မောင်နေမျိုး ၏ ဦးသုခ
(၁)
ကျွန်တော်သည် ဆရာဦးသုခကို မြန်မာနိုင်ငံစာရေးဆရာအသင်း၏ နတ်တော်လ စာဆိုတော် ပြဇာတ် များတွင် စတင်တွေ့ခဲ့သည်။ အသားမည်းမည်း ပိန်ကပ်ကပ် အသံကောင်း၊ အပြောကောင်းသူ ဖြစ်သည်။
စာရေးဆရာအသင်းသည် နတ်တော်လရောက်လေတိုင်း စာရေးဆရာများကိုယ်တိုင် ပါဝင် ကပြသော စာရေးဆရာပြဇာတ်များကို ကပြလေ့ရှိရာ ဂျပန်ခေတ်ကပင် စတင်ခြင်း ဖြစ်သည်။ စစ်ပြီးခေတ် စာရေးဆရာ အသင်းကို ပြန်လည်ဖွဲ့စည်းပြီး စာရေးဆရာများ ကပြသော စာဆိုတော် နေ့ပြဇာတ်များတွင် ဆရာသုခနှင့် ဆရာဇ၀န တို့ အတွဲသည် ပရိသတ်ကြိုက်နှစ်သက်ကြ၍ ပြဇာတ် တိုင်း၌ သုခ-ဇ၀နအတွဲပါမြဲ ဖြစ်သည်။ သူတို့ပါမှ ပိုက်ဆံရသည်။
ဆရာသုခ-ဆရာဇ၀န တို့သည် စာဆိုတော် ပြဇာတ်နီးလျှင် စာရေးဆရာအသင်းမှ ကိုမင်းအောင်၊ ကိုခင်မောင်ရီ၊ ကိုအောင်လင်းနှင့် ကျွန်တော်တို့ အုပ်စုက ပြဇာတ်တွင် ပါဝင် ကပြဖို့ အစဉ် ချဉ်းကပ်ရသည်။ သူတို့အတွဲ လူကြိုက်မှန်းသိပြီး မပါမဖြစ်မှန်း သိသည်အခါ "အိုက်တင်ခံ (ထာ) တတ်သည်။ ကျွန်တော်တို့က စိတ်ရှည် ရသည်။
မြ၀တီမင်းကြီးဦးစပြဇာတ် ကာဌေးရုံတွင် ဆရာတို့နှစ်ဦး စိတ်ကောက်ပြီး ပထမ နှစ်ရက် လောက်မပါ၍ လူမ၀င်၊ နောက်ပိုင်း ဆရာတို့နှစ်ဦး ပြန်ပါမှ ရုံတွင် လူဝင်သည်။
စာရေးဆရာပြဇာတ်များနှင့်အတူ ယုဝတီအမျိုးသမီး ကလောင်အဖွဲ့ကလည်း စာဆိုတော် ပြဇာတ်ကို အမျိုးသမီး ကလောင်ရှင်များချည်း ပါဝင် ကပြဖူးသည်။ ထိုအဖွဲ့တွင် ဆရာသုခ နှင့် အဆင်မပြေဖြစ်နေသော ဆရာသုခ ၏ ဇနီးကြီး ဒေါ်ငွေရင် (မဒမ်သုခ)က ဦးဆောင်ခဲ့သည်။
ဆရာသုခသည် "တောင်သမန်လယ်စား မောင်ဖေငယ်ပြဇာတ်တွင် မောင်ဖေငယ်အဖြစ်၊ တက္ကသိုလ်မှ Queen မလှသန်း က ဒိုင်းခင်ခင်၊ ဒိုင်းဝန်နှင့် ဒိုင်းကတော်တို့၏ မွေးစားသားနှင့်သမီး လူမသိအောင် ချစ်နေကြသူ အဖြစ် သရုပ်ဆောင်ရသည်။ သီပေါဘုရင်က ဒိုင်းခင်ခင်ကို နန်းတွင်း သို့ ပွဲတော်အုပ်ပို့ရန် အမိန့်တော် ရောက်လာ၍ ဒိုင်းခင်ခင် ပွဲတော်အုပ် သွားပို့ရာ သီပေါမင်းက မိဖုရားမြှောက်လိုက်သည်။
တစ်ညတွင် ဒိုင်းခင်ခင်အဖြစ် သရုပ်ဆောင်သူ မလှသန်းက ပွဲတော်အုပ်ယူလာစဉ် ခန်းစီး ဖြင့် မတော်တဆ တိုက်မိပြီး ပွဲတော်အုပ်အဖုံး ပြုတ်ကျ သွားသည်။ ဇာတ်ခုံ (Stage) ပညာဖြင့် စကားတစ်ခွန်း ပြောသည်။ "နှမတော် ရယ် သီပေါ ထံ ပွဲတော်အုပ်ပို့ခါနီး ဒီလိုဖြစ်ရတာ မောင်ကြီး ရင်မောလိုက်တာ၊ နိမိတ်မကောင်းဘူး ထင်ပါရဲ့" ဟု စကားဖြင့် မလှသန်း ၏ အဖြစ်ကို ဖာထေးလိုက် နိုင်သည်။
ကားကြားထဲတွင် ရှိနေသော ကျွန်တော်တို့ လူသိုက် ဆရာသုခ၏ ရုတ်ချည်းဥာဏ်ကောင်း သော ဇာတ်ခုံ ပညာ ကို ချီးမွမ်းကြရသည်။
"ဦးပုည" ပြဇာတ်တွင် ဦးပုညအဖြစ် လည်းကောင်း ကပြခဲ့ရာ ပရိသတ်အကြိုက် တွေ့ရ သည်။ ဦးပုညပြဇာတ် တွင် လက်တစ်ဖက် မသန်သော ဦးပုည၏သဏ္ဍာန်ကို သရုပ်တူအောင် ကပြနိုင်ခဲ့သည်။ ကျွန်တော် တို့ ကတော့ လှံထမ်းဓားထမ်းမျှသာ ...။
(၂)
ဆရာသုခသည် ကျိုက်လတ်ဇာတိ ဖြစ်သည်။ စစ်မဖြစ်မီ ဒဂုံမဂ္ဂဇင်းနှင့် ဆက်နွယ်၍ အေ၀မ်းဖလင်သို့ ဇာတ်လမ်းများ ရေးသားပေးခဲ့သည်။ ဆရာသုခ၏ ပထမဆုံးဇာတ်ညွှန်းမှာ Toy wife ၀တ္ထုကို မှီငြမ်းပြုသည့် "ချစ်အမျှ" ရုပ်ရှင် ဖြစ်သည်။ ထိုဇာတ်ကားကို ဆရာသုခ၏ ဆရာရင်း ဖြစ်သည့် အေ၀မ်းဦးတင်မောင်က ဒါရိုက်တာ အဖြစ်နှင့် သရုပ်ဆောင်အဖြစ်ပါဝင်ကာ ... မေရှင်၊ မေမြင့်တို့နှင့် ရိုက်ကူးထားပြီး တင်မောင်၊ မေရှင်၊ မေမြင့် တို့ ပါဝင်သည်။ ဆရာသုခသည် ဦးတင်မောင်အား အေ၀မ်းမိသားစုက (အိမ်အမည်) ခေါ်သော ကိုပုတုဟု ခေါ်သည်။ ဆရာသုခ သည် အေ၀မ်းဦးတင်မောင်ကို ရုပ်ရှင်တွင် ဆရာရင်းဖြစ်ပါသည်ဟု လူသိရှင်ကြား ၀န်ခံသည့်အပြင် နှစ်စဉ်သီတင်းကျွတ်တိုင်း ဆရာသုခက သူ့ဆရာ ဦးတင်မောင် အား ကန်တော့လေ့ ရှိသည်။
ဆရာဦးသုခသည် ဒုတိယကမ္ဘာစစ်ပြီးစ ၁၉၄၉-၅၀ ၀န်းကျင်တွင် အေ၀မ်း၏ကုမ္ပဏီခွဲ လျှပ်စစ်ရုပ်ရှင်အတွက် "ဂုဏ်ရည်မတူ" ရုပ်ရှင်ကား ကို ဖာတစ်လုံးခင်မောင်၊ မေသစ်၊ စိန်စိန် (အဆိုတော်) ပန်းချီဦးဘသစ်တို့နှင့် ဆရာသုခ ကိုယ်တိုင် ပါဝင် ရိုက်ကူးခဲ့သည်။ ဆရာဦးသုခနှင့် မျက်မမြင်ဒုက္ခိတ ညီမမယ်သုံ (မေသစ်)တို့မှာ သူတောင်းစားမောင်နှမ၊ ဖာတစ်လံး ခင်မောင်မှာ သူဌေးသား ယာဉ်တိုက်မှုဖြစ်ပြီး အတိတ်မေ့ကာ "ပေါက်စီ" ဟူသော အမည်ဖြင့် မယ်သုံတို့ မောင်နှမထံ ရောက်ပြီး မယ်သုံနှင့် ချစ်ကြိုက်သွားပုံများ "ပေါက်စီ" ဆွေမျိုးများက ပြန်ခေါ်သွား၍ မယ်သုံပူဆွေးရပုံများဖြင့် တန်ဆာဆင်ထားသည်။ လူကြိုက်များပြီး "ဂုဏ်ရည်မတူ" ရုံတင်ပြီးသည့် အခါ မယ်သုံ ပေါက်စီ ဟူသော စကားများ ရေပန်းစားကျန်ခဲ့သည်။
ထို့နောက် ဆရာသုခ ရိုက်ကူးသော "သားတို့ရုပ်ရည်" ဇာတ်ကားသည် သားသမီးနှင့်မိဘတို့၏ ကြီးမားသော မေတ္တာတရား ဖော်ကျူးသောဇာတ်ကား၊ ဖာတစ်လုံးခင်မောင်၊ ရွှေဘတို့ ပါဝင်သော "စောရနက္ခတ်" အမည်ရှိ အချစ် စွန့်စားခန်း ဇာတ်ကားတစ်ခု ရိုက်ခဲ့သည်။ ထိုစဉ်က အထက်တန်း Stall-D/C ကြိုက် ဖာတစ်လုံး ခင်မောင် နှင့် သုံးမတ်တစ်ကျပ်ခွဲတန်း ပရိသတ်ကြိုက် ရွှေဘတို့ ပေါင်း၍ ရိုက်ထားသော်လည်း ထင်သလောက် ရုံလူမ၀င်ခဲ့ပေ။

(၃)
ဆရာဦးသုခသည် အေ၀မ်းမှ ဗြိတိသျှဘားမား (ညွှန့်မြန်မာ) သို့ ပြောင်းကာ "သည်ဆောင်းဟေမန်" အမည်ရှိ ကား ကို အေ၀မ်းထွက်များ ဖြစ်ကြသည့် ကျော်ဆွေ၊ မေသစ်၊ မြင့်မြင့်ခင်တို့နှင့် ရိုက်ကူးခဲ့ရာ အောင်မြင်မှု ရခဲ့ပြီး ၁၉၅၃ခုနှစ်အတွက် အကောင်းဆုံး မြန်မာရုပ်ရှင် ဇာတ်ကား ဒုတိယ "ငွေဒေါင်း" ဆု ရခဲ့သည်။ (ထိုစဉ်က အကောင်းဆုံးရုပ်ရှင်ဇာတ်ကား ပ-ဒု-တ ဟူ၍ ပေးခဲ့သည်)
"သည်ဆောင်းဟေမန်" ဇာတ်ကားသည် ထိုကာလက ကြောက်စရာအန္တရာယ် ကာလသား ရောဂါ တိုက်ဖျက်ရေးကား ဖြစ်သည်။
အပျော်အပါးလိုက်စားလွန်းသူတို့၏ ဘ၀ဇာတ်သိမ်း မကောင်းပုံ မင်းသားကျော်ဆွေ "နူ" (ကိုယ်ပျက်) ပြီး သေသည် နှင့် ရဲဝံ့စွာ ဇာတ်သိမ်းထာသည်။
မန္တလေးရုပ်ရှင်၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားအဖြစ် ဆရာသုခကိုယ်တိုင် ပါဝင် သရုပ်ဆောင်ပြီး ဇေယျ၊ အေးကြူ၊ မေသစ်တို့နှင့် "ဘ၀သံသရာ" ရုပ်ရှင်ဇာတ်ကားကို မြန်မာ့ပြင်ပ ရှုခင်းများနှင့် ရိုက်ကူး အောင်မြင်ခဲ့သည်။ သာစည်-ရွှေညောင်ရထားလမ်းမှ ကလောအနီး နှစ်ထပ်တံတားကြီးကို "ဘ၀သံသရာ" တွင် ရိုက်ကူးပြသခဲ့၍ ထိုတံတားကို "ဘ၀သံသရာ တံတား" ဟု အမည်တွင်ခဲ့သည်။ ဆရာသုခသည် ဗြိတိသျှ ဘားမားရုပ်ရှင်မှ ဇေယျ၊ မြင့်မြင့်ခင်၊ ဖိုးပါကြီးတို့ ပါဝင်သော "သြော် မိန်းမ" ဇာတ်ကားဖြင့် ၁၉၅၄ ခုနှစ်တွင် ဇာတ်ဆု၊ ဒါရိုက်တာ အကယ်ဒမီဆုများ ရရှိခဲ့သည်။ (ဆရာသုခ၏ သြော် မိန်းမ) ဇာတ်လမ်းသည် သြော် မိန်းမ-မိန်းမ-မိန်းမ အမည်ဖြင့် တတိယအကြိမ် ရုပ်ရှင်သုံးကြိမ် ရိုက်ခဲ့သော ဇာတ်လမ်း ဖြစ်သည်။
ဆရာရိုက်ကူးခဲ့သော "ဘ၀သံသရာ" ဇာတ်ကားသည် ၁၉၅၆ခုနှစ်အတွက် အကယ်ဒမီ ဆုပေးပွဲတွင် အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံးဇာတ်ကားဆုနှင့် အကောင်းဆုံး အမျိုးသားပညာဆု (ဇေယျ) စသည်ဖြင့် ဆွတ်ခူးခဲ့သည်။ ၁၉၆၈ခုနှစ် အကယ်ဒမီ ဆုပေးပွဲတွင် ဆရာသုခ ရိုက်ကူးသော "စကားပြောသော အသဲနှလုံး" ဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် ဇာတ်ပို့ဆု ဦးသိန်းမောင်တို့ ရရှိသည်။ (၁၉၇၀)ပြည့်နှစ် ရုပ်ရှင်အကယ်ဒမီ ဆုပေးပွဲတွင် ဆရာ၏ "ကျွန်မမှာမိန်းမသား" ဇာတ်ကားဆု၊ ဒါရိုက်တာဆုနှင့် အမျိုးသမီး သရုပ်ဆောင်ဆု (တင်တင်နွဲ့)တို့ ရရှိခဲ့သည်။
၁၉၇၃ခုနှစ် အကယ်ဒမီဆုပေးပွဲတွင် ဆရာသုခ၏ "ဘယ်သူပြိုင်လို့လှပါတော့နိုင်" ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ပို့ဇာတ်ရံဆု အံ့ကျော်တို့ ဆုရခဲ့သည်။ ယင်းဇာတ်ကားသည် စာရေးဆရာ "မင်းကျော်"၏ "အ သုံးလုံး" လုပ်အားပေးဝတ္ထု ဖြစ်သည်။ ပျင်းရိဖွယ်ဇာတ်ဟု ထင်ရသော်လည်း ဆရာသုခ၏ ဒါရိုက်တာ ပညာကြောင့် လူကြိုက်များခဲ့ပေသည်။ ပညာပေးကား ကို လူကြိုက်အောင်ရိုက်နိုင်သော ဒါရိုက်တာ ပညာကို ချီးကျူး ရမည်။
၁၉၇၅ခုနှစ် ဆရာသုခ၏ "ရွှေခြည်ငွေခြည် တန်းပါလို့" ရုပ်ရှင်ဇာတ်ကားဆု၊ ဒါရိုက်တာဆု နှင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု "ခင်ယုမေ"နှင့် "ဒေါ်မေနွဲ့" တို့ ဆုရခဲ့သည်။ ၁၉၇၉ခုနှစ်တွင် ဆရာသုခ၏ "အကာကအချစ် အနှစ်ကမေတ္တာ" ဇာတ်ကား အမျိုးသား သရုပ်ဆောင်ဆုကို ကျော်ဟိန်း၊ အမျိုးသမီး သရုပ်ဆောင်ဆု ကို ဒေါ်စိန်ခင်။ မင်းသမီး "ချိုပြုံး" သည် ဆရာ၏ "ချစ်အမျှ" ဇာတ်ကားဖြင့် အမျိုးသမီး သရုပ်ဆောင်ဆု ကို ရရှိစေခဲ့သည်။ ဆရာသခု ရုပ်ရှင်ကူးခဲ့သည့် သက်တမ်းတစ်လျှောက် သူကိုယ်တိုင်ဒါရိုက်တာဆု(၆)ဆုနှင့် ရုပ်ရှင်ပညာရှင် (၃၆)ဦးတို့ အားထူးချွန်ဆု ရရှိစေခဲ့သည်။
ဆရာသုခသည် ဇာတ်အိမ်ဇာတ်ကွက်ကို အဓိကထား ရိုက်ကူးခဲ့ရာ သူရိုက်ကူးသမျှ ရုပ်ရှင် ကားများတိုင်းတွင် "ဓာတ်ပုံ" ဆုတစ်ဆု မှ မရခဲ့ပေ။ ကင်မရာဆရာကို ရူးသွပ်ခွင့်မပေးသော ဒါရိုက်တာ ဟု ဆိုရပေမည်။ ဆရာသုခ ၏ ဇာတ်လမ်းများသည် ဘာသာရေး၊ လူမှုရေး၊ ပညာပေး ဇာတ်ကားများကို လိမ္မာပါးနပ်စွာ ရိုက်ကူး ပြသနိုင်ခဲ့သည်။
ကျွန်တော်နှင့်ဆရာသုခတို့ စာပေဟောပြောပွဲများကို အတူ ဟောဖူးသည်။ စာပေ ဟောပြိုင်ပွဲတစ်ခုတွင် ဆရာဦးသုခ က ရှေ့မှာမိဘမေတ္တာ အကြောင်းများ ဟောခဲ့ရာ ဆရာနောက်မှ ကပ်၍ မိဘမေတ္တာတွေသွားကြကုန်လော့" ဟု ဖုန်ခါသည့်ဟန် လုပ်သည်။ ဆရာ အနားတွင် ထိုင်နေ၍ မျက်နှာပူ အားနာ သည်ကို သိသော ဆရာသုခက "ဟေ့ကောင် ဟာသသမား ဆိုတာ ဘာလုပ်လုပ်ဘာပြောပြော အပြစ် မရှိဘူးကွ" ဟု သူ၏ ခွင့်လွှတ်တတ်မှုကို ပြသခဲ့ပေသည်။

(၄)
ဆရာဦးသုခအား ဖိလစ်ပိုင်အာရှနိုင်ငံများ၏ ရုပ်ရှင်ရုံသို့ ဆရာ၏ "ချစ်အမျှ" "ရွှေခြည် ငွေခြည်တန်းပါလို့" ရုပ်ရှင်ကား(၂)ကား၊ ပွဲတော်ကျင်းပရေးကော်မတီမှ ရွေးချယ်ပြီး ဆရာသုခအား ဖိတ်ကြား၍ ဘိလပ်စပိုင် ရုပ်ရှင်ပွဲတော်သို့ ဆရာ သွားခဲ့ရသည်။ ပွဲတော်တွင် မြန်မာရုပ်ရှင် ဆရာသုခ အား ကား(၂)ကားလုံးကို အကောင်းဆုံး(၁၀)စာရင်း သတ်မှတ်ခံရသည်။ ထိုပွဲတွင် ရုပ်ရှင်ဝေဖန် သူများအဖွဲ့က ဝေဖန်ရာတွင်-
"ကမ္ဘာပေါ်တွင် ရုပ်ရှင်ကား အတော်များများတွင် "အနှစ်" ကို ဖော်ကျူးရာတွင် Sexကို ဦးစားပေးပြီး တင်ပြကြသည်။ မြန်မာရုပ်ရှင်တစ်ခုတည်းသာ "အချစ်"ကို ဖော်ဆောင်ရာတွင် ယဉ်ကျေးသိမ်မွေ့စွာ ဖော်ကျူးပါသည်" ဟု ချီးမွမ်းခံရသည်။ ထိုအခါ ဆရာဦးသုခက အချစ်ကို Sexနှင့် ရောမွှေပြခြင်းကို မြန်မာပြည်သူလူထုကရော မြန်မာအစိုးရပါ ခွင့်မပြုကြောင်း၊ တို့မြန်မာ တို့သည် အချစ်ကို သိမ်မွေ့စွာ ဖော်ဆောင်ရကြောင်း ပြန်ဖြေကြားခဲ့သည်။
ဆရာသည် ဘာသာရေးစာအုပ်များစွာ ရေးသားပြုစုခဲ့ပြီ
"ရဟန်းစားသော ဆွမ်းတစ်နပ်"
"ရဟန်းမစားသော ဆွမ်းတစ်နပ်"
"တစ်ပါးသီလ" စသည့် ရုပ်သံဇာတ်လမ်းများဖြင့် ဘာသာရေး၊ သာသနာပြု လုပ်ငန်းတို့ကို ပြုစုခဲ့သူ ထူးခြားသော အနုပညာရှင် ဖြစ်သည်။
မောင်နေမျိုး
၂၀၀၅ ခုနှစ်

.
No comments:
Post a Comment