကီ့အတွက် " ဘာလဲ "ဟူသည့် ပစ္စည်းရွေးဖို့ သိပ်စဉ်းစားစရာမလိုပါ။ ဥတတရကြယ်စတော့များကို ၁၉၈၀ ပြည့်နှစ်၊ အများပြည်သူ ကုမ္ပဏီအဖြစ် ဖွင့်ပေးပေးချင်း ၀ယ်လိုက်သည်။
အလုပ်အတွက်ရော၊ မိမိကိုယ်တိုင်အတွက်ပါ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်၏။ ဥတ္တရကြယ်သည် တင်းအက်ဝိုင် လုပ်ငန်းကြီး အသစ်တစ်ဖန် ပြန်လည် မွေးဖွားခြင်းဖြစ်သည်။
အမွေဆက်ခံလုပ်ကိုင်ရမည့် ၀ိုင်လုပ်ငန်းအစား စာအုပ်လုပ်ငန်းတွင် စောက်ချဖြစ်ခြင်းပင်။ မိဘနှစ်ပါး၏ အိပ်မက်အတိုင်း ဖြစ်လာစေရန် မိမိ ခွန်အားကိုရော ဟန့်၏ အထောက်အကူကိုပါ ရယူခဲ့ရသည်။
" စောစောပိုင်းကာလတွေက ဥတ္တရကြယ်အတွက် စပျစ်ပျိုးချိန်တွေပေါ့၊ မိုးမခတိုက်ကို ၀ယ်လိုက်တော့ ရောင်းအား ဖြန့်အား ပိုကောင်းလာတယ်၊ မနှစ်က ပါမင်းနိုက်ကိုပါ ၀ယ်နိုင်တော့ စာရေးဆရာ အားလုံး လင်ကီတို့ဆီ ရောက်လာတယ်၊ စတော့တွေကိုလည်း ဖြန့်ထားနိုင်ခဲ့တယ်၊ အဲဒီမင်္ဂလာသတင်းကို ဒီပွဲမှာ ကြေငြာလိုက်မယ်လေ "
" ဘယ်သူလဲ " ကိုရော၊ " ဘာလဲ " ကိုပါ မရွေးနိုင်ဘဲ၊ ဝေခွဲမရ ဖြစ်နေသူက ဂျိန်း။ " ရှင်နဲ့ကျွန်မ" ပထမ ပုံနှိပ်စာအုပ်ကို ယူသွားဖို့ စိတ်ကူးသေးသည်။ ဒါပေမယ့် လူတွေက ကြိုတင်ရိပ်မိနေမည်ထင်၍ သည်စိတ် ကူးကို ဖျက်ပစ်လိုက်သည်။
ဂျိန်းဖြစ်နေသည့်အတွက် မထူးခြားသည့် အလုပ်ဆို၍ ဘာမှ မလုပ်ချင်။ ထို့ကြောင့် ခေါင်းပူအောင် စဉ်းစား ရ၏။ ထူးဆန်းရမည်၊ စိတ်လှုပ်ရှားစေရမည်။ ပြီးတော့ လေးနက်ရမည်။
" တစ်ခုခုပေါ့ဟာ၊ ငါ့သရုပ်သကန် ပေါ်စေရမယ်လေ "
ဝီလ်မာ့ထံ အကြံတောင်းသည်။
သို့သော် အဖြေမထွက်၊ ဂျိန်းက ထိထိမိမိရှိတာ၊ ကိုယ်ပိုင်ဖြစ်တာကို ရွေးချင်သည်။ ကြမ်းချင်ကြမ်းပစေ၊ ရိုင်းချင်ရိုင်းပစေ။ ဘာရွေးရရင် ကောင်းမလ။
လင်မယား ကွာရှင်းစာချုပ်ဆိုရင်ကော၊ ဟာ မနိပ်သေးပါဘူး၊ ကိုယ်ခံရတဲ့ကိစ္စကြီးပဲ၊ ဘားလက်ခရစ္စပန်ရဲ့ ဆောင်းပါးကို ဖြတ်ယူသွားရင်ကော၊ ဒါလည်း သိပ်မကောင်းသေးဘူး၊ ကိုယ့်ထက် ၁၅ နှစ်ငယ်တဲ့ ကောင် လေးနဲ့ တွဲသွားရင်ကော။
" မဖြစ်ဘူး၊ ကိုယ်ကဒါတော့ ရှက်တတ်သား" ဟု ဘယ်လီ့ကို ဖွင့်ပြောသည်။
ဘာမှ စဉ်းစားလို့ မရသည့်အဆုံး " ရှင်နဲ့ကျွန်မ" စာမူကြီးပိုက်သွားဖို့ ဆုံးဖြတ်လိုက်သည်။ အကြိမ်ကြိမ် ပြင် ထားသည့် အယ်ဒီတာမှတ်ချက်တွေနှင့် မူရင်းစာမူကြီးကို လူတွေ စိတ်ဝင်စားကြမည်ထင်သည်။ ဘယ် လောက်အပင်ပန်းခံထားရသည်ကိုလည်း အားလုံး သိသွားမည်လေ။
စာမူလည်း စာအုပ်ပုံထဲတွင် ပြန်ရှာရင်း လုံးဝ မေ့နေသည့် ပစ္စည်းကလေးတစ်ခု ထွက်လာသည်။
၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့က လက်မောင်းတွင် ပတ်ခဲ့သည့် သတင်းထောက် လက်ပတ် ကလေး။
တွယ်ချိတ်ကလေးတွင် သံချေးပင် တက်နေပြီ၊ စာလုံးတွေလည်း အရောင်မှိန်နေပြီ။ သို့သော် ဂျိန်း သုံးခဲ့ သည့်နာမည်ကတော့ ထင်ထင်ရှားရှားရှိနေဆဲ။
ပူစီ ဂလိုရီ တဲ့။
ဟိုစဉ်က သည်လက်ပတ်ကိုကြည့်ပြီး အခြားသတင်းထောက်တွေနဲပအတူ ရယ်ခဲ့ရသေးသည်ကို ပြန်အမှတ် ရသည်။ ဂျိန်းက လက်ပက်ကလေးကို အင်္ကျီမှာ ချိတ်လိုက်သည်။
ဟန့်နှင့် လင်ကီတို့ အိမ်ဝင်တော့ ဂျိန်းက သူ့ရင်ဘတ်ကို ငုံ့ကြည့်လိုက်သေးသည်။ အရမ်း သဘောကျသွား ၏။
" ဒါလေးကို ရွေးပြီး တက်လာတာ အခြားကြောင့်မဟုတ်ဘူး၊ ကိုယ်ဘယ်လောက် ဝေးဝေးလျှောက်လာခဲ့ ရတယ်ဆိုတာနဲ့ ကိုယ်တို့အားလုံး ဘယ်လောက် ခရီးပေါက်ခဲ့ပြီဆိုတာ ပေါ်လွင်အောင်လို့လေ "ဟု လင်ကီ့ ကိုဂျိန်းက ရှင်းပြသည်။
ဆက်ရန်
.
1 comment:
ဒီနေ့တနေ့လုံးစောင့်နေတာစောင့်ရကျိုးနပ်သွားပြီ ကျေးဇူးအမ
Post a Comment