Saturday, July 2, 2011

ဆရာဦးသုခနှင့် သူ့ခေတ်ပြိုင် စာဆိုတို့အမြင် အပိုင်း (၆)

ဖွတ်မရ ဓားမဆုံး ပေါက်ရှုံးကြီး ဆရာသုခ တို့ ချက်ပြည်၌ သောင်တင်ခဲ့ပုံ
သော်တာဆွေ

စက်တင်ဘာ ၁၈ရက်နေ့ ညနေခင်းက မင်္ဂလာဒုံစစ်ဆေးရုံတက်နေသော ကျွန်တော့်ညီဆီ သွားရင်း ထိုဆေးရုံ မှာပင် ရှိနေသော ဆရာသုခ ဆီ ရောက်သွားသည်။ ဆရာသုခသည် ဒါရိုက်တာ ဦးတင်မောင် အစိုးရရုပ်ရှင် တင်သွင်းရေးမှ ဦးမြင့်စိုး လင်းယုန်နီတို့နှင့်အတူ ဆိုရှယ်လစ်နိုင်ငံများ သို့ ရုပ်ရှင်ကို မလေ့လာရဘဲ ချက်ကို ဆလိုက်ဗက်ကီးယား တွင် ရုရှားတပ်များ ၀င်ရောက်သည်ကို လေ့လာပြီး သုတ်ခြေတင်ခဲ့ရသူ ဖြစ်၏။

ထို့ကြောင့် ကျွန်တော်က "ဘယ်နှယ့်လဲဆရာ ... အဖြစ်က လင်းစမ်းပါဦး"
သူသည် အတော်မရွှင်ပျစွာဖြင့် -
"တိုတိုပဲ ပြောမယ်ကွာ ပထမ ဒို့အစီအစဉ်က ရှေးဦးစွာ ချက်ကိုသွား၊ အဲဒီမှာတစ်ရက်နေ၊ နောက်တစ်နေ့ အရှေ့ဂျာမနီ အဲဒီမှာ တစ်ပတ်နေပြီး မော်စကို ဆိုဗီယက်ယူနီယန်မှာ တစ်လ လည်ပတ်ပြီး မြောက်ကိုးရီးယား အဲဒီမှ ရန်ကုန်ကို ပြန်ဘို့ပဲ။

"အောင်မယ် ... တစ်လကျော်ကျော် နှစ်လနီးနီး ခရီးကြီး ပါလား"
"အေးကွ ဒါပေမဲ့ အခုတော့ဟေ့ ဒို့ ချက်ရောက်ပြီး နောက်တစ်နေ့မှာ ရုရှတပ်တွေ ၀င်သိမ်းရောဟေ့"
"အောင်မယ် ဆရာတို့နဲ့ ချိန်းထားတဲ့ အတိုင်းပါလား"
"အဲ့ဒီတော့ ဒို့ဘယ်မှာ မသွားနိုင် မလာနိုင်ဖြစ်ရော၊ သူတို့ သက်ဆိုင်ရာဌာနကို မူလ အစီအစဉ်အတိုင်း အရှေ့ဂျာမနီ ပို့ပေးဖို့ ပြောတော့ ခုအချိန်မှာ အတော် အဆက်ပြတ်နေတယ်၊ ဘယ်လိုမှ စီမံ မပေးနိုင်ဘူးတဲ့၊ ဒို့အတွက် ဘာတာဝန်မှ မပေးနိုင်ဘူးတဲ့၊ ဒို့အတွက် ဘာတာဝန်မှ မယူတော့ပါဘူး ဆိုပါတော့ကွာ"

"ဟာ ... ဂျောက်ပါလား"
"ဒါနဲ့ ဒို့ ချက်မှာရှိတဲ့ မြန်မာသံရုံးသွားပြီး အကူအညီ တောင်းရတော့တာပေါ့ကွာ၊ လက်ရှိ နိုင်ငံရေး အခြေအနေ အရ အရှေ့ဂျာမနီတော့ သွားလို့ မဖြစ်တော့ဘူး၊ မည်သူမဆို အချိန်မရွေး လွတ်လပ်စွာ သွားလာ နိုင်ခွင့်ရှိ တဲ့ အနောက်ဂျာမနီ ဘွန်းမြို့ကိုပဲ သွားနိုင်မယ်ဆိုလို့ ဒို့ အဲဒီဘွန်းက နေပြီးမှ မြန်မာပြည်ပြန်ခဲ့ရတာ မောင်ရေ"
    "အဲ ... နေအုံး ချက်ကနေ အနောက်ဂျာမနီ ကူးတော့ သူတို့စရိတ်နဲ့လား"
    "အောင်မယ်လေး ... ဘယ်ဟုတ်လိမ့်မလဲ ရှင်းရှင်းပြောရရင် ဒို့ပြည် မကြည့်တော့ပါဘူး ကွာ၊ တို့မှာ ပါသွား တဲ့ နိုင်ငံခြားသုံးငွေလေး နဲ့ လေယာဉ်လက်မှတ် ၀ယ်ရတာကွ"
    "ကဲ ... ဘွန်းကနေ ရန်ကုန် ပြန်တော့ကော"

"အနောက်ဂျာမနီ မှာ ရှိတဲ့ မြန်မာသံရုံးက မြန်မာပြည်အကြောင်းကြားလို့ ဒီကနေ အစိုးရက လေယာဉ် လက်မှတ် ပို့လိုက်လို့ဟေ့၊ မူလအစီအစဉ်ကတော့ မင်းတို့တုန်းကလိုပေါ့ကွာ၊ အစအဆုံး သူတို့စရိတ်"
    "ဟားဟား ဆရာတို့ဟာ ဖွတ်မရ ဓားမဆုံးပေါ့၊ ပေါက်ရှုံးကြီးပဲ၊ မမျှော်လင့်ပဲနဲ့ ရှိတယ်ပေါ့ လေ၊ ကဲချက်ပြည် ကွန်မြူနစ် နိုင်ငံ နဲ့ အနောက်ဂျာမနီ ဘယ်လိုနေသလဲ"
    "ဟာ မပြောပါနဲ့တော့ကွာ၊ မပြောပဲနေတာ ကောင်းပါတယ်။ မင်းလဲ အရှေ့ဂျာမဏီ၊ အနောက်ဂျာမဏီ ရောက်ခဲ့ဖူးသားပဲ၊ ချက်ပြည်ရောက်တာ ငါ သိပ်စိတ်မချမ်းမသာ ဖြစ်ခဲ့ရယ်ကွာ"
    "ဘာကြောင့်လဲ ရုရှားတပ်တွေ  ၀င်သိမ်းလို့လား"

"ဒါက သူတို့ နိုင်ငံရေးကိစ္စ တဌာနပါ။ ငါ့စိတ်ထဲ ထိခိုက်တာက သူတို့ပြည်မှာ အသက် ၇၀ကျော်၊ ၈၀ကျော် အဖိုးကြီး အဖွားကြီးတွေ အလုပ်လုပ်ရတယ်ကွ၊ ဒို့တည်းခိုတဲ့ ဟော်တယ် ရောက်တော့ ဇရာထောင်းနေပြီ ဖြစ်တဲ့ အဖိုးကြီးက ငါတို့ ပစ္စည်းတွေကို မနိုင်မနင်းသယ်ရတယ် ကွာ၊ ဒီတော့ ငါတို့က "အဖိုးမလုပ်ပါနဲ့၊ ကျွန်တော် တို့ဟာ ကျွန်တော်တို့ ယူပါမယ်" ပြောတော့ မဟုတ်ဘူး ဒါ သူ့တာဝန် သူလုပ်ရမယ်တဲ့၊ ဒီတော့ ငါက ပြောတယ် ကျွန်တော်တို့ တိုင်းပြည်မှာ ဆိုရင် ဒီအရွယ်ကြီးတွေ အလုပ် မလုပ်ရတော့ဘူး၊ သားသမီး အိမ်ဦးခန်း မှာ ထိုင်စားနေရုံပဲ၊ ဆိုတော့ ငါတို့ ဘယ်တိုင်းပြည်ကလဲ ဘာလူမျိုးလဲ မေးလို့ ပြောပြတော့ တယ် ကောင်း တဲ့ တိုင်းပြည် နဲ့ လူမျိုးတွေပဲလို့ဆိုပြီး မျက်ရည်ကျရှာသကွ၊ သော်တာဆွေရဲ့"

ယင်း၌ ကျွန်တော်က။
"အဲ အဲ ဆရာ့စကားနဲ့ တိုက်ဆိုင်လို့ ပြောရဦးမယ် ကျွန်တော် မော်စကို ရောက်သွားတော့ ရုရှားမှာ ၂နှစ်ကျော် နေပြီဖြစ်တဲ့ (ကွယ်လွန်သူ) ပါမောက္ခ ဦးကျော်ရင် နဲ့ တွေ့ကြသဗျ၊ အဲ ဆရာ့ အဖြစ်နဲ့ တိုက်ဆိုင်ပုံ သူ ပြောပြတာ တစ်ခုက တနေ့တဲ့ဗျာ ဆောင်းတွင်းကြီး ဆီးနှင်းခဲတွေ တဖွဲဖွဲ ကျနေတုန်း ပြည်သူ့ဆိုင်က တန်းစီပြီး အားလူးအိတ်ကြီး ထမ်းလာတဲ့ အဖိုးအိုကြီး တစ်ယောက် လမ်းမှာ တွေ့ရသတဲ့ဗျ"

(သူတို့ လူမျိုး အခြေခံစားကုန်ဖြစ်သော ဂျုံနှင့်အာလူး စသည်တို့ကို  ကိုတာနှင့် ယူရသည်)
"အဲ အဖိုးကြီး ကြည့်ရတာက ဇရာထောင်းပြီမို့ မနိုင်မနင်းနဲ့ သနားစရာကြီးတဲ့၊ ဒါကြောင့် ကိုကျော်ရင်က (သူရုရှားစကားလဲ တက်နေပြီကိုး) ပေး အဘ ကျွန်တော် အဘ အိမ်လိုပ်ပို့မယ်၊ ဆိုပြီး အာလူးအိတ် ယူထမ်းတော့ ၀မ်းသာလို့တဲ့ဗျို့၊ မောင်ရင် ဘယ်တိုင်းပြည်ကလဲ၊ ဘာလူမျိုး လဲမေးလို့ ပြောပြပြီး အခုန ဆရာ ပြောသလို ပေါ့၊ ကိုကျော်ရင်က ကျွန်တော်တို့ မြန်မာပြည်မှာဆိုရင် ဒီလို အသက်အရွယ်ကြီးတွေ ဘာမှ မလုပ် မလုပ်ရ တော့ဘး၊ ဘုရားသွား၊ ကျောင်းတက်နဲ့ သားသမီးအိမ်ဦးခန်းမှာ ထိုင်စားနေရုံပဲ၊ သားသမီးမရှိတောင် ဆွေမျိုး သားချင်း အိမ်မှာ နေတာပဲ၊ လို့ပြောပြတော့ ဆရာ့ချက်အဖိုးကြီးလိုပဲ မျက်ရည်ကျရှာပြီး အခုသူ သားအိမ် မှာ နေတာပါပဲ၊ ဒီအခြေခံ စားကုန်ပေးတိုင်း သွားပြီး တန်းစီးထုတ်ရတာကို သူက တာဝန်ယူ ပါတယ်လို့ ပြောပြသတဲ့"

"သူတို့ ကွန်မြူနစ်ဝါဒဆိုတာက ဆရာ လင့်လုပ်စာလဲ မယားထိုင်မစားနိုင်ဘူး၊ မယားလဲ ကိုယ့်ဝမ်းစာအတွက် ကိုယ် လုပ်ရတာပဲ၊ အားလုံးအချိန်တန် အရွယ်ရောက်ရင် အလုပ်လုပ်ရတယ် ဗျာ အဖိုးကြီး အဖွားကြီးတွေလဲ မသေမချင်း ကိုယ်လုပ်နိုင်သလောက် လုပ်ရတာချည်းပဲ၊ သူတို့ ပြည်နဲ့ သူတို့ဝါဒက အဲသည်လိုလုပ်မှ ဖြစ်တာကိုး ဆရာရဲ့"
"ဒါဖြင့် သူတို့ဆီမှာ မာတာပီတု ဥပဌာနံ ပုတ္တဒါရဿ သင်္ဂဟော" ဆိုတဲ့ မင်္ဂလာ တရားတော် မရှိတော့ဘူးပေါ့"

"ကြံကြံဖန်ဖန် ဆရာရယ် ကွန်မြူနစ်မှာ ဘာသာတရားမှ မရှိတာပဲ၊ ဘာသာရှိတဲ့ တိုင်းပြည် ဟာ ကွန်မြူနစ် မဖြစ် နိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ တော်လှန်ရေး အစိုးရကလဲ မြန်မာ့ လမ်းစဉ်ဟာ ကွန်မြူနစ် မဟုတ်ဘူး လို့ အတိအလင်း ကြေငြာထားတာပဲ"
"အေးကွာ သူ့ပြည်နဲ့ သူ့ဝါဒ ကိုယ့်ပြည်နဲ့ ကိုယ့်ဝါဒပဲ ကောင်းပါတယ်၊ သူများဝါဒ ကိုယ့်ပြည်ထဲ အတင်းဆွဲသွင်း လာရင်တော့"
"ဒါတော့ သခင်သန်းထွန်းတို့ ပါတီက နမူနာပြ နေသားပဲဆရာ"
သို့သော် ရှေ့ဆက် မပြနိုင်တော့ပြီ၊ ဆရာသုခ နှင့် ကျွန်တော်က စက်တင်ဘာ ၁၈ရက်နေ့ တွင် ပြောကြသည်။ ၂၄ရက်နေ့မှာ သခင်သန်းထွန်း သတ်ဖြတ်ခြင်းခံရသည်။ သူ့မိုက်ဇာတ်တုံးလေပြီ။

သော်တာဆွေ
၁၂.၁၀.၆၈ နေ့ထုတ် အိုးဝေဂျာနယ်မှ
.

3 comments:

ahphyulay said...

အင်း..
ခုတော့  ဘာသာမရှိတဲ့  ကွန်မြူနစ် တိုင်းပြည်
ကြီးက ကမ္ဘာကျော် အင်အားကြီး တိုင်းပြည်
တစ်ခု ဖြစ်နေပြီလေ..၊ ဒါကလဲ သူတို့ ခေါင်း
ဆောင်တွေ ပါးရည်နပ်ရည်ရှိလို့  အပြင်းထန်
အမိုက်မဲဆုံး ဝါဒ ကို လက်တစ်လုံး ချားလေး
ပြင် သုံးလိုက်တာပဲ။ နေရာကုလားထိုင်မြဲဘို့ 
လေ..။ ပြောရရင် အာဏာမြဲဘို့ ၊ ရှေ့ လာမဲ့ 
ခေတ်တွေ စနစ်တွေကို ကြိုမြင်လိုက်လို့ လေ။
မြောက်ကိုရီးယားတစ်ကောင်ပဲ ကျန်တော့ 
တယ်။ အခု သူ့ နိုင်ငံက ကင်(မ)ချီကိုတောင်
မြန်မာပြည် ပို့ နေပြီဆိုပဲ...။ စိတ်ညစ်တယ်
မမရေ့  .....။

ကိုကိုမောင်(ပန်းရနံ့) said...

မြန်မာဖြစ်ရတာ ဂုဏ်ယူတတ်ရင် ဂုဏ်ယူစရာပါ။ ဂုဏ်မယူတတ်ရင်လဲ ဂုဏ်မယူစရာပါ။း)))


ခင်မင်လျက်

Angelhlaing(May everybody be happy and healthy! said...

မသိသေးတဲ့ ဗဟုသုတတွေ အများကြိးရလို့ ကျေးဇူးပါမမ..ကောင်းသောနေ့လေး ဖြစ်ပါစေလို့...ဆန္ဒပြုရင်း..